Wednesday, March 12, 2014

အကြောက်တရားများ

ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear)နဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား ( Unknown fear)မှာ ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ....တဲ့။  ညီမလေးနှင်း-နှင်းနဲ့မာယာက တက်ဂ်ပိုစ့်ခေါင်းစဉ်လေးပေးပြီး ကျွန်မတို့ဘလော့ဂ်ဂါတွေကို အိမ်စာပေးလာ ပါတယ်။ 

ငယ်ငယ်တုန်းကတော့ သရဲတစ္ဆေဆိုတာတွေကို ကိုယ်တိုင်မကြုံဖူးပါဘဲ လူပြောသူပြော နဲ့တင် ကြောက်နေဖူးခဲ့ပါတယ်။ အသုဘအိမ်တွေဆို ရှေ့က ဖြတ်တောင်မလျှောက် ရဲအောင်လည်း ကြောက်နေခဲ့ဖူးပါတယ်။ ခုတော့ဖြင့် ဘာကိုကြောက်လို့ကြောက်ရမှန်းကို မသိနိုင်တော့အောင်ပါပဲ။ သစ်ပင်ကောက်တာကိုသာ မြင်ရတယ်။ လူကောက်တာ မမြင်ရဘူးတဲ့၊ ဆိုတော့ လူကောက်ဆိုသူတွေကိုပဲ ကြောက်ရမှာလား။ ခက်တာက လူကောက်ဆိုတာ ချိုမပါဘူးလေ။

ထားပါတော့၊ ယေဘူယျပြောရရင် ကြောက်စရာတွေက အများသားကလား။  

ခုလို အကြောက်တရားအကြောင်းစာရေးဖို့ဖြစ်လာမှပဲ ကျွန်မလည်း အကြောက်တရား ဆိုတာကို သေသေချာချာ ရေရေလည်လည် စဉ်းစားမိပါတော့တယ်။ အကြောက်တရားတောင်မှ ကြိုတင်သိမြင်နိုင်တာနဲ့ ကြိုတင်မသိနိုင်တာရယ်လို့ ခွဲခြား နှိုင်းယှဉ်ရဦးမှာ၊ ကဲ ကျွန်မ နားလည်မိသလောက် ကြိုးစားပြောကြည့်ပါ့မယ်။

ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားနဲ့ ကြိုတင်မမြင်နိုင်တဲ့အကြောက်တရားနှစ်ခုမှာ ဘယ်အရာက ပိုကြောက်စရာကောင်းတယ်လို့ မနှိုင်းယှဉ်ခင် အကြောက်တရားဆိုတာကို ဘုံထုတ်ပြီး သူ့ရဲ့အဓိပ္ပါယ်ကို အရင်ဆုံးဖွင့်ကြည့်မိပါတယ်။ ဘာသာရေးရှူ့ထောင့်ကကြည့်မယ်ဆိုရင် ဟီရိသြတပ္ပဆိုပြီး အရှက်တရားနဲ့ အကြောက်တရားကို ပူးတွဲပြောဆိုလေ့ရှိကြတယ်။ သူတို့နှစ်ခုက အပြန်အလှန်အားဖြင့်လည်း ဒွန်တွဲနေကြတာကိုး။ အဲဒီအထဲကမှ အကြောက်တရားအကြောင်းကို ခွဲထုတ်ပြီး ကျွန်မ နားလည်မိသလောက် ပြောပါ့မယ်။ 

ကျွန်မနားလည်ထားတဲ့ ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရား နှစ်မျိုးရှိပါတယ်။ အဲဒါက ဟုတ်တာမှန်တာကို မလုပ်ဖြစ်မှာ ကြောက်ရခြင်းနဲ့ မဟုတ်တာ၊မမှန်တာကိုလုပ်မိမှာ ကြောက်ခြင်းတို့ပါပဲ။ ဒီနေရာမှာ လုပ်တာလို့သုံးနှုန်းလိုက်ပေမယ့် တကယ်တမ်းက ကံသုံးပါးစလုံးနဲ့ ပြုမူပြောဆိုကြံစည်ခြင်းကို ဆိုလိုပါတယ်။ 


(၁) ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား

(က)  ကျွန်မအတွက် ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားက ဟုတ်တာမှန်တာကိုသိရက်နဲ့ မလုပ်ဖြစ်မှာ ကြောက်တာပါပဲ။ ဆိုကြပါစို့၊ ကျွန်မတို့ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ အကြောင်းခြင်းရာတွေ မပြတ်မလပ်ဖြစ်ပေါ်နေကြတယ်။ တစ်ချို့ကိစ္စတွေမှာ ကိုယ်တိုင်က ဒါဟာ အမှန်တရားဆိုတာကို ခိုင်ခိုင်မာမာသိနေတယ်၊ မြင်နေတယ်၊ ဒါပေမယ့် အကြောင်းကြောင်းကြောင့် လစ်လျူရှု့ပစ်လိုက် တတ်ကြတယ်။  အမှန်တရားကို မျက်ကွယ်ပြုလိုက်တတ်ကြတယ်။  အဲဒီလို ကိုယ် မှန်တယ်ဟုတ်တယ် ထင်တာကို ရဲရဲဝံ့ဝံ့မပြောလိုက်နိုင်မှာ၊ မလုပ်လိုက်နိုင်မှာကို ကျွန်မ ကြောက်ပါတယ်။ အတိအကျပြောရရင် အမှန်တရားအပေါ် သစ္စာဖောက်ရမှာ ကျွန်မ ကြောက်ပါတယ်။

