Monday, March 31, 2014

မီးမို့ တိုးသည်



(၁)

သြော်….တစ်နေ့တစ်နေ့နဲ့ တစ်ရွေ့ရွေ့အချိန်ကုန်ပြီ ဆယ့်နှစ်လရာသီ သြော် ဘယ်အချိန်ကျကာမှ မြနဲ့လေ ချစ်သူမောင်နဲ့ ပေါင်းရမယ်လို့ မျှော်မှန်းဆကာပ တမ်းတကာနေမည်…..ဆယ့်နှစ်လ…ရာ….သီ…တန်ခူးလ သင်္ကြန်ခါမီ ချစ်သူသက်လယ် မောင် လာ မယ် ပြော…ပြော….မျှော်ရသူ မြကလေးမှာတော့…… စိတ်မအေးစရာ ကြုံလာပြန်ပြီ…

အို…ကြားရပြန်ပြီ….

ဆွေးမြေ့တုန်ခိုက်နေသော အသံဝါဝါကလေး။ တိတ်ဆိတ်ညဥ့်ယံကို ထွင်းဖောက်လျှက် နားဝသို့ လျှောကနဲဝင်သည်။  မောင့်မျက်နှာကိုလှမ်းကြည့်လိုက်တော့ မောင်လည်း ထွေးလိုပင်၊ ဖတ်လက်စစာမှ မျက်နှာခွာကာ ကြားရသောအသံမှာ စိုက်နေအောင် နားစွင့်နေဟန်။ ဒီရပ်ကွက်ကိုပြောင်းလာတာ မကြာသေးပေမယ့် သည်အသံနှင့်ရင်းနှီးနေသည်မှာ ထွေးတို့ပြောင်းလာစ ညကတည်းကပင်ဖြစ်သည်။ သီချင်းသည် ကြားရသူဘဝင်ကို ညွတ်နူးစေရုံမက ဂရုဏာသံလေးနှင့်မို့ ဆွေးဆွေးမြေ့မြေ့သီချင်းမှာ ပိုလို့ပင် ကြေကွဲဖွယ်။ ဆယ့်နှစ်လရာသီဆိုသော အမျှော်စိုက်သီချင်းမှာ သီချင်းကိုက လွမ်းဆွေးချင်စရာ၊ သူ့အသံဝါဝါနှစ်နှစ်ကလေးနှင့် ဆွဲဆွဲငင်ငင်ဆိုလိုက်သောအခါ အလွမ်းဓါတ်ခံ မရှိသူများပင် ငိုင်ကနဲဖြစ်လောက်ပေ၏။

သီချင်းသံသည် ထွေးတို့အိမ်မရောက်ခင် ခပ်လှမ်းလှမ်းအလိုကပင် သဲ့သဲ့ကြားရကာ ထွေးတို့အိမ်ရှေ့ လမ်းဆုံနားအရောက်မှာ ခဏတန့်ကာ ရပ်ဆိုနေသယောင် ထင်ရသည်။ ပြီးမှ အနောက်ဘက်လမ်းသို့ ဦးတည်ကာ တရွေ့ရွေ့ဝေးသွားမြဲဖြစ်လေသည်။

သို့သော် ထူးဆန်းသည်က သည်လိုညသည်လိုအချိန်မှာ ဘာကြောင့် မိန်းကလေးတစ်ယောက်အနေနှင့် လမ်းမပေါ်လျှောက်ကာ တကြော်ကြော်တေးဆိုနေရပါနည်း။  သည်အချက်က အတော်ပင် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ မောင်က ဖတ်လက်စစာအုပ်ကို စာမျက်နှာမှတ်တံကလေးနှင့် မှတ်သားကာ စာအုပ်ကိုပိတ်လိုက်ပြီး ခေါင်းရင်းမှ စာကြည့်မီးကိုပါ တစ်ပါတည်း မှိတ်လိုက်သည်။ 

ခဏနေတော့ မောင့်ဆီက အသံထွက်လာသည်။ 

“ဘယ်လိုအကြောင်းတွေ ရှိခဲ့လို့ပါလိမ့်နော်  ထွေး”

“အင်း ထွေးလည်းသိချင်သားပဲ မောင်ရယ်”

(၂)

“ကန်တော့နော် အမေနွဲ့”

ထွေးသည် ခြေရင်းမှာ တင်ပလ္လင်ခွေထိုင်နေသော အမေနွဲ့ပေါင်ပေါ်သို့ ညာခြေတစ်ဘက်ဆန့်တန်းပေးရင်း ပြောလိုက်သည်။ အမေနွဲ့လက်က ပေါက်လှသည်။ သည်တစ်ရပ်ကွက်လုံးမှာ အနှိပ်သည်ဆို၍ အမေနွဲ့တစ်ယောက်ကိုသာ ဟိုအိမ်ဒီအိမ်တွေမှ ခေါ်လေ့ရှိမြဲ။ နှိပ်နေရင်းမှာ လူငယ်တွေ မသိမမီလိုက်သည့် အမေနွဲ့ပြောသော အမေနွဲ့ဖြတ်သန်းခဲ့သမျှ ဘဝအလီလီတို့ကို စိတ်ဝင်စားဖွယ် နားထောင်ကြရသည်မို့လည်း ဖြစ်မည်။

“ဆက်ပြောပါဦး အမေနွဲ့ရယ်၊ ထွေးဖြင့်လေ အဲဒီ့အသံရှင်ကို သိပ်ကိုစိတ်ဝင်စားနေမိတာ”

အသံရှင်ဆိုသည်နှင့် ဧည့်ခန်းထဲမှာ နေ့လည်ခင်းလက်ဖက်တစ်ပန်းကန်နှင့် ရေနွေးတစ်ခရားချကာ စာဖတ်နေသော မောင့်မျက်လုံးများက ထွေးတို့ရှိရာဆီ ဝေ့ကနဲရောက်လာလေသည်။ အမေနွဲ့က ထွေးခြေချောင်းလေးများကို တစ်ချောင်းချင်းဆွဲဆန့်လျှက် ဂျွတ်ကနဲအသံမြည်အောင် ချိုးလိုက်ရင်းက စကားဆက်သည်။

“အင်း ပြောရရင်တော့ တကယ်ပဲ ကြေကွဲစရာပါ ငါ့ညီမကြီးရယ်။ မြနှင်းဟာ တကယ်တော့ မိန်းမချောလေး၊ မိဘတွေကလည်း အလယ်အလတ်တန်းစားဆိုပါတော့ကွယ်။ သူက ဆယ်တန်းကျတာနဲ့ကျောင်းထွက်ပြီး မိဘစီးပွားလုပ်ကူနေတဲ့ မိန်းကလေး။ အမေနွဲ့ကတော့ သူတို့အိမ်မှာ လိုတာလုပ်ကူပေးနေကျပေါ့၊ အဝတ်လျှော် မီးပူထိုးကနေ မီးဖိုချောင်ဝင် ချက်ပြုတ်တာမျိုးလည်း ကြုံရင် ကြုံသလို လုပ်ကိုင်ပေးနေကျ ဆိုပါတော့”

“ဟုတ် အမေနွဲ့”

ထွေးသည် အမေနွဲ့ကိုကြည့်ကာ စကားထောက်ပေးလိုက်၏။  အမေနွဲ့မှာ မှိန်ဖျော့သော်လည်း အဝန်းကျယ်၍လှပသော မျက်လုံးများရှိသည်။ ခေါင်းမှာမူ ခေါင်းတုံးပြောင်နှင့်ဖြစ်ကာ သီလရှင်တစ်ခါဝတ်ပြီးကတည်းက နောက်ထပ်အချိန်မရွေး ဝတ်လိုကဝတ်နိုင်ရန် အမြဲတစေ အပြောင်ရိတ်ထားတော့သည် ဆို၏။ မွဲပြာပြာအသားအရည်ဖြစ်သော်လည်း  ပိန်သွယ်သော လက်ဖမိုးများပေါ်မှ အကြောညို့ညို့စိမ်းစိမ်းများမှာ ဖောင်းကြွခုံးထ၍ မြင်သာနေလေသည်။

