Sunday, February 23, 2014

တရွေ့ရွေ့သွားနေသော…


တစ်ညနေမှာ သူက မီးခိုးရောင်ဘောင်းဘီတစ်ထည်ကို ကျွန်မဆီ လှမ်းပေးလေ၏။ ထိုဘောင်းဘီနှင့်အတူ မီးခိုးရင့်ရောင်ကြယ်သီးတစ်လုံးလည်းပါသည်။ ပြုတ်နေသောကြယ်သီးကို ပြန်တပ်ပေးဖို့ရန်ပင်။ ဟုတ်သားပဲ၊ သူ ကျွန်မကိုပြောပြောနေတာ အတော်ကြာပြီပဲလေ။ 

သူ့လက်ထဲမှလှမ်းယူကာ အပ်နှင့်အပ်ချည်လုံးရောင်စုံလေးများ ထည့်ထားသောဘူးကလေးကို အံဆွဲထဲမှထုတ်ပြီး ကြယ်သီးတပ်ပေးဖို့ ပြင်ရတော့သည်။ တစ်ထပ်ထဲမကျသော်လည်း အရောင်ချင်းခပ်ဆင်ဆင် မီးခိုးရောင်အပ်ချည်လုံးကလေးကို ရွေးထုတ်ပြီး နဖားကျယ်မည်ထင်ရသော ခပ်တုတ်တုတ် အပ်တစ်ချောင်းကိုပါ အပ်ဘူးအဝိုင်းလေးထဲမှ လှည့်ထုတ်ယူလိုက်လေသည်။

လင်ရယ်မယားရယ်ဆိုပေမဲ့ အနည်းငယ် အားနာစရာ။ သူ ပြောပြောနေပြီး ကျွန်မကလည်း တပ်ပေးတာပေါ့ဟု ပြောနေသည်မှာ လနှင့်ချီခဲ့ပြီ။ ကျွန်မ ဘာတွေများ မအားမလပ်ဖြစ်နေပါလိမ့်တွေးမိတော့ ပိုလို့ပင်ရှက်ဖွယ်။ တစ်နေ့တစ်နေ့ ဘာအလုပ်မှ မယ်မယ်ရရ မရှိပါဘဲ၊ စာရေးသလိုလို၊ စာတွေပဲ ဖတ်နေသလိုလို၊ ပန်းချီတွေပဲ ဆွဲနေသလိုလို၊ ဓါတ်ပုံအောက်ဒိုးပဲ ထွက်ရိုက်နေသလိုလို အမည်တပ်မရသော ကျွန်မ၏လိုလိုများကြားမှာ နေ့စဉ်အချိန်တွေကို ဖြုန်းတီးပစ်နေတာ စိတ်ကုန်ဖွယ်ကြာမြင့်လှပြီ။ စိတ်ကျေနပ်မှုအတွက်၊ ဝါသနာအရ စသည်ဖြင့် အကြောင်းပြချက်များစွာက ကျွန်မဆီမှာ အသင့်ရှိလေသည်။ သည်ကြားထဲ ဖေ့စ်ဘုတ်ပေါ်မှာကုန်လွန်သော အချိန်များက တစ်နေ့တာရဲ့ထက်ဝက်ခန့်ကို သိမ်းယူထားသေးသည်။

မကျန်းမာဘဲ အိပ်ရာထဲလဲနေတာနဲ့စာလျှင် ခုလို ကိုယ်လုပ်ချင်ရာလုပ်ကာ နေပျော်သောကျွန်မကို သူကလည်း အပြစ်တစ်စုံတစ်ရာ မဆိုခဲ့ပါ။ သို့သော်….သည်အခွင့်အရေးကို ကြာရှည်မယူသင့်ဟု ခံစားမိသောအခါ နေရထိုင်ရခက်သလို ဖြစ်လာမိသည်။ ခေတ်က ဟိုအရင်ကလို မဟုတ်၊ လင်ရောမယားပါ ဝင်ငွေရသည့်အလုပ်တစ်ခုစီ ရှိပါမှ တော်ရုံကျသည်မဟုတ်လား။

