Tuesday, April 23, 2013

စီကေအေ ကယ်ရီကေးချား

ဟိုးငယ်ငယ်လေးတုန်းကတော့ အချိန်တွေဆိုတာကို အကြာကြီးလို့ ထင်တယ်။ မူကြိုကျောင်းကို အဒေါ်လိုက်ပို့တဲ့ မနက်ကနေ ပြန်လာကြိုတဲ့ ညနေအထိ တနေ့လုံးဟာ အကြာကြီးပဲ။ ငိုနေတဲ့ကလေးတွေ၊ ဆော့ကစားနေတဲ့ကလေးတွေ နဲ့ အားလုံးဟာ သူလို ကိုယ်လို ကလေးငယ်တွေချည်းပဲမို့ ပျော်စရာကောင်းခဲ့တာလည်း အမှန်ပဲ။ ဒါပေမဲ့ နေ့တာရှည်လွန်းလှတယ်လို့ ထင်ခဲ့တာ လည်း အမှန်ပဲ။ တနေ့တနေ့ အချိန်တွေဟာ ကုန်ခဲလိုက်တာ... ။ အတန်းကျောင်းတက်ရတဲ့အခါကျတော့လည်း အရေးအရာပါတဲ့ လူကြီးတယောက်အဖြစ်ကို မြန်မြန် ရောက်ချင်လှတယ်မဟုတ်ခဲ့ပေမဲ့ စာတွေကျက်ရတဲ့၊ စာမေးပွဲတွေဖြေနေရတဲ့ ကျောင်းသားဘဝကို အမြန်ဆုံး လွန်မြောက်ချင်ခဲ့တာတော့ သေချာတယ်။

အရမ်းကြီး စည်းကမ်း တင်းကြပ်တာမျိုး မဟုတ်ပေမဲ့ ရှေးရိုးစွဲ မိဘတွေရဲ့ သားသမီးဆိုတာ မိဘကို ကြောက်ရမယ်။ မိဘက ဒါမလုပ်နဲ့ဆို မလုပ်နဲ့၊ မိဘက မျက်လုံးနဲ့ ကြည့်ရုံနဲ့ သိတော့ ဆိုတဲ့ အနေအထားအောက်မှာ ကိုယ် ကြီးပြင်းခဲ့ရတယ်။ ငယ်ငယ်တုန်းက ကိုယ်က ညာပြောတတ်တဲ့ ကလေး တယောက် ဖြစ်ခဲ့တယ်။ ဘာ့ကြောင့်ဆိုတာကို ပြန်စဉ်းစားလိုက် တော့ အဆူ၊ အရိုက်ခံရမှာကို ကြောက်လို့ ညာပြောတတ်ခဲ့တာ။ လူကြီးတွေ မကြိုက်တဲ့၊ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ဖို့ကို ညာပြော တတ်ခဲ့တာ။ ဘာ့ကြောင့် ကိုယ်လုပ်ချင်ရာ လုပ်လည်း ဆိုရင်တော့ ခေါင်းမာလို့ လို့ပဲ ဖြေရလိမ့်မယ်။ မှန်တယ်ထင်ရာ လုပ်တတ်တဲ့ အကျင့်က ခေါင်းကို ပိုမာစေခဲ့တယ်။ မှန်တယ်ထင်ရာလို့ ဆိုကတည်းကိုက မှားလည်း မှားနိုင်နေသေးတာ။

