Friday, November 29, 2013

တရံတဆစ်၌ မြစ်တို့သည်....




(၁)
ထားကို စတင်သိကျွမ်းခဲ့တာ ကျွန်မတို့တစ်ဘက်ခြံက မိတ်ဆွေများရဲ့သား မောင်မော်လွင် မင်္ဂလာဆောင်တုန်းကပါ။ 

ထားက မောင်မော်လွင်ရဲ့ သတို့သမီးလှလှကလေး။ ကလေးမက ဆံပင်ရှည်နက်နက်ဖားဖားကြီးနဲ့ လှတဲ့နွဲ့တဲ့အပြင် ကျက်သရေလည်းရှိပါရဲ့။ ဒါပေမဲ့ မင်္ဂလာဆောင်တဲ့ဟာကို မျက်နှာနွမ်းကလေးနဲ့နော်လို့ ခင်ပွန်းသည်ကို တိုးတိုးပြောမိ ခဲ့သေးတာ။ ရှက်ရှာလို့နေမယ်တဲ့ ခင်ပွန်းသည်က။ ဒါမှမဟုတ် ခမျာ နွမ်းပါးလို့ အားငယ်တာများလား။ ကျွန်မကတော့ အတွေ့အကြုံများသူပီပီ အဲဒီမျက်နှာနွမ်းကလေးရဲ့နောက်မှာ တစ်ခုခုတော့ မြစ်ဖျားခံနေရမယ်လို့ အတတ်သိခဲ့တယ်။

(၂)
ခါတိုင်းလိုပါပဲ။ ထားရဲ့ယောက္ခမ မေမြကျန်းမာရေးကြောင့် ကျွန်မခင်ပွန်းသည်ကို အိမ်ပင့်ဆေးကုနေကျမို့ နောက်ပိုင်းမှာတော့ ထားနဲ့ပါ တဖြည်းဖြည်း ရင်းနှီးနွေးထွေးလာခဲ့တာ။ ကလေးမက မွန်ရည်သိမ်မွေ့ပြီး အားငယ်စိတ်အခံလေး ရှိနေပုံရတယ်။

မေမြတို့က မျိုးရိုးစဉ်ဆက်ချမ်းသာတာရယ်၊ သားမောင်မော်လွင်ကလည်း ပညာတတ်ဖြစ်ပြန်တော့ နွမ်းပါးပြီး သာမန်ဘွဲ့ကလေး တစ်ခုနဲ့ မုဆိုးမသမီးထားကို သူ့သားနဲ့ မတူမတန်ဘူးထင်တာဟာ လောကမှာ ဖြစ်နေကျတွေထဲက ဖြစ်စဉ်တစ်ခုမို့ မဆန်းဘူးပဲ ဆိုပါတော့။

တခါတလေ ထားက ကျွန်မခင်ပွန်းသည်ရဲ့ ဆေးအိတ်ကိုဆွဲရင်း ကျွန်မတို့ခြံဘက်အထိ လိုက်ပို့တတ်တယ်။ အစမှာတော့ အတွင်းမီး အပြင်မယူရဆိုတဲ့ စကားအတိုင်း ခမျာမှာ ကြိတ်မှိတ်နေရှာပါရဲ့။ ကျွန်မတို့က သူ့အပေါ် သမီးကလေးတစ်ယောက်လို သဘောထားမှန်း သိလာတဲ့နောက်မှာတော့ သူမကလေးရင်ထဲက မျိုသိပ်ခံစား နေရရှာတာတွေ တစ်စတစ်စ ပွင့်အံလာ ခဲ့တော့တယ်။ ဖွင့်ချမယ့်ချတော့လည်း ကရားက ရေလွှတ်လိုက်သလို။ သူမရင်ထဲမှာ ဘယ်လောက်များ ကြိတ်မှိတ်နေခဲ့ ရပါလိမ့်မလဲ။ သူမပြောသမျှတွေကို မိန်းမသားချင်းစာနာစိတ်နဲ့ နှလုံးသားချင်းထပ်ပြီး နားထောင်ပေးခဲ့မိပါရဲ့။

(၃)
တစ်နေ့က ကျောင်းရေဗူးကလေးတွေ လျှော့ဈေးရတာနဲ့ သားနှစ်ယောက်အတွက် ၀မ်းသာအားရ၀ယ်လာမိတာ၊ အိမ်ရောက်တော့ မမညိုကလေးနှစ်ယောက်အတွက်ပါ ၀ယ်မလာရကောင်းလား၊ ကိုယ့်ကလေးတွေအတွက်ပဲ ကွက်ဝယ်လာရသလားတဲ့ မေမြက ဆူလိုက်တာ အန်တီခင်ရယ်၊ ထားလေ ရိုးရိုးသားသား မေ့သွားခဲ့တာပါ၊ တမင်လုပ်တာ မဟုတ်ရပါဘူး”

အေးချမ်းတဲ့ ထားမျက်နှာလေးကိုကြည့်ပြီး ထားမညာဘူးဆိုတာ ကျွန်မ ယုံကြည်ပါတယ်။

“မမညိုဆိုရင်လေ သူ့သားနှစ်ယောက်ကို သူတို့အိပ်ခန်းထဲမှာ မုန့်ခိုးခိုးကျွေးတာ၊ ကစားစရာတွေဆိုလည်း သူ့ကလေးတွေအတွက်ပဲ ဝယ်ဝယ်လာတတ်တာ၊ အဲဒါတွေကျတော့ မေမြက သိရက်သားနဲ့ ဘာမှမပြောဘူး၊ သိလား အန်တီခင်”

တီဗီဆိုလည်း အဲလိုပဲ။ သားတို့မှာ ဖွားအေ ကိုရီးယားကားကြည့်ချိန်နဲ့ မမညိုကလေးတွေ ဂိမ်းကစားနေချိန်တွေကို ပြီးအောင် စောင့်နေကြရတာ။ ဒါနဲ့ မနေနိုင်တဲ့ထားက ထားတို့အခန်းထဲမှာ သားသားတို့အတွက် တီဗီအသေးလေးတစ်လုံး သပ်သပ်ဝယ်ပေးဖို့ ကိုမော့်ကို ပြောလိုက်မိပါတယ်။ ထင်တဲ့အတိုင်းပဲ ကိုမော်ဟာ မျက်စေ့မျက်နှာပျက်ပျက်နဲ့ "ဟာ ဘယ်ကောင်းပါ့မလဲ ထားရယ်" တဲ့လေ။ မ၀ယ်ပေးနိုင်လို့လည်း မဟုတ်ဘဲနဲ့လေ။  ထားလည်း နှုတ်ဆိတ်နေလိုက်တော့တယ်။ စိတ်ထဲတော့ မကောင်းလှဘူးပေါ့”

“မမညိုကျတော့ ကလေးတွေ ထမင်းဘူးထည့်တာကအစ သူ့သားနှစ်ယောက်ထမင်းဗူးထဲ အသားတုံးတွေ ရွေးထည့်၊ ထား သားတွေကျတော့ အရိုးအရင်းပဲ ထည့်ပေးတာ။ ကလေးအချင်းချင်း ငြင်းခုန်ရန်ဖြစ်ကြပြန်ရင်လည်း ထားကလေးတွေရဲ့ အပြစ်ပဲ၊ ကလေးချင်းတူတူ ထားသားတွေကိုပဲ မာန်လိုက်မဲလိုက်နဲ့။ ကြာတော့ ထား ရေငုံမနေနိုင်တော့ဘူး အန်တီခင်ရယ်။ ကိုယ့်ယောက်ျားဆိုတဲ့အားကိုးစိတ်နဲ့ ကိုမော့်ကို ပြန်ပြောပြမိပါတယ်။  ဒီတော့ ထားကပဲ အသေးအဖွဲကအစ သဘောထားသေး သိမ်လွန်းသတဲ့လေ”

တစ်နေ့တစ်နေ့ ထားပြောသမျှလေးတွေ ကြားကြားပြီး ကျွန်မတို့ ဇနီးခင်ပွန်းနှစ်ယောက်သား ထားအပေါ် သနားဂရုဏာ မသက်ဘဲ မနေနိုင်ပါဘူး။ ကျွန်မတို့မှာက သားသမီးတွေ အိမ်ထောင်ခွဲသွားပြီးကတည်းက နှစ်ယောက်ထဲ ဒီအိမ်ကြီးထဲနေ လာကြတာ။ ဖြစ်နိုင်ရင် ထားတို့သားအမိတွေကို အနားမှာ ခေါ်ထားလိုက်ချင်ပါရဲ့။ ကလေးသံတွေ ဆူဆူညံညံနဲ့ဆို ကျွန်မတို့အိမ်ကြီး စိုစိုပြည်ပြည်တောင် ရှိလာနိုင်ရဲ့မဟုတ်လား။

ထားအမေကိုလည်း တခါတခါ ခြံထဲမှာ တွေ့လိုက်၊ တခါတလေ မေမြနောက်က ဈေးခြင်း ကိုင်လိုက်လာတာ တွေ့လိုက်နဲ့ တွေ့နေ ရတာ။ ထားအမေက လူကသာ ပိန်ပိန်၊ အရိုးအဆစ်သန်မာပြီး မျက်လုံးမျက်ခုံးကောင်း၊ နှာတံပေါ်ပေါ်နဲ့ နှုတ်ခမ်း တင်းတင်းစေ့ထားတတ်တာမို့ ငယ်ငယ်က မာနခဲမိန်းမချောဖြစ်ခဲ့မယ်ဆိုတာ မှန်းလို့ရတယ်။ ခုတော့လည်း သမီးနောက် လိုက်နေရင်း ခပ်ရိုင်းရိုင်းစကား ပုံခိုင်းရရင် ကျွန်ဝယ်ရာ အဆစ်ပါ ဆိုတာလို။

တခါတလေတော့လည်း ထားက ဘာမှမေးလို့မရအောင် ငိုချည်းနေတဲ့ နေ့တွေလည်း ရှိပါရဲ့။ ကျွန်မတို့မှာ သူ့ခေါင်းက ဆံစကလေးပွတ်သပ်ရင်း ချော့တာကလွဲလို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ ခမျာ ရှိုက်ကြီးတငင် ကလေးတစ်ယောက်လို ၀မ်းနည်းပက်လက် ငိုတတ်သေးတာ။

