Saturday, September 20, 2014

ရပ်၍မျှော်ဆဲ... စောင့်ဆဲကို….



မိုးက ခုတလော ထစ်ချုန်း၍ ချုန်း၍ရွာသည်။ 

ရွာသောမိုး၌ လျှပ်တို့ ဝင်းဝင်းလက်လက်ပြက်သည့်အပြင် ရံခါချိန်းတတ်သောမိုးကြိုးများကြောင့် သူမ၏အခန်းငယ်လေးမှာ လင်းတခါ မှောင်တလှည့်ရှိရသည်။ မိုးသည် လေနှင့်အတူ သည်းသည်းစွေရွာနေလေ၏။ ထိုမိုးအောက်မှာ အပင်ငယ်လေးများသာမက သစ်ပင်ကြီးတို့ပင် ဆောက်တည်ရာမဲ့ ယိမ်းထိုးလျက်ရှိသည်။။ မိုးနှင့်သစ်ပင်တို့ စည်းချက်ကျကျ ဘယ်ညာယိမ်းထိုးနေသည့် မြင်ကွင်းကို သူမပြတင်းပေါက်ကလေးက အနားသတ်လို့ပေးထားသည်။ ထိုပြတင်းပေါင်မှ ဘောင်ခတ်ပေးထားသည့်မြင်ကွင်းကလေးထဲ သူမမျက်ဝန်းတွေကို စိုက်ထားလိုက်မိသည်။

မိုးစက်မိုးပေါက်ကလေးများသည် မြေပြင်ပေါ်သို့ တည့်တည့်သက်ဆင်းရသည်တော့ မဟုတ်၊ လေ၏ဆောင်ရာအတိုင်း မြေပြင်ညီနှင့် ခပ်စောင်းစောင်းတိမ်း၍ ကျရရှာသည်။ ထို့ကြောင့်ပင် မိုးပေါက်ကလေးများသည် သူမပြတင်းဘောင်အပေါ် လွင့်ကနဲ လွင့်ကနဲ ဖွာစင်လျှက်ရှိသည်။ အရာရာသည် ဝေဝေဝါးဝါး…။ မျက်ခွံများကို တင်းတင်းပိတ်လိုက်ကာ ပြန်အဖွင့်၌ အားယူ၍ အပြင်ဘက်သို့ ကြည့်လိုက်မိပြန်သည်။ မြင်ကွင်းသည် ပြတ်သားမလာ၊ ပြောင်းလဲမသွား၊ ဝေဝါးဆဲပေ။

ရေမှုန်တွေကြောင့်လား၊ သူမမျက်ဝန်းတွေကြောင့်လား…၊ သစ်ပင်များသည် ဘယ်ညာသို့ ကြမ်းတမ်းယိမ်းနွဲ့နေသော အုပ်အုပ်ခဲခဲများ၊ ဒေါင်လိုက်ခပ်စိမ်းစိမ်းများသာဖြစ်လို့နေသည်။ အပင်သေးများ၊ အပင်ကြီးများ၊ ရှည်လျားပင်များ၊ ပုပြတ်သောအပင်များ…၊   အားလုံးသည် သူမမျက်ဝန်းအိမ်ဝယ် ပြယ် လွင့်နေသော ရေဆေးပန်းချီကား တစ်ချပ်လှုပ်ရှား သက်ဝင်နေသည့်နှယ်။

ဒေါ်ထွေး  ဒေါ်ထွေး ဘယ်ရောက်နေပါလိမ့်၊ တအိမ်လုံးမှာ သူမ တယောက်ထဲများလား။ နေ့လည်ခင်းမို့ တရေးတမော ပြန်လည်အိပ်စက်နေသည်ထင်၏။ နေပါစေလေ၊ မိုးပန်းချီကားတစ်ချပ်ကို သူမ ငေးလျက်နေချင်သေးသည်။ ပြတင်းပေါက်အား ပိတ်မပစ်လိုက်ချင်သေး။

ထိုမိုးထဲမှာ သူမ ပျော်ခဲ့ဖူးသည်။ ထီးတချောင်းကို လက်ကကိုင်လျက်နှင့်ပင် ရွှဲရွှဲစိုခဲ့ဖူးသည်။ သည်လိုစွေစောင်း၍ရွာတတ်သော မိုးထဲမှာ…။ နှုတ်ခမ်းများပြာကာ မေးရိုက်အောင် တဂတ်ဂတ်တုန်ခိုက်နေသည့်ကြားမှာပင် သူနှင့်မို့ သူမက အိမ်မပြန်ချင်။ အားနာ၍ဆိုကာ သူမထီးအောက်ကို သူက ခိုဝင်မလာသောအခါ သူမက ထီးကို ကိုင်ကာမတ္တမျှ၊ လူကမူ ထီးပြင်ထွက်ကာ သူနှင့်အတူ မိုးစက်များအောက် ခေါင်းမော့လျှောက်လေသည် တဲ့။

