Saturday, May 31, 2014

ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်ချင်တာ လုပ်နေရတဲ့အခါ

ဘာရယ်လည်းမဟုတ်ပါဘူး။  ဒီပို့်စ်ကိုတော့ ပျင်းလို့ရေးတဲ့စာလို့သာ မှတ်လိုက်ကြပါ။

 နေ့လည်က ရုံးမှာ တစ်နေ့ခင်းလုံး အစည်းအဝေး ၂ခုနဲ့တင် ညနေ ၅နာရီထိုးသွားတော့တယ်။ ပထမအစည်းအဝေးက အလုပ်နဲ့ပတ်သက်တဲ့ ထရိန်နင်ပါ။ ဟောင်ကောင် ထိုင်ဝမ်  ဂျပန် ကိုရီးယား တရုတ် နဲ့ ကျွန်မတို့စကာင်္ပူရုံးခွဲတွေက စုစုပေါင်းတက်ရောက်သူ ၅၆ယောက်ရှိတဲ့ အွန်လိုင်းအစည်းအဝေးပါ။ ကိုယ့်စားပွဲမှာပဲ ကိုယ်ထိုင်ပြီး နားကြပ်တပ်၊ ကိုယ့်မော်နီတာမှာ ရှယ်လာတဲ့ စလိုက်ဒ်တွေကိုကြည့်ပြီး သူတို့ရှင်းပြတာ နားထောင်၊ မေးစရာမေးခွန်းတွေ ရှိလာရင် မက်ဆေ့ခ်ျနဲ့ပဲဖြစ်စေ၊ အော်ဒီယိုနဲ့ပဲဖြစ်စေ မေး၊ အဲသလို ဆိုပါတော့။ စိတ်ဝင်စားစရာကောင်းပေမယ့် အတော်လေး ရှုပ်ထွေးတဲ့လုပ်ငန်းသဘာဝပါပဲ။ Testing & Certification Co., ပါ။ ယူအက်စ်မှာတော့ အတော်လေး တွင်ကျယ်တယ် ဆိုပါတယ်။ ပင်မရုံးက ဆွစ်မှာပါ။



ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဖြစ်ပြီး ကျွန်မအရင်လုပ်ခဲ့တဲ့အလုပ်တွေရဲ့ လုပ်ငန်းသဘာဝနဲ့ လုံးဝခြားနား ပါတယ်။ ကျွန်မတာဝန်က ရရန်ရှိစာရင်းကိုင်ရတယ်ဆိုပေမယ့် ကပ်စတမ်မာတွေ မေးလာတဲ့အခါ ဘီလ်ဘယ်လို တောင်းခံတယ်၊  ဘာကြောင့် အဲသလို ကျသင့်တယ်ဆိုတာတွေကအစ ဘီလ်နဲ့ပတ်သက်တဲ့ သူတို့ သိချင်သမျှတွေကိုပါ အတတ်နိုင်ဆုံးရှင်းပြပေးဖို့ တာဝန်ရှိပါသတဲ့။ ဒါကြောင့် အဲ့ဒီထရိန်နင်မှာ ကျွန်မ တက်ရောက်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ လိုအပ်တယ်ဆိုတော့လည်း တက်လိုက်တာပေါ့လေ။

ကျွန်မရော ကျွန်မစူပါဗိုက်ဇာ စလုံးအမျိုးသမီးရော နှစ်ယောက်လုံးက အသစ်တွေပါ။  ရှုပ်ထွေးလွန်းတဲ့ လုပ်ငန်းသဘာဝနဲ့ ငွေတောင်းခံလွှာတောင်းပုံတွေကြောင့် ကျွန်မတို့ နှစ်ယောက်လုံး ခုထိ တလည်လည်ပါပဲ။ စာရင်းနဲ့ပါတ်သက်လို့ နားလည်ကြပေမယ့် လုပ်ငန်းသဘာဝကိုတော့ ခုထိ သေချာ မလည်ပတ်နိုင်ကြသေးပါဘူး။

