Friday, May 24, 2013

ငမျိုးအကြောင်း



(၁)

ဟာ ဒီကောင်ကြီး ခုလိုကျတော့လည်း တကယ်ကြီး စွံတော့မှာပေါ့လေ

ကျုပ်တွေးရင်း သဘောကျနေမိတယ်။ ဒီကောင်ကဗျာ ကျုပ်နဲ့ အထက်တန်းကျောင်းမှာကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့ကောင်။ အင်မတန် သဘောကောင်းတဲ့၊ ရိုးတဲ့ကောင်ပါဗျာ။ တစ်ခုပဲ ကြွားတာကတော့ အသေဗျို့။ ပိုက်ဆံရှိသူတွေ၊ ပါဝါရှိသူတွေ၊ မိုးပေါ်ကလူတွေနဲ့များဆို သူနဲ့ ဆွေနီးမျိုးစပ်ကြီးတွေလိုလို လုပ်ချတတ်တာ။

“အဲဒီ ကုမ္ပဏီပိုင်ရှင်က ငါ့ဦးလေးတော်တယ်ကွ” ဆိုတာမျိုး၊ “အဲဒီဗိုလ်မှူုးကြီးက ငါ့ဘကြီးတော်တယ် ပြောပါတော့ကွာ” ဆိုတာမျိုးတွေက များမှများ။ အကြောင်းအပေါင်းမသင့်လို့များ အဲဒီသူ့ဦးလေးတို့ သူ့ဘကြီးတို့ ဆိုသူတွေ တစ်ခုခု ပြဿနာဖြစ်ပြီ၊ ငြိပြီဆိုမှဖြင့် လေသံက ပြောင်းသွားပါလေရော။

သူငယ်ချင်းတွေဆိုတာကလည်း အဲသလိုအကွက်မျိုး စောင့်နေကြတာကလား၊ ဘယ်နေမလဲ၊ ဝိုင်းတွယ်ကြတော့တာ။

“ဟေ့ကောင် ငမျိုး မင်း ဘကြီးဆိုတဲ့ဘဲကြီးလေ ရာထူးက ဖယ်ရှားတဲ့ထဲပါသွားပြီဆိုပါလားကွ ဟေ”

“အာ အဲဒီဘကြီးက နည်းနည်းဝေးပါတယ်ကွာ၊ စပ်မှ တော်တာပါ”

“ဟေ့ကောင် မင်းဦးလေးကုမ္ပဏီဆိုတာလေ ဒေဝါလီခံသွားပကွ”

“ဝေးပါတယ်ကွာ၊ အမေ့ဘက်က စပ်မှ လေး-ငါးဝမ်းလောက် ကွဲသေးတာ” 
ဖြစ်သွားရော၊ အဲ့အကောင်က အဲသလိုမျိုး....

သဘောကောင်းတဲ့နေရာမှာတော့ သူ့အိပ်ကပ်ထဲက ပိုက်ဆံ ဘယ်သူငယ်ချင်း ယူသုံးသုံး၊ သူ့အင်္ကျီအဝတ်အစား ဘယ်ကောင် ယူဝတ်ဝတ်၊ ပြန်ပေးရကောင်းစေရယ်လို့ မရှိဘူး။ ဒါကြောင့်လည်း သူ ဘယ်လောက်ကြွားကြွား သူ့လေဒဏ်မိုးဒဏ် ခံပြီးတော့ကို ပေါင်းခဲ့ကြတာ။

တစ်ခါသား ကျုပ်တို့ကောင်တွေ ကျောင်းပိတ်ရက် သူငယ်ချင်းတွေ စုပြီး ပစ်ကနစ်ထွက်ခဲ့ကြတာ။ နေ့ချင်းပြန်ဖို့ကို အပျော်လွန်သွားတာနဲ့ ညအိပ်ဖို့ ဖြစ်လာရော။ ဟိုတယ်သွား အိပ်ကြဖို့ ဟိုတယ်ကလည်း အခန်းက လုံးဝမရဘူး။ နောက်ဆုံး ဒီကောင်က ခပ်တည်တည်ပဲ ကျုပ်ကို အလေးကောက်ပြုပြီး “ဘယ်လိုလုပ်ကြမလဲ ဗိုလ်ကြီး၊ ညတွင်းချင်းပြန်ဖို့ကလည်း မဖြစ်နိုင်ဘူး” ဘာညာ လုပ်တော့တာ။ အဲဒီမှာ ဟိုတယ်က တာဝန်ရှိသူက “ဗျာ ဗိုလ်ကြီးတို့ရယ် စောစောက ပြောရောပေါ့ဗျာ၊ ရအောင် စီစဉ်ပေးမှာပေါ့” ဖြစ်လာတယ်။ ကျုပ်တို့လည်း စိတ်ထဲက ဟာ ငါ့ကောင်တော့ လုပ်ချ လိုက်ပြန်ပြီပေါ့။ 

ဘာပဲပြောပြော အဲဒီညက ကျုပ်တို့ သူငယ်ချင်းလေးယောက် ဟိုတယ်မှာ သက်တောင့်သက်သာ တည်းခဲ့ရတယ်ပေါ့ဗျာ။ အပြန်လမ်းကျမှ “ဟေ့ကောင် လဒသား မင်း လုပ်တဲ့အပေါက်က ကြည့်လည်း လုပ်၊ ငါတို့အားလုံး ဖိုးတွမ်တီးဖြစ်ကုန်မှ” ဆိုတော့ ဒီကောင်က ဘာပြန်ပြောတယ်မှတ်လဲ
“အောင်မာ ငါ့မေးလို့က ဟုတ်တယ်လေ၊ ကျုပ်သူငယ်ချင်း ငယ်နာမည် ဘိုကြီးလို့ ပြောထည့်လိုက်မှာပေါ့ကွ” တဲ့

ကြည့်၊ ငမျိုးက အဲသလိုကောင်…။

တက္ကသိုလ်ရောက်တော့ ကျုပ်တို့ကောင်တွေ အသီးသီး ရည်းစားတွေ ရကြလို့၊ ဒီကောင်တစ်ယောက်ပဲ မစွံဘဲ ကျန်နေတယ်။ ဘယ်လိုမှ ကြံရာမရတဲ့အဆုံး သင်္ကြန်လည်းရောက်ရော ဒီကောင်က ဂျစ်ကားကြီးငှားပြီး လမ်းထဲက သူကြိုက်နေတဲ့ ခင်ဝင်းမာနဲ့ သူ့အစ်ကိုတွေပါ မျက်နှာလုပ်ပြီး တင်မောင်းပါရော။ ကျုပ်တို့လည်း ကားနောက်မှာ ပါတယ်ပေါ့ဗျာ။ ပထမတော့ ခင်ဝင်းမာက သူ့ဘေးမှာ၊ သူက ကားကြီးမောင်းလို့ပေါ့လေ။ နောက်တော့ ရှေ့မှာထိုင်ရာက ရေဘောလုံးထိပြီး ခင်ဝင်းမာက ဂျစ်ကားနောက် ရောက်လာတယ်။

သူက ရှေ့က ကားမောင်း၊ ခင်ဝင်းမာက နောက်က ရေပက်ခံပေါ့။ အဲဒီမှာ ခင်ဝင်းမာက ချမ်းတယ်ဆိုရင်း သူ့အစ်ကိုနဲ့ပါလာတဲ့ ကျော်မြင့်ထွန်းဆိုတဲ့ကောင်က သဘက်ကြီးနဲ့ ကာပေးရင်း။ သင်္ကြန်လည်းပြီးရော သူ့ကောင်မလေးကို အဲဒီကျော်မြင့်ထွန်းဆိုတဲ့ကောင်က မ သွားတော့တာ။ အဲ့ဒီကတည်းက မိန်းမတွေကို စိတ်အနာကြီးနာသွားလိုက်တာ ကျောင်းသာပြီးရော ရည်းစားတစ်ယောက်မှ ထားမသွားဘူး။

ကျောင်းပြီးလို့ ကျုပ်တို့ သူငယ်ချင်းတွေအားလုံး အိမ်ထောင်တွေကျ၊ ကလေး တစ်ယောက် နှစ်ယောက်လောက်ရတဲ့အချိန်ကျမှ ဒီကောင် အိမ်ကပေးစားတဲ့ မိန်းမကို ယူလိုက်တာ။ မိန်းမကံ အကျိုးပေး မကောင်းပုံများ သူ့မိန်းမ မီးတွင်းထဲမှာ မီးဖွားရင်း ဆုံးသွားရှာတယ်။ ဘာကြာလို့လဲ၊ ပေါင်မပြည့်ဘဲမွေးခဲ့တဲ့ သမီးကလေးက အဖပ်မတင်ဘဲ တစ်ပတ်နဲ့ဆုံးသွားပြန်တော့ ဒီကောင် ခေတ်သစ်မောင်ပဋာဖြစ်ကျန်ခဲ့တာ။ အားလုံးက ဒီကောင့်အတွက် စိတ်မကောင်းကြဘူးပေါ့ဗျာ။ ဒီကောင်လည်း အတော်လေသွားသေးတာ။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး မရိတ် မသင်၊ နေ့နေ့ညည သောက်စားမူးရူးနေလိုက်တာ။

သူ့အဖေဆုံးသွားပြီးနောက် ကျန်ခဲ့တဲ့ အိမ်စီးပွားရေးကို သူပဲ မဖြစ်မနေ ဆက်ကိုင်ရတော့မယ်ဆိုမှ နာလန်ပြန်ထူလာတာ။ ဒီကောင့်ကံပဲ ပြောရမလား၊ သူ့အဖေကျန်ခဲ့တဲ့ တွင်ခုံလုပ်ငန်းက သူ့လက်ထက်မှာ ပို စီးပွားဖြစ်လာခဲ့တယ်။ အားလုံးကတော့ ဒီကောင့်အတွက် ဝမ်းသာကြတယ်ပေါ့ဗျာ။
  
(၂)

နိုင်ငံခြားသားမိသားစုကို ဟိုတယ်ရှေ့ချပေးအပြီးမှာ ဟိုတယ်ထဲကထွက်လာတဲ့ လူငယ်စုံတွဲတစ်တွဲ ကျုပ်ကားကို တားတာနဲ့ ပါစင်ဂျာ ချက်ချင်းရတာမို့ ဒီညတော့ ကျုပ် အုံနာကြေးကိုက်ပြီလို့ စိတ်ထဲက တွက်လိုက်တယ်။ တက်ကစီမောင်းရတာ အရင်ကလို မဟုတ်တော့ဘူးဗျာ။ ကားတွေကြပ်တော့ ခရီးတစ်ခုကို နှစ်နာရီလောက် မောင်းနေရတာ၊ အရင်လို ဘယ်ဟန်တော့မလဲ။

