Monday, September 16, 2013

ဒေါက်ဖိနပ်စီးခြင်း အနုပညာ (သို့) အမြင့်၌ တည်အောင်နေခြင်း



အမျိုးသမီးအတော်များများ ဒေါက်ဖိနပ်စီးဖူးကြပါလိမ့်မည်။ ဒေါက်မြင့်ဖိနပ်မကြိုက်၍ ဖိနပ်အပါးစီးသူများမှ လွဲပြီး ကျန်အမျိုးသမီးများအားလုံးပင် တစ်လက်မ၊  နှစ်လက်မမှသည် ခြောက်လက်မခန့်ထိမြင့်သော ဒေါက်မြင့်ဖိနပ်များကို စီးဖူးကြလိမ့်မည်။ သာမန်အမျိုးသမီးများအတွက်မူ တစ်လက်မမှ လေးလက်မမြင့်သော ဒေါက်မြင့်ဖိနပ်များကို အစီးများကာ မော်ဒယ်များ၊ အလှမယ်များ၊ စင်ပေါ်တက် လူလုံးထွက်အလှပြသည့်အလုပ်ကို လုပ်ကြရသော အမျိုးသမီးများမှာမူ လေးလက်မနှင့်အထက် ငါးလက်မ၊ ခြောက်လက်မစသည့် မြင့်လွန်းသောဒေါက်ဖိနပ်များကို ဟန်ချက်ညီညီစီးကျင့်ရှိအောင် ကျင့်လျှက် မဖြစ်မနေစီးကြရသည်သာ။ ဒေါက်မြင့်ဖိနပ်မှ ပေးသော အနာတရများကိုလည်း မခုံမင်သည့်တိုင် ရွေးချယ်စရာမရှိသည့်အလျှောက် အနာခံကာ စီးကြရမြဲပင်ဖြစ်သည်။

ထိုအခါ ဒေါက်မြင့်ဖိနပ်များနှင့် ပတ်သက်သည့် အမျိုးသမီးတို့၏ ခံယူစိတ်ထားများမှာ စိတ်ဝင်စားဖွယ်ရာဖြစ်လာတော့သည်။ အသက်မွေးဝမ်းကြောင်းအတွက် မဖြစ်မနေစီးရသော အမျိုးသမီးများမှ လွဲ၍ ကျန်အမျိုးသမီးများကို လက်လှမ်းမီသလောက် ကျွန်မ မေးမြန်းကြည့်မိပါသည်။

“ဒေါက်မြင့်ဖိနပ်စီးရမှ လူက ပိုပြီး ကိုယ်နေဟန်ကျော့ရှင်းသလို ခံစားရတယ်”

“ဒေါက်မြင့်ဖိနပ်စီးမှ လမ်းလျှောက်ရတာ ကြွကြွရွရွလေးရှိတယ်လို့ ခံစားရတယ်။ ဖိနပ်အပါးစီးရင် လူက နောက်ပြန်လန်ကျတော့မလိုလို ခြေလှမ်းတွေက နောက်ပြန်ဆွဲနေသလိုမျိုး”

“ဒေါက်မြင့်ဖိနပ်စီးမှ ရင်လေးချီ၊ တင်လေးစွင့်ပြီး လမ်းလျှောက်ရတာ ယုံကြည်မှု ပိုရစေတယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုလှတယ်လို့ ခံစားမိစေတယ်”

“အရပ်ပုသူမို့ ဒေါက်မြင့်ဖိနပ်စီးမှပဲ ကိုယ်လုံးလေးက သွယ်လျသွားသလိုလိုမို့ အမြဲစီးလေ့ရှိတယ်”

“အရပ်မြင့်ပေမဲ့ ဒေါက်မြင့်ဖိနပ်စီးလိုက်မှ တစ်ခြားသူတွေထက် ခေါင်းတစ်လုံး ပိုမြင့်သွားသလိုခံစားရတယ်။ လူတွေကို အပေါ်စီးက မြင်ရတာ သဘောကျတယ်”

အမျိုးသမီးများမှာ သည်လို သဘောထားအမျိုးမျိုးနှင့် ဒေါက်မြင့်ဖိနပ်များကို တစွဲတလမ်းစီးလေ့ရှိကြသည်။

