Tuesday, January 7, 2014

အချိန်ဖတ်စက်များ

နာရီတွေကို ဘယ်အချိန်ကတည်းက စွဲလန်းခဲ့မိမှန်း ကျွန်မ သေချာမမှတ်မိပါ။ သို့သော် ကျွန်မ သတိထားမိချိန်တွင် ကျွန်မ၌ နာရီရောဂါက ရင့်နေခဲ့ပြီဖြစ်သည်။

ကျွန်မမှတ်မိသော ပထမဦးဆုံးနာရီကလေးသည် ကျွန်မအသက် ဆယ့်ကိုးနှစ်မှာ ဖေဖေပေး ခဲ့သောနာရီကလေးဖြစ်ပါသည်။  ထိုနာရီကလေးသည် စီကိုတံဆိပ်နာရီကလေးဖြစ်ပြီး ဒိုင်ခွက်အဝိုင်း ကလေးမှာ အတွင်းပိုင်းက ငွေရောင်နှင့် အပြင်အနားမှာ ရွှေရောင်အရစ်ကလေးနောက်တစ်ဝိုင်း ဝိုင်းထားသော နာရီကလေး ဖြစ်ပါသည်။ မိန်းမပတ်နာရီ အဝိုင်းပုံ အလတ်စားအရွယ်ကလေးဖြစ်ပြီး ကျွန်မကို ပတ်ပေးချိန်တွင် အဖေက ကျွန်မပါးကို မွှေးပြီးမှ သမီးကြီးအတွက်၊ ရိုရိုသေသေ ပတ်နော်ဟု ပြောပြီး ပေးခဲ့တာဖြစ်လေသည်။

မှတ်မှတ်ရရ ထိုစဉ်က ကျွန်မမှာ ကျောင်းသားအရေးများတွင် ပါဝင်လျှက်ရှိကာ အမေက စိတ်ပူ၍ အိမ်မှာမအိပ်ရဘဲ (ထိုစဉ်က ကျောင်းသားတွေကို သက်ဆိုင်ရာမှ ညဘက်ညဘက်တွေ အိမ်မှာ လာလာခေါ်တတ်သော အချိန်ဖြစ်သည်) တစ်ခြားရပ်ကွက်ရှိ အဒေါ်တွေအိမ်မှာ သွားရောက်နေထိုင် ရစဉ်ဖြစ်ပါသည်။ အဖေ နိုင်ငံရပ်ခြားအလုပ်လုပ်ရာမှ ပြန်ရောက်ရောက်ချင်း ကျွန်မကို အိမ်မှာ မတွေ့၍ မေးရာ အဒေါ်တွေအိမ်မှာ သွားအိပ်တယ်ဆိုသောကြောင့် အခေါ်ခိုင်းရာက ကျွန်မအိမ်ပြန်ရောက်လာရသော ပထမဆုံးနေ့ပင်။ ထိုနေ့မှစ၍ အဖေက ကျွန်မကို အိမ်မှာပင် အိပ်စေပါသည်။ အဖေ့မေတ္တာကြောင့်ပဲလား မသိ၊ ကျွန်မ ဘေးရန်ကင်းခဲ့ပါသည်။

ပြန်ဆက်ပါမည်။ ထိုစဉ်က အဖေပေးသောနာရီကလေးကို ကျွန်မ အလွန်နှစ်သက်မိပါသည်။ အိမ်ပြားပြားကလေးက ဝတ်လိုက်သည်နှင့် လက်မှာ ကပ်ချပ်နေကာ၊ သားရေလက်ပတ်ကြိုး အညိုကလေးနှင့်။ သို့သော် ထိုနာရီကလေး ဘာကြောင့် ပျက်သွားရသည်ကို ကျွန်မ မမှတ်မိတော့ပါ။ အကြောင်းမှာ ကျွန်မသည် မည်မျှနှစ်ခြိုက်သည်ဖြစ်စေ ဘယ်အရာကိုမှ တခုတ်တရမရှိဘဲ ခဏသာ စွဲလန်းတတ်သောကြောင့်၊ တစ်လုံးပျောက်ပျက်သွားရင် နောက်အသစ်တစ်လုံး ရတာပေါ့ဟု သဘောထားတတ်သောကြောင့်ပင်။

