Saturday, August 31, 2013

ဘလော့ဂ်ဒေးအမှတ်တရ

ကျွန်မ ဘလော့ဂ် စရေးဖြစ်တာက နိုဝင်ဘာ ၂၀၀၉မှာ။ ပြောရမယ်ဆိုရင် အဲဒီအချိန်က ဘလော့ဂ်ခေတ်ဦးရဲ့ အနှောင်းပိုင်းကာလ၊ ဘလော့ဂ်ခေတ်လယ်ရဲ့ အစလို့ ပြောရင်ရမယ်ထင်ရဲ့။  သူများတကာ စီနီယာဘလော့ဂ်ဂါတွေ မောလို့ ခဏနားနေချိန်မှာမှ ကျွန်မက ငါဟဲ့ ဘလော့ဂ်ဂါဖြစ်တော့သကိုး  ထလုပ်နေသူ။ ကျွန်မ ဘလော့ဂ်ဖွင့်ပြီး စာရေးဖို့ အဓိက ကူညီခဲ့သူ ချစ်သူငယ်ချင်းလေး သက်ဝေကို ကျေးဇူးစကား ထပ်ပြောပါရစေ။ ကျေးဇူးစကားပြောပြီးသကာလ မိုက်ဖော်မိုက်ဘက်တစ်ယောက်တိုးလာခြင်းဆိုတဲ့ ပိုစ့်နဲ့ သူ့ဘလော့ဂ်မှာ သူ မိတ်ဆက်ပေးတော့မှ ငါ့နှယ် မိုက်မဲဖို့ရာ မီးလောင်ရာလေပင့်သူနဲ့မှ ပေါင်းမိပဟရယ်လို့ ကျိန်ဆဲမိရတော့တယ်။ သို့သော် ကောင်းသောမိုက်မဲခြင်းပေမို့ အွန်လိုင်းမှာ ဘလော့ဂ်ဖွင့်ပြီး စာရေးခဲ့တဲ့အဖြစ်ကို ခုထိ ကြေနပ်နေမိတာပဲ။

အားလုံးသိကြတဲ့အတိုင်း ဘလော့ဂ်ဂါဆိုတဲ့ လူအမျိုးအစားဟာ ဝဋ်ကြီးလို့သာ ဖြစ်လာကြတာ။

"ကမ္ဘာပေါ်မှာ
ဘယ်အရာကိုမဆို ညာလို့ရပေမယ့်
အစာအိမ်ကို ညာလို့မရတဲ့အကြောင်း ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး….တဲ့"

မစဉ်းစားခြင်းသေတ္တာမှာ မောင်ချောနွယ်က အဲဒီလို ဆိုခဲ့တယ်။

သတိရမိသေးတယ်။ ကျွန်မ ဘလော့ဂ်စရေးကာစက နေ့ရောညပါ ဘလော့ဂ်ထဲပဲ စိတ်ရောက်နေမိတာ။ သူများတွေ ဘာတွေဘယ်လိုရေးကြသလဲ သွားကြည့်ရ၊ ကော်မန့်သွားရေးရ၊ ကိုယ့်ဆီ လာရေးတဲ့ ကော်မန့်လေးတွေ ဖတ်ရင်းနဲ့လည်း ပျော်ရနဲ့။ ဘလော့ဂ်အဝန်းအဝိုင်းထဲ စိတ်ရှိလက်ရှိ စီးမျောနေလိုက်တာ။ တကယ့်ကို ထမင်းမေ့ ဟင်းမေ့။ ကျွန်မတို့ဘလော့ဂ်ဂါတွေက အစာအိမ်ကို ညာလို့ရခဲ့ကြသူများလို့တောင် ပြောရင်ရနိုင်မယ်။ တစ်ပြားမဝင်တဲ့ ဘလော့ဂ်ဂါဆိုတာကို ခုံခုံမင်မင် အိပ်ချိန်စားချိန်တွေထဲကဖဲ့လို့ ဇော်ဂျီတွေလို ဖိုရ်ဝင်စားခဲ့ကြတာ။

