Thursday, June 29, 2017

"ချစ်ခြင်းဖြင့် ထုဆစ်အပ်သော"

"ချစ်ခြင်းဖြင့် ထုဆစ်အပ်သော"


ချစ်ခြင်းတရားနှင့် ထုဆစ်သည်သာဖြစ်ပါစေ....ထုဆစ်ပုံသွင်းခံအရာရာဟာ လှပမြဲ.... ။
သည်အဆိုကို ကိုယ်စွမ်းရှိသမျှ ကျွန်မငြင်းကြည့်ချင်ပါသည်.....

(အစ)
ကိုယ်လုံးကြီးတစ်ခု....
အနက်ရောင်…၊ ခြေတွေလက်တွေမှာ အမွှေးမည်းမည်းကြီးတွေက တောထလို့၊ ကိုယ်က အနံ့အသက်တွေကလည်း အော်ဂလီဆန်စရာ ဆိုးဝါးပုပ်အဲ့လို့၊ ကျွန်မ ဘယ်လိုပြေးလည်းပဲ မလွတ်တော့နိုင်အောင် သူက ကျွန်မကိုယ်ပေါ် အိကျလာခဲ့ပြီ။ 
အား.....
သူ့ကိုယ်က ချွေးစေးတွေ ကျွန်မကိုယ်ပေါ်စေးကပ်ငြိစွန်းချိန် ကျွန်မ အန်မိတော့မယ်။ ရှိသမျှအင်အားနဲ့ရုန်းကန် တွန်းထိုးဖယ်ရှားလည်းပဲ နောက်ဆုံးတော့ ကျွန်မမှာ အားအင်ရယ်လို့ တစ်စတလေမှ မကျန်တော့။ တစ်ကိုယ်လုံးလည်း နာကျင်လှပြီ။ ခန္ဓာကိုယ်ဟာ ဖူးယောင်ညိုမည်းနေမလား...၊ ကုတ်ခြစ်ရာတွေနဲ့ သွေးစို့စို့တွေက နေရာအနှံ့....။ အား....ကယ်ကြပါ....သူ့လက်က တစ်ချက်ကလေးအလွတ် ကျွန်မခြေလှမ်းတွေ အားထည့်လို့ လှစ်ကနဲအပြေး “ကယ်ကြပါ” အားကုန်အော်ဟစ်လိုက်ချိန်မှာ....။
“ဟဲ့ မွန်း နင် ယောင်ပြန်ပြီလား....ထ ထ ရေသောက်လိုက်”
တစ်ဘက်အိပ်ယာက မင်ဝှေ့အသံကို ကျွန်မ ကြားလိုက်ရတယ်။
အခန်းခြေရင်းထောင့်က ရေခဲသေတ္တာအပုလေးဆီက ရေပုလင်းထုတ်ယူမော့သောက်အပြီးမှာ အိပ်ယာပေါ် ပက်လက်လေးပြန်လှဲချလိုက်မိတယ်။ အဖန်တလဲလဲမက်နေကျ တစ်ခုတည်းသောအိပ်မက်ဟာ ကျွန်မကို အမြဲတစေ ခြောက်လှန့်မြဲ။ အဲကွန်းခန်းထဲမှာ ချွေးတွေနဲ့တုန်ခိုက်နေတဲ့ ကျွန်မတစ်ကိုယ်လုံး အနည်းငယ်ငြိမ်သက်သွားတဲ့အထိ ခေါင်းရင်းက ပုတီးကိုယူပြီး ဗုဒ္ဓဂုဏ်တော်တစ်ခုကို အနုလုံပဋိလုံ ဖိစိပ်လို့သာနေမိတယ်။ မျက်ရည်တွေ ကျွန်မပါးပေါ် လိမ့်အကျမှာ ကျွန်မ ဆုတစ်ခုတောင်းလိုက်မိပြန်တယ်။ တောင်းဆိုနေကျဆုတစ်ခုပါပဲ....။
ကျွန်မ လွတ်မြောက်ချင်လှပါပြီ...။ ကျွန်မ ဘယ်တော့လွတ်မြောက်မှာလဲ....ဘယ်တော့မှ လွတ်မြောက်မှာလဲ....
တောင်းလိုက်တဲ့ဆုအဆုံးမှာ ရှိုက်ငိုနေမိတာသာ ကျွန်မအတွက် ကူကယ်ရာ....။
(ဝ)
မဟုတ်သေးဘူး၊ မဟုတ်သေးပါဘူး...။ သူမ ဘာဖြစ်လာသလဲ၊ ခါတိုင်းဆို သူမ အပြင်ကပြန်လာတိုင်း စောင်ခေါင်းမြီးခြုံထားတဲ့ကျွန်မကို စောင်အတင်းခွာကာ “စကားပြောကြမယ်လေဟာ ထ ထ”ဟု ဆိုလေ့ရှိတာ။ ခုတော့ အခန်းတံခါးဖွင့်သံ၊ အခန်းထဲလှမ်းဝင်လာတဲ့ သူမခြေသံ၊ ကြမ်းနှင့်အဝတ်သေတ္တာဘီးတို့ ပွတ်တိုက်ဆွဲသံ၊ ဂျင်းဘောင်းဘီဝတ်သူမခြေနှစ်ချောင်းတို့ လမ်းလျှောက်လိုက်တိုင်း ခပ်ကြမ်းကြမ်းတရွှရွှပွတ်တိုက်သံကလွဲလို့ သူမထံက ဘာသံမှထွက်မလာ။ ဒါဟာ ခရီးဝေးကပြန်လာတဲ့သူမမှ ဟုတ်ရဲ့လား....။ အတိအကျဆိုရရင် ချစ်သူဆီ အလည်အပတ်လိုက်သွားခဲ့တဲ့ မိန်းကလေးတယောက်ရဲ့အပြန်ခရီးဟာ အဲသလောက်တိတ်ဆိတ်နေစရာလား...။ 
ခါတိုင်း ဒီလိုမဟုတ်၊ သူမ ဘာဖြစ်လာသလဲ၊ ဘာဖြစ်လာတာလဲကွာ...။ သိလိုစိတ်တို့ ၀ုန်းကနဲထောင်ထကာ ခေါင်းမြီးခြုံထားသောစောင်ကို အသာလှပ်ကြည့်မိတော့ သူမက အိပ်ယာပေါ်မှာ နံရံဘက်မျက်နှာမူလျက် စောင်းအိပ်နေပြီ၊ တခုခုဖြစ်လာသလား။ ကျောပေးထားသည်မို့ သူမပခုံးတို့ တသိမ့်သိမ့်တုန်ခိုက်နေတာကိုတွေ့လေမှ စိတ်ထဲ ထင့်ကနဲ….။ 
"ဟေ့ နင်အသည်းကွဲလာသလား ဟုတ်လား"အသံကိုမြှင့်ကာမေးလျင် သူမက မျက်နှာပေါ်ကစောင်ကိုမခွာဘဲ
"အေး"ဟု တစ်ခွန်းထဲဆိုကာ ဟီးချရှိုက်ငိုလေသည်။
"ဟာ...ဘာဖြစ်လာတာလဲ ပြောစမ်းငါ့ကို"
သူမက စောင်ခေါင်းမြီးခြုံလျက် တသိမ့်သိမ့်သာ ငိုရှိုက်လေသည်။ ရှိစေတော့....။ သူမထံမှ မျက်နှာလွှဲသည်။
ကျွန်မမျက်နှာကို စောင်ဖွင့်လျက်မကြည့်တာကိုပင် ကျေးဇူးတင်ရဦးမည်။ ဖူးယောင်မို့အစ်နေသော အငိုမျက်လုံးများက ခုတလော ကျွန်မမျက်နှာပေါ်မှာ အစဉ်နေရာယူထားသည်ပဲ။
ဘာထူးလဲ…. တူတူပဲဟ ငါတို့က…အဲဒါကြောင့် တခန်းထဲဖော်တွေဖြစ်ကြတာ နေမယ်။
ကျွန်မစိတ်ထဲ တီးတိုးဆိုလျက် ချဉ်သက်သက်ပြုံးမိသည်။
ဘာကြောင့်လဲ....ဘာကြောင့်လဲ...
ဘ၀မှာ အများကြီး မတောင်းဆိုသူတွေပါ။ ရိုးသားသူ ဖြူစင်နှိမ့်ချတတ်သူတွေဟာ လောကီရေးမှာ အမြဲပဲရှုံးနိမ့် နာကျင်ရတတ်သလား...။ ကျွန်မ စိတ်ဒဏ်ရာ အလွမ်းနာကဖြင့် ကြာမြင့်လှပြီ။ သူမက ခုမှ ပူပူနွေးနွေးအသည်းကွဲလာသတဲ့....။ ကောင်းပြီပေါ့ကွယ်... အနာအနာချင်းထပ်၊ အလွမ်းအလွမ်းချင်းထပ် ပိုလို့သာနာကျင်ဖွယ် မှတ်တာပဲ...။ အနာသည် နာသမှ ကျင်စက်နေအောင်နာသည်။ အလွမ်းသည် ခါးသမှ သက်စိမ့်နေအောင် ခါးသည်။ 
ဘယ်လိုပင်ခါးသက်သည်ဆိုစေ….
