Sunday, July 5, 2015

သူကလေး (၃)

ခံစားရလွန်းလို့ ဘယ်တော့မှမစစ်တော့ဟု စိတ်ပိုင်းဖြတ်ထားကာ မစစ်ခဲ့သမျှ၊ ပြီးခဲ့သောတစ်လက ကျော်ခဲ့သောသွေးသည် ခုဖြင့် နှစ်လနီးပါးရှိတော့မည်။ ကြည့်စိတ်တို့ တဆတ်ဆတ်ခုန်လာပြန်သည်။ သူက ကြည့်လက်တို့ကို ဖျစ်ညှစ်ဆုတ်ကိုင်ကာ ကြည့်သွေးခုန်နှုန်းတို့ကို နှေးကွေးစေသည်။ ဓါတ်ခွဲခန်းဟု ဆိုင်းဘုတ်တပ်ထားသောကောင်တာအောက်မှာ ဆီးခွက်ကလေးကို ချစဉ် ကြည့်နာမည်ကပ်ထားသည့်ပုလင်းလေးကို တစ်ခြားသူပုလင်းတွေနှင့် ရောမလားစိုးရသေးသည်။ ဓါတ်ခွဲခန်းတာဝန်ရှိသူ အမျိုးသမီးက လက်အိတ်စွတ်ထားသော သူမလက်နှင့် ဖျတ်ကနဲ နောက်ဘက်ယူသွားမှ ကျန်ခဲ့သောပုလင်းများကိုကြည့်ကာ မရောထွေးနိုင်တော့ပြီဟု စိတ်ချလက်ချရှိရသည်။ “ခဏနေဆရာဝန်ပြန်ခေါ်ပါလိမ့်မယ်၊ အခန်းအပြင်မှာပဲစောင့်ပါ” ဟု နောက်လည်ပြန်ကြည့်ကာ ပြောလာသူ အမျိုးသမီးကို ခေါင်းညိတ်ပြကာ သူထိုင်နေသော ခုံတန်းကလေး ဆီ မျောကနဲပြန်ရောက်လာလေသည်။

ကြာမြင့်သည်ဟုစိတ်ကထင်သော အခိုက်အတန့်ခဏကလေးပါပဲ၊ ထိုခဏမှာပင် ကြည်တို့တိုကင်နံပါတ်ခေါ်သော မီးနီကလေးက အခန်း၂မှာလင်းလာတာမြင်တော့ ကြည် တောင့်ကနဲထရပ်ကာ အခန်း၂ဆီ တန်းကနဲ လျှောက်သွားမိစဉ် အသက်မျှပင်ရှူမိရဲ့လား မသေချာ။

ဆရာဝန်မျက်နှာရိပ်ကိုသာ အလွတ်မပေးတမ်းကြည့်လျက် “ကွန်ဂရက်ကျူလေးရှင်းပါ မစ်စ်ကြည် ခင်ဗျားမှာ ကိုယ်ဝန် ၇ပတ်နဲ့၎ရက်ရှိနေပါပြီ”ဆိုသည့်အသံမှာ ကြည့်မျက်ရည်များ မထိန်းနိုင်စွာ...ပေါက်ကနဲ ပေါက်ကနဲအကျ...။ သူက ကြည့်လက်မောင်းတို့ကို ဖျစ်ညှစ်ဆုတ်ကိုင်ရင်း နီကျင်လာသောသူ့မျက်ဝန်းများကို ခေါင်းမော့ခါစဉ်၊ ကြည့်မှာ  ထိုင်နေသောခုံနှင့် တင်ပါးတို့လွတ်မြောက်ကာ လူတစ်ကိုယ်လုံး မျောလွင့်ကာရယ်...။