စကားကို ချက်ချင်းမဆက်နိုင်သေးဘဲ ရည်ဝေနေသော အမေနွဲ့မျက်လုံးများသည် ခပ်ဝေးဝေးဆီသို့ လှမ်းမျှော်နေသယောင်။ ထွေးကဖြင့် သိချင်လွန်းလှပြီ။ အဲသည့်မိန်းကလေး မြနှင်း သူ ဘာတွေများ ဖြစ်ခဲ့ပါလိမ့်။

(၃)

“လုပ်ပြန်ပြီ။ အမေတို့နဲ့တော့ ခက်တယ်။ ဒီဘုန်းကြီးလူထွက်ကို ခုထိ ကိုးကွယ်ဆည်းကပ်နေတာ လွန်လွန်းတယ်” 

မြနှင်း ဈေးမှအပြန် အိမ်ရှေ့ဖိနပ်စင်မှာ ဘုန်းကြီးလူထွက်၏ဖိနပ်ကိုမြင်သော် အတော်လေး စိတ်ပျက်သွားကာ ခါတိုင်းလို ဧည့်ခန်း၌ ဈေးခြင်းတောင်းခဏချကာ အမောဖြေမနေတော့ဘဲ မီးဖိုချောင်ထိ တန်းကနဲ ဝင်ချသွားလိုက်၏။ 

“ကြည့်နေပါ၊ ဒီဘုန်းကြီးလူထွက်ဟာ ပိုက်ဆံလား ပစ္စည်းလား ချေးတာငှားတာလုပ်ဦးတော့မယ်။ အမေတို့ကလည်း ခုထိ ဘုန်းဘုန်း ဘုန်းဘုန်းနဲ့ လက်အုပ်လေးတချီချီလုပ်နေတာ၊ ခက်တယ်။ မြနှင်းမှာလည်း ဒါနဲ့ပဲ အကုသိုလ်ဖြစ်ရလွန်းလို့ ငရဲကြီးရလွန်းလို့ စိတ်ညစ်လှပြီ”

မြနှင်းတစ်ယောက် စိတ်ထဲကနေ တဖျစ်တောက်တောက်ပြောဆိုနေမိသည်။ ဈေးခြင်းထဲမှ ချက်စရာပြုတ်စရာများကို ထုတ်ယူကာ ဟင်းစားအတွက်ပြင်နေခိုက် မီးဖိုချောင်ထဲ အမေနွဲ့ဝင်လာသည်ကို တွေ့တော့ အဖော်ရပြီဟု ဝမ်းသာလေသည်။

“ကြည့်နေပါ၊ အိမ်က ဘာပါသွားဦးမလဲ မသိဘူး”

“ဟဲ့ တိုးတိုးပြောပါ သမီးမြနှင်းရယ် ကြားသွားပါဦးမယ်”

"ပြောနိုင်ပါဘူး အမေနွဲ့ရယ်၊ ကြားတော့ သာတောင်ကောင်းသေး။ တစ်ခါလာ ပိုက်ဆံ၊ တစ်ခါလာ ပစ္စည်း ဒီလိုနဲ့ပဲ အိမ်မှာ ရှိသမျှ သဲ့ယူနေတာ”

“အို  ဒီကလေးဟာ ပြောလေဆိုးလေ၊ လာ လာ အမေနွဲ့ ဟင်းအိုးပြင်ပေးမယ်။ သမီးက အိမ်ရှေ့မှာ ဆွမ်းခံကိုယ်တော်တွေ အသံလေးဘာလေး နားစွင့်ဦး”

မြနှင်းသည် မျက်နှာထားတင်းတင်းနှင့် အိမ်ရှေ့ထွက်လာကာ ကုလားထိုင်ပေါ်တွင် အနေကထိုင်ကို ဖြန့်ခင်းလိုက်သည်။ ဆွမ်းခံကိုယ်တော်များ ကြွလာလျှင် ထိုင်ရန်ဖြစ်သည်။ မကြည့်ဘူးဆိုသည့်တိုင် ဘုန်းကြီးဘက်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်မိသေးသည်။ ဘုန်းကြီးလူထွက်က ဘိုးဘိုးအောင်ထိုင်နည်းနှင့်ထိုင်ကာ ဘုရားစင်အရှေ့မှာ၊  အမေကတော့ ရှပ်အင်္ကျီလက်တိုနှင့် ဘုန်းကြီးလူထွက်ကို လက်အုပ်ကလေး တချီချီနှင့်။ မြနှင်း အမေ့ကိုပါ မျက်စောင်းနှင့်ကြည့်ပစ်လိုက်သည်။

စိတ်ကုန်လိုက်တာနော်၊ အမေတို့ဟာ…သိပ်ခက်တာပဲ။

သည်ဘုန်းကြီးဟာ သီလရှင်တစ်ပါးနှင့်တွေ့ကာ နှစ်ယောက်လုံး လူဝတ်လဲပြီး အိမ်ထောင်ပြုလိုက်ကြသည် ဆိုကတည်းက မြနှင်းက မကြည်ညိုချင်တော့။ ကြားရတာကတော့ သီလရှင်က အတင်းကပ်တာမို့ ဘုန်းကြီးဈာန်လျှောခဲ့ရသည်ဟု ဆိုကြသည်။ ဘုန်းကြီးသည် နဂိုကပင် ဗေဒင်ပညာတတ်သည်၊ ယတြာကောင်းသည်ဟုဆိုကာ တကာ တကာမ ပေါလှသူ။ အိမ်သို့လည်း ထိုစဉ်ကပင် ဝင်ချီထွက်ချီရှိနှင့်ပြီးသား။ မြနှင်းတို့အမေနှင့် စည်းဝါးကိုက်ကာ ဆရာတကာဆက်ဆံရေးမျိုး ရှိခဲ့ပါသည်။ ထို့နောက် ဘယ်လိုက ဘယ်လို သီလရှင်တစ်ပါးနှင့်တွေ့ကာ မည်သို့ဖြစ်ကြသည်မသိ၊ ရဟန်းဘဝကို စွန့်ကာ လူဝတ်လဲလျက် အိမ်ယာထူထောင်လိုက်ခြင်းပေ။ ထိုသတင်းသည် မြနှင်းတို့ရပ်ကွက်တွင်သာမက ရပ်ကွက်အနီးအနားကိုပါ အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သည်။

ရှင်လူထွက်တို့ထုံးစံ သားကျွေးမှု၊ မယားကျွေးမှု ဘာမျှနားမလည်ဘဲ တတ်ကျွမ်းနှင့်သော ဗေဒင်ပညာ၊ ယတြာတို့ကိုသာ အားပြုလျှက် တကာ တကာမဟောင်းတို့မှ သဒ္ဒါသလောက်လှူဒါန်းငွေလေးနှင့်ပင် သီလရှင်လူထွက်မယားကို လုပ်ကိုင်ကျွေးသည်။ သို့သော် ကလေးနှစ်ယောက်သာ ရလာသည်၊ လောက်ငှသည်ဟူ၍ မရှိဘဲ မယားလုပ်သူ၏အဆူအဆဲကိုသာ နေ့စဉ်ခေါင်းငုံ့ခံလျှက် ကလေးထိန်းလိုက်၊  အိမ်ခေါင်မိုးဖာလိုက်၊ ထရံကာလိုက်၊ သံတစ်ချောင်းရိုက်လိုက်နှင့်ပင် အိမ်၌ မရှိ ရှိတာရှာကြံလုပ်ကာ မယားမျက်နှာကြည့်နေရသည်ဆို၏။ ထိုသီလရှင်မှာ လိုချင်တုန်းကတော့ ဘုန်းကြီးကို အတင်းလူထွက်ခိုင်းကာ သူပဲ လူ့ဘောင်ထဲဆွဲသွင်းခဲ့ပြီး လက်တွေ့တွင် အားကိုးအားထား မရတော့မှ ငြူစူမာန်မဲနေတာ စိတ်ပျက်စရာ။

