Friday, July 5, 2013

မောင်နဲ့အတူ ကျွန်မကို….(အပိုင်း-၂)

(ဂ)

ကျွန်မတို့ ဘလော့ဂ်ဂါတွေမှာ Tag game လို့ခေါ်တဲ့ အကြောင်းအရာတူခေါင်းစဉ်တစ်ခုကို ကိုယ်ရင်းနှီးချစ်ခင်တဲ့ ဘလော့ဂ်ဂါတွေကို ကိုယ်မြင်တဲ့၊ ခံစားရတဲ့ ရှုထောင့်ကနေ တစ်ယောက်တစ်ပုဒ်စီ ရေးပေးခိုင်းကြတာမျိုး လုပ်လေ့ရှိတယ်။ ခုလည်း ခင်မင်ရတဲ့ ဘလော့ဂ်ဂါ ညီမငယ်တစ်ယောက်က အချစ်အကြောင်းဆိုတဲ့ တော့ပစ်ကို တက်ဂ်လုပ်ပြီး ရေးပေးဖို့ ပြောလာတယ်။ သူ တက်ဂ်ထားတဲ့သူတွေစာရင်းထဲမှာ ခန့်လည်းပါနေတာမို့ ခန့် အချစ်ကို ဘယ်လိုများ ပုံဖော်မလဲရယ်လို့ ကျွန်မ သိချင်နေခဲ့မိတယ်။

ခန့်ဆီက အချစ်အကြောင်းဆိုတဲ့ ပိုစ့်အသစ် တက်တက်လာချင်းပဲ ကျွန်မ သွားဖတ်လိုက်မိတယ်။ ခန့်က ချစ်ခဲ့ဖူးတာကိုး။ ချစ်နေတုန်းလို့ဆိုရင်လည်း ပြောလို့ရလောက်တယ်။ ဒါပေမဲ့ ကျွန်မသိတယ်၊ ခန့် သံယောဇဉ်နှောင်ဖွဲ့ ရေးထားခဲ့တာတွေက ကျွန်မ မဟုတ်တဲ့ တစ်ခြားတစ်ယောက်ဆိုတာ။ ခန့်ရယ် ကျွန်မ ဘယ်လိုနားလည်ရမလဲဟင်။ ဝမ်းနည်းစိတ်တွေနဲ့ ကျွန်မ မျက်ရည်ကျမိတယ်။ ဒါဆိုလည်း ဘာကြောင့် ကျွန်မကို….။ ကျွန်မ နားမလည်ဘူး၊ နားမလည်နိုင်ပါဘူး ခန့်ရယ်၊ ခန့် ရက်စက်လွန်းပါတယ်။ တော်ပါတော့ တော်ပါတော့နော်၊ ကျွန်မအပေါ် သိပ်နူးညံ့ချိုသာ မနေပါနဲ့တော့လားဟင်။ ကျွန်မက အများအမြင် အပေါ်ယံမှာသာ မာကြောနိုင်သူရယ်…

စိတ်က မသိလိုက်ခင်မှာပဲ ကျွန်မလက်က ခန့်ဖုန်းနံပါတ်ကို ရှာပြီး ဖြစ်နေတယ်။ call ဆိုတဲ့ အစိမ်းရောင်ဖုန်းပုံနဲ့ ခလုတ်လေးကို နှိပ်တော့မဲ့ဆဲဆဲ။ မျက်ရည်တွေက ကျလာပြန်တယ်။ ဟင့်အင်း ကျွန်မ ရုတ်တရက် ဖုန်းကို ပိတ်ချလိုက်တယ်။ မခေါ်ရဲဘူး၊ မခေါ်ရဲပါဘူး ခန့်ရယ်….၊ အဖျားတွေတက်နေတုန်းက တုန်ခိုက်နေတဲ့ခန့်အသံကို ကြားပြီးခဲ့တဲ့နောက် ခန့်အသံကို အခါခါ ကြားချင်နေမိတာ၊ လွမ်းဆွတ် သတိရစိတ်တွေနဲ့ ဖုန်းခေါ်လိုက်ဖို့ ကြိုးစားမိတာ အခါခါရယ်လေ။

