Sunday, January 12, 2014

ဆွေရယ်မျိုးရယ် အိမ်ရယ်ယာရယ်



မြို့ကလေးထဲ ကားဝင်လာတော့ မနက်လင်းအားကြီး လေးနာရီခွဲခန့်သာ ရှိသေးသည်။

ညကားမို့ ကားပေါ်မှာမအိပ်တတ်သော ကျွန်မက တစ်ညလုံး လမ်းဘေးဝဲယာမှ မှောင်နှင့်မည်းမည်းများကို မျက်လုံးအကြောင်သားကြည့်ကာ ငုတ်တုတ်လိုက်ခဲ့ရသည်။ တကယ်ကိုအိပ်ချင်လှပါပြီ၊ လူက လုံးလုံးမျှ ဇက်မခိုင်တော့ချိန်၊ ခဏကလေးမှေးကနဲ မှေးမိချိန်ကျကာမှ ရောက်ပြီဆင်းကြရအောင်ဟုဆိုတော့ ခေါင်းပေါ်ရှိစင်ကလေးမှ အထုတ်များကို ကမူးရှူးထိုးဆွဲချကာ နှစ်ယောက်သား ကားပေါ်မှ ကသောကမျော ဆင်းခဲ့လိုက်ရလေသည်။ 

ကျွန်မတို့စီးလာသောကားက နေပြည်တော်-တောင်ညိုလမ်းမှ မောင်းသည်မို့ လမ်းကြောတိုပြီး စောရောက်တာ ဖြစ်မယ်ဟု သူငယ်ချင်းက ပြောသည်။ ကားအောက်ရောက်မှ ပါလာသောအထုတ်များ စေ့မစေ့စစ်ကြည့်ကြရင်း သူငယ်ချင်းက သူ့အိမ်သားများကို ဖုန်းဆက်ပြီး လာမကြိုနဲ့တော့ဟုဆိုကာ ကားဂိတ်မှ ဆိုင်ကယ်ကယ်ရီနှင့်ပင် ကျွန်မတို့နှစ်ယောက် သွားခဲ့ကြ၏။

ဆိုင်ကယ်နောက်မှာ တင်ပါးလွှဲထိုင်လိုက်ရင်း လက်မှ အထုတ်တစ်ထုတ်ကိုင်လျှက်၊ စလွယ်သိုင်းထားသော ပိုက်ဆံအိတ်တစ်လုံးအပြင် လည်ပင်းမှာလည်း ချိတ်ထားသောကင်မရာနှင့်မို့ လူက ပြုတ်ကျကျန်ရစ်ခဲ့ချင်စရာ။ ဆိုင်ကယ်နောက်မှ စတီးတန်းကလေးကို သတိနှင့်မြဲမြဲကိုင်ရင်း မျက်နှာကို ခပ်ကြမ်းကြမ်းတိုးဝှေ့လာသော နံနက်ခင်းလေအေးအေးရှရှများကြောင့် အိပ်ချင်စိတ်တို့ ဖျတ်ကနဲ လွင့်သွားသလိုပေ။

“အစ်မက နယ်ခံမဟုတ်ဘူး ထင်တယ်”

“အင်း အစ်မက ရန်ကုန်သူ”

“အော် ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာလား”

“ဟုတ်တယ်”

“ဒါက မြို့ထဲလေ အစ်မ၊ အစ်မတို့သွားမယ့်နေရာနဲ့ သိပ်မဝေးပါဘူး”

“ဟုတ်လား”

“ခုချိန်က နေလို့ကောင်းတယ်။ မိုးလည်းကုန်စ၊ သိပ်လည်း မပူသေးဘူး၊ ရာသီဥတုကလည်း ခြောက်ခြောက်သွေ့သွေ့နဲ့ လည်လို့ကောင်းတယ်။ အစ်မလာတာ အချိန်ကောင်းပဲ”

“ဟုတ်”

ဆိုင်ကယ်မောင်းသောကောင်ကလေး ပြောသမျှ အလိုက်တသင့်နားထောင်ရင်း မျက်နှာမူရာဘက်ကို ငေးရင်း လိုက်ပါလာခဲ့ရသည်။ မနက်ခင်းကမူ ကောင်းစွာ မလင်းချင်းချင်လှသေးပေ။

“ဒီမြို့မှာ အင်တာနက် ရလား”

“ဟုတ်ကဲ့ ရပါတယ် အစ်မ”

ကောင်ကလေးပြောသမျှကိုသာ အလိုက်သင့် ဖြေ၊ ပြော၊ နားထောင်နေရာက ပထမဦးဆုံးသော ကျွန်မမေးခွန်းမှာ စိတ်တိုတတ်သောဒေသခံအတွက်ဆိုလျှင် ရိုက်ချင်စရာကောင်းလှလေသည်။ ဒါ တောင်တွင်းကြီးမြို့ပေပဲ။ တောမှ မဟုတ်တာ၊ အင်တာနက်သုံးလို့ ရမှာပေါ့၊ ကျွန်မအမေးကို ကျွန်မဖာသာ ပြန်လည်အားနာသွားမိကာ တိတ်ဆိတ်စွာပင် လိုက်ခဲ့တော့သည်။

သူငယ်ချင်းအိမ်ရောက်တော့ ငါးနာရီသာသာ။  သူငယ်ချင်းက ကြိုတင်မှာကြားထားတာမို့ အိပ်စရာက အဆင်သင့်။ သည်မှာတော့ သူတို့က မွေ့ရာနှင့်မအိပ်ကြချေ။  ရန်ကုန်သူကျွန်မအတွက် သင်ဖြူးဖျာပေါ်မှာ ဂွမ်းစောင်ကလေး ခင်း၊ အဲသည်အပေါ်ကမှ အညာစောင်လေးနှစ်ထပ်လောက် ထပ်ခင်းကာ အိပ်စေသည်။ သို့သော် ဘယ်လှည့်ညာလှည့်လိုက်တိုင်း ကြမ်းနှင့်အရိုးတွေ ထိနေသလိုခံစားရသည်မို့ သက်တောင့်သက်သာ မရှိချင်ဘဲ ကိုယ်လက်တွေနာလာရသည်။ သို့တိုင်အောင် တစ်ညလုံး ကားပေါ်ငုတ်တုတ်စီးလာရသူမို့ အိပ်ချင်လွန်းကာ ခဏနေတော့ မှေးကနဲ အိပ်ပျော်သွားလေသည်။

