Sunday, May 24, 2015

“မတူကွဲပြားခြင်းများရဲ့ အလှတရား”

တစ်နေ့လယ်ခင်းမတော့ ပန်ထရီ-pantryထဲမှာ ကော်ဖီဖျော်နေတဲ့သူ့ကို ကျွန်မ တွေ့လိုက်ရတယ်။ သူက ခေါင်းတုံးကြီးနဲ့ဖြစ်နေ တာမို့ အကြောင်းရင်းကို မေးကြည့်တဲ့အခါ ကင်ဆာရောဂါသည်တွေအတွက် ကမ်ပိန်းလုပ်တဲ့အထဲ သူပါဝင်ခဲ့လို့ ခေါင်းတုံး ထားတာလို့ သိလိုက်ရတယ်။

ဟုတ်တာပေါ့၊ ကင်ဆာရောဂါသည်တွေကို ကီမိုသရပီ-Chemotherapyလို့ခေါ်တဲ့ ဆေးသွင်းကုထုံးနဲ့ ကုရတဲ့အခါ ဆံပင်တွေ ကျွတ်လေ့ရှိတာကိုး။ အကြောင်းကိစ္ဓတစ်ခုခုနဲ့ ဆေးရုံသွားတဲ့အခါတွေမှာ ဦးထုပ်လေးတွေ ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ ကင်ဆာရောဂါသည်တွေကို ကျွန်မ တွေ့ခဲ့ဖူးတာပေါ့။ သူတို့မျက်နှာလေးတွေမှာ တစ်ချို့က မျှော်လင့်ချက်တွေနဲ့၊  တစ်ချို့ကျတော့ မျှော်လင့်ချက်တွေ မဲ့လို့...ခပ်မှိုင်းမှိုင်းမျက်နှာလေးတွေနဲ့ပါ။ တကယ်တမ်းတော့ ကင်ဆာရောဂါမရှိသူတွေက သူတို့နဲ့အတူတူ ခေါင်းတုံးပေးလိုက်ရုံနဲ့ သူတို့ရောဂါတွေ ပျောက်နိုင်တာမှ မဟုတ်ဘဲနော်...။  ဒါဟာ စိတ်ခွန်အားရဲ့အရေးပါပုံ၊ ခံစားနေရသူ တစ်ဦးတစ်ယောက်ထဲထက် တစ်ခြားသူတွေကပါ လက်ချင်းဆက်ပြီး နွေးထွေးမှုပေးတဲ့အခါ ကူးစက်စီးဆင်းသွားတဲ့ ခွန်အားတွေကို ခံစား အားရှိစေရတာပါပဲ။ သိပ်ပြင်းလွန်းတဲ့ဆေးဝါးတွေနဲ့ အသက်ရှင်သန်ဖို့ မျှော်လင့်နေရတဲ့အခါ ဆေးပြင်းတွေရဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့၊  စိတ်ဓါတ်ခိုင်ကျည်ဖို့က အရေးကြီးလှပါတယ်။

သူ့ရဲ့  နူးညံ့တဲ့ လူသားဆန်စိတ်လေးကို ကျွန်မ အသိအမှတ်ပြုရတယ်။ “သိပ်ကောင်းတဲ့အလုပ်ပဲ”လို့ ကျွန်မ ချီးကျူးခဲ့တော့ သူက တပြုံးပြုံးနဲ့ “သူတို့အတွက် ငါလုပ်ပေးနိုင်တာ ဒါပဲရှိတာလေ၊ စိတ်ဓါတ်ခွန်အားပေါ့”လို့ဆိုတယ်။ 

ကျွန်မ ခေါင်းညိတ်ပြလိုက်ရင်း ရေဘူးကို ရေထပ်ဖြည့်ပြီးတဲ့အခါ ကိုယ့်စားပွဲဆီ ကိုယ်ပြန်လာခဲ့တယ်။

ကျွန်မထိုင်ခုံမှာ ပြန်ထိုင်လိုက်ချိန်... ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲက ရက်တစ်ရက်မှာ သူ ကျွန်မစားပွဲနား အရောက်လာခဲ့တာကို သတိရမိပြန်တယ်။

“ငါ တကယ်ပဲ ဝမ်းနည်းပါတယ်...”

ကျွန်မက သူ့မျက်နှာကို မော့ကြည့်လိုက်ချိန်မှာ သူ ပြောလာခဲ့တာ။ ကျွန်မက မျက်ခုံးတွေပင့်လိုက်ရုံရှိသေး သူက ဆက်ပြောပြန်တယ်။

“ဒီနေ့က ၈ရက် ၈လလေ၊ မင်းတို့မြန်မာပြည်သူတွေနဲ့အတူ ငါ ကြေကွဲဝမ်းနည်းကြောင်း မင်းကို လာပြောပြတာပါ” တဲ့....။
၈လေးလုံးနှစ်ပတ်လည်နေ့မို့ သူက ဝမ်းနည်းကြောင်း တကူးတကန့်လာပြောတာကိုးလို့ သိလိုက်တော့ ကျွန်မ သူ့ကို လှိုက်လှိုက်လှဲလှဲပြုံးပြလိုက်မိပါတယ်။  “ကျေးဇူးတင်ပါတယ်၊ တစ်နေ့တော့ ကျွန်မတို့မျှော်လင့်ချက်တွေ ဖြစ်လာနိုင်မှာပါ”လို့ ကျွန်မ ပြန်ပြောမိပါရဲ့။

သူ မြန်မာ့နိုင်ငံအရေးကို စိတ်ဝင်စားတာ ကျွန်မတို့ စသိကြကတည်းက ကျွန်မ ကောင်းကောင်းကြီး သတိထားမိသားပဲ။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျွန်မတို့ရုံးမှာ လူသစ်တွေကို ကြိုဆိုတဲ့နေ့လယ်စာကို ရုံးက ကျွေးခဲ့တဲ့နေ့ပေါ့။ ကြိုတင်မှာကြားထားတဲ့ စားသောက်ဆိုင်ကို ကျွန်မတို့ရောက်သွားတဲ့အခါ သူတို့ဌာနက လူတွေကဖြင့် ရောက်လို့တောင် စားပွဲမှာနေရာယူထားပြီးနေပြီ။ ကျွန်မလည်း အဆင်သင့်ရာ ဝင်ထိုင်လိုက်တာ သူနဲ့ တစ်ခုံကျော်မှာ ဖြစ်နေပါတယ်။ သူတို့က T.S. Dept.လို့ခေါ်တဲ့ Transaction Security Dept.မှာဖြစ်ပြီး ကျွန်မကတော့ Finance Dept.ကပါ။ စားသောက်ပြီးကြတဲ့အခါ တစ်ယောက်ချင်းစီ မိတ်ဆက်စကားအနည်းငယ် ပြောကြဖို့ အစီအစဉ်ဖြစ်ပါတယ်။ ပြောရမယ့် အကြောင်းအရာအကြမ်းဖျဉ်းက နာမည်၊ ဘယ်နိုင်ငံကလာတယ်၊ ပညာရေး၊ အလုပ်အတွေ့အကြုံနဲ့ ဝါသနာတွေပါ။

ကျွန်မက ကျွန်မနာမည် ဘယ်သူဘယ်ဝါပြောအပြီး မြန်မာနိုင်ငံသူပါလို့ ပြောလိုက်တဲ့အခါ “Great” ဆိုတဲ့ သူ့အသံတစ်သံထဲ ထွက်လာခဲ့တာ။ နောက်တော့ ကျွန်မ အီကိုနဲ့ကျောင်းပြီးတဲ့အကြောင်း၊ အလုပ်အနေနဲ့ ဒါက ၄ ခုမြောက်ဖြစ်ပြီး အရင်အလုပ်တွေနဲ့ လုပ်ငန်းသဘောသဘာဝချင်း လုံးဝမတူတာကြောင့် ဒီအလုပ်ကို စိန်ခေါ်မှုအသစ်တစ်ခုအနေနဲ့ ရွေးချယ် ခဲ့ကြောင်းတွေ ပြောပြဖြစ်ခဲ့ပါတယ်။ ကျွန်မက ဘလော့ဂ်ဂါတစ်ယောက်၊ ပြီးတော့ ပန်းချီဝါသနာပါတယ်။ ဓါတ်ပုံရိုက် ဝါသနာပါတယ်ဆိုတဲ့အကြောင်းတွေ ဆက်ပြောခဲ့ပါတယ်။ ကျွန်မပြောပြီးတဲ့အခါ သူက ကျွန်မထိုင်ခုံဘေးကလူနဲ့ နေရာချင်း လဲပြီး ကျွန်မဘေးလာထိုင်ပါတော့တယ်။

