Tuesday, September 29, 2015

စိတ်အလွင့်...

ရီဝေမှုန်မှိုင်းနေတဲ့ ည....။

ကျွန်မမျက်လုံးရှေ့အရာအားလုံးဟာ ခပ်ဖျော့ဖျောအရောင်တွေနဲ့သာ။ ရေများများနဲ့ ကျဲကျဲရေးခြယ်ထားတဲ့ ခပ်ပြေပြေရေဆေးပန်းချီတစ်ချပ်လိုရယ် ဖျော့တော့တော့ကလေး မှုန်ဝေတယ်....။ ဟိုးအဝေးကြီးကို တစ်ချက်ငေးကြည့်လိုက်တော့ မြင်နေရသလိုလိုနဲ့ အမြင်အာရုံထဲ ဘာတစ်ခုမှ မယ်မယ်ရရ ဖမ်းဆုပ်မရနိုင်ပြန်။ ည၉နာရီထိုးဖို့ ၁၅မိနစ်။ ညစာအတွက် နောက်ကျချိန်၊ အိမ်မပြန်ချင်သေးပါဘူးကွယ်...။ ဟိုနားဒီနားလျှောက်ဖို့အတွက်လည်း နောက်ကျနေပြန်၊ ညာဘက်ပုခုံးပေါ်က လွယ်နေကျရုံးလွယ်အိတ်ရယ်၊ ဘယ်ဘက်ပုခုံးပေါ်မှာ ကွန်ပြူတာအိတ်ရယ်။ ပုခုံးနှစ်ဘက်လုံးဆီက လေးလံမှုတွေကို ခြေထောက်တွေကသယ်ပိုးလို့ ကျွန်မ ဆက်လျှောက်လာခဲ့မိတယ်။ ဘဝကြီးဟာ အဲသလို လေးလံမှုတွေနဲ့ ပြည့်နှက်နေကြေးတဲ့လား....။ မာကျောနေကျစိတ်ဓါတ်တွေဟာ တစ်ခါတစ်ခါတော့လည်း အရာရာကို အရှုံးပေးပျော့ညံ့လိုက်ချင်မိတယ်။

ဘာများရွေးချယ်ခွင့်ရှိလို့လဲကွယ်....။ စိတ်တွေကို ခြေပစ်လက်ပစ်လွှတ်လွှတ်ချမိတာ ခဏခဏ။ ကြေမွပြီးသားစိတ်တွေဟာ ခဏခဏအက်ကြောင်းထလို့ အပြီးတိုင်သေဆုံးမသွားနိုင်တဲ့ဒုက္ခကို ဝဋ္ဋ်တစ်ခုလို့ နာမည်ပေးချင်လှရဲ့။

တက်ကစီစောင့်နေတာ ဆယ်မိနစ်ကျော်ကြာခဲ့ပြီ။ ကျွန်မရှေ့က လူတန်းကြီး တရွေ့ရွေ့ ရှေ့ရောက်သွားကြချိန်မှာ တန်းစီနေတဲ့လူတန်းကြီးဆီက လှည့်ထွက်လာခဲ့မိတယ်။ ရထားဘူတာရုံဘက်ဦးတည်တဲ့ ခြေထောက်တွေက တွေ့ရာစားသောက်ဆိုင်တစ်ခုထဲ လှမ်းဝင်မိပြီးဖြစ်တယ်။ မှာလိုက်တဲ့အအေးတစ်ခွက်ဟာ ဘာကြောင့်များ ထောပတ်သီးဖျော်ရည် ဖြစ်နေရတာပါလိမ့်။ ဆယ်ပြားစေ့ကလေးတွေ ချိုင့်ဝင်နေသလို ဖန်ခွက်နံရံတွေက မှုန်ကြည်ကြည်မို့ အထဲကို ပြတ်ပြတ်သားသားမမြင်ရလည်းဘဲ ဒါဟာ ထောပတ်သီးဖျော်ရည်လို့သိနေနိုင်သေးတာပဲ။ 