တိုက်ဆိုင်စွာပဲ မင်းခန့်စည်ဆိုတဲ့ နာမည်ဘေးမှာ မီးစိမ်းကလေးတစ်ပွင့် ပွင့်လာတာ မြင်လိုက်ရတဲ့အခါ ကျွန်မလက်တွေက ဘယ်လိုမှ ထိန်းမရနိုင်တော့ဘူး။ 

2:52 PM me: ခန့် နေကောင်းလား
2:52 PM Min: မချိုသွေး ကောင်းပါတယ်ဗျ ကျွန်တော် အလုပ်တွေ များနေလို့ပါ
2:53 PM me: ဟုတ်လား ခန့်ရေးထားတဲ့ အချစ်အကြောင်းလေ ကျွန်မ သွားဖတ်ပြီးပြီ
2:53 PM Min: အော် ဟားဟား ဟုတ်လား မချိုသွေး၊ ဘယ်လိုနေလဲဗျ
2:54 PM me: အင်း ကောင်းပါတယ် ခန့်ရဲ့

ကျွန်မ ဘာဆက်ပြောရမယ်မှန်း မသိတော့သလို ခန့်ဘက်ကလည်း တိတ်ဆိတ်လို့၊ ခဏနေတော့မှ… 

3:01 PM Min: ကျွန်တော် အပြင်သွားတော့မယ် မချိုသွေး၊ ဂရုစိုက်နော် 

ခန့်ရယ်၊ ကျွန်မကဖြင့် ခန့်နဲ့ စကားပြောလို့တောင် မဝသေးဘူးရယ်…။ နေပါဦး၊ နေပါဦးလားဟင်၊ ကျွန်မနဲ့ စကားတွေ ပြောနေပါဦးလားရှင်….ခန့်ဟာ စိမ်းတောက်နိုင်လွန်းလိုက်တာ… 

သံယောဇဉ်ဆိုတာ ခန့်အတွက် မသိကောင်းတဲ့အရာများလား ခန့်ရယ်။ မင်းခန့်စည်ဆိုတဲ့ မီးစိမ်းလေး လင်းနေရာက မီးခိုးရောင်ဖျော့လေး မှိန်သွားတာကိုကြည့်ငေးရင်း ကျွန်မ မျက်ရည်ကျခဲ့မိတယ်။ ရှင် မသိပါဘူး ခန့်ရယ်။ ဒါတွေကို ရှင် မသိခဲ့ပါဘူးလေ။ ရှင်နဲ့ ပတ်သက်ရင် ကျွန်မက ကျွန်မ မဟုတ်သလို ပျော့ညံ့လွန်းလှတာရယ်…

ဖုန်းမြည်လာလို့ ကြည့်လိုက်တော့ ကိုမင်းမြတ်၊ သူက ကျွန်မမိဘတွေ သဘောကျတဲ့သူ။ တစ်နေ့မှာ ကျွန်မနဲ့ လက်ထပ်ဖို့ စီစဉ်ပေးကြတော့မဲ့သူ။ သူ့ဖုန်းကို ပြန်မဖြေဘဲ အသံကို တိုးချလိုက်ပြီး လူက အိပ်ယာထဲ နှုံးခွေချလိုက်မိတယ်။ ကျွန်မ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး ခုချိန်မှာ၊ ခန့်ရယ် ရှင်က လွဲလို့ပေါ့။ ကိုမင်းမြတ်ကို ကျွန်မ ဘယ်လိုမှ ခံစားလို့ မရဘူး။ မိဘသဘောကျတဲ့လူကို တာဝန်တစ်ခုလို ဝတ်ကျေတန်းကျေလက်ခံခဲ့မိတုန်းကလည်း  ကျွန်မရင်ထဲမှာ အေးဆေးနေခဲ့တယ်။ လက်ရှိရည်းစားကို “အိမ်က ပေးစားသူကို လက်ခံလိုက်ပြီ၊ ကျွန်မကို မေ့လိုက်ပါတော့” လို့ လွယ်လွယ်ကူကူပဲ ပြော ထွက်ခဲ့တာ။ 