ဘလော့ဂ်မှာရေးကြတဲ့ စာတွေက သုတ ရသ ကဗျာ အက်ဆေး ဝတ္ထုတို နည်းပညာ စုံလို့ပါ။ တစ်နေ့တစ်နေ့ ဘလော့ဂ်ပေါင်းစုံသွားပြီး ဖတ်ရတာကိုက ဘယ်လိုမှ မရိုးနိုင်အောင်ပါပဲ။ ကျွန်မက စာရေးခြင်းကို ဝါသနာပါသူ မဟုတ်ခဲ့သလို ငယ်စဉ်ကတည်းက စာဖတ်နာသူလည်း မဟုတ်ခဲ့ပါဘူး။ စာရေးသူဖြစ်ဖို့ ရည်ရွယ်ချက်လည်း နည်းနည်းမှ မရှိခဲ့သူပါ။ ဒီတော့ ကျွန်မကို ခြေချော်လက်ချော်ဘလော့ဂ်ဂါ ဖြစ်ခဲ့သူလို့တောင် ပြောရင် ရပါတယ်။ ဘလော့ဂ်ရေးဖြစ်ခဲ့တဲ့ မူရင်းရည်ရွယ်ချက်က ကျွန်မတို့လို အလုပ်လုပ်နေရသူတွေမှာရှိတတ်တဲ့ စိတ်ဖိအားကို ပြေလျော့စေ ချင်တာပါပဲ။ သူတို့ကို တစ်နေ့တာ အလုပ်ခွင်ကအပြန်မှာ ရယ်မောလိုက်စေချင်တယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေပဲ စပြီး ရေးဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ စိတ်ထဲရှိတာလေးတွေ အရိုးခံ ချရေးဖြစ်ခဲ့တာ။ ရေးတိုင်းလည်း လက်က သွက်လက်ပေါ့ပါးပြီး စီးမျောနေခဲ့တာ။ ကိုယ်တိုင်လည်း သိပ်ပျော်ခဲ့ပါတယ်။

စာအသစ်တစ်ပုဒ်တင်လိုက်လို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာဖတ်သူတွေကို Feedjit ကနေ ထိုင်ကြည့်နေရတာကို ကျွန်မ တကယ်ပျော်ပါတယ်။ အဲဒီအပျော်တွေကပဲ ဘလော့ဂ်ရေးခြင်းဆိုတဲ့ အလေ့အကျက်နဲ့ ကျွန်မကို ပူးချည်ပေးလိုက်တာပါ။ တစ်ပတ်ကို ၃-၄ပုဒ်လောက် ရေးဖြစ်ခဲ့တယ် ဆိုပါတော့။ 

နောက်ပိုင်းမှာ ကျွန်မစာလေးတွေကို လာဖတ်ကြသူတွေထဲက အကြံပေးချက်အရရော၊ ကျွန်မကိုယ်တိုင် စာရေးနယ်ချဲ့ချင်တာရောကြောင့် မဂ္ဂဇင်းစာမျက်နှာတွေဆီ ပို့ဖြစ်ခဲ့ရာက ကျွန်မစာလေးတွေ ဟိုမှာဒီမှာ မြင်လာရတဲ့အခါ ပိုပြီး ပီတိဖြစ်လာရသလို စာရေးရတာ တာဝန်ပိုကြီးလာသလို ခံစားလာရပါ တယ်။ နောက်ပိုင်းတော့ ရေးရတာ တာဝန်ယူမှုဆိုတာကြီးက ခေါင်းပေါ်ရောက်နေသလိုမို့ အကြည်ဓါတ်ရော အရိုးခံဟန်ပါ ပါးလျလာသလိုလိုပါ။

ဘလော့ဂ်ရေးသက် ၄နှစ်နီးပါးရှိလာတဲ့အခါမတော့ ရေးအားက သိသိသာသာကျလာပါတယ်။ တစ်ပတ်ကို တစ်ပုဒ်တောင်မှ မှန်မှန်မရေးနိုင်ခဲ့တော့ပါဘူး။  အဓိကအကြောင်းရင်းက ပျင်းလာတာလို့ပဲ လွယ်လွယ်ပြောပါရစေ။ နောက်တစ်ခုက ဖေ့စ်ဘုတ်မှာ အနေများပြီး နှုတ်တင်တဲ့ အလေ့အထ၊ စတေးတပ်စ်တင်တဲ့ အလေ့အထတွေကြောင့်လည်း ပါပါမယ်။ အဲဒီမှာက ရွာရိုးကိုးပေါက် လျှောက်သွားစရာမလိုဘဲ HOME ဆိုတဲ့ နေရာမှာတင် လူစုံတက်စုံ၊ ခံစားချက်အစုံ၊ ပေါက်ကွဲသံအစုံ မြင်ရ တွေ့ရ ကြားနေရတာကိုး။ တစ်ယောက်နဲ့ တစ်ယောက် ချက်ချင်း ဆက်သွယ်ပြောဆိုနေကြရတာမို့ ဘလော့ဂ်ထက်ပိုပြီး မြန်ဆန် မြင်လွယ်တဲ့ နေရာပါ။ ဒါကြောင့် ဘလော့ဂ်ထက် အရောင်အသွေးပိုစုံတဲ့ ဖေ့စ်ဘုတ်မှာ ဘလော့ဂ်ဂါတွေ အနေများပြီး ခုံမင်ပျော်ရွှင်နေ ကြပုံပါပဲ။ ဘာပဲပြောပြော ဘလော့ဂ်ရော ဖေ့စ်ဘုတ်မှာပါ သူ့အားနည်းချက်၊ အားသာချက်တွေကိုယ်စီ နဲ့ရယ်ပါ။ အဲဒီနှစ်ခုကြား အချိန်မျှနိုင်ရင် အကောင်းဆုံးပါပဲ။