အငယ်မချိုချိုကျတော့ တက္ကသိုလ်ကျောင်းသူဆိုပြီး အိမ်အလုပ် ဘာမှ မကူဘူး၊ သူ့အခန်းထဲမှာ ဘရာဇီယာတွေ၊ ထမီကွင်းတွေဆိုတာ ဒီအတိုင်း ပုံချထားခဲ့တာ။ ထားကမှ ယူမလျှော်ပေးရင် အလိုက်မသိရကောင်းလား၊ အိမ်မှာ တစ်နေ့လုံးနေလို့ ဒါလေးတောင် ကူမလျှော်ပေးချင်ဘူးလား ပြောသေးတာ။ ပြီးတော့ ချိုချိုက နေရာတကာ ထားနဲ့ ပခုံးချင်း လိုက်ယှဉ်နေတာ အန်တီခင်ရဲ့”

ကိုမော့်ညီမအကြီး မမညိုကျပြန်တော့ ဗိုလ်ချုပ်ဈေးမှာ အထည်ဆိုင်နဲ့ တွဲရက်ဖွင့်ထားတဲ့ အပ်ချုပ်ဆိုင်ကို ဦးစီးနေရတဲ့ အိမ့်စီးပွားရှာသူဆိုပြီး အိမ်မှုကိစ္စတွေက သူနဲ့မဆိုင်ဘူး ထင်နေတာ အဲဒီတော့ အိမ်ဝေယျာဝစ္စအားလုံးဟာ အိမ်မှာနေတဲ့ ထားတစ်ယောက်တည်းရဲ့ တာဝန်ပဲပေါ့ အန်တီခင်ရယ်”

သားအငယ်ကောင်ကိုယ်ဝန်ကြီးနဲ့တုန်းက အားနည်းနေတဲ့ထားကို ကျွန်မခင်ပွန်း အားဆေးသွားထိုးပေးခဲ့ရတာ။ ထားက နှုတ်ခမ်းလေးတွေတောင် ဖြူဖျော့လို့။ ကိုယ်ဝန်ကြီးနဲ့မို့ အိမ်အလုပ်တွေမလုပ်ဘဲ တတ်နိုင်သလောက် နားနားနေနေ နေဖို့ အိမ်သားအားလုံးရှေ့မှာ ပြောပြခဲ့ရသေးတာ။ ကျွန်မ မှတ်မိနေတယ်။

၎)
တစ်ရက်မှာ ကျွန်မတို့ နေ့လည်ခင်းလက်ဘက်ရည်လေးသောက်နေတုန်း ထား ရောက်ချလာပါရော။ မျက်နှာကလေးက မို့အစ်အစ်နဲ့ နှာသီးဖျားလေးတွေ နီနေတာကြောင့် တစ်ခုခုဖြစ်ပြီး ငိုခဲ့ပုံရတယ်လို့ အတတ်သိလိုက်ပါရဲ့။

“အန်တီခင် ကိုဇော်လေ သိလား၊ မမညိုတို့ ထွက်နေတဲ့ ဗိုလ်ချုပ်ဈေးကဆိုင်ကို သူလည်း ထွက်ချင်တယ်။ ဒါကို ကြည့်ကောင်းအောင် မောင်နှမတွေ မျှမျှတတ တစ်လှည့်စီထွက်ကြရအောင် အစ်ကိုကြီးပဲ ပြောပေးပါဦးဆိုပြီး ကိုမော့်ကို ဗိုက်ငှားတယ်။ နောက်ဆုံးတော့ ထားပဲ လူဆိုးဖြစ်ရတယ်။ ထားကပဲ ဒီဆိုင်ကို မမညိုတို့တစ်ဦးထဲ လက်ဝါးကြီးအုပ်နေတာကို မရှုစိမ့်လို့ ကိုမော့်ကို ပြောခိုင်းသလိုလို”

မောင်ဇော်လွင်ဆိုတာက မောင်မော်လွင့်ညီ၊ မောင်မော်လွင်လိုတော့ မလိမ္မာလှဘူး၊ သူတို့နေတဲ့ အိမ်ကြီး၊ မိဘက မင်္ဂလာဦးလက်ဖွဲ့အဖြစ်ပေးထားတဲ့ အဲဒီအိမ်ကြီးကိုတောင် ပေါင်ပြီး လောင်းကစားလုပ်တယ်ဆိုလား ကြားလိုက်မိသေး။ မောင်ဇော်လွင်ဟာ သူလိုချင်တာ တစ်ခုခုရှိရင် အစ်ကိုမောင်မော်လွင်ကို ရှေ့ကထွက်ခိုင်း၊ သူက နောက်ကနေ အသာမျှောလိုက်တတ်သူ၊ အခွင့်အရေးရတော့မှသာ ရှေ့က တက်ယူတတ်တဲ့သူ။

“ခက်တာက ကိုမော်က သူ့ဆွေမျိုးလုပ်သမျှ အကောင်းချည်း ထင်တဲ့သူ အန်တီခင်ရဲ့။ ထားက သူတော်စင်မဟုတ်တော့ အမြဲ သည်းခံမနေနိုင်ဘူး။ မခံနိုင်လို့ ထေ့တာငေါ့တာလေးတွေ ရှိလာတဲ့အခါ ယောင်းမတွေနဲ့ စစ်အေးတိုက်ပွဲဖြစ်ရရော။ ကြာတော့ စိတ်ညစ်လာတယ်။ စိတ်ကို ရှင်းရှင်းလေးထားချင်ပေမဲ့ သူတို့က လာလာချိတ်နေတာကို အမြဲတမ်း ပြန် ပြန်ဖြုတ်ချ မနေနိုင်ဘူး။ ပြန်ချိတ်မိလိုက်ချင်တယ်။ ထားလည်း လူသားပဲ၊ ထားမှာလည်း စိတ်ကလေးတော့ရှိသေးတာပဲ ဆိုတာမျိုး ပြလိုက်ချင်သေးတာပေါ့ အန်တီခင်ရယ်”

ကျွန်မ ဘာများပြောနိုင်မှာလဲလေ။ ထားလာတဲ့အခါတိုင်း ပြောပြသမျှတွေနားထောင်ပြီး ထားဘက်က ရပ်တည်ပေးချင်မိတဲ့ စိတ်တွေ ကျွန်မရင်ထဲ တစ်နေ့တစ်ခြား တိုးပွားလာတော့တာပါပဲ။

 “အိမ်သားတွေရဲ့ စားရေးသောက်ရေး၊ နေ့စဉ် ဝေယျာဝစ္စတွေကို ထား လုပ်နိုင်ပါတယ်။ အမေလည်း ကူလုပ်ပေးနေတာ ဆိုတော့လေ။ အိမ်အလုပ်ပင်ပန်းတာကိုခံနိုင်ပေမဲ့ ထားအပေါ် မုန်းတဲ့စိတ်နဲ့ အကောင်းမမြင်တာတွေကိုတော့ ထား မခံစားတော့နိုင်ဘူး။  ထား ခုလိုခံစားနေရတာတွေ အမေသိမှာလည်း စိုးတယ် အန်တီခင်

ထားအမေက မသိဘဲနဲ့တော့ နေမှာမဟုတ်ပါဘူး။ ငယ်ရာက ကြီးလာတာပဲဟာ။ ဘာပဲဖြစ်ဖြစ် ထား စိတ်ပြေပါစေတော့ဆိုပြီး ကိုယ့်တုန်းက အကြောင်းလေးတွေ ပြန်ပြောပြရတယ်။ ကျွန်မတို့တုန်းကလည်း ဦးသော်ဇင်တို့ဘက်က သဘောမတူကြပါဘူး။ သူတို့အမျိုးက ပညာတတ်မျိုးရိုး၊ ကျွန်မတို့ဘက်က ကုန်သည်မျိုးရိုး။ သူတို့ဘက်က ပညာတတ်မှ အထင်ကြီးကြတာ။ ကျွန်မမှာ ယောင်းမတွေ ယောက္ခမတွေနဲ့ နှစ်တော်တော်ကြာ တည့်အောင်နေခဲ့ရတာပါပဲ။ ယောက္ခထီးက ကျွန်မကို ချစ်တာမို့ ဖြေသာခဲ့ရတယ်။ ခုနေပြန်ပြောရင် ဘာမှမဟုတ်သလိုပေမဲ့ ဟိုတုန်းကတော့ဖြင့် အတော်လေး ခါးခါးသည်းသည်း ခံစားခဲ့ရတာ။ လူဆိုတော့လည်း ကိုယ့်အပူကမှ မီးနဲ့တူတယ် ထင်တတ်ကြတာကိုး။ ဒီတော့ ထားလည်း ပုထုဇဉ်ပီပီ သူ့အပူကမှ ကြီးလှတယ်လို့ ခံစားနေမှာပါပဲ။

“ထား ဒီအိမ်ကြီးပေါ် စတက်လာကတည်းက ကိုမော်ရမဲ့အမွေတွေကို မက်လို့၊ သူတို့ပိုင်ဆိုင်မှုတွေကို မက်လို့ ကိုမော့်ကို လက်ထပ်တာလို့ မြင်နေကြတာ။ ကြည့်နေ အမွေရမှ နှစ်ဘက်မိဘနာမည်နဲ့ အမွေအားလုံး လှူကိုပစ်ဦးမှာ”

မခံချင်စိတ်ကလေးနဲ့ လက်သီးလေးဆုတ်ပြီးပြောနေတဲ့ ထားရဲ့ မာဆတ်ဆတ်ဟန်လေးက ကျွန်မမျက်လုံးထဲ စွဲနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ငွေဆိုတာက လူသားအားလုံးကြိုက်ကြတာ၊ ငွေရဲ့ဖျားယောင်းမှုကို လွန်ဆန်ဖို့ ခက်တတ်ကြတာမို့ ငွေများ မမက်ပါဘူးဆိုတဲ့ ထားရဲ့ မာနအပြောလေးကို ကျွန်မက သဘောကျမိတယ်။ စားရတဲ့ကလေး ပိုငတ်တယ် ဆိုတာလို၊ ငွေဆိုတာကို များများစားစား မသုံးဖူးသေးလို့ မမက်တဲ့သဘောနေမှာလို့ ကျွန်မခင်ပွန်းသည်က မှတ်ချက်ချတယ်။

“ဒီနှစ်တွေထဲမှာ ထား ကိုမော့်ကို  ခဏခဏပြောနေရတဲ့ စကားကတော့ အိမ်ခွဲနေကြအောင်နော်ဆိုတဲ့ စကားတစ်ခွန်းပဲ။  ထား သူတို့နဲ့ အတူမနေနိုင်တော့ဘူး အန်တီခင်ရယ်”                                  

