Sunday, February 23, 2014

တရွေ့ရွေ့သွားနေသော…


တစ်ညနေမှာ သူက မီးခိုးရောင်ဘောင်းဘီတစ်ထည်ကို ကျွန်မဆီ လှမ်းပေးလေ၏။ ထိုဘောင်းဘီနှင့်အတူ မီးခိုးရင့်ရောင်ကြယ်သီးတစ်လုံးလည်းပါသည်။ ပြုတ်နေသောကြယ်သီးကို ပြန်တပ်ပေးဖို့ရန်ပင်။ ဟုတ်သားပဲ၊ သူ ကျွန်မကိုပြောပြောနေတာ အတော်ကြာပြီပဲလေ။ 

သူ့လက်ထဲမှလှမ်းယူကာ အပ်နှင့်အပ်ချည်လုံးရောင်စုံလေးများ ထည့်ထားသောဘူးကလေးကို အံဆွဲထဲမှထုတ်ပြီး ကြယ်သီးတပ်ပေးဖို့ ပြင်ရတော့သည်။ တစ်ထပ်ထဲမကျသော်လည်း အရောင်ချင်းခပ်ဆင်ဆင် မီးခိုးရောင်အပ်ချည်လုံးကလေးကို ရွေးထုတ်ပြီး နဖားကျယ်မည်ထင်ရသော ခပ်တုတ်တုတ် အပ်တစ်ချောင်းကိုပါ အပ်ဘူးအဝိုင်းလေးထဲမှ လှည့်ထုတ်ယူလိုက်လေသည်။

လင်ရယ်မယားရယ်ဆိုပေမဲ့ အနည်းငယ် အားနာစရာ။ သူ ပြောပြောနေပြီး ကျွန်မကလည်း တပ်ပေးတာပေါ့ဟု ပြောနေသည်မှာ လနှင့်ချီခဲ့ပြီ။ ကျွန်မ ဘာတွေများ မအားမလပ်ဖြစ်နေပါလိမ့်တွေးမိတော့ ပိုလို့ပင်ရှက်ဖွယ်။ တစ်နေ့တစ်နေ့ ဘာအလုပ်မှ မယ်မယ်ရရ မရှိပါဘဲ၊ စာရေးသလိုလို၊ စာတွေပဲ ဖတ်နေသလိုလို၊ ပန်းချီတွေပဲ ဆွဲနေသလိုလို၊ ဓါတ်ပုံအောက်ဒိုးပဲ ထွက်ရိုက်နေသလိုလို အမည်တပ်မရသော ကျွန်မ၏လိုလိုများကြားမှာ နေ့စဉ်အချိန်တွေကို ဖြုန်းတီးပစ်နေတာ စိတ်ကုန်ဖွယ်ကြာမြင့်လှပြီ။ စိတ်ကျေနပ်မှုအတွက်၊ ဝါသနာအရ စသည်ဖြင့် အကြောင်းပြချက်များစွာက ကျွန်မဆီမှာ အသင့်ရှိလေသည်။ သည်ကြားထဲ ဖေ့စ်ဘုတ်ပေါ်မှာကုန်လွန်သော အချိန်များက တစ်နေ့တာရဲ့ထက်ဝက်ခန့်ကို သိမ်းယူထားသေးသည်။

မကျန်းမာဘဲ အိပ်ရာထဲလဲနေတာနဲ့စာလျှင် ခုလို ကိုယ်လုပ်ချင်ရာလုပ်ကာ နေပျော်သောကျွန်မကို သူကလည်း အပြစ်တစ်စုံတစ်ရာ မဆိုခဲ့ပါ။ သို့သော်….သည်အခွင့်အရေးကို ကြာရှည်မယူသင့်ဟု ခံစားမိသောအခါ နေရထိုင်ရခက်သလို ဖြစ်လာမိသည်။ ခေတ်က ဟိုအရင်ကလို မဟုတ်၊ လင်ရောမယားပါ ဝင်ငွေရသည့်အလုပ်တစ်ခုစီ ရှိပါမှ တော်ရုံကျသည်မဟုတ်လား။

သူက မနက်စာကို ရုံးမှာပဲစားလေ့ရှိသူမို့ ကျွန်မအနေနှင့် အိပ်ရာမှထကာ အထူးတလည်ပြင်ဆင်ပေးနေစရာ မလိုအပ်။ နေ့လည်စာ ညစာဆိုသည်များကလည်း သူ အလုပ်မှအပြန် ဝယ်လာတတ်သည်ကသာ များပါသည်။ ပင်ပန်းပါတယ်ကွာ၊ နှစ်ယောက်စာထဲမို့ ချက်တာထက် ဝယ်စားတာက ပိုအဆင်ပြေတယ်ဟု သူ ပြောတတ်သောစကားက ကျွန်မအတွက် မျက်ဖြူဆိုက်သောလူနာနှင့် မခြားပေ။ ကျွန်မအကြိုက်သာ ဖြစ်လို့နေပြန်သည်။

တခါကတော့ စနေတစ်နေ့မှာ ကျွန်မ စိတ်ပါလက်ပါ ဟင်းချက်ခဲ့ပါသည်။ ကံကောင်းချင်တော့ ထိုနေ့မှာပင် တိုက်တိုက်ဆိုင်ဆိုင် ယောက္ခမအမေဆီမှ ဖုန်းလာကာ သူတို့သားအမိချင်းစကားပြောကြတော့ အမေ့သမီးက ဟင်းတွေချက်နေတယ်ဟုဆိုကာ ကျွန်မချက်နေသောဟင်းများကို စီရီရွတ်ပြလေသည်။ ကျွန်မမှာတော့ မျက်နှာပူကာ ရှက်ချင်ချင်။ သူ့အပြောအရတော့ ကျွန်မဟင်းချက်ဖြစ်သောရက်များမှာ ဟေလီကြယ်တံခွန်ကို မြေကမ္ဘာမှ လူတွေ မြင်ခွင့်ရသလိုတူသည် ဟူ၏။  သို့သော် သူ့အမေကိုတော့ သူက ကျွန်မအပေါ် အမွှန်းတင်စကားများသာ ပြောခဲ့သေးသည်ပင်။ မလုံမလဲဆိုသောခံစားချက်နှင့်ကျွန်မက ဒီနေ့ကစပြီး သူ့ကို ဟင်းလေးဘာလေး သေချာပြန်ချက်ကျွေးဦးမှပါဟု ထိုစဉ်ခဏမှာ ဆုံးဖြတ်လိုက်ပါသေးသည်။ သို့သော်….ကျွန်မ၏ နိစ္စဓူဝများကား အရင်အတိုင်းရှိမြဲ။  ဟိုလိုလိုဒီလိုလိုများနှင့် အချိန်ကုန်မြဲ။ ပြုတ်နေသောကြယ်သီးလေးတစ်လုံးကို ပြန်လည် တပ်ပေးလိုက်ဖို့ရာလည်း မေ့လျော့မြဲပေ။

သူက သိပ်အားနာတတ်သူဖြစ်သည်။ ကုန်ကုန်ပြောရလျှင် Fair Price-NTUC မှာ ဈေးဝယ်ပြီးလျှင် ထိုတံဆိပ်ပါသော ကြွပ်ကြွပ်အိတ်များကိုင်ကာ နောက်စူပါမားကက်တစ်ခုဖြစ်သည့် Giant ထဲသို့ဝင်၍ ဈေးဝယ်ရန်ကိုပင် အားနာစရာကြီးဟု တွေးတတ်သူ။  ဈေးတွင် မျက်နှာချင်းဆိုင် ပန်းဆိုင်နှစ်ဆိုင်ရှိရာ သူ ဝယ်နေကျပန်းဆိုင်က ပန်း မလတ်သောကြောင့် နောက်တစ်ဆိုင်ပြောင်းဝယ်ရန်ကိုပင် အားနာတွန့်ဆုတ်တတ်သူတည်း။

ကျွန်မကတော့ အားမနာတတ်ပါ။ ပိုက်ဆံပေးဝယ်တာပဲ ကိုယ်ကြိုက်မှ ကိုယ်ဝယ်ပေါ့၊ ဘယ်ဆိုင်နဲ့မှ စာချုပ်ထားတာ မဟုတ်ဟု ခပ်တင်းတင်းတွေးသည်။ ဒါကြောင့်ပဲ ထင်သည်၊ ကျွန်မမိတ်ဆွေများသည် ကျွန်မနှင့်ပတ်သက်၍ သူနှင့်ခင်မင်ပြီးပါက ကျွန်မထက် သူ့အပေါ် ပိုချစ်ခင်သွားကြလေ့ရှိပါသည်။ အပေါ်ယံကြည့်လျှင် အပေါင်းအသင်းမင်သူဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ ကျွန်မက ကျွန်မကိုယ်ကျွန်မသာ ပိုချစ်တတ်သူ၊ ခင်တွယ်တတ်သူဖြစ်ကြောင်း သူနှင့်ယှဉ်မှ ပို၍ပို၍သိလာရသည်။

သူက ဘယ်သူ့အတွက်မဆို အများအပူ သူ့အပူလုပ်လေ့ရှိပြီး ကျွန်မကတော့ ကိုယ့်ကိစ္စတောင် ကိုယ် မဆောင်ရွက်နိုင်၊ မဆောင်ရွက်အား၊ မဆောင်ရွက်လိုသူပေ။ အချိန်တန်လျှင် အားလုံး နေသားတကျဖြစ်သွားမည်၊ တချို့ကိစ္စများကား တကူးတကန့်အားထုတ်နေစရာမလိုဟု ကျွန်မက သွေးအေးစွာ တွေးတတ်နေတတ်သူလည်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖာသိဖာသာနေတတ်သူပါပေ။

“ကိုရေ အပ်က နဖားတပ်မရဘူး၊ ကူစမ်းပါဦး”

ငယ်ငယ်က အမေတို့ အဖွားတို့က အပ်ပေါက်ထိုးမရလို့ လာစမ်းပါဦးဟဲ့ ထိုးပေးစမ်းပါဦးဟဲ့ဆိုလျှင် ရယ်ဟဟ သရော်တော်တော် နောက်ချင်စချင်သောကျွန်မသည် ခုဖြင့် မရယ်နိုင်လေပြီ။ အပ်ပေါက်ထဲ အပ်ချည်စကလေး ဝင်သွားရန် မည်မျှခက်ခဲကြောင်း ကျွန်မ သိပြီ။ သို့သော် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်က ပို၍သက်သာသည် မဟုတ်လား။

“ဟဟဟား ကိုရေ ကျွန်မတော့ အိုပြီထင်ပါရဲ့၊ အပ်ပေါက်လေးထိုးဖို့ကို အရပ်ကူပါ လူဝိုင်းပါလုပ်နေရပြီ”

