Monday, April 22, 2013

မောင့်အချစ်ဆိုတာ ကျွန်မ ဘယ်တော့မှ နားမလည်နိုင်မဲ့ ဘာသာဗေဒ



ကျွန်မဆံနွယ်များ လွင့်မျောလှုပ်ခတ်သည်ထိ ဟူးဟူးရားရားလွင့်မျောတိုက်ခတ်နေသော လေ၊ ဟိုသည်ဘက်ကမ်းသို့ လွန်းထိုးနေသော လှေ သဗ္ဗာန်များစွာ၊ စင်ရော်ငှက်ကလေးများ၊  ပြီးတော့ ရေထဲကိုထိုးထွက်နေသော အုတ်လျှောက်လမ်းကလေးရှိသော ကုတို့ဆိပ်လေးတစ်ခု။ ထိုနေရာကလေးကို ကျွန်မ လွမ်းပါသည်။ ထိုနေရာကလေးမှာ မောင်နှင့်ကျွန်မ အတူထိုင်ခဲ့ကြဖူးသည်။ မောင်က ကျွန်မကိုယ်လုံးကလေးကို သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးနှင့် မညှာမတာပစ်မီကာ သူ့အိမ်နှင့် (သူ့မေမေနှင့်) ဖုန်းပြော၍နေခဲ့သည်။ မောင် သူ့မေမေကိုပြောနေတာက အလုပ်တွေကြားမှ ခဏထွက်ပြေးကာ ဆိပ်ကမ်းမှာ သူတစ်ယောက်တည်း စိတ်ပြေလက်ပျောက်ထိုင်နေသည်၊ အိမ်အပြန် နည်းနည်းနောက်ကျမည် တဲ့။ ထိုအခါ မောင်မီထားသောကြောင့် လေးလံကာ ညောင်းနေသည့်တိုင် ကျွန်မမှာ လေသံကလေးမျှ မဟရဲတော့ပါ။ မောင့်အနားမှာ မိန်းကလေးတစ်ယောက်ရှိနေကြောင်း တစ်ဘက်မှ မောင့်မေမေကြားသွားမှာ စိုးပါသည်။

ဖုန်းပြောပြီးတော့ မောင်က မချိုမချဉ်မျက်နှာပေးနှင့် ကျွန်မကိုယ်ကို တွန်းထိုးကာ ပျော်လားဟု မေးတော့ ကျွန်မက ချက်ချင်းပြန်မဖြေဘဲ “မောင့်ကိုယ်ကြီး ကြည့်ကိုမီထားလိုက်တာ နည်းနည်းလောက်တော့ လျှော့ပါဦး”ဆိုတော့မှ သတိဝင်လာပုံနှင့် သူ့ကိုယ်ကို မတ်မတ်ပြင်ထိုင်ခဲ့၏။ မောင်ဟာ လူလည်ကလေးပါ။ “ကြည့်အနားမှာနေရတာ ပျော်လိုက်တာကွာ”ဟု ဘယ်တော့မှ ဝန်မခံ၊ ကျွန်မကိုသာ သူ့အနားနေရတာ ပျော်လားဟု မေးတတ်သူ။

“ကျွန်တော့်ကို သတိရနေလားဟင်”

“ဟင့်အင်း မရပါဘူး”

“အဲဒါဆိုလည်း ပြန်ကြစို့၊ ကျွန်တော်က ကြည် သတိရနေမယ်ထင်လို့ လာတွေ့တာ”

တကယ်ဆို “ကြည့်ကို ကျွန်တော် သတိရလိုက်တာ”လို့ မပြောသင့်ဘူးလား၊ မောင်မသိနိုင်စွာ တိတ်တဆိတ်မျှော်လင့်မိသည်တို့၌ ကျွန်မ ဝမ်းနည်းစွာ အရှက်ရခဲ့တာ အခါခါ။

“ပြန်သေးပါဘူး၊ မောင်ပဲ အိမ်အပြန်နောက်ကျမယ်ဆို အမေ့ကိုပြောနေတာ ကြားသားပဲ၊ ပြန်ချင်ဘူး မောင်နဲ့အတူ ဒီမှာ ထိုင်ချင်သေးတယ်”

“ကြည့်စမ်း နားထောင်နေတယ်ပေါ့လေ”

“နားမထောင်လည်း ကြားနေရတာပဲဟာ”

မောင်က ကျွန်မနှာခေါင်းထိပ်ကို ဆွဲညှစ်ရင်း သူများအမေကိုများ အမေတဲ့ဟု ညစ်ကျယ်ကျယ် ဆိုခဲ့သေးသည်။ အိမ်အပြန်နောက်ကျမယ်ပြောခဲ့ပြီးသည့်တိုင် ထိုညက မောင် အိမ်ပြန်စောပါသည်။ မောင့်တူမလေးတွေက အပြင်မှာ ညစာသွားစားဖို့ မောင့်ကို စောင့်နေကြ သည်၊ စောစောပြန်လာခဲ့ဟု ဖုန်းဆက်လာသောကြောင့် ထိုညနေက မောင်နှင့်ကျွန်မ ညစာအတူသွားစားကြမည့် အစီအစဉ်ကိုဖျက်ကာ မောင် အိမ်ပြန်သွားခဲ့ရတာ ကျွန်မ မှတ်မိပါသည်။ ကျွန်မစိတ်က မောင့်ကို ငြင်းလိုက်စေချင်ခဲ့သည်၊ မောင့်တူမလေးတွေနှင့် နောက်တစ်ရက်ရက်မှာ ထပ်စီစဉ်လို့ ရနိုင်သည်လေ။ သို့သော် ကျွန်မ နှုတ်ဆိတ်နေခဲ့ပါသည်။ မောင်ကြိုက်သလို လုပ်ပါစေလေ၊ ကျွန်မကသာ မောင့်အနားမှာ နေရချိန်တွေကို တခုတ်တရရှိနေခဲ့ပေမဲ့ မောင်ကတော့ မောင့် အလုပ်၊  မောင့်မိသားစုတွေကသာ မောင့်အတွက် ရှေ့တန်းတင်စရာ။ မောင်နှင့်ပတ်သက်လျှင် ကျွန်မက ဦးစားပေးနေရာမှာ ဘယ်တော့မှမရှိခဲ့တာ အဲသည်တုန်းကတည်းက သိခဲ့ဖို့ကောင်းသည်။ သို့သော် ခွဲကြခါနီးတိုင်း ဆံနွယ်စတွေနှင့်ကျွန်မနဖူးကို ရောနှောကာ ဖိကပ်နမ်းမွှေးတတ်သော မောင့်နှုတ်ခမ်းက အနမ်းတစ်ရှိုက်နှင့်ပဲ အရာရာကို ကျွန်မ နှစ်သိမ့်လိုက်နိုင်ခဲ့ပါသည်။