အချစ်နှင့် ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ်များစီးခြင်းကြောင့် ဟန်ချက်လွဲ၍ ခြေချော်လဲလျှင်တောင် ခြေထောက်နာတုန်းခဏ မစီးနိုင်ခင်သာ ပစ်ထားလိုက်မည်၊ ခြေနာပျောက်ပါက ပြန်လည် စီးမြဲစီးကြမည်။ ကျွန်မသည် ဒေါက်မြင့်ဖိနပ်ကြောင့် ခြေဆစ်လွဲ၍ အနာကြီးနာကာ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ဖူးသော်လည်း ခြေနာပျောက်သည်နှင့် စိတ်မနာနိုင်ဘဲ ဒေါက်မြင့်ဖိနပ်လေးကို တယုတယ ပြန်လည်စီးမိသည်သာ။ ဤသည်မှာ တစ်ကြိမ်တစ်ခါမျှလည်း မကပါပေ။

သည်တော့ကျွန်မအတွက် ဒေါက်မြင့်ဖိနပ်သည် ချစ်ရလွန်းသူနှင့် တူလှသည်။ ပမာနှိုင်းပြရလျှင် ချစ်သူက မည်မျှပင် စိတ်နာအောင် ဆိုးလွန်းသည်ဖြစ်စေ၊  စိတ်နာစဉ်ခဏသာ မုန်းသလိုလိုဖြစ်မိသော်လည်း စိတ်ပြေသည်နှင့် အချစ်တို့ ခေါင်းထောင်ထကာ ချစ်သူအပေါ် အရင်လို ချစ်မြဲတည်း။

လက်တွေ့ဘဝနှင့် ဒေါက်မြင့်ဖိနပ်

လက်တွေ့ဘဝ၌ အောင်မြင်နေသူများအား ဒေါက်မြင့်ဖိနပ်ကို ပိုင်နိုင်ကျွမ်းကျင်စွာ စီးနင်းကာ အများသူထက် ခေါင်းတစ်လုံးအမြင့်ရောက်နေသူများနှင့် တူသည်ဟု ဆိုချင်ပါသေးသည်။
ဒေါက်မြင့်ဖိနပ်များတွင် ဒေါက်ချိုးထားပုံများကို သေချာလေ့လာကြည့်လျင် မြင့်ရင်ပြီးရောဟူ၍ အမြင့်ချိုးထားခြင်း မဟုတ်ဘဲ ဒေါက်ပုံသဏ္ဍာန်အနေအထားများ တစ်ရံနှင့် တစ်ရံ ကွဲပြားနေကြသည်ကို တွေ့ရမည်။ တစ်ချို့မှာ ပန်စယ်လ်ဟီးလ်ဟု ခေါ်သော ခဲတံချွန်ပုံ အမြင့်ဖြစ်သည်။ စီးရခက်သည်။ ခြေထောက်ကို ဖနောင့်ပေါ်တွင် အားမထည့်ဘဲ ခြေဖမိုးပေါ်အားပြုစီးရသော အမျိုးအစားမို့ (ခြေဖျားထောက်ထားရသလို) စီးရတာ ပင်ပမ်းသော ဒေါက်မျိုးဖြစ်သည်။ သို့သော် အမြင်လှသည်။ ဆွဲဆောင်မှုရှိသည်၊ ချွန်မြသော ဒေါက်ကလေးပေါ်တွင် တစ်ကိုယ်လုံး၏ ဟန်ချက်ကို တည်ကာ လှလှပပကလေး စီးရသော ပွဲတက်အမျိုးအစား ဖိနပ်မျိုးဖြစ်သည်။ စွန့်စားလိုသော ဘဝဖြတ်သန်းမှုပိုင်ရှင်များနှင့် တူသည်။ Do or Die သေသေရှင်ရှင် စွန့်လုပ်ရသော အနေအထားရှိသည်ဆိုကာမူ ရှင်လျှင် ရွှေထီးဆိုသလိုပါပေ။