ကိုကပါ ကျွန်မနှင့်အတူ လိုက်လံရယ်မောပေးကာ ကျွန်မလက်ထဲမှ အပ်နှင့်အပ်ချည်ကို လွှဲပြောင်းယူသည်။ အပ်ချည်ကို အပ်ပေါက်ထဲဝင်အောင် ကိုက ကြိုးစားတပ်ရှာပါသည်။ ကို့မျက်မှန်လေး ဟိုစာအုပ်ပေါ်မှာဟုဆိုကာ သူ့မျက်မှန်ကို အယူခိုင်းသည်။  မျက်မှန်အကူနှင့် မျက်စေ့လေးလုံးစာဖြစ်သွားသော်လည်း အပ်ချည်မှာ အပ်နဖားပေါက်ထဲ လျှောကနဲဝင်မသွားသေးပေ။

“ဟ ကိုလည်း မျက်စေ့အတော်မွဲတာပဲကွ၊ နေပါဦး ဘာလို့မရရမှာလဲ”

သို့သော် မရပါ။  မရသေးပါ။  ကျွန်မတို့နှစ်ယောက်အတွက် မိုးပေါ်က အပ်တစ်ချောင်းနှင့် မြေပြင်က အပ်တစ်ချောင်းထိဖို့ ခက်သည့်နည်းတူ အပ်နဖားပေါက်ထဲ အပ်ချည်ဝင်ဖို့ရန် အလွန်ခက်လှချည့်။ ခဏနေတော့ လက်လျှော့လိုက်ဟန်နှင့် အပ်နှင့်အပ်ချည်ကို သူ့လက်မှချကာ အတန်ငယ်အေးလုလု ရေနွေးခွက်ဆီ လက်လှမ်းသည်။ အကွက်ဝင်သွားသော ကျွန်မက သူ့ကို စမိပါသည်။

“ဘယ်လိုလဲ ကို၊ လက်လျှော့ပြီလား။ ကိုက မောင်သီဟ မဟုတ်တော့ဘူးနော်၊ ဦးသီဟဖြစ်သွားပြီ။ အဲဒါ လက်ခံလိုက်”

“သိပ်လက်ခံတာပေါ့ မိန်းမရာ၊ ကိုတို့ ဒီနိုင်ငံရောက်ကာစက သုံး-လေးနှစ်နေ၊ အလုပ်လုပ်ပြီး စုမိဆောင်းမိရင် ပြန်မယ်။ အရွယ်ကောင်းတုန်းလေး ကိုယ့်မြေကိုယ်ပြန် အခြေချ၊ အလုပ်လေးဘာလေးပြန်စမယ် စိတ်ကူးခဲ့တာ။ ခုတော့ ရထားပေါ်တက်ရင် နေရာတောင် ဖယ်အပေးခံနေရတဲ့ စီနီယာစီတီဇင်ဖြစ်နေပြီ ဟားဟားဟား”

ကိုက သူ့စကားသူ သဘောကျကာ တဟားဟားရယ်သည်။ ကျွန်မရော ဘာထူးလို့လဲ။ အိုပြီပဲလေ။ မှန်ထဲကြည့်လိုက်ရင် မျက်ဝန်းလေးတွေ အရောင်မှိန်နေတာ၊ ဆံဖြူလေးတွေ ထိုးထိုးထောင်ထောင် တွေ့စပြုနေရတာ၊ နေထိုင် မကောင်းများဖြစ်ပြီဆို တော်ရုံနှင့် အားပြန်မပြည့်နိုင်တော့တာတွေ သတိမပြုမိဘဲ မနေနိုင်လောက်အောင်ကို သတိထားမိခဲ့ရပြီ။

ကို့မျက်နှာကိုကြည့်လိုက်တော့ ကိုက ကျွန်မထက်ပို၍ အရေးအကြောင်းများ ထင်ရှားနေခဲ့ပြီ။ တခါက ကို့ကို နေပူထဲထွက်သည့်အခါလိမ်းဖို့ နေကာကရင်မ်-sun block နှင့် ည မအိပ်ခင်လိမ်းဖို့ ညကရင်မ်-night cream ဝယ်ပေးဖြစ်ပါသည်။ တစ်ခါနှစ်ခါသာ ကျွန်မစိတ်ကျေနပ်အောင်လူးပြပြီး နောက် မလူးတော့ပါပေ။

“စေးကပ်ကပ်နဲ့  ကိုယ် မနေတတ်ပါဘူး။ နေပါစေတော့ကွာ သူ့အတိုင်းပဲထားလိုက်ပါ။ ဇရာဆိုတာ အချိန်တန်ရင် လူတွေကို အိုမင်းစေတာ သဘာဝပဲ။ ကရင်မ်တွေလူးပြီး ဇရာကိုဆန့်ကျင်ဖို့ရာ ကိုယ်တော့ ဇရာကို အားနာပါတယ်၊ သူ့အလုပ် သူလုပ်ပါလေ့စေ”

ကြည့် အားနာစရာရှားပါးလို့ ဇရာကိုတောင် အားနာသည်တဲ့။ ကျွန်မ ဘာများပြန်ပြောနိုင်ပါမည်လဲ။ ဒီလိုလူကြီး အိုတာတောင် နည်းသေးသည်ဟု ပစ်ထားလိုက်တော့၏။

ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်းမှာ ဆက်ဖတ်နိုင်ပါတယ်ရှင်  :) 


     

Thursday, February 20, 2014

သူ့တရား....

စာရေးဆရာဆိုသည့်လူတန်းစားများကို စာရေးဆရာဟု မည်သို့မည်ပုံ သတ်မှတ်ခေါ်တွင်သည်လဲ ကျွန်မ မသိပါ။ ကျွန်မ ဘလော့ဂ်မှာ စာစရေးစဉ်က ဘယ်သူဘာပြောပြော ကိုယ့်ကိုယ်ကို ဘလော့ဂ်ဂါဟု ခပ်တည်တည် သတ်မှတ်ကာ ရေးပါသည်။ ထိုမှ လက်စမ်းသည့်အနေနှင့်ရော အားစမ်းသည့်အနေနှင့်ပါ စာမူလေးများ ဟိုဟိုဒီဒီပို့ကြည့်ရာ ပုံနှိပ်ဖော်ပြခံစာမူလေးများရှိလာပါသည်။ ထိုစာမူကလေးများ များလာ၍ ဝတ္ထုတိုစာအုပ်လေးတစ်အုပ် စုစုစည်းစည်းထုတ်ပြီးချိန်တွင်မူ စာရေးဆရာ၊  ဆရာမဟူသော ဝေါဟာရနှင့် ကျွန်မ မဖြစ်မနေကျွမ်းဝင်လာရပေတော့၏။ ဘလော့ဂ်လောကတွင် စာရေးသူများတစ်ယောက်နှင့် တစ်ယောက် နာမည်အဖျားစွတ်ကာ ခင်မင်သမှုနှင့်ခေါ်တွင်သကဲ့သို့ ပုံနှိပ်လောကတွင်လည်း စာရေးသူများ တစ်ဦးနှင့်တစ်ဦး ဆရာ ဆရာမဟု လေးစားသမှုနှင့်ခေါ်ဆိုကြသည်ကို သိလာရသည်။

ကောင်းလှပါ၏။  အစ၌မူ ကျွန်မကို ဆရာမဟု ခေါ်လိုက်တိုင်း တွန့်ကနဲ တွန့်ကနဲဖြစ်သွားတတ်သော် လည်း ယခုတော့ အတော်လေးနားယဉ်စပြုလာပြီ ဆိုရမည်ပေ။  ကျွန်မအနေဖြင့် စာရေးဆရာကို ထိုကဲ့သို့ ဆရာ ဆရာမတပ်ခေါ်သူများ၏ အသံကိုပါ ခွဲခြမ်းခံစားတတ်စပြုပြီဟုလည်း ဆိုနိုင်ပါသည်။ သူတို့၏အသံသည် ပကတိ အဖြူအရှင်းဖြစ်၏။

ကျွန်မအိမ်ကလူကြီးကို ကိုပန်းသီးဟု သိကြ ခေါ်တွင်ကြပါသည်။ ထိုကိုပန်းသီး၏ ဆရာမခေါ်တွင်သံကား အရောင်စွက်နေ၏။  အကဲပါနေ၏။ (ဝါ) ငေါ့တော့တော့ဖြစ်နေ၏ဟုပင် ဆိုရချိမ့်မည်။

ကျွန်မဘာကြောင့် အသို့ဆိုရသနည်း။ ဆက်ဖတ်ပါ။ ကြိုးစားရှင်းလင်းပါအံ့။

ခုတစ်လော   ကိုပန်းသီးနှင့်ကျွန်မ ညနေညနေဆို လမ်းကလေးဘာလေးထွက်လျှောက်ဖြစ်ကြပါသည်။ ကျန်းမာရေးအတွက်ဟုပင် ဆိုပါစို့။ တကယ်တမ်းတော့ ကွန်ပြူတာကြီးပျောက်သွားမှာ စိုးစိတ်နှင့် တစ်နေကုန် ကွန်ပြူတာထဲ ခေါင်းဝင်တော့မတတ်ထိုင်နေသောကျွန်မအား အညောင်းမိမှာ စိုးသောကြောင့်ဟု သူက ရိုးသားစွာပင် သရော်ကမော်ဝန်ခံပါသည်။

တစ်နေ့ လျှောက်လာကြရင်း လမ်းပေါ်မှာ ကန့်လန့်ဖြတ်သစ်ကိုင်းတစ်ခုကိုတွေ့သော် ကျွန်မက ခွကျော်ပြီး သူက အသေအချာကုန်းကောက်ကာ လူသွားလမ်းနှင့်လွတ်ရာသို့ သွားရောက်ချထားလေ သည်။ နောက်တစ်နေ့ ထိုကဲ့သို့ပင် လမ်းလျှောက်ကြစဉ် လမ်းပေါ်တွင် တစ်တောင်ခန့်ရှည်လျားသော သံချောင်းတစ်ချောင်းတွေ့ရပြန်ရာ သူက အမှိုက်ပုံးနားရောက်သည်ထိ လက်ကကိုင်လာခဲ့လေသည်။ အမှိုက်ပုံးတွေ့သောအခါ ပုံးထဲလည်းမထည့်ဘဲ ပုံးဘေးနားကပ်လျှက် လှဲချထားကာ အသုံးတည့်တဲ့သူတွေ့ရင် ယူပါစေဟု ထားခဲ့လေသည်။ သည်လူကြီး အဲသည်လိုစိတ်လေးကတော့ ချစ်ခင်ဖွယ်ရာ။

