Saturday, January 24, 2015

ထွေရာလေးပါး-၈



ထွေရာ - ၁

"လုံခြုံမှုမဲ့ ပန်းဖူးကလေးများ"

အသက်နှစ်ဆယ်အရွယ် လုပ်အားပေးဆရာမလေးနှစ်ယောက် မတရားပြုကျင့်ပြီး အသတ်ခံလိုက်ရတယ် ဆိုတဲ့သတင်းလောက် အကျင့်တန်တဲ့ သတင်းများ ရှိဦးမလား။ 

ဆရာမလေးနှစ်ယောက်ဟာ ကလေးတွေကို သူတို့စွမ်းသလောက် ပညာဒါနပေးနေတဲ့ ဆရာမလေးတွေ၊ ပြီးတော့ ဘာသာရေးဆရာမလေးတွေလည်း ဖြစ်သတဲ့။ ဒီနေရာမှာ ကချင်လူမျိုး မွန်လူမျိုး ကရင်လူမျိုးစတဲ့ လူမျိုးစုနာမည်တပ်မှုတွေ ခဏမေ့ထားစေချင်တယ်။ 

လူသားဆန်တဲ့ မိန်းမငယ်လေးနှစ်ယောက်၊ ဝေးလံခေါင်သီတဲ့အရပ်မှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ပရဟိတစိတ်အပြည့်နဲ့ လူသားတာဝန်ကျေပွန်စွာထမ်းနေတဲ့ မိန်းမငယ်လေးနှစ်ယောက်ရယ် လို့သာ မြင်စေချင်ပါတယ်။ ဒီလိုလူသားဆန်တဲ့ မိန်းကလေးတွေအပေါ် ဒီလိုလုပ်ရပ်မျိုး လုပ်ဝံ့သူတွေဟာ လူသားမဆန်တဲ့၊ လူလို့ နာမည်တပ်ဖို့မသင့်တဲ့ လူနာမည်ခံတွေသာဖြစ်တယ်။ အမျိုးသမီးတွေအပေါ် လိင်မှုကိစ္စအကြမ်းဖက်ခြင်းဟာ တခြားအကြမ်းဖက်မှုတွေထက်ဆိုးဝါးကာ  လူ့အသိုင်းအဝိုင်းတစ်ခုလုံးက အင်မတန်မှဆန့်ကျင်ရွံရှာတဲ့လုပ်ရပ်တစ်ခုပဲဖြစ်တယ်။ 

မပြေးသော်လည်း ကန်ရာရှိဆိုတာလို သေချာပေါက်သူတို့တွေပဲလို့ လက်ညှိုးမထိုးလိုပေမယ့် “တပ်မတော်ကြီးလည်း ချီလာပါပြီ”ဆိုပြီး သီချင်းလေးအေးကာ နှစ်ကာလှိုက်လှဲမှုမရှိတော့တာလည်း အမှန်ပဲဖြစ်တယ်။ ထားတော၊့ ဒီနေရာမှာလည်း ခုလို လူမဆန်စွာပြုကျင့်သူဟာ တပ်မတော်သား၊ အရပ်သားရယ်လို့ ခွဲခြမ်းစိတ်ဖြာကာ နာမည်မတပ်ချင်၊ မတပ်လိုတော့ပါ။ 

ပြောလိုရင်းမှာ လူသားဆန်သောမိန်းမငယ်လေးနှစ်ယောက်အပေါ် လူမဆန်စွာပြုကျင့်ယုတ်မာခဲ့တဲ့ အကျင့်တန်မှုဆိုတာပဲဖြစ်တယ်။ အဲဒီအကျင့်တန်မှုအတွက် အပြစ်ရှိသူကို မှန်ကန်ထိုက်သင့်တဲ့ အပြစ်ရစေလိုခြင်းဖြစ်တယ်။ နောက်နောင် ဘယ်သူကမှ ဒီလိုမပြုဝံ့ မပြုရဲအောင် စံပြအမှုတစ်ခုအနေနဲ့ စီရင်ချက်ချစေလိုခြင်းသာဖြစ်တယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၆) တရားစီရင်ရေးကဏ္ဍ ပုဒ်မ (၂၉၃) - ခ မှာ စစ်ဘက်ဆိုင်ရာတရားရုံးကို ဖွဲ့စည်းခွင့်ပြုထားပြီး ပုဒ်မ ၃၁၉မှာ ပုဒ်မ ၂၉၃ - ပုဒ်မခွဲ ခအရ “စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက်  တရားစီရင်ရမည်”လို့ ပြဌာန်းပါရှိပါတယ်။ ပြီးပြန်တော့ အဲဒီလို တရားစီရင်ချမှတ်မှုမှာ တပ်မတော်ကာချုပ်ရဲ့အဆုံးအဖြတ်သည်သာ အပြီးအပြတ်ဖြစ်သည်လို့ဆိုထား တယ်။

