Monday, August 21, 2017

အသည်းကွဲပါ သို့သော် စမတ်တကျဖြစ်ပါစေ...


ကျွန်မရေးတဲ့စာတွေက အသည်းကွဲကြောင်းတွေ များနေလို့လားမသိပါဘူး။ အထူးသဖြင့် ဝတ္ထုတိုတွေဖြစ်မယ်ထင်ပါရဲ့။ တချို့ညီမလေးတွေက သူတို့အကြောင်းလေးတွေ လာလာပြောပြကြတယ်။ အကြံတောင်းကြတယ်။ စကားပြောဖြစ်ကြတယ်ပေါ့လေ။ အသည်းကွဲတာသက်သာအောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုနေရမလဲ ဆိုတော့ကာ....

ဘယ်လိုမှ လုပ်လို့မရဘူး။ ပျော်ပျော်ကြီးသာကွဲပါလို့ အကြံပေးလိုက်တယ်။ လှလှပပလေးတော့ ကွဲတတ်ရမယ်ပေါ့လေ၊ အလွမ်းအဆွေးသီချင်းလေးတွေ နားထောင်ပြီး ကွဲမလား၊ အသည်းကွဲစာလေးတွေဖတ်ပြီး မျက်ရည်ကျမလား၊ အရင်က ပြောဖြစ်ခဲ့ကြတဲ့ chat historyလေးတွေပြန်ဖတ်ပြီး မျက်ရည်တောက်တောက်ကျမလား၊ သောက်တတ်တဲ့ကောင်မလေးတွေဆို ဘီယာလေးသောက်ရင်း လွမ်း၊ မိုက်တာပဲ...၊ ချုပ်မထားနဲ့၊ ရပ်ပစ်ဖို့ မကြိုးစားနဲ့။ အင်တာနက်ထဲက ကြောင်တောင်တောင်အဆိုအမိန့်တွေ တက်ကျမ်းတွေဖတ်ပြီး အသည်းနှလုံးဟာ အစာအိမ်လောက်၊ ဘဝလောက်မှ အရေးမကြီးဘူးတို့ ဘာတို့ ဇွတ်လုပ်မနေနဲ့။ တကယ်တမ်းအသည်းကွဲလာရင် ဘာဆေးမှမတိုးဘူး။ ကြိုက်သလို လွမ်းဆွေးပါလို့ အကြံပေးလိုက်တယ်။
(ရံဖန်ရံခါတော့ တွတ်ပီတို့ ဂါးဖီးတို့လို ရယ်စရာကာတွန်းလေးတွေ ရှာဖတ်တန်ဖတ်ပေါ့)
ပြီးတာနဲ့ ရေမိုးချိုး၊ လှလှလေးနေပစ်လိုက်။ စားချင်တာစားပစ်လိုက်။ တနေ့ကို အခါ တရာလောက် exရဲ့ တိုင်းမ်လိုင်းထဲ သွားသွားခိုးကြည့်နေသေးလား၊ ရတယ် သွားကြည့်လိုက်ပါ။ သူ့လက်ရှိရည်းစားနဲ့ ချစ်ကျီစယ်နေတဲ့ ကော်မန့်လေးတွေတောင် ကံကောင်းရင် တွေ့နိုင်ဦးမယ်။ exက ကိုယ့်ကို blockသွားရင်တော့ ကိုယ့်ကုသိုလ်ပေါ့လေ၊ သူ့ဖဘထဲက block listမှာ ကိုယ့်နာမည်လေးပါခွင့်ရလေခြင်းလို့ ကြံဖန်တွေးတတ်ရတာပေါ့။
မျက်ရည်ကျချင် ကျလိုက်ဦး၊ အေးအေးဆေးဆေးပေါ့၊ ဘာကိုမှ မလောနဲ့။ အရာရာတိုင်းအတွက် အချိန်တချိန်ဆိုတာ ရှိတယ်။ အချိန်တန်ရင် ဘာအားစိုက်ထုတ်မှုမှမလိုဘဲ သူ့အလိုလိုရပ်တန့်သွားလိမ့်မယ်။

တနေ့နေ့မှာ ကိုယ့်exရဲ့တိုင်းမ်လိုင်းကို သွားကြည့်လို့ ပရိုဖိုင်းပုံချိန်းထားတာတွေ့ရင်တောင် အသည်းပုံမပေးချင်ဘဲ HaHa reactပေးချင်လာတဲ့ အခြေအနေကို ရောက်လာပါလိမ့်မယ်။ ဒီလူကို ချစ်ခဲ့တာ ငါ အတော်ရူးလို့ပဲဆိုတဲ့ အတွေးမျိုးဝင်လာပြီဆို ပွဲက ပြီးပြီ။ အခြေအနေသိပ်ကောင်းလာတဲ့အခါ သူ့ပရိုဖိုင်းပုံကို တိတ်တိတ်လေးခိုးကူးပြီး နှုတ်ခမ်းမွှေးတပ်၊ မျက်မှန်တပ် ၀က်ခြံအစက်လေးဘာလေးထည့်၊ ဆံပင်တုလေးဘာလေး တပ်ပေး၊ စိတ်တိုင်းကျတော့မှ အရူးကြီးလို့ ကပ်ပရှင်ထိုး၊ အုန်းလီးမီနဲ့သိမ်းထားလိုက်ပြီး ရယ်ချင်လာတိုင်း ပြန်ပြန်ကြည့်နေမိတာမျိုး 😂😁