လွန်ပြီးပြီဆိုမှတော့ ရဟန်းဘောင်ပြန်ဝင်ဖို့ရန်လည်း သားမယားမျက်နှာ၊ သားမယားသံယောဇဉ်နှင့် ရုန်းမထွက်နိုင်။ လူ့ဘောင်မှာနေသော်မှ သာမန်လူယောကျာ်းတို့လို အသက်မွေးဝမ်းကြောင်းအတတ်လည်း မတတ်နှင့်၊ နောက်ဆုံးတော့ ဘုန်းကြီးမှာ ဝဋ်ကြွေးရှိသမျှသာဟု သဘောပိုက်လိုက်ပုံရလေသည်။

“သမီးမြနှင်း ဘုန်းကြီးဆိုတာလည်း လူပဲ၊ သီလရှင်ဆိုတာလည်း လူပဲ၊ ပုထုဇဉ်ပဲရှိသေးတာလေ၊ သူတို့ဖာသာသူတို့ သာသနာ့ဘောင်မှာ မပျော်မွေ့လို့ လူဝတ်လဲပြီး အိမ်ယာထူထောင်တာ ဘာဖြစ်လဲ၊ ကဲ့ရဲ့စရာမှ မဟုတ်တာဘဲ သမီးရယ်”

အို မြနှင်းတော့ နားမလည်ပါဘူး။ ဥသီကာမင်းက မုဆိုးယောင်ဆောင်ထားတဲ့ သိကြားမင်းကို ရန်သူဆိုတာ ဘယ်လိုမျိုးလဲလို့မေးတော့ မုဆိုးက ပြန်ဖြေတယ်။ မင်းကြီးတဲ့ ရဟန်းဖြစ်ပါလျက်နှင့် ရဟန်းအလုပ်ကို မလုပ်ဘဲ လူအများကဲ့သို့ စိုက်ပျိုးရေးအလုပ် လုပ်နေပါလျှင်၊ ငွေတိုးပေးစားနေပါလျှင်၊ ဗေဒင်ဟောဆေးကုလုပ်နေပါလျှင် ထိုရဟန်းဟာ ရန်သူဖြစ်တယ်တဲ့လေ အမေနွဲ့ရဲ့၊ မြနှင်းဖြင့် အဲ့ဘုန်းကြီးကို ရဟန်းဘဝထဲက သဘောကို မတွေ့ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်နေရာ ကိုယ်နေရမှာ မဟုတ်ဘူးလား လို့”

“အင်း ခက်တာပဲ၊ ပြောရခက်လိုက်တာ သမီးမြနှင်းရယ်”

“ခက်ပါဘူး အမေနွဲ့ရယ်၊ အမေနွဲ့တို့ အမေတို့ပဲ အဲ့ဘုန်းကြီးကို ကြည်ညိုကြ၊ အဲ့ဘုန်းကြီးလူထွက်ကို ဆည်းကပ်ကြ။ မြနှင်းကတော့ လုံးဝပဲ

ဘုန်းကြီးလူထွက်ကမူ မြနှင်းတို့ကဲ့သို့ နောက်ကွယ်မှာ တီးတိုးကဲ့ရဲ့ဆိုသူများကို တစ်ခွန်းထဲသောစကားနှင့် ခပ်သာသာ တုန့်ပြန်လေ့ရှိသည်။

“ငါ့မှာ ဒီသီလရှင်နဲ့ ဝဋ်ကြွေးရှိလို့ ပေးဆပ်နေရတာ၊ နင်တို့ ငရဲမယူကြနဲ့၊ ဝဋ်လည်မယ်”ဟူ၍ဖြစ်သည်။

သည့်အပြင် မြနှင်းအမေကို ဘုန်းကြီးကဟောဖူးသည်မှာ “ခင်ဗျားသမီးမြနှင်း ဦးနှောက်လမ်းကြောင်းမှာ အဆက်တွေ အပေါက်တွေ တွေ့တယ်။ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါ ခံစားရတတ်တယ်။ သတိထား”ဟု ဟောကိန်းထုတ်သည်ဆို၏။  အမေပြန်ပြောပြတော့ မြနှင်းမှာ ဟားတိုက်၍ပင် ရယ်ပစ်လိုက်ခဲ့လေသည်။

(၄)

“အဲဒါနဲ့ပဲ သူ...မြနှင်းက ရူးသွားရောလားဟင် အမေနွဲ့၊ အဲဒီဘုန်းကြီးလူထွက် ဟောခဲ့သလိုလေ”

ထွေးသည် အေးစပြုနေသော ရေနွေးခွက်ကို ကျိုက်ကနဲနေအောင် မော့သောက်နေသည့် အမေနွဲ့ထံ စကားစအပြတ်မခံနိုင်သလို မေးလိုက်မိလေသည်။

“ဘယ်ဟုတ်ဦးမလဲ ငါ့ညီမကြီးရယ်၊ ကျန်သေးတယ်၊ ပြောစရာတွေ ကျန်သေးတာပေါ့၊ မြနှင်းဇာတ်လမ်းက အခုမှ စမှာ”

အမေနွဲ့သည် ထွေးလက်မောင်းအိုးကို နှိပ်နယ်ရင်း စကားဆက်ရန်ပြင်သည်။

စာဖတ်နေသောမောင်သည်ပင် စာကြည့်မျက်မှန်ပေါ်မှ ကဲကာ ထွေးတို့ဘက်ကို သိသိသာသာကြီး လှမ်းကြည့်လျှက် စိတ်ဝင်စားဟန်ပြလာခဲ့ပြီ။ အမေနွဲ့က သူ့ခါးမှအင်္ကျီစကို အောက်သို့ ဆွဲဆန့်လိုက်ရင်း ဖြည်းဖြည်းချင်း စကားစသည်။

“တစ်နေ့မှာ အိမ်ကိုဆွမ်းခံကြွနေကျ ဥူးးဇင်းလေးတစ်ပါးနဲ့အတူ နောက်ထပ်ဥူးးဇင်းလေးတစ်ပါး ပါလာခဲ့တယ်။ မြနှင်းတို့အိမ်မှာ ထိုင်ကိုယ်တော်အဖြစ် ဆွမ်းလောင်းလက်ခံပေးဖို့ပေါ့။ အင်း… ဘယ်လိုအတိတ်ကံ၊ ဘယ်လိုဆုတောင်း၊ ဘယ်လိုရေစက်ကြောင့်ရယ် မသိဘူး၊ အဲဒီဥူးးဇင်းကလေးကို မြင်မြင်ချင်း မြနှင်းစိတ်မှာ တန်းကနဲ ချစ်ကျွမ်းဝင်သွားခဲ့သတဲ့”

“အို….”