မနက်ရှစ်နာရီလောက်မှာ သူငယ်ချင်းက “နိုးသေးဘူးလားဟေ့”ဆိုမှ ကျွန်မမျက်လုံးများကို အတင်းဖွင့်ယူရသည်။ ခဏတော့ မှေးကနဲ အိပ်ပျော်သွားခဲ့သည်ပဲ။ “လာ အောက်ဆင်းခဲ့ မနက်စာ စားရအောင်”ဆိုသည်နှင့် အိပ်ချင်သေးသော်လည်း လူးလဲထကာ အောက်ထပ်ဆင်းခဲ့ရတော့၏။ သူငယ်ချင်းကတော့ ညကားပေါ်မှာ အိပ်ပျော်ခဲ့သူမို့ လန်းဆန်းလျှက်ရှိသည်။ ကျွန်မမှာသာ… မျက်လုံးများကျိန်းစပ်ဆဲ။

အောက်ထပ်ရောက်မှပဲ အိမ်ကလေးကို သေချာကြည့်မိရသည်။ တကယ်တော့ အိမ်ကလေး မဟုတ်၊ အိမ်ကြီးသာ ဖြစ်လေသည်။ အိမ်တိုင်တွေက ကျွန်းလား၊ ပျဉ်းကတိုးလား ကျွန်မသေချာမသိသော (အရင်က ရှေးဘုန်းကြီးကျောင်းတွေမှာသာ ကျွန်မတွေ့ဖူးခဲ့သော) တိုင်လုံးကြီးတွေနှင့်။

အိပ်စရာဆိုလည်း အိပ်ခန်းရယ်လို့ ဖွဲ့စည်းမထားဘဲ ခုတင်တွေချင်းပူးကပ်ကာ ခြင်ထောင်ကြိုးတန်းများ နွယ်ဆက်ကာ အိပ်ကြခြင်းဖြစ်သည်။ ခြင်ထောင်များထဲမှ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လို့၊ အိပ်မပျော်မချင်း စကားတွေလှမ်းပြောလို့ရသော အနေအထားဖြစ်သည်။ အခန်းဆိုလို့ အပေါ်ထပ်မှာ၊ ကျွန်မတို့အိပ်သောနေရာလေးဘေးမှာ ကန့်ထားသော အခန်းလေးတစ်ခန်းသာရှိသည်။ ထိုအခန်းကတော့ အဝတ်အစားလဲစရာ၊ အလှပြင် သနပ်ခါးလူးစရာ အမျိုးသမီးအခန်းဖြစ်သည်။  သည်တစ်ခန်းကလွဲလို့ ကျန်သည်က ဟင်းလင်းပွင့်များသာ ဖြစ်လေသည်။

မိသားစု၏ နွေးထွေးမှု၊ အဆီးအတားမရှိ တစ်စုတစ်စည်းထဲဖြစ်တည်မှု၊ မရှိအတူရှိအတူဖြစ်မှုများနှင့် အိမ်ဟူသောအဓိပ္ပါယ်ကို အပြည့်အဝဖော်ပြနေသည့် အိမ်ပါပေ။ ရေနံချေးများဝနေကာ အိမ်ဝိုင်းကြီးထဲမှာ တစ်အိမ်ထဲမဟုတ်ဘဲ တစ်ခြားအိမ်ကလေးများကိုပါတွေ့ရ၍ ကျွန်မက မေးမိပါသည်။

“ဟဲ့ နင်တို့ခြံဝိုင်းထဲမှာ အိမ်ကလေးတွေက လေး-ငါးလုံးတောင် ရှိတယ်နော်”

“အေးလေ အမျိုးတွေ စုနေကြတာလေ၊ အမေ့အမျိုးတွေရော၊ အဖေ့အမျိုးတွေရောပေါ့”

“ဒီခြံဝိုင်းကြီးကို အစကတည်းက တစ်ဝိုင်းလုံးချည်း ဝယ်ထားတာမဟုတ်ဘူး။ အကွက်လေးတွေ ရိုက်ရိုက်ပြီး ပိုင်းရောင်းတာကို ဝယ်ထားတာ။ အဲဒါကို အမျိုးတွေ အနီးအနားမှာ အတူနေကြရအောင် တစ်ပိုင်းစီ တစ်ကွက်စီ ဝယ်ဝယ်ထားကြတာလေ”

“ဟယ် ကောင်းလိုက်တာ နော်။ နင်တို့အမျိုးတွေ တည့်ကြသလား၊ အဲလို အတူနေကြတော့”

“ဒီလိုပါပဲဟယ်၊ ဖြစ်ကာမှ ဖြစ်ရောပေါ့။ အနားမှာ မရှိအတူ ရှိအတူနေကြတာပဲ။ ငါ့အမေပဲ ပေးကမ်းနေရတာ များတယ်ပေါ့ဟာ”

တစ်ဧကနီးပါးကျယ်သော ခြံဝန်းကျယ်ကြီးကိုကြည့်ကာ ကျွန်မမှာ သဘောကျမဆုံး။ ရေချိုးတော့ လည်း ရေဘုံဘိုင်ခေါင်းကိုဖွင့်ကာ ခွက်နှင့်တဘွမ်းဘွမ်းခပ်ချိုးရသည့် အမိုးသာပါရှိသော လေး ဘက်လေးတန်အပွင့်အောက်က အုတ်ကန်အကြီးကြီးမှာ ဖြစ်သည်။ ရေချိုးပြီး လန်းလန်းဆန်းဆန်းဖြစ် မှပဲ ခြံကြီးထဲ သေချာလှည့်ပတ်ကြည့်ရသည်။