ဘေလီတံတားထိပ်ကို ကျော်လာပြီ။ ဟာ ကံကောင်းလို့ဗျာ၊ ညဘက် ရှေ့မီးဖွင့်မောင်းတာတောင် ကတ္တရာလမ်းအမဲပေါ် ခွေးမသားအမဲကောင်က အိပ်နေတော့ ကြိတ်မိတော့မလို့ သီသီလေး ရယ်…။ နောက်ခန်းကစုံတွဲ ဟန်ချက်ပျက်သွားဟန်နဲ့ ကောင်မလေးက ကိုယ်ကို ခပ်မတ်မတ် ပြင်ထိုင်လိုက်တယ်။

“ဦး ဘယ်နားရောက်နေပြီလဲ” တဲ့ မျက်နှာကို ကျုပ်ရှေ့ကိုင်းပြီး ကောင်မလေးက မေးတယ်။ ကောင်မလေးပါးပေါ်က စံပယ်တင်မှဲ့နက်လေးက စိုလက်လို့။ သူ့ကောင်လေးကို “ရောက်တော့မှာနော် သိပ်မကဲနဲ့” ပြောရင်း တခစ်ခစ်ရယ်နေသေးတယ်။

ကဲလည်း ကဲတဲ့ စုံတွဲဗျာ။ ကြည့်တော့ ခပ်ငယ်ငယ်ကလေးတွေ ရှိလှမှ နှစ်ဆယ် အစိတ်လောက်ကလေးတွေ။ ဒီအချိန်ကြီး ည ဆယ့်တစ်နာရီကျော် ဟိုတယ်က ထွက်လာပုံက မစဉ်းစားရဲ စရာ။

ဟိုတယ်တွေကလည်း ခက်တယ်ဗျာ။ တစ်နာရီ ငါးထောင်၊ နာရီပိုင်းနဲ့ ငှားသတဲ့၊ စုံတွဲတွေအတွက် ဗာလင်တိုင်း အထူးလျှော့ဈေးဆိုတာပါသေး။ ခက်ကုန်ကြပြီပေါ့ဗျာ။ သမီး မွေးမထားတာပဲ တော်သေး။ ကျုပ်အိမ်က မိန်းမကတော့ သားမွေးထားလည်း သားမို့ ပူရတာပါပဲ တဲ့။ ဟုတ်တာပဲ ဒီလူငယ်လေး ကျုပ်သားသာဆို သူများသားသမီး မယူရသေးခင် မလွန်မကျွံရဘူးကွလို့ နားရင်းတီး ဆုံးမမိမလားပဲ။

နောက်တစ်ခါမှာတော့ တိုက်ဆိုင်တာပဲလား မပြောတတ်ဘူး။ အသွားအပြန်ငှားထားတဲ့ ကျုပ်ပါစင်ဂျာလူနာကို ဆေးခန်းပို့ပြီး စောင့်နေတုန်း အဲဒီစံပယ်တင်မှဲ့ကလေးနဲ့ ကောင်မလေး ကို နောက်တစ်ခါ ထပ်တွေ့ရသေးတယ်။ သူက ဆေးခန်းထဲက ထွက်လာတာ။ သူ့ဘေးမှာ ကောင်လေးတစ်ယောက်ပါသေးတယ်။ ဟိုအရင်တွေ့တုန်းက ကောင်လေး မဟုတ် တာတော့ သေချာတယ်ဗျာ။  ခက်တယ် ခေတ်ကာလသားသမီးတွေများ။ 

ကျုပ်တို့ တက်ကစီသမားတွေက ဒါမျိုးတွေများ ရိုးတောင်နေပါပြီ။ ကောင်မလေးတွေက ဟော တစ်ယောက် ဟော တစ်ယောက်။ ကောင်လေးတွေကလည်း ဟော တစ်ယောက် ဟော တစ်ယောက်။ ကျုပ်တို့အဖေခေတ်ကလို သုံးနှစ်သုံးမိုးလည်း မဟုတ်၊ ကျုပ်တို့ခေတ်ကလို ချောင်းကြည့်ပြုံးပြန်လည်း မဟုတ်ဗျာ…။

(၃)

တစ်ရက်တော့ ပြည်သူနဲ့ အိမ်ထောင်ကျသွားတဲ့ သီဟ ရန်ကုန်ခဏရောက်နေတုန်း ကျုပ်တို့ ငယ်သူငယ်ချင်း လေးယောက် ပြန်ဆုံခဲ့ကြတယ်။ သီဟနဲ့ သူ့မိန်းမက ပွဲရုံလုပ်ငန်း၊ မိုးဟိန်းနဲ့ သူ့မိန်းမက ဗိုလ်ချုပ်ဈေးထဲ ရွှေဆိုင်တန်းမှာ၊ ဒီကောင် မျိုးမြင့်ကတော့ တွင်ခုံလုပ်ငန်းနဲ့ တစ်ကိုယ်ရေ တစ်ကာယ မုဆိုးဖို၊ ကျုပ်က တက်ကစီမောင်း၊ ကျုပ်မိန်းမ မမြင့်နွယ်က ကုန်စုံဆိုင်လေးရောင်းပေါ့။

တစ်ယောက် တစ်ယောက် ဗိုက်ကြီးတွေကို ကြည့်၊ ထိပ်ပြောင်လာတာကို ကြည့်ပြီး သူ ပိုပူ၊ ငါ ပိုပြောင် ဟားကြရသေးတယ်။ အံမာ ဒီကောင် မျိုးမြင့်က အတော်လေး ထိန်းထားသေးတာ။ အားလုံးထဲမှာ သူက ဗိုက်မပူဆုံး။ ဒီကောင့်ကို အားလုံးက အိမ်ထောင်ထပ်ပြုဖို့ ပြောတော့ ဒီကောင်က 
“တော်ပါပြီကွာ နွားနို့သောက်ချင်တာများ နို့စားနွားမကြီးတစ်ကောင်လုံး မွေးထားစရာ မလိုပါဘူးကွ” တဲ့...။

ကြားတော့ ကြားသား။ ဒီကောင် ကောင်မလေးငယ်ငယ်လေးတွေနဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်း။ ဝသီကတော့ ဘယ်ပျောက်မလဲဗျာ။ သူ ခုတွဲနေတဲ့ ကောင်မလေးတွေ ဘယ်လောက်လှကြောင်း၊ ဘယ်လောက် ငယ်ကြောင်း၊ ဘယ်လို အပျိုစစ်ကြောင်း၊ ကောင်မလေးတွေ သူ့ကို ဘယ်လိုခိုက်ကြောင်းတွေပေါ့ဗျာ။ ကျုပ်တို့လည်း ဒီကောင်က ဝိုင်းဒကာဆိုတော့ ရင်ခံပေမဲ့ သောက်ရင်း စားရင်း ဒီကောင့်စကားတွေ မျိုမျိုချနေရတော့တာပဲ။ 

အပြန်မှာ ကားစောင့်နေတဲ့ကလေးက “အစ်ကိုကြီး သား ကားစောင့်ပေးထားတယ်နော်” ဆိုတော့ ဒီကောင် ငမျိုးက “အေး မင့်မှ ကားစောင့်ပေး မထားရင် ငါ နရင်းအုပ်ထည့်လိုက်မပေါ့ကွ” တဲ့။ “ဒီဟိုတယ်က ကားစောင့်သူတွေကို ယူနီဖောင်းနဲ့ ဘာနဲ့ သေချာ လစာပေးစောင့်ခိုင်းထားတဲ့ဟာကိုကွာ၊ မုန့်ဖိုးထပ်ပေးဖို့ မလိုပါဘူး။ ကလေးတွေ အကျင့်ပျက်ပါတယ်” တဲ့ သူက။ အဲသလိုကျတော့လည်း ငမျိုးပြောတာ ဟုတ်သလိုလို။

(၄)

ငမျိုး မင်္ဂလာဆောင်မှာ ကျုပ်တို့သူငယ်ချင်းတွေ အားလုံး နောက်တစ်ခေါက် ထပ်ဆုံဖြစ်ကြသေးတယ်။ တိတိကျကျပြောရရင်ဗျာ မင်္ဂလာဆောင်မှာ ဆုံတာထက် ဒီကောင့် မုဆိုးဖိုညမှာ ဆုံဖြစ်ကြတဲ့အဖြစ်က ကျုပ်အတွက် ပိုလို့ သတိတရဖြစ်စေတယ်။ 

စဉ်းစားကြည့်ဗျာ၊ မင်္ဂလာဆောင်မှာ မင်္ဂလာမောင်မယ်ကို ပွဲထုတ်လာတော့ ထုံးစံအတိုင်း အားလုံးရဲ့ အာရုံတွေက မင်္ဂလာမောင်နှံဆီမှာ။ ကျုပ်တို့လည်းပဲ သူ့ရဲ့ ဇနီးအသစ်စက်စက်ကလေးကို စိတ်ဝင်တစားကြည့်မိကြတယ်ပေါ့ဗျာ။ မျက်နှာရှေ့အုပ်ထားတဲ့ ပုဝါလေးလည်း ဖယ်လိုက်ရော ကျုပ်ရင်ထဲ ဟိုက်ကနဲ ဖြစ်သွားတယ်။ ငမျိုး ပြောပြောနေတဲ့ ချစ်စဖွယ်အပျိုစင်ကလေးဆိုတာ ကျုပ် မြင်ဖူးသိဖူးနေတဲ့ စံပါယ်တင်ကလေး ဖြစ်နေတာကိုးဗျ။ 

ကျုပ်စိတ်ထဲ အင်မတန်မှ မရိုးမရွဖြစ်မိတော့တာ။ ဒါပေမဲ့ ထားပါတော့ဗျာ။ မင်္ဂလာမောင်မယ် မင်္ဂလာယူနေတဲ့အချိန်မှာ ကျုပ် မျိုသိပ်နေခဲ့လိုက်ပါတယ်။ 

ခက်တာက နောက်တစ်နေ့ည ကျုပ်တို့ သူငယ်ချင်းတွေချည်းပဲ ဆုံကြတဲ့ စားပွဲသောက်ပွဲမှာ ဒီကောင်ငမျိုးက သိပ်ပဏာယူနေတော့တာပဲဗျ။ သူ့မိန်းမ ဘယ်လောက် ချစ်စရာ ကောင်းကြောင်း၊ သူ့ထက် ဘယ်နှနှစ်ငယ်ကြောင်း၊ ဘယ်လိုအပျိုစစ်ကြောင်း….စုံလို့ဗျာ။ အဲဒီမှာ ကျုပ်က ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ “မင်းဘယ်လောက်သေချာလို့လဲကွ ငမျိုးရ” လို့ ပြောမိတယ်။ ဒီမှာတင် သူနဲ့ ကျုပ် အခြေအတင်ဖြစ်ရတော့တာပဲ။ ဒါပေမဲ့ဗျာ ကျုပ် စိတ်လျှော့ခဲ့လိုက်ပါတယ်။ မိန်းကလေးဘက်က ဘယ်လိုစိတ်ပြောင်းပြီး ငမျိုးလိုကောင် မုဆိုးဖိုကို ရွေးတယ်ဆိုတာ ကျုပ်မသိသလို ငမျိုးဘက်က ဒီကောင်မလေးအပေါ် ဘယ်လောက် တန်ဘိုးထားတယ်ဆိုတာ ကျုပ်မှ မသိနိုင်တာပဲဗျာ။ 

