Wednesday, February 29, 2012

စိနတိုင်းသွားတောလား-၇

ပြီးခဲ့တဲ့ပို့စ်က ပီကျှူးပဟေဠိကို Sint Si က မှန်အောင် ဖြေသွားပါတယ်ရှင်း) 
(ဖြောင်း ဖြောင်း ဖြောင်း-လက်ခုပ်သံများ)  

ဟုတ်ကဲ့ အဲဒီအကောင်က ပီကျှူးအမပါ။ သူ့လက်အောက်မှာ ပီကျှူး အကောင်သေးလေး ဘေဘီ ပီကျှူးလေး နဲ့ ကစားနေတာ တွေ့ရမှာပါ။ ဟော ပီကျှူးအထီးကျတော့ လက်ထဲမှာ ဘောလုံးကလေးလို အလုံးကလေးနဲ့ ကစားနေတာ တွေ့ရတယ်ရှင့်။  ကမ္ဘာ့ဖလားဘောပွဲကမှ ၁၉၃၀မှာ ပထမဆုံးပွဲရှိသေးတာ။ သူတို့က ပိုတောင်စောပုံရသေးတယ်း)

ဒီမှာ ကြည့်ပါဦး။ ပီကျှူး အထီးနဲ့ အမ ယှဉ်ကြည့်လိုက်ကြပါ။

ပီကျှူး အမ


ပီကျှူး အထီး


ပီကျှူးတွေရဲ့ လက်အနေအထား မူကွဲတွေ အမျိုးမျိုးရှိနေပြီး အဓိပ္ပါယ်လည်း ကွဲပြားကြတယ်လို့ ဆိုပါတယ်။
ထားပါတော့လေ။ အဲဒါက စကားအဖြစ် ပြောပြရုံပါ။ 

Tiananmen Square ကပြန်အထွက် ကျွန်မတို့ရဲ့ မူလအစီအစဉ်က နေ့လည်စာ သွားစားခဲ့ကြတာပါ။ ဒီမှာတော့ ဒါကို ကျော်ချလိုက်ပါမယ်။

ဟာ....။
ဟင်...။
ကတောက်....။
(ပရိသတ်ကြီးမှ အားမလို အားမရသံများ...)

(စီကေအေမှ မကြားချင်ယောင်ဆောင်၍ ပြောချင်တာ ဆက်ပြော....)

ကျွန်မတို့ နောက်ထပ်သွားခဲ့တဲ့နေရာကိုလည်း ကျော်လိုက်ပါဦးမယ်။ တိုးဂိုက်ပဲကေ လိုက်ပို့ခဲ့တဲ့နေရာက လဘက်ခြောက်အရောင်းဆိုင်ပါ။ အဲဒီမှာ သူတို့ ဖျော်တိုက်တဲ့ တစ်ခွက်ပြီး တစ်ခွက်သော ရေနွေးကြမ်းတွေ ကို သောက်ပြီး သူတို့ပြောသမျှနားထောင်ဖို့ပဲလို့ စဉ်းစားထားတာပါ။ ဒါပေမဲ့ အားနာတတ်တဲ့ ကျွန်မက စင်္ကာပူဒေါ်လာ ၁၀၀ကျော်တန်တဲ့ လက်ဘက်ခြောက်တုံးကြီး တစ်တုံးနဲ့ ဘူးအသေးလေးတစ်ဘူးကို မနေနိုင်မထိုင်နိုင် ၀ယ်လာမိပါသေးတယ် (အတန်တန် စိတ်တင်းထားတဲ့ကြားက...ဟင်းးး)။ ကြုံရင် ဓါတ်ပုံ တင်ပေးပါဦးမယ်။ ဘ၀တစ်သက်မှာ ဈေးအကြီးဆုံးသော ရေနွေးကြမ်း သောက်ဖူးသွားတာပေါ့ရှင်။

ကျွန်မတို့  သွားခဲ့တဲ့ နောက်တစ်နေရာက Temple of Heaven ပါ။


Temple of Heaven-ကောင်းကင်ဘုံဘုရားကျောင်းလို့ပဲ ဆိုကြပါစို့။ ၀င်ကြေးက တစ်ယောက်ကို ယွမ် ၃၀ပါ။




သူ့ကို မင်း(Ming)-မျိုးဆက်(၁၃၆၈-၁၆၄၄)တွေ နန်းစံတဲ့ကာလ ၁၄၂၀ခုနှစ်တုန်းဆီက တည်ဆောက်ခဲ့ပြီး ချင်း(Qing)-မျိုးဆက် (၁၆၄၄-၁၉၁၁)မှာ တိုးချဲ့ ပြုပြင်ခဲ့တာ ဖြစ်ပါသတဲ့။ 

အဲဒီ နှစ်ဆက်သော မင်းဆက်တွေ က သူတို့ဟာ ကောင်းကင်ဘုံကလာတဲ့ သားတော်တွေဖြစ်တယ်လို့ ယုံကြည်ကြတဲ့အတွက် (သူတို့ဟာ အမြဲတမ်း အဲလိုချည်းပဲ ထင်တတ်ကြတာပဲ) ဆန်ရေစပါး ပေါများ ပါစေကြောင်း၊ ရေမိုးမှန်ပါစေဖို့ အကြောင်း၊ ပြည်သူတွေ ကို စောင့်ရှောက်ဖို့ အကြောင်းတွေ သွားရောက် ရှိခိုး ဆုတောင်းရာ နေရာဖြစ်တယ် လို့ ဆိုပါတယ်။



 ပုံလှလှလေးတွေ ကြည့်ချင်ရင်တော့   ဒီမှာ သွားကြည့်နိုင်ပါတယ်နော်။

ဆက်ပါဦးမယ်...



Sunday, February 26, 2012

စိနတိုင်းသွားတောလား-၆



တွေ့လား။ အဲဒီတံတိုင်းအနီရောင်ကြီးရဲ့ အနောက်ဖက်က အိမ်စုလေးတွေ၊ အဖိုဆိုရင် ယင်ဖိုတောင်မှ အဲဒီတံတိုင်းနောက်ထိ ကျော်ဖြတ်ခွင့်မရှိဘူး တဲ့။ သိပြီလား ဒါဆို အဲဒီအိမ်စုလေးတွေမှာ ဘယ်သူတွေ နေတယ် ဆိုတာ။ ပြောပြမယ်၊ အဲဒီအိမ်စုလေးတွေမှာ ဘုရင့် ကိုယ်လုပ်တော် မောင်းမတွေ နေကြသတဲ့ရှင်။ ကြည့်ပါဦး ဘုရင်တွေများ ဘယ်လောက် စားမာန် ခုတ်လိုက်သလဲဆိုတာ။
 
အဲဒီဘက်ကို ဘယ်အထီးမှ မကျူးကျော်ရ အမိန့်ထုတ်ထားသတဲ့။ အထဲက မိန်းကလေးတွေသာ အလှည့်ကျရင် ဘုရင့်ဆီ အသုံးတော်ခံဝင်ကြရသတဲ့။



ဒါက ဘုရင့်နန်းတော်၊ မူးကြီးမတ်ရာတွေနဲ့ ညီလာခံတွေဘာတွေ ကျင်းပတဲ့နေရာထင်ပါရဲ့။ ကျွန်မကတော့ ဒီဓါတ်ပုံတွေ ရိုက်မိမှပဲ ကိုယ့်မျက်လုံး စောင်းနေတာ ရိပ်မိတော့တယ်။ ရိပ်မိဆို ပုံတွေ ပြန်ကြည့်မှ အကုန်စောင်းနေတော့တာ။ ဘယ်လိုဖြစ်တယ် မသိပါဘူး။ လူအုပ်ကြီးက များ၊ လူတွေ ကင်မရာတွေကလည်း များ ဒီလိုပဲ တိုးဝှေ့ရိုက်လာခဲ့ရတာ။




နန်းတော်ကိုတက်တဲ့ လမ်းသွယ် သုံးသွယ် ရှိတဲ့အနက် ဘေး ဘယ်-ညာ နှစ်ဘက်က မူးကြီးမတ်ရာသေနာ ဘာညာတွေ အတွက်တဲ့။ (အဲဒါကိုတော့ လူတွေ သွားလာခွင့်ပြုထားတယ်လေ) ပိတ်ထားတဲ့ အလယ်ကလမ်း (လှေကားနှစ်ဖက်အလယ်မှာ ကျောက်ထွင်း နဂါးကြီးနဲ့ ကနူတ်ပန်းတွေနဲ့) တွေ့တယ် မဟုတ်လား။ အဲဒါကမှ ဘုရင်၊ မိဘုရားတွေ၊ နန်းဆက်သွေးတွေပဲ သွားခွင့်ရှိတဲ့လမ်း ဖြစ်ပါသတဲ့။ ဘယ်လောက်များ ခွဲခြား ခွဲခြားနိုင်လိုက်ကြတုန်း ဆိုတာ၊ အဲဒါသာကြည့်။




ဒါကတော့ ရေစီးရေလာကောင်းအောင် ရေဆင်းပေါက်လေးတွေ။ အဲဒါမျိုး ပုဂံသွားတုန်းက တွေ့ခဲ့လို့တောင် တူနေပါ့လားလို့ တွေးမိသေးတယ်။ ပစ္စယံတွေကနေ ရေဆင်းပေါက် လုပ်ထားတာ အတူတူပဲမို့ မှတ်မိနေတာ။


နန်းတော် တံခါးတွေ...






ဒါက နန်းတော်တွေရဲ့ မျက်နှာကြက် ဒီဇိုင်း။ ကြမ်းခင်းတွေကျတော့ ရိုးရိုးပဲ မြေကြီးတုံးလုံးအတိုင်း။ မျက်နှာကြက်တွေ ဒီဇိုင်းတွေက အရမ်းလန်းနေတော့လေ ကြမ်းပြင်ပေါ်မနေဘဲ မျက်နှာကြက် တက်ကပ်နေချင်စိတ်တောင် ပေါက်တယ်။ တကယ်ပဲ။





နန်းတော်ခေါင်မိုး။ အဲဒီအပေါ်က အကောင်ပလောင်လေးတွေက သူ့ အယူအဆနဲ့သူရှိတယ်တဲ့။ ထည့်ချင်တဲ့ အကောင်ကို ဒီအကောင်ကဖြင့်လှလို့ ထည့်လိုက်စမ်းကွာ လုပ်ထားတာ မဟုတ်ဘူးတဲ့။ အရောင်အသွေးကအစ၊ အရေအတွက်က အစ သူ့အဓိပ္ပါယ်နဲ့ သူ ရှိတယ်။




ဘာအဓိပ္ပါယ်လဲဆိုတာ ကျွန်မတော့ မသိဘူး။ တိုးဂိုက်ပဲကေနဲ့က စကားပြောရတာ သိတ်အဆင်မပြေလှဘူး။ အင်္ဂလိပ်စပိကင်းဂိုက် ပေးပါလို့တောင်းထားတဲ့ဟာ၊ သူတို့ ရီကွက်စ်လုပ်ပေးထားပါတယ် ပြောပေမဲ့ မရဘူး။ တစ်ဖွဲ့လုံးမှာ ကျွန်မတို့နဲ့ စပိန်တစ်ကောင်ပဲ တရုတ်လို မတတ်တာ။ ကျန်တာတွေက တရုတ်ဆိုတော့ အဆင်ပြေနေတာလေ။ ဒါနဲ့ပဲ ကျွန်မလည်း အများအဆင်ပြေနေရင် ပြီးတာပဲလေ ဆိုပြီး နေလိုက်တော့တယ်။ နောက်မှ သိရတာက သူတို့က ဟိုတယ်+စားသောက်စရာ+လှည့်လည်ပို့ဆောင်ခ အပါအ၀င် အားလုံးမှ စင်္ကာပူ ၆၈ ဒေါ်လာပဲ ပေးရတဲ့ deal.com ကနေ package offer နဲ့ ၀ယ်လာကြတဲ့ အုပ်စုဆိုတာ သိရတော့တယ်။ ထားပါတော့လေ။ လက်ဘိုင်ဂွန်း ဘီဘိုင်ဂွန်း ပေါ့း)

ဒီနေရာကတော့ ဘုရင်အမျက်တော်ရှတဲ့သူတွေကို ကွပ်မျက်လေ့ရှိတဲ့နေရာလို့ ပြောတယ်။ ဘယ်လို အမျက်တော်ရှတာလဲ ဆိုတော့ ဥပမာ-ဘုရင့် ပွဲတော်တည်နေတဲ့အထဲ ခဲလေးသေးသေး၊ သဲလေးသေးသေးများ ကျလိဆိုပြီး ၀ါးမိလို့ကတော့ အဲဒီစားတော်ကဲ သေဖို့သာ ပြင်ပေတော့ လို့ ဆိုတယ်။ ဘုရင်ဆိုတဲ့ကောင်မျိုးကလည်း မျက်စေ့ထဲ ခပ်စိမ်းစိမ်းတွေ့ရာလူ သူ့ထီးနန်းလုမဲ့သူပဲ ထင်နေတဲ့ လူစားမျိုးတွေ ဆိုတော့လည်း ခက်တယ်။ အထူးသဖြင့် အစားအသောက်ထဲ တစ်ခုခုထည့်ကျွေးလိုက်မှာ အင်မတန် ကြောက်ရှာတဲ့ အမျိုးပေကိုး။





