Monday, June 3, 2013

စိတ်ကြိုး အပြတ်


(၁) 

 ခြေလှမ်းတွေ…… 

 မှောင်နဲ့မဲမဲညမှာ သူ့ပိုက်ကွန်ထဲ ငြိမှာထက် တစ်ခြားဘာကိုမှ တွေးမကြောက်နိုင်လောက်အောင် ဖြစ်ခဲ့ရ။ အဲ့ဒီစိတ်တစ်ခုထဲနဲ့ ဝေးသထက်ဝေးရာ ပြေးထွက်ခဲ့မိတာ။ ဦးတည်ရာက ရုတ်တရက်တော့ မသဲကွဲသေး။ ဘယ်ကို သွားရမှာပါလိမ့်။ အို ဘာဖြစ်လဲ အဓိကက သူနဲ့ ဝေးနိုင်သမျှ ဝေးဖို့၊ မနက်မလင်းခင် လူတွေ သူမကို ခြေရာမခံမိဖို့ ဒါပဲ မဟုတ်လား။ 

ရယ်ချင်တယ်။ ဘာတဲ့ အချစ် ဟုတ်လား။ သူက သူမနဲ့မှ ရင်ခုန်သတဲ့လား။ သွားစမ်းပါ။ ဒါမျိုးတွေ ကြားတာနဲ့တင် အော့နှလုံးနာချင်စရာ။ ဘာလဲ အချစ်ရဲ့နောက်မှာ….ဘာတွေရှိနေသေးလဲ။ အချစ်ကို တစ်လွဲသုံးနေကြတဲ့ ရှင်တို့ယောကျာ်းတွေ ဖြေကြည့်ကြဖို့ ကောင်းတယ်။ သူမစိတ်တွေက သူမမျက်နှာတစ်ခုလုံးနဲ့ သူမခန္ဓာကိုယ်ပေါ် ရုတ်ချည်း ရောက်သွားတယ်။ ရှက်ရွှံ့နာကျည်းစိတ်တွေနဲ့။ သူမမျက်လုံး သူမအပြုံး သူမရဲ့ အလှ….။ ဒါတွေက ယင်ဖိုတွေအုံခဲဖို့အတွက် အညှီတွေတဲ့။ ဖြစ်ရလေ။ စိတ်ပျက်စရာ ရွံရှာစရာရယ်။ 

 ညဦးပိုင်းက သူမကိုယ်ပေါ် ဝဲကနဲရောက်လာတဲ့ သူ့လက်တွေ။ သူမနှုတ်ခမ်းကို စုတ်ယူလိုက်တဲ့ သူ့နှုတ်ခမ်းနွေးနွေးတွေ၊ ကြမ်းတမ်းလိုက်တာ။ အို…ဘာများ ထူးလို့လဲ။ အတူတူပဲ အားလုံးအတူတူပဲ။ သူမ ယောင်ရမ်းပြီး အောက်နှုတ်ခမ်းကို ခပ်နာနာဖိကိုက်လိုက်မိတယ်။ ခြေလှမ်းတွေကို သွက်သထက် သွက်မိပြန်တယ်။ သူမ ဒီမြို့လေးထဲက နေရောင်မမြင်ရခင် ထွက်သွားနိုင်မှ ဖြစ်မယ်။ ဝေးရာကို…. ဝေးသထက် ဝေးရာကိုပေါ့။ 

(၂)

သူမ အလုပ်အတူတွဲလုပ်ရတဲ့ အရောင်းဋ္ဌာနက အမျိုးသားက လူမျိုးခြားတစ်ယောက်။ နာမည်က ဒန်နီယယ်တဲ့။ တစ်ခါတစ်လေ အလုပ်ရဲ့ လိုအပ်ချက်အရ အရောင်းမြှင့်တင်ဖို့ ဒန်နီယယ်နဲ့အတူ အပြင်ကို ကားတစ်စီးနဲ့ အတူသွားရလေ့ရှိတယ်။ ကားရှေ့ခန်းမှာ ထိုင်တဲ့အခါ သူမက သူမပေါင်ကို ဂီယာနဲ့ လွတ်အောင် သတိကြီးစွာ ဘယ်ဘက်ကြုံ့ထားလေ့ရှိတယ်။ ဒန်နီယယ်ရဲ့ မထိခလုတ် ထိခလုတ်စကားတွေကို ရှောင်တိမ်းမရတာကတော့ တစ်ပိုင်းပေါ့လေ။ ဒန်နီယယ်က အိမ်ထောင်ရှင်အမျိုးသားမို့ ပိုပြီး သတိကြီးစွာရှောင်တာမျိုးတော့ မဟုတ်ဘူး။ အမျိုးသားတိုင်းအပေါ် သူမရဲ့ ဆက်ဆံမှုက တစ်ပုံစံထဲပဲ။ လောကကြီးထဲမှာ အဖေ့လောက် ဘယ်ယောကျာ်းကမှ သူမအပေါ် ဖြူစင်မှု မရှိနိုင်ဘူး မဟုတ်လား။ သူမနှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ငြိတွယ်နေခဲ့တယ်။ 