ကျွန်မ သက်ပြင်းများသာ အကြိမ်ကြိမ် ချခဲ့မိတော့တယ်။ ဒီကလေးမရဲ့ အိမ်ထောင်ရေးက လင်ရကံကောင်းပါရက်နဲ့ အသိုင်းအ၀ိုင်းကြောင့် မသာမယာဖြစ်နေရတာ။ ခု ကျွန်မကြားနေရတာတွေက တစ်ဘက်စကားကို တစ်ဘက်နားနဲ့ပဲ ကြားနေရတာလေ။ ဒီတော့ ကျန်တစ်ဘက်ရဲ့အသံကိုလည်း အခွင့်ရရင် နားထောင်ချင်မိပါရဲ့။ ဒါမှလည်း နှစ်ဘက်အကြား ကွာဟနေတာတွေရှိနေရင် အိမ်နီးချင်း မိတ်ဆွေကောင်းပီသစွာ ရင်ကြားစေ့ပေးနိုင်မယ်လို့ ကျွန်မက ခပ်ရိုးရိုးပဲ တွေးတယ်။ ကျွန်မအမျိုးသား ဦးသော်ဇင်ကတော့ ထားကို သမီးလေးလိုချစ်တာမှန်ပေမဲ့ တစ်ပါးသူ မိသားစုတွေရဲ့ အိမ်တွင်းရေးမို့ ကြားမ၀င်စေချင်ဘူး။

()
တစ်နေ့တော့ ညိုညို့သားအကြီးကောင်လေးမွေးနေ့မှာ ကြာဇံချက်ချက်ပြီး ညိုညိုကိုယ်တိုင် ချိုင့်ဆွဲလာပို့တယ်။ ဦးသော်ဇင်က ကြာဇံချက် အင်မတန် ကြိုက်လှတာ။ အဲဒီနေ့က ကျွန်မကလည်း အိမ်မှာ ရွှေတောင်ခေါက်ဆွဲချက်ထားတာတွေ အဆင်သင့်ရှိနေတာနဲ့ ချိုင့်ထဲပြန်ထည့်ပေးရင်း ညိုညိုပြောတာတွေ နားထောင်ဖို့ အခွင့်ရခဲ့ပြန်တယ်။

အန်တီခင်ရေ ညိုညိုတို့မယ် အစ်ကိုကိုလည်း မပြောရဲ၊ ယောင်းမကို ပြောပြန်ရင်လည်း သူ့ကိုပဲ ၀ိုင်းနှိမ်ကြတယ် ထင်မှာစိုးရနဲ့၊ ထားက ကလေးတွေကို အလိုလိုက်လွန်းတယ်။ ကလေးတွေက စာမလုပ်ချင်ဘဲ ဂိမ်းချည်း ကစားချင်ကြတယ်။ အတန်းထဲမှာ အဆင့်တွေလည်း မကောင်းကြဘူး။ သူ့ကလေးတွေကို ဆူဆုံးမရင်လည်း  ထားက နည်းနည်းမှ မကြိုက်ဘူး အန်တီခင်ရယ်၊ ညိုညိုတို့ကလည်း အဒေါ်ပဲဟာနော် ကိုယ့်တူတွေကို ကောင်းစေချင်တာပေါ့”

“ကိုကိုမော့်ရည်းစားဟောင်းက ညိုညို့သူငယ်ချင်းအရင်းကြီးလေ အန်တီခင်ရယ်။ အဲဒါ သူမို့အိမ်အလည်လာရင် ထားက တံခါးဆောင့်ပိတ်လား ပိတ်ရဲ့။ မီးဖိုထဲကနေ အိုးတွေခွက်တွေကို အသံမြည်အောင် တမင်လုပ်ပြီး မကြေနပ်ကြောင်း ပြလား ပြရဲ့။ ဘယ်လိုလုပ်မလဲ အန်တီခင်ရယ်။ ညိုညို့သူငယ်ချင်းက ထားနဲ့ကိုမော် အိမ်ထောင်မကျခင် ကတည်းက အိမ်မှာ ၀င်ထွက်နေတဲ့ဟာ၊ ခုလို ကိုမော့်ရည်းစားဟောင်းကို အိမ်လည်လက်ခံနေတာကို ထားက မကြိုက်ဘူးလေ၊ ကိုမော့်အဆက်ဟောင်းကိုပဲ အရေးပေးပြီး တမင်မျက်နှာခေါ်ပြတာဟာ သူ့ကို ရွဲ့တာ၊ သူ့ကို ယောင်းမအဖြစ် လက်မခံတာလို့ ထင်နေတယ်”

“ညိုညိုတို့မှာ ဆိုင်ကတစ်ဘက်နဲ့မို့ အိမ်အလုပ်တွေ ထားကိုပဲ ပုံအပ်ထားရတာ။ သူ့ကို ယောင်းမမို့လို့ စိတ်ချလက်ချ ယုံကြည်လို့လည်း မေမြကို ဂရုစိုက်ဖို့ရော၊ အိမ်စားရေးသောက်ရေးပါ မျက်စေ့မှိတ်လွှဲထားတာပေါ့ အန်တီခင်ရယ်”

“ထားက အငယ်မချိုချိုနဲ့လည်း မတဲ့ဘူး။ အန်တီခင်သိတဲ့အတိုင်း ချိုချိုက အငယ်ဆုံးမို့ တစ်အိမ်လုံးက အလိုလိုက်ထားတော့ သူ့အ၀တ်တောင် သူလျှော်တတ်တာမဟုတ်ဘူး။ ထားကို သူ့အစ်မတစ်ယောက်လို ချွဲနွဲ့ပြီး အကုန်ခိုင်းစားနေတော့တာ။ အဲဒါကို ထားက သူ့ပဲ အကုန်ခိုင်းတယ်၊ သူ့ပဲ ဗိုလ်ကျတယ် ဖြစ်ရော မလွယ်ပါဘူး အန်တီခင်ရာ”

ကျွန်မကြားချင်ခဲ့တဲ့ တစ်ဘက်စကားကိုလည်း ကြားရပါပြီ။ သူ့ဘက်ပြောတော့လည်း သူ အမှန်လိုလို။ ဒါပေမဲ့ ကျွန်မတို့က ထားအပေါ် သနားရင်းစွဲရှိတာမို့ လူသားပီပီ အားနည်းတဲ့ဘက်က၀င်ပြီး ရပ်တည်ချင်မိတာတော့ ၀န်ခံရမှာပါပဲ။

(၆)
ထားတို့မိသားစု အိမ်ခွဲမဆင်းခင်တစ်ရက်က ကျွန်မတို့အိမ် ၀င်လာနှုတ်ဆက်သွားပါသေးရဲ့။ ကျွန်မတို့ဇနီးမောင်နှံကို ထိုင်ကန်တော့တာမို့ ကျွန်မတို့မှာ မျက်ရည်တောင်ကျမိပါတယ်။ ဘာပဲပြောပြော သူတို့မိသားစုအတွက်တော့ ၀မ်းသာလိုက်ရတာလေ။

ဒီလိုနဲ့ ဝေးသွားလိုက်ကြတာ မေမြနေထိုင်မကောင်းပြီး အသည်းအသန်ဖြစ်လို့ ထားတစ်ယောက် အနီးကပ်လာပြုစုတဲ့ အခါမှ ပြန်တွေ့ကြရတယ်။ မကြာပါဘူး၊ မီးစာကုန်ဆီခမ်းမို့ ထင်ပါရဲ့ ဆေးဝါးကောင်းတွေနဲ့ ကုနေတဲ့ကြားက မေမြတစ်ယောက် ဆုံးပါးသွားရှာတယ်။  မေမြဆုံးသွားပြီးတဲ့နောက် ရက်လည်တဲ့အထိ ထားတစ်ယောက် မျက်တွင်းချောင်ကလေးနဲ့ ဂျင်ခြေလည်အောင် ပင်ပန်းနေတာကို တွေ့ရပြန်တယ်။

မေမြမဆုံးခင် ရှေ့နေနဲ့ အမွေကိစ္စတွေရှင်းကြတော့ သားသမီးလေးယောက်စလုံးကို ပိုင်ဆိုင်သမျှ လေးပုံအညီအမျှစီ ခွဲပေးခဲ့တာမို့ ကျွန်မတို့က ထားတို့မိသားစုအတွက် ၀မ်းသာရတယ်။ မေမြမှာက ရှေးစိန်တွေဆိုတာ မနည်းမနောကို ရှိခဲ့တာမို့ တစ်ပုံစီဆိုရင်တောင် ကာလတန်ဘိုးနဲ့ နည်းမှာမဟုတ်ဘူးပေါ့။

မေမြလက်က ကြံဆစ်လက်ကောက်ကြီးနှစ်ရံကို သူမသေခင် သူ့လက်ကချွတ်ပြီး ထားလက်မှာ ကိုယ်တိုင်ဝတ်ပေးခဲ့ရှာတယ်။ သမီးနှစ်ယောက်ဖြစ်တဲ့ ညိုညိုနဲ့ ချိုချို့ကိုတောင် မပေးခဲ့ဘူး။ နောက်ဆုံးတော့ သူ့အနားမှာ ချေးကလူ သေးကလူကအစ အနွံတာခံပြုစုခဲ့တဲ့ ချွေးမရဲ့မေတ္တာကို မေမြတစ်ယောက် မသေခင် သိသွားခဲ့ပုံပါပဲ။

မညိုနဲ့ ချိုချို သိတ်ကြေနပ်ပုံမရဘူးဆိုတာကို ရိပ်မိတဲ့ထားက ရက်လည်ကိစ္စပြီးလို့ ပြန်ခါနီးမှာ သူ့လက်က လက်ကောက်နှစ်ရံကို ယောင်းမနှစ်ယောက် တစ်ယောက်တစ်ရံစီ ချွတ်ပေးခဲ့လေတယ်။ ပစ္စည်းမမက်မောတဲ့ ထားရဲ့စိတ်ကလးကို ကျွန်မဖြင့် ကြိတ်ချီးကျူးခဲ့ရသေးတယ်။ သူတို့အိမ်မပြန်ခင် ကျွန်မတို့ကို လာနှုတ်ဆက်တော့ ထားကပြောသွားပါသေးတယ်။

အမွေက တစ်ယောက်ဘယ်လောက်ရမယ်တော့ မသိပါဘူး အန်တီခင်ရယ်၊ ကြည့်နေပါ  ဒီအမွေတွေကို အလှူကြီးကို ပေးလှူပစ်ဦးမှာ၊ အန်တီခင့်ကို ဖိတ်လိုက်မယ်နော်။ အဲဒီတော့မှ ထား အမွေမက်လား မမက်လားဆိုတာ သူတို့ တစ်နေ့ သိမှာပေါ့လေ” တဲ့။ အံကလေးများတောင် ကြိတ်လို့။