နန်းတော်ထဲ မ၀င်ခင် ရှေ့မှာ (ကျွန်မတို့ ဘုရားရှေ့ ခြင်္သေ့ထားသလိုပေါ့လေ) ပီကျူးလို့ခေါ်တဲ့ အကောင် ၂ကောင်ကို ဘယ်-ညာနှစ်ဘက်မှာ ထားတတ်ကြတယ်။ တစ်ချို့ ဈေးဆိုင်တွေ၊ အိမ်ဧည့်ခန်းတွေမှာလည်း လာဘ်ကောင်းအောင်ဆိုပြီး ဖုန်းရွှေ အစီအရင်နဲ့ ထားတတ်ကြပါသေးတယ်။ နန်းတော်ရှေ့က နှစ်ကောင်က အထီး အမ ရှိသတဲ့။ ကဲ ပြော ခု ပုံထဲက အကောင်က အထီးလား၊ အမလား။ နောက်ပို့စ်မှာ နှစ်ကောင်စလုံး ရဲ့ ပုံတွေ တင်ပေးမယ်။ ခုတော့ ဒီတစ်ကောင်ထဲပဲ ဒါပေမဲ့ ပီကျူး....။



နန်းတော်ရဲ့ အနောက်မုဒ်က အထွက်။ သူတို့ နန်းတော်တွေမှာလည်း ကျွန်မတို့ ဆီကလို အရှေ့တံခါး၊ အနောက်တံခါး၊ တောင်တံခါး၊ မြောက်တံခါးတွေရယ်လို့ ရှိပါတယ်။ ဘယ်တံခါးပေါက်က ထွက်ရင် ဘာအဓိပ္ပါယ်၊ မင်္ဂလာယူတာလား၊ အမင်္ဂလာလား ဆိုတာမျိုးတွေပေါ့။ ကျွန်မတို့လည်း အပြန်မှာ သူများတွေ ထွက်လို့သာ လိုက်ထွက်လာတာ။ ဘယ်တံခါးကထွက်လာမှန်း မသိပါဘူး။ နန်းတော်တွေ၊ အဆောင်တွေ ဆိုတာကလည်း ပုံစံတူတွေချည်းပဲမို့ ကျွန်မတို့ အတွက်တော့ ဘာလာလာ အတူတူပဲ၊ အတူတူပဲ ဖြစ်နေပါတယ်။ အဲ ပေါက်ဖော်ကြီးတွေ ပုဂံဘုရားလာဖူးရင်လည်း ၀အီတွက်လော့ ဘာလာလာ အီစူစူပဲ၊ အီစူစူပဲ ဖြစ်နေမယ် ထင်ပါရဲ့....။

 


ဆက်ပါဦးမယ်း)


Thursday, February 23, 2012

စိနတိုင်းသွားတောလား-၅

ကျွန်မတို့ အုပ်စု ဟိုတယ်က ထွက်လာကြတော့ မနက် ၈နာရီခွဲလောက်တောင် ရှိနေပြီ။ ကျွန်မတို့ သွားကြမဲ့ Tiananmen Square က လူများမယ်၊ ကားရပ်ဖို့ နေရာ ခက်တယ် ဆိုတာနဲ့ ကားကို ခပ်လှမ်းလှမ်းမှာပဲ ရပ်ခဲ့ပြီး လမ်းဆင်းလျှောက်လာကြပါတယ်။ ကားပေါ်က မဆင်းခင် ကျွန်မတို့ရဲ့ တိုးဂိုက်ပဲကေက ခေါက်ထားတဲ့ အလိတ်လေးကို တယုတယ ထုတ်ဖြန့်ပြီး ပြတော့မှ အလံလေးဖြစ်နေတာ။ ပြီးတော့ အားလုံးကို ပြောသေးတယ်။ အဲ့မှာလူတွေ သိတ်များမှာ၊ နင်တို့အားလုံး ဒီအလံလေးကို ကြည့်ထားကြ၊ လူချင်း မကွဲအောင် ဒီအလံလေးနောက် လိုက်ကြလို့ ဆိုပါတယ်။
သူ့အလံလေးက အ၀ါရောင်လေးပါ။


Tiananmen Square ရောက်ခါနီး လမ်းမှာ လူတန်းရှည်ကြီးတွေ့တော့ ဘာအတွက် တန်းစီနေကြပါလိမ့်ပေါ့လေ။ ၀ါသနာအရ တန်းစီနေတာတွေ့ရင် ၀င်စီချင်သေးတာကိုး။ နောက်မှ အဲဒါ ခေါင်းဆောင်ကြီး Mao Zedong-မောင်ဇီဒုန်ရဲ့ ကြွင်းကျန်ခဲ့သော ရုပ်ကလာပ်ကို ရှု့စားကြဖို့ စီနေတာလို့ သိရတယ်။ ကျွန်မတို့ မြန်မာပါးစပ်ထဲတော့ မော်စီတုန်းပေါ့လေ။ အိုး နဲတဲ့လူအုပ်မှ မဟုတ်တာပဲ။ အထဲရောက်ပြီး ကြည့်ရဖို့ အနဲဆုံး ၂နာရီလောက် တန်းစီရမယ်ဆိုတာနဲ့ ဘိုင့်ဘိုင်မော်စီတုန်းရေ လို့ပဲ အပြင်ကနေ နှုတ်ဆက်ခဲ့တော့တယ်။ တစ်ချို့ကတော့ အဲဒါ ဖယောင်းရုပ်လုပ်ထားတာ၊ အစစ်မဟုတ်ဘူးလို့လည်း ဆိုကြပါရဲ့။

အဲဒါကို လွန်တော့ Hu Yaobang  သေဆုံးမှုကနေ စတင် အရှိန်အဟုန်မြင့်လာခဲ့တဲ့ ၁၉၈၉ ကျောင်းသားတော်လှန်ရေးဖြစ်ပွားရာ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ အုံကြွသူတွေကို ရက်ရက်စက်စက် ဖြိုခွဲသတ်ဖြတ်ခဲ့ရာ ကွင်းပြင်ကြီးကို ဖြတ်ခဲ့ကြရတယ်။ အဲဒီနေရာက Tiananmen Square ရှေ့နားတင်ပါပဲ။  အဲဒီအကြောင်းတော့ အသေးစိတ် ပြောမနေချင်တော့ပါဘူး။
အဲဒီနားတစ်ဝိုက်မှာ ခဏနေပြီး အုပ်စုလိုက် ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။  အဲဒီပုံက သူတို့ ရိုက်ပေးတာမို့ ကျွန်မမှာ ဆော့ဖ်ကော်ပီမရှိလို့ မတင်တော့ပါဘူးလေ။ ပြီးတာနဲ့ Tiananmen Square ထဲကို ၀င်ခဲ့ကြတယ်။ 



ကျွန်မတို့က ဟုတ်လှပြီ မှတ်နေတာ။ နောက်မှ ဘယ်ဟုတ်လို့လဲ။ ကွင်းထဲရောက်မှ များလိုက်တဲ့ အလံ အ၀ါရောင်တွေ၊ သူတစ်ယောက်ထဲ အလံအ၀ါရောင်မှ မဟုတ်ပေတာပဲ။ ဘယ်အလံနောက် လိုက်လို့ လိုက်ရမှန်းမသိတော့ဘဲ ဘုရားတမိတော့တယ်။ ပဲကေတို့ လုပ်ပုံက အဲလို။




Tiananmen Squareကို ၁၆၅၁ က ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဖြစ်ပြီး Tiananmen Gate ကို အစွဲပြုခေါ်ဝေါ်စေခဲ့တာ ဖြစ်ပါသတဲ့။ Tiananmen Gate ( Ming Dynasty-၁၄၁၅ မှာ တည်ဆောက်) ဆိုတာက " ကောင်းကင်ဘုံသို့ မုဒ်ဦးအ၀င် " လို့ အဓိပ္ပါယ်ရပါတယ်။ Ming-မင်မျိုးဆက်ကုန်ခါနီး၊  ချင်ဘုရင်-Qing Emperors မတက်မီလေးတင်မှာ သူတို့ချင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ကြရာက မုဒ်ဦးကြီး အတော်ပျက်စီးသွားခဲ့ရပြီး ၁၉၅၈ ခုနှစ်မှာ ပြန်လည်ပြုပြင် တိုးချဲ့ခဲ့တာ မူလထက် ၄ဆကျော် ပိုကြီးမားတယ်လို့ သိရပါတယ်။ Ming Tombs ကိုတော့ ကျွန်မတို့ မရောက်ခဲ့ပါဘူး။ Ming Tombsဆိုတာ ၃ဆက်မြောက် Ming Dynasty က ဖုန်းရွှေနည်းနဲ့ အသေအချာ တွက်ချက်ရွေးချယ်ထားခဲ့တဲ့ သူတို့မင်းမျိုးဆက်တွေရဲ့ ခေါင်းချရာ ဂူဗိမ္မာန်တွေရှိတဲ့ နေရာပေါ့။ Ming Dynastyဟာ ၁၃၆၈ကနေ ၁၆၄၄ထိ (နှစ်ပေါင်း ၂၇၆နှစ်) ရှည်ကြာခဲ့ပြီး မင်းမျိုးဆက်တွေအလွန် တရုတ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ Qing Dynasty ကတော့ (၁၆၄၄-၁၉၁၂) ၂၆၈နှစ်သာ သက်တမ်း ရှည်ခဲ့ပါတယ်။

အထဲမှာ ကြည့်စရာ၊ မှတ်စရာတွေ များမှများပါပဲ။ အသေအချာ စစ်စစ်ပေါက်ပေါက်သာ ကြည့်မယ်ဆို တစ်မနက်မပြောနဲ့၊ တစ်ရက်နဲ့တောင် မလောက်နိုင်ပါဘူး။ စကားစပ်မိလို့ ပြောရရင် Tiananmen Gate ကို ပြန်လည်ပြုပြင် တိုးချဲ့ခဲ့တုန်းက အနီးအနားပတ်ဝန်းကျင်က အိမ်တွေလည်း လွတ်ရာကျွတ်ရာ ဖယ်ရှားခဲ့ရတာ။ အဲ မြေကွက်လေးဘာလေး အစားပြန်ပေးသလားတောင် မမေးခဲ့မိပါဘူး။
 Tiananmen Gateကြီးကို အထဲမှာ လူပေါင်း ၅သိန်းကျော်ဆန့်နိုင်အောင်၊ ကမ္ဘာပေါ်မှာ အဓိကရဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ အစီအမံနဲ့ တည်ဆောက်ပြုပြင် ခဲ့တာပါ။

ပုံတွေ အရင် ကြည့်ကြပါဦးလေ...။ "The Forbidden City" လို့ခေါ်တဲ့ မင်း နဲ့ ချင်း မျိုးဆက်တွေ နန်းစံရာ နန်းတော်ကြီးတွေရောပေါ့။ အဲဒီအကြောင်း နောက်နေ့ ဆက်ပါဦးမယ်။







Monday, February 20, 2012

စိနတိုင်းသွားတောလား-၎

ခုတစ်လော ရေးချင်နေတာတွေ များနေတာ၊ ဘာအရင် ရေးရမလဲ စဉ်းစားနေတာ ဒါနဲ့တင် အချိန် အတော်ကုန်သွားတယ်။ ရယ်စရာတွေ ရေးပါဦး အစ်မ တဲ့။ ဟင်းချက်နည်း မတင်တာ ကြာပြီနော် အစ်မတဲ့။ အင်း ကိုယ်တိုင်တောင် ဖြစ်သလိုပဲ ရှန်ဂရီလာက ချိုင့်ဆွဲဝယ်စားနေတာ၊ အိမ်ကလူကလည်း ကြေးမများ တတ်ဘူးဆိုတော့လေ ဟင်းမချက်ဖြစ်တာတောင် ကြာပါပြီ။ ရယ်စရာဆိုပြန်တော့လည်း လူရွှင်တော်တွေ ပြက်ကြသလို တစ်ဟားဟားအော်ဟစ်ရယ်မောပြီးမှ အင်း အဲဒီလိုတောင် မရယ်နိုင်တဲ့ ဘ၀ပါကွယ်လို့ပဲ ပြောရတော့မယ် ထင်ပါရဲ့။ ဘ၀ကြီးက တစ်ခါတစ်လေ အဲသလို...။ ထားပါတော့။

မျက်နှာပူပူနဲ့ပဲ မနှစ်က သွားခဲ့တဲ့ခရီးလေး အစဆွဲထုတ်ရေးဦးမှ။ အတော်လေး ပြန်တွေး၊ ပြန်နွှေးပြီး သကာလ သြော် အပိုင်း၃အထိတောင် ရေးပြီးခဲ့ပါပကောလို့ (ပြန်ကြည့်မှ) သိလိုက်တယ်။