ခြံကြီးထဲမှာ မန်ကျည်း၊ ထနောင်းလို အပင်ကြီးတွေကပဲ မနည်းမနော။ သင်္ဘောပင်တွေလည်း တွေ့မိသည်။ ထိုနေ့က နေ့လည်စာစားကြတော့ ဟင်းတွေမှ အများကြီး၊ သင်္ဘောဖူးသုပ် ဟင်းတစ်ခွက်လည်းပါသည်။ ကျွန်မ တစ်ခါမှ မစားဖူးပါ။ သင်္ဘောအဖိုပင်က အသီးမသီးဘဲ ဖူးသည့်အဖူးကို ရေနွေးနှင့်ဖျော၍ ကြက်သွန်နီဆီချက်ကလေးထည့်၊ နှမ်းထည့်ကာ သုတ်ထားတာဟု ဆိုလေသည်။ မွှေးမွှေးစိမ့်စိမ့်ကလေးနှင့် စားကောင်းလှသည်။ နောက်ဟင်းတစ်ခွက်မှာ ချဉ်ပေါင်ကြော်ဖြစ်သည်။ ကျွန်မတို့ ရန်ကုန်ချဉ်ပေါင်ကြော်လို မဟုတ်ဘဲ ချဉ်ပေါင်လက်ကြားကို ငါးပိကလေးမျှသာထည့်ကာ သိပ်မကြေစေဘဲ အရွက်မပျက် ကြော်ထားခြင်းပင်။ ချဉ်ခါးခါးကလေး။ ရန်ကုန်ကစားသောက်ဆိုင်တွေမှာသာ ဆိုင်တင်ရောင်းရင်တော့ ကန်စွန်းပလိန်းလို ချဉ်ပေါင်ပလိန်းဟုများ ခေါ်မည်လား မသိ။

ဘာကိုမှ ဟန်မဆောင်တတ်သောကျွန်မက စားရာတွင်လည်း ရှက်မနေဘဲ အားပါးတရစားတော့ သူတို့ သဘောကျကြသည်။ ကျွန်မပန်းကန်ထဲ ထမင်းတွေ ဟင်းတွေ ထပ်ထပ်ဖြည့်ပေးနေတာမို့ တော်ပြီ တကယ်ဝပါပြီဟု ပြောယူရတော့သည်အထိ။ သည်ကြားထဲ ခြင်ကိုက်မှာစိုးလို့ဟုဆိုကာ သူငယ်ချင်း အစ်မဖြစ်သူက ဘေးမှ တစ်ချိန်လုံးယပ်ခတ်ပေးနေတာမို့ အလွန်ပင်အားနာစရာကောင်းလောက်အောင် ဧည့်ဝတ်ကျေလွန်းလှသူများပင်။

ထမင်းစားအပြီး နေ့လည်ခင်းမှာ တောင်တွင်းကြီးမြို့ထဲ သွားသင့်သည့်နေရာများသို့ လိုက်ပို့ကြရာ ကျွန်မရောက်ဖူးချင်လွန်းသော ဗိဿနိုးမြို့ဟောင်းအပြင် ကျောက်ကွင်းအရေးတော်ပုံ ဆရာတော် သျှင်ဥက္ကဌကျောင်းသို့လည်း အရောက်ပို့ပေးလေသည်။ ကျွန်မမှာ ထိုကျောင်းသို့ မရည်ရွယ်ပါဘဲ ရောက်သွားရသည့်အတွက် သဘောကျလိုက်သည့်ဖြစ်ခြင်း။ ပါလာသောကင်မရာကို လက်ကမချနိုင်ဘဲ ဓါတ်ပုံတွေတစ်ပုံပြီးတစ်ပုံ တဖျတ်ဖျတ်ရိုက်နေခဲ့မိတော့သည်။ 

ညနေစောင်း၍ အိမ်သို့ပြန်ရောက်သော် အိမ်မှာ ဆွေမျိုးအတော်စုံနေပြီကိုတွေ့ရသည်။ စကားတွေ တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုကြနှင့် ပျော်စရာကြီးပင်။ သူတို့ပြောသမျှမှာ စိုက်ထားပျိုးထားသော စပါးအကြောင်း၊ ပြောင်းနှမ်းများအကြောင်းဖြစ်သည်။ အချိန်အခါမဟုတ်ဘဲ ရွာသောမိုးကြောင့် နှမ်းခါရတာ ဒုက္ခများပုံ၊ ချွေပြီးသားနှမ်းများ မိုးလွတ်ရာ ပြောင်းရွှေ့ရပုံ၊ ပဲဆီနှမ်းဆီများ ဈေးတက်ပုံတို့ ဖြစ်လေ၏။

ကျွန်မ မသိသောအကြောင်းအရာများမို့ ဝင်မပြောသာဘဲ ဘေးမှနားထောင်သူအဖြစ်နှင့်ရှိစဉ် သူငယ်ချင်းက လက်ကုတ်ကာ တစ်ညစာအဝတ်အစားနှင့် မနက်ဖြန် သူတို့အလှူမှာဝတ်မည့် အဝတ်အစားများယူပြီး အထုတ်ပြင်ရန် ပြောခြင်းပေ။ မနက်ဖြန်ဆိုလျှင် သူတို့အိမ်မှာ အလှူမို့ သည်ညအဖို့တော့ တစ်ညလုံးချက်ကြပြုတ်ကြနှင့် ဆွေမျိုးစုံခိုက် စကားတွေအော်ကြပြောကြမှာမို့ ကျွန်မ အိပ်မရမှာစိုးသောကြောင့်ပင်တည်း။ ကျွန်မမှာ ကိုယ့်အကြောင်းကိုယ်သာသိသူမို့ မငြင်းနိုင်ဘဲ အထုတ်ပြင်ကာ သူငယ်ချင်းခေါ်ရာလိုက်ရလေသည်။ ကျွန်မတို့သွားအိပ်ရမည့်အိမ်သည် သူတို့အမျိုးအိမ် နောက်တစ်အိမ်ဖြစ်ပြီး သူတို့အိမ်မှ ဆယ်မိနစ်ခန့်လမ်းလျှောက်သွားရုံနှင့် ရောက်လေ၏။

