Monday, January 6, 2014

အသည်းကွဲနှစ်ကူး - မှ၂၀၁၃ သို့၂၀၁၄



၃၁ရက်နေ့ ဒီဇင်ဘာညမှာ ကျွန်မက တောင်ကြီး-ရန်ကုန်ကားပေါ်မှာပါ။

ညနေဘက် တောင်ကြီးကနေ အေးသာယာကိုဆင်းတော့ ကားဂိတ်ကစီစဉ်ပေးတဲ့ကားလေးနဲ့ ဟိုတယ်ကို လာကြိုပါတယ်။ အဲဒီကတည်းက ကားလေးနဲ့လည်းဖြစ်ပြန်၊ တောင်အဆင်းအတက်ကွေ့တွေကလည်း များပြန်တာမို့ ကားပေါ်မှာ မူးလာသမျှ ကားပေါ်ကဆင်းတာနဲ့ ကျွန်မ အန်ပါတော့တယ်။ လူလည်း နူံးခွေလို့ပေါ့။

ညနေ ၆နာရီ ကားကြီးစထွက်ကတည်းက မျက်စေ့စုံမှိတ်ပြီး မှေးလိုက်လာတဲ့ကျွန်မဟာ ၈နာရီထိုးခါနီး အောင်ပန်းရောက်တော့ အညောင်းအညာပြေ အောက်ခဏဆင်းပါတယ်။ အေးလွန်းတာမို့ လူက လမ်းလျှောက်ရင် တခုန်ခုန်နဲ့ လျှောက်ရတာပါ။ ဒါတောင် အအေးအတိုင်းအဆက ၁၂လောက်ရှိတာ။ ကားက နာရီဝက်အချိန်ပေးပြီး အဲဒီအချိန်မှာ ကားတံခါးကို ပိတ်ထားတာမို့ ကားပေါ်လည်း ပြန်တက်မရမယ့်အတူတူ အပေါ့အပါးသွားပြီး စားသောက်ဆိုင်မှာပဲ နွားနို့ပူပူတစ်ခွက်မှာသောက်ပြီး အပူကူးနေခဲ့ရတယ်။

အဲဒီမှာ ကားပေါ်ပါလာတဲ့ နိုင်ငံခြားသူအမျိုးသမီးကြီးတစ်ဦးနဲ့ ဈေးဆိုင်က ကောင်မလေးတွေ စကားအချီအချပြောနေကြတာ တွေ့လိုက်ရပါတယ်။ ကြည့်ရတာ သူတို့ချင်း စကားပေါက်ပုံမရပါဘူး။ ဒါနဲ့ပဲ လူမှုဝန်ထမ်းရွှေတံဆိပ်ရ (သူ့မိန်းမက ပေးထားတဲ့ဆုပါ) ကျွန်မအိမ်ကလူကြီးက ကူညီပါရစေဆိုပြီး သူတို့နား ရောက်သွားတော့မှ "အမျိုးသမီးကြီး လိုချင်တာက တစ်ခါသုံးခွက်တွေ၊ ဒီမှာ ရနိုင်မလား"လို့ ဈေးဆိုင်ကကောင်မလေးတွေကို ပြောပြပေးရပါတယ်။ ကံကောင်းစွာပဲ အမျိုးသမီးကြီးလိုချင်တဲ့ ခွက်တွေရသွားခဲ့ပါတယ်။ ဘာလုပ်ဖို့လဲဆိုတော့ကာ သူမမှာ ဝိုင်ပုလင်းတွေ ပါလာကြောင်း၊ ည၁၂ထိုးတဲ့အခါ ကားပေါ်မှာ နူးရီးယားဆင်နွှဲဖို့ ဖြစ်ကြောင်း၊ ကားပေါ်ကလူတွေကို ဝိုင်တစ်ခွက်စီလိုက်တိုက်ပြီး တို့စ်လုပ်မယ့်အကြောင်းတွေ ပြောပြပါတယ်။ ဒါနဲ့ပဲ သဒ္ဒါပေါက်သွားတဲ့ အိမ်က ရွှေတံဆိပ်ရ ပုပ်ဂိုကြီးက ခွက်ဘိုးတွေ သူပဲ ရှင်းပေးခဲ့တဲ့အကြောင်း ကျွန်မကို ပြုံးပြုံးကြီး ပြောပြပါတယ်။ ကျွန်မကလည်း အလိုက်သင့်ပဲ  ကောင်းတာပေါ့ နှစ်သစ်ညမှာ ခုလို ကားပေါ်ဆင်နွှဲတာမျိုးတစ်ခါမှ မကြုံဖူးကြောင်း၊ အမျိုးသမီးကြီးလို နိုင်ငံခြားသူတစ်ယောက် ဒီကားပေါ်ပါလာတာ သိပ်ကောင်းတဲ့အကြောင်း ပြုံးပြုံးကြီး ပြန်ပြောခဲ့လိုက်ပါတယ်။

