Wednesday, July 3, 2013

မောင်နဲ့အတူ ကျွန်မကို….(အပိုင်း-၁)



(က)

shutter priority mode နဲ့ထားပြီး exposureကိုတော့ ပြောင်းပြီး ရိုက်ကြည့်မယ်။ Canon EF T2i/550D နဲ့ lense ကတော့ Tokina AT-X 70-200mm F/4 ကို သုံးမယ်။  နေအဝင်မှာ အရောင်ကျနေတတ်သလို တစ်ခါတစ်လေလည်း အရောင်တွေတောက်ပလွန်းနေတတ်တာမို့ under/over exposure မဖြစ်ဖို့ exposure လေးတော့ နည်းနည်းညှိရိုက်မှဖြစ်မယ်။

ကင်မရာကို ထရိုင်ပေါ့ပေါ်မှာ သေချာမြဲအောင်တင်ရင်း ကျွန်မစိတ်ထဲက စဉ်းစားနေမိတာရယ်။ နေလုံးကြီးက ဝင်တော့မယ်။ အများနည်းတူ စိတ်တွေလှုပ်ရှားရင်း ကင်မရာမှန်ဘီလူးကနေ နေလုံးကြီးကို တစ်ချက် ချောင်းကြည့်မိပြန်တယ်။ အရောင်ထွက်ကိုစမ်းရင်း ပုံတွေရိုက်ကြည့်ရတာလည်း အခါခါ။ ထရိုင်ပေါ့ပေါ်မှာ တင်ထားတဲ့ ကင်မရာက ငြိမ်သက်နေသလောက် ကျွန်မစိတ်တွေကဖြင့် လှုပ်ရှားလွန်းလှတယ်။ ခဏကလေး….တကယ့်ကို ခဏကလေး၊ နေဝင်ချိန်ဟာ သိပ်ကို လျင်မြန်လှပါရဲ့။ အဲဒီခဏကလေးကိုပဲ ကလစ်တစ်ချက်ပြီး တစ်ချက် နှိပ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ကျွန်မတို့ စောင့်ခဲ့ကြရတာ။ ဟော နေလုံးကြီးက တဖြည်းဖြည်းကျလာနေပြီ။ ကျွန်မလက်တွေက ကင်မရာမှန်ဘီလူးအနီးအဝေးကို လိုအပ်သလို ဆွဲယူရွေ့လျားရင်း တစ်ဖျတ်ဖျတ် ခလုတ်နှိပ်မိနေတော့တယ်။

လိမ္မော်နီရောင်ကောင်းကင်နောက်ခံမှာ ပုဇွန်ဆီရောင်သွေး ရဲတောက်နေတဲ့ နေမင်းကြီးရဲ့ အလုံးအဝန်းအတိုင်းရဖို့၊ မူလအရောင်အသွေးအတိုင်းရဖို့ အသေအချာချိန်ထားခဲ့ပါရက်နဲ့တောင် အရောင်တွေက စိတ်တိုင်းသိပ်မကျချင်။ ဒါပေမဲ့ မတတ်နိုင်။ အလင်းခန်း ၃-Light room 3 ကိုသုံးပြီး ပုံတွေပြင်ယူကြည့်ရမှာပါပဲ။ နေလုံးကြီးက မြင်နေရတဲ့ ပုထိုးတွေနောက် လျိုးဝင်ကွယ်ပျောက်လို့ သွားခဲ့ပြီ။ မနက်ဖြန်မနက်ဆိုရင် ကျွန်မချစ်တဲ့ ဒီပုဂံမြေက ခွဲခွာရတော့မှာ။ ကင်မရာကို အိတ်ထဲ သေချာပြန်ထည့်၊ ထရိုင်ပေါ့ကို ခေါက်သိမ်းရင်း ကျွန်မရင်ထဲ ဝမ်းနည်းသလိုကြီးဖြစ်လာခဲ့တော့ တယ်။ နောက်နှစ်ရက်ဆိုရင်ဖြင့် ခွင့်ရက်စေ့လို့ ကျွန်မ ချစ်တဲ့မြေကိုတောင် ခွဲခွာရတော့မှာပဲလေ။ ဝမ်းနည်းစိတ်တွေကို ကိုယ့်ဖာသာအားတင်းရင်း နေဝင်ချိန်ကြည့်ရာ ရွှေဆံတော်ဘုရားပေါ်က ပြန်ဆင်း ဖို့ နောက်ပြန်အလှည့်…။