သူမရော ကျွန်မပါ အချိန်ကျလာတိုင်း ကိုယ့်နာကျင်မှုနှင့် ကိုယ်၊ ကိုယ့်လွမ်းဆွတ်မှုနှင့် ကိုယ် ရိုးရိုးသားသား စိမ်းလန်းကြမြဲဖြစ်လေသည်...။
(၁)
သူမ ပထမအိမ်ထောင်ကျတော့ ၁၇နှစ်သမီးသာရှိသေးတာတဲ့။ သူမတို့မြို့ကလေးမှာ ဒါဟာ သိပ်ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့ဆိုတယ်။ 
“ငါတို့တရွာလုံးက ပြောင်းတို့ကြံတို့စိုက်စားကြတာ၊ မီးလည်းမမှန်၊ သောက်သုံးရေလည်း မလောက်နဲ့၊ ရွာမှာရှိသမျှ လူငယ်လူလတ်တွေအကုန်နီးပါးဟာ အနီးအနားကမြို့တွေဆီ အလုပ်သွားလုပ်ကြရတာပဲ။ တစ်နှစ်လောက်နေမှ တစ်ခါ ရွာကိုပြန်လာကြတယ်။ ငါ့အဖေက လက်သမားလုပ်တယ်။ ငါ့အမေက ကတ္တီပါပိတ်ဖိနပ်မှာ ဖောင်းကြွပန်းထိုးတဲ့အလုပ်ကို လုပ်တယ်။ နင် သိလား၊ ငါ့ပထမယောကျာ်းက ငါ့အဖေသူငယ်ချင်း”
အချစ်...အချစ်ပါသလား...နင့်အဖေသူငယ်ချင်းဆိုတဲ့အဲဒီယောကျာ်းကို နင် ချစ်ခဲ့သလား…၊ တကယ်တော့ ၁၇နှစ်သမီးတစ်ယောက်ရဲ့အချစ်ဟာ ဘယ်လောက်များ ခမ်းနားနေမှာမို့လဲ၊ ၁၇နှစ်သမီးတစ်ယောက်ရဲ့အချစ်ထဲမှာ ဘယ်လောက်များ တကယ့်အချစ်တွေ ပါဝင်နေနိုင်မှာတဲ့လဲ။ နေစမ်းပါဦး၊ တကယ့်အချစ်ဆိုတာရော တကယ် ရှိသတဲ့လား...၊ အချစ်ကို အင်မတန်မှနေရာပေးချင်သူတစ်ယောက်လို ကျွန်မအတွေးတွေက အချစ်ကို အငမ်းမရ ထည့်တွက်နေလိုက်မိတယ်၊ အမှတ်မရှိသူတစ်ယောက်လို...။ ကျွန်မအတွေးမဆုံးခင် သူမ ဆက်ပြောပြတယ်။ 
“ငါ ၁၇နှစ်မှာ သူက ၄ဝ၊ ငါတို့အိမ်ကို အဖေအလုပ်ပြီးတိုင်း ပါပါလာတယ်။ အဖေနဲ့အတူတူ အရက်သောက်ကြတယ်။ အဲဒီလူကြီးဟာ မူးလာရင် ရယ်စရာတွေသိပ်ပြောတာပဲ။ ပြီးတော့ သူဆေးလိပ်သောက်ပုံဟာ သိပ်ကိုကြည့်လို့ကောင်းတာ၊ သူ့မျက်ဝန်းတွေက ရီဝေလို့၊ မှေးစင်းလို့။ ငါ့ပါးကို ဆွဲဆွဲလိမ်တတ်တယ်။ အဖေနဲ့အတူ သူပါလာရင် ငါ ပျော်သလိုပဲ”
“သူတို့ပြန်လာပြီဆို သူတို့ဝယ်လာတာလေးတွေကို အမေက ချက်ရပြုတ်ရ စီမံပေးရတယ်။ အဖေက အိမ်ရှေ့ကပြင်မှာ စပြီးသောက်နေပြီ၊ သူကတော့ အဖေနဲ့ တခွက်ဝင်မော့လိုက်၊ နောက်ဖေးမီးဖိုချောင်ဘက်ဝင်လိုက်၊ အိမ်သာထဲ ဆီးဝင်သွားလိုက်၊ ဟင်းချက်နေတဲ့အမေ့နား သွားကပ်လိုက်၊ အဖေ့အလစ်မှာ အမေ့ကို တင်ပါးကိုင်လိုက်၊ အမေ့ရင်သားကို ညှစ်လိုက်နဲ့၊ အမေက တခစ်ခစ်ရယ်ပြီး မျက်စောင်းထိုးလွှတ်တယ်။ ငါတို့အိမ်က အိမ်ရှေ့ အိမ်နောက်သာပြောရတာ၊ တကယ်က အိမ်ရှေ့ကနေကြည့်ရင် အိမ်နောက်မြင်ရသလို၊ အိမ်နောက်ကနေကြည့်ရင်လည်း အိမ်ရှေ့ကို မြင်နေရတာ။ ငါ့ရင်ထဲ တမျိုးပဲ၊ အမေ့ကို သူ အဲလိုလုပ်တိုင်း ငါက ထူပူသွားတယ်။ အမေ့နေရာမှာ ငါ ရောက်ရောက်သွားတယ်။ အမေ့ကို ငါ မနာလိုဖြစ်တာလားတော့ မသိပါဘူး” 
ပြောပြီး သူမ ဟက်ကနဲရယ်မောတယ်။ ဘုရားရေ....။ ကျွန်မမှာဖြင့် ရင်မောရတာ သူမ မသိ။ သူမက ရှေ့က ဘီယာဘူးခွံကို လှုပ်ကြည့်တယ်။ တစ်စက်မှမကျန်တာသေချာမှ နောက်တစ်ဘူးထပ်ဖောက်တယ်။ ဘီယာကို ကျိုက်ကနဲ နှစ်ကျိုက်လောက်မော့ပြီး ဆက်ပြောတယ်။ ကျွန်မကတော့ လူကသာ သူမရှေ့မှာထိုင်လျက် အတွေးတွေက ကစဥ့်ကလျားရယ်။
အနေအထိုင်မတတ်တဲ့မိခင်နဲ့ လက်ဆော့တတ်တဲ့အဖေ့သူငယ်ချင်းရယ်၊ အပျိုရွယ်မိန်းကလေးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားတိမ်းညွှတ်မှုရယ်၊ သွေးသားလှုပ်ရှားစအချိန်မှာ မထိန်းတတ်မသိမ်းတတ်နဲ့ သူမ ဘယ်လောက်များ ဘောင်ဘင်ခတ်ခဲ့ရှာမလဲ....။ အပျိုမကလေးဟာ လူ့ပတ်ဝန်းကျင်မှာ ဘယ်လိုဘယ်ပုံနေထိုင်ဆက်ဆံရမယ်၊ ဆန့်ကျင်ဘက်လိင်တွေနဲ့အတွေ့မှာ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာမျိုးလည်း သင်ကြားခံခဲ့ရမှာ မဟုတ်ဘူးထင်ပါရဲ့။
“ငါ့အဖေနဲ့အမေဟာ ငါ့ရှေ့မှာလည်း တစ်ယောက်နဲ့တစ်ယောက် အော်ကြဟစ်ကြ၊ သတ်ကြပုတ်ကြပါပဲ။ ပြီးတော့ သူတို့ပြန်တည့်ပြီဆို ငါ့ရှေ့လည်းမရှောင်ဘူး၊ ပွေ့ဖက်လို့ အချစ်နာလန်ထကြတယ်”
ဖြစ်ရလေ....။ စိတ်တွေ မသက်သာလိုက်တာမင်ဝှေ့ရယ်...၊ သူမက ပေါ့ပေါ့ပါးပါးပြောပြနေသလောက် ကျွန်မကဖြင့် လေးလံလို့။ ကျွန်မစိတ်နှလုံးတွေကဖြင့် ပူလောင်လို့။ ဒါပေမယ့်လေ မင်ဝှေ့ရင်ထဲက တကယ့်အနာကို ကျွန်မမှ မမြင်နိုင်ဘဲ။ မင်ဝှေ့ဟာ ခါးသည်းနာကျည်းဖွယ်တွေကို နာကျင်ဟန်တစက်ကလေးမှမပြဘဲ ပေါ့ပေါ့လေးပြောထွက်နိုင်သူဆိုတာလောက်တော့ ကျွန်မသိသင့်တယ် မဟုတ်လား။
