Wednesday, January 29, 2014

ကျွန်မ၏ နှလုံးသားများအကြောင်း



ပန်းချီဆွဲခြင်းဟာ ကျွန်မရဲ့ ဝါသနာတွေထဲကတစ်ခုပါ။ တခြားဝါသနာများနည်းတူ ရံဖန်ရံခါမှာ ပြုလုပ်လေ့ ရှိပါတယ်။ ကျွန်မဝါသနာတွေကလည်း အများသား။ စာရေးစာဖတ်အပြင် ဓါတ်ပုံရိုက်၊ ဂစ်တာတီး၊ သီချင်းဆို၊ ပန်းချီဆွဲတာတွေ ဆိုပါတော့။ 

ပန်းချီတွေကို ဘယ်အချိန်မှာဆွဲလေ့ရှိသလဲ သတိထားကြည့်လိုက်တဲ့အခါ.....၊ ကျွန်မစိတ်တွေ တိမ်လို လွင့်ပျံလို့ တစ်စစီဖြစ်နေချိန်မျိုးမှာ  ပန်းချီဆွဲခြင်းနဲ့ စိတ်တွေကို ကျောက်ချလေ့ရှိတယ်လို့ သိလိုက်ရပါတယ်။ ဆွဲနေတဲ့တစ်ချိန်လုံးလည်း စိတ်က ကားထဲမှာ၊ အရောင်တွေထဲမှာ နစ်ကျွံလို့၊ ကားလေးတစ်ကားဆွဲပြီးလို့ စိတ်တိုင်းကျတဲ့အခါတိုင်းမှာလည်း ရလာတဲ့ခံစားချက်က ဘာနဲ့မှ မတူပါဘူး။

ကျွန်မဆွဲဖြစ်တဲ့ပုံတွေဟာ အင်တာနက်ကနေ ဒီမိုလေးတွေကြည့်ရင်း လိုက်ဆွဲထားတာဖြစ်သလို ပုံတစ်ချို့ကတော့ ကျွန်မစိတ်ကူးနဲ့ ဆွဲဖြစ်တာပါ။ တစ်ချို့ကိုတော့ ဓါတ်ပုံကနေ ပန်းချီအဖြစ် ကူးရေးထားတာဖြစ်ပါတယ်။ 

ဝါသနာအရဆွဲထားတဲ့ ကျွန်မပန်းချီလေးတွေ တချို့ကို ဘလော့ဂ်စာမျက်နှာပေါ်ကနေ မျှဝေလိုက်ပါတယ်။ ကျွန်မ ဘယ်လိုပုံတွေ ဆွဲဖြစ်သလဲ၊  ကြည့်ကြရအောင် နော်....။

ဒေစီအစိမ်းရောင်လေးပါ။ ဒီပုံလေးကို  ArtRage ဆိုတဲ့ Drawing application နဲ့ ကွန်ပြူတာထဲမှာ မောက်စ်ကိုသုံးပြီးဆွဲဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ သားတွန်လို့ ကျွန်မခေါ်တဲ့ သားငယ်ခရေတွန်အတွက် ဆွဲပေးဖြစ်ခဲ့တဲ့ပုံပါ။


ဒီပုံလေးကိုတော့ အိုင်ဖုန်းထဲမှာ ဆွဲခဲ့တာဖြစ်ပြီး "သတို့သမီး"လို့ အမည်ပေးထားပါတယ်။ ကျွန်မရေးခဲ့တဲ့ ကဗျာတစ်ပုဒ်အတွက် သရုပ်ဖော်ပုံအဖြစ် ဆွဲဖြစ်ခဲ့တာပါ။


ဒီပုံလေးကိုတော့ "အတူတကွ"လို့ အမည်ပေးထားပါတယ်။ အိုင်ဖုန်းထဲမှာ ရေးခြစ်ထားတာ ဖြစ်ပါတယ်။


"Clinching emptiness-ဗလာသို့ ဆုတ်ကိုင်ခြင်း"လို့ အမည်ပေးထားတဲ့ ဒီကားလေးရဲ့အရွယ်အစားက 
၇ x ၁၁ လက်မပါ။ Watercolour on paper ဖြစ်ပြီး ဒီကားလေးက ဘလော့ဂ်ဂါ ညီမငယ်မြတ်ပန်းနွယ် အတွက် အမှတ်တရ ပေးထားပြီးဖြစ်ပါတယ်  :)


"သစ်တောညနေ"လို့ နာမည်ပေးထားတဲ့ ဒီကားက ၁၅ x ၁၁ လက်မပါ။ ညနေဆိုတဲ့အတိုင်း အရောင်တွေကို မှုန်မှုန်မှိုင်းမှိုင်းတွေနဲ့ ရေးဖြစ်ပါတယ်။ ကျွန်မစိတ်တွေလည်းပဲ လေးလံမှုန်မှိုင်းနေခဲ့ချိန် ထင်ပါရဲ့။ Watercolour on paper ပါ။


ဒီကားလေးကို "မာနမဲ့သော"လို့ နာမည်ပေးလိုက်ချင်ပါတယ်။ အဆင်းအရောင်လှသလောက် ရနံ့မဲ့ရှာတဲ့ ဒီပန်းကလေးရဲ့ ပင်ကိုယ်အမည်ကတော့ ခေါင်ရမ်းပန်းပေါ့ရှင်။ အင်တာနက်ထဲက ဒီမိုကတစ်ဆင့် လိုက်ဆွဲခဲ့တဲ့ကားပါ။ ကျွန်မ စိတ်တော်တော်လေး ရှည်ရှည်ထားပြီး ဆွဲခဲ့ရတဲ့ ပန်းကလေး လည်း ဖြစ်ပါတယ်။ အရွယ်အစားက ၁၁ x ၇.၅ လက်မ ရှိပါတယ်။ Watercolour on paper ပါပဲ။


ကျွန်မတို့ မြန်မာတွေ အမြတ်တနိုးထားတဲ့ နေရာလေးတစ်ခုပါ။ "ချစ်သော ပုဂံ"လို့ အမည်ပေးထားပါ တယ်။ ၁၁ x  ၉ လက်မ၊ Watercolour on Paper ဖြစ်ပါတယ်။ ဒီပုံလေးကိုတော့ ပုဂံရဲ့ အရုဏ်ကို ရိုက်ဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ဓါတ်ပုံတစ်ပုံကနေ ကူးယူရေးဆွဲထားခြင်း ဖြစ်ပါတယ်။



ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ကိုယ့်နှလုံးသားတွေပါပဲလို့ဆိုကြရင် ခု ကျွန်မက မိတ်တွေရှေ့မှာ ကျွန်မရဲ့နှလုံးသားတွေကို အစီအရီချပြလိုက်ခြင်းပဲပေါ့.....။  နောင်လည်း ပုံတွေဆွဲဖြစ်လို့ စိတ်ထဲ သဘောကျမိတဲ့အခါ ခုလိုပဲ ဘလော့ဂ်ပေါ် တင်လိုက်ပါဦးမယ်။ 

အားလုံးပဲ အရောင်တွေနဲ့ နှစ်ခြိုက်စွာ ချစ်ကျွမ်းဝင်နိုင်ကြပါစေရှင်....:)



Friday, January 24, 2014

ထွေရာလေးပါး-၇

ထွေရာ-၁)  လှေနံနှစ်ဘက်နင်းခြင်း

အဲဒီစကားလုံးဟာ လူတိုင်းကြားဖူးနေကျဖြစ်မယ်လို့ ကျွန်မ ထင်ပါတယ်။ ကြားမိတိုင်းလည်း လှေ နံနှစ်ဘက်နင်းတယ်ဆိုတာ နှစ်ဘက်ခွရပ်တည်နေသူ၊ မပြတ်သားသူ၊ ဆုံးဖြတ်ချက်မရဲသူဆိုပြီး ဗီလိန်အဖြစ် ဆိုးတဲ့ဘက်ကနေ ပုံဖော်တတ်ကြတာများတယ်။ တကယ်ဆို သူ့မူရင်းအဓိပ္ပါယ်က မျှခြေရှာသူ၊ ရပ်တည်ဖို့ ကြိုးစားသူ၊ နှစ်ဘက်မျှတွေးတတ်သူလို့ နောက်တစ်နည်း အနက်ဖွင့် ရမှာပါ။ မြစ်ကူးချောင်းဖျားနဲ့ ရင်းနှီးသူများဆို ကျွန်မပြောချင်တာကို ကောင်းကောင်းကြီးမြင်သာပါလိမ့် မယ်။ လှေပေါ် တက်တဲ့အခါ လှေနံတစ်ဘက်ထဲ နင်းလို့မှ မဖြစ်တာဘဲကိုး၊ ဘေးဘယ်ညာ လှေဝမ်း ဘိုက်နှစ်ဘက်ကို ခြေထောက်ကားရားခွပြီး ကန်ထားရတယ်။ ဒါမှ မလူးဘဲ လှေငြိမ်နိုင်ပေမယ်။

ဒီတော့ အနက်က နှစ်ခုကွဲထွက်သွားတယ်။ လူမှုဆက်ဆံရေးတွေမှာ နှစ်ဦးနှစ်ဘက်အပေါ်၊ အခြေအနေအရပ်ရပ်အပေါ် မျှမျှတတနားလည်ပေးနိုင်တဲ့သူ၊ ရည်းစားနှစ်ယောက်အပေါ် မျှမျှတတ ချစ်နိုင်သူ (တစ်ယောက်ကို သုံးဆယ်သား အချိုချကျွေးရင် နောက်တစ်ယောက်ကိုလည်း သုံးဆယ်သား အချိုချကျွေးတတ်သူများကို ဆိုလိုပါတယ်) ဒီလိုဖြစ်သွားတယ်။

ဆိုတော့ကာ လှေနံနှစ်ဘက်နင်းတာ ကောင်းသလား ဆိုးသလားမေးလာရင် အခြေအနေပေါ်မူတည်ပြီး ကြည့်ဆုံးဖြတ်လို့သာ ပြောရတော့မှာပါပဲ။

ထွေရာ-၂) ပီလေးလုံးနဲ့ အက်ဖ်လေးလုံး

အပေါင်းအသင်း သိပ်မင်တာပဲ၊ အစားထက်တောင် မက်သေးတယ်လို့ တစ်ချို့လူတွေကို ပြောတတ်ကြ တယ်။  အင်္ဂလိပ်စကားလုံး နှစ်ခု ရှိပါတယ်။ ပီလေးလုံးနဲ့ အက်ဖ်လေးလုံးပါ။

ပီလေးလုံးက Productivity, Pay, Performance နဲ့ Profit ဖြစ်ပြီး အက်ဖ်လေးလုံးကတော့ Families, Friends,  Festivals နဲ့ Fun တို့ပဲ ဖြစ်ပါတယ်။ ပီလေးလုံးက မြန်မာလို ထုတ်လုပ်နိုင်စွမ်း၊ လစာ၊ အလုပ် လုပ်ရည်ကိုင်ရည်နဲ့ အမြတ်အစွန်း၊ အက်ဖ်လေးလုံးကတော့ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ပွဲလမ်းသဘင်နဲ့ အပျော်အပါးတို့ပါပဲ။

ဒါကို သူ့ကိုယ်သူ ကိုရင်တာလို့ ရေးတတ်ပြောတတ်တဲ့ ဆရာကိုတာက “ပီလေးလုံးကို လူတွေ ကြည့်ကြမြဲဖြစ်သော်လည်း အက်ဖ်လေးလုံးဟာဖြင့် ပိုပြီး လူနှင့် မတူဘူးလား”လို့ ဆိုထားပါတယ်။ ဟုတ်တယ်၊ ကျွန်မလည်း အက်ဖ်လေးလုံးကမှ လူသားပိုဆန်တယ်လို့ လက်ခံမိပါတယ်။

“လူတွေဟာ တိုးတက်ကြီးပွားလွန်းချင်စိတ်တွေကြောင့် ပီလေးလုံးနောက် အလိုက်လွန်ပြီး အက်ဖ်လေးလုံးအတွက် အချိန်ပေးဖို့ မေ့ထားတတ်ကြတယ်။ ဒါမှ မဟုတ် အက်ဖ်လေးလုံးအတွက် ခပ်ပေါ့ပေါ့ပဲ တွေးတတ်ကြတယ်။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ မရှိဘူး၊ မကြည့်ဘူး၊ အလုပ်မှ အလုပ်၊ အလုပ်ကိုပဲ ကြည့်ရမယ်ဆိုပြီး ပြင်းပြင်းထန်ထန်ပြောဆိုသူများကို ကျွန်တော့်အနေနှင့်တော့ မိတ်ဆွေ မလုပ်လိုပါ” လို့ ဆရာကိုတာက ပြောပါတယ်။ 