ကြည့် အရပ်၊ ကိုယ်အလေးချိန်တို့ကို တိုင်းမှတ်သည်။ ကြည့်သွေးတို့ကို ဖောက်စစ်စဉ် ဆေးထိုးအပ်ပြွန်ထဲ ဆွေးညို့စွာ စီးဆင်းသွားသော သွေးစိမ်းရှင်ရှင်များကို အမှတ်မဲ့ငေးရင်းက ကြည် ကျန်းမာမှဖြစ်မည်ဟု တွေးသည်။ သူ့အတွက်.... သူကလေးအတွက်၊ ကြည်တို့ဘဝထဲကို မကြာခင်ရောက်ရှိလာတော့မယ့် သူကလေးအတွက် ကြည် ကျန်းမာနေမှဖြစ်မည်။ ဆေးလိပ်သောက်သလားဟု ဆရာဝန့်အမေးကို ကြည် ခေါင်းခါပြရင်း သူ့ကိုလှမ်းအကြည့် သူက “social smokerပါ အမြဲတော့ သောက်လေ့မရှိပါဘူး၊ လိုအပ်ရင် ကျွန်တော် မသောက်ဘဲလည်း နေနိုင်ပါတယ်”ဟု ဆိုသည်။ ဆရာဝန်က Passive smoking ခေါ်သော second-hand smoke (SHS)အကြောင်းပြောစဉ်မှာ သူက ခေါင်းတညိတ်ညိတ်နှင့် နားထောင်သည်။ ကိုယ်ဝန်ရှိနေစဉ် လင်ကိုယ်မယားနေမှုထိုင်မှုတွေ၊ ဆောင်ရန်ဆောင်ရန်တွေ၊ အစားအသောက်အနေအထိုင် စုံလင်စွာဆိုစဉ် ကြည်တို့နှစ်ယောက်လုံး သေချာနားစိုက်ထောင်ရသည်။

ပြီးတော့ ကြည့်မှာ အစဉ်စွဲသောက်နေရတဲ့ဆေးတွေ၊ တစ်ခြားသောရောဂါတွေ ရှိ မရှိမေးမြန်းသည်။ ကြည့်မှာက သွေးနီဥနည်းသည့်ရောဂါရှိတာမို့ Sangobionဆိုတဲ့ဆေးတစ်မျိုးကို ကြည် နေ့စဉ်သောက်ရပါသည်။ သွေးအဖြေ ရရင်တော့ သွေးထဲက ဟေမိုဂလိုဘင်စစ်ချက်ကောင်းနေပါစေဟု ဆုတောင်းမိပြန်သည်။

ဖောလစ်အက်ဆစ်ရယ်၊ ငါးကြီးဆီရယ်သောက်ဆေးအဖြစ်ပေးပြီး နောက်နှစ်ပတ်အကြာမှာ ပြန်လာပြဖို့ ချိန်းသည်။ ဆေးခန်းမှအပြန် လမ်းလျှောက်မှပင် တုန်ယင်နေသောကြည့်ဒူးများကို သတိထားမိသည်။ အပျော်လွန်သည်လား၊ ဝမ်းနည်းသည်လားမသိတတ်နိုင်သော ရောထွေးခံစားမှုများမှာ ကြည် လွတ်လွတ်လပ်လပ်ကြီးလိုက်ပါပစ်လိုက်သည်။

သူကလေး...
ကြည်တို့ အနှစ်နှစ်အလလ မျှော်စောင့်ခဲ့ရသော သူကလေး...
ခု သူကလေးက ကြည့်ဝမ်းဘိုက်ထဲမှာ တဲ့.... သူ တကယ်ရောက်လာခဲ့ပြီ တဲ့....။

ကြည်သည် တက္ကစီပေါ်မှာပင် အိကနဲငိုကြွေးမိတော့တာ၊ သူက ကြည့်ခေါင်းကို အလိုက်တသင့် သူ့ရင်ခွင်ထဲပွေ့ပိုက်လာသည်။ သူ့ရှပ်အင်္ကျီရင်ဘတ်တစ်ခုလုံး ကြည့်မျက်ရည်တို့စိုအောင် ကြည် ငိုချခဲ့မိလိုက်သည်။ ဘာကလေးမှန်း မသိသေး....၊ သားကလေးလား၊ သမီးကလေးလား ဘာမှန်းမသိလည်းဘဲ ဘာလေးပဲရရ ကြည် ပျော်မှာ၊ ကြည်နှင့်သူ့သွေးသားတို့ပေါင်းစပ်မှုပင် မဟုတ်လား။

