Monday, April 1, 2013

ကြွေးဟောင်းဆပ်ကြသူများ


“နင်တို့ကလည်းလေ အဲဒီ့မှာ ပိုက်ဆံကို ဘယ်လိုများသုံးနေကြသလဲ၊ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူတွေကိုများ ငွေထုပ်ကြီးဖင်ခုထိုင်ထားတယ် မှတ်နေလား၊ ဘယ်လောက်ပို့ပို့ မလောက်နိုင်ဘူး၊ ဒီကြားထဲ နင်တို့အကြွေးတင်နေတဲ့ဟာပါ ကူဆပ်ပေးရဦးမယ်ဆိုတော့ စဉ်းစားသာကြည့်တော့၊ လွန်လွန်းတယ်”

“တော်ပြီ တော်ပြီ၊  အေး ဒါပဲ ဒါပဲ၊ ငါ ဒီလကုန် နိုင်သလောက် ပို့လိုက်မယ် ဟုတ်ပြီလား”

စုက ညီမအငယ်နှင့်ဖုန်းပြောအပြီး ခြေကုန်လက်ပမ်းကျသွားပုံနှင့် ဖုန်းကိုပိတ်ကာ အိပ်ယာပေါ် ပစ်လှဲ လိုက်လေသည်။

ခုတစ်လော စုမှာ အိမ်ကဖုန်းလာတိုင်း မျက်ခုံးလှုပ်နေရသည်။  ဖုန်းတွေက ဗိုင်ဗာနှင့်လှမ်းခေါ်လို့ရနေပြီမို့ အရင်ကလောက် ဆက်သွယ်ဖို့မခက်ခဲတော့ဘဲ ရန်ကုန်နှင့်စကာင်္ပူက ပိုမိုနီးကပ်သွားသလားပင် ထင်ရသည်။ အမေ အလှူလုပ်ချင်လို့၊ အဖွား နေမကောင်းလို့၊ မိသားစု ဘုရားဖူးထွက်ချင်လို့၊  မောင်အငယ်ကောင် သင်တန်းတက်ချင်လို့၊ လည်ပင်း ငါးရိုးစူးတာကိုပင် ဆေးခန်းပြချင်ပုံနှင့် နောက်ဆုံးတော့ ငွေပို့ပေးရန်သာ သံတူကြောင်းကွဲများသုံးပြီး ပြောလာခြင်းဖြစ်သည်။ ခုလည်း ညီမအငယ်မ သူတို့မိသားစု စီးပွားရေး အဆင်မပြေဘဲ ကြွေးတင်နေတာမို့ ငွေပိုရှိလျှင် ခဏလှည့်ဆပ်ပေးထားရန် ဆက်လာခြင်းပင်။ စုက စိတ်မောပုံနှင့် ကို့ကိုကြည့်လိုက်တော့ ကိုက ထုံးစံအတိုင်း သက်ပြင်းချကာ “ဘယ်တတ်နိုင်မလဲကွာ” ဟု ဆိုရှာလေသည်။

ကိုနှင့်စုတို့ရသော နှစ်ကုန်အပိုကြေး ဘောနပ်စ်လေးများသည်  ဘဏ်ထဲရောက်လို့မှ မပူသေးခင် ထုတ်ယူကာ အိမ်ကိုပို့လိုက်ရတာ ဘယ်နှစ်ကြိမ်မြောက်ပြီမှန်းပင် မသိတော့။ ကို့မိဘတွေရော၊ စုမိဘတွေပါ နှစ်ဘက်စလုံးက သာမန်ဝန်ထမ်းတွေမို့ ငွေပိုငွေလျှံရှိဖို့ ဝေးလို့၊ တစ်လတစ်လ အလျင်တောင် မမီချင်။ သည်တော့လည်း လစဉ်ပို့ငွေ မှန်မှန်ပို့နေသည့် အပြင် ကြားပေါက်လေးတွေပါ ပါလာတတ်တာမို့ နှစ်ကုန်လို့ အပိုဆုကြေးငွေလေးရပြီဆိုလျှင် မြန်မာပြည်ကဖုန်းသံကြားရမှာကို ကိုရော စုပါ ကြောက်နေတတ်ကြလေသည်။
XXXXXXXXXXX