ရီဗီးရှင်းပြန်လိုက်ကြရအောင်။ အပိုင်း ၁ မှာ အချီးလို့ခေါ်တဲ့ နိဒါန်းကလေးအစပျိုးခဲ့ပြီး အပိုင်း ၂ မှာတော့ ဂရိတ်ဝေါလို့ အမည်ရတဲ့ ဘေဂျင်း မဟာတံတိုင်းကြီးနဲ့ ဘေဂျင်းရဲ့ လက်စွပ်ကြီး ၇ကွင်း အကြောင်း ရေးခဲ့ပါတယ်။ အပိုင်း ၃ မှာတော့ စကာင်္ပူလေဆိပ်ကနေ စအထွက်၊ လေယာဉ်ပြောင်း စီးရမဲ့ ဟောင်ကောင်လေဆိပ်အရောက် အဲဒီအပိုင်းထိ ရေးခဲ့ပြီးပါပြီ။

အဲဒီအပိုင်း ၃ မှာ စင်္ကာပူကဒေါ်လှ ဟောင်ကောင်လေဆိပ်ထဲရောက်တဲ့အခါ မုန့်လေးမှ ၀ယ်စားလို့မရတဲ့ အကြောင်းနဲ့၊ စားသောက်ဆိုင်ဝန်ထမ်း ၀တုတ်မလေးရဲ့ ချိုသာပြတ်သားတဲ့ ၀န်ဆောင်မှုအကြောင်းလေးမှာ အဆုံးသတ်ခဲ့တာ။ ရေးရေးလေးတော့ မှတ်မိပြီ ထင်ပါရဲ့။ စာကြေချင်သူများတော့ ပြန်ဖတ်ကြပါလေ။

ခု အပိုင်း ၄ မှာတော့ ဘေဂျင်းလေဆိပ်ကိုရောက်ပါပြီ။ လေယာဉ်နဲ့ဆိုတော့ ဒီလောက်တော့ မြန်မှ ဖြစ်ပါ မယ်။ အဲဒီမှာ အင်မတန် စိတ်ဝင်စားဖွယ်ရာတွေ စတော့တာ ပါ ပဲ။ လေဆိပ် အပြင်ဘက်ရောက်လို့ အများသူငါတွေ အလံလေးတစ်ရမ်းရမ်းနဲ့ လာကြိုသူတွေသူတွေနောက် ပါ ပါသွားကြတော့ ကျွန်မတို့လည်း ကိုယ့်ကို လာကြိုမဲ့ ဂိုက်ကို မျက်စေ့ဖွင့်ရှာရပါတော့တယ်။ မျက်စေ့က အတော်လေး ဆွဲဖွင့်နေရတဲ့အဆင့်ကို ရောက်နေပါပြီ။ ညကလည်း လေယာဉ်ပေါ်မှာ တစ်ညလုံးလိုလို ကောင်းကောင်း အိပ်မရခဲ့ဘူးကိုး။ အိမ်က ည ၁၀နာရီ ထွက်၊ စင်္ကာပူက ည ၁နာရီကျော်ထွက် တဲ့လေယာဉ် က ဟောင်ကောင်ကို မနက် ၅ နာရီရောက်၊ ဟောင်ကောင်က မနက် ၈နာရီထွက်တဲ့လေယာဉ် က ဘေဂျင်းကို မနက် ၁၁ ခွဲလောက်ရောက်၊ ပြီးတော့ ခရီးစဉ်အရဆို ရောက်ရောက်ချင်းမှာပဲ နေ့ဝက် ခရီးအနေနဲ့ ၃နေရာလောက်သွားရဦးမှာပါ။

လာကြိုနေကြတဲ့ လူအုပ်ကြီးတစ်တန်းလုံးလည်း ဆုံးသွားပြီ။ ကျွန်မတို့ နာမည်ကိုရေးထားတဲ့ ဆိုင်းဘုတ်လေး ကိုင်ထားပါလိမ့်မယ်ဆိုတဲ့ တိုးဂိုက်ကိုဖြင့် ရှာမတွေ့ပါဘူး။ နောက်ဆုံး ၁၅မိနစ်လောက်အကြာမှာတော့ စင်္ကာပူဧဂျင့်က ပေးလိုက်တဲ့ ဘေဂျင်းဧဂျင့်ရဲ့ဖုန်းကို လှမ်းဆက်ရပါတော့တယ်။  ကြက်နဲ့ဘဲတွေ့ကြတာလို သူစကား ငါမသိ၊ ငါ့စကား သူမသိဆိုတာ တစ်ကယ်ကို ကြုံဖူးသွားတော့တာ။ စလုံးကပြောတဲ့ မန်ဒရင်းကို ကျွန်မ နားထောင်လို့၊ အနည်းငယ် ပြန်ပြောလို့ ရပါသေးတယ်။ ဒါပေမဲ့ သူတို့ ပြောနေတာတွေကို ကျွန်မ ဘယ်လိုမှ နားမလည်တာပါ။ ထား ကျိုက်နားလီ- သူ ဘယ်မှာလဲ ဆိုတဲ့ ကျွန်မမေးခွန်းကို သူက ထား ကျိုက် အဲပို့ လို့ တစ်လုံးပြန်ပြောတာကိုတော့ နားလည်လိုက်တာမို့ ဒါဆိုရင်တော့ လေဆိပ်ထဲမှာတင် ကပ်လွဲနေပြီ လို့ စိတ်က သိလိုက်ပါတယ်။

အတော်လေးကြာပါတယ်။ သူကလည်း ပြော၊ ကျွန်မကလည်း မေးနဲ့ ဒါပေမဲ့ လိုရင်းမရောက်နိုင်ကြတာမို့ စိတ်က အတော်လေး ညစ်နေပါပြီ။ ဖုန်းကိုင်ထားပါလို့ ပြောပြီး တစ်ယောက်ပြီး တစ်ယောက်လက်ပြောင်း၊ အစကနေ ပြန် ပြန်ပြောပြနေရတာကလည်း ကျွန်မလို အိပ်ရေးမ၀ခဲ့တဲ့ လူတစ်ယောက်အတွက် အတော်လေး စိတ်မရှည်စရာ မဟုတ်လားရှင်။

ကံကောင်းချင်တော့ ဘေးနားမှာ အင်္ဂလိပ်လိုပြောနေတဲ့ တရုတ်အမျိုးသားတိုးဂိုက်တစ်ယောက်ကို သွားတွေ့လိုက်ပါတယ်။ ဒါနဲ့ပဲ အဲဒီဦးမေခလာကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်း၊ သူတို့ချင်း တိုက်ရိုက် ဖုန်းပေးပြောလိုက်ပါတော့တယ်။ ဖုန်းလည်းချပြီးရော ဦးမေခလာက သူ့ရှေ့ကလူအုပ်ကြီးကို မျက်နှာမူပြီး ကွိကွိကွကွတွေ အော်ပြောနေတော့တာ။ အဲဒီတော့မှ လူအုပ်ထဲက ပဲကေနဲ့ တရုတ်တစ်ယောက် ထွက်လာပြီး သူပဲ သူပဲ (အဲလို ပြောလိုက်တယ်လို့ ထင်တာပါပဲ) လို့ အော်ပြီး ကျွန်မတို့ အနားရောက် လာပါတော့တယ်။ ဒါနဲ့ ကျွန်မက သူကိုင်ထားတဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်တော့ အားလုံး တရုတ်လိုတွေချည်း ရေးထားတာ ဖြစ်နေတာ။  ကြည့်ဦး၊ လုပ်ပုံက။ ကျွန်မလည်း စိတ်တိုတိုနဲ့ ဖိဟောက် ပစ်တော့တာပဲ။ ဘယ့်နှယ် စင်္ကာပူဧဂျင့်ကို အသေအချာ မှာထားတာ။ အင်္ဂလိပ်စကားပြောဂိုက်လိုချင်တယ်
၊ လာကြိုတဲ့အခါ နာမည်ကို ရေးထားပြီး လာကြိုဖို့ (တစ်ကယ်တော့ ဒါက ထုံးစံပါ)ပါ မှာထားတဲ့ဟာ။ အဲလို အသေအချာ မှာထားပါရက်နဲ့ စကတည်းက ဒီလို တစ်လွဲဖြစ်နေတာမို့ စိတ်ထဲ မသက်မသာဖြစ်ရပါတယ်။ 
(အိမ်ကလူကတော့ ဘလော့ဂ်ဂါတော့ ရေးကွက်တွေ ရပြီဟေ့ဆိုတဲ့ မျက်နှာနဲ့ ပြုံးစေ့စေ့ရယ်)

ပဲကေတရုတ်ကတော့ အင်္ဂလိပ်လို လုံးစေ့ပတ်စေ့နားမလည်ပေမဲ့ ကျွန်မ သူတို့ကို ကွန်ပလိန်းတက်နေမှန်းတော့ သိပါတယ်။ သူ့မျက်နှာဖြင့် ဇီးရွက်လောက် ရှိတော့တာလေ။ ခဏနေတော့ ကျွန်မတို့နဲ့အတူ တစ်အုပ်စုထဲသွားမဲ့ တရုတ် အန်ကယ်ကြီးတစ်ယောက် နဲ့ ပေါင်းမိပါ တယ်။ နောက်လူတွေရောလို့ မေးတော့မှပဲ ကျွန်မမှာ စိတ်တိုစရာ နောက်တစ်ခု ထပ်ကြုံရပြန် ပါတယ်။ နောက်လူတွေက ညနေ ၄နာရီဆိုက်မဲ့လေယာဉ်နဲ့ကျမှ ပါလာမှာတဲ့လေ။ ဒါဆို ငါတို့က နောက်ထပ် ၄နာရီလောက် စောင့်ရဦးမှာပေါ့ဆိုတော့ ယား ယားတဲ့။ ဒါဆိုဒီနေ့ ငါတို့သွားရမဲ့ နေရာတွေကို မသွားရတော့ဘူးပေါ့ ဆိုတော့ ယား ယား တဲ့။ ဒါဆို ဟိုတယ်ကို ငါတို့ကို အရင် ပြန်လိုက်ပို့ဆိုတော့ နိုး နိုး တဲ့။

ဟိုတယ်နဲ့ လေဆိပ်က ဝေးတာကိုးလေ။ ဒီတော့ ကျွန်မတို့ကို ဟိုတယ်ဆီ သပ်သပ်တစ်ခေါက် လိုက်မပို့နိုင်တာ သဘာဝကျပါတယ်။ ကျွန်မလည်း စိတ်ကို အတော်လေး လျှော့ချထားလိုက်ပါတော့တယ်။ အိမ်ကလူကတော့ ကျွန်မထက်ပိုပြီး ကူးလ်ဒေါင်းဖြစ်တဲ့သူမို့ အဖော်ရှိနေတဲ့ တရုတ်အန်ကယ်ကြီးနဲ့ စကားလက်ဆုံကျနေခဲ့ပါပြီ။ လေဆိပ်ထဲက မက်ဒေါ်နယ်ဆိုင်လေးမှာပဲ ထိုင်ကြရင်း နောင်လာမဲ့ လူစုကို စောင့်ကြရပါတယ်။ စောင့်ရင်း စားကြရတာပေါ့လေ။

အဲဒီ အန်ကယ်ကြီးက မလေးရှားကမို့ သူနဲ့ ကျွန်မက မလေးလို ပြော (ဒီနေရာမှာ ကျွန်မရဲ့ မလေးစကား မတောက်တစ်ခေါက်ပြောတတ်နေတာလေးက နည်းနည်းတော့ အသုံးကျပါတယ်)၊ အဲဒါကိုမှ ပဲကေတရုတ်ကို အန်ကယ်ကြီးက တရုတ်လို ဘာသာပြန်ပြ၊ ပဲကေတရုတ်က ပြန်ပြောတဲ့အခါ ကျွန်မကို မလေးလို ပြန်ပြောနဲ့။ အတော်လေးကို ဟုတ်နေတာပါ။ စိတ်လည်းတိုရ၊ ရယ်လည်း ရယ်ရနဲ့ပါ။ ပဲကေက သူ့ရုံးနဲ့ ဖုန်းပြောအပြီးမှာ အန်ကယ်ကြီးကတစ်ဆင့် ကျွန်မကို သိစေပါတယ်။ အဲဒါကတော့ ကျွန်မတို့ကို အမျက်ပြေ အလျော်ပေးတဲ့အနေနဲ့ ဒီည ဖိုက်စတားဟိုတယ်မှာ တစ်ညအိပ်ထားပေး ပါမယ်။ နောက်တစ်နေ့မှ နေရမဲ့ ဖိုးစတားဟိုတယ်ကို ပြောင်းပါလို့ ဆိုတာပါ။ တစ်ကယ်ဆို ကျွန်မက စိတ်ပြေနေပါပြီ။ ဘာပဲပြောပြော ပထမဦးဆုံးညက တစ်အုပ်စုလုံး ကြယ်၅ပွင့်ဟိုတယ်ကြီး မှာ နေခဲ့ကြရပါတယ်။

ဟိုတယ်မ၀င်ခင် ညစာအရင် စားကြရပါတယ်။ အစားအသောက်ပါ ပါပြီးသားမို့ ကျွန်မတို့ ဘာမှ ထုတ်စရာ မလိုတဲ့ ညစာပါ။ ဘေဂျင်းက စားသောက်ဆိုင်တွေက အဲလို အုပ်စုတွေ တစ်ဝိုင်းစားကြတိုင်း ဘီယာ ၂ပုလင်းနဲ့ ကိုကာကိုလာ ဗူးကြီးတစ်လုံး အမြဲချပေးပါတယ်။ စားသောက်ဆိုင်တွေနဲ့ ထရယ်ဗဲလ်ဧဂျင့်တွေကြား ပေးကမ်း ပြောဆိုပြီးတဲ့ ထုံးစံပဲ ထင်ပါရဲ့။ ညစာလေးကတော့ စားကောင်းသား။





ညအိပ်ကြရမဲ့ ဟိုတယ်ကို ရောက်ပါပြီ....