US MNC Companyတစ်ခုအနေနဲ့ တစ်ခြားနိုင်ငံပေါင်းစုံက လူမျိုးခြားတွေများပေမယ့် မြန်မာရယ်လို့ ကျွန်မတစ်ယောက်ထဲ ရှိတာကိုး။ နေ့လည်စာအတူစားခဲ့ကြရတဲ့ ဝန်ထမ်းအသစ်တွေက အိန္ဒိယ၊ ဖိလစ်ပိုင်၊ အော်ဇီ၊ ပြင်သစ်၊ တရုတ်နဲ့ အင်ဒိုနီးရှားကတစ်ယောက်၊ မြန်မာက ကျွန်မတစ်ယောက်ပေါ့လေ။ ကျွန်မအပါအဝင် လူသစ်တွေ ၁၅ယောက်လောက် ရှိပါတယ်။

သူက မြန်မာပြည်မှာ ကုလသမဂ္ဂဝန်ထမ်းအဖြစ် ၆လကြာနေခဲ့ဖူးတဲ့အကြောင်း၊  သူ့တာဝန်က Drug control နဲ့ ပတ်သက်တယ်ဆိုတဲ့အကြောင်း၊ သူ  မုန့်ဟင်းခါးသိပ်ကြိုက်တဲ့အကြောင်းတွေ ပြောပြပါတယ်။ ကျွန်မနဲ့ပြောတဲ့အခါ မြန်မာလို ကြိုးစားပြီးပြောရှာတယ်။  သူ မသိတဲ့စကားလုံးတွေပါလာရင်တော့ အင်္ဂလိပ်လိုကြားညှပ်ပြောတာပေါ့လေ။

ဘာသာစကားလေ့လာတာကို နှစ်သက်တဲ့အလျောက်  ၆လတာဝန်ပြီးလို့ မြန်မာနိုင်ငံကနေ ပြင်သစ်ပြန်ရောက်တဲ့အခါ ပြင်သစ် တက္ကသိုလ်မှာ မြန်မာစာအရေးအပြောကို ၁နှစ်ကြာသင်ယူခဲ့သေးတယ်လို့လည်း ပြောပြတယ်။ သူက ကွမ်းစားရတာကို သိပ်ကြိုက်တယ်လို့လည်း ပြောသေးတယ်။ ကျွန်မက “ကွမ်းစားတာ မကောင်းဘူး၊ လည်ချောင်းကင်ဆာဖြစ်နိုင်တယ်”ဆိုတော့ သူက ဘာပြောတယ်မှတ်လဲ၊ "ဒါပေမယ့် ကျွန်တော် သိပ်ကြိုက်တယ်၊ သိပ်စားကောင်းတယ်"လို့ မြန်မာလို ပီပီသသကြီး ပြန်ပြောတာမို့ ကျွန်မမှာ ရယ်ချင်ပက်ကျိဖြစ်ရသေးတယ်။  ပြီးတော့ သူ့ကိုယ်သူ မြန်မာနာမည်ပေးထားတာ "ကိုကျော်နိုင်" တဲ့။ 

“ဒါနဲ့  ရှင့်ရဲ့ drug control ကိစ္စလေးပြောပြစမ်းပါဦး။ အောင်မြင်ရဲ့လား" လို့ (သိသိကြီးနဲ့) ကျွန်မက မေးတော့ သူက မျက်နှာကို ရှုံ့ပြပြီး ပခုံးကို ဟန်ပါပါတွန့်ပြလေတယ်။ မူးယစ်ဆေးနဲ့ပတ်သက်လို့ ထိုင်းနဲ့မြန်မာတို့ရဲ့ တစ်နိုင်ငံနဲ့တစ် နိုင်ငံ finger pointing game ကစားနေတဲ့အကြောင်းလည်းပါရဲ့။  နောက်တော့လည်း ထုံးစံအတိုင်း နိုင်ငံရေးတွေဘက် စကားလမ်းကြောင်း လှည့်ဖြစ်ကြပါတယ်။။

ခုချိန်မှာ သိပ်ဟော့ဖြစ်နေတဲ့ အယောက် ၇ဝဝဝကျော်တဲ့ လှေစီးသူများအကြောင်းသာ အဲ့ဒီတုန်းက မေးခွန်းတစ်ခုဖြစ်ခဲ့ရင် သိပ်ကောင်းမှာပါပဲ။ ကျွန်မမှာ ပြောစရာတွေ အများကြီးရှိနေတာကိုး။ နိုင်ငံတွေ တစ်ခုနဲ့တစ်ခု လူသားချင်းစာနာမှု ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ Human Ping Pong လုပ်နေတာကြီးကို သရော်ချင်စိတ်သာရှိတော့တာ။

သူက မြန်မာနဲ့ကိုရီးယား (၂)နိုင်ငံရဲ့ ၁၉၆၀နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကို ယှဉ်ထိုးတဲ့ စာတမ်းတစ်ခု  ရေးခဲ့ဖူးတယ်လို့လည်း ပြောပြတယ်။ ၁၉၆၀မှာ မြန်မာက အာရှမှာ ထိပ်ဆုံးကရှိနေပြီး ရန်ကုန်တက္ကသိုလ် ဘယ်လောက်ကောင်းပြီး ဘယ်လောက်နာမည်ကြီးကြောင်း၊ အိမ်နီးချင်းတိုင်းပြည်တွေက ပညာ လာသင်ရတဲ့အကြောင်း၊   ၁၉၆၂ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ နောက်ပိုင်း ပို ပိုဆိုးဝါးလာတဲ့ တိုင်းပြည်အခြေအနေတွေအကြောင်း ကျွန်မပြောပြတော့ သူကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်း တညိတ်ညိတ်ပေါ့။ နောက်တော့ ကိုရီးယား(တောင်ကိုရီးယား)က တိုးတက်လာတာတွေ၊  ခုတော့ဖြင့် မြန်မာရဲ့အရှေ့ အများကြီးကျော်တက်သွားခဲ့ပြီဆိုတာတွေပေါ့လေ...။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို  အင်မတန်မှ လေးစားသူ ဖြစ်သလို၊ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ အကြောင်း ရောက်သွားကြတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ကျွန်မလိုပဲ ကချင်ခေါင်းဆောင် ဂျန်နရယ်ဂွမ်မော်ကို သဘောကျချီးကျူးတဲ့သူ ဖြစ်နေပြန်တယ်။ ဂျန်နရယ်ဂွမ်မော်က  ခေတ်ပညာတတ်တစ်ယောက်ဖြစ်ပြီး အမြော်အမြင်ကြီးတယ်။ စကားပြော ပါးနပ်လိမ္မာတဲ့လူဖြစ်တယ်။ သူပြောဆိုပုံ သူ့မျက်နှာကြည့်ရတာ စိတ်ရင်းရိုးသားတဲ့လူလို့ ဖော်ပြနေသလိုပဲလို့ ကျွန်မတို့ပြောမိကြပါတယ်။

သူရော ကျွန်မပါ မသိနိုင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကြီးကဖြင့် နီးမလိုလိုနဲ့ ဝေးလွန်းနေတယ်။ အဲဒီတုန်းက လောက်ကိုင် တိုက်ပွဲလည်း မဖြစ်သေးတော့ ဗိုလ်ချုပ်ကြီးဟောင်းလက်ထက်မှာ ဗကပလက်အောက်က ခွဲထွက်လာတဲ့ ကိုးကန့်တပ်-ဖုန်ကျားရှင်တို့နဲ့ ငြိမ်းချမ်းရေးယူပြီး ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့တဲ့ အဖြစ်တွေရဲ့ နောက်ဆက်တွဲမီးပွားတွေ အကြောင်း မပြောဖြစ်ခဲ့ကြပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြားက အပြန်အလှန်လက်စားချေမှု အာဃာတတွေဟာ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာနဲ့ ဝေးသထက်ဝေးလာစေခဲ့တော့တာ။ တပ်မတော်က တိုင်းရင်းသားရွာသားတစ်ဦးကို သေနပ်နဲ့ ပစ်သတ်ခဲ့လို့၊ ရွာသူတွေကို မတရားပြုကျင့်ခဲ့လို့၊ တိုင်းရင်းသားရွာသားတွေက အလစ်ပြန်ချောင်း တိုက်ခိုက်ပြီး သတ်ပစ်တယ်ဆိုတာတွေ...။ ကျွန်မ ကြားဖူးနေခဲ့တာ...။ ဘယ်တော့မှ အဆုံးသတ်ပါ့မလဲ...ကျွန်မ မသိနိုင်ပါ။