“စုရေ အစ်မပါ၊ မမဝေပါ၊ ခါတိုင်းလိုပဲ ဒီနှစ် ဘုန်းကြီးကျောင်းကထိန်ခင်းဖို့ အလှူလှမ်းခံတာ ညီမလေး”

“ဟုတ်ကဲ့ပါ မမဝေ၊ ထည့်ရမှာပေါ့၊ ခါတိုင်းလိုပဲ မမဝေ ဘဏ်အကောင့်ထဲ လွှဲပေးလိုက်ရမှာ ဟုတ်၊ အင်း စု ၅၀ ထည့်မယ်နော်”

“အင်း ကျေးဇူးပါ ညီမလေး စုရေ၊ ဘဏ်ထဲ ငွေလွှဲပြီးရင် မမဝေကို မက်ဆေ့ခ်ျလေးတစ်ချက်ပို့လိုက်ဦးနော်”

“ဟုတ် မမဝေ စိတ်ချ”

“ကိုရေ စုတို့ ခါတိုင်းပို့နေကျ ပညာရေးအတွက် လစဉ်လှူငွေ ဆရာလေးဆီ လွှဲပေးပြီးပြီလား ဟင်”

“လွှဲပြီးပြီ စု၊ မနေ့ကပဲ ကို လွှဲခဲ့တယ်လေ၊ ဆရာလေးဆီ ဖုန်းဆက်ပြီး ငွေထုတ်ဖို့ ကုတ်နံပါတ်ပြောလိုက်ဦး”

“စုရေ ကိုယ်တို့ မြေကွက်ဝယ်တုန်းက ဘဏ်ကချေးထားတာလေ၊ အဲဒါလေးက နောက် ၆လလောက်ဆို ကျေပါပြီကွာ။  ကိုလည်း ဒီလပေးရမှာတွေများနေလို့ စုဆီက နည်းနည်းလောက် ကို့ကို ပြန်လွှဲပေးပါဦးကွာ။ ကို့လစာဝင်တော့ စုဆီ ပြန်လွှဲပေးပါ့မယ်”

“ကိုကလည်းကွာ စုလည်း မောင်လေးဒူဘိုင်းသွားဖို့ ဧဂျင့်ကို လေယာဉ်လက်မှတ်ဖိုး ဒီလ နောက်ဆုံးသွင်းပါ့မယ်ဆိုတာ အဲဒါ ပို့ရလိုက်ရပါရောလား။ ဘဏ်ကို အတိုးပေးချင်လည်း ပေးရပါစေကိုရာ၊  ဒီလတော့ ပေးနိုင်မယ် မထင်တော့ဘူး။ နောက်လ စု ငွေပိုမှာပါ၊ အဲဒီတော့မှ ကို ယူပါကွာ နော်”

“ဒီလထဲမှာ ရုံးကကောင်မလေး မင်္ဂလာဆောင်ရှိတယ်နော် စု၊ တရုတ်မင်္ဂလာဆောင်၊ ဟိုတယ်မှာဆိုတော့ အနည်းဆုံး တစ်စားပွဲကို ၈၀၀ ကျော် ၉၀၀လောက်ရှိမယ် ထင်တာပဲ၊ ကိုတို့ နှစ်ယောက်တက်မယ်ဆို ၁၅၀-၂၀၀လောက်တော့ လက်ဖွဲ့မှ ကောင်းမယ်ထင်တယ်နော် စု”

သည်လိုနှင့်ပဲ ကျားကြီး ခြေရာကြီးဆိုသလို နှစ်ကြာလာသည်နှင့်အမျှ မိတ်ဆွေအပေါင်းအသင်းလည်း များ၊ လူမှုရေး၊ သာရေးနာရေးတွေလည်း များလာကာ ငွေထွက်ပေါက်ကြီးက ဝင်ငွေနှင့် ခြေရာချင်းတိုင်းရာက ကျော်လွန်ချင်ချင်ပင် ဖြစ်လာလေတော့သည်။

