Saturday, September 27, 2014

ခေါင်းစဉ်မဲ့လေသော…



အိမ်တံခါးသော့ဖွင့်ပြီး ဝင်လာကတည်းကပင် မပြည့်စုံမှုတခုကို ခံစားရသည်။ တနေ့လုံးတော့ ရုံးမှာ အဆင်ပြေခဲ့သားပဲ။ သော့ကို တံခါးနောက်ဘက်ရှိသော့ချိတ်ကလေးထဲ ချိတ်လိုက်ကာ ဧည့်ခန်းကိုဖြတ်စဉ် လူက ခွေလဲပစ်လိုက်ချင်စိတ်နှင့် မောလျသည်။ ပုခုံးမှအိတ်ကို ထားနေကျနေရာမှာ ချ၊ အိမ်နေ အဝတ်အစားလဲပြီးသော် အနည်းငယ်ပေါ့ပါးသွားသလိုပေ။ 

အိမ်ရှေ့ခန်းပြန်ထွက်လာကာ ပြတင်းပေါက်များကိုဖွင့်လိုက်တော့ သော့ကနဲဝင်လာသော ညနေခင်းလေအေးမြတို့က မျက်နှာပြင်ကို ခပ်ဖွဖွလှုပ်ခတ်ကြသည်မို့ ရွှင်ပျလာသလိုရှိရပြန်သည်။ ချက်ချင်းမခွာနိုင်သေးဘဲ ပြတင်းပေါက်ကတဆင့် လမ်းမပေါ် ငေးမောနေမိသည်။ တွေ့နေသလိုလိုနှင့် မျက်လုံးထဲသို့ ဘာတခုမှ ထဲထဲဝင်ဝင်ရောက်မလာပြန်။ ရေလည်း မချိုးချင်သေး။ ဘိုက်ကလည်း ဟာလှပြီ။
ထမင်းစားပွဲမှာထိုင်ပြီး ဝယ်လာသောထမင်းထုတ်ကို ဖွင့်လိုက်သည့်ခဏမှာ လစ်ဟာမှုတခုကို သူမ သေချာသွားခဲ့တော့သည်။

အမေ….၊ အမေ နေမှကောင်းရဲ့လား…. 
ညက သူမ  အမေ့ကို အိပ်မက်ခဲ့တာပဲ....

ထိုင်ရာမှထကာ မီးဖိုထဲဝင်သည်။ ရေခဲသေတ္တာကိုဖွင့်ကာ ရေအေးအေးတခွက်ကို မရပ်မနားသောက်ချလိုက်မိတော့ ဖာထားသော အောက်အံသွားတွေက ကျိန်းကနဲ အေးစိမ့်လေသည်။ ဘာမှ မကောင်းချင်တော့။ အပျက်အစီးတွေက ဒီဘက်ပိုင်းမှာ သိသိသာသာစိပ်လာခဲ့သလို ခန္ဓာ၏လေးလံမှုကို တနေ့ထက်တနေ့ ပိုပိုခံစားလာရလေပြီ။ သူမ ဒီအသက် ဒီအရွယ်မှာ…ပင်ပမ်းလှပြီ။ ဘာကိုမှ အလိုမကျချင်တော့။ အမေ ဘယ်လိုများ…..၊ ဒီအသက် ဒီအရွယ်အထိ….။ 

သားသမီး မြေးမြစ်တွေသည် အမေ့အတွက် ကြီးမားသောတွန်းအားဖြစ်မည်ပေ။ သူမမှာသာ....။

မီးဖိုချောင်ထဲ ဂက်စ်မီးဖိုကိုတွေ့တော့ ရင်ထဲမကောင်းမိပြန်။

ဂက်စ်မီးဖိုကို အမေ မကိုင်ရဲ။ သည်တော့ သူမရှိရာ အမေလာနေစဉ်မှာ ဖွယ်ဖွယ်ရာရာ ချက်ကျွေးချင်သော်မှ  သူမ ရုံးမှပြန်အလာကို စောင့်ရသေးသည်။ သူမကလည်း ရုံးမှပြန်လာလျှင် ဆာလောင်နေလှပြီ။ အမေကကျတော့ အပြင်ထမင်းဆိုင်မှ ထမင်းမာမာတွေကို မျိုမကျ။ ထမင်းတွေက အစေ့လိုက်မို့ ပျော့ထွေးမနေဘဲ တောင့်နေကာ အစာမကြေဟု ဆိုသည်။ သည်တော့ အပြင်ကလည်း ဝယ်မစားဖြစ်၊ အိမ်မှာချက်တော့လည်း သူမပြန်လာမှချက်ရတော့ ထမင်းစားနောက်ကျရပြန်သည်။ သူမအနေနှင့်တော့ တခါချက်လျင် သုံးလေးရက်စာချက်ထားလိုက်ချင်သော်လည်း ရေခဲသေတ္တာထဲ ထည့်ထားပြီး ပြန်နွှေးစားရသည်ကို အမေက မကြိုက်ပြန်။ ခက်လှသည်။

တခါတလေ အလုပ်ထဲမှာ စိတ်ဖိအားတွေက များ၊ နေ့လည်စာကောင်းကောင်း မစားဖြစ်ဘဲ အိမ်ကို ဘိုက်ဟာပြီးပြန်လာ၊ အိမ်ရောက်တော့ အမေနှင့်အတူ ချက်ပြုတ်နေစဉ် ဘိုက်က ဆာလှပြီ။  ဘာကိုမှန်း မသိ၊ အလိုက မကျလေ၊ မျက်နှာက မှုန်တေတေဖြစ်လာလေ။ အမေ့မှာ မျက်နှာကလေးငယ်ကာ သူမမျက်နှာကို အရိပ်ဖမ်းကြည့်ရှာသည်။ အားလုံးကျက်ပြီဆိုတော့မှ အမေနှင့်အတူ ထမင်းစားကြသည်။ စားသောက်ပြီးတော့လည်း အရာရာပုံမှန်လို….။ အမေ ပြောပြချင်ရာပြောသည်များကို သူမက နားထောင်ပေးရသူ ဖြစ်သည်။ တနေ့လုံး အိမ်ထဲမှာ တယောက်ထဲနေရသော အမေ၊ တီဗီရှေ့မှာ ပြသမျှကားတွေ မပျင်းမရိထိုင်ကြည့်နေရသော အမေ၊ သူ့အိမ်မှာလို သားသမီးမြေးမြစ်တွေနှင့် ဝေစည်မနေသော ဆိပ်ငြိမ်နေမှုများထဲမှာ အမေ အထီးကျန်ပေမည်။

ခုတော့ သူမရှေ့ ဖော့ထမင်းဘူးလေးထဲမှာက  ဝက်သားကိုပါးပါးလှီးကာ ဂျင်းနှင့် ခရုဆီနှင့် အချိုချက်ရယ်၊ ပန်းဂေါ်ဖီကြော်ရယ်၊ ပဲပြားအစပ်ချက်ရယ် သုံးမျိုးကို ထမင်းပေါ်ပုံထားသည့် ညစာဖြစ်သည်။ အေးစက်နေလှပြီ။ သူမ ဆာနေတာမို့ ကြိုးစားမျိုချသည်။ ထမင်းလုတ် တလုတ်မျိုချလိုက်တိုင်း လည်ချောင်းထဲဆို့နင့်ကာ ဘာကြောင့်မှန်းမသိ၊ လှိုက်ကနဲ ဝမ်းနည်းမျက်ရည်လည်စဉ် ဆာလောင်နေတာမှာ၊ ရှေ့ကထမင်းဘူးမှာ စိတ်က မရှိတော့။ အဖြစ်အပျက်တခုက သူမကို ခေါ်ဆောင်သွားပြန်လေသည်။ ထိုစဉ်က အမေလည်း ဆာလောင်နေခဲ့မည်ပေ….။

သူမတို့ရုံးမှလူတွေစုကာ ဘန်ကောက်သွားလည်ကြမည်ဆိုတုန်းက အမေလည်းရှိနေခိုက်၊ ပြီးတော့ အမေက မြဘုရားလည်းဖူးချင်လှသူမို့ အမေ့ကိုပါ အတူခေါ်သွားဖြစ်ခဲ့သည်။ အမေတယောက်စာ ကုန်ကျစရိတ်ကိုတော့ သူမက ကျခံပေးရပါသည်။ လက်တွေ့မှာ လူငယ်တွေသာများသောခရီး၌ အမေ့ကို စောင့်ခေါ်နေရသည်မို့ ခရီး မတွင်ချင်။ ခရီးဖော်တွေက ရပါတယ်၊ သူမတို့သားအမိကို စောင့်ခေါ်မယ် ဆိုသော်ငြား သူမက ကျန်သူတွေကို အားနာမိပြန်သည်။
ပထမရက်မှာ မြဘုရားဖူးရ၍ စိတ်လက်ချမ်းသာနေသော အမေသည် ဒုတိယရက် ဟိုတယ်ကအထွက်တွင် ကောင်းပေ့ကောင်းရက်နှင့်၊ ကားထွက်လို့ လမ်းမပေါ်အရောက်တွင်မှ အခြေအနေ မဟန်တော့၊ သူ့ကို ဟိုတယ်ပြန်ပို့ပေးပါဟု မျက်နှာငယ်လေးနှင့် ဆိုလာခဲ့သည်။ အမေ့ကိုကြည့်ကာ သနားစိတ်က တဘက်၊ ကားပြန်လှည့်ရလျှင် ကျန်သောသူတွေ ကိုယ့်ကြောင့် ခရီးစဉ်ပျက်မှာကို အားနာစိတ်က တဘက်နှင့်၊ သို့သော် အမေ့ကို မဖြစ်ဖြစ်အောင် ဟိုတယ်ပြန်ပို့ရမည်မို့ အားနာလျက်နှင့်ပင် ကားရပ်ပေးဖို့ပြောကာ တက်ကစီငှားပြီး သားအမိနှစ်ယောက် ဟိုတယ်ပြန်လာခဲ့ရလေသည်။

အမေသည် ချွေးစေးတွေထွက်ကာ မူးဝေလျက်ရှိရာ ဟိုတယ်မှဆရာဝန်ကို အခန်းထဲထိ ပင့်ရတော့သည်။ အမေ့မှာက သွေးတိုး၊ ဆီးချိုအပြင် နှလုံးကလည်းရှိသည်မို့ ရောဂါစုံလှသည်။ ထမင်းဖြူနှင့် အရွက်ကြော်၊ အသားလုံးဟင်းချိုကလေးရရင်တော့ စားချင်သည်ဆိုတာနှင့် မှာကျွေးကာ ဆရာဝန်ပေးခဲ့သော ဆေးများကိုတိုက်ပြီးချိန်မှာ “အမေနေကောင်းပြီ၊ သမီး လိုက်သွားချင် သွားလေ”ဟု အမေက ဆိုလေသည်။ မလိုက်တော့ပါဘူးလေဟု ပြောတော့ အမေက သူ့ကြောင့်ဖြစ်ရသည်မို့ စိတ်မကောင်းပြန်၊ “ရောက်တုန်းရောက်ခိုက် လိုက်သွားပါ။ အမေလည်း ဟိုတယ်မှာ အိပ်နေမှာပဲဟာ၊ သွားလိုက်”ဟု ထပ်ဆိုလာတော့ သူမ မငြင်းဖြစ်တော့။ အမေ့ကို စိတ်ချလက်ချထားခဲ့ကာ ရုံးကအဖွဲ့တွေရှိနေမည့်နေရာသို့ လိုက်သွားဖြစ်ခဲ့လေသည်။ တကယ်ဆို သူမ လိုက်မသွားသင့်ခဲ့။ ကိုယ့်တိုင်းကိုယ့်ပြည်မဟုတ်သော နေရာမှာ၊ မိခင်ဘာသာစကား မပေါက်သော နေရာအစိမ်းတခုမှာ…..။  မသိနားမလည်သော အမေတယောက်ထဲရယ်….။ သို့သော် သူမ အမေ့ကို ထားရက်ခဲ့လေသည်။

