Monday, March 17, 2014

အချစ်သည် ခါးသက်တတ်သောသဘောရှိ၏

(အစ)

သမီးရဲ့ခပ်စွေစွေအကြည့်ကိုလျစ်လျူရှု့ရင်း လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်တယ်။ ပြင်ဆင်နေတာ ပြီးမှ မပြီးသေးတာပဲ။ shitလို့ သူမနှုတ်ဖျားက လွှတ်ကနဲထွက်သွားတော့ သမီးက ဆတ်ကနဲ လှမ်းကြည့်တယ်။ သမီးအကြည့်ထဲမှာ စိတ်လေလိုက်တာဆိုတဲ့ ဖွင့်ဆိုချက်က ကိုးလောက်ရှိတယ်။ ဒီမျက်တောင်တုဟာလေ ဒီနေ့မှ ဘယ်လိုတပ်ရခက်ခဲတယ် မသိဘူး။ မျက်လုံးထောင့်စွန်းနားမှာ ကွာချင်ချင်ဖြစ်နေတာကို ပြန်တပ်ဖို့ ဆတ်ကနဲ ဆွဲခွာလိုက်တယ်။ နှာရိုးလေး ပိုပေါ် လာအောင် နှာရိုး တဖက်တချက်ကို ပါးနီလေးရိပ်ရိပ်တင်လိုက်သေးတယ်။ မျက်တောင်တုခပ်ပါးပါးကြောင့် မျက်ဝန်းအိမ်တွေဟာ ရှိရင်းစွဲထက် ပိုကျယ်လာသယောင်။ နှုတ်ခမ်းနီကိုတော့ ခပ်ရဲရဲမဆိုးဘဲ ပန်းဖျော့လေးပဲဆိုးပြီး အပြီးသတ်လိုက် တယ်။ မောင်က နှုတ်ခမ်းအနီရဲရဲဆိုးတာ မကြိုက်ဘူး၊  “မောင့်နှုတ်ခမ်းမှာ မ နှုတ်ခမ်းနီတွေ ပေကုန်မှ ခက်မယ်” တဲ့။ ကြည့် ဆိုးတဲ့ မောင်….။ သူမမျက်နှာမှာ ရှက်ပြုံးတစ်ချက် ဖျတ်ကနဲပြေးတယ်။

မောင်….။  သူမအတွေးထဲ မောင်လို့ တစ်ချက်လေး တ လိုက်ရုံနဲ့တင် အံ့သြချင်စရာကောင်းလောက် အောင် သူမသွေးတွေ ပူနွေးသွားတယ်။ သမီးသိရင်တော့ မျက်နှာကို ရှုံ့မဲ့လို့ ပုခုံးကို ဟန်ပါပါ တွန့်ပြလေဦးမယ်။ “ဘာလဲ ဒုတိယအရွယ်၏ တတိယဝေဒနာလား ဟာဟ”လို့ လှောင်ရယ်နေဦးတော့မှာ။ သူမရည်းစားဦးအကြောင်း၊ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ သူမခင်ပွန်း သမီးအဖေအကြောင်း၊ ခု မောင့်အကြောင်း ဒါတွေအားလုံး သမီးကို ပွင့်ပွင့်လင်းလင်းပြောပြထားခဲ့တော့ သမီးက သူမရဲ့မောင့်ကို တတိယဝေဒနာလို့ ခေါင်းစဉ်တပ်ထားလေတယ်။

မောင်ဟာ ကြင်နာတတ်သူတစ်ယောက်၊ အဲဒါ သူမ သေချာတယ်။ သူမလက်ကလေးကို ဆွဲပွေ့ယူငင်လိုက်တာက အစ၊ သူမပါးကလေးကို ဖွဖွမွှေးမြလိုက်တာအဆုံး မောင်ဟာ တကယ့်ကို ကြင်ကြင်နာနာ။ မောင့်လက်ထဲမှာ သူမဟာ နေထိပန်းကလေးတစ်ပွင့်လို အမြဲတမ်းပျော့ခွေနွမ်းလျမြဲ။ အားအင်တွေကုန်ခမ်းသွားမြဲ။ မသိတော့ပါဘူး၊ ဘာကြောင့်ဆိုတာ။ မောင့်ကိုတွေ့ရင်ပဲ သူမရင်တွေ ဗြောင်းဆန်ကုန်တော့တာ။ ဦးနှောက်နဲ့နှလုံးသားတို့ အဆက်အသွယ်တွေ ပြတ်တောက် ကုန်တော့တာ။ အဆင်အခြင်တွေ ကင်းမဲ့လို့…၊ မောင့်အကြင်နာမှာ ဇက်ကုန်လွှတ် မျော လွင့်နေတတ်ခဲ့တာ။

ပြောကြပါတော့လေ။  ဒီအသက်ဒီအရွယ်ကျမှ အချစ်ဆီကို ကမ်းကုန်စီးဆင်းနေတာဟာ ရှက်စရာလို့၊ နေစမ်းပါဦး၊ ဆန့်ကျင်ဘက်လိင်အပေါ် မိန်းမတစ်ယောက်ရဲ့ အချစ်က ရယ်ပွဲဖွဲ့ချင်စဖွယ်လား။ တင်းဆိုဖွဲ့ချင်စရာများ ကောင်းလွန်းနေသလား။  အချစ်ဆိုတာ အသက်နဲ့ အရွယ်နဲ့ ဆိုင်တဲ့အရာလား၊ နှစ်ယောက်အတူ ဘဝတစ်ခုတည်ဆောက်ဖို့ ဖြစ်နိုင်ချေရှိမှု မရှိမှုနဲ့ရော သက်ဆိုင်သလား။ အတူတူ ဘဝတစ်ခု မတည်ဆောက်နိုင်ဘဲနဲ့ရော သူမတို့နှစ်ယောက် မချစ်ကြရတော့ဘူးလား။ သူမကရော မောင်နဲ့အတူ ဘဝတစ်ခုတည်ဆောက်ရဲလို့လား။ သူမအသက်အရွယ်လေးဆယ်ကျော်ဟာ မောင်နဲ့သူမကြားက ခပ်ထူထူစည်းတစ်ခုတဲ့လား။ မတွေးချင်…။

လူတွေရဲ့ သူများအပေါ် ပြောစရာ ပါးစပ်၊ ထိုးစရာ လက်ညှိုးတွေ အားလပ်လွန်းနေတာဟာ ပြဿနာ။ 

