Wednesday, July 23, 2014

မကြင်စော အုန်းစတိုင်



(က)

ဘယ်အချိန် ရှိနေပြီလဲ။ အနွဲ့တစ်ယောက်ဟာ ခုထိ အိမ်ပြန်မလာသေးဘူး။ သူ့ဒရင်းဘက်ကြီးပေါ် လှဲနေရာကနေ မျက်နှာကို အိမ်ပေါက်ဝလှမ်းငေးရင်း မကြင်စောတစ်ယောက် စိတ်တွေတိုနေမိတယ်။ ဒီချွေးမနဲ့တော့ အတော်ကို ခက်တယ်။ ခက်တာမှ တော်တော့်ကိုခက်တာ။ ခက်ပေမဲ့လည်း ခုမှတော့ ကိုယ်ပျိုးထားတဲ့မီး ကိုယ်နိုင်အောင် ညှိမ်းပေတော့လို့သာ သဘောထားရင်း ကြွက်မနိုင် ကျီ မီးနဲ့ရှို့နေရတော့တယ်။ ချွေးမလုပ်သူကို ဒေါသထွက်တိုင်း မြေးတွေကိုပဲ စောင်းမြောင်း ဆူပူနေရတော့တာပဲ။ မတတ်နိုင်ဘူးလေ၊ ခုချိန်မှာ ကိုယ်က သူ့တစ်ပြန်အားကိုးနေရတဲ့ လူအိုတစ်ယောက်။ အိုမင်းပြီးနောက် မစွမ်းနိုင်တော့တဲ့ဘ၀ မဟုတ်လား။

(ခ)

မကြင်စောသားအကြီးကောင် မိန်းမယူလာတော့ တွေ့တွေ့ချင်းပဲ သူ့ချွေးမအနွဲ့ကို သူ သိပ်သဘောကျခဲ့တာ။ ဒူးကောက်ကွေးထိတဲ့ ဆံပင်ရှည် အုံကောင်းကောင်းနဲ့ အသားဖြူဖြူ အရပ်အမောင်းကောင်းကောင်း ချွေးမချော အနွဲ့ကို မြင်မြင်ချင်း သူရော ကိုဘအုန်းရော ချစ်ခင်နှစ်သက်စိတ်တွေ တဖွားဖွား ပေါ်ခဲ့တာပေါ့။

သားကြီးမိန်းမရချိန်မှာ မကြင်စောသမီးအငယ်နှစ်ယောက်က အိမ်ထောင် မကျသေးဘူး။ ဒီတော့အိမ်မှာ ယောင်းမနှစ်ယောက် ရယ်၊ မကြင်စောတို့ လင်မယားရယ်၊ မြေးကလေးတွေရယ်အတွက်ကို အနွဲ့ကပဲ ဗာယီရတွေ သိမ်းကျုံးလုပ်ရှာတာ။ မနက်ဆို ယောကျာ်းအတွက်၊ ယောင်းမ နှစ်ယောက်အတွက်၊ ကလေးတွေအတွက် ကျောင်းထမင်းဘူး ပြင်ဆင်၊ ဈေးသွား ချက်ပြုတ်၊ အိမ်ရှင်း၊ လျှော်ဖွတ်တွေကို အနွဲ့ပဲ ဒိုင်ခံ လုပ်နေကျ။ အဲသလို အတူနေကြတော့မှ ရုပ်ရည်တင်မက အိမ်မှုကိစ္စပါနိုင်နင်းတဲ့ချွေးမမို့ မကြင်စောခေါင်းပေါ်တင်ထားခဲ့မိတာ မကြင်စောအပြစ်လား။

တခါတခါ သားလုပ်သူက သောက်ထားစားထားပြီး အိမ်ပြန်လာလို့မှ သွေးဆိုးပြီး သူ့မိန်းမအနွဲ့ကို ရိုက်လားနှက်လား လုပ်တဲ့အခါ မကြင်စောက အနွဲ့ဘက်ကနေ သားလုပ်သူကို ပုန်ကန်တော့တာ။ အဲဒီအချိန်က ကိုဘအုန်း သေရှာပြီမို့ ဒင်း ကံကောင်းတယ်မှတ်။ ဒင်းအဖေများရှိလို့က အဲသလို သူများသားသမီးယူပြီးမှ ရိုက်နှက်နေလို့ကတော့ ကောင်းကောင်း ဆုံးမပြီးသားပဲ။ ဘယ့်နှယ် ကိုဘအုန်းတို့များ တစ်သက်နဲ့တစ်ကိုယ် ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမများ လက်ဖျားနဲ့တောင် မတို့ပေါင်။ ဘာမဆို အစောသဘော အစောသဘောဆိုတာချည်းပဲ။

မကြင်စောက ပွဲသိပ်ကြိုက်တာ။ ဘုရားပွဲမှာ မြို့တော်သိန်းအောင်တို့၊ ဘီအီးဒီအောင်သိုက်တို့ ဇာတ်ပွဲများ လာလို့ကတော့ မိုးအလင်းကြည့်တာပဲ။ ကိုဘအုန်းက ညနေစောင်းပြီဆိုတာနဲ့ မကြင်စော ပွဲသွားကြည့်ဖို့ အင်္ကျီကို ကိုယ်တိုင်မီးပူတိုက်ပေးတာ။ ခုခေတ်လို အလွယ်မဟုတ်ဘူး။ ကြေးမီးပူနဲ့တိုက်ရတာ။ မီးသွေးတွေ ရဲလာအောင် သွပ်ပြားပေါ်မှာ မွှေးပြီးမှ ကြေးမီးပူထဲ ထည့်၊ ဘေးမှာ မီးပူတင်ဖို့ မီးညှပ်တစ်ချောင်းကို ကန့်လန့်လှဲချထားသေးတာ၊ ပြီးမှ အညာစောင်တစ်ထည်ကို ခပ်ထူထူခင်းပြီး တိုက်ရတာ။ ဘော်လီအင်္ကျီကြိုးကအစ ပြန့်နေအောင်တိုက်တဲ့နေရာမှာတော့ ကိုဘအုန်းဟာ မကြင်စောထက်တောင်သာသေး။ ကိုဘအုန်းအကြောင်း ပြောရရင်တော့ အစစအရာရာ သတိရစရာတွေချည်းပါပဲလေ။