မတတ်နိုင်ပါ။ စုနှင့်ကို တစ်လတစ်လ ရသည့်လစာကလည်း မြန်မာပြည်က ဝန်ထမ်းတွေလိုပေ၊ တစ်လရ တစ်လသုံး ကုန်သည်သာ။ လကုန်သည်နှင့် အိမ်ဖိုးဖြတ်၊ ဖုန်းဘိုးသွင်း၊ ရေဖိုး မီးဖိုးပေး၊ အိမ်ကို ပို့၊ ဗာယီရအသုံးစားရိတ်များနှုတ်အပြီး ကျန်ငွေထဲမှ တစ်လအသုံးစားရိတ်ဖယ်သော် လက်ထဲ ကုန်သလောက်ပင်။ စီပီအက်ဖ်ဟုခေါ်သော လစာထဲမှ လစဉ် ၂၀ ရာခိုင်နှုန်းဖြတ်ကာ စုငွေအဖြစ် သိမ်းထားပေးသော စင်္ကာပူအစိုးရကိုပင် ကျေးဇူးတင်ရမလိုပေ။ မဟုတ်ပါက ဘယ်လိုမှ စုဆောင်းနိုင်မည် မထင်။  ဒီကြားထဲ စုရော ကိုပါ နှစ်ယောက်လုံးက သနားတတ်ကြသေးသည်။

“ကိုရေ ဟိုကောင်လေ၊ စုသူငယ်ချင်း ဝင်းမြတ်ကျော်ရယ်လေ၊ အလုပ်ပြုတ်လို့တဲ့၊ ခု အလုပ်သစ် ထပ်ရှာနေတာ။ ဒီကြားထဲ အိမ်ပို့ဖို့ ငွေလိုသတဲ့၊ သူမှ မပို့ရင် သူ့အိမ်က မိန်းမနဲ့ ကလေးတွေ ငတ်ရုံရှိတာ။ အဲဒါ လေး-ငါးရာလောက် ခဏချေးပါ၊ အလုပ်ရတော့ ပြန်ဆပ်ပါ့မယ် တဲ့”

အဲဒါမျိုးတွေကပင် စုတို့မှာ ခပ်များများ၊ နောက်တော့လည်း သူ့အလုပ် ကိုယ့်အလုပ်နှင့် မတွေ့ဖြစ်ကြတော့ ချေးငွေက တော်တော်နှင့် ပြန်မရတော့ပါ။ တစ်ခါတစ်လေ လမ်းမှာတွေ့ လျှင်တောင် “ဟဲ့ ငါ့အကြွေး ပြန်ဆပ်ဦးလေ” ဟုပြောဖို့ရာ စုရော ကိုပါ နှုတ်မှ မထွက်ဝံ့ကြပါပေ။ သည်တော့ နောက်များမှာ ငွေချေးလာလျှင် အဆုံးခံနိုင်မည့်ပမာဏကို သတ်မှတ်ကာ နိုင်သလောက် ကူညီတာပါဟုဆိုပြီး တစ်ခါထဲ အပြတ်ပေးလိုက်ကြတော့သည်။

“ကိုတို့မှာ ဟိုဘဝက သူများတွေဆီကယူလာခဲ့တဲ့ အကြွေးဟောင်းတွေ အတော်များတယ်ထင်ပါ့ကွာ”ဟု ကိုကပြောတော့ စုမှာ မချိတရိလေး ပြုံးနေရုံသာ။

XXXXXXXXXX

“စု လာယူလေ ဟင်းပွဲတွေမှ အများကြီးပဲ”