(၇)
အဲဒီနောက်မှာတော့ ညိုညိုနဲ့ ချိုချိုတို့နှစ်ယောက်က အစ်ကိုနှစ်ယောက်ကို အိမ်တန်ဘိုးရဲ့ လေးပုံတစ်ပုံစီ ပြန်အမ်းလိုက်ကြပြီး အိမ်ကြီးကိုတော့ ညီအစ်မနှစ်ယောက်အပိုင်ပဲ ထားလိုက်ကြတယ်လို့ ကြားတယ်။ ချိုချိုအိမ်ထောင်ကျတဲ့အခါ ဒီအိမ်ကြီးကို တစ်ယောက်ယောက်က ပြန်အမ်းယူမှာလား၊ နှစ်အိမ်ထောင်အတူတူပဲ နေကြမှာလားဆိုတာတော့ မသိနိုင်ဘူးရယ်။ ခုတော့ ချိုချိုလည်း ကျောင်းပြီးလို့ ညီအစ်မနှစ်ယောက် ဗိုလ်ချုပ်ဈေးကဆိုင်ကို တစ်လှည့်စီထွက်နေကြလေရဲ့။
                                                 
အငယ်ကောင်ကိုဇော်ကတော့ ရတဲ့အမွေတွေနဲ့ လောင်းကစားပဲ ဆက်လုပ်နေပြန်ပြီလား။ အချိုးအချိတ်ပြောင်းပြီး လိမ်ပဲ လိမ္မာနေပြီလား မပြောတတ်ပါဘူး။ သူတို့အမေ မေမြမရှိတဲ့နောက် သားသမီးတွေက အိမ်အလာကျဲသွားတာမှ မလာတော့သလောက်ပါပဲ။ ထားနဲ့ကျွန်မတို့လည်း မတွေ့တာတောင် အတော်လေး ကြာခဲ့ပါပြီ။

(၈)
“ဟိုမှာ မောင်မော်လွင့်မိန်းမလေး ထား မဟုတ်လား”

ကျွန်မတို့စားနေကျ ယိုးဒယားစားသောက်ဆိုင်လေးမှာ နေ့လည်စာစားနေရာက ခင်ပွန်းသည်ပြတဲ့ဘက် ကြည့်လိုက်တော့ ဟုတ်တယ်၊ ထားပဲ။ ထားကလည်း ကျွန်မတို့ကို မြင်သွားပြီး ကျွန်မတို့စားပွဲရှိရာ လျှောက်လာတယ်။

“အန်တီခင်နဲ့ အန်ကယ်သော် နေကောင်းကြတယ်နော်၊ ထားတို့ မတွေ့တာတောင် ကြာပြီ”

“ဟုတ်တယ် သမီး ထားရယ်၊ မေမြဆုံးပြီး တစ်ခါလား တွေ့ကြတယ်နော်၊ နေကောင်းရဲ့လား၊ မောင်မော်လွင်ရော၊ ထားတို့အမေရော”

“ထားတို့မိသားစု နေကောင်းပါတယ် အန်တီခင်၊ အမေက ဒီနှစ်ထဲ အတော်လေး မကျန်းမာချင်ဘူး”

“အေးလေ အသက်ကလည်း ရလာမှကိုး”

“ဟုတ်တယ် အန်တီခင်ရေ၊ အရင်ကလို အန်တီခင်တို့နဲ့ ခြံချင်းကပ်ရက်မဟုတ်တော့ အမေ့ကျန်းမာရေးအတွက် အပြင်အထူးကုတွေကိုပဲ အားကိုးနေရတယ်။ အန်တီခင်ရေ နောက်မှ ထား အိမ်လာလည်ပါ့မယ်နော်၊ ဒီမှာ သားသားတို့က ပက်ထိုင်းခေါက်ဆွဲစားချင်တယ်ဆိုလို့ လာဝယ်တာ။ ဒါက ထားတို့ အိမ်လိပ်စာ၊ ခု ကိုမော်က အိမ်မှာပဲ ရုံးခန်းဖွင့်ထားတယ်လေ အန်တီရဲ့။ အန်တီတို့ ကြုံရင်လည်း ၀င်ခဲ့ပါနော်”

ပြောပြောဆိုဆို လိပ်စာကပ်ပြားလေးပေးခဲ့ပြီး ခပ်သွက်သွက်လေးလှမ်းထွက်သွားတဲ့ ထားနောက်ကျောကို ကျွန်မ လိုက်ကြည့်နေမိတယ်။

ထားဟာ သူ့ဆံပင်အရှည်ကြီးကို ပုခုံးထိရုံလောက်ဖြတ်ပြီး အခွေလေးတွေ ကောက်ထားတယ်။ မျက်နှာမှာလည်း မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားပုံရတယ်။ မှုန်ပြေပြေလေး။ ခုံမြင့်ဖိနပ်နဲ့။ လူးဝစ်စ်ဗစ်ထွန် လက်ကိုင်အိတ်နဲ့။ နားနှစ်ဖက်မှာလည်း တစ်ဖျတ်ဖျတ်တောက်နေတဲ့ စိန်နားကပ်နဲ့။ ထားအပြင်အဆင်ဟာ အတော်ကို ပြောင်းသွားခဲ့ပြီ။ ထားစိတ်တွေရော ပြောင်းလဲသွားခဲ့ပြီလား….ကျွန်မ မသိနိုင်ဘူး။ ခုထိတော့ နှစ်ဘက်မိဘနာမည်နဲ့ အလှူကြီးပေးတာမျိုး ကျွန်မ မကြားမိသေးတာ အမှန်။ မောင်မော်လွင်လိပ်စာပါ ကဒ်ပြားလေးကြည့်မိတော့ အရင်အိမ်မဟုတ်တော့ဘဲ တကယ့်ကို လူချမ်းသာတွေမှနေတဲ့ အိမ်ရာမှာ။

အဲဒီအခိုက်အတန့်လေးမှာပဲ ထားကိုယ်တိုင်မောင်းလာတဲ့ကားလေးက ကျွန်မတို့ထိုင်နေတဲ့ ဆိုင်ရှေ့ ဖြတ်မောင်း သွားတာ တွေ့လိုက်ရတယ်။ ထားက နေကာမျက်မှန်လေးတောင် တပ်ထားလို့။

ထားတို့အလှူကျရင် ခြုံဖို့ဆိုပြီး တပြင်ပြင်လုပ်နေတဲ့ မင့်ပိုးပုဝါကြီး ဘီရိုထဲသာ ပြန်သိမ်းထားလိုက်ပါတော့ကွာ”

ဦးသော်ဇင်က အဲသလို စနောက်တော့ ခါတိုင်းလို ကျွန်မ မပြုံးနိုင်ဘူး။ စိတ်ထဲ ၀မ်းနည်းသလိုလို၊ တစ်ဆို့ဆို့ကြီး ခံစားနေရတယ်။

ပြောင်းလဲသွားပြီလား….
ထားဟာ တကယ်ပဲ ငွေတန်ဘိုး နားလည်သွားပြီလား….
ငွေ ဘယ်လိုသုံးရမယ်ဆိုတာ ခြေခြေမြစ်မြစ်ကြီး သိသွားပြီလား….
အပေါ်ယံအသွင်သဏ္ဍန် ပြောင်းလဲသွားတာနဲ့အတူ ထားရင်ထဲက ခံယူချက်တွေပါ တစ်ပါတည်း တိုက်စားသွားခဲ့ပြီတဲ့လား။ 

ထားရယ်….

အေးလေ လူတွေဟာ ပြောင်းလဲနေတတ်တာပဲ။ ထားလည်း လူတစ်ယောက်ပဲမို့ ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်မ လက်ခံ ရမှာပေါ့။ 

ဦးသော်ဇင်က စကားတစ်ခွန်း ထပ်ပြောတယ်။ စားရတဲ့ကလေးဟာ ပိုငတ်တယ်ဆိုတာ အမေကြီး လက်တွေ့သိပြီလား” တဲ့။ ခင်ပွန်းသည်ကို ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။ ထားဟာ အရင်က စားရကောင်းမှန်းမှ မသိခဲ့တာဘဲကိုး။

ဘယ်လိုပဲဆိုဆို တစ်နေ့မှာ ထားပို့လာမဲ့ အလှူဖိတ်စာတစ်စောင်ကို ကျွန်မရင်ထဲ တိတ်တိတ်လေး မျှော်လင့်နေမိသေးတာပါပဲ။ 

တစ်နေ့နေ့မှာပေါ့လေ….။


ရွှေအမြုတေမဂ္ဂဇင်း-ဒီဇင်ဘာလ-၂၀၁၃


Thursday, November 28, 2013

ချစ်ခဲ့ဖူးသော....


(၁) 


ကားပါ့ကင်ထိုးပေးတဲ့ကောင်ကလေးဆီက ကားသော့လှမ်းယူလိုက်ပြီး ဗိုလ်ချုပ်ဈေးထဲကို ခြေလှမ်းကျဲတွေနဲ့ လှမ်းဝင်လာခဲ့လိုက်တယ်။ ကိုယ် သိတာပေါ့။၊ အားလုံးရဲ့ မျက်လုံးအကြည့်တွေဟာ ကိုယ့်ဆီမှာ။ ဘယ်ကိုမှမကြည့်ဘဲ ခြေလှမ်းကိုတမင်မြှင့်ပြီးတော့ ခပ်ပေါ့ပေါ့ လျှောက်မြဲလျှောက်တယ်၊ ဘာမှမဖြစ်သလို။ 

 ကိုယ် ဘာမှမပြောင်းလဲဘူး မောင်။ အရင်အတိုင်းပဲ သိလား။ လန်းနေဆဲ သွက်လက်နေဆဲ၊ ကိုယ့်အပြုံးတွေဟာလည်း အရင်ကလိုပဲ။ မောင်သိပ်ချစ်တယ်ဆိုတဲ့ အပြုံးလဲ့လဲ့တွေပဲ မောင်။ နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ သီချင်းဆိုတဲ့ ကိုယ့်နာမည်နဲ့ ကိုယ့်မျက်နှာကို တော်တော်များများက ရင်းနှီးသိနေကြတယ်။ အဆိုတော်တစ်ချို့စုပေါင်းဆိုကြတဲ့ အခွေ နှစ်ခွေမှာ ကိုယ် ပါဝင်သီဆိုခွင့်ရခဲ့တာမို့ လူ ပိုသိသွားတာလည်း ဖြစ်မယ်။

မောင်နဲ့စားနေကျ ကြာဇံဆိုင်ရောက်တော့ ကြာဇံနဲ့ ၀က်သားလိတ်တစ်ပွဲမှာရင်း ကဗ္ဗလာဖျော်ရည်တစ်ခွက်ပါ မှာလိုက်တယ်။ "သကြားမထည့်နဲ့ ရေခဲလည်း နည်းနည်းပဲနော်"လို့ မှာတတ်တဲ့ မောင့်အသံကို ကိုယ့်နားတွေက ကြားလိုက်မိတယ်။ ရင်ထဲ အောင့်ကနဲ…ခံစားလိုက်မိပါရဲ့။ 

မဟောင်းသေးဘူး မောင်ရယ်။ ကိုယ့်အတွက်တော့ အသစ်တစ်ခုအဖြစ် ရင်ထဲ အမြဲပျိုးထားမိတော့မှာ.... 