ဒါပါပဲ၊ ပြောချင်တာက ရိုးသားပါ။ 

ချစ်ရင်လည်း ရိုးရိုးသားသားချစ်၊ လွမ်းရင်လည်း ရိုးရိုးသားသားလွမ်း၊ အသည်းကွဲရင်တောင် ရိုးရိုးသားသားကွဲကြတာပေါ့။ နောင်တဘယ်တော့မှ မရနဲ့၊ ရိုးသားခဲ့သမျှ နောင်တ မလိုအပ်ဘူး။ လူပဲ...၊ လူပီသအောင်နေတတ်ဖို့ပဲလိုတာ။ အသည်းကွဲချိန်မှာ ဘာမှမဖြစ်သလို ရဲရင့်ပြနေဖို့က မဟာဗန္ဓုလမှ မဟုတ်တာ။ အပေါ်ယံ လူအထင်ကြီးအောင် လုပ်ပြနေဖို့ထက် ဘဝကို သူ့အတိုင်း အလိုက်သင့်နေတတ်ဖို့ပါပဲ။ ဘယ်အရာမှာမဆို အချိန်ရှိတယ်၊ အရှိန်ရှိတယ်။ အချိန်တခုရောက်လာလို့ အရှိန်ကုန်ရင် သူ့အလိုလိုရပ်တန့်သွားတာပါပဲ။ အဲဒီအချိန်မကျခင်အထိတော့ ကိုယ့်အတွက် ဘေးမဖြစ်အောင်၊ ထိုးစိုက်ကျ မသွားအောင်၊ စမတ်ကျကျ အသည်းကွဲတတ်ဖို့ပဲ.....
နောက်ဆုံး အားပေးစကားပြောရရင် အသည်းကွဲတယ်ဆိုတာ ပါရမီရှိမှ ကွဲရတာ၊ ခွဲမယ့်သူရှိမှ ကွဲဖူးရတာ။ နေရင်းထိုင်ရင်း ဘယ်သူမှ အလကားနေ အသည်းကွဲမနေဘူး။ တွေးကြည့်၊ ကျေနပ်စရာပါလေ...🤣🤣🤣

ချစ်ကြည်အေး

အသည်းကွဲနေသော ညီမလေးများအတွက် ~
ဝါးကူထိုးသည် 😁😁
၂၁၀၈၂၀၁၇

Pic credit - Google

Sunday, August 13, 2017

“အဲသည့်မိန်းမနှင့်မီးခိုးပြာရောင်ကြောင်”

“အဲသည့်မိန်းမနှင့်မီးခိုးပြာရောင်ကြောင်”



(၁)

မိုးမို့ မိုးသံကို မပြတ်နီးပါးကြားနေရသော နေ့ရက်များပေ။ ထီး ဘယ်တော့မှမကိုင်လေ့သောကြောင့် အပြင်ကပြန်လာတိုင်း ရေချိုးခန်းတန်းဝင်ကာ ရေတခါတည်းချိုးလိုက်ရသည်က အခါများစွာ။ ဆံပင်ရှည်တွေကိုရေသုတ်စဉ်မှာ နူးညံ့စွာကိုင်တွယ်ရှင်းလင်းပေးတတ်သော လက်တစ်စုံကို တမ်းတချင်သည်။ မျက်တောင်တို့ကိုပုတ်ခတ်လျက် ရှေ့တည့်တည့်ကမှန်ထဲ ကြည့်မိပြန်သည်။
မျက်ဝန်းတွေ....၊ မျက်ဝန်းတွေက မှိန်ဖျော့နေလိုက်တာ။ ဘယ်သူ့ကိုမဆို မျက်ဝန်းထဲထိ ၀ံ့ဝံ့ကြည့်လျက် စကားတုံ့လှယ်တတ်သည့်သူမက…..ထိုအကြည့်တို့ကို အောက်ချခဲ့ရသည်။

အားလုံးနှင့်လဲခဲ့ရတာပါ....။ လူတကာမျက်ဝန်းတွေကို ရင်မဆိုင်ရဲလောက်အောင် သူမပြစ်ချက်များနှင့် မောင့်တယောက်ထဲကို အလဲအထပ်ပြုခဲ့ရသူလေ...။

"တစ်နေ့ ၀ဋ်လည်ဦးမှာ နားလည်လား၊ နောက်ဘ၀ မကူးဘူး စောင့်ကြည့်နေလိုက်"

အသံတွေ...
ပဲ့တင်ဝင်ရောက်လာတဲ့အသံတွေ... အမုန်းတွေ နစ်ဝင်နေတဲ့အသံတွေ...
သူမနားထဲကနေ သူမတကိုယ်လုံးဆီ အစူးစူးအစိုက်စိုက် နစ်မြုတ်လို့ဝင်ခိုက်မှာ...။
ရှေ့ကမှန်တင်ခုံပေါ် သူမမျက်နှာပြိုအကျ...၊ တကိုယ်လုံးတုန်ခိုက်လို့သာနေတော့သည်။

မိုးသံကြောင့် တလောကလုံး မကြားနိုင်၊ မသိမမြင်နိုင်၊ မောင်...သိနိုင်မလား...၊ မောင် မြင်နိုင်မလားကွယ်...။ သို့သော် မသိစေလို မမြင်စေလိုတော့ပြန်။ သို့သော် မောင် သိစေချင်သည်၊ မြင်စေချင်ပြန်သည်။ သိမ်သိမ်ငယ်ငယ်ကျရှုံးပေးချင်စိတ်နှင့် မောက်မောက်လျှံလျှံမာနများကြားမှာ လူက နှုန်းချိလှပြီ။ နာနာကျင်ကျင်များကြောင့်သာ ဘ၀အလျားရှည်ရသည်ပဲ။ တကယ်တော့ အဆုံးသတ်လိုက်ချင်ပြီ။ ဟင့်အင်း တကယ်တော့ အဆုံးမသတ်လိုသေးပြန်။