သူမအနေနဲ့တော့ နည်းနည်းလေးမှ ဂရုစိုက်မနေချင်။ ဘဝတိုတိုမှာ၊  လူပေါင်းများစွာထဲမှာ၊ ခုလိုအချိန်မှာမှ မောင်နဲ့ဆုံဆည်းခွင့်ပေးတဲ့ ကံကြမ္မာကိုသာ သူမက ကျေးဇူးတင်နေခဲ့တာ။ သူ့အလိုလိုဖြစ်တည်လာတဲ့ အချစ်ဆိုတာကို လူတွေရဲ့ပါးစပ်တွေ မျက်လုံးတွေကြောင့် သက်သက်နဲ့ မြေမြှုတ်ကျောခိုင်းပစ်လိုက်ဖို့ သူမက သတ္တိမကြောင်ချင်ဘူး။ အင်း ဒါကို သူမက သတ္တိလို့ပဲ သုံးနှုန်းလိုက်ချင်တယ်။ သူမဂုဏ်သိက္ခာ၊ သူမမာန၊ သူမရပ်တည်မှု၊ သူမအရှက် ဒါတွေအားလုံး၊  ဒါတွေအားလုံးနဲ့ မောင့်အပေါ်ချစ်မိတဲ့အချစ်ကို လဲလှယ်ပစ်ရဲတဲ့ သတ္တိ။ လူတွေရဲ့ ဖြစ်နိုင်ဖွယ်ရာသော ပြောဆိုပြစ်တင်မှုတွေ၊ နောက်ကျောက ဓါးချက်တွေနဲ့ လဲလှယ်ပစ်ရဲတဲ့ သတ္တိ။  တကယ်တော့ အဝေးကြီးရယ်။ သူမရဲ့အရာရာကို လွှတ်ချခဲ့ပြီးမှ မောင့်အနားရောက်ဖို့ အဝေးကြီးကနေ လာရသူမို့ မောင့်အပေါ်ချစ်မိတဲ့အချစ်ကို သူမကိုယ်တိုင် တန်ဘိုးထားတယ်။

ဘယ်သူတွေ ဘာပြောကြစေ၊ အရာအားလုံးနဲ့ဆန့်ကျင်လို့ ပုံနှစ်ပြီး ချစ်ဖူးချင်တယ်။ သူမဘဝမှာ ဆန့်ကျင်ဘက်ယောကျာ်းတစ်ယောက်အပေါ် တစ်ခါမှ မချစ်ဖူးတဲ့အချစ်မျိုးနဲ့ ပျော်ဝင်ပတ်သက် ကြည့်ချင်လှတယ်။ မောင်နဲ့အတူ အချစ်ဆိုတာကို တစ်သားတည်း တစ်သွေးတည်း အတူတကွ ဆုတ်ကိုင်လို့သာ ထားချင်တော့တယ်။ သူမ ရူးနေတာလို့ ပြောကြပါစေတော့။

လူနှစ်ယောက်လက်ထပ်ကြတိုင်း လိင်ကိစ္စသာယာချင်လို့ပဲလို့ တညီတညွတ်ထဲ အပေါ်ယံကောက်ချက် ချတတ်ကြတာ ဘာကြောင့်ပါလိမ့်။ သူမ နားမလည်နိုင်ဘူး။ အနောက်နိုင်ငံတွေမှာ အသက်တွေကြီးမှ တွေ့ဆုံချစ်မက်လို့ လက်ထပ်ဖြစ်ကြတဲ့စုံတွဲတွေ အများကြီးရယ်။ အဲဒီအတွက် ဘယ်သူကမှလည်း ကဲ့ရဲ့ပြစ်တင်မှု မပြုကြဘူး။ ကာယကံရှင်နှစ်ယောက်အတွက် အမီသဟဲအဖြစ် ပေါင်းဖော်မှုအပေါ် ဝမ်းမြောက်ဝမ်းသာတောင်ရှိကြသေးတယ်။

လူနှစ်ယောက်ဟာ တစ်ယောက်အတွက် နောက်တစ်ယောက်က အနားမှာရှိနေသင့်တယ်၊ ရှိနေဖို့လိုအပ်တယ် ယူဆလို့ အတူနေကြတာ ဘာဖြစ်သလဲ။ အသက်အရွယ်ကြီးရင့်လာတဲ့လူတွေအဖို့ ပိုလို့တောင်လိုအပ်သေးတာ။ အားပေးဖော် ဖေးမဖက်၊ ဆေးပေးမီးယူဆိုတာတွေဟာ ဒီလိုအချိန် ဒီလိုအသက်အရွယ်မှာ ပိုပြီးတော့တောင် လိုအပ်သေးတာမဟုတ်လား။ တစ်ပင်လဲလို့ တစ်ပင်ထူတာဆိုတဲ့ ရှေးရိုးစကားကြီးကို ဆွဲမထည့်လိုပေမယ့် ဒီနေရာမှာ ဖြစ်ချင်းဖြစ်ရင် အချစ်ကြောင့်သာဖြစ်ရမှာလို့ သူမက ဆင်ခြေတက်ခွင့်ရချင်သေးတယ်။

သူမရည်းစားဦးအပေါ် စိတ်အလှုပ်အရှားတစ်ခုနဲ့ ဆယ်ကျော်သက်အရွယ်မှာ ချစ်ခဲ့တာ၊ သမီးလိမ္မာနာမည်ခံချင်ခဲ့လို့ မဟုတ်ပေမယ့် ငြင်းဆန်ချင်စရာလည်းမရှိတဲ့ မိဘတွေရဲ့အစီအမံနဲ့ သမီးတို့အဖေကို အိမ်ထောင်ပြုခဲ့တာ၊ ဒါတွေဟာ အချစ်မဟုတ်ခဲ့ဘူးလားလို့ မေးချင်စရာပါပဲ။ အဲ့ဒီအတွက် သူမမှာ တိကျတဲ့အဖြေ ရှိမနေဘူး။ သေချာတာက ခုချိန်မှာ သူမ မောင့်ကို သေမလိုချစ်တယ်။ ဆယ်ကျော်သက်တစ်ယောက်လို ခုန်ခုန်လှုပ်လှုပ် ရှူးရှူးရှားရှားအချစ်မျိုး မဟုတ်ပေမယ့် မောင်နဲ့ပါတ်သက်တိုင်း နွေးလာတဲ့ သူမသွေးတွေ၊ ဘယ်ဘက်ရင်ဘတ်အထက်က လှုပ်ကနဲ လူးလွန့်သွားတာတွေနဲ့တင် သူမ ကျေနပ်တယ်။ ဒါ အချစ်ပဲ…။

သမီးတို့အဖေဆုံးပြီးကတည်းက သားအမိဆိုတာထက် သူငယ်ချင်းပေါင်း ပေါင်းကြသူတွေမို့ သူမနဲ့သမီးကြား ဆက်ဆံရေးက သိပ်ကိုလွတ်လပ်ပွင့်လင်းတယ်။ ဘာမဆို တိုင်တိုင်ပင်ပင်ရှိကြတယ်။ အလှအပရေးရာကအစ ချစ်မှုရေးရာအဆုံးပေါ့။ သမီးက ရည်မှန်းချက်ကြီးတယ်။ စည်းစံနစ်ကြီးတယ်။ အနေအထိုင်အေးဆေးသိမ်မွေ့တယ်။ ဉာဏ်ရည်ထက်မြက်တယ်။ ဒါတွေဟာ အဖေ့ဆီက ရခဲ့တာ။ ရုပ်ရည်ကအစ အဖေတူသမီး။