မောင်.... မောင် ထားခဲ့တဲ့ အဲဒီမိန်းမတစ်ယောက်ဟာ လမ်းဟောင်းပေါ်မှာတင် ရပ်တန့်ကျဆုံးမနေဘဲ ဆက်လျှောက်နေခဲ့တယ်။ နာကျင်မှုတွေကို ခွန်အားအဖြစ်ပြောင်းလဲပြီး အချိန်မရွေး ပြန်လည်ချေပနိုင်ဖို့တော့ လက်သည်းတွေကို ၀ှက်ထားဆဲ။ ဒီနေရာမှာ ချေပနိုင်ဖို့ဆိုတဲ့စကားဟာ တကယ်တော့ ကိုယ့်စိတ်ကို ကိုယ် လှည့်စား ဖြေသိမ့်လိုက်တဲ့စကားပါမောင်ရာ။ လွမ်းတာကို နာတာနဲ့ထေရင်း အဲဒီအနာအတွက် မောင့်ဆီက တစ်ခုခုတော့ တန်ရာတန်ဖိုး ပေးချေစေရဦးမယ်လို့ ကိုယ်က တေးထားခဲ့တာရယ်။ 

"ညို မင်းဟာ အတော်စိတ်မာတဲ့ မိန်းမ" လို့ မောင် ပြောပါဦးလား။ ကိုယ်က ရယ်နေလိုက်မယ်။ မောင့်ဆီက အကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို။ မောင်တို့မြို့မှာ မမသိမ့်လောက် ချမ်းသာတဲ့ မိန်းမ မရှိဘူးမဟုတ်လား မောင်ရဲ့။ မောင်က ဂုဏ်သရေရှိသော သူဋ္ဌေးမ မမသိမ့်ရဲ့ ချစ်ခင်ပွန်း။ 

"မမသိမ့်ကို မောင် တကယ်မချစ်ပါဘူး၊ ဟုတ်လားဟင်" 

 ဒါမျိုး ကိုယ်မေးလိမ့်မယ်လို့ မောင် ထင်နေလား။ မောင့်ကို ဒီတစ်သက် ပြောခွင့်မပြုတော့မဲ့ စကားတွေထဲမှာ အဲဒါလည်း ပါတယ်။ ကျေးဇူးပြုပြီး ဘယ်တော့မှ မပြောလိုက်ပါနဲ့ မောင်။ ဆက်လျှောက်ပါ မောင်ရာ။ ထားခဲ့ပြီးမှတော့ အမျှင်လာတန်းမနေပါနဲ့။ ကိုယ့်ဘ၀နဲ့ ကိုယ်။ မောင် သိချင်ရင်တော့ မောင်ထားခဲ့ပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ကိုယ့်ရဲ့အပိုင်းအစတွေကို ဆက်စပ်ပြရဦးမှာပေါ့လေ။ တစ်ခုပဲ ကတိပေးပါ မောင်..... 

နင် မငိုပါဘူး လို့..... 

(၂) 

 "ညို မောင့်ကို မောင်လို့ ခေါ်ပြီးမှ နင်လုံးနဲ့ ငါလုံးနဲ့ ပြောရင်လေ မောင်သိပ်ချစ်တာပဲ သိလား" မောင် ပြောလေ့ရှိတယ်။ ကိုယ်ကလည်း လူလည်ကျစွာပဲ မောင်ချစ်တယ်ဆိုတဲ့ အဲဒီအသုံးအနှုန်းလေးကို ထည့်ထည့်ပြောနေကျ။ 

 မောင့်ကိုစတွေ့ခဲ့တာက မှတ်မှတ်ရရ ကိုယ် ဆိုင်မှာ သီချင်းစဆိုတဲ့နေ့။ တိုက်တုန်းကတော့ အဆင်ကို ချောလို့။ စပြီးဆိုတော့မှ ကော်ရပ်စ်အပိုဒ်မှာ အသံကို မြှင့်အော်လို့ မရတော့တာ။ စားပွဲဝိုင်းတစ်ခုထဲက လူငယ်လေးတစ်ယောက် စင်ရှေ့ကို ရောက်လာပြီး “ခင်ဗျားတို့ဗျာ ဒီသီချင်းကို F ကီးနဲ့တီးမှတော့ ဆိုတဲ့သူ သေပြီပေါ့ဗျာ။ အော်ရီဂျင်နယ်က C ကီးနဲ့ဗျ” လို့ ခပ်အုပ်အုပ်လာပြောတယ်။ ကိုယ်လည်း တီးဝိုင်းက အသံကိုနှိမ့်ချလိုက်တုန်း စကားလေးနည်းနည်းပါးပါးပြောရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်နေလိုက်တယ်။ မိတ်ဆက်အပြီး တီးလုံးပြန်အစမှာ ကီးက သူပြောသလို C ကီးကို ပြန်အချိန်းမို့ အဆင်ပြေပြေပဲ ဆက်ဆိုခဲ့နိုင်တယ်။ ကြည့်စမ်း ဒါ သူတို့ ကိုယ့်ကို သက်သက်လုပ်ကြံတာ။ လူသစ်တွေထဲက အလားအလာရှိတဲ့အသံရှင်မို့ လက်ရှိအဆိုရှင်အမျိုးသမီးတွေက တီးဝိုင်းနဲ့ပေါင်းပြီးလုပ်တာလို့ နောက်မှ ပြန်သိရတယ်။ ပြောရရင် ပညာအပြခံလိုက်ရတာပေါ့လေ။ ကိုယ်တို့လောကမှာ ဒါမျိုးတွေက အဆန်းမဟုတ်ဘူးတဲ့ မောင်ရဲ့။ 

မောင်တော့ သိပြီးသားနေမှာပါလေ၊ အမေနဲ့ ကိုယ့်အကြောင်း။ ဒါပေမဲ့ ကိုယ် ထပ်ပြောပြချင်နေတယ်။ ကိုယ့်အမေရဲ့နောက်ယောကျာ်းနဲ့ တစ်မိုးထဲအောက်မှာ ခြေခြေငံငံ အတူမနေနိုင်တဲ့သမီးတစ်ယောက်ဟာ ညိုပေါ့ မောင်ရယ်။ 

မိုက်လိုက်တာပဲ ပြောပြော၊ ရည်မှန်းချက်ကြီးတယ်ပဲ ဆိုဆို ကိုယ့်အဒေါ်မိသားစုရှိရာ ရန်ကုန်မြို့ကို ကိုယ်တစ်ယောက်ထဲ ထွက်လာခဲ့လိုက်တယ်။ အမေ့မျက်ရည်တွေအတွက် ထိခိုက်ခံစားရမှုတွေဟာ ပထွေးမျက်နှာမြင်မိတာနဲ့ ကြက်ပျောက်ငှက်ပျောက်ဆိုသလို ကိုယ့်ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့တာ။ အမေ့ကိုတော့ သနားမိပါတယ်။ အလုပ်မကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ မုဆိုးမတစ်ယောက်လုပ်စာကို အခန့်သားထိုင်စား၊ လက်ဖြန့်တောင်းရုံနဲ့တောင် မရှက်နိုင်သေးဘဲ အရည်ကလေးတစ်မြမြနဲ့ ဒင်းအချိုးကို အဖေခေါ်ဖို့ဝေးလို့ ကိုယ်က အန်တောင်အန်လိုက်ချင်သေးတာ။ 

“ကိုကျော့က မမူးရင် ကောင်းပါတယ် သမီးရယ်”ဆိုတဲ့ အမေ့အသံပျော့ညက်ညက်မှာ ကိုယ့်မျက်စောင်းတွေ ကြွေကျရတာ အခါခါ။ အမေ့ကို ထိုင်ကန်တော့ပြီးအထွက်မှာ အမေ့ဆီက အိကနဲရှိုက်သံဟာ ကိုယ့်နှလုံးသားတွေကို ဆွဲညှစ်လိုက်သလို၊ ကိုယ့်ခြေထောက်တွေကို ဖြတ်ရိုက်ချလိုက်သလို ကိုယ်ဟာ ယိုင်ကနဲ။ ကိုယ်က ခေါင်းမာတယ် မောင်ရဲ့၊ ဆုံးဖြတ်ပြီးတဲ့ကိစ္စတစ်ခုအပေါ် အဆုံးထိသာလျှောက်လိုက်ချင်တာ။ 

ကိုယ်ရွေးချယ်လျှောက်လှမ်းဖြစ်တဲ့လမ်းမှာ ကြုံလာမဲ့အမှားတွေ ရှိလာရင်လည်း မျက်နှာချင်းဆိုင်ရဲတဲ့ သတ္တိ ကိုယ့်မှာ အပြည့်ရှိတယ် မောင်။ 

 (၃) 

အဒေါ်အိမ်မှာတော့ ကိုယ်နေရတာ အနေအစားဆင်းရဲတာကလွဲလို့ အဆင်ပြေပါတယ်။ ကိုယ်က ဒီအဒေါ်လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့ရသူမို့ အဒေါ်ကလည်း ကိုယ့်အပေါ် သံယောစဉ်ကြီးရှာပါရဲ့။ အဒေါ့်မှာက ကလေး လေးယောက်နဲ့မို့ သူတို့မိသားစု ခြောက်ယောက်အပြင် ကိုယ့်အတွက်ပါ တာဝန်ယူလိုက်ရတာကိုတော့ ကိုယ် အားနာမိတယ်။ ကိုယ်လို သာမန်ဘွဲ့လေးတစ်ခုရထားတဲ့ မိန်းမတစ်ယောက်အတွက် အလုပ်တွေကလည်း ရှားပါ့။ နောက်ဆုံးတော့ ကိုယ်ဝါသနာပါတဲ့ သီချင်းတွေကိုဆိုရင်း သင့်တင့်တဲ့ဝင်ငွေလေးလည်းရတဲ့ ဒီအလုပ်ကို ကိုယ်ရွေးချယ်ခဲ့တော့တာ။ ကိုယ်သီချင်း စဆိုရတဲ့နေ့မှာပဲ မောင်နဲ့ စတွေ့ခဲ့တာကတော့ တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ဆိုရတော့မယ်။ 