အမှန်ထင်တာတွေ၊ ကိုယ်လုပ်ချင်ရာတွေကို ရအောင်လုပ်တတ်ခဲ့ပြီး မှားသွားတဲ့အခါ အဲဒီအမှားကို ကျေကျေနပ်နပ်ပဲ ခံစားတယ်။ ဘယ်လောက်ပဲ ခါးသည်းပါစေ အမှားရဲ့ အရသာကို တစိမ့်စိမ့်ခံစားတယ်။ ကိုယ့်ကြောင့် နစ်နာသွားတဲ့ တဘက်လူရဲ့ ဘယ်လို ကိုယ်ထိလက်ရောက် တုန့်ပြန်မှုမျိုး ကိုမဆို ကျေကျေနပ်နပ် ခံယူတယ်။ ငါမှားသွားတယ် ရဲရဲပြောတယ်။ ဒါပေမဲ့ ခေါင်းတော့ ငုံ့ထားလိမ့်မယ် မထင်နဲ့။ မှားတဲ့သူဟာ အမှားကို ဝန်ခံပြီးမှတော့ ခေါင်းငုံ့ထားရအုံးမယ်လို့ ဘယ်သူပြောသလဲ။ မှားလည်း ခေါင်းကို ခပ်မတ်မတ် မော့ထားတာပဲ။ ပြီးမှ အမှန် လမ်းကြောင်းပေါ် ရအောင် ပြန်တက်တယ်။ တံတွေးခွက်မှာ ပက်လက်မျောလည်း အစုန်လိုက် မသွားဘူး။ ဘယ်လောက်ခက်ခဲပါစေ ရအောင်ဆန်တက် တတ်တယ်။

ပြန်လှည့်ကြည့်လိုက်မယ် ဆိုရင်တော့ အမှားတွေ အများကြီးမှ အများကြီး...။ အဲဒီအမှားတွေကြောင့်သာ သေရမယ်ဆို ကိုယ်ဟာ အကြိမ်ကြိမ် ပြန်လည်ရှင်သန်လာစရာ အကြောင်း မရှိဘူး။ ဘယ်တော့မှ ထပ်မမှားစေရဘူးလို့ ကြိမ်းဝါးထားခဲ့လည်း လှည့်ကွက်တွေ ဟာ သစ်ဆန်းလွန်းတော့ အငိုက်မိလိုက်၊ မငိုက်ပဲနဲ့လည်း တည့်တည့်ဝင်တိုးလိုက်နဲ့ ရိုးသားလွန်းစွာ မှားယွင်းမြဲ..

ကိုယ်တိုင် လူကြီးတယောက် ဖြစ်လာတဲ့အခါမှာ ကိုယ်လုပ်ချင်ရာ လုပ်နိုင်လာပြီ၊ မှန်တယ်ထင်ရာ လုပ်နိုင်လာပြီ ဖြစ်လို့ ညာတတ်တဲ့ အကျင့်လေးပျောက်ပြီး ဒဲ့ဒိုးပြောတတ်တဲ့ အကျင့်လေး ရလာပြန်ရော။ အဲဒီအခါ ညာတတ်နေတုန်းဖြစ်တဲ့ လူကြီးတွေကို မုန်းတတ်လာ တော့တယ်။

ခေါင်းမာမှုလို့ဆိုရာမှာ ကိုယ်မှန်တယ် ထင်တာ ပြောတတ်၊ လုပ်တတ်ပြီး ပြောလိုက်ရ၊ လုပ်လိုက်ရမှ ကျေနပ်တာမျိုးဆိုပေမဲ့ ကိုယ့်ထက် တတ်သိ နားလည်တဲ့သူက ဆီလျော်စွာ ကျိုးကြောင်းပြ ပြောဆိုနိုင်ခဲ့ရင်တော့ နာခံလွယ်သူတယောက် ဖြစ်နေ ပြန်တယ်။ ဆန့်ကျင်စွာပဲ ဆရာကြီးလေသံနဲ့ အကြောင်းပြချက် မခိုင်လုံပဲ လာပြောနေသူတွေအပေါ်မတော့ သူပုန်စိတ်နဲ့ တုန့်ပြန်ခဲ့တတ်တာ။ ဘယ်သူ့လောင်းရိပ်အောက်မှာမှ မနေလိုတဲ့သူ၊ ယုတ်စွအဆုံး စာတအုပ် ဖတ်ပြီးရင်တောင် စာအုပ်ထဲက ဇာတ်လိုက် ဘယ်လောက်ပဲ လေးစားစရာ၊ အတုယူချင်စရာ ကောင်းကောင်း၊ သူဟာသူပဲ ကိုယ်ဟာကိုယ်ပဲ ကိုယ့်ရပ်တည်မှုနဲ့ ကိုယ် ဆိုတဲ့စိတ်နဲ့ နေတယ်။ အဲဒါကို မာနလို့ ဘာသာပြန်ရင် ရမလားပဲ။ ငယ်ငယ်ကတည်းက အမေက ဟိုဘက်အိမ်က ကလေးတွေများ စာတွေကျက်နေလိုက်တာ နင် ကျက်ပါတော့လား ဆိုရင် အဲဒီတနေ့လုံး စာအုပ်ကို မကိုင်တော့တာ။ ဘာမဆို ကိုယ်လုပ်ချင်မှ လုပ်တတ်တဲ့ စိတ်ကို အဟုတ်ကြီးမှတ်ပြီး နေခဲ့တာပဲ။ တလွဲမာနတွေနဲ့ ပြည့်နေခဲ့တယ်ပဲ ပြောမလား၊ ကိုယ့်လမ်းကိုယ်ဖောက် ယုံကြည်ရာလျှောက်သူ လို့ပဲ အမည်တပ်မလား...။