(တစ်ချို့ကတော့ မှန်တိုင်းလည်း မကောင်းဘူးလို့ ဆိုတတ်ကြတယ်။ တကယ်က မှန်တယ်ဆိုမှတော့ ကောင်းပြီပေါ့နော်။ လူတွေ ယေဘူယျသတ်မှတ်ထားချက်အရ မှားတာကမှ မကောင်းဘူးလို့ဆိုတယ်မို့လား)

(ခ)  ကြိုတင်မြင်နိုင်တဲ့ အကြောက်တရားနောက်တစ်ခုကတော့ အထက်မှာ ကျွန်မပြောခဲ့သလို မဟုတ်တာ၊ မမှန်တာလုပ်မိမှာကို ကြောက်တာပါ။ အမှားကိုအမှားမှန်း ခြေခြေမြစ်မြစ် သိသိကြီးနဲ့ လုပ်မိမှာ ကျွန်မ ကြောက်ပါတယ်။ မှားတယ်ဆိုတာကို သိတယ်ဆိုမှတော့ မလုပ်နဲ့ပေါ့လို့ ပြောစရာပါ။ ဒါပေမယ့်လည်း အဲသလိုအချိန်တွေမှာ စိတ်ဇောတစ်ခုခုရဲ့တွန်းအားကြောင့် အမှားမှန်းသိသိနဲ့ တဇွတ်ထိုး လုပ်နေမိတတ်ကြပါတယ်။ လူဆိုတာ အမှားနဲ့မကင်းကြသူများမို့ မှားနေပြီဆိုတာကို သိရင် အမှန်ကိုပြင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီနေရာမှာ နောက်ထပ်အကြောက်တရားတစ်ခု ဝင်လာပြန်ပါတယ်။ အမှန်ကို မပြင်ချင်တာ၊ မပြင်ရဲတာ၊ မပြင်ရက်တာ။ အမှန်ပြင်ရမှာကို တွန့်ဆုတ်ကြောက်ရွံ့နေတတ်တာ။ ဒီတော့ ဒီနေရာမှာ ကျွန်မအတွက် အကြောက်တရားက အမှားမှန်း ကြိုတင်သိနေတဲ့ကိစ္စကို ကံသုံးပါးနဲ့လုပ်မိပြီးတဲ့နောက် အမှန်ရောက်အောင် မပြင်နိုင်မှာကို ကြောက်ပါတယ်။ 

(၂) ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား

ကျွန်မအတွက် ကြိုတင်မမြင်နိုင်တဲ့အကြောက်တရားကတော့ သေခြင်းတရားပါ။ ၃၁ဘုံမှာ ထရန်စစ်နဲ့တူတဲ့ ဒီလူ့ဘဝကြီးထဲ နေလာရပြီး ကိုယ့်ရဲ့နောက်ဆုံးအချိန်ကို ဘယ်လိုအဆုံးသတ်ကြရမယ်ဆိုတာ ဘယ်သူမှ ကြိုတင်သိမြင်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ တကယ်တော့ သေရမှာကိုကြောက်တာ မဟုတ်ဘဲ သေခါနီးနောက်ဆုံးထွက်သက်မှာ တရားလက်လွတ်၊ အမှတ်မဲ့ သေဆုံးသွားမှာကိုသာ ကျွန်မ အင်မတန်ကြောက်တာပါ။

ဒီတော့ ကျွန်မ အနက်ဖွင့်ထားတဲ့ အကြောက်တရားနှစ်ခုမှာ နံပါတ် (၂)ဖြစ်တဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရားကို ပိုပြီး ကြောက်မိပါတယ်။ ဒီတစ်ဘဝမှာ ထောက်ရာတည်ရာသာ မရခဲ့ရင် သံသရာစက်ဝိုင်းမှာ မရပ်မနားကျင်လည်နေရဦးမယ့်အဖြစ်မို့ အမှတ်မဲ့သေဆုံးပြီး လားရာမကောင်းမှာကို ကျန်တဲ့အရာအားလုံးထက် ကျွန်မ ပိုပြီး ကြောက်မိပါတယ်။

ညီမလေးနှင်းရေ….အဆင်ပြေမယ်လို့ မျှော်လင့်မိပါရဲ့နော်။




7 comments:

  1. သေခြင်းတရားကို ကြုံခဲ့ဖူးတော့ ကိုယ့်အတွက်က ကြောက်စရာ သိပ်မရှိတော့သလိုပါပဲ... ခုနေကြောက်တာကတော့ မနှင်းဆီ... ကိုယ့်ကို မချစ် တော့မှာကိုပဲ ကြောက်နေမိ... :D