ဒီဆိုင်ကဖျော်ရည်တွေဟာ မျက်ရည်တွေနဲ့များ ဖျော်သလား...။ ကြောင်အအငေးနေမိဆဲ ရှေ့ကအအေးခွက်ထဲ ကျွန်မမျက်ရည်စက်တွေ....ဟောတစ်စက် ဟောတစ်စက်နဲ့...။ အင်း...အဲဒီတော့ ဘာဖြစ်သလဲ...၊ တဆစ်ဆစ်ဘယ်ဘက်ရင်ညွန့်က အနာကို ညာလက်နဲ့ထောက်ထားဆဲမှာ ခေါင်းကို ခပ်သာသာခါမိရဲ့။

“ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလိုပဲ ငါထင်တယ်မင်းနဲ့ဆုံတိုင်းလေ အကြည့်တွေ ရင်ဖိုလှိုက်မောလို့နေ”

လက်တွေက ဖော်ဝပ်မြားကလေးကို အလိုလိုကျော်လိုက်ပြီးဖြစ်တယ်။ နားက နားကြပ်နှစ်ဘက်လုံးကိုလည်း ဖျတ်ကနဲဆွဲဖြုတ်လိုက်မိတယ်။ မဖျက်ပစ်ရက်တဲ့သီချင်း...၊ နားလည်းမထောင်ရဲတဲ့သီချင်းတစ်ပုဒ်ဟာ ကျွန်မဖုန်းထဲမှာ မောင်ပို့ပေးထားခဲ့တဲ့အတိုင်း သိမ်းထားမြဲရှိနေတာ...။ 

အပြင်မှာ မီးခိုးငွေ့တွေ မှုန်ရီဆဲ၊ ကျွန်မမျက်ဝန်းမှာပါ မှုန်ရီလာလို့ရယ်...။

ထိုင်နေရက်က ထွက်ပြေးနေမိတဲ့စိတ်တွေ...။ မဟုတ်သေးဘူး၊ အမိခံနေတဲ့စိတ်ဆိုရင် ပိုမှန်မလားပဲ။ မမြင်နိုင်တဲ့ချည်နှောင်မှုတွေထဲက  ကျွန်မ ခဏခဏရုန်းထွက်မိတိုင်း တလည်လည် ပြန်ရောက်နေတတ်တော့ ခက်ရချည့်ကွယ်။ ဒါနဲ့ပဲ ခဏခဏအမိခံ ရစ်ပတ်တွယ်နှောင်ရင်း အသက်ရှူရခက်တဲ့နေ့ညတွေထဲ ရှင်သန်ပြန်ရရဲ့။

“ဒီလလည်းပဲ တားဂက်မမီပြန်ဘူးနော်....”

အလုပ်ဖိစီးမှုတွေက ဒီရက်တွေထဲ ဆူးတစ်ချောင်းလို ခန္ဓာအနှံ့စိုက်ဝင်လေတယ်။ နည်းနည်းကလေးမှ မလွန့်သာဘူး။ အိမ်ကိုသယ်ယူလာရတဲ့ ကွန်ပြူတာထဲမှာ အဲဒီအလုပ်ဖိစီးမှုတွေရှိတယ်။ ကျွန်မအိမ်အရောက် လိုက်လာတတ်တဲ့အလုပ်တွေကို သိပ်မုန်းတာပဲ။

“သူက ခု မရိုက်တော့ပြန်ဘူး။ လိမ္မာနေပြန်ပြီ။ ခွေးမြီးကောက်ကျည်တောက်စွတ်ဆိုတော့ ဘယ်တော့ပြန်ကောက်ဦးမလဲ ငါ မပြောတတ်ပါဘူးဟာ”

ရုံးကစာရေးမ အေမီ ပြုံးပြီးပြောတော့ ကျွန်မ စိတ်လိုလက်ရ ပြန်ပြုံးပြလိုက်မိတယ်။ ဒါ ကောင်းတာပေါ့။ ကျွန်မခဏခဏကြားနေခဲ့ဖူးတဲ့ အိမ်တွင်းရေးအကြမ်းဖက်မှုတစ်ခုဟာ ခုလို အေးဆေးငြိမ်သက်သွားတယ်ဆိုတာ။ ခက်တာက သူ့ခင်ပွန်း အဲရစ်ဟာ ခဏပဲ အချိုးပြောင်းတာ။ တော်ကြာ မိန်းမကို လည်ပင်းညှစ်လို့ နောက်တစ်နေ့မနက်ကျ လည်ပင်းမှာ အညိုအမည်းစွဲပြီး ရုံးတက်လာတဲ့ အေမီ့ကို တွေ့ကြရပြန်တာပဲ။

