Friday, September 27, 2013

ဖြစ်ကြောင်းကုန်စင်မှာ….

“လာ လာ တက်ထား အစ်မကြီး တိုးထား၊ အထဲထိ ဝင်ထား၊ ခဏလေး ခဏစောင့်မယ် ဆရာရေ၊ ဟိုးမှာ ပြေးလာနေတယ်”

“မင်းလမ်း လမ်းဆုံ မြလမ်း ရွှေဂုံတိုင် ဗဟန်းသုံးလမ်း ယောက်လမ်း ဘူတာကြီး ဆူးလေ လိုက်မလား၊ ဆူးလေ ဆူးလေ ဆယ့်နှစ်လုံးတန်းဆင်းမှာ ပြင်ထားမယ်”

ကားက ရုံးချိန်မို့ ဘတ်စ်ကားတစ်စီးဆိုတာထက် ငါးသေတ္တာတစ်ဘူးလို….။

“အစ်မ ပေး ခြင်းတောင်း၊ ကျွန်တော်ကိုင်ထားပေးရမလား”
ထိုင်နေသော လူငယ်အမေးကို ရပ်နေသော အမျိုးသမီးက ခေါင်းခါပြသည်။

“ရှင် ဘယ်လိုဖြစ်နေတာလဲ၊ ဟိုဘက်နည်းနည်းတိုးပါဦးတော့လား၊ ဒီမှာ လူက ရှင့်ရင်ခွင်ထဲ ရောက်တော့ မယ်၊ ကတည်းမှ…”
အမျိုးသားက ဘုကြည့်ကြည့်ရင်း ကိုယ်လုံးကို ဂဏန်းရွှေ့လေး ရွှေ့ပေးလိုက်သည်။ သို့သော် ယခင်အတိုင်း၊ ရွေ့ကား မရွေ့။

ရှေ့မှာ အဘိုး၊ အဘွား၊ လူလတ်ပိုင်းတစ်ယောက်နှင့် ကလေးနှစ်ယောက် အပြေးလာနေကြတာမို့ ယာဉ်မောင်းကို ရပ်ခိုင်းရင်း အဘိုးကြီးနှင့် အဘွားကြီးကို လက်မောင်းမှ ဆွဲတင်၊ ခါးမှလည်း တွန်းတင်ပေးလိုက်ရသည်။

“ရော့ သုံးယောက်အတွက် သုံးရာယူထား”
“အစ်ကိုရာ ကလေးနှစ်ယောက်က တစ်ယောက်စာတော့ ပေးပါဗျာ”

အဘိုးကြီး၊ အဘွားကြီး၊ လူလတ်ပိုင်းနှင့် ၅နှစ်အရွယ် ကလေးတစ်ယောက်၊ ၁၂နှစ်အရွယ်ကလေးတစ်ယောက်မို့ ကျွန်တော်က ၄ယောက်စာ တောင်းလိုက်သည်။

“ဟာဗျာ ခင်ဗျားဟာက တစ်ခြားလူတွေဆို မတောင်းဘူး၊ ခင်ဗျားကျမှ ကလေးတွေအတွက် တောင်းစရာလားဗျာ”

“အစ်ကိုလေးရာ ကလေးက နှစ်ယောက်လေဗျာ၊ တစ်ယောက်စာတော့ ပေးမှပေါ့”

“မပေးဘူးကွာ၊ ရော့ သုံးယောက်စာ နှစ်ရာပြန်အမ်း၊ ယူချင်ယူ၊  မယူချင်နေ”

“ကလေးနှစ်ယောက်အတွက် ကျွန်တော်က တစ်ယောက်စာပဲ တောင်းတာပါဗျ၊ တစ်ယောက်စာတော့ ပေးပါ၊ ရွှေဂုံတိုင် ဗဟန်းသုံးလမ်း ယောက်လမ်း ဘူတာကြီး ဆူးလေ လိုက်မလား၊ ဆူးလေ ဆူးလေ လာထားနော် ခဏလေး ဆရာရေ နောက်က တက်နေတုန်း”

“မပေးဘူးကွာ၊ မင်းတော့လား ခဏနေဦး၊ ငါ ဗဟန်းဆင်းမှ သိမယ်”

“ဟဲ့ တော်ကြပါတော့ဟယ်၊ ငွေလေးတစ်ရာနဲ့ ဖြစ်နေလိုက်ကြတာ၊ ကဲ ကဲ အဲဒီကလေးတစ်ယောက်စာ အတွက် ငွေတစ်ရာ ငါ့ဆီကသာ ယူလိုက်ပါ။  ရော့ ငါ့အတွက်တစ်ရာနဲ့ ပေါင်းပြီး နှစ်ရာ ယူလိုက်၊ ရှေ့မှတ်တိုင်ကျ  ငါဆင်းမှာ”