အိမ်ပြန်ရောက်ရောက်ချင်း သူ အရင်ဆုံးလုပ်တာက နှစ်ဘက်မိဘများဆီ ဖုန်းဆက်အသိပေးခြင်းပင်။ ပျော်နေတဲ့ မိဘတွေအသံဟာ ကြည့်မျက်ဝန်းကမျက်ရည်တို့ကို သွေ့ခြောက်စေသည်။ “ဂရုစိုက်နော် သမီးကြည်၊ လိုအပ်ရင် မေမေလာခဲ့မယ်၊ ကြိုတော့ ပြောနော်သမီး၊ ဘာမှ မကြောက်နဲ့နော်”ဟူသော မေမေ့စကားမှာ ကြည် မျက်ရည်ဝဲရပြန်သည်။ ကြည့်ကိုရော မေမေ ဘယ်လိုများမွေးခဲ့ပါလိမ့်၊ သမီးဦးမို့ Labor painက အကြာကြီး၊ တစ်ရက်နီးပါးဟုသိရစဉ် “မေမေသနားပါတယ် သိပ်နာခဲ့မှာပဲ”ဟု ကြည် ဆိုခဲ့ဖူးသည်။

“နေဦး အရေးတကြီးလုပ်စရာတစ်ခု ရှိသေးတယ်”ဟုဆိုကာ အနီရောင်မျဉ်းကလေးနှစ်ကြောင်းထင်နေသော ကိုယ်ဝန်စစ်တံကလေးကို ဓါတ်ပုံရိုက်ကာ စတေးတပ်စ်တင်တော့ ကြည် အော်ရယ်မိရလေသည်။ “ဟာကွာ ဖရန်းအုန်းလီးလုပ်မနေဘူးကွာ ပတ်ပလစ်တင်တယ်ကွာ”ဟုဆိုကာ ပရိုက်ဗိတ်စီစက်တင်ကို ကမ္ဘာလုံးပုံလေး ပြောင်းလိုက်တာမို့ ကြည့်မှာ ငိုအားထက်ရယ်အားသန်။ ခဏလေးပါပဲ၊ မိတ်ဆွေ သူငယ်ချင်းများရဲ့ ကွန်ဂရက်ကျူလေးရှင်းမှာ သူ့မျက်နှာကြီးပြုံးမြလာတာကို ကြည် မြင်သည်။ ပြီးတော့ မလုပ်စဖူး လိုက်ခ်တွေကို ထိုင်ကြည့်ပျော်ရွှင်နေတာမို့ ကြည်လည်း သူနှင့်အတူ ကြည်နူးလာရသည်။

ပြီးတော့ သူက အစီအစဉ်တွေ ချက်ချင်းထိုင်ဆွဲသည်။ ကြည့်အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ ကလေးမွေးဖွားရလွယ်ကူသည်ဆိုသော ယောဂကျင့်စဉ်အတွက် ယောဂသင်တန်းတက်ရမည်ဟုလည်း ဆိုသည်။ အစားအသောက်ဆိုလည်း “အရင်ကလို Junk foodတွေ မစားရတော့ဘူးနော် ခဏလေးပဲဟာ သည်းခံနော်”ဟု ချော့ကာတစ်မျိုးဆိုပြန်သည်။

အခု ကြည့်ဘိုက်ထဲမှာ ၇ပတ်ရှိနေပြီဖြစ်တဲ့ သူကလေးက အပြင်လောကထဲရောက်လာဖို့ နောက်ထပ် ၃၃ပတ်လောက်ကြာဦးမှာတဲ့၊ ကြည့်မွေးဖွားနေ့ရက်က အဲသည့်မှာ ရောက်ရှိလာမှာမို့ ဆောင်းဦးပေါက်ကာလဖြစ်မည်။ ကြည်သည် အညောင်းမိတယ်ဆိုကာ သူတားချင်လည်း တားပါစေ၊ သူကလေးအတွက် ခြေအိတ်လက်အိတ်ကလေးတွေ၊ အနွေးထည်ကလေးတွေကို ကိုယ်တိုင်ထိုးဖို့ အင်တာနက်ထဲမှာ ဒီဇိုင်းကြည့်ဖို့၊ ချည်လုံးအရောင်ရွေးဖို့ စိတ်ထဲက ကြိတ်တွေးနေပြီဖြစ်သည်။ 