ပို၍ဆိုးသည်မှာ အဲ့သည့်နေ့က အတော်လေးနောက်ကျမှ ဟိုတယ်သို့ပြန်ရောက်ခဲ့ကြခြင်းပင်။ သူမတို့အဖွဲ့လိုက် ညစာစားနေချိန်မှာ အမေတယောက်တည်း ဟိုတယ်အခန်းကလေးထဲ ဆာလောင်နေမည်လား၊ ကြောက်ရွံ့အားငယ်နေမည်လား၊ သူမ မတွေးတတ်ခဲ့။ 

သူမစိတ်ထဲမှာ အမေသည် လုံခြုံစိတ်ချရသောနေရာမှာရှိနေသည်၊ ဆေးလည်း သောက်ပြီးပြီ၊   နေ
လည်း ကောင်းနေပြီ၊ နွေးထွေးစွာ အိပ်စက်နေလိမ့်မည်၊ သည့်ထက် ပိုမတွေးတတ်ခဲ့။ သူမ ထည့်မစဉ်းစားမိခဲ့သည်မှာ အမေ့စိတ်….၊ လူစိမ်းများကြားမှာ သမီးအားကိုးနှင့်လိုက်ခဲ့သော အမေ….။ နားမလည်နိုင်သော ဘာသာစကားများကြားမှာ မျက်စေ့သူငယ်နားသူငယ်ရှိနေခဲ့ရသော အမေ။ ထိုအမေ့ကို နေထိုင်မကောင်းစဉ်မှာပင် သမီးဖြစ်သူက ထားရစ်ခဲ့ရက်သည်ဟုများ အမေ တွေးလေမလား။ နာကျင်လေမည်လား။ သူမ ဘာကြောင့် အဲသလိုမတွေးဖြစ်ခဲ့ပါလိမ့်။  သူမသည် အမြဲတစေပင် ပရမ်းပတာအပြုအမူလွန်သွားပြီးမှ နောက်က ဆင်ခြင်စိတ်လိုက်တတ်သူ ဖြစ်သည်။

ဟိုတယ်အခန်းလေးထဲ သော့ဖွင့်ဝင်စဉ် အမေက သူမကို ခေါင်းထောင်ကြည့်ကာ “ပြန်လာပြီလား သမီး”ဟု ဆိုသည်။  အမေ့ကို ခေါင်းဆတ်ပြရင်း “အမေ ဘာစားပြီးပြီလဲ”ဟုမေးတော့ အမေက ခေါင်းခါသည်။ ဟုတ်သားပဲလေ၊ အမေမှ မမှာတတ်တာ၊  အချိန်ကိုကြည့်တော့ ညကိုးနာရီကျော်၊ အမေ ဆာလှရော့မည်။ “ထမင်းပူပူလေးနဲ့ အရွက်စိမ်းကလေးပဲ အာသီသရှိတယ်၊ အဲဒါလေးရရင်တော့ စားမယ်”ဟု အမေပြောတော့ စားချင်စိတ်ကလေးရှိသေးသည်ကို ဝမ်းသာစွာနှင့် ဟိုတယ်ကပင် ညစာ မှာကျွေးဖြစ် ခဲ့သည်။

အမေက စားကောင်းသားပဲဆို၍ သူမ စိတ်အနည်းငယ် သက်သာရာရစဉ်မှာ “သမီး ပျော်ခဲ့ရဲ့လား” ဆိုသည့်စကား၌ အမေ့မျက်နှာကို သူမ မကြည့်ရဲတော့…။ အမေ့ကို ထားရစ်ခဲ့ကာ သူမ ပျော်ခဲ့မိလေသလား…။  သူမ မဖြေရဲပါ။ ဝမ်းနည်းစိတ်တို့ကို ချက်ချင်းဖုံးဖိကာ ဘာမှမဖြစ်သလို နေပြန်သည်။ အမေ့ကို ဆေးတိုက်ပြီး ခပ်စောစောပဲ အိပ်ရာဝင်ဖြစ်ခဲ့ပေမယ့် ထိုညက သူမ တော်တော်နှင့် အိပ်မပျော်ခဲ့ပါ။

သူမကို ကိုယ်ဝန်ဆောင်ထားရစဉ်က အမေမက်ခဲ့ဖူးသော အိပ်မက်တစ်ခု၊ ထပ်တလဲလဲမက်ခဲ့ဖူးသော အိပ်မက်တစ်ခု ရှိခဲ့သည်ဟု အမေပြောပြခဲ့ဖူးသည်။ ရှောက်သီးကြီးကြီးတစ်လုံးကို ကိုယ်တိုင် အခွံထိုင်နွှာကာ အထဲမှ ရှောက်သီးများအား အမွှာလိုက် အမွှာလိုက် အားရပါးရထိုင်စားသည်ဆိုသော အိပ်မက်ပင်။

သူမကို ပြောမရ ဆိုမရ၊ ဆုံးမ၍ မရတိုင်း အဖွားပြောလေ့ရှိသည်မှာ “ညည်းက ရှောက်သီးမ၊ ငယ်ငယ်ကတည်းက ညည်းအမေဘိုက်ထဲမှာကတည်းက ချဉ်စုတ်နေတာ” တဲ့လေ၊ သူမက ခပ်ပြုံးပြုံးပါပဲ။ ဆိုးသည်ဆိုတာကို၊ ဆုံးမ မရဆိုတာကို သဘောကျ၍ပြုံးခြင်းကား မဟုတ်၊ ရှောက်သီးမ ဆိုသောဂုဏ်ပုဒ်ကို  ကိုယ်လုပ်ချင်တာ လုပ်လိုက်ရသောအရသာနှင့် လဲလှယ်ယူရဲသည့် ညစ်ကျယ်ကျယ် အပြုံးမျိုးဖြစ်သည်။ သူမသည် ခုချိန်ထိ ခေါင်းမာဆဲ၊ ကိုယ်ထင်ရာ ကိုယ်လုပ်ဆဲ၊ လဲကျချိန်များမှာ မျက်နှာတချက် မပျက် ပြန်လည်ထူထကာ ပုံမှန် ပြုံးချိုလည်ပတ်မြဲပေ။ အဖေဆုံးစဉ်ကပင် မိသားစုမောင်နှမတွေရှေ့မှာ သူမ မျက်ရည် တစက်ကလေးမှ မကျခဲ့။ သူတို့နောက်ကွယ်မှာသာ သူမက ချုံးပွဲချငိုတတ်ခဲ့သူဖြစ်ခဲ့သည်။

သူမတို့မွေးချင်းခြောက်ယောက်မှာ သူမက ငယ်ငယ်ကပင် ခေါင်းအမာဆုံး၊ ကိုယ်လုပ်ချင်တာ ကိုယ်အလုပ်ဆုံးမို့ အမေ့လက်စာအမိဆုံးလည်း ဖြစ်သည်။ တစ်ခုခုကြောင့် အမေဆူလျှင် သူမက ဘာကြောင့်သည်လိုလုပ်ရသည်ဆိုတာကို တရှည်တလျားပြန်ရှင်းပြတတ်သည်။ သူမက ရှင်းလေ၊ အမေက  စိတ်တိုလေ။ အမေစိတ်တိုလေ၊ သူမက မရ ရအောင်ရှင်းပြလေ၊ အမေ ထရိုက်တော့လည်း ပေတေကာ တင်းခံပြီး၊ ခြေသလုံးမှာထင်ကျန်ရစ်သော အမြှောင်းလိုက်အရှိုးများအား အဖွား ထုံးဆနွင်းသိပ်ပေးမှသာ သူမက အသံတိတ်မျက်ရည်ကျတတ်သူတည်း။

“ဘာမှ ထပ်မပြောနဲ့ လျှာမရှည်နဲ့”ဆိုသော လူကြီးတွေစကားကို ထိုစဉ်ကတည်းက မနှစ်သက်နိုင်ခဲ့။ ကလေးတွေ သူ့စိတ်ထဲရှိတာ သူပြောခွင့်၊ ရှင်းပြခွင့်ရှိရမည်ဟု နားလည်သည်။ နားလည်သည့် အတိုင်းလည်း ပြန်ပြောသည်။ ရှင်းပြသည်။  အမေရိုက်လျှင် မျက်ရည်တစက်ကလေးမှ မကျဘဲ ခေါင်းမာ တင်းခံတတ်သော သူမက အဖေဆူလျှင်မူ အဖေ့ဆုံးမစကား၌ နာနာကျင်ကျင်ထိရှတတ်သူ ဖြစ်ပြန်သည်။

တခါကလည်း အမေ သူမကို အတော်လေးစိတ်ဆိုးခဲ့ဖူးသည်။
  
“တော်စမ်းပါအေ၊ ခုမှ နင့်အဖေဆုံးတာ တနှစ်မပြည့်သေးဘူး။ နင်က ငါ့ကို စစ်လား ဆေးလားနဲ့။ နေပါစေ နင့်ပိုက်ဆံ မပို့ချင်ရင်၊ ခုတော့ သားသမီးလုပ်စာစားနေရတယ်ဆိုတော့ ငါ အပြောအဆိုခံရပြီပေါ”့

ပြောရင်းက ဖုန်းထဲမှာ အမေ တဟီးဟီးရှိုက်ကာငိုတော့ သူမ တစ်ဘက်ကနေ ဖုန်းကိုင်ထားရင်း အမေ့ကို ဘယ်လိုနှစ်သိမ့်ရမည် မသိနိုင်။ “အမေတို့ တစ်လတစ်လ ဟင်းစား၊ ဗာယီရအသုံးစားရိတ် ဘယ်လောက်ကုန်လဲဆိုတာ စာရင်းလေး မှတ်ထားပေးပါ”ဟု သိချင်စိတ်တစ်ခုထဲနှင့် သူမက ပြောလိုက်မိသည်။ ရိုးရိုးကလေးမေးလိုက်သော သူမစကားက အမေ့ရင်ကို ဘယ်လောက် နာကျင်စေမည်လဲ သူမ မတွေးခဲ့နိုင်။ သားသမီးလုပ်စာစားနေရသော အမေ့လို လူအိုတယောက်ရင်ဘတ်ထဲက ခံစားချက်ကို သူမ လုံးဝ မေ့လျော့နေခဲ့မိသည်။

သူမကလည်း သူမပါပေ။ သမီးအကြီးဆုံးလည်း ဖြစ်၊ အဖေ့သမီးလည်းဖြစ်သောသူမက စကားပြောပြတ်သူ။  မာဆတ်သူ၊ တစ်ဘက်သား နားဝင်ချိုအောင် မပြောတတ်သူ၊ စိတ်ထဲရှိရာ ဒဲ့ပြောထွက်သူ၊  စိတ်တိုတတ်သူဖြစ်သည်။ သူမကိုမွေးပြီး တစ်နှစ်အကြာမှာ သူမအောက် ညီမအကြီးမကိုမွေး၊ ပြီးတော့ မောင်လေး၊ ညီမလေးတွေ ထပ်ရလာသည်မို့ သူမက အလိုလို လူကြီးအဖြစ်မြန်ခဲ့ရတာကြောင့်လည်း ပါမည်။ သူမက မိဘတွေအနား၊ လူကြီးတွေအနား ပွတ်သီးပွတ်သပ် မလုပ်တတ်ခဲ့။ ငယ်စဉ်ကပင် ခပ်မှန်မှန် ခပ်ဝေးဝေး နေတတ်ခဲ့သူ။