သူက မနက်စာကို ရုံးမှာပဲစားလေ့ရှိသူမို့ ကျွန်မအနေနှင့် အိပ်ရာမှထကာ အထူးတလည်ပြင်ဆင်ပေးနေစရာ မလိုအပ်။ နေ့လည်စာ ညစာဆိုသည်များကလည်း သူ အလုပ်မှအပြန် ဝယ်လာတတ်သည်ကသာ များပါသည်။ ပင်ပန်းပါတယ်ကွာ၊ နှစ်ယောက်စာထဲမို့ ချက်တာထက် ဝယ်စားတာက ပိုအဆင်ပြေတယ်ဟု သူ ပြောတတ်သောစကားက ကျွန်မအတွက် မျက်ဖြူဆိုက်သောလူနာနှင့် မခြားပေ။ ကျွန်မအကြိုက်သာ ဖြစ်လို့နေပြန်သည်။

တခါကတော့ စနေတစ်နေ့မှာ ကျွန်မ စိတ်ပါလက်ပါ ဟင်းချက်ခဲ့ပါသည်။ ကံကောင်းချင်တော့ ထိုနေ့မှာပင် တိုက်တိုက်ဆိုင်ဆိုင် ယောက္ခမအမေဆီမှ ဖုန်းလာကာ သူတို့သားအမိချင်းစကားပြောကြတော့ အမေ့သမီးက ဟင်းတွေချက်နေတယ်ဟုဆိုကာ ကျွန်မချက်နေသောဟင်းများကို စီရီရွတ်ပြလေသည်။ ကျွန်မမှာတော့ မျက်နှာပူကာ ရှက်ချင်ချင်။ သူ့အပြောအရတော့ ကျွန်မဟင်းချက်ဖြစ်သောရက်များမှာ ဟေလီကြယ်တံခွန်ကို မြေကမ္ဘာမှ လူတွေ မြင်ခွင့်ရသလိုတူသည် ဟူ၏။  သို့သော် သူ့အမေကိုတော့ သူက ကျွန်မအပေါ် အမွှန်းတင်စကားများသာ ပြောခဲ့သေးသည်ပင်။ မလုံမလဲဆိုသောခံစားချက်နှင့်ကျွန်မက ဒီနေ့ကစပြီး သူ့ကို ဟင်းလေးဘာလေး သေချာပြန်ချက်ကျွေးဦးမှပါဟု ထိုစဉ်ခဏမှာ ဆုံးဖြတ်လိုက်ပါသေးသည်။ သို့သော်….ကျွန်မ၏ နိစ္စဓူဝများကား အရင်အတိုင်းရှိမြဲ။  ဟိုလိုလိုဒီလိုလိုများနှင့် အချိန်ကုန်မြဲ။ ပြုတ်နေသောကြယ်သီးလေးတစ်လုံးကို ပြန်လည် တပ်ပေးလိုက်ဖို့ရာလည်း မေ့လျော့မြဲပေ။

သူက သိပ်အားနာတတ်သူဖြစ်သည်။ ကုန်ကုန်ပြောရလျှင် Fair Price-NTUC မှာ ဈေးဝယ်ပြီးလျှင် ထိုတံဆိပ်ပါသော ကြွပ်ကြွပ်အိတ်များကိုင်ကာ နောက်စူပါမားကက်တစ်ခုဖြစ်သည့် Giant ထဲသို့ဝင်၍ ဈေးဝယ်ရန်ကိုပင် အားနာစရာကြီးဟု တွေးတတ်သူ။  ဈေးတွင် မျက်နှာချင်းဆိုင် ပန်းဆိုင်နှစ်ဆိုင်ရှိရာ သူ ဝယ်နေကျပန်းဆိုင်က ပန်း မလတ်သောကြောင့် နောက်တစ်ဆိုင်ပြောင်းဝယ်ရန်ကိုပင် အားနာတွန့်ဆုတ်တတ်သူတည်း။