ကျွန်မသည် ဆားငံစေ့လို ဆီးသီးလိုမျိုး စားပြီးလျင် အထဲကအစေ့ကို အိမ်ပြတင်းပေါက် အကွက်ကလေးတွေထဲ ဝင်အောင် ပစ်ပစ်ထည့်တတ်သည်။ ထိုလက်ရည်သည် တစ်ယောက်ထဲ စမ်းလျှင် အတည့်၊ ကိုပန်းသီးရှေ့ရောက်သော်မှ ပြတင်းဘောင်ထိကာ အိမ်ထဲသို့ ထောက်ကနဲ ပြန်ကျတတ်လေ၏။ ထိုအခါ သူက မျက်လုံးပြူးကြီးများ ပဏာမပို့လွှတ်ကာ နောက်ဆက်တွဲ တစ်ခွန်းတည်းသော စကားကို ဆိုလေသည်။

စာရေးဆရာမ လုပ်နေပြီးတော့ ဟူ၍ ဖြစ်ပါသည်။

ဘယ့်ကလောက်များ အငေါ်တူးသည့် စကားပါလဲ။ စာရေးဆရာမဟူသော သူ့အခေါ်တွင် ငေါ့တော့တော့ အသံက အော်တိုမက်တစ်ကပ်ပါသည်။ လုပ်နေပြီးတော့ဟူသော စကားတွင် အပြစ်တင်သံ တင်းပြည့်ကျပ်ပြည့်ပါဝင်သည်။ မခက်ပါလား….။  အဲသလို စည်းကမ်းမရှိ မလုပ်နဲ့လေဟု ရိုးရိုးတန်းတန်းများ ပြောလိုက်ပါတော့လား၊ အပြစ်တင်ပါတော့လားဟုသာ တမ်းတမိသည်။ ခုတော့….။

တခါတလေ ကျွန်မသောက်လေ့ရှိသော သံဗူးဖျော်ရည်များကုန်၍ သံဗူးခွံကို အမှိုက်ပုံးထဲ စံနစ်တကျ စွန့်ပစ်မည် ကြံသော် သူက လက်မခံ။ 

"ဒီမှာ ကြွပ်ကြွပ်အိတ် တွေ့လား၊ အဲဒီအထဲမှာ စုထည့်ထား၊ ကိုယ် ရုံးသွားရင် ယူသွားမယ်။ ရုံးက အဖွားက သံဗူးခွံတွေ စုတာ။ ရီဆိုင်ကယ်သမားတွေကို ပြန်ရောင်းတာ တဲ့။ ကုသိုလ်ရပါတယ်ကွာ"

သံဗူးခွံလေးတွေများလာတိုင်း ချပ်နေအောင်ပြားလိုက်ကာ ထိုအပြားကလေးများကို အိတ်တစ်လုံးထဲ ထည့်၍ သူ့ရုံးသို့ ယူသွားတတ်ပါသည်။ စိတ်လက်ရှည်သူပေ။ ကျွန်မက သူ့လို စိတ်မရှည်။ လစ်ရင်လစ်သလို လွှင့်ပစ်လိုက်တတ်ပါသည်။

နောက်တစ်ခုက ကတ်ထူစက္ကူတွေ ဖြစ်သည်။ ရန်ကုန်ကလာသော ရွှေပုဇွန်ကိတ်မုန့်ထုတ်ပိုးသည့် စက္ကူဘူးမျိုး၊ အထူအရွယ်မျိုးဖြစ်၏။  ကျွန်မက ကတ်ထူဘူးများကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သော်လည်း သူက မကြိုက်ပြန်။

"ဒီမှာလေ ဒီအိတ်ထဲမှာ စုထည့်ထားမှပေါ့။ ဒီလို ကတ်ထူတွေက ရီဆိုင်ကယ်လုပ်လို့ရတယ်။ ရီဆိုင်ကယ်လုပ်ရန်ဆိုတဲ့အထဲကို ပစ်ရမှာ။ ကြားလား အဲ့မှာ ထည့်ထား"

သူက အဲသည်လို စည်းကမ်းတိကျသူ၊ ကျွန်မက လစ်ရင်လစ်သလို စည်းကမ်းဖောက်သူ။

"မှတ်ထား၊ ဒါတွေက တစ်ဦးချင်းတစ်ယောက်ချင်းက စမှရမှာ။ အဲဒီကနေ တစ်အိမ်ထောင်၊ အဲဒီကနေ တစ်ရပ်ကွက်၊ အဲဒီကနေမှ တစ်မြို့နယ်…။ ဒီလိုပဲ သွားရမှာ။ ကိုယ်တို့လို သာမန်လူမပြောနဲ့ စာရေးနေတဲ့သူတွေဆိုတာ  ဒီလိုအသိမျိုး ပိုလို့တောင်ရှိသင့်တယ်"

"ဟမ် စာရေးဆရာဆိုတာလည်း လူတွေထဲက လူတွေပဲလေ၊ အကိုးကွယ် အဆည်းကပ်ခံရလောက်အောင်၊ အတုခိုးရလောက်အောင် ကောင်းသူတွေလို့ ဘယ်သူက ပြောသတုန်း"

ကျွန်မစိတ်ထဲက တိတ်တိတ်လေး စောဒကတက်မိခြင်းဖြစ်ကာ သူ့ရှေ့မှာ လေသံပင် မဟရဲသော စကားဖြစ်ပါသည်။ သူက အဲသည်လို စာအုပ်ကြီးသမားဖြစ်သည်။ ကျွန်မက လောကမှာ စည်းတွေဘောင်တွေထဲနေရတာ မကြိုက်သူ၊ အခွင့်ရရင် ရသလောက် ဖောက်ဖျက် ပုန်ကန်ချင်သူသာ ဖြစ်လေသည်။

ထိုနှစ်ယောက် အတူရှိချိန်၊ သူ လစ်သည်အထင်နှင့် ကျွန်မ စည်းကမ်းမဲ့တာ မိသွားချိန်...။ ထိုအခါတိုင်းမှာ  တစ်ခွန်းထဲသောစကားကို သူက မပျက်မကွက်ပြောပြန်ပါသည်။

စာရေးဆရာမ လုပ်နေပြီးတော့ဟူ၍ ဖြစ်ပါ၏။


Thursday, February 13, 2014

ပြောပြန်ရင်လည်း…..

တစ်နေ့က ကိစ္စလေးတစ်ခုရှိလို့ အပြင်သွားတော့  စူပါမားကတ်သုံး လက်တွန်းလှည်းသုံးခုကို အထက်အောက်ဖြစ်သလို ဆင့်ပြီး လမ်းဘေးပစ်ထားတာ တွေ့လိုက်ရတယ်။ 


လမ်းထောင့်မှာမို့ ကားအရှိန်လျော့တုန်းလေး ဖုန်းနဲ့ အလျှင်အမြန်လှမ်းရိုက်လိုက်တယ်။ ဒီလိုမြင်ကွင်းမျိုး တွေ့တွေ့နေတာ ကြာပါပြီ။ တခါတလေ ကျွန်မတို့နေတဲ့ တိုက်အောက်မှာ လက်တွန်းလှည်းတွေကို ကြွက်မြီးတန်းသလို အတန်းလိုက်ကြီး တွေ့ရတတ်သေးတယ်။

လူတွေ အတော်စည်းကမ်းမဲ့လာပါလားလို့ တွေးမိတယ်။  ဒါကြောင့် တချို့ စူပါမားကတ်တွေက စက်လှေကားအဆင်းမှာ စတီးတိုင်တွေ ထောင်လို့ လက်တွန်းလှည်းတစ်ခုစာ ဝင်လို့မရအောင် ဘလောက်လုပ်ထားတတ်ကြတာ။ 

တစ်ခါထပ်ပြီးတွေ့ခဲ့ရတာက အိမ်တစ်အိမ်ရှေ့မှာပါ။  အိမ်တံခါးဘေးနားမှာ ပြတင်းပေါင်နဲ့ လက်တွန်းလှည်းကို တွဲပြီး သော့တောင်ခတ်ထားလိုက်သေးတဲ့ ပိုင်နိုင်မှုကို တွေ့ရတော့ ကျွန်မ အတော်လေး စိတ်လေသွားမိတယ်။ 

 
စင်ကာပူက ပြီးခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်တုန်းကနဲ့စာရင် နိုင်ငံခြားသားအလုပ်သမားတွေ များပြား လာလိုက်တာ။ ကော်လာဖြူ ကော်လာပြာတွေ ကျောင်းလာတက်ကြသူတွေ ရင်းနှီးမြှုတ်နှံဖို့လာကြသူတွေ အစုံပါပဲ။ များသောအားဖြင့် အာရှသားတွေ ပိုများတယ်။ ဒီတော့ စင်ကာပူခမျာ မတစ်ထောင်သား အုပ်ထိန်းနေရတဲ့ ဖခင်ပီတာကြီးနဲ့ တူတူလာတယ်။

ခုလို စည်းကမ်းမဲ့တာမျိုး အရင်က သိပ်မတွေ့ရဘူး။ ပြောရရင် သူတို့နိုင်ငံသားတွေက ဥပဒေနဲ့ စည်းကမ်းနဲ့ ကိုင်တွယ်ထားတဲ့ ဘောင်ထဲမှာ နေနေကျဖြစ်နေပြီ ဆိုရမယ်။ စည်းကမ်းရှိတယ်ဆိုတာထက် တင်းကြပ်ထားတဲ့ ဥပဒေနဲ့ အရေးယူမှုတွေကို ကြောက်တတ်ကြတယ်ဆိုရင် ပိုမှန်လိမ့်မယ်။

ခုလို စည်းမဲ့ကမ်းမဲ့တွေဟာ တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး ဝင်ရောက်လာနေ တဲ့ နိုင်ငံခြားသားတွေကြောင့်များလားလို့ တွေးလိုက်မိတော့ ကျွန်မ ကြားဖူးခဲ့တာလေးတစ်ခုကို ဖျတ်ကနဲ သတိရသွားတယ်။ (ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို ဟာသတစ်ခုပါ၊ တကယ့်အဖြစ်အပျက်တော့ မဟုတ်ဘူး ထင်ပါရဲ့)