မနက်စောစော ဟိုတယ်ရှေ့က ပန်းခင်းလေးနားမှာ....


ခဏနေ အားလုံး မနက်စာ စားသောက်ကြပြီးရင်တော့ Tiananmen Square နဲ့ Forbidden Cityတွေကို သွားကြရမှာပါ။ အားလုံးကားပေါ်တက်ကြဆိုတော့မှ အတူပါလာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပန်းရောင် သေတ္တာအကြီးကြီးတစ်လုံး ပျောက်နေပါတော့တယ်။ ကျွန်မတို့က ဒီည ဒီဟိုတယ် ပြန်လာမှာ မဟုတ်တဲ့အတွက် ပစ္စည်းတွေပါ တစ်ခါတည်း ကားပေါ်တင်ကြတာ။ မနက်စာမစားခင်က Hotel Lobby မှာ အပ်ထားခဲ့ကြတာ။ ဖြစ်ချင်တော့ ကျွန်မတို့ ရှေ့က ထွက်သွားတဲ့ကားကလည်း အဲလိုပဲ သေတ္တာတွေ အပ်ပြီး မနက်စာစား၊ ခုလေးပဲ ထွက်သွားတာလို့ ဆိုတာနဲ့ ဂိုက်က ချက်ချင်း အဲဒီကားကို ဖုန်းဆက်ပြီး စစ်ခိုင်းတော့မှ သူတို့ကားပေါ် မှားပြီး ဆွဲတင်သွားတာပါလို့ ပြောပါတယ်။ ဟူးးး ဒါပါပဲ တရုတ်ပြည်မှာ အဲလိုတွေ ဖြစ်တတ် ပါတယ်။ ဘာကိုမှ စိတ်ချလက်ချထားမရပါဘူး။ အရာရာ သတိ၊ သတိ၊ သတိ ရှိရမဲ့ နေရာပါ။

သင်ခန်းစာ ၁-အုပ်စုနဲ့ ခရီးသွားတော့မယ်ဆိုရင် အားလုံးရဲ့ စုရပ်၊ ဆုံချိန်တွေ ဧဂျင့်ကို မေးမြန်းထားပါ။
သင်ခန်းစာ ၂-တိုးဂိုက် (ဘာသာစကား) ကိစ္စ၊ လာကြိုဖို့ကိစ္စ အကြေအလည် စီစဉ်ပါ။
သင်ခန်းစာ ၃-မိမိပိုင် ပစ္စည်းတွေကို မိမိမျက်စေ့အောက် မြင်သာတဲ့နေရာမှာပဲ ထားပါ။

ဆက်ပါဦးမယ်...

Wednesday, February 15, 2012

Natas Travel Fair 2012

မပြောမရှိကြပါနဲ့ရှင်...
ခရီးသွားရတာကို နှစ်သက်တဲ့ ကျွန်မတို့လို လူတွေ တစ်နှစ် တစ်နှစ်စောင့်ကြရတဲ့ Natas Travel Fair 2012 အချိန်ရောက်လာပြန်ပါပြီ။ ၀င်ကြေးက (၁၂နှစ်နဲ့ အထက်) တစ်ယောက် S$4.00 ပါတဲ့။


What: One of the most sought after travel fairs in Singapore
When: 24 to 26 February 2012 (Friday – Sunday)
Where: Halls 4 and 5, Singapore Expo

လင့်ခ်ကတော့ ဒီမှာပါ။

Tipsလေးတွေ ပေးပါရစေ။

၁) ဘယ်နိုင်ငံကို သွားချင်တယ်ဆိုတာ ကြိုတင် စဉ်းစားသွားပါ။ 

ဟိုသွားရကောင်းနိုး၊ ဒီသွားရကောင်းနိုး ရွေးချိန် မရှိပါ၊ အထဲရောက်မှ ဈေးသက်သာတဲ့ နေရာတိုင်း သွားချင်တဲ့ရောဂါ  ကောက်ကာငင်ကာ ရတတ်ပါတယ်။

၂) တတ်နိုင်သမျှ စောရောက်အောင်သွားပါ။ 

တန်းကြီးက အရှည်ကြီး၊ စိတ်ရှည်ရှည်ထားပါ။

၃) တစ်ယောက် ၄ကျပ်မို့ ပြန်အမ်းစရာမလိုအောင် တစ်ယောက်ကို ၂ကျပ်တန် ၂ရွက်စီ အတိအကျ ဆောင်သွားပါ။ 

စုဘူးဖောက်သွားသူများ ကျပ်စေ့ ၄စေ့လည်း ရပါတယ်တဲ့...

၎) ပေးသမျှယူပါ။ 

အ၀မှာ အိတ်ကြီးတစ်လုံးကောက်လွယ်ပြီး အလကားဝေပေးတဲ့ ဘောလ်ပန်၊ မှတ်စုပက်ဒ်၊ သကြားလုံး ပေးသမျှ အိတ်ထဲသာ ကောက်ထည့်ခဲ့ပါ၊ အရင်းကြေတာပေါ့။

၅) ခြေတိုအောင် လျှောက်ပါ။ 

ဧဂျင့်တစ်ခုနဲ့ တစ်ခု ရွေးချယ်နှိုင်းယှဉ်ပါ။ ဈေးပြိုင်တွေများတာမို့  အသေအချာ စဉ်းစားရွေးချယ်ပါ။
တစ်ခု သတိပြုရမှာက ဈေးပေါတိုင်းလည်း မကောင်းဘူး ဆိုတာပါ၊ နေရမဲ့ ဟိုတယ်ရဲ့ စတားအရေအတွက်၊ စီးရမဲ့ လေကြောင်းလိုင်း၊ Package tourနဲ့ ဂရု(ပ်)နဲ့ သွားမယ်ဆို itinerary ကို သေချာဖတ်ပါ။ နာမည်ကြီး ဧဂျင့်တွေက ဈေးနည်းနည်း ပိုပေးရတတ်ပေမဲ့ ပို စိတ်ချရပါတယ်။ ၀န်ဆောင်မှု ပိုကောင်းပါတယ်။

ကိုင်း ဒီလောက်ပြင်ဆင်သွားရင် မဆိုးပါဘူး။ အဆင်ပြေကြပါစေ...


Monday, February 13, 2012

ကံ စိတ် ဥတု ပြီးတော့ အာဟာရ

ရန်ကုန်မှာ ဟင်းစားအသီးအရွက်တွေဖြစ်တဲ့ ဂေါ်ဖီ၊ ကိုက်လန်၊ ပန်းမုန်လာ၊ မုန်ညင်း၊ မုန်လာဥနီနဲ့ တစ်ခြားအသီးအရွက်တွေအားလုံး ဘာဖြစ်ဖြစ် စားရတာ အရသာမရှိဘူးလို့ အမေ ခဏခဏ ညည်းလေ့ ရှိပါတယ်။ ဆေးတွေဖြန်းကြလို့ အနံ့လည်း မကောင်းဘူး။ အသားတွေ ငါးတွေဆိုလည်း အမေတို့ ငယ်တုန်းကလို စားရတာ မချိုတော့ဘူးလို့ ပြောပါတယ်။ ကျွန်မက ဟုတ်လားအမေလို့သာ ပြန်ပြောနိုင် ခဲ့ပါတယ်။ 

ကျွန်မကိုယ်တိုင်လည်း သတင်းတွေ ဖတ်နေရပါတယ်။ ငါး၊ ပုဇွန်မွေးမြူရေးကန်တွေမှာ Oxytetracycline/ Oxolinic acid/ Chloramphenicol/ Nitro furans/ Tetracycline/ Sulfanilamide/ Neomycin/ Chloroform/ Chlopromazine/ Nitromidazoles/ Colchicines/ Daps one/ Dimetridazole/ Metronidazole/ Clenbuterole/ Ronidazoles/ Malachite green and leuco Malachite green ဆိုတဲ့ ဓါတုဆေးဝါးတွေ ကျွေးပြီး မွေးမြူကြတယ်။ အနည်းဆုံးတော့ အဲဒီအထဲက တစ်မျိုးကနေ သုံးမျိုးလောက် ငါးကန်တိုင်း သုံးကြပါတယ် တဲ့။ အဲဒီဆေးတွေသုံးပြီး ကြီးထွားနှုန်းမြန်ဆန်အောင် လုပ်ကြတာပါ။ သူတို့အတွက်က ဒီငါးတွေအမြန်ကြီးပါမှ ဈေးကွက် တင်ရောင်းနိုင်မှာ၊ ငွေ အမြန်ပေါ်နိုင်မှာကိုး။  ငါးတွေကို ကျွေးရတဲ့ ငါးစာကလည်း အရင်ကလို သမားရိုးကျ ဖွဲနုတစ်မျိုးတည်း မဟုတ်တော့ ဘဲ ဖြည့်စွက်စာတွေဖြစ်တဲ့ ပဲဖတ်နဲ့ ငါးကြေမှုန့်တို့၊ ဖော်စပ်စာဖြစ်တဲ့ ဆန်ကွဲ၊ ပြောင်း၊ ငါးပေါင်းမှုန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေထည့်သွင်းထားတဲ့ ငါးစာတို့ကို ကျွေးရပါသတဲ့။ ဒီတော့ မြန်မြန်ရောင်းနိုင်လေ၊ ငါးစာဖိုး အကုန်အကျသက်သာလေ၊ တွက်ခြေကိုက်လေပေါ့ရှင်။

ငါးမှ မဟုတ်ပါဘူး။ တစ်ခြား မွေးမြူရေးတိရိစ္ဆာန်တွေဖြစ်တဲ့  ကြက်တို့ ၀က်တို့ ဘဲတို့မှာလည်း ဒီအတိုင်းပဲ။ အသားတိုး၊ အထွားမြန်ဖို့အတွက် ဒီလိုဓါတုပစ္စည်းတွေ ကျွေးပြီးမွေးမြူရင် ဒီသတ္တ၀ါတွေကို စားသုံးသူတွေအတွက် ရေရှည်မှာ ကိုယ်တွင်းအဆိပ်အတောက်ဖြစ်ပွား နိုင်ပြီး နောက်ဆုံးမှာ ကင်ဆာရောဂါ အထိ ဖြစ်နိုင်တယ်လို့ ဖတ်လိုက်ရပါတယ်။

တစ်ခါတုန်းကလည်း ကျွန်မမိတ်ဆွေတစ်ယောက် ကောင်းမှုနဲ့ ပြည်ပပို့ ပုဇွန်ထုတ်ကြီးတွေ စားဖူးလိုက် ပါသေးတယ်။ လား လား ပုဇွန်ခေါင်းထဲမှာ ခဲတွေ သွတ်ထားလိုက်တာ။ ပုဇွန်ဆီကြိုက်တဲ့ ကျွန်မ ပုဇွန်ခေါင်းတွေဖြုတ်ပြီး စားရတော့ နှမျောလိုက်တာလေ။ ကောင်းတဲ့ဘက်က လှည့်တွေးလိုက်တော့ "နင်လားဟဲ့ ကိုလှစော...ငတို့ကတော့ ရှောင်သဟေ့" လို့ ခပ်တင်းတင်း (မချိသော်လည်းပေါ့လေ) လုပ်ပြီး လွှင့်ပစ်လိုက်တယ်။ ပုဇွန်ခေါင်းက ကိုလက်စထရောများတာမို့ မစားသင့်ဘူး ပြောကြတယ် မဟုတ်လား။

အင်းးး ကုန်းနေ ရေနေသတ္တ၀ါတွေတော့ ကုန်သလောက်ရှိပြီ။ ဒါဆိုလည်း တို့ကတော့ မေတ္တာဘာဝနာလေး ပွားရင်း အသီးအရွက်ပဲ စားမကွာလို့ ပြောကြမလား။ ထပ်စဉ်းစားလိုက်ဦး။ အမေပြောတဲ့ ဆေးဖြန်း အသီးအရွက်တွေ၊ မကြာသေးခင်ကမှ ကြည့်လိုက်ရတဲ့ ရေခြံတွေထဲက အင်းသီးစိုက်ခင်းတွေ... မျက်စေ့ထဲ မြင်လာပြန်ရော။ ရွာကပြန်လာတဲ့ သူငယ်ချင်း တစ်ယောက် ပြောတာတော့ ညက ငှက်ပျောသီး အစိမ်းတွေဟာ နောက်တစ်နေ့မနက်မှာ ၀င်းလို့ဝါလို့ စားချင်စဖွယ်ေ၇ွှရောင် ၀င်းမှည့်နေတာ မျိုးတဲ့။ ဆေးရည် စိမ်မှည့်ထားတာတွေလေလို့ ပြောတယ်။

