Tuesday, March 25, 2014

Journey Forty-Five



စကားဦး

ဒီနေ့က ကျွန်မရဲ့ မွေးနေ့နှစ်ပတ်လည်မို့ အမှတ်တရပိုစ့်လေး ရေးဦးမှလို့ စိတ်ထဲတွေးမိတယ်။ 

ကျွန်မချစ်တဲ့ ဟိုမရောက်ဒီမရောက်စာလေးတွေ၊ ကဗျာလေးတွေ၊ ပန်းချီကားလေးတွေ၊ ဓါတ်ပုံလေးတွေ...အဲဒါတွေထဲက ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားတော့ အကုန်လုပ်ချင်တာပဲ။ ဒါနဲ့ စာလေးနည်းနည်း၊ ကဗျာလေးနည်းနည်း၊ ပန်းချီလေးနည်းနည်းနဲ့ ဓါတ်ပုံလေးနည်းနည်း အကုန်လုပ်ချလိုက်တာပေါ့ကွာလို့ တွေးတယ်။ ဒါတောင် သီချင်းဆို၊ ဂစ်တာတီးတာ မပါသေးဘူး။ အဲဒါကတာ့ ထားလိုက်ပါတော့လေ။ ဘလော့ဂ်ဖတ်ပရိသတ်ကို အဲ့လောက်ထိတော့ မနှိပ်စက်သင့်ဘူး မဟုတ်လား  :)

ဒီပို့စ်မှာ ၁) စာ ၂) ဓါတ်ပုံ  ၃) ပန်းချီနဲ့ ၄) ကဗျာ ပါပါတယ်။
ဖတ်ရတာ များသွားရင်တော့ အားနာပါရဲ့။ အမှတ်တရမို့ လုပ်ချင်တာ အကုန်လုပ်တာလို့သာ သဘောထား ဖတ်ပေးကြပါ  ;)

၁) စီကေအေမှ စီကေအေသို့ ပေးစာ

ချစ်သောစီကေအေ

ကျန်းမာပါစ၊ ခေတ္တလူ့ပြည်မှာ နေရတာ အဆင်ပြေချောမွေ့ပါစ။

ဆိုရေးရှိက ဆိုအပ်လှဆိုတာလို ဒီနေ့ စီကေအေရဲ့ မွေးနေ့နှစ်ပတ်လည်မှာ စီကေအေကို ပြောချင်ဆိုချင်တာလေးတွေ ပြောရဦးမယ်။ ဒီလိုလေ….လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းကို အနှစ်ခြောက်ဆယ်လို့ ထားလိုက်၊  ခုဆိုရင် ရှင်ဟာ လေးပုံသုံးပုံကြီးများတောင် ခရီးပေါက်ခဲ့ပြီ။ ဘယ်ကိုနှင်နေတဲ့ခရီးလည်းဆိုတော့ သေခြင်းတရားဆီကိုပေါ့။ လူတစ်ယောက်ရဲ့ ဘဝအလျားဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့အကြားက အချိန်တွေပဲ မဟုတ်လား။ ဒီတော့ မွေးဖွားခဲ့ပြီးမှတော့ သေခြင်းတရားဆီကိုသာ ဦးတည်လျှောက်လှမ်းနေကြရုံ…..။

ခု ရှင် ခရီးပေါက်ပြီလား။ အတော်မှ မောပါရဲ့လား…..

ခရီးသွားတွေဟာ အဲဒီအလျားလေးတစ်ခုအတွင်းမှာ မှတ်တိုင်လေးတစ်ခု လောက်လောက်လားလား စိုက်ထူခဲ့ကြဖို့ ကြိုးစားကြတယ်။  ရှင်တို့ကျွန်မတို့ ခရီးသွားတဲ့အခါ တွေ့ဖူးကြသလို  မောင်ဘယ်သူ မဘယ်ဝါတွေကဖြင့် ဒီနေရာကို ဘယ်နေ့ဘယ်ရက်ဘယ်အချိန်က ရောက်ခဲ့သည်ဆိုတဲ့ နံရံစာမျိုးနေမှာပေါ့။ အဲ့ဒီထက်ပိုမို လေးနက်ကောင်း လေးနက်လိမ့်မယ်။ သူသူငါငါ အပြိုင်အဆိုင် ကဗ္ဗည်းထိုးခဲ့ချင်ကြတယ်။ လူတွေရဲ့ စိတ်မှာ၊ လူတွေရဲ့ ပါးစပ်ဖျားမှာ၊ လူတွေရေးတဲ့ သမိုင်းထဲမှာ….။