“သမီးက အမေ့အလှကို မမီပါဘူးကွာ”လို့ လူတွေပြောကြတိုင်း မဲ့ပြုံးလေးနဲ့ တုန့်ပြန်တတ်တဲ့ သမီးမျက်နှာကို သူမက ငေးကြည့်ရယ်မောလိုက်မြဲ။ “သမီးက အဖေနဲ့တူလို့ အမေ့လောက်မလှတာပေါ့၊ သမီးက အဖေ့သွေးအပြည့်ပါတာကိုး”လို့ အိမ်ပြန်ရောက်တိုင်း မခံချင်စိတ်နဲ့ပြောတတ်မြဲ။ အဖေနဲ့တူလို့ တဲ့။ အဖေ့သွေးအပြည့် တဲ့။ သမီး ဘာကိုဆိုလိုချင်တယ်ဆိုတာကို သိသူမို့ သူမက ခပ်ဟဟရယ်ပစ်လိုက်တာ ချည်းပဲ။ တစ်ယောက်ထဲကို သေသည်အထိ စွဲစွဲမြဲမြဲချစ်ပြသွားခဲ့တဲ့ သမီးဖေဖေ….။ သူမလည်း အဲသလို ချစ်တတ်ချင်သားပဲ။

“မပြီးသေးဘူးလား မေမေ”ဆိုတဲ့ သမီးအသံကြားမှ သူမအတွေးတွေ ပြတ်တောက်သွားတော့တယ်။

“အေး ပြီးပါပြီသမီးရယ်၊ မေမေ နောက်ငါးမိနစ်လောက်ဆို ပြီးပါပြီ။ သမီးဆာရင် ဟင်းတွေနွှေးစားနော်၊ မေမေ ဟင်းတွေချက်ထားခဲ့တယ်။ ထမင်းလည်းရှိတယ် အိုကေ”

“ဟုတ် မေမေ”

အခန်းတံခါးကို စေ့ပိတ်လိုက်ရင်း ရင်လျားထားတဲ့ သဘက်ကို ကိုယ်ပေါ်က ခွာလိုက်တယ်။ ကိုယ်လုံးပေါ်မှန်ထက်မှာ ဖျတ်ကနဲအရိပ်ထင်လာတဲ့ သူမကိုယ်သူမ ငေးကနဲကြည့်မိရင်း သဘက်ကို ရှက်ရှက်နဲ့ ပြန်ဆွဲခြုံလိုက်မိသေးတယ်။ နောက်မှ မရဲတရဲနဲ့ သူမကိုယ်လုံးကို သေချာကြည့်မိတယ်။ သူမအသားအရည်….၊ သူမပေါင်တံတွေ…..၊ သူမရင်သားတွေ အလှပျက်နေပြီလား၊ ပျော့တွဲနေပြီလား…။ ပြီးတော့ သူမလက်မောင်းနှစ်ဘက်၊ သူမလည်တိုင်က တွန့်စပြုနေတဲ့ အရည်တွေ။ သူမဟာ မောင့်အတွက် သိပ်များ အိုမင်းရင့်ရော်နေပြီလား။ သူမထက် ဆယ့်ခြောက်နှစ်တိတိငယ်တဲ့မောင့် မျက်နှာလေးကို မြင်ယောင်ရင်း ဝမ်းနည်းသလိုလို။ “ကိုယ်က မောင့်အတွက် သိပ်ကြီးရင့်နေပါပြီ။ မောင်ရယ် ကိုယ်တို့ မချစ်ကြပါစို့နဲ့တော့” တွေးရင်းက သူမစိတ်တွေလေးလံလို့နေတော့တယ်။ တကယ်တော့ အဲဒီလိုအတွေးနဲ့တင် သူမ သေလောက်တာ သူမအသိဆုံး။ မောင်နဲ့မဝေးနိုင်တာလည်း သူမကိုယ်သူမ အသိဆုံးရယ်။

မှန်ထဲက မိန်းမကို သူမ အားတင်းပြုံးပြလိုက်တယ်။ သူမ လှနေသေးတာပဲ။ လေးဆယ်ကျော်အရွယ်ရဲ့ ရင့်ကျက်မှုအလှ၊ ကျက်သရေ၊ စီးပွားတစ်ခုကိုဦးဆောင်ဦးရွက်ပြုနိုင်မှု ဒါတွေကလည်း ဆွဲဆောင်မှုတစ်ခုပဲ မဟုတ်ဘူးလား။ come on, don’t loose heart ok ! သူမကိုယ် သူမ အားပေးလိုက်တယ်။

ကော့ဆက်ဝတ်ဦးမှပါ။ ဘီရိုအောက်ဆုံးထပ်က ကော့ဆက်ကို ဝတ်ပြီးတဲ့အခါ သူမကိုယ်သူမ ယုံကြည်မှုပြည့်သွားသလိုလို။ ကော့ဆက်ကြောင့် ခါးကလေးသိမ်သွားသလို တင်ကလေးကို ပင့်ထားသလိုမို့  နေ့လည်ကတည်းက ရွေးချယ်ထားတဲ့ ကိုယ်လုံးနဲ့အတိ ဂါဝန်အဖြူအရှည်ကလေးကို သူမခေါင်းပေါ်ကနေ စွတ်ချလိုက်တဲ့အခါ ပြီးပြည့်စုံတဲ့အလှတရားတစ်ခုကို သူမခံစားလိုက်ရတယ်။
မှန်ထဲကို နောက်တစ်ကြိမ်ထပ်ကြည့်မိပြန်တယ်။ ဂါဝန်အရှည်အဖြူရောင်နဲ့ မိန်းမဟာ ထင်သလောက်လည်း မဆိုးသေးပါဘူးလေ။ မအိုမင်းသေးဘဲ ကြည့်ကောင်းနေဆဲ။ လှပဆွဲဆောင်မှုရှိနေဆဲ။

အသက်ရှူတော့ နည်းနည်းကြပ်သလိုပဲ၊ ကော့ဆက်ကြောင့်ထင်ပါရဲ့။ “ပုလင်းကိုင် ဇက်၊ မိန်းမဖက် ခါး”တဲ့။ မောင် ပြောဖူးတယ်။ မောင် သူမခါးကို ဖက်လိုက်တဲ့အခါ မောင့်လက်တွေက သူမဝတ်ထားတဲ့ ကော့ဆက်ကိုများ ထိသိခံစားသွားလေမလား။ ဒါဆိုရင်တော့ ရှက်စရာသိပ်ကောင်းမှာပဲ။ သူမက ဘယ်တုန်းကမှ မောင့်အပေါ် အပေါ်ယံအလှတွေနဲ့ မသိမ်းသွင်းခဲ့ဖူးဘူး။ ဟန်ဆောင်အလှအပတွေ မပြခဲ့ဖူးဘူး။ ပကတိသူမကိုသာ မောင့်ကို သိစေခဲ့တာ။ ဘာမှမလူးခြယ်ထားတဲ့ သူမမျက်နှာကို အရှိအတိုင်း မောင့်ကို သိစေ၊ လက်ခံစေခဲ့တာလေ။ ဘာမှ တန်ဆာမဆင်ထားတဲ့ သူမစိတ်ရင်းကိုပါ အတွင်းအပြင် အရှိအတိုင်းသိစေခဲ့တာ။