@@@@@@@@@@@@@@@

သူငယ်ချင်းအိမ်ဝိုင်းကို အလွန်ကျယ်လှပြီထင်ထားခဲ့သော ကျွန်မသည် ယခု သူတို့အမျိုးအိမ်တွေ့မှ ပိုအံ့သြရသည်။ သုံးဧကကျော်ကျော်ကျယ်ဝန်းသော ခြံဝိုင်းကြီးထဲတွင် တိုက်အိမ်ကလေးတွေက အရှေ့ဘက်၊ အနောက်ဘက်၊ တောင် မြောက်ဘက်တွေမှာ ခပ်ခြားခြား ခပ်ကျဲကျဲ ဆောက်လုပ်ဝန်းရံလို့၊ ပျဉ်ထောင်နှစ်ထပ်အိမ်ကြီး နှစ်လုံးလည်းပါသေးသည်။ အားလုံးမှာ ဆွေနီးမျိုးစပ်တွေပင်။

သူတို့က ပဲခြမ်းကြော်လုပ်ငန်းလုပ်ကိုင်တာမို့ ပဲကြီးရေစိမ်ပုံ၊ အခွံချွတ်ပုံ၊ ကြော်လှော်ပုံများကို ကျွန်မအား ခြံကြီးထဲပတ်ကာ လိုက်ပြလေသည်။ အခွံချွတ်တာတောင်မှ စက်ဖျစ် လက်ဖျစ်ခွဲထားသေး၏။ ကျွမ်းကျင်ရာလိမ်မာမို့ ဖြစ်မည်။ ရေစိမ်ထားသော ပဲကြီးစေ့များကို စားပွဲစောင်းပေါ်တင်ပြီး ဖျတ် ဖျတ်နှင့် လက်မကလေးနှင့် ဖိကာဖျစ်ကာ အခွံချွတ်သွားသည်မှာ ကြည့်လို့ပင်ကောင်းသေးတော့။

သူငယ်ချင်းက ကျွန်မလက်ကိုဆွဲကာ အမျိုးများကို တစ်အိမ်ပြီးတစ်အိမ် လိုက်လံနှုတ်ဆက်လေသည်။

ကျွန်မ မနေနိုင်တော့ဘဲ ခပ်တိုးတိုးဖွင့်မေးမိပြန်သည်မှာ ဒီလိုအမျိုးတွေ နီးနီးနားနားစုနေကြတာ တည့်ကြသလားဟူသော ထပ်ကျော့မေးခွန်းပင်ဖြစ်လေသည်။ သူမက ရယ်ကာမောကာနှင့်ပင် ဒီလိုပဲ တည့်လိုက်၊ မတည့်လိုက်ပေါ့ဟာဟု ဆိုသည်။

“အရင်က ပေ၃၀ကွက်လေးတွေ ပေ၆၀ကွက်လေးတွေ နီးစပ်ရာစုစုပြီး တစ်ကွက်ချင်း ဝယ်ထားကြတာ။ အဲ့တုန်းကမှ တစ်ကွက်ကို လေး-ငါး-ဆယ်သိန်းတောင်မရှိဘူး။ ခုတော့ နင် မှန်းကြည့်စမ်း ဘယ်လောက်မှတ်နေပြီလဲ” ဟု မေးလေသည်။

“သိန်းထောင်ချီနေမှာပေါ့” ဟူသော ကျွန်မအဖြေကို သူမက ခေါင်းညိတ်ရင်း “သိန်းလေးထောင်ကျော် တန်နေပြီ”ဟုဆိုသည်။

“ဒီလိုပဲ အနီးအနားမှာ အတူနေချင်ကြတာလေ၊ အသက်ကြီးလာတဲ့အခါ ဒီဆွေဒီမျိုးတွေပဲ တိုးတိုးဖော်၊ နေထိုင်မကောင်း မကျန်းမာတဲ့အခါ ဒီဆွေဒီမျိုးတွေပဲ အားကိုးရတာ။ အမျိုးဆိုတာကတော့ ကောင်းကောင်း မကောင်းကောင်း အချိန်တန်တော့လည်း သွေးစည်းကြတာပါပဲ”

သူမပြောသည်များကို ခေါင်းညိတ်နားထောင်ရင်း ကျွန်မစိတ်ထဲ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလိုလို။

“ဟင့်အင်း မနေချင်ဘူးနော် ကိုကို၊ ချို့ဆွေမျိုးတွေနဲ့ရော၊ ကိုကို့ဘက်ကဆွေမျိုးတွေနဲ့ရော။ စိတ်ရှုပ်တယ်၊ နားငြီးတယ်။ ချိုက အေးအေးဆေးဆေးပဲနေချင်တာ။ ဆွေမျိုးတွေနဲ့ ဝေးလေကောင်းလေ၊ နီးတကျက်ကျက် ဝေးတသက်သက်ဆိုတာလိုပေါ့၊ ကိုကို သိတယ်နော်။ ဒါပဲ”

ကျွန်မခင်ပွန်းအား ကျွန်မပြောခဲ့ဖူးသော စကားများပါပေ။ ခုမှ စိတ်ထဲ ကျောမလုံသလိုခံစားရကာ ရှက်လာသလိုလို ဘာလိုလို။  ရန်ကုန်မှာ ပြန်အခြေချကာ အမေတို့နဲ့နီးနီးနားနားမှာ အိမ်လေး တစ်လုံးလောက်တော့ ရှာကြည့်မှဟု ကြိတ်တွေးရသည်။ ရေကိုသား၍ အကြားမထင်လို့ ဆိုကြသည်၊  သွေးက ရေထက် ပိုပျစ်သည်ဟုလည်း ကြားဖူးသားပေ။ ဟုတ်များနေသလား မသိ။

