Thursday, December 25, 2014

Merry X'mas & Happy New Year နှင့် အန်တီစီကေအေ

ဘာလိုလိုနှင့်၂ဝ၁၄လို့ နာမည်တပ်ခံထားရတဲ့နှစ်တနှစ် မကြာခင်မှာ ကုန်ဆုံးတော့မည်။ ၂ဝ၁၅လို့ ကျွန်မတို့အားလုံးသတ်မှတ်ထားကြတဲ့ နှစ်အသစ်တနှစ်ထဲ စီးမျောနေထိုင်ကြရဦးမည်။ တကယ်တော့ ဒါဟာ ဘာမှထူးဆန်းတဲ့ကိစ္စလည်း မဟုတ်ပါဘဲ။  နေထိုင်ရှင်သန်ခွင့်ရနေကြတဲ့ ကာလ အပိုင်းအခြားတစ်ခုကို ကြံဆစ်တွေလို ဆစ်ပိုင်းကြည့်နေကြလို့သာရယ်။

သံသရာက မလွတ်မြောက်နိုင်သေးသရွေ့ မဆုံးနိုင်သေးတဲ့ကာလရှည်ကြီးပဲ မဟုတ်လား။ အဲသည်ကာလရှည်ကြီးတစ်ခုကို လောကီသုံးလွယ်ကူအောင် ပညတ်တင်မှတ်ကြသည်။ သမုတိ သစ္စာ… လောကီအရ မှန်ကန်မှူတစ်ခုအနေနှင့် ကျွန်မတို့အားလုံး လက်ခံထားကြ ရသည်။ ဖြတ်သန်းနေစဉ် ခရီးရှည်ကြီးတစ်ခုကို နာရီ နေ့ရက် လတွေ နှစ်တွေနှင့် မှတ်ကြသည်။ နေနှင့် ကမ္ဘာကြီးတို့တစ်ပတ်လည်မှုအပေါ်တည်မှီပြီး ထုံ့ပိုင်းမှတ်သားကြသည်။

တကယ်တော့ ပုံမှန်နေ့ရက်တွေထဲက တစ်ရက်မျှသာ။ ခုတစ်ညအိပ်ပြီး နောက်တမနက် မိုးလင်းသည့်အတိုင်းသာ၊ နာရီလက်တံတစ်ခုကနေ အနီးဆုံးနောက်လက်တံတစ်ခုကို ပြောင်းရွှေ့ခြင်း မျှသာပါပဲ။  ထားပါတော့။ လူသားတစ်ယောက်အနေနှင့် ကိုယ်နေထိုင်ဖြတ်သန်းခဲ့သော မကြာခင်မှာ ကုန်ဆုံးသွားတော့မည့်နှစ်တနှစ်အား သတိတရကျေးဇူးတင်စွာ ပြန်ငဲ့ကြည့်ဖြစ်ခဲ့ပါသည်။ 

ငဲ့ကြည့်မိစဉ်ပထမဆုံးအတွေးမှာ ၂ဝ၁၄ဟာ ကျွန်မအတွက် ကောင်းသောနှစ်၊ ဆိုးသောနှစ် ရယ်လို့ နှစ်တနှစ်အပေါ်ပုံချပစ်ရမှာ မတရားရာများကျလေမလားဟုပင်။

"ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရလိမ့်"ဆိုတာလို...။ 

မမြင်နိုင်သော အပိုင်းအခြားတစ်ခု၌ ပြုကျင့်ခဲ့ဖူးသော ကုသိုလ် အကုသိုလ်တို့၏ တစ်ပါတည်း နောက်က လိုက်နေမှုအပေါ်  ကြေနပ်သည်ဖြစ်စေ၊ မကြေနပ်သည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ၊ နာကျင်ရသည်ဖြစ်စေ လက်ခံရုံ။ ကျွန်မ၌ ငြင်းပယ်ခွင့်လည်း ရှိမှ မရှိပါလေ။ အဲသည့်အခါ ငါ့ကျမှ ဖြစ်ရလေခြင်း ဆိုတာတွေ ပျောက်သွားကာ အသံမထွက်နိုင်ဘဲ အံကြိတ်၍သာ နေတတ်လာသည်။ တေးထားခြင်းကား မဟုတ်၊ နာကျင်လွန်း၍သာ အံကြိတ်မိပါသည်။ ဘယ်သူမပြု မိမိမှုပါပေ...။

ပြီးခဲ့သောနှစ်က ဖြစ်ဖြစ်သမျှကို ပြန်လည်ယူဆောင်၍ အာရုံ၌တင်လျှင် အရင်ဦးစွာ သတိရမိသည်မှာ ကျန်းမာရေးပင်ဖြစ်သည်။ လေးဆယ်ကို တော်တော်လေးကျော်လာသော မိန်းမတစ်ယောက် အတွက် နှစ်ဆယ်ကျော်-သုံးဆယ်မိန်းမတစ်ယောက်၏ ကျန်းမာရေးနှင့် မတိုင်းထွာ လိုပါ။ လေးဆယ်ကျော် မိန်းမတို့၏ဖြစ်နေကျ ရောဂါဇယားအတိုင်း  ကျွန်မ၌ အကုန်လုံးရှိလေသည်။ သက်သက်သာသာနေသော်မှ မသက်သာ။ သည်နှစ်ပိုင်းအတွင်းမှာ သိသိသာသာ၊ ဘယ်လောက်ပင် အိပ်စက်စေကာမူ မနက်လင်းသည်နှင့် နွမ်းနေသောပန်းတစ်ပွင့်လိုသာ ရှိရသည်။ ကြည်လင်စွာနိုးထ လန်းဆန်းရသောနေ့များ လက်ချိုးရေလျှင်ပင် ရလောက်သည်။ ကိုယ်တွေလက်တွေ ညောင်းညာ ကိုက်ခဲသည်ဆိုတာကတော့ စကားအနေနှင့်ပြောလျှင်ပင် အပ်ကြောင်းထပ်၍ ရှက်စရာဖြစ်တော့မည်။

ဘာရောဂါမှလည်း ပြောရလောက်အောင် မယ်မယ်ရရ မရှိ။ chest pain-ဘယ်ဘက် ရင်ဘတ်အောင့်ပြီး ဆေးခန်းရောက်သွားသောနေ့တွေမှာ ECG ရိုက်တိုင်း နှလုံးရောဂါရှိပါစေ ဆုတောင်းရသည်။ မကြာခဏ တရှောင်ရှောင်နာမကျန်းဖြစ်နေမှုအတွက် ဖွယ်ဖွယ်ရာရာနာမည်လေးတစ်ခု တပ်ချင်မိသည်။ ခုလို ရောဂါအကောင်အထည် နာမည်ပြစရာမရှိတာသည်ပင် မျက်နှာငယ်ငယ် အားငယ်ရသေးသည်။

ထုတ်ပစ်ခဲ့ရသော သည်းခြေကြောင့် အစာမကြေဖြစ်မှုကတော့ မြင်သာလွန်းစွာ၊ အသည်းတစ်ခုထဲ၏ စွမ်းဆောင်နိုင်မှုဖြစ်သော အစာချေ အဆိပ်ထုတ်ခြင်းသည် သည်းခြေမရှိတော့သောအခါ စစ်တလင်းဝယ် နောက်လိုက်ဗိုလ်ခြေ မပါဘဲ တစ်ဦးတည်းထွက်တိုက်နေရသော စစ်သူကြီးနှင့် အလားတူည်။ အစားလေး နည်းနည်းများလိုက်သည်နှင့် အကုန်ပြန်အန်တာမှ ဘိုက်ထဲက ကလီစာတွေတောင် အပြင်ကို တစ်ခါထဲ ပါသွားပြီလားထင်ရသည်။ ပြီးတာနှင့် အန်ရလွန်းသောကြောင့် လူက မျော့ကာ ပုံလဲလုလုအခြေအနေရောက်ရပြန်သည်။ သည်တော့ အစာကို မည်မျှပင်ကြိုက်သော်ငြား အများကြီး မစားသင့်ဟု ကိုယ့်ဖာသာဆုံးဖြတ်သည်။ တစ်ဖန် ကြိုက်သောအစာများကို မြင်အပ်သည်ရှိသော် ထိုဆုံးဖြတ်ချက်ကို ကိုယ့်ဖာသာ သတိရလျှက်က မေ့ချင်ယောင်ဆောင်ရသည်။ ဤသို့လျှင် စားလိုက်-အန်လိုက်သံသရာ၌ ခွေပျော့နေကျင့်ရလာတော့သည်။

နာကျင်ရောဂါတွေများတော့ ခန္ဓာ၏အပြစ်ကို ကွက်ကွက်ကွင်းကွင်းမြင်တာပေါ့ဟု အကောင်းဘက်က တရားရသယောင် လှည့်တွေးရသည်။ တကယ်တော့ တရားရခြင်းမဟုတ်၊ သံဝေဂရခြင်း၊ တရားရခြင်းနှင့် စိတ်ဓါတ်ကျဆင်းခြင်းတို့သည် ဆင်တူသယောင်နှင့် ကွဲလွဲလှသည်။ ခန္ဓာကြီးဟာ အပြစ်ချည်းပါလား၊ မမြဲတဲ့တရားပါလားဟု နာစဉ်မှာ တွေးတောခြင်းသည် တရားအစစ်ရခြင်း မဟုတ်၊ နေထိုင်မကောင်းစဉ် သက်သာလိုသက်သာငြား ဖြေတွေးခြင်းမျှသာဖြစ်သည်။ နာမကျန်းနေခိုက် စိတ်သွားတိုင်း ကိုယ်မပါမှု အပေါ် စိတ်ဓါတ်ကျဆင်းခြင်းသာ ဖြစ်လေသည်။ တကယ့်တကယ် နေထိုင်ကောင်းသောအခါ (ခေတ်စကားနှင့် ပြောရလျှင်) ပြန်လည်၍ ဖလမ်းဖလမ်းထမြဲ၊ အတောင်ပံပြန်ခတ်မြဲ၊ ခန္ဓာ၏ အချိန်နှင့် အမျှ ဖြစ်ပျက်ပြောင်းလဲလျက်ရှိသော အပြစ်အနာအဆာ၊ အသေအပျက်များကို မတွေ့ မသိ၊ သတိမမူ မေ့လျော့မြဲပင်တည်း။