ကိုယ်ပေါ်က ကော့ဆက်ကို ချွတ်ခဲ့လိုက်တော့မှပဲ အသက်ရှူချောင်သွားသလို သူမ ခံစားရတယ်။ နာရီသံကြားတယ်။ သူမတော့ နောက်ကျတော့မှာပဲလို့ တွေးမိရင်း အဝတ်အစားလဲခြင်းကို အပြီးသတ်လိုက်တယ်။ မောင်က နောက်ကျတာ မကြိုက်ဘူးလေ။

“မိုးမချုပ်နဲ့နော် မေမေ”ဆိုတဲ့ သမီးကို “အင်းပါ သမီးရယ်၊ မေမေ သိပ်မိုး မချုပ်ပါဘူး။ မေမေ့ကို စောင့်တော့မနေနဲ့နော် ကြားလားသမီး၊ အိပ်ချင် အိပ်နှင့် ဟုတ်ပြီလား” လို့ ပြန်ပြောရင်း ကားထဲ ခပ်မြန်မြန်ဝင်လို့ မောင်းထွက်ခဲ့တော့တယ်။

သူမ နောက်ကျရင် မောင် စိတ်ကောက်တော့မှာ….

(အလယ်)

ဆိုင်ထဲရောက်လို့ စားပွဲဝိုင်းတွေဆီ မျက်စေ့ဝေ့အကြည့်မှာ စိတ်လက်အေးသွား ရတယ်။ မောင် ရောက်မနေသေးဘူးဘဲ။ မောင်နဲ့ထိုင်နေကျ ထောင့်ခပ်ကျကျစားပွဲမှာပဲ ရွေးထိုင်လိုက်တယ်။ အအေးတစ်ခွက် အရင်မှာသောက်ရင်း မောင့်ကိုစောင့်တယ်။ စားပွဲတိုင်းပေါ်မှာ အဖြူရောင်ဖဲကြိုးလေးနဲ့ လှလှပပစည်းနှောင်ထားတဲ့ နှင်းဆီအနီရဲရဲတစ်ပွင့်ရယ်၊ အသည်းပုံချောကလက်ဘူးကလေး တစ်ဘူးစီရယ်၊ ဝိုင်အနီတစ်ပုလင်းစီရယ် ရှိကြတယ်။

အရံညစာကတော့ အားလုံးအတွက်အတူတူပေမယ့် အဓိကညစာကိုတော့ သူတို့ပေးတဲ့ မီနူးထဲက ရွေးချယ်မှာယူရမှာမို့ မောင်ရောက်မှပဲ အတူမှာတော့မယ်။ ချစ်သူများနေ့အတွက် အထူးညစာမို့ ကြိုတင်ပြီး မှာယူထားရတဲ့ ညစာ…၊ မောင်နဲ့အတူ ပထမဦးဆုံး အတူတူရှိနေကြရမယ့် ချစ်သူများနေ့ညစာမို့ သူမရင်အခုန်အလှုပ်က ဘောင်ဘင်ခတ်မျှ အရိုင်းဆန်လွန်းလှတယ်။

ဘေးစားပွဲက ခပ်ငယ်ငယ်စုံတွဲကတော့ ကယုကယင်နဲ့ ချိုအီနေလိုက်ကြတာ။ သူမ ပြုံးလိုက်မိတယ်။ ငယ်ရွယ်သူတွေကိုး။ ချာတိတ်ကလေးက သူ့ကောင်မလေးကို ချော့ကလက်ခွံ့ကျွေးလိုက်၊ ကောင်မလေးက ချာတိတ်ကလေးကို သူ့ပန်းကန်ထဲက အီတလီခေါက်ဆွဲတွေ ခက်ရင်းနဲ့လိတ်ယူရင်း ပြန်ခွံ့ကျွေးလိုက်နဲ့။ တခါတခါ ကောင်မလေးဆီက ခိုးခိုးခစ်ခစ်ရယ်သံလေးတွေ ကြားရတတ်သေးတယ်။

ခဏနေတော့ ဒီဂျေဆီမှာ အချစ်သီချင်းညိမ့်ညိမ့်လေးတွေ တောင်းဆိုနေသံကို ကြားလိုက်ရတယ်။ ဘယ်သူက ဘယ်သူ့အတွက်ဆိုတာတွေကိုလည်း ဒီဂျေက ကြော်ငြာပေးနေတာမို့ သူတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်စနိုးခေါ်ဝေါ်ကြတဲ့ နာမည်ထူးထူးဆန်းဆန်းချစ်စရာလေးတွေကို ကြားတော့ သူမ ပြုံးမိရသေးရဲ့။ တစ်ယောက်ကများ သူ့ကောင်မလေးကို ခေါ်ပုံက ချစ်ပုတုလေးတဲ့။ ကြည့်လိုက်တော့ ကောင်မလေးက တကယ်ကို ပုပုသေးသေးလေး။ ချစ်စရာ….လူငယ်ကလေးတွေရဲ့ တက်ကြွလတ်ဆတ်တဲ့ အချစ်…။ ဟင်း….သူမအချစ်ကရော မောင့်အတွက် လတ်ဆတ်နိုင် ပါဦးမလား နော်။

သူမရောက်နေတာ တစ်နာရီနီးပါးရှိခဲ့ပြီ။ မောင့်ဆီက နောက်ကျမယ့်အကြောင်း ဖုန်းလေးတောင်မှ မဆက်။ သူမ ဆိုင်ကဝိုင်ဖိုင်နဲ့ချိတ်လိုက်ပြီး မောင့်ဆီကို ဗိုင်ဗာမက်ဆေ့ခ်ျပို့လိုက်တယ်။ 

Where r u mg?