အဲဒီနေ့က မြန်မာပြည်နဲ့ပတ်သက်လို့ တော်တော်များများပဲ ပြောဖြစ်ခဲ့ကြပါတယ်။ ရုံးကို ပြန်ရောက်တဲ့အခါ ကျွန်မ ပန်ထရီမှာ သောက်ရေသွားဖြည့်တော့ သူနဲ့ ကြုံပြန်ပါရော။  သူကလည်း ကြုံတာနဲ့ ကျွန်မကို မြန်မာလိုတွေ ပြော၊ သူ သိချင်တဲ့ မြန်မာစကားလုံးတွေ မေးနဲ့၊ တကယ်ပဲ စိတ်ဝင်တစားရှိလှသလို နောက်လည်း ကြုံရင် မြန်မာလို သင်ပေးပါဦးလို့ ဆိုပါတယ်။ သူ့ဘေးနားက အော်ဇီသားက you're trapped ဆိုပြီး ကျွန်မကို နောက်တော့ သူက တဟားဟားနဲ့ အော်ရယ်ပြန်တယ်လေ။ ခင်စရာအတော်ကောင်းတဲ့သူတွေပါပဲ။ အားလုံးက ဖော်ရွေခင်မင်ချင်စဖွယ်တွေပါ။

သူက ကျွန်မတို့ဆီက တောင်သူတွေ လယ်ယာမြေအသိမ်းခံရတဲ့အကြောင်းကိုလည်း မေးပါသေးတယ်။ ကျွန်မ ရေရေရာရာပြန်မပြောနိုင်ခဲ့တဲ့ မေးခွန်းပါပဲ။ ခုလိုသာ စစ်ကိုင်းတိုင်းက ထန်းတက်တောင်သူတွေပိုင်တဲ့ လယ်ယာမြေတွေကို မြို့ပြစီမံကိန်းအတွက်၊ ရဲတပ်ရင်းတည်ဆောက်ဖို့အတွက်ဆိုပြီး သိမ်းခံလိုက်ရတဲ့အခါ လယ်ယာမြေလုပ်ကိုင်တာကလွဲလို့ ဘာမှ မလုပ်ကိုင်စားတတ်တဲ့တောင်သူတွေ တောင်းစားရတဲ့ အဖြစ်ကို ရောက်ကြရတော့တယ်ဆိုတာများ သူသိရင်...။  ရှမ်းပြည်ဘက်က တောင်သူတစ်ဦး မိမိပိုင်လယ်ယာမြေတွေ ပြန်ရဖို့ ကိုယ့်ကိုယ်ကို တစ်ကိုယ်တော်မီးရှို့ဆန္ဒပြရာက သေဆုံးသွားကြောင်းဆိုတာကို သူသိရင်  ဘယ်လို ကောက်ချက်ချမလဲ ကျွန်မ သိချင်မိတယ်။ ကျွန်မတို့လူမျိုးတွေ…ကံ ကံ၏အကျိုးပေးတွေကို ယုံကြည်လက်ခံသူတွေ ဖြေသိမ့်ပြောနေကျလို ကံပေါ့ကွာ လို့တော့ သူ ပြောမယ်မထင်ပါ။

တစ်ရက်မှာ သူက ကျွန်မကို သေးသေးနဲ့နည်းနည်းဆိုတာ ဘယ်လိုကွာသလဲလို့ မေးလာပါတယ်။ ကျွန်မဖြင့် ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိအောင် ဖြစ်သွားရတယ်။ နောက်မှ “သေးသေးဆိုတာက မျက်စေ့နဲ့မြင်ရတဲ့ အရွယ်အစားပမာဏကို ပြောချင်တဲ့အခါ သုံးရမှာဖြစ်ပြီး နည်းနည်းဆိုတာကတော့ အရွယ်အစားမဟုတ်လည်းဘဲ သုံးလို့ရတယ်။ ဥပမာ ငါ ခေါင်းနည်းနည်းကိုက်နေတယ် အဲသလိုမျိုးပေါ့”လို့ ရှင်းပြရတယ်။ သူက နားလည်သွားဟန်နဲ့ “အော...အိုခေ ကျေးဇူးပါ ခင်ဗျာ”လို့ဆိုတယ်။ ညနေတွေမှာ သူ ရုံးကပြန်လို့ ကျွန်မက ကျွန်မစားပွဲမှာပဲ အလုပ်များနေတာကို တွေ့တဲ့အခါတိုင်း “အိမ် စောစောပြန်ပါခင်ဗျာ”လို့ မြန်မာလို လှမ်းပြောတတ်တယ်။

သူက သူ့နာမည် ကိုကျော်နိုင်ဆိုတာကို သိပ်သဘောကျတဲ့ သူပါ။ နိုင်ဆိုတာက အောင်နိုင်ခြင်း၊ ကျော်ဆိုတာ ကလည်း ကျော်လွှားနိုင်ခြင်းဆိုတော့ သိပ်ကိုအဓိပ္ပါယ်ရှိတဲ့နာမည်ပဲလို့ဆိုတယ်။ အဲသလိုနာမည်တွေ ကျွန်မတို့မြန်မာပြည်မှာ သိပ်ကို ပေါများကြောင်း၊ အမျိုးသားအများစုနာမည်တွေက ကျော်တို့ နိုင်တို့ဖြစ်ကြောင်းတော့ ကျွန်မ ပြောမပြဖြစ်ခဲ့ပါဘူး။ ခုထိလည်းပဲ ရုံးမှာ ကြုံရင်ကြုံသလို သူသိချင်တဲ့မြန်မာပြည်အကြောင်း၊ မြန်မာစကား အဲဒါတွေကို ကျွန်မနဲ့တွေ့တိုင်း မေးမြန်းနေဆဲပါ။ သူ့မှာ လူသားဆန်တဲ့စိတ်ထားလှလှလေးရှိနေတယ်။ ကိုယ်ချင်းစာတရားလေး ကိန်းနေတယ်။ အဲဒါ ကျွန်မ သူ့ကို ခင်မင်ရတဲ့အကြောင်းရင်းပါပဲ။ ကျွန်မနဲ့ကိုကျော်နိုင်က လူမျိုးမတူ၊ ဘာသာစကား မတူ၊ ယဉ်ကျေးမှု အလေ့အထတွေ မတူကြပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခင်မင်ပေါင်းသင်းလို့ အဆင်ပြေနေကြပါတယ်။  

ကျွန်မတို့တွေမှာ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားနေကြတာတွေ အများကြီး ရှိကောင်းရှိကြမှာပါ။ အဲသလို မတူကွဲပြားတာတွေကို ကြည်လင်တဲ့အမြင်နဲ့လက်ခံနိုင်မှသာ မတူကွဲပြားခြင်းရဲ့အလှကို နားလည်နိုင်မှာ။ ကျွန်မ တစ်ခါရေး ခဲ့ဖူးပါတယ်။ ဂစ်တာတစ်လက်မှာ အသံအထူအပါးမတူညီတဲ့ ကြိုးခြောက်ကြိုးကနေ လှပတဲ့တေးသွားတွေ ဖြစ်နိုင်သလို၊ စန္ဒယားတစ်လုံးရဲ့ ဆန့်ကျင်ဘက်အရောင် ခလုတ်အဖြူအမဲတွေကနေ ငြိမ့်ညောင်းတဲ့သံစဉ်တွေ ဖန်တီးနိုင်သလို... မတူညီခြင်းရဲ့ပေါင်းစပ်မှုကနေရလာတဲ့ အသီးအပွင့်တွေကို ကျွန်မတို့အားလုံး ကြည်ကြည်ဖြူဖြူ နားလည်လက်ခံ ကြစေချင်တာပါပဲ။

ဂျာမဏီမှာရှိတဲ့ပြတိုက်များစွာထဲက တစ်တိုက်ဖြစ်တဲ့ Holocaust Museumမှာ ဝင်ဝင်ချင်းမှာပဲ ပေးချင်တဲ့ မက်ဆေ့ခ်ျကို ခုလို ရေးသားထားပါတယ်။ Never again,  Never again , Never again & Never again ဆိုပြီးတော့ကို အကြိမ်ကြိမ်ရေးသားထားတာဖြစ်ပါသတဲ့။


“The incredible number was 6,000,000 forty percent of the Jewish population of the world, all deserving of life and dignity, all killed senselessly by the Nazis because they were Jewish. Keep their memory alive forever.”

