Friday, February 15, 2013

ထွေရာလေးပါး-၆

အမှန်က ဒီပိုစ့်ရေးထားတာ ပထမတစ်ကြိမ် ရွာပြန်ပြီးကတည်းက ဆိုပါတော့။ ခုအချိန်နဲ့ဆို အတော်လေးဒိတ်အောက်နေပါပြီ။ သို့သော်လည်း ရေးပြီးသားလေးဆိုတဲ့ သံယောစဉ်နဲ့ ဒရပ်ဖ်ထဲကနေ ဖုန်ခါပြီး ပြန်ထုတ်သုံးလိုက်ပါတယ်။   ချစ်ကြည်အေး သိပ်သံယောစဉ်ကြီးတတ်ပါတယ် အဟင်းဟင်းး။

ဤကား စကားချပ်တပ်တပ်တည်း...

ထွေရာ-၁) ရွာအပြန် ခံစားမှု

ဒီတစ်ခေါက် ရွာအပြန်မှာ သတိထားမိတာက လမ်းပေါ်မှာ ကားတွေ များလာတာပါပဲ။ ကိုယ်သွားချင်တဲ့နေရာကို အချိန်မီရောက်ဖို့ အိမ်ကနေ အနည်းဆုံး တစ်နာရီကနေ နှစ်နာရီလောက် (အနီးအဝေးကိုလိုက်ပြီးပေါ့လေ) ကြိုတင်ထွက်မှ ရောက်ပါတယ်။ (ချိန်းတိုင်း အမြဲနောက်ကျတတ်တဲ့သူတွေအတွက်တော့ ဆင်ခြေဆင်လက် ဆင်တစ်ကိုယ်လုံးတောင် ရလို့၊  ကားတွေ ကြပ်တယ်ဗျာ ပေါ့လေ...အိမ်းးး) တက်ကစီတွေ နည်းနည်း သားနားလာတယ်။ အဲကွန်းရတဲ့ တက်ကစီနဲ့၊ မှန်တံခါးတင်လို့ ချလို့ရတဲ့ တက်ကစီနဲ့၊ ဟုတ်လို့။ တက်ကစီအရေအတွက်က လွန်ခဲ့တဲ့ လေး-ငါးနှစ်လောက်ကထက်စာရင် ငါးဆလောက်တိုးလာတယ်၊ အုံနာခက တစ်သောင်းနှစ်ထောင်ကနေ တစ်သောင်းခြောက်ထောင်အထိပေးရတတ်တယ်လို့ ပွားဖြစ်ခဲ့တဲ့ တက်ကစီသမားတစ်ယောက်ပြောစကားအရ သိခဲ့ရတယ်။ "ကိုက်ရဲ့လား"ဆိုတော့ "ဒီလိုပါပဲ အစ်မရာ" တဲ့။ သူ့ကြည့်တော့ ကျွန်မဘကြီးဦးလေးအရွယ်....း) အေးလေ၊ ဒီခေတ်ကြီးထဲ ကိုက်ချင်ရင် ခွေးမြီးသွားဆွဲရုံရှိတာပ။

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရောက်နေတဲ့အချိန် သူလည်း ရောက်လာတာပဲ။ ကြိုဆိုကြသူတွေထဲ သူ့ပုံ -graffiti-ဂရပ်ဖတီ ((ဂ-ရာ-ဖိ-ထီလို့ဖတ်ပါ တဲ့ ဖေ့စ်ဘုတ်မှာ သားတွန်(Craton)က သင်ပေးပါတယ်း)) လည်းပါတယ်။ အတော်သဘောကျစရာကောင်းတယ်။ မျက်နှာပေါ်က ဖီးချားတွေအပြင် သူ့ရဲ့ စိတ်နဲ့ အပြုံးစင်စင်တွေကို ရေးထည့်ထားနိုင်တယ်။ (ကျွန်မ ဒုတိယတစ်ခေါက် ၁လပိုင်းပြန်တော့ သူ မရှိရှာတော့ဘူး၊ အဲ  သူ့ပုံ ပြောပါတယ်)



ဒါကတော့ မြေနီကုန်းနားက ဓါတ်ဆီဆိုင်တစ်ဆိုင်ပါ။ နိုဝင်ဘာ ၂၂မှာ ဒီလအတွက် ဆီခွဲတမ်းက ပြတ်သွားပြီ၊ ဒီဇင်ဘာ ၁ရက်နေ့မှ ပြန်လည်ရောင်းချပေးပါမတဲ့။ ဆိုတော့ကာ ဒီကြားထဲ ဆီမရတဲ့ ကားတွေ ရေထည့်မောင်းရမဲ့ပုံ...အဟွတ်...!