လျှောက်ခဲ့ပြီးတဲ့ အလျားတစ်ခုကို ရောက်တဲ့နေရာကနေ ပြန်လှည့်ကြည့်ဖြစ်တဲ့အခါ ကွဲပြားတဲ့ဖြတ်သန်းမှုတွေကို ရှင် တွေ့ရမယ်။ ခရီးသွားနေကြတဲ့သူတွေချင်းအတူတူမှာ တစ်ချို့က အေးအေးလူလူ သက်တောင့်သက်သာ၊ တစ်ချို့လည်း ခက်ခက်ခဲခဲ ပင်ပမ်းဆင်းရဲ၊ တစ်ချို့ကျပြန်တော့ ရှေ့ရောက်ချင်လွန်းလို့ အပြေးတစ်ပိုင်း၊ တစ်ချို့ကျပြန်တော့ ရှေ့လူတွေကို တွန်းထိုးနင်းတက်…..။

ရှင်ရော ဘယ်လို ဖြတ်သန်းခဲ့သလဲ၊  အဲသလိုလူတွေနဲ့တွေ့ရတိုင်း ဘေးကပ်ပေးမိရဲ့လား။  သွားကြပါစေ၊ ကျော်ဖြတ်တက်သွားကြပါစေ၊  ခရီးပေါက်ကြပါစေဆိုတဲ့ စိတ်နဲ့လေ….ဒီလိုဆိုရင်ဖြင့် ရှင်က ကျွန်မလည်း အလျားတစ်ခုအတွင်းမှာ ထိပ်ကို မြန်မြန်ရောက်ချင်တာပေါ့၊ အားလုံးထက် ရှေ့ကိုရောက်ချင်တာပေါ့လို့ ပြန်ပြောချင်စရာ…။

ဒီမှာ…ဘာကိုမဆို ရှင် တတ်နိုင်သလောက် ကြိုးစားကြည့်၊ ကြိုးစားမှုနဲ့တန်တာကို ရှင် ပြန်ရမှာပဲ။  ရောင့်ရဲတတ်ဖို့ပဲ လိုတယ်။ ဘုရားဟောတရားထဲမှာပါတဲ့ ရောင့်ရဲအောင်နေတတ်ဖို့ ဆိုတာဟာ လိုက်နာကျင့်သုံးတတ်ရင် တကယ်ကို အေးချမ်းတာ။ ဒီနေရာမှာ ရှင် သိထားဖို့က ရောင့်ရဲမှုဆိုတာ ပျင်းရိမှုမဟုတ်ဘူး။ တတ်နိုင်တဲ့ အားထုတ်မှု လုံ့လ ဝိရီယတော့ ရှိပါစေ၊ ရလာမယ့် ရလာဒ်အပေါ်မှာ လက်ခံနေပျော်ခြင်းကိုသာ ဆိုလိုပါတယ်။ အဲဒီလိုဆိုတော့ ဘာလာလာ ကြုံလာရသမျှ အေးချမ်းသွားတယ်။ အရာရာဟာ ကိုယ်ပြုသမျှတွေရဲ့အကျိုးဆက်တွေပဲလေ….အဲဒါကို ရှင် လက်ခံလား။

ဘယ်သူမဆို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံချင်ကြတယ်။ ကိုယ်၏ချမ်းသာခြင်းကတော့ သိပ်ကို ရှင်းပါတယ်။ ရုပ်ဝတ္ထုတွေနဲ့ ဖြည့်ဆည်းပေးလို့ ရတယ်။ တရားသဖြင့်ဖြစ်စေ၊ မတရားသဖြင့်ဖြစ်စေ ရယူလို့ ဖြစ်တယ်။ လိပ်ပြာလုံတာ မလုံတာက နောက်တစ်ပိုင်း။