ကျွန်မကတော့ ပီလေးလုံးနဲ့ အက်ဖ်လေးလုံးအကြား မျှမျှတတလေးဖြစ်ဖို့သာ လိုလားသူပါ။ အထက်က ကျွန်မပြောခဲ့တဲ့ဥပမာနဲ့ပြောရရင် လှေနံနှစ်ဘက်နင်းလိုသူကြီးကျွန်မသာဖြစ်တယ်လို့ ပြောရပေမပေါ့ရှင်။

စကားမစပ် ကျွန်မ ဆရာကိုတာကို သိပ်ချစ်တာပဲ၊ အပြင်မှာတော့ မသိပါဘူး၊ ပုံတွေထဲမှာတော့ ဆရာဟာ ပြုံးပြုံးကြီးပါ၊ သူ့ကို ပါဂျဲရိုး (ဟိုးအရင်ခေတ်ကတည်းကစီးတဲ့ ပါဂျဲရိုး) စီးတဲ့ စာရေးဆရာလို့ တချို့က ငေါ့သော်လည်းပဲ သူကတော့ သူ့ပုံစံအတိုင်း ပြုံးပြုံးကြီးသာ တုန့်ပြန်ပါတယ်။

ထွေရာ-၃) အချစ်ဆိုတာ

မရိုးနိုင်တဲ့အကြောင်းအရာတစ်ခုဟာ အချစ်ပဲပေါ့။ 

လူတွေဟာ အချစ်ကို သန်ရာသန်ရာဖွင့်ဆိုတတ်ကြပြန်တယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့၊ အချစ်ဆိုတာ ရယူလိုခြင်းတဲ့၊ အချစ်ဆိုတာ သူသာပျော်မယ်ဆို ကိုယ်လည်းပဲ ပျော်နေနိုင်တဲ့အရာတဲ့ (ဒါကိုတော့ ကျွန်မက တယ်သဘောမတွေ့လှဘူး)။ ဟင့်အင်း၊ ကျွန်မအမြင်မတော့ ဒါဟာ အချစ် မဟုတ်တော့ဘူး၊ မေတ္တာဖြစ်သွားပြီ။ အချစ်ထက်ပိုလွန်သောလို့သာ သတ်မှတ်လိုက်ချင်တယ်။

စာရေးဆရာဆိုတဲ့သူတွေ၊ ကဗျာဆရာဆိုတဲ့သူတွေ အဆိုးဆုံးပေါ့။ အချစ်ဆိုတာကို ကလောင်လေးတစ်လက်နဲ့ သွက်သွက်လက်လက်ကြီး ရေးပြောဖွင့်ဆိုတတ်ကြတာ သူတို့ပဲပေါ့။ ဒါကလည်း ကျွန်မပြောခဲ့သလို တစ်ဦးတစ်ယောက်ချင်းစီနဲ့သာ ဆိုင်ပါတယ်။ အပေးမှာ ယုံကြည်သူက အချစ်အတွက် ဘာမဆို ပုံပေးချင်သူ ဖြစ်နေဦးမှာပဲ၊ သူ့အတွက်တော့ အချစ်ဆိုသည်မှာ ပေးဆပ်ခြင်းပေ တကားလို့ ယုံကြည်နေဦးမှာ ဖြစ်သလို၊ အယူအပေါ်မှာ အားသန်သူကလည်း အချစ်ဆိုတာ ရယူ ပိုင်ဆိုင်ခြင်းဖြစ်တော့သကိုးလို့ ပြောနေဦးမှာ၊ အချစ်အတွက် စစ်ပဲဖြစ်ရဖြစ်ရလို့  လက်သီးလက်မောင်း တန်းချင်တန်းနေဦးမှာ။

ချက်ကော့ဗ်ကို ဘဝဆိုတာ ဘာပါလိမ့်လို့မေးတဲ့အခါ သူက "မုန်လာဥဆိုတာ ဘာလဲလို့ မေးသလိုဖြစ် မနေဘူးလားဗျာ၊  မုန်လာဥဟာ မုန်လာဥပဲပေါ့ဗျ" လို့ ပြန်ဖြေသတဲ့။ 

ဒီတော့ အချစ်ဆိုတာ ဘာလဲလို့ ကျွန်မကို မေးလာရင် အချစ်ဆိုတာ အချစ်ပဲပေါ့ လို့သာ ပြန်ဖြေလိုက်ပါ့မယ်။ ထားလိုက်ပါ၊ ရှင်တို့ အချစ်ကို တံဆိပ်ကပ်ဖို့ လုပ်နေတာတွေ ရပ်တန်းကသာ ရပ်ကြစမ်းပါလို့ ထပ်ပြောလိုက်ဦးမယ်။

ထွေရာ-၄) ဘာမှ ဟုတ်ခြင်း၊ မဟုတ်ခြင်း

"လူတွေဟာ တချို့အခြေအနေတွေမှာ ငါဟာ ဘာမျှမဟုတ်ဘူးပေါ့ဗျာ၊ သို့သော် ငါဟာ ဘာမျှမဟုတ်တာဟာ မကောင်းဘူး၊ ငါဟာ တစ်စုံတစ်ရာဖြစ်ရင် ကောင်းမယ်"လို့  ဆရာကိုတာက သူ့စာအုပ်ထဲမှာ ရေးဖူးပါတယ်။

ကျွန်မတို့လည်း တွေ့နေမြင်နေတတ်ကြပါတယ်။ ဘယ်လောက်ကြီးပဲ ကိုယ်ဟာ သာမန်ပါ လို့ ပြောနေသူတွေပဲ ဖြစ်ပါစေဦး၊ အနည်းဆုံးတော့ ကိုယ်ဟာ သာမန်မျှ မဟုတ်၊ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာမျိုး သက်သေပြတတ်ချင်နေသေးတာပါပဲ။ အဲဒီအတွက် ကြိတ်ပြီး ချိုသွေးနေတတ်ကြတာပါပဲ။ အချိန်စောင့်နေသူများလို့ ပြောရင် ရနိုင်မှာပါ။ (အချိန်ကို အိပ်ပြီးစောင့်နေသူများတော့ ဒီအထဲ မပါဘူးပေါ့ရှင်၊ ချုံထဲကနေ ချိုသွေးသပ တမြမြများကိုသာ ဆိုလိုတာပါ)

