Wednesday, January 8, 2014

မှန်ရာကို သစ္စာဆိုပါမည်….



ဂျီတော့ခ်လည်း မသုံးဖြစ်တာ ကြာလှပါပြီ။ မေးလ်ဝင်စစ်တာလောက်ရှိတော့တာပါ။ အရင်က အင်ဗိုက်ဇေးဘယ်လ်နဲ့ နေတတ်တာများပေမဲ့ ခု ဂူးဂယ်ဆိုင်ကယ်လ်ဆိုလား ဘာလား အဲဒါကြီး ဆိုင်းအင်ထားလို့ လူတွေမမြင်အောင် နေလို့မရဘူးဆိုပဲ။ ဆိုင်းအောက်လုပ်ကြည့်သေးတယ်။ ဒါပေမဲ့ ကျွန်မက အဲသလိုနေရာတွေမှာ အင်မတန်ညံ့တော့ကာ ဆိုင်းအောက်လုပ်လို့ ဘာမှ မဖြစ်ဘူး၊  အရင်အတိုင်းပဲ မြင်နေရတုန်းပဲလို့ ပြောတော့ ကျွန်မလည်း ဘာမှ ဆက်မလုပ်တတ်တော့ဘူး။ ဒါနဲ့ ဒီအတိုင်းပဲ ထားလိုက်တယ်။ တစ်နေ့ကတော့ လူတစ်ယောက် လာနှုတ်ဆက်တယ်။

 “ဟိုင်း ဆရာမ” တဲ့...။

ဘယ့်နှယ် ဟိုင်းစရာလား  ဒီအသက်နဲ့ ဒီအရွယ်ကိုလေ....။

“ဟုတ်ကဲ့ ပြောပါရှင့်”ဆိုတော့ “အစ်မက စာရေးဆရာမလား” တဲ့….

ဘုရားရေ ခက်တာပဲ။

“ဟုတ်ဘူးရှင့် ကျွန်မက စာရေးသူပါ”

သည်လိုပဲ ပြောရတာပလေ….

“ဟုတ်တယ်ရှင့် ကျွန်မက စာရေးဆရာမလေ၊ ဆရာ့ဆရာမပေါ့ အဟင်းဟင်းဟင်း” လို့ ပြောလိုက်လို့ကတော့ ၉၆ပါးရောဂါနဲ့မသေဘဲ အမြင်ကတ်ပုဒ်မနဲ့ ဘိုက်ဓါးထိုးခံ သေရမဲ့သဘောမှာ ရှိတယ်။

နောက်တော့ သူက အင်မတန်ကြီးမားလေးလံတော်မူထသော မေးခွန်းကြီးတစ်ခုကို ကျွန်မဇက်ပိုးပေါ် ဓါးတင်လို့ မေးတော်မူတယ်။

“အစ်မ ဘယ်လိုရည်ရွယ်ချက်နဲ့ စာရေးပါသလဲ၊ အစ်မရေးတဲ့စာတွေက ဖတ်သူတွေအတွက် အကျိုးတစ်စုံတစ်ရာဖြစ်စေမဲ့စာတွေ ရေးပါသလား” တဲ့

ဘုရား  ဘုရား ခုမှ ခက်တာပဲ

ကျွန်မလည်း ဖြေရခက်တာနဲ့ လူစုံတုန်းလေး အားလုံးသိရအောင် သစ္စာအဓိဌာန် အချက်ကြီး (၄)ချက်နဲ့  ဘလော့ဂ်ပိုစ့်လေးတင်ရင်း ပြန်ဖြေလိုက်ပါတယ်။ မှန်သားကြကုန်….။

(၁)
ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် နိုင်ငံတော်နှင့် လူမျိုးအပေါ် ကျေးဇူးပြုပါမည်ဟု သစ္စာမဆိုဖူးချေ။ (နောင်လည်း ဆိုလိမ့်မည် မဟုတ်)

(၂)
ကျွန်မသည် ငါ၏ကလောင်တစ်လက်ဖြင့် မြန်မာစာပေလောကကြီးအား မြှင့်တင်အံ့ဟု တစ်ခါမှ ပြက်လုံးမထုတ်ဖူးချေ။  (နောင်လည်း ထုတ်လိမ့်မည် မဟုတ်)

(၃)
ကျွန်မသည် ငါ၏ကလောင်သွားဖြင့် မြန်မာစာပေလောကကြီး ဖိန့်ဖိန့်တုန်သွားအံ့ဟုလည်း တစ်ခါမျှ မကြွေးကြော် (နောင်လည်း ကြွေးလိမ့် ကြော်လိမ့်မည် မဟုတ်)

(၄)
ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် အများသူငါ မြန်မာပြည်သူပြည်သားအပေါင်းတို့အား နားကလော်၊ မျက်စေ့ဖွင့်ပေးမှ တော်ပေအံ့ဟုလည်း တစ်ခါမျှ မြွက်တော်မမူ (နောင်လည်း မြွက်လိမ့်မည် မဟုတ်)

