Wednesday, September 11, 2013

ချစ်ခြင်း၏ အစွန်းတရား

 (၁)
“ဒီမှာ ကျွန်မကို တခြားမေးခွန်းတွေ မေးပါ။ ကျွန်မအိမ်ထောင်ဘက်ဟောင်းအကြောင်း၊ ကျွန်မ တစ်နေ့ ထမင်းဘယ်နှစ်နပ်စားကြောင်းတွေထက် ကျွန်မဂီတ၊ ကျွန်မအနုပညာကို ကျွန်မပရိသတ်တွေက ပိုသိချင်ကြမှာပါ”

ဟာ….ဘယ်လိုမိန်းမပါလိမ့်လို့ ကျွန်တော့်စိတ်ထဲ တင်းသွားမိတယ်။ ကျွန်တော်အချိန်ပိုင်းလုပ်နေတဲ့ ဖူးနုသစ်မဂ္ဂဇင်းမှာ “အနုပညာရှင်များနှင့် စကားစမြည်”ဆိုတဲ့ ကဏ္ဍအတွက် အင်တာဗျူးရပေါင်း များလှပြီ။ ဒီလိုမိန်းမမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ မျက်နှာထားကလည်း မာတယ်မဆိုသာပေမဲ့ အရယ်အပြုံးမရှိတဲ့ မိန်းမ။ အေးလေ ဒီမိန်းမ ရှိုးပွဲတွေ ဆိုနေတာတော့ သူ တွေ့မြင်နေမိပါရဲ့။ အေးစက်စက်မျက်နှာပေးကိုက သူမရဲ့ စတိုင်၊ သူမရဲ့အမှတ်အသား။

ဖြူစင်ဝင်းစက်နေတဲ့ အသားအရည်မှာ ထင်းနေတဲ့ မျက်နက်ဝန်းတွေနဲ့ ထူထူပြည့်ပြည့်နှုတ်ခမ်းတွေ၊ ဘဲဥပုံမျက်နှာကျနဲ့ နှာတံစင်းစင်းလေး။ ရှိုးပွဲတွေမှာ တွေ့ရသလို မိတ်ကပ်မပါပေမဲ့ သူမမျက်နှာက ဆွဲဆောင်မှုရှိနေတယ်။ သူမဆံပင် ကောက်ကောက်ပွပွ အရှည်ကြီးကို ငယ်ထိပ်ပေါ်မှာ ဆံထုံးအဝိုင်းကြီး တင်ပြီး ထုံးထားသေးတယ်။ တီရှပ်အဖြူလက်ပြတ်ကို ဂျင်းန်နက်ပြာနဲ့ တွဲဝတ်ထားတာမို့ ကျော့ရှင်းနေတဲ့ ကိုယ်နေဟန်ကို ကျွန်တော် ငေးကနဲ ဖြစ်သွားတုန်း သူမစကားသံကြောင့် အသံဖမ်းစက်ကို သူမရှေ့နား ချက်ချင်းပဲ ကပ်ပေးလိုက်မိတယ်။

“ကျွန်မ ခုလုပ်နေတဲ့ အခွေသစ်မှာ ရော့ခ်တွေချည်းပဲ ၁၀ပုဒ် ထည့်ထားတယ်။ ပန့်ခ်ရော့ခ်အမျိုးအစား ၂ပုဒ်၊ စလိုးရော့ခ် ၂ပုဒ်ပါတယ်။ ကိုယ်ပိုင်သံစဉ် ၄ပုဒ်၊ ကျန်တာတွေက ကော်ပီတွေ။ ဒီနှစ်ကုန် မတိုင်ခင် ပရီစနစ်နဲ့ ဖြန့်မယ်။ ရှင် ဘာသိချင်သေးလဲ”

“ခင်ဗျားက ဂစ်တာလည်း တီးတယ်နော်။ တစ်ချို့ပွဲတွေမှာ ကိုယ်တိုင်ဆိုတီးတာ တွေ့ရတယ်။ အဲဒါလေး နည်းနည်း ပြောပြပါလား။ ဘယ်လိုပုံစံမျိုးကို တီးခတ်ရတာ နှစ်သက်ပါသလဲ”

“ကျွန်မက finger tapping ပုံစံမျိုး၊ ဘေ့စ်ကြိုးကို slap လုပ်ပြီး တီးခတ်ရတဲ့ပုံစံမျိုးတွေ သဘောကျတယ်။ ပလပ်ကင်ကျတော့လည်း သူ့ မူရင်းဖရိန်ကတော့ ရှိတယ်။ ဒါပေမဲ့ ကျွန်မက ရှိနေတဲ့ ဘေ့စစ်ထဲက ဖောက်ထွက်ပြီး တီးရတာကို ကြိုက်တယ်။ ရှင် သတိထားမိမှာပါ။ ကျွန်မ သီချင်းတွေမှာ မြူးဇစ်နဲ့ ပတ်သက်တဲ့ arrangement တွေကို တစ်ပွဲနဲ့ တစ်ပွဲ မတူအောင် ပြန်ပြင်ပြီး တီးလေ့ ဆိုလေ့ရှိတယ်”

“ဟုတ်ကဲ့ သတိထားမိပါတယ် ခင်ဗျ”

“နောက်ဆုံးမေးချင်တာက ခင်ဗျား ဂီတနဲ့ ပြည်သူကို အကျိုးပြုဖို့ ရည်ရွယ်ပါသလားဆိုတာလေး”

