Monday, April 7, 2014

ပိတောက်သည် မိုးကို တည်မှီ၏



(၁)

မိန်းမတွေမှာ ခေါင်းနဲ့ပန်းလို မတူညီတဲ့အသွားနှစ်ဘက်ရှိတယ်ဆိုတာ ခင်ဗျားတို့ကို သိကြစေချင်တယ်။ ဘယ်လိုအသွားနှစ်ဘက်လဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူလိမ့်မယ်။ သေချာတာကတော့ဗျာ အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲသွားတတ်တဲ့ သူတို့ရဲ့စိတ်ခံစားမှုအပေါ်မှာ မူတည်ပြီး ခင်ဗျားတို့ကို ပြလိမ့်မယ်။ အဲဒီအခါ အလိုက်သင့်နေပေးလိုက်ပါ ကိုယ့်လူ၊ အံ့သြဘနန်းဖြစ်နေပုံမျိုး နည်းနည်းကလေးမှ မပြမိပါစေနဲ့။ မိန်းမဟူသည် ဆောင်းလေပမာညီတို့  မိန်းမဟူဘိ ထိုဣိတ္ထိကား မရှိမကောင်း ရှိမကောင်းတည့်တွေ ဘာညာတွေလည်း ပြောမနေချင်တော့ပါဘူးဗျာ။ ရိုးလွန်းပါတယ်။

နေဦးဗျာ၊ ကျွန်တော့်စကား ပြန်ပြင်ဦးမယ်။ မိန်းမတွေလို့ပြောမယ့်အစား မိန်းမတစ်ချို့လို့ ပြင်ပြောတာ ပိုသင့်တော်မယ် ထင်ပါရဲ့။ ကျွန်တော်တွေ့ဖူးခဲ့တဲ့မိန်းမတစ်ယောက်ဟာ မိန်းမထုကြီးတစ်ရပ်လုံးကို ကိုယ်စားပြုချင်မှ ပြုနိုင်မှာကိုးဗျာ နော်။

ထားပါလေ ပြီးခဲ့တာကတော့ ပြီးခဲ့ပါပြီ။ ခက်တာက အနာဟောင်းတွေဟာ အရှင်းမပျောက်ဘဲ မြုံနေတဲ့အခါ သူ့ရာသီချိန်ဆိုရင် ထထနာနေတတ်တာမျိုးမဟုတ်လားဗျ။ ကျွန်တော့်အနာဟောင်းကလည်း ခုလို ပိတောက်တွေပွင့်တဲ့ သင်္ကြန်ရာသီရောက်မှဖြင့် ဟိုးရင် အတွင်းပိုင်းထဲကကို ထထပြီးတော့ တဆစ်ဆစ်နာနေတတ်တော့တာ။

သေချာအောင် ထပ်ပြောမယ်ဗျာ။ အချစ်နဲ့ မဆိုင်တော့ဘူး။ အလွမ်းနဲ့လည်း မပတ်သက်ဘူး။ သိပ်ညံ့တဲ့ထမင်းဆိုင်တစ်ဆိုင်မှာ တစ်ခါစားဖူးတဲ့သူလို အဲဒီဆိုင်ရှေ့ကဖြတ်သွားလို့ ဟင်းနံ့တွေရလိုက်တိုင်း သိပ်ညံ့တဲ့ဆိုင်ကွာလို့ လွှတ်ကနဲ တ လိုက်မိသလိုမျိုး။

(၂)

ချမ်းနေတဲ့ အသားစိုင်တွေ နွေးထွေးသွားတယ်။ ခုနက မဏ္ဍာပ်တစ်ခုရောက်တိုင်း ရေပက်ကြမ်းတဲ့ဒဏ်ကို တဘက်ကြီးနဲ့ အတင်းကာပြီး ကိုယ်ကို ကိုင်းညွှတ်၊ မျက်နှာကိုဖွက်ထားရသမျှတွေက အခု ရဲရင့်လာခဲ့ပြီ။ နွေးထွေးလို့ လာခဲ့ပြီ။ ကြမ်းစမ်းပါစေ၊ မဏ္ဍာပ်တစ်ခုရှေ့က ကားထွက်လိုက်တိုင်း ဆောင့်ကနဲအရွေ့မှာ အနောက်ကရင်ခွင်ထဲ ယိုင်ကနဲဖြစ်သွားရာက ကူးလူးထိကပ်လာတဲ့ အနွေးဓါတ်တွေ။ သတိထားပြီး ခပ်ခွာခွာပြန်နေလိုက်လည်းပဲ လူတွေက ယိုင်ထိုး၊ ကားကလည်း ရွေ့နေဆိုတော့ ခနပဲ၊ ခနနေ ခန္ဓာနှစ်ခု ပူးကပ်သွားကြပြန်။ 