စိတ်၏ချမ်းသာခြင်းကတော့ အဲဒီလောက်လွယ်မယ် မထင်ဘူး။ ရှင့်အတွက်မှ မဟုတ်ဘူး။ အားလုံးအတွက် စိတ်၏ချမ်းသာခြင်းက ခက်တယ်။ အရာရာပြည့်စုံတိုင်းလည်း စိတ်ထားတတ်ပါမှ။

မီးခဲပူတယ်ဆိုတာ လူတိုင်းအသိပဲ။ ပူမှန်းသိတဲ့နောက် ဘယ်သူက ကိုင်ထားချင်မလဲ။ လွှတ်ချထားခဲ့လိုက်ရမှာပဲ မဟုတ်လား။ မြင်သာတဲ့အပူတွေကို လွှတ်ချထားခဲ့လိုက်ဖို့ လွယ်ကူသလောက် မမြင်ရတဲ့ စိတ်အပူတွေကိုကျတော့ သိုမှီးထားတတ်ကြတယ်။ ရှာဖွေပူလောင်တတ်ကြပြန်တယ်။
ကဲ မခက်ဘူးလား။ ဒီတော့ ရှင် စိတ်အပူတွေ လောင်နေခဲ့ရင် လွှတ်ချထားခဲ့လိုက်ဖို့ ကြိုးစားပါ။ စိတ်ကို စိတ်ဖြင့်သာ စင်ကြယ်စေရာ၏ဆိုတာလို စိတ်အလုပ်ကို လုပ်ပါ။ ထွက်လေဝင်လေကလေးကို ကြည့်နေ မှတ်နေရတာ ဘယ်လောက်စိတ်ချမ်းသာစရာလဲဆိုတာ လုပ်ကြည့်မှ ရှင် သိမယ်။ 

လူ့ဘဝရဲ့တန်ဘိုး၊ လူဖြစ်ရတဲ့ တန်ဘိုးကို မွေးသေကြားက အလျားအရှည်နဲ့တိုင်းတာ မဟုတ်ဘူး။ စိတ်ချမ်းသာအောင်နေတတ်ပြီး ချမ်းချမ်းသာသာသေတတ်မှ လူဖြစ်ရကျိုးနပ်တာ။ ဒီတော့ အနေတတ် အသေတတ်အောင် ရှင် ကြိုးစားဖို့ပဲ။ ပတ်ဝန်းကျင်အတွက်ဆိုတာကို ခဏလေး ထားလိုက်။ ကိုယ်တိုင် အတွင်းအပြင် အေးချမ်းအောင်အရင်ကြိုးစားပါဦးလို့ပဲ ရှင့်ရဲ့ မွေးနေ့နှစ်ပတ်လည်မှာ အမှတ်တရစကား ပြောခဲ့ချင်တယ်။

ကဲ ဒီလောက်ဆို ရှင် နားညည်းရောပေါ့။ တော်ပြီနော် နောက်နှစ်တွေလည်း လာကြည့်ပါဦးမယ်။ သေဆုံးခြင်းဆီ ခရီးရောက်မသွားသေးဘူးဆိုရင်ပေါ့လေ။ ရှင့်ရဲ့ စိတ်ကျမ်းမာရေးအခြေအနေ ဘယ်လောက်တိုးတက်နေပြီလဲ၊ ဘဝကြီးထဲမှာ ဘယ်လောက်အနေတတ်နေပြီလဲ ဆိုတာကိုပေါ့။ လာကြည့်ပါဦးမယ်။

သြော် မေ့လို့၊ ပြောစရာတစ်ခုကျန်သေးတယ်။ တကယ်တော့ လူ့ဘဝဆိုတာ ၃၁ဘုံရဲ့ ထရန်စစ်တစ်ခုပဲ။ လမ်းသုံးသွယ်ရှိတယ်။ အစုန်လမ်း၊ အဆန်လမ်းနဲ့ နိဗ္ဗာန်လမ်းတဲ့…။