 “စု မင်းက ဘာလို့ ခုထိ အိမ်ထောင်မပြုသေးတာလဲ” ဒန်နီယယ့်စကားကို သူမက ဖြေနေကျအတိုင်းပဲ တုန့်ပြန်တယ်။ အိမ်ထောင်ပြုလောက်တဲ့ သူမယုံကြည်နိုင်လောက်တဲ့ ယောကျာ်းမှ မတွေ့သေးတာဘဲ။ သူမအတွက်လည်း အလျင်စလို လိုအပ်နေတာမှ မဟုတ်တာဘဲလေ။ 

 “မင်းက ခု အသက် သုံးဆယ်နားနီးလာပြီ နော် အိမ်ထောင်တစ်ခု တည်ဆောက်သင့်ပြီ” 

 တော်ပါ။ သူမ ဘာမှ ပြန်ပြောစရာ မလိုဘူးလေ။ ဒါက သူ့မှတ်ချက်။ အိမ်ထောင်မရှိတဲ့ မိန်းမတွေအတွက်ပဲ သူ့မှာ တာဝန်ကြီးတစ်ခု တင်ရှိနေသလိုလို ဒန်နီယယ်ဟာ တခါတခါ ကြောင်လွန်းလှတယ်။ ဒန်နီယယ်မှ မဟုတ်ပါဘူးလေ။ လူအတော်များများကပါ သူမအတွက်၊ ခုထိ သူမ အိမ်ထောင်မပြုသေးတဲ့အတွက် ပူပန်သလိုလိုမျိုး ပြောတတ်ကြတာပါပဲ။ 

 “နေပါဦး မင်း ခု ဒီအရွယ်အထိ တစ်ယောက်ထဲ နေလာတာ မင်းမှာ တစ်ကိုယ်ရည် ဖျော်ဖြေမှု မရှိဘူးလား။ လိုအပ်လာတဲ့အခါ ဗိုင်ဘရေတာရော မသုံးဘူးလား” 

ဘာသာခြားစကားနဲ့ ပြောလိုက်တာပေမဲ့ စကားလုံးတွေက စိုက်ကနဲ၊ သူမတစ်ကိုယ်လုံး တောင့်ကနဲ ကျင်စက်သွားတယ်။ ဆူးတွေ ဆူးတွေ ကိုယ်မှာ အနှံ့ဝင်စူးခံလိုက်ရသလို သွေးစိမ်းတွေနဲ့ နာကျင် ရှတလို့။ သူမတစ်ကိုယ်လုံးကို ကိုယ်တိုင် တစ်စစီ လိုက်ပြန်ကောက်နေရတဲ့ ခံစားမှုမျိုး။ တကယ့်ကို အစိတ်စိတ်အမွှာမွှာ။ မိန်းမတစ်ယောက်ကို ဘာများထင်နေသလဲ။ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲလေလို့ အကြောင်းပြချက်ပေးဦးတော့မယ်။ သူတို့စိတ်နဲ့ နှိုင်းနေကျအတိုင်း။ ဒန်နီယယ့်မျက်နှာကို လက်ပြန်ရိုက်ပစ်လိုက်ချင်စိတ်တွေနဲ့ သူမစိတ်ထဲ မုန်တိုင်းတစ်ခု မွှေနေတော့တယ်။ သူမတို့လို အာရှသားတွေအတွက် ဒါတွေဟာ နားရှက်စဖွယ်ရှိနေသေးတာ။ 

သူမ အရင်က အလုပ်ဝင်ခဲ့တဲ့ရုံးမှာ ခင်မင်ခဲ့ဖူးတဲ့ အဲရစ်စ်ကို သတိရမိတယ်။ အဲရစ်စ်တို့ အမေ ခရစ်စတယ်က အသက်ခြောက်ဆယ်လောက်ရှိတဲ့ မုဆိုးမတစ်ယောက်။ ခရစ်စတယ့်မွေးနေ့မှာ သားသမီးတွေက နောက်ပြောင်ကျီစယ်လိုစိတ်နဲ့ သူတို့အမေကို ဗိုင်ဘရေတာ- sex toy တစ်ခု လက်ဆောင်အဖြစ် ပေးကြသတဲ့။ သူမကတော့ ရင်ဘတ်ဖိလို့ ဘုရားသာ တ မိခဲ့တော့တယ်။

သူမ ဒန်နီယယ့်စကားကို ဘာမှ ပြန်လည်ချေပမနေတော့ဘူး။ သူတို့အတွက် ဒီလိုပစ္စည်းသုံးတာမျိုးဟာ အထူးအဆန်းကိစ္စမှ မဟုတ်တာပဲ။သူမ အရည်ခွံထူဟန် ကြိုးစား ပြုံးပြလိုက်မိတယ်။ ဘာမှ မထူးခြားသလို၊ ဘာမှ မခံစားလိုက်ရသလို။ ဒါပေမဲ့ သူစိမ်းမိန်းမတစ်ယောက်ကို ယောကျာ်းတစ်ယောက်က နှစ်ယောက်ထဲရှိနေချိန်မှာ ခုလိုမေးတာဟာဖြင့် တစ်ဆိတ်တော့ လွန်လွန်းလှတယ်၊ စော်ကားမော်ကားနိုင်လွန်းလှတယ်။ ဘယ်လိုပဲဖြေတွေးတွေး ခါးသက်တဲ့နာကျင်မှုတွေက သူမစိတ်ထဲ တစိမ့်စိမ့် ဖျောက်မရနိုင်ခဲ့တော့တာ။ 