မဇ္ဈိမတိုင်းသားတွေလို  "ပဲ စားမကွာ ဗီတာမင် အေတူဇိပါသကွ" ဆိုပြန်တော့လည်း ဘာထူးတုန်းရှင်။ ပဲထဲမှာလည်း ခဲရောကြပြန်သတဲ့။ ပဲထဲမှာရောဖို့ ခဲလုပ်တဲ့ ဟင်္သာတမြို့နယ်က ရွာသာ၊ လက်ခုပ်ပင်၊ အိုးဘိုကုန်းဆိုတဲ့ရွာတွေမှာ တစ်နေ့ကို ပဲထဲရောဖို့ ခဲ တန်ချိန် ၁၀တန်ကနေ ၁၅တန်လောက်အထိ ထုတ်ကြရသတဲ့။ ပဲကုန်သည်တွေကိုယ်တိုင်က အမှာရှိလို့ ထုတ်ကြရတာပါဗျာ တဲ့။

ကဲ ဆိုတော့ကာ အဲဒါတွေ စားနေလို့ ဘယ်လောက်များ စိတ်ချရပါ့မလဲ။ အသက်ကို ဉာဏ်မစောင့်ဘဲ ဓါတုဆေးဝါးကင်းသော အကောင်ပလောင်နှင့် အသီးအရွက်တို့စောင့်၏ လို့ပဲ ပြောရတော့မှာပဲ။ ကျေးဇူး တင်စရာတစ်ခုက ရွှေမြန်မာတွေရဲ့ အလွန်စထရောင်းဖြစ်တဲ့ အင်မြူးန်းစစ္စတန်ကိုပါပဲ။ ကျွန်မတို့ (ရှေးတုန်းက တောနေလူတွေဆိုရင် ပိုတောင် လေ့သေးတယ်) မြန်မာများက ကလေးပေါက်စန ကတည်းက မြေကြီးပေါ် ပစ်ထားလိုက်တာပဲ။ မြေဓါတ်ရအောင်လို့တဲ့။ ဒီတော့ ကလေးက တော်ရုံ ပိုးမွှားလောက်တော့ ကောက်တောင် ၀ါးစားလိုက်ဦးမှာဆိုတဲ့ အထဲက။

ထးပါတော့။ ပြောချင်တာကို ပြန်ကောက်ရရင် စီးပွားရေးသမားတွေ၊ ကုန်သည်ကြီးတွေ ဘာကြောင့် ဒီလို လုပ်နေကြရသလဲ။ အဖြေက ရှင်းရှင်းလေး။ အဲလိုမှ မလုပ်ရင် မကိုက်လို့ပါ ခင်ဗျာတဲ့။ ရာသီဥတုကြောင့်၊ ဒေါ်လှ ဈေးမငြိမ်တာကြောင့်၊ မှန်းချက်နဲ့ နှမ်းထွက် မကိုက်လို့ပေါ့ခင်ဗျာတဲ့။ ပို့ကုန်တွေဆိုရင် မှာယူတဲ့ တစ်ဘက်နိုင်ငံက အင်မတန် စစ်ဆေးတာ။ ဥပမာ ငါးမြစ်ချင်းဆိုပါတော့၊ ငါး လတ် မလတ် တင်မဟုတ်ဘူး။ ငါးရဲ့ ဘ၀တစ်ပါးမကူးပြောင်းခင်က တစ်ကိုယ်ရည်ကျန်းမာရေးလည်း စစ်သေးတာလို့ ဆိုတယ်။ ငါးစာအဖြစ် ဘာတွေ ကျွေးသလဲဆိုတာမျိုးတွေ၊ ငါးစာစက်ရုံကထောက်ခံစာနဲ့ ငါးစာတောင့် နမူနာတွေ၊ ငါးစာထုတ်လုပ်မှု စံနစ်ကျ မကျတွေကိုပါ စစ်ဆေးတောင်းဆိုပါသတဲ့။  ငါးတစ်ချို့က ကြက်ချေးစားတာကြောင့် ငါးမွေးတဲ့သူတွေဟာ ကြက်ခြံနဲ့ပါ တွဲမွေးတတ်ကြတယ်။ ဒါပေမဲ့ ငါးတိုင်းဟာ ကြက်ချေး မစားဘူးတဲ့ကွယ်။ အဲသလို ဘ၀င်ကိုင်တဲ့ ငါးတွေကြောင့်များ ငါးမွေးတဲ့သူတွေ ရှုံးကြတာလား။ ဘာလား ညာလား လား  လား နဲ့ တွေးမိပါရဲ့။ ကျွန်မကိုက ဉာဏ်မမီတာ ဖြစ်နိုင်ပါတယ်။

ခုဆို အိန္ဒိယမှာ ပဲစဉ်းငုံစိုက်တော့မဲ့အပြင် သူတို့ဆီမှာကိုက ပဲဈေးမတည်ငြိမ်တော့ ဒီဘက်ကလည်း လိုက်လှုပ်ရှားနေရတာ။ ပဲအဓိက ၀ယ်ယူနေတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဆီက ပဲအ၀ယ်တွေ လျော့လာတယ်။ ဒီတော့ ပဲကုန်သည်တွေ၊ ပဲစိုက်သူတွေ ကြေကွဲနေကြရတာပေါ့။ အဲဒါဟာ ခဲရောရတဲ့ အကြောင်းရင်းတစ်ရပ်လား။ ကျွန်မတို့ ရွာမှာက ဈေးကွက်ကို တစ်ဦးတည်း ချုပ်ကိုင်ထားမှုတွေ ရှိတယ်လေ။ အဲသလို ကိုယ်ကြိုက်သလို ဈေးကွက်ကို လက်ဝါးကြီးအုပ်နေနိုင်လို့များ ခုလို လုပ်ကိုင်နေကြသလား၊ ဒါကရော ခဲရောရတဲ့ အကြောင်းရင်းတစ်ရပ်ပဲတဲ့လား ဆိုတာလည်း စဉ်းစားစရာ။

တရုတ်ပြည်ကြီးလို ကြက်ဥအတုကအစ ရီဆိုင်ကယ်(Recycled)-ဆီတွေ အဆုံး။ ဖော်မလင်ကြက်သားတွေက အစ မယ်လမိန်းနို့မှုန့်တွေ အဆုံး။ သွားတိုက်ဆေးက အစ ကလေးကစားစရာတွေ အဆုံး စားသုံးသူအကျိုးမကြည့်ဘဲ တပြုံးပြုံး ထုတ်လုပ်နေကြမယ်ဆိုရင်တော့" မြန်မာပြည်တွင် ထုတ်လုပ်သည်" ဆိုတာရဲ့နောက်မှာကပ်ပေးလိုက်မဲ့ အင်တာနေရှင်နယ်တံဆိပ်တွေအတွက် ကြိုတင် ရင်မောနေမိပါတယ်။ 

(ဒီနေ့က ဖေဖော်ဝါရီ ၁၃၊ ဗိုလ်ချုပ်မွေးနေ့ပါ။ ဗိုလ်ချုပ်ကို သတိရမိတော့ ဗိုလ်ချုပ်သာ ရှိနေရင် ဒီကိစ္စတွေအပေါ် ဘယ်လိုများ ကိုင်တွယ် ဖြေရှင်းမှာပါလိမ့်လို့ သိချင်မိပြန်တယ်။)

ကျွန်မကိုကလည်း တစ်နေ့ တစ်နေ့ မနေနိုင်၊ မထိုင်နိုင် ခုတစ်လော တွေးမိနေတာတွေက "ရွာတံခါးကြီးဖွင့်လိုက်တဲ့အခါ" ဆိုတာမျိုးချည်းပဲ တွေးနေမိပါတယ်။ အဲဒီအခါ ပြည်ပပို့မဲ့ ပြည်တွင်း ထွက်ကုန်တွေရဲ့ အရည်အသွေးပိုင်းက အင်မတန် အရေးကြီးလာပါပြီ။ စိုက်ပျိုး မွေးမြူသူတွေ၊ ကုန်သည်ကြီးတွေ သူတို့မှာလည်း သူတို့ အခက်အခဲနဲ့ သူတို့ ရှိနေကြမှာပါ။ ဒါတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးနိုင်ရင် ဒီကိစ္စက ပြတ်မှာပဲ။ အဲ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ ကျွန်မထက် ဉာဏ်ပညာကြီးသူတွေ စဉ်းစားပေးကြစေချင်ပါတယ်။ အိမ်း ခုကတော့ စဉ်းစားတဲ့အဆင့်ပေါ့လေ။

ဘာဖြစ်ဖြစ် ရွေးချယ်စရာမရှိတော့တဲ့နောက်မှာတော့ သီချင်းလေးတစ်ပုဒ်သာ အော်ဆိုလိုက်ချင်ပါတယ်။

♫♪ စားမှာပဲ စားမှာပဲ ငါ့ကို လာမတားနဲ့
စားမှာပဲ စားမှာပဲ ငါ့ကို လာမတားနဲ့.....♩ ♬ ♭

Ref. : www.mizzimaburmese.com/
        MRTV-4

Saturday, February 11, 2012

အွန်လိုင်းပေါ်က မော်ဒယ်မလေးများ

ကျွန်မ နောက်တောင် ကျနေပြီ ထင်ပါရဲ့။ အသံတွေ ကျယ်ကျယ်လောင်လောင်ကြားနေခဲ့ရတာဖြင့် ကြာ ကြာလှရော့မယ်။ ဘာသံတွေလည်းဆိုတော့ ကျွန်မတို့ မြန်မာအမျိုးသမီးလေးတွေ၊ အတိအကျပြော ရရင် မော်ဒယ်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မြန်မာမကလေးတွေရဲ့ အဖော်အချွတ် ရက်ရော ကြမ်းတမ်းမှု အပေါ် ၀ိုင်းဝန်းထောပနာပြုနေကြတဲ့ ကိုကိုမောင်မောင် ကာလသားတွေရဲ့ အသံတွေပါ။

ဖေ့စ်ဘုတ်ပေါ်မှာ တွေ့များ တွေ့မိကြမလားပဲ။ ပုဝါပါးစိမ်းစိမ်းလေး ကာထားတဲ့အနောက်မှာ အောက်ခံ ပန်တီအဖြူရောင်လေး တစ်ထည်ပဲပါတဲ့ (ကျန်တာ ဘာဆို ဘာမှ မပါတဲ့) မော်ဒယ်မကလေးရဲ့ ဓါတ်ပုံ။ အဲဒီပုံအောက်မှာတော့ ထုံးစံအတိုင်း လေသေနပ် (လေကီးဘုတ်ဆိုရင် ပိုမှန်မလားပဲ) နဲ့ ၀ိုင်းဝန်းပစ်ခတ် ထားကြတဲ့ ကော်မန့်တွေကိုပေါ့ရှင်။

တစ်ချို့ကလည်း ကိုယ့်နှမသားချင်းတစ်ယောက်ကို ဆုံးမလေဟန်၊ တစ်ချို့ကလည်း သိတ်လှတဲ့အကြောင်း၊ ပုဝါလေးနဲ့သာ မကာထားရင်ဖြင့် ပိုကြည့်ကောင်းပါမဲ့အကြောင်း အတည်လိုလို၊ ရွဲ့တဲ့တဲ့လိုလို ရေးသွား ကြလေတယ်။ တစ်ချို့ကျပြန်တော့ မြန်မာတစ်မျိုးသားလုံးနဲ့ ချီပြီး အမျိုးဖျက်မတဲ့၊ တစ်ချို့ကျတော့လည်း ရိုင်းပျတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုသွားကြလေရဲ့ရှင်။ စေတနာနဲ့ အပြုသဘော ပြောဆိုသွားကြတာကို လက်ခံလို့ ရပါတယ်။ ကိုယ့်မြန်မာအမျိုးသမီးကလေးမို့ အမျိုးကိုချစ်တဲ့စိတ်နဲ့ ပြောတယ်ဆိုတာကိုလည်း နားလည်လို့ ရပါတယ်။ ကျွန်မကတော့ You are what you say လို့သာ ပြောလိုက်ချင်ပါတော့တယ်။

ဟီရိသြတ္တပတဲ့၊ ကျွန်မတို့ ရင်းနှီးပြီးသား စကားလုံးပါ။ လူမှာ အရှက်အကြောက်တရား ရှိရပါမယ်တဲ့။ ဘာကို ရှက်ပြီး ဘာကို ကြောက်တတ်ရမယ်ဆိုတာကတော့ ရှင်းပါတယ်။ မကောင်းမှုကို ပြုလုပ်ဖို့ ရှက်တတ်ရမယ်။ မကောင်းမှုကို ပြုလုပ်ဖို့ ကြောက်တတ်ရမယ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ မကောင်းမှုဆိုတာ ဘာလဲ ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ကြရင် ရှင်းသွားမယ် ထင်ပါရဲ့။