ကမ္ဘာပေါ်မှာရှိတဲ့ ဂျူးလူမျိုးတွေ… 
သူတို့ဘဝ သူတို့ဂုဏ်သိက္ခာရပ်တည်မှုတွေနဲ့ထိုက်တန်စွာ ရှင်သန်နေရမယ့် ဂျူးလူမျိုးတွေ...
သူတို့ရဲ့ ၄ဝရာခိုင်နှုန်းဖြစ်တဲ့ ဂျူး ၆သန်းကျော်(မယုံနိုင်စရာ လူဦးရေပါပဲ)ကို နာဇီတွေက အကြောင်းမဲ့ ရက်စက်စွာ သတ်ပစ်ခဲ့ပါသတဲ့။ အကြောင်းမဲ့တော့ မဟုတ်ဖူးပေါ့လေ။ အကြောင်းရင်းခံက သူတို့ဟာ ဂျူးလူမျိုးတွေ ဖြစ်နေလို့ပါပဲ တဲ့။ ဒီအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့ကြဖို့…ဒီလိုအကျင့်တန်တဲ့၊ အရုပ်ဆိုးတဲ့ဖြစ်ရပ်မျိုးကို ဘယ်တော့မှ မမေ့ကြဖို့၊ နောက်ထပ်စ်ခါ ထပ်မမှားကြဖို့ အထပ်ထပ်အခါခါ သတိပေးထားပါသတဲ့....။

ဂျာမဏီမှာ လူငယ် ကျောင်းသားတွေကို ပြတိုက်သွားခိုင်းလေ့ရှိပြီး ရှက်စဖွယ်သိပ်ကောင်းတဲ့ဒီအဖြစ်အပျက်ကြီးကို ဘယ်တော့မှ နောက်တစ်ကြိမ်ပြန်မဖြစ်စေဖို့ အကြိမ်ကြိမ်သတိပေးလေ့ရှိပါတယ်။ ဒါဟာ “ငါနဲ့အသွင်မတူ ငါ့ရန်သူ”ဆိုတဲ့ စိတ်ဓါတ်ကို ခွာချခိုင်းလိုက်တာပါပဲ။ နာဇီတွေ ဂျူးတွေ မတူကွဲပြားနေလည်းပဲ လူသားချင်းအတူတူမဟုတ်လားဆိုပြီး အင်မတန်အရုပ်ဆိုးတဲ့သမိုင်းကြောင်းကို မဖုံးဖိထားတဲ့အပြင် တမင်ဖော်ထားကာ ကမ္ဘာလှည့်ခရီးသည်တွေ၊ လူငယ်တွေကို အသိပေးထားတာဟာ သိပ်ကိုသဘောကျစရာပါ။

ကမ္ဘာပေါ်မှာ....၊ ကျွန်မတို့မြန်မာပြည်မှာ... လူမျိုးတွေ လူမျိုးစုတွေ ဘယ်လောက်ပဲ ကွဲပြားခြားနားနေပါစေ၊ မတူညီခြင်းရဲ့ကွဲပြားမှုအလှတရားကိုသာ ကျွန်မတို့အားလုံး နားလည်လက်ခံကြဖို့ပဲမဟုတ်လား...

                                                                                             


Image : Google

Sunday, May 17, 2015

“ချထားသောခန်းဆီးများ”




(က)
အမျိုးသမီးသည် ကြည်ထိုင်နေသောစားပွဲဘေးတည့်တည့်ရှိ သီးသန့်ခန်းထဲတွင် ထိုင်နေခြင်းဖြစ်ပြီး သူမ ဆိုင်ထဲလှမ်းဝင်လာစဉ်ကပင် သတိထားမိခဲ့သည်။ နည်းနည်းကလေးမှ အရှေ့တိုင်းမဆန်သော မျက်နှာကျအပြင် ကိုယ်လုံးကိုယ်ထည်တောင့်တင်းမှုနှင့် ကပိုကယိုဝတ်ထားသည့် ရှပ်အကွက်ကျဲကျဲကြောင့် သူမပုံစံက ယောကျာ်းဆန်သည့်ဘက်လုသည်။ လေးထောင့်ကျချင်သော မျက်နှာသည် ဗာဒံစေ့ပုံ အဝန်းကျယ်၍ အလျားရှည်သောမျက်ဝန်းများကြောင့်သာ ရှု့ချင်စဖွယ်ဖြစ်ရသည်။ အလယ်မှာ အထစ်ကလေးပါသော နှာရိုးမြင့်မြင့်နှင့်၊ အလှဆုံးကတော့ သူမနှုတ်ခမ်းများပင်။ ဝလုံးပုံနှုတ်ခမ်း ဝိုင်းဝိုင်းလေးကို တင်းတင်းစေ့ထားကာ အတွန့်ချိုးထားသောမျက်ခုံးများကြောင့် မာန်ဝင့်နေဟန်ပေါ်သည်။

ကြည်သဘောကျမိသည်မှာ ထိုမာန်ဝင့်နေဟန်ကိုဖြစ်သည်။  မိန်းမတစ်ယောက်ဟာ အဲသည်လို တင်းမာ ခက်ခဲနေရမည်။ ဒါကိုပင် တန်ကြေးတစ်ခုလို့ ကြည် ထင်သည်။ ကြည်ကတော့ ချိုလွန်းခဲ့သည်လေ။  ချိုလွန်းတော့ အလွယ်တကူဟန်ပေါက်သည်။ လူတွေဟာ ခက်ခက်ခဲခဲကိုမှ တန်ဘိုးရှိတယ်ရယ်လို့ လက်ခံတတ်ကြသူများ မဟုတ်လား။ ကြည် သိပြီ။ သို့သော်….

ကြည် အသိနောက်ကျခဲ့သည်လေ။

သူမ၏လှုပ်ရှားမှုတွေကို ကြည့်မနေပါဘဲနှင့် မျက်ဝန်းထောင့်မှ ကြည် သိနေရသည်။  သူမက လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ပွတ်လျက်ရှိသည်။ ကြည်ကတော့ အေးစက်လုလုကော်ဖီကို လျှာဖျားပေါ် တစ်စက်ချင်းတင်လျက်ရှိသည်။ တစ် စက် ချင်း….၊ လျှာဖျားပေါ်မှာ….။ လည်ချောင်းထဲအရောက် အရသာပျောက်သွားသည်အထိ ကော်ဖီတစ်ခွက်၌ တမက်တမောလိုက်ပါခံစား လျက်ရှိသည်။ ခါးခါးစိမ့်စိမ့်ကလေး….

ထိုစဉ်မှာပင် သူမထံမှရှိုက်သံသဲ့သဲ့ကို ခပ်တိုးတိုးဂျပ်ဇ်တေးသွားများအကြား လွင့်ကနဲ ကြားလိုက်ရခြင်း ဖြစ်လေသည်။

(ခ)
“လက်ဘက်ရည် ကော်ဖီရှိတယ်၊ Hot chocolate လည်းရှိတယ်ဗျ။ ခင်ဗျား ဘာသောက်မလဲ”
“ဘာ…သောက်ရ ကောင်းမလဲ၊ အင်း....ခင်ဗျားကြိုက်တာသာ လုပ်ပါဗျာ”
“ကျွန်မအတွက်တော့ ကော်ဖီကြမ်းပဲပေး”

ကြည်က ကြည်သောက်ချင်တာကို တိတိကျကျပြောလိုက်တော့ ကောင်ဆယ်လာ အမျိုးသားက ခေါင်းညိတ်ပြီး “ဒါဆိုလည်း ကော်ဖီကြမ်း ၂ခွက်ပဲလုပ်လိုက်မယ်လေ။ သံပုသီးစိပ်ကလေးပါ ထည့်ညှစ်လိုက်မယ်နော်”ဟု ဆိုသည်။

ကြည်ကတော့ မောင့်ကိုသာ ခပ်တွေတွေကြည့်မိသည်။ မောင်ဟာ မပြောင်းလဲသေး၊ ကိုယ့်အတွက် ကိုယ့်ကိစ္စ ဘာမဆို သူများကိုဆုံးဖြတ်ခိုင်းတတ်တဲ့အကျင့်က ခုထိ မပျောက်သေး။ မောင့်ဘဝမှာ မောင် ဘာကိုလိုချင်တယ်ဆိုတာရော အသေအချာ သိမှသိပါလေစကွယ်။

“ခင်ဗျားတို့ ဘယ်လို စတွေ့ခဲ့ကြသလဲ”
“မင်္ဂလာဆောင်မှာ ဘာအရောင်ဝတ်ခဲ့ကြသလဲ”
“ဘယ်သူက အရောင်ရွေးချယ်ခဲ့တာလဲ”

ထိုမေးခွန်းများကို မောင် မမှတ်မိပါ။

“ခင်ဗျားတို့ လင်ခန်းမယားခန်း အတူမနေဖြစ်ကြတာ ဘယ်လောက်ကြာပြီလဲ”

သည်မေးခွန်းကိုကြားတော့ ကြည်က ဘာမှမဖြစ်ရပါဘဲ မောင့်မျက်နှာက ရဲကနဲနီမြန်းသည်။ ကြည့် ရှေ့တည့်တည့်မှာ မောင်၊ မောင့်ဘေးမှာ ကောင်ဆယ်လာအမျိုးသားထိုင်လျက်၊ မောင့်ရှေ့က သံပုရာနံ့ လေးကဲထားသောကော်ဖီခွက်မှာ  ခုထိ အရာမယွင်းသေး။ အေးစက်လှရော့မည်။