(၃) 

“သမီး ဘဘကို နှိပ်ပေးရင် မုန့်ဘိုး ငါးကျပ်ပေးမယ်” 

ဘကြီးက အဲသလိုပြောပြီး အနှိပ်ခိုင်းလာရင် သူမတို့ ညီအစ်မတစ်တွေ လုပြီး နှိပ်ပေးတတ်ကြတယ်။ ဘကြီးက အဖေ့အစ်ကို ဝမ်းကွဲ။ သူမတို့အိမ်မှာ မိသားစုဝင်တစ်ယောက်အဖြစ် ဝင်ထွက်သွားလာနေခဲ့တာ။ အိမ်စီးပွားရေးမှာလည်း ဘကြီးက တစ်စိတ်တစ်ပိုင်းပါဝင် ပတ်သက်နေခဲ့တော့၊ အိမ်ထောင်လည်းမရှိတော့ သူမတို့အိမ်မှာပဲ အနေများတယ်။ အိမ်မှာရှိတဲ့ ပစ်ကပ်ကားနှစ်စီးအနက်က တစ်စီးကို လိုင်းထဲသွင်းပေးပြီး နောက်တစ်စီးကို ဘကြီးက သူကိုယ်တိုင်မောင်းတယ်။ အမေ့ကို အုံနာကြေးပေးပြီး မောင်းတာ။ အဖေကတော့ မိသားစုနဲ့ အဝေးကြီးမှာ အလုပ်လုပ်ရသူမို့ အစ်ကိုဝမ်းကွဲဖြစ်သူလက်ထဲ မိသားစုကို အားကိုးတကြီး အပ်ခဲ့ရှာတာ။ သူမတို့ ညီအစ်မတွေ အပျိုဖော်ဝင်ချိန်မှာ လှလှပပလေးတွေလို့ လူတွေက ပြောကြပါရဲ့။ အဲဒီအလှကြောင့်ပဲ….။ ဆန့်ကျင်ဘက်တွေကို သူမ မရွံ့မရဲစိတ်တွေ ဝင်ခဲ့ရတာ။ ထင်ပါရဲ့….။ 

သူမတို့ညီအစ်မတွေက ကလေးစိတ်လည်း မကုန်သေး၊ အပျိုရွယ်လည်း ဝင်စပြုနေတဲ့ စပ်ကူးမတ်ကူးကာလ။ ဘကြီးက မုန့်ဘိုးပေးပြီး နှိပ်ခိုင်းရင် လုပြီး ဝိုင်းနှိပ်တတ်ကြတာ။ သူမတို့ လက်နုနုလေးတွေကို အုပ်မိုးကိုင်ပြီး “ဒီနေရာ သမီးရဲ့၊ ဒီနားလေးနည်းနည်းတိုးဦး သမီးရ” ဆိုတာမျိုးအပေါ် ဘယ်လိုများ သံသယရှိမှာတဲ့လဲ။ သူမ ကားမောင်းမသင်ခင်အထိ ဆိုပါတော့။ သူမကို ကားမောင်းသင်ပေးမယ်ဆိုတဲ့ ဘကြီးကို အမေ့မျက်စောင်းတွေကြားက ကျေးဇူးတွေတောင် တင်လို့။ အမေကတော့ စိုးရိမ်စိတ်နဲ့ ငယ်ပါသေးတယ်တဲ့ မသင်စေချင်သေးသလိုလို ပြောလာတာ။ 

သူမကတော့ ညဘက် ဘကြီးကားသိမ်းလာပြီးလို့ ရေမိုးချိုး ထမင်းစားသောက်ပြီးတဲ့အခါ ကားမောင်းသင်ပေးဖို့ ဘကြီးလက်ကို တစ်တို့တို့နဲ့ပေါ့။ ကားမောင်းသင်ပေးရင်း ငါ့သမီး တယ်တော်ပါလားရယ်လို့ သူမပါးတစ်ဘက်ကို ဘကြီးက ရွှတ်ကနဲ အနမ်းမှာတော့ သူမရဲ့ မိန်းမသားဗီဇက လှစ်ကနဲ ခေါင်းပြူထလာခဲ့ပြီ။ ဒါ မရိုးသားတာ၊ ဒါ အသားယူတာ၊ ဒါ သူမအပေါ် အနိုင်ကျင့်တာဆိုတဲ့ အတွေးတွေနဲ့ ဘယ်လိုမှ စိတ်ထဲ မကြေနပ်နိုင်တော့။ ငိုချင်သလိုလိုကြီး ဖြစ်လာကာ အစော်ကားခံလိုက်ရတာဆိုတဲ့ ခံပြင်းစိတ်ကြောင့် နောက်နေ့ညတွေမှာ ကားမောင်းသင်ဖို့ ဘကြီးခေါ်တဲ့အခါ သူမက ငြင်းဆန်တော့တာ။ အမေက အံ့သြလို့။ “မောင်းတတ်နေပါပြီ တော်ပြီ နောက်မှ စံနစ်တကျ သေချာသင်တော့မယ်”ဆိုတဲ့ အပြောနဲ့ ငြင်းချက်ထုတ်တဲ့ သူမကို ဘကြီးက အတင်း ဆက်ခေါ်မနေတော့လို့ ကျိတ်ကြေနပ်ရသေးတယ်။ 