စုတို့ ကုမ္ပဏီညစာစားပွဲမှာ ဒီနှစ် အနှစ်(၂၀)ပြည့်ပွဲမို့ အတော်လေး ခမ်းနားလေသည်။ တက်ရောက်သူမှန်သမျှကို စားပွဲတင်လက်ဆောင်-Table Gift ပေးသည်ကပင် ဈေး အလွန်ကြီးလှသော Royal Albert ရွှေနားကွပ်ကြွေခွက်လှလှတွေဖြစ်ပြီး ကံစမ်းမဲမှာလည်း ဗလာမပါ၊ လူတိုင်းစေ့ တစ်ခုစီ ရမည်ဖြစ်၏။

စုတို့စားပြီးခဏမှာ ဂိမ်းကစားကြသော အစီအစဉ်၊ တစ်နှစ်လုံး ခွင့်ရက်မယူဘဲ လုပ်ရက်ပြည့်အလုပ်ဆင်းသူများကို လက်ဆောင်ပေးခြင်းများ၊ လုပ်သက် ဆယ်နှစ်နှင့် အထက်ဝန်ထမ်းများအား Long Service Award  ချီးမြှင့်ခြင်းအစီအစဉ်များ ဆက်တိုက်လာလေသည်။ နောက်ဆုံးမှ ကံစမ်းမဲဖောက်ခြင်း အစီအစဉ်စတင်လေရာ ကိုရော စုပါ ကိုယ့်ထိုင်ခုံနံပါတ်တွေပါသော လက်မှတ်ကို စိတ်လှုပ်ရှားစွာ တစ်ကြည့်ကြည့်နှင့် ရှိရ၏။

ပထမဆုံးဖောက်တာက နံပါတ်အကြီးပေါက်မဲတွေ၊ နောက်မှ နံပါတ်အသေးတွေဖြစ်ရာ ပထမပေါက်မဲနံပါတ်အကြီးတွေထဲ မပါပါစေနှင့် ဆုတောင်းရလေသည်။ စုတို့ ဆုတောင်းပြည့်သည်။ ပထမပိုင်းမှာခေါ်သော ပေါက်မဲနံပါတ်အကြီးတွေထဲ စုတို့ မပါ။ တစ်ဖြည်းဖြည်းနှင့် ခေါ်လာလိုက်သည်မှာ ဆုကြီး ၂၀သာ ခေါ်ရန်ကျန်တော့ပြီး ထိုဆုများသည် ဒေါ်လာ ၂၀၀နှင့် အထက် တန်ကြေးရှိသည့်ဆုမဲများသာ။

နောက်ဆုံး ဆုမဲ ၁၀ နှင့်အထက်အထိ စုတို့ လက်မှတ်များ မပါသေး။ သေချာပြီ၊ စုနှင့်ကိုတို့ ပေါက်မဲတွေ ၁ကနေ ၁၀အတွင်းမှာ ပါလေပြီ။ စုနှင့်ကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဝမ်းသာကြရသည်။ နံပါတ် ၁၀ ပေါက်မဲခေါ်တော့ စုထိုင်ခုံနံပါတ်၊ ရသောဆုက Shopping Vouchers ၃၀၀ဘိုးဖြစ်ကာ မြန်မာပြည်အလည်ပြန်ရန် လက်ဆောင်ပစ္စည်းများ ဝယ်ရမည်မို့ ၃၀၀ဘိုးတော့ သက်သာလေပြီဟု စု ဝမ်းသာသွားသည်။ ကို့အလှည့်ကျတော့ ကိုက ဆုမဲနံပါတ် ၇ ဖြစ်ကာ တန်ဘိုး ၅၀၀ရှိသော လျပ်စစ်ပစ္စည်းများ ဝယ်ယူခွင့် ဈေးဝယ်လက်မှတ်ဖြစ် သည်။ ဒါလည်းမဆိုးပါ၊ လက်ပတော့ဝယ်နိုင်သည်၊ ကင်မရာပစ္စည်းများ ဝယ်နိုင်သည် မဟုတ်ပါလား။