ဆိုင်မှာက လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံနေခဲ့ရတာပါပဲ မောင်ရယ်။ ကိုယ်က အနေတည်တော့ ပလူးချင်တဲ့ လူတွေနဲ့တော့ အခန့်မသင့်လှဘူးပေါ့။ စားသောက်ဆိုင်ဆိုတာက လာတဲ့အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်လောက်က သောက်စားမူးယစ်ကြမြဲ မဟုတ်လား။ ဆိုတော့ အနေအထိုင်တည်တံ့ပါမှ တော်ကာကျတာမောင်ရဲ့။ လက်တည့်စမ်းကြတာတွေကတော့ အများကြီးပေါ့။ ကယ်တင်ရှင်ဆိုင်းဘုတ်တွေနဲ့ ဦးဦးတွေ၊ ဘဘတွေကလည်းများ၊ ကိုကိုတွေ မောင်မောင်တွေကလည်း အများသားရယ်။ ခွင်တည့်ရင် ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားနိုင်တာဆိုတဲ့ခံယူချက်ကို လက်ကိုင်ထားပြီး အလှအပနဲ့ အသွေးအသားနဲ့ အရွယ်နဲ့တည်ပြီး မျှားတဲ့ မိန်းကလေးတွေကလည်း ပေါပါရဲ့။ 

တစ်ခုပဲ၊ မိုးခါးရေကို အများနဲ့တစ်ယောက် ငြင်းဆန်နေရတဲ့အဖြစ်ဟာ လက်တွေ့မှာ ထင်သလောက် မလွယ်လှဘူး မောင်။ အစမို့ပါကွာဆိုတဲ့ အပြောတွေ၊ သူက ဘာကောင်မမို့လဲဆိုတဲ့ အပြောတွေ၊ ရိသဲ့သဲ့တွေ၊ ခါးသက်သက်တွေ၊ စိမ်းတောက်တောက်တွေကို ကိုယ်တစ်ယောက်ထဲ လှိမ့်ခံနေခဲ့ရတာ။ 

အဲဒီမှာပဲ ပိုးဥနဲ့ကိုယ် ညီအစ်မအရင်းတွေလို တွယ်တာသွားကြဖို့ ဖြစ်လာခဲ့တာ။ ပိုးဥက ကိုယ့်လိုပဲ နယ်ကနေတက်လာတဲ့ မိန်းကလေး။ မိသားစုအတွက် ဘဝတက်လမ်းရှာရင်း ဒီဆိုင်မှာ သီချင်းဆိုဖြစ်တဲ့သူ။ တစ်နေ့မှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ဖြစ်ရမယ်လို့လည်း ရည်မှန်းချက်ကြီးကြီးထားသူကလေးပေါ့ မောင်။ ပိုးဥကလေ သူ့နာမည်လေးလိုပဲ စိတ်ထားကလေးကလည်း တကယ့်နုနုနယ်နယ်ပျော့ဖတ်ဖတ်လေးရယ်။ ကိုယ်လို တုံးတိုက်တိုက် ကျားကိုက်ကိုက်နဲ့မှ လာတွဲမိတာကတော့ စိတ်အခြေခံ ရှင်းသူချင်းမို့သာဖြစ်မယ်။ 

မောင်နဲ့ကိုယ် ချစ်သူတွေဖြစ်ကြပြီး ခြောက်လလောက်အကြာမှာ အတူနေကြဖို့ ပိုက်ဆံ စစုခဲ့ကြတယ်နော်။ ပိုးဥကလေ ကိုယ်နဲ့မောင့်ကို သိပ်အားကျခဲ့တာ။ သူရွေးချယ်တဲ့အခါ မောင့်လို ချစ်တတ် ကြင်နာတတ်တဲ့ ရည်ရည်မွန်မွန်လူငယ်လေးတစ်ယောက်ကို ရွေးချယ်မှာတဲ့လေ။ ကိုယ်က ပြောလိုက်ပါတယ်၊ မောင်က ရည်မွန်တာတော့ ဟုတ်ပါရဲ့၊ မြုံစိအေးစက်နဲ့ ရင်ထဲမှာသိမ်းထားတတ်တဲ့ လူစား၊ သူလိုလူစားမျိုးက စိတ်ပြတ်ပြီဆိုလည်း တစ်ခါထဲအပြတ်ပဲလို့လေ။ 

ကိုယ် ကြိုသိနေခဲ့တာများလား မောင်ရယ်... 

ငွေလေးနည်းနည်းပါးပါး စုဆောင်းမိလာတော့ ပိုးဥနဲ့ကိုယ် တိုက်ခန်းလေးတစ်ခုမှာ အခန်းလေးတစ်ခန်း အတူ ငှားနေဖြစ်ခဲ့ကြတယ်။ အဒေါ်တွေဆီကပ်နေရတာလည်း ကိုယ်က အားနာလှပြီမို့ပေါ့ မောင်ရာ။ ပိုးဥနဲ့နေရတာ အဆင်ပြေပါတယ်။ စရိုက်ချင်းတူသူမို့ ထင်ပါရဲ့။ ဆိုင်မှာ အတူသီချင်းဆိုကြတဲ့ အမျိုးသမီးတွေကတော့ ကိုယ်တို့ ခြေလှမ်းအမှားကို စောင့်နေခဲ့ကြတာပေါ့။ ဆိုင်ပိတ်လို့ အိမ် ပြန်ကြတဲ့အခါ ဘယ်ကားပေါ်များ ပါသွားလေမလဲပေါ့လေ။ 

ရယ်ရတယ်နော် မောင်၊ လူတွေက….။ 

(၄) 

 "မဟုတ်ဘူး မောင် ကိုယ်ရှင်းပြပါ့မယ်။ အဲဒီ့နေ့က ပိုးဥနေမကောင်းလို့ ကိုယ်တစ်ယောက်ထဲ အိမ်ပြန်ရဖို့ ဖြစ်လာတယ်။ ခါတိုင်း မောင်လာကြိုနေကျပေမဲ့ နေ့လည်က မောင်မအားဘူး ပြောထားတော့ ကိုယ်က မောင်လာကြိုနိုင်မယ် ထင်မထားဘူးလေ။ အပြန်လိုက်ပို့တဲ့ကားကလည်း ကိုယ် အင်္ကျီလဲခန်းထဲမှာရှိနေတာမသိတော့၊ ခါတိုင်းလည်း ကားနဲ့ လိုက်ခဲတာမို့ စောင့်မနေဘဲ ထွက်သွားတာ။ ဒါနဲ့ ဆိုင်မန်နေဂျာက သူ့ကားနဲ့ လိုက်ပို့တာ မောင်ရဲ့" 

မောင် သိပ်မကြေလည်မှန်း ကိုယ်သိပေမဲ့ အဲဒီ့ကိစ္စက အဲဒီ့မှာတင် ပြီးသွားခဲ့တယ်။ မောင်က အလုပ်တွေများလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ပတ်လောက် ကိုယ့်ဆီမလာခဲ့ဘူးနော်။ 

လာမဲ့လာတော့လည်း နောက်ပြဿနာတစ်ခုက ဆီးကြိုလို့ရယ်။ 

 "ညို အနေအထိုင်ဆင်ခြင်ရင် ကောင်းလိမ့်မယ်" 

"ဘာကိုလဲ မောင်၊ ခုနက စင်ပေါ်ကကိစ္စလား" 

 "ဒါပဲပေါ့ ညိုရယ်၊ မူးနေတဲ့ကောင်တွေနဲ့ သိတ်မရောနဲ့လို့ မောင်ပြောထားရက်နဲ့" 

"ညိုက သွားရောနေတာမှ မဟုတ်တာဘဲ မောင်၊ ညို့အလုပ် ညိုလုပ်တာပဲ၊ သူတို့က မူးရူးပြီး ပန်းကုံးလာစွပ်ရင်း ညို့ကို လက်ဆွဲနှုတ်ဆက်တာ" 

 "အေးလေ လက်ဆွဲနှုတ်ဆက်တာက လွှတ်ကို မလွှတ်တော့ဘူး၊ မင်းမျက်နှာကိုကလည်း သဘောတကျပြုံးနေတာကိုး" 

"တော်တော့ တော်ပါတော့မောင်၊ မောင် ကိုယ့်အပေါ် ဒီလောက်ပဲ တွက်ထားသလား၊ ကိုယ် ဘယ်လိုမိန်းမဆိုတာ မောင် နားလည်တယ်လို့ ကိုယ်ထင်ထားတာ ကိုယ့်အမှားပဲ" 

အဲဒီ့ညက မောင် ကိုယ့်ကို အိမ် ပြန်မပို့ခဲ့ဘူးနော်။ ခြေလှမ်းကျဲတွေနဲ့ ကျောခိုင်း ထွက်သွားတဲ့ မောင့်ကို မြင်ကွင်းကနေပျောက်တဲ့ အထိလိုက်ကြည့်ရင်း ကိုယ့်မျက်ရည်တွေကို ပါးပြင်ပေါ် လွတ်လွတ်လပ်လပ်ကြီး ကျစေလိုက်ခဲ့ပါတယ်။ စီးပါစေတော့လေ။ မောင်ကမှ မမြင်နိုင်ခဲ့ပြီပဲ။ ပိုးဥက ကိုယ့်ကို မောင်နဲ့ထားခဲ့ပြီး အပြန်လိုက်ပို့တဲ့ကားနဲ့လိုက်သွားခဲ့တော့ အဲဒီ့ညက ကိုယ်တစ်ယောက်ထဲ အတော်လေးကြာအောင် အငှားကား စောင့်ခဲ့ရတာ။ ကိုယ်လေ ညဥ့်နက်အမှောင်ကြောင့်မဟုတ်ဘဲ အထားခံခဲ့ရသူတစ်ယောက်ရဲ့လပ်ဟာမှုမျိုးနဲ့ အားတွေ ငယ်လိုက်တာ။ ကားပေါ်မှာ တစ်လျှောက်လုံး ကိုယ့်မျက်ရည်တွေ အသံတိတ်ကျနေခဲ့တယ် မောင်။ မောင် မလာခဲ့ပြန်ဘူးနော်။ တော်တော်လေး ကြာတယ်။ ကိုယ်ကလည်း ကိုယ့်ဘက်ကအမှန်မို့ မာနနဲ့ တင်းခံနေခဲ့တာ။

မောင်ကဖြင့် ဖုန်းလေးတစ်ချက်တောင် အခေါ်မရှိခဲ့ဘဲ တစ်နေ့မှာတော့ ပိုးဥကတစ်ဆင့် သတင်းစကားတစ်ခု ကြားရတယ်။ မောင် မောင်တို့မြို့က သူဋ္ဌေးမတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီ တဲ့။ ကိုယ် ပြုံးမိတယ်။ " ဒီတော့လည်း တို့နှစ်ယောက် စုထားတဲ့ စုငွေတွေ ကိုယ်တစ်ယောက်ထဲ ပိုင်ပြီပေါ့ ပိုးဥရာ"လို့ ဆိုတဲ့ ခပ်ထေ့ထေ့ကိုယ့်စကားကို ပိုးဥက မျက်လုံးကလေး အကြောင်သားနဲ့ ငေးကြည့်ခဲ့ရှာတယ်။ 