 နောက်တော့ သူမ မနေနိုင်တော့ဘဲ အမေ့ကို ဖွင့်ပြောပြမိတယ်။ အမေက ဘုရားတ လို့၊ ဖြစ်ရလေ သမီးရယ် တဲ့။ အဲဒီနောက်ပိုင်းမှာ သူမတို့ ညီအစ်မတွေကို အနှိပ်မခိုင်းဖို့ အမေက ဘကြီးကို ပြတ်ပြတ်ပဲ ပြောလိုက်တော့တာ။ 

သူမ ရှစ်နှစ်သမီးလောက်က လမ်းထဲကအလှူတစ်ခုမှာ ဦးဦးတစ်ယောက်က သူ့ပေါင်ပေါ်တင်ထိုင်တော့ အဖေ မျက်စေ့ပျက် မျက်နှာပျက်ဖြစ်သွားတာကို သူမ မှတ်မိနေသေးတယ်။ အဖေက သမီးတွေကို ဘယ် သူစိမ်းယောကျာ်းရဲ့ အပွေ့အချီကိုမှ မကြိုက်တာ။ ငယ်တုန်းကတော့ သူမကိုယ်တိုင် နားမလည်နိုင်သေးဘူး၊ အဖေဟာ အကဲပိုလွန်းတယ် ထင်မိတာ။ သိတတ်လာတဲ့ အရွယ်ကျမှ “သမီးကလေး ချစ်စရာရယ် ဦးဆီလာပါဦး” ဆိုကာ သူမကိုယ်လုံးကလေးပေါ် ထိတွေ့တတ်တဲ့ ယောကျာ်းကြီးတွေရဲ့ လက်တွေကို သူမ ကြောက်ရွံ့တတ်လာခဲ့တာ။ မိန်းမငယ်ကလေးတစ်ယောက်အပေါ် ချစ်စဖွယ်သမီးငယ်လေးဆိုတဲ့ ရိုးသားတဲ့စိတ်နဲ့လား၊ တကယ်ချစ်ခင်စိတ်နဲ့ မဟုတ်ဘဲ အမြတ်ထုတ် သာယာချင်စိတ်နဲ့လားဆိုတာကို မိန်းမဗီဇစိတ်အရ အလိုလို ခံစားသိနေခဲ့တယ်။ 

အဲဒီအရွယ်ကတည်းကပေါ့၊ သူမစိတ်ထဲ ယောကျာ်းတွေဟာ ဒီလိုပါလားဆိုတဲ့ ဘယ်တော့မှ မကျက်တော့မဲ့ အနာတစ်ခု မြုံဝပ်နေခဲ့တော့တာ။ 

(၄) 

တရှုံ့ရှုံ့ငိုရှိုက်နေတဲ့ အစ်မသုသုကို ကြည့်ရင်း စုစိတ်တွေ တဖျဉ်းဖျဉ်းတောက်လောင်နေခဲ့တယ်။ အစ်မရယ် ဖြစ်မှ ဖြစ်ရလေ….။ ကိုယ့်ထက် ခြောက်နှစ်လောက်ငယ်တဲ့ ယောကျာ်းကို မယူဖို့ မိဘတွေ အတန်တန် တားမြစ်တဲ့ကြားက မောင့်အချစ်ကို ယုံသတဲ့၊ မမကို ကျွန်တော် တစ်သက်လုံးချစ်သွားမှာဆိုတဲ့ မောင့်အပြောမှာ ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ မမသုသု။ ခုတော့ အဲဒီမောင်က ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းတွေဖြစ်ပြီး ခုမှ ကျွန်တော် တကယ်ချစ်တဲ့သူ တွေ့တာပါ ဆိုလာသတဲ့။ 

ဘာများ တတ်နိုင်ဦးတော့မှာလဲ။ မျက်ရည်စက်လက်နဲ့ အမေ့အိမ်ပြန်တက်လာတဲ့ အစ်မသုသုကို အမေက ဂရုဏာဒေါသောနဲ့ ထရိုက်တော့ မမသုသုလည်း ငို၊ အမေလည်း ငို၊ သားအမိနှစ်ယောက် ဖက်ငိုကြလေတယ်။ စု ဘယ်လိုမှ ဆက်မကြည့်ရက်နိုင်တော့တဲ့ မြင်ကွင်းပါပဲ။ နားထင်ကြောတွေ တင်းနေအောင် အံကိုကြိတ်ထားရင်း အဲဒီကောင်ကို ငါ ပက်ပက်စက်စက် သွားပြောပစ်မယ်လုပ်တဲ့ စုကို မမသုသုက မလုပ်ပါနဲ့စုရယ်၊ မမသု ဝဋ်ကြွေးပါလာတယ်လို့ပဲ သဘောထားပါ တဲ့။ 