ကျွန်မကပဲ ဆွေမျိုးတွေအပေါ် နားမလည်သူ၊ သစ္စာဖောက်သူ၊ အပြစ်ရှိနေသူပမာ ခံစားလာရကာ ကျွန်မကိုယ်ကျွန်မ ဘယ်လိုမှ သဘောမကျနိုင်တော့၊ ရှက်လိုက်တာ။  သူမကတော့ နယ်သူနယ်သားပီပီ သည်မြို့အပေါ် သံယောဇဉ်ကြီးသလို မိသားစုအားလုံး ဆွေမျိုးများအားလုံးအပေါ်လည်း သံယောဇဉ်ကြီးလှသည်။ အို သူတို့အမျိုးတွေက တစ်ယောက်အပေါ် တစ်ယောက် ကောင်းကြလို့ နေမှာပေါ့။ နေပါဦး ကျွန်မကရော ကျွန်မဆွေမျိုးတွေအပေါ် ကောင်းဖူးလို့လား။ တတ်နိုင်သမျှတော့ ကောင်းခဲ့ဖူးသည် ထင်တာပါပဲ။ ကျွန်မဆွေမျိုးတွေကရော ကျွန်မအပေါ် ကောင်းကြလို့လား။ ဘယ်တုန်းကများ…ကောင်းဖူးသလဲ၊  ဘာများ လုပ်ပေးခဲ့ဖူးလို့လဲ၊ ကျွန်မစိတ်ထဲ မှတ်မှတ်ထင်ထင် ရှိမနေပါ။

“ဒီလိုပါပဲဟာ သူတို့ ကောင်းကောင်းဆိုးဆိုး ငါ့အမေက အကြီးဆုံးဆိုတော့ အစ်မကြီး အမိအရာဆိုတာလို သူ့မောင်နှမတွေကို စောင့်ရှောက်ထားတဲ့ သဘောပေါ့”

ဘုရားရေ၊ သူမက ကျွန်မအတွေးတွေကို သိများနေသလား။ ကျွန်မလည်း အမိနေရာမှာ ရှိရမည်ဖြစ်သော အစ်မအကြီးဆုံး မဟုတ်လား။

“တခါတလေတော့ ငါလည်း ငါ့ဦးလေးတွေ အဒေါ်တွေကို စိတ်ထဲ ငြိုငြင်မိတာပေါ့။ ငါ့အမေ အိုပဲနေပြီ သူတို့က ခုထိ လာလက်ဖြန့်တုန်းဆိုပြီးတော့လေ၊ နောက်တော့လည်း ဘဝမှာ လက်ဖမိုးနဲ့ပေးနိုင်တဲ့သူဖြစ်ရတာဟာ လက်ဖဝါးဖြန့်ပြီးတောင်းတဲ့သူဖြစ်ရတာထက် ပိုကောင်းတယ်လို့ လက်ခံမိတော့ လက်ရှိကို ကျေနပ်တတ်သွားတာပါပဲဟာ”

အင်း ဟုတ်တာပေါ့၊ ကျွန်မ သူ့ကို စိတ်ထဲမှ ထောက်ခံမိသည်။ အမေ့ဆီ ခဏခဏ မုန့်ဘိုးလာလာတောင်းသော ကျွန်မဦးလေး အမေ့မောင်အငယ်ကောင် လူပျိုကြီးကို ကျွန်မ စိတ်ချဉ်ပေါက်ကာ ရန်လုပ်ဖူးသည်။ အမေစိတ်ဆိုးကာ ရိုက်သောကြောင့် ကျွန်မခြေသလုံးမှ အရှိုးများကို အဖွားက ဆနွင်းသိပ်ပေးခဲ့ရဖူးသည်။ ခုတော့ ကျွန်မကိုယ်တိုင် လူကြီးဖြစ်ပြီ၊ အစ်မအကြီးမို့ အမိနေရာရောက်နေပြီ။ အမေ၏ မောင်ငယ်ကို စောင့်ရှောက်ချင်သော အစ်မကြီးအမိအရာမေတ္တာကို ကျွန်မ နားလည်သင့်သလောက် နားလည်ခဲ့ရပြီ။

သို့သော် ကျွန်မမှာ ငယ်စဉ်ကတည်းက ဖာသိဖာသာနေတတ်သူမို့ထင့်၊ မိသားစုမောင်နှမများ၊ အမေအဖေဘက်က ဆွေမျိုးအရင်းများနှင့် သိပ်မရင်းဘဲ တစ်ကိုယ်ကောင်းဆန်ချင်သူဟုပြောလျှင် ပြော၍ရမည်ပေ။  ဘုရား ဘုရား။ ကျွန်မသေလျှင်တောင် ကျွန်မအသုဘမှာ လိုက်ပို့မည့်ဆွေမျိုး ရှိပါ့မလားဟု တွေးမိတော့ မျက်နှာတွေ ဖြန်းကနဲ ပူလာရလေတော့သည်။ အို နေပေါ့၊ သေတဲ့သူက သေပြီပဲ။ မပို့လည်း နေကြပေါ့။ ခေါင်းမာသော၊ အခံစိတ်ကို လွယ်လွယ်နှင့်မပြင်တတ်သော ကျွန်မစိတ်က အထွန့်တက်မိပြန်သည်။

အဲဒီမိန်းမသေတုန်းက လိုက်ပို့မဲ့ဆွေမျိုးတောင် မရှိဘူး၊ ကျီးနဲ့ဖုတ်ဖုတ်ပဲ၊ ရပ်ကွက်ကောင်းလို့သာပေါ့ဟုများ တင်းဆိုခံရမည်လား။ ကျွန်မ ဘုရားသာ တ မိပြန်လေသည်။