ကြည့်အိပ်မက်ကလေးအတိုင်းဆို သူကလေးဟာ မိုးပေါ်က တိမ်ဆိုင်ကလေးလို ဖွေးနုနုဖြူမွမွကလေးဖြစ်မည်။ အဖြူရောင်ကလေးပဲ ထိုးရင်ရော...။ ကြည် ပြုံးမိသလားမဆိုနိုင်၊ သူကပါ ယောရောင်ပြုံးကာ ကြည့်ဘိုက်ကို သူ့လက်နှင့် ဖွဖွအုပ်ကိုင်သည်။ သူ့လက်ဖမိုးပေါ်မှာ ကြည့်လက်တို့ကို အုပ်မိုးကိုင်လိုက်တော့ သူက ကြည့်မျက်နှာကို မော့အကြည့် ကြည့်မျက်ဝန်းတို့ ဝေဝါးလာပြန်သလို မဆုံးနိုင်သောစိတ်လှုပ်ရှားမှုတို့က ကြည့်ကိုရော သူ့ကိုပါ လွမ်းခြုံပြန်သည်။

နောက်နှစ်ပတ်အကြာ ဆရာဝန်ဆီပြန်အပြမှာတော့ သူကလေးက ၉ပတ်ရှိခဲ့ပြီ။ အို...ကြည့်ပါဦး၊ ဆရာဝန်လက်ထဲက Dopplerလေးနှင့်ထောက်ကာ ပြတော့ သူက ကြည့်ဘိုက်ထဲမှာ မြေပဲတောင့်ကလေးလို ကွေးကွေးကလေးရယ်...၊ ပြီးတော့ ဆရာဝန်က ကိုယ်အလေးချိန်တိုင်းသည်။ မနက်ခင်းဖျားနာအော့အန်မှုတွေအပြင် ဘာတွေများဖြစ်သေးသလဲ၊ အစားအသောက် အနေအထိုင်ကအစ မေးမြန်းကာ ကယ်လစီယမ်ပါတဲ့အစားအသောက်တွေ ချိစ်၊ ငါးသေတ္တာ၊ ပန်းမုန်လာစိမ်းတွေ များများစားဖို့ပြောသည်။ ပေးနေကျဆေးတွေပဲဆက်ပေးကာ ၁၂ပတ်မှာ လာတပ်ပြပါဟု နောက်သုံးပတ်ခွာကာ ချိန်းလေသည်။

ကြည့်ဘိုက်က သားဦးမို့ ကြည်ကသာပြောပြမထားလျင် ဘေးလူများမသိနိုင်သေးသည့်အရွယ်မှာပင် ရှိသေးသည်။ သူကတော့ ဘိုက်ဖုံးအင်္ကျီလှလှလေးတွေရောင်းသောဆိုင်များရှေ့ ဖြတ်မိတိုင်း  ကြည့်ကိုလက်ကုတ်ကာ ပြလေ့ရှိသည်။ ဒါလေးဆို ကြည်နဲ့လိုက်မှာ၊ ဟိုအရောင်လေးဆို ကြည့်အသားနဲ့လိုက်မှာ တဖွဖွလုပ်လေ့ရှိသည်။ ကြည်က “အဲဒါတွေ မဝတ်ပါဘူး၊ old fashionတွေ၊ တီရှပ်ကို ဘိုက်ဖော်ပြီးဝတ်မှာ၊ ဘိုက်ပေါ်မှာ အလှဆင်တဲ့အနေနဲ့ လိပ်ပြာပုံတက်တူး ထိုးဦးမှာ”ဆိုတော့ ကြည့်ကို “ဆိုးလိုက်တဲ့မိန်းမကလေးကွာ”ဟုဆိုကာ ခေါင်းခေါက်သယောင် ပြုသည်။