မက်ဆေ့ခ်ျက sent ဆိုတဲ့နေရာမှာရပ်နေပြီး delivered ဖြစ်မသွားဘူး။ ခက်တော့တာပဲ ဒါဆို မောင်ဖတ်မိမှာ မဟုတ်ဘူးပေါ့။ မောင် အလုပ်များ များနေလို့လား။ မောင်က သူ အလုပ်များနေတုန်း ဖုန်းဆက်တာမကြိုက်ပေမယ့် ခုက အတော်နောက်ကျနေတာမို့ မဖြစ်မနေဖုန်းဆက်ရတော့မှာ။ ဖုန်းက အတန်ကြာအောင် ခေါ်နေပေမယ့်လည်း တစ်ဘက်က ဖုန်းမဖြေ။ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာနဲ့ပဲ တိုးနေတာမို့ သူမ စိတ်ပျက်သွားရတယ်။ မောင့်ဆီ သုံးကြိမ်မြောက်ဖုန်းအခေါ်မှာတော့ စက်ပိတ်ထားပါတယ်ရှင်ဆိုတဲ့အဖြေကြောင့် သူမစိတ်ထဲ ထင့်ကနဲ။

သူမသောက်နေတဲ့ အအေးလည်း ကုန်ပြီ။ ဗိုက်လည်းဆာလှပြီ။ မောင်မလာသေးဘူးဆိုတဲ့အသိက ဗိုက်ဆာလိုက်တာဆိုတာကို မေ့လျော့စေပြန်တယ်။ သူမအာရုံတွေက မောင်ဘာများဖြစ်နေပါလိမ့်ဆိုတဲ့ အထဲမှာ စုံးစုံးနစ်လို့။ အဲကွန်းခန်းထဲမှာ သူမတစ်ကိုယ်လုံး ချွေးတွေစို့လာသလိုလို။

တစ်ချို့စုံတွဲလေးတွေက ပန်းစည်းလေးတွေကိုင်လို့ ပြန်ကုန်ကြပြီ။ တစ်ချို့လည်း ဒီဂျေဖွင့်ပေးထားတဲ့ သီချင်းညိမ့်ညိမ့်လေးတွေနဲ့ သူတို့စားပွဲဘေးနားတင်ရပ်ပြီး တွဲကလို့နေကြတယ်။ သူတို့ကို ကြည့်ရတာ ကြည်နူးလိုက်တာဆိုတာထက် ခုနေခါမှာ သူမကို ရင်မောစေခဲ့ပြီ။ မောင် ဘယ်မှာများပါလိမ့်။

စားပွဲထိုးလေးတစ်ယောက်က အဓိကညစာမှာတော့မလား လာမေးတော့ သူမ ခေါင်းခါပြလိုက်မိတယ်။ ခဏလေး စောင့်ပါရစေဦးနော်၊ မောင် လာနေတာ ဖြစ်မှာပါ။ ကားလမ်းတွေများ ပိတ်နေသလား။ အို…တခုခုဆို မောင် ဖုန်းဆက်ရမှာပေါ့။ ခု စက်ပိတ်ထားတယ်တဲ့လေ။ မတွေးဝံ့ မတွေးသာ မောင်များ တစ်ခုခု ဖြစ်နေလား၊ မောင့်ဖုန်းများ ကားကြိတ်ခံရသလား။ မောင် ဘေးမှကင်းရဲ့လား။ ဘုရား ဘုရား အဲ့ဒီအတွေးနဲ့တင် သူမစိတ်တွေ ဆောက်တည်ရာမရနိုင်တော့။ မောင် ဘာမှမဖြစ်ပါစေနဲ့။ မောင် ဘေးကင်းပါစေ။ မောင် ဘယ်မှာများပါလိမ့်၊  ဘယ်မှာများပါလိမ့်ကွယ်။

ခုမှပဲ သူမဝတ်လာတဲ့ဂါဝန်က စည်းကြပ်နေသလိုလို၊ တစ်ကိုယ်လုံး တုပ်နှောင်ခံထားရသလို အသက်ရှူမဝနိုင်တော့။ တော်သေးတယ်၊ ကော့ဆက်ဝတ်မလာဖြစ်ခဲ့တာ။ ဝတ်သာဝတ်လာခဲ့ရင် ခုနေ သူမ အသက်ရှူကြပ်ပြီး မူးမေ့လဲကျသွားလောက်တယ်။ ဆာလွန်းရင် ဖြစ်နေကျအတိုင်း သူမလက်တွေ တုန်ယင်လာပြီ။ ခဏလေး…ပလိစ်၊ စားပွဲထိုးလေးတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။ နောက်ထပ် အအေးတစ်ခွက်ပေးပါဦး။ သူမရင်တွေ ပူလှပြီ။ မောင်ရေ  မောင် ဘယ်မှာလဲဟင်။

သူမ ထိုင်နေခဲ့တာ နှစ်နာရီနီးပါးရှိပြီ။ တစ်ကိုယ်လုံး တောင့်တင်းလို့။ ဘေးဘီဝဲယာက စုံတွဲတွေကို ကြည့်မိတိုင်း သူမရင်ညွန့်ထဲ အောင့်တက်လာတာမို့ မကြည့်မိအောင်ထိန်းရင်း မျက်လုံးတွေက စားပွဲရှေ့တည့်တည့်ကိုသာ စိုက်ချကြည့်နေမိတော့တာ။ ငိုချင်လာသလိုပဲ။ သူမမျက်လုံးတွေ ဝေဝါး လာနေပြီ။ စားပွဲပေါ်က ပန်းစည်းကလေးရယ်၊ ချောကလက်ဘူးရယ်၊ ဝိုင်ပုလင်းရယ်ကို ဖြတ်ရိုက် ချပစ်လိုက်ချင်စိတ်တွေနဲ့ သူမစိတ်တွေ သူပုန်ထနေပြီ။ မောင်ရေ  မြန်မြန် လာပါတော့။ သူမ အရူးတစ်ယောက်လို စိတ်ထဲက အော်ပြောနေမိတော့တာ။ သူမဂါဝန်ကလည်း ခုမှပဲ တစ်ကိုယ်လုံးကို ဖျစ်ညှစ်ထားသလို စည်းနှောင်ကြပ်ပိတ်နေတော့တယ်။ သူမ တကယ်ပဲ ထွက်ပေါက် မရှိတော့သလို။ မောင့်ကို စောင့်ရင်း ဒီဆိုင်မှာပဲ မိုးလင်းရတော့မှာလား။ သူမ ငိုချလိုက်မိတော့မယ်…။ သူမမျက်ရည်တွေ ဝဲနေတာကို ခေါင်းမော့ရင်း မျက်တောင်တွေ ပုတ်ခတ်လိုက်ပြန်တယ်။
မောင်ရေ၊  မောင် ဘယ်မှာလဲကွယ်။

“ဒီကအစ်မက မခက်မြဝေလားခင်ဗျာ”
“ဟုတ်ပါတယ်ရှင့်”
“အစ်မအတွက် စာတစ်စောင်ပေးခိုင်းလိုက်လို့ပါ”

ပြောပြောဆိုဆို ကျောခိုင်းထွက်သွားတဲ့ သူငယ်လေးရဲ့နောက်ကျောကို ငေးရင်း ကြက်သေသေနေမိတယ်။ နောက်မှ လက်ထဲကစာကို ဖတ်လိုက်ဖို့ သတိရတယ်။