@@@@@@@@@

တကယ်တော့ မောင့်ဘဝထဲကို ခေါ်ယူသိမ်းရစ်ရန် မောင်ကိုယ်တိုင် လိုလိုလားလားလက်တွန့်ခဲ့ရသူဟာ ကျွန်မပါ မောင်…. 

သတိရလိုက်တာ မောင်ရယ်လို့ ကျွန်မနှုတ်ဖျားက ဆွေးမြေ့ရေရွတ်နေချိန်မှာ မောင်က တီဗီရှေ့မှာ ဘောလုံးပွဲတစ်ပွဲကို စိတ်ပါလက်ပါ ကြည့်ရှူ့နေချိန် ဖြစ်နိုင်ကောင်းသည်။ ဒါမှမဟုတ် ရေမိုးချိုးသန့်စင်ပြီး အိမ်နေစွပ်ကျယ်ချိုင်းပြတ်ကလေး ဝတ်လို့ မောင်နှစ်သက်ရာ ဆောင်းပါးတစ်ပုဒ်ပုဒ် အေးအေးလူလူဖတ်နေချိန်လည်း ဖြစ်မည်။ ဒါမှမဟုတ် မောင် သိပ်ကြိုက်တဲ့ ဆီချက်တစ်ပွဲကို ကလေးတစ်ယောက်လို အားပါးတရထိုင်စားနေချိန်လည်း ဖြစ်နိုင်ပါသည်။ မောင်နဲ့ကျွန်မအကြား အချစ်တွေက ညီမျှခြင်းချဖို့ မဆိုထားနဲ့၊ ဘေးချင်းယှဉ်ချလို့မှ မမျှခဲ့တာပါ။

“ကြည် နင့်မောင်က သိပ်တင်စီးတာပဲ၊ နင်ကချည်း ဖုန်းဆက်ဆက်နေရတာ၊ သူ စဆက်တယ်ကို မရှိဘူး”

“မမနီရယ်  သူက အလုပ်တွေများတာကိုး”

“နင်ကရော အားနေလို့လား ကြည် ဟင်”                                                       

ကျွန်မ မဖြေတတ်၊ မဖြေနိုင်တော့ပါ။ အစ်မကြီးတစ်ယောက်လိုလည်း ဖြစ်၊ လုပ်ဖော်ကိုင်ဘက် လည်းဖြစ်သော မမနီကို မချိတရိလေးသာပြုံးပြမိသည်။ မမနီက ကျွန်မကို ချစ်ခင်သူပီပီ ကျွန်မဘက်မှ နာလေ၏။ မမနီ သိသည်၊ မမနီတစ်ယောက်ထဲ မဟုတ်ပါ၊ ကျွန်မတို့ တစ်ရုံးလုံးလည်း သိကြပါသည်။ ကျွန်မ မောင့်ကို ဘယ်လောက်ချစ်သည်ဆိုတာ။ ခဏနေရင် ကျွန်မ မောင့်ဆီ ဖုန်းဆက်ကာ မောင့်ကို အိပ်ရာမှ နှိုးရဦးမည်။

“မောင် နိုးပြီလား၊  ညက အိပ်ပျော်ရဲ့လား ဟင်”

“အင်း ထတော့နော်၊ ကြည် အလုပ် လုပ်လိုက်ဦးမယ်၊ နေ့လည် ထမင်းစားချိန်တစ်ခေါက် ပြန်ဆက်မယ် နော် မောင၊် မနက်စာ စားဦးနော်၊  ဂရုစိုက် ဒါပဲနော်”