ဒီမှာ ကျွန်မ သတိရမိတာလေးတစ်ခု ပြောချင်သေးတယ်။ ခုနက အပေါ်မှာ ရေးခဲ့သလို လူဟာ ကိုယ့်ကိုယ်ကို ဘာမျှမဟုတ်လို့ နှိမ့်ချနေရင်းကပဲ တစ်စုံတစ်ယောက်ဖြစ်လိုစိတ်ဟာ သူ့အတွင်းစိတ်မှာ ခိုနေတတ်ပါတယ်။ 

အစိုးရအထက်တန်းကျောင်းတွေမှာ အဖြူအစိမ်းဝတ်စုံဝတ်ကြရတယ်။ အဲဒီမှာ တန်းတူရည်တူ အရောင်အသွေးတူဝတ်ဆင်မှုဟာ တစ်စိတ်တစ်ဝမ်းထဲ ဖြစ်စေလိုမှုအတွက် တန်းညှိလိုက်တာပဲ မဟုတ်လား။ ဆင်းရဲချမ်းသာမှုတွေကိုပါ တစ်ခါထဲ ညီညွတ်စေလိုက်ခြင်းပဲပေါ့။ အဲဒီအဖြူအစိမ်းကိုမှ သရီးရိုင်ဖယ်၊ ရှန်မွိုင်း၊ ဖဲသားပိုးသား ဒီလိုကောင်းအောင် ဝတ်ဆင်ခြင်းမျိုးဟာ သူများထက်သာလိုစိတ်၊ တစ်စုံတစ်ယောက်ဖြစ်လိုစိတ်ရဲ့ အခြေခံပါပဲ။ 

ကျွန်မ ယုံကြည်တာနောက်တစ်ခု ရှိပါသေးတယ်။ အဲဒါက လူတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်သာ တန်းတူရည်တူ ခံစားခွင့်၊ လုပ်ပိုင်ခွင့်၊ ပြောရေးဆိုခွင့်တွေ ရှိရမယ်။ လူတိုင်းလူတိုင်း သာတူညီမျှအကျိုးခံစားခွင့် ရှိရမယ်ဆိုတာကိုတော့ ကျွန်မ လုံးဝလက်မခံနိုင်ပါဘူး။ လူတိုင်းလူတိုင်း သာတူညီမျှအကျိုးခံစားခွင့်ရှိရမယ်ဆိုရင်တော့ ဒါဟာ လူပျင်းတွေအတွက် သိပ်ကောင်းတဲ့ခံစားခွင့်ဖြစ် သွားပြီ။ 

န ဘိက္ခဝေ ဟိနေန
အဂ္ဂဿ ပတိ ဟောတိ

အဂ္ဂေန စ ခေါ ဘိက္ခဝေ
အဂ္ဂဿ ပတ္တိ ဟောတိ။

"ရဟန်းတို့ အညံ့စားလုံ့လဝီရိယဖြင့် အမြတ်စားအထွတ်အထိပ်သို့ ရောက်ရိုးထုံးစံ မရှိချေ။
ရဟန်းတို့ အမြတ်စားလုံ့လဝီရိယဖြင့်သာ အမြတ်စားအထွတ်အထိပ်သို့ ရောက်ရိုးထုံးစံရှိချေသည်" လို့ ကျွန်မတို့ မြတ်စွာဘုရားရှင်က ဆုံးမဟောပြောတော်မူခဲ့ပါတယ်။

အကျိုးခံစားခွင့်ဆိုတာ မိမိကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာသာ တည်သင့်တဲ့အရာပါ။ ဒီတော့ အဲဒီအားစိုက်ထုတ်မှုအပေါ်မူတည်ပြီး အကျိုးခံစားခွင့် အနည်းအများကွဲသွားမယ်၊ ဘာမျှမဟုတ်သူနဲ့ တစ်စုံတစ်ယောက်နဲ့ ကွာခြားသွားမယ်။  ဒါဟာ သဘာဝကျကျ ဖြစ်သင့်တဲ့ကိစ္စပါပဲ။

အထက်ကစကားကို ပြန်ကောက်မယ်ဆိုရင် တစ်စုံတစ်ယောက်ဖြစ်ချင်စိတ်ရှိသူဟာ တစ်စုံတစ်ယောက် တူတူတန်တန်ဖြစ်ဖို့ အားစိုက်ထုတ်လိုသူဖြစ်ရပါမယ်။ သာမန်တွေလို အိပ်အိပ်စားစား ပုံမှန်နေနေရင်တော့ ဘာမျှမဟုတ်တဲ့သာမန်သာ ဖြစ်ပါလိမ့်မယ်ဆိုတာပါပဲ။ 


** မြတ်စွာဘုရားဆုံးမတော်မူခဲ့တဲ့ ပါဠိအပိုဒ်ကလေး ဖြည့်စွက်ပေးသော  ကိုဇက်အား ကျေးဇူးတင်ပါ သည်ရှင့်  :)



Friday, January 17, 2014

ကိုယ်ချင်းစာနာတတ်ကြပါစေ

ကျွန်မတို့ဗုဒ္ဓဘာသာဝင်များဟာ ကမောက်ကမလုပ်တဲ့နေရာမှာ အတော်လေး ထူးချွန်ပါတယ်။ ပြောတော့ ဘုရားကိုးကွယ်လိုက်တာ သူတို့အပြင်မရှိဘူး။ လုပ်တော့သာ တလွဲ။

ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီးမနက်မှာ ကိုယ်တိုင်ကတော့ အနွေးထည်ကြီး ဝတ်လို့၊ မာဖလာကြီး ပတ်လို့၊ ဂြိုလ်ပြေနံပြေ အေးရာအေးကြောင်းဖြစ်ပါစေတော့ဆိုပြီး ဂြိုလ်တိုင်တွေမှာရှိတဲ့ ဘုရားဆင်းတုတော်တွေ ကို ခေါင်းပေါ်ကနေ ရေတွေ တစ်ခွက်ပြီး တစ်ခွက်လောင်းချလို့။ ရေသပ္ပါယ်သတဲ့။ လုပ်ပုံကလေ…။ ငါတော့ဖြင့် နွေးနွေးထွေးထွေးနေမယ်၊ ဘုရားတော့ အအေးပတ်ချင်ပတ်ပါစေ ဆိုတာမျိုး….။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ သိသင့်တာက မြတ်စွာဘုရားကို သက်တော်ထင်ရှားမြတ်စွာဘုရားလို့ စိတ်ထဲက မှတ်ယူပူဇော်ရမယ်ဆိုတဲ့ အချက်ပါ။ တစ်ခုမေးချင်တယ်။ ကျွန်မတို့ ရှိခိုးနေကြတာဟာ မြတ်စွာဘုရားရုပ်တုကြီးသက်သက်ကိုပဲ ရှိခိုးနေကြတာလား။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို စိတ်ညွှတ်လို့ တကယ့်သက်တော်ထင်ရှားမြတ်ဘုရားရယ်လို့ စိတ်မှာမှတ်ပြီး ပူဇော်ကန်တော့နေကြတာလား။ ကွယ်လွန်သွားခဲ့ပြီးသော မိဘများဓါတ်ပုံကို ကျွန်မတို့ ရှိခိုးကြသလိုပါပဲ။ ဓါတ်ပုံမှန်ဘောင်ကြီးကို ရှိခိုးနေတာ မဟုတ်ဘဲ မိဘတွေရဲ့ကျေးဇူးကို ရည်မှတ်လို့ သက်ရှိထင်ရှားမိဘများသဖွယ် စိတ်က ရည်မှန်းပြီး ရှိခိုးကြတယ် မဟုတ်လားရှင့်။ အဲသလိုပါပဲ။

နောက်တစ်ခုက သစ်သီးဆွမ်းကပ်တဲ့အခါမှာပါ။ သစ်သီးတွေကို မခွဲမစိပ်ဘဲ အလုံးလိုက် မကပ်သင့်ပါဘူး။ သစ်သီးဆွမ်းကပ်လှူခြင်းဆိုတဲ့ ကုသိုလ်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဂါရဝလည်းဖြစ်ပါတယ်။ စဉ်းစားကြည့်လေ ကိုယ့်မိဘတွေကိုရော သစ်သီးတစ်လုံး လက်ထဲထည့်ပေးပြီး ရော့ စား ရယ်လို့ ကျွေးခဲ့ဖူးသလား။ သေချာ အခွံနွှာ ခွဲစိပ်၊ ပြီးမှ ပန်းကန်ထဲထည့်၊ ခရင်းလေးဘာလေး တပ်ပြီး ရိုရိုသေသေကျွေးခဲ့ကြတာ မဟုတ်လား။

အဲဒါနဲ့ပတ်သက်လို့ တစ်ခါက ကျွန်မအိမ်မှာ နေသွားတဲ့ သမီးတစ်ယောက်အကြောင်းပြောဦးမယ်။ သူကလေးက ဘုရားကို ပက်ပ်စီ ကပ်ပါတယ်။ ဖန်ခွက်ထဲကို ရေခဲထည့် ပက်ပ်စီထည့်ပြီးတဲ့အခါ ဖန်ခွက်မှာ ပိုက်ကလေးတစ်ချောင်း တပ်လိုက်ပါတယ်။ သူသောက်တဲ့အခါဆိုလည်း ပိုက်ကလေးနဲ့ သောက်တတ်တာ ကိုးရှင့်။ ကျွန်မဖြင့် သူလုပ်ပုံကိုကြည့်ရင်း သဘောတွေ ကျမိတယ်။ အဲဒါ ကျွန်မပြောချင်တဲ့ ကိုယ်ချင်းစာတရားပါပဲ။

နောက်တစ်ခုကတော့ ဘုရားကို သစ်သီးဆွမ်းတော်ကပ်တဲ့အခါ စိမ်းပေ့ဆိုတာတွေ ရွေးကပ်လေ့ရှိကြ တာပါပဲ။ ငှက်ပျောသီးတစ်ဖီးကပ်တယ်ဆိုပါတော့။ သီးမွှေးအစိမ်းတစ်ဖီးကို မြတ်စွာဘုရားရှေ့သွားပြီး တပည့်တော် သစ်သီးဆွမ်းကပ်ပါတယ်ဘုရား ဘာညာပေါ့၊ ဆုတွေဘာတွေ တရှည်တလျားတောင်းလို့။ နောက် ငှက်ပျောသီးမှည့်တော့မှ အသာလေးစွန့်ပြီး စားမယ်။ 

ဘာနဲ့တူသလဲဆိုတော့ကာ မြတ်စွာဘုရား ဒီငှက်ပျောသီးကိုတော့ ဘုရားရှေ့ ခဏလောက်အုပ်ထားပါရစေ၊ မှည့်တော့မှ တပည့်တော် စွန့်စားပါ့မယ်ဘုရားဆိုတာနဲ့ သွားတူမနေဘူးလား၊ လုပ်ပုံက  အဲသလို။

သောက်တော်ရေ ကပ်တဲ့အခါမှာလည်း ဒီလိုပါပဲ။ ရေကို ခွက်နဲ့အပြည့်အလျှံကပ်တာမျိုးကို ရှောင်ရပါမယ်။ ကျွန်မတို့ ရေသောက်ချင်တဲ့အခါ ရေခွက်ထဲမှာ ရေအပြည့်ထည့်ထားရင် လက်လှမ်းလိုက်တာနဲ့ ရေတွေ ဖိတ်စင်ကျတတ်ရဲ့ မဟုတ်လား။ အဲသလိုပါပဲ မြတ်စွာဘုရားကို ရေတော်ကပ်တဲ့အခါမှာ ရေကို ဖန်ခွက်နှုတ်ခမ်းမရောက်ခင် လက်တစ်လုံးအလိုလောက် မှန်းထည့်ပြီး ကပ်ရပါမယ်။