ထားပါတော့လေ။ ပြီးတာပြီးပြီပဲ၊ အရေးကြီးတာက သူတို့ အိမ်ထောင်ရေး ရေရှည်တည်မြဲဖို့ပဲ မဟုတ်လားဗျာ။ ဆက်မပြောခဲ့တော့ဘူး၊ ကျုပ် ရေငုံနေခဲ့ပါတယ်။ ဒီကောင် ငမျိုးကတော့ ထုံးစံအတိုင်း အကြွားတွေ ပိုနေတာများ သောက်မြင်ကတ်ချင်စရာဗျာ။

(၅)

ဘာပဲပြောပြော ကျုပ်စိတ်ထဲ ကလိကလိနဲ့ မကျေနပ်တာတော့ အမှန်ပဲဗျာ။ ငမျိုးကိုလည်း နွားတစ်ကောင်လို မြင်လာမိတော့တယ်။ အိမ်ရောက်တော့ ကျုပ်မိန်းမကို ဖွင့်ပြောမိတယ်ဗျ။ ကျုပ်မိန်းမက ပြုံးလို့ပဲ။ ဒါလေးများ၊ သွားပြောမနေနဲ့၊ လူတွေဟာ ဒီလိုပဲ၊ ဒီလိုအချိန်မှာ အကန်းပဲတဲ့။ ဒါမျိုးဆိုတာ ကိုယ်တိုင်ထက် ဘေးလူတွေက ပိုမြင်တတ်တာပါပဲ တဲ့။ 

ကျုပ် ခေါင်းညိတ်လိုက်မိတယ်။ ဒါပေမဲ့ စိတ်ထဲ မတင်မကျနဲ့ပဲဗျ။ ဒီကောင်ကွာ၊ သူငယ်ချင်းစကားကို မယုံဘဲ ဒီကောင်မလေး အပြောယုံပြီး ဖြူစင်အပြစ်ကင်းတဲ့ အပျိုစင်လေးဆိုပြီး ပုံနှစ်ချစ်တော့တာ။ ထားပါလေ၊ အပျို အအိုဆိုတာကလည်း ဘာများ ထူးဆန်းတာလိုက်လို့။ ဒီကောင်မလေး ကျုပ်သူငယ်ချင်းနဲ့ ရပြီးလို့ တည်ငြိမ်အေးဆေးသွားရင် ပြီးတာပဲ မဟုတ်လား။ ကောင်မလေးထက် ငယ်သူချင်းအရင်းကြီးစကား နားမဝင်တဲ့ ဒီကောင့်ကို ကျုပ်က ပို စိတ်ဆိုးတာဗျာ။ 

မိန်းမ ဟင်းချက်နေတဲ့ မီးဖိုချောင်ထဲ ဝင်လာမိတော့ ဟင်းချက်ဖို့ ပြင်နေတဲ့ မိန်းမကို တွေ့တယ်။ ဘာရယ်မဟုတ်ပါဘူး၊ စိတ်ကောင်းလေး ဝင်နေတုန်း “ဘာကူလုပ်ပေးရမလဲ မိန်းမရေ” ဆိုတော့ မိန်းမက “ကြက်သွန်နီ ကူခွာပေး” တဲ့။  ဒါနဲ့ပဲ ကြက်သွန်နီနှစ်ဥ ကူခွာအပေးမှာ တစ်ဥက အထဲမှာ ပုပ်ချင်ချင်၊ ကြက်သွန်အဖတ်လေးတွေက ညိုပုပ်ပုပ် ဖြစ်နေတယ်။ ကျုပ်က လွှင့်ပစ်တော့မလို့အလုပ်မှာ မိန်းမက “အောင်မလေး ကိုရယ် ပုပ်ချင်နေတဲ့ အဖတ်ကလေးတွေကို အသာလေးခွာပြီး လွှင့်ပစ်လိုက်လေ၊ ကျန်တဲ့အပိုင်းတွေက ဟင်းချက်လို့ ရပါသေးတယ်” တဲ့။

ကျုပ်မိန်းမစကားနားထောင်ပြီးတော့ ညိုနေတဲ့ အပိုင်းတွေ လွှင့်ပစ်လိုက်ပြီး ကျန်တဲ့အကောင်းလေးတွေကိုပဲ ဟင်းချက်ဖို့အထဲ ထည့်လိုက်တယ်။

ကျုပ်မျက်လုံးထဲ ငမျိုးနဲ့သူ့မိန်းမ စံပါယ်တင်မျက်နှာလေး ပြေးမြင်တယ်။

အေးဗျာ၊  ဒီလိုပါပဲ လူတွေကိုလည်း မကောင်းတဲ့အပိုင်းလေးတွေ ကွက်ပြီး လွှင့်ပစ်လို့ရရင် ကျုပ်က လွှင့်ပစ်လိုက်ချင်ပါသေးရဲ့။ ကောင်းတာလေးတွေပဲ ရွေးပြီး ချစ်ကြတာပေါ့ဗျာ နော်။


Faces- မုခ မဂ္ဂဇင်း - မေလ ၂၀၁၃


Monday, May 13, 2013

ခါးသက်သက် ချိုမြ


(က)
ခုတော့ ပျိုမေခင် ဒီကို တစ်ကယ်ပဲ ပြန်လာလည်ဖြစ်သွားပြီပေါ့လေ… 

တစ်အိမ်လုံးကို တောက်ပပြောင်လက်နေအောင် ရှင်းလင်းပြင်ဆင်နေရင်းက နှုတ်ခမ်းများကွေးလာသည်အထိ ကျွန်မ ပြုံးနေမိသည်။ အိမ်ကိုအလည်လာသော လူတိုင်းက အမြဲတမ်း လှပသပ်ရပ်နေသော၊ သန့်ရှင်းတောက်ပြောင်နေသော အိမ်ကလေးကို ချီးမွန်းကြတိုင်း ကျွန်မ ကျေနပ်ရသည်။ တစ်ဆင့်တက်လို့ “ဟင်းချက်အရမ်းကောင်းတာပဲ၊ ကိုမိုးသော်တာ မိန်းမရ ကံကောင်းလိုက်တာ”ဟု ပြောလာကြရင်ဖြင့် ကျွန်မမျက်နှာမှာ အပြုံးတွေက ရပ်မရချင်တော့။ 

သူမ လာလည်မယ်ဆိုတဲ့အပေါ် မောင်ကရော ဘယ်လိုများနေမှာပါလိမ့်၊ တွေ့ရသလောက်တော့ မောင်က ဟန်မပျက်ပါ။ အရမ်းကြီးလှုပ်လှုပ်ခတ်ခတ်လည်း ဖြစ်မနေ၊ သိတ်လည်း အေးစက်မနေဘဲ ပုံမှန်သာ။ ဒါကိုပင် ကျွန်မက ရိုးရိုးမှ ဟုတ်ပါလေစဟုထင်လျှင် မောင့်သိက္ခာကို စော်ကားသလိုသာ ဖြစ်တော့မည်။ “ပျို ဘာဟင်းချက်လာရမလဲဟင်”ဆိုတဲ့ သူမအမေးကို “ဟင့်အင်း ပျို ပင်ပန်းပါတယ်ကွယ်၊ လှလှလေးပဲ လာခဲ့နော်” လို့ ကျွန်မက အချိုစွက်ခဲ့သေးသည်။ 

သူမချက်လာတဲ့ဟင်းဟာ မောင့်အကြိုက် ဖြစ်မနေပါဘူးလို့ ဘယ်သူ ပြောနိုင်ပါ့မလဲ။ မောင့်အပေါ် ချစ်မက်မြတ်နိုးခြင်းနှင့် အချိုးညီမျှစွာ သူမနဲ့ပတ်သက်လာလျှင် ကျွန်မအတ္တက ကြီးလှပါသည်။ သူမ ခွင့်တစ်ပတ်နဲ့ မြို့ကလေးကို ပြန်လာလည်လိမ့်မယ်လို့ မောင်ပြောလာကတည်းက ကျွန်မ စိတ်တွေ လှုပ်ရှားခဲ့ရတာ။ သူမကို နှလုံးသားထဲက ထုတ်ပစ်ဖို့ မောင် အချိန်တော်တော်ကြာယူခဲ့ရတယ်ဆိုတာ သိခဲ့သူမို့ မောင့်ဘက်ကနေ နာနာကျင်ကျင် ခံစားပေးခဲ့ဖူးသည်။ ကျွန်မမှာဖြင့် မိဘတွေ အိမ်ခေါ်လာတဲ့ မောင့်ကို ခန်းဆီးကြားကနေ ခိုးခိုးကြည့်ခဲ့ရတာ၊ ကိုင်းတစ်ဝက်မျက်မှန်အနက်လေးနဲ့ ဆံပင်တိုတိုထောင်ထောင်လေးများ ဘောင်ခတ်ထားသော မောင့်မျက်နှာက နူးညံ့ရှင်းသန့်လို့။ အဲဒီကတည်းက မောင့်ကို ကျွန်မ တိတ်တိတ်ချစ်ခဲ့ရတာ။ မောင့်လိုလူတစ်ယောက်ကို ငြင်းပယ်ထားရက်ခဲ့တဲ့ မိန်းမ၊ မောင့်ဘက်က လွမ်းလွမ်းဆွတ်ဆွတ် တမ်းတနေခဲ့ရဖူးတဲ့ မိန်းမ။ ဒီမိန်းမဟာ ဘာတွေ ဘယ်လိုများ စွမ်းနေပါလိမ့်လို့ ကျွန်မ ခပ်ဆဆ တွေးမိဖူးခဲ့သည်။ 