မောင့်ဆီက စာ….။  သူမ ဘယ်လိုမှ ထင်မှတ်မထားခဲ့တဲ့ မောင့်ရဲ့စာ။

ဖတ်နေရင်းမှာ သူမမျက်ဝန်းတွေ သူမနှုတ်ခမ်းတွေ တဖျတ်ဖျတ်ခုန်လှုပ်လာတယ်။ မောင့်စာပေါ်ကို သူမမျက်ရည်တွေ တစ်ပေါက်ချင်း တစ်ပေါက်ချင်းကျတယ်။ စာကိုင်ထားတဲ့ သူမလက်တွေ တုန်ယင်လို့၊ မရတော့ဘူး၊ သူမ ဘယ်လိုမှ ထိန်းမရတော့ဘူး။ စာရွက်ပေါ်ကို မျက်နှာအပ်လို့ ရှိုက်ကြီးတငင် ငိုမိတော့တယ်။ အသံတိတ်ငိုကြွေးနေတဲ့ သူမပုခုံးတွေက တဆတ်ဆတ်တုန်ခါလို့။

တစ်နေ့မှာ ထားခဲ့မယ်ဆိုတာသိလျက်နဲ့ ချစ်ခဲ့ရသူပါ မောင်။ ဒီနေ့ဖြစ်မယ်လို့ ဘယ်တုန်းကမှ တွေးမထား ခဲ့တာရယ်။ သူမဘက်က လိုလားစွာပေးခဲ့ရတာတွေက တကယ့်နှလုံးသားနဲ့ တကယ့် အစစ်တွေ။ မောင့်အနားရောက်အောင် ဖြတ်သန်းလာခဲ့ရတဲ့ခရီးမှာ သူမလွှတ်ချခဲ့ရတဲ့ တန်ဘိုးတွေကဖြင့် များလှချည့် မောင်ရယ်။ မကြာခင်နှစ်တွေမှာ သွေးဆုံးကောင်းဆုံးနိုင်တဲ့ မိန်းမအရွယ်ကို သူ့ထက်အများကြီးငယ်ရွယ်တဲ့ ကောင်ကလေးတစ်ယောက်က တကယ့်အချစ်စစ်နဲ့ ချစ်နိုင်လိမ့်မယ်လို့ သူမ ဘာကြောင့်များ ယုံကြည်မိခဲ့ပါလိမ့်ကွယ်။ ဒါဟာ ရူးသွပ်မှုတစ်ခုမျှသာပဲ။

မောင့်မျက်လုံးတွေ၊ မောင့်စကားတွေ….ပြန်မြင်လိုက်မိတိုင်း၊ ပြန်ကြားယောင်မိတိုင်း သူမခေါင်းမာစွာ ငြင်းဆန်မိပြန်တယ်။ မောင် သူမကို တကယ်ချစ်ခဲ့တာ။  မောင် သူမအပေါ် တကယ်ကို နွေးထွေးကြင်နာခဲ့တာ။ သေလိုက်စမ်းပါ။ သူမဟာ တကယ့်ကို အရူးပဲ။ ဆိတ်သားရေကို မလုံမလဲခြုံရင်း သူမစိတ်ကို သူမ ညာမိပြန်တယ်။ ဟင့်အင်း…မောင်ဟာ  သူမကို…။ သွားစမ်းပါ…။ ဟုတ်တယ် အရူးလုပ်ခဲ့တာ။ သူမ နာကျင်စွာ ငိုမိပြန်တယ်။

စားပွဲထိုးလေးကိုခေါ်ပြီး အီတလီခေါက်ဆွဲတစ်ပွဲ မှာတယ်။ မောင့်အတွက်ကတော့ ဝက်နံရိုးကင်ပဲ မှာလိုက်တယ်။ နှစ်ယောက်စာအပြည့်မှာပြီးပြီ နော်။ စားပွဲထိုးလေးက အူကြောင်ကြောင်မျက်နှာပေးလေးနဲ့။ အအေးကိုလည်း မောင်သောက်နေကျ သစ်သီးဖျော်ရည်လက်ဖျော်ပဲ ပေးနော်လို့ မှာလိုက်သေးတာ။ ရေခဲလျှော့ပေး။

မှာထားတာတွေ ရောက်လာတော့ ခေါက်ဆွဲကို ခက်ရင်းနဲ့ထိုးလိတ်လို့ သူမပါးစပ်နားထိ သွင်းမလို့လုပ်တုန်း ဖျတ်ကနဲ….။  မောင် ခွံ့ကျွေးခဲ့ဖူးတယ်နော်။ မောင့်ပါးစပ်က ဟားလို့ လိုက်ဆိုရင်း သူမကို ကလေးတစ်ယောက်လို ခွံ့ခဲ့ဖူးတာလေ။ သူမ တစ်ကိုယ်လုံး အပိုင်းပိုင်းအစစ၊ တစ်စစီကြေသွားတယ်။ ဘယ်လိုမှ ပြန်လည် ကောက်ယူစုစည်းလို့ မရနိုင်တော့ဘူး။ သူမပါးစပ်ထဲ ခေါက်ဆွဲဖတ်တွေကို အသိမဲ့ဝါးနေရင်းက မျက်ရည်တွေစိမ့်ကနဲကျလာပြန်တယ်။ ဆို့နင့်နေတဲ့ရင်ကြောင့် ဘယ်လိုမှဆက်မစားနိုင်အောင် တင်းခံနေတယ်။ ပိရိပါပေရဲ့၊ ကျွမ်းကျင်လိမ္မာ လှပါပေရဲ့။ ချစ်ခဲ့ကြတဲ့တစ်လျှောက်လုံး သူမ ဘယ်လိုမှမထင်ရက်နိုင်အောင် ကြင်နာခဲ့ပါပေရဲ့။ သွားပြီ။ သူမဘဝမှာ အနက်ဆုံးဒဏ်ရာတွေ အချစ်တစ်ခုနဲ့ရင်းပြီး သူမ ရလိုက်ပြီပဲ။

သူမမျက်လုံးက မျက်တောင်တုတွေကို ဆွဲဖြုတ်ပစ်လိုက်တယ်။ မျက်ရည်တွေကို တစ်ရှူးစနဲ့ တို့သုတ်လိုက်တော့ လိုင်နာအမည်းရောင်တွေ စွန်းထင်းလို့။ သူမ ဘာလုပ်နေသေးတာလဲ။ ခုချိန်မှာ တခြားမိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ရှိကောင်းရှိနေနိုင်မယ့် ယောကျာ်းတစ်ယောက်အတွက် သူမ ရူးသွပ်နေဖို့ တန်သလား။ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းတို့သုတ်ပြီး သူမ ပြုံးလိုက်မိတယ်။ 