“အဲဒီမေးခွန်းက အတော်လေး ကြီးကျယ်တယ်။ ကျွန်မက သိပ်ကြီးကြီးကျယ်ကျယ်တွေ ပြောမနေချင်ဘူး။ သိကြတဲ့အတိုင်းပဲ ဂီတဆိုတာ ဖျော်ဖြေရေးလုပ်ငန်းပဲ။ လူတွေရဲ့စိတ်ကို နူးညံ့စေတဲ့အခါရှိမယ်။ တက်ကြွလန်းဆန်းစေတဲ့အခါ ရှိမယ်။ မျက်ရည်ကျစေတာမျိုးလည်း ရှိမယ်။ အဲ့ဒီခံစားချက်တွေထဲက တစ်ခုမဟုတ် တစ်ခုရသွားပြီး သူတို့တွေအတွက် နောက်ထပ် ခြေလှမ်းအသစ်အသစ်တွေ ဖြစ်ပေါ်စေမယ်၊ လှမ်းဖို့ အင်အားတွေ ရစေမယ်ဆိုရင် ကျွန်မတို့ ဖန်တီးရကျိုး နပ်ပါပြီ။  ပြောရရင်တော့ရှင် အနုပညာရှင်တွေဆိုတာ မဆိုရ မနေနိုင်၊  မတီးရ မနေနိုင်လို့ ဆိုနေတီးနေကြတာက များပါတယ်။ ကျွန်မလည်း ဒီလိုပါပဲ။ အဲ့ဒီအတွက် ထူးပြီး ဘယ်လိုအကျိုးပြုလိုက်မယ်ဆိုတဲ့ စိတ်မျိုးနဲ့တော့ အလုပ်မလုပ်ဘူး။ ကျွန်မ လုပ်ချင်လို့ကို လုပ်တယ်။ စေတနာတော့ ပါတယ်။ ကောင်းစေချင်တယ် ဒါပဲ”

“ဟုတ်ကဲ့ ခုလိုအချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် မကျော်နှင်းဆီ”

“မလိုပါဘူးရှင်။ ရှင့်အလုပ် ရှင်လုပ်တာပဲ။ ကျွန်မလည်း ကျွန်မအလုပ် ကျွန်မလုပ်တာပဲလေ။ ငြိမ်းခင် ဒီအစ်ကို ပြန်တော့မယ်။ အိမ်ရှေ့နားထိလိုက်သွားပေးလိုက်”

သူမက အိမ်အကူကောင်မလေးကို တစ်လက်စထဲ လှမ်းပြောလိုက်တာမို့ ရေတစ်ခွက်လောက် တောင်းသောက်လိုက်ချင်တဲ့ စိတ်တောင် ပျောက်သွားခဲ့ရတယ်။ အတော် ဂွကျတဲ့ မိန်းမ။ ဆက်ဆံရေးဆိုးလိုက်တာလို့လည်း စိတ်ထဲက ဆက်တွေးလိုက်သေးတယ်။

ကျွန်တော် ဘယ်လိုလုပ် ထင်ထားပါ့မလဲ။  အင်မတန်နူးညံ့တဲ့ ချစ်ခြင်းတရားကို  အဲဒီလို ကျွတ်ဆတ်ဆတ်မာကျောကျောမိန်းမနဲ့ကျွန်တော် အတူတကွ ဆုတ်ကိုင်မိခဲ့ကြမယ် ဆိုတာ…..။

(၂)

“ကို ဖြူ့ကိုကြည့်ပါဦး ကိုရဲ့”

တစ်ဘက်ကို လှည့်အိပ်နေတဲ့ ကို့နောက်ကျောကို သိုင်းဖက်လိုက်ရင်း ကို့ညာလက်မောင်းကို ဖြူ့နှုတ်ခမ်းနဲ့ ကပ်လို့ ဖွဖွလေး ထိလိုက်မိတယ်။ ပြီးရင် အိပ်ယာပေါ် ဒူးလေးထောက်ရပ်လိုက်ရင်း ကိုလှည့်အကြည့်မှာ ဖြူ့ကိုယ်ပေါ်က ညဝတ်အင်္ကျီအသစ်လေးကို မြင်စေမယ်လို့ ဖြူက တွေးထားတာ။ တကယ်တော့ ကိုက လှည့်မလာခဲ့ဘူး။ ဖြူ့လက်တွေကို အသာဖယ်ရင်း ခေါင်းအုံးအောက်ကို လက်ထည့်လို့ ဆက်အိပ်နေတော့တယ်။

“ကို….ခဏလေး ကြည့်ပါဦး ဆိုလို့”

ဖြူ့အသံက လိုအပ်တာထက် ချိုအီနေမှာ ဖြူသိပေမဲ့ မရှက်နိုင်တော့။ ခုတစ်လော ကို အပြင်မှာပဲ အချိန်ကုန်နေတတ်တာ၊  သားတို့ကိုလည်း ခဏတစ်ဖြုတ်ပဲ အချိန်ပေးကာ တစ်ယောက်ထဲ စာကြည့်ခန်းထဲမှာ၊ ကွန်ပြူတာရှေ့မှာ အချိန်ကုန်နေတတ်တော့တာ။ ဖြူ့အပေါ်လည်း အရင်ကလို မနွေးထွေးတော့။ ဖြူ ဘာမှားသလဲ….။  ဖြူ သားတို့အပေါ် တာဝန်ကျေသလို ကို့အပေါ်လည်း ကို လိုသမျှ ဖြည့်ဆည်းပေးနေတာပဲ မဟုတ်လား။