သူက ကလေးပုံပိုစတာလေးတွေ ၄ခုဝယ်လာကာ ကြည်တို့ခုတင်ခြေရင်းမှာ အပြည့်ကပ်သည်။ ကြည်တို့ အိပ်နေရာကနေ ကုတင်ခြေရင်းဘက်ကို မျက်လုံးဝေ့ကြည့်ရုံမြင်သာသော အနေအထားမှာ။ “ဒါလေးတွေ များများကြည့်ပေး၊ ဒါပေမယ့် သမီးလေး မွေးလာရင်တော့ ကြည်နဲ့တူပါစေ”ဟု ဆိုသည်။ ကြည်က ပြုံးလိုက်ကာ “ဘာလေးမွေးမွေး ကြည်နဲ့ပဲတူရမယ်၊ အဲဒါမှ လှမှာ”ဟုအနိုင်ပိုင်းတော့ သူက တဟားဟားအော်ရယ်ကာ “အေးပါကွာ”ဟု ဖေ့စ်ဘုတ်ထဲကလေသံကိုအတုခိုးကာ ရိသဲ့လေသည်။

အို....တကယ်ပါ၊ ကြည့်နေ့ရက်တွေဟာ အခုမှ စတင်ကာ အသက်ဝင်လာတာ။ သူနဲ့ အတူနေအိမ်ထောင်သက်တမ်းတစ်လျှောက် ခုလောက် တစ်ခါမှ မပျော်စဖူး၊ သူကလေး ရောက်လာတော့မယ့်အဖြစ်ဟာ ကြည့်အရာရာကို သက်ဝင်ပြောင်းလဲစေတာ။

သက်တံခုံးကြီး ဘယ်နှစ်ရောင်

ဖြေကြည့်ပါလား မောင်

အမြင်မှာ လှသလောက်

နေရောင်လာတော့ သူက ပျောက်

လခြမ်းကွေးထဲ ဘာရှိတယ်

မီးလေး ဖြေပါကွယ်

ရှိပါသကွဲ့ ဖြေချင်စမ်း

ထမင်းဆီဆမ်း ရွှေလင်ပန်း...

ကြည်က အဲသည့်ကလေးကဗျာလေးစပ်ကာ သူကလေးကိုရွတ်ပြဖို့ဟုဆိုတော့ သူကလည်း အားကျမခံ ဆရာကြီးမင်သုဝဏ် ကလေးကဗျာတွေ သူ စုဦးမည်ဆိုသည်။
ကြည့်ပါဦး......ကြည်တို့ဘဝကလေးဟာ အခုမှ စတင်အရောင်စုံလင်လာတော့တာ။

တစ်နေ့ကတော့ ကြည့်သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောဖြစ်သည်။ “ကြည်က အခု ၁ဝပတ်ထဲမှာ”ဟု ဆိုတော့ “၁၁ပတ်ကနေ ၁၄ပတ်အတွင်းမှာ Down Syndrome စစ်ကြည့်သင့်တယ်နော် ကြည်၊ သိတယ်ဟုတ်”ဟု သတိပေးလာသည်။ ဟုတ်တာပေါ့…ကြည် လက်လှမ်းမီသလောက် ဖတ်ကြည့်ထားဖူးပါသည်။ ကြည်တို့လို အသက် ၃၅နှစ်အထက် ကိုယ်ဝန်ဆောင်သူမိန်းမများ စစ်ကြည့်သင့်သည်ဆိုပါသည်။  မဖြစ်မနေစစ်ကြရမည်ရယ်လို့တော့ မဟုတ်ပါ။ သို့သော် ထုံးစံအတိုင်း တစ်ခုခုဆို အာရုံထဲက လွယ်လွယ်မဖျောက်နိုင်သော ကြည့်အတွက် အင်မတန်ကြီးစွာသော စိတ်ဖိစီးမှုကြီးတစ်ခုအဖြစ် စားစားနေနေ သတိရပူပန်နေမိရတော့သည်။

သူကတော့ “မစစ်ဘူးကွာ ကိုယ်တို့ကလေးပဲ ဘယ်လိုလေးပဲဖြစ်ဖြစ် မွေးမယ်၊ သူ့ကုသိုလ်ပေါ့၊  Special Education Schools (SPED schools) ဆိုတဲ့ကျောင်းတွေ ရှိတာပဲ”ဟု ဆိုသည်။ ကြည်ကတော့ သက်ပြင်းမသိမသာချကာ စိတ်မသက်မသာဖြစ်ရသည်။ ကြည့်ဘိုက်ပေါ် လက်ကလေးတင်ကာ ရသမျှဘုရားစာစုံရွတ်ရပြန်သည်။