သူမက ကျွန်မနောက်မှ ဒီအိမ်ကို ရောက်လာတာ။ နှစ်ယောက်ခန်းမို့ နောက်ထပ်အိမ်ငှားတစ်ယောက်ရှာနေတယ်လို့ အိမ်ရှင်ပြောတုန်းက ကျွန်မနဲ့အဆင်ပြေမယ့်အခန်းဖော်ရပါစေလို့ ဆုတောင်းခဲ့လိုက်ရတာ။ တကယ်လည်း ကျွန်မဆုတောင်း ပြည့်ခဲ့တယ်။ မင်ဝှေ့လို့ကျွန်မခေါ်တဲ့ Han Minghui-ဟန်မင်ဝှေ့က အသက်၂၇နှစ်၊ ကျွန်မနဲ့ မတိမ်းမယိမ်း။ တွေ့စက သူမပုံစံက ရိုင်းပျသလိုလို၊ ပေစောင်းစောင်းနဲ့၊ နောက်မှ သူမဟာ အင်မတန်စိတ်ရှင်းလင်းသူ၊ တဲ့တိုးသမားမှန်းသိလာရတာ။ ရောက်ပြီးတစ်လလောက်မှာ သူမအကြောင်းတွေ အကုန်နီးပါး ကျွန်မကိုပြောပြတော့တာ။
အစစအရာရာ ယုံကြည်စရာမကောင်းတဲ့ခေတ်ကြီးထဲမှာ လူတယောက်က တခြားတယောက်ကို တော်တန်ရုံ ယုံကြည်မှုနဲ့ သူ့အကြောင်းတွေပြောပြဖို့ဆိုတာ....၊ အထူးသဖြင့် ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကို ပြောပြဖို့ဆိုပါတော့...။
သူမဟာ ဘဝကြီးဆီက ဒီလိုပဲ သင်ယူခဲ့ရဟန်ရှိလေရဲ့။ နာကျင်မှုတွေအတွက် ဘယ်လိုထုံဆေးတွေများ ဘဝကြီးဆီက မင်ဝှေ့တစ်ယောက်ရထားပါလိမ့်လို့ တွေးမိတိုင်း၊ တသသဖူးဖူးမှုတ်ထားတဲ့ ကျွန်မအနာတွေကို ကိုယ်တိုင် မေ့မေ့လျော့လျော့ဖြစ်လာနိုင်သလိုလို ထင်ခဲ့မိတယ်။ မဟုတ်ဘူး...တကယ်က မြုံနေခဲ့တာ...။ ကျွန်မရဲ့ အတိတ်၊ ကျွန်မချစ်ရတဲ့ မောင်၊ မောင့်အသိုင်းအဝိုင်း၊ မောင်ကိုယ်တိုင် သတ္တိမရှိမှု၊ လူ့ပတ်ဝန်းကျင်ရဲ့ မျက်ဝန်းကျဉ်းကျဉ်းတွေ....။ အကြိမ်ကြိမ်ခြောက်လှန့်နေဆဲ အိပ်မက်တွေဟာ အရိပ်တစ်ခုလို... ၊ မဟုတ်သေးဘူး၊ ကျွန်မအသွေးအသားထဲမှာကိုကပ်လျက် လိုက်ပါ လည်ပတ် စီးဆင်းနေခဲ့တာ...။
ကျွန်မက စာရေးတယ်လို့ပြောလိုက်တော့ မင်ဝှေ့က မျက်ခုံးလေးနှစ်ဘက်ပင့်လို့၊ ဒါဆို ငါ့အကြောင်းရေးဟာတဲ့... ပြုံးစစနဲ့....။
သူမအကြောင်းလေးတွေ အိတ်ထဲကသွန်မှောက်သလို ကုန်စင်အောင်ပြောပြီးတဲ့အခါ နင့်အကြောင်းလည်း ပြောပြဦးလေလို့ဆိုတိုင်း ကျွန်မက ရှေ့ကဘီယာဘူးထဲကအရည်တွေကို လည်ချောင်းထဲ သွန်ထည့်လို့သာနေမိတာ။ ငါက…ငါကလည်း အသည်းကွဲသမားပါ မင်ဝှေ့ရယ်....။ 
ကျွန်မ တိတ်တိတ်လေး ရေရွတ်နေမိတာ...။
ကျွန်မနဲ့ကျွန်မစိတ်အစဉ်ကို ထုံးချည်ထားတဲ့ စပါယ်တွေရဲ့ (ဘယ်တော့မှ) အပွင့်သစ်ပြန်လည်မပွင့်လန်းနိုင်မှုရယ်။ ကျွန်မ မထွေးနိုင်မအန်နိုင်မျိုသိပ်ခဲ့ရတဲ့ နာကျင်မှုရယ်၊ အစာမကြေမှုတစ်ခုရယ်ဟာ ကံကြမ္မာနဲ့စီးချင်းထိုးရာက ဘုံးဘုံးလဲကျခဲ့ရတဲ့အချစ်ပါပဲ မင်ဝှေ့ရယ်...။ တခါတလေ မျက်ရည်နည်းနည်းကျမယ်။ တခါတလေ မျက်ရည်အများကြီးကျ ရှိုက်ကြီးတငင်ဖြစ်တဲ့အခါတွေ ရှိမယ်။ အဲဒီအချိန်တွေမှာ ကျွန်မအနား တစ်ချိန်လုံးရှိနေတာက ရိုးသားမှုပဲ။ ကျွန်မစိတ်ရှိသလောက် ဝေဆာသီးပွင့်နိုင်တဲ့နာကျင်မှုတွေထဲ ကျွန်မကိုယ်တိုင်မငြင်းနိုင်တဲ့ အမှန်တရားတွေရှိတယ်။ 
ရင်ထဲရှိတဲ့အမှန်တရားတွေကို ဖြောင့်ဖြောင့်ချပြနိုင်တာဟာ မဖောက်ပြန်တဲ့ရိုးသားမှုတစ်ခုပဲမဟုတ်လား။ ကျွန်မစိတ်ကို ကျွန်မ သစ္စာမဖောက်နိုင်ဘူး။ ကျွန်မစိတ်တွေနောက် တစ်စစီဆွဲထုတ်လို့ ကျွန်မလက်က တစ်လုံးချင်း တစ်လုံးချင်း ချရေးနေရတဲ့အချိန်တွေ...။ အမှန်တရားဟာ သစ္စာပဲ။ နောက်မှာကျန်ခဲ့တဲ့ခြေရာတွေအတွက် ကျွန်မက ရိုးဖြောင့်ချင်တယ်။ ရိုးဖြောင့်ရမှုတွေဟာ မှန်လွန်းတော့ ခါးတယ်။ အခါးကို လူတိုင်းလက်မခံနိုင်ကြဘူး။ မောင်အပါအဝင် မောင့်အသိုင်းအဝိုင်းတစ်ခုလုံး၊ လူတွေအကုန်လုံးပါပဲလေ...။ ဒီလိုနဲ့ ကျွန်မဟာ အားလုံးနဲ့ဝေးရာကို နာကျင်မှုတွေနဲ့ မျက်နှာဝှက်ပြီး ဒီလိုဘဝရောက်အောင် ထူမတ်ခဲ့ရတာ။ 
လျှို့ဝှက်ချက်ဆိုတာ လူတိုင်းမှာရှိကြတယ်။ လျှို့ဝှက်ချက်ဆိုတဲ့သဘောကိုက သိုသိပ်ရမယ့် အဓိပ္ပါယ်ပါပြီးသား။ 
ကျွန်မ မပြောပြပါရစေနဲ့….
ငါ မပြောပြပါရစေနဲ့ မင်ဝှေ့ရယ်....
နင့်ထက်ပိုပြီး ဘာမှ သာယာနာပျော်ဖွယ်မရှိတဲ့ ဘဝနာအသည်းကွဲတေးသွားတစ်ပုဒ်ပါပဲဟာ၊
နာကျင်မှုတွေနဲ့ နာကျင်မှုတွေချင်း ထပ်တူကျတဲ့အခါ အချစ်နဲ့ထုဆစ်ထားတာပါဆိုရင်တောင် မလှပနိုင်တဲ့အရာပါ။ 
ငါတို့နှစ်ယောက်ကပဲ အချစ်ဆိုတာကို ပိရိ သေသပ် လှပစွာ မထုဆစ်တတ်ခဲ့လို့များလား မင်ဝှေ့ရယ်.....