ဆွမ်းတော်ကပ်တာကိုတော့ ပြောရရင် အတတ်နိုင်ဆုံး သက်ရှိထင်ရှားဘုရားကို အိမ်ပင့်ဆွမ်းကပ် သလို ဖြစ်အောင် ကပ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဆွမ်းထမင်းဖြူပေါ် ထန်းလျက်ခဲလေး၊ ပေါက်ပေါက် ဆုပ်လေးဖြူးကပ်တာက ကုသိုလ်တော့ရပါရဲ့။ ဒါပေမဲ့ ကိုယ်တိုင်တောင်မှ နေ့တိုင်း ကြက်ဥပြုတ်နဲ့ချည်း စားနိုင်ကြလို့လား။ ကျွန်မကြားဖူးတာ တစ်ခုရှိတယ်။ မြို့တစ်မြို့မှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ဘုရားဆွမ်းကပ်တဲ့အခါ ထမင်းဝိုင်းပြင်ပြီး ပန်းကန်ခွက်ယောက်တွေကအစ လူတစ်ယောက် စားသလိုပြင်ဆင်ပြီး ကပ်လေ့ရှိသတဲ့။ လက်ဆေးရေတို့ လက်သုတ်ပုဝါတို့ကအစ သေချာပြင်ဆင်ပြီး ကပ်တာ။ အားလုံးပြင်ဆင်ပြီးလို့ ဘုရားကို ပင့်ပြီး ဆွမ်းကပ်တဲ့အခါ ဘေးကနေ ယပ်လေးခပ်ပေးလို့ တဲ့ရှင်။  ကျွန်မဖြင့် ကြားရတာနဲ့တင် ကြက်သီးထလောက်အောင် ပီတိဖြစ်မိပါရဲ့။

ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့တွေအားလုံး စားဝတ်နေအတွက် ရုန်းကန်ရှာဖွေနေကြရတာမို့ အဲဒီလို သေချာပြင်ဆင်ပြီး ဆွမ်းကပ်ချင်မှ ကပ်နိုင်မှာပါ။ ဒါပေမဲ့ အလုပ်ပိတ်ရက်တွေမှာ တခါလောက် အဲဒီလို ကပ်ကြည့်စေချင်ပါတယ်။ သီလရှင်လူထွက်ပြီးကာစ အလုပ်မဝင်သေးခင်အချိန်တွေမှာ ကျွန်မ အဲသလို ဆွမ်းကပ်ဖူးပါတယ်။  ရလာတဲ့ ပီတိက ဘာနဲ့မှ မတူပါဘူး။ ကြက်သီးတဖြန်းဖြန်းထအောင်ကို ခံစားရတာပါ။

အမွှေးတိုင်ပူဇော်သူများလည်း အတူတူပါပဲ။ ဖြစ်နိုင်ရင် အမွှေးရနံ့လေးရရုံလောက် ပူဇော်တာပဲ ကောင်းပါ တယ်။ ဘုရားချောင်းဆိုးရင်ကြပ်ဖြစ်လောက်အောင်တော့ မကောင်းပေဘူးပေါ့။

အချုပ်ပြောရရင် မြတ်စွာဘုရားကို သက်တော်ထင်ရှားဘုရားလို့ စိတ်ဝယ်မှတ်ပြီး ဘာလှူလှူ ဘာကပ်ကပ် ကိုယ်နဲ့ ကိုယ်ချင်းစာပြီး တွေးဆပူဇော်နိုင်ကြဖို့ပါပဲ။ ကိုယ်ချင်းစာတရားဆိုတာက လူလူချင်းဖြစ်စေ၊ သတ္တဝါတွေအပေါ်မှာ ဖြစ်စေ၊ သစ်ပင်ပန်းမာန်တွေအပေါ်မှာပဲ ဖြစ်စေ ထားနိုင်အောင်၊ ထားတတ်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ ဒီလိုပြုမူကျင့်ကြံနိုင်ဖို့ အလေ့အကျင့်လေးလုပ်ပေးကြည့်ပါ။ ကိုယ်တိုင် စိတ်နှလုံးနုညံ့သူ ဖြစ်လာပါလိမ့်မယ်။

မြင်နေတွေ့နေရတာတွေက အချိုးမကျလွန်းလို့ ပြောမိပါတယ်။ စေတနာအလျှောက် ကပ်လှူတာဖြစ်ပေမဲ့ တကယ်ရသင့်တဲ့ တင်းပြည့်ကျပ်ပြည့်ကုသိုလ်လေးရစေချင်လို့ပါ။ တစ်ကျပ်တန်လက်မှတ်ဝယ်ထားပြီးမှ ငါးမူးခရီးလောက်အရောက်မှာ လမ်းဆင်းလျှောက်ရမှာမျိုးကဖြင့် မတန်ဘူး မဟုတ်လားရှင်။

ကိုင်း တရားပွဲလည်း ပြီးပြီ။ အိမ်ပြန်ကြပါစို့။ သာဓု  သာဓု  သာဓု…..:)


မှတ်ချက်။   ။ စာထဲမှတစ်ချို့ကို ဆရာတော်ဥူးဥက္ကဌ (မြစိမ်းတောင်တောရ) ၏ ဟောတရားများ နာယူခဲ့စဉ်က မှတ်သားခဲ့သည်များကို ပြန်လည်ဝေမျှခြင်းပါ။



Saturday, January 11, 2014

မွေးနေ့ရှင်ကို ကြင်နာပါ

သူ့မွေးနေ့မတိုင်ခင် နှစ်ရက်လောက်မှာ သူနဲ့ တွေ့တော့ သူက ကျွန်မလက်ကိုထိကိုင်လိုက်တဲ့အခါ သူ့လက်တွေ ပူနွေးနေတဲ့အတွေ့ကို ခံစားလိုက်ရတယ်။ သူကလည်း ပြောတယ်။ သူ နေမကောင်းဘူး တဲ့။ ဒါနဲ့ ဂရုစိုက်ဦး၊ မွေးနေ့လည်း နီးလာပြီ။ နင့်အတွက် မွေးနေ့ပိုစ့်လေးတစ်ပုဒ် ငါ ရေးပေးမယ်လို့ ပြောလိုက်ခဲ့တာ။

တကယ်တမ်း ၁၀ရက်နေ့ည ရောက်လာတဲ့အထိ ဘာရေးရမယ် ကျွန်မ စဉ်းစားမရသေးဘူး။ မရေးတော့ပါဘူးလေ၊ နင်ပဲ ရေးလိုက်တော့လို့ သူ့ကို မက်ဆေ့ခ်ျပို့ပြောလိုက်တော့ သူက သူ နေသိပ်မကောင်းသေးလို့ ရေးနိုင်မယ် မထင်ဘူးဆိုပြီး ဒီလိုမက်ဆေ့ခ်ျလေး ပြန်ပို့တယ်ရှင့် :)

ဒါနဲ့ပဲ ကျွန်မလည်း  သူ့မွေးနေ့အတွက် တစ်ခုခုလေး ရေးဦးမှပါလို့ ကိုယ့်ကိုယ်ကို ပြောရင်း ဘာရေးရင် ကောင်းမလဲ စဉ်းစားရတော့တယ်။ စာကလည်း ဘာမှရေးချင်စိတ်မရှိ။ ကဗျာစပ်ချင်စိတ်လည်း ကုန်နေ ဆိုတော့ကာ...။ နောက်ဆုံး ဒီလိုလေးပဲ စဉ်းစားမိရာက....:)

 
အဲသည်လို ကိုယ်ထိလက်ရောက် မွေးနေ့လက်ဆောင် (သူနှစ်သက်တဲ့) အယ်လ်ဗီအိတ် မပေးနိုင်ချိန်...