မောင့်အသံကြားရစဉ် ကြည်နူးစိတ်နှင့်မွေ့လျှက် တစ်ဘက်စားပွဲမှ မမနီမျက်စောင်းကိုမူ မတွေ့ဟန်ဆောင်ရသည်။ မောင်က ကျွန်မ ဖုန်းဆက်နှိုးမှ အိပ်ရာကထချင်သည်ဆိုတာမို့ပါ၊ ပြီးတော့ မောင်က ကလေးလိုပင်၊ နိုးနေပါလျှက်နှင့် ကျွန်မဆီက ဖုန်းသံမကြားမချင်း အိပ်ရာထဲက မထလိုသူဖြစ်လေတော့ ကျွန်မမှာ မနက်တိုင်း မောင့်ဆီ ဖုန်းမဆက်ဘဲမနေနိုင်။ မောင်နှင့် မနက်ခင်းဖုန်းပြောပြီးမှ တစ်နေ့တာအတွက် ကျွန်မ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ ခွန်အားပြည့်သွားသည် ထင်မိ၏။ မောင်လည်း ထိုနည်းတူဖြစ်မည်။ မောင်က ကိုယ်ပိုင်အလုပ်မို့ အလုပ်စချိန်နောက်ကျကာ ပြန်ချိန်လည်းနောက်ကျတတ်မြဲမို့ ရုံးအဆင်းညနေတွေမှာ မောင်နှင့်တွေ့ကြဖို့ ချိန်းတိုင်း အမြဲစောင့်ရတတ်သူက ကျွန်မရယ်သာ။ မောင်က လာတော့လည်း နောက်ကျ၊ ညစာအတူ စားကြပြီးတာနှင့်လည်း အိမ်ပြန်ချင်သူ၊ ထိုအခါ မောင်နှင့်တွေ့ရဖို့ စောင့်ချိန်ကြာလျှက် တွေ့ကြ ရပြန်တော့လည်း ခဏကလေးမို့ မချင့်မရဲဖြစ်ကျန်ခဲ့ရသူမှာ ကျွန်မပဲ ဖြစ်လေသည်။

“ကြည် နင်ဟာလေ ဝဋ် အတော်ကြီးတဲ့သူပဲ၊ နေမြဲမောင်ဆိုတဲ့ကောင် ကိုတော့လေ အေးအေး သက်သာနေတတ်လွန်းလို့ နေမြဲမောင်ကနေ သက်သာမောင်လို့တောင် ငါက နာမည်ပြောင်း ကင်ပွန်းတပ်လိုက်ချင်သေးတယ် သိလား”

မမနီအပြောမှာ ကျွန်မ မရယ်ဘဲ မနေနိုင်။ သူမို့ ပြောပဲ ပြောတတ်သည်။ မောင့်ကိုသာ ပြန်ပြောပြရင် ဒီအပျိုကြီး ယောကျာ်းမရသေးလို့ ဒီလိုပြောတာဟု ဆိုဦးမည်ပင်။

@@@@@@@@@

မောင် အလုပ်ကိစ္စနှင့် နယ်ကပြန်ရောက်ပြီးပြီးချင်း ဗိုလ်ချုပ်ဈေးမှာတွေ့ကြဖို့ ချိန်းဆိုတော့ မောင်အဲသည်လို စတင်မချိန်းဆိုတတ်တာမို့ ကျွန်မမှာ တအံ့တသြ။ မောင်က ဂါဝန်အရှည်လေးတစ်ထည် ဝယ်ပေးကာ “နောက် ၂လလောက်ကျရင် ကျွန်တော့်မိတ်ဆွေ မင်္ဂလာဆောင်ရှိတယ်၊ အဲဒီပွဲမှာ ဝတ်ခဲ့ဖို့”ဟု ခပ်ပြတ်ပြတ်ပင် အရေးဆိုသလို ပြောလေသည်။

“ဟင် ကြည် လိုက်ရမှာလားဟင်၊ မောင်နဲ့အတူ ကြည်လိုက်ရမှာပေါ့ ဟုတ်လား”

“ဘာလဲ ပျော်သွားလား”

ကြည့် မောင်လုပ်ပြန်ပြီ၊ “ဒါပေါ့ ကြည့်ကို ကျွန်တော်နဲ့အတူ လိုက်စေချင်လို့ပေါ့” လို့ ပြောလိုက်ဖို့ ကောင်းသည်ပဲ။ ကျွန်မ ရှက်ရွံ့စွာ၊ သို့သော် ပျော်ရွှင်စိတ်ကို မဖုံးဖိနိုင်စွာ ဂါဝန်လေးကိုကြည့်မိတော့ ဆိုက်ဒ်က စမောဖြစ်နေတာမို့ မောင် အဝယ်မှားပြီထင်ကာ မီဒီယမ်နှင့်ပြန် လဲပေးဖို့ ဆိုမိသည်။

“ကျွန်တော် သိပါတယ်၊ စမောဆိုက်ဒ် တမင်ရွေးဝယ်တာ၊ ၂လလိုသေးတာပဲ၊ ဒီအင်္ကျီနဲ့ တော်အောင် ဝိတ်လေးနည်းနည်းချလိုက်”

“ဟင် ဒီအင်္ကျီလေးနဲ့တော်အောင် လုပ်ရမယ် ကြည်က”

မောင်က ခေါင်းညိတ်ပြလေသည်။ မောင်ရယ် ကျွန်မမှာတော့ မောင့်ကို အရှိအတိုင်းချစ်ခဲ့ရသူပါ။ ကျွန်မရင်ထဲ လှိုက်တက်လာကာ ဝမ်းနည်းသလိုလိုကြီးဖြစ်ရာက မျက်ရည်ဝဲလာတော့ မောင်က ကျွန်မလက်ဖဝါးကိုတင်းတင်းဆုတ်ကိုင်ကာ မီးပွိုင့်တစ်ဘက်ကို ခပ်မြန်မြန်ပဲ ဖြတ်ကူးတာမို့ ငိုချင်နေရာက ငိုဖို့ကိုပင် သတိမရနိုင်တော့ဘဲ မောင့်ခြေလှမ်းတွေနောက် အမီလိုက်ရပြန်သည်။

“ရော့ ဒီမှာ သင်တန်းကြေးပေးပြီးသား ဗောက်ချာ၊ တစ်ပတ်ကို ၂ရက်တက်ရမယ်။ မှန်မှန်သာ တက်၊ ကြည် သေချာပေါက် ဝိတ်ကျလာမှာ၊ အစားအသောက်လည်း ဂရုစိုက်၊ အဆီတွေ လျှော့စား၊ အဲဒီ့ပွဲကျရင် ကျွန်တော့်မိတ်ဆွေတွေ၊ ငယ်သူငယ်ချင်းတွေ အများကြီးနဲ့ တွေ့ရမှာ၊ ကြည့်ကို ပိုလှနေစေချင်လို့”