နောက်တစ်မျိုးမှာ ပလက်ဖောင်းဟီးလ်ဟု ခေါ်သော ခုံအထူစား ဒေါက်ပုံစံအတုံးလိုက်ကြီး ဖြစ်သည်။ လဲကျခဲသည်။ ပို၍ မြဲမြံသည်။ ခြေဖမိုးထက် ခြေဖနောင့်ပေါ်အားပြုကာ စိတ်ချလက်ချစီးနိုင်သော ဖိနပ်မျိုး။ ထိုအမျိုးအစားမှာ စွန့်စားရခြင်းနည်း၍ အမြတ်ပြန်အရလည်း နည်းသော၊ ဖြည်းဖြည်းသာသာ အေးအေးချမ်းချမ်းနှင့် ပုံမှန်လည်ပတ်မှုကိုသာ လိုလားသော၊  စိမ်ခေါ်မှုကို မလိုလားသော ဘဝပိုင်ရှင်များနှင့် တူလေသည်။

ဒေါက်မြင့်ဖိနပ်နှင့် လက်တွေ့ဘဝထဲက အနိမ့်အမြင့်ရွေးချယ်မှု

ဒေါက်အနိမ့်အမြင့်ပေါ် မူတည်၍ တစ်ပါးသူများအား အပေါ်မှ စီးမိုးမြင်ရမည့် မြင်ကွင်းချင်းလည်း ကွာခြားပေမည်။
သေချာသည်ကတော့ မြင့်မြင့်စီးလျှင် လူပင်ပမ်းပြီး နိမ့်နိမ့်စီးလျှင် လူသက်သာမည်။ ပို၍မြင့်မြင့်စီးနိုင်လေ၊  ခေါင်းတစ်လုံးစာမက ပို၍အပေါ်စီးမှ မြင်နိုင်လေ။ လက်တွေ့ဘဝတွင်လည်း ထို့အတူပင် စိမ်ခေါ်မှု၊ စိတ်ဖိအား၊ စွန့်စားမှု များများလက်ခံယူနိုင်လေလေ အမြင့်သို့ရောက်ရန် သူတစ်ပါးထက် အခွင့်အလန်းပိုလေလေ၊ ပို၍နာကျင်လေလေ ဖြစ်မည်။  

ဒေါက်မြင့်ဖိနပ်နှင့် တစ်နေ့လုံး သွားလာလှုပ်ရှားခဲ့သမျှ အိမ်ပြန်ရောက်မှ တောင့်တင်းနာကျင်နေသော ခြေသလုံး ကြွက်သားကို ရေနွေးစိမ်၍ နှိပ်နယ်ခြင်း၊ အနှိပ်ဆီတစ်မျိုးမျိုးလူးပြီး နှိပ်နယ်ပေးခြင်း စသည်များ ပြုလုပ်ပေးကာ ခြေထောက် အညောင်းအညာ ပြေစေရသည်။ သို့မှသာ  နောက်တစ်နေ့မှာ နောက်ထပ်တစ်ကြိမ် စီးရန် အဆင်သင့်ဖြစ်နေမည်။ 

လက်တွေ့ဘဝတွင်လည်း ထို့အတူပေ၊ အမြင့်မှာနေလို၍ သူတစ်ကာထက် မြင့်မြင့်မြင်နိုင်ပြီဆိုလျှင် ထိုအမြင့်တွင် မြဲရန် အားထုတ်မှု လိုပေသေးသည်။ သည်တစ်ကြိမ်အောင်မြင်ပြီးသော်လည်း ရပ်တန့်မနေဘဲ နောက်တစ်ကြိမ်အောင်မြင်မှုအတွက် အားဖြည့်ရမည်။ မိမိလုပ်ဆောင်မှုအပေါ် ပြန်လည်ကြည့်မြင်သုံးသပ်မှုများ အမြဲတစေရှိနေရန်လိုအပ်ပြီး ပိုမို တိုးတက်အောင်မြင်ရေးအတွက် အခါမလပ် ကြံဆနေရမည်သာ။