ကျန်းမာရေးပြီးသော် အလုပ်အကိုင်အကြောင်း ပြောချင်သည်။ မှတ်မှတ်ရရ သည်အလုပ်ကို အင်တာဗျူး သွားရစဉ် ဖေ့စ်ဘုတ်ပေါ်တက်ကာ စတေးတပ်စ်တင်ဖြစ်ခဲ့သည်။ သည်အလုပ်ကို ရချင်လွန်းသောကြောင့် (ဆုတောင်းခြင်းအမှုကို မယုံသော်ငြား စိတ်အင်အားတစ်ခုအဖြစ်နှင့်) “ရပါစေ ဆုတောင်းပေးကြပါ အခု အင်တာဗျူးသွားနေတယ် လမ်းမှာ”ဟုဆိုကာ ဆယ်လ်ဖီလိုက်သေးတာ မှတ်မိသည်။ တကယ်လည်း သည်အလုပ်ကိုရခဲ့တော့ ကိုယ်လိုချင်သောအလုပ်မို့ ကြေနပ်မှုက ပြောပြနိုင်ဖွယ်မရှိ။

တကယ့်တကယ်အလုပ်ဝင်ရသောအခါ မျှော်လင့်ထားသည်ထက်ပိုသော စိမ်ခေါ်မှုများအတွက် တွေ့ကြ ပြီ ပေါ့ကွာဟုဆိုကာ အားရကြေနပ်ရမည်လား၊ သည်ခက်ခဲတဲ့အလုပ်ကိုမှ ရွေးချယ်မိတာ မှားတာပဲဟု ဆိုကာ စိတ်ပျက်လက်လျှော့ရမည်လားပင် မသိ။ မကြာပါ၊ ကျွန်မနှင့်အလုပ်၊ အလုပ်နှင့်ကျွန်မ တစ်သားတည်း ဖြစ်သွားကာ အိမ်ပြန်ချိန်ပင် မေ့လျော့ရသည်အထိ။ သို့သော် စိတ်နှစ်ကိုယ်နှစ် ပင်ပမ်းရသမျှ အထက်လူကြီးများ၊ ကိုယ်နှင့်အတူ လုပ်ဖော်ကိုင်ဘက်များ၏ အသိအမှတ်ပြုမှုအပေါ် ဝမ်းသာရသည်။ ကုမ္ပဏီကြီးများ၏ထုံးစံ လူတစ်ဦးချင်းစီ၏ လုပ်ရည်ကိုင်ရည်ကို လစဉ်စာရင်း ဇယားများအပေါ်မှာ မူတည်ကာ တွက်ချက်အဖြေထုတ်လေ့ရှိတာမို့ တစ်ယောက်ချင်းစီ၏ ကြိုးစားလုပ်ကိုင်မှု ရလာဒ်သည် ညာ၍ မရနိုင်ပါပေ။ အချုပ်ဆိုရလျှင် အလုပ်အကိုင်နှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကို ကြေနပ်အားရခဲ့သည်ဟု ဆိုချင်ပါသည်။

နောက်ဆုံးငဲ့ကြည့်မိသည်က လူမှုဆက်ဆံရေးဖြစ်သည်။ အသက်သာ လေးဆယ်ကျော်ကြီး ဖြစ်လာပြီ၊ လူမှုဆက်ဆံရေးနှင့်ပတ်သက်လျှင် ကျွန်မက ခုထိ သင်ယူနေရတုန်းပင်ဖြစ်သည်။ အစစ်မှန်း အတုမှန်း ရေရေရာရာ မကွဲပြားသောမျက်နှာများထဲမှာနေထိုင်ရင်း သေသည်အထိလည်း သင်ယူရဦးမှာ သေချာသည်။ ကျွန်မ အဘိုးပြောခဲ့သလို အဖြောင့်တိုင်းသာထား၊ ဘယ်လောက်လာ ချိတ်ချိတ် မချိတ်မိနိုင်ဘူးဆိုသည်မှာ မှန်လွန်းလှသည်။ အဖြောင့်အတိုင်းထားနိုင်ဖို့သာ ကျွန်မ ကြိုးစားရပါသည်။

လူတွေမှာ ဘာသာစကားရယ်လို့ကွဲပြားနေကာ ဘယ်လိုဘာသာစကားမှ မပြောဘဲ စိတ်ချင်းဆက်သွယ် ပြောဆို သိနားလည်လို့ရစေနိုင်လျှင် ဘယ်လိုများနေပါ့ဟု တွေးမိဖူးသည်။ သည်လို ဆိုရင်တော့ဖြင့် ကြောက်မက်ဖွယ်ဟု ချက်ချင်းပင် အတွေးဝင်သည်။ 

လူ့စိတ်ဟူသည် ဘယ့်ကလောက်များ ဖြူစင်သောအရာမို့ပါလိမ့်။ တစ်ယောက်စိတ်ကို တစ်ယောက် က ကောင်းသည် ဆိုးသည်မဟူ မြင်တွေ့နိုင်ပါက နောက်ဆက်တွဲပြဿနာတွေကဖြင့် များပြားရှုပ်ထွေးချိမ့် မည်ပေ။ စိတ်ကို လျှော်ဖွပ်ရသောအလုပ်မှာ ခက်ခဲပေစွ၊ ဘယ်လောက်ပင်ကြိုးစားစေကာမူ အလုံးစုံဖြူစင်နိုင်ခဲလှသည် မဟုတ်ပါလား။

ပတ်သက်ဆက်ဆံခဲ့ရသောသူတွေဆီက ကျွန်မ အများကြီးရခဲ့ပါသည်။ နာယူစရာ၊ နာကျင်စရာ၊ ပျော်ရွှင်ဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ စသည်များ များပြားလွန်းသည်။ တစ်ချို့က အလုံပိတ် သစ်သားသေတ္တာတစ်လုံးလို၊ တစ်ချို့ကျတော့ မှန်လုံသေတ္တာတစ်လုံးလို...။ 

မည်သို့ပင်ဖြစ်စေ ပြသလောက် မြင်ကြရပြီး ပေးသလောက်သာ ရနိုင်ကြပါ၏။ သည့်ထက်ပိုပြီး မရနိုင်၊ မမျှော်လင့်စကောင်းပါပေ။ ခံစားမှုအခြေခံသော ပတ်သက်ဆက်ဆံမှုတိုင်း၌ “ပေးတိုင်းပြန်မရတာ အချစ်ဟုခေါ်သလား”ဆိုသော သီချင်းလို၊ အတုန့်အလှယ်ဟူ၍ မမျှော်လင့်ကောင်းရာဟု သိမှတ် နားလည်ခဲ့ရလေပြီ။

အကောင်းအဆိုးများအားလုံးသည် နှစ်တနှစ်နှင့် မဆိုင်၊ ကံသည် အလုပ်ဟုဆိုလျှင် မိမိပြုလုပ်ခဲ့သော အလုပ်သည်သာ မိမိ၏ကံဖြစ်လေသည်။ မိမိ၏ ကံ အကောင်းအဆိုးသည် မိမိ၏ အလုပ် အကောင်းအဆိုးသာဖြစ်သည်ဆိုတာ သံသယမရှိလိုပါ။ အကောင်း၌ ပျော်မွေ့စဉ် အဆိုးတို့ကြုံလာခိုက် မယ်နုကို နှလုံးသွင်း အားမွေးရသည်။ “ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရလိမ့်”ဆိုတာလို...။

အဘိုးအကြောင်း နည်းနည်းပြောချင်သေးသည်။ ကျွန်မမှာ အဘိုးဆီက များစွာရလိုက်သည်ဟု ထင်သည်။ အထူးသဖြင့် စိတ်နေစိတ်ထား၊ အဘိုး၏စိတ်နေစိတ်ထားက လူဖြောင့်စိတ်တိုဖြစ်ကာ တစ်ခုခုဆို ပေါက်ကွဲလိုက်ရမှ၊ တည့်တည့်ပြောလိုက်ရမှ ကြေနပ်သူ။ ကျွန်မက အဘိုးလောက် မဖြောင့်စေကာမူ အဘိုးလိုပင် စိတ်တိုသူဖြစ်လေသည်။ အဘိုးသည် အပေါ်ယံ ပကာသနမုန်းသူလည်း ဖြစ်သည်။ တခါက အဘွားက ဆွေမျိုးမကင်းသော အလှူတစ်ခုသို့ သွားချင်သည်။ ထိုအလှူမှာ ကိုယ့်ရှိတာနှင့် မတိုင်းမထွာ ဂုဏ်လုပ်ထားသော အလှူမို့ အဘိုးကမူ အဘွားအား မသွားစေလိုပေ။ နောက်ဆုံး အဘိုးကပြောသည်မှာ “ဒီအလှူက နင်သွားမှ ဗျောတီးမှာလား”ဟူ၍။

သည်လိုပါပေ။ တခါတခါ ကျွန်မ တွေးမိသည်များက မရည်ရွယ်ပါဘဲ ကန့်လန့်တိုက်သလို ဖြစ်နေ တတ်သည်။ ဘေးထွက်နေတတ်သည်။ ခုလည်း အဘိုးပြောသလို တွေးနေမိသည်မှာ (အားလုံး၏ မေတ္တာတော်ကိုခံယူ၍ ပြောရလျှင်) ၂ဝ၁၄ကတော့ ကျွန်မ နှုတ်ဆက်ဆက် မဆက်ဆက် ကျန်ခဲ့မှာပဲ၊ အဲလိုပဲ ၂ဝ၁၅ကလည်း ကျွန်မ ကြိုကြို မကြိုကြို ရောက်လာမှာပဲဟူ၍ ဖြစ်လေသည်။

အဘိုးဆိုလို့ အဘွားကိုပါ တနွယ်ငင်တစင်ပါ သတိရမိသည်။ အဘွားက ကျွန်မတို့ညီအစ်မတတွေ ခုန်ပေါက်ပျော်နေလျှင် မကြိုက်၊ တဟီးဟီးလုပ်နေလျှင် မကြိုက်၊ ခပ်လှမ်းလှမ်းကနေ မျက်စောင်းတခဲခဲနှင့် ရှိတတ်သည်။ အဲသည်တုန်းကတော့ ကျွန်မတို့အရွယ်ကလည်း ဘာမှ မဟုတ်တာကိုပင် ရယ်မောပစ်လိုက်ချင်သည့် အရွယ်ကိုးလေ။ ခုတော့ ကျွန်မ အဘွားကို နားလည်နိုင်ပြီ။

ခရစ်စမတ်ရယ်လို့၊ နျူးရီးယားရယ်လို့ ခုန်ပေါက်ပျော်မြူးနေသူများအား "ဘာများပျော်စရာရှိသတုန်း"ဟု မျက်လုံးစွေကြည့်တတ်ပြီ။ ဂွတိုက်ချင်စိတ်နှင့်မဟုတ်ဘဲ အော်တိုဖြစ်လာသော “ရင်လှိုက်သည်းလှိုက် မခံစားတတ်မှု”ပင် ဖြစ်လေသည်။

သြော်...ကျွန်မ အသက်ကြီးလာပါပြီကော....