နာရီဝက်ပြည့်လို့ ကားပေါ်ပြန်တက်ကြပြီး ဆက်လက်မှေးလိုက်လာရင်း မမျှော်လင့်ဘဲ ရုတ်တရက် ကျွန်မ ချက်စ်ပိန်းရပါတော့တယ်။ အသက်မရှူနိုင်အောင် မောလာပြီး မျက်ရည်တွေ အလိုလိုကျလာတာကြောင့် လူက လူမမာလိုဖြစ်သွားရာက ချက်ချင်းပဲမလှုပ်နိုင်လောက်အောင် ဒေါင်းသွားပါတော့တယ်။ ဒါနဲ့ပဲ နှာသီးဝကလေကို ရှူမှတ်ရင်း သက်သာသလိုလေး နေသာအောင်နေရင်း လိုက်ခဲ့ရပါတယ်။

အဲဒီခဏမှာ နိုင်ငံခြားသူအမျိုးသမီးကြီးက ကျွန်မတို့ရှိရာ ကားရှေ့ပိုင်းနားကို လာပြီး ဝန်ထမ်းအမျိုးသမီးလေးကို ကားခေါင်းပိုင်းမှာပြနေတဲ့ ဒစ်ဂျစ်တယ်နာရီကို လက်ညှိုးထိုးပြပါတယ်။ နာရီက ၁၀မိနစ်နောက်ကျနေတာမို့ အချိန်ပြန်ညှိပေးစေလိုကြောင်း၊ ၁၂နာရီမှာ နူးရီးယားလုပ်မှာမို့ ဒီနာရီက အချိန်ကိုကြည့်ပြီး ကောင့်ဒေါင်းလုပ်ချင်တာမို့ ပြင်ပေးစေလိုကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဘာကြောင့်လည်း မသိ၊ နာရီက အချိန်ညှိမရတာနဲ့ အမျိုးသမီးကြီး လက်လျှော့ပြီး သူ့နေရာသူ သွားပြန်ထိုင်နေပါတော့တယ်။ ကျွန်မလည်း မျက်စေ့တွေကို ပြန်မှိတ်ပြီး ငြိမ်ငြိမ်လေး လိုက်ပါလာ ခဲ့တော့တယ်။ ညကားပေါ်မှာ မအိပ်တတ်၊ အိပ်လို့မပျော်နိုင်တဲ့ ကျွန်မအတွက် ကားစီးရတာ အချိန်ကြာလွန်း၊ ပင်ပမ်းလွန်းရပါတယ်။ ကျန်းမာရေးမကောင်းတာမို့ ပိုလို့ဆိုးတော့တယ်။

