Thursday, February 13, 2014

ပြောပြန်ရင်လည်း…..

တစ်နေ့က ကိစ္စလေးတစ်ခုရှိလို့ အပြင်သွားတော့  စူပါမားကတ်သုံး လက်တွန်းလှည်းသုံးခုကို အထက်အောက်ဖြစ်သလို ဆင့်ပြီး လမ်းဘေးပစ်ထားတာ တွေ့လိုက်ရတယ်။ 


လမ်းထောင့်မှာမို့ ကားအရှိန်လျော့တုန်းလေး ဖုန်းနဲ့ အလျှင်အမြန်လှမ်းရိုက်လိုက်တယ်။ ဒီလိုမြင်ကွင်းမျိုး တွေ့တွေ့နေတာ ကြာပါပြီ။ တခါတလေ ကျွန်မတို့နေတဲ့ တိုက်အောက်မှာ လက်တွန်းလှည်းတွေကို ကြွက်မြီးတန်းသလို အတန်းလိုက်ကြီး တွေ့ရတတ်သေးတယ်။

လူတွေ အတော်စည်းကမ်းမဲ့လာပါလားလို့ တွေးမိတယ်။  ဒါကြောင့် တချို့ စူပါမားကတ်တွေက စက်လှေကားအဆင်းမှာ စတီးတိုင်တွေ ထောင်လို့ လက်တွန်းလှည်းတစ်ခုစာ ဝင်လို့မရအောင် ဘလောက်လုပ်ထားတတ်ကြတာ။ 

တစ်ခါထပ်ပြီးတွေ့ခဲ့ရတာက အိမ်တစ်အိမ်ရှေ့မှာပါ။  အိမ်တံခါးဘေးနားမှာ ပြတင်းပေါင်နဲ့ လက်တွန်းလှည်းကို တွဲပြီး သော့တောင်ခတ်ထားလိုက်သေးတဲ့ ပိုင်နိုင်မှုကို တွေ့ရတော့ ကျွန်မ အတော်လေး စိတ်လေသွားမိတယ်။ 

 
စင်ကာပူက ပြီးခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်တုန်းကနဲ့စာရင် နိုင်ငံခြားသားအလုပ်သမားတွေ များပြား လာလိုက်တာ။ ကော်လာဖြူ ကော်လာပြာတွေ ကျောင်းလာတက်ကြသူတွေ ရင်းနှီးမြှုတ်နှံဖို့လာကြသူတွေ အစုံပါပဲ။ များသောအားဖြင့် အာရှသားတွေ ပိုများတယ်။ ဒီတော့ စင်ကာပူခမျာ မတစ်ထောင်သား အုပ်ထိန်းနေရတဲ့ ဖခင်ပီတာကြီးနဲ့ တူတူလာတယ်။

ခုလို စည်းကမ်းမဲ့တာမျိုး အရင်က သိပ်မတွေ့ရဘူး။ ပြောရရင် သူတို့နိုင်ငံသားတွေက ဥပဒေနဲ့ စည်းကမ်းနဲ့ ကိုင်တွယ်ထားတဲ့ ဘောင်ထဲမှာ နေနေကျဖြစ်နေပြီ ဆိုရမယ်။ စည်းကမ်းရှိတယ်ဆိုတာထက် တင်းကြပ်ထားတဲ့ ဥပဒေနဲ့ အရေးယူမှုတွေကို ကြောက်တတ်ကြတယ်ဆိုရင် ပိုမှန်လိမ့်မယ်။

ခုလို စည်းမဲ့ကမ်းမဲ့တွေဟာ တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး ဝင်ရောက်လာနေ တဲ့ နိုင်ငံခြားသားတွေကြောင့်များလားလို့ တွေးလိုက်မိတော့ ကျွန်မ ကြားဖူးခဲ့တာလေးတစ်ခုကို ဖျတ်ကနဲ သတိရသွားတယ်။ (ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို ဟာသတစ်ခုပါ၊ တကယ့်အဖြစ်အပျက်တော့ မဟုတ်ဘူး ထင်ပါရဲ့)

တစ်ခါက ခွင့်နဲ့အလုပ်က ပြည်တော်ပြန်လာတဲ့ မြန်မာနိုင်ငံသားတစ်ယောက်နောက်ကို အလုပ်ရှင် ဂျပန်လူမျိုးကြီးက အလည်လိုက်ပါလာသတဲ့။ တစ်နေ့တော့ ဟိုဟိုဒီဒီသွားနေရင်း လမ်းဘေးမှာ ရှူရှူပန်းနေတဲ့ ကိုရွှေမြန်မာများကိုတွေ့တော့ ဂျပန်ကြီးက နှာခေါင်းရှုံ့ပြီး ကဲ့ရဲ့ပြစ်တင်စကားဆိုပါရော။ ကိုမြန်မာမှာ ပြန်မပြောသာပေမဲ့ စိတ်ထဲကတော့ တယ်မကျေနပ်ချင်ဘူးပေါ့။ ဒါလေးများ တို့တွေက စာမဖွဲ့သေးဘူးလို့ တွေးမိမှာပေါ့လေ။ ဒီလိုနဲ့ စိတ်ထဲ ခပ်တင်းတင်းလေး တေးမှတ်ထားလိုက်တယ်။