ချစ်ခဲ့ဖူးပေမဲ့ ကျွန်မစိတ်လက် ပေါ့ပါးနေခဲ့တာ။ တကယ့်အချစ်ဆိုတာကို မခံစားခဲ့ရလို့ ထင်ပါရဲ့။ တကယ့်အချစ်ဆိုတာကရော ရှိလို့လား၊ ကျွန်မ သံသယရှိခဲ့တယ်။ မထင်ခဲ့ဘူးလေ ခန့်ရယ်။ ကျွန်မဘဝမှာ လူတစ်ယောက်အပေါ် ဒီလောက်ကြီး လေးနက် တွယ်တာမိလိမ့်မယ်ဆိုတာ။ 

ကျွန်မ ဘာဆက်လုပ်ရမလဲ၊ ဘာဆက်လုပ်ရမလဲဟင်။ လူချင်းဝေးလို့ ဓါတ်ပုံတောင်မမြင်ဘူးဘဲ အသံလေးသာ တစ်ခါကြားဖူးခဲ့ရတဲ့ လူတစ်ယောက်အပေါ်၊ ချက်တင်းမှာ စကားတွေပြောဖြစ်ကြ၊ တစ်ယောက်ရေးထားတဲ့စာတွေ တစ်ယောက် သွားဖတ်ကြရုံလေးနဲ့တင်…. ဒီလောက်တောင် ငြိသွားရသတဲ့လား။ ကျွန်မရဲ့ ခင်တွယ်စိတ်တွေကို ကျွန်မကိုယ်တိုင် ကြောက်လန့်နေခဲ့မိပြီ ခန့်ရေ….။ 

သတိရ မနေချင်ဘူး။ ကျွန်မက ရှင့်ကို သတိရ မနေချင်ဘူးတဲ့ ခန့်ရယ်….

(ဃ)

ကံကြမ္မာကပဲ မျက်နှာသာပေးခဲ့တာလား၊ ပိုပြီး နာကျင်စူးနစ်စေမဲ့ မြားတွေကပဲ ကျွန်မဆီ အလုံးအရင်းနဲ့ ဝင်ချလာတာလား…။ ခန့်ရှိနေတဲ့ မြို့ကလေးကို ကျွန်မ အလုပ်နဲ့ တစ်ပတ်သွားနေရမတဲ့လေ။ ခန့်နဲ့ ချက်တင်မှာ ပြောမိတော့ ခန့်က ဝမ်းသာအားရပဲ “ဟာ မချိုသွေး လာပါဗျာ လာပါ ကြိုဆိုနေပါတယ်” တဲ့။

ဖြစ်ချင်တော့ ကျွန်မ လေယာဉ်ချိန်က ခန့် အလုပ်ချိန်နဲ့ ကွက်တိတိုးနေတာမို့ သူ လာမကြိုနိုင်ပါတဲ့။ ဒါပေမဲ့ ညနေ အလုပ်ကဆင်းတာနဲ့ ကျွန်မတည်းခိုရာ ဟိုတယ်ကို လာခေါ်ပြီး ညစာ အတူထွက်စားကြရအောင်နော် ဆိုတဲ့ ခန့်စကားက ကျွန်မအတွက်တော့ စိတ်ကူးနဲ့တင် ရူးချင်စရာ။ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှလည်း မတွေ့ဖူးကြတာမို့ ပိုလို့စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့တယ်။ 