ကျွန်မတို့ဌာနက အရင်တုန်းကတော့ စင်္ကာပူမှာ မရှိဘူး။ ကိုရီးယား ထိုင်ဝမ် တရုတ် ဟောင်ကောင်ရုံးတွေမှာပဲ ရှိရာက ခုမှ လုပ်ငန်းတိုးချဲ့လာပြီး အာစီယံ၊ စင်္ကာပူနဲ့ အော်စတေးလျ၊ နယူးဇီလန်အကောင့်တွေကို စင်္ကာပူ ရွှေ့ယူလာတာဖြစ်တာမို့ ဌာနအသစ်၊ လူအသစ်တွေ ဖြစ်နေပါတယ်။ ကျန်တဲ့ဌာနကလူတွေကလည်း သူတို့အလုပ်နဲ့သူတို့ ကျွန်မတို့နှစ်ယောက်ကို သေချာသင်ကြား မပေးနိုင်သလို ဌာနအသစ်လည်းဖြစ်တာမို့ ကျွန်မတို့နှစ်ယောက်အဖြစ်က ရေကူးမှ သေချာမတတ်သေးခင် ဘုတ်ပြားပေါ်ကနေ ဒိုင်ဗင်ထိုးချခိုင်းတာ ခံလိုက်ရသလိုပါပဲ။

တစ်ခုကောင်းတာက ကျွန်မရော ကျွန်မစူပါဗိုက်ဇာ အမျိုးသမီးပါ နှစ်ယောက်လုံးက အသစ်အသစ်တွေကို သင်ယူဖို့ အားသန်ကြသူများဖြစ်နေလို့ပါပဲ။ ပြီးတော့ အလုပ်ထဲမှာ ကိုယ့်အချိန်ကို လိုလားစွာမြှုတ်နှံလိုသူများ ဖြစ်နေတာလည်း တူနေကြပြန်ပါတယ်။ နှစ်ယောက်လုံးကလည်း အသစ်မို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ဖေးဖေးမမရှိကြတယ်။ အသက်ချင်းကလည်း မတိမ်းမယိမ်းမို့ ပေါင်းလို့လည်း အင်မတန်ကောင်းတယ်။ ကျွန်မအတွက် အတော်ကံကောင်းတယ်လို့ ဆိုရပါမယ်။ စိတ်တူကိုယ်တူညှိနှိုင်းလုပ်လို့ရသူနဲ့ အတူတူအလုပ်လုပ်ရတာလောက် ပျော်စရာကောင်းတာ ဘယ်ရှိပါ့မလဲနော်။

ကျွန်မတို့တာဝန်က အရင်ကရှိနေတဲ့ကြွေးကျန်တွေ အများကြီးကို ကျွန်မတို့နှစ်ယောက်ပေါင်းပြီး ကပ်စတမ်မာတွေဆီက တောင်းခံ စာရင်းရှင်းလင်းရမှာပါ။ အဲဒီအတွက် ကျွန်မတို့နှစ်ယောက်လုံး အလုပ်ထဲမှာ စိတ်နှစ်ပြီးတတ်စွမ်းသလောက် လုပ်ကြဖို့ သဘောတူထားကြပါတယ်။ တစ်ခုခုအခက်အခဲကြုံလာရင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်မောအားတင်းကြရတယ်။

ဌာနအသစ်ဖြစ်တာမို့ တစ်ခြားဌာနက ကျွန်မတို့နဲ့မဆိုင်တဲ့အလုပ်တွေကို သွေးတိုးစမ်းပြီး ထိုးပေးတာမျိုးလည်း ကြုံရတယ်။ အဲဒီအခါ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာ တိုင်ပင်ကြရတယ်။ တကယ်ပါ၊ အလုပ်ထဲမှာက ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်နေထိုင်ရမယ် ဆိုတာလည်း သိဖို့လိုအပ်တာကိုးရှင်။ တစ်နေ့တစ်နေ့ အသစ်အသစ်သော စိတ်ဝင်စားစရာတွေနဲ့ အားစမ်းစိမ်ခေါ်မှုတွေနဲ့ အလုပ်လုပ်ရတာ  ကျွန်မ တကယ်ပဲ ပျော်ပါတယ်။

