Wednesday, September 3, 2014

ချစ်သူဆီ....


အဆုံး….(သို့) အစ….

Mya Wityee
8hrs ago
မောင်…
ဒီစတေးတပ်စ်ကို မောင်ဖတ်မိတဲ့အချိန်မှာ ကျွန်မက မောင်နဲ့တကွ ကျွန်မချစ်တဲ့ မိတ်ဆွေတွေကိုပါ ကျောခိုင်းလို့ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုး အဝေးကြီးဆီကို ထွက်ခွာသွားခဲ့ပြီ မောင်…။ မောင် ပျော်ရွှင်ကျန်းမာပါစေကွယ်….။

မောင့်မြဝတ်ရည်

 (အစ)

နှစ်ထပ်ခွဲတိုက်အိမ်အဖြူလေးရဲ့အပေါ်က ထပ်ခိုးခန်းလေးထဲမှာ မောင့်အခန်းကလေးရှိတယ်။ အိမ်အဝင်ဝမှာ မီးသီးရောင်စုံသေးသေးကလေးတွေ ချိတ်ဆိုင်းထားတဲ့ ခေါင်မိုးချွန်အိမ်ကလေးပေါ့။
သိပ်ချစ်စရာကောင်းတာပဲ။ လမ်းကလေးတစ်လျှောက်မှာ အိမ်ကလေးတွေ စီရီလို့ရှိပေမယ့် ချစ်သူ့အိမ်ကလေးကသာ ကျွန်မမျက်ဝန်းထဲ အေးအေးမြမြစီးဝင်နိုင်စွမ်းတယ်လို့ ကျွန်မက ထင်တယ်။

အခါများစွာကလိုပဲ မောင် အိပ်ယာကမနိုးသေးမယ့်အချိန်ကို ရွေးပြီး မောင့်အခန်းလေးထဲ ကျွန်မ လာခဲ့တယ်။ စေ့ရုံစေ့ထားတဲ့ တံခါးအဖြူရောင်လေးကို သာသာတွန်း ဖွင့်လို့ ခြေဖျားလေးထောက်ပြီး လေပြေကလေးလို မောင့်အနား ဝေ့ကနဲရောက်လာခဲ့တာပေါ့မောင်။

ထင်တဲ့အတိုင်းပဲ။  မောင်က အိပ်နေတုန်း၊  ကလေးတစ်ယောက်လို အပူအပင်ကင်းကင်း အိပ်ပျော်နေလိုက်တုန်း….။ ချစ်ဖို့ကောင်းလိုက်တာ…။

အဲကွန်းဖွင့်ထားလိုက်တာကလည်း အေးစိမ့်လို့၊ ကျွန်မ မောင့်အနား ဖြည်းဖြည်းကလေး ခြေဖော့ကပ် သွားပြီး မောင့်ခြေရင်းက စောင်ကို မောင့်ရင်ဘတ်ပေါ်ထိ ဆွဲတင်ပေးလိုက်တယ်။ အိပ်ပျော်နေတဲ့ မောင့်မျက်နှာကို ငေးကနဲကြည့်နေမိရင်း မောင် အိပ်မက်ဆိုးတွေကင်းလို့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်ပါစေလို့ ဆုတောင်းလိုက်မိသေးတယ်။ ကျွန်မ သိတယ်။ အပူအပင်တွေ သိပ်များတဲ့လောကကြီးထဲမှာ ခုလိုအိပ်ပျော်နေချိန်လေးပဲ မောင် အေးချမ်းရရှာတာ…။

ပြီးမှ မောင့်ဘီရိုကို ဖွင့်ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ်နေတတ်တဲ့ မောင့်ထုံးစံအတိုင်း ရှပ်အင်္ကျီတွေ သပ်သပ်၊ တီရှပ်တွေ သပ်သပ်၊  ဘောင်းဘီအတိုတွေ သပ်သပ်၊ ဘောင်းဘီအရှည်တွေက သပ်သပ်၊ သူ့နေရာနဲ့သူ အထပ်လိုက်ကလေးတွေ။ တစ်ချို့လည်း ချိတ်မှာ ချိတ်လို့၊ အဲဒါတွေကတော့ မောင် ပွဲတက်သွားတဲ့ အဝတ်အစားတွေထင်ပါရဲ့။

