Thursday, September 14, 2017

ပန်းဆိုတာ...

တိမ်တွေကို ရေတွက်တာမျိုးမဟုတ်ဘူး

ပန်းပွင့်တွေကို ကျွန်မ ရေတွက်နေတာ
အနာအဆာတွေ နွမ်းကြေနေတဲ့ပန်းတွေကို
ဘေးဖယ်ထားလိုက်ရတဲ့အခါ
ပန်းတွေမျက်နှာကို ကျွန်မ လွှဲထားမိ

တပွင့်
နှစ်ပွင့်
သုံးပွင့်
....
....
....
ပန်းတွေ ရေတွက်ပြီးစီးသွားတော့
ဖယ်ထားတဲ့ အပွင့်အနာအဆာတွေကို ပြန်ထည့်ပြီးရေတွက်နေလိုက်တယ်
သူတို့လည်း ပန်းတွေပါပဲ
ပန်းတပွင့်ရဲ့ဖြစ်စဉ်ဟာ ပွင့်စကနေ နွမ်းတဲ့အထိ
အပြစ်ကင်းစင်ခဲ့တာပဲဟုတ်ဖူးလား
နေစမ်းပါဦး
အနာအဆာရှိတော့ရော....ပန်းအပြစ်လား...

ခုမှပဲ
ကျွန်မ ကြည်ကြည်စင်စင်ပြုံးဖြစ်တော့တယ်။  ။


ချစ်ကြည်အေး
၁၄ဝ၉ ၂၀၁၇





Saturday, September 9, 2017

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ
ကျွန်မနေတယ်
ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ

မျှော်လင့်တတ်ရုံပါ...

အဲဒီမနက်
လက်ဘက်ရည်ဝိုင်းကအထ
အထိန်းအသိမ်းမတတ်တဲ့ကျွန်မလက်မှာ
ဖျတ် က နဲ....
လက်ဘက်ရည်ဖန်ကွဲစတွေထဲ
ဖွေးဖွေးလှုပ် နှင်းတွေ...



စီကေအေ
၂၃၀၅၂၀၁၇

Sunday, September 3, 2017

ယုံကြည်ရာ....

ဟိုး ငယ်ငယ်တုန်းက
ကျွန်မတို့သူငယ်ချင်းတွေ
ရေတွင်းပျက်ဟောင်းကြီးထဲကို
အကြွေစေ့တွေ ပစ်ချခဲ့ဖူးကြတယ်
ပြန်လည်ဆုံတွေ့ပါစေ 
တွဲလက်မဖြုတ်ကြေး ဆုတောင်းခဲ့ကြတယ်
ဘာသံမှ ပြန်မကြားရ
ဘာကိုမှ မမြင်ရလည်း
အကြွေစေ့လေးတွေ ရေတွင်းအောက်ခြေထိရောက်သွားပြီဆိုတာတော့
ယုံကြည်ခဲ့သားပဲ...

မြင်ရကြားရဖို့ဆိုတာထက်
ယုံကြည်​ဖို့က အဓိကကျတယ်ဟုတ်လား...


ချစ်ကြည်အေး
၂၂၀၈၂၀၁၇

Sunday, August 27, 2017

ပျော်ရွှင်မှုဆိုတာ....

ပျော်ရွှင်မှုဆိုတာ အကြောင်းပြချက်တိတိပပမရှိဘဲ အလိုလိုပြုံးနေတတ်တာမျိုး
ပျော်ရွှင်မှုဆိုတာ မနက်ခင်းနေရောင်ခြည်နုနုအောက်မှာ ပေါ့ပါးလွင့်ပျံနေတဲ့ အ၀တ်ကြိုးတန်းကလေးရဲ့လူးလွန့်သွက်ခါပုံမျိုး
ပျော်ရွှင်မှုဆိုတာ စိတ်မှာထမ်းပိုးထားရတဲ့လေးလံမှုတခုကို လျှောကနဲ လွှတ်ချလိုက်ရသလိုမျိုး
ပျော်ရွှင်မှုဆိုတာ နှင်းဆမ်းထားလို့ ကြည်လဲ့စိမ်းစိုနေတဲ့မြက်ခင်းကဗ္ဗလာပေါ် ခြေဗလာလျှောက်ရသလိုမျိုး
ပျော်ရွှင်မှုဆိုတာ လူတွေရဲ့စိတ်နံရံတွေကို လိုက်တီးခေါက်ကြည့်ပြီး ဘာကိုမှအမှုမထားဘဲ ခေါင်းမော့ရယ်မောပစ်လိုက်တတ်တာမျိုး
ပျော်ရွှင်မှုဆိုတာ အနာဖေးတက်လာတဲ့ဒဏ်ရာအောက်က အရည်ပြားသစ်ဖွေးဖွေးကို ငုံ့ကြည့်ပြုံးပြလိုက်နိုင်တာမျိုး
ပျော်ရွှင်မှုဆိုတာ လူတွေဝှက်ထားတဲ့ အနက်ရောင်ဘက်ခြမ်းကို မဲ့ပြုံးကလေးနဲ့တောင်မှ အရေးလုပ်ချိန်မရှိတော့တာမျိုး
ပျော်ရွှင်မှုဆိုတာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ကို မပျောက်မပျက် လှလှပပတွဲစပ်သီချုပ်ထားနိုင်တာမျိုး
ပျော်ရွှင်မှုဆိုတာ အိပ်ရာကနိုးထလာတိုင်း ဟယ်လိုလောကလို့ ရယ်မောအော်ဟစ် လက်ဆွဲနှုတ်ဆက်လိုက်နိုင်တာမျိုး
ပျော်ရွှင်မှုဆိုတာ ဖြစ်မှုရှိရင်ပျက်မှုရှိမယ်ဆိုတာကနေ ဖြစ်မှုလည်းမရှိ ပျက်မှုလည်းမရှိလို့ နားလည်သွားတာမျိုး
ပျော်ရွှင်မှုဆိုတာ တကိုယ်ရည်တစိတ်ထဲမှာတင် ပြီးပြည့်စုံမှုကိုရှာတွေ့လိုက်ရတာမျိုး
ပျော်ရွှင်မှုဆိုတာ တိတ်ဆိတ်ခြင်းရဲ့အသံကိုမှ ရှာဖွေနားထောင်မနေချင်တော့တဲ့ ဆိုက်ရောက်ခြင်းမျိုး
ပျော်ရွှင်မှုဆိုတာ....
ပျော်ရွှင်မှုဆိုတာ....
ပျော်ရွှင်မှုအကြောင်းရေးနေတဲ့ကျွန်မစိတ်တွေရဲ့ တဆုံးသက်ငြိမ်အေးစိမ့်မှုမျိုး....

ပျော်ရွှင်မှုဆိုတာ....

ချစ်ကြည်အေး

Monday, August 21, 2017

အသည်းကွဲပါ သို့သော် စမတ်တကျဖြစ်ပါစေ...


ကျွန်မရေးတဲ့စာတွေက အသည်းကွဲကြောင်းတွေ များနေလို့လားမသိပါဘူး။ အထူးသဖြင့် ဝတ္ထုတိုတွေဖြစ်မယ်ထင်ပါရဲ့။ တချို့ညီမလေးတွေက သူတို့အကြောင်းလေးတွေ လာလာပြောပြကြတယ်။ အကြံတောင်းကြတယ်။ စကားပြောဖြစ်ကြတယ်ပေါ့လေ။ အသည်းကွဲတာသက်သာအောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုနေရမလဲ ဆိုတော့ကာ....

ဘယ်လိုမှ လုပ်လို့မရဘူး။ ပျော်ပျော်ကြီးသာကွဲပါလို့ အကြံပေးလိုက်တယ်။ လှလှပပလေးတော့ ကွဲတတ်ရမယ်ပေါ့လေ၊ အလွမ်းအဆွေးသီချင်းလေးတွေ နားထောင်ပြီး ကွဲမလား၊ အသည်းကွဲစာလေးတွေဖတ်ပြီး မျက်ရည်ကျမလား၊ အရင်က ပြောဖြစ်ခဲ့ကြတဲ့ chat historyလေးတွေပြန်ဖတ်ပြီး မျက်ရည်တောက်တောက်ကျမလား၊ သောက်တတ်တဲ့ကောင်မလေးတွေဆို ဘီယာလေးသောက်ရင်း လွမ်း၊ မိုက်တာပဲ...၊ ချုပ်မထားနဲ့၊ ရပ်ပစ်ဖို့ မကြိုးစားနဲ့။ အင်တာနက်ထဲက ကြောင်တောင်တောင်အဆိုအမိန့်တွေ တက်ကျမ်းတွေဖတ်ပြီး အသည်းနှလုံးဟာ အစာအိမ်လောက်၊ ဘဝလောက်မှ အရေးမကြီးဘူးတို့ ဘာတို့ ဇွတ်လုပ်မနေနဲ့။ တကယ်တမ်းအသည်းကွဲလာရင် ဘာဆေးမှမတိုးဘူး။ ကြိုက်သလို လွမ်းဆွေးပါလို့ အကြံပေးလိုက်တယ်။
(ရံဖန်ရံခါတော့ တွတ်ပီတို့ ဂါးဖီးတို့လို ရယ်စရာကာတွန်းလေးတွေ ရှာဖတ်တန်ဖတ်ပေါ့)
ပြီးတာနဲ့ ရေမိုးချိုး၊ လှလှလေးနေပစ်လိုက်။ စားချင်တာစားပစ်လိုက်။ တနေ့ကို အခါ တရာလောက် exရဲ့ တိုင်းမ်လိုင်းထဲ သွားသွားခိုးကြည့်နေသေးလား၊ ရတယ် သွားကြည့်လိုက်ပါ။ သူ့လက်ရှိရည်းစားနဲ့ ချစ်ကျီစယ်နေတဲ့ ကော်မန့်လေးတွေတောင် ကံကောင်းရင် တွေ့နိုင်ဦးမယ်။ exက ကိုယ့်ကို blockသွားရင်တော့ ကိုယ့်ကုသိုလ်ပေါ့လေ၊ သူ့ဖဘထဲက block listမှာ ကိုယ့်နာမည်လေးပါခွင့်ရလေခြင်းလို့ ကြံဖန်တွေးတတ်ရတာပေါ့။
မျက်ရည်ကျချင် ကျလိုက်ဦး၊ အေးအေးဆေးဆေးပေါ့၊ ဘာကိုမှ မလောနဲ့။ အရာရာတိုင်းအတွက် အချိန်တချိန်ဆိုတာ ရှိတယ်။ အချိန်တန်ရင် ဘာအားစိုက်ထုတ်မှုမှမလိုဘဲ သူ့အလိုလိုရပ်တန့်သွားလိမ့်မယ်။