မည်သို့ပင်ဖြစ်စေ ကျွန်မ၏ ဂွကျကျစိတ်ကို ရင်ထဲမှာပင် သိမ်းဆည်းကာ မိတ်ဆွေများအားလုံးနှင့်အတူ Merry X’mas & Happy New Yearဟု ခုန်ပေါက်ပျော်မြူးလိုက်ပါရစေ….

“Merry X’mas & Happy New Year to all of you”
CHEERS !!


Thursday, October 30, 2014

တိမ်မျှားသူ

တိမ်တွေကို ဘယ်လိုကဘယ်လို ဘယ်အချိန်ကစပြီး စိတ်ဝင်စားသွားမှန်း သူမကိုယ်တိုင် မသိလိုက်ပါ။ သတိထားမိချိန်တွင် တိမ်တွေဆီမှာ သူမ အလုံးစုံနစ်ကျွံနေပြီးဖြစ်သည်။

ပုံမှန်အားဖြင့်တော့ တိမ်တွေကို နောက်ခံအပြာရောင်မိုးသားပေါ်မှာ တအိအိလွင့်မျောနေသော အဖြူရောင် သို့မဟုတ် အဖြူပေါ်တွင်မီးခိုးစွက်သော မီးခိုးရောင်မွမွအလိတ်အစိုင်ကြီးများ အဖြစ်သာ မြင်တွေ့ရတတ် သည်။ ထုထည်ကြီးမားသော တိမ်စိုင်များ၊ သေးမျှင်ပါးလျသော တိမ်လွှာများ၊ ငါးကြင်းမြီးကွက်ပုံဟန် အကွက်အကွက်လက်လက်ထနေသော တိမ်ပွင့်များ၊ မျဉ်းပြိုင်များ ပစ်ချထားသလို အစင်းလိုက် အချောင်းလိုက်ဆန့်တန်းနေသော တိမ်ကန့်လန့်စင်းများ၊ အဖြူနှစ်ရောင်ဝါဂွမ်းစများ အား နောက်ခံကောင်း ကင်ပြာကြီးထဲ ဗြန်းကနဲကြဲပက်ထားဟန် ဟိုဒီတစ တိမ်ဆုပ်တိမ်ခဲများ၊ ပုံသဏ္ဍာန် အရွယ်အစား မတူညီသော ပုတီးစေ့များ တစ်လုံးစီ၊ တစ်စုစီ စုဝေးနေသလို တိမ်လုံးတိမ်စုများ စသည်ဖြင့် တိမ်များကို ပုံစံအမျိုးမျိုး ကွဲပြားစွာ တွေ့မြင်ရလေ့ရှိပါသည်။


မနက်လင်းစ နေရောင်နုပျော့ပျော့အောက်မှာ နေအလင်းစနှင့်ဖျန်းပက်ထားသော ငွေနားကွပ်တိမ်စိုင်တွေကဖြင့် သူမအာရုံကို အထူးဖမ်းစားနိုင်လေသည်။ ခါတစ်ရံ မနက်ခင်းများမှာတော့ တိမ်များသည် သခွားခြစ်နှင့် အခြစ်ခံထားရသည့်ပမာ အစင်းလိုက် အမွှာလိုက် တစ်စစီ တစ်မျှင်စီ လွင့်မျောနေတတ်ပြန်သေးသည်။
ထို့ထက် နေရင့်၍ တဖြည်းဖြည်းမြင့်တက်လာသော် ပြင်းသောနေရောင်အောက်၊ တိမ်တို့၏ အဖြူတောက်တောက်မှာ ပိုသာထင်လင်းကာ အပြာအဖြူကို စုံမက်တွဲဖက်လျှက် တွေ့ရသည်က ရွှင်လန်းအားရကြေနပ်မှုကို ပေးစွမ်းပြန်သည်။ နေ့လည်ခင်းတိမ်များမှာ ပူပြင်းသောနေကို အန်တုဖို့ရန်ထင့်၊ အလိပ်လိုက် အဖွဲ့လိုက် အိစက်သိုင်းဝိုင်းနေတတ်ကြသည်။


ညနေချိန်များတွင်မတော့ အိပ်တန်းတက်လု လိမ္မော်နီရောင်နေလုံးကြီးမှပက်ဖျန်းသော အရောင်အဝါသည် တိမ်စိုင်တို့အား အံ့သြမင်သက်ဖွယ် လှပဆန်းကြယ်စေပြန်သည်။ ထိုအချိန်တွင် တိမ်တို့၏အရောင်သည် လိမ္မော်ရောင်၊ ပုဇွန်ဆီရောင်ကဲလျက် တောက်ပသော အနားသတ်အရောင်များနှင့် သူမကို ညှို့ယူနိုင်ချိန်ဖြစ်သည်။ ထိုအချိန်များမှာ သူမ အိမ်ပြန်ချိန်ဖြစ်တတ်သည်။ အိမ်ပြန်ချိန်မို့ သွက်လက်ပေါ့ပါးသောခြေလှမ်းများမှာ တိမ်သွေးတိမ်ရောင်များကြောင့် ပိုလို့ပင် အရောင်စုံ ဆင်မြန်းတော့သည်။ ပုဇွန်ဆီရောင်၊ ဝါလိမ္မော်သွေး၊ မရမ်းရောင်၊ ခရမ်းရေးရေးတို့နှင့် တိမ်တို့၏ ဆည်းဆာသည် တခဏရပ်၍မျှပင် ကြည့်ယူရသည်အထိ စိတ်ဘဝင်ကြည်နူးလှုပ်ရှားစေတော့၏။


ဤသို့လျှင် မနက်ခင်းမို့၊ နေ့လည်ခင်းချိန်…၊ ညနေဆည်းဆာ ကွဲပြားချိန်များအတိုင်း မတူသော တိမ်အထုအထည် အရွေ့အလျား အသွေးအရောင်များကို သူမ သတိထားကြည့်ရှု့ရုံမျှမက တမေ့တမော ငေးမောစောင့်ကြည့်တတ်လေပြီ။ သူမသိလိုက်ရသည်မှာ တိမ်တွေ ဖမ်းစားတတ်ကြောင်း၊ ထိုသို့ သူမ သိလိုက်ခြင်းသည် ထိုအချိန်မှာ နောက်ကျနေခဲ့ကြောင်း သူမ ကောင်းကောင်းကြီး သိလိုက်ပြီဖြစ်သည်။ ကောင်းကင်၌ တိမ်ကင်းစင်သောအခါများတွင်မူကား သူမစိတ်ထဲ တစ်ခုခုလိုနေသလိုလို ဟာနေတတ်သည်။ သူမ နေထိုင်မကောင်းတတ်သလို တိမ်များရော နေထိုင်ကောင်း ပါလေစ၊ ကျန်းမာပါလေစဟု စိုးထင့်မိတတ်သေး၏။

တိမ်တွေ ဘာမှ မစားကြဘူးလား…..။ တိမ်တွေမှာ တိမ်သွားရာ စွပ်ကြောင်းတစ်ခု ရှိမည်လား….။ တိမ်တွေသည် သူမလိုပဲ သကြားမပါ၊ ရေခဲနည်းသော ကဗ္ဗလာဖျော်ရည်တစ်ခွက်ကို ခံစားသောက်သုံး တတ်ကြပါ့မလား….။ တိမ်တွေသည် အောက်ခြေလွတ်နေသူများလား။  မြေပြင်ပေါ်ကို ဘယ်တော့မှ ဆင်းမလာကြတော့ဘူးလား…။

သူမစိတ်ထဲ တွေးနေမိသည်။ ထိုသို့တွေးမိတော့ တိမ်တွေဟာ သနားစရာ၊ တစ်ချိန်တည်းမှာပင် ချဉ်စုတ်ချင်စရာဟု သူမ ထင်သည်။

တိမ်တွေမှာ ကိုယ်ပိုင်အရောင်ရှိရဲ့လား။ နေမင်းကြီးရဲ့ အရောင်ဖျန်းပက်မှုနှင့်သာ သူတို့ အရောင်စိုလက်ကြရတာများလား။ တိမ်တွေဟာ လေယူရာအတိုင်း၊ လေရဲ့လားရာအတိုင်း အလိုလိုက်ရွေ့လျားနေကြရတာကတော့ဖြင့် ပျော့ညံ့လွန်းသည့်တိမ်တွေပါပဲဟု သူမ မြင်သည်။ တိမ်တွေ၏ ပုံသဏ္ဍာန်၊ အရောင်အဆင်း၊ လားရာသည် ရာသီကို မှီသည်၊ နေမင်းကြီး၏အရောင်တွင် တည်သည်၊ လေနတ်သား၏ အဝေ့အဝဲ၌ ခိုတွယ်စီးမျောသည်။ သည်လိုဆိုတော့ တိမ်တွေမှာ ကိုယ်ပိုင်ဆိုလို့ ဘာများ ရှိပါလိမ့်….။

သို့တိုင်အောင် တိမ်တွေကို သူမ ချစ်မြဲ၊ တိမ်တွေကို မော့မကြည့်ရ၊ မနေနိုင်ဖြစ်မြဲတည်း။

လမ်းမပေါ်ရောက်ကာမှ တိမ်များကို ငေးမော့ကြည့်တတ်လေ့သော သူမသည် သူမအိပ်ရာဘေး ပြတင်းပေါက်ဘောင်နှင့် အဆန့် မြင်နေရသောတိမ်များကိုပါ မက်မောစွာကြည့်တတ် လာခဲ့ချိန်တွင် အိမ်သားများ၏ ခပ်စိမ်းစိမ်းအကြည့်ကိုပါ လက်ခံခဲ့ရလေသည်။

တိမ်တွေ လမ်းလျှောက်တတ်သလား…..

တစ်ခါသားတွင်မတော့ ပြတင်းပေါက်အလယ်တည့်တည့်၌ ငုတ်ကလေးတစ်ချောင်းစိုက်ကာ တိမ်များ၏ အရွေ့အလျားကို စောင့်ကြည့်နေခဲ့ဖူးသည်။ တိမ်စိုင်များသည် ပြတင်းပေါက် ညာဘက်ထောင့်ဆီမှ တရွေ့ရွေ့လွန့်ကာ ငုတ်တိုင်ကလေးကိုကျော်ဖြတ်၍ ဘယ်ဘက်ထောင့်သို့ ချဉ်းကပ်လာချိန်မှာ သူမ ရင်ခုန်စွာပြုံးမိရသည်။ သေချာပြီ၊ တိမ်များ သွားလာလှုပ်ရှားတတ်သည်ပဲ....။ တစ်နေ့မှာ တိမ်တွေ သူမဆီ ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မည်လဲ...။

ထိုနေ့မှစ၍ တိမ်တွေကို သူမ မျှားတတ်ခဲ့ပါသည်....