ကြည့်စမ်း...၊ နားထောင်စမ်းပါ... သည်လောက်မိုးသံသည်းသည်းကြားမှာ ကြောင်တစ်ကောင်ရဲ့အာခေါင်ခြစ်အော်သံ... မိုးကိုဖောက်လို့ စူးစူးဝါးဝါးကြားလိုက်မိသလို...
အမွှေးတွေထောင်ထနေတဲ့ မီးခိုးပြာရောင်ကြောင်က အဲဒီမိန်းမရင်ခွင်ထဲကနေ သူမကို ခေါင်းထောင်ကြည့်လျက်နေခဲ့သည်။ ကြောင်မျက်လုံးတွေက ဗာဒန်စေ့ပုံရှည်လျားပြီး ဖန်ဂေါ်လီအစိမ်းလို ကြည်လဲ့စူးတောက်နေကြသည်။ အဲဒီမိန်းမရင်ခွင်ထဲကနေ သူမကိုစိုက်ကြည့်နေပုံက ၀ံ့စားလိုက်တာ၊ မုန်းစရာ...။

ကြောင်ရော အဲဒီမိန်းမပါ အချိုးမပြေလိုက်တာ၊ သူမစိတ်ထဲ အမုန်းတွေနှင့် လောလောလတ်လတ်ကြီး ပူလောင်လာပြန်သည်။

မျက်နှာကို ညာဘက်လက်ဖ၀ါးနှင့်ပင့်ထောက်ကာ ရှေ့ကမှန်ထဲကြည့်မိတော့ ရေငွေ့ကြောင့်ထင်ရဲ့၊ ကြည့်မှန်က ဝေေ၀၀ါးဝါး။ ကြည့်မှန်ထဲကပုံရိပ်ဟာ ဝေဝေဝါးဝါး။ ဘယ်ဘက်လက်ညှိုးနှင့် မှန်ကိုတို့ထိပွတ်သပ်မိစဉ် လက်ညှိုးထိပ်မှာကပ်လျက်ပါလာတာ တစုံတရာလို့ စိတ်ကသိသည်။ ဘာပါလိမ့်....
မီးခိုးပြာရောင် ကြောင်အမွှေးလား...၊ ဟင်...သူမမျက်လုံးတွေကို သူမ မယုံချင်။ အဲဒီကြောင်မွှေးက ဘယ်ကဘယ်လို...မှန်ပေါ်ရောက်နေတာပါလိမ့်…။ ဘုရား ဘုရား ဘာတွေဖြစ်ကုန်ပါလိမ့်၊ သူမ ကြောင်မှ မမွေးတာ၊ သူမပတ်ဝန်းကျင်မှာ ကြောင်တကောင်တလေမှ ရှိမနေတာ....။
အဲဒီမိန်းမ၊ အဲဒီမိန်းမရင်ခွင်ထဲက ကြောင်...။
မျက်ဝန်းများကိုတင်းတင်းမှိတ်ထားစဉ်မှာပင် စိတ်တွေက အမုန်းတရားနှင့်ဆက်သွားနေလေသည်။
အဲဒီမိန်းမတစ်ယောက်နှင့် အဲဒီမိန်းမရဲ့ကြောင်...၊ အာရုံမှာ အထပ်ထပ်တွယ်ငြိလျက် အမုန်းတို့နှင့် ဆူပွက်လာစေသည်။

မုန်းလိုက်တာ မုန်းလိုက်ရတာ....

(၂)

အဲသည့်နေ့က ဆွဲလက်စပန်းချီကားတစ်ကားရှေ့မှာ အဲဒီမိန်းမရယ်၊ အဲဒီမိန်းမရင်ခွင်ထဲက ကြောင်ရယ်ကို သူမ စတင်တွေ့ရှိခဲ့သည်။ ဘေးနားမှာထိုင်နေတဲ့သူမကို အသိအမှတ်ပြုတဲ့အကြည့်မျိုးနဲ့ တစ်ချက်ကလေးမှ မကြည့်သေးဘဲ ရှေ့ကပန်းချီကားရယ်၊ ရင်ခွင်ထဲကကြောင်ရယ်ကိုသာ အသက်ရှိတယ်ထင်နေတဲ့ အဲဒီမိန်းမကို တွေ့စကပဲ သူမ မနှစ်သက်ခဲ့ခြင်းဖြစ်နိုင်ပါသည်။

စုတ်ချက်ကလေးတစ်ချက် တင်လိုက်၊ ရင်ခွင်ထဲကကြောင်ကို လက်ဖ၀ါးနဲ့ပွတ်သပ်လိုက်၊ ကြောင်ကလည်း ရှေ့ကပန်းချီကားထဲ မျက်လုံးတွေစိုက်ထားလိုက်တာမှ အရောင်တွေအသွေးတွေကိုပဲ သူနားလည်သလိုလို။ တချက်တချက် အမွှေးတွေထောင်ထလာတဲ့အခါ အဲဒီမိန်းမက ရင်ခွင်ထဲကကြောင်ကိုငုံ့ကြည့်ရင်း ပန်းချီကားကို စုတ်တံလေးနှင့်ချိန်ကိုက်ထောက်ပြနေသလိုလို၊ အဲဒီကြောင်ကလည်း မမှိတ်မသုန်ကြည့်နေလိုက်တာ ပန်းချီကားကို သူကိုယ်တိုင်ပဲဝင်ဆွဲတော့မလိုလို အာဂကြောင်ဖြစ်လေသည်။