ကျွန်မအလုပ်က မန်နေဂျာနဲ့ စာရင်းကိုင် Mdm Louise bullockတို့ လာကြိုကြပြီး ဟိုတယ်ချက်အင်လုပ်ပေး၊ ပြီးတာနဲ့ ကျွန်မ စာရင်းစစ်ဝင်ရမဲ့ ရုံးခန်းကလေးကို ခေါ်သွားပြကြတယ်။ ညနေမစောင်းခင် ဟိုတယ်ပြန်ပို့ပေးဖို့ ကျွန်မကပြောတော့ why တဲ့၊ သူတို့က ကျွန်မအတွက် ဒင်နာပါ စီစဉ်ထားကြောင်းပြောတာမို့ ကျွန်မမှာ ချိန်းဆိုထားတာရှိနေကြောင်း အားနာနာနဲ့ပဲ ငြင်းရတော့တယ်။ Is that your date ? ဆိုတဲ့ Mdm Louise bullock ရဲ့ စကားကို ကျွန်မ ရှက်ပြုံးလေးနဲ့ ခေါင်းညိတ်ပြလိုက်မိတယ်။

ညနေ…။ ကျွန်မစိတ်တွေ လှုပ်ရှားရလွန်းတဲ့ ညနေချိန်ရောက်ခဲ့ပြီ။ အထူးအထွေ ပြင်ဆင်မနေတော့ဘဲ ဆံပင်တွေကို ဂုတ်ဝဲအတိုင်းချပြီး ဘီးကုတ်လေးနဲ့ နဖူးအပြောင်သပ်တင်၊ ဒူးခေါင်းအောက်နားထိရှည်တဲ့ ဇာအနက်ရောင် ဂါဝန်လေးဝတ်ပြီး ကြိုးသိုင်းဖိနပ်အဖြူလေး ဝတ်လိုက်တယ်။ ကြိုးအရှည်နဲ့ လက်ကိုင်အိတ်အဖြူရောင်လေး လွယ်လိုက်တယ်။ ခန့်မျက်လုံးထဲမှာ ကျွန်မ ကြည့်ကောင်းနေလိမ့်မယ်လို့ မျှော်လင့်လိုက်မိတဲ့အခါ ကျွန်မပါးပြင်တွေ ဗြန်းကနဲ နွေးအောင်ရှက်သွား မိပြန်တယ်။

“ကျွန်တော် နောက် ငါးမိနစ်ဆိုရင် ဟိုတယ်လော်ဘီထဲ ရောက်ပြီနော်၊ ဆင်းစောင့်နေ” ဆိုတဲ့ ခန့်အသံက အမိန့်သံ ဆန်ဆန်ရယ်….။

တကယ်တော့ ကျွန်မက ခန့် ဖုန်းမဆက်ခင်ကတည်းက လော်ဘီထဲ ဆင်းစောင့်နေခဲ့မိတာ…

ဟိုမှာ ဝင်လာတာ ခန့်များလား…။ ခန့်ဆိုတာ သူလား…။ ခန့်က သူလား ဟင်….။ နှစ်စတုန်းက ခွင့်နဲ့အပြန် ပုဂံဘုရားမှာ လူချင်း ဝင်တိုက်မိခဲ့တဲ့ မျက်ဝန်းညိုဟာ ခန့် တဲ့လား။ အဲဒီခဏမှာ ကျွန်မတစ်ကိုယ်လုံး ရှိန်းကနဲ။ လည်ပတ်နေတဲ့ သွေးတွေရဲ့တဖျစ်ဖျစ် အသံကို ကိုယ်တိုင် သိနေကြားနေရသလိုရယ်…

မင်းခန့်စည်…
မင်းခန့်စည်ဆိုတဲ့ယောကျာ်းဟာ ကျွန်မဘဝထဲကို သူ ဘယ်သူဘယ်ဝါပါဆိုတာ သေချာမသိရခင် ကတည်းက ရောက်ရှိနှင့်နေတာ….။ ခန့်ကလည်း မှတ်မိသွားပုံနဲ့ “မချိုသွေး ကျွန်တော်တို့ ဆုံဖူးကြတာပဲနော်၊ ဟာဗျာ ကမ္ဘာကြီးက ကျဉ်းလိုက်တာ” တဲ့လေ။