    ReplyDelete
  2. မြတ်တော့ ကြောက်စရာတွေ များလွန်းလို့ ဘာကိုမှ မကြောက်ချင်တော့ဘူး ဒါမှမဟုတ် အားလုံးကို ကြောက်တယ်လို့ပဲ ဆိုရတော့မလိုလို။

    ReplyDelete
  3. ဒီနေ့မနက် ဘလော့ထဲစ၀င်တာနဲ့ မချစ်ရဲ့ တဂ်ပို့စ်လေး မင်္ဂလာရှိစွာနဲ့ ဖတ်ခွင့်ရတယ်...
    မှတ်သားစရာတွေအများကြီးရသွားတယ် မချစ်ရေ.. မှင်စက်ချရာ ဓာတ်သက်ပါဆိုသလို
    ဖတ်ရသူတို့အတွက် ကျေနပ်စရာ။

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  4. တူတူပဲ မချစ်ရေ.

    သေကြည့်ဖို့ ကြိုးစားကြည့်တဲ့သူတွေရှိတယ် ဘာသာတရားရှုထောင့်ကပေါ့နော်... သူတို့လို ကြိုးစားကြည့်ချင်တယ်..
    ဒါပေမယ့် စိတ်ကူးထဲမှာတင် ကြောက်စိတ်ကဝင်လာတယ်...လက်တွေ့မကြိုးစားရခင်တည်းက မအောင်မြင်တာမျိုး...
    အဲ့လောက်အထိ သေခြင်းတရားကိုကြောက်မိပါတယ် အတ္တတွေ များနေတုန်းပဲထင်ပါတယ်...
    မအားတဲ့ကြားက အခုလို သတိတရနဲ့ ရေးပေးတဲ့အတွက်ကျေးဇူးပါ...
    တက်ဂ်ပို့စ်လေးအတွက် အလုပ်ရှုပ်စေခဲ့တယ်ဆိုရင်လဲ အားနာမိပါရဲ့.

    ချစ်သော
    နှင်း

    ReplyDelete
  5. ကြိုတင်မြင်နိုင်တဲ့ အကြောက်တရားနောက်တစ်ခုကတော့ အထက်မှာ ကျွန်မပြောခဲ့သလို မဟုတ်တာ၊ မမှန်တာလုပ်မိမှာကို ကြောက်တာပါ။ အမှားကိုအမှားမှန်း ခြေခြေမြစ်မြစ် သိသိကြီးနဲ့ လုပ်မိမှာ ကျွန်မ ကြောက်ပါတယ်။ မှားတယ်ဆိုတာကို သိတယ်ဆိုမှတော့ မလုပ်နဲ့ပေါ့လို့ ပြောစရာပါ။ ဒါပေမယ့်လည်း အဲသလိုအချိန်တွေမှာ စိတ်ဇောတစ်ခုခုရဲ့တွန်းအားကြောင့် အမှားမှန်းသိသိနဲ့ တဇွတ်ထိုး လုပ်နေမိတတ်ကြပါတယ်။ လူဆိုတာ အမှားနဲ့မကင်းကြသူများမို့ မှားနေပြီဆိုတာကို သိရင် အမှန်ကိုပြင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီနေရာမှာ နောက်ထပ်အကြောက်တရားတစ်ခု ဝင်လာပြန်ပါတယ်။ အမှန်ကို မပြင်ချင်တာ၊ မပြင်ရဲတာ၊ မပြင်ရက်တာ။ အမှန်ပြင်ရမှာကို တွန့်ဆုတ်ကြောက်ရွံ့နေတတ်တာ။ ဒီတော့ ဒီနေရာမှာ ကျွန်မအတွက် အကြောက်တရားက အမှားမှန်း ကြိုတင်သိနေတဲ့ကိစ္စကို ကံသုံးပါးနဲ့လုပ်မိပြီးတဲ့နောက် အမှန်ရောက်အောင် မပြင်နိုင်မှာကို ကြောက်ပါတယ်။

    အရမ်းနှစ်သက်မိပါတယ် မမ ။ ဖတ်ခွင့်ရသည့်အတွက် ကျေးဇူးတင်ပါတယ် ။

    ခိုင်လေး ( ရွှေတောင် )

    ReplyDelete
  6. တချို့ကျတော့လည်း မကြီးရယ်
    မကောင်းမှန်း မမှန် မှန်း သိနေသားနဲ့ကို
    ကျူးလွန်နေကြတဲ့ ကိုယ်ကျင့်တရားမလုံခြုံတဲ့သူတွေလည်း
    အများကြီး..
    မကြောက်တတ်ကြတဲ့သူများလို့ဘဲ နာမည်ပေးလိုက်ချင်တော့တယ်...

    ReplyDelete
  7. မချစ်ရေ...
    နံပတ်(၁)ကို တွေး..ရေး..သွားပုံလေး သဘောကျလိုက်တာ...
    သိနေရက်နဲ့ မေ့နေတတ်တာမျိုးကို ဒီပို့စ်လေးကနေ သတိပေးလိုက်သလိုပဲ..

    ချစ်သော -
    မြသွေးနီ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...