ဒီလိုနဲ့ ကျွန်မလက်ကနာရီက  ၁၂နာရီထိုးဖို့ ၄မိနစ်သာလိုပါတော့တယ်။ ကားပေါ်မှာပါလာသမျှလူတွေ တက်ညီလက်ညီ အိပ်မောကျနေချိန်လည်း ဖြစ်တယ်။ ကျွန်မကတော့ ချက်စ်ပိန်းကြောင့် အသက်တောင် ခက်ခက်ခဲခဲရှိုက်ပြီး ရှူနေရတာမို့ လေသံတောင်မထွက်နိုင်တဲ့အချိန်မှာ တခေါခေါ တရှူးရှူးအိပ်မောကျနေသူတွေကို အိပ်နိုင်ကြလေခြင်းလို့သာ မုဒိတာပွားရပါတော့တယ်။

ကျွန်မလက်က နာရီလေးက မီးစုန်းအရောင်နဲ့ ကျွန်မ မြင်လိုက်ရပါတယ်။ ည၁၂နာရီထိုးပါပြီ။ အဲဒီမှာ ကားနောက်ဘက်ဆီက Happy New Year ဆိုတဲ့ အသံ တိုးတိုးညှင်းညှင်းလေး ကြားလိုက်ရပါတော့တယ်။ တကယ်ပဲ သူမအသံ တစ်သံထဲရယ်။ ကျွန်မကပဲ စိတ်ပျော့လို့ ထင်ပါရဲ့။ အဲဒီအသံနဲ့အတူ ကျွန်မစိတ်နှလုံးတွေ ကွဲကြေသွားသလို ခံစားလိုက်ရတယ်။  Happy New Year လို့ သူမနဲ့အတူ စိတ်ထဲကနေ ကျွန်မ ရေရွတ်လိုက်မိတယ်။  နိုင်ငံခြားသူအမျိုးသမီးကြီး ကြားနိုင်လိမ့်မယ် မဟုတ်ဘူး နော်။ 

သူမအသံက တကယ့်ကို စိတ်လိုအားရ တိုးတိုးသဲ့သဲ့ကလေးရယ်။ နှစ်သစ်ကူးဆင်နွဲဖို့၊ ကားပေါ်ကလူတွေကို ဝိုင်တစ်ခွက်စီ လိုက်တိုက်ရင်း တို့စ်လုပ်ဖို့ သူမစိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ….ကြိုတင်ပျော်ရွှင်ကြံစည်နေမှုတွေနဲ့ သူမ ဘယ်လောက်များ စိတ်ဓါတ်ကျသွားမလဲ။ တကယ်တမ်း အဲဒီအချိန်မှာ ကားပေါ်ကလူတွေက အိပ်မောကျနေကြပြီဖြစ်လို့ သူမစိတ်ထဲ လူတွေ နိုးများသွားမလားဆိုတဲ့ အားနာစိတ်၊ ဒီလိုနှစ်သစ်တနှစ်ကို လက်ခံ ကြိုဆိုနေရမယ့်အချိန်မှာမှ အိပ်နေကြရသလားဆိုတဲ့ အားမလိုအားမရစိတ်၊ နှစ်သစ်တနှစ်ကူးတာကို တစ်ကားထဲစီး တစ်ခရီးထဲသွား လူမျိုးခြားတွေနဲ့အတူ ကြုံတောင့်ကြုံခဲ ပျော်ရွှင်ဆင်နွဲချင်တဲ့စိတ်တွေနဲ့…. သူမဘယ်လောက်များ ခံစားလိုက်ရလေမလဲ…..။ နင့်ကနဲ နေမှာပဲ နော်။ ကျွန်မ စိတ်မကောင်းလိုက်တာ။

ခေါင်း မထူနိုင်တဲ့ကျွန်မဟာ ကားနောက်ပိုင်းဆီက သူမရှိရာကို စိတ်တွေနဲ့သွားပြီး သူမကို လက်ဆွဲနှုတ်ဆက်လို့၊ ထွေးပွေ့လို့၊ ဟက်ပီးနူးရီးယားလို့ အော်ရင်း သူမဝိုင်ခွက်နှုတ်ခမ်းနဲ့ တိုက်ရင်း သူမဆီက အပျော်တွေ ကူးလူးလို့……။  သူမ သိနိုင်မယ် မဟုတ်ဘူးနော်….။