ခန့်ကားရပ်ထားခဲ့တဲ့ဆီကို လမ်းဖြတ်အကူးမှာ ခန့်က ကျွန်မလက်ကို ကလေးတစ်ယောက်လို ဖျတ်ကနဲ ဆွဲကိုင်လိုက်တာမို့ ကျွန်မနှလုံးသွေးတွေ ဆောင့်တိုးခဲ့ပြန်ပါရော။ ဒူးတွေလည်း မခိုင်ချင်တော့ဘဲ ခန့်ဘေးမှာ ကျွန်မတစ်ကိုယ်လုံး ပျော့ခွေနေလိုက်တာ….။ ခန့်မျက်နှာကို ဘေးတိုက်ခိုးကြည့်မိတဲ့အခါ ခန့်က ပကတိဖြူစင်လို့၊ ဘာအရိပ်အရောင်မှ မရှိဘဲ အဖေက သားငယ်ကို စိုးရိမ်စိတ်နဲ့ လမ်းအကူးလက်တွဲထားသလို…အဲဒါမျိုးထက် မပိုဘူးရယ်။ ခန့်….၊   ခန့်ရယ် ကျွန်မတော့လေ ကိုယ့်သေတွင်းကိုယ် တူးနေမိပြီ ထင်ပါရဲ့….

(င)

“မချိုသွေး လုပ်စရာအလုပ်တွေရှိရင် နေ့လည်ဘက်တွေမှာ ဖြတ်ထားနော်၊ ကျွန်တော်လည်း နေ့လည် ဘက် အလုပ်တွေ ရှိတယ်။ ညနေ ၆နာရီနောက်ပိုင်းတွေ အားထားပါလား၊ ကျွန်တော် လာခေါ်မယ်၊ မချိုသွေး ရှိနေတဲ့အချိန်တွေမှာ ကျွန်တော်တို့ နေ့တိုင်း ညစာအတူစားကြမယ်လေ နော်” တဲ့

ခန့်ရယ်….
ကျွန်မတစ်ကိုယ်လုံး အရည်ပျော်ကျသွားမဲ့ စကားတွေ ရှင်မို့ ပြောတတ်လေတယ်။

ကျွန်မပြုံးပြီး ခေါင်းညိတ်လိုက်တော့ ခန့်က လည်တိုင်ဘေးမှာ ဝဲကျနေတဲ့ကျွန်မဆံပင်တွေကို ကျွန်မကျောနောက် သိမ်းပို့ပေးရင်း “I like you မချိုသွေး” တဲ့။ ဟင် ဒါက ဒါက ဘာသဘောလဲဟင် ခန့်။ ကြိုက်တယ်…၊ ကျွန်မကို ကြိုက်တယ်တဲ့လား ခန့်။ ကျွန်မ နားမလည်ချင်ဘူး။ ကျွန်မက ရှင့်ကို သံယောဇဉ်ရှိနေတာ။ ထပ်ပြောရရင် အဲ့ဒီသံယောဇဉ်ဆိုတာထက်တောင် ပိုချင် ပိုနေဦးမှာ ခန့်ရယ်….
  
ပေါ့ထရိတ်ရိုက်ဖို့ ကင်မရာမှာ  Canon 85mm f/1.8 USM လန်းစ်ကို ပြောင်းတပ်လိုက်တယ်။  အဲဒီအချိန်ခဏကလေးကို ကျွန်မ မှတ်တမ်းတင်ထားလိုက်ချင်လို့ပေါ့ ခန့်ရယ်။ ခန့်ကို ခွင့်တောင်းပြီး ခန့်မျက်နှာ ပေါ့ထရိတ်ပုံကို ရှေ့တည့်တည့် တစ်ပုံ၊ ဘေးတိုက်တစ်ပုံ ရိုက်ယူလိုက်တယ်။ 

  “ကိုယ် မင်းကို ကြိုက်တယ်”လို့  ရှင်ပြောခဲ့တဲ့ အခိုက်အတန့်လေးလေ ခန့်ရဲ့....