ခုတော့ ကိုဘအုန်း သေရှာပြီ။ သားအကြီးကောင်လည်း သေရှာပြီ။ မနက်လင်းအားကြီး အိမ်သာထဲ ချော်လဲရာက သတိလစ်သွားလိုက်တာ သေသာသွားရော သတိကို ပြန်လည်မလာတော့တာ။ ဦးနှောက်သွေးကြောပြတ်တယ် ပြောတာပဲ။ အနွဲ့မှာ နှစ်နှစ် တစ်သားနှုန်းနဲ့ မွေးထားတဲ့ ကလေးငါးယောက်နဲ့ ကျန်ခဲ့ရှာတယ်။ ကံကောင်းတာက မြေးအကြီးကောင် အလုပ်အခြေကျပြီးတဲ့ အချိန်မှာမှ သားကြီးက ဆုံးသွားတာမို့လို့ပဲ။ မကြင်စောမှာဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့လိုပဲ ဘ၀တူမုဆိုးမဖြစ်သွားရရှာတဲ့ ချွေးမအပေါ် သနားမဆုံးဘူး။ တို့သားအမိနှစ်ယောက် ကံတူအကျိုးပေးတွေပါအေလို့ ခဏခဏ ပြောလေ့ရှိတယ်။

အဲသလို ပြောလို့မှ မဆုံးသေးဘူး၊ အနွဲ့ဟာ အချိုးပြောင်းလာတယ်။ ကလေးငါးယောက်မွေးပြီးလို့ ခါးလည်လောက်ကျန်တော့တဲ့ ဆံပင်ကို ဂုတ်ဝဲညှပ်ချပစ်လိုက်တယ်။ မကြင်စောစိတ်ထဲ စိတ်ပြေလက်ပျောက် လုပ်ပါစေလေ လို့ပဲ သဘောထားခဲ့တယ်။ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ အပြင်ထွက်တာတွေ များလာတော့ အနွဲ့စိတ်ပြေလက်ပျောက်ဟာဖြင့် အတော်ကလေးတော့ လွန်ပြီလို့ တွေးမိစပြုလာတယ်။ သမီးအကြီးမက မီးဖိုချောင်မျက်စေ့လွှဲနေရပြီမို့ အနွဲ့တို့ ပိုလွတ်တာလည်း ပါမယ်။ သားအကြီးကောင်ကလည်း သူ့အမေကို ဂျပန်ကနေ တစ်လ ငွေဆယ်သိန်း ပို့တယ်။ နည်းသလား အဲဒီငွေ။ ဒါလည်းပဲ အနွဲ့မှာ သုံးမလောက်နိုင်ဘူး။

ရပ်ကွက်ထဲ ဟိုအသင်းဒီအသင်းဝင်လား ၀င်ရဲ့။ မိန်းမဖော်တွေ တလွှားလွှားနဲ့ သွားလာနေလိုက်ကြတာ။ ကိစ္စရှိလို့ အပြင်ထွက်ရာကနေ နောက်တော့ အလကားနေရင်းကို လည်ပတ်တဲ့အထိဖြစ်လာ၊ နေကုန်နေခမ်း အိုးပစ်အိမ်ပစ်သွားလာနေပြန်တော့ မကြင်စော ပြောရပြီ။ ပြောတိုင်းလည်း အရင်လို မျက်နှာသေလေးနဲ့ ငြိမ် နားထောင်နေတတ်တဲ့ အနွဲ့ မဟုတ်တော့ဘူးဆိုတော့ စကားများရတာပဲ အဖပ်တင်တယ်။ နောက်ဆုံးတော့ မကြင်စော မောပြီ။ အနွဲ့ကြည့်ရတာ ဖိလွန်းလို့ ကြွသလိုပဲ။ အရင်က အိမ်ထဲမှာပဲ အောင်းနေရ၊ အိမ်မှုကိစ္စတွေနဲ့ပဲ လုံးချာလိုက်နေရတာကနေ ခု အပြင်လောကထဲလည်း ရောက်ရော ဇောင်းထဲကမြင်း လွှတ်လိုက်သလို။ ကြာတော့ အကျင့်ဖြစ်လာတယ်။ ထုံလာတယ်။ မွေ့လာတယ်။

မြေးအကြီးကောင် ဂျပန်ကပို့ငွေ မလောက်တဲ့အပြင် ဖွားအေအတွက် ကန်တော့တာဆိုပြီး နှစ်လ တစ်ခါလောက် တစ်သိန်း တစ်သိန်း ပို့တဲ့ငွေတွေ မကြင်စောစုထားတာလေးတွေကိုတောင် မျက်စောင်းထိုးလာတာ။ အမေ ခဏပေးပါဦး အမေ့မြေး နောက်လပို့တော့ ပြန်ဆပ်ပါ့မယ်ဆိုလာသေး။ ဒီလောက်ငွေတွေ မလောက်အောင်များ အနွဲ့ ဘာလုပ်နေသလဲ မှတ်တာ၊ နောက်မှ နှစ်လုံးထီဒိုင်ခွဲကိုင်နေသတဲ့၊ ထိုးသားက ထိုးဂဏန်းပေါက်သွားတာ ဒိုင်ကြီးမှာ မထိုးထားလိုက်မိလို့ စိုက်လျော်ရတယ်ဆိုလား။ စာရင်းကို ရှုပ်တာပါ အနွဲ့တစ်ယောက်ဟာ။

ဒီကြားထဲ ယောကျာ်းရလို့ အိမ်ပေါ်ကခွဲဆင်းပြီး ယောကျာ်းနောက်ပါသွားတဲ့ သမီးနှစ်ယောက်က တစ်မျိုး။ မကြင်စောဆီမှာ စုဆောင်းထားတာလေးတွေ ရှိမှန်းသိတော့ လာလာချေးကြတယ်။ သားသမီးဆိုတော့လည်း မကြင်စော မနေနိုင်ပါဘူး။ လိမ်ကျစ်ထားတာလေးတွေ ထုတ်ပေးမိပြန်ရော။ ဒီတော့ အနွဲ့က မျက်စောင်းချိတ်ပြန်ရော။ သူ့သမီးတွေပဲ ပေးတယ် ဖြစ်ပြန်တယ်။ ခက်တယ် ဆူးကြားက ဘူးခါးဘ၀ဆိုတာ မကြင်စောပြောတာ ဖြစ်မယ်…။