(၂)
“ငါ အရင်က တစ်နေ့မှ ယွမ်၅ဝလောက်ရတာ၊ ငါ့ယောကျာ်းနောက် အလုပ်လိုက်လုပ်တော့ ယွမ်၁ဝဝရတယ်။ ငါ့ယောကျာ်းက တစ်နေ့ကို ယွမ် ၁၆ဝ၊ ငွေရေးကြေးရေးအနေနဲ့ မဆိုးလှဘူးဆိုပါတော့ဟာ။ အလုပ်က သိပ်ပင်ပမ်းတော့ အပမ်းဖြေတဲ့အနေနဲ့ အလုပ်ပြီးတဲ့ညနေတိုင်း ငါတို့ ဘီယာအတူတူသောက်၊ ညစာစားပြီးမှ အိမ်ကိုပြန်ကြတယ်။ အဲ့မှာ ငါ ဘီယာ စသောက်တတ်သွားတာပဲ”
မင်ဝှေ့က ပြောရင်း မျက်ခုံးပင့်ပြတယ်။ ငါကွဆိုတဲ့ ပုံနဲ့...။ ကျွန်မ မရယ်ရက်ပါဘူး....။
“ငါ့အသက်၂၀မှာ ငါ့ယောကျာ်းအလုပ်ပြောင်းတယ်။ ငါတို့ Guiyangမြို့ကလေးကနေ Yunnanကို ပြောင်းကြတယ်။ ဟိုမှာ အလုပ်ပိုကောင်းတယ်ဆိုလို့ပေါ့ဟာ။ အဲဒီမှာ ငါ့ယောကျာ်းက အလုပ်သမားခေါင်း၊ ငါကတော့ ဘိလပ်မြေသယ်တဲ့ကား မောင်းရတယ်။ မနက် ၆ခွဲကနေ ည ၇နာရီအထိ အလုပ်လုပ်ရတယ်။ နေစရာအိမ်ကိုတော့ အလုပ်ထဲမှာပဲ ကွန်တိန်နာတွေနဲ့နေကြရတယ်။ ကွန်တိန်နာထဲမှာ အလုပ်သမားမိသားစု ၄စု ပေါင်းနေကြရတယ်။ 
ငွေရေးကြေးရေးအဆင်ပြေလာပြန်တော့ ပြဿနာတစ်ခုက အဲဒီမှာစတာပဲ။ ဉာဉ်မပျောက်နိုင်တဲ့ငါ့ယောကျာ်းက သူများမိန်းမတွေကို တို့လားဆိတ်လား ထိလားခတ်လား သွားသွားလုပ်နေတာ။ သူတို့အတွက်က ဘာမှမဟုတ်ဘူး၊ သူ့ယောကျာ်းကိုယ့်ယောကျာ်း၊ သူ့မိန်းမကိုယ့်မိန်းမ လုံးထွေးနေကြတာပဲ။ သူတို့က တဟီးဟီးတဟားဟားနဲ့ ခပ်ပေါ့ပေါ့လေးနေနိင်ကြပေမယ့် င့ါယောက်ျားက သူများမိန်းမကိုသွားထိရင် ငါ သဝန်တိုတယ်၊ သူများယောကျာ်းက ငါ့လာထိရင်လည်း ငါ ရွံမိတာပဲ။ ငါတို့ ခဏခဏရန်ဖြစ်ကြရတယ်။ နောက်တော့ ဘိလပ်မြေသယ်တဲ့ကားမောင်းရင်း ငါ ထွက်ပြေးလာခဲ့တာ နောက်တစ်မြို့ကိုရောက်သွားတယ်။ အဲဒီမြို့က ဘားတစ်ခုမှာ ငါ အလုပ်ရတယ်။ နင် သိလား၊ ငါ့ဒုတိယယောကျာ်းက အဲဒီဘားမှာ ဂစ်တာတီးတယ်။ သူ ဆေးသမားမှန်း ငါ နောက်မှသိတယ်။ ငါ့ကို ချစ်တော့ချစ်တယ်လို့ထင်တာပဲ။ သူ့ရဲ့ပြဿနာက သူ ဆေးကြောင်လာရင် ငါ့လက်မောင်းတွေကို အပ်နဲ့ပေါက်တယ်။ အသည်းယားလို့ ချစ်လို့တဲ့...။ ငါ့လက်မောင်းမှာ အပ်ပေါက်ရာတွေက သွေးစို့တဲ့အထိပဲ။ ပြီးတော့ ခါးပတ်နဲ့လွှဲလွှဲရိုက်တယ်။ နောက်တစ်နေ့မနက်ကျတော့ သူက အကောင်းပဲဟ...။ ငါ့မှာသာ လူမြင်မှာစိုးလို့ အရှိုးတွေကိုဖုံးအောင် အကျီင်္လက်ရှည်ရွေးဝတ်ရ၊ အသက်ထွက်မတတ် နာကျင်လိုက်ရတာ ဟားဟားဟား”
ဘုရားရေ....မင်ဝှေ့ရယ် ဖြစ်မှဖြစ်ရလေ...။ ကျွန်မ ဘဝနာတယ်အသည်းကွဲတယ်ဆိုတာ မင်ဝှေ့နဲ့ယှဉ်တဲ့အခါ တကယ့်ကို သေးသေးကလေးရယ်။ သူမအိမ်ထောင်ရေးကြီးက ကြမ်းတမ်းလိုက်တာ။ ခုလို အပြုံးမပျက်ပြောနိုင်တဲ့အချိန်ထိရောက်အောင် သူမဖြတ်သန်းခဲ့ရချိန်တွေ ဘယ့်လောက်များ ခက်ခဲခါးသည်း ခဲ့ပါလိမ့်...။
“ထားပါတော့ဟာ၊ ငါတို့အိမ်ထောင်သက်သုံးနှစ်မှာ ဆေးတင်တာလွန်ပြီး Overdosedပေါ့ဟာ၊ သူ ဆုံးသွားတယ်။ နောက်ဆုံး ငါ စင်္ကာပူကိုရောက်လာတယ်။ ဒီမှာ အလုပ်လုပ်တယ်။ နင်နဲ့တွေ့တယ်။ တအိမ်ထဲအတူနေရတဲ့အထိ ရေစက်ပါလာကြတယ် ငါ့အကြောင်းက ဒါပဲ...။
နင့်အကြောင်း ပြောပြ”
(၃)
ကျွန်မအကြောင်းက ထူးဆန်းလှတယ် မဟုတ်ပါဘူး။ နှလုံးသားရှိသည်၊ ချစ်မိသည်၊ အသည်းကွဲသည်ပေါ့၊ အဲသလောက်ပါပဲ။ မင်ဝှေ့ဟာ ကျွန်မမျက်နှာကို သေချာစိုက်ကြည့်တယ်။ အဲ့သလောက်ပဲလား၊ ဘဝမှာ အသည်းကွဲခဲ့ဖူးတာလေးတစ်ခုထဲနဲ့တော့ ဒီလောက်မှောင်မည်းနေစရာလားဆိုတဲ့ မေးခွန်းကို သူမမျက်ဝန်းတွေနဲ့မေးတယ်။ အဲသလောက်ပါပဲဟာ။ လိပ်ပြာမလုံသူတစ်ယောက်လုပ်နေကျအတိုင်း ကျွန်မ လက်သည်းတွေကို သွားနဲ့ကိုက်ဖြတ်ဟန် ဆောင်နေလိုက်တယ်။
ဟင့်အင်း...
ဘဝတစ်ခုလုံးကို အုပ်မိုးထားတဲ့ ဖျက်မရတော့တဲ့အရိပ်မည်းကြီးကို ကျွန်မ လွှတ်ချထားခဲ့လို့ရနိုင်မလား ဟင်...။
ကံကောင်းတာက ကျွန်မဟာ စာတွေချရေးတတ်နေခြင်းပဲ၊ ဟုတ်တယ်။
စာရေးရတာကို ကျွန်မစွဲလမ်းတယ်။
စာတွေချရေးနေတဲ့အချိန်ဟာ ကိုယ့်ကမ္ဘာငယ်လေးတစ်ခု ကိုယ်တိုင်ဖန်တီးခွင့်ရတဲ့အချိန်ပဲ။ ဘာမှမရှိဘူး ဘယ်သူမှမရှိဘူး။ ကျွန်မရယ်၊ ဟိုးအတွင်းဆုံးထဲက ဘယ်သူမှမသိ ဘယ်သူမှမမြင် ဘယ်သူ့ကိုမှ ပြောမပြဖြစ်ခဲ့တဲ့အကြောင်းတွေ၊ ဘယ်တော့မှပြောမှာမဟုတ်တော့တဲ့ တစ်ကိုယ်ရည်သိမှုတွေ၊ ဖွင့်ပြောပြဖို့မဖြစ်နိုင်လောက်တဲ့ သိမ်းဆည်းသိုဝှက်ထားမှုတွေ၊ ပိန်းပိတ်မှောင်ခဲ အလင်းမပေါက်နိုင်တဲ့ ခံစားချက်အခဲအဆုပ်တွေ၊ ပွင့်လင်းခွင့်မရတဲ့ စိတ်အမြုံ စိတ်အဆွံ့တွေ.....