သူမတို့ စကားပြောဖြစ်ကြစဉ် သည်အကြောင်းကို သူမကပြောပြတော့ သူ ခပ်ဖွဖွလေးရယ်မောသည်။ စိတ်ကူးယဉ်လိုက်တာဟု ဆိုသည်။  ဘာဖြစ်လဲ၊ တွေ့ကြတဲ့အခါ အဲသလိုမိုးတွေ သည်းနေပါစေ ဆုတောင်းတယ်ဟု သူမက ထပ်ဆင့်ဆိုလေသော် သူသည် ပြောစကားနားမထောင်သော ကလေးတစ်ယောက်အား အလိုလိုက်ထားရသလို သူမမျက်နှာကိုငေး၍သာ ကြည့်လေ၏။ ထိုအကြည့်မှာ သူမ အရည်ပျော်ကျမြဲ။ ထိုအကြည့်မှာ သူမ ရူးသွပ်မြဲဖြစ်သည်။ သူ သူမမျက်နှာကို အဲသလိုငေးကြည့်တိုင်း သူမနှလုံးသားတွေကိုများ ထွင်းဖောက်ကာ မြင်သွားတော့မှာလား တွေးရှက်မိရသည်။ 

သူငယ်ချင်းကလေးဟု သူမကခေါ်လျှင် သူက စိတ်ကောက်ဟန်ပြသည်။ ဒါဆို ဘာလဲ၊ ကျွန်မတို့တွေက ဘာလဲ ပြောပါဦးဟု သူမနှုတ်ဖျားမှ ဖွင့်မေးလျှက် စကားလုံးများနှင့် မချုပ်လို။ ရှိစေ…။

သတိတွေသိပ်ရတဲ့အခါ စကားတွေပြောကြတာပေါ့ဟုဆို၍ ဗီဒီယိုကောလ်ရသော အကောင့်တခုကို သူမ ဖွင့်ခဲ့ဖူးသည်။ ­­ပထမဦးဆုံး သူ စတင်ခေါ်ခဲ့တဲ့နေ့ကို သူမ ကောင်းကောင်းမှတ်မိပါသည်။ ထိုနေ့က သူမ ရေမချိုးရသေး။ အဆီပြန်နေသော မျက်နှာ၊ အိမ်နေပါတိတ်အနွမ်းလေးနှင့် ဆံပင်ဖားဖားချကာ ကွန်ပြူတာရှေ့ထိုင်၊ ကဗျာတပုဒ်ထဲ ဈာန်ဝင်ဖတ်နေခိုက်ဖြစ်ပါသည်။ မည်သူမျှခေါ်ယူခဲ့ဖူးခြင်းမရှိ၍ တခြားဖုန်းသံများနှင့်ကွဲသော ထိုဖုန်းမြည်သံကိုကြားစဉ် ပထမတော့ အံ့သြကာ ဖုန်းမျက်နှာပြင်ကို ငေးကြောင်ကြည့်နေမိသေးသည်။ ဖုန်းစကရင်ပေါ်မှာ သူ့နာမည်မြင်လေမှ ကသုတ်ကရက် ဖုန်းပြန်ထူးရလေသည်။

ဖုန်းစကရင်ပေါ်မှာ သူ့ကိုမြင်ရစဉ် သူမစိတ်တို့ ခုန်လှုပ်နေခဲ့သည်မှာ စကားလုံးများနှင့်ပြရလျှင် မည်သို့မျှ ရေးချနိုင်ဖွယ် မရှိ။ သူ့ဓါတ်ပုံ၊ သူမဓါတ်ပုံ ပေးပို့လဲလှယ်ခဲ့စဉ်ကနှင့် မတူ။ သူက သူမရှေ့မှာ၊ သူ့အပြုံးတို့က ချိုမြကာ၊ သူက သူမဖုန်းစကရင်ပေါ်မှာ လွန့်လွန့်လှုပ်ရှားနေခဲ့သော အသက်ဓါတ်တခုဖြစ်ခဲ့သည်။ သူသည် စကားပြောတတ်သော ပုံရိပ်ယောင်၊ သူသည် လူကြီးဆန်ပုံ ဖမ်းလျက်က စိတ်လိုလက်ရဆိုးတတ်သော ညစ်ကျယ်ကျယ်ကလေးလည်းဖြစ်သည်။ သတိရတယ်၊ သူငယ်ချင်းတယောက်လို သတိရတာမျိုး မဟုတ်ဘူးဟု သူဆိုလာလျှင် သူမက သူ့ကို တဖန် ငေးကနဲကြည့်မိပြန်သည်။ သို့တိုင်အောင် ဒါဆို ဘယ်လိုသတိရတာလဲ ပြောဟု သူမ မမေးဖြစ်ခဲ့။ စကားတွေ မပြောဖြစ်ကြဘဲ နှစ်ယောက်သားကိုယ်စီ အတူတူရှိနေသည်ဟူသော အသိနှင့်သာ၊ တယောက်မျက်နှာ တယောက်ငေးကာ နေခဲ့ကြဖူးသော အချိန်များ….များစွာ။

