Saturday, December 7, 2013

ကာလတစ်ခုဆီသို့ လွမ်းချင်း

ကျွန်မတို့မှာ Esprit လို့ရေးထိုးထားပြီး ဒီဇိုင်းလှလှရေးဆွဲထားတဲ့ သံဖြူဘူး တစ်ဘူးရယ်၊ လက်ဆောင်ရထားတဲ့ ရွှေရောင်ဝက်ရုပ်စုဘူး တစ်ဘူးရယ် ၂ဘူးရှိပါတယ်။ တစ်နေ့ကတော့ ကျွန်မတို့နှစ်ယောက် အိမ်မှာ အနှီစုဘူးတွေကို တစ်ယောက်တစ်ဘူးစီ တက်ညီလက်ညီ ဖောက်ကြပါတယ်။ 

Esprit ဘူးထဲမှာ ငါးမူးစေ့တွေ စုပြီး ဝက်ရုပ်ဘူးထဲမှာတော့ ဂိုလ်းကွိုင်လို့ခေါ်တဲ့ ရွှေရောင်ကျပ်ပြားစေ့တွေ စုကြတာပါ။ ရည်ရွယ်ရင်းကတော့ ရွာပြန်တဲ့အခါ အလှူလေးဘာလေးလည်းလုပ်ရ၊ အသေးသုံးလိုတာရှိလည်း သုံးရတာပ ဆိုပြီး စုကြတာပေါ့လေ။

ဘူး ၂ဘူးဖောက်ပြီးတဲ့အခါ ငါးမူးစေ့တွေကို အစေ့၂၀ တစ်ပုံ၊  ကျပ်ပြားစေ့တွေကို ဆယ်စေ့ကျစီတစ်ပုံ ပုံပြီး ရေတွက်ခြင်းအမှုကို ဆက်ပြုကြပါတယ်။ 

ပြောစရာကျန်ပါသေးတယ်။ ကျွန်မတို့ အကြွေစေ့တွေကို ဘယ်လိုစုကြသလဲဆိုတော့ နေ့စဉ်သုံးနေတဲ့ ပိုက်ဆံတွေကနေ အမ်းငွေအကြွေတွေကို အသေးစေ့တွေပဲ ပြန်သုံးပြီး ငါးမူးစေ့နဲ့ ကျပ်ပြားစေ့တွေကိုတော့ စုဖို့ဆိုပြီး ပိုက်ဆံအိတ်ထောင့်ကပ်ထားလေ့ရှိပါတယ်။ အဲဒါကိုမှ တစ်ပတ်ပြည့်တိုင်း ပိုက်ဆံအိတ်ရှင်းရင်း ထောင့်ကပ်ထားတဲ့ ငါးမူးစေ့နဲ့ ကျပ်ပြားစေ့တွေကို စုဘူးထဲ တခုတ်တရ ထည့်ကြရတာ။ တခါတလေ ကျွန်မက ညစ်ပြီး အိတ်ထောင့်ကပ်ထားတဲ့ ကျပ်ပြားစေ့တွေကို သူမသိအောင် သုံးပစ်တတ်ပါတယ်။ 

တစ်ပတ်ပြည့်လို့ ပိုက်ဆံအိတ်ရှင်းတဲ့အခါ ဘယ်သူက ပိုများများစုမိတယ်ဆိုတာလည်း စကားနိုင်လုကြရသေးတာ။ ကျွန်မကတော့ သူ့ကို အနိုင်ပေးလိုက်တာ များပါတယ်။ သူပဲ များများစုပါစေပေါ့။ စုဘူးဖောက်လို့ သုံးမှသာ ကျွန်မ များများသုံးရဖို့အရေး မဟုတ်လား။ အန်းနီးဝေး ဒီလိုနဲ့ စုဘူးဖောက်နေရင်း စိတ်တွေက ကာလတစ်ခုဆီရောက်သွားပါရော....။

ဒီလိုငွေအကြွေစေ့တွေ....။ ကျွန်မတို့ရွာက ကလေးတွေ မြင်မှ မြင်ဖူးပါ့မလား....။ ကျွန်မတို့ ခပ်ငယ်ငယ် မှတ်မိပါသေးတယ်။ 