“မလိုပါဘူးဗျာ၊ ခင်ဗျား ပေးစရာ”

မိန်းမကြီးက ထိုလူကို မျက်စောင်းလှမ်းထိုးသည်။ မိန်းမကြီးလက်ထဲက နှစ်ရာတန်ကို ပြုံးပြီးယူလိုက်ရင်း ကလေးနှစ်ယောက်အဖေကို လှမ်းကြည့်တော့ ထိုသူက ရန်လိုဟန်ရှိနေသေးသည်။ မတတ်နိုင်၊ ကျွန်တော် သူ့ကို မကြည့်မိအောင် နေလိုက်ရသည်။ ကြာရင် ဆွဲထိုးမိတော့မည်။ ပြီးရင် စပါယ်ယာအဆိုးပဲ ဖြစ်ဦးမည်။ လူတွေက သည်လိုပါပဲ။ စပါယ်ယာက သဘောကောင်းတော့လည်း ခရီးသည်တွေက ဆိုးချင်သည်။ မိန်းမ မီးပူမတိုက်အား၍ တိုက်မပေးလိုက်သော ယူနီဖောင်းရှပ်လက်တိုအပြာကို လက်ဖြင့်ဆွဲဆန့်ရင်း ကားနောက်ပေါက်ကတက်သော ခရီးသည်များထံ ကားခတောင်းရန် ပြင်လိုက်သည်။

“ဟေ့လူ ခင်ဗျား မေ့ချင်ယောင်ဆောင်နေသလား၊ ကျုပ် ငါးရာတန် ပေးလိုက်တာ။ နှစ်ရာပြန်အမ်းဦး”

ကလေးအဖေက ပိုက်ဆံမရှိလို့ မဟုတ်၊ ငါးရာတန်တောင် ပေးထားသေးတာ၊ ကလေးနှစ်ယောက်စာသာ မပေးချင်လို့ ကပ်သပ်နေခြင်း ဖြစ်လေသည်။ ကျွန်တော် ဘာမှ ပြန်ပြောမနေတော့။ ခုနက မိန်းမကြီးပေး သွားသော လက်ထဲက နှစ်ရာတန်တစ်ရွက်ကို အမ်းပေးလိုက်သည်။ 

“ခင်ဗျားဗျာ အတော်မိုက်ရိုင်းပါလား၊ ခင်ဗျားနှစ်ရာတန်ကိုလည်းကြည့်ဦး၊ ဒီလောက် ထက်ခြမ်းကြီးပြဲနေတာကို တိတ်နဲ့ ကပ်ထားတာ၊ ပြန်လဲပေးဗျာ”

ဟာ….၊  ဒီလူ အတော်လွန်ပါလား၊ ပေးတဲ့သူတွေကလည်း ဒီငွေတွေပဲ ပေး၊ သုံးတဲ့သူတွေကလည်း ဒီငွေတွေပဲ သုံး၊ ဒီငွေတွေပဲ လည်ပတ်နေရတဲ့ဟာ၊ ကျွန်တော် တော်တော်လေး စိတ်ပျက် လက်ပျက်ဖြစ်သွားရသည်။ မတတ်နိုင်ပြန်ပါ။ ကျွန်တော့်လက်ထဲက အသစ်ဆုံးဖြစ်မည်ထင်ရသော တစ်ရာတန် ၂ရွက်ကမ်းပေးလိုက်သည်။ 

မျက်စေ့ထဲမတော့ နှစ်ရာတန်အပြဲကြီးကို စေတနာဗလပွနှင့် ပေးသွားသော စေတနာရှင်မိန်းမကြီးကိုသာ
 ပြေးမြင်မိတော့သည်။

အေးလေ ဒီငွေတွေပဲ သုံးနေရတာကို.... 

မိန်းမကြီးအလွန် မဟုတ်။ ကျွန်တော်လည်း မလွန်၊ ထိုလူလည်း နည်းနည်းတော့ လွန်သည်ဆိုပေမဲ့ လွန်တော့ မလွန်…..။


12 comments:

linn said...

မချစ်ရန်ကုန်လာလိုက်တာ လိုင်းကားစီးတဲ့ အတွေ့အကြုံတွေ ရသွားပြီပေါ့…

ချစ်ကြည်အေး said...