ကျွန်မကတော့ အားမနာတတ်ပါ။ ပိုက်ဆံပေးဝယ်တာပဲ ကိုယ်ကြိုက်မှ ကိုယ်ဝယ်ပေါ့၊ ဘယ်ဆိုင်နဲ့မှ စာချုပ်ထားတာ မဟုတ်ဟု ခပ်တင်းတင်းတွေးသည်။ ဒါကြောင့်ပဲ ထင်သည်၊ ကျွန်မမိတ်ဆွေများသည် ကျွန်မနှင့်ပတ်သက်၍ သူနှင့်ခင်မင်ပြီးပါက ကျွန်မထက် သူ့အပေါ် ပိုချစ်ခင်သွားကြလေ့ရှိပါသည်။ အပေါ်ယံကြည့်လျှင် အပေါင်းအသင်းမင်သူဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ ကျွန်မက ကျွန်မကိုယ်ကျွန်မသာ ပိုချစ်တတ်သူ၊ ခင်တွယ်တတ်သူဖြစ်ကြောင်း သူနှင့်ယှဉ်မှ ပို၍ပို၍သိလာရသည်။

သူက ဘယ်သူ့အတွက်မဆို အများအပူ သူ့အပူလုပ်လေ့ရှိပြီး ကျွန်မကတော့ ကိုယ့်ကိစ္စတောင် ကိုယ် မဆောင်ရွက်နိုင်၊ မဆောင်ရွက်အား၊ မဆောင်ရွက်လိုသူပေ။ အချိန်တန်လျှင် အားလုံး နေသားတကျဖြစ်သွားမည်၊ တချို့ကိစ္စများကား တကူးတကန့်အားထုတ်နေစရာမလိုဟု ကျွန်မက သွေးအေးစွာ တွေးတတ်နေတတ်သူလည်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖာသိဖာသာနေတတ်သူပါပေ။

“ကိုရေ အပ်က နဖားတပ်မရဘူး၊ ကူစမ်းပါဦး”

ငယ်ငယ်က အမေတို့ အဖွားတို့က အပ်ပေါက်ထိုးမရလို့ လာစမ်းပါဦးဟဲ့ ထိုးပေးစမ်းပါဦးဟဲ့ဆိုလျှင် ရယ်ဟဟ သရော်တော်တော် နောက်ချင်စချင်သောကျွန်မသည် ခုဖြင့် မရယ်နိုင်လေပြီ။ အပ်ပေါက်ထဲ အပ်ချည်စကလေး ဝင်သွားရန် မည်မျှခက်ခဲကြောင်း ကျွန်မ သိပြီ။ သို့သော် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်က ပို၍သက်သာသည် မဟုတ်လား။

“ဟဟဟား ကိုရေ ကျွန်မတော့ အိုပြီထင်ပါရဲ့၊ အပ်ပေါက်လေးထိုးဖို့ကို အရပ်ကူပါ လူဝိုင်းပါလုပ်နေရပြီ”

ကိုကပါ ကျွန်မနှင့်အတူ လိုက်လံရယ်မောပေးကာ ကျွန်မလက်ထဲမှ အပ်နှင့်အပ်ချည်ကို လွှဲပြောင်းယူသည်။ အပ်ချည်ကို အပ်ပေါက်ထဲဝင်အောင် ကိုက ကြိုးစားတပ်ရှာပါသည်။ ကို့မျက်မှန်လေး ဟိုစာအုပ်ပေါ်မှာဟုဆိုကာ သူ့မျက်မှန်ကို အယူခိုင်းသည်။  မျက်မှန်အကူနှင့် မျက်စေ့လေးလုံးစာဖြစ်သွားသော်လည်း အပ်ချည်မှာ အပ်နဖားပေါက်ထဲ လျှောကနဲဝင်မသွားသေးပေ။