ဒီကနေ့အတွက် ကြိုတင်ပြင်ဆင်နေရတာကိုက ကျွန်မအတွက် အလွန်အမင်း စိတ်လှုပ်ရှားကြေနပ်ဖွယ်။ ကျွန်မက စိတ်လှုပ်ရှားတဲ့အခါ မျက်နှာမှာ အဖုအပိန့် ထွက်လာတတ်သည်။ ဒီတစ်ခါတော့ ကံကောင်းစွာပဲ မျက်နှာမှာ ဘာအဖုအပိန့်ကလေး တစ်ခုတစ်လေမှ ထွက်မလာ။ ပြီးတော့ ကျွန်မကိုယ်လုံး၊ သားကလေးနှစ်ယောက် မွေးဖွားပြီးသည်အထိ ကျစ်လစ်သွယ်လျစွာ တစ်သားမွေး တစ်သွေးလှလို့ အများက ပြောယူကြရတဲ့ ကိုယ်လုံးလေး။ ဒီလိုပြောကြရအောင်လည်း ကျွန်မက ကိုယ့်ကိုယ်ကို ဂရုစိုက်ခဲ့သည်။ အမျိုးသမီးတစ်ယောက်ဟာ လှတစ်မျက်နှာနဲ့တင် မပြီး၊ ယဉ်တစ်ကိုယ်လုံးကလည်း အရေးကြီးသည်မဟုတ်လား၊ အချိန်နှင့်အမျှ ဂရုတစိုက် တသသရှိခဲ့ရသော အကျိုးကျေးဇူးက ကျွန်မကို အပျိုလေးတစ်ယောက်လို လှပစေတာ ဖြစ်လေသည်။

 မောင်နဲ့ အိမ်ထောင်ကျစက သူမနဲ့မောင် တွဲရိုက်ထားတဲ့ပုံကို မောင်ပြလို့ မြင်ဖူးထားသည်။ သူမက ကြက်တောင်စည်းနှစ်ဘက်စည်းလို့ တီရှပ်လက်ပြတ်လေးကို စကတ်ကားကားလေးနဲ့ တွဲဝတ်ထားကာ မောင်က ရှပ်လက်တိုနဲ့ ပုဆိုးကွက်စိတ် တိုတိုလေးဝတ်လို့။ နှစ်ယောက်စလုံးက ဆယ်ကျော်သက်တွေမို့ နုနယ်ပျိုမြစ် ချစ်စဖွယ်ကလေးတွေ။ ခုရော သူမ ဘယ်လိုပုံစံများ ဖြစ်နေပါလိမ့်မလဲ။ သူမ ခုထိ အိမ်ထောင်မပြုသေးဘူးဆိုတာကိုတော့ ထူးပြီး အံ့သြမနေချင်တော့ပါ။ မောင်လို ယောက်ျားတစ်ယောက်ကိုတောင် လက်ထပ်ဖို့ရန်ငြင်းခဲ့သူပေ။ သူမဟာ တစ်ကမ္ဘာလုံးရှိ အမျိုးသားတွေဟာ သူမနဲ့ မတန်မရာလို့ ကိုယ်ရည်အသွေးလွန်သူလည်း ဖြစ်နိုင်သေးသည်ပဲ။

မီးဖိုထဲဝင်ကာ ချက်ပြုတ်ထားသော ဟင်းများကို ကြည့်မိပြန်သည်။ ငါးမြင်းဆီလည်ရေလည်ဟင်းက မောင့်အကြိုက်၊ အအီပြေအောင် ၀က်သားကို မန်ကျည်းနှစ်လေးနဲ့ နှပ်ထားတာက တစ်ခွက်၊ ပုဇွန်ထုပ်ဆီပြန်ကတော့ သားနှစ်ယောက်ရော မောင်ပါ ကြိုက်ကြသည်။ ပြီးတော့ မျှစ်သုတ်၊ မျှစ်အ၀ါနုနုလေးတွေကို ဆီချက်၊ ပဲမှုန့်နှင့် ပုဇွန်ခြောက်နိုင်းချင်းလေးထည့်ကာ သံပုရာရည်နဲ့ စားကာနီးမှ သုတ်မည်။ အရည်သောက်ကတော့ ငါးဖယ်လုံးဟင်းချို ချက်ထားသည်။ အချိုပွဲကတော့ သကြားအညိုနဲ့ ဖုတ်တားသော ကရမယ်ပူတင်း၊ လက်ဖက်နဲ့ ဂျင်ဂျာအေးဖျော်ရည်။

နောက်တစ်နာရီဆိုရင် သူမ ရောက်လာတော့မှာ။ ကလေးတွေကို မနက်ကတည်းက သူ့အဖွားတွေအိမ် ကြိုတင်ပို့ပေးထားပြီး ညနေကျမှ မောင့်ကို ကလေးတွေ သွားကြိုခိုင်းခဲ့ကာ “မ က ဟင်းတွေချက်ရ၊ အိမ်ရှင်းရနဲ့ အားမှာ မဟုတ်” ဟု ပြောထားခဲ့သည်။ ကျွန်မနောက်ကွယ်မှာ သူမနှင့်မောင် ကားတစ်စီးထဲ အတူမစီးစေချင်တာထက် သူမကို မောင် အရေးတယူကြိုဆိုရတာမျိုး မဖြစ်စေလိုပါ။ မယ်သ၀န်ကြောင်ဟု ဆိုလျှင်လည်း ခံလိုက်ရုံ။ မောင့်ဖုန်းထဲမှာ သူမနာမည်ကို ဘယ်လိုများ မှတ်ထားပါလိမ့်လို့ တွေးမိပြီး မောင့်ဖုန်းကို ခိုးအကြည့်၊ ပျို ဟု ခပ်ရိုးရိုးမှတ်ထားသော သူမနာမည်ကိုတွေ့မှ စိတ်ထဲ ပေါ့သွားရတာ၊ ဒါတောင် ဘာလို့ ပျိုမေခင်လို့ နာမည်အပြည့် မမှတ်ရတာလဲဟု မောင့်အပေါ် ကျွဲမြီးတိုချင်ချင်။

သူမနဲ့ ပတ်သက်ရင် ကျွန်မကိုက အလိုလို လောင်မြိုက်နေတော့တာကို ကိုယ်တိုင် မကျေနပ်ချင်၊ သို့သော် ကျွန်မ မတတ်နိုင်ပါ။ သူမနဲ့ ပတ်သက်ရင် စိတ်လက်အေးအေး ထားမရနိုင်တာကိုက ကျွန်မကိုယ်တိုင် စိတ်လိုလက်ရ မွေးမြူထားသော ၀ဋ်ဆင်းရဲတစ်ခုသာ ဖြစ်လေသည်။

ရေမိုးချိုးပြီး အလှပြင်ရန် မှန်တင်ခုံရှေ့ ထိုင်မိတော့ ညနေ ငါးနာရီထိုးလုပြီ။ ထူးထူးထွေထွေ အလှပြင်နေစရာတော့ မလိုပါ။ ခါတိုင်းလို မျက်နှာကို ဘီဘီကရင်မ်လေးလူးပြီး အပေါ်က ကွန်ပက်ပေါင်ဒါ ရိုက်လိုက်ရုံနှင့် ပြီးသည်။ ခုညအတွက်တော့ နှုတ်ခမ်းနီ လိမ္မော်ဝါရောင်လေး ခပ်ပါးပါး ဆိုးလိုက်ပြီး မျက်လုံးမှာ ရှဲဒိုး ရွှေအိုရောင်လေးကို ခပ်ဖျော့ဖျော့တင်သည်။ အိမ်ရှင်အနေနှင့် လွန်ကျွံသောပြင်ဆင်မှု ဖြစ်နေမှာလည်း စိုးရသေးသည်။ အင်္ကျီကို ကော်ဖီရောင်ပေါ်မှာ ပန်းဖျော့နှင့်အ၀ါ ခပ်ပြေပြေရောထားသော ဆာရီဆင်လေးနှင့် ထမီလိမ္မော်ရောင်အနုလေးကို ရွေးချယ်ဝတ်ဆင်လိုက်သည်။

အားလုံးအသင့်ဖြစ်တော့ ခန်းဆီးတွေလဲ၊ သင်းပြန့်နေသောအခန်းလေး ဖြစ်ရန်အတွက် မွှေးရနံ့ပါသော ပန်းခြောက်လေးတွေကို ပန်းစိုက်အိုးလေး၏ အပင်အောက်ခြေထဲ စီရီထည့်ရသည်။ နောက်ဆုံးမှ ပန်းကန်စုံများကို ထုတ်ကာ ဇွန်းများ၊ ဟင်းသောက်ပန်းကန်လုံးများနှင့် လက်သုတ်တစ်ရှူးလေးများ အဆင်သင့်ပြင်ရင်း စောင့်ရသည်။

(ခ)

ဧည့်ခန်းထဲ သူမ လှမ်းဝင်လာတာကို အရင်ဆုံးမြင်သူမှာ မီးဖိုထဲက ကျွန်မဖြစ်လေသည်။ မောင်က သားနှစ်ယောက်ကို ကြိုလာကာ အ၀တ်အစားလဲပေးနေချိန်။ သူမလက်ထဲက သစ်သီးတွေကို လှမ်းယူရင်း ပြုံးပြ၊ နှုတ်ကလည်း အလိုလို လောက၀တ်စကား ပြောမိရက်သား ဖြစ်သည်။

“အို ဒါတွေ မလိုပါဘူး ပျိုရယ်၊ တို့လည်း အသီးတွေ ၀ယ်ထားပါတယ်၊ လာ ထိုင်ဦးနော်”

“အော်…တည်သီးက သော်တာသိပ်ကြိုက်တာမို့ ရှာဝယ်လာတာ မစုလေးသွင်”

ကြည့်၊ သော်တာ သိတ်ကြိုက်တာမို့ တဲ့၊ ဒီမိန်းမ စကတည်းက ယဉ်သကို ဆိုတာလို နှုတ်ထွက်စကားတစ်လုံးဆို ဆိုသလောက် ကျွန်မ မနှစ်သက်နိုင်အောင် ပြောပဲ ပြောတတ်သည်။ မျက်နှာကို အတတ်နိုင်ဆုံး မပျက်စေဘဲ သစ်သီးများကိုယူကာ မီးဖိုထဲက စားပွဲပေါ် သွားတင်လိုက်သည်။ မောင် အခန်းထဲကထွက်လာတော့ အမောဖြေကြရင်း ဧည့်ခန်းထဲ ထိုင်စကားပြောဖြစ်ကြသည်။ သူမကို သားနှစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်တော့ ထင်ထားသည့်အတိုင်းပင် သားသားတို့နာမည်က ဘယ်လိုခေါ်လဲ ဆိုသည့်မေးခွန်းကို မေးလေသည်။ မောင်နှင့် ကျွန်မနာမည်တွေသာပါဝင်သော သားနှစ်ယောက်နာမည်တွေ အကြားမှာ ကျွန်မမျှော်လင့်ထားသလို သူမမျက်နှာ ပျက်မသွားခဲ့ပါ။

“သော်တာ နင် သိလား၊ ငါဝယ်ထားတဲ့ ကော်မိုဒတီမားကက်က Agriculturalအိုင်တမ်တွေလေ၊ ဈေးတက်နေပြီ သိလား။ အေးလေ နင်နဲ့တွေ့တုန်းက ငါ ပြောတယ်လေ၊ နင်ရော ၀ယ်ထားဦးမလားလို့၊ ကော်ဖီစေ့တို့ ဂျုံတို့လေ”