မျက်စေ့နှင့် မျှားသည်။ အကြည့်တို့နှင့် ချည်နှောင်သည်။ နှုတ်ခမ်းတွေနှင့် မျှားသည်။ စကားလုံးတွေနှင့် ဆွဲညှို့သည်။ အပြုံးများနှင့် ခေါ်ယူသည်။ နှလုံးသားနှင့် ချိတ်ယူသည်။

တစ်နေ့တစ်နေ့ တိမ်တွေ အရောင်ပြောင်းသွားတိုင်း ဆန်းကြယ်လျှို့ဝှက်သော တိမ်များ၏အရောင်မှာ သူမ ရယ်မြူးရသလို ဝမ်းနည်းခံစားရတတ်သည်။ အရောင်မပြောင်းပါနဲ့လား တိမ်တွေရယ်….။

တိမ်တွေကိုမော့ကြည့်ကာ လမ်းလျှောက်စဉ် တိမ်တွေသည် သူမရှိရာ ပြေးဝင်လာသလို ထင်မိတတ်သေး သည်။ ထိုအခါမျိုးမှာ သူမကိုယ်လေးကို အတတ်နိုင်ဆုံး သေးကွေးကျုံ့ထားမိသည်။ တိမ်တွေ သူမကို သိမ်းပိုက်ယူငင်သွားပါစေလေ…..။ 

တိမ်တွေသည် သူမကို ထိတွေ့ရုံကလေး၊ ဖြတ်သန်းသွားသည်ဆိုရုံကလေး သူမကိုယ်ကို ထွင်းဖောက်လျက် ကျော်လွန်သွားချိန်မှာတော့ သူမ ဝမ်းနည်းရပြန်သည်။ သူမရင်ခွင်ထဲ ပြိုဝင်ထိုးဆင်း လာပြီးမှ တိုးဝှေ့ဖြတ်သန်းသွားလေသောအခါ နာကျင်လျက်က တိမ်များ၏အထိအတွေ့၌ သူမပျော်ဝင် သာယာမိပြန်သည်။

သူမ ရှိနေကြောင်းပင် တိမ်တွေ သိပါလေစ။ မြေပြင်အောက်မှာ ကပ်လျက်ရပ်ကာ သူတို့ကို မော် ကြည့်နေသော မိန်းမတစ်ယောက် သက်ရှိထင်ရှားရှိနေသေးကြောင်း သူတို့ အသိအမှတ်မှ ပြုပါလေစ။ 

တိမ်တွေကိုရယူဖို့ ကြိုးစားမိသောအခါ သူမငယ်ငယ်က ကိုယ်အလင်းရောင်ထိန်ဝင်းသော ပိုးစုန်းကြူးကလေးကိုဖမ်းကာ ပုလင်းထဲထည့်ပြီး မွေးထားဖူးသည်ကို သတိရမိသည်။ နေ့နေ့ညည အားရအောင်ကြည့်ပြီးမှ ပုလင်းအဖုံးကိုဖွင့်ကာ ပြန်လွှတ်ပေးလိုက်ဖြစ်သည်။ ခုလည်း တိမ်တွေကို သူမ လိုချင်သည်။ တိမ် လက်တစ်ဆုပ်စာလောက် ခူးယူလို့ရလျှင် ကောင်းမည်။ ပုလင်းလွတ်ထဲ ထည့်ကာ သေသေချာချာ အဖုံးလုံအောင်ပိတ်လျက် ဘယ်တော့မှ ပြန်မလွှတ်ဘဲထားရမည်။

တိမ်တွေ အသက်ရှူ ဝ ပါ့မလား။ သူမ တွေးပူပြန်သည်။ သူတို့ သိပ်ကျဉ်းကြပ်နေမှာပဲ။

တိမ်တွေသည် သူတို့နောက် လိုက်လေ၊ သူမနှင့် ဝေးရာသို့ ပျံသန်းလေဖြစ်ကြောင်း သူမ သိရှိရသောအခါ နင့်ကနဲ ဝမ်းနည်းသွားခဲ့ဖူးသည်။ တိမ်တွေဟာ မြေပြင်နှင့်အထက် မိုင်ပေါင်းသောင်းချီသောအမြင့်မှာ တည်နေကြောင်း သူမ သိပါသည်။ ထို့ကြောင့် တိမ်တွေကို မျှားခြင်းသည် ကန်ထဲရှိရောင်စုံငါးများကို မျှားရသလို လွယ်ကူမည်မဟုတ်ကြောင်း သူမ သေချာသိသည်။

တစ်နေ့မှာ ကောင်းကင်အမြင့်ကြီးပေါ် သူမ ရောက်သွားသည်။ အေးစက်ကျင်ခဲနေသော လေထုကြောင့် သူမ လက်ကလေးနှစ်ဘက်ကို တင်းတင်းပိုက်ထားလိုက်မိ၏။ သူမတစ်ကိုယ်လုံး လေထုထဲမှာ လွင့်ချင်ရာ လွင့်နေတော့သည်။ တွေ့ပါပြီ။ သူမ သိပ်မက်မောလိုချင်ရသော တိမ်စိုင်ဖြူလွများ….။

တိမ်တွေရှိရာ တစ်ဟုန်ထိုး ပျံသန်းသွားလိုက်သည်။ ကိုယ်ပေါ်မှ အဝတ်အစားများသည် လေအဟုန်ကြောင့် တဖျတ်ဖျတ်လွန့်လူးလျှက်။ သူမဝန်းကျင်သည် မြူတွေဆိုင်းလာသလို၊ သူမ မြင်နေရသည်က အဖြူပိတ်ပိတ်များသာ။ ဘေးဘီဝဲယာရှိ ပိန်းပိတ်နေသောအဖြူများကြားမှာ သူမ တစ်ကိုယ်လုံး ကြောက်စိတ်နှင့် အေးခဲမတတ်။ ဒါတွေသည် သူမချစ်သော တိမ်စိုင်တွေတဲ့လား….။

တိမ်ဆိုသည်မှာ ငွေ့ရည်ဖွဲ့ဖြစ်တည်နေသော အထည်အစိုင်မျှသာ တဲ့။ ဟိုး မြေပြင်ကနေ ကြည့်ရှု့ လှပခဲ့သော တိမ်တွေသည် အနီးကပ်ထဲထဲဝင်ဝင်အမြင်မှာ ပြန့်ပိန်းနေသော အဖြူရောင်အမှုန်မျှသာ။ သူမရှေ့မှာ ပိန်းပိတ်နေသော အဖြူပိတ်နံရံအလွှာကြီးတစ်ခုသာရှိသည်။  

တိမ်များကို သူမလက်ခုပ်ထဲ ထည့်ယူဖမ်းဆုပ်ကြည့်မိပြန်တော့ ဘာမှ ပါမလာ၊ ဗလာမျှသာဖြစ်သည်။
နီးလွန်းလျှင် မမြင်နိုင်ရာ….။ အရာအားလုံးသည် ဝေဝါးမှုန်ရီစွာ….။

နောက်တစ်နေ့မှာ သူမ အပြင်းဖျားတော့သည်။ နှစ်ရက်တိုင်တိုင် ထမင်းမေ့ ဟင်းမေ့ တိမ်များကို ငေးမော့ ကြည့်နေပြီးသော တတိယမြောက်ရက်မှာ ဖြစ်သည်။ သူမန္ဓာကိုယ်ထဲ ဆေးရည်များသွင်းပြီးသော ဒုတိယမြောက်နေ့မှာ သူမ သတိပြန်လည်ရလာသည်။

သူမမျက်ဝန်းများကို အားယူဖွင့်လိုက်သော် ကြည့်လေရာရာမှာ တိမ်များကိုသာ မြင်သည်။ မျက်ဝန်း များကို မှေးမှိတ်ထားသော်မှ တိမ်များသည် မျက်ဝန်း၏အတွင်းဆုံးနက်နက်မှာ ရှိနေသည်။ ဘယ်လိုမှ ဖျောက်မရတော့ချေ။ သူမ ဝမ်းသာသွားသည်။ သူမ ပိုင်ဆိုင်ပြီ။ သူမ ရလိုက်ပြီ။ တိမ်များသည် သူမမျက်ဝန်းအတွင်းမှာ…..။  သူမမျက်ဝန်းအတွင်းမှာ တိမ်များကို သိမ်းဆည်းလိုက်နိုင်ပြီ ဖြစ်သည်။ တစ်နည်းဆိုရသော် တိမ်များကို မျက်ဝန်းများနှင့် သူမ မျှားယူနိုင်ခဲ့ပြီတည်း။

ထိုနေ့မှစ၍ သူမသည် တိမ်များကို မော်ကြည့်၍သော်လည်းကောင်း၊ သူမပြတင်းပေါက်မှ တစ်ဆင့်သော်လည်းကောင်း တိမ်များကို ကြည့်မနေတော့၊ ကြည့်နေဖို့ရန် မလိုအပ်တော့ပေ….။


Saturday, September 27, 2014

ခေါင်းစဉ်မဲ့လေသော…



အိမ်တံခါးသော့ဖွင့်ပြီး ဝင်လာကတည်းကပင် မပြည့်စုံမှုတခုကို ခံစားရသည်။ တနေ့လုံးတော့ ရုံးမှာ အဆင်ပြေခဲ့သားပဲ။ သော့ကို တံခါးနောက်ဘက်ရှိသော့ချိတ်ကလေးထဲ ချိတ်လိုက်ကာ ဧည့်ခန်းကိုဖြတ်စဉ် လူက ခွေလဲပစ်လိုက်ချင်စိတ်နှင့် မောလျသည်။ ပုခုံးမှအိတ်ကို ထားနေကျနေရာမှာ ချ၊ အိမ်နေ အဝတ်အစားလဲပြီးသော် အနည်းငယ်ပေါ့ပါးသွားသလိုပေ။ 

အိမ်ရှေ့ခန်းပြန်ထွက်လာကာ ပြတင်းပေါက်များကိုဖွင့်လိုက်တော့ သော့ကနဲဝင်လာသော ညနေခင်းလေအေးမြတို့က မျက်နှာပြင်ကို ခပ်ဖွဖွလှုပ်ခတ်ကြသည်မို့ ရွှင်ပျလာသလိုရှိရပြန်သည်။ ချက်ချင်းမခွာနိုင်သေးဘဲ ပြတင်းပေါက်ကတဆင့် လမ်းမပေါ် ငေးမောနေမိသည်။ တွေ့နေသလိုလိုနှင့် မျက်လုံးထဲသို့ ဘာတခုမှ ထဲထဲဝင်ဝင်ရောက်မလာပြန်။ ရေလည်း မချိုးချင်သေး။ ဘိုက်ကလည်း ဟာလှပြီ။
ထမင်းစားပွဲမှာထိုင်ပြီး ဝယ်လာသောထမင်းထုတ်ကို ဖွင့်လိုက်သည့်ခဏမှာ လစ်ဟာမှုတခုကို သူမ သေချာသွားခဲ့တော့သည်။

အမေ….၊ အမေ နေမှကောင်းရဲ့လား…. 
ညက သူမ  အမေ့ကို အိပ်မက်ခဲ့တာပဲ....