မီးပူမတိုက်ရသေးဘဲ ခေါက်ရုံခေါက်ထားတဲ့ မောင့်အဝတ်အစားတွေကို မီးပူတိုက်ပေးဖို့ ဘီရိုထဲက ဆွဲအထုတ်မှာ ပရုတ်လုံးကလေးတစ်လုံးက အဝတ်တွေနဲ့အတူ ရောပါလာပြီး ကြမ်းပြင်ပေါ် ဒေါက် ကနဲ ပြုတ်ကျတယ်။

ကျွတ်  ကျွတ်…..။  ကလေးတစ်ယောက် အိပ်ရာကလန့်နိုးသွားမှာစိုးတဲ့ မိခင်လို ကျွန်မနှုတ်က ကယောင်ကတမ်း စုတ်သပ်လိုက်မိတယ်။  မောင်တော့ နိုးသွားတော့မှာပဲ။

တော်ပါသေးရဲ့။ မောင်က ကိုယ်ကို ပက်လက်အနေအထားကနေ ညာဘက်စောင်းလို့ ဆက်အိပ်တော့မှပဲ ကျွန်မ စိတ်ချမ်းသာရတယ်။ မောင့်မျက်နှာဘေးတစောင်းကလေးကို လှမ်းကြည့်ရင်း ကျွန်မပြုံးမိတယ် ထင်ရဲ့။ နိုးထနေချိန်တွေတိုင်း မောင် မျိုသိပ်ခံစားနေတတ်တဲ့ အပူတွေ၊ အလုပ်နဲ့ပါတ်သက်တဲ့ စိတ်ဖိစီးမှုတွေဟာ မောင် အိပ်ပျော်နေစဉ်မှာသာ ခဏတာ ကွယ်ပျောက်သွားနိုင်တာ မဟုတ်လား။ မောင် အိပ်ပါစေကွယ်။ မောင်ကလေး အိပ်ကောင်းခြင်း အိပ်ပျော်ပါစေ။

မီးပူတိုက်ပြီးတော့မှ မောင့်မီးဖိုချောင်လေးထဲဝင်ပြီး ရေခဲသေတ္တာကို ဖွင့်ကြည့်မိ တယ်။ မောင် လောလော လတ်လတ် ဈေးသွားထားပုံပဲ။ အသားရော အသီးအရွက်တွေပါ လတ်လတ်ဆတ်ဆတ်။ ဝက်သား နှစ်ကဒ်၊ ခရမ်းချဉ်သီး သုံးလုံး၊ ကိုက်လန်တစ်စည်းနဲ့ ပုဇွန်တစ်ချို့။

ကြည့် မောင်ဟာလေ…။  ကိုလက်စထရောတွေ တက်နေတယ်၊ အဆီအဆိမ့်တွေ ရှောင်ရမယ်လို့ ဆရာဝန်က ပြောတယ်တဲ့။

သူပဲ ပြောပြီး ခု ဝက်သားတွေ၊ ပုဇွန်တွေ ဝယ်ထားပြန်ပါပြီ။ ဝက်သားနှစ်ကဒ်ထဲက တစ်ကဒ်ကတော့ ဝက်နံရိုးမို့ အဆီမပါသလောက်ပဲ။ ဒါနဲ့ အအေးခန်းအကန့်ထဲက ဝက်နံရိုးကို ထုတ်၊ မိုက်ကရိုဝေ့ဖ်ထဲ ကီလိုဝက်အချိန်မှာထားပြီး ရေခဲတွေကို ပျော်စေလိုက်တယ်။

ရေနွေးတည်ပြီး ဓါတ်ဘူးလေးနှစ်လုံးထဲကို တစ်ဝက်ဆီ ခွဲထည့်၊ ဓါတ်ဘူးတစ်လုံးထဲကို လက်ဘက်ခြောက်ခတ်ပြီး နောက်တစ်လုံးထဲကိုတော့ မောင်ကြိုက်တဲ့ ကော်ဖီအဖြူ ဖျော်ထည့်ထားလိုက်တယ်။ မောင် နိုးလာတဲ့အခါ ကွန်ပြူတာမှာ သတင်းတွေဖတ်ရင်း သောက်ရအောင်လေ….။