 “သော်တာ ရော့ နင်ဖတ်ချင်တဲ့ စာအုပ် Crime and Punishment အွန်လိုင်းကနေ ငါတော်တော် ရှာဝယ်လိုက်ရတယ်ဟ”

“သော်တာ ဒါကကျတော့ ကဗျာဆရာကြီး Ogdan Nash ရဲ့ ကဗျာတိုလေးတွေ၊ နင် သူ့ကဗျာတွေ ဖတ်
ရတာ ကြိုက်တယ် မဟုတ်လား၊ ငါ ကဗျာဝက်ဘ်ဆိုက်တစ်ခုကနေ ပရင့်ထုတ်ပြီး စာအုပ်လေး ချုပ်လာခဲ့ပေးတယ်နော်”

မောင့်အတွက် မောင်ကြိုက်တာတွေ သူမ အတော်ပြင်ဆင်ယူဆောင်လာခဲ့သည်ပဲ။ သူမမျက်နှာကို အကဲခတ်ရသလောက်တော့ ဘာအရိပ်မှ ရှိမနေ။ မောင်နှင့်စကားပြောနေစဉ် တစ်လျှောက်လုံးမှာ ပကတိပွင့်လင်းသောဟန်ပန်၊ အပြောအဆိုတို့ကြောင့် ကျွန်မပင် နေရထိုင်ရတင်းကျပ် မနေတော့ဘဲ သက်တောင့်သက်သာရှိလာသည်။

ဧည့်ခန်းထဲမှာတုန်းက စကားတွေအများကြီးဆိုနေသော သူမက ထမင်းဝိုင်းမှာတော့ အသံတိတ်လို့နေသည်။ မောင်က သတိကြီးစွာ သူမပန်းကန်ထဲ ဟင်းထည့်မပေးမိအောင် နေရှာသည်။ ဒီတော့ ကျွန်မကပဲ ဦးဆောင် ဧည့်ဝတ်ကျေစေကာ သူမပန်းကန်ထဲ ဟင်းတွေ ထည့်ပေးနေဖြစ်သည်။ ပိန်လွန်းတာလည်း မပြောနဲ့ အစားမှ ကောင်းကောင်းမစားတာဟု ကျွန်မက တွေးမိတော့ သူမက ကျွန်မအတွေးကို ဖတ်မိသွားပုံနှင့် ကဗျာကသီ ဖြေရှင်းချက်ထုတ်ရှာသည်။

“ပျိုက ဒါ အများဆုံးစားတာ၊ မစုလေးသွင် ဟင်းချက်သိတ်ကောင်းလွန်းလို့၊ ကိုယ့်ဖာသာဆို ဖြစ်သလိုပဲ ပြီးလိုက်တာပဲ။ သော်တာက ဒ့ါကြောင့်ပြောတာ....”

သူမက စကားကို ဒီမှာတင် ရပ်ထားလိုက်သည်။ မောင်က ကျွန်မမျက်နှာကို ဖျတ်ကနဲကြည့်ပြီး ဘာမှ မဖြစ်သလို ပြန်လွှဲသွားလေသည်။ မောင် ဘာတွေများ ပြောထားသလဲ၊ သူတို့ စကားတွေ ပြောနေကျ များလား၊ မောင့် ဂျီတော့ခ်သူငယ်ချင်းစာရင်းမှာ သူမ ရှိနေမှာ သေချာသည်။ မောင် ည ညတွေမှာ အလုပ်ကိစ္စနဲ့ဆိုပြီး ပြောပြောနေတတ်တဲ့ ဂျီတော့ခ်တွေကို နောက်ဆိုရင် စိတ်ဝင်စားစွာ စောင့်ကြည့် ရတော့မည်။

ကျွန်မသည် နောက်ကျောမလုံလို့ ကိုယ့်အမြီးကို ရှေ့ဆွဲယူထားသော ကျားနာတစ်ကောင်နှင့်ပင် တူနေသေးတော့သည်။ ကျွန်မ သူမမျက်နှာကို တစ်ချက်ငေးကြည့်မိသည်။ မောင်နှင့် စကားကောင်းနေသော သူမကတော့ သိပုံမပေါ်ပါ။ သူမမျက်နှာက ပြောင်ရှင်းနေကာ ဘာမှ လူးထားပုံ မပေါ်။ နဖူးအပြောင်သိမ်းကာ ပိုနီတေးစည်းထားသောမျက်နှာက ဘဲဥပုံမျက်နှာကျနဲ့မို့ အနည်းငယ်ကြည့်ကောင်းနေသည်။ မျက်လုံး၊ မျက်ခုံး၊ နှာတံတွေက ဘာမှ မထူးခြားလှ။ နှုတ်ခမ်းလေးတစ်ခုသာ ပြည့်ပြည့်ဖူးဖူးလေးမို့ ချစ်စရာ။ ကိုယ်လုံး ကိုယ်ပေါက်က ပြားချပ်နေကာ မိန်းမတစ်ယောက်အနေနှင့် ဘာမှ မက်မောလောက်စရာမရှိသော ကိုယ်နေဟန်ထားမျိုး ဖြစ်သည်။ ရှပ်လက်ရှည်အကွက်ကို တံတောင်ဆစ်ထိခေါက်ဝတ်ထားရာ သူမ ကိုယ်ပေါ်တွင် ဖားဖားကျလျှက်ရှိသည်။ ပြီးတော့ သူမနာရီက ယောက်ျားပတ် ဒိုင်ခွက်အကြီးကြီးနှင့်။ သူမလွယ်လာသောအိတ်သည်ပင် ဆာလာအိတ်ကို ကြိုးတပ်ထားသလို လေးထောင့်စပ်စပ် ဘာနာမည်ကြီးတံဆိပ်မှ မဟုတ်သော သာမန်ပိတ်သားအိတ်ကြီး တစ်လုံးဖြစ်လေသည်။

 မောင် နိုင်ငံရပ်ခြားများကို သွားတိုင်း ကျွန်မမှာလိုက်၍ ၀ယ်လာပေးသော တန်ဘိုးကြီး လက်ကိုင်အိတ်များကို မနေ့ညကမှ ဧည့်ခန်းထဲရှိ မှန်ဘီရိုထဲတွင် စီစီရီရီပြောင်းထည့်နေစဉ် မောင်က မျက်ခုံးပင့်၍ ကြည့်နေခဲ့သေးသည်။

“မိန်းမတွေအကြောင်း မောင် နားမလည်ပါဘူးမောင်ရာ”ဟု ကျွန်မက မောင့်ကို ပြောတော့ မောင်က ပြုံး၍သာ နေခဲ့သည်။

ထမင်းစားပြီးတော့ အချိုပွဲစားရင်း စကားစမြည်ပြောကြပြန်သည်။ မောင်နဲ့ သူမမှာက ပြောစရာတွေ အတော်များသား၊ သစ်ပင်တွေ သစ်တောတွေအကြောင်း၊ ထိုင်းမြန်မာနယ်စပ်က ရွှေ့ပြောင်း အလုပ်သမားတွေ အကြောင်း၊ အမေရိကားက ရီပါ့ပလစ်ကန်တွေရဲ့ နိုင်ငံရေး ကျားကွက်တွေအကြောင်း၊ အော်ဂဲနစ်သီးနှံတွေ ခေတ်မီစိုက်ပျိုးနည်း အကြောင်း၊ အက်ပီဂရမ်ကဗျာတွေ အကြောင်း၊ မေရီအန်းမိုးရဲ့ ကဗျာတွေအကြောင်း၊ ပန်းချီကားချပ်တွေအကြောင်း၊ ပန်းချီထဲက အရောင်တွေရဲ့ သဘောသဘာဝ။ Eric Claptonရဲ့ သီချင်းတွေအကြောင်း။

သူမက သိလည်း သိနိုင်လွန်းသော မိန်းမဖြစ်သည်။ သူတို့နှစ်ယောက် ပြောနေကြသော အကြောင်းများထဲမှာ ကျွန်မ စိတ်ဝင်စားတာ ဘာတစ်ခုမှ မပါ။ စကားဝိုင်းတစ်လျှောက်လုံး ကျွန်မက ဘေးမှနားထောင်သူ သက်သက်သာ ဖြစ်လေသည်။ ယောကျာ်းတွေဟာ အားနွဲ့မှီခိုတတ်သူ မိန်းမသားတွေကိုသာ ကျတတ်ကြတာ မဟုတ်ဘူးလား။ မိန်းမတစ်ယောက်ဖြစ်ပြီး နေရာတကာ သိနေတတ်နေလွန်းတာ မိန်းမ သိပ်မဆန်သလိုပဲဟု ကျွန်မကတော့ မြင်သည်။ ကျွန်မ ကြားရသလောက် သူမပြောနေတာတွေမှာ အချက်အပြုတ်အကြောင်း၊ တက်တင်းထိုးနည်းအကြောင်း ပန်းကလေးတွေအကြောင်း၊ အ၀တ်အစား လက်ဝတ်ရတနာအကြောင်း မိန်းမဆန်ဆန်ပြောတာမျိုး တစ်လုံးမှ မပါ။

စကားပြောနေကြစဉ် ဖောက်ကနဲ ဖြည်သံနှင့်အတူ မီးမှောင်ကျသွားတော့ မောင်က “ဟာ ဖျူစ့်ပျက်ပြီကွာ” ဟုဆိုကာ စတိုခန်းထဲက အေထောင့်လှေကား သွားယူလေသည်။ မောင်က အေထောင့်လှေကား ကို ထောင်ပြီးရုံရှိသေး၊ သူမက “သော်တာ နင်က မျက်လုံးလည်း မကောင်းဘဲနဲ့” ဟု ပြောရင်းက လှေကားပေါ် ဖျတ်ကနဲတက်ကာ မီးချောင်းကို ဖြုတ်ယူ၊ ကျွမ်းသွားသော ဖျူစ့်ကိုဖြုတ်ကာ အသစ်လဲလှယ်တပ်ဆင်ခြင်းအလုပ်ကို ကျွမ်းကျင်မြန်ဆန်စွာ လုပ်ပြီးသွားလေသည်။