မောင့်လက်ထဲက Gymအတွက် သင်တန်းကြေးပြေစာကို ကြည့်လိုက်မိရင်း မောင့်အပြောမှာ ကြည် ညွတ်နူးရပါသည်။  သည်လိုတော့လည်း မောင်က ကြည့်ကို သူ့အပေါင်းအသင်းတွေအလယ်မှာ ပွဲထုတ်ချင်စိတ်ရှိသားပဲဟု ဝမ်းသာရသည်။ အင်း ဟု ကျွန်မခေါင်းအညိတ်မှာ မောင်က ကျွန်မခေါင်းကို သူ့လက်ဖဝါးထဲထည့်ကာ ဆံနွယ်များကို မွှေးကြူလိုက်တာမို့ အခါများစွာကလိုပင် နေမြဲမောင် ဆိုသော မောင့်ထံမှာ ကျွန်မနှလုံးသားတို့ အရည်ပျော်ကျရပြန်သည်။

သေချာပါသည်။ မောင်ဟာ ကျွန်မကို ကြေညက်နေအောင် ဖတ်နိုင်စွမ်းသူဖြစ်လျှက် ကျွန်မအတွက်တော့ မောင်ဟာ ဟိုးအဝေးကြီးက မှုန်ပျပျမြင်နေရသော၊ အေးစက်ညို့မှိုင်းသော၊ ကျွန်မကို အပေါ်စီးကနေ မိုးကြည့်နေသော မာရေကျောရေတောင်စဉ်တန်းကြီးတစ်ခုသာ ဖြစ်လေသည်။

@@@@@@@@@

ကျွန်မ gym တက်နေတာ မောင့်ကြောင့်ဟု မမနီကို မပြောရဲပါ။ “ကြည် ပိုလှချင်လို့ပေါ့ မမနီရယ်”ဟု ပြောတော့ မမနီက တအံ့တသြ၊ မျက်နှာမှာ မိတ်ကပ်ဝေးလို့ နှုတ်ခမ်းနီပင် ဘယ်တုန်းကမှ မဆိုးဖူးသူမို့ ကျွန်မ အလှအပ မကြိုက်တာ မမနီအပါအဝင် တစ်ရုံးလုံးအသိပေ။ ခုတော့ တစ်ပတ်မှာနှစ်ရက် ရုံးပြီးတာနှင့် gymကို တန်းပြေးရသည်မှာ အချိန်ပိုပင် မဆင်းနိုင်။ အိမ်ရောက်သည်နှင့် မောင်ဝယ်ပေးထားသော ဂါဝန်လေးကို ဝတ်ကြည့်ရတာ ကလည်း နေ့စဉ်လိုလိုပါ။ နှစ်လကျော်လာတော့ ဂါဝန်ကလေးက ကျွန်မကိုယ်နှင့် ကွက်တိတိုင်းချုပ်သလို ချပ်ရပ်လှပနေတာမို့ ပျော်လိုက်သည်မှာ မျက်နှာပေါ်က အပြုံးတို့ပင် ရပ်မရချင်။

မောင် တွေ့မှပဲ အံ့သြပါစေတော့ဟု ပိုင်းဖြတ်ကာ ခုရက်ပိုင်းအတွင်းမှာ မောင်နှင့် မတွေ့ဖြစ်အောင် တမင် နေနေမိသည်။

“ကြည် ငါတို့ ဗိုလ်ချုပ်ဈေးသွားမလို့၊ နေ့လည်စာ နင် ဘာမှာဦးမလဲ”

“မမှာတော့ပါဘူး မမနီရယ်၊ အိမ်ကနေ အသီးအရွက်ဆဲလတ်လုပ်လာတယ်၊ အဲဒါလေးပဲ စားလိုက်ပါတော့မယ်။ အုန်းနို့ကျောက်ကျောလေးတော့ သောက်ချင်သား၊ အဲဒါလေးတော့ ဝယ်ခဲ့ပါ မမနီရယ် နော်၊ အချိုလေး မစားရတာ ကြာပါပေါ့”

ကျွန်မတို့ရုံးက ဗိုလ်ချုပ်ဈေးနှင့်နီးတာမို့ လခထုတ်ပြီးစ တစ်ရက်နှစ်ရက်လောက်ဆို ရုံးသူတွေ နေ့လည်စာ စားကြ၊ ဈေးပတ်လေ့ရှိကြသည်မှာ ထုံးစံတစ်ခုလို ဖြစ်နေလေသည်။

“ကိုယ့်ဝဋ်နဲ့ ကိုယ်ပဲပေါ့ ကြည်ရာ၊ နင်က လှချင်လို့ အစားရှောင်နေတာကိုး ဟင်း၊ ခုတစ်လောမှ ဘာဖြစ်နေတယ်ကို မသိဘူး”

မမနီက ရုံးမှ ညီမလေးတစ်အုပ်နှင့် နေ့လည်စာစားရန် အောက်ထပ်ကို မဆင်းခင်မှာ ကြည့်ကို ခပ်ရွတ်ရွတ်ပြောသွားခြင်းရယ်ပါ။ ကြည့်မှာ ပုခုံးလေး တွန့်၍သာ ပြုံးကျန်ရစ်ရသည်။

ကြည်တစ်ယောက်ထဲ အလုပ်ထဲနစ်နေခိုက် ဗြုန်းဆို ရုံးမှန်တံခါးကိုဖွင့်ပြီး ဝင်လာသံက ကြမ်းလှတာ မို့ မော့ကြည့်မိတော့ မမနီ…။