အမေ ဟန်းဖုန်းလိုချင်သည်ဆိုတုန်းကလည်း အမေနှင့်သူမ ပြဿနာတက်ခဲ့ဖူးသေးသည်။

“အမေက ဘာလုပ်မှာလဲ၊ အိမ်မှာလည်း အိမ်ဖုန်းရှိတာပဲဟာ။ ကိုယ်က စီးပွားရေးလုပ်နေတာလည်း မဟုတ်။  အိမ်မှာပဲ အေးအေးနေစမ်းပါ၊ အိမ်ဖုန်းပဲ သုံးစမ်းပါအမေရာ”ဟု အမေ့ကို သူမ ပြောခဲ့ဖူးသည်။

သူမကို ပြောမရတော့ အမေက ညီမအကြီးဆုံးမကို ဝယ်ခိုင်းသည်။ ညီမအကြီးမက အမေဘာပြောပြော မငြင်းဘဲ အကုန်ဝယ်ပို့ပေးနေသူ။ သည်တုန်းက ညီမဖြစ်သူကို သူမ ဆူလိုက်သေးသည်။ “နင်တို့ အမေပြောသမျှ မလိုအပ်ဘဲ ဝယ်ပေးနေတာဟာ အမေ့ကို ချစ်တာမဟုတ်ဘူး၊ ဖျက်ဆီးနေတာ၊ ဟန်းဖုန်းရှိတော့ ဆက်မယ်။ လမ်း ပိုထွက်ဖြစ်မယ်။ ဟိုလူနဲ့ ချိန်းထွက်၊ ဒီလူနဲ့ချိန်းထွက်နဲ့ အမေ လမ်းပိုများတော့မှာပဲ”ဟု သူမက ဟောက်တော့ ညီမအကြီးမက တစ်ခွန်းပဲ ပြန်ပြောသည်။

“အမေလိုချင်သမျှ ပူဆာရမယ့်အဖေလည်း ရှိတော့တာမှ မဟုတ်တာ။ နောက်ပြီး အမေလည်း နေရလှ နောက် အနှစ်နှစ်ဆယ်ပေါ့ မကြီးရာ၊ အမေ အသက်ရှင်နေတုန်းလေး သူစိတ်ချမ်းသာသလို နေပါစေ”ဟူ၍ ဖြစ်သည်။ သူမ တွေကနဲ ဖြစ်သွားသည်။ သို့သော် ခဏမျှသာ။

“အေး နင်တို့တွေဟာ အဲ့လိုပဲ၊ အမေ့ကို ဖျက်ဆီးနေကြ။ ငါကတော့ အလိုမလိုက်နိုင်ဘူး။ ဟိုတစ်ခါကလည်း လမ်းအထွက်ကောင်းလို့ အမေ ကားပေါ်က ပြုတ်ကျပြီးပြီ။  ကံကောင်းလို့ ခေါင်း မကွဲတယ်။ ငါက အမေ့ကို အိမ်မှာပဲ အေးအေးလူလူနေစေချင်တာ။ ဟန်းဖုန်းရှိရင် ပိုဆိုးတော့မှာပဲ”ဟု အကြီးပီပီ သူမက မလျှော့တမ်း မာန်မဲမိပြန်သည်။

ညီမအကြီးမက ဘာမှ ပြန်မပြော။ နောက်တစ်လနေတော့ အမေ့ကို ဆမ်ဆောင်းဖုန်းတစ်လုံး ဝယ်ပို့ပြီး ကျသလောက် လိုင်းကြေးငွေပါ ပို့ပေးလိုက်သည်ဟု ကြား၏။  သူမ ဘာမှ မပြောသာတော့ပါ။

“မကြီး သမီးတို့ ကလေးတွေ ကျောင်းလခ၊ မုန့်ဘိုး သမီးတို့ဖာသာ ပေးတာနော်၊  အမေက တစ်ခါတစ်လေ သူ့မြေးတွေကို  အဝတ်အစားလေးဘာလေး ဝယ်ပေးတာလောက်ပဲ အမေ့ပိုက်ဆံထဲက သုံးတာ။ ဈေးဘိုးတောင်မှ တစ်ခါတစ်လေ ကိုဦးစားချင်တဲ့ဟင်းရှိရင် သမီးပဲ ဝယ်ချက်လိုက်တာ။ မကြီး ပို့ပေးတဲ့ ပိုက်ဆံက အိမ်ဈေးဘိုးရယ်၊  နောက် အမေပဲ သုံးတာ။ မကြီးက ပို့တဲ့ငွေ မလောက်ဘူးလား၊ မလောက်ဘူးလား မေးမေးနေလို့လေ၊ သမီးတို့က အမေနဲ့ အတူနေရတာဆိုတော့ မကြီး တစ်မျိုးထင်မှာ စိုးတာ”

အမေနှင့်အတူနေသော ညီမအငယ်မမိသားစုကလည်း သူမ ငြိုငြင်မည် စိုးရှာသည်ထင့်၊ သူမ အမေ့ဆီပို့သောပိုက်ဆံကို သူတို့မိသားစု ကပ်မသုံးကြောင်း အခွင့်သင့်တိုင်း ကြုံသလိုပြောရှာသည်။ သူမက သိလိုသည်ကိုသာ မေးမြန်းတတ်ကာ ညီမအငယ်မ၏ စိတ်ခံစားမှုကို ထည့်မစဉ်းစားမိခဲ့။ "ငါ ဒီလောက်ပို့ပေးနေတာကို မလောက်ဘူးလား" ဆိုသည့်လေသံပေါက်နေခဲ့သလား၊ သူမ မပြောတတ်ပါ။ သူမ စိတ်မကောင်းဖြစ်ခဲ့ရပြန်သည်။

ဘယ်လိုဖြစ်တာပါလိမ့်။ သူမက အမေ့ကိုပဲပြောပြော၊ ညီမအကြီးမ၊ ညီမအငယ်မ ဘယ်သူ့ကိုပဲပြောပြော၊ သူမစိတ်ထဲ သိလိုသည်ကိုသာ ရိုးရိုးမေးမြန်းသည်။ စိတ်ထဲရှိတာသာ ပြောသည်။ သူမဘက်က ဘာကိုမှ မရည်ရွယ်ပါ။ သို့သော်…။

တခါတခါတော့ သူမ စဉ်းစားကြည့်မိသည်။ လူတွေသည် ကိုယ့်စိတ်နှင့်ကိုယ် ပြန်ချည်တုတ်နေသော သတ္တဝါတွေဖြစ်မည်ဟု။ သူမနှုတ်ထွက်စကားတစ်ခွန်းကို မပြောခင် ဘယ်တော့မှ သေချာမစဉ်းစားဖြစ်ခဲ့၊ ကိုယ့်စိတ်ထဲ ရိုးရိုးကလေးသာ ရည်ရွယ်သည်ကိုး။ ပြောပြီးလို့ သူများက တစ်ခြားဘက်လှည့် စဉ်းစားပြီး ပြောလာသော်မှ ဟုတ်သားပဲဟု သူမ တွေးမိရသည်မှာ အခါခါ။

နှစ်ဘက်မျှတွေးပြီးမှ ပြောတတ်ဖို့ အတော်လေး ကျင့်ပြီးသောအခါတွင်မူ သူမ နှုတ်ဆွံ့တတ်လာသည်။ အခါများစွာပင် မပြောတာဘဲနေတာ ကောင်းပါတယ်လေဟု တွေးမိတတ်လာသည်။ ရင်ထဲမှာ များလာသည်။ ပြည့်လာသည်။ သူမတို့မိသားစုချည်းပဲ မဟုတ်၊ သူမ ထိစပ်နေထိုင်ရသော ပတ်ဝန်းကျင်မှာလည်း  ထိုထိုအဖြစ်မျိုးတွေ ရှိတတ်သည်ပေ။ ဒါသည်ကပင် သူမ စာရေးဖြစ်သော အကြောင်းရင်းတရပ် ဖြစ်နိုင်ကောင်းသည်။ 

သို့သော် ကြောင်ဟူသည် ကြာကြာရေမငုတ်စတမ်းမို့ မျက်စေ့ရှေ့ ပြောစရာရှိလာလျင် သူမသည် လွှတ်ကနဲ ပြောမိမြဲ၊ ဝုန်းဒိုင်းကြဲမြဲ၊ သွေးပူ ပေါက်ကွဲတတ်မြဲပေ။

တခါကလည်း တစ်လမ်းထဲနေ သူငယ်ချင်းဟောင်းက သူမ ရန်ကုန်ပြန်ရောက်နေကြောင်းသိရကာ အိမ်မှာလာတွေ့သည်။ သူငယ်ချင်းမက အိမ်ထောင်ကျပြီး စီးပွားရေးလည်းပြေလည်ကာ ရွှေအပြည့်နှင့် အိညွှတ်ကာ နေသည်။ အိမ်မှာစကားပြော၍ဝသော် သူ့ကို အပြင်မှာမုန့်လိုက်ကျွေးဖို့ အဝတ်အစားလဲကာ အပြင်ထွက်တော့မည့်ဆဲဆဲ အမေက “သမီး နင် ဒါလေးတော့ဝတ်သွားလေ”ဟုဆိုကာ ဆွဲကြိုးနှင့် လက်ကောက်တစ်ရန်ထုတ်ဆင်သည်။

သူမက အမေ့အလိုလိုက်ဟန် အမေ့ဆီသို့ ညာလက်ကောက်ဝတ် ထိုးပေးလိုက်လေသည်။ သူမလက်ထဲ လက်ကောက်ဝတ်ပြီးကာမှ လက်ကိုမြှောက်ကြည့်ကာ လွှတ်ကနဲပြောလိုက်မိသည်။

“ဟာ အမေကလည်း သမီး မဝတ်ချင်တော့ပါဘူး။ တောသူကြီးသမီး ကျနေတာပဲ၊ ပြန်ချွတ်ပေး”ဟူ၍။

သူငယ်ချင်းမ မျက်နှာပျက်သွားကာ ညီမအငယ်မက မျက်ရိပ်လှမ်းပြမှပင် အခြေအနေကို သတိရမိသည်။ ငါတော့ လုပ်ချလိုက်ပြန်ပြီဟုတွေးမိကာ သူငယ်ချင်းမကို အလွန်အားနာသွားခဲ့ရဖူးသည်။ တကယ်တော့ သူ့ကိုရည်ရွယ်တာ မဟုတ်၊  သူ ရွှေကြိုက်လို့ သူဝတ်တာဖြစ်ပြီး၊  သူမ မကြိုက်လို့ သူမ မဝတ်ခြင်းပင်။ အဲ့သလောက်ကို ရိုးရိုးလေးတွေး၍ရသည်။ သို့သော် သူငယ်ချင်းမက စိတ်ကွက်သွားပုံရသည်။ သူမ မပြန်ခင်ညမှာ လာတောင် နှုတ်မဆက်တော့ပေ။