ထိုင်ရာမှထကာ မီးဖိုထဲဝင်သည်။ ရေခဲသေတ္တာကိုဖွင့်ကာ ရေအေးအေးတခွက်ကို မရပ်မနားသောက်ချလိုက်မိတော့ ဖာထားသော အောက်အံသွားတွေက ကျိန်းကနဲ အေးစိမ့်လေသည်။ ဘာမှ မကောင်းချင်တော့။ အပျက်အစီးတွေက ဒီဘက်ပိုင်းမှာ သိသိသာသာစိပ်လာခဲ့သလို ခန္ဓာ၏လေးလံမှုကို တနေ့ထက်တနေ့ ပိုပိုခံစားလာရလေပြီ။ သူမ ဒီအသက် ဒီအရွယ်မှာ…ပင်ပမ်းလှပြီ။ ဘာကိုမှ အလိုမကျချင်တော့။ အမေ ဘယ်လိုများ…..၊ ဒီအသက် ဒီအရွယ်အထိ….။ 

သားသမီး မြေးမြစ်တွေသည် အမေ့အတွက် ကြီးမားသောတွန်းအားဖြစ်မည်ပေ။ သူမမှာသာ....။

မီးဖိုချောင်ထဲ ဂက်စ်မီးဖိုကိုတွေ့တော့ ရင်ထဲမကောင်းမိပြန်။

ဂက်စ်မီးဖိုကို အမေ မကိုင်ရဲ။ သည်တော့ သူမရှိရာ အမေလာနေစဉ်မှာ ဖွယ်ဖွယ်ရာရာ ချက်ကျွေးချင်သော်မှ  သူမ ရုံးမှပြန်အလာကို စောင့်ရသေးသည်။ သူမကလည်း ရုံးမှပြန်လာလျှင် ဆာလောင်နေလှပြီ။ အမေကကျတော့ အပြင်ထမင်းဆိုင်မှ ထမင်းမာမာတွေကို မျိုမကျ။ ထမင်းတွေက အစေ့လိုက်မို့ ပျော့ထွေးမနေဘဲ တောင့်နေကာ အစာမကြေဟု ဆိုသည်။ သည်တော့ အပြင်ကလည်း ဝယ်မစားဖြစ်၊ အိမ်မှာချက်တော့လည်း သူမပြန်လာမှချက်ရတော့ ထမင်းစားနောက်ကျရပြန်သည်။ သူမအနေနှင့်တော့ တခါချက်လျင် သုံးလေးရက်စာချက်ထားလိုက်ချင်သော်လည်း ရေခဲသေတ္တာထဲ ထည့်ထားပြီး ပြန်နွှေးစားရသည်ကို အမေက မကြိုက်ပြန်။ ခက်လှသည်။

တခါတလေ အလုပ်ထဲမှာ စိတ်ဖိအားတွေက များ၊ နေ့လည်စာကောင်းကောင်း မစားဖြစ်ဘဲ အိမ်ကို ဘိုက်ဟာပြီးပြန်လာ၊ အိမ်ရောက်တော့ အမေနှင့်အတူ ချက်ပြုတ်နေစဉ် ဘိုက်က ဆာလှပြီ။  ဘာကိုမှန်း မသိ၊ အလိုက မကျလေ၊ မျက်နှာက မှုန်တေတေဖြစ်လာလေ။ အမေ့မှာ မျက်နှာကလေးငယ်ကာ သူမမျက်နှာကို အရိပ်ဖမ်းကြည့်ရှာသည်။ အားလုံးကျက်ပြီဆိုတော့မှ အမေနှင့်အတူ ထမင်းစားကြသည်။ စားသောက်ပြီးတော့လည်း အရာရာပုံမှန်လို….။ အမေ ပြောပြချင်ရာပြောသည်များကို သူမက နားထောင်ပေးရသူ ဖြစ်သည်။ တနေ့လုံး အိမ်ထဲမှာ တယောက်ထဲနေရသော အမေ၊ တီဗီရှေ့မှာ ပြသမျှကားတွေ မပျင်းမရိထိုင်ကြည့်နေရသော အမေ၊ သူ့အိမ်မှာလို သားသမီးမြေးမြစ်တွေနှင့် ဝေစည်မနေသော ဆိပ်ငြိမ်နေမှုများထဲမှာ အမေ အထီးကျန်ပေမည်။

ခုတော့ သူမရှေ့ ဖော့ထမင်းဘူးလေးထဲမှာက  ဝက်သားကိုပါးပါးလှီးကာ ဂျင်းနှင့် ခရုဆီနှင့် အချိုချက်ရယ်၊ ပန်းဂေါ်ဖီကြော်ရယ်၊ ပဲပြားအစပ်ချက်ရယ် သုံးမျိုးကို ထမင်းပေါ်ပုံထားသည့် ညစာဖြစ်သည်။ အေးစက်နေလှပြီ။ သူမ ဆာနေတာမို့ ကြိုးစားမျိုချသည်။ ထမင်းလုတ် တလုတ်မျိုချလိုက်တိုင်း လည်ချောင်းထဲဆို့နင့်ကာ ဘာကြောင့်မှန်းမသိ၊ လှိုက်ကနဲ ဝမ်းနည်းမျက်ရည်လည်စဉ် ဆာလောင်နေတာမှာ၊ ရှေ့ကထမင်းဘူးမှာ စိတ်က မရှိတော့။ အဖြစ်အပျက်တခုက သူမကို ခေါ်ဆောင်သွားပြန်လေသည်။ ထိုစဉ်က အမေလည်း ဆာလောင်နေခဲ့မည်ပေ….။

သူမတို့ရုံးမှလူတွေစုကာ ဘန်ကောက်သွားလည်ကြမည်ဆိုတုန်းက အမေလည်းရှိနေခိုက်၊ ပြီးတော့ အမေက မြဘုရားလည်းဖူးချင်လှသူမို့ အမေ့ကိုပါ အတူခေါ်သွားဖြစ်ခဲ့သည်။ အမေတယောက်စာ ကုန်ကျစရိတ်ကိုတော့ သူမက ကျခံပေးရပါသည်။ လက်တွေ့မှာ လူငယ်တွေသာများသောခရီး၌ အမေ့ကို စောင့်ခေါ်နေရသည်မို့ ခရီး မတွင်ချင်။ ခရီးဖော်တွေက ရပါတယ်၊ သူမတို့သားအမိကို စောင့်ခေါ်မယ် ဆိုသော်ငြား သူမက ကျန်သူတွေကို အားနာမိပြန်သည်။
ပထမရက်မှာ မြဘုရားဖူးရ၍ စိတ်လက်ချမ်းသာနေသော အမေသည် ဒုတိယရက် ဟိုတယ်ကအထွက်တွင် ကောင်းပေ့ကောင်းရက်နှင့်၊ ကားထွက်လို့ လမ်းမပေါ်အရောက်တွင်မှ အခြေအနေ မဟန်တော့၊ သူ့ကို ဟိုတယ်ပြန်ပို့ပေးပါဟု မျက်နှာငယ်လေးနှင့် ဆိုလာခဲ့သည်။ အမေ့ကိုကြည့်ကာ သနားစိတ်က တဘက်၊ ကားပြန်လှည့်ရလျှင် ကျန်သောသူတွေ ကိုယ့်ကြောင့် ခရီးစဉ်ပျက်မှာကို အားနာစိတ်က တဘက်နှင့်၊ သို့သော် အမေ့ကို မဖြစ်ဖြစ်အောင် ဟိုတယ်ပြန်ပို့ရမည်မို့ အားနာလျက်နှင့်ပင် ကားရပ်ပေးဖို့ပြောကာ တက်ကစီငှားပြီး သားအမိနှစ်ယောက် ဟိုတယ်ပြန်လာခဲ့ရလေသည်။

အမေသည် ချွေးစေးတွေထွက်ကာ မူးဝေလျက်ရှိရာ ဟိုတယ်မှဆရာဝန်ကို အခန်းထဲထိ ပင့်ရတော့သည်။ အမေ့မှာက သွေးတိုး၊ ဆီးချိုအပြင် နှလုံးကလည်းရှိသည်မို့ ရောဂါစုံလှသည်။ ထမင်းဖြူနှင့် အရွက်ကြော်၊ အသားလုံးဟင်းချိုကလေးရရင်တော့ စားချင်သည်ဆိုတာနှင့် မှာကျွေးကာ ဆရာဝန်ပေးခဲ့သော ဆေးများကိုတိုက်ပြီးချိန်မှာ “အမေနေကောင်းပြီ၊ သမီး လိုက်သွားချင် သွားလေ”ဟု အမေက ဆိုလေသည်။ မလိုက်တော့ပါဘူးလေဟု ပြောတော့ အမေက သူ့ကြောင့်ဖြစ်ရသည်မို့ စိတ်မကောင်းပြန်၊ “ရောက်တုန်းရောက်ခိုက် လိုက်သွားပါ။ အမေလည်း ဟိုတယ်မှာ အိပ်နေမှာပဲဟာ၊ သွားလိုက်”ဟု ထပ်ဆိုလာတော့ သူမ မငြင်းဖြစ်တော့။ အမေ့ကို စိတ်ချလက်ချထားခဲ့ကာ ရုံးကအဖွဲ့တွေရှိနေမည့်နေရာသို့ လိုက်သွားဖြစ်ခဲ့လေသည်။ တကယ်ဆို သူမ လိုက်မသွားသင့်ခဲ့။ ကိုယ့်တိုင်းကိုယ့်ပြည်မဟုတ်သော နေရာမှာ၊ မိခင်ဘာသာစကား မပေါက်သော နေရာအစိမ်းတခုမှာ…..။  မသိနားမလည်သော အမေတယောက်ထဲရယ်….။ သို့သော် သူမ အမေ့ကို ထားရက်ခဲ့လေသည်။