မှတ်ချက်- ပုံကို အတည့်ရအောင် ပြင်နေတာ အတော်ကြာသွားပါတယ်။ ကိုယ်ကလည်း "ငါဟေ့ ငါ လုပ်ရင် ရကိုရရမယ်" ဆိုတဲ့  ငါစွဲပြုတ်နေတော့ကာ ဒီအတိုင်းပဲ ထားလိုက်ပါ တယ်။ စောင်းကြည့်ကြပါ၊  စောင်းကြည့်ကြပါ၊ လည်ပင်းလေ့ကျင့်ခန်းလေးလည်း လုပ်ရင်းပေါ့လေ...း)

ငယ်ပေါင်းတွေနဲ့ ကာရာအိုကေ သွားခဲ့ကြသေးတာ။ စားကြ ဆိုကြပေါ့။ အော်ချင်တာအော်၊ ပျော်စရာရယ်။ ကျွန်မတို့လို အန်တီကြီးတွေက ချမ်းချမ်းတို့၊ ဝိုင်းစုတို့ ဟဲနေချိန်မှာ သူငယ်ချင်းရဲ့ သားတော်မောင် အသက် ၁၀နှစ်လောက်ကောင်က ရွှေမန်းတင်မောင်ရဲ့ " အောင်ပါစေ" သီချင်းကို ဆိုသတဲ့ရှင်။

 
ဒါ  ကျွန်မတို့ အန်တီကြီးတစ်သိုက်ကို ပါးပါးလေးထည့်သွားတာ ဟင်းဟင်းဟင်းးး။ ဘီလ်ရှင်းတော့ တစ်သိန်းကျော်ကျော် ကျတယ်။ သူငယ်ချင်းမက အတင်း လုပေးလိုက်လေရဲ့။ ဒီကလည်း တစ်ပါးသူကို ဦးစားပေးတတ်တဲ့ စိတ်နှလုံးက ရှိလေတော့ အိမ်း...ပေးချင်လည်း ပေးပါစေပေါ့လေလို့ စိတ်လျှော့လိုက်ရတယ်...ဟင်းးး(စီကေအေ သက်ပြင်းအကြီးကြီး ချ)။


ထွေရာ-၂) ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးရှိကြရေး  တို့အရေး  တို့အရေး

လူတစ်ယောက် ရှိတယ်။ ခေါင်းရင်းဘက်မှာ ဘုရားတစ်ဆူ၊ ခြေရင်းဘက်မှာ ဘုရားတစ်ဆူ နှစ်ဆူထားပြီး ကိုးကွယ်သတဲ့။ ဒါနဲ့ မေးကြရော ဘာကြောင့် ခုလိုပေါ့လေ။ သူက ဖြေတယ်။ ရိုးရိုးလေးပဲ။ 

"အို  ဒီတစ်ဆူနဲ့ စကားမပြော ရန်ဖြစ်ရင် ဟိုတစ်ဆူကို ကန်တော့တယ်။ ဟိုတစ်ဆူနဲ့ စိတ်ကောက်ရင် ဒီတစ်ဆူကို ကန်တော့တာပေါ့ဗျာ" တဲ့။ ကိုင်း...."လူနှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတာ တို့မြန်မာ" ဆိုတာ ဒါမျိုး။ ဘာပြောပြော တို့ကတော့ အားရတယ်။ ဗိုလ်ချုပ် ပင်လုံစာချုပ် ချုပ်ခဲ့တုန်းက သူရို့ မမွေးသေးလို့ တော်ပါသေး။ နို့မို့ ပင်လုံနိုင်မယ်တောင် မထင် မထင်။