“ဟယ် မမနီ မြန်လှချည်လား။ ဈေးပတ်ဦးမှာဆို”

“ကြည် ဘာမှ ပြောမနေနဲ့၊ လာ ငါနဲ့ ခဏလိုက်ခဲ့။ အောက်ထပ်မှာ တက်ကစီ စောင့်နေတယ်”

ကျွန်မ ဘာမှ မမေးလိုက်နိုင်ခင် မမနီလက်ဆွဲခေါ်ရာ ဝရုန်းသုန်းကား လိုက်ပါသွားခဲ့ရတော့သည်။ တက်ကစီပေါ်ရောက်တော့လည်း မမနီက ဘာမှ မပြော၊ မျက်နှာကြီးတင်းကာသာ နေတာမို့ ကျွန်မလည်း တိတ်တိတ်သာ လိုက်ခဲ့မိရသည်။

“ဟိုမှာ တွေ့လား ကြည်၊ နင့်ရဲ့ နေမြဲမောင်”

“ဟင်”

မောင် ခုတစ်လော မအားဘူး ဆို၊ မောင် အလုပ်တွေ များနေလို့ ဆို၊ နိုင်ငံခြားက မောင့်အစ်မ ရောက်နေသေးတာ ဆို၊ ကျွန်မက မောင် ဘာပြောပြော မောင့်အပေါ် ယုံကြည်ခဲ့မိသူ။ အေးတိအေးစက်နိုင်လှသော၊ အကျောကြီးလှသော မောင့်အချစ်ကို ဒါသည်ပင် မောင် ချစ်တတ်သလို ချစ်ရှာတာပဲဟု နားလည်ပေးနိုင်ခဲ့သူ။

ခုတော့ မောင်က….

ကျွန်မ နားလည်ပါပြီ။ မောင် ကျွန်မအပေါ် နိုင်စားအေးစက်နေခြင်းသည် အခြား တစ်ဘက်မှာ မောင့်အချစ်တို့ ပူနွေးလှုပ်ရှားစွာ ပုံအပ်ထားခြင်းကြောင့်သာ ဖြစ်လိမ့်မည်။ ဝမ်းနည်းစိတ်နှင့် မမနီကိုဖက်ကာ ငိုမိသည်။ မမနီကတော့ စိတ်ဆိုးကာ ပြစ်တင်စကားတွေသာ မောင့်အပေါ် ဆိုလေသည်။

“ကြည် နင့်လောက် အတဲ့ မိန်းမ မရှိဘူး။ နင်ဟာလေ နေမြဲမောင် ပြောသမျှ ယုံ၊ နေမြဲမောင် ခိုင်းသမျှ အကုန်လုပ်၊ တကယ်ပဲ ငါ စိတ်တိုတယ် သိလား နင့်အစား၊ ဖြတ်ပစ်လိုက်စမ်း ပါဟာ… ယောကျာ်းမရှားပါဘူး”

“မမနီရယ် ကြည် သိပါတယ်။ ယောကျာ်းမရှားပါဘူး၊ ဒါပေမဲ့ ကြည်ချစ်တာ မောင့်ကို။ ကြည် မောင်နဲ့မှ မဝေးနိုင်တာ” ကျွန်မ စိတ်ထဲက ပြောနေသည်ကို မမနီများသိရင် ကျွန်မကို ဘယ်လိုဆူဦးမည်လဲ မသိပါ။ ကျွန်မ ငိုမိသည်။ မမနီပုခုံးပေါ်မှာ ကလေးတစ်ယောက်လို ရှိုက်ကာ ရှိုက်ကာ ငိုမိပါသည်။

@@@@@@@@@

မောင် ငြင်းပါစေ ဆုတောင်းနေမိလျှက် ဟုတ်တယ်ဟု မောင် ဝန်ခံလိုက်သောအခါ ကျွန်မနှလုံးသား တို့ ဗြုန်းကနဲ ကျကွဲကြေမွလေတော့သည်။ နိုင်ငံခြားကပြန်လာသောမောင့်အစ်မနှင့်အတူ လိုက်ပါ လာသော မောင့်ငယ်ချစ်၊ မောင့်အိမ်ထောင်ဘက်အဖြစ်  မောင်တို့ တစ်အိမ်သားလုံး သဘောကျသော မောင့်ဇနီးလောင်းဟု ဆိုသည်။ နောက်လမှာတက်ရမည့် မောင့်မိတ်ဆွေမင်္ဂလာပွဲမှာ သူမနှင့်အတူ တက်ရောက်ရမည်ဟု မောင့်မေမေက တစ်ချက်လွှတ်အမိန့်ချမှတ်သည် တဲ့။

မောင်ဝယ်ပေးထားသော ဂါဝန်ကလေး….။ ပင်ပန်းကြီးစွာ အစာအိမ်နာပြန်ထသည်အထိ အစားငတ်ခံကာ ချခဲ့ရသော၊ တစ်နေကုန် ရုံးအလုပ်ပြီးလို့မှ မနားနိုင်ဘဲ gymသွားကာ ကစားခဲ့ရသော ကျွန်မ၊  ခုတော့ ကျွန်မကိုယ်လုံးနှင့် ကွက်တိကျစွာ လှနေသော ဂါဝန်ကလေး။ ကျွန်မ ဘယ်နေရာမှာ သွားဝတ်ရတော့မလဲ မောင်ဟု ကျွန်မ မမေးရဲ၊ မောင့်ကို ကျွန်မ စိတ်မညစ်စေချင်ပါ။ မောင်က မလိုက်ခဲ့နဲ့ဆိုပါက ကျွန်မ နာကျင်ကြေကွဲစွာ နှုတ်ဆိတ်နေခဲ့ရုံသာ