ဟင့်အင်း ဒါ ဝဋ်ကြွေးကြောင့် မဖြစ်နိုင်ဘူး။ အဲသလို ကြံဖန်နားလည်ပေးတတ်တဲ့ မိန်းမတွေကြောင့် သင်းတို့ ယောက်ျားတွေ လုပ်ချင်သလို လုပ်နေနိုင်ကြတာ။ ခါးသည်းလိုက်တာ။ စု နည်းနည်းလေးမှ ခံစားလို့ မရဘူး။ ဒါလား ယောကျာ်းတွေရဲ့ အချစ်ဆိုတာ…..။ 

 (၅) 

 “ကိုရှင်းရယ် စု မလာချင်ဘူး၊ စု စာတွေ လုပ်ရဦးမှာ” 

ပျက်သွားတဲ့ ကိုရှင်းမျက်နှာကို မကြည့်မိအောင်နေလည်းဘဲ မြင်နေရပြန်တာ။ ကိုရှင်း ခဏခဏ ချိန်းတိုင်းလည်း သူမက အကြောင်းအမျိုးမျိုးပြလို့ ရှောင်ခဲ့တာ။ အဲဒါတွေက ကိုရှင်းကို မချစ်လို့မှ မဟုတ်တာဘဲ ကိုရှင်းရယ်။ 

“စုက ကိုယ့်ကို မချစ်ပါဘူး” 

“အာ မဟုတ်တာ ကိုရှင်းရာ၊ တစ်နေ့ ကိုရှင်းနဲ့ လက်ထပ်ပါ့မယ်လို့ စု ကတိပေးခဲ့ပြီးသားပဲဟာ” 

“မချစ်လို့သာ ကိုယ့်ကို အလိုမလိုက်တာပေါ့ စုရဲ့” 

“ခက်ပြီ ကိုရှင်းကလည်းလေ၊ စု အားတဲ့အခါ ကိုရှင်းချိန်းတဲ့ဆီလာမှာပေါ့နော် ကိုရှင်း၊ စုကို စိတ်တော့ မကောက်လိုက်ပါနဲ့နော်” 

သူမက ချစ်သူကို ချော့ကာတစ်မျိုးနဲ့ ပြောလည်း သူ စိတ်မပြေလောက်တာ သိနေခဲ့တာ။ သူမစိတ်တွေကိုက ဘယ်လိုမှ ပြန်ပြင်မရတော့လောက်အောင် ခေါက်ရိုးကျနေခဲ့ပြီးသား။ သူမ အဖြေပေးလိုက်တဲ့နေ့က သူမလက်ကို လှမ်းကိုင်လိုက်တဲ့ သူ့လက်တွေဟာ ဘယ်လောက်များ သန့်စင်ပါသတဲ့လဲ။ လက်ကလေးက စလို့၊ နောက် ပါးကလေး…။ လည်တိုင်ကလေး…။ နောက်တော့…..။ ဟင့်အင်း သူမ မလိုချင်ဘူး။ ဒါဟာ အချစ်လို့ဆိုခဲ့ရင် သူမကတော့ အသေအချာ ငြင်းဦးမှာ။ ဒါဟာ ရမက်ပဲ။ သွေးသားကိစ္စပဲ။ လိုချင်တပ်မက်မှုတွေနဲ့ စွန်းထင်းလောင်မြိုက်လို့။ အချစ်က အဲဒီထက် သန့်စင်တယ်။ လာ မရောပစ်လိုက်ပါနဲ့။ 

ဘယ်တော့မှ ကိုရှင်းခေါ်ရာနောက် မလိုက်ဘူး သိလား၊ သူမစိတ်ထဲ သေချာမှုတွေနဲ့အတူ ခပ်တိုးတိုးရေရွတ်လိုက်ရင်း ချစ်သူကို ညာပြီးနှစ်သိမ့်လိုက်ကာ ညစ်ကျယ်ကျယ် မလုံမလဲ ပြုံးလိုက်မိသေးတာ။ 

 “စုတို့ မိန်းကလေးတွေက ပုဝါတစ်ကမ်းနေနိုင်ကြပေမဲ့ ကိုယ်တို့ ယောကျာ်းလေးတွေက ချစ်သူဆီက အတွေ့အထိလေးတော့ မက်မောကြတာပဲ၊ လိုချင်ကြတာပဲ စုရဲ့၊ အဲဒါ ယောကျာ်းတိုင်းပဲ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူး သိလား ဒေါ်ရွှေစု” 