ဖြူ သိပါတယ်။ နင့်နင့်နဲနဲနာကျင်ရလောက်အောင် အဖြေက ဖြူ့ရင်ထဲကို စူးတစ်ချောင်းလို နစ်ဝင်နေခဲ့ပြီးသား။ ကိုဟာ ဖြူ့အပေါ် အေးစက်သမျှ တစ်ခြားတစ်ဖက်မှာ နွေးထွေးခဲ့ပြီပဲလေ။
ဖြူ သိတယ်။ တိတိကျကျကို သိခဲ့ပါတယ်။ တစ်နေ့က ဖြူ ကျော်နှင်းဆီနဲ့ သွားတွေ့ခဲ့သေးတာ။

“မဖြစ်နိုင်ဘူး မဖြူဝင့်သွယ်၊ မောင့်ကိုသာ ပြောပါ၊ မောင့်ပါးစပ်က ကျွန်တော် ကျော်နှင်းဆီကို မုန်းတယ်လို့ ပြောတဲ့တစ်နေ့ ကျော် မောင့်ကို ကျောခိုင်းလိုက်ပါ့မယ်”

ကျော်နှင်းဆီဟာ မိန်းမချင်း နည်းနည်းကလေးမှ ကိုယ်ချင်းမစာတတ်တဲ့ မိန်းမ၊ ဖြူ့မာနတွေ ချပြီး တောင်းပန်ခဲ့တာတောင်။  အဲ့ဒီနေ့ကတော့ ဖြူ့ကမ္ဘာတစ်ခုလုံး ပြိုလဲခဲ့ရတဲ့ နေ့ပေါ့ ကိုရယ်။

“မင်း နားမလည်ဘူး ဖြူ။  ယောကျာ်းတစ်ယောက်ထက် မင်းအလုပ်တာဝန်တွေကို ပိုပြီး ဦးစားပေးနေတဲ့ မိန်းမ၊ ရာထူးတက်ဖို့လောက်ပဲ စိတ်ထဲ ရှိနေတဲ့ မိန်းမ၊ ပင်ပမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယောကျာ်းကို ကျောခိုင်းအိပ်သွားတတ်တဲ့ မိန်းမ၊  အိမ်ပြန်အလာ အေးစက်နေတဲ့ ထမင်းဝိုင်းကို တစ်ယောက်ထဲ စားရတဲ့ ခံစားချက်။ မင်းမေ့နေတဲ့ နွေးထွေးမှုမျိုးကို ကျော့်ဆီက ငါ အပြည့်အဝရတယ် သိလား ဖြူ”

ကို့စကားကို ကြားယောင်မိတိုင်း မြားချွန်အစင်းစင်း ရင်ဝလာစိုက်သလို စူးကနဲ၊ နင့်ကနဲ။ ဖြူ ဘာဆက်လုပ်ရတော့မှာလဲ ကိုရယ်။  ကို နိုးသွားမှာ စိုးစိတ်နဲ့ ဖြူ အသံတိတ် ငိုကြွေးနေမိတယ်။

ကို….ဖြူနဲ့ သားလေးနှစ်ယောက်ဟာ ကို့ကမ္ဘာဆို…..။ ဖြူဟာ မာနကြီးလွန်းသူလေးမို့ ဖြူ့အချစ်ကို ပိုင်ဆိုင်ခွင့်ရတာ ကို ကံကောင်းလှချည်ရဲ့ ဆို….။ ခုတော့ ဖြူ့အနားမှာ နေရတာ အဓိပ္ပါယ်မရှိတော့ဘူး တဲ့လား။ ငါ့ခန္ဓာကိုယ်ကိုသာ မင်းရမယ်၊ ငါ့စိတ်တွေက ကျော့်ဆီမှာ တဲ့လား ကိုရယ်။  ဖြူ ဘယ်လို နှလုံးသားမျိုးနဲ့ ကြားနာလက်ခံရမှာလဲ ကို….။ အချစ်ဆိုတာ ဒီလိုပဲလား….။ ဒီလိုပဲလား ကိုရယ်….။ အချိန်အရွေ့မှာ လိုက်ပါ စီးမျောလို့ လက်သာရာ ရွေ့လျားသွားတတ်တာ ကိုတို့ ယောကျာ်းတွေ အချစ်တဲ့လား။ ဖြူ့ဘဝ ပျက်ပါပြီ၊ ဖြူ့ဘဝ ပျက်ပါပြီ ကိုရယ်…..။

ကိုဟာ တကယ်ပဲ ကျော်နှင်းဆီရဲ့ အချစ်မှာ  ပျော်ဝင်ယုံကြည်နေပြီလားကွယ်။ ဖြူက ကို့အတွက် သားကလေးတွေ မွေးထားပေးတယ်လေ ကိုရဲ့။ သားကလေးတွေကို ကိုသိပ်ချစ်တာပဲဆို။ သားကလေးတွေ မျက်နှာတော့ ပြန်ကြည့်သင့်ပါတယ် ကိုရယ်။ ကို့ဖုန်းစကရင်မှာ သားတို့ပုံလေးတွေ့လို့ ဖြူ ပျော်သွားခဲ့သေးတာ။ မိသားစုပုံ ဖြူနဲ့ ကို့ပုံရော ပြောင်းပါလားဟင်လို့ ဖြူ မပြောရဲခဲ့ဘူး ကို။ ဖြူ့ကို ပြန်ကြည့်လိုက်မဲ့ ကို့မျက်ဝန်းတွေများ စိမ်းပြတ်နေမလား၊ ဖြူ တကယ် မခံစားနိုင်လို့ပါ။