အိုး….သူမတို့မှ မဟုတ်ပါဘူး။ ကားပေါ်မှာ ပါလာတဲ့ လူဆယ့်နှစ်ယောက်လုံး ဒီအတိုင်းပါပဲ။ လင်းထင်က လွဲလို့ပေါ့။ ဟုတ်တယ် လင်းထင်က လူတစ်မျိုးပဲ။ ကားပေါ်တက်ကြကတည်းက သူက သူမနားမှာ မနေဘူး။ တစ်ခြားကောင်မလေးတွေအနားလည်း မကပ်ဘူး။ ကားရှေ့ဆုံး ဘားတန်းနောက်မှာ ရပ်ရင်း ကားရှေ့တည့်တည့်ကို မျက်နှာမူလို့ နောက်ကို လှည့်မကြည့်စတမ်း လိုက်လာတာ။ တစ်ချက်တစ်ချက်တော့ သူမရှိရာ ကားနောက်ဘက်ကို စွေကနဲ လှည့်ကြည့်တတ်တယ်။ ပြီးတော့ စိတ်ချလက်ချပဲ ရှေ့ပြန်လှည့်သွားတာပဲ။ သူမက သူ့ရည်းစား မဟုတ်တဲ့အတိုင်း။ စိတ်ချလက်ချ….။

ကားစထွက်လို့ သိပ်မကြာခင်မှာ လူစုံပြီလားဆိုတော့ တစ်ယောက်ကျန်သေးတယ်၊ လမ်းကဖြတ်လိုက်မယ်တဲ့။ အဲဒီလူကို သူရိန်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူရိန်ဆိုတာက ကောင်မလေးတိုင်း ကျတဲ့ ကောင်ကလေး။ စကားပြောရင် ချိုချိုနွဲ့နွဲ့လေး၊ သူ့မျက်ဝန်းတွေက သူနဲ့စကားပြောတဲ့ ကောင်မလေးတွေရဲ့ မျက်ဝန်းထဲစိတ်ထဲအထိ ထိုးဖောက်ကြည့်တတ်ပုံကိုက သူ့ရဲ့ပညာ။ တဘက်သားနှလုံးသားကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိတယ်ဆိုတဲ့ စိတ်ချလက်ချအပြည့်နဲ့ ပြုံးပုံမျိုးလည်း ပြုံးတတ်သေးရဲ့။ 

ရူးတာပေါ့။ ကောင်မလေးတိုင်း ကျတာပဲ။ သူမလည်း မကျဘဲ နေမတဲ့လား။ သူရိန်နဲ့ သူမ ပထမနှစ်တုန်းက ရည်းစားဖြစ်ခဲ့ကြတာပဲ။ သူရိန်က သူမစိတ်ကောက်ရင် ဘယ်တော့မှ မချော့ဘူး။ နောက် သူ့မှာ တစ်ခြားကောင်မလေးတွေနဲ့လည်း ချိတ်တိတ်တိတ်နဲ့ဆိုတာ သိတော့ သူမ သူရိန်နဲ့ ပြတ်ကြတာပဲ။ ခဏပဲကြာတယ်၊ ရည်းစားသက်တမ်းနုနုကလေးနဲ့တင် လမ်းခွဲလိုက်ကြတယ်။