ထိုနေ့က အိမ်အပြန်မှာ ဂါဝန်ကလေးကိုဝတ်ကြည့်လျှက် မှန်ထဲမှာ ကျွန်မ ပြုံးကြည့်လိုက်မိသေးသည်။ ပြီးတော့ လူးလိမ့်နေအောင် ငိုခဲ့ရပါသည်။ ထိုဂါဝန်ကလေးဝတ်လျှက်နှင့် ကျွန်မအိပ်ခဲ့ပါသည်။ ဖူးယောင်ကာ မို့အစ်နေသောမျက်လုံးများနှင့် အုံခဲနေသောခေါင်းကြောင့် နောက်တစ်နေ့ ကျွန်မ ရုံးမှခွင့်ယူကာ အိမ်မှာပင် ခွေနေလိုက်ရပါသည်။ နေမကောင်းလို့ဟု အကြောင်းပြသော်လည်း မမနီက ရိပ်မိစွာပင် အချစ်ဖျား၊ စိတ်ထောင်းကိုယ်ကြေဖျားဟု ဆိုသည်။ “ဟင့်အင်း မမနီရယ် ကြည် အသည်းကွဲတာပါကွယ်၊ မမနီ မသိပါဘူး” ကျွန်မ တိုးတိတ်စွာ ဖြောင့်ချက်ပေးနေမိသည်။

မောင်နှင့်တွေ့ခဲ့ရတာ ထိုနေ့က နောက်ဆုံးဖြစ်လိမ့်မည်ကို ကျွန်မ မရိပ်မိခဲ့။ ထပ်တွေ့ကြရလိမ့်ဦးမည်ဟု ကျွန်မစိတ်က ထင်သည်။ မောင် ဆက်သွယ်လာလိမ့်ဦးမည်။ တစ်ခုခုတော့ ဖြေရှင်းလိမ့်မည်။ ကျွန်မအပေါ် ချစ်လျှက်နှင့် အိမ်က သဘောတူသူကို လက်ခံရတော့မည်၊ စသည်ဖြင့် မောင် ပြောလာလိမ့်မည်ဟု ကျွန်မ မျှော်လင့်ခဲ့မိပါသည်။ သို့သော် ကျွန်မဟာ အလွန်စိတ်ကူးယဉ်သူ မိန်းမတစ်ယောက်ဖြစ်မှန်း နောက်ကျမှ သိခဲ့ရသည်။ တကယ်တမ်းကျတော့ မောင့်ဘက်က ဘာတစ်ခုမှ ဖြေရှင်းချက် ပေးမလာခဲ့ပါ။

သွယ်လဲ့ကြည်ဟု နာမည်တပ်ထားသော ဖိတ်စာကလေး ကျွန်မစားပွဲပေါ်ရောက်လာသောနေ့က စာရွက်ဖြူတစ်ရွက်ပေါ်မှာ ချွန်မြနေသော ကွန်ပါချွန်နှင့် အပေါက်ချင်းထပ်အောင် အံတင်းတင်းကြိတ် ထိုးဆွဖောက်ထွင်းနေခဲ့မိသူ ကျွန်မရယ်၊ အဲသည် ထုတ်ချင်းပေါက်များစွာနှင့် စာရွက်ဖြူလွကလေးဟာ ကျွန်မနှလုံးသားနှင့် ထပ်တူပါသည် မောင်….။ 

မောင်နည်းနည်းကလေးမှပင် မတွေးမိဘူးလား မောင်ရယ်။ မောင့်ကို အိပ်ရာကမှ ဖုန်းဆက်မနှိုးရလျှင် တစ်နေ့တာအလုပ်တို့ မဖြောင့်စင်းနိုင်သော မိန်းမဟာ ရှေ့ဆက်ဘယ်တော့မှ မရနိုင်တော့မဲ အခွင့်တစ်ခုအတွက် တစ်သက်တာလုံး ဘယ်လောက် ခံစားနာကျင်နေရမယ်ဆိုတာ….။ 

သည်လိုနှင့် ကျွန်မတို့ ရိုးရိုးကလေးပင် ဝေးသွားခဲ့ကြလေသည်။

@@@@@@@@@

ရေထဲကိုထိုးထွက်နေသော အုတ်လျှောက်လမ်းကလေးရှိသော ကုတို့ဆိပ်လေးတစ်ခု။ ထိုနေရာကလေးကို ကျွန်မ လွမ်းပါသည်။ ထိုနေရာကလေးမှာ မောင်နှင့်ကျွန်မ အတူထိုင်ခဲ့ကြဖူးသည်။ မောင့်ကို လွမ်းတိုင်း ထိုနေရာကလေးမှာ ကျွန်မတစ်ယောက်ထဲ ဂစ်တာသွားတီး၍နေတတ်သည်။

သည်နေ့လည်း အခါများစွာကလိုပင် ကျွန်မတစ်ယောက်ထဲ ဂစ်တာတီးနေခဲ့ပါသည်။

“ဒီအချိန်ကိုရောက်ရင် တို့နှစ်ယောက်အမြဲ တွေ့နေကျ၊ ဒီနေရာလေးမှာ တို့နှစ်ယောက် လမ်းလျှောက်နေကျ အရာရာတိုင်းဟာ မင်းအကြောင်းနဲ့ နွယ်ဆက်လာ”