“Oh…sorry I just don’t realize that you turn back so sudden”

ကျွန်မနောက်ကျောမှာ ကျွန်မလိုပဲ ဟိုးအဝေးကြီးကို ငေးနေတဲ့ လူတစ်ယောက်။ ကျွန်မလိုပဲ ကင်မရာအိတ်နဲ့ ထရိုင်ပေါ့အိတ်ကို ကြက်ခြေခတ်လွယ်ထားတဲ့သူ။ ရုတ်တရက် ကျွန်မနောက်ပြန်လှည့်ပြီး ခြေလှမ်းရှေ့အတက်မှာ တောင့်တောင့်ကြီး ငေးရပ်နေတဲ့ သူ့ရင်ခွင်ထဲရောက်တဲ့ အထိ နီးကပ် တိုးဝင်သွားခဲ့မိတာ။  

ချည်သားအဖြူရောင်လက်ရှည်မှာ အနက်ရောင်ပိုးကြိုးလေးတွေ ကွပ်ထားတဲ့ ဘလောက်စ်နဲ့ ကျွန်းရောင် ချည်သားဘောင်းဘီရှည် ပွပွပျော့ပျော့လေး တွဲဝတ်ထားတာမို့ သူက ကျွန်မကို နိုင်ငံခြားသူတစ်ယောက်လို့ ထင်မှတ်ပုံပါပဲ။ ကော်လာပါတဲ့ စပို့ရှပ်အဖြူလေးကို ပုဆိုးမရမ်းစေ့ရောင်နဲ့ တွဲဝတ်ထားတဲ့ သူ့ကိုတော့ မြန်မာအမျိုးသားတစ်ယောက်ဆိုတာ ကျွန်မ သိခဲ့ပါရဲ့။ ရှက်ရှက်နဲ့ သူ့ခြေထောက်တွေကိုပဲ ငုံ့ကြည့်ရင်းက “ဟုတ်ကဲ့ ရပါတယ်၊ ကျွန်မကလည်း ရုတ်တရက် နောက်လှည့်လိုက်တာမို့ပါ” ဆိုတော့ သူက “အော် မြန်မာပဲကိုး” တဲ့။ ကျွန်မ ခေါင်းငုံ့ပြုံးပြလိုက်ရင်း သူ့ရှေ့က အမြန်ပဲ ထွက်လာလိုက်တော့တယ်။ 

သူ့ရင်ခွင်ထဲကနေ တစ်ချက်မော့အကြည့်မှာ နေကာမျက်မှန်အောက်က သူ့မျက်ဝန်းညိုတွေကို ကျွန်မ သေချာ တွေ့လိုက်ရတယ်။ ကျွန်မ သူ့ရှေ့က ခပ်မြန်မြန်ပဲ လှမ်းထွက် အရှက်သည်းခဲ့ရတာလည်း အဲဒီ့မျက်ဝန်းညိုတွေကြောင့်ပဲ။ သူ့မျက်ဝန်းညိုတွေဟာ တစ်ဘက်သားကို ညှို့ငင်နိုင်လွန်းတယ်လို့ ကျွန်မက ထင်တယ်။ ဟိုတယ်ပြန်ရောက်လို့ လက်ပတော့လေးထဲ ပုံတွေထည့်ရင်း အရောင်ပြန်ပြင်၊ လိုတာလေးတွေ ပြန်ညှိနေရင်းကပဲ နေလုံးကြီးရဲ့ အဝန်းအဝိုင်းထဲမှာ ညနေက မျက်ဝန်းညိုတစ်စုံကို ဖျတ်ကနဲ တွေ့မိလိုက်တော့ ကျွန်မနှုတ်ခမ်းတွေ ကွေးအောင် ပြုံးမိသွားတယ် ထင်ပါရဲ့။

လူတွေအများကြီးထဲမှာ၊ များသောအားဖြင့် နိုင်ငံခြားသားတွေပဲ များတဲ့နေရာမျိုးမှာ သူနဲ့ ကျွန်မ တိုက်ဆိုင်ဆုံစည်းခဲ့ပုံက အမှတ်တမဲ့ဆန်လွန်းနေခဲ့တယ်။