ထိုနာရီကလေးနောက်မှာ ကျွန်မ ပတ်ဖြစ်သောနာရီက အယ်လ်ဘာအမျိုးအစား ဒိုင်ခွက်ငွေရောင် ကလေးနှင့် အိမ်အဝိုင်းကလေးဖြစ်ပါသည်။ ထိုနာရီကလေးကိုလည်း ဘာရယ်မဟုတ် မရှိသုံးအနေနှင့် ပတ်ဖြစ်ကာ ပျက်ပြန်တော့ အလွယ်တကူ နောက်တစ်လုံး ဝယ်ပတ်ဖြစ်ပြန်ပါသည်။

သေချာသည်မှာ ထိုစဉ်က ဝင်ငွေ မရှိသေးချိန်မို့ နာရီကို တစ်လုံးပျက်မှ တစ်လုံးဝယ်ပတ်သည်သာ။ 
 
ကျွန်မကိုယ်ပိုင်ဝင်ငွေနှင့် ကျွန်မစိတ်ကြိုက်နာရီများကို ဝယ်ပတ်နိုင်ချိန်တွင် အမျိုးအစားတစ်မျိုးတည်းသော နာရီများကို အရောင်စုံအောင် ဝယ်စုလျှက် တမက်တမော ပတ်ဖြစ်ပါသည်။ ကျွန်မကြိုက်သော နာရီအမျိုးအစားမှာ G-Shock နှင့် Baby G ဖြစ်သည်။ နာရီအိမ် အကြီးကြီးတွေ ကျွန်မလက်ကလေးပေါ် တင်ပတ်ရသောအရသာကို ကျွန်မ စွဲလန်းပါသည်။ ထို့အပြင် G-Shock နှင့် Baby G သည် နာရီဒီဇိုင်းဆန်း၊ အရောင်ဆန်းဆန်းတို့နှင့်ဖြစ်ရာ ကျွန်မမှာ တစ်ခြား ဘယ်တံဆိပ်ကိုမှ ပြောင်းမပတ်နိုင်ဘဲ G-Shock နှင့် Baby Gကိုသာ တစွဲတလန်းဝယ်ဖြစ်ခဲ့ သည်။ မော်ဒယ်အသစ်ပေါ်တိုင်းလည်း သွားရောက်ကြည့်ရှုကာ ကြိုက်လျှင် ဝယ်လိုက်သည်သာ။ သို့သော် နာရီတစ်လုံးတွင် ကျွန်မ အလေးထား ကြည့်ရှုမိသည်က စက်အမျိုးအစား၊ ဘယ်နိုင်ငံထုတ် ဆိုတာမျိုးမဟုတ်ဘဲ ပုံစံ၊ အရောင်နှင့် စတိုင်လ်သာ ဖြစ်လေသည်။

မှတ်မှတ်ရရ ရည်းစားတစ်ယောက်နှင့် ပြတ်ပြီးသော ကျွန်မမွေးနေ့မှာဖြစ်သည်။ ထိုရည်းစားက ကျွန်မဆီ အီးမေးလ်တစ်စောင်လှမ်းရေးပါသည်။ ဓါတ်ပုံနှင့်တွဲပို့လိုက်သော စာဖြစ်ပြီး ပုံမှာ ဘေဘီဂျီနာရီ လိမ္မော်ရောင်ကလေးဖြစ်သည်။ သူ့စာအရဆိုလျှင် ထိုနာရီကို ကျွန်မမွေးနေ့အတွက် လက်ဆောင်အဖြစ် ရည်ရွယ်ဝယ်ယူခဲ့သည်ဟု ရေးထား၏။ ယခု ပေးတော့မည်မဟုတ်ဟု အဓိပ္ပါယ်ရလေသည်။ နာရီကလေးမှာ ကျွန်မကြိုက်သော အမျိုးအစား၊ ပုံစံ၊ အရောင်အသွေးဖြစ်ရာ ကျွန်မရင်ထဲ နင့်ကနဲ ခံစားသွားရသည်ကို ဝန်ခံရပေမည်။ သို့သော် ပြီးပြတ်ခဲ့သည်များ၌ ငြိတွယ်ခြင်း အလျဉ်းမရှိသောကျွန်မက သြော်….ယောကျာ်း ယောကျာ်းဟု မည်တမ်းလျှက် ပြုံးမိရုံသာ။