 (၅)

“တကာမကြီး ဒါ ဥူးးဇင်းတို့ကျောင်းတိုက်ကို နယ်ကနေရောက်လာတဲ့ စာသင်သားဥူးးဇင်းပဲ။ ဒီအိမ်ကို ဆွမ်းခံကြွလိမ့်မယ်။ အဲဒါ တကာမကြီးတို့က ဆွမ်းလုပ်ကျွေးပါ။ ဥူးးဇင်း အပ်ပါတယ်။ သာဓုသာဓုသာဓုပါဗျာ”

ဥူးးဇင်းကလေး၏ဝင်းဝါသော အသားအရည်နှင့် သင်္ကန်းရောင်သည် လွန်စွာမှ တင့်တယ်လှ၏။ မည်းနက်ထူထဲသော မျက်ခုံးများအောက်မှ ဝင်းဖန့်နေသောမျက်ဝန်းအစုံကို အမြဲလိုပင် မျက်လွှာချထားလေ့ရှိသည်။  စက္ကုအိနြေ္ဒနှင့်ပြည့်စုံလှသလို ပိရိသောနှုတ်ခမ်းများမှာလည်း တိတိကျကျ စေ့ပိတ်ထားလျှက် မလိုအပ်ဘဲ မမိန့်ကြား၊ သင်္ကန်းရုံပုံ လက်အလှုပ်အရှား အသွားအလာ ကိုယ်နေဟန်တို့မှာ လွန်စွာမှငြင်သာလွန်းသည်။

မြနှင်းသည် ဥူးးဇင်းကလေးမျက်နှာကို ဖူးမဝပေ။ ခါတိုင်း တခါတလေမှသာ ဆွမ်းဟင်းမီအောင် ကပ်နိုင်သော်လည်း ခုတော့ ဆွမ်းအပြင်ဆွမ်းဟင်းပါ ကောင်းကောင်းကပ်သည်။ ဈေးသွားတိုင်း အချိုပွဲတစ်ခုမဟုတ် တစ်ခု ဝယ်လာကာ ဥူးးဇင်းလေး၏ ဒန်ဆွမ်းဟင်းခွက်သေးသေးလေးထဲ တရိုတသေလောင်းလှူသည်။ သနပ်ခါးပါးကွက်ကို ကြားကြားမလူးတော့ဘဲ လှလှကလေးကွက်သည်။ ဆံပင်တို့ကို စည်းနှောင်ကာ သပ်သပ်ရပ်ရပ်ဝတ်စားသည်။ ဥူးးဇင်းကလေး နေထိုင်မကောင်း၍ ဆွမ်းခံမကြွနိုင်သောရက်များတွင် မြနှင်းတစ်ယောက် ဘယ်လိုမှ မနေနိုင်ဘဲ ကျောင်းအထိလိုက်သွားကာ သက်သာနိုင်မည်ထင်သည့် ဆေးဝါးတို့ကို ကပ်လှူသည်။

တဖြည်းဖြည်းနှင့် ဥူးးဇင်းကလေးသည် တကာမ၏ သူ့အပေါ်ထားရှိသော စွဲလမ်းမှုကို ရိပ်မိသွားကာ ကျောင်းသို့ လိုက်မလာရန်၊ ဆရာတကာ အဲသည်လောက် ရင်းရင်းနှီးနှီးမနေရန် မိန့်တော်မူလေသည်။

မြနှင်းမှာမူ ငရဲမကြောက် ဘာမကြောက်၊ ဓမ္မန္တာရာယ်ဟူသည်ကိုမှ နားမလည်။ ငယ်ရွယ်နုနယ်သော နှလုံးသား၌ ဥူးးဇင်းကလေး၏ ပြေပြစ်ချောမောသောရူပါရုံကိုသာ တဝဲလည်လည် မြင်လျှက် အချစ်နွံမှ ရုန်းထွက်မရပြီတည်း။

(၅)

“ခက်လိုက်တာနော် အမေနွဲ့ရယ်။ မြနှင်းအမေတို့ကရော မတားကြဘူးလားဟင်၊ အမေနွဲ့ကရော ဒီတိုင်းကြည့်နေသလား”

“ဘယ့်နှယ်နေမလဲ ညီမကြီးရယ်၊ သူ့အမေရော အမေနွဲ့ရော ဝိုင်းပြောကြတာပေါ့။ သူ့အမေဆို ရိုက်တောင် ရိုက်တာ။ ဒါပေမယ့် မရပါဘူး။ မြနှင်းက ရပ်ကွက်ထဲကလူပျိုတွေ သူ့ကြိုက်နေတာမှ အပုံကြီးရယ်။ ဒါကို ခါးခါးသည်းသည်းငြင်းပြီး ဥူးးဇင်းကလေးကိုပဲ တန်းတန်းစွဲနေတော့တာ”

“ဟင်း ဘယ်လိုရေစက်ပါလိမ့်၊  ဆုတောင်းများ မှားခဲ့သလား၊ ဟိုဘုန်းကြီးလူထွက်ကို ပြောမိဆိုမိလို့ များလား၊  ဝဇီဗေဒ ထိတိုင်းရှတဲ့ ကြောက်စရာကောင်းလိုက်တာနော်”

“အင်း ဘာကြောင့်ဆိုတာ ပြောရခက်ပါတယ်လေ၊ အချစ်နဲ့ထိစပ် ပတ်သက်လာ ရင် ယောကျာ်းလေးတွေဟာ လေးလံနှုတ်ဆွံ့သွားတတ်သလောက် မိန်းကလေးတွေဟာ ပိုပြီး ရဲရင့်လာတတ်ကြတယ်။ တဇွတ်ထိုးဆန်လာတတ်ကြတယ်။ ပတ်ဝန်းကျင်တို့ အသိုင်းအဝိုင်းတို့ဆိုတာတွေကို ကောင်းကောင်းကြီး အာခံရဲလာတယ်။ ဆန့်ကျင်ရဲလာတယ်။ မီးဆိုတာ ပူမှန်းသိပါရက်နဲ့ ဇွတ်ရှေ့တိုးချင်ကြတယ်။ ဘာပြောပြောနားမဝင်ဘဲ ကလန်ကဆန်တွေ လုပ်လာတတ်တော့တာပဲ”

“ခက်လိုက်တာ၊ ဒါနဲ့ ဘယ်လိုဆက်ဖြစ်သွားလဲဟင် အမေနွဲ့၊ ဥူးးဇင်းကလေးရော ဘာဖြစ်သွားလဲဟင်”
“ကံကြမ္မာဆိုတာ ပြောရခက်သားလား ညီမကြီးရယ်၊ မြနှင်း ခုလိုအဖြစ်ဆိုးမျိုးရောက်သွား ရလောက်အောင်ကို ဥူးးဇင်းလေးရဲ့အဖြစ်ကလည်း ဆိုးပါပေရဲ့”

(၆)

မြနှင်းမှာ အစ၌ ရှက်ရွံ့သွားကာ အဆက်အဆံတန့်သွားသော်လည်း နောက်ပိုင်းတွင် ပိုမိုရဲတင်း လာတော့သည်။ ခံစားနေရသော အချစ်နတ်၏ဖမ်းစားမှုကြောင့် သင့်တော်၏ မတော်၏လည်း မတွေးနိုင်၊ မတွေးတတ်ပြန်။