အချစ်ဆိုတာ....။ 
ကျွန်မ အေမီ့ကို မေးကြည့်ရင်ကောင်းမလား၊ မူးလာတိုင်း သွေးဆိုး၊ အပြစ်ရှာရိုက်နှက်တတ်တဲ့ ယောကျာ်းတစ်ယောက်အပေါ် အေမီ့အချစ်က ဘာတဲ့လဲ၊ “သူက ငါ့ကို ချစ်တာတော့ တော်တော်ချစ်ပါတယ်၊ သူက စိတ်မရှည်တာ ငါကလည်း တုံးတာ အတာကိုးဟာ”လို့ ပြောနေကျအတိုင်း အေမီက ပြောလိမ့်ဦးမယ်။ ကျွန်မ ဟက်ကနဲတစ်ချက်ရယ်မိတယ်။ တော်ပါကွယ်...အချစ်ဆိုတာဟာ လူယောကျာ်းတစ်ယောက်က လူမိန်းမတစ်ယောက်ကို အနိုင်ကျင့်ဖို့သက်သက် ခပ်ချိုချိုနာမည်တပ်ထားတဲ့အရာ....။ ကျွန်မစိတ်တွေကို မောင် အနိုင်ကျင့်ခဲ့တယ်။ ကျွန်မစိတ်တွေကို မောင် ပုံသွင်းခိုင်းစေခဲ့တယ်။ တော်လောက်ပါပြီကွယ်...။

တစ်ညလုံးမှာ ဘယ်နှစ်နာရီများ ကျွန်မ အိပ်စက်ခဲ့ပါလိမ့်။ အများဆုံးရှိမှ လေး-ငါးနာရီရယ်...။ ကျွန်မက ပုံမှန်ဆို ခွန်နှစ်နာရီလောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ရမှ အိပ်ရေးဝသူလေ။ အိပ်ချိန်ကို ပြည့်ပြည့်ဝဝ မအိပ်ရတာ ဘယ်လောက်များကြာခဲ့ပြီလဲဆိုတာ မျက်လုံးအောက်ခြေက အကွင်းလိုက်ညိုနေတာက သက်သေပေါ့။ နေပါဦး၊ ကျွန်မ မအိပ်ဘဲ ဘာတွေလုပ်နေမိပါလိမ့်....။ နှိုးစက်မြည်ပြီး၊ ပိတ်ပြီးလို့ ဆယ်မိနစ်လောက်ထိ အိပ်ရာကမထချင်ဘဲ ဆက်မှိန်းနေတတ်တာကလည်း အိပ်ရေးမဝတိုင်းဖြစ်နေကျ အကျင့်တစ်ခုပဲဆိုပါတော့။ မထချင်သေးဘူး ဆက်အိပ်လိုက်ချင်သေးတယ်။ မဖြစ်နိုင်ဘူး ထမှ၊ တော်ကြာ အလုပ်က ခဏခဏနောက်ကျလို့ မဖြစ်ဘူး။ အိပ်ရာက အားယူထလိုက်ပြီး ရေချိုးခန်းဝင်၊ ရေအမြန်ချိုးပြီးတော့ အဝတ်အစားတစ်စုံကောက်ဝတ်၊ မျက်နှာပေါ် BB ကရင်မ်ပါးပါးလူး၊ ပေါင်ဒါလေးပုတ်ပြီး ရုံးအိတ်ကိုလွယ်၊ အိမ်က အပြေးအလွှားထွက်၊ ဒါ ကျွန်မနိစ္စဒူဝ...။ စက်ရုပ်တစ်ရုပ်လို...။

ကျွန်မရှေ့က အအေးခွက်ထဲမှာ ဘာမှမကျန်တော့။ ည ဆယ်နာရီခွဲပြီ။ ကျွန်မပြန်ဖို့သင့်ပြီ။ ပိုက်ဆံရှင်းပြီး ခုံလွတ်ပေါ်တင်ထားတဲ့ ကွန်ပြူတာအိတ်ကို ဘယ်ဘက်ပုခုံးပေါ်တင်၊ ရုံးလွယ်အိတ်ကို ညာဘက်ပုခုံးပေါ်တင်လို့ ဘယ်ခြေလှမ်းတစ်လှမ်းကို ရှေ့ထုတ်ရတယ်။ နောက်ညာခြေတစ်လှမ်း...နောက် ဘယ်ခြေတစ်လှမ်း...။ တူရူကို လျှောက်နေတယ်။ အဖြောင့်အတိုင်း ရွေ့နေတယ်။ 