မိုးသည် ဘယ်အညှိုးနှင့် စွေလေသည် မသိ။ သည်း၍ သည်း၍သာ လာသည်။ သူမမျက်ဝန်းများရှေ့မှာ မိုးရေစက်တွေလား၊ ပြတင်းနှင့်ဘောင်ခတ်ထားသော ပန်းချီကားတချပ်လား၊ ယိမ်းထိုးသစ်ပင်ကြီးငယ်များလား။ တကယ်တော့ ဘာဆိုဘာမှ မသဲကွဲပြန်ချေ။ ပြတင်းပေါက်ကလေးမှတဆင့် ကျော်ကြည့်နေသော ပြင်ပမြင်ကွင်းများကိုလည်း မမြင်၊ ပြတင်းပေါက်ကလေး ဘေးကြမ်းပြင်မှာ မိုးရေများနှင့် စိုရွှဲနေသည်၌လည်း အာရုံမရောက်၊ သူမမျက်ဝန်းနှင့်ထိုမြင်ကွင်းအကြား ကြားခံလေထုကိုမှ ရှိနေသည်ဟုသာသိလျက် ပြတင်းပေါက်ဘောင်ကလေးထဲ သူမစိတ်တို့ လွင့်ထွက်သွားပြန်သည်။

သိကျွမ်းခဲ့ကြတဲ့ တနှစ်ပြည့်အမှတ်တရကျရင် တွေ့ကြမယ်လေဟုဆိုတော့ သူက ပြုံးလျက် ခေါင်းညိတ်သည်။ ဒီမှာကြည့် လေယာဉ်လက်မှတ်ဟုဆိုကာ သူ့ခရီးစဉ်ကွန်ဖမ်းဖြစ်သည်ကို စာတိုလေးတစောင်နှင့်အတူ ပို့လာခဲ့စဉ် သူမက ခရီးသွားဝန်ဆောင်မှုကုပ္ပဏီတခုသို့ဖုန်းဆက်ကာ ရီဇာ့ဗ်လုပ်ထားပြီးဖြစ်သောလေယာဉ်လက်မှတ်ကို ချက်ချင်းပင် ငွေချေကာဖြတ်လိုက်ခဲ့လေသည်။ ထိုလေယာဉ်လက်မှတ်၏ ထွက်ခွာရက်စွဲကလေးကို သူမပြက္ခဒိန်မှာ မင်နီဝိုင်းလျက် ကောင့်ဒေါင်း လုပ်၊ ပျော်ခဲ့သည်ကို သူမ မမေ့။

သည်ကြားထဲ ဖုန်းမခေါ်ကြကြေးဟု သတိရစိတ်တွေကို စုထားဖို့ သဘောတူခဲ့ကြသည်။ အဲသည်ရက်တွေမှာ သူ့ကို သူမ သေလောက်အောင်လွမ်းဆွတ်လို့နေခဲ့သည်။ လက်မှတ်လေးကို ခဏခဏထုတ်ကြည့်လိုက်၊ ပြက္ခဒိန်ပေါ်က မင်နီဝိုင်းလေးကို လက်ဖျားနှင့် ထိကြည့်လိုက်နှင့် သတိတရစိတ်များက သူမကို စေးစေးပိုင်ပိုင်လောင်မြိုက်လျက်ရှိလေ၏။

ထိုကဲ့သို့သတိရချိန်တိုင်းမှာ သူမက သူမဘယ်ဘက်လက်ထိပ်ကလေးများကို ညာဘက်လက်ချောင်းများနှင့် တချောင်းချင်းစီ ထိလို့ ထိလို့ နေခဲ့သည်။ ဘယ်ဘက်လက်ညှိုးထိပ်ကလေး၊ လက်ခလယ်ထိပ်ကလေး၊ လက်သူကြွယ်ထိပ်ကလေး၊ လက်သန်းထိပ်ကလေး…တချောင်းချင်းစီ ထိတွေ့ကြည့်လျက်က လက်ထိပ်ကလေးများ၏ မာကြောကြမ်းရှသောအတွေ့မှာ သူ့ကို လွမ်းရသည်။ ထိုလက်ထိပ်ကလေးများနှင့် ဂစ်တာကြိုးတို့ကို ဖိကိုင်လိုက်လေတိုင်း စူးနင့်သွားတတ်သောရင်ဖြင့် သူ့ကို တမ်းတရသည်။ ရိမ်မိုးသီချင်းသံကိုကြားလေတိုင်း ဝေသီလာတတ်သောမျက်ဝန်းများနှင့် သူ့ကို ပြင်းပြင်းရှရှ သတိရ ရပါသည်။