ဒါပဲ မောင်ရဲ့၊ မောင်က အဲသလောက်ကို လွယ်လွယ်ထားပစ်ရက်ခဲ့တဲ့သူ။ ကိုယ်ကလည်း ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းစွာ တစ်စစီနှလုံးသားတွေကို လူမသိအောင်သိုဝှက်ရင်း အပြုံးတုတွေတပ်ဆင်နိုင်စွမ်းခဲ့တဲ့ မိန်းမရယ်လေ။ 

 အဲဒီနောက်မှာ အမေဆုံးလို့ ကိုယ်တို့မြို့ကလေးကို ခဏပြန်တယ်။ အမေက ကိုယ်အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အတွက် လက်ဖွဲ့ဆိုပြီး သူ့လက်ဝတ်လက်စားလေးတစ်ချို့ ထားခဲ့ရှာတယ်။  မောင် စွန့်ပစ်ထားခဲ့တဲ့ကိုယ့်ရင်ကို ပြင်းပြင်းထန်ထန်နာကျင်စေခဲ့တဲ့ အမေ့ရဲ့ နောက်ဆုံးလက်ဆောင် ဆိုပါတော့ မောင်။ 

အဲ့ဒီ့အချိန်မှာ ကိုယ် အရူးအမူးလိုအပ်နေတာ မောင့်ပခုံးစွန်းလေးတစ်ခုပဲဆိုတာ မောင့်ကို သိစေချင်ခဲ့တယ်။ မောင့် ညာဘက်လက်မောင်းလေးရယ်၊ ကိုယ် နမ်းမွှေးဖူးခဲ့တဲ့ မောင့်ညာဘက်နားထင်စပ်လေးရယ်ပေါ့။ ကိုယ် တစ်ကယ်ပဲ ရူးသွပ်စွာ လိုအပ်ခဲ့တာပါ မောင်။ 

တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်က ထိတိုင်းသာ 
နမ်းကြတာပါလို့ ဆိုကြရင် 
ရှင်နဲ့ ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ…. 

တကယ်ပါ မောင်။ ကိုယ်တို့နှစ်ယောက် ချစ်ခဲ့ကြဖူးပါတယ် နော်....တစ်ချိန်ကပေါ့ မောင်ရာ.... 

(၅) 

နယ်ကပြန်လာလို့ ကိုယ် ဆိုင်ကိုပြန်ရောက်တဲ့အခါ နောက်လူသစ်မိန်းကလေးတွေ ထပ်ရောက်နေခဲ့ပြီ။ ပိုးဥက တစ်ချို့ကောင်မလေးတွေနဲ့ ရင်းနှီးခင်မင်လို့တောင်နေတာ။ အင်းပေါ့လေ ကိုယ်မရှိတဲ့အခါ သူ့မှာ အပေါင်းအသင်းရယ်လို့ လိုအပ်တာပဲလေ။ ဒါပေမဲ့ အဲ့ဒီမိန်းကလေးတွေက ပိုးဥနဲ့ ကိုယ်နဲ့လို မဟုတ်ဘူး၊ စရိုက်တွေက ခပ်ဆိုးဆိုးလေးတွေ။ ကိုယ် ဘာမှတော့ မပြောခဲ့ဘူး။ ပိုးဥလည်း အရွယ်ရောက်နေပြီပဲ။ ကိုယ်က နေရာတကာလိုက်ပါလို့ မသင့်တော်တာမို့ ဒီအတိုင်းပဲ ရေလိုက်ငါးလိုက်နေခဲ့လိုက်တော့တယ်။ 

တစ်ည...။ အဲဒီ့တစ်ညကို ကိုယ် ဘယ်တော့မှ မမေ့ဘူး။ ပိုးဥက နေလို့ သိတ်မကောင်းဘူးဆိုပြီး ခပ်စောစော ပြန်သွားခဲ့တာ။ ကိုယ်က ဆိုင်ကလိုက်ပို့တဲ့ကားနဲ့ပဲ ပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ တံခါးဝမှာ ယောကျာ်းဖိနပ်တစ်ရံ။ ရင်တွေတောင် လှိုက်ကနဲ ခုန်သွားသေးတာ၊ မောင်...မောင်များလား ရယ်လို့လေ။ နောက်မှ အို...သူက သူ့အိမ်ထောင်နဲ့သူပဲရယ်လို့ ကိုယ့်စိတ်တွေ လက်ရှိပြန်ရောက်တော့တာ။ ဖိနပ်က ကိုယ်တစ်ခါမှ မတွေ့ဘူးတဲ့ ဖိနပ်။ သော့ဖွင့်ပြီး အခန်းထဲ အဝင်၊ အမှောင်ထဲမှာ ရုတ်တရက် ပြာနေတဲ့မျက်လုံးတွေက အသားမကျသေးခင်ကလေး အာရုံမှာ လှုပ်ရှားနေတဲ့ အသံတစ်သံကြောင့် မသိုးမသန့်စိတ်တွေနဲ့ ပိုးဥခုတင်ဘက် ဖျတ်ကနဲ လှမ်းအကြည့်...။ ဘုရား...ဘုရား...လူအရိပ်နှစ်ခုဟာ ပိုးဥခုတင်ပေါ်မှာ...။ 

အသက်ရှူရပ်မတတ်လန့်သွားရင်း တုန်ယင်နေတဲ့လက်တွေက သော့ကို အလိုလိုပြန်ခတ် မိရက်သား။ လှေကားအတိုင်း အပြေးတစ်ပိုင်း ပြန်ဆင်းချလာရင်း တိုက်နံရံကို ကျောမှီချလိုက်တော့ မျက်ရည်တွေက ကိုယ့်ပါးပြင်ပေါ် အလိုလို စီးကျလာခဲ့တယ်။ ကိုယ့်စိတ်ထဲ ဝမ်းနည်းသလိုလို၊ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုလို လှိုက်တက်လာတဲ့စိတ်ဟာ ပြောပြလို့တောင်မတတ်ဘူး မောင်။ အေးစိမ့်နေတဲ့ ညဥ့်လယ်အမှောင်ထဲမှာ ကိုယ်တစ်ယောက်ထဲ တိုက်နံရံကိုမှီရက် ထိုင်ချလိုက်ရင်းက မိုးလင်းရတော့မဲ့အဖြစ်။

မောင်ရေ.....။ ကိုယ့်ကို လှမ်းကြည့်လိုက်ပါဦးတော့...။ ကိုယ် မောင့်ကို လိုအပ်တယ်။ ကိုယ် မောင့်ကို သတိရနေလို့။ ပြင်းပြင်းထန်ထန် သတိတွေရနေလို့ပါ။ ထိုင်ချရက်က ဒူးခေါင်းပေါ်ခေါင်းတင်ရင်း ကိုယ် ငိုချမိခဲ့တယ်။ မောင်သာ ကိုယ့်အနား ရှိနိုင်ရင်လေ...၊ ကိုယ် ဒီလောက်ဝမ်းနည်းမှာ မဟုတ်ဘူးကွယ်။ 

အလွတ်ရနေတဲ့ ဖုန်းနံပါတ်တစ်ခုက ဖုန်းမှတ်ဉာဏ်ထဲက ဖျက်လိုက်ပြီးတာတောင် နှလုံးသားထဲကဖျက်မရတာ အခက်ရယ်။ ခေါ်လိုက်ချင်ပေမဲ့ ကိုယ် ဘာပြောရမှာလဲ။ ခုချိန်မှာ ကိုယ် မောင့်ကို လွမ်းဆွတ်နေတဲ့အကြောင်းလား။ ကိုယ် မောင့်ကို အားကိုးတကြီး ပြောပြစရာတွေ ရင်ဖွင့်ချင်တဲ့အကြောင်းလား။ ကိုယ့်လက်က ဖုန်းနံပါတ်တွေကို နှိပ်မိတော့မလို...အကြိမ်ကြိမ်ရယ်...။ 

ကံဆိုးမိုးမှောင်တွေဟာ အဖော်နဲ့လာတယ်ဆိုတာ ကိုယ် လက်ခံလိုက်ရပြီမောင်။ နောက်တစ်နေ့မနက်မှာ တူအကြီးကောင် ဖုန်းဆက်လာလို့ ကိုယ့်အဒေါ် လေဖြတ်သွားတယ် ဆိုတာ သိလိုက်ရတယ်။ ချက်ချင်းပဲ အိပ်ယာကထပြီး ဆေးရုံလိုက်သွား၊ ရှိစုမဲ့စု စုဆောင်းထားတာလေးတွေထဲက အဒေါ့်အတွက် ဆေးကုဖို့ ဖဲ့ပေး။ ကိုယ့်ကိုမြင်တော့ အဒေါ်က မျက်ရည်ကျရှာတယ်။ စကားတွေ ဝူးဝူးဝါးဝါး ပြောလို့ရယ်။ 

ဘ၀ကြီးကိုက… 
လိုရာပုံသွင်း ခပ်ပြင်းပြင်းမီးဖုတ် 
အခြောက်ခံ စဥ့်ရေသုတ်ပြီးမှ… 
တခါတလေ လက်သင့်ရာအရောင်ခြယ်ပြီးမှ
ဈေးကွက်ဝင်အောင် မွမ်းမံခံကြရ….. 