အပေါ်ယံ ချိုသာမှုတွေနဲ့ လူကြီးလူကောင်းယောင်ဆောင်၊ သူတို့မှ အထက်တန်းစားပုံဖမ်း၊ နောက်ကွယ်ရာမှာ မပြောချင်ပါဘူး နဲ့ အစချီလို့ မသိမသာ စကား ထည့်တတ်သူတွေကို သနားတယ်။ အရာရာမှာ အမြင့်ဆုံး ရောက်နေသူတွေ ဖြစ်ပြီး တန်းတူတက် လာတော့မဲ့ အရည်အချင်းရှိသူတွေအပေါ် မုဒိတာ မပွားနိုင်တဲ့ ပင်လယ်ရေ တယောက်တည်း သောက်လိုသူတွေကို သနားတယ်။ ဒါလည်းငါ့ဟာ ဟိုဟာလည်း ငါ့ဟာနဲ့ လက်တွေ အများကြီးနဲ့ ရေဘဝဲလိုလူတွေပေါ့...။

အရာရာတိုင်းဟာ အကြောင်းကြောင့် အကျိုးဖြစ်...စိုက်ပျိုးခဲ့လို့ ရိတ်သိမ်းရတာပဲ။ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံပဋိလုံ သိလာတဲ့ အခါမှာတော့ မာနဆိုတာ၊ ငါ ဆိုတာ ကိုယ့်အတွက် ဟာသတွေ ဖြစ်သွားတယ်။ ရေဘဝဲတွေကို ကြည့်ပြီး ရယ်ချင်လာတယ်...။ ရေပွက်လောက်သာကြာတဲ့ ဘဝလေးတခုမှာ၊ ထားခဲ့ကြရမဲ့ အရာအားလုံးအတွက် သိမ်းကျုံးနေလိုက်ကြ တာ။

ရင်ထဲမှာ တကြိတ်ကြိတ် မွေးထားရင်း အလှည့်စောင့်နေတဲ့ ပညာရှိလက်စားချေခန်းကို ပညာရှိ အမျက် အပြင်မထွက်လို့ ဆိုကြမှာလား။ ဒါထက်စာရင် ကိုယ်ကတော့ ပညာမဲ့ ထင်ရင် ထင်ပါစေ ခံစားရသလို တုန့်ပြန်ပြီး နေရာမှာတင် လွှတ်ချခဲ့ တတ်တဲ့ အမျက်မသိုသူသာ ဖြစ်ချင်တယ်။ ရင်အေးချင်တယ်။

လူတယောက်ရဲ့ အသိသာ အထင်ရှားဆုံး အပိုင်းကို ပေါ်လွင်အောင် ဖော်ပြပြီး ပုံတူ ရေးဆွဲတာကို ကယ်ရီကေးချားလို့ ခေါ်ကြတယ်။ ဒါဆိုရင် ဒီစာဟာ ကိုယ့်ရဲ့ ကယ်ရီကေးချားပဲ ဆိုပါတော့...။


No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...