ကျွန်မရဲ့ နေ့ရက်တွေမှာ ခန့်အနားရှိနေရတာကို ကျေနပ်ကြည်နူးရင်း ကုန်ဆုံးနေရတာလောက် ပြီးပြည့်စုံတာမျိုး တစ်ခါမှ မရှိဖူးဘူး။ ညစာစားရင်း ကျွန်မနှုတ်ခမ်းမှာ ဆီအစအနတွေ ပေကျံတဲ့အခါ ခန့်က တစ်ရှူးစလေးနဲ့ လှမ်းသုတ်ပေးတတ်သေးတယ်။ ညစာစားပြီးတဲ့အခါ “ရော့ ရေသောက်လိုက်ဦးနော်” ဆိုပြီး ရေတစ်ခွက် ကမ်းပေးတတ်သေးတယ်။ 

“ဘာလုပ်ချင်သေးလဲဟင် မချိုသွေး”ဆိုတာနဲ့ “ရုပ်ရှင်ကြည့်ချင်တယ် ခန့်ရယ်” ဆိုတော့ ချက်ချင်းပဲ ရုပ်ရှင်ရုံတွေဘက်မောင်းပြီး “မချိုသွေး ကြည့်ချင်တဲ့ကားကို ရွေးနော်” တဲ့လေ။ ခန့်ကြည့်ရတာ ကျွန်မအပေါ် ကလေးတစ်ယောက်ကို အလိုလိုက်နေသလိုမျိုးပါ။ ကျွန်မရင်ထဲ ပုန်ကန်ချင်လာတယ်။ ဟင့်အင်း ကျွန်မ ကလေးမဟုတ်ဘူး ခန့်ရဲ့။ 

“မချိုသွေး တစ်ခုလောက် ခွင့်ပြုပါလားဟင်”
“အင်း ပြောလေ ခန့်”
“ရုပ်ရှင်ရုံထဲရောက်ရင် ကျွန်တော် မချိုသွေးကို နမ်းပါရစေ”

ခန့်….။  ခန့်ရယ် ကျွန်မ  ကျွန်မ ဘာပြန်ပြောရမလဲ ဘာပြန်ပြောရမလဲဟင်…။ စကားလုံးတွေ ပျောက်ကုန်တယ်။ ဝမ်းနည်းလာတယ်။ ဒါ ကျွန်မကို စော်ကားတာပဲလို့ ကျွန်မ မမြင်ရက်ဘူး။ ကျွန်မကိုယ်တိုင် ခန့်ဆီက တစ်ခုခုကို မျှော်လင့်နေခဲ့မိတာရယ်။ ဒါပေမဲ့…..ခန့်ရယ်….။ ကျွန်မ နာနာကျင်ကျင် ပြုံးပြလိုက်မိတယ်။ ခန့်က ကျွန်မလက်ကို ဆုပ်ကိုင်လို့ အမှောင်ထဲမှာ ထိုင်ခုံနေရာကို ရှာကြတယ်။ ကျွန်မတို့ကို လူတွေက ချစ်သူတွေလို့ ထင်မလားပဲနော်။

ကျွန်မရင်တွေ ခုန်လွန်းလိုက်တာ ခန့်ရယ်။ ဘယ်အချိန်မှာများ…. 