တစ်နေ့….
သူမ သိနေခဲ့တဲ့တစ်နေ့ ရောက်လာပြီပဲလေ။ ဘာအတွက်များ ဝမ်းနည်းနေဦးမှာလဲ။ အစောဆုံး လမ်းခွဲခြင်းဟာ သူမအတွက် အတိမ်ဆုံးဒဏ်ချက်ကို ဖြစ်စေတာပဲ မဟုတ်လား။ ကြာလေလေ သူမဘက်က မရုန်းနိုင်၊ မဖြတ်နိုင်တဲ့အချစ်တွေနဲ့ ဒီထက်ပိုရူးရတော့မှာ။ ဘာကြောင့်ပါလိမ့်၊ ဘာကြောင့်များ ဒီထက်ပိုပြီး သူမ ခံသာမယ့်စကားတွေနဲ့ မထားရစ်ခဲ့ရတာလဲ။ ချစ်ပြီးမှ အထားခံခဲ့ရတယ်ဆိုတာထက် မချစ်ဘဲအညာခံရတာဆိုတဲ့အဖြစ်ဟာ ခါးသည်းလွန်းလှပါရဲ့။

သူမဂါဝန်အောက်အနားကို ဆွဲအချမှာ ရုတ်တရက် စားပွဲပေါ်က ဝိုင်ပုလင်းဟာ လိမ့်ကနဲ။ ကြမ်းပြင်ပေါ် ခွမ်းကနဲကျကွဲသံနဲ့အတူ သူမဂါဝန်အောက်နားစကို ဝိုင်အနီတွေ စွန်းထင်းစေကုန်တော့တယ်။ စားပွဲထိုးကလေးတွေရောက်လာပြီး ပုလင်းကွဲစတွေကို သိမ်းဆည်း၊ သူမကိုလည်း ထိခိုက်သွားမိသေးလား မေးကြတယ်။ သူမ ခေါင်းခါပြလိုက်တယ်။ စားပွဲပေါ်က ပန်းစည်းနဲ့ ချောကလက်ဘူးကို သူမလက်က အလိုလိုလှမ်းမိရက်သား၊ ပြီးမှ ဆိုင်ထောင့်က အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တော့တယ်။ သူမမျက်ရည်တွေ တစ်ပေါက်ပြီး တစ်ပေါက်….။ ပါးပေါ်လိမ့်ဆင်းကျလာပေမယ့် သူမ အရေးတယူ သုတ်မနေတော့ဘူး။

ဆိုင်ထဲကနေ လှမ်းထွက်လာတဲ့အခါ သူမ သိနေတယ်။ အားလုံးရဲ့သနားဂရုဏာမျက်ဝန်းတွေ သူမ ကျောပြင်မှာ ထိုးစိုက်ကွဲရှလို့။ သူမကတော့ ကမ္ဘာမြေကြီးရဲ့ အောက်ဆုံးအလွှာမှာ နိမ့်ကျပြားကပ်လို့။

(အဆုံး)

အိမ်ထဲဝင်လာတဲ့ သူမကို သမီးက မေမေပြန်လာတာ စောလှချည်လားဆိုတဲ့အကြည့်နဲ့ နံရံကနာရီကို တစ်လှည့်၊ သူမမျက်နှာကို တစ်လှည့်ကြည့်နေတယ်။ မျက်ရည်တွေနဲ့ အငိုမျက်နှာကို သမီးသိသွားမှာ စိုးတာကြောင့် ခေါင်းငုံ့လျက်နဲ့ပဲ ဂွတ်နိုက်သမီးလို့ နှုတ်ဆက်ရင်း အိပ်ခန်းထဲ ခပ်သွက်သွက်အဝင်မှာ သမီးရဲ့ ခပ်ဆွံ့ဆွံ့နှုတ်ဆက်သံကို သူမ ကြားဖြစ်အောင် ကြားလိုက်သေးတယ်။ “ဟက်ပီးဗယ်လင်တိုင်းနော် မေမေ” တဲ့။ “ဟက်ပီးဗယ်လင်တိုင်း ဟန်နီ”လို့ သူမ ပြန်မပြောဖြစ်ခဲ့ဘူး။

အခန်းထဲရောက်တော့ ခုတင်ပေါ်ပစ်လှဲရင်း လူးလိမ့်ငိုမိပြန်တယ်။ အားရအောင်ငိုပြီးမှ ဂါဝန်အဖြူကို လဲလိုက်တယ်။ ဂါဝန်အဖြူအောက်ခြေနားမှာ ဝိုင်အနီတွေ စွန်းထင်းလို့။ ဟင့်အင်း အဲဒါ ဝိုင်အနီတွေမှ မဟုတ်တာပဲ။ သူမနှလုံးသွေးတွေ….။ သူမ သွေးပျက်မတတ် ငိုကြွေးခဲ့ရာက စိမ့်ကျလာတဲ့ နှလုံးသွေးတွေ။

သွားစမ်းပါ။ တန်လို့လား….။ သူမစိတ်တွေ နာကျင်မှုနဲ့ကြမ်းတမ်းလာပြန်တယ်။ မောင်နဲ့ပတ်သက်သမျှတွေ ဖုန်းထဲမှာ…။  မောင့်ပုံတွေ….မောင့်ဆီက မက်ဆေ့ခ်ျတွေ။ တစ်ခုချင်း တစ်ခုချင်း ဖျက်ချပစ်။ တန်ဘိုးထား သိမ်းဆည်းဖို့ မလိုအပ်တော့။ သူမလက်က Deleteလို့ တစ်ချက်နှိပ်လိုက်တိုင်း စူးကနဲအောင့်အောင့်လာတဲ့ ရင်ဟာ သေမတတ်နာကျင်နှိပ်စက်လွန်းလှရဲ့။

အဲဒီညဟာ သူမတစ်သက်တာမှာ အရှည်ဆုံးည၊ အမှောင်ဆုံးည၊ နာကျင်ရဆုံးည၊ သူမရင်တစ်ခုလုံး ကွဲအက်ခဲ့ရတဲ့ည ဖြစ်ခဲ့တယ်။ အချစ်နဲ့ပတ်သက်တဲ့သင်ခန်းစာကို သူမ ဘဝပျက်မတတ်ရင်းပြီး သင်ယူခဲ့ရဖူးပြီ။ သူမသင်ယူခဲ့ရတဲ့ သင်ခန်းစာက လှည့်စားတတ်တဲ့အချစ်မျိုးဟာ ဘဝတစ်ခုလုံးပုံနှစ်ချစ်ဖို့၊ တန်ဘိုးကြီးကြီးထားဖို့  မတန်မရာ…။