ကိုက်လန်တွေကို အရိုးရင့်တွေ ဖယ်ထုတ်ပြီး ကျန်တာတွေကို ရေနွေးလေးဖျော၊ ပြီးမှ ရေအေးနဲ့ ပြန်ဆေးလိုက်တယ်။ မောင်ကြိုက်တဲ့ အရွက်စိမ်းရောင်လည်းမပျောက်ဘဲ ခပ်ကြွတ်ကြွတ် အနေအထားလေးပေါ့။ ခရုဆီရယ်၊ သံလွင်ဆီရယ်၊ ပဲငံပြာရည်အကြဲရယ် သုံးမျိုးရောပြီး ဖျော်၊ ဆားနဲ့ငရုတ်ကောင်းမှုန့် နည်းနည်းစီထည့်၊  ကြက်သွန်နီကြော်လေး မွှေးနေအောင်ကြော်ပြီးမှ အုပ်ဆောင်းအောက်မှာ အသာလေးအုပ်ထားလိုက်တယ်။ မောင် နိုးတော့မှ ရေနွေးဖျောထားတဲ့ ကိုက်လန်ရွက်လေးပေါ် ခရုဆီအရောကို ဆမ်း၊ အပေါ်က ကြက်သွန်နီကြော်လေး ဖြူးပြီး စားဖို့ပေါ့။ မောင်က အဲလိုမှ ကြိုက်တယ်။ ကိုက်လန်ကို ဆီနဲ့ကြော်ပစ်လိုက်တာမျိုး မစားတတ်ဘူး တဲ့။

မောင်ဝယ်ထားတဲ့ ခရမ်းချဉ်သီးတွေထဲက အရွယ်တော်နှစ်လုံးကို ခပ်ပါးပါးလှီးပြီး သုပ်ဖို့ပြင်တယ်။ ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ မြေပဲလေးစိတ်ကွဲနဲ့ ဆီချက်လေးထည့်ပြီး သုပ်ပေးခဲ့မယ် မောင်။ မောင်က ခရမ်းချဉ်သီးသုတ်ကို သံပုရာသီးအချဉ်နဲ့သုပ်တာ ကြိုက်တယ်။ ကျွန်မ သံပုရာသီး လှီးပေးခဲ့တယ်။ စားခါနီးမှ သံပုရာသီးလေးညှစ်ပြီး နယ်လိုက်ပေါ့ နော် မောင်။

ဟော အတော်ပဲ၊ လုံးချက်ထားတဲ့ ဝက်နံရိုးလည်း နူးပြီ။ ကြက်သွန်ဖြူဥသေးသေးလေးတွေကို ဒါးပြားနဲ့ရိုက်ပြီး ထည့်၊  အပေါ့အငံမြည်းပြီးမှ မီးပိတ်လိုက်တယ်။

ကြည့်…မောင် မနိုးသေးဘူးပဲ။  အိပ်ပုတ်ကလေး မောင်….။

မေ့တော့မလို့….။  ထမင်းအိုး….။ ကျွန်မပြုံးပြီး မောင့်အတွက် ထမင်းအိုးသေးသေးလေးထဲ ဆန်တစ်ဘူးထည့် အမြန်တည်လိုက်ရသေးတယ်။ ပြီးမှ မောင်အိပ်နေတဲ့အနား ပြန်လာရတယ်။

မောင့်ကွန်ပြူတာ စားပွဲပေါ်မှာ မောင်ဖတ်လက်စ စာအုပ်တွေ။  စာတွေ ဖတ်၊ သတင်းတွေကြည့်ရင်းက အကြမ်းရေးခြစ်ထားတဲ့ စာတိုစာစတွေ၊ အကြမ်းခြစ်ထားတဲ့ ခဲပန်းချီတွေ….။  ပါဝါရိန်းဂျားအရုပ်သေးသေးလေးတွေလည်း တွေ့ရဲ့။ တကယ့် မောင်။ ကလေးတစ်ယောက်လိုပါပဲ…။

အို… ဒါ သူမပုံ။ မောင့်ချစ်သူကလေးပုံပဲ…။ မောင်လောလောလတ်လတ် ခဲခြစ်ထားပုံပါ။ မိန်းကလေးက ကြည်စင်နေတဲ့မျက်ဝန်းကလေးတွေနဲ့ ချစ်သူကို ရီရီဝေဝေလေး ငေးကြည့်နေပုံ၊ ဆံပင်ဂုတ်ဝဲကလေးတွေက ဘယ်ညာ ပခုံးတစ်ဘက်တစ်ချက်ပေါ် ဝဲကျနေလို့ရယ်။