(ဂ)

သူထိုင်နေကျ ဒရင်းဘက်ကြီးပေါ်မှာ လှဲအိပ်ချလိုက်ရင်း မကြင်စော အတွေးတွေ ပွားနေမိတယ်။ တစ်နေ့ တစ်နေ့ သူ ဒီလိုပဲ နေလာလိုက်တာ နှစ်ပေါင်း နှစ်ဆယ်တောင် ရှိခဲ့ပြီ။ မနက် ငါးနာရီ အိပ်ရာကထ၊ ဆွမ်းတော်ချက်၊ မျက်နှာသစ် ကိုယ်လက်သန့်စင်၊ ဘုရားပန်း လဲ၊ သောက်တော်ရေကပ် ပြီးတော့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို ကျေးဇူးရှင်များ အိပ်ရေးမပျက်ရအောင်၊ သူတစ်ယောက်ထဲကြားရရုံ တိုးတိုးလေးဖွင့်။ ဆွမ်းကျက်တော့ ထန်းလျက်ပေါက်ပေါက်ဆုတ်လေးနဲ့ ဘုရားကပ်။ ပြီးတာနဲ့ သူ့ဒရင်းဘက်ကြီးပေါ် ပက်လက်လှန်နေရင်း မြေးအငယ်ကောင်နိုး အလာကို စောင့်ရတယ်။ မြေးအငယ်ကောင်နိုးတော့မှ လမ်းထိပ်မှာ မုန့်ဟင်းခါးလေး ခေါက်ဆွဲသုတ်လေးနဲ့ လက်ဘက်ရည်ပါ ၀ယ်ခိုင်းပြီး မနက်စာစားခြင်းအမှုကို ပြုရတယ်။ ပြီးတာနဲ့ တခါ ဒရင်းဘက်ကြီးပေါ် ပက်လက်လှန်ပြီး ပင့်ကိုယ်တော်တွေ ဆွမ်းလောင်းဖို့ စောင့်။ မြေးအကြီးမ ချက်ပြုတ်ပေးတဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းကို သံဃာတော်တွေ လောင်းလှူ၊ ဒါနဆန်များရှင်လာတဲ့အခါ ကြွေရည်သုတ်ဆွမ်းအုပ်ကြီးထဲက ဆန်ကို စတီးလ်ဇွန်း သုံးဇွန်းစီ ခပ်လောင်း၊ ပြီးရင် ဘုရားဆွမ်းတော်စွန့်ပြီး ကျီးလေး စာလေး ကြဲပက်ကျွေးနဲ့။ ဒါပဲ မကြင်စော နိစ္စဓူဝအလုပ်။

တစ်ခါတစ်လေ သူ့မြေးတွေ ကွန်ပြူတာဂိမ်းကစားတာ အနားကနေ ထိုင်ငေး။ မြေးအကြီးမတွေ ကိုရီးယားကားကြည့်ရင် ထိုင်ငေးနဲ့။ တစ်နေ့လုံးလည်း သူ့အလုပ်က ကျီးလှန့်စာခြောက်လောက် ရှိတာ။ အနွဲ့ကတော့ မိုးလင်းမိုးချုပ် လည်လိုက်တာဆိုတာ။ ပြောပြန်ရင်လည်း တကျက်ကျက်နဲ့။ မပြောရင်လည်း မသိဆိုတော့ကာ ပြောနေရတော့တာ။ ခုလည်းပဲ ည ကိုးနာရီကျော်နေပြီ။ ပြန်လာရကောင်းမှန်းမသိဘူး။

ဟော တံခါးဖွင့်သံကြားတယ် အနွဲ့ပြန်လာပြီ။ သူ့မြေးတွေနဲ့အတူ ဘေးနားထိုင်ပြီး ကွန်ပြူတာကြည့်နေရာက သူ့ဒရင်းဘက်ကြီးပေါ် အသာလေး ပြန်လှဲနေလိုက်တယ်။ မနက်က ငါ သိတ်နေမကောင်းချင်ဘူးနော် အနွဲ့၊ ဆေးခန်း သွားပြရအောင် စောစောပြန်လာလို့ မကြင်စော ကုလားမူမူပြီး ပြောခဲ့သေးတာ။ ဒရင်းဘက်ပေါ် မျက်စေ့စုံမှိတ်ရင်း အနွဲ့ဘေးနားက ဖြတ်လာမဲ့ခြေသံကို နားစွင့်ထားလိုက်တယ်။

“အမေ သက်သာရဲ့လား၊ ဆေးခန်းပိတ်သွားပြီထင်တယ်နော် အမေ၊ နွဲ့ နည်းနည်းနောက်ကျသွားတယ် တက်ကစီ မရလို့ အမေရဲ့”

ပြောပြောသွားသွား ဘေးကနေဖြတ်လျှောက်သွားတဲ့ အနွဲ့ထမီခတ်သံကို နားကကြားတယ်။ မျက်လုံးတွေကို သာသာလေး ဖွင့်ကြည့်လိုက်တော့ အနွဲ့က သူ့အခန်းထဲ ၀င်သွားပြီ။ 

နဖူးလေးတောင် လာစမ်းကြည့်ဖော်မရဘူး ဒင်းက....

အသက်ကြီးလာတော့ လူက အလိုလို အပြုစုခံချင်၊ ဂရုစိုက်ခံချင် ဖြစ်လာတယ်နဲ့ တူပါရဲ့။ တွေးရင်းက ၀မ်းနည်းပြီး ဒေါသက ငယ်ထိပ်တက်တော့တယ်။

“ဖွားဖွား လာ လာ ဒီမှာကြည့် အခု ခေတ်စားနေတဲ့ အိုပါး ဂဏန်းစတိုင်လ်ဆိုတဲ့ သီချင်းနဲ့ အက မိုက်တယ် ဒီမှာ”

“နင်တို့က တစ်မျိုး၊ မကြည့်ချင်ပါဘူး။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပြင်ဆင်လည်ပတ်နေတဲ့ နင်တို့အမေရဲ့ အာဂျီးမားစတိုင်လ်ပဲ တစ်နေ့တစ်နေ့ ငါ့မှာ စောင့်ကြည့်မောနေရတယ်။ နင်တို့အမေလည်း မကြင်စောအုန်းစတိုင်လ် ငါ့လက်ဝါးနဲ့ တွေ့မှ၊ ငါရင်လည်း သေပါမှ၊ ဒါမှ အေးမယ်”