အစုန်လမ်းဆိုတာက ၃၁ဘုံမှာ ပျော်ပျော်ကြီး စုန်ဆင်းကျင်လည်နေရဦးမယ့်လမ်း၊ အဆန်လမ်းဆိုတာက သံသရာဝဲသြဂထဲက ဆန်တက်လို့ အထက်ဘုံတွေမှာ ကျင်လည်ကျက်စားရမယ့်လမ်း၊ နိဗ္ဗာန်လမ်းဆိုတာကတော့ မြတ်သောမဂ္ဂကျင့်စဉ်နဲ့ကျင့်ကြံအားထုတ်ပါမှ ရောက်နိုင်မယ့်လမ်း (ဝါ) သံသရာထွက်လမ်း။ 

ဆိုတော့ကာ….ရှင် ဘယ်လမ်းလိုက်ချင်သလဲ….
နောက်တစ်ခါတွေ့တော့ ဆက်ပြောကြတာပေါ့ နော်

ရှင့်မွေးနေ့နှစ်ပတ်လည်မှာ ကျန်းမာပျော်ရွှင်ပါစေ၊ လွန်ခဲ့တဲ့ လေးဆယ့်ငါးနှစ်က ဝမ်းနာမွေးခဲ့ရတဲ့ ရှင့်အမေရဲ့ မွေးကျေးဇူး၊ လူလားမြောက်အောင် ကျွေးခဲ့တဲ့ ရှင့်အဖေရဲ့ ကျွေးကျေးဇူးတွေကို သတိရဆင်ခြင်နိုင်ပါစေ၊ ရှင့်အနီးအပါးက ပါရမီဖြည့်ဘက်နဲ့အတူ သံသရာက လွတ်ရာလွတ်ကြောင်းတရားများ ပွားများအားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။


ရှင့်ရဲ့သစ္စာရှိသော....

စီကေအေ 
၂၅-၀၃-၂၀၁၄


၂)  ဓါတ်ပုံကိုတော့ "Around my house" လို့ ခေါင်းစဉ်ပေးထားပါတယ်။ 

(က) ကျွန်မလက်ကျရာ ခြယ်မှုန်းပေးကြတဲ့ ကျွန်မဘဝထဲမှာ မရှိမဖြစ်အရာလေးတွေ....


(ခ) ကျွန်မနေတဲ့တိုက်ခန်းကျဉ်းလေးရဲ့ တစ်ထောင့်မှာ စာရေးခုံလေးနဲ့ ပန်းချီပစ္စည်းလေးတွေအကုန် ကြပ်ညပ်နေအောင် ဒီလိုပဲ ထားလိုက်ရတာပဲ....


(ဂ) သူတို့သာမပါရင် အိမ်ထဲကို ဝင်ခွင့်မရှိ....:)


(ဃ) ဘဝမှာ ဒီလိုဆက်နွယ်နေမှဖြစ်မယ့် ဆက်သွယ်နေရမှုတွေ......


ကျွန်မနဲ့အတူ အိမ်ထဲတခွင်လိုက်ကြည့်ရသလိုပေါ့နော်။ ပုံလေးတွေကို နှစ်သက်ကြမယ်လို့ ထင်ပါတယ် :)


၃) စီကေအေပေါ့ထရိတ်.....

၇.၅" x ၁၁" w/c on paperပါ။ ကျွန်မနဲ့ တူရဲ့လား  :)




၎) နောက်ဆုံး ကျွန်မချစ်တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ သိမ်းချင်ပါတယ်။