မိမိကိုယ်တိုင်ရွေးချယ်ဖြတ်သန်းမည့် ဘဝပုံစံအတိုင်း ရွေးချယ်စီးနင်းသည့် ဒေါက်အနိမ့်အမြင့်ကွဲပြားသွားကာ ရရှိလာမည့် နေရာအနိမ့်အမြင့်၊ မြင်တွေ့ခံစားရရမည့် မြင်ကွင်း စသည်များ ခြားနားမည်ပေ။ မတော်တဆ ခြေချော်လက်ချော် လဲခဲ့သည်ရှိသော် ထိုင်မှိုင်မနေဘဲ နောက်တစ်ကြိမ် ပြန်လည်ထူမတ်ရန် နည်းလမ်းရှာ အားမွေးရမည်။

ဘဝဖြတ်သန်းမှုတစ်ခုရလာခိုက် လူများ၏နေထိုင်မှုဘဝပုံစံသည် ဒေါက်ဖိနပ်စီးသူများနှင့်တူလှကာ ဒေါက်နိမ့်နိမ့်စီး၍ သက်သက်သာသာ အေးဆေးနေလိုသည်ဖြစ်စေ၊ ဒေါက်မြင့်မြင့်စီး၍ အများထက် ခေါင်းတစ်လုံး သာလွန်ချင်သည် ဖြစ်စေ အားထုတ်မှု အနည်းနှင့်အများတော့ လိုအပ်သည်ပင်။ 



6 comments:

  1. ဒေါက်မြင့်ဖိနပ်တွေကို မဒမ်ဟန်ကြည် နှစ်နှစ်ခြိုက်ခြိုက် စီးလေ့ရှိလို့ အကျွမ်းတ၀င်တော့ ရှိပါရဲ့...သို့ပေမင့် မချစ်ကြည်တွေးသလိုတော့ တစ်ခါမှကို မတွေးမိပေါင်ဗျာ...ဖတ်ရင်းနဲ့ သဘောကျလိုက်လေခြင်း...

    ဒီပို့စ်ကို myanmar blog digest မှာ သွားပို့လိုက်ဦးမယ်ဗျို့...

    ReplyDelete
  2. ဖိနပ်နဲ့  ဘဝ ဒသန..ကောင်းလိုက်တာ..မမချစ်

    ReplyDelete
  3. ကိုယ်ကိုတိုင်လဲ ဒေါက်ဖိနပ်အရမ်းကြိုက်သူမို့ အမချစ်ရဲ့ ဒေါက်ဖိနပ် ဒသနကိုစိတ်ဝင်တစား လာဖတ်သွားပါတယ်။

    ReplyDelete
  4. ပြောပြချင်တာတွေ အတွက် ... ပေးဖတ်ခွင့် ရလို့ .. ကျေးဇူးပါ ... အစ်မရေ ... :)

    ReplyDelete
  5. ဒို့က ပလက်ဖောင်းဟီးလ်ဟု ခေါ်သော ခုံအထူစား ဒေါက်ပုံစံအတုံးလိုက်ကြီးစီးတယ်။
    လဲကျခဲသည်။ ပို၍ မြဲမြံသည်။ ခြေဖမိုးထက် ခြေဖနောင့်ပေါ်အားပြုကာ စိတ်ချလက်ချစီးနိုင်သော ဖိနပ်မျိုး။ စွန့်စားရခြင်းနည်း၍ အမြတ်ပြန်အရလည်း နည်းသော၊ ဖြည်းဖြည်းသာသာ အေးအေးချမ်းချမ်းနှင့် ပုံမှန်လည်ပတ်မှုကိုသာ လိုလားသော၊ စိမ်ခေါ်မှုကို မလိုလားသော ဘဝပိုင်ရှင်ဖြစ်ပါတယ်။

    ReplyDelete
  6. မြသွေးလဲ လူက ကလန်ကလားပေသော်ငြား ဒေါက်မြင့်စီးရတာ နှစ်သက်တယ်။ ဒေါက်မြင့်စီးရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရသလို ပိုခံစားရတယ်။ ခရီးတွေဘာတွေသွားရင်တော့ ပေါ့ပေါ့ပါးပါး စလစ်ပါလေးနဲ့မှ...။ ဒေါက်မြငိ့ဖိနပ်ကနေ ဒဿနထုတ်သွားလိုက်တာ သဘောကျမိတယ်အစ်မရေ...။

    ချစ်သော -
    မြသွေးနိ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...