ဒီနှစ်တော့ ကုမ္ပဏီညစာစားပွဲလာရတာ တွက်ခြေကိုက်သွားသည်။ ကိုနှင့်စု နှစ်ယောက်ပေါင်း ဒေါ်လာ ၈၀၀ တန်ကြေးရှိသော ဆုမဲ ၂ခုရခဲ့ပြီမို့ပင်။ စု ဂါဝန်အသစ်ဝယ်တာမှ ၆၉ဒေါ်လာ၊ ဒေါက်ဖိနပ်ကိုတော့ ရှိတဲ့ဖိနပ်အဟောင်းပဲ စီးလာကာ ကိုကတော့ ဝတ်နေကျ မီးခိုးရောင်ရှပ်လက်ရှည်နှင့် စတိုင်ဘောင်းဘီ အနက်ကွမ်းရိုးစင်းလေးပင် ဝတ်လာတာမို့ အရင်းသိပ်မများလှ။

“တွေ့လား စု၊ ကိုယ့်စေတနာ ကိုယ် အကျိုးပေးပါတယ်ကွာ၊ တစ်နေ့က အိမ်က အရေးပေါ်လိုလို့ ကြားပေါက်ပို့လိုက်တာက ဒေါ်လာ ၄၀၀၊ ခု ကိုတို့ ပြန်ရတာက ဒေါ်လာ ၈၀၀ဆိုတော့ ၂ဆကြီးများတောင်ပြန်ရတာ၊ အဲဒါကြောင့် အဖေက အမြဲတမ်းပြောတယ်။ ငါ့သားတဲ့ လူတစ်ယောက်စီမှာ မွေးကတည်းက ဖလားတစ်လုံးစီပါပြီးသားကွ တဲ့၊ အတိတ်ကံအရ ဖလားထဲမှာ ပါသင့်သလောက် ပါလာမယ်၊ ကျန်တာက ခုလက်ရှိ ပစ္စုပ္ပန်ကံဆိုတဲ့ အလုပ်ပေါ် မူတည်တယ်။ ကံ ဉာဏ် ဝိရီယစိုက်ပြီး ပြည့်အောင်ဖြည့်ဖို့က ကိုယ့်တာဝန်ပဲ တဲ့။ ဒါပေမဲ့လည်း ဖလားပြည့်အောင်သာ ဖြည့်လို့ရမယ်၊ အပြည့်လွန်လာရင်တော့ လျှံကျမှာပဲ ငါ့သား တဲ့”

“ဒီနေ့ရလိုက်တဲ့ ၈၀၀ကို တစ်နေ့က လျော့သွားတဲ့၄၀၀အတွက် ပြန်ဖြည့်လိုက်တော့ ကိုတို့ဖလားကြီးထဲမှာ ၄၀၀တောင် အပိုပြန်ဆောင်းပြီး ဖြည့်နိုင်ပြီပေါ့ ဟုတ်ဘူးလား”

“အင်း ဟုတ်တယ်နော် ကို၊ ဒါပေမဲ့ စုတို့မှာပါလာတဲ့ ဖလားက ဆိုက်ဒ်ကြီးတယ်ထင်ပါရဲ့ ကိုရယ်။ ပြည့်တယ်ကို မရှိဘူး၊ ဖြည့်နေရတာ မောလှပြီ”

စုစကားအဆုံးမှာ ကိုရော စုပါ ပြိုင်တူရယ်မောမိကြလေ၏။ စုတို့ ညစာစားပွဲက ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ နောက်တစ်နေ့ ရုံးတက်ရမှာမို့ အိမ်ကို စောရောက်ချင်စိတ်နှင့် ကားမောင်းနှေးသော ကို့ကို “ရွာကနွားလှည်းနဲ့ အပြိုင်မောင်းရင်တောင် ကိုပဲရှုံးမှာ”ဟု စုက သရော်တော့ “အိမ် ဘယ်မှမပြေးပါဘူး စုရာ” ဟု ကိုက ခပ်ပြုံးပြုံးဆိုသည်။