Journey Forty-Five 



ကျွန်မခြေထောက်အောက်ကမြေကြီးက ကျွန်မကိုထမ်းပိုးထားချိန်
ကျွန်မကျောပေါ်မှာ လေးဆယ့်ငါးနှစ်စာ ဝန်ထုတ်ဝန်ပိုးအပြည့်နဲ့
နေ့ရက်နာရီရာသီတွေက ကျွန်မအလိုမတူဘဲ ဇရာဆိုတာကြီးကိုပါ ကျွန်မကျောပေါ် ထပ်ဆောင်း
သိမ်မွေ့သလောက်မြန်ဆန်လွန်းလို့ ကျွန်မဖြင့် သတိကလေးမှ မကပ်လိုက်နိုင်
ဘဝကြီးမှာ လူလုပ်စားလာတာ လေးဆယ့်ငါး  အမေ့ဗိုက်ထဲမှာ ကိုးလသား
ပေါင်းလိုက်တော့ လေးဆယ့်ငါးနှစ်ကိုးလ
ဘဝဟာ….
ပဏာမဧည့်ခံတီးလုံးက ရုံထဲဝင်ချင်အောင် ချိုသာလှပသလောက်
နောက်ပိုင်းဇာတ်ထုပ်ကျမှ ပုဏ္ဏားက ကျောပုတ်ရင်ထုသလိုမျိုး
သေချာတာက ဘဝဟာ…
တစ်နွေလုံးပျောက်ခဲ့တဲ့ မှိုပွင့်ကလေးတွေ မိုးဦးကျမှ
ဟိုတစ်ပွင့် ဒီတစ်ပွင့် ပေါ်လာကြသလို ပေါ်လာတာမဟုတ်ဘူးကွဲ့
ဘဝဟာ မောဟတွေနဲ့အမြဲစိမ်းစို ခဲအုပ်ပျိုလွင်နေတဲ့ သစ်တစ်ပင်
ဘဝဟာ မနက်ဖြန်တွေ့ကြစို့ အချစ်ရယ်တွေ စတေးတပ်စ်တင်တတ်တဲ့ မျက်နှာစာအုပ်
ဘဝဟာ လွမ်းတယ်ကွယ်တွေ ဒင်းကြမ်းပြည့်မျောလွင့်နေတဲ့ ကောင်းကင်
ဘဝဟာ………….
ဘဝဟာ…………..
ဘဝဟာ…………….
ရှင်တို့အားလုံး “ဘဝဟာ” နဲ့ အစချီတဲ့ ဝါကျတွေ ဖွဲ့ကြည့်ကြပါ
အဲဒါဟာ စိတ်ဝင်စားစရာ သိပ်ကောင်းတာပဲ
ဘဝဟာ စာသားနှစ်ကြောင်းလောက်နဲ့ အပြန်ပြန်အလှန်လှန်ဖွဲ့စပ်ထားတဲ့ သီချင်းတစ်ပုဒ်
ရင်ကွဲပက်လက်တွေ ဒူးနဲ့မျက်ရည်တွေပဲ အထပ်ထပ်ပြန်ကျော့လို့
ရှင်တို့ ကျွန်မတို့အားလုံး ဒါကိုပဲ နားထောင်ပြီးရင်း နားထောင်နေရတယ်
မောပါ့….
ကျွန်မမာတိကာကို ဖတ်ကြည့်ရုံလောက်နဲ့ ကောက်ချက်ချမယ့်အစား
ကျွန်မစာမျက်နှာတွေကို လက်ရှိအထိ ဖတ်ကြည့်ကြပါလား
(ပျင်းစရာကောင်းရင် ကျော်ဖတ်ပေါ့)                                         
ဘုရားသခင် ကောင်းချီးပေးချင်စရာတွေ ရှိသလို
ဒုက္ခသည်တွေအချင်းချင်း လက်ညှိုးထိုးချင်စရာတွေကလည်း ဝက်ဝက်ကွဲပြည့်နှက်လို့
ဒီလိုပါပဲလေ  ဘဝက….
ချိန်းကျကျနေတဲ့ဘီးလို ခရီးမတွင်မှုတွေနဲ့ ရှေ့မရောက် နောက်မဆုတ်သာ
ရိုးသားပွင့်လင်းမှုကို ကြွားဝါတတ်လွန်းလို့ ငါ့မှာ "လူအ"တံဆိပ်အကပ်ခံရ
အသက်ရှူလိုက်တိုင်း တစ်ကိုယ်စာထမ်းပိုးထားရတဲ့ မြေကြီးကို အားနာ
အလွဲကြီးအလွဲလေးတွေနဲ့ လူပီသနေတဲ့ကိုယ့်ကိုယ်ကို ကျေနပ်အားရ
ကျွန်မက ဘဝမဟုတ်ပေမယ့် ဘဝထဲကကျွန်မကတော့ ကျွန်မအစစ်ပါ
မှန်ထဲကပုံရိပ်ယောင်ဟာ ကျွန်မမဟုတ်ပေမယ့် ကျွန်မနဲ့ ဆက်စပ်နေသလိုပေါ့
ကျွန်မနဲ့ ဘဝဟာ အဲသလိုဆက်စပ်တယ်
ဘယ်လိုလဲ….
ဒါတွေအားလုံးကို ကျေလည်ရင် ကျွန်မတို့ ခရီးအတူသွားလို့ ရပြီ….