တနေ့နေ့မှာ ကိုယ့်exရဲ့တိုင်းမ်လိုင်းကို သွားကြည့်လို့ ပရိုဖိုင်းပုံချိန်းထားတာတွေ့ရင်တောင် အသည်းပုံမပေးချင်ဘဲ HaHa reactပေးချင်လာတဲ့ အခြေအနေကို ရောက်လာပါလိမ့်မယ်။ ဒီလူကို ချစ်ခဲ့တာ ငါ အတော်ရူးလို့ပဲဆိုတဲ့ အတွေးမျိုးဝင်လာပြီဆို ပွဲက ပြီးပြီ။ အခြေအနေသိပ်ကောင်းလာတဲ့အခါ သူ့ပရိုဖိုင်းပုံကို တိတ်တိတ်လေးခိုးကူးပြီး နှုတ်ခမ်းမွှေးတပ်၊ မျက်မှန်တပ် ၀က်ခြံအစက်လေးဘာလေးထည့်၊ ဆံပင်တုလေးဘာလေး တပ်ပေး၊ စိတ်တိုင်းကျတော့မှ အရူးကြီးလို့ ကပ်ပရှင်ထိုး၊ အုန်းလီးမီနဲ့သိမ်းထားလိုက်ပြီး ရယ်ချင်လာတိုင်း ပြန်ပြန်ကြည့်နေမိတာမျိုး 😂😁

ဒါပါပဲ၊ ပြောချင်တာက ရိုးသားပါ။ 

ချစ်ရင်လည်း ရိုးရိုးသားသားချစ်၊ လွမ်းရင်လည်း ရိုးရိုးသားသားလွမ်း၊ အသည်းကွဲရင်တောင် ရိုးရိုးသားသားကွဲကြတာပေါ့။ နောင်တဘယ်တော့မှ မရနဲ့၊ ရိုးသားခဲ့သမျှ နောင်တ မလိုအပ်ဘူး။ လူပဲ...၊ လူပီသအောင်နေတတ်ဖို့ပဲလိုတာ။ အသည်းကွဲချိန်မှာ ဘာမှမဖြစ်သလို ရဲရင့်ပြနေဖို့က မဟာဗန္ဓုလမှ မဟုတ်တာ။ အပေါ်ယံ လူအထင်ကြီးအောင် လုပ်ပြနေဖို့ထက် ဘဝကို သူ့အတိုင်း အလိုက်သင့်နေတတ်ဖို့ပါပဲ။ ဘယ်အရာမှာမဆို အချိန်ရှိတယ်၊ အရှိန်ရှိတယ်။ အချိန်တခုရောက်လာလို့ အရှိန်ကုန်ရင် သူ့အလိုလိုရပ်တန့်သွားတာပါပဲ။ အဲဒီအချိန်မကျခင်အထိတော့ ကိုယ့်အတွက် ဘေးမဖြစ်အောင်၊ ထိုးစိုက်ကျ မသွားအောင်၊ စမတ်ကျကျ အသည်းကွဲတတ်ဖို့ပဲ.....
နောက်ဆုံး အားပေးစကားပြောရရင် အသည်းကွဲတယ်ဆိုတာ ပါရမီရှိမှ ကွဲရတာ၊ ခွဲမယ့်သူရှိမှ ကွဲဖူးရတာ။ နေရင်းထိုင်ရင်း ဘယ်သူမှ အလကားနေ အသည်းကွဲမနေဘူး။ တွေးကြည့်၊ ကျေနပ်စရာပါလေ...🤣🤣🤣

ချစ်ကြည်အေး

အသည်းကွဲနေသော ညီမလေးများအတွက် ~
ဝါးကူထိုးသည် 😁😁
၂၁၀၈၂၀၁၇

Pic credit - Google

Sunday, August 13, 2017

“အဲသည့်မိန်းမနှင့်မီးခိုးပြာရောင်ကြောင်”

“အဲသည့်မိန်းမနှင့်မီးခိုးပြာရောင်ကြောင်”



(၁)

မိုးမို့ မိုးသံကို မပြတ်နီးပါးကြားနေရသော နေ့ရက်များပေ။ ထီး ဘယ်တော့မှမကိုင်လေ့သောကြောင့် အပြင်ကပြန်လာတိုင်း ရေချိုးခန်းတန်းဝင်ကာ ရေတခါတည်းချိုးလိုက်ရသည်က အခါများစွာ။ ဆံပင်ရှည်တွေကိုရေသုတ်စဉ်မှာ နူးညံ့စွာကိုင်တွယ်ရှင်းလင်းပေးတတ်သော လက်တစ်စုံကို တမ်းတချင်သည်။ မျက်တောင်တို့ကိုပုတ်ခတ်လျက် ရှေ့တည့်တည့်ကမှန်ထဲ ကြည့်မိပြန်သည်။
မျက်ဝန်းတွေ....၊ မျက်ဝန်းတွေက မှိန်ဖျော့နေလိုက်တာ။ ဘယ်သူ့ကိုမဆို မျက်ဝန်းထဲထိ ၀ံ့ဝံ့ကြည့်လျက် စကားတုံ့လှယ်တတ်သည့်သူမက…..ထိုအကြည့်တို့ကို အောက်ချခဲ့ရသည်။

အားလုံးနှင့်လဲခဲ့ရတာပါ....။ လူတကာမျက်ဝန်းတွေကို ရင်မဆိုင်ရဲလောက်အောင် သူမပြစ်ချက်များနှင့် မောင့်တယောက်ထဲကို အလဲအထပ်ပြုခဲ့ရသူလေ...။

"တစ်နေ့ ၀ဋ်လည်ဦးမှာ နားလည်လား၊ နောက်ဘ၀ မကူးဘူး စောင့်ကြည့်နေလိုက်"

အသံတွေ...
ပဲ့တင်ဝင်ရောက်လာတဲ့အသံတွေ... အမုန်းတွေ နစ်ဝင်နေတဲ့အသံတွေ...
သူမနားထဲကနေ သူမတကိုယ်လုံးဆီ အစူးစူးအစိုက်စိုက် နစ်မြုတ်လို့ဝင်ခိုက်မှာ...။
ရှေ့ကမှန်တင်ခုံပေါ် သူမမျက်နှာပြိုအကျ...၊ တကိုယ်လုံးတုန်ခိုက်လို့သာနေတော့သည်။

မိုးသံကြောင့် တလောကလုံး မကြားနိုင်၊ မသိမမြင်နိုင်၊ မောင်...သိနိုင်မလား...၊ မောင် မြင်နိုင်မလားကွယ်...။ သို့သော် မသိစေလို မမြင်စေလိုတော့ပြန်။ သို့သော် မောင် သိစေချင်သည်၊ မြင်စေချင်ပြန်သည်။ သိမ်သိမ်ငယ်ငယ်ကျရှုံးပေးချင်စိတ်နှင့် မောက်မောက်လျှံလျှံမာနများကြားမှာ လူက နှုန်းချိလှပြီ။ နာနာကျင်ကျင်များကြောင့်သာ ဘ၀အလျားရှည်ရသည်ပဲ။ တကယ်တော့ အဆုံးသတ်လိုက်ချင်ပြီ။ ဟင့်အင်း တကယ်တော့ အဆုံးမသတ်လိုသေးပြန်။

ကြည့်စမ်း...၊ နားထောင်စမ်းပါ... သည်လောက်မိုးသံသည်းသည်းကြားမှာ ကြောင်တစ်ကောင်ရဲ့အာခေါင်ခြစ်အော်သံ... မိုးကိုဖောက်လို့ စူးစူးဝါးဝါးကြားလိုက်မိသလို...
အမွှေးတွေထောင်ထနေတဲ့ မီးခိုးပြာရောင်ကြောင်က အဲဒီမိန်းမရင်ခွင်ထဲကနေ သူမကို ခေါင်းထောင်ကြည့်လျက်နေခဲ့သည်။ ကြောင်မျက်လုံးတွေက ဗာဒန်စေ့ပုံရှည်လျားပြီး ဖန်ဂေါ်လီအစိမ်းလို ကြည်လဲ့စူးတောက်နေကြသည်။ အဲဒီမိန်းမရင်ခွင်ထဲကနေ သူမကိုစိုက်ကြည့်နေပုံက ၀ံ့စားလိုက်တာ၊ မုန်းစရာ...။

ကြောင်ရော အဲဒီမိန်းမပါ အချိုးမပြေလိုက်တာ၊ သူမစိတ်ထဲ အမုန်းတွေနှင့် လောလောလတ်လတ်ကြီး ပူလောင်လာပြန်သည်။

မျက်နှာကို ညာဘက်လက်ဖ၀ါးနှင့်ပင့်ထောက်ကာ ရှေ့ကမှန်ထဲကြည့်မိတော့ ရေငွေ့ကြောင့်ထင်ရဲ့၊ ကြည့်မှန်က ဝေေ၀၀ါးဝါး။ ကြည့်မှန်ထဲကပုံရိပ်ဟာ ဝေဝေဝါးဝါး။ ဘယ်ဘက်လက်ညှိုးနှင့် မှန်ကိုတို့ထိပွတ်သပ်မိစဉ် လက်ညှိုးထိပ်မှာကပ်လျက်ပါလာတာ တစုံတရာလို့ စိတ်ကသိသည်။ ဘာပါလိမ့်....
မီးခိုးပြာရောင် ကြောင်အမွှေးလား...၊ ဟင်...သူမမျက်လုံးတွေကို သူမ မယုံချင်။ အဲဒီကြောင်မွှေးက ဘယ်ကဘယ်လို...မှန်ပေါ်ရောက်နေတာပါလိမ့်…။ ဘုရား ဘုရား ဘာတွေဖြစ်ကုန်ပါလိမ့်၊ သူမ ကြောင်မှ မမွေးတာ၊ သူမပတ်ဝန်းကျင်မှာ ကြောင်တကောင်တလေမှ ရှိမနေတာ....။
အဲဒီမိန်းမ၊ အဲဒီမိန်းမရင်ခွင်ထဲက ကြောင်...။
မျက်ဝန်းများကိုတင်းတင်းမှိတ်ထားစဉ်မှာပင် စိတ်တွေက အမုန်းတရားနှင့်ဆက်သွားနေလေသည်။
အဲဒီမိန်းမတစ်ယောက်နှင့် အဲဒီမိန်းမရဲ့ကြောင်...၊ အာရုံမှာ အထပ်ထပ်တွယ်ငြိလျက် အမုန်းတို့နှင့် ဆူပွက်လာစေသည်။

မုန်းလိုက်တာ မုန်းလိုက်ရတာ....