ဒုတိယနှစ် သူမတို့ကျောင်းတွေ ပြန်တက်ရတော့ အဲဒီမှာ လင်းထင်နဲ့ ရည်းစားဖြစ်တာ။ လင်းထင်က စာသိပ်ဖတ်တာပဲ။ သိပ်တွေးတယ်။ သိပ်လေးနက်တယ်။ သူနဲ့အတူ သူမလည်း စာတွေလိုက်ဖတ်တယ်။ အစကတည်းကလည်း ဖတ်ခဲ့တာပါပဲ၊ ဒါပေမယ့် လင်းထင်နဲ့ ရည်းစားဖြစ်ပြီးမှ ပိုဖတ်လာခဲ့တာ။ လင်းထင်က တကယ့် လူတစ်မျိုး။ မိန်းကလေးတစ်ယောက်အပေါ် သိပ်နားလည်တတ်တယ်။ ကြင်နာတတ်တယ်။ သိပ်ဂရုစိုက်တတ်တယ်။ အဲဒါတွေကြောင့်များ သူမ စိတ်ဝင်စားသလားပဲ။ ချစ်ခဲ့မိသလားပဲ။

ဒါပေမယ့် လင်းထင်က ချစ်ကြောင်းသိပ်မပြောသလို ချစ်တဲ့အကြောင်းလည်း သည်းသည်းလှုပ် မပြတတ်ဘူး။

ကောင်မလေးတွေရဲ့ အားကနဲအော်လိုက်သံနဲ့အတူ ရေအားကောင်းကောင်း ရေပိုက်လုံးကြီးကြီးနဲ့ ထိုးချလိုက်တာကြောင့် သူမကိုယ်လုံးလေး နောက်ကရင်ခွင်ထဲ ယိုင်ဆင်းသွားပြန်တယ်။ သူရိန်ကလည်း အလိုက်သင့် သူမကိုယ်လုံးကလေးကို ထွေးပွေ့ထားတယ်။ ကာထားပေးတယ်လို့ပဲ ဆိုကြပါတော့လေ။ သဘက်ထူထူအောက်မှာ သူမကိုယ်လုံး၊ သူမကိုယ်လုံးနဲ့ သဘက်တွေကြားမှာ သူရိန့်လက်တွေ။ သူရိန့်လက်က အနွေးဓါတ်တွေက သူမလက်မောင်းကတစ်ဆင့် သူမတစ်ကိုယ်လုံးကို စီးဆင်းနေသလိုပဲ။ နွေးထွေးလိုက်တာ။ ဘေးကနေကြည့်ရင်တော့ ဘာမှ မထူးလှဘူး။ ပုံမှန်ပဲ။ ရေပက်ခံကားတွေပေါ်မှာ ထုံးစံအတိုင်း ကောင်လေးတွေက ကောင်မလေးတွေကို နောက်ကနေ ကာကွယ်ပေးထားတယ်။ ဒီလောက်ပဲ။

မဏ္ဍာပ်ကနေ ကားထွက်တော့ လင်းထင်သူငယ်ချင်းမျိုးကျော်က သူမကို လာခေါ်တယ်။ နင် ရှေ့နားလာခဲ့ တဲ့။ လင်းထင်နားလာနေ တဲ့။ သူမ ခနတော့ လင်းထင်နား သွားနေလိုက်တယ်။ လင်းထင်က သူမကို ရီဝေဝေကြည့်နေတယ်။ သေချာတာက လင်းထင် မူးမနေဘူး။ တစ်ကားလုံးလိုလို သောက်ထားကြပေမယ့် လင်းထင်တစ်ယောက်ပဲ လုံးဝ မသောက်တာ။ သူ ချမ်းနေမှာပဲ။ တကယ်လည်း သူ့နှုတ်ခမ်းတွေ ပြာနှမ်းလို့။ သူ့ကိုယ်ကလည်း ကားသွားနေလို့ လေတိုးတဲ့အခါ တုန်ခိုက်နေတာပဲ။ သူ့ဘေးနားမှာ သူမလည်း လိုက်ချမ်းလာတယ်။ ချမ်းလွန်းလို့ သေတော့မယ်။
ငါ အနောက်ဘက်ပြန်သွားမယ်ဟာလို့ လင်းထင်ကို ပြောပြီး သူမနေရာကိုပဲ ပြန်လာလိုက်တယ်။ 