ဖြူ ဘာဆက်လုပ်ရမလဲ။  ဖြူ တကယ်ပဲ ရူးပါပြီ ကိုရယ်။ သားကလေးတွေရယ် ဖြူရယ် ကိုရယ် မိသားစုဘဝလေးတစ်ခု စိတ်ချလက်ချ ပိုင်ဆိုင်ပြီဆိုတဲ့ အသိတစ်ခု၊  ကိုက ဖြူ့ကို သိပ်ချစ်တာဆိုတဲ့ စိတ်ချလက်ချရှိမှုရယ်ဟာ ယောကျာ်းတစ်ယောက်ကို တစ်သက်လုံးစာ ချည်နှောင်မထားနိုင်ဘူးတဲ့လား။

ဖြူ နောက်ကျမှ သိလေခြင်းကွယ်…..။

(၃)

“ပြန်တော့မှာလား၊  ခဏလေး နေပါဦးလား မောင်ရယ်”

“မောင်နေချင်တာပေါ့ ကျော်ရယ်။ ဒီနေ့က သားလေးမွေးနေ့မို့ မိသားစုတွေ ညစာထွက်စားကြမှာမို့ မောင် အိမ်စောစောပြန်ရမယ် ကျော်”

သားလေးမွေးနေ့၊  မိသားစုတွေ….။ အိမ်စောစောပြန်ရမယ်….

မောင့်စကားလုံးတွေက ကျွန်မကို အထပ်ထပ်ရစ်ပတ်လို့ အသက်ရှူမဝတော့သူက ကျွန်မရယ်ပါ မောင်။

“ကျော် မင်း ဒီဆရာဝန်ကြီးနဲ့ ထပ်ပြပြီးလို့မှ ကလေးမရနိုင်တော့ဘူးဆိုရင်တော့ ကိုကို့ကို ကွာရှင်းပေးပါ။ ကျော်သိတဲ့အတိုင်း မေမေက မြေးသိပ်လိုချင်တယ်။ ကိုကိုတို့မှ ကလေးမရရင် မျိုးဆက်က ပြတ်ပြီ။ ကျော် ကြိုးစားပါကွာ နော်”

ကျော့်ခင်ပွန်းဟောင်း ကိုကိုပြောခဲ့တဲ့စကားတွေ။ ကျော့်တစ်သက် ဘယ်တော့မှ မမေ့တော့မဲ့ စကားတွေ။ မိန်းမတစ်ယောက်ရဲ့ ဘဝမှာ မိန်းမဖြစ်ခွင့် အပြည့်အဝမရတဲ့ ဆုံးရှုံးမှုလောက် ဘယ်ဟာကများ ပိုနာကျင်စေဦးမှာလဲကွယ်။ ကျော်ဟာ အဖြစ်မရှိတဲ့ မိန်းမ၊ ကိုကို့အတွက် သားသမီး မွေးမပေးနိုင်တဲ့ မိန်းမ တဲ့။ နာကျင်လိုက်တာ….။

မျက်ရည်တွေ အစိုစိုအလူးလူးနဲ့ ကျော်ဟာ ကိုကို့ရင်ခွင်ကို ကျောခိုင်းပြီး ဒဏ်ရာတွေကို ဝါသနာနဲ့အစားထိုးလို့ ဂီတထဲ နှစ်မြှုတ်ထားခဲ့လိုက်တော့တယ်။ 

ဘယ်သူမေးမေး ကျော့်ဘဝ၊ ကျော့်အကြောင်း၊ ကျော့်ရဲ့ အိမ်ထောင်ရေးကျရှုံးမှုတွေကို ကျော် မဖြေတတ်၊ မဖြေချင်ခဲ့တော့တာ၊ ကျော် လူတွေကို ပြုံးမပြတတ်တော့တာ ကျော် မာနကြီးလို့ မဟုတ်၊  ရင်နာရလွန်းလို့ပါလေ။
မောင်ကရော…..

မောင်ကရော ဟင်….။  သားသမီးရယ်လို့ မပေးနိုင်တော့မယ့် ကျွန်မအဖြစ်ကို သိရင် မောင် ကျွန်မကို ကျောခိုင်းဦးမှာလား ဟင်  မောင်။ ပျက်ယွင်းနေတဲ့ မျက်နှာကို အတတ်နိုင်ဆုံး ထိန်းရင်း မောင့်ပါးကို တစ်ချက်မွှေးလို့ အိမ်တံခါးဝထိ မောင့်ကို လိုက်ပို့ပေးမိတယ်။ မောင်က ကျွန်မပါးကို ဖျစ်ညှစ်ရင်း နှုတ်ဆက်ထွက်ခွာတာ။ မောင့်ကျောပြင်ကို မမြင်ရတော့မှ ကျွန်မရင်အပူတွေကို သွန်ချလိုက်မိတော့တယ်။

 ပါးပေါ်က မျက်ရည်ပူတွေ….။  မောင် မသိနိုင်ပါဘူး။  ကျွန်မရင်ထဲက ပူပြင်းလောင်မြိုက်မှုတွေ…..။