တကယ်တော့ လူတွေဟာ တန်ဘိုးထားတတ်ပုံချင်း မတူတဲ့အခါ၊ တစ်ယောက်စိတ်၊  တစ်ယောက်ဆန္ဒကို တစ်ယောက်က မသိတဲ့အခါ....။ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်း ချိတ်ဆက်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ကြဘူး မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ကျွန်မ သူမနဲ့အတူ ရှိနေပေးခဲ့တယ်။ အဲဒီတုန်းက သူမနဲ့အတူ ကျွန်မ၊ ကျွန်မနဲ့အတူ သူမ…..။ 

သူမစိတ်နှလုံးတွေ နာကျင်ခဲ့ရ၊ သူမ တန်ဘိုးထားမျှော်လင့်ခဲ့တဲ့ နှစ်အကူးမှာ အလိုဆန္ဒတွေမပြည့်ခဲ့ရတဲ့အတွက် သူမကို နားလည်စာနာပေးရင်း ကျွန်မစိတ်နှလုံးတွေ သူမနဲ့အတူ နာကျင်ခဲ့ရတာ။ ဒါတွေကို သူမ သိဖို့ မလိုအပ်ပါဘူးလေ…။

သူမလက်ထဲက ဝိုင်ခွက်တွေ ဘယ်လိုများနေမှာပါလိမ့်….

4 comments:

အမ်တီအန် said...

အပျော်တွေနဲ့ အတူတကွ ကျော်ဖြတ်ချင်တဲ့စိတ်က မျှော်လင့်သလို ဖြစ်မလာတဲ့အခါ စိတ်ပင်ပမ်းခံစားရပါတယ် အစ်မရေ.. ကြုံဖူးပါရဲ့...။ ဒါပေမဲ့ ဘယ်လိုပြန်ဖြေတွေးဖြစ်သလဲဆိုတော့ ရတာမလို လိုတာမရဆိုတာ လောကဓမ္မတာ.. ဒါကြောင့် စိတ်တွေကို မျှခြေမှာထားပြီး လက်တွေ့ဓမ္မဓိဌာန်ကျကျ စဉ်းစားလိုက်တဲ့အခါ နာကျင်မှုတွေ အထိုက်အလျှောက် သက်သာရာ ရသွားမှာပါ။ ဒီ တိုးရစ်က မြန်မာပြည်မှာ မဟုတ်ပဲ နိုင်ငံခြားမှာသာဆိုရင် သူမနဲ့အတူ တစ်ကားလုံး နယူးရီးယားကို ၀က်ဝက်ကွဲ ကြိုဆိုနေကြမှာပါ။ လူချင်းတူပေမဲ့ မွေးဖွားကြီးပြင်းရာခြင်း ကွာခြားတော့ ပေးချင်တာနဲ့ ပြန်ရတာက အချိုးအဆ မမျှဖြစ်တတ်တာ သဘာဝပါအစ်မရေ..။

ဘိုင်သဝေး... နေကောင်းအောင် ဂရုစိုက်ဦးနော်..။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဖတ်ပြီးတော့ မန့်ပဲတခြားပို့စ်ဖတ်မလားတွေးပြီး အိုရောက်ခဲတဲ့ အစ်မဘလော့မှာ မန့်အုံးမှဆိုပြီး
မန့်ခဲ့ပါတယ်ဗျား) စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေအစ်မရေး)

မိုးငွေ့........ said...

ပို့စ်ဖတ်ရင်း မကြီးနဲ့ နိုင်ငံခြားသူတို့ နှစ်ကူး နှုတ်ဆက်လိုက်ကြတဲ့ အသံတိုးတိုးလေးနောက်ကို လိုက်ရွတ်ကြည့်နေမိတယ်...။

စုချစ် said...

သနားပါတယ်...အစ်မရယ်... အစ်မရေးထားတာ သူ့ပုံလေးနဲ့ အစ်မချစ်ပုံလေး မျက်စိထဲမြင်ယောင်လာမိတယ်...
နေကောင်း ကျန်းမာပါစေ...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်