တစ်ခါက ခွင့်နဲ့အလုပ်က ပြည်တော်ပြန်လာတဲ့ မြန်မာနိုင်ငံသားတစ်ယောက်နောက်ကို အလုပ်ရှင် ဂျပန်လူမျိုးကြီးက အလည်လိုက်ပါလာသတဲ့။ တစ်နေ့တော့ ဟိုဟိုဒီဒီသွားနေရင်း လမ်းဘေးမှာ ရှူရှူပန်းနေတဲ့ ကိုရွှေမြန်မာများကိုတွေ့တော့ ဂျပန်ကြီးက နှာခေါင်းရှုံ့ပြီး ကဲ့ရဲ့ပြစ်တင်စကားဆိုပါရော။ ကိုမြန်မာမှာ ပြန်မပြောသာပေမဲ့ စိတ်ထဲကတော့ တယ်မကျေနပ်ချင်ဘူးပေါ့။ ဒါလေးများ တို့တွေက စာမဖွဲ့သေးဘူးလို့ တွေးမိမှာပေါ့လေ။ ဒီလိုနဲ့ စိတ်ထဲ ခပ်တင်းတင်းလေး တေးမှတ်ထားလိုက်တယ်။

ခွင့်ရက်စေ့လို့ ဂျပန်ပြန်သွားကြရတဲ့အခါ တစ်နေ့မှာ သတင်းစာထဲ ထူးဆန်းတဲ့ သတင်းတစ်ခုပါလာသတဲ့။ လမ်းဘေးရှူရှူးပန်းတဲ့လူတစ်ယောက်ကို ရဲစခန်းက ဖမ်းမိထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒီမှာ ကိုရွှေမြန်မာက ပြုံးပြုံးကြီးကြည့်ပြီး တွေ့ပြီလား မင်းတို့ ဂျပန်မှာလည်း ဒီလို လမ်းဘေးရှူရှူပန်းတဲ့ကောင်တွေရှိသကွလို့ ဆိုသတဲ့။ ဒါနဲ့ ဂျပန်ကြီးက အဲဒီရဲစခန်းဟာ တို့အလုပ်နားတင်ကွ၊ လာ သွားကြည့်ကြရအောင်ဆိုပြီး သွားကြည့်ကြတဲ့အခါ အဲဒီရှူရှူးပန်းတဲ့သူဟာ ကိုရွှေမြန်မာတစ်ယောက်ဖြစ်လို့နေပါသတဲ့။

အဲဒီဟာသအဆုံးမှာ ကျွန်မ မရယ်နိုင် မပြုံးနိုင်ဖြစ်ခဲ့ရဖူးတယ်။

နိုင်ငံခြားသားတွေ၊ အထူးသဖြင့် အာရှသားတွေ များများလာနေတဲ့ စင်ကာပူမှာ ခုလို စည်းမဲ့ကမ်းမဲ့တွေ တွေ့ရတိုင်း တွေ့ရတိုင်း အဲဒီစည်းမဲ့ကမ်းမဲ့မှုတွေဟာ ကျွန်မတို့ မြန်မာတွေကြောင့် မဖြစ်ပါစေနဲ့လို့သာ..... 

                                                                                                     

Saturday, February 8, 2014

မပြယ်သောချစ်ခြင်း မယွင်းသောသစ္စာ

“ဟဲ့ ပြေအေး ရပ်စမ်း အခု၊ နင် ဒါ ဘာလုပ်တာလဲ ဘာလုပ်တာလဲဟင်”

“မမ  မမရယ် ကျွန်တော် သေပါရစေတော့၊ ကျွန်တော် ဒီဘဝကြီးထဲမှာ မနေပါရစေနဲ့တော့ မမရယ်။ အီးဟီး ဟီး ကျွန်တော် သေချင်တယ် သေချင်တယ်။ ကျွန်တော် သေပါရစေ မမရယ်”

သူ့ခေါင်းကို ထုရိုက်ရင်း ငိုပြောပြောနေသော မောင်လေးပြေအေးကို မေဦး မကြည့်ရက်ပါ။ မောင်လေးဟာ အစွဲအလမ်း ကြီးလွန်းလှသည်။ ကြာခဲ့ပြီ၊ တကယ်ဆို သုံးနှစ်ကြီးများတောင် ကြာခဲ့ပြီပဲလေ။

“ပြေအေး မောင်လေး  မောင်လေးရယ်”

မမဦးက ကျွန်တော့်ကိုဖက်ရင်း သူပါ ရောငိုလေသည်။ ပြီးတော့ ဆုပ်ကိုင်ထားသော အိပ်ဆေးပြားများကို ကျွန်တော့် လက်ထဲကနေဖြည်ပြီး တစ်လုံးချင်းယူသည်။

“ငါ့မောင်လေးရယ် နင့်မလည်း ဒုက္ခပဲ။ ငါ နားလည်ပါတယ်။ နင် ခုထိ ယမုံ့ကို မမေ့နိုင်သေးဘူးဆိုတာ၊ ဒါပေမဲ့ သူကြင်မှ ကိုယ်ကြင်ပေါ့ မောင်လေးရယ်၊  ကိုယ်က ယောကျာ်းလေးပဲဟာ အနေသာကြီး။ သူတောင် နေနိုင်သေးတာ”

“ဒါပေမဲ့ မမရယ် ကျွန်တော်က ယမုံ့ကို ချစ်တယ်၊  သူ ရက်စက်ပေမဲ့ ကျွန်တော် မစိမ်းကားနိုင်ဘူး၊ သူ ထားပစ်ခဲ့ပေမဲ့ ကျွန်တော် မနေခဲ့နိုင်ဘူး မမရဲ့”

“မနေခဲ့နိုင်လည်း နင်လိုက်သွားလို့မှ မရတာဘဲ ပြေအေးရယ်။ ငါ သိပါတယ်ဟဲ့၊ နင် ယမုံ့ကို ဘယ်လောက်ချစ်တယ် ဆိုတာ၊ ဒါပေမဲ့ သားလေးမုံပြေထက် ရှိသေးတယ်လေ။ နင်လည်း သိသားနဲ့ ငါကတော့ ငါ့တူလေးကို မိတဆိုးလေးကနေ မိဘမဲ့မဖြစ်စေချင်ဘူး ပြေအေးရယ်။  နင် စဉ်းစားပါ။ နင့်သားလေးမျက်နှာကို ကြည့်စမ်းပါဟယ်”

“ကြီးကြီးမေဦးရေ သားသားပြန်လာပြီ”

“ဟော သားသားပြန်လာပြီ၊ ပြေအေး နင့်မျက်ရည်တွေ သုတ်စမ်း၊ ကလေးမမြင်စေနဲ့ ကြားလား”

ကျွန်တော့်ကိုပြောရင်း ကျောင်းကားပေါ်ကဆင်းလာသည့် သားသားကို ဆရာမလက်ထဲကနေခေါ်ဖို့ အိမ်ဝဆီကို မမဦး အပြေးလေး ထွက်သွားလေသည်။

သားသားတောင် လေးနှစ်ပြည့်တော့မှာပဲ။ ဘာလိုလိုနဲ့ မုံ သူတို့သားအဖကိုထားခဲ့တာ သုံးနှစ်တောင် ပြည့်တော့မည်။ သုံးနှစ်ရှိတော့မယ် မုံရေ၊ ကိုယ်နဲ့ သားလေးကို မုံ ထားပစ်ခဲ့ရက်တာ သုံးနှစ်ပြည့်တော့မယ်။ ကိုယ် တစ်နေ့မှ မေ့မရဘူးဆိုတာ မုံသိစေချင်တယ်။ မုံ သိစေချင်ပါရဲ့ မုံရယ်…..။ ခပ်ဆွေးဆွေးအတွေးကြောင့် သုတ်နေသည့်ကြားမှပင် မျက်ရည်များက ကျွန်တော့်ပါးပြင်ပေါ် ပေါက်ကနဲကျလာပြန်လေသည်။

@@@@@@@@@@@@@@@

“ကိုရေ မုံ သွားပြီးအားပေးမှ ဖြစ်တော့မယ်။ ကောင်းကောင်းတစ်ယောက်ထဲ သနားပါတယ်။ ရန်ကုန်မြို့မှာ ဆွေမျိုးရယ် အသိအကျွမ်းရယ်လို့လည်း သိပ်မရှိတော့ ခမျာအားငယ်ရှာမှာပဲ။ ပြီးတော့ ဆရာမကြီးမဆုံးခင် ဆေးရုံမှာ မုံ့ကိုတွေ့တော့ သေချာမှာသွားတာ။ မုံရယ် ဆရာမတို့မရှိရင် သမီးမောင်လေးကို စောင့်ရှောက်လိုက်ပါနော် တဲ့”

“အေးလေ သနားပါတယ်ကွာ၊ ကောင်လေး ဖြစ်မှဖြစ်ရလေ။ သူက ဒီနှစ် ဆယ်တန်းဖြေရမှာ မဟုတ်လား”

“ဟုတ်တယ် ကို၊ ကောင်လေးကြည့်ရတာ မျက်လုံးလေးတွေက ကြောင်စီစီလေးလိုပဲ၊ သနားပါတယ်။ စာမေးပွဲကလည်း နီးနေပြီ။ အောင်ပါ့မလားတောင် မသိဘူး”

အင်း ကောင်လေး သနားပါတယ်။ မုံတို့ကျောင်းက ဆရာမကြီးရဲ့ သားလေး။ အဖေရော အမေပါ ကားအက်ဆီးဒင့်မှာ ဆုံးသွားကြတယ်ဆိုတဲ့အဖြစ်ဟာ အတော်လေး ကြေကွဲစရာ။ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ရင်ထဲ ဘယ်လိုများ ခံစားနိုင်ပါ့မလဲလေ။ ကောင်းကင်ကြီးပြိုကျသလို နေလိမ့်မည်။ ထိုနေ့ကတွေ့ခဲ့ရသော ကောင်ကလေးမျက်နှာကြောင်စီစီကို သားသမီးချင်းစာနာစိတ်နှင့် ပြေးမြင်သည်။  တွေးကြည့်ရုံနှင့်ပင် ကျွန်တော့်ရင်ထဲ မကောင်းလှ။

“ကိုရေ သိလား၊ မုံတို့ထင်တဲ့အတိုင်းပဲ ကောင်လေးက ရှော့ခ်ရသွားတာ။ ဆရာဝန်ကြီးက ဒီနှစ် စာမေးပွဲ ဝင်မဖြေစေချင်ဘူး တဲ့၊ ကောင်လေးအတွက် လိုအပ်တဲ့ စိတ်ကုထုံးတွေပေးပြီး ကျန်းမာအောင် အရင်ပြန်လုပ်ရမယ် တဲ့”

အိမ်ပြန်ရောက်ရောက်ချင်း စိတ်မကောင်းစွာ မျက်နှာကလေးညှိုးကာ ပြောလာသောမုံ့ကို ဘယ်လိုနှစ်သိမ့်ရမည်ပင် မသိ တတ်တော့ပေ။