မဏ္ဍာပ်တွေရှေ့ ကားရပ်တိုင်း ရေတွေကြားမှာ သူမ နွေးထွေးနေတယ်။ သူမအသွေးတွေ အသားတွေ နွေးထွေးနေတယ်။ သွေးကြောမျှင်တွေကတစ်ဆင့် စီးဆင်းနေတဲ့အနွေးဓါတ်တွေက သူမတစ်ကိုယ်လုံးဆူပွက်တော့မလားတောင် ထင်ရတယ်။ သူမကိုယ်ပေါ်မှာ သူရိန့်လက်တွေက ပိုတင်းကြပ်လာသလိုပဲ။ စည်းနှောင်ထားတဲ့ လက်တွေ၊ သူရိန့်လက်တွေ၊ သူမ ကိုယ်ပေါ်မှာ။ တစ်ကားလုံးမှာ ပါလာတဲ့မိန်းကလေးတွေက သူမနေရာကို လိုချင်နေပုံမျိုး။ မဟုတ်သေးဘူး။ သူတို့လိုချင်နေတာက သူရိန့်ရင်ခွင်၊ သူရိန့်လက်နွေးနွေးတွေ….၊ အင်း သေချာပါတယ်။ သူမ ပျော်လာတယ်။ သူရိန့်လက်တွေထဲမှာ သူမတစ်ကိုယ်လုံး မိုးပေါ်ရောက်နေသလိုပဲ။ သူမ တက်ကြွလာတယ်။ ကောင်မလေးတွေအားလုံးရဲ့ ဟန်ဆောင်အပြုံးတွေထဲမှာ သူမအပေါ် မနာလိုပြုံးတွေ စိမ့်ဝင်နေကြတယ်။ သူမ သိပ်သိတာပေါ့။ သူမ အသံထွက်အောင် တခစ်ခစ်ရယ်မိတော့ လင်းထင်က လှည့်ကြည့်တယ်။ နောက်တော့ ရှေ့ဘက်ပြန်လှည့်သွားတယ်။ သူရိန့်ကိုတောင် ပြုံးပြလိုက်သေးသလိုပဲ။ 

လင်းထင် နင်သိလား၊ သူရိန်သာ ဒီကားပေါ် ပါမလာရင် ငါ ချမ်းလို့ သေမှာပဲ။ နင်က ဘာမှ အားမကိုးရဘူး။ သူမ ပြုံးလိုက်မိပြန်တယ်။ ဒီရင်ခွင်….၊  သူရိန့်ရင်ခွင်…သူမ ဘာလို့များ သူရိန်နဲ့ လမ်းခွဲခဲ့ပါလိမ့်၊ ဒီလောက် နွေးထွေးနေတဲ့ ရင်ခွင်ကို…..။  အိုး ဒါတော့ သူမ သိပ်လွန်သွားပြီ။ လင်းထင်က သူမရည်းစားလေ၊ လက်ရှိမှာ လင်းထင်က သူမရည်းစားလေ။ သူမ ခေါင်းကို ခါရမ်းလိုက်တော့ သူမနားက နားကွင်းအကြီးကြီး တလှုပ်လှုပ်ခါသွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်နေ့တော့ သူရိန့်ရင်ခွင်မှာ သူမ သာသာယာယာပဲ။

ကောင်မလေးတွေရဲ့ အားကျတဲ့အကြည့်မှာ သူမခေါင်းကို မော့ထားလိုက်တယ်။ သူရိန်က မိန်းကလေးတိုင်း ကျတဲ့ ကောင်ကလေး၊ သူမနောက်က သူရိန့်မျက်နှာကို မော့ကြည့်လိုက်မိတော့ နေကာမျုက်မှန်အောက်က သူရိန့်မျက်ဝန်းတွေကို သူမ ပုံမဖော်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူရိန့်နှုတ်ခမ်းတွေက ကိုင်းညွှတ်နေကြတာပဲ။ သူရိန် ပြုံးနေတာနေမှာ။ သူရိန့်နှုတ်ခမ်းတွေဟာ ပြုံးနေတာပဲ။ အဲဒီနှုတ်ခမ်းတွေ….သူမရင်းနှီးခဲ့ဖူးတာပေါ့။ ချိုနွေးနေတာပဲ။ ရုတ်တရက် သူမရင်ထဲ အောင့်လာသလိုလိုကြီး။ သူမက သူရိန့်နှုတ်ခမ်းတွေကို လွမ်းနေတာများလား။ ဟင့်အင်း သူမကိုယ်တိုင် သူရိန့်ကို အဆက်ဖြတ်ပစ်ခဲ့တာလေ။ မလွမ်းနဲ့၊  မလွမ်းနဲ့ အဲဒီနှုတ်ခမ်းတွေကို မလိုချင်မိစေနဲ့။ သူမစိတ်တွေကို တည်ငြိမ်အောင်ထိန်းပြီး သူရိန့်မျက်နှာကနေ အကြည့်တွေကို ရုတ်တယ်။ 