ပြုံးနေမိရင်းက ကျွန်မမျက်ရည်တစ်စက် သူမခဲပန်းချီကလေးပေါ် ပေါက်ကနဲကျသွားတယ်။

မောင့်ကုတင်ခြေရင်းမှာ မောင့်ဂစ်တာ။ ခုရက်တွေအတွင်း မောင် ဘာသီချင်းတွေများ တီးနေခဲ့ပါလိမ့်။ မောင်ချစ်ရတဲ့ သူကလေးကို တမ်းတနေရင်း အလွမ်းသီချင်းတွေပဲ မောင် တီးခတ် ဆိုညည်းနေခဲ့လေမလား။ မောင့်ကုတင်ဘေး ကြမ်းပြင်ပေါ်မှာတော့ ဘီယာဘူးခွံ သုံလုံးလည်း တွေ့ရရဲ့။ မောင် စိတ်များ ညစ်နေခဲ့သလား ဟင်….။

မီးဖိုချောင်ထဲပြန်ဝင်ပြီး ရေစိုအဝတ်တစ်ခု ယူ၊ မောင့်စားပွဲလေးကို ရေစိုဝတ်နဲ့တိုက်ပြီး ရှင်းပေးခဲ့တယ်။ ပစ္စည်းတွေနေရာပြောင်းနေရင် မောင် မကြိုက်တတ်တာမို့ ထားနေကျနေရာမှာပဲ ပြန်ထားပေးခဲ့တယ်။

မောင့်အိပ်ရာခြေရင်းက ဝှိုက်ဘုတ်မှာ နေ့လည်ဆေးသောက်ဖို့ မမေ့နဲ့နော် မောင် လို့ ရေးထားပေးခဲ့သေးတယ်။ ပြီးတော့ ဒီနေ့ မောင်အပြင်သွားရင်ဝတ်ဖို့ ရှပ်အဖြူနဲ့ ဂျင်းန်တစ်စုံ ချိတ်မှာ အဆင်သင့် ချိတ်ထားပေးခဲ့တယ်။ ဝတ်ပါနော် မောင်။ မောင် ရှပ်အဖြူနဲ့ဂျင်းန်ဝတ်ရင် ကျွန်မ ချစ်လွန်းလို့ပါ မောင်ရဲ့။

ကျွန်မ သွားတော့မယ်။ ကျေးဇူးတင်ပါတယ် မောင်။ ဒီနေ့တစ်နေ့တာ ကျွန်မလုပ်ချင်တာတွေ လုပ်ခွင့်ရခဲ့လို့။ မောင့်အနားမှာ နေခွင့်ရခဲ့လို့ပါ။ မောင့်အခန်းလေးထဲကို  နောက်ဆို အခုလို လာနိုင်တော့မယ် မထင်ဘူး မောင်ရယ်။ ကျွန်မ သွားရတော့မယ်…..။

ဆစ်ကနဲအောင့်တက်လာတဲ့ ဝဲဘက်ရင်ညွန့်ကို ညာလက်နဲ့ဖိရင်း အခန်းနံရံကို မှီလို့ခဏ ရပ်နေမိတယ်။ အိပ်မောကျနေဆဲမောင့်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့မှာကိုသိနေတဲ့ နောက်ဆုံး မျက်ဝန်းတွေနဲ့ နောက်ဆုံးအကြိမ်သေချာကြည့်လိုက်မိပြန်တယ်။ မောင်နိုးသွားမှာ စိုးပါတယ်။ မောင့်ခြေရင်း ကိုသွားပြီး စောင်ကလေးလှပ်လို့ မောင့်ညာဘက် ခြေဖမိုးကလေးပေါ် ကျွန်မနှုတ်ခမ်းတွေနဲ့ ဖွဖွလေး ထိနမ်းလိုက်မိတယ်။ တိတိရိရိညှပ်ထားတဲ့ မောင့်ခြေသည်း ကလေးတွေကိုကြည့်ရင်း မောင်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပြန်တယ်။ မောင်ရယ် ….မောင်နဲ့ကျွန်မကြားမှာ အရာရာဟာ သတိတရ လွမ်းဆွတ်စရာတွေချည့်….။