ဥူးးဇင်းကလေးမှာကား မြနှင်းတို့အိမ်သို့ ဆွမ်းခံမှန်မှန်မကြွတော့ပေ။ တစ်ခြားအိမ်များသို့ ကြွစရာရှိလျှင်ပင် မြနှင်းတို့အိမ်ရှေ့လမ်းမှ ရှောင်ကာကြွသည်ကို သိသွားတော့ မြနှင်းမှာ ဝမ်းနည်းကာ ရင်ကွဲနာကျရှာသည်။ အိပ်လည်း မပျော်၊ စားလည်း မစားတော့ဘဲ လူတစ်ကိုယ်လုံး၌ မျက်လုံးနှင့်နှာခေါင်းရိုးသာကျန်ရှိကာ တစ်နေ့တစ်ခြား ပိန်လှီ၍လာတော့သည်။ ဆွမ်းခံကြွချိန်မကုန်မချင်း ဥူးးဇင်းကလေးများ ကြွလာမလား မျှော်စောင့်သည်။ ဆွမ်းခံချိန်ကျော်လွန်၍ ဥူးးဇင်းကလေး ကြွမလာနိုင်တော့ပြီကို သိသည်နှင့် မျက်ရည်များပေါက်ပေါက်ကျကာ ဟီးချငိုကြွေးပြန်လေသည်။

မြနှင်းသတင်းကြားရသော ဥူးးဇင်းကလေးမှာ စိတ်မကောင်း၍ထင့်၊ တစ်နေ့သော် အိမ်သို့ တန်းတန်းမတ်မတ်ကြီး ကြွလာပြီး မြနှင်းနှင့် မြနှင်းအမေကို တရားဟောကြားလေသည်။ ဥူးးဇင်းကလေးဟောသောတရားမှာ သစ္စာလေးပါးတွင် ပုထုဇဉ်များ ရုန်းရခက်သော သမုဒယသစ္စာ၏ချည်တိုင်မှ လွတ်မြောက်ကြောင်းတရား ၊ ရုပ်နာမ်တို့၏ မမြဲကြောင်း တရား၊ ယောကျာ်းမိန်းမ စသောပညတ်ကိုပယ်၍ ရုပ်နာမ်ပရမတ်သားကို မြင်အောင်ရှု့စေလိုကြောင်း တရားပင်။ မြနှင်းမှာမူ ဥူးးဇင်းကလေး ဘာတွေဟောလို့ ဟောသွားမှန်းပင် မသိလိုက်ရှာပေ။ မျက်လွှာချထားသော ဥူးးဇင်းကလေး၏မျက်နှာကိုသာ တစ်ချိန်လုံးငေးကြည့်လျှက်ရှိသည်။

နောက်ရက်များတွင် ဥူးးဇင်းကလေး ကြွမလာတော့ပေ။ မြနှင်းမှာ ကျောင်းသို့လိုက်သွားပြန်ရာ ဥူးးဇင်းကလေးသည် မိဘရပ်ထံ နယ်သို့ ခဏကြွသွားသည်၊  နယ်မှာပင် ဝါဆိုမည်ဟု ဆရာတော်က မိန့်လိုက်လေ၏။

အိမ်ပြန်ရောက်လျှင် မြနှင်းမှာ ပြက္ခဒိန်ရှေ့ချကာ ဝါထွက်မည့်ရက်ကို မင်နီဝိုင်းလေသည်။ မှန်ထဲမှာ မြင် ရသော မြနှင်းရုပ်ရည်သည် ပိန်လှီကာ စိတ်ထောင်းကိုယ်ကြေရုပ်ထွက်နေသော်လည်း မြနှင်းမှာ ကြိုးစား၍ ပြုံးရယ်သည်။ ဝါထွက်လျှင် ဥူးးဇင်းကလေး ပြန်လာပေတော့မည်။

(၇)

“အင်း ဝါလည်းထွက်ရော ဥူးးဇင်းကလေး ပြန်လာသလားဟင် အမေနွဲ့၊ ဒါမှမဟုတ် မြနှင်းနဲ့ ဝေးအောင် ဘယ်တော့မှ ပြန်မလာတော့ဘူးလား ဟင်”

“ပြန်လာပါတယ်။ ပြန်လာခဲ့ပါတယ်။ ဥူးးဇင်းကလေးဟာ စာသင်သားဆိုတော့ ကျောင်းတိုက် ကိုပဲ ပြန်လာခဲ့ရှာပါတယ်။ ဒါပေမယ့်”

အမေနွဲ့မျက်ဝန်းတို့ အုံ့မှိုင်းလာကာ နှုတ်မှစကားစတို့ ပိုမိုဖြည်းလေးစွာ…။

“ဥူးးဇင်းလေးဟာ သူ စီးလာတဲ့ကားတိမ်းမှောက်ပြီး  လမ်းမှာတင် ပျံလွန်သွားရှာတယ်”

“အို…ဖြစ်ရလေ…ဖြစ်မှဖြစ်ရလေ အဖြစ်ဆိုးလိုက်တာနော်”

“အင်း အဲဒီသတင်းလည်းကြားရော မြနှင်းဟာ အိပ်ရာထဲ ဘုန်းဘုန်းလဲသွားရာက သွက်သွက်ခါအောင်ရူးသွားရှာတာ၊ ဆရာဝန်တွေလည်း စုံနေတာပဲ ကုလိုက်တာဆိုတာ၊ ခုမှ ဒီလိုအခြေအနေ ရောက်လာတာ။ နည်းနည်းငြိမ်ကျသွားတာ။ အမေနွဲ့လည်း အဲ့ဒီကတည်းက မြနှင်းတို့အိမ် မသွားတော့တာ။ မြနှင်းကို မကြည့်ရက်တော့လို့လေ”

မျက်မှန်ကိုင်းကိုပင့်ကာ မျက်ဝန်းအောက်ခြေတို့ကို လက်ကိုင်ပုဝါဖြင့် တို့သုတ်နေသော မောင့် ကို ထွေး မြင်၏။ အို….မောင် မျက်ရည်ကျနေတာလား ဟင်။ စိတ်မာသည်ဆိုသော ထွေးပင် မျက်တောင်တို့ကို အနိုင်နိုင် ပုတ်ခတ်နေခဲ့ရသည်ပဲ။ တကယ်တော့ မောင်သည် ထွေးထက် စိတ်နှလုံးနုညံ့သူပေ။

အမေနွဲ့မှာ သွန်ချပြောပြလိုက်ပြီး အားအင်ကုန်ခမ်းသွားသူလို မောင့်ဘေးက ကုလားထိုင်မှာ အရုပ်တစ်ရုပ်လို လျှောကနဲမီထိုင်လိုက်လေသည်။

(၈)

ဆယ့်နှစ်လရာသီ သြော်...ဘယ်အချိန်ကျကာမှ မြနဲ့လေ ချစ်သူမောင်နဲ့ ပေါင်းရမယ်လို့ မျှော်မှန်းဆကာပ တမ်းတကာနေမည်…..ဆယ့်နှစ်လ…ရာ….သီ…တန်ခူးလ သင်္ကြန်ခါမီ ချစ်သူသက်လယ် မောင် လာ မယ် ပြော…ပြော….မျှော်ရသူ မြကလေးမှာတော့……

ကြားရပြန်ပါပြီ.....