ဘလော့ဂ်ရေးနေတဲ့ သက်တမ်းတစ်လျှောက်မှာ ပုံတွေ၊ စာတွေ ခိုးသုံးခံရတဲ့အဖြစ်မျိုးလည်း ကြုံဖူးခဲ့ပါတယ်။ ကျွန်မနည်းတူ တခြားသော ဘလော့ဂ်ဂါတွေလည်း ကြုံဖူးကောင်း ကြုံဖူးမှာပါ။ ခိုးသုံးသူတွေက နင့်စာတွေက ဘယ်လောက်များ ပေါက်နေတဲ့ စာတွေမို့လို့လဲ၊ ငါတို့ ယူသုံးပေးလို့ လူတောင် ပိုသိ၊ ပိုဖတ်မိဦးမယ်ဆိုတဲ့ အထာနဲ့ ဟောက်စားတဲ့အခါမျိုးလည်း တိုးခဲ့ဖူးပါရဲ့။

စာရေးပြီး ဘလော့ဂ်မှာ တင်တယ်ဆိုကတည်းက လူတွေဖတ်စေချင်လို့ဆိုတာ ပြောနေစရာတောင် မလိုတာပါ။ ပြန်လည် ဝေမျှပါသည်ဆိုတဲ့ ပုံစံမျိုးလေးနဲ့သာဆို ဘယ်လောက်လှပလိုက်မလဲ။ အဲသလိုမှ မဟုတ်ဘဲ ခွင့်မတောင်းတဲ့အပြင် ယူသုံးပြီးမှ သူတို့ကိုပဲ ကျေးဇူးတင်ရမလို အချိုးနဲ့ဆိုတော့ အတော်လေး ရင်ခံခဲ့ရတာ။ လူတွေကိုက ခိုးသုံးတာနဲ့ ပြန်လည်မျှဝေသည်ဆိုတာကို မကွဲပြားကြတာလား ကျွန်မ မပြောတတ်၊ မပြောချင်တော့ပါ။

ဓါတ်ပုံတစ်ပုံ စာတစ်ပုဒ်ဖြစ်လာဖို့ ဘယ်လောက်အားထုတ်ရတယ်ဆိုတာ ကျွန်မတို့ ဘလော့ဂ်ဂါတွေ အသိဆုံးပါ။ ဒါပေမဲ့ စာမျက်နှာကို သော့ခတ်လည်း မထားချင်တာမို့ ဒီအတိုင်းပဲ ကြည့်နေမိရင်း သူများရေးပြီးသားကို အလွယ်တကူလေး ကော်ပီ ပေ့စ်လုပ်ပစ်လိုက်တတ်တဲ့ ကျေးဇူးရှင်ကြီးတွေ ကျန်းမာပါစေလို့ ဆုတောင်းနေရုံပဲ တတ်နိုင်ပါတော့တယ်။ 

ဒါကတော့ ရှေ့ဆက်လည်း ကြုံနေရဦးမှာပါ။ စာခိုးသူ ငတက်ပြားတွေရင်ထဲ ကိုယ်ချင်းစာတရားဆိုတာ မရောက်သရွေ့၊ ခပ်လွယ်လွယ်လူညွန့်ခူးစားချင်သူတွေ ရှိနေသရွေ့တော့ ကြုံနေရဦးမှာ။ အရေးကြီးတာက ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ ဆိုတဲ့ စိတ်နဲ့ပဲ ရှေ့ဆက်လျှောက်ကြရုံ။