(ခ)

ခွင့်ရက်စေ့ပြီး အလုပ်ပြန်ဝင်ခဲ့ရလို့ အလုပ်ဟောင်းတွေပိနေပေမဲ့ ရောက်ရောက်ချင်း ကျွန်မ လုပ်ဖြစ်တဲ့အလုပ်က ကျွန်မဘလော့ဂ်လေးမှာ ပုံတွေတင်ပြီး ခရီးသွားဆောင်းပါးလေးတစ်ခု စရေးဖြစ်ခဲ့တာပါပဲ။ ပင်ပန်းပေမဲ့ ကျွန်မ ပျော်တယ်။ မောပေမဲ့ ကျွန်မ လန်းဆန်းနေတယ်။ စာရေးခြင်းဆိုတဲ့ ဝါသနာကြောင့် ဘလော့ဂ်လေးတစ်ခုဖွင့်ပြီး ရေးနေရတာကိုက ကျွန်မအတွက် ထွက်ပေါက်လေးတစ်ခု။ ဝင်ငွေရတဲ့အလုပ်မှာ မပျော်မွေ့သလောက် ဘလော့ဂ်ရေးခြင်းဆိုတဲ့ စိတ်အပန်းဖြေရာနေရာလေးမှာတော့ ကျွန်မ အိပ်ချိန်စားချိန်တွေထဲက ဖဲ့ပေးမိလောက်အောင် နစ်ဝင်နေခဲ့တော့တာ။ ကျွန်မဘလော့ဂ်လေးဟာ ကျွန်မရဲ့ ဒုတိယအိမ်လို့တောင် ပြောရင်ရနိုင်ကောင်းပါရဲ့။

ဘလော့ဂ်ပေါ် ပုံတွေတင်နေရင်းနဲ့ မီးစိမ်းလေးတစ်ခုကို ကျွန်မ မျှော်လင့်နေမိသေးတယ်။ သူ…လိုင်းပေါ်မှာ ရှိမနေဘူး ထင်ပါရဲ့။ လွန့်ကနဲ သတိရစိတ်တွေကြောင့် အရင်က သူနဲ့ ပြောခဲ့ဖူးတာလေးတွေ ပြန်ရှာဖတ်ဖို့ chats historyထဲ ဝင်လိုက်မိကာမှ သတိရစိတ်တွေဟာ ပိုလို့ နိုးထလာခဲ့တော့တယ်။ ခန့်ရယ်….။ ဘယ်ရောက်နေလဲဟင်…။

လျှို့ဝှက်တတ်တဲ့ ခန့်၊ မြိုသိပ်နိုင်လွန်းတဲ့ ခန့်၊ စကားနည်းသလို စာတွေကျပြန်တော့ ခပ်သွက်သွက်လေး ရေးတတ်တဲ့ ခန့်။ ဘာလိုလိုနဲ့ ခန့်နဲ့ ကျွန်မ ခင်မင်ခဲ့ကြတာ (၂)နှစ်ကြီးများတောင် ရှိတော့မှာ။ အွန်လိုင်းမှာ တစ်ချို့စာရေးသူတွေက သူတို့ ပရိုဖိုင်းကို ဖွက်ပြီး ရေးလေ့ရှိကြတာမို့ ခုထိ မင်းခန့်စည်ဆိုတာ ဘယ်လိုပုံပန်းရှိမှန်း ကျွန်မ မသိသလို၊ ချိုသွေးနှောင်ဆိုတဲ့ ကျွန်မ ဘယ်လိုပုံဆိုတာလည်း ခန့် မသိသေးဘူးရယ်။ ကျွန်မမိဘတွေက စာရေးခြင်းကို အားမပေးတာမို့ အချိန်မတန်ခင်မှာ လူသိပ်မသိစေချင်တဲ့အတွက် ကျွန်မက low profile ပဲ နေလေ့ရှိသူ။