မနက်လင်းတဲ့အခါ မောင့်ပါးကို သူမအနမ်းနွေးနွေးတွေနဲ့ နှိုးခွင့်၊ ရေချိုးပြီးကာစ စိုနေတဲ့ မောင့်ဆံနွယ်တွေကို ခြောက်သွေ့စေနိုင်ခွင့်၊ မောင်ဝတ်ဆင်ဖို့ အဝတ်တွေကို အသင့်ထုတ်ပေးထားခွင့်၊  မောင့်အတွက်မနက်စာကို ပြင်ဆင်ပေးခွင့်.။ သူမလက်နဲ့ ထိစပ်သမျှ မောင့်အတွက်သာဖြစ်စေတဲ့ အခွင့်။ ကျွန်မစိတ်တွေ မောင့်အပေါ်တည်လာတိုင်း သူမကိုယ်ကို ဝင်စားလို့ မောင့်ကို ထိတွေ့ကြည့်နေမိတာ။ သူမဆီက အဲဒီအခွင့်တွေကို ကျွန်မ လုယူပိုင်ဆိုင်နေမိတာ။ အဲဒီအခိုက်အတန့်မှာ မောင်နဲ့ကျွန်မအကြား သူမက ကြားခံတစ်ခုမျှ။ အဲသလို ဖန်တီးကြေနပ်ယူနေရတဲ့ ကျွန်မအဖြစ်....။ မောင် မသိနိုင်ပါဘူးလေ

အကြိမ်ကြိမ်ပါ မောင်၊  မောင့်မိသားစုကို မြင်မိတိုင်း မောင့်အနားက ထွက်ခွာဖို့ ကျွန်မ အတွေးတွေဟာ လူကို ရူးစေမတတ်ပါပဲ။ ဘုရားရှိခိုးတဲ့အခါ ငါးပါးသီလကို ရွတ်ဆိုတိုင်း တစ်ပါးသောသီလကို ဆိုဖို့ နှုတ်ရွံ့နေခဲ့မိတာရယ်။ ဒါပေမဲ့ မောင့်အနားက ပြေးထွက်ဖို့ ခြေလှမ်းတွေကို အကြိမ်ကြိမ် နောက်ပြန်ဆုတ်မိရင်း ကျွန်မ သွေးကြောင်နေခဲ့မိတာ....။ ဟင့်အင်း ကျွန်မ မောင်နဲ့မှ ဝေးမနေနိုင်တာဘဲကွယ်။

ကျွန်မက နိုင်ငံသိအနုပညာရှင်။ အောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီးအဆိုရှင်။ ဘဝမှာ လိုတရ ပြီးပြည့်စုံသူလို့ အများအမြင်လှသူ။

အဲဒီလိုမိန်းမက....အဲ့ဒီလိုမိန်းမကလေ...။ အောင်မြင်တဲ့ မိသားစုရယ်လို့ မဖန်တီးနိုင်ခဲ့တဲ့အပြင် သူတစ်ပါးမိသားစုထဲကို တတိယလူအဖြစ် ဝင်ရောက်ဖို့၊ သူမလက်ထဲက မောင့်ကို လုယူဖို့၊ သားတွေလက်ထဲက သားတို့ဖေဖေကို ဆွဲထုတ်ပစ်ဖို့ ကြိုးစားနေတဲ့မိန်းမ ဖြစ်နေသေးသတဲ့။ ဘယ်လောက်များ ဆိုးဝါးလိုက်ပါလိမ့်ကွယ်။
အိပ်ယာဘေးက ဂစ်တာကို ဆွဲယူလို့ သီချင်းတစ်ပုဒ်ကို ခပ်ကြမ်းကြမ်းတီးခတ်လိုက်မိတယ်။

   ရိုစီ မင်းကို ယူဆောင်လာသူ လောကထဲ နာမည်လွယ်လွယ် ပျံ့နှံ့နေ  မင်းရဲ့ဆူးကို ဂန္ထဝင်ဆန်ဆန်ဖွဲ့သူတွေ နားမျက်စေ့တွေ ကန်းသွားပြီပဲ

အသုံးမကျတဲ့ နှင်းဆီ…..

(၄)
“ကိုဇင်မင်းထွဋ် ခင်ဗျား တင်ဒါလျှောက်လွှာမှာ ပရိုပိုဇယ်ဖြည့်ထားတာတွေ မှားနေတယ်”

“ဗျာ ဟုတ်ကဲ့ ကျွန်တော် ပြန်ကြည့်လိုက်ပါ့မယ်”

“ဂရုစိုက်ပါဗျာ၊ ပရောဂျက်တစ်ခုကို သန်းချီပြီး လုပ်ရတာမို့ အမှားအယွင်းမရှိစေချင်ဘူး”

“ဟုတ်ကဲ့ ကျွန်တော် မနက်ဖြန် ရုံးရောက်တာနဲ့ ချက်ချင်း ပြင်လိုက်ပါ့မယ်။ တင်ဒါပိတ်ရက်က လိုပါသေးတယ်နော်”

“မီတော့ မီပါသေးတယ်။ ဒါပေမဲ့ လာမယ့်အစည်းအဝေးမှာ တင်ပြရဦးမှာမို့ ဖြစ်နိုင်ရင် မနက်ဖြန်တော့ ပြီးစေချင်တယ်”

“ဟုတ်ကဲ့ မနက်ဖြန်တော့ ပြီးပါတယ်။ ခုက ကျွန်တော် သားတွေကို ကစားကွင်းပို့ပေးရမှာ မို့ပါ”

စိတ်တွေ ထွေပြားနေတာမို့ ခုတစ်လော အလုပ်ထဲမလည်း အမှားမှားအယွင်းယွင်း။ ညာလိုက်ရပေမဲ့ လိပ်ပြာမလုံချင်။ တကယ်တော့ ကျော့်ကို ရွှေတိဂုံဘုရားလိုက်ပို့ဖို့ ချိန်းထားတာမို့ပါ။ ပစ္စည်းတွေ ကောက်သိမ်း၊ ကွန်ပြူတာ ပိတ်ပြီး အမြန်ထွက်လာတာတောင် ကားပေါ်ရောက်တော့ ညနေ ၆နာရီခွဲတော့မယ်။ ကျော်တော့ စောင့်နေတော့မှာပဲ။

ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ ထင်တဲ့အတိုင်း ကျော်က ရောက်နှင့်နေပြီ။ ရင်ဖုံးအနက်လက်ပြတ်လေးကို ချည်ချိတ်အနက်ပေါ်မှာ အဖြူဆင်လေးနှင့်တွဲဝတ်ကာ ကျော်က ရိုးရှင်းလှပလို့။ ဘုရားပန်းနှစ်စည်းကို ကျော်က သူ့လက်ထဲ ထည့်ပေးတာမို့ အလိုက်သင့်ယူလိုက်ရင်း ဘုရားကို လက်ယာရစ် ပတ်ပြီး ပူဇော်ကြရအောင်နော်ဆိုတဲ့ ကျော့်ကို ခေါင်းညိတ်ပြလိုက်တယ်။

အရင်ဆုံး ကျော့်မွေးနံထောင့် တင်္နလာမှာ ကန်တော့ကြတယ်။ ကျွန်တော့်လက်ထဲက ဘုရားပန်းတစ်စည်းကို ကျော့်အတွက် ပန်းအိုးမှာ သွားထိုးပေးလိုက်ပြီး ဝယ်လာတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းညှိကြတယ်။ ပြီးမှ ကျွန်တော့်မွေးနံ အင်္ဂါထောင့်မှာ ဘုရားရှိခိုးကြတယ်။ ကျော်က ကင်မရာအသေးလေးနဲ့ ကျွန်တော့်ပုံတွေ သုံး-လေးပုံ ရိုက်ပေးသေးတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့နောက်နားဆီက အသံတစ်သံ ကြားလိုက်ရတာ။

"ဖွားဖွား ဖေဖေကြီး အရက်မသောက်ပါစေနဲ့ဘုရားလို့ ဆုတောင်းလို့ ရလား ဟင်"

ကြားလိုက်ရတာ ရင်ထဲ နင့်ကနဲ။ ကျွန်တော်နဲ့ ကျော် နှစ်ယောက်သား အကြည့်ချင်းဆုံပြီး အသံလာရာကို ပြိုင်တူ လှည့်ကြည့်လိုက်မိကြတယ်။ မြေးအဖွားနှစ်ယောက်၊  မြေးကလေးက ဆယ်နှစ်လောက် ရှိမယ်ထင်ရတဲ့ ကောင်ကလေး၊ ပါးမှာ သနပ်ခါးပါးကွက်ထူကြီး လူးလို့။ အဖွားကြီးကတော့ အသက် ခုနှစ်ဆယ်လောက် ရှိမယ် ထင်ရတယ်။

"ရတာပေါ့ မြေးရယ်။ ဆုတောင်းနော်"

"သားလေ ဖေဖေကြီး အရက်သောက်ရင် သိပ်မုန်းတာပဲ။ အရက်မသောက်တဲ့ ဖေဖေလိုချင်တယ်"

"ငါ့မြေးရယ် ကိုယ့်အဖေကို ဒီလိုမပြောရဘူး။ အရက်သောက်တတ်ပေမဲ့ သားဖေဖေက မဆိုးပါဘူးသားရဲ့။ သားတို့ကို ချစ်တယ်။ သားမေမေကိုလည်း ချစ်တယ် မဟုတ်လား။ အဖေဆိုတဲ့ အရိပ်အာဝါသအောက်မှာ နေရတာကိုက ငါ့မြေး ကုသိုလ်ကောင်းနေပြီ။ အဖေမရှိတဲ့ ကလေးတွေဆို ဘယ်လောက် မျက်နှာငယ်ရတယ် မှတ်လဲ ဟင်။ အိမ်ပြန်ရောက်ရင် ဖေဖေ့ကို ရှိခိုးပြီးမှ အိပ်နော်"

ပြောရင်းက အဝေးရောက်သွားတဲ့ မြေးအဖွားနှစ်ယောက်ကို ကြည့်ရင်း ကျော့်မျက်နှာကို ကြည့်လိုက်တော့ မျက်လုံးတွေ နီရဲစိုစွတ်နေတာကို တွေ့ရတယ်။ ခံစားလိုက်ရတာ ရင်ထဲတစ်မျိုးကြီး။  ကျော်လည်း ကျွန်တော့်လိုပဲ စိတ်ထိခိုက်ရှာတယ် ထင်ပါရဲ့။ အပြန်လမ်းမှာ ကျွန်တော်ရော ကျော်ပါ မျက်နှာမကောင်းကြဘူး။  

အဖေဆိုတာ သားသမီးတွေအတွက် အရိပ်အာဝါသတဲ့….။ ကျွန်တော် မသိလို့မှ မဟုတ်ဘဲလေ….။

(၅)
မောင်….
အဖေဆိုတာ သားသမီးတွေအတွက် အရိပ်အာဝါသတဲ့….။ ကျွန်မ မသိလို့မှ မဟုတ်ဘဲမောင်ရယ်….။ 

ကျွန်မ ဘာဆက်လုပ်ရမလဲ ဟင်။  ခု လက်ရှိမှာ မိသားစုဘဝကို မဖန်တီးနိုင်တဲ့ ကျွန်မကလေ….။ တစ်ပါးသူမိသားစုကို ပြိုကွဲစေဖို့ ကြံနေသတဲ့။ အို….ကျွန်မ ဆက်မတွေးရဲတော့ဘူး မောင်။ သံသရာကို ကျွန်မ ကြောက်တယ်။ ဝဋ်မှာအမြဲတဲ့ မောင်ရဲ့။