“အေးပေါ့ကွာ၊ ကိုယ်တို့လည်း သားသမီးမှ မရှိတာပဲ၊ တတ်နိုင်သလောက်တော့ စောင့်ရှောက်ကြတာပေါ့ကွာ”

“ကိုရေ မုံလေ ကောင်လေးကျန်းမာလာတဲ့အခါ အိမ်မှာခေါ်ပြီး စာပြပေးချင်တယ် သိလား”

“အင်း ကောင်းသားပဲ မုံရ”

ကျောင်းဆရာမပီပီ ကလေးတစ်ယောက်မမြင်လိုက်နှင့်၊ မြင်သည်နှင့် စာသင်ပေးချင်စိတ်ရှိသောမုံ့ကို ကျွန်တော် မြတ်နိုးသည်။

သို့သော် သိုက်ဆရာ လှေပေါ်ခေါ်တင်လာသည့်အဖြစ်မျိုးထက် ဆိုးဝါးသည့်အဖြစ်သို့ ရောက်တော့မည်ကို ကျွန်တော်ရော မုံပါ မသိခဲ့ကြ။ ကံကြမ္မာကိုပဲ ယိုးရတော့မည်လား၊ သနားတတ်သော၊ ယိမ်းယိုင်လွယ်သော မုံ့ကိုပဲ အပြစ် ဖွဲ့ရမည်လား၊ နီးစပ်ရာနွယ် တစ်မျှင်ကိုဖမ်းဆုပ်သူ ကူကယ်ရာမဲ့ကောင်လေးကိုပဲ လက်ညှိုးထိုးရမည်လား ကျွန်တော် မသိတော့ပေ။ သေချာသည်မှာ ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ခြင်းပင်။

@@@@@@@@@@@@@@@

အခြေအနေကို ရိပ်မိသော ကျွန်တော်က ကလေးယူကြဖို့ မုံ့ကို တစ်ဘက်လှည့်နှင့် ချော့ရတော့သည်။ မုံကမူ ခေါင်းမာဆဲပေ။ ပင်ကိုယ်က ကျန်းမာရေးမကောင်းဘဲ နှလုံးအားနည်းသောမုံက ကျန်းမာရေးအကြောင်းပြကာ ကလေးမယူလိုဟု ငြင်းဆန်ဆဲ။ သို့သော် နောက်ဆုံးတော့ သားဖွားမီးယပ်ဆရာဝန်ကြီးထံပြသကာ ကလေးရဖို့ ကြိုးစားရန် မုံ လိုက်လျောခဲ့လေသည်။

ကလေးရလျှင်ဖြင့် သံယောဇဉ်ကြိုးတို့ခိုင်မြဲကာ မုံ ပြောင်းလဲသွားလိမ့်မည်ဟူသော ကျွန်တော့်အထင်သည် တက်တက် စင်အောင်လွဲမှားကြောင်း သားသားအခါလည်အရောက်မှာ သိခဲ့ရတော့၏။

သနားချစ်တဲ့လား၊ ခုမှ တကယ်ချစ်တဲ့သူကို တွေ့တာတဲ့လား၊ မုံ ကောင်ကလေးနဲ့ မခွဲနိုင်တော့ဘူး တဲ့လား…..

မုံ့နှုတ်ထွက်စကားများသည် ကျွန်တော့်နေ့ရက်များကို အရှင်လတ်လတ် သေစေခဲ့သည်။ မုံ တောင်းဆိုသော ကွာရှင်းခွင့် ဆိုသည်ကို ကျွန်တော် လုံးဝမပေးနိုင်။ သည်မှာပင် အခါလည်သားကလေးနှင့် ကျွန်တော့်ကိုထားရစ်ကာ မုံ အိမ်ပေါ်မှ ဆင်းသွားလေသည်။

“ဒီမှာ ကို အတူနေကြပြီး စိတ်ချင်းမနီးစပ်မှတော့ ဘာလုပ်တော့မှာလဲ၊ မုံ့ကို လွတ်လပ်ခွင့်ပေးပါ။ ယောကျာ်းတစ်ယောက်ရဲ့ရင်ခွင်ထဲကနေ နောက်တစ်ယောက်ကို တမ်းတနေရတဲ့အဖြစ်မျိုးမှာ မုံ မနေချင်တော့ဘူး။ မုံ မပျော်ဘူး။  မုံ့မှာ အပြစ်ရှိပါတယ်။ မုံ ဝန်ခံပါတယ်၊ ကိုကြိုက်တဲ့ အပြစ်သာပေးပါ။ မုံ ကျေကျေနပ်နပ် ခံယူပါ့မယ်”

နည်းနည်းကလေးမှ ခေါင်းမငုံ့ဘဲ ခပ်တင်းတင်းဆိုနေတဲ့ မုံ့မျက်နှာ။ မုံ့စကားတွေ…..။ 

ကျွန်တော့်ညာလက် လေထဲမြောက်တက်သွားသည်အထိ စိတ်တို့ ထောင်းကနဲဖြစ်သွားသေးသည်။  မျက်စေ့စုံမှိတ်ကာ ပါးကို ကျွန်တော့်ရှေ့ထိုးပေးလိုက်သော မုံ့မျက်နှာကိုမြင်မှ ကျွန်တော့်လက်တွေ လေထဲမှာတင် ရပ်တန့်သွားရသည်။

သနားလိုက်တာ မုံကလေးရယ်….၊  မိုက်လိုက်တဲ့ မုံ၊ ရက်စက်တဲ့ မုံ၊ ကိုယ် မရိုက်ရက်ပါဘူးလေ….

လက်ကိုပြန်ချကာ မျက်စေ့စုံမှိတ်ထားသော မုံ့မျက်နှာကလေးကို ကြည့်နေမိဆဲ။ ဝဲဘက်ရင်ဘတ်တစ်ခုလုံး အောင့်တက်လာကာ လှိုက်ကနဲဝမ်းနည်းစိတ်နှင့် မုံ့ကို ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားလိုက်မိသည်။ ခွဲမသွားပါနဲ့၊ ကိုယ့်ကို မထားခဲ့ပါနဲ့ မုံရယ်။ မုံက မရုန်းပါ၊ ကျွန်တော့်ရင်ခွင်ထဲမှာ ငြိမ်သက်လို့နေသည်။ နောက်ဆုံးအကြိမ် အခွင့်အရေးပေးခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။

“မုံ  မုံရယ်  ကို့ကို ထားမသွားပါနဲ့၊ ကိုနဲ့သားလေးကို ခွဲမသွားပါနဲ့ နော် မုံ။ မုံမရှိရင် ကို မနေနိုင်လို့ပါ မုံရယ်။ နော် ကိုလေ မုံ့ကို သိပ်ချစ်တယ်။ ခွဲမသွားပါနဲ့နော် မုံ”

ယောကျာ်းတစ်ယောက်၏ အနှိမ့်ချနိုင်ဆုံးအထိ ကျွန်တော် နှိမ့်ချပေးခဲ့ပါသည်။ မုံက ကျွန်တော့်စကားအကြားမှာ သတိဝင်လာပုံနှင့် ကျွန်တော့်ရင်ခွင်ထဲမှ သာသာရုန်းထွက်သည်။ အိပ်ပျော်နေသော သားလေးကို နမ်းသည်။ ပြီးမှအခန်းထဲသို့ ဝင်သွားပြီး ထုတ်ပိုးထားသောသေတ္တာကိုဆွဲကာ အိမ်ပေါ်မှ ဆင်းသွားတော့သည်။

မုံမရှိတော့မှ အိပ်ပျော်နေသော သားလေးကိုဖက်ကာ ကျွန်တော် ငိုမိသည်။ အမိမဲ့သားလေးရေ ဖေဖေလေ သားလေးကို ရေနည်းငါးတော့ အဖြစ်မခံနိုင်ဘူး။ ဖေဖေ နှစ်ယောက်စာ ချစ်ပါ့မယ် ငါ့သားရယ်။ သားမေမေ နေရာမှာရော ဖေဖေ့အတွက်ပါ ဖေဖေပုံချစ်ပါ့မယ်နော် သားလေး။  ဘာမှနားလည်ဦးမည်မဟုတ်သော တစ်နှစ်သားကလေးကို တိုင်တည်ပြောဆိုရင်း အရူးတစ်ယောက်လို ငိုကြွေးနေမိသည်။

သားကလေးပါးကို အထပ်ထပ်အခါအခါနမ်းမိတော့ သူ့ပါးပေါ်မှ မျက်ရည်တို့ ကူးလူးစိုစွတ်ကာ သားက လန့်ပြီး ငိုကြွေးပါတော့သည်။ သားလည်း ငို၊ ကျွန်တော်လည်း ငို…..။ မျက်ရည်များကုန်သလောက်ရှိသော် မာနနှင့်အရှက်တို့ ခေါင်းထောင်ထလာသည်။ နေပါစေလေ၊ ပြန်မလာပါနဲ့တော့၊ ပြန်မလာပါနဲ့တော့ မုံရယ်။ တစ်နေ့တော့ ရှိဦးမှာပါ။ တစ်နေ့နေ့ပေါ့….။ တစ်နေ့မှာ…ကို့မေတ္တာတွေကို မုံနားလည်လာတဲ့ တစ်နေ့မှာပေါ့…..။

@@@@@@@@@@@@@@@

မုံ့မိဘများဘက်မှ အမွေပြတ်ကြော်ငြာကိုဖတ်ရတော့ မုံ့အတွက် ကျွန်တော် စိတ်မကောင်းပြန်။ အမိုက်မလေး မုံ ဘယ်လိုများ နေရှာမှာပါလိမ့်တွေးရင်း သံယောဇဉ်လက်ကျန်တို့ဖြင့် ရင်သည် လူးလွန့်၏။ မုံကတော့ ခပ်တည်တည်ပင်၊ မိဘများပိုင်ဆိုင်၍ သူ့နာမည်နှင့်ထားသောတိုက်ခန်းမှာ အခန့်သားတက်နေကာ ဆင်းမပေးဟု ကြားရသည်။ သည်တိုက်ခန်းက မိဘများဆုံးပါးမှသာ မုံဆက်ခံရရှိမည့်တိုက်ခန်းပေ။ သို့သော် အမွေဖြတ်ပြီးသည့်တိုင် မုံက ဆင်းမပေးသလို မုံ့မိဘများကလည်း သားသမီးမို့ အတင်းနှင်မချရက်သည်ပင်။