အားလုံးပဲရယ်....
ဖြည်းဖြည်းချင်း ကျွန်မကိုယ်ကို ကျွန်မပြန်ချဉ်းကပ်ရတယ်။ ညင်ညင်သာသာလေး တွေ့ထိရတယ်။ လွင့်သွားမှာ စိုးလှတယ်။ တစ်စချင်း ကြည်ကြည်ဖြူဖြူဆွဲထုတ်ယူငင်လို့ စာတစ်လုံးချင်း တစ်လုံးချင်းရေးဖွဲ့ချိန်တွေမှာတော့ ကျွန်မနဲ့ ကျွန်မအသက်ရှူသံမျှင်းမျှင်းကလေးရယ်၊ ကျွန်မနဲ့ ကျွန်မပဲသိတဲ့ အလုံးစုံနာကျင်မှုတွေရယ်၊ ကျွန်မနဲ့ ကျွန်မချစ်သူအကြားက အကွာအဝေးကိုပြဌာန်းတဲ့ ကြိုးတစ်ချောင်းတဲတဲလေးရယ်...ချစ်သူမိသားစုရဲ့ ကျွန်မအပေါ် မလိုလားမုန်းတီးမှုတွေရယ်ဟာ ခုပြန်မြင်၊ ခုပဲ ကျွန်မကို သတ်ကြတယ်။
ခုလို နိုင်ငံရပ်ခြားမှာ ထူထူထောင်ထောင်ဘဝတစ်ခုကိုရဖို့ ကျကျရှုံးရှုံးရင်းနှီးခဲ့ရတဲ့ သောကမျက်ရည်ညတွေ ကျွန်မခေါင်းအုံးလေးထဲမှာ ရှိပါတယ်။ သက်သေပြဖို့မလိုအပ်လှလည်း စွဲလန်းမှုတစ်ခုရဲ့ဖြတ်သန်းခဲ့ရပုံ၊ ဘဝကြီးထဲက လူတွေဝိုင်းကြဉ်သမျှ ကြံ့ကြံ့ခံခဲ့ရပုံတွေ ကြမ်းတမ်းလွန်းခဲ့သမျှ ဒီအချိန်မှာတော့ အမှတ်တရလို့ ကျွန်မပြုံးရင်း တိုးတိတ်ပြောပါရစေ။ 
ကျွန်မ တစ်ကိုယ်တည်း ခပ်ဖွဖွရေရွတ်နေမှုမှာ မင်ဝှေ့က အလိုက်တသိ ခေါင်းကလေးဆတ်လို့ လိုက်ပါတယ်။ ကျွန်မ ဘာကိုဆိုလိုတယ် တခွန်းမမေးဘူး။ မင်ဝှေ့မျက်ဝန်းတွေထဲက ကျွန်မကြိုးစားလွတ်မြောက်နေမိတယ်။ လူလိုသူလိုချစ်ကျွမ်းဝင်မှုတစ်ခုထဲ လူရာဝင်ချင်ခဲ့မိတာကိုက ရယ်စရာ၊ နာကျင်စရာရယ်...။ ကျွန်မက အချစ်ဆိုတာနဲ့ ကျွမ်းဝင်သင့်လို့လား....။ ကျွန်မက ချစ်ခဲ့မိပြီ။ ဖြူစင်ပါတယ်ဆိုတဲ့ လူသားကလေးတစ်ယောက်ကို ကျွန်မက ချစ်ခဲ့မိပြီ။ ကျွန်မခန္ဓာကိုယ်ကို ကျွန်မ အမှတ်တမဲ့ ငုံ့ကြည့်လိုက်မိတယ်ထင်ရဲ့။ ခုထိ ဆေးကြောလို့မှ မစင်ကြယ်တော့ဘူးလားကွယ်...။
အချစ်ဆိုတာဟာ အကောင်းစားပလပ်စတစ်အိတ်နဲ့ လှလှပပထုတ်ပိုးထားတဲ့ ခေါက်ဆွဲခြောက်တစ်ထုပ်ကို ကျန်းမာရေးအတွက်အကျိုးမရှိမှန်းသိရက်နဲ့ ဈေးကြီးပေးပြီး မြိန်ရည်ရှက်ရည်ဝယ်စားနေရသလိုပဲ။
ခေါက်ဆွဲဖိုးထက် ထုတ်ပိုးခက ပိုကြေးကြီးနေတတ်သေးတာ....
တကယ်တော့ အချစ်ဟာ ကျွန်မအတွက် ကြေးကြီးကြီးပေးပြီး နာဖျားခဲ့ရတဲ့အရာ...။ ကျွန်မ မပေးနိုင်တဲ့ မတန်တဆမှုတစ်ခုဟာ အချစ်ပဲ။ ကျွန်မအားထုတ်မှုတိုင်း လွဲချော်နေခဲ့ရတဲ့ မမီမကမ်းမှုတစ်ခုဟာ အချစ်ပဲ....။ 
ကျွန်မခုတင်ခြေရင်းက ဂစ်တာကိုလှမ်းယူလိုက်ပြီး ပလပ်ကင်ချိုချိုလေးတစ်ခုကို လူးလာခေါက်တုန့် တီးခတ်နေမိတယ်။ ဆယ်မိနစ်လောက်ရှိတော့ ကျွန်မလက်ထဲကဂစ်တာကို မင်ဝှေ့ယူတီးတယ်။ သူမ တီးနေတဲ့တေးသွားက Tears in heaven…၊ သူမတီးခတ်မှုမှာ ကျွန်မ အလုံးစုံပျော်ဝင်တော့တယ် ။
Would you know my name, if I saw you in heaven?
သိပ်ကိုနာကျင်ရတာပဲ၊ အဲဒီသီချင်းဟာ...။ အဲဒီသီချင်းနောက်ခံကိုက သားကလေးအတွက်နာကျင်ရတဲ့ ဖခင်တစ်ယောက်ရဲ့ နာကျင်ကြေကွဲမှုတွေကို ဖွဲ့ထားခဲ့တာရယ်…။
နေပါစေမောင်ရာ ကောင်းကင်ဘုံမှာတွေ့ကြရင်တောင် ကျွန်မနာမည်ကို မေ့ထားလိုက်ပါ...။
“ငါ ဆက်မပြောပြပါရစေနဲ့တော့ မင်ဝှေ့ရယ်”
မင်ဝှေ့က ပြောတယ်။ ကျွန်မဟာ စာရေးသူပီပီ စိတ်က သိပ်နုညံ့တာပဲ၊ သိပ်ကဗျာဆန်တာပဲတဲ့။ အင်း ဟုတ်မှာပါ။ 
အသည်းကွဲတာဟာ လောကဓံရှစ်ပါးထဲမှာ မပါဘူး၊ အသည်းကွဲတယ်ဆိုတာ လက်တွေ့ဘဝထဲက ပြဿနာအကြီးကြီးတွေနဲ့ယှဉ်လိုက်ရင် မြူမှုန်ကလေးမျှသာ...။ ဟုတ်တာပေါ့...
ကျွန်မရော မင်ဝှေ့ရော ရယ်ဖြစ်ခဲ့ကြတယ်။ “ငါတို့ ဒီနေ့ကစပြီး သောက်ရေးမပါတဲ့ အသည်းကွဲတဲ့အကြောင်းတွေ ဇာမချဲ့ကြစို့နဲ့တော့ဟာ။ လာထား ချီးယားစ်....” ပြောပြီး မင်ဝှေ့က သူကိုင်ထားတဲ့ဘီယာဘူးကို လက်ဆန့်တန်းပြီးမြှောက်လိုက်ချိန်မှာ ကျွန်မလက်ထဲက ဘီယာဘူးကို အလိုက်တသင့်မြှောက်လိုက်မိတယ်။ ကျွန်မတို့ အကျယ်ကြီးရယ်မောလိုက်ကြတယ်။
(၄)
မင်ဝှေ့အံဆွဲထဲမှာ သန္ဓေတားဆေးတွေ....။ တားဆေးကဒ်တွေပါလား...