သီချင်းဆက်မဆိုနိုင်လောက်အောင် ရင်ထဲဆို့နင့်လာပြီး ဂစ်တာတီးသောလက်များကသာ ဆက်လက်တီးခတ်နေကာ နှုတ်ဆွံ့လျှက် မျက်ရည်များ ကျလာတော့သည်။ မရတော့ပါ။ ဂစ်တာလေးကို ရင်ဘတ်ထဲသွင်း ပွေ့ပိုက်ကာ မောင့်ကိုလွမ်းစိတ်နှင့် ကျွန်မ ငိုရှိုက်လိုက်မိတော့သည်။ မောင်က ကျွန်မဂစ်တာတီးတာ နားထောင်နေကျ။ မောင်နဲ့ ကျွန်မ တစ်လှည့်စီ ဂစ်တာတီးနေကျ။ ခု ကျွန်မအနားမှာ ဂစ်တာလေးကလွဲလို့ ဘယ်သူမှ ရှိမနေပါ။

“သမီးလေး xx ရေစပ်နား မသွားနဲ့နော်၊ ခဏလေး မေမေ့ကို စောင့်ဦး”

ဘုရားရေ…။ ကလေးမကလေးနာမည်က xxတဲ့လား။ ကျွန်မ အံ့သြစိတ်နှင့် မျက်ရည်ကြားမှ ငေးရီစွာ နောက်လှည့်ကြည့်လိုက်မိတော့ တောက်တောက်ပြေးလမ်းလျှောက်နိုင်သော၊ ၃နှစ်အရွယ်လောက်ရှိသော သမီးငယ်လေး။ သူ့အနောက်မှ အမေဖြစ်သူက မပြေးရုံတစ်မယ်လိုက်လာနေလျှက်၊ သူတို့နှစ်ယောက်အနောက်မှာ ကားသော့ကို လက်ထဲ မြှောက်ကစား လျှက်ရှိသော အမျိုးသားတစ်ဦး….ဘဝနှင့်ရင်း၍ကျွမ်းဝင်လွန်းခဲ့ဖူးသော မျက်နှာတစ်ခု...။

မောင်က ကျွန်မကိုမြင်တော့ မျက်နှာတစ်ချက်ပျက်သွားကာ သူ့ဇနီးသည် သမီးငယ်ကိုခေါ်လိုက်သော နာမည်အတွက် လူမိသွားသလို ရှက်ရွံ့ဟန်နှင့် ကျွန်မကို ငေးကနဲကြည့်နေရာက ဘာမှမဖြစ်သလို သားအမိနှစ်ယောက်နောက်မှ ဆက်လျှောက်သွားလေသည်။

မောင်…..
မောင့်သမီးကလေးကို ဘာလို့ ဒီနာမည်ပေးထားသလဲ။ ထိုနာမည်ကလေးသည် မောင်နှင့် ကျွန်မနှစ်ယောက်သာ သိသော၊ မောင်နှင့်ကျွန်မ နှစ်ယောက်ပေါင်းမှ တစ်ခုတည်းသာရှိသော နာမည်ကလေးဖြစ်ကာ မောင်က ကျွန်မကို ချစ်မက်မြတ်နိုးစိတ်နှင့်၊  ကျွန်မက မောင့်ကို ချစ်မက်မြတ်နိုးစိတ်နှင့် နှစ်ဦးသဘောတူ မှည့်ခေါ်ခဲ့ဖူးသော၊ စာလုံးကလေး နှစ်လုံးတည်းသာပါသော ချစ်စဖွယ်နာမည်ဆန်းကလေးတစ်ခုသာ ဖြစ်ပါသည်။

မောင်…ရယ်…..

မောင် ကျွန်မကို တိတ်တိတ်ကလေးများ လွမ်းတနေသလား ဟင်။ မောင် ဘယ်တော့မှ ဖြေလိမ့်မည်မဟုတ်သော မေးခွန်းမှန်း ကျွန်မ သိပါသည်။ နာကျင်မှုများနှင့်အတူ ရင်ထဲသေချာလွန်းလှသည်။ သည်နေ့မှ ပို၍သေချာသွားရပါသည်။

မောင့်အချစ်ဆိုတာကို ကျွန်မ ဘယ်တော့မှ၊ ဘယ်သောအခါမှ နားလည်နိုင်လိမ့်မည် မဟုတ်ပါ။

12 comments:

  1. ဖတ်လို့ကောင်းလိုက်တာ အမ...
    ဒါပေမယ့် အဲ့လိုမျိုး ယောက်ကျားတွေက စိတ်ပျက်စရာ :P

    ReplyDelete
  2. အစ်မချစ်ရေ.. လွမ်းမောဖွယ်ဇာတ်လမ်းလေးကို မနက်စာစားရင်းဖတ်မိတာ တစ်ခါထဲမျောပါသွားတော့တယ်..။ ဂါဝန်လေးကိုများ ကြည်တစ်ယောက် မောင့်မင်္ဂလာဆောင်မှာ ၀တ်သွားလေးမလားလို့ မချင့်မရဲ မျှော်လင့်လိုက်မိသေးတယ်...။ မောင်က သူ့မင်္ဂလာဆောင်မှာ ကြည့်ကို တက်စေဖို့ ဂါဝန်လက်ဆောင်ပေးတာမျိုးဆိုရင်တော့ မောင် သိပ်ရက်စက်ရာကျသွားပြီနော်..။ ကြည့်ရတာ စာရေးသူက မောင့်ဘက်နည်းနည်း ဘက်လိုက်သလိုပဲလို့ ကြားထဲက အူပွပြီး တွေးမိလိုက်တယ်.. :)
    အစ်မချစ်.. ရေးတဲ့စတိုင်နဲ့ ဒီလိုဇာတ်လမ်းမျိုးတွေနဲ့ အရမ်းလိုက်ဖက်တယ်..။

    ReplyDelete
  3. ဝေးကွာပီးနောက် "ကြည် " တစ်ယောက်ဘယ်လို ဖြေသိမ့်မလဲသိချင်နေခဲ့ပgတယ်။ တွေ့ နေကျနေရာလေးမှာ ဂစ်တာလေးတီးပီးဖြေသိမ့်နေပုံနဲ့ "ကြည်" ခံစားရတာတွေလျော့သွားနိုင်မလား။ သုံးနှစ်ဆိုတဲ့အချိန်ကြောင့်ခံစားရတာတွေသက်သာသွားသလား...............

