Friday, January 24, 2014

ထွေရာလေးပါး-၇

ထွေရာ-၁)  လှေနံနှစ်ဘက်နင်းခြင်း

အဲဒီစကားလုံးဟာ လူတိုင်းကြားဖူးနေကျဖြစ်မယ်လို့ ကျွန်မ ထင်ပါတယ်။ ကြားမိတိုင်းလည်း လှေ နံနှစ်ဘက်နင်းတယ်ဆိုတာ နှစ်ဘက်ခွရပ်တည်နေသူ၊ မပြတ်သားသူ၊ ဆုံးဖြတ်ချက်မရဲသူဆိုပြီး ဗီလိန်အဖြစ် ဆိုးတဲ့ဘက်ကနေ ပုံဖော်တတ်ကြတာများတယ်။ တကယ်ဆို သူ့မူရင်းအဓိပ္ပါယ်က မျှခြေရှာသူ၊ ရပ်တည်ဖို့ ကြိုးစားသူ၊ နှစ်ဘက်မျှတွေးတတ်သူလို့ နောက်တစ်နည်း အနက်ဖွင့် ရမှာပါ။ မြစ်ကူးချောင်းဖျားနဲ့ ရင်းနှီးသူများဆို ကျွန်မပြောချင်တာကို ကောင်းကောင်းကြီးမြင်သာပါလိမ့် မယ်။ လှေပေါ် တက်တဲ့အခါ လှေနံတစ်ဘက်ထဲ နင်းလို့မှ မဖြစ်တာဘဲကိုး၊ ဘေးဘယ်ညာ လှေဝမ်း ဘိုက်နှစ်ဘက်ကို ခြေထောက်ကားရားခွပြီး ကန်ထားရတယ်။ ဒါမှ မလူးဘဲ လှေငြိမ်နိုင်ပေမယ်။

ဒီတော့ အနက်က နှစ်ခုကွဲထွက်သွားတယ်။ လူမှုဆက်ဆံရေးတွေမှာ နှစ်ဦးနှစ်ဘက်အပေါ်၊ အခြေအနေအရပ်ရပ်အပေါ် မျှမျှတတနားလည်ပေးနိုင်တဲ့သူ၊ ရည်းစားနှစ်ယောက်အပေါ် မျှမျှတတ ချစ်နိုင်သူ (တစ်ယောက်ကို သုံးဆယ်သား အချိုချကျွေးရင် နောက်တစ်ယောက်ကိုလည်း သုံးဆယ်သား အချိုချကျွေးတတ်သူများကို ဆိုလိုပါတယ်) ဒီလိုဖြစ်သွားတယ်။

ဆိုတော့ကာ လှေနံနှစ်ဘက်နင်းတာ ကောင်းသလား ဆိုးသလားမေးလာရင် အခြေအနေပေါ်မူတည်ပြီး ကြည့်ဆုံးဖြတ်လို့သာ ပြောရတော့မှာပါပဲ။

ထွေရာ-၂) ပီလေးလုံးနဲ့ အက်ဖ်လေးလုံး

အပေါင်းအသင်း သိပ်မင်တာပဲ၊ အစားထက်တောင် မက်သေးတယ်လို့ တစ်ချို့လူတွေကို ပြောတတ်ကြ တယ်။  အင်္ဂလိပ်စကားလုံး နှစ်ခု ရှိပါတယ်။ ပီလေးလုံးနဲ့ အက်ဖ်လေးလုံးပါ။

ပီလေးလုံးက Productivity, Pay, Performance နဲ့ Profit ဖြစ်ပြီး အက်ဖ်လေးလုံးကတော့ Families, Friends,  Festivals နဲ့ Fun တို့ပဲ ဖြစ်ပါတယ်။ ပီလေးလုံးက မြန်မာလို ထုတ်လုပ်နိုင်စွမ်း၊ လစာ၊ အလုပ် လုပ်ရည်ကိုင်ရည်နဲ့ အမြတ်အစွန်း၊ အက်ဖ်လေးလုံးကတော့ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ပွဲလမ်းသဘင်နဲ့ အပျော်အပါးတို့ပါပဲ။