မြို့မအမျိုးသားကျောင်းကြီးမှာ ကျောင်းတက်ရတာ။ ကျောင်းကားအစိမ်းရောင်ကြီးတွေက လမ်းထိပ် ဈေးနားမှာ လာကြိုလေ့ရှိတာ။ ကျောင်းကားမမီလိုက်တဲ့နေ့ဆို အိမ်ကနေ ကန်တိုမင်ပန်းခြံကို ဖြတ်ပြီး လမ်းလျှောက်ကြရတယ်။ ဒါက အခြေအနေကောင်းတဲ့နေ့ပေါ့။ သိပ်နောက် ကျသွားတဲ့နေ့များဆို ရွှေတိဂုံဘုရားလမ်းပေါ်မှာ ပြေးနေတဲ့ ဘတ်စ်ကြီးတွေ (ဟီးနိုးခေါ်မယ်ထင်ပါရဲ့) အဲဒါကြီးတွေကို စတီးဝပ်မှတ်တိုင်အထိစီးပြီး ဆက်လမ်းလျှောက်ပေတော့ပဲ။ မိုင်ဒါကွင်းကြီးထဲက ဖြတ်လျှောက်၊ ဒီလိုနဲ့ ကျောင်းရောက်ရတာပဲ။

ကျွန်မမှတ်မိတာက အဲဒီဘတ်စ်ကြီးတွေကို ပေးရတဲ့ ကားခပဲ။ နံပါတ် ၁၀ ကားလို့ နာမည်မှတ်မိသလို ကားခကလည်း ၁၀ပြားပဲ ပေးရတာ။ ဘယ်စီးစီး ဆယ်ပြားပဲ။ လွမ်းပါ့။

နောက်တစ်ခုက ကျွန်မတို့ လမ်းလျှောက်ပြီးကျောင်းကိုသွားရတိုင်း ဖြတ်သွားနေကျလမ်းမှာ တပ်မတော်ကပွဲရုံဆိုတာ ရှိတယ်။ တပ်မတော်ရုံလို့ ကျွန်မတို့က အလွယ်ခေါ်လိုက်တာပဲ။ အဲဒီမှာ ရုပ်ရှင်ကားဟောင်းတွေ တင်တယ်။ မြို့လယ်မှာ ပြလို့ အတော်ဟောင်းပြီဆို အဲဒီရုံမှာ ပြတာပဲ။ ရုပ်ရှင်လက်မှတ်ခက တစ်မတ်၊ ငါးမူးရယ်။ ဟေ့ တစ်မတ်တန်းကကြည့်တဲ့ကောင်တွေ သိပ်မဆူနဲ့ကွ ဆိုတဲ့စကား အဲဒီကများ လာသလားပဲ....:)

အဲဒီရုံမှာ ရုပ်ရှင်ကားကောင်းကောင်းပြပြီဆိုရင် ကျွန်မတို့နေတဲ့ ဗဟန်းကနေ အဲဒီတပ်မတော်ရုံကို အိမ်နီးချင်းတွေနဲ့ အုပ်စုလိုက်ကြီး လမ်းလျှောက်ပြီး ရုပ်ရှင်သွားကြည့်လေ့ရှိကြတယ်။ ပျော်စရာ သိပ်ကောင်းတာပဲ။ တခါတလေလည်း အဲဒီတပ်မတော်ရုံမှာ ခေတ်ဟောင်းခေတ်ဆွေးက အဖြူအမဲကားတွေ ပြန်ပြလေ့ရှိတယ်။ ကားတွေက တခါတလေ တုန်မှုန်နေတာပါပဲ။ ကားကလည်းပြတ်သေး။ ဒါပေမယ့် ကျွန်မတို့ မြန်မာလူမျိုးက အတော်သည်းခံတတ်ကြတာကလား။ ကားပြတ်ပြီဟေ့ဆို ရှုရှုးပေါက်ချိန်ရတာပဆိုတဲ့ ကြေကြေအေးအေးစိတ်ထားနဲ့ ပေါ်လီယာနားဝမ်းကွဲတွေက ရုံထဲ အတော်များပေတာ။ ကျွန်မတို့ကတော့ ကလေးသာသာကိုး။ ဘာကားကြည့်ရ ကြည့်ရ၊ ဘယ်လိုကြည့်ရကြည့်ရ ပျော်တာပဲ။ ဇီးပေါင်း ကွာစေ့လည်း စားရသေး၊ ရုပ်ရှင်လည်းကြည့်ပါမှ တစ်ယောက်ကို ငါးမူး တစ်ကျပ်တောင် မကုန်ဘူးကိုး။ လွမ်းပါ့။