ရပ်ပစ်လိုက်လို့ မရဘူးတဲ့လားဟင်....။ ကျွန်မ ဆက်မလျှောက်ချင်လို့ မရဘူးတဲ့လား...။ ရပ်ထားလိုက်လို့သာရရင် အပျော်ဆုံးအချိန်တစ်ချိန်ပိုင်ဆိုင်နေချိန်မှာ ကျွန်မ ရပ်ထားခဲ့မှာ။ အတ္တကြီးတယ်ပဲပြောပြော မောင့်အချစ်တွေ သူများလက်ထဲမရောက်ခင်၊ ကျွန်မဆီမှာ မောင့်အချစ်တွေ လက်ဆုပ်လက်ကိုင်ရှိနေချိန်...။ အဲဒီအချိန်ကလေး တခဏကို ကျွန်မ ရပ်ထားခဲ့ပစ်ချင်ရဲ့။

မိုးစက်တွေ...မျက်နှာပေါ်စိုစွတ်လာတဲ့ မိုးစက်တွေကြောင့် ညာဘက်ပုခုံးပေါ်လွယ်ထားတဲ့အိတ်ထဲက ထီးကိုဖွင့်ဆောင်းလိုက်တယ်။ ထီးကိုင်းတစ်ကိုင်းက ချုပ်ရိုးပြုတ်နေပြီး ထီးရွက်အပြင်ဘက်ကို ငေါထွက်နေတဲ့ ထီးကိုင်းတစ်ချောင်းကို ငေါင်းစင်းစင်းတွေ့လိုက်ရတယ်။ သတိထားမိတာ ကြာပြီပဲ။ အပ်ချည်နဲ့ပြန်တုတ်ဦးမှလို့ တွေ့တိုင်းတွေးဖြစ်တာလည်း ကြာပြီ။ ကျွန်မအလုပ်တွေ ဘာတွေများ များနေခဲ့ပါလိမ့်။ လူလား စိတ်လား...မအားလပ်တာတော့ အမှန်။ ဘေးဘီဝဲယာကလူတွေ ကျွန်မမြင်ကွင်းထဲ ရောက်မလာတာ အံ့သြစရာ။ ဒီလမ်းမကြီးပေါ်မှာ ကျွန်မတစ်ယောက်ထဲလိုလို....။ ဒီလမ်းမကြီးကို ကျွန်မတစ်ယောက်ထဲ ပိုင်သလိုလို။ လျှောက်နေပုံက ပိုင်ပိုင်စိုးစိုးရှိလှတယ်။ ဆက်လျှောက်နေရပြန်ပြီ။

မျက်စေ့ရှေ့က မီးရောင်တွေ စက်ဝိုင်းပုံတွေ ဖြာကျနေပုံ။ မိုးစက်တွေကြောင့် ဖွာကနဲ ဖွာကနဲဖြစ်နေပုံ...။ တစ်ခါတစ်ခါ စက်ဝိုင်းရောင်စုံတွေဟာ အမြင်အာရုံမှာ တစ်ခုနဲ့တစ်ခု ပူးကပ် ဝေဝါးသွားကြပုံ။ စက်ဝိုင်းရောင်စုံတွေဟာ ကျွန်မဆီ ပြေးဝင်လာလိုက်၊ ကျွန်မနဲ့ဝေးသွားလိုက်...။ ကျွန်မ ဆက်မလျှောက်ချင်ပါဘူး မောင်ရာ...။