 
 သူ စွဲမြဲသုံးလေ့ရှိတဲ့ အီစီမီယာကေးရေမွှေးလည်း မပေးနိုင်ပြန်.....


နိုင်းတီနိုင်းရိုစ့်လည်း သူ့ဆီ အရောက်မပို့နိုင်ပေမဲ့......။

သူနဲ့ကျွန်မဟာ ဟိုး ငယ်စဉ်ကတည်းက ခုထိ အူမချေးခါး အကုန်အစင်သိ ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းတွေဖြစ်တဲ့အပြင် ခုလို စာလေးဘာလေးရေးဖြစ်လာကြတဲ့အခါ ပိုလို့ ရင်ချင်းနီးစပ်လာကြတယ်။

ဒီအသက် ဒီအရွယ်တွေရဲ့ ဖြစ်နေကျ ကျန်းမာရေးတောင်တောင်အီအီတွေ ဖြစ်လာတဲ့အခါတိုင်း တစ်ယောက်နဲ့တစ်ယောက် ဖေးမအားပေးလို့ သူက တောင်ဝှေးဆို ကိုယ်က ဘိုးသူတော်ဖြစ်၊ သူက ဘိုးသူတော်ဆို ကိုယ်က တောင်ဝှေးဖြစ်နဲ့ ဒီလိုပဲ နေလာလိုက်ကြတာ...။

ခု သူ့မွေးနေ့မှာ ဒီပိုစ့်လေး ရေးနိုင်အောင် ထူထောင်နိုင်တဲ့ ကျွန်မကျန်းမာရေး ကိုလည်း ကျေးဇူးတင်ရသေးတယ်။ သူ့အတွက်လည်း မြန်မြန်ပြန်လည်နေကောင်းပါစေ လို့ ဆုတောင်းပေးရင်း ဒီပိုစ့်လေးဟာ သူ့အတွက် အမှတ်တရ မွေးနေ့ဆုတောင်းပိုစ့်လေးအဖြစ် သူ နှစ်သက်နိုင်ပါစေလို့....မျှော်လင့်ရတာပါပဲ။

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ရက်မြတ်လေးပါ သူငယ်ချင်း "သက်ဝေ"
ယနေ့မှစ၍ ချစ်ခင်သူများနဲ့အတူ သက်ဆုံးတိုင် ကျန်းမာပျော်ရွှင် လိုရာဆန္ဒပြည့်ဝပါစေလို့.....

ချစ်တဲ့

ချစ်

စာကြွင်း - မွေးနေ့တူ ညီမလေးတစ်ယောက်ဖြစ်တဲ့ Vista Aung ဗစ်စကိုလည်း ဒီပိုစ့်နဲ့ တူတူပဲ ဆုတောင်းပေးလိုက်ပါတယ်  နော်....(တူးအင်ဝမ်းမွေးနေ့ပိုစ့်လို့သာ မှတ်ပေရော့)

:)

Wednesday, January 8, 2014

မှန်ရာကို သစ္စာဆိုပါမည်….



ဂျီတော့ခ်လည်း မသုံးဖြစ်တာ ကြာလှပါပြီ။ မေးလ်ဝင်စစ်တာလောက်ရှိတော့တာပါ။ အရင်က အင်ဗိုက်ဇေးဘယ်လ်နဲ့ နေတတ်တာများပေမဲ့ ခု ဂူးဂယ်ဆိုင်ကယ်လ်ဆိုလား ဘာလား အဲဒါကြီး ဆိုင်းအင်ထားလို့ လူတွေမမြင်အောင် နေလို့မရဘူးဆိုပဲ။ ဆိုင်းအောက်လုပ်ကြည့်သေးတယ်။ ဒါပေမဲ့ ကျွန်မက အဲသလိုနေရာတွေမှာ အင်မတန်ညံ့တော့ကာ ဆိုင်းအောက်လုပ်လို့ ဘာမှ မဖြစ်ဘူး၊  အရင်အတိုင်းပဲ မြင်နေရတုန်းပဲလို့ ပြောတော့ ကျွန်မလည်း ဘာမှ ဆက်မလုပ်တတ်တော့ဘူး။ ဒါနဲ့ ဒီအတိုင်းပဲ ထားလိုက်တယ်။ တစ်နေ့ကတော့ လူတစ်ယောက် လာနှုတ်ဆက်တယ်။

 “ဟိုင်း ဆရာမ” တဲ့...။

ဘယ့်နှယ် ဟိုင်းစရာလား  ဒီအသက်နဲ့ ဒီအရွယ်ကိုလေ....။

“ဟုတ်ကဲ့ ပြောပါရှင့်”ဆိုတော့ “အစ်မက စာရေးဆရာမလား” တဲ့….

ဘုရားရေ ခက်တာပဲ။

“ဟုတ်ဘူးရှင့် ကျွန်မက စာရေးသူပါ”

သည်လိုပဲ ပြောရတာပလေ….