တကယ်ပဲ မောင်။ ဘဝမှာ ကံဇာတ်ဆရာရဲ့စေခိုင်းရာ ကျရာဇာတ်ရုပ်အတိုင်းပေါ့လေ...။ ပူလောင်လိုက်တာများ။ ကိုယ့်မှာ သွေးသားအရင်းအချာထဲက အားကိုးလောက်စရာရယ်လို့ မရှိတော့တဲ့အခါ တစ်ကောင်ကြွက်ဆိုတဲ့စကားဟာ ဘယ်လောက်ခါးမှန်း မြည်းစမ်းခွင့်ရခဲ့ပါရဲ့။

မောင့်ကို ဘယ်လောက်သတိရနေတယ်ဆိုတာကိုတော့ ကိုယ် ပြောမနေချင်တော့ပါဘူး မောင်ရယ်။ 

(၆) 

ပိုးဥမှာ ကိုယ်ဝန်ရှိနေပြီလို့သိရတဲ့အခါ ကိုယ်က အံ့သြဟန်လုံးလုံးမပြခဲ့ပေမဲ့ ဆိုင်ကအမျိုးသမီးတွေရဲ့ သရော်မော်ကားအကြည့်တွေ၊ ကဲ မပြောဘူးလားဆိုတဲ့ အပြုံးတွေကို ကိုယ်တို့ ရင်ဆိုင်ခဲ့ကြရတယ်။ ကိုယ်လည်း အနေရပိုခက်လာတယ်။ ကံကောင်းတာက ပိုးဥလူက သူ့တာဝန်သူ ယူခဲ့တာပဲ။ ပိုးဥ လက်ထပ်သွားပြီးတဲ့နောက်မှာ ကိုယ်တစ်ယောက်ထဲ အထီးကျန်ဆန်ခြင်းဆိုတာကို ပိုပြီး ပီပီပြင်ပြင် ခံစားလာရတယ်။ 

ပိုးဥနဲ့ နှစ်ယောက် စပ်ငှားခဲ့ကြတဲ့အခန်းကို ကိုယ်တစ်ယောက်ထဲ မနိုင်လို့ နောက်တစ်ယောက် ထပ်ရှာရတယ်။ ကိုယ်တို့ဆိုင်က နောက်ဝင်လာတဲ့ လူသစ်ကောင်မလေးတစ်ယောက် နေချင်လှချည်ရဲ့ ဆိုတာနဲ့ ကိုယ်လည်း အခန်းဖော်လိုနေတဲ့အချိန်မို့ သူနဲ့ စပ်ငှားဖြစ်ခဲ့ကြတယ်။ မဟန်ပါဘူး မောင်ရာ၊ အိမ်ပေါ်ကို ယောကျာ်းဧည့်သည်တွေ ခေါ်မလာရလို့ သဘောတူထားပေမဲ့ လစ်ရင် လစ်သလို ခေါ်ခေါ်လာတတ်တယ်။ ကိုယ်နဲ့ ခဏခဏတိုးပေမဲ့ သူက ခပ်တည်တည်ရယ်။ ကြာလာတော့ သူမပြောင်းရင် ကိုယ်ပဲပြောင်းဆင်းမယ်ဆိုပြီး ကိုယ့်ဖာသာ အခန်းလိုက်ရှာရတယ်။ 

 အဲဒီမှာ ကိုယ် အစ်ကိုကြီးနဲ့ တွေ့တာပဲ။ အစ်ကိုကြီးက အိမ်ခြံမြေ ပွဲစားတစ်ယောက်။ တိုတိုပြောရရင် မောင်ရာ စိတ်သဘောထား ရိုးရှင်းဖြူစင်တဲ့၊ ကိုယ့်အပေါ် နှမလေးလို စောင့်ရှောက်တတ်တဲ့ အစ်ကိုကြီးအပေါ် အားကိုးစိတ်တွေနဲ့ ကိုယ် သူနဲ့ လက်ထပ်ဖြစ်ခဲ့တယ်။ ကိုယ် အစ်ကိုကြီးကို ကြိုက်တယ် မောင်။ အိမ်ထောင်ဘက်တစ်ယောက်အဖြစ် ကိုယ် ကြိုက်လို့ ကိုယ်ရွေးချယ်ခဲ့တယ်။ မောင်ဟာ ဘယ်ကဘယ်လို သတင်းအကြားနဲ့ ကိုယ့်ကို ဆက်သွယ်လာတယ် မသိဘူး။ တစ်နေ့မှာ လုံးဝမျှော်လင့်မထားဘဲ မောင့်ဆီက ဖုန်းဝင်လာတယ်။ 

 "ညို မင်းလည်းပဲ အမျှားတော်သူပဲ နော်" တဲ့။ 

"ဟဟဟား" ကိုယ် အော်ရယ်ခဲ့လိုက်တယ်။ 

"ဒီမှာ မောင်က ခုမှ လွတ်တဲ့ငါး ကြီးနေတာလား"ဆိုတော့ ခံပြင်းဒေါသထွက်တဲ့အသံနဲ့ တုန့်ပြန်တယ်။ အတော်ရယ်ရတဲ့ မောင်။ 

အိုးချင်းထားလို့သာ အိုးချင်းထိခဲ့ရတဲ့နောက် 
ကံကြမ္မာကို ယိုးမယ်ဖွဲ့ဖို့များ မကြိုးစားစမ်းပါနဲ့ရှင် 
ကံတူအကျိုးပေးတွေ ဖြစ်လာပြီးမှပဲ ခပ်ရဲရဲပေါ့၊ 
ဘယ်တော့လဲဆိုရင်
ငွေရှင်ကြေးရှင်တွေ မျက်စေ့ကျလို့ သိမ်းပိုက်ခံကြရတဲ့အခါ 
ကျွန်မလည်း ကျွန်မလမ်း ထွင်၊ ရှင်လည်း ရှင့်လမ်း လျှောက် 
တစ်ယောက်တစ်နေရာ၊
တော်ရာမှာ ပျော်အောင်နေကြရတဲ့အခါ… 

မဟုတ်ဘူးလားမောင်။ မောင်ကြိုက်တဲ့လမ်း မောင်ရွေးခဲ့ပြီးတဲ့နောက် ဘာလို့များ ကိုယ့်ဆီကထုချေလွှာ တောင်းနေရသေးတာလဲ။ 

"ဦးတင့်မင်းဇော်ကို ညို ဘာလို့ လက်ထပ်ခဲ့တာလဲ" တဲ့။ 

"မောင် မမသိမ့်ကို ဘာလို့ လက်ထပ်ခဲ့သလဲလို့ ကိုယ် တစ်ခါမှ မမေးခဲ့ပါဘူးနော်" ဆိုတော့ တောက်တစ်ချက်ခေါက်တယ်။ ရယ်ရတဲ့ မောင်။ 

 "ကိုယ် ရန်ကုန် လာစရာရှိတယ်။ ကိုယ်တို့တွေ့နေကျ ဗိုလ်ချုပ်ဈေးက ကြာဇံကြော်ဆိုင်မှာ တွေ့လို့ရမလား" တဲ့လေ... 

 "အင်း ရပါတယ်၊ အစ်ကိုကြီးကို ပြောပြီး သူ ခွင့်ပြုရင် လာမယ်လေ" လို့ ကိုယ်ကပြောတော့ မောင်က ခပ်ရွဲ့ရွဲ့ရယ်တယ်။ 

 " ကြောက်ရသလား" တဲ့။ 
"ဟဟဟား လေးစားတာပါ" လို့ ကိုယ်က ပြောခဲ့လိုက်တယ်။ 

 (၇) 

ကိုယ်တို့ ခါတိုင်းတွေ့နေကျ ကြာဇံကြော်ဆိုင်မှာစောင့်ရင်း ကိုယ်သောက်နေတဲ့ ကဗ္ဗလာဖျော်ရည် တစ်ဝက်အကုန်လောက်မှာ မောင် ရောက်လာတယ်။ ထုံးစံအတိုင်း နောက်ကျတတ်တဲ့ မောင့်အကျင့်က အရင်အတိုင်း။ 

 "ဘာတွေ ဖြစ်ခဲ့လဲ" တဲ့။ မေးနိုင်သေးတယ်နော်....။ ကိုယ်က ဖြစ်ပျက်ခဲ့သမျှ အတိုချုံး ပြောပြလိုက်တော့ "ညို သိပ်ပင်ပန်းခဲ့မှာပဲနော်" တဲ့။ တော်ပါတော့၊ တော်ပါတော့မောင်ရယ်၊ ပစ်ချထားတုန်းက ထားခဲ့ရက်ပြီးမှ နှစ်သိမ့်သလိုလို မောင့်စကားတွေဟာ ကိုယ့်ကို ချက်ချင်း အနာဖေးတက်စေမယ်လို့များ ထင်နေသလား မောင်။ 

ထားပါတော့လေ...ခုက မောင် ဘာလိုချင်တာလဲ။ ကိုယ်တို့နှစ်ယောက်က တစ်ယောက်တစ်လမ်းစီ ရွေးချယ်ထားတဲ့လမ်းတွေ ကိုယ်စီပေါ်မှာ...။ 

 ခုမှ…၊ ခုကျမှ မောင်က... 

 "အော် ဒီမှာ" ကိုယ်က စာအိတ်လေး တစ်အိတ်ထုတ်ပေးတော့ မောင်က မျက်ခုံးတွေ ပင့်ကြည့်လို့... 

 "ပိုက်ဆံလေ မောင်နဲ့ကိုယ် တစ်ယောက်တစ်ဝက်ပိုင်သင့်တယ် ထင်လို့၊ အရင်က နှစ်ဦးသဘောတူ စုထားခဲ့ကြတဲ့ ပိုက်ဆံလေ။ ဒီအိတ်ထဲမှာ မောင့်စုငွေ တစ်ဝက်တိတိရှိတယ်၊ ရေကြည့်ပါဦးလား" 

ကိုယ့်အပြောမှာ မောင့်မျက်နှာဟာ သပြေသီးမှည့်တစ်လုံးလို ရဲကနဲ။ 

ဒါပဲ....။ ဒါပါပဲ မောင်။ ကိုယ် သွားတော့မယ်။ ကျန်းမာအောင်နေပါ မောင်… ကိုယ် မောင့်မျက်နှာကို တစ်ချက်ကလေးမှ မကြည့်ဘဲ ထထွက်လာခဲ့တယ်။ မောင်ကရော ငွေတွေကို ရေတွက်နေမလား၊ ကိုယ့်နောက်ကျောကို လိုက်ငေးကြည့်နေမလား၊ ဒါမှမဟုတ် စိတ်ပျော့တဲ့မောင်က မျက်ရည်တွေ တွင်တွင်ကျအောင်များ ငိုနေမှာလား...။ 

ကိုယ် သိဖို့မှ မလိုအပ်တော့ဘူးပဲကွယ်။ သေချာတာက မောင်နဲ့ကိုယ် ချစ်ခဲ့ကြဖူးတယ်.... 

တစ်ခုတော့ အမှတ်ရပါ… 
ကျွန်မတို့က ပင့်သက်ရှုခဲ့ကြတာမဟုတ်ဘူး 
ဒါ သေချာတယ်… 
ရှင်နဲ့ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ…. 

ဟုတ်တယ်...။ ချစ်ခဲ့ကြတယ်…. 
 အဲဒါ...
ကိုယ် သိပ်သေချာပါတယ် မောင်.... 


 မန္တလေးအိုင်ကွန်းမဂ္ဂဇင်း (ဇွန်လ-၂၀၁၃) 

** တင်ပြီးသားပေမဲ့ ခုမှ  မဂ္ဂဇင်းထဲပါလာတာမို့ မဖတ်ရသေးသူတွေအတွက် ထပ်တင်ပေးလိုက်ပါတယ်...