“ဟ ကိုလည်း မျက်စေ့အတော်မွဲတာပဲကွ၊ နေပါဦး ဘာလို့မရရမှာလဲ”

သို့သော် မရပါ။  မရသေးပါ။  ကျွန်မတို့နှစ်ယောက်အတွက် မိုးပေါ်က အပ်တစ်ချောင်းနှင့် မြေပြင်က အပ်တစ်ချောင်းထိဖို့ ခက်သည့်နည်းတူ အပ်နဖားပေါက်ထဲ အပ်ချည်ဝင်ဖို့ရန် အလွန်ခက်လှချည့်။ ခဏနေတော့ လက်လျှော့လိုက်ဟန်နှင့် အပ်နှင့်အပ်ချည်ကို သူ့လက်မှချကာ အတန်ငယ်အေးလုလု ရေနွေးခွက်ဆီ လက်လှမ်းသည်။ အကွက်ဝင်သွားသော ကျွန်မက သူ့ကို စမိပါသည်။

“ဘယ်လိုလဲ ကို၊ လက်လျှော့ပြီလား။ ကိုက မောင်သီဟ မဟုတ်တော့ဘူးနော်၊ ဦးသီဟဖြစ်သွားပြီ။ အဲဒါ လက်ခံလိုက်”

“သိပ်လက်ခံတာပေါ့ မိန်းမရာ၊ ကိုတို့ ဒီနိုင်ငံရောက်ကာစက သုံး-လေးနှစ်နေ၊ အလုပ်လုပ်ပြီး စုမိဆောင်းမိရင် ပြန်မယ်။ အရွယ်ကောင်းတုန်းလေး ကိုယ့်မြေကိုယ်ပြန် အခြေချ၊ အလုပ်လေးဘာလေးပြန်စမယ် စိတ်ကူးခဲ့တာ။ ခုတော့ ရထားပေါ်တက်ရင် နေရာတောင် ဖယ်အပေးခံနေရတဲ့ စီနီယာစီတီဇင်ဖြစ်နေပြီ ဟားဟားဟား”

ကိုက သူ့စကားသူ သဘောကျကာ တဟားဟားရယ်သည်။ ကျွန်မရော ဘာထူးလို့လဲ။ အိုပြီပဲလေ။ မှန်ထဲကြည့်လိုက်ရင် မျက်ဝန်းလေးတွေ အရောင်မှိန်နေတာ၊ ဆံဖြူလေးတွေ ထိုးထိုးထောင်ထောင် တွေ့စပြုနေရတာ၊ နေထိုင် မကောင်းများဖြစ်ပြီဆို တော်ရုံနှင့် အားပြန်မပြည့်နိုင်တော့တာတွေ သတိမပြုမိဘဲ မနေနိုင်လောက်အောင်ကို သတိထားမိခဲ့ရပြီ။

ကို့မျက်နှာကိုကြည့်လိုက်တော့ ကိုက ကျွန်မထက်ပို၍ အရေးအကြောင်းများ ထင်ရှားနေခဲ့ပြီ။ တခါက ကို့ကို နေပူထဲထွက်သည့်အခါလိမ်းဖို့ နေကာကရင်မ်-sun block နှင့် ည မအိပ်ခင်လိမ်းဖို့ ညကရင်မ်-night cream ဝယ်ပေးဖြစ်ပါသည်။ တစ်ခါနှစ်ခါသာ ကျွန်မစိတ်ကျေနပ်အောင်လူးပြပြီး နောက် မလူးတော့ပါပေ။

“စေးကပ်ကပ်နဲ့  ကိုယ် မနေတတ်ပါဘူး။ နေပါစေတော့ကွာ သူ့အတိုင်းပဲထားလိုက်ပါ။ ဇရာဆိုတာ အချိန်တန်ရင် လူတွေကို အိုမင်းစေတာ သဘာဝပဲ။ ကရင်မ်တွေလူးပြီး ဇရာကိုဆန့်ကျင်ဖို့ရာ ကိုယ်တော့ ဇရာကို အားနာပါတယ်၊ သူ့အလုပ် သူလုပ်ပါလေ့စေ”