တကယ့်ကို အဲဒီမိန်းမနှင့်အဲဒီမိန်းမရင်ခွင်ထဲကကြောင်ဟာ တစ်သားထဲဖြစ်လို့နေလိုက်တာ...
အတန်ကြာမှ ဘေးမှာထိုင်နေတဲ့သူမကို စောင်းငဲ့ကြည့်ကာ မေးချင်တာမေးလို့ရပါပြီဟုဆိုသည်။ အဲသည်တော့မှ အဲဒီမိန်းမရင်ခွင်ထဲကကြောင်ကပါ သူမကို စောင်းငဲ့ကြည့်ဖော်ရလေသည်။

ဘုရားရေ အဲဒီမိန်းမနဲ့ အဲဒီကြောင်ဟာ မျက်လုံးအကြည့်တွေကအစ တူလိုက်တာ…၊ တူလွန်းလိုက်တာ…။ ထီမထင်တဲ့မျက်လုံးတွေနဲ့….။ အဲဒီမိန်းမက တော်ရုံလူကို လူမထင်သည့်မျက်လုံးတွေနှင့်၊ အဲဒီကြောင်ကတော့ တော်ရုံလူကို ကြောင်မထင်သည့်မျက်လုံးတွေနှင့်။ မုန်းစရာတွေ…။

အသင့်ယူလာတဲ့ သူမလိပ်စာကဒ်ကလေးကို လက်နှစ်ဘက်နှင့်ကမ်းပေးလိုက်ရင်း ခုလိုအချိန်ပေးပြီး တွေ့ခွင့်၊ အင်တာဗျူးခွင့်ပေးတာကို ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောရသည်။ အဲဒီမိန်းမက သူမကဒ်ထဲက စာကြောင်းလေး လေးငါးကြောင်းလောက်ကိုပဲ မပြီးစီးနိုင်လောက်အောင် ဖတ်နေလေသည်။ ကဒ်ထဲမှာက သူမအလုပ်လုပ်နေတဲ့ မဂ္ဂဇင်းတိုက်နာမည်နဲ့လိပ်စာရယ်၊ သူမနာမည်ရယ်၊ သူမရာထူးရယ် ဒါပဲဖြစ်သည်။ တကယ်က အဲဒီမိန်းမကို ကြိုတင်အကြောင်းကြားပြီးသားပါ။

Arts and Literature Editorဆိုတဲ့ သူမရာထူးနေရာမှာ အဲဒီမိန်းမအကြည့်တွေငြိနေတာလို့ သူမ သိနေတော့ နေရတာ သက်တောင့်သက်သာမရှိလိုက်လေ။ ရှင်က ဘာတွေလုပ်ရတာလဲဆိုတဲ့ အဲဒီမိန်းမမေးခွန်းက သူမမေးရမည့်အင်တာဗျူးမေးခွန်းတွေမတိုင်ခင် ရောက်အလာမှာတော့ လေသံကိုအတတ်နိုင်ဆုံးချကာပြန်ဖြေရင်း စိတ်ပျက်လက်ပျက်ရှိရလေသည်။ အနုပညာနဲ့ပတ်သက်တဲ့  အလုပ်တွေ အကုန်လုပ်ရပါတယ်။ ကျွန်မတို့မဂ္ဂဇင်းက စာပေအနုပညာမဂ္ဂဇင်းလေဟု ဆိုရသည်။

အနုပညာ….?
လခြမ်းပုံ တက်တူးထိုးမျက်ခုံးကွေးများကိုပင့်လျက် မေးသလိုဆိုလာတော့ လက်ထဲကအသံဖမ်းစက်ကို အဆင်သင့်ပြင်ရင်း သူမကပဲ အဲဒီမိန်းမဆီ ပါးနပ်စွာမြားဦးပြန်လှည့်ရသည်။

"ဟုတ်ကဲ့ အနုပညာအပေါ် ဆရာမရဲ့အမြင်လေး သိပါရစေ၊ ပန်းချီအနုပညာနဲ့ပတ်သက်လို့ပေါ့”

သူမတို့မဂ္ဂဇင်းထုံးစံအရ ပုဂ္ဂိုလ်ရေးတွေ အချစ်ကိစ္စတွေ အိမ်ထောင်ရေးတွေ မပါစေရပါ။ အနုပညာရှင်ကို သူတို့အနုပညာ၊ သူတို့ဖန်တီးမှုတွေနှင့် သူတို့အတွေးစိတ်ကူး ကွန့်မြူးပုံတွေ၊ အသစ်အသစ်ဖန်တီးအားထုတ်မှုတွေ စတာတွေကိုသာ မေးမြန်းရမှာဖြစ်လေသည်။
အဲဒီမိန်းမကိုမေးမြန်းဖို့ သူမကြိုတင်ဖတ်ရှူ့လာရသည်က Abstract paintingများအကြောင်းပင်။
အဲဒီမိန်းမ ကမ္ဘာပတ်ပြီးလုပ်ခဲ့တဲ့ ဆိုလိုပန်းချီပြပွဲတွေအကြောင်း၊ ပါဖောင်းမန့်စ်တွေအကြောင်း ဒါတွေကိုလည်း သူမဘက်က မမေ့မလျော့လေ့လာကာ မေးမြန်းဖို့ပြင်ဆင်ခဲ့ပြီးသား...