    ReplyDelete
  4. အိမ်က စီစဉ်လို့ ဆိုတာလောက်တော့ ဖြေရှင်းသင့်ပါတယ်နော်..။ အဲလို မပြတ်သားတဲ့ ယောက်ျားမျိုးနဲ့ ကြည့် လို ဖြူစင်လွန်းသူနဲ့ မတန်ဘူးလို့ ပဲ အားပေးလိုက်ချင်တယ်..။

    ReplyDelete
  5. အိမ်က စီစဉ်လို့ ဆိုတာလောက်တော့ ဖြေရှင်းသင့်ပါတယ်နော်..။ အဲလို မပြတ်သားတဲ့ ယောက်ျားမျိုးနဲ့ ကြည့် လို ဖြူစင်လွန်းသူနဲ့ မတန်ဘူးလို့ ပဲ အားပေးလိုက်ချင်တယ်..။

    ReplyDelete
  6. မုန်းစရာကောင်းလို်က်တာ် မကြီးရယ် တော်ပြီ သူနဲ့ပေးမညားတာကောင်းတယ် အပျိုကြီးပဲလုပ်တာကောင်းတယ်

    ReplyDelete
  7. မမချစ်ကြည်..ဖတ်လို့ကောင်းလိုက်တာ..
    စိတ်ထဲမှာလဲမကောင်းဘူး... မိန်းကလေးတွေအချစ်က ယောက်ျားလေးနဲ့မတူဘူးလို့ပြောလေ့ရှိတယ်..
    တစ်ခါတစ်လေ မိန်းကလေးတွေကပိုသတ္တိရှိပေမယ့် သူတို့ကတော့ မိဘအသိုင်းဝိုင်းကို မတွန်းလှန်ရဲဘူး... အဲဒါကိုဦးနှောက်နဲ့ဆုံးဖြတ်တယ်..
    အချစ်ကိုတော့ရင်ထဲတစ်သက်သိမ်းထားမယ်တဲ့.ဟုတ်တယ်..
    ဒီဇတ်လမ်းလေးအတိုင်းဘဲ....

    ReplyDelete
  8. Gym မှာ ဖြတ်ပိုင်းဖြတ်ပေးပြီး ၀ိတ်ချခိုင်းတဲ့ အကွက်လေး တိုက်ဆိုင်လွန်းလို့ မျက်ရည်တောင် ၀ဲမိပါတယ်။

    ReplyDelete
  9. အမချစ် - လက်ရည်တွေတက်တယ်။ ကောင်းတယ် ဆရာ။ ကိုယ်ကတော့ ဒီလိုမျိုးမဟုတ်လို့ ကိုယ့်သူငယ်ချင်းထဲ ဒီလိုခံရရင် ဝင်ဆော်မိမလား မသိ။ ယောက်ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မလွန်ဆန်နိုင်လို့ လုပ်ရတယ်ဆိုတာ မရှိ။ လုပ်ချင်လို့ကိုလုပ်တာ။ နံမယ်ပေးပြီ: သတိယနေတယ်လို့ ဖာတွေးနေပြန်ပြီ။ တကယ်က ကိုယ်တွေး/ရွေးထားတဲ့ နံမယ်ကို ခွင့်ပြုချက်လဲ မရပါပဲ အကြောကြီးနဲ့ယူသုံးတာ။ သိပ်ဘုန်းပေါလအောပေးတော့ ပေါရာကျတာပေါ့။ ဝိတ်ချတာကတော့ ကောင်းပါတယ်။ လှတာပေါ့ သူပေးထားတော့ ပိုက်စံတောင်အကုန်သက်သာသေး။
    ဟင်း - ငါ့များအဲလိုလာလုပ်လို့ကတော့ စာကလေးအမွှေးနုတ်ဖြစ်သွားစေရမယ်။

    ခရေဖြူ

    ReplyDelete
  10. တိုတောင်းတဲ့လူ့ဘ၀ကြီးရဲ့ လက်တွေ့ဖြစ်ရပ်မှာလဲ ပျော်ရွှင်မှုထက် စိတ်ဆင်းရဲမှု ရာခိုင်နှုန်းကပိုများတယ် မချစ်ရေ...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ကိုယ်တွေး/ရွေးထားတဲ့ နံမယ်ကို ခွင့်ပြုချက်လဲ မရပါပဲ အကြောကြီးနဲ့ယူသုံးတာ။ သိပ်ဘုန်းပေါလအောပေးတော့ ပေါရာကျတာပေါ့။
    အပေါ်က ခရေဖြူနဲ့ သဘောတူတယ်
    တကိုယ်ကောင်းဆန်တဲ့ ယောက်ျားတွေ ဒီအချိုး ချိုးကြတာပဲ...

    ReplyDelete
  12. ယောင်္ကျားလေးတွေကဘဲ အမြဲ နိုင်သလိုဘဲနော် ဒို့မိန်းကလေးတွေကတော့ ရည်းစားထားခဲ့ဖူးတယ်ဆိုတဲ့ နာမည်ဘဲကျန်ရစ်ခဲ့တယ်
    ကိုယ်ချစ်တဲ့သူနဲ့တော့ ပေါင်းဖက်ချင်ကြတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ
ီဒီလိုလူမျိုး တစ်နေ့ ပြန်ခံစားရမှာပါ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...