ပို၍ဆိုးသည်မှာ အဲ့သည့်နေ့က အတော်လေးနောက်ကျမှ ဟိုတယ်သို့ပြန်ရောက်ခဲ့ကြခြင်းပင်။ သူမတို့အဖွဲ့လိုက် ညစာစားနေချိန်မှာ အမေတယောက်တည်း ဟိုတယ်အခန်းကလေးထဲ ဆာလောင်နေမည်လား၊ ကြောက်ရွံ့အားငယ်နေမည်လား၊ သူမ မတွေးတတ်ခဲ့။ 

သူမစိတ်ထဲမှာ အမေသည် လုံခြုံစိတ်ချရသောနေရာမှာရှိနေသည်၊ ဆေးလည်း သောက်ပြီးပြီ၊   နေ
လည်း ကောင်းနေပြီ၊ နွေးထွေးစွာ အိပ်စက်နေလိမ့်မည်၊ သည့်ထက် ပိုမတွေးတတ်ခဲ့။ သူမ ထည့်မစဉ်းစားမိခဲ့သည်မှာ အမေ့စိတ်….၊ လူစိမ်းများကြားမှာ သမီးအားကိုးနှင့်လိုက်ခဲ့သော အမေ….။ နားမလည်နိုင်သော ဘာသာစကားများကြားမှာ မျက်စေ့သူငယ်နားသူငယ်ရှိနေခဲ့ရသော အမေ။ ထိုအမေ့ကို နေထိုင်မကောင်းစဉ်မှာပင် သမီးဖြစ်သူက ထားရစ်ခဲ့ရက်သည်ဟုများ အမေ တွေးလေမလား။ နာကျင်လေမည်လား။ သူမ ဘာကြောင့် အဲသလိုမတွေးဖြစ်ခဲ့ပါလိမ့်။  သူမသည် အမြဲတစေပင် ပရမ်းပတာအပြုအမူလွန်သွားပြီးမှ နောက်က ဆင်ခြင်စိတ်လိုက်တတ်သူ ဖြစ်သည်။

ဟိုတယ်အခန်းလေးထဲ သော့ဖွင့်ဝင်စဉ် အမေက သူမကို ခေါင်းထောင်ကြည့်ကာ “ပြန်လာပြီလား သမီး”ဟု ဆိုသည်။  အမေ့ကို ခေါင်းဆတ်ပြရင်း “အမေ ဘာစားပြီးပြီလဲ”ဟုမေးတော့ အမေက ခေါင်းခါသည်။ ဟုတ်သားပဲလေ၊ အမေမှ မမှာတတ်တာ၊  အချိန်ကိုကြည့်တော့ ညကိုးနာရီကျော်၊ အမေ ဆာလှရော့မည်။ “ထမင်းပူပူလေးနဲ့ အရွက်စိမ်းကလေးပဲ အာသီသရှိတယ်၊ အဲဒါလေးရရင်တော့ စားမယ်”ဟု အမေပြောတော့ စားချင်စိတ်ကလေးရှိသေးသည်ကို ဝမ်းသာစွာနှင့် ဟိုတယ်ကပင် ညစာ မှာကျွေးဖြစ် ခဲ့သည်။

အမေက စားကောင်းသားပဲဆို၍ သူမ စိတ်အနည်းငယ် သက်သာရာရစဉ်မှာ “သမီး ပျော်ခဲ့ရဲ့လား” ဆိုသည့်စကား၌ အမေ့မျက်နှာကို သူမ မကြည့်ရဲတော့…။ အမေ့ကို ထားရစ်ခဲ့ကာ သူမ ပျော်ခဲ့မိလေသလား…။  သူမ မဖြေရဲပါ။ ဝမ်းနည်းစိတ်တို့ကို ချက်ချင်းဖုံးဖိကာ ဘာမှမဖြစ်သလို နေပြန်သည်။ အမေ့ကို ဆေးတိုက်ပြီး ခပ်စောစောပဲ အိပ်ရာဝင်ဖြစ်ခဲ့ပေမယ့် ထိုညက သူမ တော်တော်နှင့် အိပ်မပျော်ခဲ့ပါ။

သူမကို ကိုယ်ဝန်ဆောင်ထားရစဉ်က အမေမက်ခဲ့ဖူးသော အိပ်မက်တစ်ခု၊ ထပ်တလဲလဲမက်ခဲ့ဖူးသော အိပ်မက်တစ်ခု ရှိခဲ့သည်ဟု အမေပြောပြခဲ့ဖူးသည်။ ရှောက်သီးကြီးကြီးတစ်လုံးကို ကိုယ်တိုင် အခွံထိုင်နွှာကာ အထဲမှ ရှောက်သီးများအား အမွှာလိုက် အမွှာလိုက် အားရပါးရထိုင်စားသည်ဆိုသော အိပ်မက်ပင်။

သူမကို ပြောမရ ဆိုမရ၊ ဆုံးမ၍ မရတိုင်း အဖွားပြောလေ့ရှိသည်မှာ “ညည်းက ရှောက်သီးမ၊ ငယ်ငယ်ကတည်းက ညည်းအမေဘိုက်ထဲမှာကတည်းက ချဉ်စုတ်နေတာ” တဲ့လေ၊ သူမက ခပ်ပြုံးပြုံးပါပဲ။ ဆိုးသည်ဆိုတာကို၊ ဆုံးမ မရဆိုတာကို သဘောကျ၍ပြုံးခြင်းကား မဟုတ်၊ ရှောက်သီးမ ဆိုသောဂုဏ်ပုဒ်ကို  ကိုယ်လုပ်ချင်တာ လုပ်လိုက်ရသောအရသာနှင့် လဲလှယ်ယူရဲသည့် ညစ်ကျယ်ကျယ် အပြုံးမျိုးဖြစ်သည်။ သူမသည် ခုချိန်ထိ ခေါင်းမာဆဲ၊ ကိုယ်ထင်ရာ ကိုယ်လုပ်ဆဲ၊ လဲကျချိန်များမှာ မျက်နှာတချက် မပျက် ပြန်လည်ထူထကာ ပုံမှန် ပြုံးချိုလည်ပတ်မြဲပေ။ အဖေဆုံးစဉ်ကပင် မိသားစုမောင်နှမတွေရှေ့မှာ သူမ မျက်ရည် တစက်ကလေးမှ မကျခဲ့။ သူတို့နောက်ကွယ်မှာသာ သူမက ချုံးပွဲချငိုတတ်ခဲ့သူဖြစ်ခဲ့သည်။

သူမတို့မွေးချင်းခြောက်ယောက်မှာ သူမက ငယ်ငယ်ကပင် ခေါင်းအမာဆုံး၊ ကိုယ်လုပ်ချင်တာ ကိုယ်အလုပ်ဆုံးမို့ အမေ့လက်စာအမိဆုံးလည်း ဖြစ်သည်။ တစ်ခုခုကြောင့် အမေဆူလျှင် သူမက ဘာကြောင့်သည်လိုလုပ်ရသည်ဆိုတာကို တရှည်တလျားပြန်ရှင်းပြတတ်သည်။ သူမက ရှင်းလေ၊ အမေက  စိတ်တိုလေ။ အမေစိတ်တိုလေ၊ သူမက မရ ရအောင်ရှင်းပြလေ၊ အမေ ထရိုက်တော့လည်း ပေတေကာ တင်းခံပြီး၊ ခြေသလုံးမှာထင်ကျန်ရစ်သော အမြှောင်းလိုက်အရှိုးများအား အဖွား ထုံးဆနွင်းသိပ်ပေးမှသာ သူမက အသံတိတ်မျက်ရည်ကျတတ်သူတည်း။

“ဘာမှ ထပ်မပြောနဲ့ လျှာမရှည်နဲ့”ဆိုသော လူကြီးတွေစကားကို ထိုစဉ်ကတည်းက မနှစ်သက်နိုင်ခဲ့။ ကလေးတွေ သူ့စိတ်ထဲရှိတာ သူပြောခွင့်၊ ရှင်းပြခွင့်ရှိရမည်ဟု နားလည်သည်။ နားလည်သည့် အတိုင်းလည်း ပြန်ပြောသည်။ ရှင်းပြသည်။  အမေရိုက်လျှင် မျက်ရည်တစက်ကလေးမှ မကျဘဲ ခေါင်းမာ တင်းခံတတ်သော သူမက အဖေဆူလျှင်မူ အဖေ့ဆုံးမစကား၌ နာနာကျင်ကျင်ထိရှတတ်သူ ဖြစ်ပြန်သည်။

တခါကလည်း အမေ သူမကို အတော်လေးစိတ်ဆိုးခဲ့ဖူးသည်။
  
“တော်စမ်းပါအေ၊ ခုမှ နင့်အဖေဆုံးတာ တနှစ်မပြည့်သေးဘူး။ နင်က ငါ့ကို စစ်လား ဆေးလားနဲ့။ နေပါစေ နင့်ပိုက်ဆံ မပို့ချင်ရင်၊ ခုတော့ သားသမီးလုပ်စာစားနေရတယ်ဆိုတော့ ငါ အပြောအဆိုခံရပြီပေါ”့

ပြောရင်းက ဖုန်းထဲမှာ အမေ တဟီးဟီးရှိုက်ကာငိုတော့ သူမ တစ်ဘက်ကနေ ဖုန်းကိုင်ထားရင်း အမေ့ကို ဘယ်လိုနှစ်သိမ့်ရမည် မသိနိုင်။ “အမေတို့ တစ်လတစ်လ ဟင်းစား၊ ဗာယီရအသုံးစားရိတ် ဘယ်လောက်ကုန်လဲဆိုတာ စာရင်းလေး မှတ်ထားပေးပါ”ဟု သိချင်စိတ်တစ်ခုထဲနှင့် သူမက ပြောလိုက်မိသည်။ ရိုးရိုးကလေးမေးလိုက်သော သူမစကားက အမေ့ရင်ကို ဘယ်လောက် နာကျင်စေမည်လဲ သူမ မတွေးခဲ့နိုင်။ သားသမီးလုပ်စာစားနေရသော အမေ့လို လူအိုတယောက်ရင်ဘတ်ထဲက ခံစားချက်ကို သူမ လုံးဝ မေ့လျော့နေခဲ့မိသည်။