သွားစမ်းပါ။ ပြုံးမြဲ ပြုံးလျှက်က ချစ်သူကို စိတ်ထဲကနေ လှောင်မိသေးတော့တာ။ စိတ်ထဲမှာတော့ တစ်ခုခုကို တွေးပူမိသား။ သူသာ သူမအပေါ် ပျင်းရိသွားရင်၊ အခွင့်အရေးပေးနိုင်တဲ့ တစ်ခြား မိန်းကလေးတစ်ယောက်အပေါ် သာယာတိမ်းညွှတ်သွားခဲ့ရင်…..။ အို….ဘာဖြစ်သေးလဲ၊ သူကမှ မစောင့်နိုင်လို့ တစ်ခြားတစ်ယောက်အပေါ် သာယာတဲ့နောက် စောစီးစွာသိခွင့်ရတာ သူမအဖို့ ကံကောင်းသွားတယ်လို့ပဲ မှတ်ရမှာ။ ဟုတ်တယ် သူမဘဝမှာ ယောက်ျားတစ်ယောက်ဟာ မဖြစ်မနေလိုအပ်နေတာမှ မဟုတ်ဘဲ။ 

 (၆) 

အခန်းထဲကနေ သူတို့ ယောကျာ်းဝိုင်းရဲ့စကားတွေကို မကြားတစ်ချက် ကြားတစ်ချက်က နားစွင့်ထားနေမိတယ်။ 

“ဟေ့ကောင် ရှင်းခန့် မင်း သိပ်မူးလို့ မဖြစ်ဘူးကွ နော်” 

“ဟားဟားဟား သီဟရာ မင်းကလည်း ကလေးတစ်ယောက်အဖေပီပီ ငါ့ ဆရာလာမလုပ်စမ်းပါနဲ့” 

“အေးပေါ့လေ ပြောထားဦးပေါ့ မင်း ငါ့ကို အမီလိုက်နိုင်မလား ကြည့်ရသေးတာပေါ့ ဟားဟား” 

 သူမနားတွေ ထုံအသွားတယ်။ ရယ်သံတွေ၊ အော်ဟစ်ရယ်မောသံတွေကြားမှာ သူ့အသံက ဝင့်ဝင့်ကြွားကြွားနဲ့ ခုပဲ ပန်းဦးပန်တော့မလိုလို။ အော်ဂလီဆန်စရာ။ သူမ…. သူမရှုံးနိမ့်ခဲ့ပြီလား……. ဖြုတ်ပြီး ပုံချထားတဲ့ လက်ဝတ်လက်စားတွေ၊ ဆံထုံးအတု၊ ဆံညှပ် ကလစ်တွေ၊ ပန်ထားတဲ့ သစ်ခွပန်းကလေးကို ဖြုတ်ပြီး ရေခွက်ကလေးထဲ အရိုးနစ်ရုံ စိမ်ထားလိုက်တယ်။ နောက်တစ်ရက် နှစ်ရက်တော့ အနည်းဆုံး လန်းနေဦးမယ့် ပန်းကလေး။ သူမကတော့ မလန်းနိုင်တော့မဲ့အပြင် မကြာခင် နွမ်းခွေတော့မယ့်ပန်းကလေးတစ်ပွင့်ပါ ပန်းကလေးရယ်။ 

ငိုချင်လိုက်တာ…..။ 

ညနေကမှ လှလှပပလေး ဝတ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံ ရွှေအိုရောင်ဖျော့ဖျော့လေး။ ဇာနားကလေးတွေက လည်ပင်းနဲ့ လက်တစ်လျှောက်မှာ၊ ပုလဲသီးလေးတွေတောင် ချိတ်တွဲလို့။ ဝတ်ရက်စရာ မရှိ၊ မဝတ်ချင်ဘူးလို့လည်း မငြင်းရက်နိုင်စရာ မင်္ဂလာဝတ်စုံလေး။ သူမ ဝတ်ဆင်ခဲ့ပြီးပြီတဲ့လေ။ လည်ကုတ်တစ်ဝိုက်မှာ မိတ်ကပ်ရောင်လေးတောင် စွန်းထင်းလို့။ ရေမွှေးနံ့နဲ့  ချွေးနံ့တွေနဲ့ ရောနှောလို့၊ ခုတော့ အင်္ကျီချိတ်လေးမှာ အသာအယာချိတ်လို့။ 

သူမခေါင်းထဲ ငြီးစီစီဖြစ်လာတယ်။ တစ်ညနေလုံး ပြုံးလိုက်ရတဲ့ အပြုံးတွေ။ ပါးတွေ ထုံလာတဲ့အထိပဲ။ ဓါတ်ပုံဆရာက နည်းနည်းလေး ပြုံးပါဦး ဆိုတိုင်း ကြိုးစားပြုံးလိုက်ရတဲ့ အပြုံးတွေ။ အသက်မှ ပါ ပါရဲ့လား။ သူ့လက်မောင်းကို ချိတ်တွဲထားရတဲ့ ညာဘက်လက်တောင် ကိုက်ခဲချင်လာသလို။ ဒေါက်ဖိနပ်စီးထားရတဲ့ ခြေသလုံးကြွက်သားတွေကပဲ တောင့်တင်းလာသလို။ မျက်နှာက အကြောတွေပဲ ဆိုင်းပြတ်နေသလိုလို။ 