ကွန်ပြူတာကို ဖွင့်လို့ မောင့်ဆီကို စာတစ်စောင် ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ မောင် နားလည် လက်ခံနိုင်မယ်ထင်ပါရဲ့။ ကျွန်မမှာ ရှေ့ဆက်ဖို့ သတ္တိတွေ၊ အင်အားတွေ မရှိတော့ဘူး မောင်ရယ်။ ကျွန်မနဲ့ မောင့်အကြားက ချစ်လက်စတွေကို ပြတ်စဲကြပါစို့ရဲ့ မောင်ရာ။

စကတည်းက မောင်နဲ့ ကျွန်မဟာ အပြစ်သင့်တဲ့ချစ်ခြင်းတွေနဲ့ အစွန်းနှစ်ဘက်ကို ညှိယူချစ်ခဲ့ကြရတာ။ မောင်က မိသားစု ဘဝတစ်ခု၊ ကျွန်မက တစ်ကိုယ်ထဲ ဘဝတစ်ခု။ တစ်ဘက်စွန်းဆီက ဘဝနှစ်ခုကို မရှောင်နိုင်၊ မရုန်းနိုင်တဲ့ ချစ်ခြင်းတွေက ညှို့ယူချည်နှောင်လို့ တွဲထားလိုက်တော့တာ။ 

ဟုတ်တယ် မောင်။ ကျွန်မတို့ရဲ့ ချစ်ခြင်းအစွန်းတရားတွေပေါင်းစည်းမှုဟာ မောင့်အပေါ် ထားတဲ့ ကျွန်မရဲ့ချစ်ခြင်း၊ ကျွန်မအပေါ်ရှိတဲ့ မောင့်ရဲ့ ချစ်ခြင်း အဲဒီနှစ်စရဲ့ ဝေးကွာမှုကို နီးနီးကလေး တွဲသီချုပ်စပ်ပေးခဲ့တာ။

အဲဒီနှောင်ထုံးကို ကျွန်မကပဲ စပြီး ဖြည်ချလိုက်ပါရစေတော့ မောင်….။

မောင့်ရဲ့ စစ်မှန်သော ကျော်နှင်းဆီလို့ လက်မှတ်ထိုးအပြီးမှာတော့ send ဆိုတဲ့ နေရာကလေးကို မျက်စေ့စုံမှိတ်လို့ ကလစ်လိုက်မိတော့တယ်။ 

မောင် သိလားဟင်၊ တကယ်တော့ မောင်နဲ့ ဝေးကြဖို့ဆိုတာ ကျွန်မအတွက်တော့ သေမိန့်ပါပဲ။ အဲဒီသေမိန့်ကို ကိုယ်တိုင်စီရင်ချက်ချသူအဖြစ် ကလစ်လေးတစ်ချက်မှာ ကျွန်မနှလုံးသားတွေ ဘယ်လောက်တောင် ဆတ်ဆတ်ခါသွားခဲ့ရတယ်ဆိုတာ.....။

မောင်…သိပါစေ….။
အစွန်းနှစ်ဘက်က ချစ်ခြင်းတွေ နှောင်ထုံးဖြည်ချအပြီးမှာ မောင့်အပေါ် ချစ်ခဲ့ဖူးတဲ့အချစ်တွေရဲ့ ပူလောင်မှုအစား အေးမြမှုတွေနဲ့ အစားထိုးဖို့ ကျွန်မ ကြိုးစားရတော့မှာပါ။ အဲဒါကတော့ မေတ္တာပဲမောင်။ ချစ်ခြင်းနဲ့မေတ္တာဟာလည်း တကယ်တော့ အပူနဲ့အအေး အစွန်းနှစ်ဘက်ပဲ မဟုတ်လား။ မလွယ်ပေမဲ့ ကျွန်မ ကြိုးစားပါ့မယ်။

 မောင် အစစအရာရာ အဆင်ပြေပါစေ၊ ကျွန်မနဲ့ ဝေးရာ တစ်ဘက်စွန်းမှာ မောင့်မိသားစုနဲ့အတူ မောင် စိတ်ရောကိုယ်ပါ ချမ်းသာပါစေရယ်လို့….



16 comments:

ဆုမြတ်မိုး said...

မှန်ကန်သောဆုံးဖြတ်ချက်အတွက်ဂုဏ်ယူပါတယ် ကျော်နှင်းဆီး)

ချစ်ခင်လျက်
ဆုမြတ်

ချစ်ကြည်အေး said...

Unknown has left a new comment on your post "ချစ်ခြင်း၏ အစွန်းတရား":

အစ်မရေ ရင်ထဲထိလှတယ်. ... မိုက်စ်

(အရင်ပိုစ့်အဟောင်းကို ဖျက်လိုက်တာမို့ unknown ရဲ့ ကော်မန့်လေးကို ဒီမှာ ကူးတင်ပေးထားပါတယ်ရှင်)

မိုးငွေ့........ said...

မကြီးရေးတဲ့ အချစ်ဝတ္ထုတိုပေါင်းချုပ်ကိုစာအုပ်ထုတ်ပါလား အကုန်ကောင်းတယ် အကုန်ကြိုက်တယ်...။

ချစ်ကြည်အေး said...

ညီမမိုးငွေ့ အင်း ကောင်းသားပဲ၊ ထုတ်ဝေသူရှာလိုက်ဦးမယ် နော် ညီမ :)

khayayphyu said...