“အင်း ကျွန်မအထင်တော့ အနည်းဆုံး တနှစ်ကျော်လောက်ရှိမယ်ထင်တယ်။ တစ်နှစ်နဲ့သုံးလလောက် ထင်တာပဲ။ အိပ်ခန်းခွဲအိပ်တာတော့ နှနှစ်ပြည့်တော့မယ်ရှင့်”

ကြည် သည်လိုစေ့စေ့ပေါက်ပေါက်ဖြေတာကို မောင်က မကြိုက်ဟန်ပြသည်။
ကြည်တို့နှစ်ယောက်အတွက် မောင့်ဖေဖေစီစဉ်ပေးသော ကောင်ဆယ်လာသည် ကြည်တို့ အိမ်ထောင်ရေးကို ဘယ်လိုများ ပြန်လည်နွေးထွေးစေမှာပါလိမ့်….။   

ပြိုကွဲလုလုအိမ်ထောင်ရေးများအား ပြန်လည်သင့်မြတ်စေသည့်ရာခိုင်နှုန်းများသည်ဟု မောင့်ဖေဖေစကားအရ ကြည်လက်ခံခဲ့ရသော်လည်း မျှော်လင့်ချက် ကြီးကြီးမားမားတော့ဖြင့် မရှိခဲ့ပါပေ။

အိမ်မှာ မောင်ရှိမနေသောတစ်ရက်က မောင့်ဖေဖေ လမ်းကြုံအိမ်လည်ဝင်လာသည်။ အကင်းပါးသော မောင့်ဖေဖေက မောင်နေသောအခန်း၏ လူနေလက်စရှိဟန်ကိုရိပ်မိကာ မေးမြန်းရာမှ သိသွားခဲ့ခြင်းပေ။  “ဒီကောင် ခုလိုခြေလှမ်းပျက်နေတာ ဘယ်လောက်ကြာပြီလဲ၊ ဖေဖေတို့ကို ဘာလို့မပြောသလဲ သမီးရယ်” စသည်ဖြင့် မောင့်ဖေဖေ၏ အကြင်နာကဲသည့်စိတ်မကောင်းသံမှာ ငိုချင်လျက်လက်တို့ဖြစ်ကာ မျက်ရည်များ သွန်ချသလို ကျခဲ့သည်။ ထို့နောက်မှာ မောင့်ဖေဖေက ခုလို စီစဉ်ပေးခြင်းပင်။

မေးခွန်းတော်တော်များကို မောင်က မမှတ်မိတော့ဟုဆိုသည်ကို ရင်နာလျက်က အံ့သြမနေချင်တော့ပါ။ ရင်နာရလွန်းလို့ ကြည့်နှလုံးသားတစ်ခုလုံး ထုံခဲမတတ်ဖြစ်ခဲ့ပြီးပြီ။

“ခင်ဗျားတို့ ပထမဆုံးချိန်းတွေ့ခဲ့တဲ့ First dateအကြောင်းကို မှတ်မိသလောက် ဘယ်သူ ပြန်ပြောနိုင်မလဲ”

“ကျွန်မတို့က မိဘတွေပေးစားခဲ့ကြတာပါ။ အဲဒီမတိုင်ခင်က ကျွန်မတို့ချင်း ချိန်းတာပြုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ မှတ်မိနေပါတယ်။ ကျွန်မတို့အိမ်ကိုလာတုန်းက မောင်က ရှပ်လက်တိုအဖြူပေါ်မှာ စကြာအပြာလေးတွေ ခပ်နုပ်နုပ်ပါတဲ့အဆင်နဲ့ ပုဆိုးက မရမ်းစေ့ရောင်ကွက်စိပ်လေးဝတ်ထားတယ်”

ခေါင်းငုံ့ထားရာက မောင် ကြည့်ကို တစ်ချက်မော့ကြည့်လေသည်။

“မောင့်ဖိနပ်လေးက ကတ္တီပါလေးညှင်းရောင်၊  ပြီးတော့ မောင်က သားရေလက်ပတ်ကြိုး အညိုရောင်လေး ပါတဲ့ နာရီဒိုင်ခွက်အဝိုင်း ဝတ်ထားခဲ့တယ်”

“အဲ့နေ့က ဆံပင်ကို နှစ်ဘက်ခွဲစည်းထားတယ်လေ”

မျှော်လင့်မထားဘဲ ဝင်ပြောလိုက်သောမောင့်စကားကြောင့် ကြည့်ရင်ထဲ နွေးကနဲဖြစ်သွားသည်။ သည့်ထက်ပို၍တော့ မောင် မှတ်မိမည်မထင်ပါ။ အဲ့သည့်နေ့က ကြည့်ဆံပင်တွေကိုနှစ်ဘက် ခွဲကာ မျှော့ကြိုးနက်ပြာရောင်လေးနှင့် စည်းထားခဲ့သည်။ မောင် မှတ်မှတ်ရရရှိနေသေး သည်ပဲ။ ကောင်ဆယ်လာအမျိုးသားက မောင်နှင့်မျက်လုံးချင်းဆုံအောင် ဘေးတိုက်ကနေ မောင့်မျက်လုံးများကို လိုက်ဖမ်းသည်။ သို့သော် ထိုတစ်ခွန်းသာဝင်ပြောအပြီး မောင်က ခေါင်းပြန် မမော့၊ ဘယ်သူ့ကိုမှလည်း မကြည့်တော့ပေ။

“ဒီလိုလုပ်ဗျာ။ ဒီနေ့ည အိမ်ပြန်ရောက်တဲ့အခါ ခင်ဗျားတို့ ညစာအတူတူစားကြ၊ မင်္ဂလာဆောင် ဓါတ်ပုံတွေကို နှစ်ယောက်အတူ ပြန်ကြည့်ကြ၊ အဲဒီအချိန်မှာ ဖြစ်နိုင်သလောက် တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေပါစေ၊ လက်ချင်းကိုင်ထားတာတို့၊ ပုခုံးချင်းထိထားတာတို့ ဟုတ်ပြီလား။  ဖြစ်နိုင်ရင် ရုပ်ရှင် အတူကြည့်တာ၊ သီချင်းအတူတူနားထောင်တာတို့လည်း လုပ်ကြည့်ကြစေချင်တယ်။ အချစ်ရုပ်ရှင်၊ အချစ်သီချင်းတွေတော့ ဖြစ်ပါစေပေါ့ဗျာ”

မဖြစ်နိုင်၊ မောင် အိမ်ပြန်မလာတာ ကြာပြီပဲ။ သည်ညအတွက် မောင် အိမ်ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ပါ။ ကြည် ပြုံးလိုက်မိသည်။

“ဒီမှာ ခင်ဗျားတို့အိမ်ထောင်သက်တစ်လျှောက် အတူနေစဉ်ကာလအတွင်း နေမှုထိုင်မှု အမူအကျင့်တွေ၊ အမှတ်တရအဖြစ်အပျက်လေးတွေအကြောင်း မေးခွန်းတစ်ချို့မေးထားတဲ့ စာရွက်ရယ်၊ နောက်တစ်ပတ် အတွင်း ခင်ဗျားတို့နှစ်ယောက်ရဲ့  နေ့စဉ်ပုံမှန်တွေထဲက မှတ်မှတ်ရရဖြစ်စဉ်တွေကို သတိထားပြီး ရေးမှတ်ထားဖို့ရယ်”

ကောင်ဆယ်လာအမျိုးသားက စာရွက်တစ်ထပ်ကို ကြည့်လက်ထဲထည့်ကာ  အခြေအနေကို ပျော့ပြောင်းစေလိုဟန်နှင့် ခပ်ပြုံးပြုံးဆိုသည်။  မောင်ကတော့ မေးကြောကြီးများ တင်းနေသယောင်ရှိပြန်သည်။ မောင့်ဖေဖေစကားကို မပယ်ရဲ၍သာ လက်ခံလိုက်ရတာ၊ ဒီလူဟာ အူကြောင်ကြောင်ဟု ဖွင့်မပြောရုံတမယ်သာ။ ကြည်ကတော့ မောင့်စိတ်တွေ ပြောင်းလဲလာမည်ဟု အစကတည်းက မထင်ပါ။ သို့သော် မောင့်မျက်နှာကို ခုလို နေ့ခင်းအလင်းရောင်အောက်မှာ မမြင်ရတာ ဘယ်လောက်များကြာခဲ့ပြီလဲ။ မောင့်ကို လွမ်းလွန်းလှ၍ မောင့်ဖေဖေစီစဉ်သော ကောင်ဆယ်လာနှင့် မျက်နှာစုံညီဆွေးနွေးပွဲကို လက်ခံခဲ့တာဖြစ်သည်။