@@@@@@@@@@@@@@@

“ကိုရေ ချိုတို့ အမေတို့အိမ်နားမှာ အိမ်လေးရှာကြရအောင်ကွာ နော်၊ အမေက ပြောတယ်။ တစ်ခြံကျော်က သူတို့မြေကွက်ကလေး ဖဲ့ရောင်းချင်လို့ တဲ့။ ပေ၂၀ ပေ၆၀လေးတဲ့ မဆိုးဘူး ပြောတယ်။ ဈေးလည်း မဆိုးဘူး သိန်း ၁၂၀၀ တဲ့”

“မျိုးတို့ကလေ သူတို့နယ်မှာ ခြံဝိုင်းကြီးတွေမှ အကျယ်ကြီးနဲ့နေတာရယ်၊ ပြီးတော့ ဆွေမျိုးတွေ ဟိုဘက်ဒီဘက်အကုန်လုံး စုစုဝေးဝေးနဲ့နေကြတာ၊ ပျော်စရာကြီးပဲ။ ချိုတို့လည်း တစ်နေ့ မြန်မာပြည်ပြန်လို့ အသက်လေးဘာလေးရလာတဲ့အခါ  ဆွေမျိုးတွေနဲ့ အဲသလို သိုက်သိုက်ဝန်းဝန်းလေးနေကြရရင် ကောင်းမလားလို့”

စင်ကာပူပြန်ရောက်တော့  ခင်ပွန်းသည်ကို ခရီးရောက်မဆိုက် ပြောမိသည်။

“ဘာ ချိုရယ်၊ သိန်း ၁၂၀၀ကို ဈေးမဆိုးဘူး၊ ပြီးတော့ ပေ၂၀  ပေ၆၀ ဟုတ်လား”

“အင်းလေ”

“ဘယ်မှာတုန်း ငွေက၊ မင်းပြောတဲ့ သိန်း ၁၂၀၀က”

“ကိုနဲ့ချို စုထားတာလေးတွေ ထုတ်လိုက်ရင်ရော”

ကို့လည်ပင်းကို သိုင်းဖက်ရင်း ကို့မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။

“အေး အဲဒါတွေ အားလုံးထုတ်လိုက်ရင်တောင် စင်ကာပူဒေါ်လာ တစ်သိန်းဆို မြန်မာငွေ သိန်း ၇၀၀ကျော် ရှိတာ။ ကျန်တာလေးတွေနည်းနည်းပါးပါး ဟိုစု ဒီစုလုပ်ရင်တောင် သိန်းတစ်ထောင်စွန်းစွန်းရှိတာ”

“အင်း ဟုတ်တာပဲနော်”

“ပြီးတော့ အိမ်ချည်းပဲ မဟုတ်သေးဘူး၊ ကိုတို့ ရင်းနှီးဖို့ အလုပ်လုပ်ဖို့ ငွေရင်းလိုသေးတယ်၊ မှန်းသလိုဖြစ်မလာရင် ငွေမလည်သေးတဲ့ ပထမနှစ်တွေမှာ တောင့်ခံနိုင်ဖို့ ထိုင်စားနိုင်ဖို့ငွေ လိုသေးတယ်”

အင်း ကိုပြောတော့လည်း ဟုတ်တာပဲ။

“အားမငယ်ပါနဲ့ကွာ၊ ခု ကို သတင်းတွေဖတ်နေတာ၊ တန်ဖိုးနည်းအိမ်ရာတဲ့၊ သိန်းနှစ်ရာ-သုံးရာနဲ့ တိုက်ခန်းတစ်ခန်းဝယ်နိုင်မယ်တဲ့”

“ဟင် တိုက်ခန်း...တန်ဘိုးနည်းအိမ်ရာ…။  နေချင်ပါဘူး အဲ့မှာ”

ကျွန်မကမူ ဘယ်လောက်ကျဉ်းကျဉ်း ကိုယ့်ခြံကိုယ့်ဝန်းကလေးထဲ သီးပင်စားပင်ကလေးများ၊ ပန်းကလေးများ ရသလောက်စိုက်ကာ မြေကြီးပေါ်ခြေချလိုသူသာ ဖြစ်သည်။

“အံမာ ဒေါ်ရွှေချို နေချင်ပါဘူး မလုပ်နဲ့။ ဒီလိုပဲ ခဏနေပြီး ကျန်တာနဲ့ သိန်းတစ်ရာတန်လောက် ကားလေးတစ်စီးဝယ်၊ ကျန်တာကို အရင်းအနှီးလုပ်၊ တဖြည်းဖြည်းငွေပွားလာတော့မှ မင်းနေချင်တဲ့ တန်ဘိုးကြီး အိမ်ရာမျိုးကို ဝယ်ပြီး ပြောင်း ဟုတ်ပြီလား”

ကို့မျက်နှာက ပြုံးစစနဲ့မို့ ချို့မှာ စိတ်မတိုသာ။ ဟိုအရင်က ကျွန်မတို့ဝယ်ထားသော ရန်ကုန်က အိမ်နှင့်မြေကွက်ကို ဟိုတုန်းကဈေးနဲ့ ပြန်ရောင်းခဲ့ရတာ မှတ်မိသည်။ အဲသည်တုန်းကတော့ စင်ကာပူမှာ အိမ်ငှားဘဝနဲ့ မနေချင်တော့တာမို့ အိမ်အပိုင်ဝယ်ပြီး ငွေလက်ငင်းပေးချေရသော ပမာဏပြည့်အောင် ရန်ကုန်ကပိုင်ဆိုင်သမျှလေးတွေ ရောင်းလိုက် ရတာဖြစ်သည်။ ထိုစဉ်က တန်ဘိုးစုစုပေါင်းမှာ ကျပ်သိန်း၅၀၀ ကျော်သာ တန်ကြေးရှိခဲ့ကာ ၂၀၀၈ခုနှစ်ဝန်းကျင်ဟု  မှတ်မိနေသည်။ ခုတော့ ထိုအိမ်နှင့်မြေတန်ဘိုးက သိန်း သုံး-လေးထောင်ကျော်တန်နေပြီဟုသိရတော့  ရင်ထုမနာဖြစ်လိုက်ရသေးသည်။