“မချိုသွေး ကျွန်တော် တစ်ခါတစ်လေ ပျောက်နေတတ်လိမ့်မယ်၊ စိတ်မပူနဲ့နော်” လို့ မှာတတ်သလို “ကျွန်တော့်ကို သတိရနေနော် မချိုသွေး” လို့လည်း ခန့်က ပြောတတ်သေးတာ။ တစ်ခါတစ်လေတော့လည်း “သတိရတယ် မချိုသွေးရယ်” လို့ အစမရှိ အဆုံးမရှိပြောပြီး ဖျတ်ကနဲ မီးစိမ်းလေး ပျောက်သွားတတ်တယ်။ လိုင်းပေါ်မှာ စကားပြောပြီးကြတိုင်း လိုင်းပေါ်ကမဆင်းခင် “ဂရုစိုက်နော် မချိုသွေး” လို့လည်း နှုတ်ဆက်သွားတတ်သေးတယ်။ 

“ကျွန်တော် စိတ်တိုတတ်တယ်နော် မချိုသွေး၊ အဲဒီအခါ စကားတစ်ခွန်းမှ မပြောတော့ဘဲ နေတတ်တယ်”
“ကျွန်တော်က ထမင်းပေါင်းကြိုက်တယ်၊ ဆီချက်လည်း ကြိုက်တယ် သိလား မှတ်ထားနော် မချိုသွေး”

အင်း ကျွန်မ မှတ်ထားပါတယ် ခန့်ရဲ့။ နေပါဦး ဒါတွေကို ကျွန်မက ဘာဖြစ်လို့မှတ်ထားနေရမှာလဲ ဟင်…။ ကျွန်မ မသိဘူး ခန့်….။  ကျွန်မစိတ်ထဲက ပြောနေမိတာရယ်….

ခန့်ရယ်….ကျွန်မ သတိရနေပါတယ်၊ ကျွန်မ ရှင့်ကို…သိပ် သတိရနေခဲ့ပါတယ်ရှင်…

 “မချိုသွေး you are always in my mind နော် သိလား” လို့ ခန့် ပြောခဲ့ဖူးတယ်နော်။ ကျွန်မကလည်း “me too” လို့ မျက်နှာပေါ်က အပြုံးမြမြတွေကိုဝှက်ရင်း ပြန်ပြောဖြစ်ခဲ့တာ။ တစ်ချို့စကားလေးတွေ ကြည်ကြည်နူးနူး ပြောဖြစ်ကြတဲ့အခါ “မချိုသွေး အဲလို ပြောလိုက်တာ ကျွန်တော့်ရင်ထဲ နွေး ကနဲ ဖြစ်ဖြစ်သွားတယ်ဗျာ၊ နောက်တစ်ခါ ထပ်ပြီး နွေးကနဲဖြစ်သွားရင် ကျွန်တော် အပေါ်ဝတ် အင်္ကျီချွတ်ပစ်ရတော့မယ်ဗျ သိလား” လို့ ချစ်စဖွယ် ပြောတတ်လေသေးတယ်။  

“အင်း ကျွန်မရောပဲ ခန့် အဲသလိုပြောတာ ကြားလိုက်တော့ ရင်ထဲ သိမ့်ကနဲ လှိုက်ကနဲ ဖြစ်ဖြစ်သွားတတ်တယ် သိလား၊ သတိရတယ် ခန့်ရယ်” 

 “အင်း ကျွန်တော်လည်း သတိရနေတယ်”

ဟိုလိုလို ဒီလိုလို ချစ်သူလည်းမကျ၊ မိတ်ဆွေသူငယ်ချင်းလည်းမကတဲ့ သံယောဇဉ်စကားတွေ ခန့်နဲ့ကျွန်မအကြား အများကြီးမှ အများကြီးရယ်လေ။ ဒါပေမဲ့ ခန့်ဟာ တစ်ခါတစ်ခါ ကျွန်မကို မေ့ထားတတ်တယ်။ ကျွန်မနဲ့ ပြောနေရင်းက ဖျတ်ကနဲ ပျောက်သွားတတ်သေးတယ်။ ခန့်နာမည်ဘေးက မီးစိမ်းလေးလင်းလာတိုင်း အရင်ဆုံး စတင်နှုတ်ဆက်တတ်သူဟာ ကျွန်မ၊ ခန့်ကို မျှော်နေတတ်တဲ့သူဟာ ကျွန်မ၊ ဒါပေမဲ့ ကြာလာလေလေ ခန့်ကပဲ စတင် စကားဖြတ် နှုတ်ဆက်တတ်သူဖြစ်လာလေတော့ ကျွန်မကိုယ်တိုင် ခန့်အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်တွေကို ထိတ်လန့်စပြုလာခဲ့မိတာ။