ဆွေးမြေ့နေသော အသံဝါဝါကလေး။ မြနှင်းအကြောင်းမသိခင်က သီချင်းသံကြားရုံနှင့် စိတ်ထဲ မကောင်းဖြစ်ရသော မောင်နှင့်ထွေးတို့နှစ်ယောက်သည် ယခု မြနှင်း၏အကြောင်းစုံ သိပြီးသောအခါတွင်မူ ရင်ထဲနင့်ကနဲ ကျင်သွားရလေသည်။   

အချစ်…၊ မိန်းကလေးတို့၏အချစ်…..။ ပင်ပန်းဆင်းရဲလှချည့်၊ ပူလောင်လှချည့်လားကွယ်….။  အို မိန်းကလေးမှ မဟုတ်ပါဘူးလေ၊ ဘယ်သူမဆို တကယ်ချစ်မိသူတိုင်း သမုဒယနွံထဲက အလွတ်ရုန်းထွက်ဖို့ရာ ခဲခက်လှမည်ပေ။

တစ်နေ့နေ့မှာ ထွေး သားသမီးတွေရလာတဲ့အခါ သူတို့လေးတွေဟာ ဆင်းရဲနဲ့ငရဲကို ကြောက် တတ်ကြသူများ ဖြစ်ပါစေ၊ သမုဒယနွံကနေ ရုန်းထွက်နိုင်သူများ ဖြစ်ပါစေ၊ မသင့်တဲ့ချစ်ခြင်းတွေနဲ့ မငြိတွယ်မိသူဖြစ်ပါစေ၊ အချစ်ဆိုတဲ့မီးကနေ လွတ်မြောက်ငြိမ်းအေးနိုင်သူ၊  မေတ္တာတရား နဲ့ နွေးထွေးနိုင်သူများ ဖြစ်ကြပါစေကွယ်။  ထွေး မျက်စေ့လေးမှိတ်ကာ တိတ်တိတ်လေး ဆုတောင်းနေမိသည်။ နံဘေးမှ မောင့်ကိုကြည့်လိုက်တော့ မောင်သည်လည်း အိပ်ပျော်နိုင်ခဲသည် ထင်ပါရဲ့။ 

အချိန်ပါပဲ၊  အချိန်တစ်ချိန်ပါပဲလေ..... 

အချိန်လေးနည်းနည်းကြာလာရင်တော့ ဒီရပ်ကွက်ထဲက သူသူငါငါတွေလို မြနှင်းသီချင်းသံ မှာ မောင်ရော ထွေးပါ အိပ်ပျော်နိုင်ကောင်းပါရဲ့လေ….။ 



Tuesday, March 25, 2014

Journey Forty-Five



စကားဦး

ဒီနေ့က ကျွန်မရဲ့ မွေးနေ့နှစ်ပတ်လည်မို့ အမှတ်တရပိုစ့်လေး ရေးဦးမှလို့ စိတ်ထဲတွေးမိတယ်။ 

ကျွန်မချစ်တဲ့ ဟိုမရောက်ဒီမရောက်စာလေးတွေ၊ ကဗျာလေးတွေ၊ ပန်းချီကားလေးတွေ၊ ဓါတ်ပုံလေးတွေ...အဲဒါတွေထဲက ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားတော့ အကုန်လုပ်ချင်တာပဲ။ ဒါနဲ့ စာလေးနည်းနည်း၊ ကဗျာလေးနည်းနည်း၊ ပန်းချီလေးနည်းနည်းနဲ့ ဓါတ်ပုံလေးနည်းနည်း အကုန်လုပ်ချလိုက်တာပေါ့ကွာလို့ တွေးတယ်။ ဒါတောင် သီချင်းဆို၊ ဂစ်တာတီးတာ မပါသေးဘူး။ အဲဒါကတာ့ ထားလိုက်ပါတော့လေ။ ဘလော့ဂ်ဖတ်ပရိသတ်ကို အဲ့လောက်ထိတော့ မနှိပ်စက်သင့်ဘူး မဟုတ်လား  :)

ဒီပို့စ်မှာ ၁) စာ ၂) ဓါတ်ပုံ  ၃) ပန်းချီနဲ့ ၄) ကဗျာ ပါပါတယ်။
ဖတ်ရတာ များသွားရင်တော့ အားနာပါရဲ့။ အမှတ်တရမို့ လုပ်ချင်တာ အကုန်လုပ်တာလို့သာ သဘောထား ဖတ်ပေးကြပါ  ;)

၁) စီကေအေမှ စီကေအေသို့ ပေးစာ

ချစ်သောစီကေအေ

ကျန်းမာပါစ၊ ခေတ္တလူ့ပြည်မှာ နေရတာ အဆင်ပြေချောမွေ့ပါစ။

ဆိုရေးရှိက ဆိုအပ်လှဆိုတာလို ဒီနေ့ စီကေအေရဲ့ မွေးနေ့နှစ်ပတ်လည်မှာ စီကေအေကို ပြောချင်ဆိုချင်တာလေးတွေ ပြောရဦးမယ်။ ဒီလိုလေ….လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းကို အနှစ်ခြောက်ဆယ်လို့ ထားလိုက်၊  ခုဆိုရင် ရှင်ဟာ လေးပုံသုံးပုံကြီးများတောင် ခရီးပေါက်ခဲ့ပြီ။ ဘယ်ကိုနှင်နေတဲ့ခရီးလည်းဆိုတော့ သေခြင်းတရားဆီကိုပေါ့။ လူတစ်ယောက်ရဲ့ ဘဝအလျားဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့အကြားက အချိန်တွေပဲ မဟုတ်လား။ ဒီတော့ မွေးဖွားခဲ့ပြီးမှတော့ သေခြင်းတရားဆီကိုသာ ဦးတည်လျှောက်လှမ်းနေကြရုံ…..။

ခု ရှင် ခရီးပေါက်ပြီလား။ အတော်မှ မောပါရဲ့လား…..

ခရီးသွားတွေဟာ အဲဒီအလျားလေးတစ်ခုအတွင်းမှာ မှတ်တိုင်လေးတစ်ခု လောက်လောက်လားလား စိုက်ထူခဲ့ကြဖို့ ကြိုးစားကြတယ်။  ရှင်တို့ကျွန်မတို့ ခရီးသွားတဲ့အခါ တွေ့ဖူးကြသလို  မောင်ဘယ်သူ မဘယ်ဝါတွေကဖြင့် ဒီနေရာကို ဘယ်နေ့ဘယ်ရက်ဘယ်အချိန်က ရောက်ခဲ့သည်ဆိုတဲ့ နံရံစာမျိုးနေမှာပေါ့။ အဲ့ဒီထက်ပိုမို လေးနက်ကောင်း လေးနက်လိမ့်မယ်။ သူသူငါငါ အပြိုင်အဆိုင် ကဗ္ဗည်းထိုးခဲ့ချင်ကြတယ်။ လူတွေရဲ့ စိတ်မှာ၊ လူတွေရဲ့ ပါးစပ်ဖျားမှာ၊ လူတွေရေးတဲ့ သမိုင်းထဲမှာ….။

လျှောက်ခဲ့ပြီးတဲ့ အလျားတစ်ခုကို ရောက်တဲ့နေရာကနေ ပြန်လှည့်ကြည့်ဖြစ်တဲ့အခါ ကွဲပြားတဲ့ဖြတ်သန်းမှုတွေကို ရှင် တွေ့ရမယ်။ ခရီးသွားနေကြတဲ့သူတွေချင်းအတူတူမှာ တစ်ချို့က အေးအေးလူလူ သက်တောင့်သက်သာ၊ တစ်ချို့လည်း ခက်ခက်ခဲခဲ ပင်ပမ်းဆင်းရဲ၊ တစ်ချို့ကျပြန်တော့ ရှေ့ရောက်ချင်လွန်းလို့ အပြေးတစ်ပိုင်း၊ တစ်ချို့ကျပြန်တော့ ရှေ့လူတွေကို တွန်းထိုးနင်းတက်…..။

ရှင်ရော ဘယ်လို ဖြတ်သန်းခဲ့သလဲ၊  အဲသလိုလူတွေနဲ့တွေ့ရတိုင်း ဘေးကပ်ပေးမိရဲ့လား။  သွားကြပါစေ၊ ကျော်ဖြတ်တက်သွားကြပါစေ၊  ခရီးပေါက်ကြပါစေဆိုတဲ့ စိတ်နဲ့လေ….ဒီလိုဆိုရင်ဖြင့် ရှင်က ကျွန်မလည်း အလျားတစ်ခုအတွင်းမှာ ထိပ်ကို မြန်မြန်ရောက်ချင်တာပေါ့၊ အားလုံးထက် ရှေ့ကိုရောက်ချင်တာပေါ့လို့ ပြန်ပြောချင်စရာ…။