 ရေချိုးဦးမှပါလေ။ တော်ကြာ သူ အခန်းထဲ ဝင်လာနေဦးမယ်။ မလုံမလဲစိတ်တွေနဲ့ ထမီကို ရင်ရှားပြီး ရေချိုးခန်းထဲ ဝင်၊ တံခါးကို အသေအချာ လော့ခ်ချပြီးမှ ရေပန်းအောက်ဝင်ချိုးလိုက်တယ်။ ခဏတော့ စိတ်တွေ ကြည်လင်အေးချမ်းသွားသလိုပဲ။ မှန်စင်ကလေးပေါ်မှာ စီတန်းတင်ထားတဲ့ ကိုယ်တိုက်ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာနဲ့ တစ်ခြား သူမ မသိတဲ့ ပုလင်းလေးတွေ၊ ဗူးလေးတွေက လှလှပပရှိနေတယ်။ မှန်စင်ကလေးရဲ့နောက်မှာ မြင်နေရတဲ့မှန်ကလေးထဲ သူမမျက်နှာက နွမ်းနယ်ဖျော့တော့နေလိုက်တာ….။ 

အားရအောင် ရေချိုးပြီး အင်္ကျီအဝတ်အစားပါ တစ်ခါတည်းဝတ်ပြီးမှ ရေချိုးခန်းထဲက ထွက်လာလိုက်တယ်။ အပြင်မှာ ဝိုင်းက ကောင်းနေတုန်း၊ သူက ဆီးသွားချင်လို့ အခန်းထဲခဏ ဝင်အလာ၊ ရေချိုးပြီးစ ဆပ်ပြာနံ့သင်းနေတဲ့ သူမကိုယ်လုံးကို ပွေ့ဖက်၊ အရက်နံ့ နံစော်နေတဲ့ နှုတ်ခမ်းတွေနဲ့ သူမကိုနမ်းတော့ သူမခေါင်းငဲ့လို့ ရှောင်လိုက်မိတာ။ ရှက်နေတုန်းပဲလား မိန်းမရာ တဲ့။ သူမ သူ့ရင်ဘတ်ကို အလန့်တကြား တွန်းထုတ်လိုက်တော့ တဟားဟားရယ်လို့ သူ အခန်းပြင်ကို ပြန်ထွက်သွားခဲ့တယ်။ 

 “ဟားဟား လင်မယားပဲ ဖြစ်တော့မယ်၊ ငါ့မိန်းမကွာ ခုထိ ရှက်နေတုန်းပဲ” 
  “အစမို့ပါကွာ မင်းကလည်း ဟားဟားဟား” 

 အမူးအရူးတွေ တအုံးအုံးဝိုင်းရယ်လိုက်ကြသံဟာ အာရုံတွေကို နောက်ကျိသွားစေတယ်။ တစ်ဆိတ်တော့ ရှင်တို့ တိတ်ကြစမ်းပါ။ အရက်ခွက်ချင်းတိုက်သံကြားက သူတို့စကားဝိုင်းမှာ သူမဟာ ကြက်ကြော်တစ်တုံးထက် မပိုတော့ဘူးတဲ့လား။ သူမဟာ သူတို့ပါးစပ်ဖျားက အမြည်းတစ်ခုမျှသာပဲတဲ့လား။ သူမ ရှက်နေတာထက် ခံပြင်းနေတာ။ 

ရှင်တို့ သွားကြ….၊ ထွက်သွားကြစမ်းပါ။ မကြာခင် လှလှပပရှုံးနိမ့်ရတော့မဲ့၊ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသုံးချခံရတော့မဲ့၊ ပန်းကလေးတစ်ပွင့်လို အလွယ်တကူ အချွေခံရတော့မဲ့၊ အောင်သေအောင်သား အစားခံရတော့မဲ့ သားကောင်တစ်ကောင်ဟာ သူမ တဲ့လား။ ဟင့်အင်း…..။ သူမတစ်ကိုယ်လုံးကို ငုံ့ကြည့်မိပြန်တယ်။ ခုနကပဲ သူ သူ့လက်တွေနဲ့၊ အရက်နံ့တွေနံစော်နေတဲ့ သူ့နှုတ်ခမ်းတွေနဲ့….ဟင့်အင်း သူမ သတိရ မနေချင်ဘူး။ ရေချိုးခန်းထဲကို သူမ အပြေးဝင်မိပြန်တယ်။ ရေပန်းကို အားကုန်ဖွင့်ချလိုက်ပြီး စင်ပေါ်က ဆပ်ပြာရည်ဗူးကို ကိုယ်ပေါ်လောင်းချ။ တစ်ကိုယ်လုံးကို တိုက်ချွတ် ဆေးကြော။ စင်ကြယ်နိုင်ပါဦးမလား နော်။ ရေစစ်စကာပေါက်မှာ သူမ ဆံနွယ်စလေး တစ်ချို့ ငြိတင်ကျန်ခဲ့တယ်။ ရေအေးတွေနဲ့အတူ သူမမျက်ရည်ပူတွေပါ သူမ ခြေဖဝါးအောက်က ဖြတ်စီးသွားတယ်။ အဲဒီထဲမှာ သူမ အရှက်တွေ၊ သူမ သိက္ခာတွေ၊ သူမ မာနတွေ၊ မိန်းမသားတစ်ယောက်ရဲ့ ဖြစ်တည်မှုတွေ သိမ်းကျုံးပါဝင်သွားလေရဲ့။ 