ခန့် သိလား၊ ကျွန်မဟာ ဘယ်တုန်းကမှ အွန်လိုင်းမှာ ချက်တင်ပြောတာကို စိတ်ပါခဲ့တဲ့မိန်းမ မဟုတ်ဘူး။ ရိုးရိုးတန်းတန်း ခင်လို့ မင်လို့ ပြောတာ၊ နှုတ်ဆက်လာတာကလွဲလို့ နည်းနည်းအူကြောင်ကြားလုပ်လာပြီဆို “ကျွန်မချက်တင် ဝါသနာမပါဘူး၊  ခင်တယ်ဆိုလည်း ရိုးရိုးသားသားစကားသာ ပြောပါ”လို့ အပြတ်ပြော ပစ်လိုက်တတ်တာ။

ခန့်နဲ့ကျမှ ကျွန်မက နှုတ်ဆက်စကား စတင်ပြောတတ်လာခဲ့တာ၊ ခန့်အပေါ် သံယောဇဉ်တွေနဲ့ စိတ်ထဲရှိတဲ့အတိုင်း တုန့်ပြန်ခဲ့မိတာ၊ သမားရိုးကျ ပြီးပြီးပျောက်ပျောက်အွန်လိုင်းဇာတ်လမ်းတစ်ခုလို့ ခန့်စိတ်ထဲ ထင်နေသလားဟင်။ ပြီးတော့ ဒါတွေဟာ ခန့်အတွက် ကျွန်မက သိပ်လွယ်ကူတာပဲလို့ အထင်ရောက်စရာ ဖြစ်နေခဲ့သလား ခန့်ရယ်။ ဟုတ်တယ်၊ ခန့်အတွက်တော့ ကျွန်မဟာ သိပ်ကိုလွယ်ကူခဲ့မှာပဲနော်။

မှတ်မှတ်ရရ တစ်ခါက ခန့် အကြီးအကျယ် ဖျားနေခဲ့တယ်။ ညဆို အဖျားက တက်တက်လာပြီး မနက်ဆို ချွေးတွေထွက်လို့ သက်သာလို့၊ ညညဆို တုန်ခိုက်နေအောင်ချမ်းရင်း အဖျားတွေတက်လို့၊ တက်ဖျားကျဖျားဖြစ်နေခဲ့တာ။ ကျွန်မလိုပဲ နိုင်ငံရပ်ခြားတစ်ခုမှာ အလုပ်လုပ်ရင်း တစ်ယောက်ထဲ နေထိုင်ရသူမို့ “ဖျားနာရင် သိပ်အားငယ်တာပဲ၊ အမေ့ကို သတိရတယ်ဗျ” လို့ ခန့် ပြောခဲ့ဖူးတယ်။

တစ်ညတော့ ညလယ်ကြီးမှာ ဗိုင်ဗာနဲ့ ဖုန်းမြည်လာတာမို့ ဘယ်ကများပါလိမ့်ဆိုပြီး အိပ်ချင်မူးတူးနဲ့ ဖုန်းဖြေမိတယ်။ တစ်ဘက်က အတော်ကြာ အသံတိတ်နေပြီး “မချိုသွေးလားဟင်” ဆိုတော့မှ “ခန့်” လို့ ကျွန်မပါးစပ်က ထွက်သွားမိတယ်။ အများက ကျွန်မကို နှောင်လို့ ခေါ်နေကြတဲ့အထဲမှာ မချိုသွေးလို့ခေါ်တတ်တာ ခန့်ကလွဲလို့ ဘယ်သူများရှိနိုင်ဦးမလဲနော်…။

“ဟုတ်တယ် မချိုသွေး ဆောရီးဗျာ၊ အိပ်နေပြီလား ဟင်”

“အင်းပေါ့ အိပ်နေပြီပေါ့ ခန့်ရဲ့၊ နေဦး ခန့်အသံက တုန်ခိုက်နေသလိုကြီး” လို့ ကျွန်မကဆိုတော့ မေးရိုက်နေအောင် ချမ်းနေတဲ့ အသံကြီးနဲ့ “ဟုတ်တယ် ကျွန်တော် ဖျားနေတုန်းပဲဗျာ” တဲ့

ရုတ်တရက် အသံတိတ်သွားပြီးမှ….