ပထမဦးဆုံး ဝယ်ဖြစ်ခဲ့သော ဘေဘီဂျီနာရီလေးသည် အနက်ရောင် အိမ်အဝိုင်းကလေးဖြစ်သည်။ ဒိုင်ခွက်မှာ အချိန်နာရီပြသည်က ခပ်သေးသေး၊ ခွေးကလေးတစ်ကောင် အရိုးနှင့်ဆော့ကစားနေ သည့်ပုံနှင့် ဒေါ်လ်ဖင်ငါးကလေး ဆော့ကစားမြူးတူးနေသည့်ပုံတို့ တစ်လှည့်စီပေါ်လာတတ်သော နာရီကလေးဖြစ်လေသည်။ အဲသည့်ပုံတွေကို ဖျောက်ထားပြီး အချိန်နာရီပြတံကိုသာ ရွေးချယ်၍လည်း ရပါသည်။ သို့သော် ကျွန်မက အရုပ်ကလေးတွေကိုသာ တဖျတ်ဖျတ်ပေါ်စေလျှက် အချိန်နာရီကို ခပ်သေးသေးသာ ပေါ်လွင်စေမြဲဖြစ်၏။

ကျွန်မမှာ ထိုအနက်ရောင်ကလေး၊ ပြီးတော့ အဖြူ၊ ပြီးတော့ အစိမ်းနုနု (သူကတော့ ဒိုင်ခွက်လေးထောင့်ကလေး)၊ သစ်သားရောင်၊ ခရမ်းရောင်၊ နောက်ထပ် အနက်နှင့် ရွှေရောင်ရော ထားသောနာရီကလေး စသည်ဖြင့် ဝယ်ဖြစ်ခဲ့ပါသည်။ နာရီများဝယ်ရခြင်း အကြောင်းမှာ မော်ဒယ်ဒီဇိုင်း အသစ်ထွက်လို့ဆိုသည်ထက် မွေးနေ့မို့၊ ဘောနပ်စ်ရလို့၊ လစာတိုးလို့ စသည်တို့က ပိုများပါသည်။ ထိုဝယ်ယူပြီးသောနာရီများကို နှစ်သက်စွာပတ်ဖြစ်လျှက် အဝတ်အစားနှင့်လိုက်ဖက်အောင် ရွေးချယ် ဝတ်ဆင်တိုင်း ကျွန်မ စိတ်ကျေနပ်ရသည်။

ထိုသို့ နာရီများကို တစွဲတလန်းပတ်နေမိရာမှ နာရီပတ်ဖို့မေ့ကာ အလုပ်ကို အပြေးသွားရ သည့်နေ့တို့ကြုံလာရသော် နာရီမပါသော လက်ဗလာကို ကြည့်ကာ တစ်စုံတစ်ရာ၏ချည်နှောင်မှုအား တုန့်ကနဲ တမ်းတမိလေ၏။ ထိုအခါများစွာတို့တွင် လက်ကိုင်ဖုန်းမှ၊ ကွန်ပြူတာမှ အချိန်ကိုသာ ကြည့်ရှုနေတတ်ခဲ့ရသည်။ သက်မဲ့ပစ္စည်းကလေးတစ်ခု၊ ကိုယ်ပေါ်မှာ ထိတွေ့နေကျပစ္စည်းကလေးတစ်ခု၏ ချည်နှောင်မှုကပင် လူကို တင်းကြပ်နှောင်တွယ်စေသည်ပဲ။