ဆိုရလျှင် ဒါဖြင့် ဘဇာကြောင့် စာတွေရေးနေရပါသနည်းဟု မေးချင်ကြပေလိမ့်မည်။ ဖြေရှင်းပြောပြ ခွင့်ပေးကြပါကုန်။

ကျွန်မသည် လူတွေထဲက လူတစ်ယောက်ပီပီ နေ့စဉ်နေထိုင်သွားလာစားသောက်ရာမှ တွေ့သမျှ 
မြင်သမျှသော ပတ်ဝန်းကျင်၌ ဝင်စားပါသည်။ (အာရုံ ဝင်စားသည်ဟု မှတ်ပါလေ)

ထိုအခါ နှလုံးသားရှိသူပီပီ မိမိနှလုံးအိမ်သို့လာရောက်ရိုက်ခတ်လာသမျှတို့အား မသိစိတ်နှင့်ရော သိစိတ်နှင့်ပါ သိုမှီးသိမ်းဆည်းထားမိလေသည်။ ထိုသို့ သိမ်းဆည်းထားသည်များ လွန်စွာ များပြားလာလတ်သော် ကွန်ပြူတာကိုဖွင့်၊ ကီးဘုတ်ကိုကိုင်ဆွဲ၍ ဖွင့်အန်ထုတ်သည်ရှိရာ ဤသည်ကို စာရေးခြင်းအမှုပြုသည်ဟု ဆိုကြပေအံ့။

အကိုးအကားနှင့် ထပ်၍ရှင်းပါမည်။ 

တောင်မြို့ဆရာတော်ကြီး ဟောဖူးသည်။ လူတွေဟာ နူနာရောဂါသည်တွေဖြစ်သတဲ့။ 

အဲသည်နူနာတွေက အချိန်တန်တော့ ယားလာလိုက်၊ ရုပ်ရှင်လေးကြည့်ပြီး အယားဖြေလိုက်….

အဲသည်နူနာတွေက နောက်တစ်ခါ ယားလာပြန်တော့ အယ်လ်ဗီအိတ်ဒေါ်လာ၂ထောင်လေး ပြေးဝယ်ပြီး အယားဖြေလိုက်…..

အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့ကာ ရှော့ပင်းလေးထွက်လိုက်၊ ကားကလေး ဝယ်စီးလိုက်၊ အောလ်စတားလေး ဝယ်ဝတ်လိုက်…….၊ စီးဖုလေး စားလိုက်…..၊  ဘာဘီလေး ကျူးလိုက်….

အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့……
အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့……

အင်း….သည်လိုနဲ့ပဲ တဏှာက ကြိုးဆွဲတဲ့နောက် တကောက်ကောက်လိုက်ရင်း မဆုံးနိုင်အောင် အယားဖြေကြရသတဲ့။

ဒီလိုပဲ…..ကျွန်မလည်း…..
ပတ်ဝန်းကျင်က မြင်သမျှ ကြားသမျှ ခံစားရသမျှ မတော်မတဲ့တွေရော တော်တော်တဲ့တဲ့တွေပါ ရင်ထဲ သိမ်းဆည်းထားရာက များလာလို့ လည်ပင်းဝရောက်လာတဲ့အခါ အန်ထုတ်ချလိုက်၊ စာတွေဖြစ်သွားလိုက်၊  ရင်ဖွင့်ချလိုက် စာတွေဖြစ်သွားလိုက်နဲ့….။  သည်လိုပဲ တော်ရာမှာ လူမြင်နတ်ကြား အယားဖြေနေရတာ။

ပထမဦးဆုံး ၂၀၀၉ခုနှစ်မှာ ဘလော့ဂ်လေးစဖွင့်ပြီး စာတွေရေး အယားဖြေခဲ့ရာက ခုတော့ စာအုပ်လေးတစ်အုပ် (ဝတ္ထုတိုပေါင်းချုပ်ကလေးပါ) ထုတ်ပြီး အယားဖြေရတဲ့အထိ နူနာရောဂါက သည်းလာခဲ့ရပြီ။ ဒီနူနာရောဂါ ရှိနေသမျှတော့ ရှေ့ဆက်လို့ ယားသမျှကိုလည်း သည်လိုပဲ ကုတ်ရ ဖဲ့ရဦးတော့မှာပဲ။

ကိုင်း  ဘာမေးချင်ကြသေးသတုန်း….

3 comments:

မိုးငွေ့........ said...

မိုက်တယ် ပြန်ဖြေပုံလေးက ...

tin min htet said...

အယ်လ်ဗီအိတ်ဒေါ်လာ၂ထောင်လေး ပြေးဝယ်ပြီး အယားဖြေလိုက် :) Who?

rose of sharon said...

အဟိ...မိုက်တယ်... နူနာရောဂါရှိပေမဲ့ မကုတ်ဖဲ့နိုင်တဲ့သူတွေထက်အများကြီးသာပါတယ်မချစ်ရာ... (အကြီးကြီးအားပေးနေပါတယ်....)... ရန်ကုန်ပြန်ရင်မချစ်စာအုပ်ကိုဝယ်ဖြစ်အောင်ဝယ်ဦးမှာ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်