ဒါကို သူ့ကိုယ်သူ ကိုရင်တာလို့ ရေးတတ်ပြောတတ်တဲ့ ဆရာကိုတာက “ပီလေးလုံးကို လူတွေ ကြည့်ကြမြဲဖြစ်သော်လည်း အက်ဖ်လေးလုံးဟာဖြင့် ပိုပြီး လူနှင့် မတူဘူးလား”လို့ ဆိုထားပါတယ်။ ဟုတ်တယ်၊ ကျွန်မလည်း အက်ဖ်လေးလုံးကမှ လူသားပိုဆန်တယ်လို့ လက်ခံမိပါတယ်။

“လူတွေဟာ တိုးတက်ကြီးပွားလွန်းချင်စိတ်တွေကြောင့် ပီလေးလုံးနောက် အလိုက်လွန်ပြီး အက်ဖ်လေးလုံးအတွက် အချိန်ပေးဖို့ မေ့ထားတတ်ကြတယ်။ ဒါမှ မဟုတ် အက်ဖ်လေးလုံးအတွက် ခပ်ပေါ့ပေါ့ပဲ တွေးတတ်ကြတယ်။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ မရှိဘူး၊ မကြည့်ဘူး၊ အလုပ်မှ အလုပ်၊ အလုပ်ကိုပဲ ကြည့်ရမယ်ဆိုပြီး ပြင်းပြင်းထန်ထန်ပြောဆိုသူများကို ကျွန်တော့်အနေနှင့်တော့ မိတ်ဆွေ မလုပ်လိုပါ” လို့ ဆရာကိုတာက ပြောပါတယ်။ 

ကျွန်မကတော့ ပီလေးလုံးနဲ့ အက်ဖ်လေးလုံးအကြား မျှမျှတတလေးဖြစ်ဖို့သာ လိုလားသူပါ။ အထက်က ကျွန်မပြောခဲ့တဲ့ဥပမာနဲ့ပြောရရင် လှေနံနှစ်ဘက်နင်းလိုသူကြီးကျွန်မသာဖြစ်တယ်လို့ ပြောရပေမပေါ့ရှင်။

စကားမစပ် ကျွန်မ ဆရာကိုတာကို သိပ်ချစ်တာပဲ၊ အပြင်မှာတော့ မသိပါဘူး၊ ပုံတွေထဲမှာတော့ ဆရာဟာ ပြုံးပြုံးကြီးပါ၊ သူ့ကို ပါဂျဲရိုး (ဟိုးအရင်ခေတ်ကတည်းကစီးတဲ့ ပါဂျဲရိုး) စီးတဲ့ စာရေးဆရာလို့ တချို့က ငေါ့သော်လည်းပဲ သူကတော့ သူ့ပုံစံအတိုင်း ပြုံးပြုံးကြီးသာ တုန့်ပြန်ပါတယ်။

ထွေရာ-၃) အချစ်ဆိုတာ

မရိုးနိုင်တဲ့အကြောင်းအရာတစ်ခုဟာ အချစ်ပဲပေါ့။ 

လူတွေဟာ အချစ်ကို သန်ရာသန်ရာဖွင့်ဆိုတတ်ကြပြန်တယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့၊ အချစ်ဆိုတာ ရယူလိုခြင်းတဲ့၊ အချစ်ဆိုတာ သူသာပျော်မယ်ဆို ကိုယ်လည်းပဲ ပျော်နေနိုင်တဲ့အရာတဲ့ (ဒါကိုတော့ ကျွန်မက တယ်သဘောမတွေ့လှဘူး)။ ဟင့်အင်း၊ ကျွန်မအမြင်မတော့ ဒါဟာ အချစ် မဟုတ်တော့ဘူး၊ မေတ္တာဖြစ်သွားပြီ။ အချစ်ထက်ပိုလွန်သောလို့သာ သတ်မှတ်လိုက်ချင်တယ်။

စာရေးဆရာဆိုတဲ့သူတွေ၊ ကဗျာဆရာဆိုတဲ့သူတွေ အဆိုးဆုံးပေါ့။ အချစ်ဆိုတာကို ကလောင်လေးတစ်လက်နဲ့ သွက်သွက်လက်လက်ကြီး ရေးပြောဖွင့်ဆိုတတ်ကြတာ သူတို့ပဲပေါ့။ ဒါကလည်း ကျွန်မပြောခဲ့သလို တစ်ဦးတစ်ယောက်ချင်းစီနဲ့သာ ဆိုင်ပါတယ်။ အပေးမှာ ယုံကြည်သူက အချစ်အတွက် ဘာမဆို ပုံပေးချင်သူ ဖြစ်နေဦးမှာပဲ၊ သူ့အတွက်တော့ အချစ်ဆိုသည်မှာ ပေးဆပ်ခြင်းပေ တကားလို့ ယုံကြည်နေဦးမှာ ဖြစ်သလို၊ အယူအပေါ်မှာ အားသန်သူကလည်း အချစ်ဆိုတာ ရယူ ပိုင်ဆိုင်ခြင်းဖြစ်တော့သကိုးလို့ ပြောနေဦးမှာ၊ အချစ်အတွက် စစ်ပဲဖြစ်ရဖြစ်ရလို့  လက်သီးလက်မောင်း တန်းချင်တန်းနေဦးမှာ။

ချက်ကော့ဗ်ကို ဘဝဆိုတာ ဘာပါလိမ့်လို့မေးတဲ့အခါ သူက "မုန်လာဥဆိုတာ ဘာလဲလို့ မေးသလိုဖြစ် မနေဘူးလားဗျာ၊  မုန်လာဥဟာ မုန်လာဥပဲပေါ့ဗျ" လို့ ပြန်ဖြေသတဲ့။ 

ဒီတော့ အချစ်ဆိုတာ ဘာလဲလို့ ကျွန်မကို မေးလာရင် အချစ်ဆိုတာ အချစ်ပဲပေါ့ လို့သာ ပြန်ဖြေလိုက်ပါ့မယ်။ ထားလိုက်ပါ၊ ရှင်တို့ အချစ်ကို တံဆိပ်ကပ်ဖို့ လုပ်နေတာတွေ ရပ်တန်းကသာ ရပ်ကြစမ်းပါလို့ ထပ်ပြောလိုက်ဦးမယ်။

ထွေရာ-၄) ဘာမှ ဟုတ်ခြင်း၊ မဟုတ်ခြင်း

"လူတွေဟာ တချို့အခြေအနေတွေမှာ ငါဟာ ဘာမျှမဟုတ်ဘူးပေါ့ဗျာ၊ သို့သော် ငါဟာ ဘာမျှမဟုတ်တာဟာ မကောင်းဘူး၊ ငါဟာ တစ်စုံတစ်ရာဖြစ်ရင် ကောင်းမယ်"လို့  ဆရာကိုတာက သူ့စာအုပ်ထဲမှာ ရေးဖူးပါတယ်။

ကျွန်မတို့လည်း တွေ့နေမြင်နေတတ်ကြပါတယ်။ ဘယ်လောက်ကြီးပဲ ကိုယ်ဟာ သာမန်ပါ လို့ ပြောနေသူတွေပဲ ဖြစ်ပါစေဦး၊ အနည်းဆုံးတော့ ကိုယ်ဟာ သာမန်မျှ မဟုတ်၊ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာမျိုး သက်သေပြတတ်ချင်နေသေးတာပါပဲ။ အဲဒီအတွက် ကြိတ်ပြီး ချိုသွေးနေတတ်ကြတာပါပဲ။ အချိန်စောင့်နေသူများလို့ ပြောရင် ရနိုင်မှာပါ။ (အချိန်ကို အိပ်ပြီးစောင့်နေသူများတော့ ဒီအထဲ မပါဘူးပေါ့ရှင်၊ ချုံထဲကနေ ချိုသွေးသပ တမြမြများကိုသာ ဆိုလိုတာပါ)

ဒီမှာ ကျွန်မ သတိရမိတာလေးတစ်ခု ပြောချင်သေးတယ်။ ခုနက အပေါ်မှာ ရေးခဲ့သလို လူဟာ ကိုယ့်ကိုယ်ကို ဘာမျှမဟုတ်လို့ နှိမ့်ချနေရင်းကပဲ တစ်စုံတစ်ယောက်ဖြစ်လိုစိတ်ဟာ သူ့အတွင်းစိတ်မှာ ခိုနေတတ်ပါတယ်။ 

အစိုးရအထက်တန်းကျောင်းတွေမှာ အဖြူအစိမ်းဝတ်စုံဝတ်ကြရတယ်။ အဲဒီမှာ တန်းတူရည်တူ အရောင်အသွေးတူဝတ်ဆင်မှုဟာ တစ်စိတ်တစ်ဝမ်းထဲ ဖြစ်စေလိုမှုအတွက် တန်းညှိလိုက်တာပဲ မဟုတ်လား။ ဆင်းရဲချမ်းသာမှုတွေကိုပါ တစ်ခါထဲ ညီညွတ်စေလိုက်ခြင်းပဲပေါ့။ အဲဒီအဖြူအစိမ်းကိုမှ သရီးရိုင်ဖယ်၊ ရှန်မွိုင်း၊ ဖဲသားပိုးသား ဒီလိုကောင်းအောင် ဝတ်ဆင်ခြင်းမျိုးဟာ သူများထက်သာလိုစိတ်၊ တစ်စုံတစ်ယောက်ဖြစ်လိုစိတ်ရဲ့ အခြေခံပါပဲ။ 

ကျွန်မ ယုံကြည်တာနောက်တစ်ခု ရှိပါသေးတယ်။ အဲဒါက လူတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်သာ တန်းတူရည်တူ ခံစားခွင့်၊ လုပ်ပိုင်ခွင့်၊ ပြောရေးဆိုခွင့်တွေ ရှိရမယ်။ လူတိုင်းလူတိုင်း သာတူညီမျှအကျိုးခံစားခွင့် ရှိရမယ်ဆိုတာကိုတော့ ကျွန်မ လုံးဝလက်မခံနိုင်ပါဘူး။ လူတိုင်းလူတိုင်း သာတူညီမျှအကျိုးခံစားခွင့်ရှိရမယ်ဆိုရင်တော့ ဒါဟာ လူပျင်းတွေအတွက် သိပ်ကောင်းတဲ့ခံစားခွင့်ဖြစ် သွားပြီ။ 

န ဘိက္ခဝေ ဟိနေန
အဂ္ဂဿ ပတိ ဟောတိ

အဂ္ဂေန စ ခေါ ဘိက္ခဝေ
အဂ္ဂဿ ပတ္တိ ဟောတိ။

"ရဟန်းတို့ အညံ့စားလုံ့လဝီရိယဖြင့် အမြတ်စားအထွတ်အထိပ်သို့ ရောက်ရိုးထုံးစံ မရှိချေ။
ရဟန်းတို့ အမြတ်စားလုံ့လဝီရိယဖြင့်သာ အမြတ်စားအထွတ်အထိပ်သို့ ရောက်ရိုးထုံးစံရှိချေသည်" လို့ ကျွန်မတို့ မြတ်စွာဘုရားရှင်က ဆုံးမဟောပြောတော်မူခဲ့ပါတယ်။

အကျိုးခံစားခွင့်ဆိုတာ မိမိကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာသာ တည်သင့်တဲ့အရာပါ။ ဒီတော့ အဲဒီအားစိုက်ထုတ်မှုအပေါ်မူတည်ပြီး အကျိုးခံစားခွင့် အနည်းအများကွဲသွားမယ်၊ ဘာမျှမဟုတ်သူနဲ့ တစ်စုံတစ်ယောက်နဲ့ ကွာခြားသွားမယ်။  ဒါဟာ သဘာဝကျကျ ဖြစ်သင့်တဲ့ကိစ္စပါပဲ။

အထက်ကစကားကို ပြန်ကောက်မယ်ဆိုရင် တစ်စုံတစ်ယောက်ဖြစ်ချင်စိတ်ရှိသူဟာ တစ်စုံတစ်ယောက် တူတူတန်တန်ဖြစ်ဖို့ အားစိုက်ထုတ်လိုသူဖြစ်ရပါမယ်။ သာမန်တွေလို အိပ်အိပ်စားစား ပုံမှန်နေနေရင်တော့ ဘာမျှမဟုတ်တဲ့သာမန်သာ ဖြစ်ပါလိမ့်မယ်ဆိုတာပါပဲ။ 


** မြတ်စွာဘုရားဆုံးမတော်မူခဲ့တဲ့ ပါဠိအပိုဒ်ကလေး ဖြည့်စွက်ပေးသော  ကိုဇက်အား ကျေးဇူးတင်ပါ သည်ရှင့်  :)



1 comments:

ဆွေလေးမွန် said...

ထွေရာလေးပါးလုံးကို ရေးထားတဲ့ အစ်မချစ်ရဲ့ အမြင်ကို သဘောကျပါတယ်လို့ ....

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်