အနွဲ့ကြားအောင် အသံကိုမြှင့်အော်ရင်း အနွဲ့အခန်းဘက် မျက်စောင်းလှမ်းထိုးတော့ မြေးတွေက ရယ်ကြတယ်။

ချွေးမ အိမ်ပြန်ရောက်မှ စိတ်ထဲက ပူနေတဲ့အပူလုံးတွေ လျော့ကျသွားပြီး မကြင်စောရဲ့ သလွန်ညောင်စောင်းဖြစ်တဲ့ ဒရင်းဘက်ကြီးပေါ် ပြန်လှဲနေလိုက်တယ်။ 

စိတ်ထဲကတော့  နောက်နေ့မှ မြေးတွေပြောတဲ့ အိုပါးဂဏန်းစတိုင်လ်ဆိုတာကို ကြည့်ဖြစ်အောင် ကြည့်လိုက်ဦးမယ်ရယ် လို့ တေးထားလိုက်တယ်။




  ဒီဝတ္ထုတိုလေးကို "ကြယ်စင်ဆယ့်တစ်" ဆိုတဲ့ ရသစာစုများ ပေါင်းစည်းမှုအဖြစ်ထုတ်ဝေခဲ့တဲ့  စာအုပ်လေးထဲမှာ ကျွန်မ ရေးသားဖြစ်ခဲ့ပါတယ်။ ဖတ်ပြီးကြသူတွေလည်း ပြီးကြမှာပါ။ မဖတ်ရသေးသူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်။


Friday, July 11, 2014

ချစ်ပိုင်ခွင့်



“ဖေဖေ သား  ပြောစရာရှိလို့”

“အေး ဘာပြောမှာလဲသား၊ ပြောလေကွာ”

သား လင်းရောင်ဏီက သူ့အမေတူသူ၊ မြုံစေ့စေ့ အေးစက်စက်နှင့်၊ မလိုအပ်လျှင် ပြောလိုသောစကားကို မျက်လုံးအကြည့်၊ မျက်နှာအမူအယာလောက်နှင့်သာ တစ်ဘက်လူကို သိစေတတ်သူ။ ပေါ့ပေါ့ပါးပါးစကားမျိုးကတော့ သားအဖနှစ်ယောက်ကြား ဘာအခံမှမလိုဘဲ ပြောနေကျမို့ ခုလို သားက ကျွန်တော်နှင့်စကားပြောရန် ပလ္လင်ခံလာခဲ့ပြီဆိုတော့ ဒါဟာ တော်တန်ရုံစကား မဟုတ်နိုင်ပါ။

တနင်္လာ-သောကြာလိုနေ့များမှာ သားအဖနှစ်ယောက်လုံး အဆင်ပြေသလို ကြုံသလို ညစာစားတတ်ခဲ့ကြပေမဲ့ အလုပ်ပိတ်ရက် စနေ-တနင်္ဂနွေတွေမှာတော့ မီးဖိုချောင်အတူဝင်ကာ ချက်ပြုတ်စားသောက်တတ်ကြမြဲမို့ အိမ်မှာ အတူရှိနေတတ်ကြတာများပါသည်။ သည်တော့ သားနှင့်ကျွန်တော့်အကြား ရင်းနှီးမှုက သားနှင့်အဖေဆိုတာထက် အများကြီးပိုလွန်ပါသည်။

သားက အတန်ကြာနှုတ်ဆိတ်နေပြီးမှ ဆုံးဖြတ်ပြီးဟန်နှင့် (စိတ်လှုပ်ရှားပုံ တစ်စက်ကလေးမှမပြဘဲ) ပြောလိုသော စကားကို တောက်လျှောက်ပြောချလိုက်လေသည်။

“သားကို မိန်းမလိုက်တောင်းပေးပါ ဖေဖေ”

“ဟေ”

မျက်ခုံးများမြင့်တက်လျှက် အံ့သြမှုအပြည့်ကျွန်တော့်မျက်နှာကို သားက မျှော်လင့်ထားပြီးဖြစ်သောပုံမျိုးနှင့်သာ တုန့်ပြန်လေသည်။

“ဟ ငါ့သားရာ ဒီခေတ်ကြီးထဲမှာ သားကို ဖေဖေက မိန်းမလိုက်တောင်းပေးနေဖို့ လိုသေးလို့လားကွာ၊ နေပါဦး၊ သားဆိုလိုချင်တာက သားတို့လူငယ်ချင်း အဆင်ပြေနေပြီ၊ ဖေဖေက မိဘချင်း လိုက်နားဖောက်ပေးဖို့  အဲလိုလား”

“မဟုတ်ဘူး ဖေဖေ၊ သူ သားကို ပြန်မဖြေသေးဘူး၊ မိဘသဘောကျရင်တော့ သူ လက်ခံပါမယ် တဲ့”

“ဟေ”

ကျွန်တော့်နောက်တစ်ကြိမ် “ဟေ”မှာတော့ သားမျက်နှာက အနည်းငယ်နီချင်လာလျှက် စိတ်အလှုပ်အရှားစွက်သော သားလက်ချောင်းလေးတွေက ကုလားထိုင်လက်တင်ပေါ် တီးခတ်နေဟန် ကွေးလှုပ်လို့နေခဲ့သည်။

သားရဲ့ခေါင်းကို ကျွန်တော့်လက်ဝါးဖြင့်သာသာအုပ်ကိုင်လျှက် ကြင်နာစွာကြည့်မိတော့ သားမျက်ဝန်းတို့က စိုလက်လာ သယောင်ရှိလေ၏။ တစ်ချိန်တည်းမှာပင် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ခန့်က မင်းကျော်စွာဆိုသော လူငယ်ကလေးကို မျက်စေ့ထဲပြန်မြင်ကာ ကျွန်တော့်နှုတ်ခမ်းမှစကားတို့ သားအတွက် တရစပ်ထွက်ကျ စီးဆင်းလာခဲ့လေတော့သည်။

@@@@@@@@@@@@@@@

အဖြစ်အပျက်အားလုံးတို့သည် မင်းကျော်စွာက နိုင်လဲ့ရည်ကို မြင်မြင်ချင်းမေတ္တာသက်ဝင်ခဲ့မိရာကစသည်ဟု ပြောရမည် ထင်ပါသည်။

သူ ဘာကိုမှ မတွေးနိုင်တော့ပါ။ နိုင်လဲ့ရည်ကို သူ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံး မခံနိုင်။ နိုင်လဲ့ရည်မိဘများထံမှာ တောင်းရမ်းပေးဖို့ ကိုသာ သူ့မိဘများကို တွင်တွင်ပူဆာမိတော့၏။ မငြင်းနိုင်သော အကြောင်းတရားများစွာတို့ကြောင့် သူ့မိဘများ၏ကမ်းလှမ်းချက်ကို နိုင်လဲ့ရည်မိဘများက လက်ခံလိုက်ပြီးချိန်တွင်မူ သူ့ဘဝတစ်ခုလုံး အရာရာပြီးပြည့်စုံလေပြီဟု သူ နှစ်လိုအားရ ပျော်ရွှင်ခဲ့လေသည်။ တကယ်လည်း သူ ပျော်ရွှင်ခဲ့ရပါသည်။ သူချစ်မြတ်နိုးလှသော နိုင်လဲ့ရည် သူ့အနားမှာ အစဉ်ရှိနေခြင်းကပင် သူ့အတွက် အရာရာကုံလုံစွာ။

နိုင်လဲ့ရည်သည် မချက်တတ်မပြုတ်တတ်သော မိန်းကလေး၊ မိဘမျက်စေ့အောက်မှာ ကလေးလို နေထိုင်ကြီးပြင်းလာရသော မိန်းကလေးဖြစ်သည်မို့လား မသိ၊ အိမ်ထောင့်တာဝန်များကို ဘာမှ မလုပ်မကိုင်တတ်ခဲ့။ ကိစ္စမရှိပါ၊ သူ့အတွက်တော့ သူ့အနားမှာ နိုင်လဲ့ရည်ရှိနေလျှင် လုံလောက်ပြီ။

အခါများစွာပင် သူအလုပ်ကပြန်လာမှ နှစ်ယောက်သားအတူ မီးဖိုချောင်ဝင်၊ ချက်ပြုတ်ကြရသည်။ ငါးမကိုင်တတ်သော နိုင်လဲ့ရည်တစ်ယောက် ငါးတစ်ကောင်နှင့် ထိုင်ငိုမတတ်ဖြစ်နေသည်ကို သူ့မှာ ကြည့်ရင်းက ရယ်လည်းရယ်ချင်၊ သနားလည်း သနားကာ သူကိုယ်တိုင်ပဲ ငါးကို ခုတ်ပိုင်း၊ ဆား ဆနွင်း ငံပြာရည်နယ်လျှက် ဆီသတ်ချက်ပြုတ်ပြရတတ်လေသည်။

အဝတ်အထည်များကို စက်ထဲလုံးထွေးထည့်လျှော်မိ၍ အရောင်စွန်းသွားသောသူ့ရှပ်အဖြူများကြောင့် မကြာခဏ ကြေကွဲခဲ့ရ၊ မီးအေးအေးနှင့်တိုက်ရမည့် အထည်စတို့ကို မီးပြင်းနှင့်တိုက်မိသောကြောင့် မီးပူကပ်သွားသည့်အတွက် သူ့မှာ နှမျောလွန်းရခဲ့ဖူးသည်။ သို့သော် နိုင်လဲ့ရည်ကို သူ မဆူရက်ပါ။ ချစ်သောစိတ်တစ်ခုအပြင် အရိပ်တကြည့်ကြည့်နှင့် မြတ်နိုးလွန်းရသောနှစ်လိုစိတ်ကြောင့်သာ နိုင်လဲ့ရည်အပေါ် ဘာတစ်ခုမျှ အပြစ်မြင်၍ မရခဲ့။

သားကလေး မွေးအပြီး၊ တိတိကျကျဆိုရသော် သားကလေး သုံးနှစ်သားလောက်ကျမှ နိုင်လဲ့ရည်က သားသည်မိခင်တစ်ယောက်၊ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် အိမ်မှုကိစ္စများကို နိုင်နင်းလာခဲ့တာဖြစ်လေသည်။ သူ့ဘဝကြီးမှာလည်း အရင်ကထက် ပိုမိုစိုပြည်လာသယောင်ရှိခဲ့သည်။ ဇနီးနှင့် သားနှင့်၊ အိမ်အပြန် ဇနီးသည်ချက်ပြုတ်ထားသော ထမင်းဝိုင်းက အသင့်၊ သားကလေး၏ ချစ်စဖွယ်တီတီတာတာများနှင့်ပေါင်းသော် သူ့တစ်နေ့တာပင်ပန်းသမျှတို့ ပြေပျောက်ခဲ့ရသည်ပင်။

သို့ရာတွင် စိတ်၏ချမ်းသာခြင်းတို့သည် သူ့ထံမှာ ရေရှည်မတည်တံ့ခဲ့။ သားကလေး ဆယ်နှစ်အရွယ်မှာ အပျော်ဟူသမျှတို့ သူ့ဘဝကြီးထဲက နှုတ်ယူခံလိုက်ရလေတော့သည်။ နိုင်လဲ့ရည် သားအိမ်ခေါင်းကင်ဆာနှင့် ဆေးရုံတက်ရချိန်မှာ စခဲ့သည်။ သားကတော့ ဘာမှမသိတတ်သေး။  သူ့မှာသာ….။  ဆုပ်လည်းစူး၊  စားလည်း ရူးမည့်အဖြစ်က သူ့ထံမှာ နေ့နေ့ညညဝင်စားလျှက် တအုံနွေးနွေး ပူလောင်ခဲ့ရသည်ပေ။

နိုင်လဲ့ရည်၏ဒိုင်ယာရီကို ခေါင်းအုံးအောက်မှာတွေ့စဉ်ကတော့ ဘာရယ်မဟုတ်၊ နိုင်လဲ့ရည် နေ့စဉ်မပျက် ရေးသားပါစေ ဆိုသည့်စိတ်နှင့် ဆေးရုံယူသွားရကောင်းနိုး  ခေါင်းအုံးအောက်က အမှတ်မဲ့ထုတ်ယူခဲ့မိခြင်းသာဖြစ်လေသည်။ 

@@@@@@@@@@@@@@@

မောင်….
ကျွန်မ ဒီနေ့ မဂ္ဂဇင်းထဲမှာ မောင့်ဝတ္ထုတိုလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ကောင်မလေးက သူ့ကောင်လေးကို ရေးလိုက်တဲ့စာလေး တဲ့။

မောင် စိတ်ညစ်သွားမှာပါ၊ ကျွန်မက မိန်းမ မပီသဘူး၊ သိမ်မွေ့ယဉ်ကျေးလေသူ မဟုတ်သလို၊ ချိုသာစွာသောစကားကို ဆိုတတ်သူလည်း မဟုတ်ဘူး မောင်......။ ဒီတော့ ကျွန်မနှုတ်ထွက်စကားတွေဟာ အရောင်မဲ့နေတတ်တယ်....။ မလိုအပ်ဘူးထင်ရင် ကျွန်မက ဘာစကားအပိုတွေမှလည်း ပြောနေတတ်သူ မဟုတ်ဘူး။ အတူနေကြလို့ ကြာလာတဲ့အခါ မောင် ကျွန်မကို သေချာပေါက် စိတ်ပျက်သွားမှာပါလေ….
ကျွန်မက မောင့်ကို အမုန်းနဲ့ လမ်းမခွဲချင်သူရယ်…. မေ့လိုက်ကြပါစို့ မောင်ရာ…

မောင့်ရဲ့
N

မောင့်အနား မောင့်ပါး ကပ်လို့ ကျွန်မ မောင့်ကို ပြောခဲ့ဖူးတဲ့စကား။ အဲဒီစာပိုဒ်က မောင် ကျွန်မကို ရည်ရွယ်ရေးခဲ့တာ မဟုတ်လားဟင်  မောင်….

နိုင်
၂၀ ဖေဖော်ဝါရီ

X X X X X X X X X X X X X X X X X X

မောင်ရေ….
သဘာဝတရားကြီးရဲ့ ကုသမှုအောက်မှာ ဒဏ်ရာတွေဟာ အလိုလိုအနာဖေးတက် ကျက်သွားတတ်သတဲ့။ အပေါ်ယံအရေပြားပေါ်က ဒဏ်ရာတွေကို ဆိုလိုဟန်ရှိပါရဲ့လေ။ အတွင်းလှိုက်စားနေတဲ့ အသေများစွာတွေကျတော့ ဘယ်လိုကုကု၊ ဘယ်လိုထွက်ပြေးပြေး အနာ မကျက်နိုင်၊ မလွတ်မြောက်နိုင်ပြန်ဘူးနော်။

နိုင်
၂၇ ဖေဖော်ဝါရီ

X X X X X X X X X X X X X X X X X X

ဘာနဲ့များ လှည့်စားမေ့ပျောက်ထားရပါ့မလဲ၊ မောင် အနားမှာရှိမနေတဲ့ ကျွန်မလက်ရှိဘဝထဲက နေ့စဉ်တွေ ကိုလေ….။ မောင်ရေးသမျှစာတွေကို ကျွန်မက မျက်စေ့နဲ့ဖတ်၊ နားနဲ့ကြားရင်း နှလုံးသားနဲ့ အသေအချာ ခံစားနားလည်နေမိတတ်တော့ ပိုလို့နာကျင်ဖွယ်။ ကျွန်မနဲ့မောင်က ဝေးသွားကြပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်လောက်အောင် သံယောဇဉ်ရှိနေမိကြမှန်း ပိုလို့သေချာသွားခဲ့တော့တာ။  အတူတူဆိုတဲ့စာလုံးပေါင်းကိုမေ့ဖို့က အတော်ခက်လှချည့်။ မေ့ချင်ယောင်ဆောင်ထားလည်းပဲ အချိန်ကျရင် သွေးတွေက တစ်ပတ်ကျော့လာပြန်။ မောင်ရယ်….။
ဟင့်အင်း နောက်ဘဝဆိုတာကို ကျွန်မ မယုံဘူး မောင်…

နိုင်
၀၃ ဧပြီလ

X X X X X X X X X X X X X X X X X X

မောင်ရေ…
မောင့်လုံးချင်းတစ်အုပ်ကို ရုပ်ရှင်ရိုက်ဖို့ဝယ်လိုက်တယ်လို့ ကျွန်မ ကြားရတယ်။ ဝမ်းသာလိုက်တာ မောင်ရယ်။ မောင် တကယ်ပဲ အောင်မြင်နေပြီပေါ့နော်….
မောင် ဆက်လက်အောင်မြင်ပါစေလို့ ကျွန်မ ဆုတောင်းနေပါတယ် မောင်။ ဖြစ်နိုင်ရင် မောင့်အနားမှာ မောင့်လက်ကို ဆုတ်ကိုင်ရင်း ပြောပြချင်လိုက်တာ….

ခုတော့ ရင်ထဲကပဲ ဆုတောင်းပေးနေပါရစေ။  မောင် ကြားနိုင်မှာ မဟုတ်ပေမဲ့လည်းလေ….။

နိုင်
၀၇ မေလ

X X X X X X X X X X X X X X X X X X

မောင်ရေ
ကျွန်မသားကလေး  ကျောင်းစတက်ရတဲ့နေ့တုန်းကအကြောင်း ပြောပြဦးမယ် သိလား၊ သူများကလေးတွေ ငိုယိုနေချိန်မှာ သားက သူ့အဖေကိုရော ကျွန်မကိုရော နှုတ်ဆက်ပြီးတာနဲ့ ကျောင်းခန်းထဲ ချာကနဲ လှည့်ဝင်သွားလိုက်တာများ။ သံယောဇဉ်ပြတ်ပဲ မောင်ရေ။ ကျွန်မနဲ့သူ့အဖေမှာ ငိုရမလို ရယ်ရမလိုရယ်။ သားက သံယောဇဉ်မထားတတ်တဲ့သူများလား၊ ဒါမှမဟုတ် မောင့်လို ခင်တွယ်မှုကို ထုတ်မပြတတ်တဲ့ သွေးအေးသူကလေးများလား….၊ စိတ်မောရတယ် မောင်ရယ်။ အဲဒီ့အခိုက်အတန့်ကလေးမှာ ကျွန်မ မောင့်ကို သတိရနေမိပါရဲ့….