အဲဒီအစည်းအဝေးမှာ စလိုက်ဒ်တွေကို ရှင်းလင်းပြောပြဆွေးနွေးတဲ့ အမျိုးသားရဲ့ အာဘော်နဲ့ ကျွန်မတို့ သဘောမတူတဲ့အခါ သူနဲ့ကျွန်မနှစ်ယောက်သား မိုက်ကရိုဖုန်းကို မျူ့ လုပ်၊ ပိတ်ချလိုက်ပြီး ရယ်ကာ မောကာ အတင်းတုတ်ကြပါတယ်။ ဒါဟာဖြင့် ဘယ်လိုမှ မဖြစ်သင့်ဘူး၊ ဒီလောက် အဆင့်ဆင့်တွေ ကပ်စတမ်မာနားလည်အောင် ဘယ်လိုရှင်းပြရပါ့မလဲ ဘာညာပေါ့လေ :)

ဒီလိုနဲ့ အဲ့ဒီအစည်းအဝေးပြီးတဲ့အခါ နာရီဝက်နားပြီး နောက်အစည်းအဝေးတစ်ခု တက်ရပါတယ်။ အဲဒီအစည်းအဝေးကတော့ ထိုင်ဝမ်က ကျွန်မတို့ ရီဂျင်နယ်မန်နေဂျာအမျိုးသားနဲ့ ကျွန်မတို့ နှစ်ယောက်သာ ပါဝင်တဲ့ "ရရန်ရှိစာရင်း တစ်ပတ်စာတိုးတက်မှုအခြေအနေအကြောင်း" စည်းဝေးကြတာပါ။ 

လက်ပတော့ကို ယူသွားပြီး အားလပ်တဲ့အနီးဆုံး Phone booth တစ်ခုမှာ တယ်လီကွန်ဖရန့်စ်နဲ့ ပြောကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ တာဝန်ယူထားတဲ့ ကီးအကောင့်တွေကို တစ်ယောက်စီ ရှင်းလင်းပြောပြကြရတာပေါ့။ ထိုင်ဝမ်က ရီဂျင်နယ်မန်နေဂျာအမျိုးသားက သဘောကောင်းပြီး နားလည်မှုအပြည့်ရှိတာမို့ အဲ့ဒီအစည်းအဝေးဟာ အပတ်စဉ်ဖြစ်ပေမယ့် စိတ်ထဲ အနှောင့်အယှက်မဖြစ်ရုံမက သက်တောင့်သက်သာတောင်ရှိလှပါတယ်။

အဲဒီမန်နေဂျာအမျိုးသားဟာ ကျွန်မတို့နှစ်ယောက်ကို ထိုင်ဝမ်ကနေ ဗီဒီယိုနဲ့ အင်တာဗျူးပြီး အလုပ်ခန့်ခဲ့တဲ့ အမျိုးသားပါပဲ။ အင်မတန် အလုပ်ကြိုးစားပြီး ညအတော်နက်တဲ့အထိ Lync မှာ ရှိနေတတ်သူပါ။ အလုပ်ကိစ္စနဲ့ ပြောဆိုဆွေးနွေးနေတာ....လို့ ထင်ပါတယ်။ ဒါကြောင့်လည်း လူပျိုကြီးဖြစ်တာ မဆန်းပါဘူးလို့ ကျွန်မတို့နှစ်ယောက်က သူ့ကွယ်ရာမှာ ဟားကြပါတယ်။ လူကလည်း လူပုံချော၊ အသားအရည်ကလည်း အင်မတန်လှပါတယ်။ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည် ပြောစရာမရှိအောင် စတိုင်ကျသူလည်း ဖြစ်တယ်။ စကားပြောပုံကို ကြည့်ပြီး အင်မတန် စိတ်ရင်းရိုးသားရှင်းလင်းတဲ့သူလို့ ခန့်မှန်းမိပါတယ်။ ဘာကြောင့် ကျွန်မသိလဲဆိုတော့ စကန်းအင်တာဗျူးမှာ သူက စင်ကာပူကိုလာပြီး လူတွေ့ လာဗျူးတာမို့ပါ  :)