ကျွန်မနဲ့အတူ ဒီခရီးကို လျှောက်ပေးခဲ့ကြသူများအားလုံးကို ချစ်ခင်စွာ ကျေးဇူးတင်ရပါတယ်  :)
အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ....

15 comments:

  1. ခရီးအတူတူသွားကြမယ် အမချစ်

    ရှင့်မွေးနေ့နှစ်ပတ်လည်မှာ ကျန်းမာပျော်ရွှင်ပါစေ၊ လွန်ခဲ့တဲ့ လေးဆယ့်ငါးနှစ်က ဝမ်းနာမွေးခဲ့ရတဲ့ ရှင့်အမေရဲ့ မွေးကျေးဇူး၊ လူလားမြောက်အောင် ကျွေးခဲ့တဲ့ ရှင့်အဖေရဲ့ ကျွေးကျေးဇူးတွေကို သတိရဆင်ခြင်နိုင်ပါစေ၊ ရှင့်အနီးအပါးက ပါရမီဖြည့်ဘက်နဲ့အတူ သံသရာက လွတ်ရာလွတ်ကြောင်းတရားများ ပွားများအားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။

    သူ့ လိုပဲဆုတောင်းပေးခဲ့တယ်

    ReplyDelete
  2. POWER FORTY-FIVE...
    တရွေ့ရွေ့သွားနေသော... ကိုလည်း အခုမှ တခါတည်း တွဲဖတ်မိရက်သား အရသာ ရှိလှပါဘိတောင်း...

    ReplyDelete
  3. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ အစ်မချစ်..
    နှစ်သက်စရာ မွေးနေ့ပို့စ်လေး...
    ခရီးရဲ့ အပိုင်းအစသေးသေးလေးတစ်ခုအဖြစ် အတူပါခွင့်ရခဲ့တယ်လို့ ကွကိုယ် ဇွတ်ယူဆမိပါ၏။
    လက်ခံမည်ဟုလည်း ထင်မိပါ၏။
    ချမ်းမြေ့ပျော်ရွှင်ပါစေ အစ်မရေ..။

    ReplyDelete
  4. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ အစ်မချစ်..

    ReplyDelete
  5. လူ့ဘဝရဲ့တန်ဘိုး၊ လူဖြစ်ရတဲ့ တန်ဘိုးကို မွေးသေကြားက အလျားအရှည်နဲ့တိုင်းတာ မဟုတ်ဘူး။ စိတ်ချမ်းသာအောင်နေတတ်ပြီး ချမ်းချမ်းသာသာသေတတ်မှ လူဖြစ်ရကျိုးနပ်တာ။ ဒီတော့ အနေတတ် အသေတတ်အောင် ရှင် ကြိုးစားဖို့ပဲ။ ပတ်ဝန်းကျင်အတွက်ဆိုတာကို ခဏလေး ထားလိုက်။ ကိုယ်တိုင် အတွင်းအပြင် အေးချမ်းအောင်အရင်ကြိုးစားပါဦးလို့ပဲ ရှင့်ရဲ့ မွေးနေ့နှစ်ပတ်လည်မှာ အမှတ်တရစကား ပြောခဲ့ချင်တယ်။