သူမက မိသားစုနှင့်လည်း အဲ့သည်အတိုင်းပင်။ လိုအပ်သည်ထင်လျှင် သူမ တတ်နိုင်သလောက် လုပ်ပေးမည်။ သူမစိတ်ထဲ မတွေ့လျှင်၊ အပိုဟုထင်လျှင် သူမ ငြင်းဆန်ဖြစ်သည်။ တခါတရံ အိမ်နီးချင်းနှင့် ပြဿနာ များကို ပြောပြတတ်သည်။ နားထောင်ပြီးသော် အဲဒါ အမေတို့မှားတာ ဟုသော်လည်းကောင်း၊ အဲဒါ နင်တို့မှားနေတာလေ အငယ်မရဲ့ ဟုသော်လည်းကောင်း  ကောက်ချက် ချသလို ဘွင်းဘွင်းပြောတတ်ခဲ့သည်။

ခွေးချင်းကိုက်ရင်တောင် ကိုယ့်အိမ်ကခွေး နိုင်မှဟူသော အယူအဆမျိုးကို သူမက မနှစ်မြို့နိုင်သူ။  သွေးသားပင်ဖြစ်သော်လည်း အမှားဘက်ကဖြစ်နေလျှင် မရပ်နိုင်၊ သူစိမ်းဖြစ်သော်ငြား မှန်သည့်ဘက်မှဆိုလျှင် ခိုင်မာရပ်တည်တတ်လေ့သော သူမကို အားလုံးက ဥတလုံးမ၊ မိသားစုသံယောဇဉ်နည်းပါးလွန်းသူဟု တသံတည်း ဆိုတတ်ကြလေသည်။

မိသားစုသံယောဇဉ်နည်းပါးသူဟူသော ပြစ်တင်ပြောဆိုခြင်းမှာ သူမ စိတ်မကောင်းခြင်းကြီးစွာ၊ သို့သော် မတတ်နိုင်။ ကိုယ့်မိသားစုမှ ကိုယ့်မိသားစု၊ ကိုယ့်အတွက် ကိုယ့်မိသားစုကသာ အရေးကြီးဆုံးဟု သူမကိုယ်တိုင်က သဘောမထားနိုင်ပါ။ လူတိုင်း လူတိုင်းတွင် မိသားစုကိုယ်စီရှိကြသည်။ သူမတို့မိသားစု အရေးကြီးသကဲ့သို့ သူတစ်ပါးမိသားစုသည်လည်း ထပ်တူအရေးကြီးကြောင်း သူမ မမေ့ပေ။ သို့သော် သူမသည် မိသားစုအမြင်မှာပင် စည်းအပြင်ထွက်ရပ်နေသော အရိုင်းအစိုင်းတယောက်ဖြစ်လေသည်။

တခါတလေ သူမလည်း အများနည်းတူ အိမ်ကို လွမ်းတတ်ပါသည်။ သို့သော် ဖုန်းခေါ်လိုက်ဖို့ သူမ ဘယ်တော့မှ မကြိုးစားခဲ့။ အိမ်ကိုဖုန်းဆက်ပါဦးဟု စကားပါးမှသာ သူမ ဆက်သည်။ ဆက်သည့်အခါတိုင်းလည်း အမေ နေကောင်းရဲ့လား မေးပြီးလျင် ဘာဆက်ပြောရမည် မသိတော့။ ထို့ကြောင့် ဖုန်းအဆက်နည်းရသည်။ အမေ့ကို နောက်ချင်စချင်လျှင်တော့ “အမေက သမီး ဖုန်းမခေါ်လည်း ပိုက်ဆံမှန်မှန်ပို့နေရင် နေကောင်းနေတယ် မဟုတ်လား၊ ငွေက ဗီတာမင်လေ ဟဲဟဲ”ဟု ရိုက်ချင်စဖွယ်ပြောတတ်သည်။ “အဲ့လို ဘယ်ဟုတ်ပါ့မလဲ သမီးရယ်၊ အမေဆိုတာ သားသမီးအသံတော့ ကြားချင်တာပဲပေါ့”ဟုဆိုသည်။ သို့သော် အမေသည် သူမနှင့်ဖုန်းပြောပြီးသည်နှင့် နင့်အမကြီးကလေ ဆိုကာ အငယ်မကို သူမဘယ်လောက်ဆိုးကြောင်း ပြောတတ်တာ သူမ သိပါသည်။

ရှေ့က ထမင်းဘူးထဲမှာ ထမင်းရောဟင်းတွေပါ အေးစက်ပြီ။ စားချင်စိတ်တို့လည်း ပျောက်ဆုံးလျက် သူမ ထိုင်ရာမှ ထသည်။ ထမင်းဘူးကိုပိတ်ကာ ကြွတ်ကြွတ်အိပ်ထဲပြန်ထည့်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့ သည်။ စားလိုစိတ်ပျောက်၍ ဝမ်းဟာသော်မှ တင်းခံပိတ်ဆို့နေသော စိတ်အကြေအမွတို့နှင့် ရင်သည် ပြည့်လျက်ရှိလေပြီ။

ဘယ်လိုပဲတွေးတွေး သူမကိုယ်သူမ မကြေနပ်နိုင်။ ဘာကိုမကြေနပ်မှန်းလည်း မသိနိုင်ဘဲ၊ သူမစိတ်၊ သူမအချိုးအချိတ်တို့ကို မပြင်နိုင်ပြန်ချေ။ သည်လိုပဲ ထင်ရာ လုပ်၊ ပျော်အောင် နေ၊ ခေါင်းမာဆဲ၊ စိတ်စေရာ သွားဆဲ၊ အချိန်တန်တော့ သေခြင်းတရားနှင့် ချိန်းဆိုမထားပါဘဲ တွေ့ရဦးမည်။ မထင်မှတ်ထားသောနေရာမှာ ရုတ်တရက်ဆိုသလို ဗြုန်းကနဲလည်း ဖြစ်နိုင်သေးသည်။  အဲသည့်အခါ ခွေးလေလွင့်တကောင်လို ရောက်ရာနေရာမှာ တိတ်တိတ်သေဆုံးမည်လေ။ သည့်ထက်ပို၍ ဘာကိုမှ မမျှော်လင့်ပါ။ သူမသည် ဘယ်သူတဦးတယောက်အတွက်မှ ဘာမှ မဟုတ်ခဲ့သူ။ စိတ်မနာနိုင်အောင်သာ ကြိုးစားရပါသည်၊ ခန္ဓာတခုလုံး၊ ရင်တခုလုံးကတော့ ပြာကျနေရသည့်အဖြစ်။ လူ မသိ၊ သူ မသိ….လိမ္မာသယောင် မိုက်မဲရသည်။ ပျော်ရွှင်သယောင် ငိုကြွေးရသည်။ တော်ရာမှာ နေရသည်။ ဘဝကြီးဟာ နကိုကမှ နေပျော်စရာ မကောင်းပေဘဲ။

ညက အမေ့ကို အိပ်မက် မက်သည်။ အမေက သနပ်ခါးအဖွေးသားနှင့်။ အဲသလိုဆို အပြင်မှာ နေထိုင်မကောင်းဖြစ်တတ်သည်ဟု ကြားဖူးသည်။ သို့သော် အဲဒါတွေကို အယူ မရှိ၊ အယုံအကြည် မရှိဟူသောစိတ်က လူကို တောင့်ခံထားစေသည်။ စိတ်နှင့်ကိုယ် မကပ်ဘဲ၊ အလိုမကျဖြစ်နေလျက်က ဖုန်းဆက်လိုက်ဖို့ကို စိတ်နှင့်ကိုယ် အလိုမတူပြန်။ 

ဘိုက်ထဲက ခုမှ ဟာလာသည်။ ဟုတ်တိပတ်တိမှ မစားဖြစ်တာဘဲ။ ဆာလောင်စိတ်နှင့်အတူ ဝမ်းနည်းစိတ်က ထပ်ချပ်မကွာ လိုက်ပါသည်။ သူမ မသိနိုင်ခင်မှာ သူမပါးပေါ်မှာ မျက်ရည်စီးကြောင်းတွေ…။ မျက်ရည်ပေါက်တွေ တလိမ့်လိမ့်ကျ၍ လာလေသည်။ သူမရင်ထဲက ဝဋ်ဆင်းရဲတွေ သူမပါးပေါ်အရည်ပျော်ကျလာသလို ပူလောင်လွန်းသည်။

မနက်လင်းလျင်တော့ အမေ့ဆီ သူမ ဖုန်းဆက်လိုက်ချင်သည်။ အမေ့ဆီက ထေ့ငေါ့စကားတခွန်း၊ သို့မဟုတ် များစွာ…။ သူမ ကြားရနိုင်ကောင်းသည်။ ဘာပဲဖြစ်ဖြစ် အမေ့ကို စကားလေးတခွန်းတော့ သူမ မေးလိုက်ချင်လှသည်။

အမေ  နေကောင်းရဲ့လား….




ဒီပိုစ့်လေးကို အန်တီတင့် တက်ဂ်ထားတဲ့အတွက်၊ BPP ချဲလင့်အတွက် ရေးဖြစ်ပါတယ်။  ကျေးဇူးပါ တီတင့်ရေ၊ တကယ်တော့ ခုတလော စာမရေးချင်သေးဘဲ ပျင်းနေမိတာ  :)

Monday, September 22, 2014

တိုက်ခန်းနဲ့ ဟန်းနီးမွန်း၊ ပျားရည်ဆမ်းခရီး…ဘယ်ဟာကို ရွေးချယ်မှာလဲ ?



အမျိုးသမီးများအတွက်….

စေ့စပ်ထိမ်းမြားလက်စွပ်ကို ယူမှာလား၊ ဒါမှမဟုတ် အပေါင်ဆိုင်မှာထားပြီး အပေါင်ငွေနဲ့ အိမ်ခြံမြေခြံမှာ ရင်းနှီးမြုပ်နှံမှာလား….  