ကျွန်မအနေနဲ့ ဘလော့ဂ်ခေတ်ဦးပိုင်းတွေ ခေတ်လယ်ပိုင်းတွေ နောက် ခု လက်ရှိ ဘလော့ဂ်တွေ ဆွံအလာတဲ့ခေတ်နှောင်းပိုင်းတွေ အဲဒါတွေနဲ့ ပါတ်သက်လို့ ကိန်းဂဏန်းပိုင်းဆိုင်ရာတွေနဲ့တကွ ဘာမှ သတ်သတ်မှတ်မှတ် ပြောစရာမရှိပါ။  ကျွန်မထက်ပိုစီနီယာကျသူတွေ မှတ်မှတ်ရရရှိသူတွေ ပြောကြ ပါလိမ့်မယ်။ ခေတ်စနဲ့ ခေတ်လယ်မတူ၊  ခေတ်လယ်နဲ့ ခေတ်နှောင်းမတူတာကိုက အရွေ့ခေတ်ကြီးထဲမှာ ကျွန်မတို့ နေထိုင်နေတယ်ဆိုတာကို သတိကပ်စေတယ်မဟုတ်လား။

 ပြောင်းတာ ကတော့ ပြောင်းလဲနေရ မှာပါပဲ။ အကောင်းအဆိုး အတက်အကျ ဘယ်လားရာဆီကို ဦးတည်နေတယ်ဆိုတာကတော့ ဘလော့ဂ်အဝန်းအဝိုင်းထဲမှာ နေထိုင်၊ ဘလော့ဂ်ရေးခြင်း အမှုကို ပြုနေကြတဲ့ ကျွန်မတို့ ဘလော့ဂ်ဂါတွေ ဘယ်လို ပုံဖော်ကြမယ်၊ အရွေ့ကို ဘယ်လို ဦးတည်ဇောင်းပေးမယ်ဆိုတာနဲ့သာ သက်ဆိုင်ပါလိမ့်မယ်။

ဘလော့ဂ်တွေ သေခြင်း၊ ရှင်ခြင်းဟာ ဘလော့ဂ်ဂါတစ်ဦးချင်းစီရဲ့ မိမိကိုယ်ပိုင်ဘလော့ဂ်အပေါ် ကျန်းမာရေးစောင့်ရှောက်မှု၊ ဘယ်လိုစာမျိုးတွေ ရေးပြီး ဘယ်လိုဆေးမြီးတိုနဲ့ ကုသမယ်ဆိုတဲ့ တာဝန်ယူမှုအပေါ် တစ်စိတ်တစ်ပိုင်း တည်မီနေပါတယ်။ 

ဒီတော့ ကျွန်မတို့ ဘလော့ဂ်လောကကြီး ကျန်းမာရေးအတွက် အတန်ကြာပစ်ထားတဲ့ ကျွန်မတို့ ဘလော့ဂ်လေးတွေကိုယ်စီကို ပြန်လည်ရေလောင်းပေါင်းသင်ကြပါ၊ ဘလော့ဂ်ရွှေခေတ်နောက် တစ်ကြိမ် ပြန်လည် ညွန့်ဖူးဝေဆာလာနိုင်ဖို့ အားထုတ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဒီပိုစ့်လေး ရေးဖြစ်ဖို့ သတိတရ တက်ဂ်လာတဲ့ ကိုရန်အောင်ကို ကျေးဇူးတင်ပါတယ်။ သူမှ တက်ဂ်မလာရင် ဒီနေ့အဖို့ အမှတ်တရစာ ကျွန်မ ရေးဖြစ်လိမ့်မယ် မထင်ဘူး။

 

14 comments:

မဒမ်ကိုး said...

စာတွေအများကြီးဆက်ရေးသွားနိုင်ပါစေမမ

ညိုလေးနေ said...

Happy Belated Blog Day A Ma Chit !

ရွှေအိမ်စည် said...

နောက်ပိုင်းတော့ ရေးရတာ တာဝန်ယူမှုဆိုတာကြီးက ခေါင်းပေါ်ရောက်နေသလိုမို့ အကြည်ဓါတ်ရော အရိုးခံဟန်ပါ ပါးလျလာသလိုလိုပါ။

ဟုတ်တယ် မမချစ်...။ အဲဒါကြီးက ၀န်ကို ပိစေတယ်..။
ဘလော့ဂ်ရေးရတာ သိပ်စိတ်ပေါ့ပါးတယ်..စိတ်ချမ်းသာတယ်..။
စာတွေအများကြီးဆက်ရေးနိုင်ပါစေ မမချစ်
ဟက်ပီးဘေလာ့ဂ်ဒေးးး ရယ်ပါ :) :)

ချစ်သော

Yan said...