ဘုရား ဘုရား….။ မျက်လုံးတွေ ပြာဝေလာလို့ ကျွန်မ ဘာမှမမြင်နိုင်တော့သလိုရယ်...။ မျက်ဝန်းနဲ့မဟုတ်ဘဲ ပြက်ပြက်ထင်ထင်မြင်လိုက်ရတဲ့ သက်ဝင်လှုပ်ရှားလာတဲ့ ပုံရိပ်တွေဟာ အာရုံထဲမှာ တဖျတ်ဖျတ် တဖျတ်ဖျတ်...။ 
ကလေးမလေး...၊ အသက်က ၁၃နှစ်၊ သူမတစ်ကိုယ်လုံး တုန်ယင်လို့၊ သေလောက်အောင် နာကျင်မောပမ်းမှုတွေရယ်၊ ဘာဖြစ်လို့ဖြစ်သွားမှန်းတောင် မသိလိုက်တဲ့အမှောင်ထဲက အဖြစ်အပျက်တွေရယ်....။ သေသွားတော့မှာလားလို့ ဝမ်းနည်းကြောက်လန့်စိတ်နဲ့ငိုကြွေးမှုတွေရယ်ကလွဲလို့ အပျိုရည်ဆိုတာကို နားမလည်ခဲ့ဘူး။
“သမီး ဒီဆေးလေးသောက်လိုက်”ဆိုပြီး ဆေးကဒ်ထဲက ဆေးတစ်လုံးကို အသင့်ကမ်းပေးလာတဲ့ ရေတစ်ခွက်နဲ့ ဂွပ်ကနဲသောက်ချလိုက်တယ်။ “အဲဒါမှ ကလေးမ ကိုယ်ဝန် မရမှာပေါ့” တဲ့...။
ဟင် ငါက ဘာလို့ကိုယ်ဝန်ရရမှာလဲ...။
ပုဒ်မ ၃၇၆ တဲ့၊ ပုဒ်မ ၃၇၆ဆိုတာကို ဘာမှန်းနားမလည်ခဲ့ပေမယ့် ကိုယ်ဝန်ဆောင်ဆိုတာကိုတော့ ကလေးမလေးက နားလည်ဟန်တူတယ်။ 
“ဟဲ့ နင် သေချာဖြေမှာပေါ့၊ ဒါက နင့်အမှုဘက်က လိုက်ပေးမယ့် တရားလို”
ဘာတွေလဲ...ဘာတွေကို ဖြေရဦးမှာလဲ...။ ကလေးမလေးက အီးကနဲငိုချလိုက်ပြန်တယ်။
“အဲဒီလူကို အရင်က သမီးသိသလား” ကလေးမလေးက ခေါင်းခါပြတယ်။
“မမှတ်မိတာလား ညည်း သေချာစဉ်းစားစမ်းအေ ၊ တို့ရပ်ကွက်ထဲကပဲလား”
အနားက အဒေါ်က ကလေးမလေးရဲ့ပုခုံးကို ပုတ်ရင်းပြောတယ်။ ဟင့်အင်း ကလေးမလေးဟာ ဘာကိုမှ မမှတ်မိဘူး။ နာကျင်မှုတွေပဲ...သေသွားတော့မလိုနာကျင်မှုတွေပဲ သိခဲ့တာ။ အဲဒီနောက်မှာ ကလေးမလေးဟာ ဆေးရုံမှာ တစ်လကျော်လောက်နေခဲ့ရတယ်။ ဆေးရုံက ပြန်ဆင်းလို့ ပထမဆုံးကျောင်းပြန်တက်တဲ့နေ့မှာပဲ အတန်းဖော်တွေရဲ့ အပြုအမူတွေက ကလေးမလေးကို ဝမ်းနည်းအားငယ်စေခဲ့တာ။ 
ငါဟာ အားလုံးနဲ့မတူတော့ဘူးလား...၊ ငါ့ခန္ဓာကိုယ်မှာ ဘာတွေမှားယွင်းသွားခဲ့ပြီလဲ...။ အကြည့်တွေအားလုံးကို ကလေးမလေးက နားမလည်နိုင်ခဲ့ဘူး။ အဲဒီကစလို့ ကလေးမလေးက သူဟာ အားလုံးနဲ့မတူဘူးဆိုတဲ့အသိနဲ့ နာနာကျင်ကျင်ရှင်သန်လာခဲ့ရတာ....။ အရွယ်ကလေးရောက်လို့ ချစ်သူရလာတဲ့အခါ ချစ်သူက အစ၊ အသိုင်းအဝိုင်းအဆုံး ဘဝကြီးထဲမှာ လူလူသူသူရယ်လို့ လက်သင့်မခံတော့တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ အပြင်းအထန်ခံစားနာကျင်ခဲ့ရတာ...။ တုန်ယင်လာတဲ့လက်နှစ်ဘက်နဲ့ မျက်နှာကိုအုပ်ကိုင်ရင်း ကျွန်မ ထိုင်ချလိုက်မိတယ်။ ကလေးမလေးဟာ ကျွန်မလက်ထဲမှာ၊ ကျွန်မအသွေးအသားတွေထဲမှာ အရှင်လတ်လတ်ကြီး နာကျင်ကြေမွလို့။
ဆေးကဒ်ထုပ်ကို မင်ဝှေ့အံဆွဲထဲ နေသားတကျပြန်ထည့်၊ နေပါဦး မင်ဝှေ့အံဆွဲထဲ ကျွန်မ ဘာကိုလိုချင်လို့ ရှာမိပါလိမ့်...အကိုက်အခဲပျောက်ဆေး...ဟုတ်သားပဲ။ အကိုက်အခဲပျောက်ဆေးတော့ မတွေ့ဘူး။ မင်ဝှေ့အံဆွဲကို ပြန်ပိတ်လိုက်ပြီး ကျောမီထိုင်နေလိုက်မိတယ်။ ကျွန်မရင်အစုံဟာ ရိုက်ခတ်ခံလိုက်ရပြန်ပြီ။ အနာတွေဟာ တမုဟုတ်ချင်း စွတ်စိုလာလိုက်တာ...။ ထောင်ထားတဲ့ဒူးခေါင်းပေါ်ကို လက်ပိုက်တင်ပြီး ခေါင်းအပ်ငိုချလိုက်မိပြန်....။ ဒီအချိန်မှာပဲ တံခါးမကြီး သော့ဖွင့်ဝင်လာသံကြားလိုက်ရတယ်။ မင်ဝှေ့ သူမ..ပြန်လာပြီ။
“ညက ကျန်းနဲ့ငါ ရုပ်ရှင်ညပွဲသွားကြည့်ကြသေးတယ် သိလား မွန်း၊ နင့်ကို သတိရတယ် နင်ကြိုက်တဲ့မင်းသမီး သိလား”
ကျွန်မ အလိုက်သင့်ခေါင်းညိတ်ပြလိုက်မိသလားပဲ။ ကျွန်မပါးပြင်ပေါ်က မျက်ရည်စတွေကို သူမသတိမပြုမိခင် ပိုသေချာသွားအောင် ထပ်သုတ်နေမိတယ်။ သူမက ဝတ်ထားတဲ့ဘလောက်စ်အင်္ကျီကို ခေါင်းကနေလှန်ချွတ်ပြီး ချိတ်မှာချိတ်လိုက်တယ်။ ပြီးမှ အင်္ကျီချိုင်းနေရာနားကို နမ်းရှိုက်လိုက်ပြီး “မနက်ဖြန် အလုပ်သွားရင် ဒါပဲပြန်ဝတ်လိုက်တော့မယ်၊ ခုမနက်မှလဲလာတာဆိုတော့ မွှေးနေတုန်းပဲ” တဲ့။ ချိတ်ကို အခန်းတံခါးနောက်ကျောက အင်္ကျီိချိတ်တွေထဲက လွတ်နေတဲ့ချိတ်တစ်ခုမှာ လှမ်းချိတ်လိုက်တယ်။ 
အို ကျွန်မဘဝဟာ တစ်ခါဝတ်ထားပြီးလည်း မွှေးနေတဲ့ အဲဒီအင်္ကျီလေးတစ်ထည်လောက်မှ... ပြန်လည်မွှေးမြ မလာနိုင်တော့ဘူးလားကွယ်...။
မင်ဝှေ့ချစ်သူရပြီလို့ ကျွန်မကို ပြောလာတဲ့နေ့ကို ကျွန်မကောင်းကောင်းမှတ်မိသားပဲ။ မင်ဝှေ့မျက်နှာက အချစ်တွေနဲ့ထု ဆစ်ထားတော့ အချိုးကျ လှပလို့၊ ရှက်သွေးကလေးတောင် စွက်ထားသလိုလို ပန်းရောင်ပြေးလေးနဲ့။
“ငါ ချစ်သူရပြီ၊ ငါ့ချစ်သူက ပညာတတ်၊ ဘေဂျင်းမြို့သား Zhang Billy - သူ့နာမည်က ကျန်း”လို့ ပြုံးစစနဲ့မင်ဝှေ့ဆိုလာစဉ် သူမနဲ့အတူ ကျွန်မဝမ်းသာခဲ့ရတာ။ ကျွန်မသိထားတဲ့ မင်ဝှေ့အိမ်ထောင်ရေးအကြောင်းတွေ ကျွန်မနည်းတူ မင်ဝှေ့ချစ်သူလည်း မသိဘဲနေမှာမဟုတ်။ မင်ဝှေ့လို ဆင်းရဲတဲ့တောမြို့ကလေးက ခပ်ကြမ်းကြမ်းမိန်းကလေးတယောက်အတွက် ပညာတတ်ဘေဂျင်းမြို့သားဆိုတာက ရွှေမင်းသားကလေးလို အဖိုးတန်ချစ်သူပဲပေါ့ …