သူနဲ့ ကျွန်မတို့နှစ်ယောက် တယ်လီကွန်ဖရန့်စ်လိုက်တာ ညနေ ၅နာရီကျော်မှ ပြီးပါတော့တယ်။

မနက် ၇နာရီကျော် အိမ်ကထွက်၊ ရုံးက ၈ခွဲတက်တယ်ဆိုပေမယ့် ၇ခွဲ-၈နာရီလောက်ဆို လူတွေက ရောက်နေကြပါပြီ။ ရောက်တာနဲ့ ဖုန်းပိတ်ပြီး အလုပ်စလုပ်လိုက်ကြတာ ည ၇ခွဲ ၈လောက်အထိ အချိန်ဟာ ဘယ်လိုကုန်သွားမှန်းမသိအောင်ကို မြန်လွန်းလှတယ်။  ကျွန်မအတွက်တော့ သိပ်ကို အဆင်ပြေတာပါ။  ကိုယ့်ကိုယ်ကို အလုပ်ထဲမှာ အဲသလိုစိမ်နေချင်သူမို့ ဒီအလုပ်ကို ကျွန်မက သဘောကျလှတယ်။

အိမ်ပြန်ရောက်တော့ ည ၉နာရီကျော်နေပါပြီ။ မိုးကလေးကလည်း တဖွဲဖွဲရှိတာနဲ့ သီချင်းတစ်ပုဒ်ကောက်ဆိုပြီး ဆောင်းကလောက်မှာ တင်လိုက်သေးတယ်။ ဘာသီချင်းလဲဆိုတာတော့ ပြောပြပါဘူး။  နားထောင်ကြည့်ကြပေါ့ နော် :D

ကျွန်မအလုပ်အကြောင်းချည်း ရေးနေလို့ ဖတ်ရတဲ့သူတွေလည်း ပျင်းလှရော့မယ်။ တကယ်က ကျွန်မလည်း ပျင်းတာနဲ့ ရေးလိုက်တာပါ :)

ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ပင်ပမ်းပင်ပမ်း လူဆိုတာ ကိုယ်လုပ်ချင်တာလေးများ လုပ်နေရရင် ပျော်နေတာပဲ မဟုတ်လားရှင်။  ကျွန်မမိတ်ဆွေတွေအားလုံးလည်း အလုပ်ထဲမှာ နှစ်လို ပျော်ရွှင်သူများ ဖြစ်ကြပါစေလို့....



Monday, May 26, 2014

နေရာ



ရထား ဝင်လာပြီ။ 

ပလက်ဖောင်းပေါ်မှာ စာအုပ်တစ်အုပ်ကို လက်ကကိုင်ဖတ်နေရာက ရထားရပ်တာနဲ့ တွဲထဲကို ခြေလှမ်းဝင်နိုင်ဖို့ ပြင်ထားလိုက်တယ်။ ဖတ်လက်စစာမျက်နှာကို ဘုတ်မာ့ခ်လေးနဲ့ သေချာညှပ်ပြီး ညာဘက်ပခုံးပေါ်က လက်ကိုင်အိတ်ကြိုးကို သေသေချာချာ တင်းတင်းရင်းရင်း ပခုံးပေါ် ပြန်တင်တယ်။
ရထားရပ်လို့ တံခါးဖွင့်တာနဲ့ တွဲထဲခပ်မြန်မြန်ဝင်လိုက်ပြီး မျက်လုံးက ဘေးဘီဝဲယာကို လျှင်မြန်တဲ့အဟုန်နဲ့ သိမ်းကျုံးကြည့်။ အချိန်က ညနေရုံးဆင်းချိန်မရောက်သေးတော့ ရထားက သိပ်ကြပ်ညပ်မနေဘူး။ နေရာတွေတော့ ရှိတယ်၊  မတ်တတ်ရပ်ဖို့။ ထိုင်ခုံတွေကတော့ မလွတ်တော့ဘူး။