ဒီမှာ…ဘာကိုမဆို ရှင် တတ်နိုင်သလောက် ကြိုးစားကြည့်၊ ကြိုးစားမှုနဲ့တန်တာကို ရှင် ပြန်ရမှာပဲ။  ရောင့်ရဲတတ်ဖို့ပဲ လိုတယ်။ ဘုရားဟောတရားထဲမှာပါတဲ့ ရောင့်ရဲအောင်နေတတ်ဖို့ ဆိုတာဟာ လိုက်နာကျင့်သုံးတတ်ရင် တကယ်ကို အေးချမ်းတာ။ ဒီနေရာမှာ ရှင် သိထားဖို့က ရောင့်ရဲမှုဆိုတာ ပျင်းရိမှုမဟုတ်ဘူး။ တတ်နိုင်တဲ့ အားထုတ်မှု လုံ့လ ဝိရီယတော့ ရှိပါစေ၊ ရလာမယ့် ရလာဒ်အပေါ်မှာ လက်ခံနေပျော်ခြင်းကိုသာ ဆိုလိုပါတယ်။ အဲဒီလိုဆိုတော့ ဘာလာလာ ကြုံလာရသမျှ အေးချမ်းသွားတယ်။ အရာရာဟာ ကိုယ်ပြုသမျှတွေရဲ့အကျိုးဆက်တွေပဲလေ….အဲဒါကို ရှင် လက်ခံလား။

ဘယ်သူမဆို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံချင်ကြတယ်။ ကိုယ်၏ချမ်းသာခြင်းကတော့ သိပ်ကို ရှင်းပါတယ်။ ရုပ်ဝတ္ထုတွေနဲ့ ဖြည့်ဆည်းပေးလို့ ရတယ်။ တရားသဖြင့်ဖြစ်စေ၊ မတရားသဖြင့်ဖြစ်စေ ရယူလို့ ဖြစ်တယ်။ လိပ်ပြာလုံတာ မလုံတာက နောက်တစ်ပိုင်း။

စိတ်၏ချမ်းသာခြင်းကတော့ အဲဒီလောက်လွယ်မယ် မထင်ဘူး။ ရှင့်အတွက်မှ မဟုတ်ဘူး။ အားလုံးအတွက် စိတ်၏ချမ်းသာခြင်းက ခက်တယ်။ အရာရာပြည့်စုံတိုင်းလည်း စိတ်ထားတတ်ပါမှ။

မီးခဲပူတယ်ဆိုတာ လူတိုင်းအသိပဲ။ ပူမှန်းသိတဲ့နောက် ဘယ်သူက ကိုင်ထားချင်မလဲ။ လွှတ်ချထားခဲ့လိုက်ရမှာပဲ မဟုတ်လား။ မြင်သာတဲ့အပူတွေကို လွှတ်ချထားခဲ့လိုက်ဖို့ လွယ်ကူသလောက် မမြင်ရတဲ့ စိတ်အပူတွေကိုကျတော့ သိုမှီးထားတတ်ကြတယ်။ ရှာဖွေပူလောင်တတ်ကြပြန်တယ်။
ကဲ မခက်ဘူးလား။ ဒီတော့ ရှင် စိတ်အပူတွေ လောင်နေခဲ့ရင် လွှတ်ချထားခဲ့လိုက်ဖို့ ကြိုးစားပါ။ စိတ်ကို စိတ်ဖြင့်သာ စင်ကြယ်စေရာ၏ဆိုတာလို စိတ်အလုပ်ကို လုပ်ပါ။ ထွက်လေဝင်လေကလေးကို ကြည့်နေ မှတ်နေရတာ ဘယ်လောက်စိတ်ချမ်းသာစရာလဲဆိုတာ လုပ်ကြည့်မှ ရှင် သိမယ်။ 

လူ့ဘဝရဲ့တန်ဘိုး၊ လူဖြစ်ရတဲ့ တန်ဘိုးကို မွေးသေကြားက အလျားအရှည်နဲ့တိုင်းတာ မဟုတ်ဘူး။ စိတ်ချမ်းသာအောင်နေတတ်ပြီး ချမ်းချမ်းသာသာသေတတ်မှ လူဖြစ်ရကျိုးနပ်တာ။ ဒီတော့ အနေတတ် အသေတတ်အောင် ရှင် ကြိုးစားဖို့ပဲ။ ပတ်ဝန်းကျင်အတွက်ဆိုတာကို ခဏလေး ထားလိုက်။ ကိုယ်တိုင် အတွင်းအပြင် အေးချမ်းအောင်အရင်ကြိုးစားပါဦးလို့ပဲ ရှင့်ရဲ့ မွေးနေ့နှစ်ပတ်လည်မှာ အမှတ်တရစကား ပြောခဲ့ချင်တယ်။

ကဲ ဒီလောက်ဆို ရှင် နားညည်းရောပေါ့။ တော်ပြီနော် နောက်နှစ်တွေလည်း လာကြည့်ပါဦးမယ်။ သေဆုံးခြင်းဆီ ခရီးရောက်မသွားသေးဘူးဆိုရင်ပေါ့လေ။ ရှင့်ရဲ့ စိတ်ကျမ်းမာရေးအခြေအနေ ဘယ်လောက်တိုးတက်နေပြီလဲ၊ ဘဝကြီးထဲမှာ ဘယ်လောက်အနေတတ်နေပြီလဲ ဆိုတာကိုပေါ့။ လာကြည့်ပါဦးမယ်။

သြော် မေ့လို့၊ ပြောစရာတစ်ခုကျန်သေးတယ်။ တကယ်တော့ လူ့ဘဝဆိုတာ ၃၁ဘုံရဲ့ ထရန်စစ်တစ်ခုပဲ။ လမ်းသုံးသွယ်ရှိတယ်။ အစုန်လမ်း၊ အဆန်လမ်းနဲ့ နိဗ္ဗာန်လမ်းတဲ့…။

အစုန်လမ်းဆိုတာက ၃၁ဘုံမှာ ပျော်ပျော်ကြီး စုန်ဆင်းကျင်လည်နေရဦးမယ့်လမ်း၊ အဆန်လမ်းဆိုတာက သံသရာဝဲသြဂထဲက ဆန်တက်လို့ အထက်ဘုံတွေမှာ ကျင်လည်ကျက်စားရမယ့်လမ်း၊ နိဗ္ဗာန်လမ်းဆိုတာကတော့ မြတ်သောမဂ္ဂကျင့်စဉ်နဲ့ကျင့်ကြံအားထုတ်ပါမှ ရောက်နိုင်မယ့်လမ်း (ဝါ) သံသရာထွက်လမ်း။ 

ဆိုတော့ကာ….ရှင် ဘယ်လမ်းလိုက်ချင်သလဲ….
နောက်တစ်ခါတွေ့တော့ ဆက်ပြောကြတာပေါ့ နော်

ရှင့်မွေးနေ့နှစ်ပတ်လည်မှာ ကျန်းမာပျော်ရွှင်ပါစေ၊ လွန်ခဲ့တဲ့ လေးဆယ့်ငါးနှစ်က ဝမ်းနာမွေးခဲ့ရတဲ့ ရှင့်အမေရဲ့ မွေးကျေးဇူး၊ လူလားမြောက်အောင် ကျွေးခဲ့တဲ့ ရှင့်အဖေရဲ့ ကျွေးကျေးဇူးတွေကို သတိရဆင်ခြင်နိုင်ပါစေ၊ ရှင့်အနီးအပါးက ပါရမီဖြည့်ဘက်နဲ့အတူ သံသရာက လွတ်ရာလွတ်ကြောင်းတရားများ ပွားများအားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။


ရှင့်ရဲ့သစ္စာရှိသော....