မုံမရှိမှ သားတစ်ယောက်အပေါ် မိခင်၏ဝန်တာ မည်မျှကြီးမားသည်ကို သိလာရသည်။ ညညဆို သားက မနိုးဘဲ တစ်ချိုးတည်းအိပ်သော်လည်း နို့တစ်ကြိမ်ဖျော်တိုက်ရသေးသည်၊ သေးများစိုနေသလား ထထကြည့်ကာ သေးစိုအဝတ်တို့ကို လဲပေးရသည်။ သားကို ကျွေးလေ့ရှိသည့် ဆန်မှုန့် နို့မှုန့်များ တံဆိပ်လွဲသည်နှင့် သားက ဝမ်းသွားတတ်လေသည်။ နို့ဘူး ရေခွက်နှင့် ထမင်းပန်းကန် စသည်များကို ပေါင်းပြီးမှ သုံးရသည်။ ကြာတော့ အလုပ်တစ်ဘက်နှင့် တစ်ယောက်ထဲ မနိုင်တော့ပေ။ 

မမမေဦးကို ကလေးထိန်းပေးဖို့ရန်ခေါ်တော့ မမက အိုးပစ်အိမ်ပစ်ကာ သူ့ထံ လာနေပေးရှာပါသည်။ စနေ-တနင်္ဂနွေလိုနေ့များမှသာ အိမ်ကိုပြန်ချင်ပြန်ကာ ကျန်ရက်များတွင် တစ်ပတ်မှာ သုံး-လေးရက်ခန့် သူ့တူကလေးကို လာကြည့်ပေး၊ ချက်ပြုတ်လျှော်ဖွတ်ပေး၊ အိမ်ရှင်းပေးနှင့် မမခမျာ “သည်တာဝန်တွေ မလိုချင်လို့ ငါ အပျိုကြီး လုပ်နေတာဟေ့၊ ခု နင်တို့သားအဖနှိပ်စက်လို့ ငါ့မှာ လုပ်နေရပြီဟဲ့”ဟု သူ့တူကလေးကို ချော့ကာမြှူကာနှင့် ကျွန်တော်ကြားအောင် တမင်ပြောတတ်လေသည်။

မုံ့သတင်းများကိုတော့ ကြားနေရပါသည်။ မိုးမမြင်လေမမြင် ပျော်နေသည့် မုံ၊ အိမ်ထောင်ဆိုသည့်….၊ မိသားစုဆိုသည့်အနှောင်အဖွဲ့မှ ကိုယ်လွတ်ရုန်းကာ အချစ်သစ်နောက် ကောက်ကောက်ပါသွားသည့် မုံ….။ မုံ တကယ်ပဲ ရက်စက်ပါသည်။

မုံသည် သစ္စာတရားဆိုသည်ကို တကယ့်အချစ်စစ်ဟု သူယူဆသည့် ခဏတာယိမ်းယိုင်မှုနှင့် လဲလှယ်ရဲသူ၊ မိုက်မဲရဲခဲ့လေသူတည်း။

@@@@@@@@@@@@@@@

မုံသည် သားရဲများနောက်ကလိုက်နေသမျှ ရှေ့သို့သာ စွတ်တိုးကာ ပြေးလွှားနေရသည်။ ရှေ့မှာကလည်း မှောင်နဲ့မည်းမည်းမို့ လွတ်မည်ထင်ရာသာ မှန်းပြေးပေတော့။ သစ်ပင်တစ်ပင်….ရှေ့မှာ တွေ့ပြီ။ ဝမ်းသာအားရ အပင်ပေါ်တက်ပြေးပြန်တော့ ပင်စည်ပတ်လည်တွင် ချွန်မြသောဆူးတို့ဖြင့် ဝန်းရံသည်မို့ မုံ့အသားတို့ပေါက်ပြဲကာ သွေးစိမ်းတို့ စို့လေသည်။ တစ်ဖန် ရှေ့သို့သာ သွေးရူးသွေးတန်းပြေးပြန်သော် ပွက်ပွက်ဆူနေသည့် ရွှံ့နွံအိုင်ထဲ ပြုတ်ကျကာ မုံ့တစ်ကိုယ်လုံးမှ အရေပြားတို့ အလွှားလိုက်ကွာကျကာ အားကနဲလန့်အော်မိတော့သည်။

ဘုရား၊  ဘုရား…မုံ ကြောက်လန့်ကာ ဘုရားတမိသည်။ သည်လိုအိပ်မက်မျိုးတွေ မုံ မကြာခဏမက်သည်။ မုံ့တစ်ကိုယ်လုံးမှာ
ချွေးများဖြင့် စိုနစ်လျှက်ရှိသည်။ ငရဲကျတယ်ဆိုတာ ဒါမျိုးများလား မသိ။  ကုတင်ခေါင်းရင်းမှ မီးသီးဝါဖန့်ဖန့်ကိုဖွင့်ကာ အိပ်ရာဘေးရှိရေချိုင့်ထဲမှ ရေတစ်ဖန်ခွက်ငှဲ့ကာ သောက်သည်။ စိတ်တို့ တည်ငြိမ်စေရန် ပုတီးတစ်လုံးချင်းချ၍ အရဟံဂုဏ်တော်ပွားသည်။

မုံ ကို့အိမ်ပေါ်မှ ဆင်းခဲ့တာ နှနှစ်ကျော်ခဲ့ပြီ။ သားကလေး နေကောင်းရဲ့လား၊ အမေဆိုတာကိုရော သားက မှတ်မိပါဦးမလား၊ ကိုရော အဆင်ပြေရဲ့လား…မုံ တွေဝေ တွေးတောတတ်ပြီ။ မုံ့စိတ်တို့သည် အရဟံဂုဏ်တော်နှင့် ကိုတို့သားအဖကြား ပြေးလွှားလျှက်ရှိသည်။

မနက်လင်းသော် မုံ့မျက်ဝန်းတို့မှာ ခွက်ဝင်လုနီးနီး၊ မုံ့မျက်နှာမှာ နဂိုကမှ ရှည်သွယ်ကာ ခုတော့ ပါးလျချောင်ကျလို့ နေခဲ့ပြီ။ ကောင်ကလေးသည် သက်တူရွယ်တူကောင်မလေးတစ်ယောက်နှင့် တွေ့ဆုံလက်တွဲကာ “အချစ်စစ်ဆိုတာ ဒါပဲ၊ မမယမုံကို ကျွန်တော် သံယောဇဉ်တော့ ရှိပါတယ်”ဟု မုံ့ကို ပြောသွားထားရစ်ခဲ့ပြီ။ ဝဋ်ဆိုသည်မှာ နောက်တစ်ဘဝပင် မစောင့်…။ မုံသည် သစ္စာဆူး စူးခဲ့လေပြီ။

@@@@@@@@@@@@@@@

စိတ်ညစ်ညစ်နှင့် မုံ ပျော်သလိုနေပစ်လိုက်သည်။ ညဆိုလျှင် တစ်ညလုံး ကလပ်တွေ လျှောက်သွားသည်။ မနက်မိုးလင်းလုမှ အိမ်ပြန်လာသည်။ ညအမှောင်မှာ မုံ မအိပ်ရဲ။ မုံ အိပ်မက်ဆိုးညတွေမှ ထွက်ပြေးချင်သည်လေ။ မနက်ဆို တမနက်လုံး အိပ်စက်နေကာ ထမင်းစားရကောင်းမှန်းလည်း မသိတော့၊ ဆာလောင်မှုတို့လည်း ပျောက်ပြီ။ ညနေဆိုလျှင်တော့ မုံ အိပ်ရာမှ နိုးထကာ တရုတ်တန်းဈေးသွားသည်။ တွေ့သမျှ စားသည်။ မူးအောင် သောက်သည်။

အချစ်ဆိုသည်ကို မုံ ကြောက်သည်။ သူ့အနားကပ်လာသော ယောကျာ်းကြီးငယ်တို့နှင့် ခဏတာ ပျော်ရုံသာ တွဲသည်။ ယောကျာ်းများထံမှ ချစ်တယ် မုံဟု ဆိုလာလျှင် သူတို့မျက်နှာကို တည့်တည့်ကြည့်ကာ ဟားတိုက်ရယ်မောမြဲ၊ ပါးစပ်မှာတေ့ထားသော စီးကရက်ကို လက်ကြားပြောင်းညှပ်လိုက်ပြီး မီးခိုးငွေ့များကို သူတို့မျက်နှာပေါ် မှုတ်ထုတ်လိုက်တတ်မြဲပေ။ တကယ်တော့ မုံက လူညာတွေဟုဆိုကာ သူတို့ပါးပြင်ကို ဖြန်းကနဲနေအောင် ရိုက်လိုက်ချင်တာသာဖြစ်သည်။ ကောင်ကလေးပေးခဲ့သော နာကျင်မှုအတွက်၊ မုံ့ဘဝ ခုလို ဇောက်ထိုး ဖြစ်ခဲ့ရတဲ့အတွက်ပေါ့။ အို….မဟုတ်သေးပါဘူး၊ မုံကိုက ချစ်ခဲ့မိသည်ပဲ မဟုတ်လားဟု တွေးမိပြန်တော့ ရှိန်းကနဲနေအောင် အရှက်တို့ သွေး၌လှည့်ပတ်ပြန်လေသည်။

သည်ညတော့ မုံသည် ဘယ်နှစ်ခွက်မှန်းမသိသော အရက်တို့ကို သောက်သည်။ ထပ်ကာထပ်ကာဖြည့်၍ပေးသော ဝိုင်အနီတို့ကို ကျိုက်ကနဲ မော့ချသည်။ အရက်၊ ဝိုင်နှင့်ဘီယာ သုံးပင်လိမ်သော် မုံသည် လူမှန်းမသိတတ်တော့။ ကလပ်ထဲမှ ထွက်လာ၍ လမ်းမပေါ်ရောက်လျှင် လမ်းတို့သည် ခွက်ဝင်သွားလိုက် မောက်တက်လာလိုက်နှင့် လူးဖယ်လျှက်ရှိသည် ထင်၏။ မုံ့ခြေလှမ်းတို့ကို လမ်းအခွက်အမောက်အတိုင်း ဖိနင်းလိုက်၊ ဖွနင်းလိုက်နှင့် မုံသည် ယိုင်ထိုးလျှက်ရှိလေသည်။ စိတ်ကောင်းရှိသော ကားမောင်းသူ လူကောင်းကလေးတစ်ယောက်ကြောင့်သာ မုံ အိမ်သို့ တန်းတန်းမတ်မတ် ပြန်ရောက်သည်။