ကျွန်မ သွားတော့မယ်၊ ကျွန်မ သွားရတော့မယ် မောင်ရေ။  မောင် ပျော်ရွှင်ပါစေ။

ခြေသံတွေကို အတတ်နိုင်ဆုံးဖော့လို့ လိပ်ပြာလေးတစ်ကောင်လို မောင့်အနားကနေ ဝဲကနဲ ပြန်လာခဲ့လိုက်တယ်။ မောင့်ခြေရင်းကြမ်းပြင်ဟာ ကျွန်မမျက်ရည်စက်တွေနဲ့ စိုလို့ရယ်….။

(အဆုံး)

မောင်…

ဒီစတေးတပ်စ်ကို မောင်ဖတ်မိတဲ့အချိန်မှာ ကျွန်မက မောင်နဲ့တကွ ကျွန်မချစ်တဲ့ မိတ်ဆွေတွေကိုပါ ကျောခိုင်းလို့ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုး အဝေးကြီးဆီကို ထွက်ခွာ သွားခဲ့ရပြီပေါ့ မောင်…။

ကျွန်မရေးခဲ့တဲ့ ဝှိုက်ဘုတ်ကလေးပေါ်က စာလေးရော….၊  မောင် ဖတ်ပြီးရောပေါ့….။

မြ ရောက်ခဲ့တယ်….
နေ့လည်ဆေးသောက်ဖို့ မမေ့နဲ့နော် မောင်
မောင့်ကို ကျွန်မ သိပ်ချစ်တယ်...
မောင့်မြဝတ်ရည်
၁၇-၁၀-၂၀၁၃၊  ၀၆: ၂၅ မိနစ်

(နိဂုံး)

မမြဝတ်ရည်
အသက် ၂၉ နှစ်
၁ရ-၁၀-၂၀၁၃ ရက်နေ့  မနက် ၀၆:၁၀ မိနစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သည်။

 @@@@@@@@@@@@@@
 
*** လူတွေဟာနောက်ဆုံးအချိန်မှာ ချစ်တဲ့သူဆီ အရောက်သွားတတ်ကြသလား၊ ကျွန်မ မသိပါဘူး။ ကွယ်လွန်သွားခဲ့တဲ့ အမျိုးသမီးကလေးတစ်ယောက်ရဲ့ ဖဘနံရံပေါ်က စတေးတပ်စ်လေးတစ်ခုကို ဖတ်မိတဲ့အခါမှာ ဆင့်ပွားခံစားမိခဲ့တဲ့ ကျွန်မအတွေးကို ပုံဖော်မိတာလေးပါ.....။

၁၇-၁၀-၂၀၁၃တုန်းက ၁၆:၀၇ ပီအမ်မှာ ရေးဖြစ်ခဲ့ပါတယ်။




3 comments:

ms tint said...

အဆုံးမှာ အလွမ်းလေးနဲ့ ကျန်ရစ်ခဲ့တယ် မချစ်ရေ... ဒီဇာတ်လမ်းလေးကို ဖတ်တော့ မနေ့တစ်နေ့က မော်ဒယ်လေးကိစ္စ မဆီမဆိုင် ခေါင်းထဲဝင်လာသေးတယ်။ မမြင်ရတဲ့ ၀ိဥာဉ်ဆိုတာ ပြောရခက်သား အစွဲအလန်းကြီးရင် ထူးဆန်းဖွယ်ရာလေးတွေတော့ ဖြစ်တတ်တာ ကြားဖူး ကြုံဖူးတယ်...

အမ်တီအန် said...

ချစ်ရေ..မြ ရောက်ခဲ့တယ်….
နေ့လည် ထမင်းစားရင် ၀ါးစားဖို့ မမေ့နဲ့နော်
ချစ်ရဲ့မြ
:D

မိုးငွေ့........ said...

အဲ ခေါင်းမကောင်းတော့ဘူး ဒီစာကို ဖတ်ဖူးပြီးသား စာအုပ်ထဲမှာလား ဖဘက နုတ်မှာလား ဟင့် မီး မီမိုရီအောက်ပီထင်တယ်....။ အဲလိုလေး ရေးတာကို အရမ်းသဘောကျတယ်..အလွမ်းအဆွေးလေးပေမယ့် ချစ်စရာကလေး...း)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်