(၂)

အဲသည့်နေ့က ဆွဲလက်စပန်းချီကားတစ်ကားရှေ့မှာ အဲဒီမိန်းမရယ်၊ အဲဒီမိန်းမရင်ခွင်ထဲက ကြောင်ရယ်ကို သူမ စတင်တွေ့ရှိခဲ့သည်။ ဘေးနားမှာထိုင်နေတဲ့သူမကို အသိအမှတ်ပြုတဲ့အကြည့်မျိုးနဲ့ တစ်ချက်ကလေးမှ မကြည့်သေးဘဲ ရှေ့ကပန်းချီကားရယ်၊ ရင်ခွင်ထဲကကြောင်ရယ်ကိုသာ အသက်ရှိတယ်ထင်နေတဲ့ အဲဒီမိန်းမကို တွေ့စကပဲ သူမ မနှစ်သက်ခဲ့ခြင်းဖြစ်နိုင်ပါသည်။

စုတ်ချက်ကလေးတစ်ချက် တင်လိုက်၊ ရင်ခွင်ထဲကကြောင်ကို လက်ဖ၀ါးနဲ့ပွတ်သပ်လိုက်၊ ကြောင်ကလည်း ရှေ့ကပန်းချီကားထဲ မျက်လုံးတွေစိုက်ထားလိုက်တာမှ အရောင်တွေအသွေးတွေကိုပဲ သူနားလည်သလိုလို။ တချက်တချက် အမွှေးတွေထောင်ထလာတဲ့အခါ အဲဒီမိန်းမက ရင်ခွင်ထဲကကြောင်ကိုငုံ့ကြည့်ရင်း ပန်းချီကားကို စုတ်တံလေးနှင့်ချိန်ကိုက်ထောက်ပြနေသလိုလို၊ အဲဒီကြောင်ကလည်း မမှိတ်မသုန်ကြည့်နေလိုက်တာ ပန်းချီကားကို သူကိုယ်တိုင်ပဲဝင်ဆွဲတော့မလိုလို အာဂကြောင်ဖြစ်လေသည်။

တကယ့်ကို အဲဒီမိန်းမနှင့်အဲဒီမိန်းမရင်ခွင်ထဲကကြောင်ဟာ တစ်သားထဲဖြစ်လို့နေလိုက်တာ...
အတန်ကြာမှ ဘေးမှာထိုင်နေတဲ့သူမကို စောင်းငဲ့ကြည့်ကာ မေးချင်တာမေးလို့ရပါပြီဟုဆိုသည်။ အဲသည်တော့မှ အဲဒီမိန်းမရင်ခွင်ထဲကကြောင်ကပါ သူမကို စောင်းငဲ့ကြည့်ဖော်ရလေသည်။

ဘုရားရေ အဲဒီမိန်းမနဲ့ အဲဒီကြောင်ဟာ မျက်လုံးအကြည့်တွေကအစ တူလိုက်တာ…၊ တူလွန်းလိုက်တာ…။ ထီမထင်တဲ့မျက်လုံးတွေနဲ့….။ အဲဒီမိန်းမက တော်ရုံလူကို လူမထင်သည့်မျက်လုံးတွေနှင့်၊ အဲဒီကြောင်ကတော့ တော်ရုံလူကို ကြောင်မထင်သည့်မျက်လုံးတွေနှင့်။ မုန်းစရာတွေ…။

အသင့်ယူလာတဲ့ သူမလိပ်စာကဒ်ကလေးကို လက်နှစ်ဘက်နှင့်ကမ်းပေးလိုက်ရင်း ခုလိုအချိန်ပေးပြီး တွေ့ခွင့်၊ အင်တာဗျူးခွင့်ပေးတာကို ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောရသည်။ အဲဒီမိန်းမက သူမကဒ်ထဲက စာကြောင်းလေး လေးငါးကြောင်းလောက်ကိုပဲ မပြီးစီးနိုင်လောက်အောင် ဖတ်နေလေသည်။ ကဒ်ထဲမှာက သူမအလုပ်လုပ်နေတဲ့ မဂ္ဂဇင်းတိုက်နာမည်နဲ့လိပ်စာရယ်၊ သူမနာမည်ရယ်၊ သူမရာထူးရယ် ဒါပဲဖြစ်သည်။ တကယ်က အဲဒီမိန်းမကို ကြိုတင်အကြောင်းကြားပြီးသားပါ။

Arts and Literature Editorဆိုတဲ့ သူမရာထူးနေရာမှာ အဲဒီမိန်းမအကြည့်တွေငြိနေတာလို့ သူမ သိနေတော့ နေရတာ သက်တောင့်သက်သာမရှိလိုက်လေ။ ရှင်က ဘာတွေလုပ်ရတာလဲဆိုတဲ့ အဲဒီမိန်းမမေးခွန်းက သူမမေးရမည့်အင်တာဗျူးမေးခွန်းတွေမတိုင်ခင် ရောက်အလာမှာတော့ လေသံကိုအတတ်နိုင်ဆုံးချကာပြန်ဖြေရင်း စိတ်ပျက်လက်ပျက်ရှိရလေသည်။ အနုပညာနဲ့ပတ်သက်တဲ့  အလုပ်တွေ အကုန်လုပ်ရပါတယ်။ ကျွန်မတို့မဂ္ဂဇင်းက စာပေအနုပညာမဂ္ဂဇင်းလေဟု ဆိုရသည်။

အနုပညာ….?
လခြမ်းပုံ တက်တူးထိုးမျက်ခုံးကွေးများကိုပင့်လျက် မေးသလိုဆိုလာတော့ လက်ထဲကအသံဖမ်းစက်ကို အဆင်သင့်ပြင်ရင်း သူမကပဲ အဲဒီမိန်းမဆီ ပါးနပ်စွာမြားဦးပြန်လှည့်ရသည်။

"ဟုတ်ကဲ့ အနုပညာအပေါ် ဆရာမရဲ့အမြင်လေး သိပါရစေ၊ ပန်းချီအနုပညာနဲ့ပတ်သက်လို့ပေါ့”

သူမတို့မဂ္ဂဇင်းထုံးစံအရ ပုဂ္ဂိုလ်ရေးတွေ အချစ်ကိစ္စတွေ အိမ်ထောင်ရေးတွေ မပါစေရပါ။ အနုပညာရှင်ကို သူတို့အနုပညာ၊ သူတို့ဖန်တီးမှုတွေနှင့် သူတို့အတွေးစိတ်ကူး ကွန့်မြူးပုံတွေ၊ အသစ်အသစ်ဖန်တီးအားထုတ်မှုတွေ စတာတွေကိုသာ မေးမြန်းရမှာဖြစ်လေသည်။
အဲဒီမိန်းမကိုမေးမြန်းဖို့ သူမကြိုတင်ဖတ်ရှူ့လာရသည်က Abstract paintingများအကြောင်းပင်။
အဲဒီမိန်းမ ကမ္ဘာပတ်ပြီးလုပ်ခဲ့တဲ့ ဆိုလိုပန်းချီပြပွဲတွေအကြောင်း၊ ပါဖောင်းမန့်စ်တွေအကြောင်း ဒါတွေကိုလည်း သူမဘက်က မမေ့မလျော့လေ့လာကာ မေးမြန်းဖို့ပြင်ဆင်ခဲ့ပြီးသား...

တကယ်တော့ ဒြပ်မဲ့ပန်းချီကို သူမ သိပ်နားမလည်လှပါ။ နားမလည်သလို အဲဒီမိန်းမဆွဲသောပန်းချီကားများ၏အဓိပ္ပါယ်ကိုလည်း မဖော်တတ်ပါ။ သူမအတွက် အဲဒီမိန်းမ…၊ အဲဒီမိန်းမကိုယ်တိုင်က အနက်ဖွင့်ရခက်သောပန်းချီကားတစ်ချပ်ဖြစ်လို့နေသည်။ အဲဒီမိန်းမဆွဲထားတဲ့ပန်းချီကားတွေကြည့်ရတာ စကြာဝဠာကြီးတစ်ခုလုံးကို ရှူထောင့်မျိုးစုံက ငေးကြည့်နေရသလိုရှိလျက် သူမနှင့်အလှမ်းဝေးနေသလို ခံစားရမြဲ။
ပြီးတော့ အဲဒီမိန်းမရဲ့ကြောင်၊ somehow…သူမစိတ်ထဲ အဲဒီမိန်းမရဲ့အသက်ဓါတ်ဟာ အဲဒီမိန်းမရင်ခွင်ထဲကကြောင်ဆီမှာလား၊ အဲဒီမိန်းမရင်ခွင်ထဲကကြောင်ရဲ့ဝိဉာဉ်ဟာ အဲဒီမိန်းမဆီမှာလား…၊ အဲသလို တစ်စုံတစ်ရာဆက်နွယ်နေမှုကို ခံစားနေရသည်။ ထူးဆန်းစွာ….။

အဲသည့်နေ့က သူမအိမ်ပြန်ရောက်တော့ မောင့်ကို မောင့်ကွန်ပြူတာရှေ့မှာ တွေ့ရသည်။ မောင့်အနားတိုးကြည့်တော့ အင်တာနက်ထဲ မောင်စိတ်ဝင်တစားရှာဖွေဖတ်ရှူနေသည့်ဆောင်းပါးက Knowing Abstract Painting ဖြစ်လို့နေသည်။ တိုက်ဆိုင်စွာဟု ဆိုရမလား။ မောင် ဘယ်တုန်းက ဒြပ်မဲ့ပန်းချီကို စိတ်ဝင်စားသွားတာပါလိမ့်။

"ခုပဲ ဒြပ်မဲ့ပန်းချီတွေဆွဲတဲ့ပန်းချီဆရာမတစ်ယောက်ကို အင်တာဗျူးခဲ့တာ မောင်ရဲ့"

မောင့်မျက်လုံးတွေကို အမိအရဖမ်းရင်း မေးလိုက်တာပေမယ့် မောင့်မျက်လုံးတွေထဲကြည့်လိုက်မိတဲ့အခါ သူမကသာ အပြစ်ရှိသူလိုခံစားလိုက်ရကာ မောင်ကဖြင့် ဒြပ်မဲ့ပန်းချီဆိုတာကို ခုမှ စိတ်ဝင်စားမှု၊ ရှေးမဆွကပင် စိတ်ဝင်စားမှု စသည်ဖြင့် ရှင်းလင်းနေစရာ မလိုအပ်သလို ဘယ်တော့မှလည်းဘာကြောင့်ဆိုတာ ပြောနေမှာမဟုတ်သည့်ပုံရှိလေသည်။

သူမ တွေ့တော့တွေ့နေမိသားပင်၊ မောင့်စားပွဲပေါ်က watercolor ရေဆေးဘူးအကောင်းစားတွေ၊ ရေဆေးဆွဲစက္ကူတွေ။ မိတ်ဆွေတစ်ယောက်အတွက် မွေးနေ့လက်ဆောင်ဟုဆိုကာ ဘာမှ မထူးဆန်းဟန်နေမြဲသောမောင့်ကို သူမကလည်း ဘာမှမေးမြန်းမနေဖြစ်ပါ။
မောင် နောက်ထွက်မယ့်သီချင်းခွေအသစ်ကာဗာမှာ အဲသည့်မိန်းမရဲ့လက်ရာ ဒြပ်မဲ့ပန်းချီကိုအတွေ့မှာတော့ သူမစိတ်ထဲ အလုပ်သဘောအရလို့နားလည်ခဲ့ပြီ။ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ရှိခဲ့ရတာ။

အသံဖမ်းစက်ကလေးထဲက အမေးအဖြေတွေကိုစာရိုက်ရန် သူမလက်ပတော့ကိုဖွင့်လိုက်ပြီး မောင့်ဘေးကပ်ထိုင်လိုက်တော့ ဟိုးလွန်ခဲ့တဲ့၂နှစ်ခန့်ကပုံရိပ်တွေက သူမမှတ်ဥာဏ်ထဲ ကသောကမျောစီကာစဉ်ကာ ရောက်ရှိလို့လာတော့သည်။