အဲဒီအချိန်က ကျွန်မက သုံး-လေးတန်းထင်ရဲ့ (သေချာမမှတ်မိတော့)။ ဘဲဥကြက်ဥ တစ်လုံးမှ သုံးဆယ့်ငါးပြား၊ ပြားလေးဆယ်ကနေ ပြားငါးဆယ် အဲ့သလောက်ပဲ ပေးရတာ။ အက်ရာလေးတွေရှိတဲ့ အလုံးဆို အောက်ဈေးနဲ့တောင်ရတတ်သေး။ အကောင်းက ပြားလေးဆယ်ဆို သူက ပြားသုံးဆယ် အဲသလို။ ချက်ချင်းကြော်စားဖို့ဆို အက်နေတဲ့အလုံးတွေ ပုံထားတဲ့ထဲက ရွေးဝယ်လိုက်တာပဲ။ အဆင်ကိုပြေလို့။ ခုများ ဘဲဥ ကြက်ဥ  တစ်လုံး လေး-ငါး-ခြောက်ဆယ် တဲ့။ ဘယ်နှစ်ဆ တက်သွားတုန်း။ မသိချင်တော့ပါဘူး။ မတွက်ကြည့်ကြပါစို့နဲ့  :)

မုန့်ဟင်းခါးဆိုလည်း တစ်ပွဲမှ တစ်မတ်၊ လက်ဘက်ရည်ဆိုလည်း တစ်ခွက်မှ တစ်မတ်ရယ်။
ပြောရရင် 50 cent ဆိုတဲ့ ကျပ်မပြည့်တဲ့ကောင်တွေတောင် သတိရသွားသေးတယ်။ အဲဒီတုန်းက ခေတ်ကိုက ကျပ်မပြည့်တဲ့ခေတ်လို့ပဲ ဆိုပါတော့လေ။  လွမ်းပါ့။

ကျွန်မတို့ စင်ကာပူရောက်စတုန်းကတောင် လဘက်ရည်တစ်ခွက်မှ ပြားခြောက်ဆယ်၊ အအေးတစ်ခွက်မှ ငါးမူး- ပြားခြောက်ဆယ်ဆိုတာ ကြုံလိုက်ရသေးတယ်။ ခုတော့ တစ်ချို့နေရာတွေမှာ ပြားရှစ်ဆယ်၊ တစ်ချို့နေရာတွေမှာလည်း တစ်ကျပ်ဆယ်ပြား အဲသလိုပေးရတယ် ပြောတာပဲ။ နေရာလိုက်ပြီး ဈေးကွာ သွားတာပါပဲ။ အပြင်ဘက်ဟော့ကာစင်တာမှာ တဈေး၊ ရှော့ပင်းမောထဲမှာကျတော့ တဈေး အဲသလိုဆိုပါတော့။ ရထားခ ကားခတွေဆိုလည်း ဒီလိုပဲ။ အနီးဆုံးသတ်မှတ်ထားတဲ့ မှတ်တိုင်ထိပဲစီးရင် အနိမ့်ဆုံး ပြားခြောက်ဆယ်ခေတ်ကြုံလိုက်ရသေးတယ်။ ခုတော့ ရထားခ ကားခတွေလည်း တက်ကုန်ပေါ့။  ဈေးတွေက တဖြည်းဖြည်းနဲ့တက်လာလိုက်တာဆိုတာ ပြောပါတယ်။ ဒါတောင် စင်ကာပူအစိုးရက တစ်ခုခုဈေးတက်တော့မယ်ဆို လအတော်များများကြိုတင်ပြီး လွှတ်တော်ထဲ ဆုံးဖြတ်၊ လူထုကို ကြိုတင်ကြေငြာပြီးမှ ဈေးတက်ရဲတာ။ ခမျာများမှာ မပြောမဆို အုန်းဒိုင်းနဲ့ မတက်ရဲရှာဘူး။ အဲသလို....။ ကွာပါ့။