ခရီးသွားဖို့ အထုပ်ပြင်ပြီးသောအခါ လိုအပ်မည်ထင်သည်များကို စာရင်းတို့လျက် ထပ်မံထည့်လိုက်၊ မလိုဘူးထင်သည်များကို ပြန်ထုတ်လိုက်နှင့် ကြည်ကြည်နူးနူးအလုပ်ရှုပ်နေရသည်ကိုပင် သူမ ကြည်မွေ့လျက်ရှိခဲ့သည်။ သူ ပေးပို့ဖူးသော ကဗျာများအား အေဖိုးစာရွက်နှင့်ထုတ်ကာ အတူတူဖတ်ကြဖို့ သူမ ဘေးလွယ်အိတ်ကလေးထဲ မှတ်မှတ်ရရထည့်ရသည်။ သူ့ဓါတ်ပုံကလေးကို ကာလာလိုင်စင်ပုံအဖြစ် သူမပိုက်ဆံအိတ်အသေးလေးထဲမှာ သူမပုံနှင့်ယှဉ်လျှက်ထည့်ဖို့ကိုတော့ ရှက်ရွံ့စွာ စဉ်းစားတုန့်နှေး နေမိတုန်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမစိတ်ကို ဖတ်တတ်လျှင်တော့ သူ သိမည်ပါ။

လေဆိပ်ကို ခြေချမိသည်နှင့် သူမ ပထမဦးစွာ ဆုံချင်သည်က သူ့မျက်ဝန်းများနှင့်ဖြစ်သည်။ ကြိုတင်ဝယ်ယူထားသော ဖုန်းကဒ်ကို ဖုန်းထဲသို့လဲလှယ်ထည့်စဉ်မှာပင် သူမလက်တို့ တုန်ယင်လျက်ရှိသည်။ ပြီးတော့ ဖုန်းထဲမှာရှိနှင့်သော သူ့နံပါတ်ကိုအနှိပ်မှာ သွေးတို့ နွေးလျက်ရှိပြီ။ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာနှင့်…အစချီသောဖြေသံကို မုန်းတီးသွားလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ ပစ္စည်းများရွေး၍ လှည်းပေါ်တင်တွန်းကာထွက်လာခိုက် သူမမျက်ဝန်းများက အပြင်မှာ ကြိုစောင့်နေကြသူတွေဆီ ဖြတ်ပြေးလျက် မြင်လိုသောမျက်ဝန်းတစုံကို အလူးအလဲဖွေရှာမိပြန်သည်။

သုံးခါတိတိခေါ်ဆိုပြီးသော်မှ တဘက်က မထူးသည့်အခါ အလိုလိုမျက်ရည်လည်ချင်သည်။ သူ မေ့များနေပြီလား။ သေချာပြောထားလျက်နဲ့၊ လေယာဉ်လက်မှတ်က အချိန်ကို သူသိအောင် ပေးပို့ထားပြီးဖြစ်ပါလျက်နဲ့….။  ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တို့က ပါးပြင်ပေါ်လိမ့်ဆင်းလို့လာသည်။ တွေ့ရာတက်ကစီတစီးပေါ်တက်ကာ အိမ်လိပ်စာပြောပြီး ကားပေါ်ရောက်သည့်တိုင် စိတ်တို့က မကြေလည်ချင်သေး။ သို့တိုင်အောင် အိမ်သားတွေကို လာမကြိုဖို့ပြောထားသည်ကိုမူ နောင်တမရချင်ပါ။ လမ်းတလျှောက် ဘေးဘီဝဲယာကိုမျှ မကြည့်လိုတော့အောင် သူမ ဝမ်းနည်းလျက်ရှိသည်။ သူ့ကို ပထမဦးဆုံးတွေ့ဖို့ရာ ဘယ်လောက်ထိမျှော်လင့်ထားသည်ကို သူမသာ အသိဆုံးဖြစ်သည်လေ။

သည်အခိုက်မှာ ဖုန်းမြည်လာလေသည်။ ဘယ်ရောက်နေပြီလဲဆိုသည့် သူ့အမေး၌ မျက်ရည်တို့ အံ့သြစဖွယ် သွေ့ခြောက်သည်။ တက်ကစီပေါ်က ဆင်းလိုက်၊ ရောက်တဲ့နေရာပြော၊ လာခေါ်မယ်ဆိုသည်ကို နေပါစေတော့၊ အိမ်ရောက်တော့မှာဟု ပြန်ဖြေမိသည်။ ဒါဆိုလည်း နောက်နေ့တွေ့ကြမယ်လေနော် ဆိုသောစကားအကြားမှာ ရင်က ဟာကနဲ ဗလာကျင်းသည်။
တကယ်ဆို သူ သိဖို့ကောင်းသည်။ နောက်တနေ့ဆိုတာက နောက်တနေ့သာရယ်၊ သူ့ကို တွေ့ချင်ခဲ့သည်က သည်နေ့၊ သည်အချိန်၊ အခုရောက်ရောက်ချင်း…။ 