ဒီတော့ တရားခံဟာ တပ်မတော်သားတွေထဲကသာ ဖြစ်နေရင် တရားစီရင်ရေးဟာ ဘယ်လိုဖြစ်မလဲဆိုတာ ဆက်စဉ်းစားစရာဖြစ်လာတယ်။ အိုးကောင်းစေချင်ရင် နာနာရိုက်ရတဲ့ အိုးသည်လိုသာ ဖြစ်စေချင်မိတယ်။ သမာသမတ်ကျတဲ့ စီရင်မှုဖြစ်စေချင်မိတယ်။ 

ကျွန်မအနေနဲ့ ကချင် ကရင် မြန်မာဆိုတာထက်.... 
အရပ်သား တပ်မတော်သားဆိုတာထက်.... 
“လူသားဆန်သော အပြစ်မဲ့သူများကို အကြမ်းဖက် ရက်စက်စွာ ပြုကျင့်သတ်ဖြတ်ခဲ့သော လူအမည်ခံသူများအား သမာသမတ်ကျစွာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံစေလိုတဲ့စိတ်သာ ရှိပါတယ်”

လုံခြုံမှုမဲ့သော အပြစ်မဲ့ပန်းဖူးကလေးများ ရက်စက်စွာ အခြွေခံရခြင်းမှ ကင်းဝေးစေချင်မိပါတယ်။

မှန်ကန်စွာ စီရင်ထုံးဖြတ်သောတရားဥပဒေဆိုတာ ကျွန်မတို့အရပ်မှာ အမှန်တကယ်ရှိနေပါစေလို့ ဆုတောင်းမိပါရဲ့….

ထွေရာ - ၂

"ငြိမ်းချမ်းရေး"

ငြိမ်းချမ်းရေးကို လူတိုင်းလိုလားကြတယ်။ အနည်းဆုံးတော့ ငြိမ်းချမ်းစွာ စားသောက်ချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုးထလို့ အဆုံးအစမဲ့ ကောင်းကင်ပြာပြာကြီးကို  ငေးမော့ကြည့်ချင်ကြတယ်။ ဒါဟာ လူတိုင်းလိုချင်တဲ့ အခြေခံအကျဆုံး ငြိမ်းချမ်းရေးပဲ။ 

အဲ့ဒီငြိမ်းချမ်းရေး ကျွန်မတို့ တကယ် ပိုင်ဆိုင်ချင်ကြရဲ့လား။ တကယ်ပဲ ကျွန်မတို့နဲ့ ဝေးလံလွန်းနေလား။ ငြိမ်းချမ်းရေးဆိုတာဟာ ကျွန်မတို့နဲ့ မတန်မရာလား။ ငြိမ်းချမ်းရေးကို ကျွန်မတို့ တကယ်ပဲ မရနိုင်ကြတော့ဘူးလား။

ကြည့်ချင်ပွဲတစ်ခုဆီ၊ ပွဲတော်ညတွေဆီ၊ ရာသီတော်ပွဲတွေဆီ စိတ်လက်ပေါ့ပါးစွာ၊ ပျော်ရွှင်စွာ ကျွန်မတို့ ခြေလှမ်းတွေမှ လှမ်းရဲကြရဲ့လား။ တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့ လေးလံစိတ်တွေနဲ့ မသိစိတ်မှာ စိုးရွံစွာ တထိတ်ထိတ် ဖြစ်နေခဲ့ကြဖူးတယ်၊ ဖြစ်လည်းဖြစ်နေတုန်းပဲ။ ဟိုနေရာမှာ အုန်းကနဲ၊ ဒီနေရာမှာ ဝုန်းကနဲတွေ၊ သွေးထွက်သံယိုမှုတွေ၊ အကြမ်းဖက်မှုတွေ၊ အပစ်အခတ်တွေ၊ သေမှုသေခင်းတွေနဲ့ ကျွန်မတို့စိတ်တွေဟာ မငြိမ်းချမ်းနိုင်ခဲ့ကြဘူး။ ငြိမ်းချမ်းရေးဟာ အရောင်တွေ စွန်းထင်းနေတုန်းပဲ။ ငြိမ်းချမ်းရေးဟာ ပူလောင်နေတုန်းပဲ။ ငြိမ်းချမ်းရေးဟာ အကြမ်းဖက်မှုတွေကြားမှာ ခေါင်းထောင် မထနိုင်သေးဘူး။

အိမ်တွင်းအကြမ်းဖက်မှုတွေက အစ၊ ဒေသတွင်းအကြမ်းဖက်မှုတွေ၊ နိုင်ငံတွင်းအကြမ်းဖက်မှုတွေအဆုံး မီးစာကောင်းကောင်းနဲ့ ပိုလို့ ပိုလို့တောက်လောင်နေဆဲပဲ။ အဲဒီငြိမ်းချမ်းမှုတွေဟာ မလုံခြုံမှုက အစပြုတယ်လို့ ကျွန်မ ယူဆတယ်။ လူတွေဟာ မလုံခြုံကြလို့သာ မိမိကိုယ်ကို ကာကွယ်ဖို့ အသေးစားလက်နက်တွေ စတင်ဖန်တီးကြတာ။ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြောရရင် စစ်ရေးအရ ကာကွယ်မှု အနေနဲ့ လူသတ်လက်နက်ကြီးတွေ တီထွင်ထုတ်လုပ်ကြတယ်။ အဲဒီကနေ လက်နက်ရှိသူက လက်နက်ကြောင့် မာန်တက်သလို စစ်သွေးကြွသလို၊ လက်နက်မရှိသူကလည်း မရှိလို့ စိတ်မလုံခြုံမှုဖြစ်ရာက လက်နက်တွေပိုင်အောင်ကြိုးစားလာကြတယ်၊ ရတဲ့နည်းနဲ့ဝယ်ယူလာကြတယ်။

အကြမ်းဖက်မှုတွေမှာ အပြစ်ရှိသူဟာ သူ့အပြစ်ကို ကာကွယ်ဖို့၊ တစ်ဘက်သားကို ကြောက်သွားအောင်၊ မှတ်လောက်သားလောက်ရှိသွားအောင်၊ မလှန်နိုင်အောင်၊ မော်မကြည့်ရဲအောင် မတရားသဖြင့် ဖိနှိပ်ကွပ်မျက်လေ့ရှိတယ်။ ဒါဟာ စိတ်မလုံခြုံမှုကြောင့် အပြစ်ကို အကြောက်တရားနဲ့ ဖိနှိပ်ထားလိုက်တာပဲဖြစ်တယ်။ ခန္ဓာတည်ဆောက်ပုံ၊ အခွင့်အရေးကွာခြားမှု၊ လက်ရှိလက်မဲ့ ကွာခြားနေမှုတွေ၊ အနုအရင့် အကြမ်းအချောကွာခြားနေမှုတွေကအစ လက်ခံယုံကြည်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေအဆုံး အစစအရာရာကွာခြားနေမှုတွေဟာ အကြမ်းဖက်မှုဆီကို သိမ်မွေ့စွာဦးဆောင်သွားတဲ့ အကြောင်းတရားတွေဖြစ်တယ်။

နိုင်ငံတစ်နိုင်ငံတွင်းမှာလည်း ဒီလိုပဲ ဆန့်ကျင်ဘက်အုပ်စုတွေရယ်လို့ ကွဲပြားခြားနားနေသမျှ အကြမ်းဖက်မှုတွေရှိနေဦးမယ်။ အကြမ်းဖက်မှုတွေရှိနေသမျှ ငြိမ်းချမ်းရေးနဲ့လည်း ဝေးနေဦး မှာ ဖြစ်တယ်။ ပြောခဲ့သလိုပါပဲ၊ မလုံခြုံမှုတွေကြောင့် အုပ်စုတစ်ခုဟာ အခြားအုပ်စုတစ်စုကို၊ အင်အားကြီးသူဟာ အင်အားနည်းသူကို၊ လက်နက်ရှိသူဟာ လက်နက်မဲ့သူကို အကြမ်းဖက်မှုတွေသုံးပြီး အကြောက်တရားဆိုတာကို ရင်ထဲသွင်းပေးတယ်။ ဖိနှိပ်ပြီး သွင်းတယ်။ အဲဒီမှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားက အကြမ်းဖက်မှုတွေကြောင့် ငြိမ်းချမ်းရေးနဲ့ ဝေးနေကြရတယ်။ အကြမ်းဖက်မှုတွေရှိနေသမျှကာလပတ်လုံး ငြိမ်းချမ်းရေးဟာ ပုန်းကွယ်နေဦးမှာပဲဖြစ်တယ်။

အဓိကကျတဲ့ နောက်ထပ်အကြောင်းတရားတစ်ခုကတော့ စိတ်ပါပဲ။ တစ်ဦးချင်းစီရဲ့စိတ်သဏ္ဍာန်မှာ အကြမ်းဖက်မှုတွေကို မကောင်းသောအကြောင်းတရားလို့ သိနေပြီး သိတဲ့အတိုင်း ရှောင်ကျဉ်နိုင်မယ် ဆိုရင်....။ တစ်ဦးချင်းစီရဲ့စိတ်ထဲက အကြမ်းဖက်လိုမှုတွေကို အရင်ဆုံးခဝါချနိုင်မယ်ဆိုရင် ကျွန်မတို့နေထိုင်တဲ့ကမ္ဘာဟာ အကြမ်းဖက်မှုတွေ ကင်းစင်နိုင်မှာပါပဲ။ 

အကြမ်းဖက်မှုတွေ ကင်းစင်သွားတာနဲ့အမျှ ငြိမ်းချမ်းရေးဟာ အလိုလိုဝင်ရောက်နေရာယူလာမှာဖြစ်တယ်။ အမှိုက်ရှိနေတဲ့ရေတစ်ခွက်ကို အကုန်အစင်သွန်မှောက်ပစ်လိုက်မှသာ ခွက်ထဲကို ရေကြည်ရေသန့်တွေ အစားထိုးဝင်ရောက်နိုင်သလိုပါပဲ။

ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာ လွယ်ကူနိုင်ပါ့မလား။ 

လက်ထဲရှိနေတဲ့ လူသတ်လက်နက်တွေထက် စိတ်ထဲရှိနေတဲ့ လူသတ်လက်နက်က ပိုကြောက်စရာကောင်းပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်လက်နက်တွေ ချနိုင်ဖို့က ကျွန်မတို့ အားလုံးရဲ့ တာဝန်ပါ။

မှတ်ချက် :

ဘာလိုလိုနဲ့ စိတ်ထဲရှိရာပြောချင်သမျှလေးတွေကို ထွေရာလေးပါးဆိုပြီး စီးရီးလေးနဲ့ရေးလာလိုက်တာ ခုဆို ထွေရာလေးပါး (၈) တောင် ရှိနေပါပြီ။ ခါတိုင်းဆို ထွေရာလေးပါးရေးတိုင်း လေးခုလုံး အပြီးရေးတင်လေ့ရှိပါတယ်။ ခုကတော့ စာရေးကြဲနေဦးမှာမို့ အကြံကြီးစွာ နှစ်ပိုင်းခွဲတင်လိုက် ပါတယ်။ ထွေရာ ၃ နဲ့ ၄ကို စိတ်ပါတဲ့အခါ ဆက်ပါဦးမယ် :)

1 comments:

Ma Tint said...

ဘယ်နှစ်ပိုင်းခွဲခွဲပါ မချစ်ရယ်... များများဖတ်ရလေ သဘောကျလေပဲ အမှန်တကယ်ဖြစ်တည်မှုလေးတွေ ဖတ်သွားပြီ များများရေးပါအုံး ပျောက်ပျောက်နေတယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်