လင်း ဟုတ်တယ်။ မချစ် လိုင်းကားလိုက်စီးပြီး စပါယ်ယာပြောတာတွေ ဖုန်းနဲ့ ရက်ကော့ဒ်လုပ်ထားတာ။ (နောက်မှ စဉ်းစားမိတာ၊ အဲလို မသိအောင် အသံဖမ်းထားတာ သင့်တော်ရဲ့လားလို့ :P ) တိုက်တိုက်ဆိုင်ဆိုင်ပဲ မမျှော်လင့်ဘဲ ဇာတ်လမ်းတစ်ပုဒ် ရခဲ့တား)

SHWE ZIN U said...

လွန်တာကတော့ လူဖြစ်လာတဲ့ ကိုယ့်အမှား ဟဲ ဟဲ

ချစ်ကြည်အေး said...

အစ်မ ဇင်း)))

မိုးငွေ့........ said...

:))

Thain Garra said...

ရန်ကုန် မရောက်တာ ကြာတော့ ... လူကြပ်ကြပ် ၊ ကားကြပ်ကြပ်တွေ မကြုံရတာ ကြာပေါ့ ... :)

San Htun said...

လူတွေကြပ်..ကားတွေကြပ်..အဲဒါ ရန်ကုန်...း)
ရန်ကုန်မှာ ဘတ်စ်တိုးစီးခခဲ့ရတာတွေ သတိရသွားတယ်..
ခုတလော ပို့ စ်တွေက တိုတိုလေးနဲ့  ထိတယ်...

ညီလင်းသစ် said...

အချီအချ ပြောနေကြတဲ့ စကားတွေကို ဖတ်ကြည့်ကတည်းက တကယ့်အဖြစ်အပျက်ပဲ ဖြစ်ရမယ်လို့ စိတ်ထဲမှာ သိနေပြီးသား အစ်မချစ်ရ... အဟဲ၊း)
အခုတော့ ကုန်ကြမ်းတွေကို တကူးတက လိုက်ရှာစရာ မလိုတော့ဘဲ သူတို့က ကိုယ့်ဆီ ပြေး,ပြေးဝင်ဆောင့်တဲ့ အရပ်ကို ရောက်နေပြီပေါ့လေ...။းD

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) အစ်မကြီးရန်ကုန်ရောက်နေတာကိုး
စာရေးဖို့ ကုန်ကြမ်းအပြည့်ပြန်သယ်သွားနိုင်ပါစေဗျား)

Phyo Maw said...

စလုံးက ကားတွေမှာ ကားမောင်းသူကို insult မလုပ်ဖို့ မနှစ်လောက်က စပြီး စာသားတွေ ပုံတွေကပ်လာတာ သတိထားမိတယ်။ အလုပ်ဟာ အလုပ်ပဲဖြစ်လို့ လူပုဂ်ဂိုလ်ကို ထိရောက်တာမျိုး မပြုကျင့်စေချင်တာမျိုး ဖြစ်မယ်။
ကားစီးတဲ့သူကော ယာဉ်နောက်လိုက်ကော ၂ ဖက်စလုံးက ၁ ခုခုကြောင့် အဆိုးဘက်ရည်ရွယ်တဲ့ စိတ်ကူးနဲ့ ဆက်ဆဲ့တတ်တဲ့ မြန်မာပြည်က အခြေအနေမျိုးတော့ နောက်ပိုင်းမှာ မဖြစ်စေချင်ရိုးအမှန်ပါ။ ခုထက်ထိတော့ ကားစီးချင်ရင် ဘယ်လိုဘာ ဆိုတဲ့ စည်းကမ်းတကျ ထွက်လာတာမျိုး မကြားမိသေးဘူး။ ကလေး ဘယ်လောက်အရပ်ရှည်ရင် ပိုက်ဆံပေးရမယ် အထုပ်ကို ဘယ်ဆိုဒ်အထိဆို သယ်လို့ရတယ် ဆိုတာမျိုး ဒါမျိုးပြောရတာ မြန်မာပြည်အတွက် လောလောဆယ် သိပ်များ စိတ်ကူးဆန်နေမလား မသိဘူး။ 

khayayphyu said...

လွန်တာက အမချစ်

အမ်တီအန် said...

ဟယ်... အသံဖမ်းပြီး ကုန်ကြမ်းယူနေတာ ဆိုတော့....
အင်း... အပြောအဆို ဆင်ခြင်မှ... :)
နှစ်သက်စရာ ၀တ္တုပါးပါးလေးပါ..အစ်မချစ်...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်