ချစ်သူရပြီးနောက် တခါတလေပိတ်ရက်တွေမှာ မင်ဝှေ့အိမ်မကပ်ဘဲ ကျွန်မတယောက်ထဲ တကိုယ်ရည်ညများ များစွာ ဖြတ်သန်းနေကျ။ နောက်တနေ့မနက် မင်ဝှေ့ပြန်လာချိန်မှာတော့ ပြောစရာစကားတွေများစွာရှိနေတတ်ကာ ချစ်ခြင်းတရားနဲ့ချိုအီနေတဲ့ မင်ဝှေ့ပြောစကားတွေကို ကြည်နူးစွာနားထောင်ခွင့်ရခဲ့တာ။ မင်ဝှေ့မျက်နှာဟာ အချစ်တို့နဲ့ လန်းဆန်းသစ်လွင်လို့နေတာ။ ညညတွေဆို တော်တော်နဲ့မအိပ်နိုင်ဘဲ ကျန်းနဲ့ စကားတွေပြောကြ၊ ဗီဒီယိုကောလ်တွေခေါ်ကြတဲ့အထိ သည်းသည်းလှုပ်ချစ်လိုက်ကြ၊ နောက်တနေ့ အလုပ်သွားမပျက် သက်ဝင်ရှင်သန်နေလိုက်ကြတာ...။ နှစ်ပေါက်လုနီး ဒီအတိုင်း သူတို့ချစ်လက်စမြဲနေတာမို့ ကျွန်မက မင်ဝှေ့တော့ ဒီတကြိမ်ကံကောင်းလှရဲ့လို့ တိတ်တဆိတ်ကျေနပ်ခဲ့ရချိန်များပါပဲ ။
(၅)
သူမပြန်ရောက်ရောက်ချင်း ကျွန်မမေးတုန်းက ခေါင်းမြီးခြုံကာငိုကြွေးနေခဲ့တဲ့ မင်ဝှေ့ဟာ နောက်တစ်ပတ်လောက်အကြာမှာတော့ ဖြစ်ပျက်ခဲ့သမျှ ကျွန်မကို ပြောဖော်ရတယ်။ ချစ်သူ ခွင့်တလနဲ့ ဘေဂျင်းမြို့ပြန်တာမှ တပတ်လောက်ရှိသေး၊ လွမ်းလှပြီဆိုကာ ချစ်သူထံလိုက်သွားခဲ့သူ.....။ ပြန်လာတော့ အသည်းကွဲလာသတဲ့...။
“နင် သိလား....၊ သူ့အိမ်ရှေ့မှာရပ်ပြီး သူ့နာမည်ကို အော်ခေါ်နေခဲ့တဲ့အခိုက်မှာ ငါ အရမ်းပျော်နေခဲ့တာ။ သူများ အံ့သြသွားမလား၊ သူ့ကိုလွမ်းလို့လိုက်လာတယ်ဆိုတာ သူသိရင် ငါ့ကို သိပ်ချစ်သိပ်သနားသွားမှာ...ငါက အဲသလိုတွေးမိသေးတာ။ တကယ်တမ်း အိမ်ရှေ့ကိုထွက်လာတာက သူ့မိန်းမ....”
ဟင်...
“ဟုတ်တယ်။ ကျန်းမှာ မိန်းမရှိတယ်။ သူ့မိန်းမ ကလေးမွေးလို့ သူပြန်တာတဲ့...”
“သူ အိမ်ထဲကနေထွက်လာတာနဲ့ ငါ့လက်ကိုဆွဲပြီး သူတို့အနားက ခေါက်ဆွဲဆိုင်ကလေးမှာ သွားထိုင်ကြတယ်။ သူက ငါ့ကို ပြောတယ်။ ငါဟာ သိပ်လွယ်ကူတဲ့မိန်းမတဲ့၊ သူတွေ့ခဲ့သမျှမိန်းမထဲမှာ ငါဟာ အလွယ်ဆုံးပဲတဲ့....။ မေ့လိုက်ပါတဲ့။ သူက ငါ့ကို တန်ဘိုးထားချစ်ခဲ့တာ မဟုတ်ဘူးတဲ့....။ ငါလို တစ်ခုလပ်မုဆိုးမကို သူ ယူဖို့မရဲပါဘူးတဲ့။ သံယောဇဉ်တော့ရှိပါတယ် တဲ့...” “သေလိုက်လေ၊ ဘာသံယောဇဉ်လဲ ဟားဟား”
မင်ဝှေ့က ပြီးခဲ့တဲ့တပတ်လုံးလုံးငိုခဲ့ရတာ သူမ မဟုတ်သလို၊ ပြောနေတဲ့အကြောင်းအရာတွေက သူမအကြောင်း မဟုတ်သလို ခံစားချက်မဲ့ပုံနဲ့ ပေါ့ပေါ့ကလေးပြောထွက်လေလေ၊ ကျွန်မနားထောင်ရတာ ရင်နာလေ။ 
“ငါ အချစ်ဆိုတာ ဘယ်လိုဘာညာ မသိပါဘူးဟာ၊ ဒါပေမယ့် ငါ ကျန်းကို သိပ်ချစ်တယ်။ ဘယ်လိုမှ မေ့မရဘူး၊ ငါ့တသက်လည်း မေ့နိုင်တော့မယ် မထင်ဘူး” “ခုတော့ ငါ အချစ်ကို မယုံတော့ဘူးဟာ....”
ပြောအပြီးမှာ မင်ဝှေ့ပါးပေါ် မျက်ရည်စက်တို့ ပေါက်ကနဲကျတယ်။ မင်ဝှေ့က လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်ကာ “အရင်လူတွေတုန်းက ငါ မျက်ရည်တစက် မကျခဲ့ဖူးဘူး၊ နင်သိလား” မျက်ရည်တွေကြားက ခေါင်းမော့ရယ်မောလိုက်သေးတယ်။ “ငါ ပျော်အောင်ကြိုးစားမယ်၊ အချစ်ဆိုတာကို ငါ မယုံတော့ဘူး၊ နင်လည်း မယုံနဲ့”လို့ ဆိုတယ်။ 
ကျွန်မက...
ကျွန်မကလေ အချစ်ဆိုတာကို ယုံတယ်မယုံဘူးဆိုတာထက် ချစ်ဖို့ကို မရဲတော့တာရယ်....။
ခုထိ ဆုံးအောင်ဆိုလို့မရတော့တဲ့သီချင်းတွေ...ဂစ်တာလက်ကွက်တွေအတိုင်း လက်ကရွေ့လျားနေဆဲမှာ အသံတွေဟာ နှလုံးသားအတိုင်းထပ်တူနာကျင်ရာက နာကျင်လွန်းမကနာကျင်ပျောက်ရှသွားကာ အဆုံးမှာ သီချင်းသံအစား မျက်ရည်တွေသာ စီးကျလို့လာခဲ့တာ။ များခဲ့ပြီပဲကွယ်...။
မင်ဝှေ့က သူ့ဘဝနာနာကျင်ကျင်တွေအပြီးမှာ ရဲဝံ့ရင်ဆိုင်နေချိန်…အချစ်အတွက်ဆက်သွားနေချိန်မှာ ကျွန်မကတော့ တစ်ခါခြေချော်လဲရုံနဲ့ ပြန်မထဝံ့သူဖြစ်ခဲ့တာကြာပြီပဲ...။ မင်ဝှေ့နဲ့ကျွန်မက ကံတူအသည်းကွဲမိန်းမတွေပေါ့နော်။ အသည်းကွဲတာ မဆန်းဘူးတဲ့ သူမကဆိုတယ် ။
“ဒါပေမယ့် ယောကျာ်းတယောက်သတ်မှတ်တဲ့ လွယ်တယ် ခက်တယ်ဆိုတဲ့တန်ဘိုးတွေကိုတော့ ငါ နားလည်အောင်ကြိုးစားရဦးမယ်။ ငါကတော့ သူ့ကို ချစ်လွန်းလို့ အချစ်တွေပုံခဲ့တာ”
“နောက်ဆုံးတော့ဟာ ငါက အပျိုစင်မဟုတ်ဘူး။ တစ်ခုလပ်မုဆိုးမ၊ ဒီတော့ ငါ့ချစ်ခြင်းတွေဟာ အပျိုစင်ကလာတဲ့ချစ်ခြင်းတွေလို မလတ်ဆတ်ဘူးပေါ့။ အသည်းကွဲတဲ့အခါမှာတောင် အပျိုစင်အသည်းကွဲတဲ့အခါ လူတွေက သနားကြမယ်။ အပျိုစင်ဆိုတော့ အသည်းကွဲလို့တရားဝင်လွမ်းရင်တောင် လူကြားကောင်းတယ်။ တစ်ခုလပ်မုဆိုးမအသည်းကွဲလို့ လွမ်းတဲ့အခါ ဒီဟာမကိုက အနေအထိုင်မတတ်လို့ဆိုတဲ့ လက်ညှိုးတွေနဲ့တင် သေလောက်တယ်” “ငါတို့လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးဟာ မိန်းမတွေဘက်က မျှတွေးမပေးတတ်ကြပါဘူးဟာ...၊ နင် အဲသလိုမထင်ဘူးလားဟင်”
ကျွန်မရင်ထဲ ကျင်ကနဲ နင့်သွားတယ်။ မင်ဝှေ့စကားတွေက ထက်ရှတဲ့အသွားတွေနဲ့…၊ နာကျင်ရသူက သူမကိုယ်တိုင်အပြင် ကျွန်မလည်းပါဝင်နေတာ၊ မိန်းမတွေအားလုံးအတွက်ဖြစ်နေတာတော့ အနာကျင်ရဆုံးပဲ မဟုတ်လား....