တကယ်တော့ ဒြပ်မဲ့ပန်းချီကို သူမ သိပ်နားမလည်လှပါ။ နားမလည်သလို အဲဒီမိန်းမဆွဲသောပန်းချီကားများ၏အဓိပ္ပါယ်ကိုလည်း မဖော်တတ်ပါ။ သူမအတွက် အဲဒီမိန်းမ…၊ အဲဒီမိန်းမကိုယ်တိုင်က အနက်ဖွင့်ရခက်သောပန်းချီကားတစ်ချပ်ဖြစ်လို့နေသည်။ အဲဒီမိန်းမဆွဲထားတဲ့ပန်းချီကားတွေကြည့်ရတာ စကြာဝဠာကြီးတစ်ခုလုံးကို ရှူထောင့်မျိုးစုံက ငေးကြည့်နေရသလိုရှိလျက် သူမနှင့်အလှမ်းဝေးနေသလို ခံစားရမြဲ။
ပြီးတော့ အဲဒီမိန်းမရဲ့ကြောင်၊ somehow…သူမစိတ်ထဲ အဲဒီမိန်းမရဲ့အသက်ဓါတ်ဟာ အဲဒီမိန်းမရင်ခွင်ထဲကကြောင်ဆီမှာလား၊ အဲဒီမိန်းမရင်ခွင်ထဲကကြောင်ရဲ့ဝိဉာဉ်ဟာ အဲဒီမိန်းမဆီမှာလား…၊ အဲသလို တစ်စုံတစ်ရာဆက်နွယ်နေမှုကို ခံစားနေရသည်။ ထူးဆန်းစွာ….။

အဲသည့်နေ့က သူမအိမ်ပြန်ရောက်တော့ မောင့်ကို မောင့်ကွန်ပြူတာရှေ့မှာ တွေ့ရသည်။ မောင့်အနားတိုးကြည့်တော့ အင်တာနက်ထဲ မောင်စိတ်ဝင်တစားရှာဖွေဖတ်ရှူနေသည့်ဆောင်းပါးက Knowing Abstract Painting ဖြစ်လို့နေသည်။ တိုက်ဆိုင်စွာဟု ဆိုရမလား။ မောင် ဘယ်တုန်းက ဒြပ်မဲ့ပန်းချီကို စိတ်ဝင်စားသွားတာပါလိမ့်။

"ခုပဲ ဒြပ်မဲ့ပန်းချီတွေဆွဲတဲ့ပန်းချီဆရာမတစ်ယောက်ကို အင်တာဗျူးခဲ့တာ မောင်ရဲ့"

မောင့်မျက်လုံးတွေကို အမိအရဖမ်းရင်း မေးလိုက်တာပေမယ့် မောင့်မျက်လုံးတွေထဲကြည့်လိုက်မိတဲ့အခါ သူမကသာ အပြစ်ရှိသူလိုခံစားလိုက်ရကာ မောင်ကဖြင့် ဒြပ်မဲ့ပန်းချီဆိုတာကို ခုမှ စိတ်ဝင်စားမှု၊ ရှေးမဆွကပင် စိတ်ဝင်စားမှု စသည်ဖြင့် ရှင်းလင်းနေစရာ မလိုအပ်သလို ဘယ်တော့မှလည်းဘာကြောင့်ဆိုတာ ပြောနေမှာမဟုတ်သည့်ပုံရှိလေသည်။

သူမ တွေ့တော့တွေ့နေမိသားပင်၊ မောင့်စားပွဲပေါ်က watercolor ရေဆေးဘူးအကောင်းစားတွေ၊ ရေဆေးဆွဲစက္ကူတွေ။ မိတ်ဆွေတစ်ယောက်အတွက် မွေးနေ့လက်ဆောင်ဟုဆိုကာ ဘာမှ မထူးဆန်းဟန်နေမြဲသောမောင့်ကို သူမကလည်း ဘာမှမေးမြန်းမနေဖြစ်ပါ။
မောင် နောက်ထွက်မယ့်သီချင်းခွေအသစ်ကာဗာမှာ အဲသည့်မိန်းမရဲ့လက်ရာ ဒြပ်မဲ့ပန်းချီကိုအတွေ့မှာတော့ သူမစိတ်ထဲ အလုပ်သဘောအရလို့နားလည်ခဲ့ပြီ။ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ရှိခဲ့ရတာ။

အသံဖမ်းစက်ကလေးထဲက အမေးအဖြေတွေကိုစာရိုက်ရန် သူမလက်ပတော့ကိုဖွင့်လိုက်ပြီး မောင့်ဘေးကပ်ထိုင်လိုက်တော့ ဟိုးလွန်ခဲ့တဲ့၂နှစ်ခန့်ကပုံရိပ်တွေက သူမမှတ်ဥာဏ်ထဲ ကသောကမျောစီကာစဉ်ကာ ရောက်ရှိလို့လာတော့သည်။

"မေသစ္စာ ?"
"ဟုတ်ကဲ့"
"နာမည်ကို သဘောကျတယ်၊ ရိုးမလိုလိုနဲ့ဆန်းတယ် ဟောင်းမလိုလိုနဲ့ သစ်တယ်"

သူမလိပ်စာကဒ်ကို အတန်ကြာကြည့်ကာ မောင်ဆိုလာတော့ သူမ ဘာပြန်ပြောရမယ်မသိခဲ့ပါ။ နာမည်ကြီးအဆိုရှင်တစ်ယောက်နှင့် အင်တာဗျူးဆိုသည်ထက် တော်ရုံအင်တာဗျူးမျိုးဆို လက်ခံလေ့မရှိသူ၊ မေးခွန်းဖြေကြားရာမှာ လက်ပေါက်ကပ်သူ၊ နားလည်ပေါင်းသင်းရခက်သူဟု မောင်က နာမည်ကြီးခဲ့သူလေ၊ အဲဒီအတွက် သူမ အနည်းငယ်စိတ်လှုပ်ရှားခဲ့မိကြောင်း ဝန်ခံရမည်ပင်။