သိပ်နက်ခဲ့တဲ့ဒဏ်ရာအတွက် အချိန်တွေ အကြာကြီး သူမ ယူခဲ့ရတယ်။ အချစ်နဲ့ပတ်သက်လာတဲ့အခါ ကြီးငယ်မရွေး ချစ်ရင်ချစ်သလောက် ချစ်မိသူသာခံစားရတယ်ဆိုတာကို သူမကိုယ်တွေ့မို့ ယုံခဲ့ရပြီ။ သူမဘဝဟာ တကယ့်ကို ကဗြောင်းကဗြန်ဆန်ခဲ့တာ။ အလူးလူးအလိမ့်လိမ့်တွေကြားက ပြန်ပြန်အားယူ ထူထခဲ့ရတဲ့ နေ့တွေညတွေပေါ့….။ ရှင်ရက်နဲ့ကျခဲ့ရတဲ့ ငရဲတွေဆိုပါတော့လေ။

(နိဂုံး)

သူမဆိုင်ထဲကို ဝင်လာတော့ မျက်နှာအဟောင်းစားပွဲထိုးကောင်လေးတစ်ချို့ကို တွေ့တယ်။ မင်္ဂလာပါလို့ သူမ နှုတ်ဆက်လိုက်တယ်။ သူတို့ကတော့ သူမကို မှတ်မိချင်မှ မှတ်မိမယ်။

စားပွဲလေးတွေပေါ်မှာ မနှစ်ကလိုပဲ ဖဲကြိုးအဖြူနဲ့ လှလှပပစည်းထားတဲ့ နှင်းဆီအနီရဲရဲတစ်ပွင့်၊ အသည်းပုံချောကလက်ဘူးတစ်ဘူးနဲ့ ဝိုင်အနီ တစ်ပုလင်း။ မနှစ်ကလိုပဲ ဂါဝန်အဖြူရောင်အရှည်ကို သူမ ဝတ်ဆင်ထားတယ်။ မနှစ်ကလိုပဲ ထောင့်ခပ်ကျကျစားပွဲမှာ ထိုင်တယ်။ မနှစ်ကလိုပဲ မပြောင်းလဲတဲ့ မီနူးအတိုင်း သူမ မှာယူလိုက်တယ်။ နှစ်ယောက်စာ….။

ဒီနေ့ သူမတစ်ယောက်ထဲ ချစ်သူများနေ့ကို ဆင်နွှဲမှာ။ ဟင့်အင်း မဟုတ်သေးပါဘူး။ သူမဆင်နွှဲမယ့် အထိမ်းအမှတ်က တစ်နှစ်ပြည့်ညစာ။ 

ဟုတ်တယ်၊ အတိအကျပြောရရင် သူမဘဝထဲက မောင်သေဆုံးသွားခဲ့တဲ့ နှစ်ပတ်လည်ညစာပေါ့….။



9 comments:

~ဏီလင်းညို~ said...

ဆိတ်သားရေကို မလုံမလဲခြုံရင်း သူမစိတ်ကို သူမ ညာမိပြန်တယ်။ .... ဆိုတဲ့ စကားလေးကို သဘောကျမိတာပဲ အစ်မချစ်။

နောက်ဆုံး စာကြောင်းကို ဖတ်ပြီးတော့ စိတ်ထဲကျေနပ်တာပဲ။

ဟုတ်တယ်...။
ဒီလိုပဲ ဖြစ်ရမှာပေါ့လို့ တွေးရင်း ကျေနပ်တာ...... :)

--------------
ခင်မင်စွာ...
ကိုဏီ

ညီလင်းသစ် said...

"မကြာခင်နှစ်တွေမှာ သွေးဆုံးကောင်းဆုံးနိုင်တဲ့ မိန်းမအရွယ်ကို…… ….."

စကားလုံးတွေကို သိပ်ကြိုက်တယ် အစ်မချစ်…၊ နုသင့်တဲ့အချိန်မှာ နုခဲ့သလို လိုအပ်လာတဲ့အခါမှာလည်း “shit" တို့ “ကိုးလောက်ရှိတယ်” တို့အပြင် အပေါ်က စာကြောင်းလိုမျိုးနဲ့ နာကျည်း၊ ကြေကွဲရမှုကို ခပ်ရင့်ရင့် ' ဒဲ့ ' ဖော်ပြတာမျိုးတွေ ထိတယ်…၊း)

အတတ်ပညာ နိုင်နင်းစွာနဲ့ ဖွဲ့ထားခဲ့လို့ ခက်မြဝေဟာ ချစ်တတ်တဲ့ နှလုံးသားရှိသလို၊ နာကျင်ရှုံးနိမ့်ရမှု အကြားမှာ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပျောက်ဆုံးမသွားတဲ့ မိန်းမအဖြစ်နဲ့ တင့်တယ်နေခဲ့တယ်…။

ခိုင်လေး ( ရွှေတောင် ) said...

လူနှစ်ယောက်လက်ထပ်ကြတိုင်း လိင်ကိစ္စသာယာချင်လို့ပဲလို့ တညီတညွတ်ထဲ အပေါ်ယံကောက်ချက် ချတတ်ကြတာ ဘာကြောင့်ပါလိမ့်။

ဆိုတဲ့ အတွေးလေးကို ခုရက်တွေမှာ တွေးဖြစ်နေတာ ။ မမစာလေးကိုဖတ်လိုက်တော့ ဒီစာကြောင်းလေးကို တိုက်တိုက်ဆိုင်ဆိုင်
ဖတ်လိုက်ရတယ် ။ ဇာတ်သိမ်းကိုလည်း ကြိုက်တယ် ။

အမတငယ် said...

အချစ်ဆိုတာ ထောင်ချောက်သက်သက် :)

Ma Tint said...

'ချစ်ပြီးမှ အထားခံခဲ့ရတယ်ဆိုတာထက် မချစ်ဘဲအညာခံရတာ ဆိုတဲ့အဖြစ်ဟာ ခါးသည်းလွန်းလှပါရဲ့'
ဒီစာသားလေးဟာ ၀တ္ထုတစ်ပုဒ်လုံးအတွက် အချုပ်လေးပဲလို့ ယူဆမိတယ် မချစ်ရေ။ Happy ending ကိုနှစ်သက်ပေမယ့်.ဖြစ်သင့်တဲ့ဇာတ်သိမ်းပိုင်းလေးမို့ သဘောကျတယ်။

မေတ္တာဖြင့်
တီတင့်

မိုးငွေ့........ said...

မိုက်စ်....

အမ်တီအန် said...

မချစ်က အချစ်ဝတ္တုရေးလက် အရမ်းကောင်းတယ်..
လုံးချင်းရေးဖို့ တောင်းဆိုပါတယ်..

မဒမ်ကိုး said...

ပြောင်မြောက်ချက်က ကိုယ်ပါမွန်းကြပ်သွားတယ်
အချစ်ဟာခါးသက်သက်ပါပဲ ဒါပေမယ့် တက်မက်နေဆဲပါလေ

ချစ်တဲ့ ညီမ
ဒိုးကန်

Win Zin Min Raja said...

Please also visit my blog below.
http://wunzinminraja.blogspot.sg/
ဝန်ဇင်းမင်းရာဇာ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်