စင်ကာပူမှာက ခုထိလည်း ငွေအကြွေက သုံးလို့ရနေသေးတာ။ အသုံးဝင်နေသေးတာ။ ပေါက်စီအသေးတစ်လုံးမှ ပြားရှစ်ဆယ်။ ကန်စွန်းရွက်တစ်စည်းမှ ပြားရှစ်ဆယ်။ ငါးပြားစေ့ကစလို့ ကျပ်စေ့အထိ လည်ပတ်သုံးစွဲနေကြတုန်းပဲ။  ဆိုတော့ ငွေအကြွေ မြင်ဖူးချင်မှ မြင်ဖူးမယ့် ကျွန်မတို့ရွာက ကလေးတွေကို သတိရမိတယ်။ ငါးပြားစေ့ဆိုတာက ဘယ်လို ဘယ်ပုံ။ ဆယ်ပြားစေ့ဆိုတာက ဘယ်လို ဘယ်ပုံ၊ ဆယ်ပြားစေ့ဆိုလို့ ကျွန်မတို့ငယ်ငယ်က ဆယ်ပြားစေ့ပုံလည်ပင်းပေါက်ဆိုပြီး အမျိုးသမီးတွေ ဘလောက်စ်ချုပ်ဝတ်လိုက်ကြသေးတာကလား။

ဆယ်ပြားစေ့မျက်နှာနဲ့ဆိုပြီး လေးထောင့်ပုံမျက်နှာကျရှိတဲ့လူတွေကို ရည်ညွှန်းပြောတတ်ကြတာမျိုးလည်း ရှိသေးတာမို့လား။  ခုခေတ် ဆယ်ပြားစေ့ ဘယ်ပုံဆိုတာ မသိတဲ့ကလေးတွေကို ပြောရင်တော့ မျက်စေ့ထဲမြင်ကြမယ်မထင်ဘူး။ နောက် တမတ်စေ့၊ ငါးမူးစေ့ကနေ ကျပ်ပြားစေ့အထိ။ ဗိုလ်ချုပ်ပုံနဲ့ အကြွေစေ့၊ စပါးနှံပုံနဲ့ အကြွေစေ့ ဒါလေးတွေ ခုခေတ်ကလေးတွေ မြင်ချင်မှ မြင်ဖူးပေမယ်။ ခုခေတ်က အနည်းဆုံး ငါးဆယ်ဆိုတာလောက်က စသုံးကြတဲ့ခေတ်။

ကျွန်မသာ သမတဖြစ်ရင်တော့ ခုလက်ရှိသုံးနေတဲ့ ငွေရေတွက်မှုတွေကို နောက်ကနေ သုည ၃လုံးလောက်ဖြုတ်ပစ်လိုက်ချင်တယ်။ ဥပမာ တစ်ထောင်တန်ဆို နားထား၊ တစ်ကျပ်ပဲလုပ်လိုက်။ တစ်သောင်းတန်ဆို နားထား တစ်ဆယ်ပဲ လုပ်လိုက်....။ သိန်း၂၀၀တန်ကားလား၊  လာထား ရော့နှစ်သောင်းယူ။ ဒါမျိုးပေါ့။ အသုံးစားရိတ်တွေကို ပြောပါတယ်။  ပုံမှန်ဝန်ထမ်း လစာတွေကတော့ နည်းရတဲ့အထဲ မူရင်းအတိုင်းရှိပါစေတော့  :) 