ခပ်လှမ်းလှမ်း စားပွဲပေါ်မှာတင်ထားတဲ့ မောင့်မိသားစုဓါတ်ပုံကလေးကို စိတ်လက်ကြည်နူးစွာ ယူငင်ကြည့်လိုက်ချင်သော်မှ သူမအလုပ်သဘောအရ ခွင့်မပြုပါချေ။ အဲသည်တုန်းကတော့ မောင်ဆိုသည့်ယောကျာ်းကို သူမဘဝထဲ ထဲထဲဝင်ဝင်ပတ်သက်ရတော့မည်ဆိုတာကို ကောင်းကင်ဘုံကတောင် သိဦးမည်မဟုတ်ပါ။

နောက်တော့ မောင့်အိမ်ထောင်ရေးအကွဲအပြဲသတင်းတွေကို ဟိုမှာသည်မှာမြင်ကြားနေခဲ့ရကာ တတိယလူ ဘယ်သူဘယ်ဝါ၊ ဘယ်သူ့ဘက်ကအမှားရယ်လို့ ပြောဆိုနေကြပေမယ့် တကယ်တမ်းတော့ဖြင့် ဘယ်သူကမှ ရေရေရာရာမသိခဲ့ကြပါ။ အိမ်ထောင်ရေးနဲ့ပတ်သက်လာရင် မိန်းမဘက်ကအမှား၊ ယောကျာ်းလုပ်သူအမှား စတာတွေကို သူမအနေနှင့် လက်ခံ ဝေဖန် ပိုင်းခြားခြင်း မပြုလိုပါ။ အနည်းနဲ့အများတော့ နှစ်ဘက်စလုံး နာကျင်ကြမှာ…၊ မှန်တယ်မှားတယ်ဆိုတာကလည်း ကြည့်သူရဲ့အမြင်ပေါ်တည်နေတတ်တာ မဟုတ်လား။  အမှန်အမှားဆိုတာကရော ဘယ်သူတွေက ဆုံးဖြတ်မှာလဲ၊ ဆုံးဖြတ်တဲ့အတိုင်းရော သမာသမတ်ရှိနိုင်လို့လား….၊ သူမက အဲသည်လို ယူဆထားသူ။

ကြာတော့လည်း မောင့်လိုတန်းဝင်အဆိုတော်တစ်ယောက်ရဲ့အိမ်ထောင်ရေးကို အားလုံးက မေ့လျော့သွားခဲ့ကြပြီး မောင့်သီချင်းအသစ်တွေမှာ လိုက်ပါစီးမျောရင်း ရူးသွပ်နှစ်သက်ခဲ့ကြရာက မောင့်အိမ်ထောင်ရေးအကြောင်း တဖန်ပြန်လည်ပြောဆိုကြချိန် အားလုံးရဲ့လက်ညှိုးတွေထဲ အသက်ငင်လုလုဖြစ်ခဲ့ရသူက သူမကိုယ်တိုင်ဖြစ်လေသည်…။

(၃)

“စုံတွဲပုံတင်ရဲသေးတယ်နော် သူများယောကျာ်းကို ကြောင်တောင်နှိုက်ထားပြီးတော့…”

သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာက သူမနှင့်မောင်စုံတွဲပုံအောက်မှာ ကော်မန့်အနီရဲရဲတစ်ခု…၊ သူမကို အကြီးအကျယ်တုန်လှုပ်စေခဲ့တာ…။ သူမမျက်လုံးတွေ မှောင်မိုက်လို့သွားခဲ့တာ…။ ဟင့်အင်း သူမ မောင့်ကို ကြောင်တောင်နှိုက်ယူခဲ့တာ မဟုတ်ဘူး။ တကိုယ်လုံးတုန်ယင်လာကာ လူက ငိုမိတော့တာ။ အဲသည်တော့မှ သူမလှုပ်အနှိုးခံခဲ့ရကာ တကယ့်ဘ၀ကြီးထဲ ရောက်ရှိခဲ့တာဖြစ်လေသည်။

မဟုတ်ဘူး….မဟုတ်ဘူး…

“မောင် သစ္စာကိုချစ်တယ်၊ သစ္စာက မောင့်ကိုချစ်တယ်။ ဒီထက်အရေးကြီးတာ ဘာရှိလဲ…”

မောင့်ပြောစကားမှာ သူမ၏တုန့်ပြန်လိုစိတ်တို့ ပြေလျော့သည်။ သို့သော် လူတွေဟာ အဲသည်လောက်နှင့် ရပ်တန့်မသွား…..၊ သူမ တကယ်ပဲ တုန်လှုပ်ခဲ့ရပါသည်။ သူမရွေးခဲ့တဲ့လမ်းဟာ အဲသည်လောက် ကြမ်းရှမယ်မှန်း တွေးမထားခဲ့ပါ။