ရုတ်တရက် ရှေ့ကကားမှာ အတည့်သွားမလိုလမ်းကြောင်းယူထားပြီးမှ ကွေ့သည့်ဘက်သို့ လမ်းကြောင်းပြောင်းကာ စုတို့ကားရှေ့မှ ဖြတ်အဝင်၊ အရှိန်နှေးသော်လည်း ကို့ကားက ထိုရှေ့ကားနောက်မြီးကို ခပ်သာသာ ဝင်ဆောင့်မိလေတော့သည်။

“ဘုရား ဘုရား၊ ဆင်းကြည့်ပါဦး ကို ၊ ရှေ့ကား ဘာဖြစ်သွားပြီလဲလို့”

ဥပဒေကြောင်းအရ နောက်မှတိုက်သောကားက အမှားဖြစ်ရာ ကိုလည်း မျက်စေ့ပျက် မျက်နှာပျက်နှင့် အောက်သို့ဆင်းကာ ရှေ့ကားပိုင်ရှင်နှင့် စကားပြောကြည့်ရလေသည်။
XXXXXXXXXXX

အဆုံးကိုတော့ ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း မှာ သွားရောက် ဖတ်ရှူ့နိုင်ပါတယ်ရှင်း)




7 comments:

Cratón Ricardo Hein said...

အယ်.. တန်းလန်းကြီး.. သွားရဦးမယ် ဟိုဖက်ကို။

ဇွန်မိုးစက် said...

မရေ... စင်္ကာပူမှာ လုပ်ရတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုများ ဖြစ်နေသလားလို့၊ ရတာနဲ့ ပေးရတာတွေနဲ့ ကာမိတယ်ဆိုဦးတော့ အပိုအလျှံမစုဆောင်းနိုင်ဘူး ဖြစ်နေတာ။ စီပီအက်ဖ်ထဲက စုငွေလေးသာ မရှိရင် လက်ချည်းဗလာသက်သက် အိမ်ပြန်ရမှာ...နော်။း(

မြသွေးနီ said...

အစ်မချစ်...ရေ
ကွန်နက်ရှင်နှေးနေချက်က နောက်စာမျက်နှာကူးလို့ မရသေးဘူး။ မကြေပွဲ ထပ်လာနွှဲဦးမယ်..

ချစ်ကြည်အေး said...

ရွှေအိမ်စည် has left a new comment on your post "ကြွေးဟောင်းဆပ်ကြသူများ":

အွန်..............
တန်းလန်းကြီး
ပြေးရဦးမည်ပ

ဖိုးပါ has left a new comment on your post "ကြွေးဟောင်းဆပ်ကြသူများ":

တန်းလန်း... ကူးဆိုလည်း ကူးရမှာပေါ့လေ :).....

ှSpam ထဲကနေ ထုတ်လိုက်တာ ဒီမှာလည်း တက်မလာလို့ မေးလ်ကနေ ကူးတင်လိုက်တယ်း)))

San Htun said...

ကိုယ်လည်း ဒီတိုင်းပဲ..ရသမျှ လက်ထဲ စုမိတယ်လို့  မရှိဘူး..အမြဲ ကုန်နေတာပဲ...း)

တန်ခူး said...

မ ရေ... သူများတို့ အကြောင်းများရေးထားသလားထင်ရတယ်... တူလွန်းလို့ .. ဒီမှာတော့ ပါးစပ်ပေါက်ပေါက်သေးသေးလေးတပေါက်ပိုလာတော့ ပိုတဲ့အလျှောက်ပေါ့ မ ရယ်... ဒီလိုပဲတွေးလိုက်ပါတယ်... သူများဆီက ယူရတာထက် ပေးဖို့ အခွင့်ရနေတာကိုယ်က ကံကောင်းတာပဲလို့ ...

Thandar Lwin said...

အမချစ်
ဂယ်ပဲ ဂယ်ပဲ အဲလိုပဲ ဟင့်

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်