ထွေရာ-၃) ကြော်ငြာ-ဆောင်းကလောက်

အဟမ်း!!! အန်တီချစ်ကြည်အေးလည်း ခေတ်မီသွားအောင် ကြော်ငြာလေး ဝင်ပါရစေ။ ငယ်ငယ်ကလေးထဲကနေ အို....အမေ့ဗိုက်ထဲက ထွက်လာကတည်းကဆိုပါတော့လေ၊ သီချင်းလေး တကြော်ကြော် အော်ပြီး ထွက်လာတဲ့သူဟာ ဘယ်သူရှိရမတုန်း၊ ကျွန်မပေါ့။ အရွယ်လေးရောက်လာတော့ ပန်းကန်ဆေးရင်းအော်၊ အိုးတိုက်ရင်းလည်း အော်၊ ရေချိုးခန်းထဲလည်း အော်၊ စာကျက်လို့ စာတစ်ပုဒ်ရတိုင်း ရတိုင်း သီချင်းတစ်ခွေစာနှုန်းနဲ့ အော်...။ အဲသလို သီချင်းတွေ အော်အော်ဆိုနေတတ်တဲ့ အန်တီချစ်ကြည်အေးဟာ အဆိုတော် သိပ်ဖြစ်ချင်ခဲ့တာပေါ့။ ခု အကြောင်းအားလျော်စွာ ဘလော့ဂ္ဂါဖြစ်လာတဲ့အခါ အလွဲကြီး လွဲပါပေါ့လို့ အားငယ်နေတုန်း ဗြုန်းဆို ဆောင်းကလောက်ဆိုတာလေး သူများပြောလို့ သွားတွေ့တယ်။ ဒါနဲ့ နိပ်ပဟဆိုပြီး သီချင်းတွေ ဆို၊ သွင်း၊ တင်နဲ့ ဟုတ်နေတော့တယ်။ စာတွေရေးပြီး နှိပ်စက်လို့ အားမရတဲ့အခါ ပုံတွေတင်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ နယ်ချဲ့ပါတယ်။ အခု အသံနဲ့တစ်မျိုး တိုးလို့ နှိပ်စက်ဖို့ အကြံပါ။ အဲ ပြောချင်တာ အဲဒါပါ။ 

လမ်းကြုံရင် အို...လမ်းမကြုံလည်း ကြုံချင်ယောင်ဆောင်ပြီးတော့သာ နားထောင်သွားကြပါ။ ဒီမှာ  ဒီမှာ.....

ဒီမှာ....

ဆြာမ သာမီးဗိုက်ထဲက အောင့် အောင့်နေတယ်....

ဟာ...

အရှိန်လွန်ပြီး နောက်ကြော်ငြာရောက်သွားတယ်။ ကျော်ပလိုက်မှ.....ဂွပ်...း)

ထွေရာ-၄) - အာရောဂျံ ပရမံလာဘံ

ပြောဖူးနေကျပါပဲ။  ဒါပေမဲ့ ထပ်ပြောလိုက်ဦးမယ်။ အဲဒီ အာရောဂျံ ပရမံလာဘံ ဆိုတဲ့ကောင်ဟာ... ဂရုစိုက်နေတဲ့ကြားက ခဏခဏ ဖောက်ဖောက်လာတယ်။  ပြောရမယ်ဆိုရင် ကျွန်မကိုယ်တိုင်က ဆေးသောက်ပျင်းတယ်၊ အားကြီးပျင်းတယ်။  ပေတယ်၊ တေတယ်။ တစ်ခါတစ်လေ လူရုပ်မပေါက်လို့ လူပါလို့ လည်ပင်း စာဆွဲထားရမဲ့ အပေါက်။ အဟုတ်ပဲ။ 

ပြီးခဲ့တဲ့ တရုတ်နှစ်ကူးပိတ်ရက် ၄ရက်မှာ အလယ် ၂ရက်က မျော့မျော့လေး အိပ်ယာပေါ်မှာ။ သွေးအားနည်းရင် သောက်ရတဲ့ Sangobion ဆိုတဲ့ဆေးက ကုန်သွားတာကြာပြီ။