အိမ်ထောင်ကွဲဆိုတာထက် မောင့်လိုပွေလီသူကိုမှ အိမ်ထောင်ဘက်အဖြစ် မလိမ်မိုးမလိမ်မာ ရွေးချယ်ခဲ့လေခြင်းဆိုသည့် သူမမိဘတွေရဲ့စိတ်အနာတရဟာ ဘာကြောင့်ဒီလောက်နက်မှန်း သူမနားလည်ခဲ့ရပြီ။ မိဘတွေရဲ့တုန့်ပြန်မှုက သမီးအဖြစ်မှစွန့်လွှတ်ခြင်းဆိုတာထက် ပိုမိုနာကျင်စဖွယ်တွေပါ။ မိသားစုနှင့်ပတ်သက်သမျှသော အထိမ်းအမှတ်ပွဲ၊ မွေးနေ့၊ အလှူ ဘာဆိုဘာမှ သူမ တက်ရောက်ခွင့်မရှိ၊ အသိုင်းအ၀ိုင်းတစ်ခုလုံးက ကြဉ်ထားတဲ့ဒဏ်ကို နာနာကျင်ကျင်လိမ့်နေအောင် ခံခဲ့ရသောနှစ်တွေ…။

မောင်ရေ မောင်ရေ…အနားလာပါဦး၊ မောင့်အနမ်းတစ်ချက်နှင့် သူမကို ဖေးကူပါဦးကွယ်။ မောင့်မျက်နှာလေး ကြည်ကနဲပြုံးစဉ်မှာ သူမသောကတွေ လွင့်စင်ခဲ့ရပြန်တာ။ ဘာမဆိုရင်ဆိုင်မည့် ခွန်အားသစ်တွေနှင့်…၊ မောင့်တစ်ယောက်ထဲအားကိုးနှင့် သူမ ခိုင်မာရပ်တည်နိုင်ခဲ့တာ၊ ကိုးစားရှင်သန်ရဲခဲ့တာ။ အားလုံးကို သူမမေ့ထားခဲ့ကာ မောင်နှင့်သူမတို့နှစ်ယောက်သာ လူးလွန့်ရှင်သန်မြဲသော ကမ္ဘာသစ်တစ်ခုထဲ သူမဘ၀တစ်ခုလုံး ပစ်ထည့်ထားခဲ့လိုက်လေသည်။
သို့သော် အချိန်တွေရပ်တန့်မနေကြသလို မောင်ဟာ သွားနေခဲ့တာ…
အသစ်အသစ်တွေဆီ၊
သူမကဖြင့် နေရာမှာတင်ခြေစုံရပ်လို့ ကျန်ရစ်တာ...

(၄)

တကယ်ပဲ၊ သူမအတွက်စီရင်အပ်သောငရဲက တစ်ခုသောနေ့မှာ ရောက်ရှိလို့လာခဲ့သည်။ မောင့်အ၀တ်တွေ လျှော်ရန် အ၀တ်လျှော်စက်ထဲမထည့်ခင် အကျီအိတ်တွေထဲ နှိုက်ကြည့်၊ အ၀တ်တွေကိုပြောင်းပြန်လှန်ကာ အရောင်အနုအရင့်တွေ သပ်သပ်စီခွဲလျှော်ဖို့ပြင်စဉ်မှာ ဖြစ်ပါသည်။ မောင့်ရှပ်အနက်ပေါ်မှာ မီးခိုးပြာရောင်အမွှေးအမျှင်ကလေးတွေ ကပ်ငြိလို့….၊ အနက်မို့ တင်ကျန်ရစ်သောအရာက မြင်သာသည်ပဲလား၊ ထိုအမွှေးအမျှင်ကလေးက မီးခိုးပြာရောင်…။ အနံ့ကိုနမ်းရှိုက်ကြည့်တော့ ဘာကောင်ကလေးရဲ့အနံ့ပါလိမ့်၊ ခွေးလား ကြောင်တစ်ကောင်လား…။ သူမ မဝေခွဲတတ်ခဲ့ပါ။ စိတ်တွေ ထွေပြားရင်းကပင် လျှော်စရာရှိတာတွေ စက်ထဲထည့်၊ လက်နှင့်လျှော်ရမှာတွေကိုလည်း ဇလုံထဲစိမ်ကာ ဇယ်စက်သလို လက်ကလုပ်လေသည်။

မောင်ဟာ အသစ်အဆန်းတွေကို ခုံမင်သည်၊ လျှို့ဝှက်မှုတွေပြည့်နေတာကို မက်မောသည်။ တော်သောထက်သောအမျိုးသမီးတွေကို အထင်ကြီးတတ်သည်။ အထူးသဖြင့် မျက်ဝန်းတွေလှပစူးရဲကာ ပုစ္ဆာတွေနဲ့ဆန်းကြယ်သော ပဟေဠိဆန်ဆန်မိန်းမတွေကို စိတ်ဝင်တစားရှိတတ်တာ။

တွေးနေစဉ် ဖျတ်ကနဲ….
သူမအာရုံထဲရောက်လာတာက အဲဒီမိန်းမနဲ့ သူ့ရဲ့မီးခိုးပြာရောင်ကြောင်ဖြစ်လေသည်။

(၅)

ပေါ်ပေါ်တင်တင်ပါပဲ။ သူတို့ခြေသံတွေ၊ သူမအခန်းထဲကနေ နားမစွင့်ဘဲကြားနေခဲ့ရတာ၊ တခိုးခိုးတခစ်ခစ်ရယ်သံတွေ၊ ချစ်စနိုးကျီစယ်နောက်ပြောင်သံတွေ…။ အိမ်ကြီးထဲကို တံခါးဖွင့် ၀င်လာလိုက်ကြ၊ အိမ်ကြီးထဲကနေ တံခါးဖွင့် ထွက်သွားလိုက်ကြ။ နာနာကျင်ကျင် လှုပ်ခါကျန်ရစ်သောတံခါးချပ်များသည် သူမဖြစ်လေသည်။