ပါးပြင်တွေ ပူနွေးလာတာဟာ မိုးရေစက်တွေကြောင့်တော့ မဟုတ်ဘူးဘဲ....။

အို...အဲဒီမျက်ရည်ပူတွေကြောင့်ပေါ့၊ အဲဒီမျက်ရည်ပူတွေကြောင့်သာ ကျွန်မဟာ စက်ရုပ်တစ်ရုပ် မဟုတ်သေးတဲ့အကြောင်း သက်သေပြနိုင်တာ။ အဲသလို မထင်ဘူးလားဟင်...။ ဟုတ်တယ်...ကျွန်မပါးပြင်ပေါ် မျက်ရည်တွေကျလာတိုင်း မောင်နဲ့ကျွန်မကြားမှာ သံယောဇဉ်ဆိုတဲ့ ကြိုးကလေး ခပ်တဲတဲရှိနေသေးတယ်လို့ ကျွန်မ နားလည်ရတယ်။ တစ်ဘက်ကခုတ်ချတိုင်း တစ်ဘက်ကပြတ်တောက်ရကြေးဆို ကျွန်မပြောခဲ့တဲ့သံယောဇဉ်က အသက်ငင်နေလှပြီပဲ။

မနက်ဖြန် ရီပေါ့တွေအပြီးတင်ရမယ့်နေ့ပဲ...။ အလုပ်အတွက်  အိပ်ချိန်တွေထဲက ဖဲ့ယူရဦးမယ့်ညပဲပေါ့။ ဘယ်ဘက်ပုခုံးပေါ်လွယ်ထားတဲ့ ကွန်ပြူတာကို လွှတ်ချပစ်လိုက်ချင်တဲ့စိတ်တွေကို ထိန်းစမ်း...။ စိတ်တွေကို ပြန် အမိန့်ပေးလိုက်တယ်။ ဘဝမှာ အမိန့်ပေးတိုင်း နာခံတတ်တဲ့စိတ်တွေသာ ကျွန်မပိုင်ဆိုင်ခွင့်ရှိတယ်ဆို ဘယ်လောက်များကောင်းလိမ့်မလဲကွယ်....။

အိမ်တံခါးသော့ကို ဖွင့်ပြီး လှမ်းဝင်၊ လက်ကလည်း ဖွင့်နေကျအခန်းမီးကို ဖွင့်၊ ထီးအစိုကို ရေချိုးခန်းထဲမှာ ဖွင့်ရက်အတိုင်းချထား၊ ဘယ်ဘက်ပုခုံးပေါ်က ကွန်ပြူတာ ချ၊ ညာဘက်ပုခုံးပေါ်က ရုံးလွယ်အိတ်ကို မချမီ ကျွန်မအကြည့်တွေက ကျွန်မရုံးလွယ်အိတ်ဆီ ရောက်တယ်။ နာကျင်ကိုက်ခဲလာတဲ့ ပုခုံးသားတွေကို လက်တစ်ဘက်က နှိပ်နယ်နေရင်း ရုံးလွယ်အိတ်ကို ဖွင့်ကြည့်လိုက်မိတယ်။ တိုင်ကပ်နာရီက ဆယ့်တစ်နာရီလို့ပြနေပြီ။

ကျွန်မဆင်းရမယ့် ရထားဘူတာကျော်သွားလို့ အနောက်ကို ၂ဘူတာ ပြန်ထပ်စီးလာရတယ်။ ကျွန်မ ပင်ပမ်းလှပြီ။ နားချင်လှပြီ။ ဆင်းရမယ့်ဘူတာနာမည် ကြေငြာသံကိုမှ မကြားနိုင်အောင် ကျွန်မအတွေးတွေ....ပြန့်လွင့်နေတဲ့စိတ်တွေ...။ ကျွန်မ ကိုယ့်ကိုယ်ကို ပြန်ကျိန်ဆဲမိတော့တယ်။