စဉ်းစားစရာက မြန်မာပြည်ရဲ့ မော်ဒယ်လောက အနေအထားကိုက လုံလုံခြုံခြုံဝတ်ရင်ပဲ ဒဏ်ရိုက်ခံရမဲ့ အနေအထားလား။ ဖော်နိုင် ချွတ်နိုင်မှ မော်ဒယ်လောကမှာ စူပါတန်းဝင်တော့မဲ့ အပေါက်လား။
မြန်မာ့မော်ဒယ်တွေ ကမ္ဘာ့မော်ဒယ်လောကနဲ့ ရင်ဘောင်တန်းရေး တို့အရေးများ အော်နေကြသလား။ စဉ်းစားစရာပါပဲ။  ပြောရရင် နိုင်ငံတကာမော်ဒယ်တွေမှာ သူ့စံနဲ့သူ၊ သူ့လိုင်းနဲ့သူရှိပါတယ်။ မိတ်ကပ်၊ အ၀တ်အစားမော်ဒယ်လား၊ အသုံးအဆောင် ဖိနပ်၊ အိတ်၊ နာရီ မော်ဒယ်လား။ ဒီလိုလိုင်းတွေမှာဆိုရင်တော့ မျက်နှာလေးလှ၊ ကိုယ်ထည်အချိုးအစားလေးကျရင် ရပြီ။ မလိုအပ်ဘဲ အသားတွေ သိတ်ပေါ်အောင် ၀တ်ပြနေစရာ မလိုဘူး။ ဘီကီနီ မော်ဒယ်ဆိုရင်တော့ သူဟာ လက်သုံးလုံးသာသာလောက် ရှေ့မှာ ဖုံးရုံ၊ ပေါင်တံဘေးတစ်ဖက်တစ်ချက်စီမှာ ကြိုးကလေးတစ်ချောင်းလောက် ချည်ထားရုံ ၀တ်ပြရတော့မှာ။ ဒါ သူ့ရဲ့ အလုပ်လိုအပ်ချက်၊ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း၊ သူ့ရဲ့ ဘ၀ရပ်တည်ချက်အတွက် ၀တ်ပြရ တာပါ။ ဒါကိုမှ Hey!!! you not shy ha ! hum သွားလုပ်နေလို့ မရပါဘူး။ နေ့စဉ်ပုံမှန်ဘ၀တွေထဲမှာတော့ သူလိုကိုယ်လို လုံခြုံထူထဲတာတွေ ၀တ်ချင်လည်း ၀တ်နေနိုင်တာ။

အဲ ပွန်းစတားလိုင်းဝင်မဲ့ မော်ဒယ်ဆိုရင်တော့ သေချာပေါက် လုံးတီးပုံအဖော်အချွတ်တွေ၊ ဆန့်ကျင်ဘက်ကို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်ညှို့ငင်နိုင်မဲ့ပုံတွေရိုက်တော့မှာပါပဲ။ ဒါဟာ သူ့ အတတ်ပညာ၊ ဒါဟာ သူ့အသက်မွေးဝမ်းကြောင်းမို့ မကောင်းတာတွေလုပ်နေရမလားဆိုပြီး သွားဆဲရင်တော့  ကိုယ့်အကုသိုလ်နဲ့ ကိုယ်လို့ ပြောရတော့မှာပါပဲ။ ဒီတော့ ပြောရရင် အသက်မွေးမှုအတွက်လိုအပ်လို့ ၀တ်တာမျိုးကို အပြစ် ဆိုစရာ မရှိပါဘူး။ မလိုအပ်ဘဲ နာမည်ကြီးဖို့ ဖော်မြူလာတစ်ခုလို ၀တ်ပြနေကြရင်သာ...။

ကျွန်မ ပြောပါရစေ။ စင်္ကာပူကို ရောက်လာကြတဲ့ နိုင်ငံခြားသား (အမျိုးသား) တော်တော်များများထဲမှာ Geylang ဆိုတဲ့ Red-Light-District ကို မရောက်ဖူးတဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။ အစိုးရကိုယ်တိုင် လိုင်စင်ချထားပေးပြီး တရားဝင်လုပ်ကိုင်နေကြတာပါ။ အဲဒီက လိင်ဖျော်ဖြေရေး အလုပ်သမတွေဟာ ၆လတစ်ကြိမ် ကျန်းမာရေးအတွက် ဆေးစစ်ကြရတယ်။ အများစုဟာ တရုတ်ပြည်မကြီးက လာကြပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား အဲဒီ အိမ်နီးချင်းနိုင်ငံတွေကလို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ ရက်တိုဗီဇာ (၂လ-၃လ)လောက်နဲ့ လာကြပြီး ဒီမှာ တရားမ၀င် ခိုးလုပ်ကြ၊ ရသလောက်ငွေ ပိုက်ပြီးပြန်ကြ သူတွေလည်း ရှိကြပါသတဲ့။ ဒေသခံအမျိုးသမီးတွေလည်း ရှိကြပေမဲ့ တရုတ်ကလာတာ ပိုများပါသတဲ့။

ကျွန်မတို့ မြန်မာပြည်ကြီး ဟုတ်ကဲ့၊ လမ်းပွင့်စပြုလာပါပြီ။ ကမ္ဘာနဲ့ တံတားတွေထိုးလို့၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ လမ်းတွေဖောက်လို့၊ တံခါးတွေ စတင် ဖွင့်လှစ်နေပါပြီ။ အဲဒီအခါမှာ နိုင်ငံခြားသားတွေ ၀င်ရောက် လာကြတော့မယ်။ စီးပွားရေးအရ အပြန်အလှန် ကူးသန်းရောင်းဝယ်ကြ၊ ဖောက်ကားကြရတော့ မယ်။ သေချာတာက ဒါတွေနဲ့အတူ ပြည့်တန်ဆာလုပ်ငန်းဆိုတာရဲ့ အခန်းကဏ္ဍဟာ မဖြစ်မနေ ပါလာတော့မှာ။ ဒီလုပ်ငန်းဟာ ခုမှရှိလာတာ မဟုတ်ဘူး။ ဟိုး မြန်မာဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တာ။ နောက်လည်း ရှိနေဦးမှာပဲ။ အဲဒီအခါမှာ ဘယ်လိုအမျိုးသမီးလေးတွေများ ဒီလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအနေနဲ့ လုပ်ကိုင်စားသောက်မှာပါလိမ့်။ မြန်မာမလေးတွေလား၊ အိမ်နီးချင်းနိုင်ငံက မိန်းကလေးတွေလား။ ကျွန်မ တွေးမိပါတယ်။ သေချာတာကတော့ ကျွန်မတို့အားလုံးဟာ ကိုယ့်လူမျိုး အမျိုးကောင်း သမီးလေးတွေကို ဒီလိုအလုပ်မျိုးနဲ့ အသက်မွေးဝမ်းကြောင်းစေချင်ကြမှာ မဟုတ်တာကိုပါပဲ။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ကူးလူးကုန်သွယ် ဆက်ဆံရမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ လိုအပ်ချက် အရ ပြည့်တန်ဆာလုပ်ငန်းဆိုတာ ရှိကိုရှိရမယ်။ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ရှိနေမှာပဲ။ (ဒါဟာ Realityပါ၊ Let's face it ပါ) ကျွန်မတို့က "ဒီအထဲမှာ တို့မြန်မာမလေးတွေ မပါဘူးဟေ့"လို့ ဟစ်လိုက်ချင်တာပေါ့။ (အင်း ဒါကတော့ မျှော်လင့်ချက်ပါ၊   ဆောင်းတွင်း အိပ်မက်ပါ)

ကျွန်မ ပြောချင်တာ လိုင်းကြောင်သွားပြီ ထင်ပါရဲ့။ ဒီလိုပါ၊ ပြောချင်တာက တစ်ဦးချင်းစီရဲ့ အသက်မွေး ၀မ်းကြောင်းဟာ ကိုယ့်ရွေးချယ်ခွင့်နဲ့သာ သက်ဆိုင်ပြီး စပ်လျဉ်းတဲ့ ၀တ်စားဆင်ယင်မှုမျိုးကိုသာ နားလည်လက်ခံပေးလို့ ရပါတယ်။ 

မိန်းကလေးတစ်ချို့က သူများထက်ပို ၀တ်ချင်စားချင်လို့၊ သုံးချင်စွဲချင်လို့၊ ငွေရလွယ်လို့၊ တစ်ခြား ဘာမှ မလုပ်တတ်လို့ ဆိုတဲ့ အကြောင်းတွေကြောင့်ပဲ အလွယ်လမ်းလိုက်ရင်း လမ်းမှားသွားတတ်ကြတာ။

မော်ဒယ်အလုပ်ဆိုတာ တစ်ကယ်တော့ မလွယ်လှပါဘူး။ ရေခဲအောင် အေးနေတဲ့ အချိန်မှာ ဘီကီနီ ၀တ်ဆို ၀တ်ပြနိုင်ရမယ်။ အငွေ့တထောင်းထောင်းထအောင် ပူလောင်နေတဲ့ ဟင်းချိုကို အပြုံးမပျက်သောက်ပြနိုင် ရမဲ့အပြင် အိုး...သိတ်ကောင်းတာပဲလို့ ပြုံးပြီးပြောနိုင်ရမယ်။ ၆လက်မလောက် မြင့်တဲ့ ဒေါက်ဖိနပ်စီးရလို့ ဖိနပ်ပေါက် နာကျင်နေပေမဲ့ တစ်ချက်လေးမှ မျက်နှာ မပျက်ရဘူး။

ကဲ ပရော်ဖက်ရှင်နယ် မော်ဒယ်ဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာပါဘဲလားရှင်။ ဒါတောင် အကင်းရှိသေးတာ။ လက်တွေ့ ပရိုမော်ဒယ်တစ်ယောက်ရဲ့ ဖြတ်သန်းမှုမှာ ဒီထက်မက ကြမ်းတမ်းတာတွေ အများကြီးရယ်။

ကိုယ် ဘယ်လိုမော်ဒယ်လိုင်းမျိုး ၀င်ချင်တာလဲ၊ အဲဒီလိုင်းနဲ့ အံဝင်တဲ့ အ၀တ်အစားလေးလောက်တော့ ၀တ်ပေါ့။ မော်ဒယ်ဖြစ်တာနဲ့ပဲ လူတွေပါးစပ်ဖျားပေါက်သွားအောင်၊ သူများထက်သာအောင် ပိုဖော်၊ ပိုချွတ်ပြမှ၊ ဘီကီနီနဲ့ ဓါတ်ပုံအရိုက်ခံမှ၊ လိုးရှင်းလူးပြမှ ဆိုတာမျိုးကျတော့လည်း မဟန်သေးပါဘူး။   ဒီလိုအတွေးမျိုးနဲ့ ထိုးဖောက်ဖို့ ကြိုးစားမယ်ဆိုတဲ့ အသိမျိုးရှိနေရင်တော့ အတော်လေး ရင်မောစရာပါပဲ။

နောက်ဆုံးတော့ သူများက ရေးမဲ့ ပြောကျန်ခဲ့မဲ့ ကိုယ့်သမိုင်းမှာ ကိုယ့်ခြေရာ၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်ရပ်တည် ခဲ့မှုတွေသာ အရင်းအတိုင်း ထင်ဟပ်ကျန်ရစ်ခဲ့မှာ။ ဆိုတော့ ကိုယ်လျှောက်မဲ့လမ်းကို ကိုယ်တိုင်ရွေးချယ်တတ်ကြပါစေလို့သာ ဆန္ဒပြုမိပါတော့တယ်။

ပြင်ဆင်ချက်း အစိမ်းလေးက မျက်မှန်ပါတယ်ဆိုလို့ ပြန်ပြီး မျက်လုံးပြူးကြည့်ရတယ်။
                    အသားရောင် ဘရာလေးတော့ပါသေးတယ်လို့ ပြင်ဆင်ဖတ်ရှု့ကြပါကုန်...