ခေါင်းပေါ်က စတီးတန်းလေးမှာ တွဲလောင်းကျနေတဲ့ လက်ကိုင်ကွင်းလေးကို ညာလက်နဲ့ မြဲမြဲကိုင်ရင်း လက်ကကိုင်ထားတဲ့ ဖတ်လက်စစာအုပ်ကို အိတ်ထဲထည့်လိုက်တော့တယ်။ မတ်တတ်ဆိုတော့ ဖတ်ဖို့ အဆင်မပြေဘူးလေ။ စီးထားတဲ့ဖိနပ်က အမြင့်လေးလက်မနဲ့၊ တုန့်ကနဲ တုန့်ကနဲ တထစ်ထစ်သွားနေတဲ့ ရထားနဲ့၊ လက်တစ်ဘက်ကိုမြှောက်ပြီး ကွင်းကိုကိုင်ထားရသေးတာနဲ့။  ဆိုတော့ စာအုပ်ဖတ်ဖို့ကို စိတ်လျှော့လိုက်တယ်။

ဘယ်လိုဖြစ်တယ် မသိဘူး။ ပြီးခဲ့တဲ့နှစ်ကစလို့ ရထားတွေ ခဏခဏပျက်လား ပျက်ရဲ့၊  နောက်ကျလား ကျရဲ့။ ရထားပျက်လို့ ခရီးသည်အားလုံးဆင်းပြီး လှိုဏ်ခေါင်းထဲ တပျော်တပါးကြီး လမ်းဆင်းလျှောက်လား လျှောက်ကြရရဲ့။ ယနေ့အဖို့ ဘယ်ကနေ ဘယ်ကို ပြေးဆွဲတဲ့ရထားခရီးစဉ် ယာယီဖျက်သိမ်းပါသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတာလည်း အကြိမ်ကြိမ်ကြည့်ရလား ကြည့်ရရဲ့။ ရထားပို့ဆောင်ဆက်သွယ်ရေးက စီအီးအိုအမျိုးသမီးတစ်ယောက် နှုတ်ထွက်လား ထွက်ရဲ့။ အကြောင်းပြချက်က ရထားစီးခရီးသည်တွေ အဆင်မပြေတဲ့ကိစ္စအတွက် သူမမှာ တာဝန်အပြည့်ရှိပါတယ် ဆိုလားပဲ။  တာဝန်ယူတတ်တဲ့သူများကျတော့ လူတွေအပြော မခံဘူး။ ရှက်တတ်ကြတာများ ပြောပါတယ်။

အရှေ့ဂျူရောင်းဘူတာကို ရောက်ပြီ။ လူတစ်ချို့ဆင်းသွားကြ၊ တစ်ချို့လည်း မြောက်ဘက်အနီရထားလိုင်း ပြောင်းစီးကြ။ ထိုင်ခုံ မရသေးဘူး။ ကိုယ်ကပဲ နှေးလို့များလား။ နေပါစေလေ လေးဆယ့်ငါးမိနစ်လောက် ခရီးမှာ မထိုင်ရတော့ရော ဘာဖြစ်မှာမို့လဲ။ အဲ ဖြစ်တာပေါ့၊ ထိုင်တော့ ထိုင်ချင်တာပေါ့။ စာအုပ် ဖတ်ချင်တာကိုး။ သက်တောင့်သက်သာရှိချင်တာကိုး။ လူပဲ…။