ကျွန်မရုံးလွယ်အိတ်ထဲမှာ မလိုအပ်တာတွေ များလှပါလား။ ပထမဆုံး အကြွေအိတ်ထဲက ကျပ်စေ့တွေ ငါးမူးစေ့တွေကို ကလေးများပညာရေးအတွက် လှူရန်ဆိုတဲ့ စုဘူးထဲတည့်လိုက်တယ်။ စာကြည့်မျက်မှန်တစ်လက်၊ ပါဝါမပါတဲ့ ဖန်စီမျက်မှန်တစ်လက်၊ နေကာမျက်မှန်တစ်လက်။ စာကြည့်မျက်မှန်ပဲ ချန်ပြီး ကျန်တဲ့မျက်မှန် နှစ်လက်ကို အိပ်ရာဘေးက အံဆွဲလေးထဲ ထည့်သိမ်းလိုက်တယ်။ ပလပ်စတစ်ဇွန်းလေးတွေ ၄-၅ချောင်းတွေ့ပြန်တယ်။ ရေခဲမုန့်စားတဲ့ဇွန်းလေးတွေ ဆေးကြောပြီး သိမ်းထားတာ။ အိမ်မှာ ဆားဇွန်း အချိုမှုန့်ဇွန်းတပ်လို့ရတယ်ဆိုပြီးလေ။ ကျွန်မပိုက်ဆံအိတ်ထဲမှာ ဈေးဝယ်ပြီးသား ဖြတ်ပိုင်းတွေ၊ လိပ်စာကပ်ပြားတွေ မလိုတာတွေ အကုန် ထုတ်လိုက်တယ်။ လမ်းမှာ ကမ်းတဲ့ကြော်ငြာတွေ ဖတ်ပြီး သိမ်းထားတာလည်း ပါသေးရဲ့။ မလိုတာတွေအကုန် သိမ်းကျုံးထည့်ထားတော့ ကျွန်မရုံးလွယ်အိတ်က မလိုအပ်ပါဘဲ လေးလံနေတော့တာ။ ညာဘက်ပုခုံးကို နှိပ်နယ်ရင်း မနက်ဖြန်တော့ ရုံးလွယ်အိတ်က ပေါ့ပါးသင့်သလောက် ပေါ့သွားပြီလို့ တွေးတယ်။

ဆယ့်တစ်နာရီခွဲတော့မယ်။ ခုမှ ကွန်ပြူတာအိတ်ကိုင်ရတယ်။ ရုံးအလုပ်တွေ....မနက်ဖြန်အပြီးတင်ရမယ့် စာရင်းတွေ...။ ဘယ်အချိန်မှအိပ်ရမယ် မသိတော့။ ဒီကြားထဲ ရထားဘူတာကျော်သွားတော့ မိနစ် ၂ဝလောက်ပါသွားသေးတာ....။ ကျွန်မ ဘာတွေများ တွေးမိနေပါလိမ့်....။ ကျွန်မခေါင်းထဲမှာ ပြည့်သိပ်ကြပ်ခဲနေတာတွေက လက်ရှိမဟုတ်ဘူး။ အတိတ်တွေ.....မနက်ဖြန်တွေ....။ ပြီးခဲ့တာတွေ...မဖြစ်သေးတာတွေ...။ နာကျင်စရာတွေ....။ ထုတ်ပစ်လို့ ရနိုင်မလားဟင်...။

ကျွန်မစိတ်ထဲ လေးလံမှုတွေ ပြည့်သိပ်ဖိစီးနေတာတွေ အကုန်ချထားပစ်ခဲ့လို့ ရနိုင်မလား....။ အလုပ် လုပ်ရမယ်....။ ကျွန်မစိတ်တွေ ပြန့်ကြဲလာတိုင်း တာဝန်တွေ အလုပ်တွေနဲ့ ဖိချထားခဲ့ရမြဲလေ....။ ဖြည်းဖြည်း....ကျွန်မစိတ်တွေထဲက မလိုတာတွေ လှည်းကျင်းရှင်းလင်းဖို့ရာ အချိန်တော့ ယူရမယ်။

 နောက်တစ်နေ့ကျရင်တော့ ပေါ့ပါးသွားတဲ့အိတ်ရယ်၊ မလိုတာတွေ လွှတ်ချထားခဲ့တဲ့စိတ်ရယ်...ကျွန်မ ပေါ့ပါးနေမှာပဲနော်....။ 

ကျွန်မတို့ဟာ ဘဝမှာ မလိုအပ်တာတွေ သယ်ဆောင်နေကြရင်း စိတ်ရောကိုယ်ကိုပါ လေးလံစေတာ....။

လောလောဆယ် တဆစ်ဆစ်ကိုက်ခဲလာတဲ့ခေါင်းကြောင့် အကိုက်အခဲပျောက်ဆေးပြားတစ်ပြားကို ရေနဲ့မျှောချ သောက်လိုက်ရတယ်။ ရှေ့က ကွန်ပြူတာဝင်းဒိုးထဲမှာတော့ စာလုံးတွေက တဖျတ်ဖျတ်ပြေးလို့ရယ်....




0 comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်