နာရီများကြောင့် ကျွန်မစိတ် ကသိကအောင့်ဖြစ်စေသော အချိန်လည်း ရှိခဲ့ဖူးသည်။ ကျွန်မမှာရှိသော ထိုနာရီများ တစ်လုံးနှင့်တစ်လုံး အချိန်မတူသည်ကို တွေ့ရသောအခါ နာရီများအပေါ် ယုံကြည်မှု၊ စွဲလမ်းမှုတို့ လျော့နည်းသလိုလိုပင်ဖြစ်လာခဲ့သည်။  ထိုနာရီဟု ခေါ်တွင်သော အချိန်ဖတ်စက်ကလေးများက ပြသောအချိန်ဆိုတာ တကယ်ရော မှန်ပါရဲ့လားဟု သံသယဝင်မိသည်။
 
ဟိုးအရင် သည်လို စက်နာရီတွေ၊ သံပတ်နာရီတွေ မပေါ်ခင်က နေနာရီ၊ ရေနာရီ၊ သဲနာရီတွေ သုံးခဲ့ကြသည်။ သူတို့ကရော အချိန်ဆိုတာကို မှန်မှန်ကန်ကန် ဖော်ပြခဲ့နိုင်ကြပါသလား။ ကျွန်မ သိချင်မိသည်။

တစ်နာရီမှာ မိနစ် ၆၀၊ တစ်မိနစ်မှာ စက္ကန့် ၆၀ဆိုတာကရော ဘယ်လောက်များ မှန်နိုင်မှာတဲ့လဲ။ တစ်နာရီမှာ မိနစ် ၁၀၀၊ တစ်မိနစ်မှာ စက္ကန့်၁၀၀လို့ သတ်မှတ်ပြီး စက္ကန့်ကြိမ်နှုန်းကို ခုထက်မြန်လိုက်ရင်ရော မရနိုင်ဘူးလား။ တစ်ချို့ကလည်း လူတွေရဲ့ ပျမ်းမျှနှလုံးခုန်နှုန်းဟာ ၁မိနစ်ကို အကြိမ် ၆၀ခန့်ဖြစ်သည့်အတွက် ၁မိနစ်မှာ စက္ကန့် ၆၀သတ်မှတ်သည်ဟု ဆိုကြပြန်သည်။

တစ်နှစ်ပတ်လုံးတွင် အီကွေတာအပေါ်သို့ နေကျရောက်သော အချိန် ၂ချိန်ရှိသည်၊ (ခန့်မှန်းခြေ) မတ်လ ၂၀နဲ့ စက်တင်ဘာ ၂၂ ဝန်းကျင်ရက်များမှာ ဖြစ်လေသည်။ အဲသည်လိုရက်တွေမှာ နေ့နဲ့ညဟာ အချိန်အလျား ညီသွားတတ်သည်။ ထိုရက်များကို equinox days ဟု ခေါ်ရာ ဂရိလူမျိုး နက္ခတ်တာရာပညာရှင် Hipparchus က ထိုအပေါ်မှာ အခြေခံ၍ နာရီများကို နေ့နှင့်ည ၁၂နာရီစီထားရန် အကြံပြုခဲ့ရာမှ စသည်ဟု ဖတ်ဖူးသည်။

သို့သော် ဘာကြောင့် နေ့နဲ့ညမှာ ၁၂နာရီစီရှိရမည်ဟုသတ်မှတ်ပြီး တစ်နာရီမှာ ၆၀မိနစ်၊ ၁မိနစ်မှာ ၆၀စက္ကန့် ဘာကြောင့်ထားရသည်ဆိုတာကိုတော့ မသေချာပြန်ပေ။  ၆၀သည် ၁၀၊ ၁၂၊ ၁၅၊ ၂၀၊ ၃၀ တို့နဲ့ စားလျင် အကြွင်းမဲ့ပြတ်သော အငယ်ဆုံးနံပါတ်ဖြစ်သောကြောင့်ဟု ဆိုသည်။