၁၂ပတ်ပြည့်လို့ ဆရာဝန်ဆီပြစဉ်မှာ Doppler ဆိုတာလေးနှင့် ကြည့်ဘိုက်ပေါ်ထောက်စစ်ကာ ပြသည်။ ဒီနေရာလေးကဖြင့် သွားဖုံးကလေးတွေ စထွက်တော့မယ်၊ ဒီနေရာကတော့ဖြင့် ခြေသည်းခွံပျော့ပျော့ကလေးပေါ့ စသည်ဖြင့် သူကလေးကို ကြည်တို့ တွေ့နေရပြီ။ ဒီအချိန်မှာ ဝမ်းတွင်းကလီစာတွေ စတင်ဖြစ်တည်ဖွံဖြိုးစပြုပြီဟုလည်း ဆရာဝန်က ဆိုသည်။ ကြည့်ကိုယ်အလေးချိန် ၄ပေါင်တိုးလာကာ တချို့မနက်တွေ ရုံးအသွားကားပေါ်မှာ အနည်းငယ် အန်ချင်တာလေးကလွဲလို့ အရင်ရက်တွေကလောက် မဆိုးတော့။

တစ်နေ့မနက်မှာတော့ ရုံးသွားဖို့ရေချိုးအပြီးမှာ ကြည့်ခြေသလုံးပေါ်က ရေစက်တွေစင်အောင်သုတ်ပြီးပါလျက်နှင့် ခပ်စိုစိုခံစားရတာကြောင့် ငုံ့ကြည့်လိုက်တော့ ကြည့်မျက်စိတွေ ပြာဝေမတတ်ဖြစ်သွားရသည်။ သွေးတွေ....ဘုရား ဘုရား ဘယ်လိုဖြစ်တာပါလိမ့်၊ ကြည် ချက်ချင်းပဲ သူ့ကို ဖုန်းဆက်ကာခေါ်တော့ သူက “မလှုပ်နဲ့ ကုတင်ပေါ်မှာ အသာလေးပက်လက်လှဲနေလိုက် ကိုယ် အခုပဲ လာခဲ့မယ်”ဟုဆိုသည်။ ကြည် ငိုမိတော့မည်။ အိပ်ရာပေါ် အသာလေးလှဲချလိုက်ရင်း ကြမ်းပြင်ပေါ်က သွေးစက်တို့ကို မကြည့်မိအောင်နေရသည်။ 

ကြာလိုက်တာ....၊ သူ့ အိမ်ပြန်အလာကိုစောင့်ရတာဟာ ဒီတစ်ခါ တစ်ကမ္ဘာဟုထင်သည်။ မြန်မြန်လေး လာပါတော့ကွယ် ကြည် စိတ်ပူလှပါပြီ။ မနေ့က ရုံးမှာ ဖိုင်တွေ သယ်မရွှေ့ခဲ့လို့များလား၊ ဘုရားရေ ကြည် ဘုရားသာအကြိမ်ကြိမ် တ မိလျက် မျက်ဝန်းများကို တင်းတင်းမှိတ်ထားလိုက်မိသည်။


ဆက်ပါဦးမယ်ရှင်



4 comments:

  1. အမရေ ဖတ်ရင်းနဲ့ ကိုယ်ပါစာထဲမျောပြီး စိတ်တွေမောလာလိုက်တာ။ အပိုင်းဆက်တွေကို စောင့်မျှော်နေပါသည်။

    ReplyDelete
  2. ၄ မှာဇတ်သိမ်းလှပါစေကွယ်။

    ReplyDelete
  3. ဟင်းးးး ဇာတ်သိမ်းကို မဖတ်ရဲတော့ဘူး အမချစ်ရယ် :(

    ReplyDelete
  4. တီတင့်က ၀မ်းနည်းတတ်တယ်နော် ဇာတ်သိမ်းလေး ကိုယ့်စိတ်အထင်အတိုင်း ဖြစ်လာပါစေ ♥♥♥

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...