    စိတ်ကူးလေးကောင်းလိုက်တာ ။ မမ မွေးနေ့လေးမှာ စိတ်ချမ်းမြေ့ခြင်းတွေကို ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  6. ဘ၀ဟာ ဓါတ်လိုင်းပေါ်က စကားလုံးလေးတွေလို လှပလွမ်းမောဖွယ် ချစ်ခင်ဖွယ်ရာတွေပြီးပြည့်စုံ....း)
    ဓါတ်ပုံလေးတွေကိုသိပ်ကြိုက်တယ် ပန်းချီရောပဲ... ကဗျာကိုတော့ အကြိုက်ဆုံး...။
    ပျော်ရွှင်ပါစေအစ်မ...း)

    ReplyDelete
  7. အနုပညာတွေ အင်ပြည့်အားပြည့်နဲ့ ခင်းကျင်းထားတဲ့ Forty five...!

    မွေးတဲ့အချိန်မှာ စတဲ့ လူ့ဘဝရယ်၊ လေးဆယ်ပြည့်မှာ စတဲ့ လူ့ဘဝရယ်လို့ ဆိုကြလေတော့ ကျနော်က အစ်မချစ်ကို နှစ်ကြိမ်တိတိ ဘဝစခဲ့ပြီးမှ သိခဲ့ရသူပါပဲ...၊း)
    ဘဝဟာ ရထားတစ်စင်းလို့ဆိုရင် ဂိတ်စကနေ အတူမစီးရလည်း ကိစ္စတော့ မရှိဘူးမဟုတ်လား...၊ ကျော်ဖြတ်သွားရမယ့် ဘူတာစဉ်တွေကို ရယ်ရယ်မောမောနဲ့ ငေးကြည့်ရေတွက်နိုင်ရင်ပဲ လုံလောက်နေပါပြီလေ...။

    ("ဘဝဟာ..." နဲ့ အစချီတဲ့ ဝါကျတွေ ဖွဲ့ပါဆိုလို့ အိမ်စာလုပ်လာတဲ့ ကျောင်းသားတစ်ယောက်ရဲ့အေးအေးလူလူနိုင်မှုမျိုးနဲ့ ဒီကွန်မန့်ကို ရေးပါ၏...)း))

    ReplyDelete
  8. ပျော်ရွှင်အောင်မြင်အေးချမ်းစွာ လိုချင်တာတွေ ရပါစေ မချစ်

    ReplyDelete
  9. မချစ်ပေါက်.. ၄၅ ဆို ကျော်သွားပြီ။ ပျော်ရတော့မယ်တဲ့။ ( ဗေဒင်ဟောတာ)း)) ဟက်ပီဘဒ်ဒေး

    ReplyDelete
  10. ဆန္ဒနဲ့လက်တွေ့ အနီးစပ်ဆုံးအကောင်အထည်ဖော်နိုင်သူထဲက တစ်ယောက်အပါအ၀င်ဖြစ်တာမို့
    မွေးနေ့နဲ့အတူ ဂုဏ်ယူပါတယ် မချစ်ရေ...၄၅-နှစ်တာကာလမှ ရှေ့ဆက်ပြီး ခရီးမှတ်တိုင်များစွာကို
    ကိုယ်စိတ်နှစ်ပါးကြည်လင်အေးချမ်းစွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  11. မွေးနေ့ပွဲကိုနောက်ကျမှရောက်ဖြစ်တယ်ဗျာာား)
    ပျော်ရွှင်ပါစေအစ်မကြီးရေ.....

    ReplyDelete
  12. ၄၅ နှစ်ပြည့်မွေးနေ့မှသည် အေးချမ်းပျော်ရွှင်စွာဖြင့် သံသရာမှလွတ်ရာလွတ်ကြောင်းတရားများပွားများအားထုတ်နိုင်ပါစေ

    ReplyDelete
  13. Happy BIrthday Ama :) WIsh you all the best. I wish I could look as youthful as you are when i reach 45. :)

    ReplyDelete
  14. Happy belated birthday! All the best!!

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...