နိုင်
၀၃ ဇွန်လ

X X X X X X X X X X X X X X X X X X

တစ်ချို့ရက်တွေမှာတော့ နိုင်လဲ့ရည်က သားကလေးအကြောင်း၊ သူ့ကျန်းမာရေးအကြောင်း၊ ကျွန်တော့်အကြောင်း နဲ့ ဈေးစာရင်းတွေ၊ အိမ်သုံးစားရိတ်စာရင်းတွေသာ ရေးမှတ်ထားခဲ့သည်။ 

တစ်ချို့စာမျက်နှာတွေမှာတော့ သူ့စာရေးဆရာရဲ့ စာအပိုင်းအစလေးတွေကို မျဉ်းသားကာ ဖြတ်ညှပ်လို့၊ နေ့စွဲထိုးကာ ကပ်ထားတတ်သေး၏။

နိုင်လဲ့ရည်ဒိုင်ယာရီပေါ် ကျွန်တော့်မျက်ရည်တွေ ပေါက်ကနဲကျတော့မှပင် သတိပြန်ဝင်လာကာ ဘေးဘီကို ငဲ့ကြည့်လိုက်မိတော့ သားက ကျောင်းသွားဖို့ကားစောင့်နေရာက ကျွန်တော့်မျက်နှာကို ငေးစိုက်ကြည့်နေခဲ့လေသည်။ 

ဘာမှမဖြစ်သလို မျက်ရည်တွေကို မသိမသာသုတ်လိုက်ကာ ဒိုင်ယာရီကို စားပွဲပေါ်တင်လျှက် သားနှင့် အတူကျောင်းကားစောင့်ရန် ခြံရှေ့အုတ်ခုံပေါ် အသိမဲ့ထိုင်နေခဲ့မိသော နေ့တစ်နေ့ပါပေ။

@@@@@@@@@@@@@@@

ဆရာဝန်ပြောစကားအရ နိုင်လဲ့ရည်၏လက်ကျန်ရက်များက လက်ငါးချောင်းပင် မပြည့်ချင်တော့။ 

 ကျွန်တော့်စိတ်ထဲ တစ်ခုခုကို သေချာသိနေခဲ့သည်။ ညနေလောက်မှာ ကျွန်တော်မျှော်လင့်ထားသော ဖုန်းတစ်ခု ဝင်လာကာ သူ့ကိုယ်သူ မိတ်ဆက်စကားပြောလာခဲ့သူ၊ နိုင်လဲ့ရည်၏ စာရေးဆရာ။ နိုင်လဲ့ရည်၏ အခြေအနေနှင့် ကုတင်နံပါတ် အခန်းနံပါတ်များ သူ့ကို ပြောပြလိုက် တော့ သူ ဒီညနေစောင်းလောက် လာခဲ့မည် ဆိုလေသည်။

သူတို့ ကျွန်တော့်ရှေ့မှာပင် စကားပြောကြသည်။ စကားပြောကြသည်ဆိုခြင်းထက် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးအကြည့်များဖြင့်သာ ပြောဆိုနေကြခြင်းသာ။ နိုင်လဲ့ရည်မှာ လေသံမျှ ပြောထွက်နိုင်တော့သူ။ 

စာရေးဆရာက နိုင်လဲ့ရည်၏လက်ချောင်းကလေးများကို ထွေးဆုပ်ကြင်နာချင်ပုံရသည်။ နိုင်လဲ့ရည်၏ ညာဘက် မျက်ဝန်းထောင့်စွန်းမှ မျက်ရည်တစ်စက် သူမနားထင်ပေါ် လိမ့်ကနဲအဆင်းမှာ မေးကြောတွေတင်းနေအောင် အံကြိတ်ထိန်းထားသည့် စာရေးဆရာ၏မျက်ဝန်းများကို ကျွန်တော် လက်ကနဲ တွေ့လိုက်ရလေ၏။

ကျွန်တော် အခန်းထဲမှ ထထွက်လာခဲ့မိတော့သည်။ စာရေးဆရာက အားနာကြည့်တစ်ချက် ကျွန်တော့်ဆီလှမ်းပို့စဉ် ကျွန်တော်က ရပါတယ်ဗျာ၊ ပြောစရာရှိတာသာ ပြောကြပါဆိုသော နားလည်မှုမျက်ဝန်းတွေနှင့် ပြန်ကြည့် ပေးခဲ့ရသေးသည်။

ခုချိန်ကျမှ သေလုမျောပါးမိန်းမတစ်ယောက်ကို ပခုံးမှကိုင်လှုပ်ကာ မင်းကွာ…ဆိုပြီး ပြစ်တင်စကားဆိုရမှာလား၊ "လုပ်ရက်တဲ့ မိန်းမ၊ မင်းစိတ်ထဲမှာ ဒီလူ တစ်ချိန်လုံး ရှိနေတယ်ပေါ့လေ ဟုတ်လား"ဆိုပြီး နာကြည်းပစ်လိုက်ရမှာလား ကျွန်တော် မသိတော့ပါ။ နိုင်လဲ့ရည်နောက်ဆုံးအချိန်မှာ သူမအနားရှိနေစေချင်သောသူဟာ ကျွန်တော်မှ ဟုတ်ပါလေစ။ သူမ အသက်ရှင်ကျန်းမာနေစဉ်ကရော ကျွန်တော်က သူမစိတ်နှလုံးထဲမှာမှ ရှိခဲ့ပါလေစ။ လောကကြီးထဲမှ အချိန်မရွေး ထွက်ခွာသေဆုံးသွားတော့မည့် မိန်းမတစ်ယောက်၏ နောက်ဆုံးဆန္ဒကရော ဘာများဖြစ်နိုင်ပါမည်လဲ။ စာရေးဆရာ၏ ရင်ခွင်ထဲ ခိုဝင် နွေးထွေးရင်းနှင့် သူမ၏နောက်ဆုံးထွက်သက်ကို ကုန်ဆုံးချင်သည်လား...ကျွန်တော် မသိပါ။ ကျွန်တော် မသိရဲပါ။

မချစ်မနှစ်သက်သောယောကျာ်းတစ်ယောက်ကို သမီးလိမ္မာအမည်ခံဖို့သက်သက် လက်ထပ်ခဲ့လေသလား၊ ငြင်းပယ်ရန် မစွမ်းနိုင်သော အကြောင်းတရားတို့ ရှိခဲ့၍ပဲလား၊ သို့တည်းမဟုတ် “မျက်စေ့ဖွင့်ပြီး ရွေးချယ်နေလို့သာပါအေ၊ မျက်စေ့မှိတ်ထားရင် ယောကျာ်းတွေဟာ အားလုံးအတူတူပါပဲ”လို့များ နိုင်လဲ့ရည်၏မိခင်က တရားချခဲ့လေသလား၊ ကျွန်တော် မသိပြန်ပါ။