ရေးပေးတဲ့အတွက် သိုင်းကျူးပါ မချစ်ရေ. Blog Digest မှာ ရှဲဖို့ တစ်ခါတည်း ယူသွားပါတယ်။ :)

Yan.

လသာည said...

မချစ်.. ဟက်ပီးဘလော့ဂ်ဒေး!

စာတွေအများကြီး ဆက်ရေးနိုင်ပါစေ။ ကျန်းမာရွှင်လန်းပါစေ...။

တကယ် လွမ်းစရာတွေ ပါ မရယ်။

Kay Thwel said...

ဟ...ဟ... အဲဒီ ၂ယောက်လုံး ရေးကာစ က.. ဟိုလိုလို ဒီလိုလို.. နာမယ်အသစ်ကလေးတွေနဲ့ ရေးကြတာ...

ဒီကလည်း ပြောလိုက်တာနဲ့..ကိုယ့်အသိ တွေမှန်း တန်းသိတာပဲ...။း)

သက်ဝေ said...

စာတွေအများကြီး ဆက်ရေးကြတာပေါ့ ချစ်ရေ.... <3

ညီလင်းသစ် said...

တခါတလေမှာ ကိုယ်ကိုယ်တိုင် စိတ်မပါလို့ မရေးတော့ပါဘူးလေ ဆိုပြီး နေကာမှ အခုလို တက်ဂ်ပို့စ်လေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ပြန်ပြီး ထိန်းညှိ၊ ဆွဲခေါ်ကြတဲ့ ဓလေ့လေးက ချစ်ဖို့ ကောင်းပါတယ်...၊

ဘလော့ဂ်နေ့မှာ ဘလော့ဂါတစ်ယောက် ဖြစ်တဲ့ အစ်မချစ်ဆီက စာတစ်ပုဒ် ဖတ်ရလို့ ဝမ်းသာမိပါတယ်၊ ကျန်းမာသော ရုပ်ခန္ဓာ၊ လွတ်လပ်သော စိတ်ဝိညာဉ်နဲ့အတူ စာတွေ ပေါ့ပါးစွာ ဆက်ပြီး ရေးနိုင်ပါစေကြောင်းပါ အစ်မချစ်ရေ...။

ဆုမြတ်မိုး said...

Happy Blog Day ပါ တီချစ်ကြည်း)
ဆုမြတ်ဘလော့လေးကိုအသက်ရှည်အောင် စာတွေဆက်ရေးဖြစ်အောင် ကော့မက်တွေ၊ အားပေးစကားတွေ အများကြီးပေးခဲ့သူမို့ အမြဲအမှတ်တရ ကျေးဇူးတင်နေမှာပါး)

ချစ်ခင်လျက်
ဆုမြတ်

Thain Garra said...

Blogging ထဲမှာ ... Blogger တစ်ယောက် အဖြစ် ရပ်တည်ရတာ ... တကယ့် ကို ... မလွယ်တာပါ ... ၀ါသနာပါတာ သက်သက် နဲ့ လုပ်ရတာပါပဲ ... တကယ် လုပ်ဖြစ်ခဲ့ကြတဲ့ ... Blogger အပေါင်းကို တကယ် ပဲ ဦးညွတ်မိပါတယ် ခင်ဗျာ ...

တန်ခူး said...

ဒီစာကိုဖတ်ပြီး ကိုယ့်ဘလော့လေးကို ရေလောင်းပေါင်းသင်ဖို့ သတိရသွားတယ် မ ရေ. ကျေးဇူးပါ

ရင်လှိုင်းခတ်သံ said...

မကြီးချစ် ဆက်ပြီး မိုက်နိုင်ပါစေနော်။ ဒီနေ့ လေးက ပျော်ဖို့ ကောင်းတယ်နော်။ အပျော်တွေ ကူးစက်လာတယ်။ တို့ လည်းမိုက်တတ်ချင်လိုက်တာနော်။

An Asian Tour Operator said...

စာတွေ အများကြီးဆက်ရေးနိုင်ပါစေ အစ်မချစ်ရေ.. တကယ်ဆို အစ်မချစ်က ကွာလတီဘလောက်ဂါ :)

San Htun said...

Happy Belated Blog Day !
မမချစ် စာတွေ အများကြီး ရေးနိုင်ပါစေ...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်