“မချိုသွေး မချိုသွေးရယ်…”

“ရှင်  ခန့်”

“မချိုသွေး ကျွန်တော့ကို ဖက်ထားပေးပါလားဟင် I really need your hug” လို့ ပြောလာတဲ့အခါ ကျွန်မ ရင်တွေ ဒိန်းကနဲ ဆောင့်ခုန်သွားခဲ့တော့တာ။

“အင်း ခန့် ကျွန်မ ရှင့်ကို ဖက်ထားတယ်နော်၊ ချမ်းနေသေးလား ဟင် ခန့်”

“အင်း ရတယ်၊ ခု ကျွန်တော် နည်းနည်း နွေးသွားပြီ၊ ကျေးဇူးပဲ မချိုသွေးရာ၊ ကျွန်တော် အိပ်တော့မယ်၊ မချိုသွေးလည်း ပြန်အိပ်တော့နော် thank you so much”

မိခင်စိတ်နဲ့ သားငယ်တစ်ယောက်ကို ရင်ထဲပွေ့ထားသလို နွေးထွေးနေရင်းက ကျွန်မ နှလုံးသားတွေဆက်မျောနေတုန်းမှာပဲ ခန့်က ဖုန်းချသွားခဲ့ပြီ။  ကျွန်မမှာသာ ဟန်းဖုန်းလေးကိုင်ပြီး ခန့်ကိုယ်ငွေ့နွေးနွေးတွေများ ငြိတွယ်ကျန်ရစ်ခဲ့လေမလား တွေးရင်း ရူးကျန်ခဲ့ရတာ။ ခန့်ရယ်…။ ရှင် အိပ်နိုင်သလား ဟင်… 

ရင်တစ်ခုလုံး ဗြောင်းဆန်လှုပ်ရှားခဲ့ရတဲ့ ကျွန်မ ဘယ်လိုများပြန်အိပ်နိုင်ပါ့မလဲ။ ဘယ်လိုများ အိပ်ပျော်အောင် ပြန်အိပ်လို့ရပါတော့မလဲရှင်….

တကယ်လည်း မိုးလင်းပေါက်ညတစ်ညကို ကျွန်မ ပိုင်ဆိုင်ခဲ့ဖူးရတယ် ခန့်ရယ်၊ ရှင့်ကြောင့်…



7 comments:

ဆုမြတ်မိုး said...

ခန့်ရယ်..ရှင့်ကြောင့်.....ရွှေမျက်ရည်ကျတဲ့ဇာတ်သိမ်းမျိုးမဖြစ်ပါစေနဲ့နော်လို့း)

ချစ်တဲ့
ဆုမြတ်

မေဇင် said...

အာ...တန်းလန်းကြီး။
မြန်မြန်ဆက်ပါဗျို့...........

အမ်တီအန် said...

ဝါး... တကယ့်ရိုမန်းတစ်ပါပဲလား အစ်မရေ..
ကောင်းခန်းမှာ တန်းလန်းရပ်လိုက်တော့ ဖတ်ရင်းက ဆန့်ငင်ဆန့်ငင် ဖြစ်ရပြီ..
ဒုတိယပိုင်း မြန်မြန်ဆက်ပါဗျို့... :)

နေသွေး said...

အား မျှော်သွားတယ်ဗျာ၊၊ စာရေးတာ နူးညံ့လိုက်တာ၊၊

မိုးငွေ့........ said...

ဟယ် ဖတ်ကောင်းနေတုန်းရှိသေးတာကို...မြန်မြန်တင်ပါဗျို့...။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဇာတ်လမ်းကလေးကို အမြန်ဆက်ပါလို့ တိုက်တွန်းပါတယ် အစ်မရေ။

မိရွှေဘုတ် said...

ဖတ်လို့ကောင်းလိုက်တာ...ရင်တွေတောင် ခုန်လာတယ်..ဟီးးဟီး

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်