စင်ကာပူကအိမ် ပြန်ရောင်းရင်လည်း ဒေါ်လာနှစ်သိန်းလောက်တော့ မြတ်မှာပါလေဟု စိတ်ကိုဖော့တွေးမိသည်။ သို့သော် ဒေါ်လာနှစ်သိန်းသည်ပင် မြန်မာငွေ ကျပ်သိန်းထောင့်ငါးရာမျှသာ။ စင်ကာပူသည် ကိုယ့်မြေကိုယ့်ရေ မဟုတ်၍ အပြီးတိုင်မနေလို၊ ရန်ကုန်ကပိုင်သမျှကိုလည်း ထုတ်ရောင်းလိုက်ရတာမို့ ကိုယ့်မြေကိုယ့်ရေမှာ အခြေချနေထိုင်လိုသော်မှ အိမ်ရာပိုင်ပိုင်မရှိသေးသော လက်မဲ့ဘဝ။ အိမ်ဈေးမြေဈေးတွေကလည်း လိုက်လေ ဝေးလေ၊ ပါးစပ်ထဲမှာတင် ခေါ်ဈေးပေါက်နေကာ ဘယ်လိုမှ မမီသာ။ ခက်လေပြီ။

ဘာကြောင့်များ အိမ်ဈေး မြေဈေးတွေ သည်လောက်တောင်ထိုးတက်သွားရတာပါလိမ့်။ ငါးနှစ်-ခြောက်နှစ် အတွင်းမှာကိုပဲ ဈေးတွေက အဆမတန်။ တစ်နေ့ထက် တစ်နေ့ အတက်ချည်းသာနေသည်။ ကျွန်မတို့လို နိုင်ငံရပ်ခြားမှာ ဆယ်နှစ်ကျော် အလုပ်လုပ်ကိုင်စုဆောင်းပြီး ပြည်တော်ပြန်မည့် နိုင်ငံခြားပြန်တွေတောင် မြို့တွင်းမှာ မဝယ်နိုင်၊  မြေကွက်ကျယ်ကျယ်မှာ အိမ်ကလေးတစ်လုံးနှင့်နေဖို့ရာ မတတ်နိုင်။ သာမန် လက်လုပ်လက်စားတွေ၊ အလယ်အလတ်တန်းစားတွေ၊ အိမ်ပိုင်မရှိသေးသူတွေ၊ ဘဝနှစ်ခုကို အတူတကွ အိမ်ရာထူထောင်တော့မည့် ချစ်သူတွေ။ ဘယ်လိုများ အိမ်တစ်လုံး ပိုင်ဆိုင်နိုင်ကြမှာပါလိမ့်။ တွေးကြည့်မိတာနှင့်ပင် စိတ်မော၍လာသည်။

“ဘာမှ မပူနဲ့ မိန်းမ၊ ကို အခု ထီတိုက်လိုက်ဦးမယ်”

ပြောပြောဆိုဆို တီဗီကိုဖွင့်ကာ တယ်လီတက်ခ်နှင့် ထီတိုက်ဖို့ပြင်နေသောကို့ကို  မျက်စောင်းလှမ်းချိတ် လိုက်မိသည်။ မပေါက်နိုင်တဲ့စင်ကာပူထီကိုများ သူမို့ စိတ်ရှည်လက်ရှည် အပတ်တိုင်း ထိုးနိုင်တိုက်နိုင် လွန်းသည်။

“ဟာ တိုက်တယ်ဟေ့။ နေ့စွဲ  နေ့စွဲ ထီလက်မှတ်ပေါ်က နေ့စွဲ ဟားဟားဟား”

ပြောလည်းပြော၊ ရယ်လည်းရယ်ကာ ထီလက်မှတ်ကိုလုံးချေလိုက်ပြီး အနားရှိ အမှိုက်ထုပ်ထဲ လှမ်းထည့်လိုက်သော ကို့ကိုကြည့်ရင်း ပြုံးမိရသည်။ ကိုကတော့ ရယ်နိုင် နောက်နိုင်နေသေးသည်။ 

ကျွန်မမှာသာ….။ 

ခြံကျယ်ကြီးတစ်ခြံထဲ ပြတင်းပေါက်များများပါသော  အိမ်ကလေးပိစိဆောက်ကာ အိမ်ရှေ့မြေကျယ်ကျယ်မှာ စိုက်ထားသည့် ပန်းခင်းများအကြား၊ လိပ်ပြာရောင်စုံကလေးများအကြား ပြုံးပျော်ပြေးလွှားနေသည့် ကျွန်မကို အဖန်ဖန်အလဲလဲ မြင်မက်နေကျ အိပ်မက်ဟောင်းကြီးထဲတွင် သည်ညလည်းပဲ မြင်မက်ရလိမ့်ဦးမည်ပင်။



14 comments:

  1. တူတူပဲ.. ချစ် .. တူတူပဲ.. အိပ်မက်တွေ... :(

    ReplyDelete
  2. ညီမမေဇင်...သက်ပြင်းချလိုက်သံ ဒီကတောင် ကြားလိုက်မိသလိုလိုး)

    ReplyDelete
  3. ဟုတ်ပါ့မမမေငြိမ်းရေ....တွေးတိုင်း မောရတဲ့ အိပ်မက်တွေပါလေ...:(

    ReplyDelete
  4. သက်ပြင်းချမိတယ် မချစ်ရယ်။ ဇွန်လည်း ငယ်ငယ်က ခြံကျယ်ကျယ် တိုက်ကြီးကြီးမှာနေဖို့ အိပ်မက်တွေ ခဏခဏ မက်ခဲ့ဖူးတယ်။ မြန်မာပြည်က အိမ်ဈေး၊ မြေဈေးတွေက လိုက်လေဝေးလေ ဖြစ်နေတာ။ ထီလည်း ထိုးတော့ထိုးနေတာပါပဲ၊ ခုထိတော့မပေါက်သေးဘူး။း(