ဆက်ပြီးရပ်လိုက်ရင်း ရှေ့ကိုပဲ ကြည့်ချင်လည်း ကြည့်၊  မကြည့်ချင်လည်း ကြည့်နေရတော့ ရှေ့ထိုင်ခုံက လူတွေကို အာရုံလေးနည်းနည်းထည့်ပြီး ကြည့်မိတယ်။ အားလုံးလိုလို ဖုန်းလေးတွေကိုယ်စီနဲ့၊ စကရင်လေးတွေ အထက်အောက် ပွတ်လို့။ တစ်ချို့လည်း ဖေ့စ်ဘုတ်ကြည့်၊ တစ်ချို့လည်း ဂိမ်းဆော့၊ တစ်ချို့လည်း ချက်တင်းနှောကြနဲ့ တူပါရဲ့လေ။

ရှေ့တည့်တည့်မှာ တရုတ်မချောချောလေးတစ်ယောက်၊ မျက်နှာလေးက ကြည်ပြီးရှင်းနေတာပဲ။ သူမလေးကတော့ ဆိုနီနားကြပ်အကြီးကြီးကို နားရွက်တွေဖုံးအောင်တပ်လို့ ဂီတမှာ စီးမျောနေပုံ။ ကျောင်းသူမလေး ထင်ပါရဲ့။ စိတ်ရင်းရှင်းရှင်း ကြည်ကြည်လေးရှိမယ့်ပုံ။
သူ့ဘေးနားက တစ်ယောက်လည်း တရုတ်မလေးပဲ။ သူက အသားမဖြူဘူး။ တရုတ်မဲ။ ပေါင်ချိန်တို့အမျိုး ဖြစ်မယ်။ သူကတော့ တစ်လမ်းလုံး ဖုန်းပြောလာနေတာပဲ။ အသံကလည်း ကျယ်တယ်။ ကြည့်ရတာ ပြည်ကြီးက တရုတ်မလေးဖြစ်မယ်။ 

တရုတ်စကားအတူတူပေမယ့် လေယူလေသိမ်းက ပြည်မကြီးက အသံမျိုး။ ကြမ်းသလိုလို ထင်ရတယ်။ လေသံက မာတောင့်တောင့်နဲ့။ သူ့မျက်ခုံးက အဆုံးမှာ နားထင်ဘက်အပေါ်ကို ပင့်တက်သွားပုံနဲ့၊ မျက်ပေါက်ကျဉ်းကျဉ်းရဲ့ အဖျားကုတ်စင်းသွားပုံကြောင့် လူတွေကို အမြင်ကြည်မယ့်ပုံ မဟုတ်ဘူးလို့ ထင်ရတယ်။ စိတ်တိုတတ်မယ့်ပုံလည်း ရတယ်။ ခပ်ပါးပါးလေ့လာထားတဲ့ အင်္ဂဝိဇ္ဇာပညာအရဆိုရင်ပေါ့လေ။

ရီဇာ့ဗ်ခုံလို့ခေါ်တဲ့ လူအိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မသန်စွမ်းသူတွေအတွက် လျာထားတဲ့ ထောင့်အစွန်းက ခုံမှာတော့ ကောင်လေးတစ်ယောက်၊ ခပ်ရွယ်ရွယ်ပဲ။ မျက်လုံးစုံမှိတ်ရင်း လိုက်လာတာကိုတွေ့တော့ ကိုယ်က ပြုံးမိသေးတယ်။ ဟာသရုပ်သံဇာတ်လမ်းတစ်ခုမှာ လူငယ်တွေ အဲလိုနေရာမှာထိုင်ပြီး တကယ် ထိုင်ဖို့လိုအပ်သူတက်လာတဲ့အခါ နေရာက ထမပေးချင်တာနဲ့ ငိုက်ချင်ယောင်ဆောင်နေတတ်ကြတဲ့ အကြောင်းကို ဟာသလုပ်တာ ကိုယ်က ကြည့်ဖူးထားတာကိုး။