စီကေအေ 
၂၅-၀၃-၂၀၁၄


၂)  ဓါတ်ပုံကိုတော့ "Around my house" လို့ ခေါင်းစဉ်ပေးထားပါတယ်။ 

(က) ကျွန်မလက်ကျရာ ခြယ်မှုန်းပေးကြတဲ့ ကျွန်မဘဝထဲမှာ မရှိမဖြစ်အရာလေးတွေ....


(ခ) ကျွန်မနေတဲ့တိုက်ခန်းကျဉ်းလေးရဲ့ တစ်ထောင့်မှာ စာရေးခုံလေးနဲ့ ပန်းချီပစ္စည်းလေးတွေအကုန် ကြပ်ညပ်နေအောင် ဒီလိုပဲ ထားလိုက်ရတာပဲ....


(ဂ) သူတို့သာမပါရင် အိမ်ထဲကို ဝင်ခွင့်မရှိ....:)


(ဃ) ဘဝမှာ ဒီလိုဆက်နွယ်နေမှဖြစ်မယ့် ဆက်သွယ်နေရမှုတွေ......


ကျွန်မနဲ့အတူ အိမ်ထဲတခွင်လိုက်ကြည့်ရသလိုပေါ့နော်။ ပုံလေးတွေကို နှစ်သက်ကြမယ်လို့ ထင်ပါတယ် :)


၃) စီကေအေပေါ့ထရိတ်.....

၇.၅" x ၁၁" w/c on paperပါ။ ကျွန်မနဲ့ တူရဲ့လား  :)




၎) နောက်ဆုံး ကျွန်မချစ်တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ သိမ်းချင်ပါတယ်။

Journey Forty-Five 



ကျွန်မခြေထောက်အောက်ကမြေကြီးက ကျွန်မကိုထမ်းပိုးထားချိန်
ကျွန်မကျောပေါ်မှာ လေးဆယ့်ငါးနှစ်စာ ဝန်ထုတ်ဝန်ပိုးအပြည့်နဲ့
နေ့ရက်နာရီရာသီတွေက ကျွန်မအလိုမတူဘဲ ဇရာဆိုတာကြီးကိုပါ ကျွန်မကျောပေါ် ထပ်ဆောင်း
သိမ်မွေ့သလောက်မြန်ဆန်လွန်းလို့ ကျွန်မဖြင့် သတိကလေးမှ မကပ်လိုက်နိုင်
ဘဝကြီးမှာ လူလုပ်စားလာတာ လေးဆယ့်ငါး  အမေ့ဗိုက်ထဲမှာ ကိုးလသား
ပေါင်းလိုက်တော့ လေးဆယ့်ငါးနှစ်ကိုးလ
ဘဝဟာ….
ပဏာမဧည့်ခံတီးလုံးက ရုံထဲဝင်ချင်အောင် ချိုသာလှပသလောက်
နောက်ပိုင်းဇာတ်ထုပ်ကျမှ ပုဏ္ဏားက ကျောပုတ်ရင်ထုသလိုမျိုး
သေချာတာက ဘဝဟာ…
တစ်နွေလုံးပျောက်ခဲ့တဲ့ မှိုပွင့်ကလေးတွေ မိုးဦးကျမှ
ဟိုတစ်ပွင့် ဒီတစ်ပွင့် ပေါ်လာကြသလို ပေါ်လာတာမဟုတ်ဘူးကွဲ့
ဘဝဟာ မောဟတွေနဲ့အမြဲစိမ်းစို ခဲအုပ်ပျိုလွင်နေတဲ့ သစ်တစ်ပင်
ဘဝဟာ မနက်ဖြန်တွေ့ကြစို့ အချစ်ရယ်တွေ စတေးတပ်စ်တင်တတ်တဲ့ မျက်နှာစာအုပ်
ဘဝဟာ လွမ်းတယ်ကွယ်တွေ ဒင်းကြမ်းပြည့်မျောလွင့်နေတဲ့ ကောင်းကင်
ဘဝဟာ………….
ဘဝဟာ…………..
ဘဝဟာ…………….
ရှင်တို့အားလုံး “ဘဝဟာ” နဲ့ အစချီတဲ့ ဝါကျတွေ ဖွဲ့ကြည့်ကြပါ
အဲဒါဟာ စိတ်ဝင်စားစရာ သိပ်ကောင်းတာပဲ
ဘဝဟာ စာသားနှစ်ကြောင်းလောက်နဲ့ အပြန်ပြန်အလှန်လှန်ဖွဲ့စပ်ထားတဲ့ သီချင်းတစ်ပုဒ်
ရင်ကွဲပက်လက်တွေ ဒူးနဲ့မျက်ရည်တွေပဲ အထပ်ထပ်ပြန်ကျော့လို့
ရှင်တို့ ကျွန်မတို့အားလုံး ဒါကိုပဲ နားထောင်ပြီးရင်း နားထောင်နေရတယ်
မောပါ့….
ကျွန်မမာတိကာကို ဖတ်ကြည့်ရုံလောက်နဲ့ ကောက်ချက်ချမယ့်အစား
ကျွန်မစာမျက်နှာတွေကို လက်ရှိအထိ ဖတ်ကြည့်ကြပါလား
(ပျင်းစရာကောင်းရင် ကျော်ဖတ်ပေါ့)                                         
ဘုရားသခင် ကောင်းချီးပေးချင်စရာတွေ ရှိသလို
ဒုက္ခသည်တွေအချင်းချင်း လက်ညှိုးထိုးချင်စရာတွေကလည်း ဝက်ဝက်ကွဲပြည့်နှက်လို့
ဒီလိုပါပဲလေ  ဘဝက….
ချိန်းကျကျနေတဲ့ဘီးလို ခရီးမတွင်မှုတွေနဲ့ ရှေ့မရောက် နောက်မဆုတ်သာ
ရိုးသားပွင့်လင်းမှုကို ကြွားဝါတတ်လွန်းလို့ ငါ့မှာ "လူအ"တံဆိပ်အကပ်ခံရ
အသက်ရှူလိုက်တိုင်း တစ်ကိုယ်စာထမ်းပိုးထားရတဲ့ မြေကြီးကို အားနာ
အလွဲကြီးအလွဲလေးတွေနဲ့ လူပီသနေတဲ့ကိုယ့်ကိုယ်ကို ကျေနပ်အားရ
ကျွန်မက ဘဝမဟုတ်ပေမယ့် ဘဝထဲကကျွန်မကတော့ ကျွန်မအစစ်ပါ
မှန်ထဲကပုံရိပ်ယောင်ဟာ ကျွန်မမဟုတ်ပေမယ့် ကျွန်မနဲ့ ဆက်စပ်နေသလိုပေါ့
ကျွန်မနဲ့ ဘဝဟာ အဲသလိုဆက်စပ်တယ်
ဘယ်လိုလဲ….
ဒါတွေအားလုံးကို ကျေလည်ရင် ကျွန်မတို့ ခရီးအတူသွားလို့ ရပြီ….





ကျွန်မနဲ့အတူ ဒီခရီးကို လျှောက်ပေးခဲ့ကြသူများအားလုံးကို ချစ်ခင်စွာ ကျေးဇူးတင်ရပါတယ်  :)
အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ....