Friday, January 17, 2014

ကိုယ်ချင်းစာနာတတ်ကြပါစေ

ကျွန်မတို့ဗုဒ္ဓဘာသာဝင်များဟာ ကမောက်ကမလုပ်တဲ့နေရာမှာ အတော်လေး ထူးချွန်ပါတယ်။ ပြောတော့ ဘုရားကိုးကွယ်လိုက်တာ သူတို့အပြင်မရှိဘူး။ လုပ်တော့သာ တလွဲ။

ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီးမနက်မှာ ကိုယ်တိုင်ကတော့ အနွေးထည်ကြီး ဝတ်လို့၊ မာဖလာကြီး ပတ်လို့၊ ဂြိုလ်ပြေနံပြေ အေးရာအေးကြောင်းဖြစ်ပါစေတော့ဆိုပြီး ဂြိုလ်တိုင်တွေမှာရှိတဲ့ ဘုရားဆင်းတုတော်တွေ ကို ခေါင်းပေါ်ကနေ ရေတွေ တစ်ခွက်ပြီး တစ်ခွက်လောင်းချလို့။ ရေသပ္ပါယ်သတဲ့။ လုပ်ပုံကလေ…။ ငါတော့ဖြင့် နွေးနွေးထွေးထွေးနေမယ်၊ ဘုရားတော့ အအေးပတ်ချင်ပတ်ပါစေ ဆိုတာမျိုး….။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ သိသင့်တာက မြတ်စွာဘုရားကို သက်တော်ထင်ရှားမြတ်စွာဘုရားလို့ စိတ်ထဲက မှတ်ယူပူဇော်ရမယ်ဆိုတဲ့ အချက်ပါ။ တစ်ခုမေးချင်တယ်။ ကျွန်မတို့ ရှိခိုးနေကြတာဟာ မြတ်စွာဘုရားရုပ်တုကြီးသက်သက်ကိုပဲ ရှိခိုးနေကြတာလား။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို စိတ်ညွှတ်လို့ တကယ့်သက်တော်ထင်ရှားမြတ်ဘုရားရယ်လို့ စိတ်မှာမှတ်ပြီး ပူဇော်ကန်တော့နေကြတာလား။ ကွယ်လွန်သွားခဲ့ပြီးသော မိဘများဓါတ်ပုံကို ကျွန်မတို့ ရှိခိုးကြသလိုပါပဲ။ ဓါတ်ပုံမှန်ဘောင်ကြီးကို ရှိခိုးနေတာ မဟုတ်ဘဲ မိဘတွေရဲ့ကျေးဇူးကို ရည်မှတ်လို့ သက်ရှိထင်ရှားမိဘများသဖွယ် စိတ်က ရည်မှန်းပြီး ရှိခိုးကြတယ် မဟုတ်လားရှင့်။ အဲသလိုပါပဲ။

နောက်တစ်ခုက သစ်သီးဆွမ်းကပ်တဲ့အခါမှာပါ။ သစ်သီးတွေကို မခွဲမစိပ်ဘဲ အလုံးလိုက် မကပ်သင့်ပါဘူး။ သစ်သီးဆွမ်းကပ်လှူခြင်းဆိုတဲ့ ကုသိုလ်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဂါရဝလည်းဖြစ်ပါတယ်။ စဉ်းစားကြည့်လေ ကိုယ့်မိဘတွေကိုရော သစ်သီးတစ်လုံး လက်ထဲထည့်ပေးပြီး ရော့ စား ရယ်လို့ ကျွေးခဲ့ဖူးသလား။ သေချာ အခွံနွှာ ခွဲစိပ်၊ ပြီးမှ ပန်းကန်ထဲထည့်၊ ခရင်းလေးဘာလေး တပ်ပြီး ရိုရိုသေသေကျွေးခဲ့ကြတာ မဟုတ်လား။

အဲဒါနဲ့ပတ်သက်လို့ တစ်ခါက ကျွန်မအိမ်မှာ နေသွားတဲ့ သမီးတစ်ယောက်အကြောင်းပြောဦးမယ်။ သူကလေးက ဘုရားကို ပက်ပ်စီ ကပ်ပါတယ်။ ဖန်ခွက်ထဲကို ရေခဲထည့် ပက်ပ်စီထည့်ပြီးတဲ့အခါ ဖန်ခွက်မှာ ပိုက်ကလေးတစ်ချောင်း တပ်လိုက်ပါတယ်။ သူသောက်တဲ့အခါဆိုလည်း ပိုက်ကလေးနဲ့ သောက်တတ်တာ ကိုးရှင့်။ ကျွန်မဖြင့် သူလုပ်ပုံကိုကြည့်ရင်း သဘောတွေ ကျမိတယ်။ အဲဒါ ကျွန်မပြောချင်တဲ့ ကိုယ်ချင်းစာတရားပါပဲ။

နောက်တစ်ခုကတော့ ဘုရားကို သစ်သီးဆွမ်းတော်ကပ်တဲ့အခါ စိမ်းပေ့ဆိုတာတွေ ရွေးကပ်လေ့ရှိကြ တာပါပဲ။ ငှက်ပျောသီးတစ်ဖီးကပ်တယ်ဆိုပါတော့။ သီးမွှေးအစိမ်းတစ်ဖီးကို မြတ်စွာဘုရားရှေ့သွားပြီး တပည့်တော် သစ်သီးဆွမ်းကပ်ပါတယ်ဘုရား ဘာညာပေါ့၊ ဆုတွေဘာတွေ တရှည်တလျားတောင်းလို့။ နောက် ငှက်ပျောသီးမှည့်တော့မှ အသာလေးစွန့်ပြီး စားမယ်။ 

ဘာနဲ့တူသလဲဆိုတော့ကာ မြတ်စွာဘုရား ဒီငှက်ပျောသီးကိုတော့ ဘုရားရှေ့ ခဏလောက်အုပ်ထားပါရစေ၊ မှည့်တော့မှ တပည့်တော် စွန့်စားပါ့မယ်ဘုရားဆိုတာနဲ့ သွားတူမနေဘူးလား၊ လုပ်ပုံက  အဲသလို။

သောက်တော်ရေ ကပ်တဲ့အခါမှာလည်း ဒီလိုပါပဲ။ ရေကို ခွက်နဲ့အပြည့်အလျှံကပ်တာမျိုးကို ရှောင်ရပါမယ်။ ကျွန်မတို့ ရေသောက်ချင်တဲ့အခါ ရေခွက်ထဲမှာ ရေအပြည့်ထည့်ထားရင် လက်လှမ်းလိုက်တာနဲ့ ရေတွေ ဖိတ်စင်ကျတတ်ရဲ့ မဟုတ်လား။ အဲသလိုပါပဲ မြတ်စွာဘုရားကို ရေတော်ကပ်တဲ့အခါမှာ ရေကို ဖန်ခွက်နှုတ်ခမ်းမရောက်ခင် လက်တစ်လုံးအလိုလောက် မှန်းထည့်ပြီး ကပ်ရပါမယ်။

ဆွမ်းတော်ကပ်တာကိုတော့ ပြောရရင် အတတ်နိုင်ဆုံး သက်ရှိထင်ရှားဘုရားကို အိမ်ပင့်ဆွမ်းကပ် သလို ဖြစ်အောင် ကပ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဆွမ်းထမင်းဖြူပေါ် ထန်းလျက်ခဲလေး၊ ပေါက်ပေါက် ဆုပ်လေးဖြူးကပ်တာက ကုသိုလ်တော့ရပါရဲ့။ ဒါပေမဲ့ ကိုယ်တိုင်တောင်မှ နေ့တိုင်း ကြက်ဥပြုတ်နဲ့ချည်း စားနိုင်ကြလို့လား။ ကျွန်မကြားဖူးတာ တစ်ခုရှိတယ်။ မြို့တစ်မြို့မှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ဘုရားဆွမ်းကပ်တဲ့အခါ ထမင်းဝိုင်းပြင်ပြီး ပန်းကန်ခွက်ယောက်တွေကအစ လူတစ်ယောက် စားသလိုပြင်ဆင်ပြီး ကပ်လေ့ရှိသတဲ့။ လက်ဆေးရေတို့ လက်သုတ်ပုဝါတို့ကအစ သေချာပြင်ဆင်ပြီး ကပ်တာ။ အားလုံးပြင်ဆင်ပြီးလို့ ဘုရားကို ပင့်ပြီး ဆွမ်းကပ်တဲ့အခါ ဘေးကနေ ယပ်လေးခပ်ပေးလို့ တဲ့ရှင်။  ကျွန်မဖြင့် ကြားရတာနဲ့တင် ကြက်သီးထလောက်အောင် ပီတိဖြစ်မိပါရဲ့။

ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့တွေအားလုံး စားဝတ်နေအတွက် ရုန်းကန်ရှာဖွေနေကြရတာမို့ အဲဒီလို သေချာပြင်ဆင်ပြီး ဆွမ်းကပ်ချင်မှ ကပ်နိုင်မှာပါ။ ဒါပေမဲ့ အလုပ်ပိတ်ရက်တွေမှာ တခါလောက် အဲဒီလို ကပ်ကြည့်စေချင်ပါတယ်။ သီလရှင်လူထွက်ပြီးကာစ အလုပ်မဝင်သေးခင်အချိန်တွေမှာ ကျွန်မ အဲသလို ဆွမ်းကပ်ဖူးပါတယ်။  ရလာတဲ့ ပီတိက ဘာနဲ့မှ မတူပါဘူး။ ကြက်သီးတဖြန်းဖြန်းထအောင်ကို ခံစားရတာပါ။

အမွှေးတိုင်ပူဇော်သူများလည်း အတူတူပါပဲ။ ဖြစ်နိုင်ရင် အမွှေးရနံ့လေးရရုံလောက် ပူဇော်တာပဲ ကောင်းပါ တယ်။ ဘုရားချောင်းဆိုးရင်ကြပ်ဖြစ်လောက်အောင်တော့ မကောင်းပေဘူးပေါ့။

အချုပ်ပြောရရင် မြတ်စွာဘုရားကို သက်တော်ထင်ရှားဘုရားလို့ စိတ်ဝယ်မှတ်ပြီး ဘာလှူလှူ ဘာကပ်ကပ် ကိုယ်နဲ့ ကိုယ်ချင်းစာပြီး တွေးဆပူဇော်နိုင်ကြဖို့ပါပဲ။ ကိုယ်ချင်းစာတရားဆိုတာက လူလူချင်းဖြစ်စေ၊ သတ္တဝါတွေအပေါ်မှာ ဖြစ်စေ၊ သစ်ပင်ပန်းမာန်တွေအပေါ်မှာပဲ ဖြစ်စေ ထားနိုင်အောင်၊ ထားတတ်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ ဒီလိုပြုမူကျင့်ကြံနိုင်ဖို့ အလေ့အကျင့်လေးလုပ်ပေးကြည့်ပါ။ ကိုယ်တိုင် စိတ်နှလုံးနုညံ့သူ ဖြစ်လာပါလိမ့်မယ်။

မြင်နေတွေ့နေရတာတွေက အချိုးမကျလွန်းလို့ ပြောမိပါတယ်။ စေတနာအလျှောက် ကပ်လှူတာဖြစ်ပေမဲ့ တကယ်ရသင့်တဲ့ တင်းပြည့်ကျပ်ပြည့်ကုသိုလ်လေးရစေချင်လို့ပါ။ တစ်ကျပ်တန်လက်မှတ်ဝယ်ထားပြီးမှ ငါးမူးခရီးလောက်အရောက်မှာ လမ်းဆင်းလျှောက်ရမှာမျိုးကဖြင့် မတန်ဘူး မဟုတ်လားရှင်။

ကိုင်း တရားပွဲလည်း ပြီးပြီ။ အိမ်ပြန်ကြပါစို့။ သာဓု  သာဓု  သာဓု…..:)


မှတ်ချက်။   ။ စာထဲမှတစ်ချို့ကို ဆရာတော်ဥူးဥက္ကဌ (မြစိမ်းတောင်တောရ) ၏ ဟောတရားများ နာယူခဲ့စဉ်က မှတ်သားခဲ့သည်များကို ပြန်လည်ဝေမျှခြင်းပါ။



9 comments:

မိုးယံ said...

ဆောင်းတွင်းမနက် ရေသပ္ပါယ်တာ ဘုရားနှုတ်ခမ်းလေးတွေတောင် ပြာလို့။ ဥာဏ်နည်း လာဘ ဗုဒ္ဓဘာသာ ၊ သစ်သီးတွေကတော့ ဘုရားစင်ပေါ်မှာ မှည့်အောင် အုပ်တာပါ...၊သက်ရှိထင်ရှားကိုယ်တော်လေ သေချာ ဆွမ်းကပ်ပြီး ယပ်သွင်းတဲ့ ဒကာမကြီးက ပဲခူးကလို့ မှတ်သားဖူးတယ်..နတ်ဗိမ္မာန်တောင် ပေါ်နေဆိုလားဖဲ။ အမွှေးတိုင် ဖယောင်းတိုင်ကတော့ ယတြာချေခိုင်းလို့..မွန်းတည့်ချိန်ကြီး ဘုရားကို မီးမြိုက် မီးခိုးတိုက်တာပါ။

ကျွန်တော်က တော့ ဖြူးဆရာတော် ဟောတာကို နာဖူးတာပါ။

Tuumar said...

အချစ်ပြောတာတွေ အမှန်တွေကြီးပါဘဲ သဘောကျတယ်

ထရီဆာ said...

ညီမလဲ ကြုံဖူးတယ် အမ အဲ့လိုအဖြစ်အပျက်မျိုးတွေ၊ ကိုယ်တိုင်တောင် အရင်က မသိဖူးရယ် သစ်သီးကပ်ရင် ရေကို သေချာဆေးပြီး အလုံးလိုက် ပန်ကန်ပြားလေးနဲ့ သေချာကပ်တာ၊ နောက်မှ ထီးချိုင့်မြို့၊ တည်တောဆရာတော်၏ ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများစာအုပ်ကို ဖတ်ပြီးတော့မှ မှားယွင်းမှုတွေ များနေတာကို သိလိုက်ရတာ။

အလွမ်းမြို့ said...

အမရေ...
တကယ့် ဗဟုသုတရစေတဲ့ ပိုစ့်လေးပါဘဲ။ ကျမလို ဘာမှမသိသေးတဲ့သူအတွက် အသိတွေများကြီးရလိုက်ပါတယ်။နောင်ဆို သစ်သီးဆွမ်းဖြစ်စေ
သောက်တော်ရေဖြစ်စေ ဆွမ်းထမင်းဟင်းဖြစ်စေ ကပ်လှူပူဇော်ရင် ဆင်ခြင်နိုင်အောင် အသိတွေများကြီးပေးလိုက်ပါတယ်။ ပိုစ့်တင်ပေးတဲ့
အမ ကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ခုချိန်ထိ သစ်သီးကပ်ရင် အလုံးလိုက်ဘဲ ကပ်ဖြစ်တာမို့ အသိအလင်းပေးတဲ့ အမပိုစ့်ကို ကျေးဇူးတင်ပါတယ်.


အလွမ်းမြို့
19-1-2014

နေ၀သန် said...

အတော်ကောင်းတယ်။ ကျွန်တော်တို့မြန်မာတွေဟာ အပြင်ဟန်ကပိုများတယ်။ အနှစ်ကို သိတာ ရှားကြတယ်။ ကျေးဇူးပါ။

ခင်မင်လျက်
နေ၀သန်

တန်ခူး said...

သတိပေးသွားတာ ကျေးဇူးပါ မ ရေ... တခါတလေ သစ်သီးဆွမ်းလေး အလုံးလိုက်လေးတွေ ဘုရားစင်ပေါ် လှနေအောင်ဆို ကိုယ်လဲ အလုံးလိုက် ကပ်တဲ့အထဲပါတယ်... အလှအပမက်သွားတာပါ...

AMK said...

" နောက်တော့လည်း ဘဝမှာ လက်ဖမိုးနဲ့ ပေးနိုင်တဲ့သူဖြစ်ရတာဟာ လက်ဖဝါးဖြန့်ပြီးတောင်းတဲ့သူဖြစ်ရတာထက် ပိုကောင်းတယ်လို့ လက်ခံမိတော့ လက်ရှိကို ကျေနပ်တတ်သွားတာပါပဲဟာ” သိပ်သဘောကျတာပဲ အစ်မချစ်..ဟုတ်မှာ

သက်ဝေ said...

ဒီပိုစ့်ကို အရမ်းကြိုက်တယ် ချစ်
သစ်သီးဆွမ်းတွေ အလုံးလိုက်ကပ်တာကို အထိဆုံးပဲ...လိမ်မော်သီး ပန်းသီးက တော်သေး ကျွဲကောသီးတို့ ဖရဲသီးတို့ သင်းဘောသီးတို့တွေ အလုံးလိုက်ကြီးတွေ တင်ထားတာတော့ တကယ်ကို odd တာ... ဟီးဟီး
ကိုင်း တရားပွဲလည်း ပြီးပြီ။ အိမ်ပြန်ကြပါစို့။ သာဓု သာဓု သာဓု…..(((ဟမ်))

စံပယ်ဖြူ (Jasmine White) said...

ရေးထားတာလေးကို ကြိုက်တယ် အမ။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်