"မေသစ္စာ ?"
"ဟုတ်ကဲ့"
"နာမည်ကို သဘောကျတယ်၊ ရိုးမလိုလိုနဲ့ဆန်းတယ် ဟောင်းမလိုလိုနဲ့ သစ်တယ်"

သူမလိပ်စာကဒ်ကို အတန်ကြာကြည့်ကာ မောင်ဆိုလာတော့ သူမ ဘာပြန်ပြောရမယ်မသိခဲ့ပါ။ နာမည်ကြီးအဆိုရှင်တစ်ယောက်နှင့် အင်တာဗျူးဆိုသည်ထက် တော်ရုံအင်တာဗျူးမျိုးဆို လက်ခံလေ့မရှိသူ၊ မေးခွန်းဖြေကြားရာမှာ လက်ပေါက်ကပ်သူ၊ နားလည်ပေါင်းသင်းရခက်သူဟု မောင်က နာမည်ကြီးခဲ့သူလေ၊ အဲဒီအတွက် သူမ အနည်းငယ်စိတ်လှုပ်ရှားခဲ့မိကြောင်း ဝန်ခံရမည်ပင်။

ခပ်လှမ်းလှမ်း စားပွဲပေါ်မှာတင်ထားတဲ့ မောင့်မိသားစုဓါတ်ပုံကလေးကို စိတ်လက်ကြည်နူးစွာ ယူငင်ကြည့်လိုက်ချင်သော်မှ သူမအလုပ်သဘောအရ ခွင့်မပြုပါချေ။ အဲသည်တုန်းကတော့ မောင်ဆိုသည့်ယောကျာ်းကို သူမဘဝထဲ ထဲထဲဝင်ဝင်ပတ်သက်ရတော့မည်ဆိုတာကို ကောင်းကင်ဘုံကတောင် သိဦးမည်မဟုတ်ပါ။

နောက်တော့ မောင့်အိမ်ထောင်ရေးအကွဲအပြဲသတင်းတွေကို ဟိုမှာသည်မှာမြင်ကြားနေခဲ့ရကာ တတိယလူ ဘယ်သူဘယ်ဝါ၊ ဘယ်သူ့ဘက်ကအမှားရယ်လို့ ပြောဆိုနေကြပေမယ့် တကယ်တမ်းတော့ဖြင့် ဘယ်သူကမှ ရေရေရာရာမသိခဲ့ကြပါ။ အိမ်ထောင်ရေးနဲ့ပတ်သက်လာရင် မိန်းမဘက်ကအမှား၊ ယောကျာ်းလုပ်သူအမှား စတာတွေကို သူမအနေနှင့် လက်ခံ ဝေဖန် ပိုင်းခြားခြင်း မပြုလိုပါ။ အနည်းနဲ့အများတော့ နှစ်ဘက်စလုံး နာကျင်ကြမှာ…၊ မှန်တယ်မှားတယ်ဆိုတာကလည်း ကြည့်သူရဲ့အမြင်ပေါ်တည်နေတတ်တာ မဟုတ်လား။  အမှန်အမှားဆိုတာကရော ဘယ်သူတွေက ဆုံးဖြတ်မှာလဲ၊ ဆုံးဖြတ်တဲ့အတိုင်းရော သမာသမတ်ရှိနိုင်လို့လား….၊ သူမက အဲသည်လို ယူဆထားသူ။

ကြာတော့လည်း မောင့်လိုတန်းဝင်အဆိုတော်တစ်ယောက်ရဲ့အိမ်ထောင်ရေးကို အားလုံးက မေ့လျော့သွားခဲ့ကြပြီး မောင့်သီချင်းအသစ်တွေမှာ လိုက်ပါစီးမျောရင်း ရူးသွပ်နှစ်သက်ခဲ့ကြရာက မောင့်အိမ်ထောင်ရေးအကြောင်း တဖန်ပြန်လည်ပြောဆိုကြချိန် အားလုံးရဲ့လက်ညှိုးတွေထဲ အသက်ငင်လုလုဖြစ်ခဲ့ရသူက သူမကိုယ်တိုင်ဖြစ်လေသည်…။

(၃)

“စုံတွဲပုံတင်ရဲသေးတယ်နော် သူများယောကျာ်းကို ကြောင်တောင်နှိုက်ထားပြီးတော့…”

သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာက သူမနှင့်မောင်စုံတွဲပုံအောက်မှာ ကော်မန့်အနီရဲရဲတစ်ခု…၊ သူမကို အကြီးအကျယ်တုန်လှုပ်စေခဲ့တာ…။ သူမမျက်လုံးတွေ မှောင်မိုက်လို့သွားခဲ့တာ…။ ဟင့်အင်း သူမ မောင့်ကို ကြောင်တောင်နှိုက်ယူခဲ့တာ မဟုတ်ဘူး။ တကိုယ်လုံးတုန်ယင်လာကာ လူက ငိုမိတော့တာ။ အဲသည်တော့မှ သူမလှုပ်အနှိုးခံခဲ့ရကာ တကယ့်ဘ၀ကြီးထဲ ရောက်ရှိခဲ့တာဖြစ်လေသည်။

မဟုတ်ဘူး….မဟုတ်ဘူး…

“မောင် သစ္စာကိုချစ်တယ်၊ သစ္စာက မောင့်ကိုချစ်တယ်။ ဒီထက်အရေးကြီးတာ ဘာရှိလဲ…”

မောင့်ပြောစကားမှာ သူမ၏တုန့်ပြန်လိုစိတ်တို့ ပြေလျော့သည်။ သို့သော် လူတွေဟာ အဲသည်လောက်နှင့် ရပ်တန့်မသွား…..၊ သူမ တကယ်ပဲ တုန်လှုပ်ခဲ့ရပါသည်။ သူမရွေးခဲ့တဲ့လမ်းဟာ အဲသည်လောက် ကြမ်းရှမယ်မှန်း တွေးမထားခဲ့ပါ။

အိမ်ထောင်ကွဲဆိုတာထက် မောင့်လိုပွေလီသူကိုမှ အိမ်ထောင်ဘက်အဖြစ် မလိမ်မိုးမလိမ်မာ ရွေးချယ်ခဲ့လေခြင်းဆိုသည့် သူမမိဘတွေရဲ့စိတ်အနာတရဟာ ဘာကြောင့်ဒီလောက်နက်မှန်း သူမနားလည်ခဲ့ရပြီ။ မိဘတွေရဲ့တုန့်ပြန်မှုက သမီးအဖြစ်မှစွန့်လွှတ်ခြင်းဆိုတာထက် ပိုမိုနာကျင်စဖွယ်တွေပါ။ မိသားစုနှင့်ပတ်သက်သမျှသော အထိမ်းအမှတ်ပွဲ၊ မွေးနေ့၊ အလှူ ဘာဆိုဘာမှ သူမ တက်ရောက်ခွင့်မရှိ၊ အသိုင်းအ၀ိုင်းတစ်ခုလုံးက ကြဉ်ထားတဲ့ဒဏ်ကို နာနာကျင်ကျင်လိမ့်နေအောင် ခံခဲ့ရသောနှစ်တွေ…။

မောင်ရေ မောင်ရေ…အနားလာပါဦး၊ မောင့်အနမ်းတစ်ချက်နှင့် သူမကို ဖေးကူပါဦးကွယ်။ မောင့်မျက်နှာလေး ကြည်ကနဲပြုံးစဉ်မှာ သူမသောကတွေ လွင့်စင်ခဲ့ရပြန်တာ။ ဘာမဆိုရင်ဆိုင်မည့် ခွန်အားသစ်တွေနှင့်…၊ မောင့်တစ်ယောက်ထဲအားကိုးနှင့် သူမ ခိုင်မာရပ်တည်နိုင်ခဲ့တာ၊ ကိုးစားရှင်သန်ရဲခဲ့တာ။ အားလုံးကို သူမမေ့ထားခဲ့ကာ မောင်နှင့်သူမတို့နှစ်ယောက်သာ လူးလွန့်ရှင်သန်မြဲသော ကမ္ဘာသစ်တစ်ခုထဲ သူမဘ၀တစ်ခုလုံး ပစ်ထည့်ထားခဲ့လိုက်လေသည်။
သို့သော် အချိန်တွေရပ်တန့်မနေကြသလို မောင်ဟာ သွားနေခဲ့တာ…
အသစ်အသစ်တွေဆီ၊
သူမကဖြင့် နေရာမှာတင်ခြေစုံရပ်လို့ ကျန်ရစ်တာ...

(၄)

တကယ်ပဲ၊ သူမအတွက်စီရင်အပ်သောငရဲက တစ်ခုသောနေ့မှာ ရောက်ရှိလို့လာခဲ့သည်။ မောင့်အ၀တ်တွေ လျှော်ရန် အ၀တ်လျှော်စက်ထဲမထည့်ခင် အကျီအိတ်တွေထဲ နှိုက်ကြည့်၊ အ၀တ်တွေကိုပြောင်းပြန်လှန်ကာ အရောင်အနုအရင့်တွေ သပ်သပ်စီခွဲလျှော်ဖို့ပြင်စဉ်မှာ ဖြစ်ပါသည်။ မောင့်ရှပ်အနက်ပေါ်မှာ မီးခိုးပြာရောင်အမွှေးအမျှင်ကလေးတွေ ကပ်ငြိလို့….၊ အနက်မို့ တင်ကျန်ရစ်သောအရာက မြင်သာသည်ပဲလား၊ ထိုအမွှေးအမျှင်ကလေးက မီးခိုးပြာရောင်…။ အနံ့ကိုနမ်းရှိုက်ကြည့်တော့ ဘာကောင်ကလေးရဲ့အနံ့ပါလိမ့်၊ ခွေးလား ကြောင်တစ်ကောင်လား…။ သူမ မဝေခွဲတတ်ခဲ့ပါ။ စိတ်တွေ ထွေပြားရင်းကပင် လျှော်စရာရှိတာတွေ စက်ထဲထည့်၊ လက်နှင့်လျှော်ရမှာတွေကိုလည်း ဇလုံထဲစိမ်ကာ ဇယ်စက်သလို လက်ကလုပ်လေသည်။

မောင်ဟာ အသစ်အဆန်းတွေကို ခုံမင်သည်၊ လျှို့ဝှက်မှုတွေပြည့်နေတာကို မက်မောသည်။ တော်သောထက်သောအမျိုးသမီးတွေကို အထင်ကြီးတတ်သည်။ အထူးသဖြင့် မျက်ဝန်းတွေလှပစူးရဲကာ ပုစ္ဆာတွေနဲ့ဆန်းကြယ်သော ပဟေဠိဆန်ဆန်မိန်းမတွေကို စိတ်ဝင်တစားရှိတတ်တာ။

တွေးနေစဉ် ဖျတ်ကနဲ….
သူမအာရုံထဲရောက်လာတာက အဲဒီမိန်းမနဲ့ သူ့ရဲ့မီးခိုးပြာရောင်ကြောင်ဖြစ်လေသည်။

(၅)

ပေါ်ပေါ်တင်တင်ပါပဲ။ သူတို့ခြေသံတွေ၊ သူမအခန်းထဲကနေ နားမစွင့်ဘဲကြားနေခဲ့ရတာ၊ တခိုးခိုးတခစ်ခစ်ရယ်သံတွေ၊ ချစ်စနိုးကျီစယ်နောက်ပြောင်သံတွေ…။ အိမ်ကြီးထဲကို တံခါးဖွင့် ၀င်လာလိုက်ကြ၊ အိမ်ကြီးထဲကနေ တံခါးဖွင့် ထွက်သွားလိုက်ကြ။ နာနာကျင်ကျင် လှုပ်ခါကျန်ရစ်သောတံခါးချပ်များသည် သူမဖြစ်လေသည်။

မေသစ္စာဟာ မောင့်အတွက် ရင်ခုန်ဖွယ်မကောင်းတော့သော သံစဉ်အဟောင်းအမြင်းတစ်ခု၊ ဘယ်တော့မှ ပြန်လည်နားမထောင်လိုသည့် တေးသွားတစ်ခုမျှ ဖြစ်ခဲ့ပြီ။ မောင် ရိုးသွားခဲ့ပြီ။ အေးစက်သွားခဲ့ပြီ။

"နင် တစ်နေ့ ၀ဋ်လည်ဦးမှာ၊ နားလည်လား၊ ဘ၀မကူးဘူး စောင့်ကြည့်နေလိုက်"

လူတွေရဲ့နှုတ်ထွက်စကားတို့ မြားအစင်းပေါင်းများစွာအဖြစ် သူမရင်ကို ထိုးဝင်စိုက်ဆဲ….။
ခုတော့ သူမမျက်စိရှေ့မှာ၊ သူမနှလုံးအိမ်ထဲမှာ၊ သူမ၀င်သက်ထွက်သက်တွေထဲမှာ နောက်ထပ် မေသစ္စာတွေ မေသစ္စာတွေ အများကြီးကို သူမတွေ့နေရပြီ။ မောင့်အချစ်တွေနှင့်ကြောင်ကန်းခဲ့သောမျက်ဝန်းတွေက ခုချိန်မှာ လင်းချင်းမှန်ကန်စွာမြင်ခွင့်ရပြီလေ။

ကလစ်ကနဲ သော့ဖွင့်သံကြားလိုက်ရ၏။
ဝင်လာသည်လား...
ထွက်သွားသည်လား....
နားစွင့်ထားဆဲမှာ...
မျက်နှာမူ၍နီးကပ်လာပြီလား
ကျောခိုင်းဝေးကွာသွားခဲ့ပြီလား...
အသက်မရှုရဲစဉ်...
သူမတံခါးရွက်များ လှုပ်ခါကျန်ရစ်ခဲ့ရ၊ မျက်လုံးများကိုမူ တင်းတင်းမှိတ်ထားမိဆဲ…။

သူမ နားမလည်နိုင်တာက အဲသည့်မိန်းမဟာ သူမ မုန်းတဲ့မီးခိုးပြာရောင်ကြောင်ကို မောင့်ဆီလာတိုင်း ဘယ်တုန်းကမှခေါ်မလာခဲ့ပါဘဲ သူမကြည့်မှန်ပေါ်ကပ်ငြိနေတတ်တဲ့ မီးခိုးပြာရောင်အမွှေးအမျှင်တွေ၊ သူမကြားကြားနေရတဲ့ မောင့်အခန်းထဲက ကြောင်တစ်ကောင်ရဲ့အာခေါင်ခြစ်အော်သံတွေ အဲတာတွေဟာ သူမအာရုံထဲ ဘယ်လိုဝင်ဝင်လာနေရသလဲဆိုတာ….
စဉ်းစားရခက်လှသည်။ 

ပြီးတော့ ခုချိန်မှာ မောင့်ဇနီးကိုမေးချင်တဲ့မေးခွန်းတစ်ခုက နှုတ်ဖျားကနေထွက်ကျမလာဘဲ သူမနှလုံးသားထဲ အဖန်တလဲလဲ ပဲ့တင်ထပ်လျက်ရှိနေပြန်သေးသည်။

“မောင် ရှင့်ဆီကထွက်သွားပြီး တခြားမိန်းမအသစ်တစ်ယောက်ဆီ ခြေဦးလှည့်ချိန်မှာ ရှင်ဘယ်လိုများ ကျန်ရစ်ခဲ့သလဲဟင်”ဆိုတဲ့မေးခွန်း….။

အဲသည်မေးခွန်းကိုမေးရန် လုံလောက်သောစိတ်အင်အား သူမမှာ ဘယ်တော့မှရှိလာမည်မထင်ပါ….။

(၆)

မောင့်ပြောစကားအရ သူမ နောက်ကျမှသိရတာက အဲဒီမိန်းမအင်တာဗျူး သူမတို့မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့လကပဲ မီးခိုးပြာရောင်ကြောင်သေဆုံးခဲ့ပြီဆိုတာ….။ ဒါဆို လွန်ခဲ့တဲ့ (၁)နှစ်ကျော်လောက်ကပေါ့။

အဲတာဟာ အဲဒီမိန်းမအကြောင်း မောင်ပြောတဲ့တစ်ခွန်းထဲသောစကားဖြစ်ပြီး သူမအတွက်တော့ ဘယ်တော့မှ အဖြေရှာမရနိုင်တော့မယ့် ဆန်းကြယ်သောပဟေဠိတစ်ပုဒ်၏ အစပျိုးလည်း ဖြစ်လေသည်။

ခုထိတော့….
မိုးသံတွေကြားတိုင်း….
မိုးသံတွေထဲကဖောက်ထွက်လာတဲ့ ကြောင်တစ်ကောင်ရဲ့စူးစူးဝါးဝါးခြစ်အော်သံကို ကြားတိုင်း၊ သူမကြည့်မှန်ပေါ်က မီးခိုးပြာရောင်အမွှေးအမျှင်တွေကို လက်နဲ့တို့ထိမိတိုင်း၊ မီးခိုးပြာရောင်ကြောင်တစ်ကောင်နဲ့ကြောင်ပိုင်ရှင်မိန်းမဟာ သူမအာရုံတွေ၊ သူမအသိစိတ်တွေကို ချိုးဖဲ့လို့ မြိန်ရည်လျှက်ရည်ဝါးမျိုနေတော့တာ…။



ချစ်ကြည်အေး

မြင်ကွင်းမဂ္ဂဇင်း
ဇူလိုင်လ - ၂၀၁၇




Monday, July 31, 2017

လီလီပန်းရနံ့တို့ မွှေးပျံ့လေသောအခါ

လီလီပန်းရနံ့တို့ မွှေးပျံ့လေသောအခါ



(၁) 
အခန်းတစ်ခန်းလုံးမှာ ရေချိုးခန်းတံခါးအနည်းငယ်ဟထားလို့ အဲဒီကတစ်ဆင့်ဝင်လာတဲ့ အလင်းရောင်လေးတစ်မျှင်သာ သူမအိပ်ရာခြေရင်းဆီ တန်းကနဲဖြာကျနေတယ်။ အဲဒါကလွဲလို့ ပကတိ အနက်ရင့်ရင့်ခြုံထားတဲ့အခန်းထဲ....။
နံရံလား မျက်နှာကြက်လား၊ အပြန့်ပိန်းပိန်းဆီ တိုက်ရိုက်ပို့ထားတဲ့အကြည့်တွေက တကယ့်အသေ။ ဘယ်နှစ်နာရီရှိနေပါလိမ့်။ ကြာလှပြီ၊ နံရံထင်ပါရဲ့....၊ တနာရီမက နှစ်နာရီလည်းမက၊ နာရီပေါင်းများစွာ ငေးကြည့်နေမိတဲ့ နံရံ.... ၊ နံရံဟာ သူမအကြည့်ကြောင့် ဆုံချက်နေရာမှာ ချိုင့်ခွက်ဝင်တော့မတတ် နစ်ဝင်နေသလိုလို။
ကျောပြင်တစ်လျှောက်ထိစပ်နေတဲ့ အိပ်ရာအိအိမှာ အတွေ့ကထူးခြားစွာ မွှေးညင်းတွေထဲအထိ တိုးဝှေ့ဝင်လာနေကြလို့။ တစ်ကိုယ်လုံးက မွှေးညင်းတွေဟာ အပေါက်တွေအပေါက်တွေ ပွစိတက်လို့၊ ကျောကမွှေးညင်းတွေထဲ အိပ်ရာခင်းတစ်ခုလုံး တိုးဝင်နေသလားပဲ....။ ခန္ဓာတစ်ခုလုံးဟာ ပိုးထိုးပေါက်တွေလို.... ရစရာမရှိအောင် ဇကာပေါက်ကျနေလိုက်တာ။
အား...........
အသံထွက်မလာဘူး၊ အသံဟာ ၀မ်းခေါင်းထဲမှာတင် အတွင်းလှိုက်ပြီး ပျောက်ရှသွားတယ်။
သူမတစ်ကိုယ်လုံးကို အော့ဂလီဆန်စွာ ရွံရှာလာမိတယ်။ မလိုချင်ဘူး.....မလိုချင်ပါဘူး... မလာနဲ့ ၀င်မလာကြပါနဲ့....။ သူမတစ်ကိုယ်လုံးကို လက်သည်းချွန်တွေနဲ့ ကုတ်ခြစ်နေမိတယ်။ ကုတ်ခြစ်ရာအတိုင်း စို့လာတဲ့သွေးစတွေဟာ သူမကိုယ်ပေါ်မှာ အစင်းလိုက်။ တစ်ကိုယ်လုံးက မွှေးညှင်းပေါက်ကြီးတွေဟာ ပွင့်ကားလာပြီး ပြင်ပကအရာရာကို သူမခန္ဓာထဲ စုပ်ယူဝါးမျိုတော့မလို....။
ကြောက်လိုက်တာ....
သူမတစ်ကိုယ်လုံး အပ်ချစရာ နေရာလပ်မကျန်အောင်ပဲ၊ တစ်ကိုယ်လုံး ထုံနေပြီ၊ ကြောက်ရလွန်းလို့လည်း တုန်နေပြီ။ ရှိသမျှအားအင်တွေကိုစုစည်းပြီး အိပ်ရာပေါ်က ကုန်းရုန်းထလိုက်တယ်။ သူမနောက်ကျောက မွှေးညှင်းပေါက်တွေထဲ ခြုံစောင်တစ်စက ကပ်ပါလာသေးတာကို အတင်းဆွဲခွာ....။
ရေချိုးခန်းထဲအရောက် ရေပန်းကိုအကုန်ထိအောင်ဖွင့်ချ။ အ၀တ်တွေကို တစ်စချင်းကိုယ်ပေါ်က ဆွဲခွာ....။
ရေအားပြင်းပြင်းနဲ့ရေအေးတွေ သူမကိုယ်ပေါ် ဖွားကနဲကျလာချိန်၊ ရေအေးအေးတွေကို သူမခန္ဓာက စုတ်ယူစားသုံးချိန်မှာ သူမကိုယ်ပေါ်က မွှေးညှင်းပေါက်တွေဟာ တဖြည်းဖြည်းသေးငယ်ရာက... ပုံမှန်အတိုင်းပြန်ဖြစ်တယ်။
ခုတော့ သူမတစ်ကိုယ်လုံး အေးစက်လို့ စိုရွှဲလို့။
ရေချိုးခန်းထဲ....
ပူနွေးနေသေးတယ်...မျက်ရည်တွေလား...
သူမ မျက်ရည်ကျနေသတဲ့လား.....
ရေချိုးခန်းဆိုတာ....
ရေချိုးခန်းဆိုတာက.....
ရေပန်းထဲကကျလာတဲ့ရေအေးတွေနဲ့ မိန်းမတစ်ယောက်ရဲ့မျက်ရည်ပူတွေကို ရောနှောပေါင်းစပ်လိုက်ပြီး ရေဆင်းပေါက်ကနေတစ်ဆင့် လူမသိသူမသိ တိတ်တိတ်ကလေးစီးဆင်းစေကာ အစဖျောက်ပစ်လိုက်ဖို့ အကောင်းဆုံးနေရာတစ်ခုပေပဲ။
ရေသံတွေလား သူမနားထဲမှာ မိုးတွေအုန်းအုန်းထ ရွာနေသလိုလို....
အား....
သူမ ရူးလာပြန်ပြီ....
ရေပန်းကတဆင့်ကျလာနေတဲ့ရေအေးတွေကို မျက်နှာမော့ပြီးခံယူလိုက်၊ စိတ်ရှိလက်ရှိအော်ဟစ် ငိုကြွေးလိုက်....နဲ့။
သူမကမ္ဘာပျက်နေပုံက တကယ့်ကို ဆင်းဆင်းရဲရဲပူဆွေးလို့၊ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ၊ ပျက်စရာမကျန်တော့တဲ့ကမ္ဘာဟာ ထပ်ကျော့ပျက်ယွင်းရင်းက မပြီးနိုင်မစီးနိုင်ပြိုလဲပျက်စီးလို့၊ အလဲလဲအကွဲကွဲ။
ခြေထောက်တွေညောင်းညာပြီး တဆတ်ဆတ်တုန်ယင်လာတဲ့အခါ ရေပန်းအောက်မှာ သူမ ထိုင်ချလိုက်တယ်။ ငုတ်တုတ်။ ထောင်ထားတဲ့ဒူးခေါင်းပေါ် မေးတင်။ စိုရွှဲနေတဲ့ ဆံပင်တွေထဲ လက်ငါးချောင်းထိုးသွင်းလိုက်၊ လက်နှစ်ဘက်နဲ့မျက်နှာပေါ်ကရေစက်တွေကို ဖယ်သပ်လိုက်၊ ရင်တွေကွဲထွက်မတတ် ငိုလိုက်။ ဒါကိုပဲ ကြိမ်ဖန်များစွာ အထပ်ထပ်၊ အေးစက်တုန်ခိုက်လာတဲ့အထိ၊ မေးရိုးချင်းရိုက်မတတ် ချမ်းစက်လာတဲ့အထိ။
နားထောင်ကြည့်စမ်း....ကြားလား...၊ နားထဲမှာ တစ်ခုခုကို တွန်းဖွင့်နေသလိုအသံလား၊ ရေသံတွေကြားက သူမကြားနေရတယ်။
တစ်စုံတစ်ယောက် တံခါးကိုဖွင့်ဖို့ ကြိုးစားနေသလား...။ ရုတ်တရက် ဆတ်ကနဲ ဦးခေါင်းအမော့မှာ သူမမျက်ဝန်းအစုံက တံခါးဆီရွေ့တယ်။ တံခါးက အလင်းမပေါက်တဲ့ သစ်သားခေါက်တံခါး။
ကြည့်ရင်းကြည့်ရင်းနဲ့ တံခါးဟာ အသက်ဝင်လာသလိုလို၊ ရှိနေလား...အဲဒီမှာ...၊ တစ်စုံတစ်ယောက်များ ရှိနေလားဟင်...။ တံခါးနောက်ကွယ်မှာ လူသတ်သမားရဲ့လက်နှစ်ဘက်ရှိနေလား....။ လူသတ်သမားက တံခါးချပ်တွေကို ဗြန်းဆို ဖွင့်ဝင်လာလေမလား....။ ဘုရား ဘုရား....သူမမျက်ဝန်းထဲ မျက်သားတွေ တဆတ်ဆတ်တုန်ယင်လို့၊ နှုတ်ခမ်းတွေ တလှုပ်လှုပ်ခုန်လို့။ မေးရိုးတွေတဂတ်ဂတ်ရိုက်နေတဲ့ကြားက ခပ်ထေ့ထေ့ပြုံးမိသေးသလိုပဲ။ သေခြင်းတရားဆီ ခရီးသွားချင်တဲ့မိန်းမဟာ လူသတ်သမားကို ကြောက်နေသေးတာလား။
ရယ်စရာမောစရာရယ်လေ...။
လူသတ်သမားဟာ သူမလည်မျိုကို သူ့လက်နှစ်ဘက်နဲ့ ငှက်ကလေးများလည်လိမ်သလို အညှာအတာကင်းကင်းနဲ့ ဂျွတ်ကနဲလိမ်ချိုးလိုက်လေမလား၊ အသင့်ပါလာတဲ့ ခြောက်လက်မအသွားဓါးနဲ့ သူမနှလုံးအိမ်ဆီကို စွပ်ကနဲ စွပ်ကနဲ အချက်ပေါင်းများစွာ မသေမချင်းထိုးသတ်လေမလား။ သူမမျက်ဝန်းထဲ ရေချိုးခန်းကြမ်းပြင်ပေါ်က သွေးအိုင်ထဲမှာ ခွေခွေလေးလဲနေတဲ့သူမကို ကိုယ်တိုင်ပြန်မြင်နေရတယ်။ သူမတစ်ကိုယ်လုံးက မွေးညင်းတွေ ထောင်ကနဲထလာပြန်ပြီလေ။
သူမခြေဖဝါးအောက် စေးကပ်ကပ်နဲ့....
ငုံ့အကြည့်မှာ ခြေဖဝါးအောက်ကရေတွေ အနီရောင်တွေပြောင်းသွားသလို မျက်ဝန်းထဲ စွေးကနဲ တွေ့လိုက်ရတော့ သူမ လန့်သွားတယ်။ ရေပန်းကတစ်ဆင့် သူမခေါင်းပေါ်၊ သူမတစ်ကိုယ်လုံးပေါ် ဖြတ်စီးလာတာဟာအနီရောင်တွေ....အနီရောင်စွေးစွေးတွေ........။ သူမမျက်ဝန်းတွေကို တင်းတင်းမှိတ်ချလိုက်မိပြန်တယ်။ ဝမ်းနည်းပြီး ဟီးကနဲငိုရှိုက်ချမိလိုက်ပြန်တယ်။ သူမ ဘယ်တော့ လွတ်မြောက်မှာလဲဟင်...
သူမကြောက်လှပြီ။
သွေးတွေလိုတဝေါဝေါစီးကျနေတဲ့ရေပန်းအောက်မှာ ဆက်နေရမလား။ တံခါးအပြင်ဘက်မှာ စောင့်ကောင်းစောင့်နေနိုင်တဲ့ လူသတ်သမားဆီ လည်စင်းပေးလိုက်ရတော့မလား......။
မသိဘူး....သူမ မသိဘူး...
ဘာလုပ်ရမယ်ဆိုတာ မသိနိုင်ခင် သူမလက်တွေက စင်ကလေးပေါ်က ဆပ်ပြာရည်ဘူးကို လက်လှမ်းနေမိတယ်။ တစ်ကိုယ်လုံး ဆပ်ပြာမြှုတ်တွေ ဖွေးဖွေးထနေအောင် သူမကိုယ်ပေါ်လောင်းချလိုက်မိတယ်။ မျက်ရည်တွေက ပါးနှစ်ဖက်ပေါ် တသွင်သွင် ပေါက်ကနဲပေါက်ကနဲစီးကျနေဆဲမှာ...။
မောပန်းလွန်းမကမှ....
မျက်ရည်တွေကုန်တော့မှ ရေပိတ်လိုက်ပြီး သဘက်ထူထူပွပွနဲ့သူမကိုယ်လုံးကို ရစ်ပတ်၊ ရေစက်တွေခြောက်စင်အောင်သုတ်ပြီးသွားတဲ့အခါ မှန်ရှေ့မှာ သူမရပ်လိုက်တယ်။ နားထင်တွေကျ ပါးရိုးတွေငေါထွက်လို့၊ ကြောင်စီဖျော့တော့ကာ ဖွေးစုတ်နေတဲ့ သူမမျက်နှာအသားအရည်ပေါ်မှာ ငိုရလွန်းလို့ မို့အစ်နီရဲနေတဲ့ သူမမျက်လုံးကြီးနှစ်လုံးဟာ အလုံးလိုက်တင်ထားသလို ထင်းကနဲ။
လူရုပ်မှ ဟုတ်ရဲ့လား... လူနဲ့မှ တူသေးရဲ့လား...၊ ဆစ်ကနဲအနာမှာ မျက်ရည်တွေက အိကနဲအကျ။ ကျလာပြန်ပြီ....။
ဒီလိုပဲ ရူးသွပ်နေရတာ့မလား၊ အရာရာကို ကြောက်စိတ်နဲ့၊ တွေ့သမျှ မြင်သမျှ အရာရာဟာ သူမအတွက် ရူးနှမ်းချင်စရာတွေချည်း။ ဒီဘဝကြီးကို သူမ စက်ဆုပ်လှပါပြီ....
ဘာကြောင့်များလဲ ဘာကြောင့်လဲကွယ်...
သူမဘဝကြီးဟာ ပက်ပက်စက်စက် ကပြောင်းကပြန်တွေဖြစ်လို့။
ဒီဘဝမဟုတ်ဘူး...ဒီဘဝမဟုတ်ဘူး။ သူမ လိုချင်တာ...သူမလိုချင်တာက
သူမလိုချင်တာ သူမဘဝ.....
သူမလိုချင်တာ သူမ ဘဝ…..
ဟိုးအရင်က သူမဘဝ…..
ဒဏ်ရာတွေ အနာတရတွေ ဘာဆိုဘာမှ မရှိသေးတဲ့ သူမဘဝ၊ ပြန်ပေးကြပါ၊ ပြန်ပေးကြပါ။
သူမဘဝက တကယ့် အဖြူစွတ်စွတ်ရယ်...
(၂)
ရှင်သန်ခြင်းဆိုတာ ဘာလဲ….
ဒီကမ္ဘာမှာပဲဖြစ်ဖြစ်၊ တခြားကမ္ဘာမှာပဲဖြစ်ဖြစ်ပေါ့။ ရှင်သန်ခြင်းဟာ အတူတူပဲမဟုတ်ဘူးလား။ ရှင်သန်ခြင်းနောက်မှာ ဆက်လက်ရှင်သန်နေထိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရခြင်းတွေ၊ ရင်ဆိုင်ကျော်ဖြတ်ရခြင်းတွေက ဘယ်ကမ္ဘာမှာဖြစ်ဖြစ် ကပ်ငြိပါလာမှာပဲမဟုတ်ဘူးလား။
ဒါပေမယ့် မတူဘူးနော် ၊ ဒီလူတွေ ဒီအကြည့်တွေ ဒီမျက်လုံးတွေ ဒီမျက်နှာတွေ ဒီလက်ညှိုးတွေ.... အားလုံး မရှိတဲ့ ကမ္ဘာနောက်တခုထဲ....မျက်နှာအသစ်နဲ့နေထိုင်ခွင့်....။ နှလုံးသားအသစ်နဲ့ခုန်လှုပ်ခွင့်....။
သူမ မက်မောလိုက်တာ...။ သူမ စိတ်ရှိလက်ရှိဖြူစင်ပါရစေ....။
သူမလက်ထဲမှာ အဖြူရောင်လီလီပန်းပွင့်ကြီးတွေ ၃၈ပွင့်တိတိ…
သူမရှေ့မှာ ညှိုးနွမ်းနေတဲ့အငိုမျက်နှာတွေနဲ့လူတွေ။ ၄ပေ ၆ပေ မှန်သေတ္တာထဲ ဆန့်ဆန့်လေးအိပ်ပျော်နေတဲ့ အမျိုးသမီး....။ အသက်၃၈နှစ်ဆိုတဲ့အမျိုးသမီးဟာ စိတ်ဒဏ်ရာတွေ အဆမတန်ခံစားခဲ့ရသူပါလားလို့ မထင်ရက်စရာ။  မိတ်ကပ်ကြောင့်ပန်းသွေးဖျော့တော့နေတဲ့မျက်နှာကလေးနဲ့ အိပ်စက်နေသလိုအမျိုးသမီးကို သူမ တိတ်တိတ်လေး စကားတွေပြောနေမိခဲ့တယ်။
ခွင့်လွှတ်ပါလို့ မတောင်းဆိုတော့ဘူးကွယ်။ သူမကိုယ်တိုင် မသိလိုက်တဲ့ဘဝတခု၊ မိသားစုဘဝတခု၊ မရည်ရွယ်ပါဘဲ သူမဟာ တတိယလူ၊ သူများအိမ်ယာဖျက်စီးသူတဲ့....။ သိလိုက်ရချိန်မှာ အရာရာနောက်ကျခဲ့ပြီ။ ဘယ်လိုမှရုန်းမထွက်နိုင်အောင်ကို သူမ နစ်ခဲ့ပြီပဲ။ ကျလာလုလုမျက်ရည်တွေကို မျက်တောင်တွေပုတ်ခတ်လို့ သိမ်းဆည်းလိုက်တယ်။
“သေချာတာကတော့ ရှင် သူ့အပေါ်ချစ်သလို ကိုယ်လည်း သူ့အပေါ်သိပ်ချစ်ခဲ့တာပါ။ အသေအချာပြောနိုင်တာက ရှင့်ထက် မလျော့တဲ့ချစ်ခြင်းနဲ့ ချစ်ခဲ့တယ်”
ယောကျာ်းတယောက်အပေါ် အချစ်တွေတူမျှခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက်မှာ ရှင် ပိုကံကောင်းတာက ရှင်ဟာ သူ့ကို တရားဝင်ပိုင်ဆိုင်ခွင့်အပြင် သူ့အတွက် သမီးကလေးတယောက် မွေးဖွားပေးခဲ့နိုင်ခြင်းပါပဲ။ ရှင်က ရယ်မောနိုင်သူပါ၊ လောကကြီးထဲကနေ အနိုင်ပိုင်းထွက်သွားနိုင်သူပါ၊ အားလုံးရဲ့သနားကြင်နာမှု ဂရုဏာတွေ ပွေ့ပိုက်မနိုင်အောင် ပုံအောရရှိခဲ့သူပါလေ။ အမျိုးသမီးကို သူမ တိုးတိုးလေးပြောလိုက်တယ်။
သူမကတော့ လူတွေလက်ညှိုးထိုးခံ၊ လူတွေဆဲဆိုပုတ်ခတ်ခံမျှသာပဲ။ သူမဟာ ယောကျာ်းတယောက်ရဲ့ပိရိသေသပ်လှတဲ့လိမ်ညာခြင်းမှာ ချစ်ခြင်းတရားဆိုတာ ချိုမြိန်လိုက်လေခြင်းရယ်လို့  ရူးသွပ်မိန်းမူးခဲ့သူရယ်လေ....။ ယောကျာ်းတယောက်အပေါ် တူမျှခဲ့တဲ့အချစ်တွေချင်းပေမယ့် သူမအချစ်ကျတော့ အပြစ်ကင်းတဲ့ချစ်ခြင်းမဟုတ်ခဲ့ဘူးတဲ့ကွယ်....။ လှည့်စားခံရခြင်းဆိုတာကို ဘယ်သူက နားထောင်ပေးမှာလဲ...၊ မသိခဲ့ခြင်းဆိုတာကို ဘယ်သူက ယုံပေးမှာတဲ့လဲ....။ သူများမိသားစုကို ဖျက်ဆီးတာဆိုတဲ့ စကားလုံးတွေစကားလုံးတွေ လက်ညှိုးတွေမျက်လုံးအကြည့်တွေ မျက်တောင်အပင့်တွေမှာ သူမက အကြိမ်ကြိမ် မျောပါသေဆုံးပြီးသားရယ်...။
သူမပုခုံးကို ဖျတ်ကနဲပုတ်ပြီး တွန်းလိုက်တာကြောင့် သူမကိုယ် ယိုင်ကနဲဖြစ်သွားတယ်။ “နင့်မှာ အရှက်ဆိုတာ ရှိမှရှိသေးရဲ့လားဟင်”ဆိုတဲ့ စကားသံကျယ်လောင်လောင်မှာ လူတွေအကုန်ရဲ့အာရုံစိုက်မှုက သူမဆီ ရောက်လို့လာတယ်။ ခပ်တိုးတိုးငိုနေသူတွေ၊ အသံမထွက်ဘဲမျက်ရည်ကျနေသူတွေ၊ ဖြစ်ကြောင်းကုန်စင်ကို တီးတိုးဆိုနေသူတွေ၊ မရဏကမ္မဋ္ဌာန်းဆီးဖြန်းနေသူတွေ အားလုံးရဲ့ဦးခေါင်းတွေက သူမရပ်နေတဲ့ အမျိုးသမီးအခေါင်းဘေးနား ဝဲကနဲရောက်လာကြတယ်။ ချက်ချင်းပဲ ချွန်မြလှတဲ့မျက်လုံးအကြည့်တွေ သူမကိုယ်အနှံ့ စွေစောင်းစောင်းထိုးစိုက်ဝင်လေတယ်။
ပြိုလဲသွားတဲ့စိတ်တွေကို အံကြိတ် ကောက်ထူ၊ မျက်နှာထားကို တင်းနိုင်သမျှတင်းပြီး အားလုံးရဲ့တွန်းထိုးနေတဲ့ လက်တွေကြားကပဲ ရုန်းလှည့်ထွက်လာလိုက်ခဲ့တယ်။ လူတယောက်က အမျိုးသမီးအခေါင်းပေါ်ချထားခဲ့တဲ့ သူမရဲ့လီလီပန်းစည်းကို ဆွဲယူလွှင့်ပစ်လိုက်တာ သူမ နောက်ဆုံးတွေ့လိုက်ရတာပဲ....။
သူ ဘယ်မှာလဲ....
သူ အခု သူ့သမီးကလေးကို ချော့မော့နှစ်သိမ့်နေမလား၊ သူကိုယ်တိုင် နောင်တတွေနဲ့ လူမသိအောင်ကြိတ်ငိုနေလေမလား..။ သူမ သိပ်ချစ်ခဲ့ရတဲ့ယောကျာ်း...၊ သူမကို လူပုံအလယ် တတိယလူ၊ အိမ်ယာဖျက်ဆီးသူအဖြစ် ချစ်ခြင်းတရားဆိုတာလေးတခုထဲနဲ့ မြှားယူခေါ်ဆောင်ခဲ့လေသူ။ ချစ်ခြင်းမှာ အကြိမ်ကြိမ်သေစေခဲ့လေသူ။ သူမနှုတ်ခမ်းဖျားလေးကွေးရုံ ပြုံးလိုက်တယ်။ အပြစ်သင့်တဲ့ချစ်ခြင်းဆိုလည်း သူမတယောက်ထဲသာ အပြစ်တွေအကုန် သိမ်းကြုံးခံယူဦးမှာဆိုတာကို နောက်ဆုံးမိုက်မိုက်မဲမဲအတွေးအဖြစ် သူမ တွေးလိုက်မိလို့ရယ်...။

(၃)
ရေချိုးခန်းဆိုတာက.....
ရေပန်းထဲကကျလာတဲ့ရေအေးတွေနဲ့ မိန်းမတစ်ယောက်ရဲ့မျက်ရည်ပူတွေကို ရောနှောပေါင်းစပ်လိုက်ပြီး ရေဆင်းပေါက်ကနေတစ်ဆင့် လူမသိသူမသိ တိတ်တိတ်ကလေးစီးဆင်းစေကာ အစဖျောက်ပစ်လိုက်ဖို့ အကောင်းဆုံးနေရာတစ်ခုလေ….
စိတ်အရောင်ညစ်လာတိုင်း ထွက်ပေါက်မဲ့စွာ သူမ ရေချိုးခန်းဆီပြေးတယ်။ ရေချိုးခန်းကထွက်တိုင်းလည်း မစင်ကြယ်နိုင်မှုကို ဝမ်းပန်းတနည်းခံစားရပြန်တယ်။
ဘယ်တော့များမှ အဆုံးသတ်မှာလဲ၊ ဘဝမှာ အဆုံးသတ်တွေဆိုတာ ဘယ်လိုများလဲ၊ အဆုံးသတ်တွေဆိုတာက ဘဝမှာ တကယ်ရောရှိရဲ့လား။ အစဆိုတာရှိခဲ့လို့ အဆုံးသတ်ရတာလား၊ အဆုံးသတ်ဆိုတာရှိခဲ့လို့ အသစ်က ပြန်ပြန်စနေရတာလား။ အစတွေကို နွေးနွေးထွေးထွေးကြိုဆိုကြသလောက် အဆုံးတိုင်းအဆုံးတိုင်းဟာ ဘာကြောင့်ဝမ်းနည်းစရာကောင်းနေရတာလဲ။ ဘာပဲဖြစ်ဖြစ် သူမရဲ့အဆုံးသတ်ကတော့ ဝမ်းနည်းစရာ ကောင်းမနေရဘူး။ သူမရဲ့အဆုံးသတ်ကတော့ လွတ်မြောက်ခြင်းရဲ့အဓိပ္ပါယ်ဖြစ်နေရမယ်။