လွန်ခဲ့တဲ့အပတ်အတွင်း မြန်မာ့အွန်လိုင်း အိမ်ခြံမြေခြံရောင်း လုပ်ငန်းဖြစ်တဲ့ Houseမှ အမေရိကန်နိုင်ငံ Era Real Estateရဲ့ လေ့လာသုံးသပ်ချက်ကို ပြန်လည်ပြီး သုံးသပ်တင်ပြလိုက်ပါတယ်။ 

စာရင်းကောက်ချက်အရ အမေရိကန်အမျိုးသမီး၅၀%ဟာ သူတို့ရဲ့စေ့စပ် ထိမ်းမြားလက်စွပ်ကို အပေါင်ခံပြီး အိမ်ခြံမြေခြံရောင်းဝယ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ အားသန်ကြောင်းပြောကြားခဲ့ပါတယ်။   

ပိုပြီးအံ့သြစရာကောင်းတာကတော့ ၅၀%ထဲက ၁၇%ဟာ အပေါင်ဆိုင်မှာ သူတို့ရဲ့ စေ့စပ်လက်စွပ် ကို ပေါင်ထားပြီး တိုက်ခန်းအရောင်းအ၀ယ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားပြီဖြစ်ကြောင်း အသိပေး ပြောကြားခဲ့တာပါ။


နောက်ပြီး Era Real Estateမှ ကျန်တဲ့ ၅၀%ကို ပျားရည်စမ်းခရီး သွားမှာလား ဒါမှမဟုတ် အဲဒီ့ကုန်ကျစရိတ်အစား အပေါင်ဆိုင်မှာထားပြီး တိုက်ခန်း ကွန်ဒိုငှားမှာလား၊ ၀ယ်ယူမှာ လားဆိုတော့ ၁၆ % က Honeymoonခရီးစဉ်ကို အစတေးခံပြီး တိုက်ခန်းအငှားလုပ်ငန်းမှာ လုပ်ကိုင်နေပြီဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။  


Era မှ ယခုလို သံယောဇဉ်ခိုင်မာစွာရှိနေကြတဲ့ စုံတွဲပေါင်း ၁၀၀၀ ကျော်ကို စာရင်းကောက်လိုက်ရာ Houseရဲ့ပြန်လည်သုံးသပ်ချက်အရ ယနေ့ခေတ်မှာ အိမ်ရာတိုက်ခန်း ဈေးနှုန်းများရဲ့ အခြေအနေဟာ ခေတ်လူငယ်တွေရဲ့ ရှေ့အနာဂတ်ကို ဆုံးဖြတ်ပေးနေပြီဖြစ်ကြောင်း သုံးသပ်လိုက် ပါတယ်။

 ကောက်တမ်းစာရင်းဝင်ဖြေဆိုခဲ့တဲ့  ၉၀ %ကတော့  အိမ်ခြံမြေတိုက်ခန်း အတူဝယ်ခြင်းဟာ ချစ်သူစုံတွဲတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ ရှေ့ရေးကို ပိုပြီးဖြောင့်ဖြူးစေတယ်လို့”  ဖြေကြားသွားခဲ့ပါသတဲ့။


မြန်မာနိုင်ငံမှာတော့ စေ့စပ်ထိမ်းမြားလက်စွပ်ရဲ့တန်ဘိုးဟာ အိမ်၊တိုက်တာတန်ုဖိုးတစ်ခုကို ၀ယ်ယူနိုင်တဲ့ ပမာဏ မရှိတဲ့တိုင်အောင် အရေးအကြောင်းဆိုရင် ရောင်းဝယ်၊ ပေါင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီလိုမျိုးကိစ္စများ ပေါ်ပေါက်လာတဲ့အချိန်မှာ တကယ်ပဲ မိမိရဲ့ ချစ်သူပေးထားတဲ့ စေ့စပ်ထိမ်းမြားလက်စွပ် သို့မဟုတ် မင်္ဂလာလက်စွပ်ကို စွန့်လွှတ်မှာလားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ စာရေးသူအနေနဲ့ကတော့ စွန့်လွတ်တယ် မစွန့်လွတ်ဘူးဆိုတဲ့အကြောင်းရင်းဟာ ချစ်သူနှစ်ဦးရဲ့ စစ်မှန်နက်ရှိုင်းတဲ့မေတ္တာပေါ်မှာ မူတည်သလို၊ တခါတလေမှာ သားကောင်ချနင်းရတဲ့သဘောလို့လည်းမြင်မိပါတယ်။

စာရေးသူအမေဟာ မုဆိုးမပါ။ မောင်နမသုံးယောက်ရဲ့ မိခင်ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅နှစ်လောက်တုန်းက အဖေဆုံးသွားပြီးကတည်းက အမေဟာ သားသမီးသုံးယောက်ကို နည်းလမ်းပေါင်းစုံနဲ့ ကျောင်းပြီးအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ တော်တော်ခက်ခဲတဲ့ဘ၀ကို အမေကျော်လွားခဲ့ပါတယ်။ ကျောင်းဆရာမဘ၀နဲ့ လယ်စိုက်၊ နွေဦးရောက်လာရင် မြေပဲနုတ်တဲ့ လုပ်ငန်းကို လုပ်ခဲ့ပါတယ်။ စာရေးသူက ၁၀နှစ် သားလောက်ပဲ ရှိပါသေးတယ်။ အဖေဆုံးသွားပြီး အမေဟာ ဆရာမတစ်ယောက်အနေနဲ့  မလုပ်ဖူးတဲ့ အလုပ်ကြမ်းတွေကို လုပ်ခဲ့ရပါတယ်။

ဒါပေမယ့် အမေဟာ ကျွန်တော်တို့ မောင်နှစ်မသုံးယောက်ကို ကျောင်းပြီးလို့ ဘွဲ့ရတဲ့အထိထားခဲ့ပါတယ်။ မုဆိုးမဖြစ်တဲ့အမေဟာ ယနေ့တိုင်အောင် အဖေပေးထားတဲ့ မင်္ဂလာလက်စွပ်ကို ၀တ်နေဆဲပါပဲ။ ခုဆိုရင် အမေဟာ ပြည်ပရောက်ပြီး သားသမီးတွေရဲ့ အရိပ်အ၀ါသအောက်မှာ ကောင်းကောင်းနေနိုင်နေပါပြီ။ ဒါပေမယ့် ပြည်ပရောက်မြန်မာကလေးများကို မြန်မာစာသင်ပေးနေတဲ့အလုပ်ကို အသက် ၇၀ နီးပါးရောက်သည့်တိုင်အောင် ဆက်လက်လုပ်ကိုင်နေဆဲပါ။ ကျွန်တော်တို့မြန်မာပြည်မှာလည်း ဂုဏ်ယူနိုင်စရာ မိခင်ဖခင် သို့မဟုတ် အိမ်ထောင်သည်များ တကယ်ပဲ ရှိကြအုံးမှာပါ။

ခေတ်အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ လူငယ်တွေရဲ့ အမြင်ပိုင်းတွေဟာလည်း ကွာခြားလာခဲ့ပါပြီ။ သို့ပေမယ့်လည်း စစ်မှန်တဲ့မေတ္တာနဲ့ ဒုက္ခများကို သတ္တိရှိရှိ အတူတကွ ကျော်လွားနိုင်ဖို့လည်း လိုပါတယ်။ ဒါမှသာလျှင် ဘ၀ဟာ ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ စာရေးသူအနေနဲ့ မြင်ပါတယ်။ စာရေးသူပြောတဲ့ ဟန်းနီးမွန်းသွားမှာလား၊ တိုက်ခန်း ၀ယ်၊ ငှားမှာလားဆိုတဲ့မေးခွန်းဟာ တကယ်တော့ ရင့်ကျက် ထက်မြက်တဲ့သူ အမျိုးသမီး၊ အမျိုးသားများ အတွက်တော့ ဖြေဆိုရဖို့ အခက်ခဲသိပ်မရှိလှပေမယ့် အချို့သောသူများအတွက်တော့ စိမ်ခေါ်ရင်ဆိုင်မှုတခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သည်လိုအခြေအနေ မျိုးမှာ   တခြားနည်းလမ်းများ၊ ရွေးချယ်ဖြေရှင်းချက်များ ရှာတတ်ဖို့လိုမယ်လို့ မြင်ပါတယ်။

ခေတ်သစ် မိသားစု၊ စုံတွဲများ သစ္စာရှိရှိ ရာသက်ပန် ဆက်လက်လျှောက်သွားနိုင်ရန် ရည်စူးလျှက် အခက်ခဲများကြုံလာပါကလည်း စစ်မှန်တဲ့နည်းလမ်းနဲ့ ကောင်းမွန်စွာ ဖြေရှင်းသွားကြရအောင်လို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်။


ကိုဆိုင်း
ဘာလင်

မှတ်ချက် ။   ။ ကျွန်မရဲ့ စာတိုက်ထဲကို တစ်နေ့က စာလေးတစ်စောင် ရောက်လာခဲ့ပါတယ်။ သူက ကျွန်မဘလော့ဂ်ကို ဖတ်တယ်။ ကျွန်မစာတွေကိုလည်း နှစ်သက်သဘောကျတယ်လို့ ဆိုလာပြီး ခင်မင်စွာ မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ ပြီးတော့ သူရေးထားတဲ့ အထက်က စာလေးကို ကျွန်မဘလော့ဂ်မှာ ဧည့်သည်စာရေးသူအဖြစ်နဲ့ တင်ပေးစေချင်ပါတယ်ဆိုတဲ့အတွက် ဒီပိုစ့်လေး ဖြစ်လာခဲ့တာပါ။ 

အိမ် ခြံ မြေနဲ့ ပါတ်သက်လို့ တခုခု အကူအညီ၊ အကြံဉာဏ်များ လိုကြတယ်ဆိုရင်ဖြင့် အထက်မှာပါတဲ့ HOUSEလိပ်စာအတိုင်း ဆက်သွယ်နိုင်ကြပါတယ်။ အထူးသဖြင့်  ဝါလကင်းလွတ် သီတင်းကျွတ်တဲ့ အခါသမယမှာ အာဝါဟ ဝိဝါဟကြတော့မယ့် ချစ်သူများအတွက်ပါ။ အရောင်းအဝယ်ဖြစ်ခဲ့ရင် ကျွန်မကိုလည်း ပွဲခလေးပေးဖို့ သတိရပေါ့ရှင် :) 

နောက်တာပါ....။  အားလုံးပဲ အဆင်ပြေအောင်မြင်ကြပါစေ.... :)





Saturday, September 20, 2014

ရပ်၍မျှော်ဆဲ... စောင့်ဆဲကို….



မိုးက ခုတလော ထစ်ချုန်း၍ ချုန်း၍ရွာသည်။ 

ရွာသောမိုး၌ လျှပ်တို့ ဝင်းဝင်းလက်လက်ပြက်သည့်အပြင် ရံခါချိန်းတတ်သောမိုးကြိုးများကြောင့် သူမ၏အခန်းငယ်လေးမှာ လင်းတခါ မှောင်တလှည့်ရှိရသည်။ မိုးသည် လေနှင့်အတူ သည်းသည်းစွေရွာနေလေ၏။ ထိုမိုးအောက်မှာ အပင်ငယ်လေးများသာမက သစ်ပင်ကြီးတို့ပင် ဆောက်တည်ရာမဲ့ ယိမ်းထိုးလျက်ရှိသည်။။ မိုးနှင့်သစ်ပင်တို့ စည်းချက်ကျကျ ဘယ်ညာယိမ်းထိုးနေသည့် မြင်ကွင်းကို သူမပြတင်းပေါက်ကလေးက အနားသတ်လို့ပေးထားသည်။ ထိုပြတင်းပေါင်မှ ဘောင်ခတ်ပေးထားသည့်မြင်ကွင်းကလေးထဲ သူမမျက်ဝန်းတွေကို စိုက်ထားလိုက်မိသည်။

မိုးစက်မိုးပေါက်ကလေးများသည် မြေပြင်ပေါ်သို့ တည့်တည့်သက်ဆင်းရသည်တော့ မဟုတ်၊ လေ၏ဆောင်ရာအတိုင်း မြေပြင်ညီနှင့် ခပ်စောင်းစောင်းတိမ်း၍ ကျရရှာသည်။ ထို့ကြောင့်ပင် မိုးပေါက်ကလေးများသည် သူမပြတင်းဘောင်အပေါ် လွင့်ကနဲ လွင့်ကနဲ ဖွာစင်လျှက်ရှိသည်။ အရာရာသည် ဝေဝေဝါးဝါး…။ မျက်ခွံများကို တင်းတင်းပိတ်လိုက်ကာ ပြန်အဖွင့်၌ အားယူ၍ အပြင်ဘက်သို့ ကြည့်လိုက်မိပြန်သည်။ မြင်ကွင်းသည် ပြတ်သားမလာ၊ ပြောင်းလဲမသွား၊ ဝေဝါးဆဲပေ။

ရေမှုန်တွေကြောင့်လား၊ သူမမျက်ဝန်းတွေကြောင့်လား…၊ သစ်ပင်များသည် ဘယ်ညာသို့ ကြမ်းတမ်းယိမ်းနွဲ့နေသော အုပ်အုပ်ခဲခဲများ၊ ဒေါင်လိုက်ခပ်စိမ်းစိမ်းများသာဖြစ်လို့နေသည်။ အပင်သေးများ၊ အပင်ကြီးများ၊ ရှည်လျားပင်များ၊ ပုပြတ်သောအပင်များ…၊   အားလုံးသည် သူမမျက်ဝန်းအိမ်ဝယ် ပြယ် လွင့်နေသော ရေဆေးပန်းချီကား တစ်ချပ်လှုပ်ရှား သက်ဝင်နေသည့်နှယ်။

ဒေါ်ထွေး  ဒေါ်ထွေး ဘယ်ရောက်နေပါလိမ့်၊ တအိမ်လုံးမှာ သူမ တယောက်ထဲများလား။ နေ့လည်ခင်းမို့ တရေးတမော ပြန်လည်အိပ်စက်နေသည်ထင်၏။ နေပါစေလေ၊ မိုးပန်းချီကားတစ်ချပ်ကို သူမ ငေးလျက်နေချင်သေးသည်။ ပြတင်းပေါက်အား ပိတ်မပစ်လိုက်ချင်သေး။

ထိုမိုးထဲမှာ သူမ ပျော်ခဲ့ဖူးသည်။ ထီးတချောင်းကို လက်ကကိုင်လျက်နှင့်ပင် ရွှဲရွှဲစိုခဲ့ဖူးသည်။ သည်လိုစွေစောင်း၍ရွာတတ်သော မိုးထဲမှာ…။ နှုတ်ခမ်းများပြာကာ မေးရိုက်အောင် တဂတ်ဂတ်တုန်ခိုက်နေသည့်ကြားမှာပင် သူနှင့်မို့ သူမက အိမ်မပြန်ချင်။ အားနာ၍ဆိုကာ သူမထီးအောက်ကို သူက ခိုဝင်မလာသောအခါ သူမက ထီးကို ကိုင်ကာမတ္တမျှ၊ လူကမူ ထီးပြင်ထွက်ကာ သူနှင့်အတူ မိုးစက်များအောက် ခေါင်းမော့လျှောက်လေသည် တဲ့။

သူမတို့ စကားပြောဖြစ်ကြစဉ် သည်အကြောင်းကို သူမကပြောပြတော့ သူ ခပ်ဖွဖွလေးရယ်မောသည်။ စိတ်ကူးယဉ်လိုက်တာဟု ဆိုသည်။  ဘာဖြစ်လဲ၊ တွေ့ကြတဲ့အခါ အဲသလိုမိုးတွေ သည်းနေပါစေ ဆုတောင်းတယ်ဟု သူမက ထပ်ဆင့်ဆိုလေသော် သူသည် ပြောစကားနားမထောင်သော ကလေးတစ်ယောက်အား အလိုလိုက်ထားရသလို သူမမျက်နှာကိုငေး၍သာ ကြည့်လေ၏။ ထိုအကြည့်မှာ သူမ အရည်ပျော်ကျမြဲ။ ထိုအကြည့်မှာ သူမ ရူးသွပ်မြဲဖြစ်သည်။ သူ သူမမျက်နှာကို အဲသလိုငေးကြည့်တိုင်း သူမနှလုံးသားတွေကိုများ ထွင်းဖောက်ကာ မြင်သွားတော့မှာလား တွေးရှက်မိရသည်။ 

သူငယ်ချင်းကလေးဟု သူမကခေါ်လျှင် သူက စိတ်ကောက်ဟန်ပြသည်။ ဒါဆို ဘာလဲ၊ ကျွန်မတို့တွေက ဘာလဲ ပြောပါဦးဟု သူမနှုတ်ဖျားမှ ဖွင့်မေးလျှက် စကားလုံးများနှင့် မချုပ်လို။ ရှိစေ…။

သတိတွေသိပ်ရတဲ့အခါ စကားတွေပြောကြတာပေါ့ဟုဆို၍ ဗီဒီယိုကောလ်ရသော အကောင့်တခုကို သူမ ဖွင့်ခဲ့ဖူးသည်။ ­­ပထမဦးဆုံး သူ စတင်ခေါ်ခဲ့တဲ့နေ့ကို သူမ ကောင်းကောင်းမှတ်မိပါသည်။ ထိုနေ့က သူမ ရေမချိုးရသေး။ အဆီပြန်နေသော မျက်နှာ၊ အိမ်နေပါတိတ်အနွမ်းလေးနှင့် ဆံပင်ဖားဖားချကာ ကွန်ပြူတာရှေ့ထိုင်၊ ကဗျာတပုဒ်ထဲ ဈာန်ဝင်ဖတ်နေခိုက်ဖြစ်ပါသည်။ မည်သူမျှခေါ်ယူခဲ့ဖူးခြင်းမရှိ၍ တခြားဖုန်းသံများနှင့်ကွဲသော ထိုဖုန်းမြည်သံကိုကြားစဉ် ပထမတော့ အံ့သြကာ ဖုန်းမျက်နှာပြင်ကို ငေးကြောင်ကြည့်နေမိသေးသည်။ ဖုန်းစကရင်ပေါ်မှာ သူ့နာမည်မြင်လေမှ ကသုတ်ကရက် ဖုန်းပြန်ထူးရလေသည်။

ဖုန်းစကရင်ပေါ်မှာ သူ့ကိုမြင်ရစဉ် သူမစိတ်တို့ ခုန်လှုပ်နေခဲ့သည်မှာ စကားလုံးများနှင့်ပြရလျှင် မည်သို့မျှ ရေးချနိုင်ဖွယ် မရှိ။ သူ့ဓါတ်ပုံ၊ သူမဓါတ်ပုံ ပေးပို့လဲလှယ်ခဲ့စဉ်ကနှင့် မတူ။ သူက သူမရှေ့မှာ၊ သူ့အပြုံးတို့က ချိုမြကာ၊ သူက သူမဖုန်းစကရင်ပေါ်မှာ လွန့်လွန့်လှုပ်ရှားနေခဲ့သော အသက်ဓါတ်တခုဖြစ်ခဲ့သည်။ သူသည် စကားပြောတတ်သော ပုံရိပ်ယောင်၊ သူသည် လူကြီးဆန်ပုံ ဖမ်းလျက်က စိတ်လိုလက်ရဆိုးတတ်သော ညစ်ကျယ်ကျယ်ကလေးလည်းဖြစ်သည်။ သတိရတယ်၊ သူငယ်ချင်းတယောက်လို သတိရတာမျိုး မဟုတ်ဘူးဟု သူဆိုလာလျှင် သူမက သူ့ကို တဖန် ငေးကနဲကြည့်မိပြန်သည်။ သို့တိုင်အောင် ဒါဆို ဘယ်လိုသတိရတာလဲ ပြောဟု သူမ မမေးဖြစ်ခဲ့။ စကားတွေ မပြောဖြစ်ကြဘဲ နှစ်ယောက်သားကိုယ်စီ အတူတူရှိနေသည်ဟူသော အသိနှင့်သာ၊ တယောက်မျက်နှာ တယောက်ငေးကာ နေခဲ့ကြဖူးသော အချိန်များ….များစွာ။

မိုးသည် ဘယ်အညှိုးနှင့် စွေလေသည် မသိ။ သည်း၍ သည်း၍သာ လာသည်။ သူမမျက်ဝန်းများရှေ့မှာ မိုးရေစက်တွေလား၊ ပြတင်းနှင့်ဘောင်ခတ်ထားသော ပန်းချီကားတချပ်လား၊ ယိမ်းထိုးသစ်ပင်ကြီးငယ်များလား။ တကယ်တော့ ဘာဆိုဘာမှ မသဲကွဲပြန်ချေ။ ပြတင်းပေါက်ကလေးမှတဆင့် ကျော်ကြည့်နေသော ပြင်ပမြင်ကွင်းများကိုလည်း မမြင်၊ ပြတင်းပေါက်ကလေး ဘေးကြမ်းပြင်မှာ မိုးရေများနှင့် စိုရွှဲနေသည်၌လည်း အာရုံမရောက်၊ သူမမျက်ဝန်းနှင့်ထိုမြင်ကွင်းအကြား ကြားခံလေထုကိုမှ ရှိနေသည်ဟုသာသိလျက် ပြတင်းပေါက်ဘောင်ကလေးထဲ သူမစိတ်တို့ လွင့်ထွက်သွားပြန်သည်။

သိကျွမ်းခဲ့ကြတဲ့ တနှစ်ပြည့်အမှတ်တရကျရင် တွေ့ကြမယ်လေဟုဆိုတော့ သူက ပြုံးလျက် ခေါင်းညိတ်သည်။ ဒီမှာကြည့် လေယာဉ်လက်မှတ်ဟုဆိုကာ သူ့ခရီးစဉ်ကွန်ဖမ်းဖြစ်သည်ကို စာတိုလေးတစောင်နှင့်အတူ ပို့လာခဲ့စဉ် သူမက ခရီးသွားဝန်ဆောင်မှုကုပ္ပဏီတခုသို့ဖုန်းဆက်ကာ ရီဇာ့ဗ်လုပ်ထားပြီးဖြစ်သောလေယာဉ်လက်မှတ်ကို ချက်ချင်းပင် ငွေချေကာဖြတ်လိုက်ခဲ့လေသည်။ ထိုလေယာဉ်လက်မှတ်၏ ထွက်ခွာရက်စွဲကလေးကို သူမပြက္ခဒိန်မှာ မင်နီဝိုင်းလျက် ကောင့်ဒေါင်း လုပ်၊ ပျော်ခဲ့သည်ကို သူမ မမေ့။

သည်ကြားထဲ ဖုန်းမခေါ်ကြကြေးဟု သတိရစိတ်တွေကို စုထားဖို့ သဘောတူခဲ့ကြသည်။ အဲသည်ရက်တွေမှာ သူ့ကို သူမ သေလောက်အောင်လွမ်းဆွတ်လို့နေခဲ့သည်။ လက်မှတ်လေးကို ခဏခဏထုတ်ကြည့်လိုက်၊ ပြက္ခဒိန်ပေါ်က မင်နီဝိုင်းလေးကို လက်ဖျားနှင့် ထိကြည့်လိုက်နှင့် သတိတရစိတ်များက သူမကို စေးစေးပိုင်ပိုင်လောင်မြိုက်လျက်ရှိလေ၏။

ထိုကဲ့သို့သတိရချိန်တိုင်းမှာ သူမက သူမဘယ်ဘက်လက်ထိပ်ကလေးများကို ညာဘက်လက်ချောင်းများနှင့် တချောင်းချင်းစီ ထိလို့ ထိလို့ နေခဲ့သည်။ ဘယ်ဘက်လက်ညှိုးထိပ်ကလေး၊ လက်ခလယ်ထိပ်ကလေး၊ လက်သူကြွယ်ထိပ်ကလေး၊ လက်သန်းထိပ်ကလေး…တချောင်းချင်းစီ ထိတွေ့ကြည့်လျက်က လက်ထိပ်ကလေးများ၏ မာကြောကြမ်းရှသောအတွေ့မှာ သူ့ကို လွမ်းရသည်။ ထိုလက်ထိပ်ကလေးများနှင့် ဂစ်တာကြိုးတို့ကို ဖိကိုင်လိုက်လေတိုင်း စူးနင့်သွားတတ်သောရင်ဖြင့် သူ့ကို တမ်းတရသည်။ ရိမ်မိုးသီချင်းသံကိုကြားလေတိုင်း ဝေသီလာတတ်သောမျက်ဝန်းများနှင့် သူ့ကို ပြင်းပြင်းရှရှ သတိရ ရပါသည်။

ခရီးသွားဖို့ အထုပ်ပြင်ပြီးသောအခါ လိုအပ်မည်ထင်သည်များကို စာရင်းတို့လျက် ထပ်မံထည့်လိုက်၊ မလိုဘူးထင်သည်များကို ပြန်ထုတ်လိုက်နှင့် ကြည်ကြည်နူးနူးအလုပ်ရှုပ်နေရသည်ကိုပင် သူမ ကြည်မွေ့လျက်ရှိခဲ့သည်။ သူ ပေးပို့ဖူးသော ကဗျာများအား အေဖိုးစာရွက်နှင့်ထုတ်ကာ အတူတူဖတ်ကြဖို့ သူမ ဘေးလွယ်အိတ်ကလေးထဲ မှတ်မှတ်ရရထည့်ရသည်။ သူ့ဓါတ်ပုံကလေးကို ကာလာလိုင်စင်ပုံအဖြစ် သူမပိုက်ဆံအိတ်အသေးလေးထဲမှာ သူမပုံနှင့်ယှဉ်လျှက်ထည့်ဖို့ကိုတော့ ရှက်ရွံ့စွာ စဉ်းစားတုန့်နှေး နေမိတုန်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမစိတ်ကို ဖတ်တတ်လျှင်တော့ သူ သိမည်ပါ။

လေဆိပ်ကို ခြေချမိသည်နှင့် သူမ ပထမဦးစွာ ဆုံချင်သည်က သူ့မျက်ဝန်းများနှင့်ဖြစ်သည်။ ကြိုတင်ဝယ်ယူထားသော ဖုန်းကဒ်ကို ဖုန်းထဲသို့လဲလှယ်ထည့်စဉ်မှာပင် သူမလက်တို့ တုန်ယင်လျက်ရှိသည်။ ပြီးတော့ ဖုန်းထဲမှာရှိနှင့်သော သူ့နံပါတ်ကိုအနှိပ်မှာ သွေးတို့ နွေးလျက်ရှိပြီ။ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာနှင့်…အစချီသောဖြေသံကို မုန်းတီးသွားလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ ပစ္စည်းများရွေး၍ လှည်းပေါ်တင်တွန်းကာထွက်လာခိုက် သူမမျက်ဝန်းများက အပြင်မှာ ကြိုစောင့်နေကြသူတွေဆီ ဖြတ်ပြေးလျက် မြင်လိုသောမျက်ဝန်းတစုံကို အလူးအလဲဖွေရှာမိပြန်သည်။

သုံးခါတိတိခေါ်ဆိုပြီးသော်မှ တဘက်က မထူးသည့်အခါ အလိုလိုမျက်ရည်လည်ချင်သည်။ သူ မေ့များနေပြီလား။ သေချာပြောထားလျက်နဲ့၊ လေယာဉ်လက်မှတ်က အချိန်ကို သူသိအောင် ပေးပို့ထားပြီးဖြစ်ပါလျက်နဲ့….။  ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တို့က ပါးပြင်ပေါ်လိမ့်ဆင်းလို့လာသည်။ တွေ့ရာတက်ကစီတစီးပေါ်တက်ကာ အိမ်လိပ်စာပြောပြီး ကားပေါ်ရောက်သည့်တိုင် စိတ်တို့က မကြေလည်ချင်သေး။ သို့တိုင်အောင် အိမ်သားတွေကို လာမကြိုဖို့ပြောထားသည်ကိုမူ နောင်တမရချင်ပါ။ လမ်းတလျှောက် ဘေးဘီဝဲယာကိုမျှ မကြည့်လိုတော့အောင် သူမ ဝမ်းနည်းလျက်ရှိသည်။ သူ့ကို ပထမဦးဆုံးတွေ့ဖို့ရာ ဘယ်လောက်ထိမျှော်လင့်ထားသည်ကို သူမသာ အသိဆုံးဖြစ်သည်လေ။

သည်အခိုက်မှာ ဖုန်းမြည်လာလေသည်။ ဘယ်ရောက်နေပြီလဲဆိုသည့် သူ့အမေး၌ မျက်ရည်တို့ အံ့သြစဖွယ် သွေ့ခြောက်သည်။ တက်ကစီပေါ်က ဆင်းလိုက်၊ ရောက်တဲ့နေရာပြော၊ လာခေါ်မယ်ဆိုသည်ကို နေပါစေတော့၊ အိမ်ရောက်တော့မှာဟု ပြန်ဖြေမိသည်။ ဒါဆိုလည်း နောက်နေ့တွေ့ကြမယ်လေနော် ဆိုသောစကားအကြားမှာ ရင်က ဟာကနဲ ဗလာကျင်းသည်။
တကယ်ဆို သူ သိဖို့ကောင်းသည်။ နောက်တနေ့ဆိုတာက နောက်တနေ့သာရယ်၊ သူ့ကို တွေ့ချင်ခဲ့သည်က သည်နေ့၊ သည်အချိန်၊ အခုရောက်ရောက်ချင်း…။ 

သည်လိုအမှတ်တရမျိုး ဘယ်တော့မှ ပြန်မရနိုင်သည်ပဲ။ လေဆိပ်ရောက်သည်နှင့် သူ သူမကို အပြုံးမြမြနှင့်စောင့်ကြိုနေလိမ့်မည်ဟူသော မျှော်လင့်စိတ်တို့ တိတ်တိတ်ကြေကွဲရသည်။ သူ သိမည်မဟုတ်။ ရှိစေတော့ကွယ်…။ နှောင်ကြိုးတခုချည်နှောင်ရာမှာ တင်းတင်းချည်မိသူသာ နာကျင်ရစမြဲ။

အဲသည့်အိပ်မက်၊ အဲသည့်အိပ်မက်ပေါ့၊ ဖုန်းမခေါ်ကြေးဆိုသည့် စည်းကမ်းကိုဖောက်ဖျက်ပြီး အိပ်မက်ကို ပြောပြချင်လွန်းလို့ဟု အကြောင်းပြကာ သူ့ဆီ ဖုန်းဆက်ဖြစ်ခဲ့ပြန်သည်။ သူက ကလေးတယောက်လို ရယ်မြူးကာနှင့် အေးကွာ အိပ်မက်ထဲမှာတောင် လွဲရတယ်လို့ကွာ၊ နောက်မဖြစ်စေနဲ့ ကြားလားဟုဆိုတော့ သူမတို့ ပေါ့ပါးစွာ အတူရယ်မောဖြစ်ခဲ့ကြသည်။

မိုးသည် သည်နေ့တော့ တနေ့ခင်းလုံးရွာမည် ထင်သည်။ ကောင်းကင်ကို သဲကွဲစွာမမြင်ရသော်မှ မှောင်လျက်ရှိသောအခန်းငယ်လေးကိုထောက်ကာ မည်မျှမည်းညို့၍နေမည်ကို မှန်းဆရသည်။ ပက်လက်အနေအထားမှ ကိုယ်ကိုစောင်းကာ ပြတင်းပေါက်ဘက် မျက်နှာတည့်တည့်မူလိုက်ရင်း စောင်ကို ရင်ဘတ်ပေါ်ထိ တင်းတင်းဆွဲခြုံလိုက်မိ သည်။ အေးလှပြီ၊ ပြတင်းပေါက်မှတဆင့် မိုးနှင့်အတူ လေအေးတို့ပါ ရောနှောဝင်လာသော အခန်းကလေးက တုန်ခိုက်လို့နေသည်ပဲ။ မျက်ဝန်းများကို မှိတ်ချလိုက်တော့ မိုးရေစက်ကလေးများပင် သူမပါးပေါ် တဖွဲဖွဲလာရောက်လွင့်စင်သလို စိတ်ကထင်ပြန်သည်။

အတူတူဆုံရင် သူမ သွားချင်သောနေရာလေးတခုရှိသည်။ မြစ်ကမ်းနံဘေးကလေး တခုပါ။ သူရော သူမပါ မြစ်ကမ်းတွေကို နှစ်သက်ကြတာချင်း တူသည်။ ထိုမြစ်ကမ်းကလေးသည် သူ ပို့ပေးခဲ့ဖူးသော ဓါတ်ပုံများထဲက နေရာကလေးပါပေ။ တခါမျှပင် မရောက်ဖူးသော်လည်း သည်မြစ်ကမ်းကလေးဆီ သူမစိတ်နှင့် အကြိမ်ကြိမ်ရောက်ပေါက်ခဲ့ဖူးပြီးသား။ အကြိမ်ကြိမ်ရောက်ခဲ့တိုင်းလည်း အဖန်အဖန်မရိုးနိုင်။ ခုလည်း သူမစိတ်တို့က မိုးသည်းသည်းတွေကြားမှာပင် အလွတ်မှတ်မိနေသော ထိုနေရာကလေးဆီ စိတ်ဦးလှည့်မိရပြန်သည်။

ထိုမြစ်ကမ်းနံဘေးက သစ်ပင်အောက်မှာ သူမ ရပ်သည်။ သူမ မတ်မတ်ရပ်နိုင်နေပြီပဲ။ သစ်ပင်၏ပင်စည်ကို မှီရန်ပင် မလိုအပ်။ သူမ မားမားရပ်လျက်ရှိနေပြီ။ မျက်စေ့ရှေ့က စီးဆင်းလျက် မှန်မှန်သွားနေသော မြစ်ရေပြင်မှာ သူမ လိုက်ပါစီးဆင်းသည်။ လွတ်လပ်ပေါ့ပါးစွာပင်။ မြစ်သည် သူ့မြစ်ကြောင်းအတိုင်းသာ စီးမြဲ၊ သူ့စီးဆင်းရာလမ်းမှာ ဘေးဘီကမ်းတလျှောက်ကိုဖြင့် ထိပါးလှုပ်ခတ်သွားသေးသည်။ ထိပါးသွားသော ကမ်းတို့မှာ ကျန်ရစ်ရမြဲ၊ 

သူသည် မြစ်တစင်းများလား၊ မြစ်သည် ဆက်လက်စီးဆင်းမြဲ။ သူမသည်လည်း ရပ်မြဲပေ။

မြစ်သည် သူမရှေ့၌ ညိုညစ်သောအရောင် ဆင်သည်။ တနေရာရာမှာများ အရောင်ပြောင်းနေမည်လား၊ ဘေးဘီကမ်းစပ်တို့အား ကြမ်းတမ်းတိုက်စားခဲ့ဦးမည်လား။ သူမ မသိတတ်နိုင်။  မြစ်ကိုဖြတ်၍တိုက်သောလေ၌ သူမ နားခိုနေသော သစ်ပင်ကြီး၏အရွက်အခက်တို့ မြူးထူးကခုန်ကြလေ၏။ လေကြောင်းပြောင်းသည်ရှိသော် သစ်ပင်ကြီးမှာ ငြိမ်သက်ရဦးတော့မည်။ သူ လွမ်းများနေမလား…။

မိုးကလေးတစက် နှစ်စက်ကျစပြုပြီ။ သည်မြစ်ကမ်းဘေးမှ သူမ ခွာရတော့မည်။ သူမ ရပ်နေချင်သည်။ သူမ မားမားရပ်နိုင်တုန်းလေး မြစ်အား ချစ်ခင်စွာငေးမောနေချင်သည်။ အေးမြသောသစ်ရိပ်မှာ သူမစိတ်နှလုံးတို့ တိတ်ဆိတ်ငြိမ်သက်နေချင်ပါသေးသည်။ သူ မရှိလည်း သူမဘေးမှာရှိနေသယောင်ဖြည့်စွက်ထား၍ သူမ နေပျော်ကြောင်းကိုလည်း သူ သိစေချင်ပါသည်။

အချိန်တန်ပြီ၊ ပြန်ရမည်ကို သူမ သိသည်။ ခြေလှမ်းတခု စရန် သူမရွေ့လျားလိုက်သည်။ သူမ ခြေထောက်တွေ ရွှေ့မရ။ အသက်ကိုဝအောင် ရှူသွင်းကာ နောက်တကြိမ်ကြိုးစား၍ ရွှေ့ပြန်သည်။ မရွေ့…၊ သူမခြေဖျားများက နည်းနည်းကလေးမှပင် မရွေ့ပါ။ အားကိုးလိုစိတ်နှင့် သူမရှေ့က စီးဆင်းနေသောမြစ်ကို အကူအညီရလိုရငြား ခေါ်မိသည်။ မြစ်က လှည့်၍မျှပင် မကြည့်ချေ။ မြစ်သည် မြစ်ပီပီ ရှေ့သို့သာဆက်လက်စီးဆင်းတတ်ကြောင်း သူမ ဝမ်းနည်းစိတ်နှင့် သိမှတ်ရသည်။ သူမကတော့ ထိပါးတိုက်စားခဲ့ဖူးသော ကမ်းစပ်တခုသာ။ မြစ်နံဘေးမှာ ငေးလျက် ကျန်ရစ်ရမည့် သစ်တပင်သာရယ်။ ကံကောင်းစွာပင် သူမ သစ်တပင်လို မတ်မတ်ထူနိုင်သေးသည်ပေ။

ရပ်နေရင်းမှာ သူမခြေအစုံသည် အညိုရင့်ရောင်သို့ ပြောင်းသည်။ သူမတကိုယ်လုံးသည် ကြမ်းတမ်းခက်ထရော်ကာ မာခဲလျက် အပွေးတက်လာသယောင်ရှိသည်။ သူမလက်တို့သည် အကိုင်းအခက်များအသွင်၊ သူမကိုယ်လုံးသည် ပင်စည်တခုသဖွယ်၊ သူမဦးခေါင်းဆံစများသည် ထောင်ထွက်လျက် မိုးမျှော်သောအရွက်အုပ်ဆိုင်းများအဖြစ် ကူးပြောင်းလျက်ရှိသည်။

အံ့သြမင်သက်စွာ၊ သူမ လှုပ်မရ။ သူမခြေအစုံက မြေကြီးထက်မှာ စတင်အမြစ်တွယ်ပြီ၊ သူမခြေသည်းတို့က ရှည်လျားဆန့်ထွက်ကာ မြေသားထဲသို့ ထိုးဖောက်ကုတ်ဝင်လျှက်ရှိပြီ။ သူမကိုယ်မှာ အကိုင်းအခက်များ၊ ရွက်နုများ ဝေဆာလျက်ရှိပြီ။ သူမခြေအစုံသည် မြေ၌ ခိုင်မာပေါက်ရောက်လျက်ရှိခဲ့ပြီ။ မြစ်ဘက်သို့ မျက်နှာမူလျက် သူမ ရပ်နေခဲ့ပြီ။ ခိုင်မာအမြစ်တွယ်စွာ…။

ဘာဖြစ်တာပါလိမ့်ဟု မတွေးတတ်၊ ဖြစ်နိုင်ခဲလှသော ဖြစ်ရပ်တခုမှာ သူမ ခြောက်ခြားလျက်ရှိသည်။
သူမ သစ်ပင်တပင် ဖြစ်ခဲ့ပြီလား။ သူမဟာ မြစ်နံဘေးမှာ မြစ်ကိုမျှော်ငေးရင်း ရပ်နေရတော့မည်လား၊ သည်မြစ်နံဘေးမှာ သူမ နေချင်ခဲ့သည်၊ သူ့လားရာမြစ်ကြောင်းအတိုင်း စီးဆင်းသွားသည့်မြစ်ကို သူမ မျှော်ရုံ ငေးနေချင်ခဲ့သည်ပေ။ သူမ အမြဲမျှော်လင့်လိုလားခဲ့သည့်အဖြစ်ဆိုသော်ငြား လက်ရှိမှာ သူမ ငိုချမိတော့မည်။ သေချာပြီ။ သူမသည် ရပ်၍၊ ရပ်၍၊ မားမားရပ်၍သာ စီးဆင်းသွားသောမြစ်၏ နောက်ကျောကို ငေးမောကျန်ရစ်ခဲ့ရတော့မည်။

“ကလေး ကြည့်စမ်း၊ တကိုယ်လုံးလည်း အေးစက်လို့၊ ဖျားတော့မှာပဲ။ ဒေါ်ထွေးကို ခေါ်လိုက်တာ မဟုတ်ဘူး။ အို…မျက်နှာမှာလည်း ရေတွေနဲ့စိုရွှဲလို့ပါလား”

သူမ ခြေထောက်တွေက မြေပေါ်မှာပေါက်ရောက်နေဆဲလို လှုပ်မရနိုင်သေး။ ဒေါ်ထွေးစကားကို ကြားသော်လည်း ခေါင်းပင်ငဲ့မပြနိုင်အောင် သူမတကိုယ်လုံး တောင့်တင်းလျက်ရှိသည်။ သူမတကယ်ပဲ သစ်တပင်ဖြစ်သွားခဲ့ပြီလား။ ဒေါ်ထွေးက ပြောလည်း ပြော၊ လက်မှမျက်နှာသုတ်ပုဝါနှင့် သူမမျက်နှာကို ဖွဖွတို့သုတ်ကာ အပြစ်တင်သယောင်ဆိုသည်။ ပြီးတော့ ပြတင်းပေါက်ဘေးကြမ်းပြင်ပေါ်က ရေများအား ကြမ်းတိုက်ဝတ်နှင့် သုတ်နေလေသည်။

“သမီး ပြတင်းပေါက်နား ခဏလောက်ထိုင်ချင်လို့”

သူမစကားအကြားမှာ ဒေါ်ထွေးက အပြင်ဘက်ကိုကဲကြည့်ကာ စဲသွားသောမိုးကိုတွေ့မှ အေး အေး ခဏတော့ထိုင်ဟု ချစ်သနားစွာ ဆိုသည်။

သူမကွန်ပြူတာစားပွဲရှေ့ကထိုင်ခုံကို ပြတင်းပေါက်နားရွှေ့ကာ သူမကို အိပ်ယာမှ ထူထစေသည်။ ဖုန်းကိုလှမ်းယူကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် သူမ ကြည့်မိပြန်သည်။ သူမဖုန်းထဲက သူ့မစ်စ်ကောလ်တွေကို စကရင်ရှော့လေးရိုက်ကာ တခုတ်တရသိမ်းဆည်းထားသည်ကို သူ သိမည်မဟုတ်။  သူ သိလျှင်ရော ဘာများထူးခြားနိုင်ဦးမှာမို့လဲကွယ်။ နွမ်းလျဝမ်းနည်းစွာ သူမ ထိခိုက်ရပါသည်။ သူနှင့် တွေ့ကြဖို့ မလိုတော့ပြီဘဲ။ သူမဘာသာဆုံးဖြတ်ကာ ထိုဆုံးဖြတ်ချက်၌ သူမတကိုယ်တည်း သေဆုံးသည်။ တကယ်ပဲ…တကယ်ပါပဲ၊ သူမဟာ သစ်တပင်သာ ဖြစ်လိုက် ချင်တော့သည်။ လူတစ်ယောက်ဖြစ်၍သာ သည်မျှနာကျင်ကြေကွဲရသည်။ သစ်တပင်သာဆိုလျင်ဖြင့် ခံစားချက်မဲ့နိုင်ကောင်းသည် မဟုတ်လား။

ပြတင်းပေါက်ဘေး ထိုင်ခုံလေးမှာထိုင်ကာ အေးမြသောလေ၏အတွေ့ကို သူမမျက်နှာပေါ် နှစ်လိုစွာ ခံယူသည်။ သူမလက်ထဲမှာတော့ ခေါ်သူမဲ့နေတာကြာလှပြီဖြစ်သော ဖုန်းကလေးကို ဖွဖွဆုတ်ကိုင်ထားမြဲ။

လေပြေကလေးတချက် သူမအခန်းထဲအဝေ့မှာ စားပွဲပေါ်ရှိ နေ့စဉ်ထုတ်သတင်းစာက စာမျက်နှာလေးတစ်ခု၊ အသေအချာဖြတ်တောက်ထားသော စာမျက်နှာလေးတခုက ကြမ်းပြင်ပေါ် လွင့်ကနဲကျသည်။ “ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေသော အမျိုးသမီးကလေးတဦးကို ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားသောယာဉ်မောင်းအား တာဝန်ရှိသူတို့မှ လိုက်လံရှာဖွေနေ”ဆိုသည့် သတင်း။ သူမနေထိုင်ရာ ကျွန်းငယ်ကလေး၏ နေ့စဉ်ထုတ်သတင်းစာမို့ သူ ဖတ်မိမည် မဟုတ်တာ သေချာပါသည်။

ခုတော့ တကယ်ကိုပဲ သူမတို့ လွဲခဲ့ကြပြီ။ ချိန်းဆိုထားသော လေဆိပ်မှာ သူ စောင့်နေခဲ့မည်လား၊ သို့မဟုတ် သူမ အိပ်မက်ထဲကလိုပဲ သူ နောက်ကျ၍လွဲကြရမည်လား။ ဘယ်လိုပဲဖြစ်စေ၊ ခုတော့ လွဲခဲ့ကြရပြီဖြစ်သည်။

အခန်းထောင့်မှာ ထောင်ထားသော ညာဘက်ခြေတုကလေးဆီ အကြည့်တို့ရောက်စဉ် သူမနှလုံးသားတို့ နင့်ကနဲ စူးအောင့်လေသည်။ ဆောက်တည်ရာ မရနိုင်စွာ…။ ပြတင်းဘောင်ပေါ် မျက်နှာအပ်မှောက်ချလျက် သူမ ငိုကြွေးမိပြန်သည်။

သူမ အရောက်သွားချင်ခဲ့ပါသည်။ သူ့အနားကို…  မြစ်တစင်းနှင့်တူသော သူ့အနားကို... 

ကျန်ရစ်ခဲ့မည်မှန်းသိလျက်နှင့် ငေးမောလွမ်းဆွတ်ခွင့်အတွက် သူမ အရောက်သွားချင်ခဲ့သည်လေ…။ သူမစိတ်နှလုံးထဲတွင်မတော့ သူမသည် သစ်တပင်အဖြစ်နှင့်  သူ့အပါး မတ်မတ်ရပ်ဆဲ၊ မျှော်ကြည့်ဆဲ၊ သူ့နောက်ကျောအား ငေးမောလွမ်းဆွတ်ဆဲမှာ….၊

အပြင်ဘက်မှာတော့ တကျော့ပြန်မိုးက သွန်း၍ သည်း၍ စွေရွာတော့မည့်ဟန်ပေ…။