ဆွဲထားတဲ့ ပန်းချီလေးလှလိုက်တာ

San Htun said...

မမချစ် ရေးတတ်လိုက်တာဗျာ..ကျော်နှင်းဆီ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်...

ညီလင်းသစ် said...

သုံးပွင့်ဆိုင် အချစ်ဇတ်လမ်းတွေမှာ တွေ့မြဲဖြစ်တဲ့ အပြန်အလှန် ရစ်ပတ်၊ နှောင်ဖွဲ့မှုကို မိုလိုလော့ဂ်တွေ၊ ဒိုင်ယာလော့ဂ်တွေနဲ့ ပြောသွားတာ အရမ်းလှတယ် အစ်မချစ်ရေ...၊ ဇတ်ကြောင်းကို အတုံးလိုက်၊ အတစ်လိုက် ချမရေးဘဲ ဇတ်ကောင်တွေနဲ့ ပုံဖော်ယူသွားတဲ့ အတတ်ပညာကိုလည်း သတိချပ်မိပါတယ်...၊

ကျော်နှင်းဆီကို ပြန်ပြီး အမြင်မှန်ရစေတဲ့ မက်ဆေ့ခ်ျလေးကို မထင်မှတ်ထားတဲ့ ထောင့်ကနေ မြေးအဖွား နှစ်ယောက်နဲ့ ထိုးခွဲလိုက်တာ သဘောအကျဆုံးပဲ၊ သူတို့ နှစ်ယောက် ပြောတဲ့ စကားလေးက တိုသမှ သုံးလေးခွန်းရယ်..၊ ဒါပေမယ့် ထိချက်က ရှင်းလင်း၊ တိကျလှတယ်...၊

ဂါဝန်အရှည်ကြီးနဲ့ ပေမယ့် ခြေချိတ်ထိုင်နေတဲ့ ပြေလျော့လျော့ဟန်ကို ထင်းနေစေတဲ့ ချစ်စရာ သရုပ်ဖော် ပန်းချီလေးကိုလည်း တစ်လက်စထဲ မမေ့မလျော့ ချီးကျူးလိုက်ပါရစေဦး အစ်မချစ်ရေ...။း)

ချစ်ကြည်အေး said...

ခွေဖြူ- ကျေးဇူး ညီမ
ညီမစန်းထွန်း-ကျေးဇူးး)
ကိုညီလင်းသစ်-ဟုတ်တယ်။ တကယ်က မချစ် ဒီဇာတ်ကွက်ကို အရှည်လေး ရေးချင်တာ။ ဇာတ်အိမ်က ကျယ်ပြီး ရေးမိတာက အတိုဖြစ်နေတာမို့ ဇာတ်ကောင်တစ်ယောက်ချင်းစီကို ဇာတ်ကွက်ပေါ်ရုံလောက် ပြောခိုင်းလိုက်ရတာ။ အခြေအနေပေးရင် အရှည်အဖြစ် ပုံပြောင်းမယ်။
ပုံလေးကို ချီးကျူးသွားတာလည်း ကျေးဇူးပါ ရှင့် :)

Lwan Thu Eain Mat said...

ဒီဝထ္ထုလေးဖတ်ရတာရင်ထဲမှာနင့်ပြီးငိုချင်လာတယ်

Thain Garra said...

လူဖြစ်ရတဲ့ ... ဒုက္ခ ...
ရွေးချယ်စရာတွေ နဲ့ ... ဘ၀ ...
သူ့အလိုလို ရှိနေပြီး ... တာဝန်တွေ ထက်
လူတွေ က ထပ်မံ ဖန်းတီးလိုက်တဲ့ ၀န်တာတွေ ...

ကြည်ဖြူပိုင် said...

သိပ်ကောင်းတဲ့ဇာတ်လမ်းလေး။ ကြိုက်တယ် မမရေ

Sint Si said...

ချစ်ခြင်းနဲ့မေတ္တာဟာလည်း တကယ်တော့ အပူနဲ့အအေး အစွန်းနှစ်ဘက်ပဲ မဟုတ်လား။ Nice!

ချစ်ကြည်အေး said...

လွမ်းသူ့အိပ်မက်၊ သိင်္ဂါရ၊ ညီမကြည်ဖြူပိုင်နဲ့ Sint Si....ကော်မန့်တွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့် :)

khayayphyu said...

၃ခေါက်ရှိပြီနော် လာဖတ်တာ။ နောက်တပုပ်တင်တော့ ဟွန့်

khayayphyu said...

အမချစ်ရေးဟန်ကို အမသက်ဝေရေးတာထက်ပိုကြိုက်တယ်။ သွက်လို့။ အကြောင်းအရာတွေကို အကုန်ခြုံမိလို့၊
အမသက်ဝေက အန်တီမေငြိမ်းတို့ ရေးဟန်နဲ့ သွားတူတယ် (ထင်တာပဲ)။ အရမ်းအသေးစိတ်တယ်။ အိမ်ကနေ လမ်းထိပ်လျှောက်တာနဲ့ ဝထုရှည်တပုပ်ရတယ်။ အပြစ်ပြောတာမဟုတ်၊ ကိုယ်ကြိုက်တာ ကိုယ်ခွဲပြတာပါ။ ၂ခုလုံးရေးရခက်မှန်းသိပါတယ် ဟီး

lamin tun said...

ဖြစ်တတ်တဲ့သဘာဝကို ပြန်တည့်မတ်လိုက်နိုင်တဲ့ ကျော်ကို လေးစားပါတယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်