ခွင့်ရက်စေ့လို့ ဂျပန်ပြန်သွားကြရတဲ့အခါ တစ်နေ့မှာ သတင်းစာထဲ ထူးဆန်းတဲ့ သတင်းတစ်ခုပါလာသတဲ့။ လမ်းဘေးရှူရှူးပန်းတဲ့လူတစ်ယောက်ကို ရဲစခန်းက ဖမ်းမိထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒီမှာ ကိုရွှေမြန်မာက ပြုံးပြုံးကြီးကြည့်ပြီး တွေ့ပြီလား မင်းတို့ ဂျပန်မှာလည်း ဒီလို လမ်းဘေးရှူရှူပန်းတဲ့ကောင်တွေရှိသကွလို့ ဆိုသတဲ့။ ဒါနဲ့ ဂျပန်ကြီးက အဲဒီရဲစခန်းဟာ တို့အလုပ်နားတင်ကွ၊ လာ သွားကြည့်ကြရအောင်ဆိုပြီး သွားကြည့်ကြတဲ့အခါ အဲဒီရှူရှူးပန်းတဲ့သူဟာ ကိုရွှေမြန်မာတစ်ယောက်ဖြစ်လို့နေပါသတဲ့။

အဲဒီဟာသအဆုံးမှာ ကျွန်မ မရယ်နိုင် မပြုံးနိုင်ဖြစ်ခဲ့ရဖူးတယ်။

နိုင်ငံခြားသားတွေ၊ အထူးသဖြင့် အာရှသားတွေ များများလာနေတဲ့ စင်ကာပူမှာ ခုလို စည်းမဲ့ကမ်းမဲ့တွေ တွေ့ရတိုင်း တွေ့ရတိုင်း အဲဒီစည်းမဲ့ကမ်းမဲ့မှုတွေဟာ ကျွန်မတို့ မြန်မာတွေကြောင့် မဖြစ်ပါစေနဲ့လို့သာ..... 

                                                                                                     

3 comments:

ညီလင်းသစ် said...

နှစ်ပေါင်းများစွာ ကြိုးစား၊ ထိန်းသိမ်းခဲ့ကြလို့ သပ်ရပ်၊ စနစ်ကျနေတဲ့ အနေအထားတစ်ခုဟာ စည်းကမ်းမရှိတဲ့ အပြုအမူတွေကြောင့် ယိုယွင်းလာတယ်ဆိုရင် ဒီလိုစနစ်ကို တန်ဖိုးထားတတ်သူ ဘယ်သူမဆို စိတ်မသက်မသာ ဖြစ်ကြရမှာ ပါပဲ၊ အထူးသဖြင့် လစ်ရင်လစ်သလို စည်းဖောက်ချင်သူတွေထဲမှာ ကိုယ့်လူမျိုးတွေကလည်း 'ဇ' ကလေး ရှိတတ်လေတော့ အစ်မချစ်ရဲ့ သက်ပြင်းတွေကို စာနာ၊ နားလည်စွာနဲ့ ဖတ်သွားခဲ့ပါကြောင်း...။

yangonthar said...

ရန်ကုန်မှာတော့ အရင်ကထက်နည်းနည်းလေး ပို သန့် လာတယ်လို ခံစားရတယ် နည်းနည်းပေါ့ ..... အကျင့်ဆိုတာအတော်ဖျောက်ရခက်တယ် စာသင်ကျောင်း တွေမှာပဲ စည်းကမ်းကို ထားခဲ့ကြတယ် ဘယ်က စပြင်ရမလဲ လည်း မပြောတတ်ပါဘူး အဲဒီအထဲ တစ်ခါတစ်လေ ကျနော်တို့ ပါနေသေးတာပါပဲ မချစ်ကြည်ရာ ... ဟိုတလောက ညီမတစ်ယောက်နဲ့  တောင် အဲဒီ အကြောင်း ပြောဖြစ်သေးတယ် .... ကျနော်ကတော့ မခံချင်စိတ်လေးနဲ့ ပြန်ပြောလိုက်တယ် ... ကြိမ်ဒဏ်ရှိရင် ကောင်းမယ်လို့  ... ဟဟ။ မချစ်ကြည်ရင်ထဲက အမျိုးချစ်စိတ်တွေ လေးစားနေပါတယ်ဗျာ ကျနော် လည်း မကောင်းရင် ကိုယ်ပဲ ကိုယ့်လူမျိုးပြောချင်တယ် သူများပြောရင် အသားထဲက နာလွန်းလို့  ........ အပြုသဘောဆောင်တဲ့ ပိုစ့်လေးပါဗျာ ပြီးတော့ ပြုံး သွားမိပါသေးတယ် ... ရယ်စရာလေးအတွက် .....

ခင်တဲ့
ရန်ကုန်သား

Ma Tint said...

ဆုတ်ယုတ်မှုနဲ့ တိုးတက်မှုဟာ အမြဲဒွန်တွဲနေတယ် မချစ်ရေ...

မေတ္တာဖြင့်
တီတင့်

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်