မုံ့ရှေ့မှာ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်လျှက်ရှိပြီ။ မတ်တတ်ပင်ကောင်းစွာ မရပ်နိုင်တော့။ ပူလွန်းလှ၍ ကိုယ်ပေါ်ရှိ အဝတ်အစားများကို ဆွဲချွတ်ကာ ကုတင်ပေါ် သည်အတိုင်းပစ်ပုံလိုက်ရင်း အိမ်သာထဲဝင်၊ အပေါ့သွားဖို့ ပြင်လေသည်။ ပြီးသော် မုံသည် ကိုယ်ကိုမနိုင်ဘဲ အိမ်သာအိုးအနီးတွင် ပုံရက်သားလဲလေ၏။ ရင်တစ်ခုလုံး ပြည့်တက်လာကာ နားထဲမှ လေများထွက်ပြီး ဝေါ့ကနဲထိုးအန်တော့သည်။ အန်ပါများသော် မုံသည် အိမ်သာအိုးထဲ ခေါင်းစိုက်ကာ လက်နှစ်ဘက်ဖြင့် အိမ်သာအိုးကို ဖက်လျှက်သားရှိလေသည်။ အူတွေ အသည်းတွေ ပြတ်ထွက်တော့မလား ထင်ရအောင် အန်သည်။ လေတွေချည်းကျန်တော့သည်အထိ အန်ပစ်သည်။ ဘာမှ မကျန်တော့၊ ဗိုက်ထဲမှာ ဘာမှ မကျန်တော့သည်အထိ အန်ပြီးသော် လေးဘက်ထောက်သွားကာ ကုတင်ဆီ တရွေ့ရွေ့ ရွှေ့သည်။ ခုတင်ဘေးမှ ဖုန်းကို ကောက်ယူကာ နံပါတ်တစ်ခုကို ကြိုးစားလှည့်သည်။ တစ်ဘက်မှ ဘာဖြေသံမှ မကြားရသေးခင်မှာပင် မုံ့လက်မှ ဖုန်းသည် ဒေါက်ကနဲ ပြုတ်ကျတော့သည်။ 

ခုမှပင် မုံ့ဘဝသည် မှောင်အတိနှင့် ပြီးတော့၏။  မုံ ဘာဆို ဘာမှ မသိတော့….

@@@@@@@@@@@@@@@

ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ။ မုံ နိုးလာတော့ ခါတိုင်းထက် လန်းဆန်းလျှက်ရှိသည်။ ရုတ်တရက် ထမည်ပြင်သော် စူးကနဲအသိကြောင့် တိတ်နှင့်ဆွဲကပ်ကာဖိထားသော လက်ဖမိုးမှ အပ်ကို မြင်သည်။ အပ်သည် မုံ့လက်ဖမိုးအကြောထဲထိုးစိုက်လျှက် ထိုမှတစ်ဆင့် ဆေးရည်အကြည်များ မုံ့ကိုယ်ထဲ စီးဝင်နေသည်။ ဒါကြောင့် မုံ အားရှိတာနေမည်။ နေပါဦး၊ မုံ ဒီကို ဘယ်လိုရောက်လာတာပါလိမ့်။ သိပြီ။ မုံ တအားမူးနေတဲ့ညက… တစ်စုံတစ်ယောက်ဆီ ဖုန်းလှည့်မိခဲ့တာ မှတ်မိသည်။ ကို….။ 

 မုံ သေလောက်အောင် မူးခဲ့ အန်ခဲ့တာ သတိရသည်။ မုံမျက်ဝန်းတို့ကို ပြန်လည် မှိတ်ထားလိုက်သည်။ မျက်ရည်များ….။ မငိုပါဘဲ မုံ့ပါးပြင်ပေါ်မှာ မျက်ရည်များ တပေါက်ပေါက်ကျလို့နေသည်။ မုံဟာ ဘာကြောင့်များ တခါတည်း သေမသွားတာပါလိမ့်။ သေသွားရင် ကောင်းမှာ၊ အမိုက်ဇာတ်သိမ်းမှာဟု မုံတွေးသည်။ ခုတော့ မုံ ရှင်လျှက်နှင့် ဝဋ်ခံရပေဦးမည်။

ထိုခဏမှာပင် မုံ့ပါးပေါ်မှ မျက်ရည်များကို လက်ကိုင်ပုဝါနှင့် တို့သုတ်ပေးနေသလို ခံစားလိုက်ရသည်။ မျက်နှာပေါ်မှ နုညံ့သောအတွေ့ကြောင့် မျက်လုံးများကို အားယူကာ ဖွင့်ကြည့်လိုက်မိသည်။ ဝိုးတဝါး  ပုံရိပ်တစ်ခု။ မျက်ဝန်း၏ဆုံချက်က ချက်ချင်းတော့ မပြတ်သားသေး။

ရင်းနှီးလွန်းခဲ့သော မျက်ဝန်းတစ်စုံ၊ ကြင်နာတတ်သောမျက်ဝန်းများနှင့် ကို……။ မုံ့ဘေးမှာထိုင်ကာ မုံ့လက်ကလေးကို ဖွဖွကိုင်ထားလျှက်ရှိနေသည်။ မုံသည် တစ်ခုခုပြောချင်လွန်းကာ ဘာစကားမျှ နှုတ်က ထွက်ကျမလာ။ ကိုက မုံ့နှုတ်ခမ်းပေါ်ကို သူ့လက်ညှိုးကလေးနှင့်တေ့ကာ ဘာမှမပြောနဲ့ဦး၊ နေသာသလို နေဦးဟု ဆိုသည်။ မုံ ခေါင်းညိတ်ပြလိုက်မိသည် ထင်၏။ နောက်တော့ မုံ ဘာမှ မသိတော့ပြန်။ ပြန်လည်၍ အိပ်မောကျသွားကာ ထိုညက အိပ်မက်ဆိုးတို့ မုံ့ထံ ရောက်မလာခဲ့ပေ။

@@@@@@@@@@@@@@@

မုံ ဆေးရုံမှဆင်းလာပြီးစမှာ ကိုက မုံ့ထံ တစ်ခေါက်နှစ်ခေါက်မျှ လာကြည့်သေးသည်။ မုံ နေကောင်းပြီ၊ ပုံမှန်နေထိုင်စားသောက်နိုင်ပြီဟု စိတ်ချလက်ချရှိသော် နောက်ထပ် ပေါ်မလာတော့။ တစ်ခုခုဆို ဖုန်းဆက်လိုက်နော်ဟု မှာကာ နောက်လှည့်မကြည့်စတမ်း ထွက်သွားလေ၏။

မုံသည် တစ်ယောက်ထဲနေ့ရက်များကို ဖြတ်သန်းရပြန်သည်။ သို့သော် အရင်လို မမိုက်တော့။ နေချင်သလို မနေတော့၊ စာသင်နှစ်အသစ်အတွက် ပြဌာန်းစာအုပ်များကို လေ့လာကာ စာသင်ရန် ပြန်လည်ပြင်ဆင်သည်။ ကျောင်းဆရာမလေးဘဝကို မုံ လွမ်းသည်။ ကျောင်းကြီးနှင့် စာသင်ဖော်စာသင်ဖက်များ၊ တပည့်များသည် မုံ့ကို အရင်ကလို ကြိုဆိုမည်လား၊ အရင်ကလို လှိုက်လှဲနွေးထွေးစွာ လက်ခံနိုင်ပါတော့မည်လား၊ မုံ တွေးရင်း ဝမ်းနည်းရသည်။ လက်မခံနိုင်လည်း ရှိစေတော့၊ မုံက မိုက်ခဲ့သည်ပဲ။

မနေ့ကတော့ ကို့အစ်မကြီး မမမေဦးထံမှ ဖုန်းလာသည်။ သားက ဒီနေ့ ကျောင်းအပ်ရတော့မည်ဟု ဆိုသည်။ သူငယ်တန်း စတက်ရတော့မည့် သားကလေးကို မုံ တွေ့ချင်လှသည်။ တစ်ခြားကလေးငယ်တွေ မိစုံဘစုံနှင့် ကျောင်းအပ်ချိန်မှာ သားကလေးများ မျက်နှာငယ်နေမလား….။ မုံ ငိုချင်လာသည်။ စိတ်ကိုတင်းကာ ရေချိုး အဝတ်အစားလဲသည်။ သားတက်ရမည့် ကျောင်းကို မုံ သွားရမည်။

လူတွေ၏ အကြည့်မြားစူးတို့ မုံ့ကိုယ်မှာ ဝင်ရောက် ဆူးစိုက်ပါစေတော့၊ မုံ ရင်ဆိုင်ရဲရမည်ပေ။

@@@@@@@@@@@@@@@


မုံ့ကိုတွေ့တော့ ကို့မျက်နှာက ဝင်းပလို့သွားသည်။ “မေမေလာပြီ”ဟု ဆိုကာ သားလက်ကလေးတစ်ဘက်ကို မုံ့လက်ထဲ ထည့်သည်။  သားက ရုတ်တရက်မို့ ကြောင်နေကာ နောက်မှ မေမေဟု ခေါ်လေသည်။

“မုံ့ကို သားက သိပါတယ်။ မေမေက ဟိုးအဝေးကြီးကို ခဏသွားနေတာ သားရဲ့လို့ ကိုက ပြောပြထားတယ်လေ”

မုံသည် ငိုမိတော့မလိုမျက်နှာနှင့် အားတင်းပြုံးပြလိုက်ကာ ကျေးဇူးတင်ပါတယ်ကိုရယ်လို့ အသံတုန်တုန်နှင့် ပြောလိုက်မိသည်။ ကျောင်းအပ်ဖို့ လျှောက်လွှာဖြည့်ကြတော့ မိခင်အမည် ဆိုသောနေရာမှာ ဒေါ်ကျော့ယမုံ ဟု ဖြည့်ရင်း မုံဟာ သားမေမေနေရာမှာ ထိုက်တန်ပါသေးရဲ့လားဟု နင့်ကနဲခံစားရပြန်သည်။ ကို့မျက်နှာကတော့ ပြုံးချိုရွှင်လို့။ မုံ့မှာသာ…အပြစ်တို့နှင့် ထိုက်တန်စွာ ရဲရဲမပျော်ဝံ့။

ကျောင်းအပ်အပြီးမှာ သားသားတို့အတန်းပိုင်က ဒီနေ့တော့ ကလေးတွေကို ပြန်ခေါ်သွားလို့ရတယ်ဆိုသည်နှင့် သားသားကို အိမ်ပြန်ခေါ်ခဲ့ဖို့ ကိုက ဆုံးဖြတ်သည်။ ကလေးကို သူ့မေမေနှင့်အတူ နေပါစေဦးဟု ကိုက ဆိုသည်။