ကြိုတင်ရွေးချယ်ထားခဲ့တဲ့ အဖြူရောင်ဝတ်စုံ၊ သူမနေထိုင်တဲ့ ကွန်ဒိုအပေါ်ဆုံးခေါင်မိုးထပ်က ကောင်းကင်ဥယျာဉ်ငယ်ကလေး၊ ပိတ်ရက်ညနေတွေမှာ လူစည်ကားတတ်သလောက် ခုလိုအလုပ်ဖွင့်ရက် ညနေလေးနာရီလောက်တွေမှာတော့ လုံခြုံရေးတာဝန်ကျသူတစ်ယောက်သာ ရှိနေတတ်တာရယ်၊ ပြီးတော့...မီတာ ၅ဝကျော်အမြင့်ဆိုတာ သူ့ဆီကနေ မြေပြင်ပေါ်ကို အဆီးအတားမဲ့ကျလာ သူတယောက်အတွက် သေချာတဲ့အဆုံးသတ်မှုတခုကို ဖြစ်စေမှာရယ်။ အရာရာအားလုံးဟာ သူမ စဉ်းစားပြင်ဆင်ခဲ့တဲ့အတိုင်း။

လုံခြုံရေးတဲကလေးရှေ့ကအဖြတ်မှာ တာဝန်ကျအမျိုးသားက မျက်လုံးပင့်ကြည့်တယ်။ ပြီးတော့ နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းတချက်ဆတ်ပြတယ်။ သူမ မင်သေသေနဲ့ဖြတ်လာခဲ့ပြီ။ သူမတို့တိုက်ပုံစံက အင်္ဂလိပ်အက္ခရာအယ်လ်ပုံစံချိုးထားတာမို့ လုံခြုံရေးဂိတ်ကနေ ညာဘက်ချိုးလိုက်တာနဲ့ သူမဟာ တာဝန်ကျအမျိုးသားရဲ့မျက်စိအောက်က ပျောက်ခဲ့ပြီ။ သူမရှေ့မှာ စီရီသစ်ပင်လေးတွေ၊ စားပွဲခုံတန်းလေးတွေနဲ့ မိသားစုလိုက် တပျော်တပါးချက်ပြုတ်စားသောက်နိုင်ကြတဲ့ ဘာဘီကျူးဖိုကလေးသုံးခုက မနီးမဝေးမှာ အတန်းလိုက်စီလို့။  ဟိုးဘက်အစွန်ထိဆက်လျှောက်တဲ့အခါ ဘောင်ပေါ်မှာတင်ထားတဲ့ ပန်းအိုးကလေးတွေရယ်၊ ခုံတန်းကလေးရယ်။
ပန်းအိုးတွေကို အောက်ကိုရွှေ့ပြီး ခုံတန်းကလေးပေါ်ကတဆင့် အုတ်ဘောင်ပေါ်တက်ရပ်နိုင်ပြီဆို ရပြီ။ သူမ လာလာကြည့်နေကျ ဒီနေရာဟာ သူမနဲ့သိပ်ကိုရင်းနှီးလွန်းနေခဲ့ပြီးသား။
အုတ်ဘောင်ပေါ်တက်ရပ်လိုက်တယ်။ အသက်ကိုဝအောင်ရှူလိုက်ပြီး အောက်ကိုငုံ့ကြည့်လိုက်မိတော့ သူမ အနည်းငယ်ဝမ်းနည်းသွားတယ်။ ဘယ်လိုနေမှာပါလိမ့်၊ လွင့်ကနဲ ဟာကနဲ...၊ သိပ်မကြာလိုက်ခင်မှာပဲ သူမဝတ်ထားတဲ့ဝတ်စုံအဖြူကလေးဟာ....။
သူမ အဆုံးသတ်လိုက်တော့မယ်။ ဒီလောက်ဝမ်းနည်းနာကျင်နေရတဲ့ဘဝကြီးထဲ၊ ဒီလောက်တောင် လူတကာပါးစပ်ဖျားမှာ သေပြီးသားဘဝကြီးထဲ သူမ ဘာကြောင့် အရှက်မဲ့ရှင်သန်နေရဦးမှာလဲ....။ မိန်းမနှစ်ယောက်ရဲ့ဘဝကို သတ်ဖြတ်ခဲ့သူတစ်ယောက်အဖြစ် နောင်တမရပါစေနဲ့ မောင်၊ မဲ့ပြုံးကလေးတစ်ခု သူမမျက်နှာမှာ လှစ်ကနဲ...။ သူမ ထွက်သွားလိုက်တော့မယ်။ မျက်စိတွေကိုမှိတ်ချလိုက်ပြီး အသင့်အနေအထားနဲ့ ရပ်လိုက်တယ်။ အသက်ကိုဝအောင်ရှူသွင်းလိုက်တယ်။ ကိုယ်ကို မတ်မတ်ထား၊ လက်နှစ်ဘက်ကို ဘေးမှာ ပုံမှန်အတိုင်းကပ်ချထား။ စိတ်ထဲကနေ နံပါတ်စဉ်ရေတွက်တယ်။
တစ်....နှစ်.....
ခဏကလေး....
နှာခေါင်းထဲမှာ လီလီပန်းပွင့်တွေရဲ့ရနံ့က သင်းကနဲ....၊ ပြီးတော့ လူသေတယောက်ဆီက အနံ့က ပြင်းကနဲ။ မျက်စိတွေကိုပြန်မှိတ်ချလိုက်တော့ သူမတစ်ကိုယ်လုံး လေထဲမှာ တလွင့်လွင့်ယိမ်းထိုးနေသလိုလို၊ လေထဲမျောပါပျံဝဲသွားတော့မယ့်အတိုင်း။ ယိုင်လုလုခြေထောက်တွေကို အားတင်းမတ်ရပ်လိုက်ပြီး နံပါတ်စဉ်ပြန်ရေတွက်လိုက်တယ်။
တစ်
နှစ်....
အို....လီလီပန်းရနံ့တွေ....၊ လီလီပန်းရနံ့တွေနဲ့အတူ အမျိုးသမီးရဲ့ဘေးတစောင်းမျက်နှာကို ပကတိအနေအထားအတိုင်း သူမမျက်လုံးထဲ ပြန်တွေ့လိုက်ရတယ်။ လီလီပန်းရနံ့တွေဟာ သင်းသင်းကလေးပျံ့နေရာက စူးစူးဝါးဝါး….၊ သူမနှာခေါင်းထဲ တိုးဝင်တယ်။ အသက် ၃၈နှစ်နဲ့ ဘဝတစ်ခုအဆုံးသတ်သွားခဲ့တဲ့ မိန်းမတစ်ယောက်လေ...။ ဘုရားရေ.... အမျိုးသမီး သူမအနားမှာ ရပ်နေသလား။ အမျိုးသမီးလက်ထဲမှာ လီလီပန်းတွေလား...။
အသံတွေ အသံတွေဟာ တိုးရာကနေ ကျယ်ကျယ်လောင်လောင်ကြီး ဆူပွက်လာတယ်။ တိုက်ခတ်မိသံတွေလား၊ အော်သံဟစ်သံတွေ ညံကနဲမှာ သူမမျက်လုံးတွေကိုဖွင့်ပြီး အောက်ဘက်ကို ငုံ့ကြည့်လိုက်မိတယ်။ ခုနက ကတ္တရာလမ်းမအနက်ရောင်ဟာ အနီမှောင်မှောင်သွေးတွေ ကြဲပက်ထားလို့။ ကားတစီး လမ်းမအလယ်မှာ တိမ်းမှောက်လို့၊ တလံအကွာလောက်မှာ တုံးလုံးလဲကျနေတဲ့ လူတယောက်။ အရေးပေါ်လူနာတင်ကား ဥသြဆွဲသံတွေ၊  အခင်းဖြစ်ရာကို လူတွေ စီကနဲဝိုင်းအုံပြိုကျလာသံတွေ....၊ အခြေအနေကို သူမ သိလိုက်တယ်။ ကြည့်စမ်း သေခြင်းတရားဟာ တယောက်မဟုတ်တယောက်အနားမှာ နီးနီကပ်ကပ်ကြီးကို ရှိလို့နေတာ။
ခုပဲ သူမမျက်စိအောက်မှာ သေခြင်းတရားတခု လောလောလတ်လတ်မြင်နေရပြီ...။ တုံးလုံးလေး လဲကျနေတဲ့ လမ်းပေါ်က လူက ယောကျာ်းလား၊ မိန်းမလား...။  သူမနှလုံးတွေ တဒိတ်ဒိတ်ဆောင့်ခုန်လာကြတယ်....
ဟော ခြေသံကြားတယ်။
သူမအနောက်တည့်တည့်ကပ်ရပ်လိုက်ရင်း အောက်ဘက်ကို ငုံ့ကြည့်လိုက်တဲ့ လုံခြုံရေးတာဝန်ကျအမျိုးသား....။ သွားပြီ... သူဟာ  သူမနဲ့သေခြင်းတရားအကြား စည်းသုံးတန်တားလိုက်လေတယ်။
အုတ်ဘောင်ပေါ်ကနေပြန်ဆင်းပြီး ချွတ်ထားတဲ့ဖိနပ်ထဲ သူမခြေထောက်ကို အသာလျှိုသွင်းလိုက်တယ်။ အမျိုးသားက အောက်ဘက်ကိုကဲကြည့်ရင်းက သူမကို ဝေ့ကနဲကြည့်တယ်။ မျက်ခုံးတွေကို အတွန့်ချိုးကြည့်လိုက်တဲ့အကြည့်ထဲမှာ မေးခွန်းတွေအများကြီးဆိုတာ သူမ သိသားပဲ။ သူမကတော့ လက်ရှိဘဝကို သူမလက်ဖဝါးထဲ နာနာထည့်လို့ ဆုတ်ချေနေမိတာ မွမွကိုကြေမတတ်…
ကောင်းကင်နဲ့မြေကြီးအကြား ရှင်သန်ဖို့ရာခက်ခဲတယ်ဆိုလည်း သေခြင်းတရားက ပိုခက်ခဲလို့နေတော့တာ။ အနည်းဆုံးတော့ သူမအတွက်ပေါ့၊ သေခြင်းတရားဟာ သူမဆီရောက်လာဖို့ ခဲခက်လိုက်တာ...

စိတ်အသေတွေကိုကောက်ယူပြီး ခေါင်မိုးဥယျာဉ်ကလေးပေါ်က သူမ ပြန်ဆင်းလာလိုက်တယ်။ ပြန်မဆင်းခင်မှာ လုံခြုံရေးအမျိုးသားကို စကားတခွန်းမေးဖြစ်အောင် မေးလိုက်သေးရဲ့။

ဘဝမှာ ရှင့်စိတ်တွေ ဘယ်နှစ်ခါသေခဲ့ဖူးသလဲ....”


People's Digest Magazine
Issue 2, March 2017

ချစ်ကြည်အေး