သူမကလည်း သူမပါပေ။ သမီးအကြီးဆုံးလည်း ဖြစ်၊ အဖေ့သမီးလည်းဖြစ်သောသူမက စကားပြောပြတ်သူ။  မာဆတ်သူ၊ တစ်ဘက်သား နားဝင်ချိုအောင် မပြောတတ်သူ၊ စိတ်ထဲရှိရာ ဒဲ့ပြောထွက်သူ၊  စိတ်တိုတတ်သူဖြစ်သည်။ သူမကိုမွေးပြီး တစ်နှစ်အကြာမှာ သူမအောက် ညီမအကြီးမကိုမွေး၊ ပြီးတော့ မောင်လေး၊ ညီမလေးတွေ ထပ်ရလာသည်မို့ သူမက အလိုလို လူကြီးအဖြစ်မြန်ခဲ့ရတာကြောင့်လည်း ပါမည်။ သူမက မိဘတွေအနား၊ လူကြီးတွေအနား ပွတ်သီးပွတ်သပ် မလုပ်တတ်ခဲ့။ ငယ်စဉ်ကပင် ခပ်မှန်မှန် ခပ်ဝေးဝေး နေတတ်ခဲ့သူ။

အမေ ဟန်းဖုန်းလိုချင်သည်ဆိုတုန်းကလည်း အမေနှင့်သူမ ပြဿနာတက်ခဲ့ဖူးသေးသည်။

“အမေက ဘာလုပ်မှာလဲ၊ အိမ်မှာလည်း အိမ်ဖုန်းရှိတာပဲဟာ။ ကိုယ်က စီးပွားရေးလုပ်နေတာလည်း မဟုတ်။  အိမ်မှာပဲ အေးအေးနေစမ်းပါ၊ အိမ်ဖုန်းပဲ သုံးစမ်းပါအမေရာ”ဟု အမေ့ကို သူမ ပြောခဲ့ဖူးသည်။

သူမကို ပြောမရတော့ အမေက ညီမအကြီးဆုံးမကို ဝယ်ခိုင်းသည်။ ညီမအကြီးမက အမေဘာပြောပြော မငြင်းဘဲ အကုန်ဝယ်ပို့ပေးနေသူ။ သည်တုန်းက ညီမဖြစ်သူကို သူမ ဆူလိုက်သေးသည်။ “နင်တို့ အမေပြောသမျှ မလိုအပ်ဘဲ ဝယ်ပေးနေတာဟာ အမေ့ကို ချစ်တာမဟုတ်ဘူး၊ ဖျက်ဆီးနေတာ၊ ဟန်းဖုန်းရှိတော့ ဆက်မယ်။ လမ်း ပိုထွက်ဖြစ်မယ်။ ဟိုလူနဲ့ ချိန်းထွက်၊ ဒီလူနဲ့ချိန်းထွက်နဲ့ အမေ လမ်းပိုများတော့မှာပဲ”ဟု သူမက ဟောက်တော့ ညီမအကြီးမက တစ်ခွန်းပဲ ပြန်ပြောသည်။

“အမေလိုချင်သမျှ ပူဆာရမယ့်အဖေလည်း ရှိတော့တာမှ မဟုတ်တာ။ နောက်ပြီး အမေလည်း နေရလှ နောက် အနှစ်နှစ်ဆယ်ပေါ့ မကြီးရာ၊ အမေ အသက်ရှင်နေတုန်းလေး သူစိတ်ချမ်းသာသလို နေပါစေ”ဟူ၍ ဖြစ်သည်။ သူမ တွေကနဲ ဖြစ်သွားသည်။ သို့သော် ခဏမျှသာ။

“အေး နင်တို့တွေဟာ အဲ့လိုပဲ၊ အမေ့ကို ဖျက်ဆီးနေကြ။ ငါကတော့ အလိုမလိုက်နိုင်ဘူး။ ဟိုတစ်ခါကလည်း လမ်းအထွက်ကောင်းလို့ အမေ ကားပေါ်က ပြုတ်ကျပြီးပြီ။  ကံကောင်းလို့ ခေါင်း မကွဲတယ်။ ငါက အမေ့ကို အိမ်မှာပဲ အေးအေးလူလူနေစေချင်တာ။ ဟန်းဖုန်းရှိရင် ပိုဆိုးတော့မှာပဲ”ဟု အကြီးပီပီ သူမက မလျှော့တမ်း မာန်မဲမိပြန်သည်။

ညီမအကြီးမက ဘာမှ ပြန်မပြော။ နောက်တစ်လနေတော့ အမေ့ကို ဆမ်ဆောင်းဖုန်းတစ်လုံး ဝယ်ပို့ပြီး ကျသလောက် လိုင်းကြေးငွေပါ ပို့ပေးလိုက်သည်ဟု ကြား၏။  သူမ ဘာမှ မပြောသာတော့ပါ။

“မကြီး သမီးတို့ ကလေးတွေ ကျောင်းလခ၊ မုန့်ဘိုး သမီးတို့ဖာသာ ပေးတာနော်၊  အမေက တစ်ခါတစ်လေ သူ့မြေးတွေကို  အဝတ်အစားလေးဘာလေး ဝယ်ပေးတာလောက်ပဲ အမေ့ပိုက်ဆံထဲက သုံးတာ။ ဈေးဘိုးတောင်မှ တစ်ခါတစ်လေ ကိုဦးစားချင်တဲ့ဟင်းရှိရင် သမီးပဲ ဝယ်ချက်လိုက်တာ။ မကြီး ပို့ပေးတဲ့ ပိုက်ဆံက အိမ်ဈေးဘိုးရယ်၊  နောက် အမေပဲ သုံးတာ။ မကြီးက ပို့တဲ့ငွေ မလောက်ဘူးလား၊ မလောက်ဘူးလား မေးမေးနေလို့လေ၊ သမီးတို့က အမေနဲ့ အတူနေရတာဆိုတော့ မကြီး တစ်မျိုးထင်မှာ စိုးတာ”

အမေနှင့်အတူနေသော ညီမအငယ်မမိသားစုကလည်း သူမ ငြိုငြင်မည် စိုးရှာသည်ထင့်၊ သူမ အမေ့ဆီပို့သောပိုက်ဆံကို သူတို့မိသားစု ကပ်မသုံးကြောင်း အခွင့်သင့်တိုင်း ကြုံသလိုပြောရှာသည်။ သူမက သိလိုသည်ကိုသာ မေးမြန်းတတ်ကာ ညီမအငယ်မ၏ စိတ်ခံစားမှုကို ထည့်မစဉ်းစားမိခဲ့။ "ငါ ဒီလောက်ပို့ပေးနေတာကို မလောက်ဘူးလား" ဆိုသည့်လေသံပေါက်နေခဲ့သလား၊ သူမ မပြောတတ်ပါ။ သူမ စိတ်မကောင်းဖြစ်ခဲ့ရပြန်သည်။

ဘယ်လိုဖြစ်တာပါလိမ့်။ သူမက အမေ့ကိုပဲပြောပြော၊ ညီမအကြီးမ၊ ညီမအငယ်မ ဘယ်သူ့ကိုပဲပြောပြော၊ သူမစိတ်ထဲ သိလိုသည်ကိုသာ ရိုးရိုးမေးမြန်းသည်။ စိတ်ထဲရှိတာသာ ပြောသည်။ သူမဘက်က ဘာကိုမှ မရည်ရွယ်ပါ။ သို့သော်…။

တခါတခါတော့ သူမ စဉ်းစားကြည့်မိသည်။ လူတွေသည် ကိုယ့်စိတ်နှင့်ကိုယ် ပြန်ချည်တုတ်နေသော သတ္တဝါတွေဖြစ်မည်ဟု။ သူမနှုတ်ထွက်စကားတစ်ခွန်းကို မပြောခင် ဘယ်တော့မှ သေချာမစဉ်းစားဖြစ်ခဲ့၊ ကိုယ့်စိတ်ထဲ ရိုးရိုးကလေးသာ ရည်ရွယ်သည်ကိုး။ ပြောပြီးလို့ သူများက တစ်ခြားဘက်လှည့် စဉ်းစားပြီး ပြောလာသော်မှ ဟုတ်သားပဲဟု သူမ တွေးမိရသည်မှာ အခါခါ။

နှစ်ဘက်မျှတွေးပြီးမှ ပြောတတ်ဖို့ အတော်လေး ကျင့်ပြီးသောအခါတွင်မူ သူမ နှုတ်ဆွံ့တတ်လာသည်။ အခါများစွာပင် မပြောတာဘဲနေတာ ကောင်းပါတယ်လေဟု တွေးမိတတ်လာသည်။ ရင်ထဲမှာ များလာသည်။ ပြည့်လာသည်။ သူမတို့မိသားစုချည်းပဲ မဟုတ်၊ သူမ ထိစပ်နေထိုင်ရသော ပတ်ဝန်းကျင်မှာလည်း  ထိုထိုအဖြစ်မျိုးတွေ ရှိတတ်သည်ပေ။ ဒါသည်ကပင် သူမ စာရေးဖြစ်သော အကြောင်းရင်းတရပ် ဖြစ်နိုင်ကောင်းသည်။ 

သို့သော် ကြောင်ဟူသည် ကြာကြာရေမငုတ်စတမ်းမို့ မျက်စေ့ရှေ့ ပြောစရာရှိလာလျင် သူမသည် လွှတ်ကနဲ ပြောမိမြဲ၊ ဝုန်းဒိုင်းကြဲမြဲ၊ သွေးပူ ပေါက်ကွဲတတ်မြဲပေ။

တခါကလည်း တစ်လမ်းထဲနေ သူငယ်ချင်းဟောင်းက သူမ ရန်ကုန်ပြန်ရောက်နေကြောင်းသိရကာ အိမ်မှာလာတွေ့သည်။ သူငယ်ချင်းမက အိမ်ထောင်ကျပြီး စီးပွားရေးလည်းပြေလည်ကာ ရွှေအပြည့်နှင့် အိညွှတ်ကာ နေသည်။ အိမ်မှာစကားပြော၍ဝသော် သူ့ကို အပြင်မှာမုန့်လိုက်ကျွေးဖို့ အဝတ်အစားလဲကာ အပြင်ထွက်တော့မည့်ဆဲဆဲ အမေက “သမီး နင် ဒါလေးတော့ဝတ်သွားလေ”ဟုဆိုကာ ဆွဲကြိုးနှင့် လက်ကောက်တစ်ရန်ထုတ်ဆင်သည်။

သူမက အမေ့အလိုလိုက်ဟန် အမေ့ဆီသို့ ညာလက်ကောက်ဝတ် ထိုးပေးလိုက်လေသည်။ သူမလက်ထဲ လက်ကောက်ဝတ်ပြီးကာမှ လက်ကိုမြှောက်ကြည့်ကာ လွှတ်ကနဲပြောလိုက်မိသည်။