သည်လိုအမှတ်တရမျိုး ဘယ်တော့မှ ပြန်မရနိုင်သည်ပဲ။ လေဆိပ်ရောက်သည်နှင့် သူ သူမကို အပြုံးမြမြနှင့်စောင့်ကြိုနေလိမ့်မည်ဟူသော မျှော်လင့်စိတ်တို့ တိတ်တိတ်ကြေကွဲရသည်။ သူ သိမည်မဟုတ်။ ရှိစေတော့ကွယ်…။ နှောင်ကြိုးတခုချည်နှောင်ရာမှာ တင်းတင်းချည်မိသူသာ နာကျင်ရစမြဲ။

အဲသည့်အိပ်မက်၊ အဲသည့်အိပ်မက်ပေါ့၊ ဖုန်းမခေါ်ကြေးဆိုသည့် စည်းကမ်းကိုဖောက်ဖျက်ပြီး အိပ်မက်ကို ပြောပြချင်လွန်းလို့ဟု အကြောင်းပြကာ သူ့ဆီ ဖုန်းဆက်ဖြစ်ခဲ့ပြန်သည်။ သူက ကလေးတယောက်လို ရယ်မြူးကာနှင့် အေးကွာ အိပ်မက်ထဲမှာတောင် လွဲရတယ်လို့ကွာ၊ နောက်မဖြစ်စေနဲ့ ကြားလားဟုဆိုတော့ သူမတို့ ပေါ့ပါးစွာ အတူရယ်မောဖြစ်ခဲ့ကြသည်။

မိုးသည် သည်နေ့တော့ တနေ့ခင်းလုံးရွာမည် ထင်သည်။ ကောင်းကင်ကို သဲကွဲစွာမမြင်ရသော်မှ မှောင်လျက်ရှိသောအခန်းငယ်လေးကိုထောက်ကာ မည်မျှမည်းညို့၍နေမည်ကို မှန်းဆရသည်။ ပက်လက်အနေအထားမှ ကိုယ်ကိုစောင်းကာ ပြတင်းပေါက်ဘက် မျက်နှာတည့်တည့်မူလိုက်ရင်း စောင်ကို ရင်ဘတ်ပေါ်ထိ တင်းတင်းဆွဲခြုံလိုက်မိ သည်။ အေးလှပြီ၊ ပြတင်းပေါက်မှတဆင့် မိုးနှင့်အတူ လေအေးတို့ပါ ရောနှောဝင်လာသော အခန်းကလေးက တုန်ခိုက်လို့နေသည်ပဲ။ မျက်ဝန်းများကို မှိတ်ချလိုက်တော့ မိုးရေစက်ကလေးများပင် သူမပါးပေါ် တဖွဲဖွဲလာရောက်လွင့်စင်သလို စိတ်ကထင်ပြန်သည်။

အတူတူဆုံရင် သူမ သွားချင်သောနေရာလေးတခုရှိသည်။ မြစ်ကမ်းနံဘေးကလေး တခုပါ။ သူရော သူမပါ မြစ်ကမ်းတွေကို နှစ်သက်ကြတာချင်း တူသည်။ ထိုမြစ်ကမ်းကလေးသည် သူ ပို့ပေးခဲ့ဖူးသော ဓါတ်ပုံများထဲက နေရာကလေးပါပေ။ တခါမျှပင် မရောက်ဖူးသော်လည်း သည်မြစ်ကမ်းကလေးဆီ သူမစိတ်နှင့် အကြိမ်ကြိမ်ရောက်ပေါက်ခဲ့ဖူးပြီးသား။ အကြိမ်ကြိမ်ရောက်ခဲ့တိုင်းလည်း အဖန်အဖန်မရိုးနိုင်။ ခုလည်း သူမစိတ်တို့က မိုးသည်းသည်းတွေကြားမှာပင် အလွတ်မှတ်မိနေသော ထိုနေရာကလေးဆီ စိတ်ဦးလှည့်မိရပြန်သည်။

ထိုမြစ်ကမ်းနံဘေးက သစ်ပင်အောက်မှာ သူမ ရပ်သည်။ သူမ မတ်မတ်ရပ်နိုင်နေပြီပဲ။ သစ်ပင်၏ပင်စည်ကို မှီရန်ပင် မလိုအပ်။ သူမ မားမားရပ်လျက်ရှိနေပြီ။ မျက်စေ့ရှေ့က စီးဆင်းလျက် မှန်မှန်သွားနေသော မြစ်ရေပြင်မှာ သူမ လိုက်ပါစီးဆင်းသည်။ လွတ်လပ်ပေါ့ပါးစွာပင်။ မြစ်သည် သူ့မြစ်ကြောင်းအတိုင်းသာ စီးမြဲ၊ သူ့စီးဆင်းရာလမ်းမှာ ဘေးဘီကမ်းတလျှောက်ကိုဖြင့် ထိပါးလှုပ်ခတ်သွားသေးသည်။ ထိပါးသွားသော ကမ်းတို့မှာ ကျန်ရစ်ရမြဲ၊ 

သူသည် မြစ်တစင်းများလား၊ မြစ်သည် ဆက်လက်စီးဆင်းမြဲ။ သူမသည်လည်း ရပ်မြဲပေ။

မြစ်သည် သူမရှေ့၌ ညိုညစ်သောအရောင် ဆင်သည်။ တနေရာရာမှာများ အရောင်ပြောင်းနေမည်လား၊ ဘေးဘီကမ်းစပ်တို့အား ကြမ်းတမ်းတိုက်စားခဲ့ဦးမည်လား။ သူမ မသိတတ်နိုင်။  မြစ်ကိုဖြတ်၍တိုက်သောလေ၌ သူမ နားခိုနေသော သစ်ပင်ကြီး၏အရွက်အခက်တို့ မြူးထူးကခုန်ကြလေ၏။ လေကြောင်းပြောင်းသည်ရှိသော် သစ်ပင်ကြီးမှာ ငြိမ်သက်ရဦးတော့မည်။ သူ လွမ်းများနေမလား…။

မိုးကလေးတစက် နှစ်စက်ကျစပြုပြီ။ သည်မြစ်ကမ်းဘေးမှ သူမ ခွာရတော့မည်။ သူမ ရပ်နေချင်သည်။ သူမ မားမားရပ်နိုင်တုန်းလေး မြစ်အား ချစ်ခင်စွာငေးမောနေချင်သည်။ အေးမြသောသစ်ရိပ်မှာ သူမစိတ်နှလုံးတို့ တိတ်ဆိတ်ငြိမ်သက်နေချင်ပါသေးသည်။ သူ မရှိလည်း သူမဘေးမှာရှိနေသယောင်ဖြည့်စွက်ထား၍ သူမ နေပျော်ကြောင်းကိုလည်း သူ သိစေချင်ပါသည်။

အချိန်တန်ပြီ၊ ပြန်ရမည်ကို သူမ သိသည်။ ခြေလှမ်းတခု စရန် သူမရွေ့လျားလိုက်သည်။ သူမ ခြေထောက်တွေ ရွှေ့မရ။ အသက်ကိုဝအောင် ရှူသွင်းကာ နောက်တကြိမ်ကြိုးစား၍ ရွှေ့ပြန်သည်။ မရွေ့…၊ သူမခြေဖျားများက နည်းနည်းကလေးမှပင် မရွေ့ပါ။ အားကိုးလိုစိတ်နှင့် သူမရှေ့က စီးဆင်းနေသောမြစ်ကို အကူအညီရလိုရငြား ခေါ်မိသည်။ မြစ်က လှည့်၍မျှပင် မကြည့်ချေ။ မြစ်သည် မြစ်ပီပီ ရှေ့သို့သာဆက်လက်စီးဆင်းတတ်ကြောင်း သူမ ဝမ်းနည်းစိတ်နှင့် သိမှတ်ရသည်။ သူမကတော့ ထိပါးတိုက်စားခဲ့ဖူးသော ကမ်းစပ်တခုသာ။ မြစ်နံဘေးမှာ ငေးလျက် ကျန်ရစ်ရမည့် သစ်တပင်သာရယ်။ ကံကောင်းစွာပင် သူမ သစ်တပင်လို မတ်မတ်ထူနိုင်သေးသည်ပေ။

ရပ်နေရင်းမှာ သူမခြေအစုံသည် အညိုရင့်ရောင်သို့ ပြောင်းသည်။ သူမတကိုယ်လုံးသည် ကြမ်းတမ်းခက်ထရော်ကာ မာခဲလျက် အပွေးတက်လာသယောင်ရှိသည်။ သူမလက်တို့သည် အကိုင်းအခက်များအသွင်၊ သူမကိုယ်လုံးသည် ပင်စည်တခုသဖွယ်၊ သူမဦးခေါင်းဆံစများသည် ထောင်ထွက်လျက် မိုးမျှော်သောအရွက်အုပ်ဆိုင်းများအဖြစ် ကူးပြောင်းလျက်ရှိသည်။

အံ့သြမင်သက်စွာ၊ သူမ လှုပ်မရ။ သူမခြေအစုံက မြေကြီးထက်မှာ စတင်အမြစ်တွယ်ပြီ၊ သူမခြေသည်းတို့က ရှည်လျားဆန့်ထွက်ကာ မြေသားထဲသို့ ထိုးဖောက်ကုတ်ဝင်လျှက်ရှိပြီ။ သူမကိုယ်မှာ အကိုင်းအခက်များ၊ ရွက်နုများ ဝေဆာလျက်ရှိပြီ။ သူမခြေအစုံသည် မြေ၌ ခိုင်မာပေါက်ရောက်လျက်ရှိခဲ့ပြီ။ မြစ်ဘက်သို့ မျက်နှာမူလျက် သူမ ရပ်နေခဲ့ပြီ။ ခိုင်မာအမြစ်တွယ်စွာ…။

ဘာဖြစ်တာပါလိမ့်ဟု မတွေးတတ်၊ ဖြစ်နိုင်ခဲလှသော ဖြစ်ရပ်တခုမှာ သူမ ခြောက်ခြားလျက်ရှိသည်။
သူမ သစ်ပင်တပင် ဖြစ်ခဲ့ပြီလား။ သူမဟာ မြစ်နံဘေးမှာ မြစ်ကိုမျှော်ငေးရင်း ရပ်နေရတော့မည်လား၊ သည်မြစ်နံဘေးမှာ သူမ နေချင်ခဲ့သည်၊ သူ့လားရာမြစ်ကြောင်းအတိုင်း စီးဆင်းသွားသည့်မြစ်ကို သူမ မျှော်ရုံ ငေးနေချင်ခဲ့သည်ပေ။ သူမ အမြဲမျှော်လင့်လိုလားခဲ့သည့်အဖြစ်ဆိုသော်ငြား လက်ရှိမှာ သူမ ငိုချမိတော့မည်။ သေချာပြီ။ သူမသည် ရပ်၍၊ ရပ်၍၊ မားမားရပ်၍သာ စီးဆင်းသွားသောမြစ်၏ နောက်ကျောကို ငေးမောကျန်ရစ်ခဲ့ရတော့မည်။

“ကလေး ကြည့်စမ်း၊ တကိုယ်လုံးလည်း အေးစက်လို့၊ ဖျားတော့မှာပဲ။ ဒေါ်ထွေးကို ခေါ်လိုက်တာ မဟုတ်ဘူး။ အို…မျက်နှာမှာလည်း ရေတွေနဲ့စိုရွှဲလို့ပါလား”

သူမ ခြေထောက်တွေက မြေပေါ်မှာပေါက်ရောက်နေဆဲလို လှုပ်မရနိုင်သေး။ ဒေါ်ထွေးစကားကို ကြားသော်လည်း ခေါင်းပင်ငဲ့မပြနိုင်အောင် သူမတကိုယ်လုံး တောင့်တင်းလျက်ရှိသည်။ သူမတကယ်ပဲ သစ်တပင်ဖြစ်သွားခဲ့ပြီလား။ ဒေါ်ထွေးက ပြောလည်း ပြော၊ လက်မှမျက်နှာသုတ်ပုဝါနှင့် သူမမျက်နှာကို ဖွဖွတို့သုတ်ကာ အပြစ်တင်သယောင်ဆိုသည်။ ပြီးတော့ ပြတင်းပေါက်ဘေးကြမ်းပြင်ပေါ်က ရေများအား ကြမ်းတိုက်ဝတ်နှင့် သုတ်နေလေသည်။

“သမီး ပြတင်းပေါက်နား ခဏလောက်ထိုင်ချင်လို့”

သူမစကားအကြားမှာ ဒေါ်ထွေးက အပြင်ဘက်ကိုကဲကြည့်ကာ စဲသွားသောမိုးကိုတွေ့မှ အေး အေး ခဏတော့ထိုင်ဟု ချစ်သနားစွာ ဆိုသည်။

သူမကွန်ပြူတာစားပွဲရှေ့ကထိုင်ခုံကို ပြတင်းပေါက်နားရွှေ့ကာ သူမကို အိပ်ယာမှ ထူထစေသည်။ ဖုန်းကိုလှမ်းယူကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် သူမ ကြည့်မိပြန်သည်။ သူမဖုန်းထဲက သူ့မစ်စ်ကောလ်တွေကို စကရင်ရှော့လေးရိုက်ကာ တခုတ်တရသိမ်းဆည်းထားသည်ကို သူ သိမည်မဟုတ်။  သူ သိလျှင်ရော ဘာများထူးခြားနိုင်ဦးမှာမို့လဲကွယ်။ နွမ်းလျဝမ်းနည်းစွာ သူမ ထိခိုက်ရပါသည်။ သူနှင့် တွေ့ကြဖို့ မလိုတော့ပြီဘဲ။ သူမဘာသာဆုံးဖြတ်ကာ ထိုဆုံးဖြတ်ချက်၌ သူမတကိုယ်တည်း သေဆုံးသည်။ တကယ်ပဲ…တကယ်ပါပဲ၊ သူမဟာ သစ်တပင်သာ ဖြစ်လိုက် ချင်တော့သည်။ လူတစ်ယောက်ဖြစ်၍သာ သည်မျှနာကျင်ကြေကွဲရသည်။ သစ်တပင်သာဆိုလျင်ဖြင့် ခံစားချက်မဲ့နိုင်ကောင်းသည် မဟုတ်လား။

ပြတင်းပေါက်ဘေး ထိုင်ခုံလေးမှာထိုင်ကာ အေးမြသောလေ၏အတွေ့ကို သူမမျက်နှာပေါ် နှစ်လိုစွာ ခံယူသည်။ သူမလက်ထဲမှာတော့ ခေါ်သူမဲ့နေတာကြာလှပြီဖြစ်သော ဖုန်းကလေးကို ဖွဖွဆုတ်ကိုင်ထားမြဲ။

လေပြေကလေးတချက် သူမအခန်းထဲအဝေ့မှာ စားပွဲပေါ်ရှိ နေ့စဉ်ထုတ်သတင်းစာက စာမျက်နှာလေးတစ်ခု၊ အသေအချာဖြတ်တောက်ထားသော စာမျက်နှာလေးတခုက ကြမ်းပြင်ပေါ် လွင့်ကနဲကျသည်။ “ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေသော အမျိုးသမီးကလေးတဦးကို ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားသောယာဉ်မောင်းအား တာဝန်ရှိသူတို့မှ လိုက်လံရှာဖွေနေ”ဆိုသည့် သတင်း။ သူမနေထိုင်ရာ ကျွန်းငယ်ကလေး၏ နေ့စဉ်ထုတ်သတင်းစာမို့ သူ ဖတ်မိမည် မဟုတ်တာ သေချာပါသည်။

ခုတော့ တကယ်ကိုပဲ သူမတို့ လွဲခဲ့ကြပြီ။ ချိန်းဆိုထားသော လေဆိပ်မှာ သူ စောင့်နေခဲ့မည်လား၊ သို့မဟုတ် သူမ အိပ်မက်ထဲကလိုပဲ သူ နောက်ကျ၍လွဲကြရမည်လား။ ဘယ်လိုပဲဖြစ်စေ၊ ခုတော့ လွဲခဲ့ကြရပြီဖြစ်သည်။

အခန်းထောင့်မှာ ထောင်ထားသော ညာဘက်ခြေတုကလေးဆီ အကြည့်တို့ရောက်စဉ် သူမနှလုံးသားတို့ နင့်ကနဲ စူးအောင့်လေသည်။ ဆောက်တည်ရာ မရနိုင်စွာ…။ ပြတင်းဘောင်ပေါ် မျက်နှာအပ်မှောက်ချလျက် သူမ ငိုကြွေးမိပြန်သည်။

သူမ အရောက်သွားချင်ခဲ့ပါသည်။ သူ့အနားကို…  မြစ်တစင်းနှင့်တူသော သူ့အနားကို... 

ကျန်ရစ်ခဲ့မည်မှန်းသိလျက်နှင့် ငေးမောလွမ်းဆွတ်ခွင့်အတွက် သူမ အရောက်သွားချင်ခဲ့သည်လေ…။ သူမစိတ်နှလုံးထဲတွင်မတော့ သူမသည် သစ်တပင်အဖြစ်နှင့်  သူ့အပါး မတ်မတ်ရပ်ဆဲ၊ မျှော်ကြည့်ဆဲ၊ သူ့နောက်ကျောအား ငေးမောလွမ်းဆွတ်ဆဲမှာ….၊

အပြင်ဘက်မှာတော့ တကျော့ပြန်မိုးက သွန်း၍ သည်း၍ စွေရွာတော့မည့်ဟန်ပေ…။




4 comments:

သူကြီးမင်း (တုံးဖလား) said...

သနားပါတယ်။
အတွေးတွေ လွှမ်းမိုးတာ ခံရလွန်းရင် ဘယ်သွားသွား ဘာမှ မမြင်တော့ဘူး။ ကားတိုက်တိုက် ကျားကိုက်ကိုက်။
တင်စားမှုလေးတွေနဲ့ ရေးထားတာလဲ တမျိုး မြတ်နိုးစရာရယ်။

Ma Tint said...

'သူမမျက်ဝန်းအိမ်ဝယ် ပြယ် လွင့်နေသော ရေဆေးပန်းချီကား တစ်ချပ်လှုပ်ရှား သက်ဝင်နေသည့်နှယ်'
'လူတစ်ယောက်ဖြစ်၍သာ သည်မျှနာကျင်ကြေကွဲရသည်။ သစ်တပင်သာဆိုလျင်ဖြင့် ခံစားချက်မဲ့နိုင်ကောင်းသည် မဟုတ်လား'
မချစ်စာသားလေးတွေကို သဘောကျတယ်။ အဲဒီလို အတွေး အရေးလေးတွေ ပိုင်တဲ့တစ်နေ့ ၀တ္ထုတို ရှည်ရေးဘို့ စိတ်ကူးထားတယ် ...
အသက်ကတော့ ဂိတ်ဆုံးနေပြီ... :P

မေဓာဝီ said...

ဖတ်ပြီး ငိုချင်လိုက်တာ မချစ်ရယ် :'(

အမ်တီအန် said...

ရင်ထဲ ဆွေးနင့်ကျန်ခဲ့ရ...
ကလောင်စွမ်းနဲ့ နှိပ်စက်သူကြီး...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်