ယခုပတ်နေကြသောစက်နာရီတွေကို  ၁၄ရာစုနှစ်လောက်မှာမှ ဥရောပမှာ စတင်တီထွင်သုံး စွဲခဲ့ကြတာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျွန်မသည် နာရီပတ်သူတစ်ဦးသာ ဖြစ်လျှက် အချိန်အပေါ် မှီခိုသူတစ်ဦးတော့ဖြင့် မဟုတ်ပြန်။ ကျွန်မတစ်ဦးတည်းအတွက်ဆိုလျှင် ကျွန်မစိတ်၊ ကျွန်မခန္ဓာအပေါ်တွင်သာ တည်မှီနေထိုင်ပါသည်။ ထမင်းချိန်၊ အိပ်ချိန် စသည်တို့ကို အချိန်နှင့် သတ်မှတ်ထားခြင်းကို ကျွန်မ မုန်းတီးမိရာ ကျွန်မအတွက်တော့  ဆာမှ စားမည်၊ အိပ်ချင်မှ အိပ်မည်။ လုပ်ချင်မှ လုပ်မည်ပင်။ အလွန်ခေါင်းမာ ပေတေသောသူဟု ဆိုနိုင်ပါသည်။

သို့သော် အများနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ရသည့်အခါများစွာတို့၌ သူသူကိုယ်ကိုယ် သတ်မှတ် ထားသော၊ ထိုအချိန်ပြစက်ကလေးများက ပြဆိုသောအချိန်နာရီကို ကျွန်မ ကြိုးစားပမ်းစား လိုက်နာသူဖြစ် ရပြန်ပါ၏။

တကယ်တမ်းကျတော့ ကျွန်မသည် နာရီများကိုသာ နှစ်သက်တတ်သူဖြစ်လျှက် အချိန်ဆိုသည်ကို ယုံကြည်တတ်သူ မဟုတ်။ အချိန်အစုအဝေးကို ကာလဟု ခေါ်ဆိုကြရာ နာရီလက်တံများကို ရှေ့လှည့် နောက်လှည့်ရုံမျှနှင့် ထိုကာလတို့ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ကျွန်မသည် အားလုံးနှင့် တစ်ချိန်တစ်သားတည်းသာ ရှိနေရမည်ပင်။ 

အချိန်များနှင့် ပြဌာန်းသော လူ့ဘဝတစ်ခု ကျွန်မ ရရှိခဲ့ပြီ။ နောက်ပြန်လှည့် မရနိုင်သလို ရှေ့သို့ ကျော်ဖြတ် တက်ချင်လည်း မရနိုင်။ အများသတ်မှတ်ထားသော အချိန်ဆိုသည်နှင့် နေသားတကျဖြစ်အောင် ကျွန်မ ကြိုးစားရပါဦးမည်။

အချိန်တွေကိုပြသော၊ လူတို့တီထွင်ပြုလုပ်ထားသော စက်နာရီတွေဟာ မှန်ကန်ပါရဲ့လား။

ကျွန်မ၏ သံသယကို ကျေနပ်လောက်အောင် ချေဖျက်မပေးနိုင်သော်လည်း အချိန်များပြသော နာရီကလေးများအပေါ် ကျွန်မ နှစ်သက်ဆဲပေ။ 


2 comments:

  1. နာရီတွေကို စွဲလန်းသဘောကျတာ၊ နာနီ မပတ်ထားရင် တခုခု လိုနေတာ တူပါသည်။ သို့သော် ကေက အချိန်တွေကိုပါ စွဲလမ်း ရူးသွပ်သူဖြစ်သည်။ တနေ့တာ၏ ဘာပြီ:ဘာလုပ်မယ် အချိန်ဇယားများသည် စနေတနင်းဂနွေနားရက်များမှာပင် ချစ်သောနာရီများနှင့် တွဲလျှက်ရှိ၏။ ဘယ်လောက်အရေးမကြီးသော ချိန်းဆိုမှူဖြစ်ပါစေ တိကျသောအချိန်ရောက်ရန် အားထုတ်၏။ ရလဟ်က ၉၉ရာနုန်းသော အချိန်မမှန်သူများကို စိတ်တို ဒေါသဖြစ်ရခြင်း ဖြစ်ပါသည်။

    ReplyDelete
  2. နာရီ အချိန်ဆိုတာလည်း ပညတ်တွေပါ တံခါးမကြီး။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...