    ReplyDelete
  5. ဟုတ်တယ် ညီမဇွန်၊ အိမ်ဈေးမြေဈေးတွေက ပါးစပ်ထဲတင် ပေါက်နေတာ :(

    ReplyDelete
  6. ညီမရေ မေခင်တို့တုံးကဆိုရင် အသက်၄၀ ထိအိုးပိုင်အိမ်ပိုင်မနေရသေးဘူး အမျိုးသားအမှု့ထမ်းဘဝနဲ့ရုံးကန်ရတုံးပေါ့ သူကအဲဒီမှာပြောတယ် ငါလုပ်ကိုင်နိုင်တုံးထွက်မှဆိုပြီးအမှုထမ်းဘဝမှရအောင်ထွက်ပြီးရုန်းကန်ကြတာ ပထမအိမ်လေးတုံးက သိန်း၅၀၀ နဲ့ဝယ်နေတယ်အခု ဒတိယအိမ်မှာ၁၇၀၀နဲ့လမ်းမတန်းရတယ် ၂နှစ်ရှိသေးတယ် ၅၀၀၀ ဖြစ်သွားပြီ ဒီလိုလဲ တစ်ဖြည်းဖြည်းနဲ့ တိုးရင်းတိုးရင်းရှေ့ရောက်လာတာပေါ့ ညီမလေး နေချင်သလိုလည်းတစ်ဖြေးဖြေးဖြစ်လာမှာပါ အရင်ဆုံးတစ်နေရာတော့ ခြေကုတ်ယူထားပေါ့။

    ReplyDelete
  7. အစ်မချစ်ရေ…
    ဖတ်ပြီးမောသွားတာပဲ … ရန်ကုန်မှာပြန်လာနေဖို့ စိတ်ကူးရင် အဲလို အမောတွေလဲ အများကြီး ကြုံရတယ် … ဒါပေမဲ့ ဆွေမျိုးတွေရှိတာ အားကိုးမရမရခဲ့သည်တိုင် အားတစ်ခုတော့ ဖြစ်နိုင်သေးတာပေါ့ …

    ReplyDelete
  8. ဒီစာလေး ဖတ်တော့ ..ခေတ် တခု ရဲ့ စိတ်မောသံ တွေကို သက်ပျင်းချပစ်နေကြရတဲ့.. အသံ တွေ အတူတူ ကြားမိ၇တော့.. ( အားတော့ တက်သား ) အဖော်တွေရှိတယ်လို့.. ။း)) အဓိက လွမ်းမိတာကတော့.. စီးပွားစည်ပင်တဲ့ နယ်မြို့တွေက မိသားစု တနိုင်တပိုင် စီးပွားရေးတွေ နဲ့ ကြီးပြင်းပျော်ရွှင်ခဲ့ကြတဲ့ ဘ၀ တွေ..

    ReplyDelete
  9. အစ်မချစ်ရေ...
    ဒါလေးဖတ်မိတော့ မြန်မာပြည်မှာ လူနေမှုစရိတ်တွေ တရိပ်ရိပ် ကြီးမြင့်လာတာနဲ့အမျှ လူမှုအဆင့်အတန်းတွေလဲ ကွာဟသည်ထက် ကွာဟလာတာကို ပိုမြင်လာမိတယ်။ ဆန်စင်ရာကျည်ပွေ့မလိုက်နိုင်တဲ့ ခေတ်ဖြစ်မှန်းမသိဖြစ်နေပြီအစ်မရေ။ စားဝတ်နေရေး သုံးပါး လူတန်းမစေ့သမျှ ကိုယ့်နိုင်ငံကိုယ် ချစ်ပေမယ့် ရဲရဲဝံ့ဝံ့နေထိုင်လိုတဲ့စိတ်တွေက အမြဲတွန့်ဆုတ်နေကြမှာ အမှန်ပါပဲ။

    ReplyDelete
  10. အန်တီလေးမေခင်၊ လင်းကြယ်စင်၊ ကေနဲ့ မြသွေး >>> အားလုံးမှာ တူညီနေကြတဲ့ ခံစားချက်တွေနဲ့မို့ ဝမ်းသာရမလို၊ ဝမ်းနည်းရမလို :)

    ReplyDelete
  11. အဲဒီလို စိတ်ကူးမျိုးကတော့ ဘ၀တူတွေမို့ နားလည်တယ်။ သီချင်လေးညည်းပြီးတော့ ပဲ ကိုယ့်ကိုယ်ရော အစ်မချစ်ကိုရော အားပေးခဲ့တော့မယ်..

    တစ်နေ့ တော့ ဖြစ်လာမှာပါ...တစ်နေ့တော့ ဖြစ်လာမှာပါ.. :)

    ReplyDelete
  12. location မရွေးရင်တော့ ခြံနဲ့ ဝင်းနဲ့  နေနိုင်ပါသေးတယ်လို့  ကိုယ့်ကိုယ်ကို ဖြေသိမ့်မိတယ် မ ရေ... စိတ်ကတော့ မလျော့သေးဘူး... မြို့ ပြင်ထွက်ရရင် ထွက်ရပါစေ ခြံလေးတော့ပါမှလို့ ... စိတ်ကူးတွေလေ

    ReplyDelete
  13. ညီမဆွေလေးမွန်၊ ညီမတန်ခူး >> ဒါပေါ့ တစ်နေ့ပေါ့နော်၊ စိတ်ကူးတွေ လက်တွေ့ဖြစ်လာတဲ့နေ့ ရှိလာမယ်လို့ မျှော်လင့်ရတာပါပဲ :)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...