ကြည့် အားနာစရာရှားပါးလို့ ဇရာကိုတောင် အားနာသည်တဲ့။ ကျွန်မ ဘာများပြန်ပြောနိုင်ပါမည်လဲ။ ဒီလိုလူကြီး အိုတာတောင် နည်းသေးသည်ဟု ပစ်ထားလိုက်တော့၏။

ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်းမှာ ဆက်ဖတ်နိုင်ပါတယ်ရှင်  :) 


     

5 comments:

Ma Tint said...

" ကျွန်မဟင်းချက်ဖြစ်သောရက်များမှာ ဟေလီကြယ်တံခွန်ကို မြေကမ္ဘာမှ လူတွေ မြင်ခွင့်ရသလိုတူသည်" စာသားလေးကြိုက်တယ် မချစ် ဟာဟ...
ဇရာကိုတောင် အားနာတတ်ပြီး သဘောကောင်းတဲ့ စာရေးသူရဲ့ ကိုယ်ရံတော်လေးအကြောင်း ဖတ်ရတာ ကြည်နူးစရာ ...

မေတ္တာဖြင့်
တီတင့်

အမ်တီအန် said...

ဟေးး.. ချစ်ကိုယ်တွေ့တွေ ရေးနေပြီပေါ့...
အစ်ကိုကြီးဆီက ကုန်ကြမ်းတွေ အများကြီး ရနိုင်ပါတယ်လို့ ပြောသားပဲ..။
'ကရင်မ်တွေလူးပြီး ဇရာကိုဆန့်ကျင်ဖို့ရာ ကိုယ်တော့ ဇရာကို အားနာပါတယ်၊ သူ့အလုပ် သူလုပ်ပါလေ့စေ” တဲ့လား..။ အစ်ကိုကြီးဆီက ဒိုင်ယာလော့တွေပါ တောင်းယူတော့ အစ်မချစ်ရေ... :D

ချစ်သော -
မြသွေးနီ

June Moe said...

ရွှေဒေါင်းတောင်မှာလည်း ဖတ်ပြီးပြီ...။ အမစာလေးဖတ်ပြီး အသိအမြင်လေးတွေ ရသွားပါတယ် အမရေ... :)

ချစ်ခင်လေးစားစွာဖြင့်
ညီမငယ်

တန်ခူး said...

အဲဒီဇရာကို အားနာတတ်သူကြီးကို သိပ်ဖိစီးလာရင်တော့ ဖုံးဖို့ ဖိဖို့ တိုက်တွန်းပေါ့ မ ရေ. ဒါမှ ကိုရီးယားမင်းသမီးလေးနဲ့ လိုက်မှာ

ညီလင်းသစ် said...

ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းသလောက် တွေးစရာတွေ အများကြီး ပေးနိုင်တဲ့ စာစုလေး…၊
အချိန်တွေ၊ ပျိုမျစ်ခြင်းတွေက တတိတိနဲ့ ကုန်သွားခဲ့ကြတာ…၊ တကယ့်ကို တရွေ့ရွေ့နဲ့ သွားနေပေလို့ပဲ အစ်မချစ်ရေ၊ အမြန်သာ သွားရင်တော့ မလွယ်လှဘူး..၊း)

လူချင်းသိပြီး မိနစ်ပိုင်းလောက်ပဲ ရှိသေး... ကျနော်သွားချင်တဲ့ နေရာမှန်သမျှကို တကူးတက လိုက်ပို့မယ် လုပ်နေတဲ့ အစ်ကိုကြီးတစ်ယောက်ကို ဒီစာစုလေး ဖတ်နေရင်းနဲ့ ပြန်မြင်ယောင်နေခဲ့ မိတယ်…။း)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်