Friday, August 29, 2014

ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာ



ရသစာပေနှင့် ကျွန်မ

ကျွန်မက စာဖတ်နာသူမဟုတ်ခဲ့သလို ကိုယ့်ကိုယ်ကို စာရေးစာဖတ်ဝါသနာပါလို့ ပါမှန်းလည်း မသိခဲ့သူပါ။ ကံကောင်းလို့ သီလရှင်မဖြစ်တာလို့တောင် ပြောရပါမယ်။ ကျွန်မဖတ်ခဲ့ရတဲ့စာအုပ်တွေက အဖေဖတ်နေကျ “သဘောပါရဲ့လား”ဆိုတဲ့ တရားစာအုပ်တွေချည်းပဲ။ အဲဒီကနေ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးတွေ့တော့ အဖေ့မေး၊ အဖေက ရှင်းပြ၊ နားမလည်၊ ငယ်သေးတာကိုးလို့ ကိုယ့်ကိုယ်ကို ဖော့တွေး။ နောက်တော့ တဖြည်းဖြည်း မိုးကုတ်ဆရာတော်ဘုရားကြီးတရားတွေနာရင်းနဲ့ မျက်ရည်ပေါက်ပေါက်ကျအောင် "မှန်လိုက်တာ မှန်လိုက်တာ ငါ့ကြည့်ပြောနေသလိုပဲ"ဆိုတဲ့စိတ်တွေနဲ့ အရမ်းကြည်ညိုလာရာက နားလည်အောင်လေ့လာရင်း သိသွားတော့တာ။ အဲသလို တရားအရသာသိလာတဲ့အခါကျတော့လည်း တရားစာအုပ်တွေချည်း ဖတ်ချင်တော့တာပဲ။ အနာဂါမ်ဆရာ သက်ကြီးတို့၊ ရဟန္နာနှင့် ပုဂ္ဂိုလ်ထူးများတို့ အဲသလိုစာအုပ်တွေ စိတ်ဝင်တစားဖတ်တတ်လာတော့တယ်။

ကဲ ချော်ကုန်ပြီ။ လမ်းပေါ်ပြန်တက်ကြစို့ရဲ့။

ပြောချင်တာက ကျွန်မဟာ ကြောင်ပုဇွန်စားသလိုလည်း ရသစာပေကို ကြွပ်ကြွပ်ဝါးခဲ့ရသူ မဟုတ်ကြောင်း ပြောချင်တာပါ။ တစ်ခုသိပ်ကောင်းသွားတာက လောကကြီးမှာ အကြောင်းနဲ့အကျိုးပဲ၊ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာကို ရေရေလည်လည်လက်ခံသဘောပေါက်သွားတဲ့အခါ အတော်ကို နေသာထိုင်သာရှိသွားတော့တယ်။

ဘာကြောင့် စာရေးရသလဲ

ရေးချင်လို့ ရေးပါတယ်။

ဘလော့ဂ်ဂါဘဝရောက်ရခြင်းအကြောင်း

ဒီလိုပါပဲ။ သူများတွေ ၂၀၀၆ လောက်က ထင်ပါရဲ့၊ ဘလော့ဂ်ခေတ်ဦးကြီး ခြိမ့်ခြိမ့်သဲနေချိန်မှာ နတ်ပြည်တက်နေခဲ့သူဖြစ်ပြီး အဘတို့တော့ မောပြီဆိုတဲ့အချိန်ကျကာမှ ငါဟဲ့ ဘလော့ဂ်ဂါဆိုပြီး ကျွန်မက လက်ခမောင်းထခတ်သူဖြစ်တော့တာကိုး။ အဲဒီအကြောင်းများ ပြောရရင် သက်ဝေကို မေ့ထားလို့ မရဘူး။ သူက ညစာကျွေးပြီးတော့ကို ဘလော့ဂ်ဖွင့်ပေးခဲ့တာ။  ကြည့်မရတဲ့သူဆို ကင်မရာသာ ဝယ်ပေးလိုက်ဆိုတာလို နေမှာ။ ဘယ့်နှယ် ဓါတ်ပုံပိုးဝင်သွားလို့ကတော့ ဟိုဟာလေး ဝယ်ချင်၊ ဒီအပိုပစ္စည်းလေးဝယ်ချင်နဲ့ ဘဏ်ကပ်ဒ်ပြားပါးပါးသွားရတဲ့ အဖြစ်မျိုး။ 

ဘလော့ဂ်စရေးကာစမှာ တစ်ရေးနိုးတောင် ဘလော့ဂ်ထကြည့်တာ၊ ဘလော့ဂ်နဲ့ မျက်နှာသစ်၊  ဘလော့ဂ်နဲ့ ထမင်းစား၊ ဘလော့ဂ်နဲ့ ရေချိုး (အေ့လေ ဒါကတော့ နည်းနည်းလွန်သွားပြီ)။ ထားပါတော့၊ ဒီလိုနဲ့ ရူးလာလိုက်တာ တစ်ပတ်နေလို့ ပိုစ့် သုံး-လေးပုဒ်လောက် မတင်ရရင် စာလာဖတ်သူတွေအပေါ် တာဝန်ပဲ မကြေသလိုလို၊ အံမယ် ဖြစ်ပုံက အဲသလိုကိုးရှင့်။ ခံစားနေရတာ။ ကိုယ်တိုင်ပဲ စာဖတ်သူနဲ့ စာချုပ်ကြီး အကြီးကြီးချုပ်ထားသလိုလို ဘာလိုလို။

နောက်တော့လည်း (ခု ဆိုပါတော့) သွေးအေးသွားလိုက်တာ။ တစ်လနေလို့ တစ်ပုဒ် မတင်နိုင်လည်း အေးဆေးပေါ့ကွာ နောက်နေ့တင်တာပေါ့ကွာ ရပါသေးတယ်ကွာတွေ ဖြစ်လာတယ်။
ရေးတာတွေကဖြင့် အပျော်လိုလို၊  နောက်တာလိုလို၊ သရော်တာလိုလို…၊ အတည်အတန့်တစ်ခုမှ မပါ။ တကယ်တော့ ဘာမှ သိပ်ဟုတ်တိပတ်တိရေးခဲ့တယ် မရှိလှပါဘူး။ ဒါပေမယ့် ပျော်တယ်။  ကြေနပ်တယ်။  သူများဘလော့ဂ်ဂါတွေ အထူးသဖြင့် ခေတ်ဦးက ဘလော့ဂ်ဂါတွေ သူတို့ခေတ်က သူတို့အချိန်နဲ့ သူတို့အခါနဲ့ မျက်နှာဝှက်ရေးကြတာကိုး၊ ကျွန်မ ဘလော့ဂ်စရေးတဲ့ ခေတ်လယ်ကျမှပဲ ဘလော့ဂ်ဂါရယ်လို့ နဖူးစာကပ်ပြီး ပေတရာမလျှောက်ရုံရှိတာ။ တကယ်ပါပဲ။ ဘလော့ဂ်ဂါလေလို့ မိတ်ဆက်ပေးရင်ပဲ သဘောတွေကို ကျလို့…..။

ဘလော့ဂ်ဂါလား စာရေးသူလား စာရေးဆြာမလား ဘာလား  ညာလား

ဘာ မှ မ ဟုတ် ဘူး။

ကျွန်မ ကျောက်ခေတ်မှာ လူဖြစ်ခဲ့တုန်းက ကျောက်ချပ်တွေပေါ် အချွန်ဟုထင်ရသော ကလောင်တံတစ်ချောင်းနဲ့ ထွင်းရေးခဲ့တာ မှတ်မိသေးတယ်။ တကယ်၊ မယုံရင် ကျောက်ခေတ်မှာ မွေးတဲ့သူတွေ တွေ့ရင် မေးသာကြည့်။ ကျောက်ခေတ်မှာ မွေးရင် ကျောက်ပေါ်မှာ ရေးမယ်။ ကြေးခေတ် သံခေတ်မှာ မွေးရင် ကြေးပြားသံပြားတွေပေါ်မှာ ရေးမယ်။ ဂူနံရံတွေပေါ်တောင် ရေးခဲ့ကြသေးတာ မဟုတ်လား။ ထားလိုက်ပါတော့...။

ဒီတော့ ကျွန်မ အခု လူဖြစ်လာရတဲ့ ဘဝကြီးထဲမှာ အွန်လိုင်းဆိုတာကြီးနဲ့ ကြုံခိုက် အွန်လိုင်းပေါ် ရေးဖြစ်တယ်။ ပုံနှိပ်စာမျက်နှာပေါ် ရေးလို့ရတယ်ဆိုတော့ ရေးကြည့်တယ်၊ ရေးခွင့်ကတော့ လူတိုင်းမှာ ရှိတာပဲ။ ကိုယ်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဒါကိုမှ ကိုယ်ဟာ ဘလော့ဂ်ဂါ၊ ကိုယ်ဟာ စာရေးဆြာ၊ ကိုယ်ဟာ ရွုက်တာ ဘာညာခွဲခြားပြီး နာမည်လိုက်တပ်နေရင်တော့ နာမည်တပ်တဲ့အထဲပဲ နေကြရုံပဲ။ ကိုယ့်ကိုယ်ကို ဘောင်တွေခတ်ပစ်လိုက်တာနဲ့တူတယ်လို့ ကျွန်မက ထင်တယ်။

တရားသဘောနဲ့ ပြောကြေးဆို နာမည်ဆိုတာ ပညတ်မျှသာပဲ မဟုတ်ဘူးလား။ အဓိကက ကိုယ်ရေးနေတဲ့ စာပါပဲ။ ဘယ်မှာပဲရေးရေး၊ တတ်နိုင်လို့ မိုးပေါ်ပဲ ပျံရေးရေး၊ ကိုယ်ရေးနေတဲ့စာသည်သာ ကိုယ့်ကို ဒီဖိုင်းလုပ်သွားမှာ (ဘိုလိုလေးညှပ်ပြောပါရစီ) မြန်မာလို ဘယ်လိုဖွဲ့ရမယ် မသိလို့ပါ။ နေဦး ကြိုးစားပြောကြည့်မယ်။ "ကိုယ်ရေးနေတဲ့စာကသာ ကိုယ်ဘာဆိုတာ သတ်မှတ်ပေးလိမ့်မယ်" အဲသလိုပဲ ထားလိုက်ပါတော့။ ကျွန်မက မြန်မာစာရေးတဲ့နေရာသာ ညံ့တာ၊ ဘာသာပြန်လည်း အတော့်ကို မစွံတာ။ ထားလိုက်ပါတော့လေ….(Again)

ဒီတော့ ကျွန်မကို ဘာလဲမေးလာရင် ဘာမှမဟုတ်ဘူး။ ရေးလို့ရတဲ့နေရာမှာ ကြုံလို့ ရေးနေတာ။ ဒီလောက်ပဲ။

စာအုပ်ထုတ်ဝေခြင်း

စာပေစိစစ်ရေးမရှိဆိုတဲ့ ကျေးဇူးတော်ကြောင့် စာအုပ်ထုတ်ဝေခြင်းအမှုကိစ္စတွေ အဆင်ပြေပြေဖြစ်သွားပြီး ဟောတစ်အုပ် ဟောတစ်အုပ်ဖြစ်လာရတာ။ ကျေးဇူးတင်ဖို့ သိပ်ကောင်းတာပဲ။ တစ်ဘက်ကကြည့်ရင်လည်း စာအုပ်ကို ကိုယ်ပိုင်ငွေနဲ့ ကိုယ့်ဟာကိုယ်ထုတ်သူတွေဟာ သူတို့ကျေးဇူးနဲ့ အလှူ့ရှင်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လာရတယ်။ စာအုပ်ထွက်ပြီဆိုတာနဲ့ ရေစက်ခွက်လေးကိုင်ပြီး အမျှ အမျှ အမျှလို့သာ သဘောထားကြီးကြီးနဲ့ သုံးခေါက်တိတိပေးဝေတတ်ဖို့ပဲလိုတယ်။ ဒါနဲ့ ဒီမှာတင် ရပ်ပြီလားဆိုတော့ မရပ်သေးဘူး။ ပိုးက မသေသေးတော့ နောက် တစ်အုပ်စာလေးများ လောက်လောက်လားလားစုမိရင် ထုတ်ဦးမှာ ဆိုပဲ။

ဒီတော့ ရှင်းပါတယ်။ ဆရာခေါ်ခံချင်မှတော့ ဗိန္နောကုစားလည်း ရတာပဲ မဟုတ်လား။ ရေးထားတဲ့စာလေးတွေများ များလာပြီဆိုမှဖြင့် စာအုပ်ထုတ်ချင်တဲ့ပိုးဟာ တရွရွတက်လာတတ်တာမျိုး။  ခုက မပြည့်သေးလို့ ငြိမ်နေတာ။ ပြည့်ရင် ထုတ်ဦးမှာ။  ခုလောက်ဆို ရှင်းပြီပေါ့။ ဒီလိုပါပဲလေ၊ ဖြစ်တတ်ပါတယ်။ ပုထုဇဉ်ဆိုတဲ့ အရူးမျိုးမှာမှ စာပေရူးတာက ပိုဝဋ်ကြီးတယ်လို့ ဆိုရမယ်။ မတတ်နိုင်ဘူးလေ၊ ၃၁ဘုံထဲမှာ လူ့ဘုံဆိုတာက တကယ့်ကို ကံထူးလို့သာ ထရန်စစ်အနေနဲ့ ရောက်လာကြရတာ မဟုတ်လား။ သဘောပါရဲ့လား….အိမ်းးးး 

လူလုံးထွက်ပြခြင်း မပြခြင်း

ဒါကတော့ သိပ်ကိုရှင်းပါတယ်။ စာဖတ်သူသည် စာကိုသာ ဖတ်သည်၊ လူကို မဖတ်လို့သာ ပြောချင်ပါတယ်။ ခုလို မျက်နှာစာအုပ်ကြီးတွေ ကိုယ်စီဖွင့်လာကြတော့ သူသူကိုယ်ကိုယ် အများစု အထူးသဖြင့် အမျိုးသမီးစာရေးသူတွေ သူတို့ပုံလှလှလေးတွေ တင်လာတတ်ကြပါတယ်။  ကျွန်မလည်း တင်ပါတယ်။ လှတဲ့ပုံလေးတွေဆို တင်ပါတယ်။ မလှရင်လည်း လှအောင်ရိုက်ပြီး တင်ပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တစ်ချို့က ဒီအမျိုးသမီး ပရိသတ်ချူနေတယ် ပြောကြပြန်တယ်။ 

ခက်လိုက်ပုံက။ ပြောပြီးပါရောလား၊ ပပဝတီဖြစ်နေပါစေ၊ သူရေးတဲ့စာတွေက မဟုတ်ရင် ဘယ်သူကမှ စကားလုပ်ပြောကြမယ် မထင်ဘူး။ စာရေးများကောင်းလို့က ရုပ်ဆိုးလေးလည်း လှတယ်ကို ထင်နေတတ်တာမျိုး မဟုတ်လား။ ထားပါတော့လေ။ အပေါ်ယံ အရေပြားတစ်ထောက်ကိစ္စတွေ သိပ်မပြောချင်လှပါဘူး။ စာရေးနေတဲ့အမျိုးသမီးတွေ သိပ်ချောနေတာကတော့ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မအမြင်ကတော့ လူလုံးထွက်ပြပြီး စာဖတ်သူရှာတယ်ဆိုတာကို လက်မခံတာပါ။ သဘောထားကွဲလွဲချင် ကွဲလွဲလို့ ရပါကြောင်း....။

တစ်ခုခုလိုချင်ရင် တရားအလုပ် လုပ်ပါ။ စာမဖတ်ပါနဲ့

လူတွေ ပြောလေ့ရှိကြတယ်။ စာဖတ်ရင် တစ်ခုခု ရမှ တဲ့။ ကျွန်မ ပြောကြည့်ပါရစေ၊ တစ်ခုခုရမှ ဆိုတဲ့စိတ်ကြီးနဲ့တော့ စာမဖတ်ပါနဲ့။ တရားသာ မှတ်ပါ၊ တစ်ခုမက ရပါလိမ့်မယ်။ အမှတ်စိတ်တွေကြား ကိလေသာ ကြားမခိုဘဲ ကြိုးကြိုးစားစားမှတ်ရင် နိဗ္ဗာန်တောင် ရောက်ဦးမယ်။ တရားအလုပ် လုပ်ခြင်းအားဖြင့် မတရားမှုတွေကနေ ရှောင်ကျဉ်ပြီးသားလည်း ဖြစ်ဦးမယ်။ 

ကျွန်မ စာရေးတဲ့အခါ စာဖတ်သူတွေ တစ်ခုခုရသွားကြပါစေဆိုတဲ့ စေတနာနဲ့ စာမရေးဘူး။ ဥပမာ ပြောရရင် ဟင်းတစ်ခွက်ချက်တဲ့အခါ ဆားက သူ့အလိုလို ပါပြီးသားဖြစ်ရမှာလိုပဲ။ စာရေးပြီဆိုတဲ့အခါ စေတနာက သူ့အလိုလို ပြဌာန်းပြီးဖြစ်သွားတယ်။ ဖတ်သူအနေနဲ့လည်း အဲဒီလိုပဲ၊ တစ်ခုခုလိုချင်စိတ်နဲ့ ဖတ်တာထက် ဖတ်ပြီးမှ ရသွားတဲ့ စိတ်ခံစားမှုကလေးအပေါ်မှာသာ ရယူတတ်ပါစေ။

ဘာကြောင့် ကျွန်မ အဲသလိုပြောရသလဲဆိုရင် တစ်ခုခုလိုချင်လို့ ဖတ်ရင်၊ မျှော်လင့်ထားသလို မရတဲ့အခါ စိတ်မှာ ဒေါသကလေး ကပ်ငြိသွားတတ်တယ်။ တကယ့်အနုစားလေးမို့ ကိုယ်တိုင်သိချင်မှတောင် သိလိုက်မယ်။ သိပ်ကြိုက်တဲ့အခါမှာဆိုရင်လည်း လောဘစိတ်ကလေး အနုစားဖြစ်သွားတာပဲ။ "မလို ဒေါသ၊ လို လောဘ" လို့ ဆိုပါတယ်။

ပြီးတော့ စာတစ်ပုဒ်အပေါ်မှာ စာဖတ်သူတစ်ယောက်ချင်းစီ ရလိုက်တဲ့ အမြင်ချင်းရော တူနိုင်ပါ့မလား။ မြတ်စွာဘုရား တရားဟောတဲ့အခါ ဟောတာကတော့ လူနတ်ဗြဟ္မာ အကုန်လုံးကို အတူတူဟောတာပဲ။ ဒါပေမယ့် ဉာဏ်ရည်ရင့်သန်မှုအပေါ် မူတည်ပြီး တရားဆုံးတဲ့အခါ သောတာပန်တည်သူက တည်၊ အနာဂါမ်တည်သူက တည်၊ ဂိတ်ဆုံးထိ ရဟန္နာဖြစ်သူက ဖြစ်၊ ဘာမှ မဖြစ်ဘဲ ပုထုဇဉ်အရင်းအတိုင်း ရူးကျန်ခဲ့သူက ကျန်….။ အဲသလို မဟုတ်လား။ ကျွန်မက အနီးစပ်ဆုံး ဥပမာပြတာပဲ။ စာရေးဆြာတွေကို ဘုရားနဲ့ပုံခိုင်းတယ်လို့လည်း မယူလိုက်ကြပါနဲ့ဦး။

ရေးသူနဲ့ဖတ်သူ လိုင်းတူသွားတဲ့အခါမတော့ သိပ်ကို ပျော်စရာကောင်းတာပေါ့။ များသောအားဖြင့် စာရေးခြင်းအလုပ်ကို ကျွမ်းကျင်သူ စာရေးဆရာတွေ ရေးတဲ့အခါ ဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်။ ဖတ်အပြီးမှာ မပေးဘူးဆိုရင်တောင်မှ ဖတ်သူက တစ်ခုခုတော့ ရသွားတတ်ကြတယ်။ ရသစာပေရဲ့သဘောက အဲဒါပါပဲ။ ကျွန်မပြောချင်တာက တစ်ခုခုပေးရမယ်၊ တစ်ခုခု ရရမယ်၊ အဲသလိုကြီး တောင့်တောင့်ကြီး တင်းမထားစေချင်တာ၊ အားထုတ်စရာမလိုပါဘူး၊ ရသအဖွဲ့ကောင်းတဲ့စာဆိုရင် အပေးအယူဆိုတာတွေက ရင်ဘတ်ပါသူတိုင်း သူ့အလိုလိုအော်တိုမက်တစ် ရရမယ့် ကိစ္စတွေလို့ ဆိုချင်တာ။  သဘောပါရဲ့လား  အိမ်း...

ခု လက်ရှိ

ဘလော့ဂ်မှာ ရေးလိုက်၊ ပုံနှိပ်ကို ပို့ထားတဲ့စာမူလေးတွေ အဆင်ပြေတဲ့အခါ ပါလာလိုက်၊ ဒီလိုပါပဲ။ ဘလော့ဂ်မှာ ရေးနေတဲ့ နှုန်းတော့ သိသိသာသာလျော့ကျသွားတယ်ဆိုရမယ်။ လာဖတ်သူလည်း လျော့တာပါပဲ။ လျော့ချင်လို့ လျော့တယ်ပဲ မှတ်ပါတယ်။ ကိုယ့်ဘက်က တတ်နိုင်သလောက်တော့ ဘလော့ဂ်ကို အသေကြီးဖြစ်သွားမှာ မလိုချင်ပါဘူး။ ဒီတော့ အရင်ကနှုန်းအတိုင်း မဟုတ်တောင် ကျဲကျဲလေးတော့ လုပ်ဖြစ်နေပါဦးမယ်။

ဒီလောက်ပါပဲ။  တစ်ခြားလည်း ထူးထူးထွေထွေ ပြောစရာမရှိလှပါဘူး။  ဘာကြောင့်ဘလော့ဂ်ဒေးခေါ်သလဲဆိုတာလည်း မသိလှပါဘူး။ သိလည်း သိပ်အရေးမကြီးလှပါဘူး။ မွေးလာပြီး သေရမှာ၊ ဒီမွေးသေကြားထဲက ကာလကြီးတစ်ခုထဲ သူသူငါငါ ဖြတ်သန်းရင်း မှတ်တိုင်တွေ စိုက်ခဲ့ကြဖို့ ကြိုးစားနေကြတာပဲ မဟုတ်ဘူးလား။ ဒါကိုပဲ ဘဝရဲ့တန်ဘိုးလို့ ဆိုကြတာ။ ဘဝကြီးထဲ ဘာများအရေးကြီးတာ ရှိသေးတုန်း။

ရေးဆိုလို့သာ ရေးလိုက်ရတာ။ ဘလော့ဂ်ဒေးဘာညာ မသိသော်ငြားလည်း နောက်ဆုံးပိတ်ပြောချင် တာကိုတော့ဖြင့် ခန့်ခန့်ငြားငြားလေးပြောပြီး ပိတ်လိုက်ပါမယ်။

ဘလော့ဂ်ဒေးနှင့်ဆိုင်သည်ဖြစ်စေ၊  မဆိုင်သည်ဖြစ်စေ၊ နှောင်းလူများမှတ်သားရန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စာဖတ်သူများ တစ်ခုခု ရလိုက်သည်ဖြစ်စေ၊ မရလိုက်သည်ဖြစ်စေ၊ သည်စာအပေါ်၌ စာရေးသူချစ်ကြည်အေးနှင့် သဘောထားတူသည်ဖြစ်စေ၊ ကွဲလွဲသည်ဖြစ်စေ.... 
မည်သို့ပင်ဖြစ်စေ "ဤစာအား ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာဟု အမည်တွင်စေရမည်"

ပုံ
အန်တီစီကေအေ 
"ဘလော့ဂ်ခေတ်လယ်၂၀၀၉မှ စ၍ အွန်လိုင်းပေါ် စတင်ရေးသားသူ"
World Peace !!!


ကျေးဇူးစကား - အန်တီတင့်ကျေးဇူးကြောင့် ရေးဖြစ်ပါတယ်။  ကျေးဇူးပါ တီတင့်ရေ  :)




Monday, August 18, 2014

စွဲငြိတတ်သည်




(၁)

“အဲ့ဒီအမျိုးသမီးကို သေချာကြည့်၊ ယူနဲ့တူတယ် သိလား၊ တစ်နေ့ ယူ ကြီးလာရင် သူနဲ့တူမှာ”

ရှယ်လီ့စကားအဆုံးမှာ ညွှန်ပြရာဆီ မသိမသာကြည့်လိုက်မိတော့ အမျိုးသမီးတစ်ဦး၊ နေ့စဉ်ထုတ်သတင်းစာ တစ်စောင်ကို စိတ်ဝင်တစားငုံ့ဖတ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ကျွန်မနှင့်တူသည်ဆိုသော ထိုအမျိုးသမီးမှာ လေးဆယ့်ငါး ငါးဆယ်ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။ ရှယ်လီက သူမကို ကျွန်မနှင့်တူသည်ဟု ဘာကြောင့်များ ပြောရတာပါလိမ့်။ တူသည်ဆိုခြင်းထက် ဆင်သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်ဟု ကျွန်မက တွေးသည်။ အမျိုးသမီးမှာ ခပ်ပိန်ပိန်သေးသေး သွယ်သွယ်၊ မျက်နှာကျမှာ အတန်ငယ်ရှည်သည်ဟုဆိုနိုင်ကာ ဆံပင်အရှည်အလျားက ကျွန်မလောက်ပင် ဖြစ်သည်။ ဒူးအတိလောက်ရှည်မည်ထင်ရသည့် ဂါဝန်လက်ပြတ်ပန်းရောင် စင်းကလေးနှင့်မို့ သူမက ရှိရင်းစွဲထက် ပိုမိုနုငယ်နေပုံပေါက်သည်။ သို့သော် မျက်နှာအကျ၊ မျက်ဝန်းအောက်ခြေတို့ကို ကြည့်ရုံနှင့် သူမအသက်ကို ကျွန်မ ခန့်မှန်း၍ရသည်။ သေချာ ပါသည်၊ လေးဆယ့်ငါးအောက် ဘယ်လိုမှ မကျနိုင်။ စီးထားသည်ကလည်း ကြိုးသိုင်းခွာမြင့်ဖိနပ်နှင့်၊ ကျစ်လစ်ဖြောင့်တန်းသော ခြေသလုံးသားတို့မှာ သူမ ငယ်စဉ်က ဘယ်လောက်ကြည့်ကောင်းခဲ့မည်ကို ပြသည်။ ထို့အတူ ခုထက်တိုင် အသားအရည်၊ အဝတ်အစား၊ စတိုင်လ်တို့ကို ဂရုတစိုက်ပြုပြင်ထိန်းသိမ်းလေ့သော အမျိုးသမီးတစ်ဦးဟုလည်း ကျိန်းသေပေါက်ပြော၍ ရနိုင်လေသည်။

သူမအဝတ်အစားအဆင်အပြင်မှာ ငယ်ရွယ်နုပျိုပုံပေါက်အောင် တမင် အားထုတ်ဝတ်စားထားသည်ဟု မဆိုနိုင်လောက်အောင်ကို သူမပုံစံနှင့် အသားတကျရှိလှသည်။ သူမက ကော်ဖီခွက်ကို မြှောက်ကာ တစ်ကျိုက်သောက်လိုက်၊ ပြန်ချလိုက်နှင့်၊ ကော်ဖီကျိုက်ချချိန်မှာတောင် သူမမျက်ဝန်းတို့က ဖတ်လက်စသတင်းစာမှ မခွာ။ တစ်ဖန် ညာလက်ထဲက စီးကရက်ကို မျက်ဝန်းတို့မှေးစင်းလျက် ဖွာလိုက်ပုံမှာ ဟန်ပါပါနှင့် ကြည့်ကောင်းလွန်းလေသည်။ ထို့ကြောင့်ပဲ သူမက အဝင်ဝနားက ထောင့်ကျကျစားပွဲမှာ ထိုင်ခြင်းဖြစ်တန်ရာသည်။ သူမဆေးလိပ်ငွေ့တွေ တစ်ပါးသူဆီ မရောက်ရလေအောင် ဖြစ်မည်ဟု ကြံဖန်အမှတ်ပေးမိသည်။ သို့သော် ထိုအမျိုးသမီး လှလှပပဆေးလိပ်သောက်တတ်ခြင်းသည် အတုယူလွယ်သော မိန်းမငယ်များအတွက်မူ မကောင်းလှဟု ထင်မိပြန်သည်။ စတိုင်လှဖို့အတွက် ဆေးလိပ်သောက်ကြသောသူများ ရှိကောင်းရှိနိုင်မည် မဟုတ်လား။ ဆေးမကူထားသော သူမနှုတ်ခမ်းများသည်လည်း ဆေးလိပ်သောက်သူတစ်ယောက်၏နှုတ်ခမ်းများလို ညိုပြာပြာဖြစ်မနေခြင်းမှာ သူမကုသိုလ်ပင်။

သူမ ဘာလုပ်လုပ် မျက်ဝန်းများကတော့ သူမရှေ့စားပွဲပေါ်ရှိ သတင်းစာထံမှာသာ တည်လျှက်ရှိကာ ကော်ဖီခွက်ကို ပြန်ချပြီးချိန်မှာမူ သူမလက်က ဂါဝန်အထက်နားရှိ ဒူးခေါင်းကို ကုတ်သလိုလို၊ ခြေသလုံးသားကိုပဲ ပွတ်သလိုလိုနှင့် လုပ်တတ်သေးသည်။ သူမမှာ လက်သည်းရှည်တွေ မရှိတာကိုလည်း သတိထားမိသည်။ သူမရော ကျွန်မလိုပဲ ဂစ်တာတီးသလား၊ သူမလက်ချောင်းတွေက လှလှပပ မဟုတ်၊ ကျွန်မလိုပဲ အကြောစိမ်းတွေ မြင်နေရသော လက်ဖမိုးပိန်ချပ်ချပ်တွေနှင့်ဖြစ်သည်။ 

သူမမျက်ဝန်းများမှာ ကျွန်မလိုပဲ ရှည်လျားသေးသွယ်ကာ အဖျားမှာ နားထင်ဘေးစပ်သို့ အပေါ်ဘက်ကော့တက်သွားသော စိနဆန်သည့်မျက်ဝန်းများဖြစ်သည်။ မျက်ခုံးများကတော့ မတူပါ။ ကျွန်မ၌ အမေမွေးကတည်းက ထူထဲပုံကျသော ပြုပြင်စရာမလိုသည့် မျက်ခုံးများပိုင်ဆိုင်ပြီး သူမကတော့ အပြောင်ရိတ်ကာ တက်တူးထိုးထားသော စိမ်းညိုရောင် မျက်ခုံးအပြားကြီးနှင့်ဖြစ်သည်။
သူမသည် ဘေးဘီဝဲယာကို နည်းနည်းကလေးမျှပင် စောင်းငဲ့မကြည့်တတ်၊ တစ်ဆိုင်လုံးမှာ သူမတစ်ယောက်ထဲဟုပင် ယူဆထားသည်လား မသိပေ။

“သွားကြရအောင် ရှစ်နာရီဆယ့်ငါးရှိပြီ”

ရှယ်လီပြောလာမှပင် ဟန်းဖုန်းမှနာရီကိုကြည့်မိကာ အမျိုးသမီးဆီမှ အကြည့်တို့လွှဲဖယ်ရင်း ရုံးပေါ်တက်ရန် ပြင်ကြရသည်။ သူမကလည်း ဖတ်လက်စသတင်းစာကို စားပွဲပေါ်မှာပင် ချထားခဲ့ကာ သူမဘေး ထိုင်ခုံလွတ်ပေါ်တင်ထားသည့် သူမလက်ကိုင်အိတ်ထဲ ဟိုဟိုဒီဒီရှာဖွေလျှက်က ထရပ်တော့မည့်ဟန် ပြင်သည်။

ထိုနေ့မှစ၍ သူမကို သတိထားကြည့်တတ်ခြင်းသည် ကျွန်မ၏နေ့စဉ်ပြုမြဲအလုပ်တစ်ခု ဖြစ်၍လာသည်။ သူမသည် ထိုင်နေကျနေရာမှာပင် ထိုင်သည်။ သောက်နေကျ လက်ဘက်ရည်ကိုသောက်ကာ ဆေးလိပ် ကိုလည်း ရှိုက်နေကျအတိုင်း လှလှပပရှိုက်သည်။ သတိထားမိသည်မှာ သူမက ဟုတ်တိပတ်တိဘာမှ မစားဘဲ အရည်တွေချည်း သောက်နေတတ်ခြင်းပင်။ ပရုတ်နံ့သင်းမည်ဟု ကျွန်မယူဆသော အစိမ်းရောင်ဗူးနှင့် Monthol မာဘိုလိုစီးကရက်ကို မက်မောနှစ်သက်စွာ သူမသောက်သည်။ မနက်စာချိန်မှာပင် အနည်းဆုံး နှစ်လိပ်ခန့်ကုန်အောင် သောက်သည်ကို တွေ့ရ၏။

ဘာကြောင့် သူမကို နေ့စဉ် သတိထားကြည့်နေမိရသည်ဆိုတာကို ကျွန်မကိုယ်တိုင် သေချာ မသိပါ။ ကျွန်မနှင့်တူသည်ဟူသော ရှယ်လီ့စကားက ကျွန်မ မသိစိတ်မှာ စေးကပ်ငြိတွယ်နေခြင်းကြောင့် ဖြစ်နိုင်ကောင်းပါသည်။ တကယ်တော့လည်း လူဆိုသည်မှာ သူများအကြောင်းထက် ကိုယ့်အကြောင်းကိုယ်သာ စိတ်ဝင်စားတတ်ကြသူများ၊ ကိုယ့်မျက်နှာနှင့်တူသူကို အာရုံကျတတ်သူများ မဟုတ်ပါလား။ ထို့ကြောင့်သာပင် အုပ်စုလိုက် ဓါတ်ပုံတစ်ပုံကြည့်ပြီဆိုလျှင် အားလုံးထဲမှ မိမိမျက်နှာကိုသာ အရင်ဆုံးရှာဖွေကြည့်တတ်ကြခြင်းပါပေ။

ကျွန်မတို့ရုံးအောက်ကန်တင်းန်မှာ ဆိုင်သုံးဆိုင်ရှိရာ ပထမဆိုင်က အစားအသောက်မကောင်း၊ ဒုတိယဆိုင်က ဈေးကြီးကာ နောက်ဆုံးတစ်ဆိုင်မှာမူ ဆက်ဆံရေးသိပ်မကောင်းသော်လည်း ဈေးရော၊ အရသာရော မဆိုးလှသောဆိုင်ဖြစ်သည်။  ထိုတတိယဆိုင်မှာ ကျွန်မတို့ နေ့စဉ်ထိုင်ဖြစ်ကြသည်။ ကျွန်မနှင့်ရှယ်လီက ချိန်းဆိုမထားစေကာမူ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သည်ဆိုင်လေးကို ရောက်လာကြမြဲ၊ မနက်စာ အေးအေးဆေးဆေး စားသောက်ပြီးမှ ရှစ်နာရီဆယ့်ငါးလောက်မှာ ရုံးပေါ်တက်ကြမြဲဖြစ်သည်။ တစ်ယောက်နေထိုင်မကောင်း၍ ဆေးခွင့်ယူရသောနေ့မျိုးမှာသာလျှင် ကျန်တစ်ယောက်မှာ ထိုနေ့အတွက် အဖော်မဲ့ ဖြစ်ရတတ်သည်။

တစ်နေ့ မနက်ခင်းမှာတော့ သူမက ထိုင်နေရာမှထကာ လက်ဘက်ရည်ဆိုင်ဆီ လျှောက်သွားလေသည်။ ကန်တင်းန်ကလေးမှာ လက်ဘက်ရည်ဆိုင်၊ ကြာဇံခေါက်ဆွဲကြော်ဆိုင်နှင့် အုန်းထမင်းဆိုင်လေးသာရှိကာ တစ်ခုတည်းသောသောက်စရာဆိုင်အဖြစ် ထိုလက်ဘက်ရည်ဆိုင်က လူအစည်ကားဆုံး ဖြစ်သည်။ 

သူမထိုင်ခုံပြန်ရောက်သော် သူမလက်ထဲမှာ နို့ဆီဗူးအလွတ်တစ်လုံးပါလာတာတွေ့တော့ ကျွန်မပြုံးမိသည်။ ကျွန်မတွက်ကိန်း မှန်ပါသည်။ သူမ ဆေးလိပ်ပြာချွေထည့်ဖို့ပင်။ သူမက ထုံးစံအတိုင်း ဘေးဘီဝဲယာကို ငဲ့၍မျှမကြည့်ဘဲ တစ်ယောက်ထဲတစ်ကမ္ဘာလုပ်ကာ ထိုင်လျှက် ကျွန်မမှာမူ ရှယ်လီပြောသော သူ့ကလေးတွေအကြောင်းနားထောင်လိုက်၊ စားလိုက် သောက်လိုက်၊ သူမဆီ တစ်ချက်ခန့် ဝေ့ကနဲလှမ်းကြည့်လိုက်နှင့် ရှိရသည်။

သူမကိုကြည့်ရတာဟာ အသက်ဝင်နေသောပန်းချီကားလေးတစ်ချပ်ကို ကြည့်နေရသလိုဟု ကျွန်မ ထင်သည်။ ရိုးရိုးကလေးနှင့် ဘာမှအထူးတလည်ပြင်ဆင်မထားသော မျက်နှာပြောင်ကလေးရယ်၊ ဘာကိုမှဂရုမထားဘဲ သူမ လုပ်ချင်တာ လုပ်နေခြင်းရယ်ကိုက ငေးကြည့်နေချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိလွန်းသည်။ သူမမှာ အိမ်ထောင်မရှိဘူးလား၊ သားသမီးတွေရော ရှိမလား၊ သူမ ဘာလုပ်တာပါလိမ့်၊ စသည်ဖြင့် သူမနှင့်ပတ်သက်သောသိလိုစိတ်များ ကျွန်မမှာ တိုး၍သာ လာတော့သည်။ မှတ်မှတ်ရရ သူမ ပြုံးတာမျိုးတွေ့ဖို့ မဆိုထားနှင့်၊ ဘေးဘီသို့ မျက်လုံးကလေးပင့်၍မျှပင် ကြည့်တတ်တာကို မတွေ့ရချေ။

သူမက အရောင်နုနုကလေးတွေ ကြိုက်ပုံရသည်။ ပန်းနု၊ အစိမ်းပြေပြေ၊ အဝါဖျောဖျော့၊ အပြာလွင်လွင်ကလေးများသာ အဝတ်များသည်။ အဝတ်အစားနှင့်လိုက်ဖက်သော ခွာမြင့်ဖိနပ်ကိုလည်း ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။

တစ်ခါက ဆိုင်ထဲအဝင် ဆိုင်ဝမှာပင် သူမခြေခေါက်ကာ လဲကျသွားခဲ့သည်။ ဒေါက်ကနဲမြည်သံနှင့်အတူ သူမပုခုံးပေါ်က အိတ်ကြီး မြေပေါ်သို့အကျ၊၊ သူမလည်း ကွန်ကရစ်လမ်းပေါ် ဖင်ထိုင်အကျ ဖြစ်လေသည်။ ဝတ်ထားသည့်စကတ်ကလေး လွင့်ကနဲမှာ သူမပေါင်တံဖွေးဖွေးကို ဖျတ်ကနဲ တွေ့လိုက်ရတော့ ကျွန်မက ယောင်ယမ်းမျက်နှာလွှဲလိုက်ရသည်။ စိတ်ထဲမှ ဆွဲထူပေးချင်သော်ငြား သူမ ရှက်သွားရှာမည်စိုးသည်နှင့် မသိသလိုသာနေရင်း မျက်ဝန်းထောင့်မှ ခိုးကြည့်မိတော့ သူမက ချက်ချင်းပြန်ထမလာနိုင်။ ထိုင်လျက်နှင့်ပင် ညာခြေမှ ကြိုးသိုင်းဖိနပ်ကို ချွတ်နေတာတွေ့ရသည်။ ပြီးတော့ ခြေဖျားကို နှိပ်နယ်လျက်ရှိသည်။ ခဏနေတော့ ဖိနပ်ကို ပြန်စီးကာ ဆိုင်ထဲသို့ ထော့နဲ့ထော့နဲ့ဝင်လာလေသည်။ ဘယ်သူ့ကိုမှလည်းမကြည့်၊ ချော်လဲကျတာမို့ ရှက်တက်တက်လည်း ဖြစ်မနေဘဲ ပကတိခပ်တည်တည်မျက်နှာပေးနှင့်ပါပေ။ ထိုမိန်းမသည် ကျွန်မလိုပင် ခေါင်းမာပြီး ပေပေတေတေထဲကလည်း ဖြစ်နိုင်သေးသည်ဟု တွေးမိတော့ ကျွန်မ မပြုံးဘဲ မနေနိုင်ပြန်။

(၂)

တစ်နေ့မှာ ဖတ်လက်စသတင်းစာပေါ် သူမမျက်လုံးမှ မျက်ရည်တစ်ပေါက် ပေါက်ကနဲကျသွားတာ ကျွန်မ မြင်ဖြစ်အောင် မြင်လိုက်ရသည်။ အိတ်ထဲမှ တစ်ရှူးစကို ထုတ်ကာ မျက်ဝန်းတစ်ဝိုက် တို့သုတ်လိုက်တာကိုပါ တစ်ဆက်တည်း မြင်သည်။ ခဏနေတော့ သူမက သတင်းစာကို ထားနေကျအတိုင်း စားပွဲပေါ်ထားရစ်ခဲ့ကာ ခြေလှမ်းကျဲကျဲလှမ်းလျက် ကန်တင်းန်မှ ခွာသည်။

ထိုနေ့က ရှယ်လီသာ ကျွန်မအနားမှာ အတူရှိမနေဘူးဆိုလျှင် ထိုအမျိုးသမီးဖတ်ပြီး ထားရစ်သော သတင်းစာကို ကျွန်မ သွားရောက်ယူကောင်း ယူမိမည်ဖြစ်သည်။ ဘယ်လိုသတင်းကများ သူမကို မျက်ရည်ကျစေပါလိမ့်။ နာရေးသတင်းများလား၊ လက်ထပ်ပြီးစီးခြင်းများလား၊ ဓါတ်ပုံလေးတစ်ပုံလား၊ ဒါမှမဟုတ် အမှတ်ရစရာ ဘယ်လိုအကြောင်းအရာတွေကများ သူမကို တိုက်ဆိုင်ဝမ်းနည်း မျက်ရည်ကျစေသည်လဲ။ မရေရာသောအတွေးများနှင့်ကျွန်မ လုံးထွေးရင်း အချိန်တန်တော့ အလုပ်ခွင်ဝင်ကာ သူမကို မေ့ပျောက်ထားဖြစ်ခဲ့သည်။

နောက်တစ်ရက် မနက်ခင်းမှစ၍ သူမကို ကျွန်မ မတွေ့ရတော့ပါ။ ခုဆိုလျှင် တစ်ပတ်တိတိရှိခဲ့ပြီ။ သူမ၏အရိပ်အရောင်ကိုမျှ မတွေ့ရ။ သူမထိုင်နေကျနေရာလေးသည် ထိုင်သူမဲ့လျက်ရှိသည်။ ထိုနေရာလေးကို ကြည့်မိတိုင်း ကျွန်မစိတ်ထဲ တစ်ခုခုလိုနေသလိုလို ဟာ၍နေ၏။ သူမ ဘာများဖြစ်လို့ပါလိမ့်၊ သူမနှင့်ကျွန်မသည် အပြုံးချင်းဖလှယ်ဖို့ ဝေးလို့၊ မျက်လုံးချင်း တစ်ချက်ကလေးမှ မဆုံလိုက်ရ။ ထိုသူမအပေါ် မြင်တွေ့နေကျဟူသည့်စိတ်နှင့်ပင် ကျွန်မရင်၌ ကွက်လပ်တစ်ခု ထင်းထင်းကြွင်းကျန်ရစ်ပြီတည်း။

တစ်နေ့တစ်နေ့ သူမ ဝတ်လာတတ်တာလေးတွေ၊ ဟန်ပန်လေးတွေကို စောင့်ကြည့်နေမိတတ်သော မျက်ဝန်းများက သူမထိုင်နေကျနေရာလေးသို့ ဖျတ်ကနဲ လှမ်းကြည့်မိတတ်သည်။ သူမကို မတွေ့ရသော်လည်း ရာသီမှုန်မှိုင်းသောနေ့များ၌ သူမနှုတ်ခမ်းမှ ဆေးလိပ်ငွေ့တွေများ ဝေ့ကနဲ မှုတ်ထုတ်လိုက်လေသလား စိတ်က ထင်သည်။

အတန်ကြာသော် ကျွန်မ၏နေ့စဉ်များထဲမှာ သူမ ရှိမနေတော့ပါ။ သို့သော် ထိုဆိုင်ကလေးမှာ စားဖြစ်သော နံနက်ခင်းများတွင်မူ သူမထိုင်နေကျနေရာလေးဆီ မျှော်လင့်ကြည့်တတ်ပါသေးသည်။ ထိုအခါမျိုး  သူမနေရာတွင် တစ်စုံတစ်ယောက်ဝင်ထိုင်နေပါက ကျွန်မစိတ်ထဲ မကြိုက်ချင်သလိုလို မကြည်မလင်ဖြစ်ရသည်။

ဘာနှင့်တူသလဲဆိုလျှင် ကျွန်မကားရပ်နေကျ ကားပါ့ကင်နေရာမှာ သူများကား ဝင်ထိုးထားသောအခါ အနည်းငယ်မျှ စိတ်ကသိကအောက်ဖြစ်ရပုံမျိုး၊  ကျွန်မ ထမင်းစားပန်းကန်ကို အခန်းဖော်က သစ်သီးများခွဲစိတ်ကာ မပြောမဆိုဘဲ ယူထည့်စားတတ်တာမျိုး၊ ကျွန်မပိုင်စာအုပ်တစ်အုပ်ကို ခွင့်မတောင်းဘဲ အကျအနယူငင်ဖတ်ရှု့နေတာမျိုးနှင့် ဆင်ဆင်တူလေသည်။

ကျွန်မတို့အားလုံးမှာ မြင်တွေ့နေကျ၊ ထိတွေ့နေကျဖြစ်သော သက်ရှိသက်မဲ့ဘယ်အရာကိုမဆို မသိစိတ်၌ အမှတ်မထင်စွဲငြိတတ်သောအလေ့ ရှိကိုရှိနေကြပါသည်ဟုဆိုလျှင် မည်သူကမျှ  ငြင်းနိုင်လိမ့်မည်မထင်ပါ။




Saturday, August 9, 2014

အဲဒီခဏ ညများနဲ့ သူမ


(၁)
ရုပ်ရှင်ရုံရောက်တော့ လက်မှတ်အရောင်းကောင်တာရှေ့မှာ လူတန်းနှစ်တန်း။ တတန်းက ခုမှ လက်မှတ်ဝယ်သူတွေ၊ နောက်တစ်တန်းက အင်တာနက်ကနေဝယ်ယူထားသူတွေ လက်မှတ်လဲလှယ်ရန်။ သူမက အင်တာနက်ကနေဝယ်ထားသူများ လက်မှတ်လဲလှယ်ရန်ဆိုတဲ့အတန်းမှာ ဝင်စီလိုက်တယ်။ လက်မှတ်နှစ်စောင်….။ နောက်ဆုံးတန်း ထောင့်ခုံ။ သူမ ရွေးချယ်ထားတဲ့ ခုံနေရာ ခုံနံပါတ်အတိုင်း…။
လက်မှတ်နှစ်စောင်ကို ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး ပြောင်းဖူးပေါက်ပေါက် ဘူးကြီး တစ်ဘူး ဝယ်လိုက်တယ်။ 

ပက်ပစီတစ်ပုလင်း ပေးပါ၊ နိုး ပက်ပစီက ကျန်းမာရေးအတွက် မကောင်းဘူး အထူးသဖြင့် မင်းနဲ့ မတည့်ဘူး။ သကြားတွေ များတယ် ပက်ပစီပုလင်းကို လှမ်းနေတဲ့ သူမလက်တွေ တန့်ကနဲ။ သွားစမ်းပါ သောက်တော့ ဘာဖြစ်လဲ 

သူမ ပက်ကနဲ ပြောပစ်လိုက်တယ်။

ပက်ပစီတစ်ပုလင်းရယ် ပြောင်းဖူးပေါက်ပေါက်ထုပ်ရယ် ကိုင်ထားရင်း ရုပ်ရှင်ကြော်ငြာ ဘုတ်တွေကို ဘောင်ခတ်ထည့်ထားတဲ့ မှန်တွေထဲကနေ တစ်ဆင့် ကျော်ကြည့်နေလိုက်တယ်။ ခဏနေတော့ ဝင်လို့ရပြီဆိုတဲ့ သီရေတာနံပါတ်တွေကို မီးနီလေးနဲ့ပြတယ်။ စီနီမာ ၅-၆-၇ ဝင်လို့ရပါပြီတဲ့။  လူတွေ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ၊ လေး-ငါးယောက်တစ်တွဲ ဝင်ကြတယ်။ သူမလည်း နောက်က လိုက်ဝင်တယ်။ ဘောင်းဘီအိတ်ထဲမှာ လက်မှတ်တစ်စောင်ကျန်နေတယ်။ လက်မှတ်နှစ်စောင်ပြပြီး တစ်ယောက်ထဲဝင်တဲ့အထိတော့ သူမ မကြောင်သေးဘူး။  ထင်တာပဲ။

အား  အေးစိမ့်သွားတာပဲ။ လူတစ်ရာ့ငါးဆယ်လောက်သာဆန့်တဲ့ ခပ်သေးသေး ရုပ်ရှင်ရုံထဲ လေအေးစက် အေးပုံကဖြင့် လွန်လွန်းလှတယ်လို့ သူမ တွေးတယ်။ သူမထိုင်ခုံနေရာရောက်ဖို့ အရှေ့ကနေ ဟိုးနောက်ထိ လျှောက်လာရတယ်။ ခုံမှာ ထိုင်လိုက်မိတာနဲ့ နောက်က ကျောပိုးအိတ်ကို ရှေ့ယူပြီး အထဲက ဆွယ်တာကို ထုတ်ဝတ်လိုက်တယ်။ ကျောပိုးအိတ်ကိုတော့ ခုံရှေ့ချပြီး ခြေသလုံးနှစ်ခုကြား ထိန်းညှပ်ထားလိုက်တယ်။ သက်တောင့်သက်သာပါပဲ။ ဘယ်ဘက်လက်က ပြောင်းဖူးပေါက်ပေါက်ထုပ်ကိုကိုင်ရင်း လက်ကိုအနေတော် ကွေးထားလိုက်တယ်။ ပက်ပစီကိုတော့ ခုံဘေးက ခွက်ထည့်စရာကွင်းအဝိုင်းလေးထဲ အလိုက်သင့် ထည့်သွင်းထားလိုက်တယ်။

ခဏနေတော့ မီးတွေ မှိတ်တယ်။ မီးတွေမှိတ်တာကို သူမ မကြိုက်ဘူး။ မီးတွေမှိတ်လိုက်တိုင်း သူမစိတ်တွေက တစ်နေရာကို လွင့်ထွက်သွားတတ်လွန်းလို့။ အမှောင်မှာ သူမစိတ်တွေက လွတ်လွတ်လပ်လပ် ကူးခတ်တတ်ကြလွန်းလို့။ သူမ ကြောက်တယ်။ သူမအခန်းထဲမှာသာဆို ခုလိုမီးမှောင်တာနဲ့ သူမစိတ်တွေက ပြိုပြီ။ ကြာတော့ ညအမှောင်နဲ့ အရုဏ်ကြားက အကွာအဝေးဟာ သူမအတွက် ငရဲခန်းတစ်ခုဖြစ်လာတယ်။ သူမ ထွက်ပြေးဖို့ကြိုးစားတယ်။ ဆရာဝန်ဆီ သွားတွေ့တယ်။ ဆရာဝန်က သူမကို ဆေးတွေ တစ်ပတ်စာပေးလိုက်တယ်။ အဲဒီတစ်ပတ်မှာတော့ ဆေးသောက်ပြီး ငါးမိနစ်လောက်ရှိတာနဲ့ နောက်တစ်နေ့မနက်ကို သူမ ရောက်သွားတတ်တယ်။ တိုတောင်းတဲ့ညတွေ သူမ ခဏတာရရှိခဲ့တာပေါ့။ ခဏပါပဲ။ နောက်တော့လည်း ခါတိုင်းလိုပဲ။ 

သူမညတာတွေက ရှည်ကြာနှိပ်စက်မြဲ။ သူမညတွေဟာ သူမကို ဘယ်လိုနှိပ်စက်သတ်ဖြတ်တတ်ကြောင်း၊ သူမ ငရဲကို ခဏခဏ အရှင်လတ်လတ် ရောက်ဖူးကြောင်း၊ ညညတွေမှာ အသံတစ်ခုကို သူမ ကြားကြားနေရကြောင်း ပြောပြတယ်။ ဆရာဝန်ရဲ့ ခပ်ကြောင်ကြောင်ငတိမဆိုတဲ့ အဓိပ္ပါယ်ဆောင်တဲ့အကြည့်မျိုးကိုထိန်းချုပ်ထားရပုံနဲ့ သူမကိုကြည့်တတ်တာ သူမ မကြိုက်ဘူး။ သူမကို သနားကြင်နာသယောင်နဲ့ ကြည့်တတ်တာကိုလည်း သူမ မကြိုက်ဘူး။ ဒါနဲ့ပဲ ဆရာဝန်ဆီ မသွားတော့တာ။

ဒီလိုနဲ့ အမှောင်ထဲမှာ သူမတစ်ယောက်ထဲနေနေရတာကို ကြောက်လာတယ်။ အသံတွေ ကြားကြားနေရသလိုပဲ။ မကြည့်ဘဲလည်းမြင်နေရတဲ့ ပုံရိပ်တွေ၊ မျက်စေ့မှိတ်ထားလည်းပဲ။ ညဦးတွေကို သူမ အဆင်ပြေပြေဖြတ်ကျော်တတ်ဖို့ ကြိုးစားတယ်။ မရဘူး။ ကြာခဲ့ပြီ၊ ညဦးတွေဆို မအိပ်ခင်အထိ အပြင်မှာပဲနေတတ်တော့တယ်။ မျက်လုံးတွေကျိန်းစပ်၊ မျက်ခွံတွေလေးလံလာ၊ ခြေထောက်တွေ ညောင်းလာမှ သူမ အိမ်ပြန်တယ်။ 
အိမ်ရောက်တာနဲ့ အိပ်ယာထဲ အတောင့်လိုက်လဲကျ မေ့မျောလိုက်ရတာကို သူမကျေနပ်တယ်။

အသံကြားရပြန်ပြီ။ ငိုသံ၊  ရှိုက်ရှိုက်ငိုနေသံ၊ အို….မဟုတ်ဘူး၊ အသံတိတ် ကြိတ်ငိုနေတဲ့အသံ၊ သူမအာရုံတွေကို ပိတ်ကားဆီပို့လိုက်တော့ မင်းသမီးက ငိုနေတယ်။ မင်းသမီးရဲ့ချစ်သူက မင်းသမီးကို လက်တွဲဖြုတ် ဆောင့်ကနဲရုန်းထွက်လို့ ကျောခိုင်းထွက်ခွာ…။ ဝမ်းနည်းမင်သက်နေတဲ့ မင်းသမီးဟာ မမျှော်လင့်ထားပါဘဲ ကျောခိုင်းခံရမှုမှာ ကြေကွဲနေဟန်။ 

သူ့ချစ်သူနောက်ကျောကို ငေးကြည့်နေရင်းက မြင်ကွင်းက ပျောက်ကွယ်သွားတဲ့အခါ မင်းသမီးက တက်ကစီတစ်စီးကိုလက်တားစီးပြီး အိမ်ပြန်တယ်။ ပါးပေါ်မှာ မျက်ရည်တွေနဲ့၊ အိမ်ရောက်တော့ အိမ်တံခါးကိုသော့ကိုဖွင့်ရင်း ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့တဲ့ အတူနေချစ်သူကို သတိရစိတ်နဲ့ မျက်ရည်ကျ။ ပေါက်ကွဲ…။

သူမ လိုက်ငိုမိတယ်။ မင်းသမီးက သရုပ်ဆောင်ကောင်းလိုက်တာ။ အော်ကြီးဟစ်ကျယ်ငိုတာမျိုး မဟုတ်ဘူး။ မျက်လုံးတွေရဲလာပြီး မျက်သားတွေ လှုပ်လာတာ၊ နှုတ်ခမ်းသားတွေ တဆတ်ဆတ် တုန်လာတာ၊ နှာသီးဖျားတွေ ရဲလာတာ။ တကွက်ချင်း တကွက်ချင်း အနီးကပ်အပြမှာ သူမ ပါဝင် ခံစား စီးမျော။

ခက်တာပဲ။ မငိုချင်ပါဘူးဆိုမှ၊ S**t
ဆဲပြန်ပြီလား၊ အဲ့လိုဆဲတာ ကိုယ်မကြိုက်ဘူး

သူမနားရွက်ဖျားလေးတွေ နွေးကနဲ၊ သူ့နှုတ်ခမ်းရဲ့အထိအတွေ့ သူမနားရွက်ဖျားမှာ၊ အနားမှာ ကပ်ပြောလိုက်သလား….သူ့အတွက်ဝယ်ထားတဲ့  ဘယ်ဘက်ခုံကို သူမ ယောင်ယမ်းကြည့်လိုက်မိတယ်။ တစ်စုံတစ်ယောက်များ သူမဘေး လာထိုင်နေသလား။ ဟင့်အင်း သူ မရှိဘူး။

မျက်နှာကို ဆွယ်တာလက်နဲ့ပွတ်ရင်း စိုစွတ်မှုတွေကို သွေ့စေလိုက်တယ်။ မျက်ရည်စီးကြောင်းရဲ့အစိုဟာ ဆွယ်တာလက်ဆီ ကူးဝင်စိုစွတ်တယ်။ ခဏပါပဲ။

မင်းသမီးက ဖိနပ်ကို ခြေနဲ့ကန်ချွတ်ခဲ့ပြီး၊ လက်ထဲကိုင်ထားတဲ့ ပေါင်မုန့်ထည့်ထားတယ်လို့ထင်ရတဲ့ စက္ကူအိတ်အညိုကို ထမင်းစားခန်းထဲက စားပွဲပေါ်သွားတင်တယ်။ နောက် အိပ်ခန်းထဲ တန်းဝင်သွားတယ်။ အဝတ်အစားတွေတောင်မလဲတော့ဘဲ ကုတင်ပေါ် ကန့်လန့်ဖြတ်မှောက်လျက်လှဲချရင်း လူးလိမ့်နေတယ်။ ကုတင်ဘေးစားပွဲပေါ်က မင်းသားနဲ့အတူတူရိုက်ခဲ့တဲ့ ဓါတ်ပုံထည့်ထားတဲ့ဘောင်ကို နံရံဆီပစ်ပေါက်တယ်။ ဓါတ်ပုံနဲ့ဘောင်တစ်ခြားစီ ကြမ်းပေါ် ပြန်ကျလာတယ်။ မင်းသမီးက မျက်ရည်ကျဆဲ။ လူးလိမ့်နေဆဲ။ ရုပ်ရှင်ကြည့်ပရိသတ်ကြီးလည်း တအုန်းအုန်းနဲ့၊ သူတို့ ရောငိုနေကြတာများလား…..။

မင်းသမီးကလည်း ပျော့ညံ့လိုက်တာ။ ဟင့်အင်း သူမ မငိုဘူး၊ မျက်ရည်က သူ့အလိုလိုကျတာ။ သူနဲ့ပါတ်သက်သမျှ သူမဆီမှာ ဘာတစ်ခုမှ သိမ်းမထားတော့ဘူး။ အကုန် လွှင့်ပစ်လိုက်ပြီ။ သူမ ပြန်မတွေးချင်ဘူး။ သူနဲ့ပါတ်သတ်သမျှ အတွေးတွေကအစ သူမ မလိုချင်ဘူး။ ထွက်သွားပါတော့။

“ရော့ ဒီပုံလေး သိမ်းထား”

သူက သူမလက်ထဲကနေ ဖုန်းကိုယူပြီး သူမတို့နှစ်ယောက်ပုံကို ဆယ်လ်ဖီရိုက်တယ်။ အခုတော့ သူမ ဖျက်ပစ်လိုက်ပြီ။ လွယ်တယ် ထင်သလား။ Delete ဆိုတဲ့ ခလုတ်တစ်ခုဟာ သူမရင်ကို ဘယ်လောက်ထိ မွမွကြေစေခဲ့တယ်ဆိုတာ…။ အားလုံးပဲ၊ သူပေးခဲ့ဖူးတဲ့ အမှတ်တရတွေအကုန် သိမ်းထုတ်လို့ သူမ လွှင့်ပစ်ခဲ့လိုက်တာ။ သူမဖုန်းထဲက သူနဲ့ပတ်သက်သမျှတွေ အကုန်ဖျက်ချပစ်ခဲ့တာ။ မှတ်မိနေသေးတာတွေမှန်သမျှကို သူမမှတ်ဉာဏ်ထဲကနေ အဲသလို delete တစ်ချက်နှိပ်ရုံနဲ့ ဖျက်ချပစ်လိုက်လို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲကွယ်။ ဒါမှမဟုတ် အားလုံးကိုမေ့သွားအောင် သူမ ရူးချင်လိုက်တာ၊ သူ နားလည်နိုင်မယ် မထင်ဘူး။ ပေါ့သွမ်းသူတစ်ယောက်ဟာ လေးနက်မှုကို နားမလည်နိုင်တာလည်း သဘာဝကျရဲ့။

ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ၊ ဆုံနိုင်ခွင့်ရှိသည်ဖြစ်စေ၊ ဆုံနိုင်ခွင့် မရှိသည်ဖြစ်စေ၊ အတူရှိနေချိန်တွေရဲ့ စစ်မှန်မှုတစ်ခုကိုသာ သူမ မျှော်လင့်ခဲ့တာ။ အချိန်တွေပေးပြီး အတူရှိနေခဲ့ကြခြင်းဟာ တစ်စုံတစ်ရာအတိုင်းအတာတစ်ခုထိ သံယောဇဉ်တွေကို ချည်နှောင်ဖြစ်စေခဲ့တာပဲ မဟုတ်ဖူးလား။ နာကျင်လိုက်ရတာ….။ သူမ ဘာများမှားခဲ့သလဲ။ ယုံယုံကြည်ကြည် ပုံနှစ်ချစ်မိခဲ့ခြင်းအပြစ်တစ်ခုသာ သူမမှာ ရှိတာရယ်။

သူမ ရှေ့နှစ်တန်းလောက်မှာ စုံတွဲတစ်တွဲ၊ ကောင်လေးက သူ့ဘေးကကောင်မလေးပုခုံးပေါ် သူ့လက်ကို ပိုင်ပိုင်နိုင်နိုင်တင်လို့၊ တချက်တချက် ကောင်မလေးပါးကို လှမ်းမွှေးလိုက်သေးတယ်။ မုန်းလိုက်တာ။ သူမဘယ်ဘက်ပါးကို ယောင်ယမ်းစမ်းလိုက်မိတော့ အနမ်းတွေ ရှိမနေဘူး။ စိုစွတ်နေတဲ့ အထိအတွေ့ တစ်ခုသာ။ စိုစိစိပူနွေးနွေး။ သူမ မုန်းတဲ့ မျက်ရည်စီးကြောင်းတွေ……။

ထိစပ်ပတ်သက်မှုတိုင်းရဲ့ အဆုံးသတ်ဟာ နှစ်ဦးနှစ်ဘက်စလုံးကို နာကျင်စေတယ်ဆိုတဲ့စကားအပေါ် သူမ ရယ်သွမ်းတတ်ပြီ။ ဘယ်မှာမှန်လို့လဲကွယ်…..။ သူကတော့ ပျော်ကောင်းပျော်နေလိမ့်မယ်။ သူမ မျက်ရည်တွေနဲ့ ပြုံးမိပြန်ပြီ။ သူပျော်နေရင် သူမ ကျေနပ်ပါတယ်လို့ ဘယ်တုန်းကမှ အရူးထပြီး သူမ မပြောခဲ့မိဖူးဘူး။ အချစ်နဲ့ပတ်သက်ရင် သူမဟာ အဲ့သလောက် သဘောထားမကြီးနိုင်တာ သေချာတယ်။

ပိတ်ကားပေါ် စာတမ်းတွေတက်လာပြီး မီးတွေပြန်ဖွင့်တော့မှ သူမ မတ်တတ်ထရပ်လိုက်တယ်။ ကားတစ်ကားလုံး ငိုနေတာပဲ သူမ သိတယ်။ ဘာတွေပြလို့ ဘာဇာတ်မှန်းလည်း သူမ မသိဘူး။ သိစရာလည်း လိုမှ မလိုတာ။ ကျောပိုးအိတ်ကိုကောက်လွယ်ပြီး လူအုပ်နောက်က အသာလေး လိုက်ထွက်တယ်။ သူမမျက်ရည်တွေကို သုတ်ဖို့ မမေ့ခဲ့ဘူး။ သူမဆွယ်တာလက်ကလေးတစ်ဘက်က စွတ်စိုလို့။

“ရယ်ရတယ်နော် ကားက ခိခိ”

သူမဘေးက ဆယ်ကျော်သက်ကလေးမလေးက အဖော်ညှိသလိုလိုအပြောမှာ သူမ ကြောင်အသွားတယ်။
ဟင် ဒီကားက အလွမ်းဇာတ်ကြီး၊ တစ်ချိန်လုံး ငိုနေရတဲ့ဟာကို….

အူကြောင်ကြောင်နဲ့ သူမအကြည့်ကို ကလေးမလေးက ဂရုမစိုက်ဘူး။ ဘေးက အဖော်နဲ့ တံတောင်ချင်းတွက်လို့ တဟိဟိရယ်နေကြပြန်တယ်။ ဘာလဲ…သူမပဲ မှားနေပြန်ပြီလား။
နေဦး၊ ဘောင်းဘီအိတ်ထဲ ကျန်နေတဲ့ လက်မှတ်တစ်စောင်ကို ထုတ်ကြည့်လိုက်မိတယ်။  ကော်မဒီကား၊ ဟာသကားတဲ့၊ သူမ လက်မှတ်ဝယ်တုန်းက အသေအချာရွေးဖြတ်ခဲ့တာကို….။ ဒါဆို…..။ ဘာမှားနေသလဲ။ ရုံထဲမှာတုန်းက လူတွေ ငိုနေခဲ့ကြတာမဟုတ်ဘူးလားဟင်။ မင်းသားက ထားရစ်ခဲ့လို့ အသည်းတွေပက်ပက်စက်စက်ကွဲပြနေတဲ့ မင်းသမီးကရော….။ သူမ အသေအချာ ကြည့်ခဲ့ရတာပဲ။ ဘုရားရေ….။ သက်သေပြစရာ သူမမျက်ရည်တွေက သွေ့ခြောက်သွားခဲ့ပြီ။ သူမခေါင်းကိုသာ တွင်တွင်ခါရမ်းလိုက်မိတယ်။ တစ်ခုခုတော့ လွဲနေပြီ။ အသေအချာ လွဲနေပြီပဲ။

စိတ်ရှုပ်ရှုပ်နဲ့ ဘောင်းဘီအိတ်ထဲက ဟန်းဖုန်းကိုထုတ်ပြီး သီချင်းတစ်ပုဒ်ကို ရီပိမုဒ်နဲ့ ရွေးချယ်နားထောင် လိုက်တယ်။ ရတနာမိုင်….အဲ့ဒီခဏ…..။

     အဲဒီခဏဟာ စိတ်နဲ့မကပ်တဲ့ည မြင်ကွင်းတစ်ခုက ငါ့နှလုံးသားလေး ပြို လဲစေတာ…..
အဲဒီခဏဟာ မင်းကိုဆုံးရှုံးပြီ….ငါသိလိုက်ပြီ…..
နောက်ထပ်ဆက်ရန် ဘာမှ မရှိ  အချစ်လေး…နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်…..
ခံစားရူးသွပ်စေသော အသဲကွဲတဲ့ ဝတ္ထုမျိုး…..ရုပ်ရှင်ကြည့်တာ အသက်ရှူပိုကြပ် ဇာတ်လမ်းများနဲ့ ငါ့အတွေးက တစ်ခြားစီ ရောငိုလိုက်…. ♭♩

ဆက်လျှောက်တယ်။ မှောင်နေတဲ့ လမ်းတွေပေါ်မှာ လမ်းမီးရောင်ဝါဝါတစ်ခုနဲ့တင် အားပြုဆက်လျှောက်…..။ လေအေးအေးတွေက သူမမျက်နှာပေါ် ထိုးခွဲလို့။ ဆက်လျှောက်….။ သူမ ခြေလှမ်းတွေကို မြှင့်လို့ ဆက်လျှောက်လိုက်တယ်။ သူမ ပင်ပမ်းလှပြီ။ ဘဝဟာ တိုတောင်းသလောက် ရှည်လျားလှတဲ့အလွမ်းတွေနဲ့ သူမ မသေရုံတမယ်။ Pull yourself together လို့ အကြိမ်ကြိမ် နှုတ်တိုက်ရွတ်ဆိုလျက်က သူမအစိတ်အပိုင်းတွေ ပဲ့ပဲ့ကျနေတာကို သူမ လိုက်ကောက်နေရပေါင်း များလှပြီ။

နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်….. နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်…..
နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်…..….

အိမ်ရောက်တော့ အခန်းတံခါးကို သော့ဖွင့်ဝင်ရင်း ကျောပေါ်ကအိတ်ကို ချ၊ ဘောင်းဘီအိတ်ထဲက ဟန်းဖုန်းကိုထုတ်၊ ကျင့်သားရနေတဲ့လက်တွေက ဖုန်းဘက်ထရီချာ့ဂျာကို လှမ်းတယ်။ ပါဝါခလုတ်ကို ဖွင့်လိုက်တော့ ဖုန်းမျက်နှာပြင်မှာ တွေ့ရမယ့် ဓါတ်ခဲပုံလေးက ဖျတ်ကနဲ ပေါ်မလာဘူး။ ဘလက်အောက်ဖြစ်နေတုန်း….။

သူမ နည်းနည်းထူးဆန်းသလို ခံစားလိုက်ရတယ်။ မဟုတ်သေးပါဘူး။ နားကြပ်ကလေးက သူ့အိတ်လေးထဲမှာ အခွေမပျက် ရှိနေတုန်း။ သူမ သတိရပြီ။ ရုပ်ရှင်ပြကာနီး ဖုန်းကို ဆိုင်းလင့်မုမှာပြောင်းထားဖို့၊ အသံဖျောက်ဖို့လုပ်တုန်းက ဘက်ထရီကုန်နေတယ်ဆိုတာ သူမ သတိထားမိခဲ့သေးတာ။ အဲ့ဒီတုန်းကတည်းက ဘက်ထရီကုန်နေခဲ့တာ ဟုတ်တယ်။ ဟင့်အင်း  ခုနက အိမ်အပြန်လမ်းမှာ သူမ သီချင်းနားထောင်နေခဲ့သေးတာရော….။ သီချင်းသံ သူမ အသေအချာကြားနေခဲ့တာ။ မဟုတ်ဘူး။ မဟုတ်သေးဘူး။ ဖုန်းက ဘက်ထရီကုန်နေတဲ့ဟာ…..။ တစ်ခုခုတော့ အသေအချာကြီး မှားယွင်းလို့ နေခဲ့ပြီ။

သူမခေါင်းတွေတစ်ခုလုံး အုံလာခဲ့တယ်။ အရာရာဟာ စံနစ်တကျ သေသေချာချာကြီး မှားယွင်းလို့….။
ဆေးပြားဝါဝါလေးတွေ နှစ်ပြားကို ရေအေးအေးနဲ့ သောက်ချလိုက်တယ်။ ဘာကိုမှ သူမ မသိချင်၊ မတွေးချင် အဖြေရှာမနေချင်တော့။ သူမကိုယ်တိုင် အမှားအယွင်းတွေနဲ့ အသားကျနေတာလည်းဖြစ်မယ်။

(၂)
မနက် ၆နာရီမှာ မြည်နေကျနှိုးစက်သံနဲ့ သူမ နိုးထလာခဲ့တယ်။ ညတုန်းက အဝတ်အစားတွေနဲ့ပဲ။ သူမရေချိုးခန်း ဝင်လိုက်တယ်။ မှန်တင်ခုံရှေ့ထိုင်လိုက်တယ်ဆိုရင်ပဲ သူမသွေးတွေက အသစ်ဖြစ်လာပြန်။ မျက်နှာတစ်ခုလုံးကတော့ ဆိုးဆိုးဝါးဝါး ပိန်ချိုင့်လို့၊ မျက်တွင်းနက်နက်တွေက မှောင်လို့၊ မျက်ခွံတွေက ယောင်ကိုင်းမို့အစ်လို့၊ အိပ်မပျော်ခင်အထိ သူမခေါင်းအုံးတစ်ခြမ်းစိုနေတာ သူမဘယ်ဘက်ပါးပြင်က သိတယ်။

မှန်ထဲကို ဖျတ်ကနဲကြည့်ရင်း သူမ ပြုံးလိုက်တယ်။ ကျေကျေနပ်နပ်ပဲ။ နဖူးစပ်က ဆံပင်တွေကို ပင့်တင်လိုက်တော့ ဆံနွယ်တွေနဲ့နဖူးပြင် ထိစပ်ရာလိုင်းတစ်လျှောက်မှာ ဆက်ရာကလေးတွေရှိနေတယ်။ သူမမေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာလည်း တူတူပဲ။ သူမရဲ့ လက်မနှစ်ဘက်ကို မေးစေ့အောက်ကနေ အသာလေးပင့်တင်ပြီး အပေါ်ကို အလိုက်သင့်ဆွဲခွာချွတ်လိုက်တော့ နဖူးစပ်အထိ အရေပြားတွေက အချပ်လိုက် ကွာကျသွားတယ်။ အသစ်ပေါ်လာတဲ့ မျက်နှာပြင်က တက်ကြွလန်းဆန်းလို့။ မနက်ဖြန်များစွာကို ယုံကြည်မှုအပြည့်နဲ့ စိမ်ခေါ်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မိန်းမ….။

(၃)
တစ်ညလုံး မှားယွင်းရူးသွပ်ခဲ့တဲ့ မိန်းမတစ်ယောက်ဟာ သူမ မဟုတ်သလိုလို…….





Sunday, August 3, 2014

လတ်ချမီးအဘိဓမ္မာ



ကျွန်မတို့အိမ်ကို လတ်ချမီးရောက်တုန်းက အပျို၊၊ ရောက်ပြီး သုံးနှစ်လောက်ကြာမှ အိမ်နားက မောင်ထွန်းမြတ်နဲ့ အိမ်ထောင်ကျသွားခဲ့တာ။ ခုတော့ လတ်ချမီးက ကလေးတစ်ယောက်တောင် ရနေပြီ။ လတ်ချမီးက ကုလားမလေးဆိုပေမဲ့ အမည်းကြီးထဲက မဟုတ်ဘူး၊ ညိုစိမ့်စိမ့်လေးရယ်။ လတ်ချမီးအဘိုးက စစ်လက်ကျန်ကုလား။ မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး လတ်ချမီးတို့အမေကို မွေးခဲ့တာ။ လတ်ချမီးတို့အမေက မြန်မာယောကျာ်းကို ယူပြန်တော့ လတ်ချမီးမှာက ကုလားသွေးရယ်လို့ တစ်မတ်ဖိုးလောက်ပါတော့တာ။

လတ်ချမီးဟာ ကုလားမလေးသာဆိုတယ် ကမ္မဝါဖတ်တော့မယ့်အတိုင်း။ ပြောလိုက်မှဖြင့် တကယ့် ထိပ်။

“အစ်မရယ်  လတ်ချမီးလေ ဗုဒ္ဒဘာသာဝင် စစ်စစ်နော်၊  မိရိုးဖလာမဟုတ်ဘူး။ ကံ ကံ၏အကျိုးပေးဆိုတာကို ယုံတယ်နော်၊ ဒါပေမဲ့လေ ကံကိုယုံ၍ ဆူးပုံနင်းမယ့်သူတော့ လတ်ချမီးမဟုတ်  နော်  အစ်မ”

“အေ ညည်းကလည်းလေ ပြောမဲ့ဟာသာ ပြောစမ်းပါ။ ကတည်း အပျိုးနဲ့တင် ထန်းဖျားကို အတော်လေးရောက်နေပြီ”

“အိမ်က ကိုထွန်းမြတ်ရယ်လေ၊ သူ့အင်္ကျီလေးတစ်ထည် မီးပူကျွမ်းသွားလို့ ပူဆွေးနေလိုက်တာ။ နောက်တစ်ထည် အသစ်ဝယ်ပေးမှာပေါ့ဆိုလည်း မရဘူး။  မီးပူသာမကျွမ်းရင် နှစ်ထည်ရှိလာရမှာဆိုတဲ့ လူစားမျိုး အစ်မရဲ့ ခက်တယ်”

“အဲဒါနဲ့ ညည်း ကံ ကံ၏အကျိုးနဲ့ ဘာဆိုင်တုန်း  ညည်းဟာက”

“သြော်  အစ်မရယ် ဘယ်ပစ္စည်းမဆို အချိန်တန်လာရင် ပျက်စီးရတာပဲလေ၊ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းများဆို ကွဲမယ် ရှမယ်၊  မီးကျွမ်းတတ်တဲ့ပစ္စည်းဆို မီးကျွမ်းမယ် ဒီလိုမဟုတ်လား၊ သူ့ဖြစ်ရ ပျက်ရမဲ့ ကံအတိုင်းပေါ့၊ အနတ္တ သူ့သဘောသူဆောင်တယ်လေ အစ်မရဲ့”

“အေးလေ အဲဒီတော့”

“အဲဒီတော့ အင်္ကျီဟာလည်း မီကျွမ်းချိန်တန်လို့ ကျွမ်းရပါသည်ပေါ့  အစ်မရဲ့၊  ဒီနေရာမှာ လတ်ချမီးမကလို့ မိုးပေါ်က နတ်သမီးပဲ ဆင်းတိုက်တိုက် ကျွမ်းမှာပဲ ဟီးဟီး”

“နေပါဦး ညည်းကရော ခါတိုင်းတိုက်နေကျဟာကို ဘာကြောင့် အဲ့လောက်နမော်နမဲ့ နိုင်ရတာတုန်း”

“ကိုရီးယားကား အဲလေ တီဗီကြည့်ရင်းနဲ့ ကောင်းခန်းရောက်တော့ မေ့ပြီး မီးပူကိုထောင်ထားရမဲ့ဟာ  အပြားလိုက် ချထားလိုက်မိလို့လေ အစ်မရဲ့ အဟီး”

“ဖြစ်ရမယ် လတ်ချမီးတို့ကတော့လေ”

အဲဒီလိုပဲ လတ်ချမီးတစ်ယောက်ဟာ တခါတလေ ဟုတ်တော့မလိုလို ဟုတ်တော့မလိုလိုနဲ့ နောက်ဆုံးတော့ မဖြစ်မခြောက်လုပ်တော့တာ။

လတ်ချမီးက သူ့အဖေပေးခဲ့တဲ့ သီတာထွေးဆိုတဲ့ နာမည်ကို သိပ်ကြိုက်တာ။ ပြောရရင် သီတာထွေးဆိုတာ မှတ်ပုံတင်ထဲသာရှိပြီး အပြင်မှာ လတ်ချမီးပဲ တွင်နေတာ။ သူကတော့ လူထူပြီဆို သီတာထွေးကလေ သီတာထွေးကလေနဲ့ ပါးစပ်ဖျားက မချ ပြောတော့တာ။ သူ ဘယ်လိုပဲ သီတာထွေး ထွေး၊  လူတွေကလည်း လတ်ချမီး လတ်ချမီးနဲ့ တမီးထဲ မီးတာပဲ။ မသိရင်ဖြင့် လတ်ချမီးနဲ့ သီတာထွေးဟာ နှစ်ယောက်လိုလို ဘာလိုလို….။

လတ်ချမီးအပျိုတုန်းက ကျွန်မတို့အိမ်မှာ အိပ်ပေမဲ့ အိမ်ထောင်ကျသွားကတည်းက မနက်လာ ညပြန်ပဲ။ သူ့မှာ အကျင့်ကောင်းကလေးတွေ ရှိတယ်။ ဈေးဘိုးမခိုးဘူး၊  ဟင်းခိုးမစားတတ်ဘူး။ လိမ်မပြောတတ်ဘူး၊ စကားပြောရင်တော့ ပိဿလေးဘေးပစ်၊ တုတ်ထိုးအိုးပေါက် ပြောတတ်တယ်။ နေ့လည်နေ့ခင်းအချိန်အားတွေမှာ လတ်ချမီးက စက္ကူအိတ်ကလေးတွေ ယူချိုးတယ်။ တစ်ဘက်တစ်လမ်းက ငွေဝင်တာပေါ့လေ။ ကျွန်မတို့ကလည်း ဘာမှပြောမနေပါဘူး၊ အိမ်အလုပ်တွေ ထောင့်စေ့အောင်လုပ်ရင်ပြီးတာပဲကိုး။ အဲ့ဒီစက္ကူအိတ်လေးတွေသွားသွင်းတဲ့ စတိုးဆိုင်ပိုင်ရှင်က လတ်ချမီးကို ချိတ်တိတ်တိတ်ဆိုတော့ တကယ်များ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ်ဆိုလို့ကတော့ ကျွန်မတို့က သဘောတူပြီးသား။ ဒါကို လတ်ချမီးက ဘာပြောတယ်မှတ်လဲ။

“လူပုံကိုက လမုသီး နားရွက်တပ်ထားတဲ့ရုပ်နဲ့  လတ်ချမီးတို့ ကြိုက်ဖို့ ဝေးပါသေး” တဲ့။ ကြည့် လမုသီး နားရွက်တပ်တဲ့ သူပဲ ပြောတတ်ပလေ။

လက်ဘက်ရည်ဆိုင်က ပလာတာအီကြာကွေးလုပ်တဲ့ ဖိုဆရာတရုပ်ကိုဆိုလည်း “ပေါက်စီ ဖနောင့်နဲ့ပေါက် ခံရတဲ့ ဖြူပြားပြားမျက်နှာနဲ့ အစ်မရာ၊ လတ်ချမီး မကြိုက်ပါဘူး” တဲ့။ ကဲ…ပုံကိုပေါ်ရော။ ဒီလိုနဲ့ လတ်ချမီးတို့ လင်ရွေးလာလိုက်တာ ရုံးစာရေးလေး မောင်ထွန်းမြတ်နဲ့ကျမှ ကျတော်မူတော့တာ။

“အချစ်မှာ ဆင်းရဲတာ ချမ်းသာတာ အဓိက မဟုတ်ပါဘူး အစ်မရာ၊ ညတစ်ရေးနိုး ကိုယ့်လင် ကိုယ်ထကြည့်လို့မှ ပြန်လန့်နေရမဲ့ ရုပ်တော့ မလိုချင်ပေါင်” တဲ့။

 မောင်ထွန်းမြတ်က လူအေးလူရိုး၊  သဘောမနောကောင်းမို့ လတ်ချမီးကံကောင်းတယ် ဆိုရမယ်။ အိမ်ထောင်သက် တစ်နှစ်အပြည့်မှာ မောင်ထွန်းမြတ်က လတ်ချမီးနားထဲကို ရွှေနားပွင့်ကလေးပေါ့၊ ခပ်သေးသေးနားကပ်လေးတစ်ရံ ဆင်ပေးတယ်။ ဒီတော့ မဆိုးဘူး၊ မယားကို ချစ်ရှာတယ် ပြောရမယ်။ ကျွန်မှာကုလား မယားတောသူဆိုတာလို လတ်ချမီးက ကျွန်လိုလည်း လင်ကို အလုပ်အကျွေးပြုတယ်၊ မယားတောသူလိုလည်းပဲ ဝတ္တရားကျေသကိုး။

အဲဒီတုန်းက လတ်ချမီးက သူ့နားက နားကပ်လေးပြတော့ ကျွန်မတို့ ဝမ်းသာကြရတယ်။ သူက လက်ဝတ်တန်ဆာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သူ့အယူအဆကို ပြောသေးတာ။

“အစ်မရာ လတ်ချမီးကလေ ကိုထွန်းမြတ် ဆင်လို့သာပါ။ ပစ္စည်းဥစ္စာရယ်လို့ မမက်မောပါဘူး။ သူဆင်ပေးတော့လည်း မရှိဝမ်းဆာပေါ့လေဆိုပြီး နားမှာ ခဏထားလိုက်ရတဲ့ သဘောပါ။ လိုအပ်တော့ ပေါင်နှံရောင်းချရတာပေါ့နော် အစ်မ”

“ဟယ် လတ်ချမီးရယ် နင့်ဟာက မိန်းမဆိုတာ နားကပ်လေးတစ်ရန်လောက်တော့ ဝတ်ဦးမှပေါ့၊ ဟိုနားဒီနား ပွဲသွားပွဲလာ လူကြည့်ကောင်းရုံလောက်တော့ ဝတ်ရမယ်လေ”

“အာ အစ်မကလည်း လူကြည့်ကောင်းဖို့အတွက်တော့ အစစ်မလိုပါဘူး အစ်မရာ၊ အစ်မ သိလား လတ်ချမီးတို့မှာ ကော့ရွှန်းဂျယ်ဝယ်ရီဆိုတာ ရှိတယ်။ လက်ဝတ်လက်စားအတုတွေလေ။ တစ်ဆင်စာဆို ဘယ်လောက်မှ မရှိဘူး၊ လှလည်း လှတယ်။ ပွဲလည်း တိုးတယ်။ အတုမှန်းတော့ လူသိတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ အစ်မရယ်။ အတုဝတ်နိုင်သူက အတု၊  အစစ်ဝတ်နိုင်သူက အစစ်ပေါ့။ သူ့အထွာနဲ့သူပေါ့”

“လတ်ချမီးကတော့ အတုပဲဝတ်ရလို့ ဝမ်းမနည်းသလို အစစ်ဝတ်နိုင်တဲ့သူတွေကိုလည်း မနာလို မရှိပေါင်၊ သူတို့ကြည့်ပြီး မုဒိတာပွားရတာပေါ့ အစ်မရယ်။ ကုသိုလ်တောင် ရသေးတယ်။ ဒီကြားထဲ အစစ်ဝတ်ထားပြီး မထိန်းသိမ်းတတ်ရင် အန္တာရာယ်တောင် များသေး”

လတ်ချမီးပြောတော့လည်း ဟုတ်သလိုလို၊ အဲဒီကုလားမဟာ ဗမာအစစ်များဆိုလို့ကတော့ ကမ္မဝါတောင်ဖတ်မဲ့ဟာမပါဆိုနေ။ ဘာပဲပြောပြော ကျွန်မမှာ လတ်ချမီးလို အိမ်အကူတစ်ယောက်ရထားတာ အစစအရာရာစိတ်ချရပြီး အိမ်လုံတာမို့ လတ်ချမီးအပေါ် သွေးသားရင်းလိုတောင် ချစ်ခင်နေမိရတာပါပဲ။

@@@@@@@@@@@@@@@@@@@@@@

တစ်ရက်မတော့ လတ်ချမီးက လမ်းကနေ သူကောက်ရလာတဲ့ ဆွဲကြိုးကလေးတစ်ကုံး ကျွန်မတို့ကို လာပြတယ်။ လော့ကတ်သီးကလေးတောင် ပါသေး။ လက်နဲ့ ဆ ကြည့်လိုက်တဲ့အခါ ခပ်စီးစီးကလေးရှိတာမို့ တကယ့်ရွှေအစစ်လို့တောင် ထင်ချင်စရာ။ ဒါပေမဲ့ ကျွန်မတို့က တစ်သက်လုံး ပစ္စည်းအစစ်ဝတ်လာတာမို့ အတုမှန်းသိတယ်။ ဒါနဲ့ လတ်ချမီးကို ပြောရတယ်။

“အတုကြီးပါဟဲ့ လတ်ချမီးရဲ့။  သွားပြန်ရောင်းမိမှ အင်လာထုတယ်ဆိုပြီး ညည်း အချုပ်ထဲရောက်နေပါ့မယ်အေ”

“ဟုတ်လား အစ်မ၊ လတ်ချမီးကလည်း သွားမရောင်းပါဘူး အစ်မရယ်။ နားက နားကပ်လေးရယ်၊ ဟော ခု နောက်ထပ် ဆွဲကြိုးလေးရယ်ဆိုတော့ ပွဲတက်ဖို့ အတော်အဆင်ပြေသွားပြီ ဟီးဟီး”

“နင့်ဟာက အတုကြီးပါဆိုမှ”

“ဘာဖြစ်လဲ အစ်မရယ်၊  အတုဆိုတော့ လတ်ချမီး ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးရှိသလို ကျပျောက်တဲ့သူလည်း သိပ်မနှမျောရဘူးပေါ့  အစ်မရဲ့။  အစစ်ဆိုရင်တောင် နှမျောလွန်းလို့  ကျပျောက်တဲ့သူခမျာ ပူလောင်နေရဦးမယ်”

“ဒါတော့ ညည်းအယူအဆပေါ့အေ။ တို့ကတော့ တစ်သက်လုံး အစစ်ဝတ်လာတာ။  အစစ်ဝတ်မှပဲ လူက နေသာထိုင်သာရှိတာ။ ရင်အေးတာ။  စိတ်ချလက်ချရှိတာ။  အတုကြီးဝတ်ထားရင် လူက မလုံမလဲ၊ ရှက်သလိုလို ဘာလိုလိုနဲ့”

“အစ်မရယ် ဘာမလုံစရာ ရှိသလဲလို့၊  တုတု စစ်စစ် ကိုယ့်ပစ္စည်း ကိုယ့်ကိုယ်ပေါ်  တင်တဲ့ဟာပဲ။ တကယ်ဆို အစစ်က မှ ပူလောင်တာ အစ်မရဲ့။  များများပိုင်ဆိုင်လေ များများပူလောင်လေ။ တောင်မြို့ဆရာတော်ကြီး ရေးထားတဲ့ စာအုပ်ထဲမှာ လူတွေဟာ ပိုင်ဆိုင်မှုများလေလေ၊  အနားမှာ ပုံထားတဲ့ မီးပုံကြီးက ပိုကြီးလေလေပဲတဲ့၊ လတ်ချမီးတို့ကျ ဘာမီးပုံမှ မပိုင်တော့ အေးချမ်းပါ့၊  အပူဆိုတာ ငရဲဓါတ်၊ အအေးဆိုတာက နိဗ္ဗာန်ဓါတ်တဲ့ အစ်မရဲ့”

လတ်ချမီးက အဲဒီလို….ကုလားမ။

@@@@@@@@@@@@@@@@@@@@@@

“အစ်မရေ လတ်ချမီး ဈေးက ပြန်လာပါပြီ။  ဒီနေ့လေ အစ်မကို ငါးနုသန်းရေချိုလေးကို ရှမ်းနံနံလေးအုပ်ပြီး ချက်ကျွေးမယ် သိလား။ နောက်ပြီး ပုဇွန်ချဉ်လေး သုတ်မယ်။ အရည်သောက်ကို ပဲနီလေး ဆူးပုပ်ခတ်မယ်။ တို့အစ်မတော့ လျှာရင်းမြက်ဖို့သာ ပြင်ထား”

“ဟမ်  အစ်မ မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်နေတာလဲ။ ရေမိုးလည်း မချိုးရသေးဘူး၊ အလုပ်တိုက် မသွားဘူးလား ဒီနေ့”

ကျွန်မ လတ်ချမီးကို ဘာပြန်ပြောရမယ် မသိပါ။ မနေ့ညက ဆေးခန်းကို ဆိုက်ကားနဲ့အသွား လည်ပင်းက ဆွဲကြိုး ဘယ်နားကျခဲ့မှန်းမသိ။ ဆွဲကြိုးက ပုဇွန်ထုပ်ချိတ်ကလေးပဲ့နေတာ သတိထားမိပေမဲ့ ဒီလောက်မြန်မြန် ကျိုးမယ် ထင်မထားခဲ့။  ခုတော့ ကျပျောက်ခဲ့ရပြီ။

ဖြစ်ကြောင်းကုန်စင်ကို သိတော့ လတ်ချမီးက စိတ်မကောင်းဟန်နဲ့ပေမဲ့ ခပ်သာသာ ရယ်မောရင်းဆိုတယ်။

“ကဲ လတ်ချမီး မပြောဘူးလား အစ်မ၊ ဒီနေရာမှာ အစ်မဆွဲကြိုးက အတုသာဆို အစ်မ ဒီလိုဘယ်ခံစားနေရမလဲ။ အေးဆေးပဲ နောက်တစ်ကုံး ထပ်ဝယ်လိုက်မှာပေါ့။  ခုတော့ လက်ဝတ်ရတနာ အစစ်ပိုင်ရတာ ဘယ်လောက် ဒုက္ခပေးတယ်၊ ပူလောင်တယ်ဆိုတာကို သိပြီလား အစ်မ၊  ဟိဟိ လတ်ချမီးတို့ အတုပိုင်တာ ဒီနေရာမှာ စိတ်အေးရတာပဲ”

“တော်စမ်းပါ လတ်ချမီးရယ် ငါ စိတ်ညစ်နေရတဲ့အထဲ၊  နင့်ဟာနင် ဟင်းချက်မှာ ချက်စမ်းပါ။ ငါလည်း စိတ်ပြေလက်ပျောက် ရေမိုးချိုးပြီး အလုပ်တိုက်သွားမယ်”

“ကောင်းတယ် အစ်မ၊ အလုပ်တိုက်သွား၊  ဒါမှ အလုပ်လုပ်နေတော့ အစ်မ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာ၊ နေ့လည်ကျ ဒရိုင်ဘာနဲ့ ထမင်းချိုင့်ထည့်ပေးလိုက်မယ် အစ်မ။ အဲ့ဒီတော့မှ ငါးနုသန်းအစစ်၊  ပုဇွန်ချဉ်အစစ်နဲ့ ပဲနီလေးဆူးပုပ်ခတ်ဟင်း အစစ်တွေ အစ်မစားကြည့်၊  လတ်ချမီးလက်ရာအစစ်  ဟီးဟီး”

“လတ်ချမီးနော် နင်တော့ သေတော့မယ်၊  ငါ့လက်ဝါးကလည်း အစစ်နော် နင်မြည်းချင်လို့လား”

ဒီတော့မှ လတ်ချမီးက တဟီးဟီးလုပ်ရင်း မီးဖိုချောင် ဝင်တော်မူတယ်။   

ကျွန်မလည်း ရင်နာနာနဲ့ပဲ ဒီတစ်ကြိမ်တော့ လတ်ချမီးပြောတာ ဟုတ်သလိုလိုရှိသားလို့ တွေးရင်းက ရေချိုးခန်းဝင်ဖို့လုပ်ရတယ်။  မီးဖိုချောင်ထဲက လတ်ချမီးမျက်နှာပေး ချဉ်စုတ်စုတ်ကိုတော့ မျက်စောင်းတစ်ချက် ထိုးဖြစ်အောင် လှမ်းထိုးလိုက်ရသေးတယ်။

ဗမာသာဆို ကမ္မဝါတောင် ကျွတ်ကျွတ်မြည်ဝါးစားမဲ့ကုလားမ…..  
အတုမ….




ဒီဝတ္ထုတိုလေးကို စာရေးသူညီမငယ်အိန်ဂျယ်လှိုင် စီစဉ်ထုတ်ဝေတဲ့ "ကကြိုးနှစ်ဆယ့်တစ်"ဆိုတဲ့ စာအုပ်လေးထဲမှာ ပါဝင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်ရှင့်။

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...