အလှအပအလွန်ကြိုက်ကာ အမြဲသပ်ရပ်နေတတ်သောမောင်၊ ဝတ်ထားသည့်ရှပ်အင်္ကျီက တွန့်ကြေလို့ ရယ်...။ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေကိုတော့ ခုလေးတင်မှ ရိတ်သင်လာခဲ့ဟန် တူသည်။ မောင့်မေးရိုးလေးတွေက စိမ်းမြလို့...။ ကြည်သည် မောင့်မျက်နှာကို လွမ်းလွမ်းနှင့် တဝကြီးငေးမော ပစ်ခဲ့လိုက်သည်။ သည့်ထက်နည်းနည်းမှ မပို။  သည့်ထက်ပိုပြီး ကြည့်ဘက်က ဘာကိုမှ မမျှော်လင့်။ မောင့်နှလုံးသားတို့ ကြည့်ထံမှာ ရှိမနေတော့တာကြာပြီပဲ… ကြည် သိပါသည်ကွယ်….။

အားလုံးပြီးတော့ ညနေလေးနာရီထိုးလုပြီ။ ကောင်ဆယ်လာအမျိုးသားကို နှုတ်ဆက်ပြီးအပြန်၊ အဆောက်အဦးရှေ့ရောက်သည်နှင့် ကြည်နှင့်ဆန့်ကျင်ဘက်သို့ မောင် လျှောက်သည်။ ဘာရယ်မသိ၊ မောင့်ကျောပြင်ကိုငေးလျက်ရှိရာက ဝမ်းနည်းငိုချင်လာကာ ရှေ့ကမီးပွိုင့်ကို ကူးမိကူးရာ ယောင်ယမ်း ဖြတ်ကူးမိသည်။ လမ်းရဲ့တဘက်ထောင့်မှာက ကြည်ထိုင်ဖူးသော ကော်ဖီဆိုင်ကလေး၊ မထူးတော့ပါ၊ လမ်းပေါ်လျှောက်ရင်း မျက်ရည်ကျသည်ထက်စာလျင် ကော်ဖီဆိုင်မှာဆို အိနြေ္ဒရရလေးထိုင်ကာ မျက်ရည်ကျနိုင်မည်။ ထိုအတွေးနှင့် ကော်ဖီဆိုင်လေးထဲ ကသောကမျောဝင်ချလိုက်လေသည်။

(ဂ)
 Dream Café ဆိုသော ကော်ဖီဆိုင်လေး....

ထိုဆိုင်ကလေးကို ကြည် သဘောကျသည်။ ကော်ဖီတစ်ခွက်သောက်ရသည်မှာ အိပ်မက်တစ်ခု မက်ရသည်နှင့်တူသည်ဟု ကြည် ထင်သည်။ လျှာဖျားပေါ်က ကော်ဖီအရသာ အခါး အသက် အကျ အစိမ့်အတိုင်း နှစ်လိုဖွယ်အိပ်မက်တို့ စွဲမက်ခွင့်ရှိသည်။ ခဏကြာလျင် လျှာဖျားပေါ်က ခါး သက်သက်ကော်ဖီသည် တုန်ရီနေသောရင်တလှပ်လှပ်ကိုလည်း ပေးလိမ့်ဦးမည်။ ကတုန်ကယင်ဖြစ်လာသော် ရင်ကို ခပ်သာသာကလေး ဖိထားပြီး မျက်စေ့စုံမှိတ်ထားရသည့် လှုပ်ရှားမှုဝေ့ဝေ့ဝဲဝဲ ခပ်ငြိမ့်ငြိမ့်ကို ကြည် နှစ်သက်ပါသည်။ မောင့်ကိုမြင်စတုန်းက နွေးထွေးလှုပ်ရှားရသော တသိမ့်သိမ့်ခံစားမှုနှင့် ဆင်ဆင်တူသည်ဟု ကြည်ပြောလျှင် မောင် ဘယ်လိုများတုန့်ပြန်မှာပါလိမ့်….။  

ဆိုင်ရှိကော်ဖီနာမည်ဆန်းများကို မီနူးကြည့်မိတိုင်း သဘောကျလျက်က သောက်ကြည့်ဖို့တော့ တစ်ခါမျှ မစဉ်းစားမိ။ ကြည်က စိမ်ခေါ်မှုအသစ်အဆန်းတို့၌ အရဲမကိုးလိုသူ။ သို့တိုင်အောင် သူစိမ်းယောကျာ်းတစ်ယောက်အပေါ် တွေ့စ၌ပင် တစ်ခါမှမချစ်ဖူးသော အစိမ်းသက်သက်နှလုံးသားနှင့် အရဲကိုးချစ်ခဲ့သည်ကတော့ ကြည့်ဝဋ်ကြွေးတစ်ခုသာ ဖြစ်လိမ့်မည်။

ဆိုင်ကလေး၏အခင်းအကျင်းမှာ ဘယ်ဘက်ခြမ်း၌ နှစ်ယောက်၊ လေးယောက်နှင့် ခြောက်ယောက်ထိုင် စားပွဲများ ခင်းကျင်းထားလျက် ညာဘက်ခြမ်းတွင်မူ သီးသန့်ခန်းကလေးများချည်းရှိလေသည်။
ကော်ဖီဆိုင်ကလေးတွင် ကြည်စိတ်အဝင်စားဆုံးမှာ ထိုသီးသန့်ခန်းကလေးများကိုဖြစ်မည်ထင်သည်။ မဟုတ်သေး၊ ကြည် တကယ်စိတ်ဝင်စားသည်က သီးသန့်ခန်းပေါက်ဝတိုင်းမှာ တပ်ဆင်ထားသော ခန်းဆီးကလေးများကိုပင် ဖြစ်လိမ့်မည်။

ခန်းဆီးကလေးများသည် လေပြည်တိုက်လျှင်ပင် တဖျတ်ဖျတ်လူးလွန့်တတ်သော ပုဝါပါးစကလေးများမို့ ထွင်းဖောက်မြင်နိုင်သည်။ အိနြေ္ဒရသည်။ လွတ်လပ်သော်လည်း ထိုးဖောက်မြင်နိုင်၍ ရှင်းခန့်သည်။ ခန်းဆီးကလေးများ၏အရောင်သည် စိမ်းဖန့်ဖန့်အကြည်ရောင်ဖြစ်၍ မျက်စေ့လည်းအေးစေသည်။  သီးသန့်ခန်းဆိုသည်နှင့် တောင်တောင်အီအီကြည့်တတ်ကြသော မျက်ဝန်းများကို ထိုခန်းဆီးကလေးများက သိက္ခာဆယ်ထားသည်ဟု ကြည် ယူဆသည်။

သဘောတကျမျက်ဝန်းများကို ခန်းဆီးတွေမှရွှေ့ကာ အေးစက်နေပြီဖြစ်သောကော်ဖီကို လျှာဖျားပေါ် တစ်စက်ချင်းတင်သည်။ တစ် စက် ချင်း….၊ လျှာဖျားပေါ်မှာ….။ လည်ချောင်းထဲအရောက် အရသာ ပျောက်သွားသည်အထိ ကော်ဖီတစ်ခွက်၌ တမက်တမောလိုက်ပါခံစားလျက်ရှိသည်။ ခါးခါး စိမ့်စိမ့်ကလေး….။

ထိုစဉ်မှာပင် သီးသန့်ခန်းထဲရှိအမျိုးသမီးထံမှ ရှိုက်သံသဲ့သဲ့ကို ခပ်တိုးတိုးဂျပ်ဇ်တေးသွားများအကြား လွင့်ကနဲကြားလိုက်ရသည်။

ရှစ်ထ်ဟု ဆဲရေးသံလိုလိုကြားလိုက်ရပြီး သူမက လက်ထဲကဖုန်းကို စားပွဲပေါ် ဒေါက်ကနဲအသံမြည်အောင် ပစ်ချလိုက်သည်။ ပြီးမှ ဘေးမှာချထားသော လက်ကိုင်အိတ်ထဲမှ တစုံတရာကိုထုတ်သည်။ သူမလက်ထဲပါလာသည်က ဆေးလိပ်ဘူးနှင့် ဂက်စ်မီးခြစ်လေးတစ်ခုဖြစ်သည်။ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ နှုတ်ခမ်းမှာတေ့ပြီးမှ မီး မခြစ်သေးဘဲ တစ်ခုခုကိုသတိရဟန်နှင့် ဘေးဘီကိုကြည့်သည်။ ဟုတ်သားပဲ၊ သည်ဆိုင်က smoke free zone ဖြစ်သည်လေ။ မီးခြစ်ကိုပြန်သိမ်းကာ ဆေးလိပ်ကို မီးမညှိတော့ဘဲ နှုတ်ခမ်းမှာတေ့ထားလိုက်တာကို တွေ့ရသည်။ ခဏနေတော့ ပါးစပ်ကဆေးလိပ်ကို ချိုးဖဲ့ လွှင့်ပစ်လိုက်လေသည်။