 “ဟေ့ကောင် ရှင်းခန့် ငါတို့ ပြန်မယ် စိတ်ချမယ်ကွာ နော်” 

 “မိန်းမရေ ခဏလေးနော်၊ ဒီမှာ ဒီကောင်တွေကို ကားလိုက်ငှားပေးလိုက်ဦးမယ်” 

အသံတွေနဲ့အတူ တဟားဟားရယ်မောသံတွေ တဖြေးဖြေး ဝေးလို့သွားတဲ့အခါ အခန်းထဲမှာ သူမတစ်ယောက်ထဲ အေးစက်တိတ်ဆိတ်လို့။ ဘာကို စောင့်စားနေတာလဲ။ သူမက ဘာကိုများ မျှော်လင့်နေသေးတာလဲ။ လွတ်မြောက်ဖို့၊ လွန်မြောက်ဖို့….။ သူမရင်တွေ ဗြောင်းဆန်လို့ ပါးပေါ်ကမျက်ရည်တွေကို ခပ်ကြမ်းကြမ်းတစ်ချက် သုတ်ဖယ်လိုက်မိပြန်တယ်။ 

အာရုံတွေကို စုစည်းလိုက်ရင်း ထမီကို ခပ်တိုတို ခပ်တင်းတင်း ပြင်ဝတ်လိုက်တယ်။ တုန်နေတဲ့လက်တွေက ခြံဝင်းတံခါးကို ခပ်လောလောဖွင့်နေရင်း ခြေထောက်တွေက စိတ်စေစားရာနောက် လိုက်ပါဖို့ အသင့်ရှိနေခဲ့ကြတယ်။ ခြံဝင်းအပြင်ဘက် ခြေတစ်ဖက်ချမိတာနဲ့တင် သူမစိတ်တွေ လွတ်လပ်ပေါ့ပါးသွားလိုက်တာ။ မပြေးရုံတစ်မယ် ခြေလှမ်းတွေနဲ့ ဝေးသထက် ဝေးရာ လှမ်းခဲ့မိ။ တစ်ချက်မှ နောက်လှည့်မကြည့်ခဲ့။ 

သူမမျက်နှာတစ်ပြင်လုံးကို ဆောင်းလေကြမ်းကြမ်းတွေက ခပ်ပြင်းပြင်းတိုးဝင် ရိုက်ခတ်။ အအေးဓါတ်ဟာ မျက်နှာတစ်ပြင်လုံးကို ရေခဲပြင်လို အေးခဲမာကြောစေပြန်တာ။ ရေခဲတွေ ကွဲအက်သလို သူမအသားစိုင်တွေလည်း ကွဲအက်တော့မလားထင်ရ။ ဆက်လျှောက်…..ဆက်လျှောက်။ မကြာခင် မိုးလင်းတော့မယ် ထင်ရဲ့။ လက်မှာ နာရီ ပါမလာတာ ခုမှ သတိရ။ အို… အရေးကြီးလို့လား။ နာရီတစ်လုံးက သတ်မှတ်ပေးမဲ့ အချိန်တွေကို သူမက နာခံရမတဲ့လား။ သူမအချိန်တွေ၊ သူမဘဝ၊ သူမဖြစ်တည်မှု အားလုံးဟာ အခု သူမလက်ထဲမှာ။ ကျန်တာတွေ သူမအတွက် လိုမှ မလိုအပ်တော့တာ။ ရှေ့ခြေလှမ်းပေါင်းများစွာဟာ သူမစိတ်တွေကို လိုလိုလားလားဖော်ဆောင်ပေးနေကြတယ်။ မောရမှန်း မသိ၊ ပမ်းရမှန်း မသိ။ ပျော်တယ်။ သူမကိုယ် သူမ ကယ်တင်လိုက်နိုင်ပြီ။ 

သူမရဲ့ အားပါးတရယ်မောလိုက်သံဟာ အိပ်မောကျနေဆဲ ညအမှောင်ကို လှန့်နှိုးလိုက်သလို။ သူမစိတ်တွေဟာ အောင်ပွဲရစစ်သည်တော်လို ဝင့်ဝင့်ကြွားကြွားရှိလှလျှက်က သူမတစ်ကိုယ်လုံးမှာ အားအင်တွေကတော့ ချိနဲ့လွန်းလှပြီ။ ပင်ပမ်းခဲ့ရတဲ့ နေ့စဉ်ရက်ဆက်တွေ။ စိတ်မော လူမောတွေ။ နောက် တစ်လှမ်း၊ နောက်ထပ် တစ်လှမ်း၊ နောက်ထပ် ခြေတစ်လှမ်း... အဲဒီနောက်မှာ သူမတစ်ကိုယ်လုံး ပေါ့ပါးလို့ လွင့်ကနဲ။ 

စိတ်ကြိုးတွေ ပြတ်သွားတဲ့ကိုယ်ဟာ ကြိုးမဲ့စွန်တစ်ခုလို မြေပေါ်ဝဲလွင့် အကျ…..။


မဟေသီမဂ္ဂဇင်း - ဇွန်လ ၂၀၁၃