အား….ရက်စက်လိုက်တာ…ဒီမဏ္ဍာပ်က ညနေစောင်းရောက်လုမှာ ရေခဲရေနဲ့ ပက်တယ်။ သူမကိုယ်လေး ကျုံ့ဝင်သွားတယ်။ သူရိန့်ရင်ခွင်ထဲကို….။ သူရိန်က ရုတ်တရက် သူမလက်ဖျားလေးတွေကို လှမ်းဆုတ်လိုက်ရင်း  ဟာ…အေးစက်နေတာပဲတဲ့….။ သူရိန့်လက်တွေက သူမကိုယ်ပေါ်ကို တိုးလို့ ရစ်ဖွဲ့လာပြန်တယ်။ ကြည့်….သူမ ထိန်းနေတဲ့ကြားက ပျော်ဝင်သွားပြန်ပြီ။ သူမကိုယ်ပေါ်က ဂျင်းဂျာကင်ကို ဆွဲချွတ်လွှင့်ပစ်လိုက်ချင်စိတ်တွေ….။ သူရိန့်ရင်ခွင်နဲ့ သူမနောက်ကျော…ကြားထဲမှာ ဘာမှ ရှိမနေစေချင်တော့ဘူး။ သူရိန့်ရင်ခွင်နဲ့ သူမ တစ်သားတည်းဖြစ်လိုမှုတွေနဲ့ သူမရင်တွေ ပူလောင်နေတော့တယ်။ ဘယ်သူ့ကိုမှ သူမ မမြင်တော့ဘူး။ ကားပေါ်မှာ သူမနဲ့သူရိန် နှစ်ယောက်ထဲရှိတယ်လို့ စိတ်က ခံစားနေရသလိုပဲ။ 

ဘုရားရေ…..ဘာဖြစ်တာလဲ…။  သူမ ဘာဖြစ်နေတာလဲ…..။ လင်းထင်  လင်းထင်ရေ….ငါ့ကို လာခေါ်လိုက်စမ်းပါ။ သူရိန့်ရင်ခွင်ထဲကနေ….။ 

ဟင့်အင်း သူမ နေပါရစေဦး၊ ဒီတစ်နေ့တော့….သူမ ချမ်းလွန်းလို့ပါ။ နွေးထွေးနေပါရစေ….။

ရုတ်တရက် တောက်ခေါက်လိုက်သံတစ်ချက်ကြောင့် အားလုံးက အသံလာရာဆီ ကြည့်လိုက်မိကြတယ်။ လင်းထင်သူငယ်ချင်း မျိုးကျော်။ မျိုးကျော်ရဲ့လက်တွေကို လင်းထင်က အတင်းထိန်းချုပ်လို့။

“နေပါစေကွာ  မင်းကလည်း”

“ဟေ့ကောင်လင်းထင် ဘာနေပါစေလဲ၊ မင်း နွားပဲ ဟေ့ကောင်”

“ဟာ ကွာ မျိုးကျော် နေပါစေဆိုကွာ”

“ဘာ ရည်းစားငုတ်တုတ်နဲ့ အရှက်မရှိကြတဲ့ဟာတွေ၊ တောက် လွန်လွန်းတယ်။ လင်းထင် မင်းကွာ”

သူမမျက်နှာတစ်ခုလုံး မဲညစ်သွားတယ်။ သူရိန့်လက်တွေလည်း သူမကိုယ်ပေါ်က ပြေလျော့သွားခဲ့ပြီ။ ဘာဖြစ်တာလဲ။ အဲဒါ ဘာဖြစ်တာလဲကွာ။ လင်းထင်က ဘာမှ မဖြစ်ရဘဲနဲ့ မျိုးကျော်က ပိုနေသလိုပဲ။