မေသစ္စာဟာ မောင့်အတွက် ရင်ခုန်ဖွယ်မကောင်းတော့သော သံစဉ်အဟောင်းအမြင်းတစ်ခု၊ ဘယ်တော့မှ ပြန်လည်နားမထောင်လိုသည့် တေးသွားတစ်ခုမျှ ဖြစ်ခဲ့ပြီ။ မောင် ရိုးသွားခဲ့ပြီ။ အေးစက်သွားခဲ့ပြီ။

"နင် တစ်နေ့ ၀ဋ်လည်ဦးမှာ၊ နားလည်လား၊ ဘ၀မကူးဘူး စောင့်ကြည့်နေလိုက်"

လူတွေရဲ့နှုတ်ထွက်စကားတို့ မြားအစင်းပေါင်းများစွာအဖြစ် သူမရင်ကို ထိုးဝင်စိုက်ဆဲ….။
ခုတော့ သူမမျက်စိရှေ့မှာ၊ သူမနှလုံးအိမ်ထဲမှာ၊ သူမ၀င်သက်ထွက်သက်တွေထဲမှာ နောက်ထပ် မေသစ္စာတွေ မေသစ္စာတွေ အများကြီးကို သူမတွေ့နေရပြီ။ မောင့်အချစ်တွေနှင့်ကြောင်ကန်းခဲ့သောမျက်ဝန်းတွေက ခုချိန်မှာ လင်းချင်းမှန်ကန်စွာမြင်ခွင့်ရပြီလေ။

ကလစ်ကနဲ သော့ဖွင့်သံကြားလိုက်ရ၏။
ဝင်လာသည်လား...
ထွက်သွားသည်လား....
နားစွင့်ထားဆဲမှာ...
မျက်နှာမူ၍နီးကပ်လာပြီလား
ကျောခိုင်းဝေးကွာသွားခဲ့ပြီလား...
အသက်မရှုရဲစဉ်...
သူမတံခါးရွက်များ လှုပ်ခါကျန်ရစ်ခဲ့ရ၊ မျက်လုံးများကိုမူ တင်းတင်းမှိတ်ထားမိဆဲ…။

သူမ နားမလည်နိုင်တာက အဲသည့်မိန်းမဟာ သူမ မုန်းတဲ့မီးခိုးပြာရောင်ကြောင်ကို မောင့်ဆီလာတိုင်း ဘယ်တုန်းကမှခေါ်မလာခဲ့ပါဘဲ သူမကြည့်မှန်ပေါ်ကပ်ငြိနေတတ်တဲ့ မီးခိုးပြာရောင်အမွှေးအမျှင်တွေ၊ သူမကြားကြားနေရတဲ့ မောင့်အခန်းထဲက ကြောင်တစ်ကောင်ရဲ့အာခေါင်ခြစ်အော်သံတွေ အဲတာတွေဟာ သူမအာရုံထဲ ဘယ်လိုဝင်ဝင်လာနေရသလဲဆိုတာ….
စဉ်းစားရခက်လှသည်။ 

ပြီးတော့ ခုချိန်မှာ မောင့်ဇနီးကိုမေးချင်တဲ့မေးခွန်းတစ်ခုက နှုတ်ဖျားကနေထွက်ကျမလာဘဲ သူမနှလုံးသားထဲ အဖန်တလဲလဲ ပဲ့တင်ထပ်လျက်ရှိနေပြန်သေးသည်။

“မောင် ရှင့်ဆီကထွက်သွားပြီး တခြားမိန်းမအသစ်တစ်ယောက်ဆီ ခြေဦးလှည့်ချိန်မှာ ရှင်ဘယ်လိုများ ကျန်ရစ်ခဲ့သလဲဟင်”ဆိုတဲ့မေးခွန်း….။

အဲသည်မေးခွန်းကိုမေးရန် လုံလောက်သောစိတ်အင်အား သူမမှာ ဘယ်တော့မှရှိလာမည်မထင်ပါ….။

(၆)

မောင့်ပြောစကားအရ သူမ နောက်ကျမှသိရတာက အဲဒီမိန်းမအင်တာဗျူး သူမတို့မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့လကပဲ မီးခိုးပြာရောင်ကြောင်သေဆုံးခဲ့ပြီဆိုတာ….။ ဒါဆို လွန်ခဲ့တဲ့ (၁)နှစ်ကျော်လောက်ကပေါ့။

အဲတာဟာ အဲဒီမိန်းမအကြောင်း မောင်ပြောတဲ့တစ်ခွန်းထဲသောစကားဖြစ်ပြီး သူမအတွက်တော့ ဘယ်တော့မှ အဖြေရှာမရနိုင်တော့မယ့် ဆန်းကြယ်သောပဟေဠိတစ်ပုဒ်၏ အစပျိုးလည်း ဖြစ်လေသည်။

ခုထိတော့….
မိုးသံတွေကြားတိုင်း….
မိုးသံတွေထဲကဖောက်ထွက်လာတဲ့ ကြောင်တစ်ကောင်ရဲ့စူးစူးဝါးဝါးခြစ်အော်သံကို ကြားတိုင်း၊ သူမကြည့်မှန်ပေါ်က မီးခိုးပြာရောင်အမွှေးအမျှင်တွေကို လက်နဲ့တို့ထိမိတိုင်း၊ မီးခိုးပြာရောင်ကြောင်တစ်ကောင်နဲ့ကြောင်ပိုင်ရှင်မိန်းမဟာ သူမအာရုံတွေ၊ သူမအသိစိတ်တွေကို ချိုးဖဲ့လို့ မြိန်ရည်လျှက်ရည်ဝါးမျိုနေတော့တာ…။



ချစ်ကြည်အေး

မြင်ကွင်းမဂ္ဂဇင်း
ဇူလိုင်လ - ၂၀၁၇