“ငါက ဟိုမှာ တစ်ယောက်ထဲ နေနေရတာ၊ အိမ်မှာက ငါပဲ ယောကျာ်း၊ ငါပဲ မိန်းမ” ဟုဆိုကာ တဟားဟား ရယ်မောနေပြန်သည်။ အိမ်မှာ ကျွန်မတစ်ယောက်ထဲသာဆိုလျှင် သည်အလုပ်မျိုးကို မောင်ပြန်လာတဲ့ အထိစောင့်ကာ လုပ်ရမည်ဆိုတာ သေချာလှသည်။ သူမ လှေကားပေါ်ကဆင်းပြီး ဆိုဖာပေါ်ပြန်လာအထိုင်မှာ စားပွဲပေါ်ကအအေးခွက် သားကြောင့်မှောက်ကျကာ သူမပိတ်လွယ်အိတ်ကြီးပေါ် အအေးများ ဖိတ်စင်တော့သည်။ ပိတ်လွယ်အိတ်ကြီးထဲက ပစ္စည်းတွေကို ကြမ်းပေါ် ရုတ်တရက် မှောက်သွန်ချလိုက်ကာ “တော်ပါသေးရဲ့၊ အထဲထိ မစိုလို့” ဟု သူမနှုတ်မှ တီးတိုးရေရွတ်လေသည်။ သူမ တယုတယထားနေတာတွေကို လှမ်းကြည့်လိုက်မိတော့ စာအုပ်တစ်ချို့၊ စီဒီသီချင်းခွေများနှင့် ပုဝါ တစ်ထည်ဖြစ်လို့နေသည်။

ထိုပုဝါကို ကျွန်မ ကောင်းကောင်းသိပါသည်။ 

 (ဂ)

 မောင် ခရီးမှ ပြန်ရောက်ရောက်ချင်း သေတ္တာထဲက လျှော်စရာတွေကို အ၀တ်လျှော်စက်ထဲ ထည့်ဖို့ ထုတ်ယူစဉ်မှာ သေသပ်စွာထုတ်ပိုးထားသော၊ ကျွန်မနာမည်တပ်ထားသော စက္ကူအိတ်ကလေး တစ်လုံးက သေတ္တာထဲမှာ အခန့်သား။ ထိုစဉ်မှာပင် မောင့်အသံကို ကြားလိုက်ရသည်။ 

“မ အတွက်တဲ့ ပျိုပေးလိုက်တာ” 

“ဟင် မောင်နဲ့ သူ တွေ့ခဲ့ကြတယ်ပေါ့၊ မောင်ပြောတော့ သူနေတဲ့ မြို့နဲ့ ဝေးပါတယ် ဆို၊ ကျောင်းတစ်ဘက် နဲ့မို့ သူ လာနိုင်မှာ မဟုတ်ပါဘူးဆို” 

ကျွန်မအသံက အနည်းငယ် ချဉ်စုတ်စုတ်နိုင်လှသော်လည်း မောင်က အေးဆေးစွာပင် တုန့်ပြန်ခဲ့ပါသည်။

 “အေးကွာ ပျိုက သူ ရှော့ပင်းသွားတုန်း ပုဝါတွေ ဈေးချနေတာတွေ့လို့ တန်လွန်းတာ နဲ့ နှစ်ထည်ဝယ်လာခဲ့တာ၊ ရွေးစရာကလည်း မရှိတော့ဘဲ ဆင်တူနှစ်ထည်ပဲ ကျန်တာမို့၊ တစ်ထည်ကို မအတွက် ပေးလိုက်ချင်လို့ပါ ဆိုလို့” 

“သွားစမ်းပါ အဲလိုအကွက်တွေ ရိုးနေပြီ”

မောင့်စိတ်ပျက်လက်ပျက်အကြည့်ကို ကျွန်မ အရေးစိုက်မနေနိုင်တော့။ ပူလောင်နေသော ရင်တွင်း မီးတွေက ဟုန်းကနဲအထ ထွက်လာသမျှစကားတွေမှာ အပူလှိုင်းတွေနှင့်အတိပြီးတော့သည်။ မောင် ဆယ်မီနာတက်ဖို့ ဥရောပနိုင်ငံတစ်ခုမှ မြို့ကလေးတစ်မြို့ကို သွားရမည်ဆိုတော့ ထိုမြို့ကလေးသည် သူမရှိနေသောမြို့နှင့် ကီလိုမီတာ လေးရာကျော်ကွာဝေးကာ လေးငါးနာရီခန့် ကားမောင်းလိုက် လျှင် ရောက်နိုင်သည်ဆိုတာသိကာ ကျွန်မစိတ်နှလုံးတို့ လောင်မီးကျလေသည်။

တွေ့ဖြစ်ကြမှာ မဟုတ်ပါဘူးလေဟု ဖြေတွေးထားသော်လည်း မောင်ခရီးထွက်နေသော ညညတွေထဲမှာ ကျွန်မရဲ့ ငရဲခန်းက တာရှည်လွန်းနေခဲ့သည်။ မောင်တို့ တွေ့များ တွေ့ကြမှာလား၊ ဘယ်အချိန်တွေ့ကြမလဲ၊ ဘယ်လိုနေရာမျိုးမှာလဲ၊ ဘယ်လောက်ကြာကြာတွေ့ခဲ့ကြမလဲ။ ဟိုမိန်းမကရော မောင့်ကို ဆွဲဆောင်နိုင်ဖို့ ဘာတွေများ ပြင်ဆင်လာမလဲ။ အတွေးတွေနဲ့ ကျွန်မတစ်ကိုယ်လုံး ပြာကျနေချိန်မှာ မောင်ပြန်လာတော့ ဘာမှမဖြစ်သလို အေးအေးလူလူ၊ ပြောပြရှင်းပြဖို့တောင် မကြိုးစားခဲ့။ နောက်တော့လည်း ပုံမှန်နေ့ရက်များစွာ ကျော်ဖြတ်လာရင်း မောင်နဲ့ ကျွန်မနေ့ရက်တွေက အရင်အတိုင်း နေသားတကျ။ ထိုပုဝါလေးမှာလည်း ကျွန်မအ၀တ်ဘီရိုအောက်ဆုံးထပ်၌ ဘာမှမသိသလိုပင် ထားရာနေခဲ့ရှာသည်မှာ ဒီနေ့အထိပါပေ။ 

(ဃ) 

ထိုပုဝါကလေးမျိုး....

အခု သူမဆီမှာ တစ်ထည်၊ ကျွန်မပုဝါနှင့် တစ်ပုံစံထဲ၊ တစ်သွေးတစ်ရောင်ထဲ။ ဒါဆို သူမ မညာခဲ့ဘူးပေါ့။ သူမလက်ထဲက ပုဝါကလေးကို ကြည့်နေသော မောင့်မျက်နှာမှာ အရာင်တစ်ခုခု စွက်နေဟန်ရှိသော်လည်း ဘာသာပြန်ဖို့ ကျွန်မ မကြိုးစားချင်တော့ပါ။ သူမမျက်နှာကို မီးရောင်အောက်တွင် သေချာကြည့်မိပြန်သည်။ သူမမှာ ချစ်ခဲ့ဖူးသော ယောကျာ်းတစ်ယောက်အပေါ် တစ်ခါက ချစ်ခဲ့ဖူးသည်ဆိုတာထက် နည်းနည်းကလေးမှ ပိုပုံမပေါ်။ ကျွန်မမှာသာ လက်ရှိပိုင်ဆိုင်နေရပြီးသော်လည်း မောင့်အပေါ် ပိုင်နိုင်စိတ်ချမနေနိုင်။ ခဏနေတော့ သူမက ပြန်ဖို့ပြင်သည်။ မောင်ပဲ လိုက်ပို့ပါစေတော့။ သူတို့ ငယ်သူငယ်ချင်းတွေ အပြန်လမ်းမှာ စကားတွေ ပြောချင်ပြောကြပါစေ။ ကျွန်မစိတ်တို့ ညွတ်ပျောင်းလာကာ သူမကို ပြုံးပြလိုက်မိသလို စိတ်ကထင်သည်။ 

“မောင် လိုက်ပို့ပေးလိုက်ပါလား၊ သူငယ်ချင်းတွေ လမ်းမှာ စကားပြောသွားကြပေါ့” 

“မ ပဲမောင်းပို့လိုက်ပါကွာ၊ မောင် သားတွေကို အိပ်ရာထဲ ပို့လိုက်ဦးမယ်” 

“အေး  သော်တာ နင်အိမ်မှာပဲ နေခဲ့၊ ညဘက်ကားမောင်းရမှာ နင့်မျက်လုံးက ကောင်းတာလည်း မဟုတ်ဘဲနဲ့၊ လာ မစုလေးသွင်”

မောင်က ကားသော့ကို ကျွန်မဆီ ပစ်ပေးရင်း သူမ မတွေ့အောင် ပခုံးတွန့်ပြလေသည်။ ကျွန်မက ရုပ်တည်နှင့် မသိချင်ယောင်ဆောင်တော့ မောင်က မျက်စေ့တစ်ဘက်ကို ဖျတ်ကနဲ မှိတ်ပြရင်း “ဖြည်းဖြည်းလည်းမောင်းဦး ဒေါ်ရှပ်ပြာ”ဟု ဆိုသည်။ ကျွန်မက မျက်စေ့တစ်ဘက် ပြန်မှိတ်ပြကာ “ပိုင်ပါတယ်မောင်ရဲ့”ဟု ပြောတော့ မောင်က ခေါင်းကိုဆတ်ကာ ခပ်တိုးတိုးရယ်ရင်း သားနှစ်ယောက်ကို လက်ဆွဲပြီး အိပ်ခန်းထဲအ၀င်၊ သူမက ကျွန်မလက်ကိုဆွဲကာ အိမ်ထဲက အထွက်၊ သူမရော ကျွန်မပါ မျက်နှာမှာ အပြုံးကိုယ်စီ။ 

ဒီမှာ မောင်… 
ကျွန်မ သူမအပေါ်၊ မောင့်အပေါ် ဘယ်လောက်ပဲ သံသယရှင်းရှင်း၊ ကျွန်မဟာ မိန်းမတစ်ယောက်ဆိုတာ မမေ့ပါနဲ့မောင်။ လူတွေမှာ ပျမ်းမျှ ခြောက်မီတာကနေ ရှစ်မီတာခွဲထိ ရှည်လျားတဲ့ အူခွေတွေ ရှိကြသတဲ့။ အဲဒီလူတွေထဲမှာမှ မောင့်ဇနီးကျွန်မက အတိုဆုံးပါဆိုတဲ့ ခြောက်မီတာထက်တောင် ပိုတိုချင် တိုနေဦးမှာ မောင်ရဲ့...