ကားကိုရပ်ခိုင်းပြီး လင်းထင်နဲ့မျိုးကျော်နှစ်ယောက် ကားပေါ်က ခုန်ဆင်းသွားကြတယ်။ မျိုးကျော်က လင်းထင်လက်ထဲက သူ့လက်တွေကို ရုန်းထိုးဆွဲထုတ်နေတာ တွေ့ရတယ်။ နောက်တော့ ကားဆက်ထွက်ကြတယ်။ ဒီနေ့က အတက်နေ့ဆိုတော့ အားလုံးက အသေကဲချင်နေကြတာလေ၊ ညမိုးချုပ်မှ အိမ်ပြန်မယ်ဆိုတာချည်းပဲ။ သူမ သိလိုက်တယ်၊ လင်းထင်နဲ့သူမ ဇာတ်လမ်းပြတ်ပြီဆိုတာ….။

(၃)

ခင်ဗျားတို့ သိလား၊ သိပြီလား။ အေးဆေးသိမ်မွေ့တဲ့ မိန်းကလေး၊ သူမဟာ စာတွေလည်း သိပ်ဖတ်တာပဲ။ ပြောလိုက်ရင်လည်း မိန်းကလေးပီပီသသ နုညံ့ပျော့ပြောင်းလို့။ ကျွန်တော့်ကို မျက်ဝန်းလေး ဝင့်လို့ မရဲတရဲကြည့်တတ်တဲ့ မိန်းကလေးပါဗျာ။ သူမလက်ဖဝါးလေးကိုင်ဖို့တောင် ရည်းစားဖြစ်ပြီး တစ်လကြာမှ ကျွန်တော် ကိုင်ရဲခဲ့တာ။ သူမရဲ့ တစ်ဘက်ခြမ်းကို ကျွန်တော် တွေ့ခဲ့ရပြီ။ ကျွန်တော့်မျက်စေ့နဲ့သာ မဟုတ်ရင် ဘယ်လိုမှ ယုံနိုင်စရာမရှိဘူး။

ဘယ်လိုဖြစ်သွားခဲ့တာလဲ။  အချိန်အခါ အခြေအနေ နာရီရာသီတွေက မိန်းမတစ်ယောက်ရဲ့ အတွင်းစိတ်ကို ပြောင်းလဲပစ်နိုင်သလား။ အထိအတွေ့တွေက သာယာစေခဲ့တာလား။ ကျွန်တော့်ရှေ့တင်မှာဗျာ…။ 

ကျွန်တော် အသေအချာ ကြည့်တယ်။ တွေ့တယ်။ သူမမျက်နှာကလေး တကယ့်ကို ကြည်နူးနေတာ။ သာယာနေတာဗျာ။ ကြည်ရွှင်ကျေနပ်နေတဲ့ ခံစားမှုတွေ သူမမျက်နှာမှာ….။ နေပါစေ…။ ကျွန်တော် မတားရက်ဘူး။ သူမ ပျော်နေမယ်ဆို။ သူမ သာယာနေမယ်ဆို…။ ကျွန်တော် ကျေကျေနပ်နပ်ကြီး ထားရစ်ခဲ့နိုင်ရမှာပေါ့။ သူရိန်မူးနေတာတော့ သေချာတယ်။ သူမရော မူးများနေသလား။ ကျွန်တော် မသိဘူး။ အဲဒီနေရာမှာ သူမရည်းစားဟောင်းသူရိန်မဟုတ်ဘဲ တစ်ခြားကောင်တစ်ကောင်ဆိုရင်ရော သူမ ဒီလိုပဲ နေမလား…။ ကျွန်တော် ဆက်မတွေးရဲတော့ဘူး။ 

မိန်းမတစ်ယောက်ရဲ့ ခေါင်းနဲ့ပန်းလို တစ်ခြားတစ်ဘက်ကို ကျွန်တော် သေချာတွေ့ခဲ့ရတဲ့အတွက် ဘယ်သူ့ကို၊ ဘာကို ကြံဖန်ကျေးဇူးတင်ရမလဲ။ ဒါမှမဟုတ် ကြေကွဲရမှာလား…။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျေနပ်တယ်ဗျာ။ ရင်ထဲက တဆစ်ဆစ်နဲ့ကို ခံစားကျေနပ်တယ်။ 