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်အကြားက ငြိတွယ်မှုတစ်ခုဟာ ဆန်းကြယ်တာ၊ သွေးသားရင်းချာတွေရဲ့ချစ်ခြင်း...ကျွန်မသိမီလိုက်တဲ့ မိဘဘိုးဘွားတွေဆီက ဆင်းသက်လာတဲ့မေတ္တာတရား ချစ်ခြင်းတရား...။ အချစ်ခံရသူ… ကိုယ်ကချစ်ရသူ...ဘယ်လိုပဲဖြစ်စေ ချစ်ခြင်းတရားနဲ့ထိစပ်သမျှ လှပတာပဲလို့ ယုံကြည်ခဲ့ဖူးရဲ့။ 
သူစိမ်းတရံစာလို့ ကျွန်မတို့ပြောလေ့ရှိကြတဲ့ သွေးမတော်သားမစပ်ကလေးကို ချစ်မိတဲ့အချိန်မှာ မျက်ရည်ကျခဲ့ရဖူးတယ်။ သူ့စိတ်နဲ့ကျွန်မကိုယ် ရှင်သန်နေခဲ့ဖူးတယ်။ ဘယ်လိုဝဋ်ကြွေးများလဲ...၊ ကိုယ်ချစ်မက်လေ ကိုယ်စွဲလန်းလေ ကိုယ်ရူးမူးလေ.... ဆုံးရှုံးသွားမှာစိုးတဲ့စိတ်နဲ့ တင်းတင်းဆုပ်ကိုင်ထားမိလေ...၊ ဘယ်လိုဆုပ်ကိုင်ထားလည်းပဲ အဆုံးမှာ နှစ်ဘက်ချွန်မြဓါးလို အသွားတွေက ဆုပ်ကိုင်သူကိုသာ မြိကနဲပြန်ရှလို့... သွေးစိမ်းရှင်ရှင် စီးစေခဲ့တာ။ 
ကျွန်မဟာ အတိတ်တွေကနေ ထွက်ပြေးမလွတ်နိုင်သူ....၊ အရိပ်တွေကနေ အစဉ်အမှောင်ချထားခံရသူရယ်....။
သူမအပြစ်လား
ဘီလူးစီးနေတဲ့ အားကောင်းမောင်းသန်ရမက်မှာ သူမကျရှုံးခဲ့ရ
သူမကိုယ်သူမ ရွံ့ရှာအော့အန်ပစ်လိုက်ရ
သူမကိုယ်သူမ မသတီစွာ ထုပ်ပိုးသိမ်းဝှက်ခဲ့ရ
သူမကိုယ်ပေါ်မှာ ကပ်လွှတ်လိုက်တဲ့အပျိုစင် စစ်မှု မစစ်မှု
တန်ဘိုးထားခံရမှု မခံရမှု တံဆိပ်တုံး
လူ့အသိုင်းအဝိုင်းထဲက အသံတွေမှာ အကြည့်တွေမှာ လက်ညှိုးတွေမှာ
သူမဟာ အနာဂတ်မဲ့အညစ်အကြေးတုံး
သူမဟာ သားရှင်တွေအတွက် ရောင်းမစွံကုန်အပုပ်အပွ
သူမဟာ ယောကျာ်းတွေအတွက် အပျော်တမ်းလက်ရည်စမ်းကစားကွင်း
သူမဟာ ယင်ကောင်တွေအတွက် အညှီအုံ
သူမအပြစ်လား သူမအပြစ်လား…
လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးဟာ မကြားနိုင်တဲ့နားတွေနဲ့
မမြင်နိုင်တဲ့မျက်လုံးတွေနဲ့…
သူမအပြစ်လား…
ဒိုင်ယာရီထဲ ရေးချထားဖူးခဲ့တဲ့ ကျွန်မကဗျာ....။ အကြိမ်ကြိမ်ဖတ်ပြီး ဖတ်ပြီးတိုင်းတဲ့နာကျင်ရတဲ့ကဗျာ....။ ကဗျာအောက်ခြေမှာ နေ့စွဲတစ်ခု။ အဲဒီနေ့စွဲကို ကျွန်မဒိုင်ယာရီထဲက ဆွဲဆုတ်လွှင့်ပစ်ခဲ့မိတယ်...။ တဒင်္ဂတော့ စိတ်သက်သာရာရသွားသလိုလို....။
(၆)
မောင် အဆင်ပြေနေသည်ဟုကြားတိုင်း၊ မောင့်မိသားစုဘဝကလေး သာယာနေကြောင်းကြားရတိုင်း နာကျင်မှုနှင့်အတူပျော်ရွှင်လျက် နာကျင်မှုကတစ်ခြား၊ ပျော်ရွှင်ရတာကတစ်ခြားဖြစ်လေသည်။ ဘဝဟာ တိုတိုကလေးရယ်ကွယ်…။ ဘာကြောင့် ဘယ်သူတွေကို ဘာဖြစ်လို့ စိတ်နာနေရမလဲ၊ ကျွန်မကံကြမ္မာကိုလား၊ တစ်သက်လုံးမကျွတ်တော့မယ့်အရောင်မျိုးမှ ရွေးချယ်ဆိုးပေးလိုက်တဲ့ ကျွန်မကိုယ်ပေါ်က အတိတ်ဆိုးတွေကိုလား၊ မောင့်ကိုလား...၊ မျက်လုံးကျဉ်းလှတဲ့ လူ့ပတ်ဝန်းကျင်ကိုလား....။ ထားပါတော့ ထားလိုက်ပါတော့လေ...။ 
ဘယ်လိုနာကျင်မှုမျိုးပဲပေးခဲ့ပေးခဲ့ မောင့်အပေါ် အချစ်မပြယ်ရက်ပါ။ မောင့်အပေါ် ကျွန်မ၏မြတ်နိုးမှုသည် ချစ်ခြင်းတရားသက်သက်နှင့် ထုဆစ်ခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် လှပသည်။
“ဒီမှာကြည့်စမ်း မွန်း....၊ ကျန်းရဲ့သမီးကလေး...ချစ်စရာကောင်းလိုက်တာနော်၊ မကောင်းဘူးလား။ ပါးကြီးတွေက ပန်းသီးကြီးတွေကျနေတာပဲ နီရဲဖောင်းကားလို့”
မင်ဝှေ့က ကျန်း Facebookမှာ တင်ထားသော သမီးပေါက်စကလေးပုံကို ကျွန်မအား ပြနေခြင်းပါ။
ခေါင်းညိတ်ပြုံးပြလျက် မင်ဝှေ့မျက်နှာကို ကျွန်မ ငဲ့ကြည့်မိရသည်။ မင်ဝှေ့ကို မတွေ့၊ ချစ်ခြင်းမေတ္တာကိုသာ ကျွန်မ တွေ့ပါသည်။ အချစ်မှာ လိုအပ်သည်က ဒါပဲဖြစ်လိမ့်မည်။ 
(အဆုံး)
ချစ်ခြင်းတရားနှင့် ထုဆစ်သည်သာဖြစ်ပါစေ....ထုဆစ်ပုံသွင်းခံအရာရာဟာ လှပမြဲ....
သည်အဆိုကို ကျွန်မ မငြင်းလိုတော့...
ထပ်မံဖြည့်စွက်လိုသည်မှာ....
ချစ်ခြင်းတရားနှင့်ထုဆစ်၍ လှပတိုင်းလည်း အနာအဆာကင်းချင်မှ ကင်းမည်။ 
နာကျင်လျက်နှင့် သက်ဝင်လှပနေရသောချစ်ခြင်းများ များစွာ.....


ဝတ္ထုရှည် စ-ဆုံး
ရွှေအမြုတေမဂ္ဂဇင်း - ဧပြီလ ၂၀၁၇

ချစ်ကြည်အေး