အူကြောင်ကြောင်အတွေးကြောင့် ကားမောင်းရင်း ပြုံးမိရပြန်သည်။ 

ညက မှောင်လှပြီ။ လမ်းမဘေးတစ်ဘက်တစ်ချက်မှာတော့ မှိန်ဖျော့ဖျော့ မီးရောင်တွေ။ မီးရောင်တွေကြောင့် သစ်ပင်တွေက ညမှာအရောင်ပြောင်းကာ တင့်တယ်လှပလို့နေကြသည်။ 

ဘာပဲဖြစ်ဖြစ် အဲဒီသစ်ပင်တွေကရော ကားနောက်မှာ တဖျတ်ဖျတ် ဝေးကျန်လို့ နေနေခဲ့ရတာပဲ မဟုတ်လား။


ပါဖက်မဂ္ဂဇင်း - မေလ - ၂၀၁၃

Saturday, May 4, 2013

မန်းနီးမက်တာစ်




ကိုလူလှ သိပ်သေချာတယ်။

လောကကြီးမှာ နေချင်သလို နေ၊ စားချင်သလို စား၊ သွားချင်တဲ့နေရာလေး သွားလို့ ပျော်သလိုသာ အခမဲ့နေခွင့်ရမယ်ဆို ပိုက်ဆံ ဘယ်မှာလိုတော့မှာလဲ။

ရေကြည်ရာ မြက်နုရာလေး ရွှေ့ပြောင်းလို့ ပဒေသာပင်ဆိုတာကနေ ဆွတ်ယူစားသုံးလို့၊ ကိုယ့်မှာရှိတာနဲ့ သူ့မှာရှိတာလေး ကျေနပ်ရင် လဲလှယ်သုံးစွဲကြလို့၊ သားကောင်တွေကို ပစ်ခတ်၊ ရောင်းချ၊ ကျောက်ခဲ ဘယ်နှစ်ပိဿာဈေးနဲ့ ရရင် ရောင်းမယ်ပေါ့၊ ဒါပဲလေ။ အုပ်စုတစ်စုနဲ့ တစ်စု ဆော်ပလော်တီးဖို့ ပစ်ခတ်ဖို့အတွက် တင်းပုတ်လေး လက်မှာ ဘယ်ညာကိုင်စွဲနိုင်ရင်ကိုပဲ ဂေါ်လီဖြစ်ပြီ၊ မိုက်နေပြီ။ ခေတ်က အဲသလို…။

အချိန်တန် အရွယ်ရောက်လို့ နှလုံးသားဆိုတဲ့ကောင်ကြီးက စကားတွေ တခြစ်ခြစ်ပြောလာတဲ့အခါ အနားမှာရှိတဲ့ မျိုးနွယ်စုတစ်စုထဲက အလန်းဇယားလေးတစ်ယောက်လောက်ကို ဆွဲချိတ်လိုက်ယုံ။ သူမမှာ သားကောင်လိုက်ဖို့ တောင့်တင်းတဲ့ ကိုယ်ခန္ဓာရှိရမယ်။ ရန်သူတွေကို ကြိုတင်တိုက်ခိုက်နိုင်ဖို့ အဝေးကို မြင်နိုင်တဲ့ မျက်ဝန်းတောက်ပအစုံနဲ့ မျိုးဆက်သားသမီးတွေ မွေးဖွားပေးဖို့ ကျန်းမာသန်စွမ်းရမယ်။ သားသမီးတွေကို နို့ချိုတိုက်ကျွေးဖို့ ဖွံ့ထွားတဲ့ရင်အစုံ ပိုင်ဆိုင်ရမယ်။ တစ်ခြား ဘာမှ မလိုဘူး။

သူမက တင့်တောင့်တင့်တယ်နေချင်လှချေရဲ့ ဆိုလာရင်တော့ ခိုင်မာလုံခြုံတဲ့ ကျောက်ဂူလေးတစ်လုံးလောက် လိုချင် လိုလိမ့်မယ်။ ဒါကလည်း မခက်လှပါဘူး။ ကျောက်ဂူရဲ့ လက်ရှိပေါက်ဈေး ကျောက်ခဲ ဆာလာအိတ်နဲ့ ဘယ်နှစ်လုံး ဘာညာ တောင်းသလောက် ပေးလိုက်ရုံပေါ့။ ငွေ မလိုပေါင်။ ရွာထိပ်ကျောက်တောင်ကြီးကို ဒိုင်းနမိုက်နဲ့ သွားခွဲလိုက်ရုံ၊ အံမာ ခွဲချင်တိုင်း ခွဲလို့ရမယ် မထင်နဲ့၊ အဲဒီ ကျောက်တောင်က ကိုလူလှအဖေ တစ်ဦးတည်းပိုင်၊ လူကြီးနဲ့ အလျဉ်းသင့်လို့ အပိုင်စားပေးထားတာ၊ ဘာမှတ်တုန်း။ လူကြီးနဲ့ ကိုလူလှအဖေက စီးပွားဖက်တွေ၊ အကျိုးအမြတ် ဖစ်ဖတိ-ဖစ်ဖတိတွေ။

မင်္ဂလာဆောင်ဖို့အတွက် ခမ်းမတွေ ဟိုတယ်တွေလည်း မလိုပေါင်ပါဗျာ၊ သဘာဝ ပန်းဥယျာဉ်ကြီးထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲနိုင်သေးတယ်။ ဖျော်ဖြေရေးအတွက် မျိုးနွယ်စုတွေရဲ့ ရိုးရာ ဗုံတိုတီးဝိုင်းတွေ ရှိတယ်။ ဧည့်ခံကျွေးမွေးဖို့ သိုးသားနဲ့ ဗျစ်ရည်အတွက် ရွာအကြီးအကဲနဲ့ ဘော်ဘော်တွေကို စီစဉ်ခိုင်းလိုက်ရုံပ။ ငွေရှိမှ မိန်းမရမယ်ဆို ကိုလူလှတို့ လူပျိုကြီး ဖြစ်ရုံရှိတော့တာ။

မဒမ်လူလှအတွက် ဝတ်စရာဆို သစ်ရွက်သစ်ခက်တွေ ချိတ်တွဲလို့ ခါးမှာ လှလှပပ ဆင်ယင်ပေးလိုက်ရင်ကို အတော်လေး စက်ဆီဖြစ်သွားပြီ။ အရွက်တွေဆိုတာ ပေါလွန်းလို့ ဗာဒံရွက်နဲ့ ယူမလား၊ ငှက်ပျောရွက်နဲ့ ယူမလားပဲ။  ဝမ်းဒေး တူးရှိုးလုပ်ချင်ရင် မနက် ဗာဒံ၊ ည ငှက်ပျောတောင် လုပ်လို့ရသေး၊ မိန်းမပီပီ လက်ဝတ်လက်စား ဝတ်ချင်သပ၊ လှချင်သပဆို ချောင်းဖျားက ကျောက်ရောင်စုံတွေ ကောက်လို့ ကိုလူလှကိုယ်တိုင် ကြိုးနဲ့သီလို့ လည်မှာဆွဲပေးလိုက်ဦးမှာ။ ငွေ ဘာလုပ်ဖို့ လိုမှာတုန်းနော်ဗျာ။

ကိုလူလှအတွက် သားကောင်ဆိုတာ ရှာနေစရာတောင် လိုချင်မှ လိုပေတာ။ သစ်တစ်ကိုင်းလောက် ပြာချပြီး မီးသွေးတုံးဖြစ်ရင်ပဲ ရပြီ။ အဲဒီမီးသွေးခဲနဲ့ ဂူနံရံတွေမှာ အရုပ်ပုံတွေ လိုက်ဆွဲပေးတဲ့အလုပ်က ကိုလူလှအလုပ်လေ။ အနက်ရောင်ဆေးအတွက် မီးသွေး ရေဖျော်၊ အနီရောင်ဆေးအတွက် မြေနီမှုန့်တွေ အရည်ဖျော်လိုက်ရုံပဲ။ တစ်ပတ်ကို တစ်ဂူပဲ လိုက်ဆွဲဦး၊ ဆိတ်ပေါင်တစ်ချောင်း၊ နွားခေါင်းတစ်ခေါင်း လောက်ကတော့ အနည်းလေး ရတာပ။ စားပါလေ့။ တစ်ခါတစ်လေ အာလူးလေး၊ ကန်စွန်းဥလေးတောင် ပေးလိုက်သေး။ ကိုင်း ငွေ ဘယ်မှာ လိုလို့တုန်း။
အေးချမ်းလိုက်တဲ့ လောကကြီး။ ဗဲရီး ဗြူးတီးဖူးပေါ့ဗျာ…..။

ရုတ်တရက် နားထဲမှာ အသံတွေ…၊  အသံတွေ ကြားလိုက်ရတယ်။ ဗုံသံတွေ…၊ ဗုံသံတွေ….။ တောက် ဟိုဘက်ရွာကကောင်တွေ အတော်ကို လူပါးဝနေတာ။ သူတို့ရွာက မိန်းမဦးရေ များပြီး ယောကျာ်းဦးရေနည်းတာမို့ ဒီကောင်တွေ တစ်ယောက်ကို မိန်းမ သုံး-လေးယောက်စီ ယူထားတာကိုပဲ တကြွကြွ လုပ်ပြနေတာ။ ခုလည်းကြည့် မင်္ဂလာဆောင်ပြန်ပြီ။ ဘယ်ကောင် ဘယ်နှစ်ယောက်မြောက်မိန်းမ ယူပြန်ပြီလဲ မသိ။ ဗုံတိုတီးသံ တဒုံးဒုံးက နားစည်ကို ဆောင့် ဆောင့်ပြီး ဝင်လာတယ်။

နတ်စည်းစိမ်ခံစားနေတဲ့ကိုလူလှ ကုန်းရုန်းထပြီး လင့်စင်အောက်ကို ဒေါသတကြီး ခုန်ချလိုက်တယ်။ အောင်မာ ဒီကောင်တွေက မိန်းမအသစ်စက်စက်ကို လူလေးယောက် ဝါးလုံးလျှိုထမ်းထားတဲ့ ပလ္လင်ပေါ် လှလှပပတင်လို့၊ နောက်ကမှ သတို့သားကိုကျောက်နီက ဘာတွေလူးချေထားတယ်မသိဘူး၊ မျက်နှာကြီးဖွေးလို့၊ သွားကြီးဖြီးလို့။ ရှေ့က ဗုံတိုတီးဝိုင်းက တအုံးအုံး တဗြုန်းဗြုန်းတီးလို့။ အေးလေ မင့်ခေတ်ပေါ့ ကျောက်နီရာ၊  ပိုက်ဆံမှ မပေးရတော့လည်း လုပ်ထားဦးပေါ့ကွာ။

ကိုလူလှမျက်နှာက အပျိုရံတွေဆီ မျက်လုံးရောက်သွားတယ်။ ကြည့်စမ်း အပျိုရံတွေ ကိုင်ထားတာ ပန်းပွင့်တွေလည်း မဟုတ်ဘဲ ငွေစက္ကူတွေကို ဘုံအဆင့်ဆင့်လို သွယ်တန်းသီကုံးပြီး ကိုင်လာပေတာပဲ။ နေပါဦး ခုခေတ်က ငွေစက္ကူတွေ သုံးနေကြပြီလား။ ကျုပ်တို့က ကျောက်ခေတ်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘာတွေ ဖြစ်ကုန်ကြပြီလဲ။ ခု ကျုပ်တို့က ဘယ်ခေတ်မှာတုန်း။ ကိုလူလှ စိတ်ရှုပ်ရှုပ်နဲ့ ခေါင်း တဗြင်းဗြင်းကုတ်မိတယ်။