ရထားက ဓနသဟာရဘူတာကို ရောက်ပြီ။ ဒီဇိုင်းခပ်လန်းလန်းနဲ့ ဘွားတော်ကြီးတစ်ယောက် တက်လာတယ်။ ဒိုင်ယာနာကေလို ဆံပင်တိုတိုကို ပန်းရောင်ဆိုးထားတယ်။ ဘလောက်စ်နဲ့ စကတ်အတိုက ဆင်တူ၊ အဆင်က ပန်းပွင့်တွေနဲ့ ပန်းရောင်၊ အနီရောင်၊ အစိမ်းရောင်တွေ ရောယှက်လို့။ ကိုယ့်မျက်လုံးရှေ့ကို ပန်းဥယျာဉ်ကြီးတစ်ခုလုံး လမ်းလျှောက်ရွေ့လာသလိုမျိုး။ ကိုယ်ပေါ်မှာ တစ်တောင်ကျော်ကျော်အလျားရှိတဲ့ အိတ်အနက်တစ်လုံးကို စလွယ်သိုင်းပြီး လွယ်ထားသေးတယ်။ အလန်းပဲ၊ ဒါပေမဲ့ ကြည့်ရတာ ငယ်တော့ သိပ်မငယ်တော့ဘူး။ ခြောက်ဆယ်ပတ်ချာလည်လောက်ရှိမယ်လို့ မှန်းရတာပဲ။ 

“အိတ်စကျူ့စမီ”

အားလုံး ကိုယ့်အာရုံနဲ့ကိုယ် သာယာနေတုန်း ဘွားတော်အသံက ရုတ်တရက် ဟိန်းထွက်လာတယ်။ အနီးအနားက မျက်လုံးတွေအားလုံး ဘွားတော်ဆီ ပြေးကပ်ကြတယ်။

“ဟဲလို အိတ်စကျူ့စမီ”

ဒီတစ်ခါတော့ ဘွားတော်က အသံနဲ့တင် မကဘူး၊ ရီဇာ့ဗ်ခုံက ငိုက်ချင်ယောင်ဆောင်နေတဲ့ လူရွယ်ကောင်လေးကို လက်ညှိုးကလေးနဲ့ပါ တို့ရင်း နှိုးလိုက်တာ။ ထပေးပါပေါ့လေ၊ သူက စီနီယာစီတီဇင်ကိုး။ ကောင်ကလေးက ထပေးလိုက်ရှာပါတယ်။ လူတွေက ကြည့်နေကြတော့ ရှက်ရှာမယ်။ ထ မပေးရင် သူ လူဆိုးဖြစ်မှာလေ။

ဘွားတော်ကြီးက လူရွယ်ဖယ်ပေးလိုက်တဲ့ ခုံပေါ်မှာ ထိုင်တယ်။ ပြုံးပြုံးကြီးပဲ။ ပြီးမှ စလွယ်သိုင်းထားတဲ့ အိတ်ထဲက အိုင်ပက်ကိုထုတ်ပြီး ပေါင်ပေါ်တင်တယ်။ လူတွေက ဘွားတော်ကြီး ဘာဆက်လုပ်မလဲ အသာလေး ဝိုင်းရှိုးနေတာပေါ့။ ဘွားတော်ကြီးက အေးဆေးပဲ။ အိုင်ပက်ကို ဖွင့်လိုက်ပြီး ဟေးဒေးလို့ခေါ်တဲ့ ဂိမ်းကို ပျော်ပျော်ကြီးဆော့တော့တာ။ အားလုံးလိုလိုရဲ့ မျက်နှာတွေက ပြုံးစေ့စေ့တွေ ဖြစ်ကုန်တယ်။  ခုနက ကောင်လေးလည်း ခုမှပဲ မျက်လုံးကျယ်သွားပုံ။ ကိုယ်လည်း ကြိတ်ပြုံးရတယ်။ 