“ဟာ အမေကလည်း သမီး မဝတ်ချင်တော့ပါဘူး။ တောသူကြီးသမီး ကျနေတာပဲ၊ ပြန်ချွတ်ပေး”ဟူ၍။

သူငယ်ချင်းမ မျက်နှာပျက်သွားကာ ညီမအငယ်မက မျက်ရိပ်လှမ်းပြမှပင် အခြေအနေကို သတိရမိသည်။ ငါတော့ လုပ်ချလိုက်ပြန်ပြီဟုတွေးမိကာ သူငယ်ချင်းမကို အလွန်အားနာသွားခဲ့ရဖူးသည်။ တကယ်တော့ သူ့ကိုရည်ရွယ်တာ မဟုတ်၊  သူ ရွှေကြိုက်လို့ သူဝတ်တာဖြစ်ပြီး၊  သူမ မကြိုက်လို့ သူမ မဝတ်ခြင်းပင်။ အဲ့သလောက်ကို ရိုးရိုးလေးတွေး၍ရသည်။ သို့သော် သူငယ်ချင်းမက စိတ်ကွက်သွားပုံရသည်။ သူမ မပြန်ခင်ညမှာ လာတောင် နှုတ်မဆက်တော့ပေ။

သူမက မိသားစုနှင့်လည်း အဲ့သည်အတိုင်းပင်။ လိုအပ်သည်ထင်လျှင် သူမ တတ်နိုင်သလောက် လုပ်ပေးမည်။ သူမစိတ်ထဲ မတွေ့လျှင်၊ အပိုဟုထင်လျှင် သူမ ငြင်းဆန်ဖြစ်သည်။ တခါတရံ အိမ်နီးချင်းနှင့် ပြဿနာ များကို ပြောပြတတ်သည်။ နားထောင်ပြီးသော် အဲဒါ အမေတို့မှားတာ ဟုသော်လည်းကောင်း၊ အဲဒါ နင်တို့မှားနေတာလေ အငယ်မရဲ့ ဟုသော်လည်းကောင်း  ကောက်ချက် ချသလို ဘွင်းဘွင်းပြောတတ်ခဲ့သည်။

ခွေးချင်းကိုက်ရင်တောင် ကိုယ့်အိမ်ကခွေး နိုင်မှဟူသော အယူအဆမျိုးကို သူမက မနှစ်မြို့နိုင်သူ။  သွေးသားပင်ဖြစ်သော်လည်း အမှားဘက်ကဖြစ်နေလျှင် မရပ်နိုင်၊ သူစိမ်းဖြစ်သော်ငြား မှန်သည့်ဘက်မှဆိုလျှင် ခိုင်မာရပ်တည်တတ်လေ့သော သူမကို အားလုံးက ဥတလုံးမ၊ မိသားစုသံယောဇဉ်နည်းပါးလွန်းသူဟု တသံတည်း ဆိုတတ်ကြလေသည်။

မိသားစုသံယောဇဉ်နည်းပါးသူဟူသော ပြစ်တင်ပြောဆိုခြင်းမှာ သူမ စိတ်မကောင်းခြင်းကြီးစွာ၊ သို့သော် မတတ်နိုင်။ ကိုယ့်မိသားစုမှ ကိုယ့်မိသားစု၊ ကိုယ့်အတွက် ကိုယ့်မိသားစုကသာ အရေးကြီးဆုံးဟု သူမကိုယ်တိုင်က သဘောမထားနိုင်ပါ။ လူတိုင်း လူတိုင်းတွင် မိသားစုကိုယ်စီရှိကြသည်။ သူမတို့မိသားစု အရေးကြီးသကဲ့သို့ သူတစ်ပါးမိသားစုသည်လည်း ထပ်တူအရေးကြီးကြောင်း သူမ မမေ့ပေ။ သို့သော် သူမသည် မိသားစုအမြင်မှာပင် စည်းအပြင်ထွက်ရပ်နေသော အရိုင်းအစိုင်းတယောက်ဖြစ်လေသည်။

တခါတလေ သူမလည်း အများနည်းတူ အိမ်ကို လွမ်းတတ်ပါသည်။ သို့သော် ဖုန်းခေါ်လိုက်ဖို့ သူမ ဘယ်တော့မှ မကြိုးစားခဲ့။ အိမ်ကိုဖုန်းဆက်ပါဦးဟု စကားပါးမှသာ သူမ ဆက်သည်။ ဆက်သည့်အခါတိုင်းလည်း အမေ နေကောင်းရဲ့လား မေးပြီးလျင် ဘာဆက်ပြောရမည် မသိတော့။ ထို့ကြောင့် ဖုန်းအဆက်နည်းရသည်။ အမေ့ကို နောက်ချင်စချင်လျှင်တော့ “အမေက သမီး ဖုန်းမခေါ်လည်း ပိုက်ဆံမှန်မှန်ပို့နေရင် နေကောင်းနေတယ် မဟုတ်လား၊ ငွေက ဗီတာမင်လေ ဟဲဟဲ”ဟု ရိုက်ချင်စဖွယ်ပြောတတ်သည်။ “အဲ့လို ဘယ်ဟုတ်ပါ့မလဲ သမီးရယ်၊ အမေဆိုတာ သားသမီးအသံတော့ ကြားချင်တာပဲပေါ့”ဟုဆိုသည်။ သို့သော် အမေသည် သူမနှင့်ဖုန်းပြောပြီးသည်နှင့် နင့်အမကြီးကလေ ဆိုကာ အငယ်မကို သူမဘယ်လောက်ဆိုးကြောင်း ပြောတတ်တာ သူမ သိပါသည်။

ရှေ့က ထမင်းဘူးထဲမှာ ထမင်းရောဟင်းတွေပါ အေးစက်ပြီ။ စားချင်စိတ်တို့လည်း ပျောက်ဆုံးလျက် သူမ ထိုင်ရာမှ ထသည်။ ထမင်းဘူးကိုပိတ်ကာ ကြွတ်ကြွတ်အိပ်ထဲပြန်ထည့်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့ သည်။ စားလိုစိတ်ပျောက်၍ ဝမ်းဟာသော်မှ တင်းခံပိတ်ဆို့နေသော စိတ်အကြေအမွတို့နှင့် ရင်သည် ပြည့်လျက်ရှိလေပြီ။

ဘယ်လိုပဲတွေးတွေး သူမကိုယ်သူမ မကြေနပ်နိုင်။ ဘာကိုမကြေနပ်မှန်းလည်း မသိနိုင်ဘဲ၊ သူမစိတ်၊ သူမအချိုးအချိတ်တို့ကို မပြင်နိုင်ပြန်ချေ။ သည်လိုပဲ ထင်ရာ လုပ်၊ ပျော်အောင် နေ၊ ခေါင်းမာဆဲ၊ စိတ်စေရာ သွားဆဲ၊ အချိန်တန်တော့ သေခြင်းတရားနှင့် ချိန်းဆိုမထားပါဘဲ တွေ့ရဦးမည်။ မထင်မှတ်ထားသောနေရာမှာ ရုတ်တရက်ဆိုသလို ဗြုန်းကနဲလည်း ဖြစ်နိုင်သေးသည်။  အဲသည့်အခါ ခွေးလေလွင့်တကောင်လို ရောက်ရာနေရာမှာ တိတ်တိတ်သေဆုံးမည်လေ။ သည့်ထက်ပို၍ ဘာကိုမှ မမျှော်လင့်ပါ။ သူမသည် ဘယ်သူတဦးတယောက်အတွက်မှ ဘာမှ မဟုတ်ခဲ့သူ။ စိတ်မနာနိုင်အောင်သာ ကြိုးစားရပါသည်၊ ခန္ဓာတခုလုံး၊ ရင်တခုလုံးကတော့ ပြာကျနေရသည့်အဖြစ်။ လူ မသိ၊ သူ မသိ….လိမ္မာသယောင် မိုက်မဲရသည်။ ပျော်ရွှင်သယောင် ငိုကြွေးရသည်။ တော်ရာမှာ နေရသည်။ ဘဝကြီးဟာ နကိုကမှ နေပျော်စရာ မကောင်းပေဘဲ။

ညက အမေ့ကို အိပ်မက် မက်သည်။ အမေက သနပ်ခါးအဖွေးသားနှင့်။ အဲသလိုဆို အပြင်မှာ နေထိုင်မကောင်းဖြစ်တတ်သည်ဟု ကြားဖူးသည်။ သို့သော် အဲဒါတွေကို အယူ မရှိ၊ အယုံအကြည် မရှိဟူသောစိတ်က လူကို တောင့်ခံထားစေသည်။ စိတ်နှင့်ကိုယ် မကပ်ဘဲ၊ အလိုမကျဖြစ်နေလျက်က ဖုန်းဆက်လိုက်ဖို့ကို စိတ်နှင့်ကိုယ် အလိုမတူပြန်။ 

ဘိုက်ထဲက ခုမှ ဟာလာသည်။ ဟုတ်တိပတ်တိမှ မစားဖြစ်တာဘဲ။ ဆာလောင်စိတ်နှင့်အတူ ဝမ်းနည်းစိတ်က ထပ်ချပ်မကွာ လိုက်ပါသည်။ သူမ မသိနိုင်ခင်မှာ သူမပါးပေါ်မှာ မျက်ရည်စီးကြောင်းတွေ…။ မျက်ရည်ပေါက်တွေ တလိမ့်လိမ့်ကျ၍ လာလေသည်။ သူမရင်ထဲက ဝဋ်ဆင်းရဲတွေ သူမပါးပေါ်အရည်ပျော်ကျလာသလို ပူလောင်လွန်းသည်။

မနက်လင်းလျင်တော့ အမေ့ဆီ သူမ ဖုန်းဆက်လိုက်ချင်သည်။ အမေ့ဆီက ထေ့ငေါ့စကားတခွန်း၊ သို့မဟုတ် များစွာ…။ သူမ ကြားရနိုင်ကောင်းသည်။ ဘာပဲဖြစ်ဖြစ် အမေ့ကို စကားလေးတခွန်းတော့ သူမ မေးလိုက်ချင်လှသည်။

အမေ  နေကောင်းရဲ့လား….




ဒီပိုစ့်လေးကို အန်တီတင့် တက်ဂ်ထားတဲ့အတွက်၊ BPP ချဲလင့်အတွက် ရေးဖြစ်ပါတယ်။  ကျေးဇူးပါ တီတင့်ရေ၊ တကယ်တော့ ခုတလော စာမရေးချင်သေးဘဲ ပျင်းနေမိတာ  :)