နိုင်လဲ့ရည်၏ အချစ်နှင့်သစ္စာတရားအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သိခွင့်ရလျှင်ဖြင့် ကျွန်တော် သိချင်ပါသေးသည်။

ကျွန်တော် အခန်းထဲပြန်ဝင်လာတော့ နိုင်လဲ့ရည်မျက်ဝန်းများမှာ မှေးမှိတ်လျှက်၊ စာရေးဆရာက သူမကို အနတ္တလက္ခဏာသုတ် ရွတ်ဖတ်ပြနေခဲ့လေသည်။

@@@@@@@@@@@@@@@

နိုင်လဲ့ရည်ဆုံးသွားချိန်မှာ ရောက်မလာခဲ့သလို၊ နိုင်လဲ့ရည်အသုဘချသောနေ့ကလည်း ပေါ်မလာခဲ့သော စာရေးဆရာသည် နောက်တစ်လအကြာမှာ ကျွန်တော့်ဆီ ဖုန်းဆက်လာခဲ့လေသည်။

“နိုင်က ဒိုင်ယာရီ အမြဲရေးလေ့ရှိတယ်။ ကိုမင်းကျော်စွာအတွက် မလိုအပ်ရင် ကျွန်တော်များ သိမ်းထားခွင့်ရမလား ခင်ဗျာ”

နိုင်လဲ့ရည် မသေခင် မှာသွားခဲ့လေသလား၊ ကျွန်တော် မသေချာပါ။

"ဇနီးဖြစ်သူရဲ့ဒိုင်ယာရီကို မလိုအပ်တဲ့ခင်ပွန်း ရှိနေလိမ့်မယ်လို့ ဘယ်လိုသေချာစိတ်တွေနဲ့များ ခင်ဗျား ပြောနိုင်ရတာပါလိမ့်" ချက်ချင်းပင် စိတ်ထဲမှခွန်းတုန့်ပြန်လျှက်၊ ကျွန်တော့်နှုတ်မှ စကားတို့ကတော့ ယဉ်ကျေးပျူငှာစွာ ပြောထွက်နိုင်ခဲ့လေသည်။

“ကျွန်တော့်မိန်းမ အသုဘချတော့ အခေါင်းထဲ ထည့်ပေးလိုက်တယ်ဗျ။ သူ အမြဲရေးလေ့ရှိတဲ့ ဒိုင်ယာရီလေးမို့လို့လေ”

စာရေးဆရာဖုန်းချသွားတော့မှ ကျွန်တော့်အိပ်ယာဘေးက အပေါ်အံဆွဲလေးကို ဖွင့်ကြည့်ရင်း တစ်ကိုယ်တည်း ကျေနပ်စွာပြုံးလိုက်မိလေသည်။

@@@@@@@@@@@@@@@

ကျွန်တော့်ဇာတ်လမ်းရှည်ကြီးအဆုံးမှာ သားက သက်ပြင်းမောတစ်ခု လေးဖင့်စွာချသည်။ 

လူတစ်ယောက်အား ပိုင်ဆိုင်ခွင့်ရဖို့ရန် အကြောင်းသင့်ကောင်း သင့်နိုင်ပေမယ့် လူတစ်ယောက်အပေါ် ချစ်ခွင့်ဟူသည်မှာကား ခက်လှသည်။ တုန့်ပြန်ချစ်ကို ရဖို့ရန်မှာ ပို၍ပင်ခက်လှသည်။ ချစ်ခွင့်ရှိတိုင်းလည်း ပိုင်ခွင့်ရှိပါသလား။ ပိုင်ခွင့်ရနေသော်ငြားလည်း ချစ်ခွင့်ရှိပါသလား။ ချစ် ပိုင် ခွင့်ဆိုသည်က လူနှစ်ယောက်၏ နှလုံးသားအချင်းချင်းသာ နားလည်နိုင်ကြသော နက်နဲသိမ်မွေ့မှုတစ်ခုဖြစ်သည်ပေ။ အချစ်ဆိုသည်မှာ တစ်ဘက်သတ်ချည်နှောင်၍ မရစကောင်းသလို၊ ကျွန်တော့်ဆိုလိုရင်းမှာ အချစ်မပါသောအိမ်ထောင်ကို မထူထောင်စေချင်သည်မှန်း သား ကောင်းစွာ သဘောပေါက်ပါလိမ့်မည်။

သားစိတ်ထဲတော့ “မိန်းမတွေဟာ အိမ်ထောင်ကျပြီးတဲ့အခါ လင်ယောကျာ်းအပေါ် ချစ်သွားကြတာပဲဆို”ဟု ဆင်ခြေ တက်ကောင်း တက်နေပေမည်။ 

သို့သော် ထိုမရေရာသော ထင်မြင်ယူဆချက် ဆင်ခြေတစ်ခုထဲနှင့် သားဘဝတစ်ခုလုံးကို ထိုမိန်းကလေးလက်ထဲထည့်သည်အထိ လောင်းကြေးထပ်လဲလှယ်ဖို့ရန်မှာ မတန်ရာလှပေ။ ကျွန်တော်ကတော့ သားကို ဒုတိယမင်းကျော်စွာ အဖြစ်မခံနိုင်ပါ။

ကျွန်တော်ပြောပြခဲ့သောအဖြစ်အပျက်ထဲမှ ထိုသုံးပွင့်ဆိုင်တို့သည် မင်းကျော်စွာ၊ နိုင်လဲ့ရည်နှင့် စာရေးဆရာတို့ ဖြစ်ကြောင်း နာမည်တပ်၍ မပြောခဲ့သလို၊ ကျွန်တော့်ထံ၌ သားမေမေနိုင်လဲ့ရည်၏ဒိုင်ယာရီလေး ခုချိန်ထိ ရှိနေသေးကြောင်းကိုလည်း ကျွန်တော် သားကို ဘယ်တော့မှ   ပြောပြဖြစ်လိမ့်မည် မဟုတ်ပါ။


ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...