ရုပ်ရှင်တစ်ဝက်ကျိုးလောက်မှာ ခန့်က ကျွန်မပုခုံးပေါ် လက်တင်လာပြီး ကျွန်မတစ်ကိုယ်လုံးကို သူ့ဘက် ဆွဲယူ၊ ကျွန်မနှုတ်ခမ်းကို နမ်းရှိုက်ခဲ့တယ်။ ပူနွေးနေလိုက်တာ…ခန့်နှုတ်ခမ်းတွေက။ ခဏကလေးပဲ….။ ပြီးတော့ “ရေသောက်လိုက်ဦးနော်” တဲ့ ရေသန့်ဗူးကို ပိုက်တပ်ပြီး ကျွန်မလက်ထဲ ထည့်ပေးလာတော့ အာခေါင်တွေ ခြောက်ကပ် လာတဲ့ကျွန်မ ခန့်ပေးလာတဲ့ရေကို အငမ်းမရ သောက်မိပါတယ်။ ဒါပေမဲ့ ရေငတ်မပြေသေးသလို ခံစားရတယ် ခန့်ရယ်…

ရုပ်ရှင်ပြီးတော့ ကျွန်မတို့နှစ်ယောက် မြစ်ကမ်းနံဘေးလေးမှာ အတူထိုင်ခဲ့ကြသေးတယ်။ ကျွန်မ ဟန်မဆောင်ချင်တော့ဘူး။ ခန့်ပုခုံးပေါ် ခေါင်းတင်မီနွဲ့လိုက်မိတယ်။ ကျွန်မဟာ ခန့်အတွက် သိပ်များ လိုက်လျောလွယ်ကူလွန်းနေသလားဟင်။ ခန့်က အလိုက်သင့်ပြန်မှေးထားရင်း ကျွန်မနဖူးပြင်ပေါ် ဖွဖွလေး ငုံ့မွှေးတယ်။ ခန့်နှုတ်ခမ်းလွှာပေါ် ကျွန်မလက်ညှိုးလေးနဲ့ တို့ထိကြည့်လိုက်မိတော့တယ်၊ ကျွန်မစိတ်တွေ လှုပ်ရှားလို့ရယ်။ 

ကျွန်မ ရူးပြီ၊ ကျွန်မတော့ ရူးပါပြီ ခန့်ရယ်…..


8 comments:

pandora said...

ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ

အမ်တီအန် said...

မရေးစဖူးအရေးထူးတဲ့ ဒီအချစ်ဝတ္တုလေးက ရေးသူတော့ ဘယ်လို စီးမျောရေးခဲ့တယ်မသိ၊ ဖတ်ရသူတော့ တစ်ပိုင်းပြီးတစ်ပိုင်း ဆက်ဖတ်ချင်နေပြီ။ စိတ်ပူနေတာတစ်ခုထဲရယ်.. ဟက်ပီအန်းဒင်း မဖြစ်မှာကို..။ အပိုင်း(၃)ဆက်လက်မျှော်နေပါကြောင်း အစ်မချစ်ရေ..။

မိရွှေဘုတ် said...

wowwwwwwwwwwww
သိပ်စာရေးကောင်းတယ်..
အပိုင်း (၁) ပြန်သွားဦးမယ်

မိရွှေဘုတ် said...

အဲဒါ မပြီးသေးဘူးမလားဟင်????

ချစ်ကြည်အေး said...

မပြီးသေးဘူး ညီမလေး မိရွှေဘုတ်၊ အပိုင်း ၃မှာ ပြီးထားတယ်း)

ချစ်ကြည်အေး said...

အပိုင်းခွဲတင်တဲ့ စာလေးတစ်ပုဒ်ကို စိတ်ရှည်လက်ရှည် စောင့်ဖတ်ပေးကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးပါရှင်။ အပိုင်း ၃- ဇာတ်သိမ်းကို ၉ရက်နေ့ မနက်မှာ scheduleနဲ့ တင်ထားပါတယ်။ လာဖတ်ကြပါဦးနော်း)

မိုးငွေ့........ said...

စီးမျောရင်းဖတ်လာလိုက်တာ အသက်ရှူဖို့တောင်မေ့သွားတယ်...။

နွေတေးရှင် (မင်းဧရာ) said...

ဇာတ်သိမ်းပြီ ဆိုမှ
ပေါင်းပြောမယ် နော် အစ်မ ။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်