အကြည့်တို့ကို သူမထံမှခွာကာ ဖုန်းစကရင်ပေါ်က မောင်နှင့်ကြည် အတူရိုက်ထားသော ဓါတ်ပုံကို ကော်ဖီနှင့် ကျိုက်ချနေရသည်။ မကြည့်သော်မှ အင့်ကနဲ ရှိုက်၍ရှိုက်၍ကြိတ်ငိုနေသံကို ကြားနေရပြန်သည်။ ခန်းဆီးပါးကလေးများကြောင့် ကြည် သူမကို မြင်နေရသည်။ ထို့ထက်ပို၍ သူမ၏နှလုံးသားအစုံကို မိန်းမချင်း မြင်နေရသလိုရှိသည်။ သူမနှလုံးသားတို့ ဆတ်ဆတ်ခါနေမှုသည် ကြည့်နှလုံးသို့ ရိုက်ခတ်သည်။ အချစ်ရေး အိမ်ထောင်ရေးများလား...။ သည်အရွယ်ဆိုတော့  ကြည့်လိုပင် အိမ်ထောင်ရေးကျိုးပဲ့သူ ဘဝတူအမျိုးသမီးများဖြစ်လေမလား...။ စာနာစိတ်နှင့် ရင်၌ နင့်ကနဲစူးသည်။

ငိုရလွန်းသောကြောင့် ဘေးတိုက်မြင်နေရသော သူမ၏နှာသီးဖျားကလေးမှာ ရဲနေသလိုလို။ အောက်နှုတ်ခမ်းကိုဖိကိုက်လျက် အသံမထွက်အောင်ငိုနေပုံမှာ ဘယ်လောက်နာကျင်ခံစားနေရသည်လဲ...။ ကြည်လည်း သူမနှင့်တစ်သားတည်း လိုက်ပါခံစားနေမိသည်။ ကြည် သူမထံမှ မျက်နှာလွှဲလိုက်မိပြန်သည်။ မမြင်လိုပါ။ ကြည်ကိုယ်တိုင်ကမှ ခပ်ယဲ့ယဲ့ကလေး ပြိုလဲလုလုမှာ ကြည့်လိုပဲ နှလုံးကြေကွဲနေသူ အမျိုးသမီးနောက်တစ်ယောက်ကို မျက်ဝန်းများနှင့်လည်း မမြင်လို၊ စိတ်၌လည်း မငြိတွယ်လိုပေ။ ရှိုက်သံတော့ ကြားနေရဆဲမှာ... ။

ကြည်သည်လည်း ကြိတ်၍ကြိတ်၍ ရှိုက်ငိုခဲ့ဖူးပါသည်။ နာကျင်လိုက်ရတာ ဆိုဖွယ်ရာမရှိ။ လူရှေ့သူရှေ့၌ နေမြဲစားမြဲပြုံးမြဲတိုင်းဖြစ်သောကြည်သည် နေ့အခါတွင် ရင်ထဲရှိအပူလုံးကို ဘယ်သူမှမသိအောင် လက်သပ် ချော့မြှူခဲ့ရ၏။

ဘယ်အချိန်တုန်းကတည်းက စခဲ့သလဲဆို...၊ အိမ်ထောင်သက် သုံးနှစ်အရောက် မြေးချီချင်သော မောင့်မိဘများ၏အရေးဆိုမှုကို ဖြည့်ဆည်းချင်သော်လည်း အိမ်ထောင်သက်လေးနှစ်နီးပါးထိ မအောင်မြင်သည်မှ စခဲ့သည်။ ထိုအချိန်မှစ၍ မောင်နှင့်ကြည်တို့ တစ်မိုးထဲအောက်အတူနေလျက် မိမိဝင်ရိုးပေါ် ကိုယ်စီလည်ပတ်နေကြသော သီးခြားကမ္ဘာငယ် တစ်ခုစီ ဖြစ်၍သွားခဲ့လေသည်။

 “မောင်မောင့်အပေါ် မမနှင်းအချစ် မပြယ်သရွေ့ မောင်မောင်တို့ ကလေး မရပါစေနဲ့”

သစ္စာဆိုတာလိုလို၊ ကျိန်စာတိုက်တာလိုလို မောင့်မမနှင်းစကားတို့ မောင့်နှုတ်မှ ထွက်ကျလာခိုက် ကြည့်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထောင်မတ်သွားခဲ့ရသည်။ မောင့်မှာတော့ မူးမူးနှင့် အသိစိတ် မပျောက်တပျောက်အချိန်မို့ ဗလုံးဗထွေးအန်ကျလာသော စကားမြားအနက်ကို ချင့်နိုင်ဟန်မတူ။ ကြည့်မှာသာ ရင်ဝတည့်တည့်စိုက်လျက် မနှုတ်သာအောင် ထုတ်ချင်းဖောက်ခံရသူလို။

ထိုစကားအပေါ် အမျက်မသိုရုံမက “မောင်မောင်သိပါပြီ မမနှင်းရယ်၊ မောင်မောင်သိပါပြီ။ မမနှင်း မောင်မောင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင်မောင်သိပါပြီကွာ”ဟု  ငိုသံပါကြီးနှင့် ရင်ကွဲမတတ် ဖြစ်နေသော မောင့်ကိုကြည့်ကာ ငုတ်တုတ်မေ့မျောနာကျင်ရသူ ကြည် ဖြစ်ခဲ့သည်။

နီးနီးလေးရှိလျက် ရင်ခုန်သံကိုမှဝေမျှကြားနာနိုင်ခြင်း မရှိတော့တဲ့အခါ အတူကကွဆိုတဲ့အဓိပ္ပါယ်ဟာ ကြည့်အတွက် ပြက်လုံးတစ်ခုသာ။ ညညအိပ်ချိန်တွေဆို ကျောခိုင်းလျက် တစ်ဘက်လှည့် အိပ်တတ်သော မောင့်နောက်ကျောကို အမှောင်ထဲမှကြည့်ကာသာ စိတ်မှန်းနှင့်လွမ်းရသည်။ ကြိတ်၍ရှိုက်ငိုခိုက် အသံကျယ်လာကာ မောင်နိုးသွားတော့မှာလားအထင်နှင့် ကြည့်လက်ဖျံကို သွားနှင့်ဖိကိုက်ကာ နာကျင်စေလျက် မျက်ရည်တို့ကိုရပ်တန့်စေခဲ့ဖူးသည်။ ထိုကာလများဆီက နာကျင်မှုဆိုတာ၊ အလွမ်းဆိုတာ ကြည့်အတွက်တော့ ညဥ့်လယ်ယံမှ စုန်းတောက်သလို ၀င်းဝင်းထင်းထင်းလူလုံးထွက်ပြရဲသော ဖူးပွင့်ဝေဆာမှုတစ်ခုသာ ဖြစ်ခဲ့လေသည်။

မောင် မူးလာတိုင်း ကြားရလေ့သော မောင့်မမနှင်းတမ်းချင်း၌ ကြည် အဖန်ဖန်သေသည်။ မောင့်မမနှင်းကျိန်စာ၌ ကြည် အဖန်ဖန်အက်ကွဲကြေမွရသည်။ ကြာသော် နာကျင်မှုတို့ အေးခဲလျက် ထုံကျင်နိုင်ပြီ။ ဇက်ကုန်လွှတ်အလွမ်းတို့ လက်ပမ်းကျလေပြီဟု ကြည်ထင်ခဲ့သည်။ အမှန်မှာ မြုံနေသောအနာလို တုတ်ကျတိုင်း ဆတ်ဆတ်ထိမခံ နာမြဲပင်တည်း။

တဖြည်းဖြည်းနှင့် မောင်အိမ်ပြန်မမှန်သော ရက်တချို့မှာ ကြည့်ခံစားမှုတွေ အပြည့်အဝပင်လုံးညွှတ်ခွင့် ရခဲ့သည်။ ဘယ်ရင်ခွင် ဘယ်နေရာမှာ ပျော်နေမည်မသိသည့်မောင့်ကို နာနာကျင်ကျင်လွမ်းဆွတ်စိတ်က တစ်ဘက်၊ ညတာရှည်ရသည့်အထဲ ကြားရတတ်သော အသံဗလံ ချိုးချိုးချွတ်ချွတ်ညတွေမှာ ကြောက်စိတ်တွေက တစ်ဘက်နှင့် တစ်ကိုယ်တည်း မိုးလင်းရသည်များ များစွာ…။