တမင်မေ့ထားပြီး ကျန်းမာချင်ယောင်ဆောင်လိုက်တာမှာ လူက သွားပါရော၊ အားမရှိဘဲ လေထဲပေါ့ပါးမြောက်ကြွနေသလိုလို၊ တစ်ယိမ်းယိမ်း တစ်ယိုင်ယိုင်နဲ့ပေါ့လေ။ ဒီကြားထဲ အိပ်ရေးပျက်ပြီး ချက်စ်ပိန်းပါ အဆစ်ရလိုက်တော့ ဘုန်းကြီးပဲ ချက်ချင်းပင့်ရတော့မလိုလို ဖြစ်သွားသေးတာ။ သို့သော်လည်းပေါ့လေ၊ စီကေအေပဲဟာ ဇာတ်လိုက်ဆိုတာ အတော်နဲ့တော့ သေလို့ ဘယ်ဖြစ်မတုန်းနော်။ နေမကောင်းဘူး ဆိုသော်လည်း ဖေ့စ်ဘုတ်ပေါ်တက်လိုက်၊ ဂိမ်းကစားလိုက်နဲ့မို့ အတော်လေးမြင်ပြင်းကတ်စရာ လူမမာဖြစ်နေတော့တာ။ တကယ်က ဒီမှာ ပျော်အောင်ကြံဖန်နေရတာ သူတို့ မသိကြတာ၊ ဟင်းးးးခက်တယ်၊ သိပ်ခက်တယ်။

ခုတော့ ကောင်းသလိုလို ဖြစ်သွားပြီ။ မျက်တွင်းလက်တစ်နှိုက်လောက်နဲ့ လမ်းသလားရင်း ဂေါ်လီ လုပ်လို့နေပါပေါ့။ ပြောချင်တာက မိတ်ဆွေများ ကျန်းမာအောင်နေကြ ပါ။ ဆေးသောက်သင့်ရင် သောက်ပါ။ ခေါင်းမမာပါနဲ့၊ စီကေအေလို ဆေးသောက်မပျင်းပါနဲ့ လို့။ ဒါပါပဲ။

4 comments:

  1. ထွေရာလေးပါးဖတ်ရတာ ပါးကြောအတော်လေးပြေသွားတယ် မချစ်ရေး) သီချင်းဆိုဘို့ ဘယ်အထိအောင် ၀ါသနာပါလဲဆိုတာ လက်တွေ့ မြင်ခဲ့တာမို့ အထူးတလည်ပြောတော့ပါဘူးး)
    ဆေးသောက်ဖို့မပျင်းဘို့တော့ မှာချင်တယ် ဥစ္စာကံစောင့် အသက်ဉာဏ်စောင့်တဲ့နော်။ ဟင်းးးးး ခက်တယ် ခက်တယ် ...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဆောင်းကလောက်မှာ သီချင်းတွေကို ခေါင်းခေါက်ပြီးဆို.. အဲ.. အစုံဆိုထားတာ အားပေးသွားတယ် အစ်မချစ်...၊း)

    'ကိုယ် မညာတော့ဘူး' သီချင်းလေးနဲ့ အစ်မအသံနဲ့ လိုက်တယ်၊ မျိုးကြီး သီချင်းတစ်ပုဒ်ပါ ဆိုထားတာတွေ့လို့ တအံ့တသြနဲ့ အားပေးလိုက် သေးတယ်၊ တလက်စထဲ ပြောရရင် 'အိုးကဗျာ' ရဲ့ အဆုံးမှာ သက်ပြင်းချသံ သဲ့သဲ့လေးနဲ့ ပိတ်လိုက်တာကို သဘောကျလို့ မဆုံးဘူး...။း)

    ReplyDelete
  3. Take care Sayama ! healthy crossing to mid-age life.

    ReplyDelete
  4. ကွန်မန့်ရေးပြိးတာနဲ့ ဆောင်းကလောက်ကို သွားမယ်.... မတားနဲ့တော့...
    နောက်တစ်ခေါက် ပြန်လာလို့ကတော့ သွားကိုဆိုပစ်မယ်..
    ဒါမှ ထွေရာလေးပါးထဲ ပါလာအောင်.. ဒန်..ဒန်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...