မှတ်ချက်။ ။ သိက္ခာရှိရှိ လုပ်ကိုင်ရပ်တည်နေကြတဲ့ မော်ဒယ်များကို မဆိုလိုပါ။

Monday, February 6, 2012

တို့ငယ်ငယ်တုန်းအရွယ် (တက်ဂ်ပို့စ်)

ကျွန်မကို အင်္ဂလိပ်လို မတ်လ ၂၅၊ မြန်မာလိုတော့ နှောင်းတန်ခူး လပြည့်ကျော် ၆ရက်နေ့ (ထင်ပါရဲ့ ၆လား၊ ၈လား မသေချာ) မှာ မွေးခဲ့တယ်။ ဗဟန်းသူ စစ်လိုက်သမှ မွေးတာကိုက တာဝါလိန်းလမ်းက ဒေါ်ခင်ကြည်ဆေးရုံမှာ မွေးခဲ့တာ။ မနက်ကတည်းက ဗိုက်နာနေတဲ့ အမေဟာ တော်တော်နဲ့ မမွေးနိုင်သေးဘဲ ဧည့်ချိန်လွန်လို့  ညနေ၆နာရီခွဲကျော်မှ (ကျွန်မက အမေ့ဗိုက်ထဲက ထွက်တော့)  မွေးတာမို့ အပျိုဗိုက်ဆိုတော့ ရှက်နေလို့နေမှာလို့ ပြောကြသတဲ့။

ကျွန်မက သူများတွေထက်စောပြီး စကားစပြောသတဲ့။ ဗလုံးဗထွေးမဟုတ်ဘဲ ပီပီသသ၊ မြန်မြန်ဆန်ဆန် ပြောတတ်ခဲ့တယ်။ လမ်းလည်း အစောကြီး လျှောက်တတ်ခဲ့တယ်လို့ အမေ က ပြောလေ့ ရှိတယ်။နှစ်ထပ် တိုက်ခံအိမ်ကလေးမှာရှိတဲ့ လှေကားထစ်တွေကို ယိုင်ထိုးယိုင်ထိုး နဲ့  ပြေးဆင်း ပြေးတက်တတ်တာမို့ အိမ်ကအဖွားခမျာ ကံကောင်းလို့ နှလုံးရောဂါ မရတာတဲ့လေ။ ကျွန်မက ငယ်ကတည်းက လုံးလုံးကျစ်ကျစ်လေးပေမဲ့ ကျွန်မအောက် တစ်နှစ်သာခြားတဲ့ ညီမလေးကျတော့ အိအိပုံ့ပုံ့ကြီးမို့ သူ့ကို အိပိုကြီးလို့ ငယ်နာမည်တွင်ပြီး ချစ်စနိုးခေါ်ကြတယ်။ သူက အနေလည်းအေးတယ်။ ကျွန်မလို စကားမများဘူးတဲ့လေ။ ကြမ်းပြင်ပေါ်များချထားလိုက်ရင် အရုပ်ကြီးပစ်ချထားသလိုပဲတဲ့။ ကျွန်မ မနာလိုလိုက်ပုံက ညီမလေးကျတော့ အိပိုလို့ ခေါ်တယ်၊ သယ်ရီးကိုကျတော့ရောလို့ မေးသတဲ့။ (ကျွန်မက ကိုယ့်ကိုယ်ကို သမီး သမီးလို့ ပြောရာက အချွဲလွန်ပြီး သယ်ရီးလို့ ဖြစ်သွားတာလေ) ငါ့သမီးက အတတ်လွန်လွန်းလို့ လည်လွန်းလို့ ဘေးအိမ်က ဘဘကြီးက မိန်းမလည် သိန်းကြွယ်လေးလို့ ခေါ်တယ်လေ။ ဒီတော့ ငါ့သမီးနာမည်က သိန်းကြွယ်လေးလေ တဲ့ အမေက။ ကဗျာမဆန်လိုက်ပုံများ။

ကျွန်မ မူကြိုတက်တော့ အဒေါ်အပျိုကြီးပဲ ကြို ပို့ လုပ်ရတာ။ ညနေတိုင်း အပြန်လမ်းမှာ မူကြိုက သင်လိုက်သမျှ အဒေါ်ကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ပြန်ရွတ်ပြရတာ။ အဒေါ်က သဘောတွေကို ကျလို့ပေါ့။ ကျွန်မက ဉာဏ်ကောင်းတယ်။ ဉာဏ်ကောင်းသူတို့ ထုံးစံ ပျင်းလည်း ပျင်းတယ်။ အဆော့မက်လွန်းလို့ တစ်ကိုယ်လုံးလည်း ဒဏ်ရာချည်းပါပဲ။ မှတ်မိသေးတယ်။ မူကြိုကျောင်းမှာ ဗိုလ်အုန်းသီးကားမောင်းတာ။ ကျွန်မက ရှေ့ကမောင်း၊ တစ်ယောက်က နောက်ကနေ တွန်း။ နှေးလိုက်တာ၊ အမြန်တွန်းပေးစမ်းပါ ဆိုတော့ နောက်က တစ်ယောက်က အားကုန်တွန်း၊ ကျွန်မကလည်း နင်းနဲ့ မူကြိုကျောင်းနံရံနဲ့ ဗိုလ်အုန်းသီးဝင်ဆောင့်လို့ ကျွန်မ ခြေသည်းခွံ ကျွတ်ထွက်သွားမှပဲ တစ်စခန်းရပ် သွားတော့တယ်။ ကိုယ့်ဘာသာဖြစ်တာမို့ ကျွန်မက မငိုဘူး၊ အံကြိတ်ခံခဲ့သတဲ့။ ဇ ကလေးနဲ့ပေါ့၊ မာလိုက်တဲ့ ခေါင်းဆိုတာ။

ငယ်ငယ်က  ညီမလေးနဲ့ အတူနေရတာ ခဏလေးပါပဲ။ နောက်တော့ အမေ့ဘက်က အဖွားက ညီမလေးကို လာခေါ်သွားတယ်။ ကျွန်မကတော့ အဖေဘက်က အဖိုးအဖွားတွေနဲ့ ကျန်ခဲ့ တာပေါ့။ ကျောင်းပိတ်ရက်တွေမှာ အမေတို့၊ ကျွန်မတို့နဲ့ တွေ့ဖို့ ညီမလေးကို အဖွားက ပြန်လာပို့တယ်။ အဲဒီမှာ ကျွန်မရဲ့ ဉာဉ်ဆိုး ပေါ်တော့တာပဲ။ လူကြီးတွေက တခါတလေမှ လာတဲ့ ညီမလေးကို ၀ိုင်းချစ်ကြ၊ အရေးပေးကြဆိုတော့ ကျွန်မက ဗိုလ်ပြုတ်တဲ့ ဘ၀မှာ မဖြေသာဘူး ထင်ပါရဲ့။ လူကြီးတွေ လစ်ရင် လစ်သလို အငယ်မကို တွန်းချ၊ ဆံပင်ဆွဲ လုပ်တော့တာပဲ။ အငယ်မက အေးရှာတယ်။ ပြန်မလုပ်ဘူး၊ ငယ်သေးလို့လည်း ပါ ပါလိမ့်မယ်။ နောက်တော့ လေးတန်းနှစ်မှာ သူ့ကို ပြန်ခေါ်ထားတာ၊ ကျွန်မက ဒဂုံ ၂၊ သူ့ကို လသာ ၂ မှာ အဲလို ကျောင်းခွဲထားကြတယ်။ ညီအစ်မ ၂ယောက် ညအတူ အိပ်ကြတဲ့အခါ နှစ်ယောက်အိပ်ခြင်ထောင်ထဲမှာ ရန်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လည်း စကားပြောနေကြရင်း အူမြူးစရာတွေ့ရင် တဟီးဟီး တဟားဟား တော်တော်နဲ့ မအိပ်ကြဘဲ ရှိနေတတ်ကြပြန်တယ်။

နောက် မောင်လေးတစ်ယောက် ထပ်မွေးတယ်။ နောက် ညီမလေး တစ်ယောက်၊ ဒီလိုနဲ့ ကျွန်မတို့မှာ မောင်နှမ ၆ ယောက် ရှိလာခဲ့တယ်။ ကျွန်မက သူတို့တွေရဲ့ ချေးနှီး သေးနှီးတွေ အမေ့ကို ကူလျှော်ပေးဖူးတယ်။ လျှော်တုန်းကတော့ ချောလို့၊ ထမင်းစားချိန်ကျမှ လက်တွေက စပ်တော့တာ။ အဲတော့မှ လက်တွေ ပွန်းကုန်မှန်း သိတယ်။ ကျွန်မလက်တွေက အရည်ပါးလွန်းတာကိုး။ ဒါနဲ့ နောက်တော့ အမေက ပေးမလျှော်တော့ဘူး၊ လူငှားခေါ်လျှော်တယ်။ အဲဒီကတည်းက ကျွန်မကို ဘာမှ မခိုင်းတော့တာ။ လေးတန်းရောက်လို့ ညီမလေးက ထမင်းအိုးတည်တတ်နေချိန်မှာ ကျွန်မက ဘာမှ မတတ်သေးဘူး။ အဖိုးကတော့ ကျွန်မကို အသည်းကျော်မို့ အရမ်း အလိုလိုက်တယ်။ ကျွန်မမျက်နှာ နဲနဲမှ အညိုမခံတာမို့ ကျွန်မ ဆိုးသမျှ အဖိုးကြောင့်လို့ အဖွားက ပြောလေ့ရှိတယ်။

ခုမှသာ အိပ်ရေးမက်နေတာ။ ကျွန်မတို့ မောင်နှမတွေ ငယ်တုန်းကဆို ဆောင်းတွင်းရောက်တိုင်း " စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက် ကြပါစို့"ဆိုတဲ့ လော်စပီကာကိုတောင် သနားသေးတယ်။ မနက် လေးနာရီလောက်ကတည်းက မောင်နှမတွေ တစ်ချွတ်ချွတ်နဲ့ ဝေါ့ကင်းရှူး ၀တ်သူဝတ်၊ ဘောင်းဘီရှည် လဲသူလဲ၊ လူကြီးတွေ နိုးလာရင် ဆူမှာစိုးလို့ အသံအုပ်အုပ်နဲ့ ပြောပြီး ကန်တော်ကြီး လမ်းပတ်လျှောက်ဖို့ ပြင်ကြတာ။ မနက်လင်းတော့မှ ကန်ဘေး၊ သိမ်ဖြူကွင်းဘေးက အကြော် တဲလေးမှာ အကြော်ဝယ်စားပြီး အိမ်ပြန်ကြတယ်။ အကြော်ကပူပူ လုစားကြရင်း ပါးစပ်ဟလိုက်တိုင်း ထွက်လာတဲ့ အာငွေ့ဖြူဖြူတွေနဲ့ တစ်ယောက်မျက်နှာကို တစ်ယောက် မှုတ်ထုတ်တတ်ကြသေးတယ်။ ဗိုလ်ချုပ်ကြေးရုပ်နားရောက်တိုင်းလည်း ဗိုလ်ချုပ်မျက်နှာကို အမြဲ   မော့ကြည့် ခဲ့ကြတာ။

ကျွန်မတို့ ညီအစ်မ အကြောက်ဆုံးကတော့ အမေ ၀မ်းနှုတ်ဆေးတိုက်တဲ့ညပဲ။ ၀မ်းနှုတ်ဆေးတိုက်မဲ့ညဆို အမေက ဆေးလေးတွေကို လုံးထားတတ်တယ်။ အဲလိုညဆို မတိုင်ပင်ရပါဘဲ ညီအစ်မနှစ်ယောက် မသိချင်ယောင်ဆောင်ပြီး အိပ်ရာ အစောကြီး ၀င်ကြတယ်။ အမေက " ဟိုနှစ်ယောက် ခြင်ထောင်ထဲက ထွက်ခဲ့ကြ"ဆိုမှ လေးလေးကန်ကန် အိပ်ချင်မူးတူးကြီးထွက်လာရသလို ပုံမျိုးနဲ့ ခြင်ထောင်ထဲက ထွက်လာ ကြတယ်။ ညီအစ်မ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စပ်ဖြဲဖြဲကြည့်ရင်း ငါတို့ထက်လည်လို့ ငါတို့အမေဖြစ်တာဟဆိုတဲ့ မျက်နှာပေးတွေနဲ့ပေါ့။

အမေလုံးထားတဲ့ မဟာမြိုင်တေဆေးကြီးဆိုတာက အနံ့နဲ့တင် လူက ပျို့တက်ချင်နေပြီ။ အမေက ဟ ဆိုတော့ ပါးစပ်ဟပေးပြီး မြိုချပြီးတာနဲ့ ရေတိုက်တာပဲ။ ဒါပေမဲ့ အဲဒီတေဆေးအလုံးက လည်ချောင်းထဲရောက်ပြီး ဝေါ့ကနဲ ပြန်ထွက်လာတော့တာ။ ၀င်သွားတုန်းက ဆေးလုံးဟာ ပြန်ထွက် လာတော့ အပြားလိုက်ကြီး။ အမေက ပြန်လုံး၊ ပြန်တိုက်နဲ့ ကုလားသိုက် ကျားဝင်ကိုက် ဆိုတာလို ပွက်လောရိုက်နေတော့တာ။ နောက်တော့ ၀မ်းနှုတ်ဆေးတိုက်ခါနီး အနားမှာ သကြားလုံးတို့၊ ထန်းလျက်ခဲတို့ တန်းစီချထားရတယ်။

နောက်တစ်ခု မှတ်မိတာက ကျွန်မတို့ တစ်အိမ်လုံး ဖျားနာရင် မြန်မာဆေးနဲ့ပဲ ကုကြတယ်။ ဆေးဆရာကြီး ဆရာညွန့်ဆိုတာ ရှိတယ်။ ကျွန်မတို့က ဘဘညွန့်လို့ ခေါ်ကြတယ်။ ဖျားနာ၊ နှာစေး၊ အအေးမိ၊ ဘာဖြစ်ဖြစ် ဘဘညွန့်ကုပုံက ဆေးမှုန့်တွေကို ပိုက်သေးသေးလေးနဲ့ နှာခေါင်းထဲ ဖူးကနဲ မှုတ်ထည့်လိုက်တာ။ ကျွန်မတို့က အသက်မရှုဘဲ အောင့်ထားရင် ဘဘညွန့်က သိတယ်။ နင့်သမီးဟာ လူလည်မ ဆိုပြီး အသက်ရှူတဲ့ အချိန်ထိ စောင့်တယ်။ အသက်ရှူအသွင်း၊ သူက ပိုက်ကလေးကို ဖူးကနဲအမှုတ်။ ဘာပြောကောင်းမလဲ ဟိုး ဦးနှောက်ထဲအထိ မွှန်တက်သွားတာများ ခံရခက်လိုက်တာ၊ ဘာနဲ့မှ မတူဘူး။  ကျွန်မကတော့ မွှန်တက်သွားတာနဲ့ ဘဘညွန့် ကိုယ်လုံး၀၀ကြီးကို အတင်း ဖက်ထားတတ်ခဲ့တာ။ ပြီးတာနဲ့ နှာတွေချေ၊ မျက်ရည်တွေကျ၊ ချွေးတွေနဲ့ လူလည်း နေကောင်းသွားတော့တာပဲ။