ဘယ်သူက သိခဲ့မှာလဲ၊ မောင့်မှာ အသက်လောက်ချစ်ရသော မောင့်မမနှင်းရှိခဲ့ဖူးသည်ဆိုတာ။ မောင့်ထက် အသက်ကြီးသည်။ လည်ပတ်နှံ့စပ်လွန်းသည်။ အခြေ အကြောကြီးသည်ဆိုကာ မောင့်မိဘတွေက သဘောမကျဘဲ ကြည်နှင့် လူကြီးချင်းစကားမြန်းလာစဉ်၊ ကြည်ကလည်း ဟန်ပန်တွေ လုပ်မနေ၊ ချက်ချင်း ခေါင်းညိတ်ခဲ့သည်။ ဒါကိုပင် မောင် သုံးနှစ်ခန့်အသည်းအသန်လိုက်ယူခဲ့ရသော မမနှင်းနှင့်ချိန်ထိုးကာ လွယ်လွန်းသည်ဟု မောင်က မြင်သည်တဲ့။ အချစ်မှာ အချိန်အတိုင်းအဆရှိသလား ဟု မောင့်ကို ကြည် မေးလိုက်ချင်သည်။

သို့သော် အရာရာလွန်ခဲ့ပြီ။ 
ကြည်နှင့်မောင့်အကြား ပိန်းသောအမှောင်ထုတစ်ခုက ခိုင်ခိုင်မာမာထူထဲ ခြားနားလျက်ရှိခဲ့လေပြီ။

(ဃ)
အပြင်မှာ မိုးဖွဲကလေးများ ကျလာပြီ။ ဆိုင်ရှေ့မှာလည်း လူအသွားအလာကျဲပါး စပြုပြီ။ ကော်ဖီဆိုင်ကလေးထဲမှာ ကြည်ရယ်၊ သူမရယ်၊ နောက် ခပ်ငယ်ငယ်စုံတွဲတစ်စုံရယ်သာရှိသည်။ ဂျပ်ဇ်တေးသွားတို့စီးဆင်းဆဲ သူမရှိုက်သံတို့ တိုးလျကာ အငိုတိတ်သည်။ အိတ်ထဲမှ တစ်ရှူး အစိုစလေးနှင့် မျက်နှာကိုသန့်စင်လျက် တူးဝေးကိတ်မိတ်ကပ်လေးသုံးကာ ပြင်ဆင်ချယ်သနေသည်ကို မြင်လိုက်ရသည်။ ပြီးတော့ နှုတ်ခမ်းနီဆိုးသည်။ ရဲရဲနီစွေးနေသော နှုတ်ခမ်းအရောင်သည် ယုံကြည်မှု၊ စွမ်းဆောင်နိုင်မှု၊ တိကျပြတ်သားမှုတို့ကို သူမမျက်နှာပေါ် ထပ်ဆောင်းပေးသည်။ အစောကလေးက ကြည်မြင်နေခဲ့ရသော သူမသည် ယခုသူမ မဟုတ်တော့။ အားလုံးပြီးတော့ သိမ်းစရာရှိသည်များ အိတ်ထဲပြန်သိမ်းကာ ထိုင်နေရာမှ ထသည်။ သီးသန့်ခန်းလေးထဲမှ အထွက်၊ ကြည့်ဘက်အလှည့် လှစ်ကနဲကွေးညွှတ်သွားသော သူမနှုတ်ခမ်းအစုံကိုမြင်ခိုက် ကြည်ပင် ရောယောင်ပြုံးပြလိုက်မိသည် ထင်၏။

ကြည်လည်း အိမ်ပြန်ဖို့ပြင်ရမည်။ လက်တွေ့ဘဝတစ်ခုဆီ သွားရဦးမည်။  ကြည့်ပါးပေါ်မှာလည်း ခြောက်သွေ့မျက်ရည်စီးကြောင်းတို့ ရှိခဲ့ပါသည်။ နေ့လည်ကအဖြစ်တို့ အပျက်အနေနှင့် ကြည့်အမှတ်အသားထဲမှာ ရှိနေဦးမည်။ ဆိုင်ထဲမှထွက်သွားသော သူမမျက်နှာပေါ်မှာ၊ ကြည့် မျက်နှာပေါ်မှာ ကြည်တို့မိန်းမတွေရဲ့ လက်တွေ့ဘဝရင်ဆိုင်မှုတွေ၊ ရဲရင့်ဖြတ်သန်းမှုတွေ၊ နာကျင်သမျှတို့အား လွှတ်ချထားနိုင်ခဲ့မှုတွေနှင့် ထင်လင်းတောက်ပနေဦးမည်။ ကြည် ထင်သည်။

(င)
ခန်းဆီးကလေးတွေ....
ပါးလွှာသလောက် လွင့်ပြန့်၊ လွင့်ပြန့်သလောက် ပေါ့ပါးကာ ထွင်းဖောက်မြင်နိုင်သည့် ပွင့်လင်းမြင်သာမှု အပြည့်နှင့် ခန်းဆီးကလေးတွေ၊  ထိုမှတစ်ဆင့် အမျိုးသမီးတစ်ယောက်၏နှလုံးသားကို ကြည်တွေ့ခဲ့ရပြီ။ ကြည့်နှလုံးသားတို့ကိုလည်း သူမ မြင်ကောင်းမြင်ခဲ့ပါလိမ့်မည်။ ခါတရံ တစ်ဦးချင်းစီ၏ နှလုံးသားများအား ထင်ဟပ်မြင်သာစေသော ခန်းဆီးပါးကလေးများ ကြည်တို့ဘဝမှာ လိုအပ်ကောင်းလိုအပ်မည်ဟု ကြည်ထင်သည်။

မောင်ကရော....၊ မောင်ဟာ ကြည့်အတွက် ခန်းဆီးအထူကြီးတစ်ခု ဖြစ်မည်ထင်ရဲ့။ နောက်ကွယ် တစ်ဘက်မှာ ဘာတွေရှိမလဲ ခန့်မှန်းလို့မရနိုင်အောင် ပိန်းမှောင်နက်အိအရောင် ရင့်ရင့်ခြယ်ကာ မောင် ကြည့်ဘဝထဲ သွေးအေးစွာ ဝင်ရောက်လာခဲ့သည်။ လေပြည်တိုးလို့မှ မလှုပ်ခတ်တတ်သော ထူထဲအေးစက်သည့်ခန်းဆီးသည် ကြည်ချစ်သော မောင်…။

အို....ကြည်တို့ဘဝမှာ သည်လိုခန်းဆီးအထူကြီးတွေလည်း လိုအပ်သည်။ အနည်းဆုံးတော့ ကြည်တို့အမျိုးသမီးတွေရဲ့မျက်ရည်တွေ၊ နာကျင်မှုတွေ၊ ဒဏ်ရာအနာတရတွေ၊ သွေးပျက်ဖွယ်ငရဲခန်းတွေ၊ ကျိုးပဲ့ကြေမွနေမှုတွေကို ခန်းဆီးထူထူကြီးများနောက်ကွယ်မှာ အမှောင်ချထားနိုင်မည်။ အမှောင်ချထားခဲ့လိုက်ချင်သည်။ 

ခဏကလေးဖြစ်ဖြစ်ပေါ့.....

အပြင်မှာ မိုးဖွဲကလေးများ ကျနေဆဲ။ အိတ်ထဲကထီးကိုထုတ်ကာ ဖွင့်ဆောင်းလိုက်သည်။ ကြည့်စိတ်ရော ကြည့်ကိုယ်ပါ ဖျားနာလို့ မဖြစ်သေး….။ 





ဒီဝတ္ထုတိုလေးဟာ မိုးစာပေက စီစဉ်ထုတ်ဝေတဲ့ " ကောင်းကင်ပေါ်ကျတဲ့ မိုးစက်များ " ဆိုတဲ့ စာအုပ်လေးထဲမှာ မိုးစက်ကလေးတစ်စက်အနေနဲ့ ကျွန်မ ပါဝင်ရေးသားဖြစ်ခဲ့တဲ့ ဝတ္ထုတိုလေးပါ။ ကျွန်မနဲ့အတူ ဆရာမကြီးငယ်လတ်များ၊ ရေးဖော်မိတ်ဆွေများပါ ပါဝင်ရေးသားထားကြပါတယ်။ ဆရာမများရဲ့လက်ရာမွန်များဖြစ်တာမို့ ဝယ်ယူသိမ်းဆည်းသင့်တဲ့စာအုပ်လေးပါ။ မဖတ်ရသေးရင် ဝယ်ယူအားပေးကြပါဦးရှင်...:)

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...