သေချာအောင် ထပ်ပြောမယ်ဗျာ။ အချစ်နဲ့ မဆိုင်တော့ဘူး။ အလွမ်းနဲ့လည်း မပတ်သက်ဘူး။ သိပ်ညံ့တဲ့ထမင်းဆိုင်တစ်ဆိုင်မှာ တစ်ခါစားဖူးတဲ့သူလို အဲဒီဆိုင်ရှေ့ကဖြတ်သွားလို့ ဟင်းနံ့တွေရလိုက်တိုင်း သိပ်ညံ့တဲ့ဆိုင်ကွာလို့ လွှတ်ကနဲ တ လိုက်မိသလိုမျိုး။

ဒီလိုရာသီရောက်တိုင်း  ပိတောက်တွေ ပွင့်ကြတိုင်း…..။


Special Thanks :

*** ဒီဇာတ်လမ်းအတွက် ဇာတ်လမ်းပြောပြသူ မောင်ငယ်လေးတစ်ယောက်ကို ကျေးဇူးအများကြီး တင်ပါတယ်  :)







8 comments:

Ko Kyaw Oo said...

ေ သ ခ် ာ ေ အ ာ င် ထ ပ်ေ ပြာ မ ယ် ဗျာ
ပိေ တာ က် သ ည် မိုး ကို တ ည် မီ ၏

အမ်တီအန် said...

သင်္ကြန်ရေအေးအေးရဲ့ အောက်မှာ အရောင်စုံတွေက အမြဲ စီးဆင်းနေတတ်တယ်...
သင်္ကြန်ရေအေးအေးနဲ့အတူ ညှို့ငင်ဖျားယောင်းမှုတွေကလဲ ပေါပေါများများ...
အဆုံးသတ်မှတ်ချက်လေးက ဖြစ်ရပ်မှန်ဆိုတာကို ပြနေတော့ ဒါမျိုးကြီးတွေလဲ ရှိတတ်တာပဲဆိုတာ သိလိုက်ရတယ်။

သက်ဝေ said...

သင်္ကြန် ကျ တိုင်း... ပိတောက်တွေ မပွင့်ဘူး...
သင်္ကြန် မိုး ရွာမှ ပိတောက်တွေ ပွင့်တာ ဆိုတာ သင်္ကြန် သိစေချင်တယ်... .. ...

Thet Naing Tun said...

လင်းထင်က ဘာလို့ သူမဘေးမှာမနေတာလဲ။
သူမကလည်း အဲဒီလို မလုပ်သင့်ဘူး။
ဒါပေမယ့် သူမရှေ့ကိုရောက်လာချိန်မှာ သူက ဂရုစိုက်ပေးသင့်တယ်။ သင်္ကြန်ဟာ တချို့ကို ပျော်ရွှင်စေပြီး တချို့ကိုတော့ နာကျင်စေတယ်။ အလိုက်သင့် မပြောင်းလဲ မပြုမူနိုင်လို့ ထင်ရဲ့။

တီအန်တီ

ချစ်ကြည်အေး said...

ဟုတ်တယ် ညီမမြသွေး၊ ခုတော့ အဲ့ဒီမိန်းကလေးက တစ်ခြားအမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျလို့ မိသားစုဘဝလေးထဲမှာ အေးချမ်းနေပြီဆိုပါတော့။
သူရိန်နဲ့ရော လင်းထင်နဲ့ပါ သူငယ်ချင်းတွေအဖြစ် ဒီနေ့အထိ ဆက်ရှိနေကြသတဲ့......

အမေ့သား said...

အခုတော့ လင်းထင်လည်း အရင်လိုမဟုတ်တော့ပါဖူးတဲ့ အစ်မချစ်ရေ......
ချစ်သူတွေရဲ့ စည်းမျဉ်းတွေ နားလည်လာပြီတဲ့.......

အမေ့သား said...

ဒါပေမဲ့ နားလည်း လည်ရော ဒီကောင်အနားမှာ ဘယ်ကောင်မလေးမှ မရှိတော့ဖူး ဟီးဟီး

Ma Tint said...

မျှော်လင့်ထားတာတွေ လွဲချော်တတ်သလို
မထင်မှတ်တာတွေ မျက်ဝါးထင်ထင်တွေ့မြင်ရတာ
သဘာဝတရားပေါ့ ....
ဒီကနေ့တော့ ဘလော့ဝင်ရတာ ကျေနပ်တယ်။

မေတ္တာဖြင့်
တီတင့်

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်