မှတ်မှတ်ရရ ကျွန်မတို့ ဘဲသူခိုးဖြစ်ခဲ့ရတဲ့ အကြောင်း ပြောပြဦးမယ်။ ငမိုးကြောင့်ပေါ့။ ကျွန်မ တစ်ခါ ရေးဖူး ပါတယ်။ ကျွန်မမောင် ၀မ်းကွဲ ငမိုးအကြောင်း။ တစ်နေ့မှာ ကျွန်မတို့ မောင်နှမတွေ ဆော့နေရင်း ဘဲတစ်ကောင်က မျက်စေ့လည်ပြီး ခြံဝရှေ့တည့်တည့်ရောက်လာတယ်။ ဒါကို ငမိုးမြင်တော့ လက်ဆော့ပြီး အုတ်ခဲ နဲ့ ကောက်ထုလိုက်တာ ဘဲခမျာ ဇိကနဲ၊ ဒါပေမဲ့ သေတော့ မသေသေးဘူး။ ကျွန်မတို့မှာ ကြောက်လွန်းလို့၊ ငမိုးက ဘဲကို လည်ပင်းက ဆွဲပြီး အိမ်သာထဲ ပစ်ထည့်ထားလိုက်တာ။ ညနေကျတော့ ဘဲပိုင်ရှင်က လာမေးပါရော။ ငမိုးက ခပ်တည်တည်ပဲ၊ မတွေ့မိပါဘူးဆိုတော့ ကျွန်မတို့မှာ လည်ပင်းတွေတောင် နင်လို့။ ကျွန်မတို့ ညီအစ်မတွေမှာ ဘဲသရဲကြောက်လို့ အိမ်သာတောင် တော်တော်လေးကြာမှ တစ်ယောက်ထဲ ၀င်ရဲတယ်။ လူကြီးတွေ သိတော့ ငမိုးကို ဆူလိုက်တာမှ။ အဲဒီနေ့ညက ကျွန်မတို့အိမ်မှာ ဘဲသားဟင်းစားကြရတယ်ဆိုတာတော့ ပြောဖို့လိုမယ် မထင်တော့ပါဘူးနော်း)

ကျွန်မတို့ အိမ်နားမှာ အများပိုင် ရေတွင်းလေး တစ်တွင်းရှိတယ်။ နွေဆို ရေက အေးပြီး ဆောင်း ဆို နွေးနေတာ။ တွင်းရေက ကြည်လင်နေပြီး သိတ်လည်း မနက်တဲ့အတွက် စက်သီးတပ်ဖို့ မလိုဘဲ ကြိုးတပ်ရေပုံးနဲ့ပဲ ရေငင်ပြီး ချိုးကြတာ။ ကျွန်မအပျော်ဆုံးက မိုးတွင်းပဲ။ မိုးတွင်းရောက်ပြီဆို တွင်းရေက ခွက်နဲ့ ဒီအတိုင်း ခပ်ချိုးလို့ ရအောင် တိမ်တယ်။ လမ်းထဲက အဖော်တွေ ချိန်းပြီး ရေချိုးကြ၊ စကားပြောကြတာ သိတ်ပျော်စရာကောင်းခဲ့တာ။ တစ်နှစ်တစ်ခါ ရေတွင်းဆယ်ရင်လည်း ဟိုအိမ်ဒီအိမ်က ကောက်ညှင်းပေါင်း၊ ဆီထမင်းနဲ့ တွင်းဆယ်လုပ်အားပေးတဲ့သူတွေကို ကျွေးကြတာ။ ဘာရမလဲ ကျွန်မတို့ ကလေးတွေက လူကြီးတွေ နောက်ကနေ ကြိုးကို အတင်းလိုက်ဆွဲပြီး ရှုပ်ခဲ့ကြတာပေါ့။

အိမ်မှာ အုန်းပင်၊ သရက်ပင်၊ မာလကာသီးပင်၊ သကြားသြဇာသီးပင်တွေ ရှိတယ်။ အိမ်နောက်မှာ ငှက်ပျောပင်လည်း ရှိတယ်။ သရက်သီးက မချစ်စုမျိုးမို့ အမှည့်ထိအောင် မခံဘဲ ၀င်းရောင်လေးသမ်းတာနဲ့ ခွဲစားကြတာ။ အစိမ်းကို ဆား၊ ငံပြာရည်၊ ငြုတ်သီးမှုန့်တွေနဲ့ နယ်ပြီးစားကြတာ။ အဖွားက သေတ္တာထဲ မှာ ကောက်ရိုးခင်း၊ သရက်သီးတွေ စီပြီးထည့်၊ ပြီးမှ ထမင်းစားခါနီးတိုင်း ခွဲစားကြရတာ မှတ်မိတယ်။ သိတ်မှည့်သွားတဲ့ သရက်သီးတွေကိုတော့ အဖွားက ပိတ်ပါးနဲ့ အနှစ်တိုက်ပြီး သရက်ပြဉ် လုပ်ကျွေးလေ့ရှိတယ်။ သရက်ပွင့်တွေ ဝေနေပြီဆို ကျွန်မတို့တွေ အပင်ပေါ်တမော့မော့ ဖြစ်ကြပြီ။ အသီးသီးလို့ ခူးချိန်တန်ရင် ခူးပြီး အိမ်နီးချင်းတွေ ဝေပေးတဲ့အပြင် အိမ်စားဖို့ အများကြီး ပိုသေးတာ။ ကျွန်မပြန်တုန်းကတော့ အဖွားက ပြောတယ်။ အသီးလျော့သွားပြီတဲ့။ ဒါပေါ့လေ သူလည်းပဲ ဇရာချိန်ရောက် ပြီကိုး။

ဆော့တာကို ပြောရရင် အစုံပဲ။ ကုလားမစည်း နင်းမလား၊ ထုပ်စည်းတိုး မလား၊ ကြွေပန်း ကန် စေ့တွေ ထောင်ပြီး ဂေါ်လီပစ်မလား၊ ကျင်းတူးပြီး ဂေါ်လီ ကျင်းစိမ်မလား။ သြဇာစေ့တောက်မလား၊ ကျောက်စလစ်ခဲ အရွယ်ညီ လုံးချောလေးတွေ ကောက်ပြီး ဇယ်ခုတ်မလား၊ ဖိနပ်တွေ နှစ်ဘက်တန်းစီပြီး "ကလင်-ကလောင်-ကလက် ချဉ်ပေါင်ရွက်"ဆိုပြီး အမျိုးမျိုးခုန်ဆော့မလား။ လူတွေ နှစ်ဖွဲ့ခွဲ၊ တစ်ဘက်စီမှာ တန်းစီခြေဆင်းထိုင်ပြီး "လိပ်ဥပျောက်လို့ လိပ်မရှာ၊ သူ့ခမျာ ငိုမဲ့ ငိုမဲ့"လို့ ၀ိုင်းအော်ကြရတဲ့ လိပ်ဥဖွက်တမ်း ဆော့မလား။ " ရွှေစွန်ညို ဘာကိုလိုလို့ ၀ဲပါတယ်၊ မထွေးလိုလို့ ၀ဲပါတယ်" ဆိုတဲ့  ရွှေစွန်ညို ဆော့မလား။ သားရေပင်ကြိုး ခုန်မလား အို...တကယ်ကို စုံနေတာပဲ။ ဒါတောင် ကျောင်းမှာ ဆော့ကြတာ မပါသေးဘူး။ ကျွန်မက အဖော်တွေ မလာသေးလည်း တစ်ယောက်ထဲ ဒိုးနှစ်ပြားနဲ့ ကုလားမစည်း နင်းချင် နင်းနေတတ်တာ။ ဟိုဘက် ဒီဘက် သစ်ပင်နှစ်ပင်မှာ သားရေပင်ကြိုးချည်ပြီး တစ်ယောက်ထဲ ဆော့ချင် ဆော့နေတတ်တာ။ အိမ်မှာနေရင်း ကာတွန်းဖတ်၊ ပုံဆွဲနေတဲ့ အခါလည်း ရှိတယ်။ မောင်နှမတွေ စုံကြလို့ ကတမ်းခုန်တမ်းကစားတဲ့အခါ အမေ့ထမီယူဝတ်၊ အမေ့ပုဝါကို ခေါင်းမှာချည်ပြီး ပိုတဲ့အစကို လိမ်ပြီး ဆံပင်လုပ်ချထားတတ်တာ။ "အားပေးကြပါဦးရှင် အကိုကြီးများရဲ့ မိမော်လွင်" ဆိုတဲ့ သီချင်း၊ "မောင် အလုပ်သမားဆိုရင် မေကပင် စတင် ချစ် ချစ်ပါရစေ" ဆိုတဲ့ သီချင်းမျိုးတွေနဲ့ ဆိုခဲ့၊ ကခဲ့ကြတာ။

ခုခေတ်ကလေးတွေ ဒီသီချင်းတွေ ဘယ်သိနိုင်တော့မှာလဲနော်။ အဲဒီလိုပဲ ကျွန်မတို့တုန်း ကလို ပြေးလွှားခုန်ပေါက် ကစားကြရတာမျိုးတွေလည်း  မရှိတော့သလောက်ပါပဲ။ လွမ်းမိပါရဲ့။ ဒါပေမဲ့ ခုနေခါ ကလေးဘ၀ပြန်လိုချင်သလားမေးရင် ကျွန်မကတော့ မလိုချင်ပေါင်။ ကလေးဘ၀မှာလည်း သူ့ ဖိစီးမှုနဲ့သူ ရှိခဲ့တာပဲ မဟုတ်လား။ စာတွေကျက်ရတဲ့အခါတိုင်း စာတွေ ကျက်မှတ်စရာ မလိုတဲ့ လူကြီးဘ၀ မြန်မြန်ရောက်ချင်ခဲ့တာ။  အရွယ်သုံးပါးဆိုတာကို ဘယ်သူမဆို တစ်ခါစီတော့ ဖြစ်ခွင့် ရခဲ့ကြတာပဲ မဟုတ်လား။ ကြီးပြင်းလာခဲ့ကြရတဲ့ ပတ်ဝန်းကျင်အနေအထားတွေ၊ မိသားစုဘ၀ပေးအခြေအနေတွေကြောင့် ကွဲပြားနေတဲ့ ကလေးဘ၀ဖြတ်သန်းမှုတွေ ရှိခဲ့ကြပေမဲ့ ငယ်ဘ၀ကိုတော့ဖြင့် ဘယ်သူကမှ မေ့နိုင်ကောင်းမယ် မဟုတ်ပေဘူး။ ကျွန်မလည်း တစ်ခါတစ်လေ ငယ်ဘ၀ထဲကို ခဏတစ်ဖြုတ်တော့ ထွက်ပြေးမိတတ်ပါရဲ့။


Thursday, February 2, 2012

FROZEN


ဇီးရိုးဒီဂရီ စင်တီဂရိတ်ရဲ့အောက်  မိုင်းနပ်စ် 9.5 မှာ....
Clarence Birdseye ရဲ့ ၁၉၂၉ကစခဲ့တဲ့ စမ်းသပ်ဖြန့်ချိမှုအောက်မှာ...
စက်စွမ်းအင်နဲ့ စည်းနှောင်ပိတ်ကြပ် သေသပ်စွာထုတ်ပိုးမှုတစ်ခုရဲ့ အထဲမှာ...
ဗီတာမင်တစ်ချို့တစ်ဝက် လျော့ပါးပျောက်ဆုံးမှုတွေကြားမှာ...။   ။

အချိန်စီးမှုအလိုက် တန်ဘိုးအဖြတ်ခံကြရ...
IQF နည်းပညာတွေနဲ့ ပြောင်းလဲ စမ်းသပ် ခံခဲ့ကြရ...
မူရင်းအရသာမပျက်ယွင်းစေဘဲ အနံ့အရသာမဲ့ CMCတွေ ထည့်ဝင်ပေါင်းစပ်ခံကြရ....
Thawing လုပ်ပြီးတဲ့အခါ ၂၄နာရီထက် အပြင်မှာ ပိုမထားရန်...
သတိပေးစာတမ်းတွေလည်း ကိုယ်ပေါ်မှာ အကပ်ခံကြရ။    ။

တစ်ချိန်က...
  ဘာကောင်ကြီးပဲ ဖြစ်ခဲ့ ဖြစ်ခဲ့
တစ်လုံးပိုရှူလို့ မရတဲ့ ဘ၀တူတွေထဲမှာ
ကျုပ်တို့ဟာ....
အသက်မဲ့  မျက်နှာသေတွေနဲ့
လေးထောင့်မှန်ပုံးထဲမှာ တုန်ခိုက်အေးခဲစွာ။   ။


IQF - Individually Quick Frozen
CMC - CarboxyMethylCellulose
Thawing - Defrosting , Unfreezing