“ဟုတ်တယ်ရှင့် ကျွန်မက စာရေးဆရာမလေ၊ ဆရာ့ဆရာမပေါ့ အဟင်းဟင်းဟင်း” လို့ ပြောလိုက်လို့ကတော့ ၉၆ပါးရောဂါနဲ့မသေဘဲ အမြင်ကတ်ပုဒ်မနဲ့ ဘိုက်ဓါးထိုးခံ သေရမဲ့သဘောမှာ ရှိတယ်။

နောက်တော့ သူက အင်မတန်ကြီးမားလေးလံတော်မူထသော မေးခွန်းကြီးတစ်ခုကို ကျွန်မဇက်ပိုးပေါ် ဓါးတင်လို့ မေးတော်မူတယ်။

“အစ်မ ဘယ်လိုရည်ရွယ်ချက်နဲ့ စာရေးပါသလဲ၊ အစ်မရေးတဲ့စာတွေက ဖတ်သူတွေအတွက် အကျိုးတစ်စုံတစ်ရာဖြစ်စေမဲ့စာတွေ ရေးပါသလား” တဲ့

ဘုရား  ဘုရား ခုမှ ခက်တာပဲ

ကျွန်မလည်း ဖြေရခက်တာနဲ့ လူစုံတုန်းလေး အားလုံးသိရအောင် သစ္စာအဓိဌာန် အချက်ကြီး (၄)ချက်နဲ့  ဘလော့ဂ်ပိုစ့်လေးတင်ရင်း ပြန်ဖြေလိုက်ပါတယ်။ မှန်သားကြကုန်….။

(၁)
ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် နိုင်ငံတော်နှင့် လူမျိုးအပေါ် ကျေးဇူးပြုပါမည်ဟု သစ္စာမဆိုဖူးချေ။ (နောင်လည်း ဆိုလိမ့်မည် မဟုတ်)

(၂)
ကျွန်မသည် ငါ၏ကလောင်တစ်လက်ဖြင့် မြန်မာစာပေလောကကြီးအား မြှင့်တင်အံ့ဟု တစ်ခါမှ ပြက်လုံးမထုတ်ဖူးချေ။  (နောင်လည်း ထုတ်လိမ့်မည် မဟုတ်)

(၃)
ကျွန်မသည် ငါ၏ကလောင်သွားဖြင့် မြန်မာစာပေလောကကြီး ဖိန့်ဖိန့်တုန်သွားအံ့ဟုလည်း တစ်ခါမျှ မကြွေးကြော် (နောင်လည်း ကြွေးလိမ့် ကြော်လိမ့်မည် မဟုတ်)

(၄)
ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် အများသူငါ မြန်မာပြည်သူပြည်သားအပေါင်းတို့အား နားကလော်၊ မျက်စေ့ဖွင့်ပေးမှ တော်ပေအံ့ဟုလည်း တစ်ခါမျှ မြွက်တော်မမူ (နောင်လည်း မြွက်လိမ့်မည် မဟုတ်)

ဆိုရလျှင် ဒါဖြင့် ဘဇာကြောင့် စာတွေရေးနေရပါသနည်းဟု မေးချင်ကြပေလိမ့်မည်။ ဖြေရှင်းပြောပြ ခွင့်ပေးကြပါကုန်။

ကျွန်မသည် လူတွေထဲက လူတစ်ယောက်ပီပီ နေ့စဉ်နေထိုင်သွားလာစားသောက်ရာမှ တွေ့သမျှ 
မြင်သမျှသော ပတ်ဝန်းကျင်၌ ဝင်စားပါသည်။ (အာရုံ ဝင်စားသည်ဟု မှတ်ပါလေ)

ထိုအခါ နှလုံးသားရှိသူပီပီ မိမိနှလုံးအိမ်သို့လာရောက်ရိုက်ခတ်လာသမျှတို့အား မသိစိတ်နှင့်ရော သိစိတ်နှင့်ပါ သိုမှီးသိမ်းဆည်းထားမိလေသည်။ ထိုသို့ သိမ်းဆည်းထားသည်များ လွန်စွာ များပြားလာလတ်သော် ကွန်ပြူတာကိုဖွင့်၊ ကီးဘုတ်ကိုကိုင်ဆွဲ၍ ဖွင့်အန်ထုတ်သည်ရှိရာ ဤသည်ကို စာရေးခြင်းအမှုပြုသည်ဟု ဆိုကြပေအံ့။

အကိုးအကားနှင့် ထပ်၍ရှင်းပါမည်။ 

တောင်မြို့ဆရာတော်ကြီး ဟောဖူးသည်။ လူတွေဟာ နူနာရောဂါသည်တွေဖြစ်သတဲ့။ 

အဲသည်နူနာတွေက အချိန်တန်တော့ ယားလာလိုက်၊ ရုပ်ရှင်လေးကြည့်ပြီး အယားဖြေလိုက်….

အဲသည်နူနာတွေက နောက်တစ်ခါ ယားလာပြန်တော့ အယ်လ်ဗီအိတ်ဒေါ်လာ၂ထောင်လေး ပြေးဝယ်ပြီး အယားဖြေလိုက်…..

အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့ကာ ရှော့ပင်းလေးထွက်လိုက်၊ ကားကလေး ဝယ်စီးလိုက်၊ အောလ်စတားလေး ဝယ်ဝတ်လိုက်…….၊ စီးဖုလေး စားလိုက်…..၊  ဘာဘီလေး ကျူးလိုက်….

အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့……
အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့……

အင်း….သည်လိုနဲ့ပဲ တဏှာက ကြိုးဆွဲတဲ့နောက် တကောက်ကောက်လိုက်ရင်း မဆုံးနိုင်အောင် အယားဖြေကြရသတဲ့။

ဒီလိုပဲ…..ကျွန်မလည်း…..
ပတ်ဝန်းကျင်က မြင်သမျှ ကြားသမျှ ခံစားရသမျှ မတော်မတဲ့တွေရော တော်တော်တဲ့တဲ့တွေပါ ရင်ထဲ သိမ်းဆည်းထားရာက များလာလို့ လည်ပင်းဝရောက်လာတဲ့အခါ အန်ထုတ်ချလိုက်၊ စာတွေဖြစ်သွားလိုက်၊  ရင်ဖွင့်ချလိုက် စာတွေဖြစ်သွားလိုက်နဲ့….။  သည်လိုပဲ တော်ရာမှာ လူမြင်နတ်ကြား အယားဖြေနေရတာ။

ပထမဦးဆုံး ၂၀၀၉ခုနှစ်မှာ ဘလော့ဂ်လေးစဖွင့်ပြီး စာတွေရေး အယားဖြေခဲ့ရာက ခုတော့ စာအုပ်လေးတစ်အုပ် (ဝတ္ထုတိုပေါင်းချုပ်ကလေးပါ) ထုတ်ပြီး အယားဖြေရတဲ့အထိ နူနာရောဂါက သည်းလာခဲ့ရပြီ။ ဒီနူနာရောဂါ ရှိနေသမျှတော့ ရှေ့ဆက်လို့ ယားသမျှကိုလည်း သည်လိုပဲ ကုတ်ရ ဖဲ့ရဦးတော့မှာပဲ။

ကိုင်း  ဘာမေးချင်ကြသေးသတုန်း….