အိမ်ရောက်တော့ မမဦးချက်ထားသော နေ့လည်စာကို မိသားစုသုံးယောက် အတူစားကြသည်။ ကိုက မုံ့ပန်းကန်ထဲ ဟင်းတွေ ထည့်ပေးရင်း မုံ အရမ်းပိန်နေတယ်၊ များများစားဟု ဆိုသည်။ ခဏနေတော့ မုံနှင့်ကို့ကို နှစ်ယောက်ထဲ ထားခဲ့ကာ သားကို မမဦးပဲ ထမင်းခွံ့လိုက်မယ်ဆိုကာ ထမင်းဝိုင်းမှ ခေါ်သွားလေသည်။ ထိုအခါမှ ကိုက မုံ့မျက်နှာကို သေချာကြည့်သည်။ မုံသည်လည်း ကို့မျက်နှာကို သေချာပြန်ကြည့်မိသည်။

“မုံ သိပ်ပိန်တာပဲ”

“ကိုရောပဲ ပိန်တယ်၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေလည်း သေချာ မရိတ်မသင်နဲ့၊ ကြည့်လို့လည်း မကောင်းဘူး”

“ဟောဗျာ ဒါတောင် ဒီနေ့ သားသားကျောင်းအပ်မှာမို့လို့  ကို သပ်သပ်ရပ်ရပ်ဖြစ်နေတာ။ မိန်းမပစ်သွားကတည်းက 
ကိုယ့်ကိုယ်ကို ဖြစ်သလို ပစ်ချထားတာ၊ အဲဒါ မုံ မသိဘူးလား”

မုံ သိပါသည်လေ၊ ကို မုံ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ။ သို့သော် မုံ့ကို အဲသည်လောက် ချစ်ရန်၊ အဲသည်လောက် ခွင့်လွှတ်ရန် မသင့်ပါ။ မုံသည် ကို့အချစ် ကို့မေတ္တာ ကို့ခွင့်လွှတ်ခြင်းများနှင့် ထိုက်တန်သောမိန်းမ မဟုတ်။

“ကဲ စားပြီးရင် ပြန်တော့နော်၊ မုံ့အိမ်အထိ ကို လိုက်ပို့မယ်”

“ဟင်  မုံက ပြန်ရမှာလား”

“အေးပေါ့ ဘာလဲ မုံက မပြန်ချင်ဘူးလား”

“အင်းလေ ကိုသိလား၊ တိုက်ခန်းသော့ကို ဖေဖေတို့ဆီ ဒီမနက်ပဲ မုံ ပြန်အပ်လိုက်ပြီ”

“ဟာ…တကယ်လား၊  တကယ်လား မုံ၊ ကိုတို့ မိသားစုလေး တူတူပြန်နေရတော့မယ်ပေါ့၊ ဟား ပျော်လိုက်တာ မုံရာ၊ မုံ သိလား ကိုလေ မုံ့ကို သိပ်ချစ်တယ်၊  ခုထိလည်း တစ်စက်ကလေးမှ မလျော့ဘူး။ အရင်ကလိုပဲ အရင်ကအတိုင်းပဲ သိလား မုံ”

“ကျေးဇူးတင်ပါတယ် ကိုရယ်၊ မုံ့အပေါ် မေတ္တာမပျက်တာ၊ ချစ်နေတုန်းပဲဆိုတာသိရလို့ မုံ ဝမ်းသာတယ်။ မုံ လိမ်မာပါတော့မယ် ကိုရယ်၊ မုံလေ ဘယ်တော့မှ မမိုက်တော့ဘူး နော် ကို” နှုတ်ကဖွင့်ဆိုရန်မူ မုံ မရဲပါ။ စိတ်ထဲမှသာ တိုင်တည်ပြီး ကို့ကို ကတိတွေ ပေးနေမိသည်။ မမဦးကတော့ မုံ့အပေါ် ကြည်ကြည်ဖြူဖြူကြီးမဟုတ်သည့်တိုင် သူ့မောင်ကိုယ်တိုင်က သူ့မိန်းမကို မပစ်နိုင်သည်ကတစ်ကြောင်း၊ သား၏မေမေဖြစ်နေသည်ကတစ်ကြောင်းတို့ကြောင့် မပြောသာသည့်အနေအထားနှင့် ရှိလေ၏။

“ဖေဖေ သားကို ထမင်းခွံပါ။ ကြီးကြီးမေခွံ့တာ သားမစားချင်ဘူး၊ ဖေဖေပဲခွံ့”

“အာ….သားကလည်းကွာ…”

မုံ့မျက်နှာနားကနေ ခွာလိုက်ရင်း သားသားကို ပြောလိုက်တဲ့ ကို့အီလည်လည်စကားသံကြောင့် မုံ ရယ်မိတော့သည်။ ကိုကလည်း မချိုမချဉ်မျက်နှာနှင့် မုံနှင့်အတူရောယောင်ရယ်သည်။

“ကိုတို့ မိသားစုလေး ဒီလိုပဲ အမြဲပျော်ပျော်နေသွားကြမယ် နော် မုံ”

“ဟုတ် ကို….”

နွမ်းနယ်ပါးလျသော်လည်း ကြည်လင်သော မုံ့မျက်နှာလေးကိုကြည့်ကာ ကျွန်တော်နှစ်လိုအားရစွာ ပြုံးမိပြန်သည်။

“ကျွန်တော်နားလည်ပါတယ် အစ်ကို၊ စိတ်ချပါ”ဟု ခေါင်းလေးငုံ့ကာ ကတိပေးခဲ့သော၊ အမှားတစ်ခုအတွက် ခွင့်လွှတ်ပေးပါရန် ဝန်ချတောင်းပန်ခဲ့သော ကောင်ကလေးမျက်နှာကို ပြန်လည်မြင်ယောင်ရင်း “ကျေးဇူးပါ ညီ”ဟု စိတ်ထဲမှ ဆိုမိသည်။

ကောင်ကလေးနှင့်ကျွန်တော့်အကြား အမျိုးသားချင်းရှိအပ်သော နားလည်မှု၊ ညှိနှိုင်းမှု၊ အပေးအယူ ဒါတွေကို မုံ သိစရာမလို။ ကျွန်တော် မုံ့ကို ဘယ်တော့မှလည်း ပြောပြဖြစ်လိမ့်မည် မဟုတ်ပေ။

“ကို မုံလေ  ကို့ကို ကန်တော့ပါရစေ”

မုံသည် ခုံပေါ်ထိုင်နေရာမှ ကြမ်းပြင်ပေါ်ကျူံ့ကျူံ့လေးထိုင်ချကာ ကို့ခြေဖဝါးကို နဖူးနှင့်ထိအပ်လျှက် ကန်တော့လေသည်။

“ဟာ မုံ  ထ ထပါကွာ၊ ကို ခွင့်လွှတ်ပါတယ်၊ ဟာ မငိုပါနဲ့ မငိုပါနဲ့တော့ မုံရယ်”

ပြောရင်းက ကြာငုံဖူးလို ယှက်ထားသော မုံ့လက်ကလေးနှစ်ဘက်ကို ဆွဲယူကာ ထူထစေသည်။

“ဟင့်အင်း ငိုပါရစေ မုံ ငိုပါရစေ ကိုရယ်”

ပြောပြီး မုံက ကလေးတစ်ယောက်လို ဝမ်းပန်းတနည်း ဟီးကနဲ ငိုချလေတော့သည်။

“ကိုပြောမယ် မုံ၊  လူဆိုတာ မှားတတ်တာပဲ။ မုံက ပင်ကိုယ်စိတ်ကိုက တဇွတ်ထိုးလုပ်တတ်တာ၊ အဲဒါတွေကိုလျှော့ ဟုတ်ပြီလား။ လုပ်ပြီးမှ မှားမှားမှန်မှန် ခံလိုက်မယ်ဆိုတာထက် မလုပ်ခင်ကသေချာစဉ်းစား၊ နောက်ကပါလာမယ့် အကျိုးဆက်တွေကိုပါ ထည့်စဉ်းစား၊ ပြီးမှ လုပ်သင့် မလုပ်သင့် ဆုံးဖြတ်၊ နားလည်လား၊ မုံဟာ မငယ်တော့ဘူး။ စိတ်ကို အလိုမလိုက်နဲ့၊ စိတ်မိုက်စိတ်ရိုင်းကို ချွန်းအုပ်၍ ကောင်းမွန်စွာ သိမ်းဆည်းထိန်းကျောင်းနိုင်မှ ပြည့်စုံတဲ့ကိုယ်ကျင့်တရားကိုရမယ်တဲ့ မုံလည်း သိသားပဲ။ မုံဟာ တတ်သိနားလည်တဲ့ မိန်းကလေးတစ်ယောက်၊ အဆိုးအကောင်းကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ ကိုယ် သိတယ်။ ကျောင်းဆရာမကြီးတစ်ယောက်ပဲ ဖြစ်နေပြီ။  တပည့်တွေကို ပဲ့ပြင်တည့်မတ်ပေးရမဲ့အစား မုံကိုယ်တိုင်က မိုက်နေတော့ ကလေးတွေကို ဘယ်လို ဆုံးမမလဲဟင်”

တကယ်ဆို မုံက လွန်ခဲ့တဲ့ လေးနှစ်ခန့်ကလို မုံ့ပါးကို မရိုက်ရုံတမယ်ရွယ်ခဲ့တာမျိုးမဟုတ်ဘဲ နာကျင်သွားအောင် ရိုက်လိုက်စေချင်လှသည်။ သို့သော် ကိုက လက်ဝါးလေးနှင့်တောင်မရွယ်သည့်အပြင် မပြယ်သော ကို့အချစ်၊ မယွင်းသော ကို့သစ္စာသည် မုံ့ရင်ကို တဆစ်ဆစ်နာကျင်စေသည်။

ဆူးတစ်ချောင်းသည် ခပ်ကြီးကြီးခပ်မာမာ မြင်သာပါက နှုတ်ရထွင်ရလွယ်ကူလျှက် ပါးပါးမျှင်မျှင် မမြင်သာသော် ထွင်းရ ခက်လှမည်ပေ။ ကိုသည် အလုံးစုံသောခွင့်လွှတ်ခြင်းဖြင့် မုံ့နှလုံးသား၌ ခပ်မျှင်မျှင်ဆူးတစ်ချောင်းအား မထွင်သာမမြင်သာအောင် ထုတ်ချင်းခတ်ပေးလိုက်လေပြီ။ မုံ့ဘဝတစ်ခုလုံး နှလုံးသားတို့မျက်ရှနေအောင် တမြေ့မြေ့ခံစားလောင်ကျွမ်းရတော့မည်ဟု မုံ သိနေသည်။ ရှိစေ….။  မုံ့ အသက်ရှင်သန်နေသရွေ့ ထိုဆူးကလေးတစ်ချောင်း၏ မျက်ရှမှုကို မြတ်နိုးစွာထွေးပွေ့ ခံစားမည်သာ….။