ဒီလိုပါပဲ လူတွေက ဖြစ်တတ်ပါတယ်။

တန်ဂျွန်ပါဂါးဘူတာကို ရောက်ပြီ။ ဆင်းသူတွေ ဆင်း၊ တက်သူတွေ တက်လာကြနဲ့။ ရထားက ဆက်ထွက်တယ်။

အသက်ခပ်ကြီးကြီး အဘိုးတစ်ယောက် တက်လာတယ်။ တုန်တုန်ချိချိနဲ့။ ထင်တဲ့အတိုင်းပဲ။ ရှေ့က ခပ်ချောချော ကျောင်းသူမလေး၊ ဆိုနီဟက်ဖုန်းမလေးက သူ့ထိုင်ခုံကို အဘိုးကြီးအတွက် ဖယ်ပေးလိုက်တယ်။ သာဓု သာဓု သာဓု။  အဘိုးကြီးက ရှဲ့ရှဲ့နီတဲ့။ တကယ်ဆို သူ့ထိုင်ခုံက ရီဇာ့ဗ်ခုံ မဟုတ်ဘူး။ ထ မပေးလို့လည်း ပြဿနာမရှိဘူး။ တော်လိုက်တဲ့ကလေးမဆိုတဲ့ အကြည့်မျိုး ကောင်မလေး သိမ်းကျုံးရသွားတယ်။ ဘေးနားက ပြည်ကြီးတရုတ်မမျက်နှာ နည်းနည်းလေး နေမထိထိုင်မသာလိုလို ဘာလိုလိုလေး ဖြစ်သွားတယ်။ တောင်တောရယ်သာလို့ ဆိုလိုက်ရင် မြောက်တောက အလိုလို ငုတ်သွားရော မဟုတ်လား။ ဖြစ်တတ်တာ ပြောပါတယ်။

ဒါနဲ့ နောက်တစ်ဘူတာမှာ ရထားက ရပ်တယ်။

ကိုယ်ဝန်ဆောင်ထားဟန်တူတဲ့ မိန်းမကြီးတစ်ယောက် ရှေ့မှာလာရပ်တော့ ပြည်ကြီးတရုတ်မလေး ခွင် ဝင်သွားတယ်။ ဒီမှာထိုင်ပါ တဲ့။ ထိုင်နေရာကထပြီး သူ့ခုံကို ပေးတယ်။ မိန်းမကြီးမျက်နှာ ရုတ်တရက် ရဲကနဲဖြစ်သွားတယ်။ နိုး နိုး အိုကေ အိုကေ တဲ့။ ပြည်ကြီးတရုတ်မလေးကလည်း ခုံက ထပေးပြီးနေပြီ။ မိန်းမကြီးကလည်း ထိုင်ဖို့ အသေငြင်းနေတုန်းပဲ။ မိန်းမကြီးမျက်နှာက အရှက်ကြီး ရှက်သွားပုံ။

အို….သိပြီ။ ကိုယ်ဝန်မှ မဟုတ်တာဘဲ။ ပင်ကိုယ်ဗိုက်ပူ….။  ပင်ကိုယ်ဗိုက်ပူကို အပွကြီးဝတ်ထားတော့ ကိုယ်ဝန်ဆောင်နဲ့ အထင်မှားခံရတာပေါ့။ ကြည့်ရတာ အပျိုကြီးနေမယ်။ အတော်လေးရှက်သွားပုံနဲ့ ရှေ့ဘူတာမှာ ရထားလည်းရပ်ရော တစ်ချိုးတည်းဆင်းချသွားတယ်။ ပြည်ကြီးတရုတ်မလေးလည်း ကြောင်အအနဲ့ မျက်နှာမသာမယာကျန်ရစ်တယ်။

နောက်တစ်ဘူတာရောက်တော့ ကိုယ်လည်း ဆင်းတယ်။ 

ရထားပေါ်မှာ ထိုင်စရာနေရာ မရဘဲ မတ်တတ်ရပ်စီးလာရတာကို ဒီတစ်ခါလောက် ကျေနပ်မိတာ မရှိဘူး….။

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...