(အဲလေ နောက်တာပါ။ တော်ပါပြီ စီကေအေ သ-မ-တ မဖြစ်ချင်ပါဘူး၊ ခုတောင် လူမုန်းများနေရတဲ့အထဲ)

ဘာရယ်လည်းမဟုတ်ပါဘူး။ ဟိုးအရင်တစ်ချိန်တုန်းဆီက ကျပ်မပြည့်တဲ့ခေတ်ကို အကြွေစေ့လေးတွေရေတွက်နေရင်းက လွမ်းမိတယ်ဆိုပါတော့။ တကယ်ပဲ လွမ်းပါ့တော်။

ကလေးတွေ မြင်ဖူးတယ်ရှိအောင်....ကြည့်ကြပါ။

5 comments:

Ma Tint said...

ကျွန်မက ညစ်ပြီး အိတ်ထောင့်ကပ်ထားတဲ့ ကျပ်ပြားစေ့တွေကို သူမသိအောင် သုံးပစ်တတ်ပါတယ် ... :P
မချစ်ရေ... အဲ့ဒီတပ်မတော်ကပွဲရုံမှာ တီတင့်နဲ့ တီတင့်ဖွားဖွားရဲ့ ခြေရာတွေအများကြီး ရှိနေအုံးမှာပါ... :)
စုဗူးလေးနှစ်ခုအရင်းပြုပြီး အတိတ်ကလွမ်းစရာလေးတွေဖတ်ခဲ့ပြီ....

မေတ္တာဖြင့်
တီတင့်

ရည် ဝေ said...

း)
ဖတ်ရတာ အနားမှာထိုင်ပြောနေတဲ့ သူငယ်ချင်းတစ်ယောက်လေသံမျိုး

မေဓာဝီ said...

မချစ်ရေ ... ညီမလဲ အရင်က အကြွေစေ့လေးတွေကို လွမ်းတယ်။ တခြားတိုင်းပြည်တွေမှာ အကြွေစေ့ သုံးနေတာ မြင်ရင် ငယ်ငယ်က သုံးခဲ့တာတွေကို ပြန်သတိရတယ်။ သူငယ်တန်းတုံးက မုန့်ဖိုး ပြား၃၀ ပဲ ရခဲ့တာ။ ငါးပြားစေ့ တွန့်တွန့်လေးတွေကို ချစ်တယ်။
ဘုရားက အလှူခံပုံးတွေမှာ ငွေအကြွေတွေ ရေပြီး လုပ်အားပေးခဲ့ဖူးတာလဲ ပြန်အမှတ်ရမိတယ်။ အရင်ခေတ်က ကုန်ဈေးနှုန်းတွေကတော့ ခုချိန်မှာ အိပ်မက်လေလား ဝိုးတဝါးပါပဲ ... အမချစ်ရယ် ... ။

တန်ခူး said...

ဟုတ်ပ မ ရေ... လသာ၂မှာ ကျောင်းတက်တုန်းက ဘတ်စ်ကားခ ၁၀ပြားရယ်... မုန့် ဟင်းခါးတပွဲ တမတ်... တပ်မတော်ရုံမှာ ရုပ်ရှင်တွေ အတော်များများကြည့်ဖူးတယ်... မှတ်မိသလောက် ချမ်းမြေ့ပါစေဇာတ်ကား အဲဒီရုံမှာ ကြည့်ခဲ့တာ.... မ စာလေးဖတ်ပြီး ငယ်တုန်းက မြင်းခြံမှာ တမတ်တန်းက ရုပ်ရှင်ခိုးကြည့်လို့  အဖိုးရိုက်တာ မှတ်မိနေသေးတာ... လွမ်းစရာလေးတွေ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ငယ်ငယ်က သုံးဖူးတယ်အစ်မ သစ်ဆွဲနေတဲ့ဆင်ရုပ်ပါတဲ့ တဆယ်တန်အစိမ်းလေးကိုတောင် သုံးခဲ့ဖူးတယ် ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူတွေ ခုခေတ်ကလေးတွေမြင်ဖူးတော့ဖူး

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်