ငွေစက္ကူတွေမှ ငွေစက္ကူအစစ်တွေပါ။ တစ်သိန်းတန်ဆိုပဲ၊ ပိုက်ဆံပေါ်မှာ နွားရုပ်ကြီးကို ပြူးလို့။ ဟုတ်ပါတယ် သေချာပါတယ်၊ တစ်နောက်မှာ သုည ၅လုံး ကိုလူလှ သေသေချာချာ ရေကြည့်လိုက်တာ။ ဟင်….သတို့သားအမေက ငွေဖလားကြီးနဲ့ ပိုက်ဆံတွေ ကြဲနေလိုက်သေး။ ကိုလူလှတို့ ရွာထဲက ကလေးတွေဆိုတာ အကုန် အပြင်ထွက်လို့၊ တအုန်းအုန်း ပြေး လု ကောက်ကြလို့။

အို…ကြဲတဲ့ပိုက်ဆံတွေဆိုတာကလည်း တစ်သောင်းတန်၊ ငါးထောင်တန်တွေ။ ကိုလူလှသား အငယ်ကောင် နှပ်ချေးတွဲလဲနဲ့ကောင်တောင် ပြေးလုနေတဲ့ထဲ ပါနေသေး။ ဟာ  ဒီကောင် အဖေကို အတော် သိက္ခာချတဲ့ကောင် ကွာ။ နေနှင့်ဦးဆိုတဲ့ အကြည့်နဲ့ ဒီကောင့်ကို မျက်လုံးပြူးပြီး ကြည့်ပေးလိုက်တယ်။ အံမာ ဒီကောင်က ဖအေကို ပြန်ပြူးပြသဟ။ ပမာမခန့်ကောင်…နေပေ့စီဦး။

ဟ ဟ ဟိုမယ် မဒမ်လူလှ မဒမ်လူလှ ပိုက်ဆံဝိုင်းလုနေကြတဲ့ လူအုပ်ကြီးရဲ့အောက်မှာ အပြားလိုက်။ ဟာကွာ ဒါတော့ သိပ်လွန်သွားပြီ။ ဒီလောက် ငွေမလိုတဲ့ခေတ်ကြီးမှာ ဘာများ မက်မက်မောမော လိုက်လုနေစရာ လိုလို့လဲကွာ။ မင်းလိုသမျှ ငါ ရှာပေးနေတာပဲ မဟုတ်ဘူးလားကွာ…။ ခက်တယ် မိန်းမတွေများ သိပ်ခက်တယ်။ ရလေ လိုလေ…၊ ရလေ လိုလေ…။

ကြည့်နေရင်းကိုပဲ ကိုလူလှသားအငယ်ကောင် နှပ်တွဲလောင်းကောင်က လုလို့ရလာတဲ့ ငါးထောင်တန် တစ်ရွက်နဲ့ ပဲလှော်ဝယ်စားနေလေရဲ့။ အံမာ ပဲလှော်ထည့်ထားတဲ့ ကတော့ကို ဖအေ့ဆီ မေးငေါ့ပြနေ သေးတယ်။ စားပါဦးလားပေါ့။ တောက် ခွေးမသား၊ အဲ မဒမ်လူလှသား  တယ်လေ ငါ…။ ဒါ ပဲလှော် ငါးထောင်ဘိုးပေါ့ ဟုတ်စ။ မင်းတော့လား ငါ့လက်နဲ့ တွေ့ဦးတော့မယ်။ နေဦး။ ကြည့်ဦး ဟိုမယ် လူအုပ်ကြီးအောက်မှာ မဒမ်လူလှ၊ ပိုက်ဆံတွေ အထပ်လိုက်ကို သူ့ကိုယ်လုံးကြီးနဲ့ ဖိလို့၊ တောက်….ဟေ့ မဒမ်လူလှ လာစမ်း ခု ထခဲ့စမ်း…ငွေများ ဘာမက်မောနေစရာရှိလဲ…၊ လင့်မျက်နှာ ကတ္တရာစေးသုတ်တဲ့ ဟာမ၊ လာခဲ့နော် ငါ ကောင်းကောင်းခေါ်နေတုန်း လာခဲ့လိုက်….

“တော့် ကလူလှ ဘာတွေ အော်နေတာတုန်း၊ ဒါကြောင့်ပြောတယ် ညနေစောင်းကြီး အိပ်မနေပါနဲ့ ဆိုတာကို…”

“အင်…အမ်  အင်းအင်း ငါ အိပ်ပျော်သွားတာလား”

“တော်ပါ ငါ အိပ်ပျော်သွားသလား လုပ်မနေနဲ့၊ အချိန်ရှိတုန်းလေး ရှင့်ပန်းချီကားရောင်းလို့ရတဲ့ ပိုက်ဆံ သွားတောင်းပါလား၊ ဒီနေ့ ရှင့်ပန်းချီကား ဝယ်သူနဲ့ ချိန်းထားတယ်ဆို…အိမ်မှာ ဆန်ကုန်နေပြီ၊ ရှင်ပြန်လာရင် မနက်ဖြန်အတွက် ဆန်လေး၊ ဟင်းစားလေး ဝယ်လာခဲ့၊ ကြားလား…”

“အေးပါကွာ အေးပါ အေးပါ၊  ဟာ ငါးနာရီတောင် ကျော်နေပြီ၊ သွားမှ သွားမှ…”

ပြောပြောဆိုဆို ပက်လက်ကုလားထိုင်နောက်မှီပေါ် ချိတ်ထားတဲ့ ရှပ်လက်တိုလေး ကောက်စွပ်လို့ အိမ်ပြင်ထွက်ခဲ့တော့တယ်။ 

ကိုလူလှတို့အိပ်မက်စင်းပုံများ အိမ်ရှေ့ကပြင်မှာ ကိုလူလှသား နှပ်ချေးတွဲလောင်းကောင်က ကတော့လေးထဲကနေ ပဲလှော်တွေ နှိုက်နှိုက်စားနေတာ မြင်လိုက်ရပါရောလား၊ ဟေ့ကောင် အဲဒီပဲလှော်က ငါးထောင်ဘိုးလားလို့ မမေးရဲဘူး၊ ကိုလူလှ နည်းနည်းကလေးမှ မမေးရဲဘူး။

ကျောက်ခေတ်နဲ့ မိန်းမ၊  မိန်းမနဲ့ ငွေ…။ သြော်…မိန်းမ  မိန်းမ တစ်ယောက်ထဲ ယူထားပေလို့ပေါ့ကွာ၊ ရှာလိုက်ရတဲ့ငွေ…။ ဘေးအိမ်က ကိုကျောက်နီတို့များ မိန်းမနှစ်ယောက်ယူထားတာ ကိုလူလှတို့ ယောင်လို့တောင် အားမကျမိပေါင်ဗျာ….။ 


ရောင်စုံစက္ကူ (Colour papers)- e-book (ခိုင်စိုးလင်း စီစဉ်)-Dလင့်ခ်မှာ ဖတ်လို့ရ...
 
စတိုင်သစ် မဂ္ဂဇင်း - မေလ -၂၀၁၃ 




Wednesday, May 1, 2013

ကျွန်မနဲ့ (နှစ်လိုစွာ) မက်မောနာကျင်မှုတွေရဲ့အကြောင်း



ကျွန်မဟာ လူတကာလက်မှာ ရင်ကွဲပက်လက် ယိမ်းထိုးရသူပါ

ကျွန်မအသားပေါ်မှာ ရေးထိုးထွင်းဖောက်ထား ကွဲပြားတဲ့နံပါတ်တွေရဲ့အတိုင်း ဆတိုးတန်ကြေးတွေနဲ့ အပေးအလျော်ပြုကြ...
ဘယ်ဘက်ကကြည့်ကြည့် အရင်းအတိုင်းမြင်ရတဲ့ ကျွန်မခန္ဓာ ကျွန်မစိတ်နှလုံး
ရှုံးချင်လည်း ရှုံးစေတော့...ရှင်တို့ အသုံးကျမယ် ဆို...
ဘယ်လိုပဲပြုတ်ကျကျ အခြေခိုင်မြဲနိုင်ခြင်းက ကျွန်မဘဝကြီးကို အခါခါ လိမ့်ကျစေသတဲ့လား
လက်ကလေးနဲ့ဖြစ်စေ  ခွက်ကလေးထဲ ထည့်လို့ဖြစ်ဖြစ်
ခေါက်ချလိုက်ပါ အားနာစရာမလိုဘူး
ကျွန်မကို မူးဝေနောက်ကျိစေပြီးမှ ရှင်တို့ကံကြမ္မာကို ဆုံးဖြတ်ကြပါ
ကျွန်မကို အလူးအလဲပစ်ကြဲပြီးမှ ရှင်တို့အလျော်အစားကို ဆောင်ရွက်ကြပါ
ရှင်တို့ ကြိုတင်မသိနိုင်တဲ့ ရှင်တို့ရဲ့ကံကြမ္မာက
ရက်ရာဇာထဲမှာလား
ပြဿဒါးထဲမှာလား
ပဋိုစ္စသမုပ္ပါဒ်စက်ဝိုင်း လည်လမ်းထဲမှာလား
ဒါမှမဟုတ်....
ကျွန်မဆီမှာလား
ရှင်တို့လက်ထဲမှာလား
ရှင်တို့လက်ထဲက dice cup ထဲမှာလား

ရွေးချယ်ခွင့်မရှိရင်တောင် ကျွန်မက အနီရောင်အံစာတစ်တုံးလို ရဲရဲတောက်ချင်ခဲ့သူ
ပွဲသိမ်းတဲ့အခါ....
နိုင်သူ ရှုံးသူ ဘယ်သူတစ်ဦးတစ်လေကများ ကျွန်မကို ကောက်ယူနမ်းမွှေးမှာပါလိမ့်
ရှင်တို့အားလုံးက ပစ်ချချန်ထားခဲ့ရင်တောင်
ကျွန်မလေ ရှင်တို့နောက်ကျောကို ကြည့်ရင်း ပြုံးနေမိဦးမှာ...

ရှင်တို့ကံကြမ္မာတွေအတွက်
ရှင်တို့ အလျော်အစားတွေအတွက်
နောက်ထပ် ရှင်တို့အကျိုးစီးပွား အကြိမ်ပေါင်းများစွာတွေအတွက်

ကျွန်မကိုယ်ကို လှလှပပ လူးလှိမ့်ပစ်ကျ ပေးလိုက်ပါဦးမယ်




ပုံကို ဂူဂယ်လ်မှ ယူသုံးပါသည်။