Saturday, December 15, 2012

သဘာဝတရားကြီးနဲ့ ကျွန်မတို့ လူသားတွေ

ခုတစ်လော လူက အကြည်ဓါတ်လေး ရှားပါးလာတယ်။ ကံ စိတ် ဥတု အာဟာရ ဘာညာတွေ ကြောင့်များလား၊ အသက်ပဲ မဆိုစလောက်လေး ကြီးလာလို့လား၊ လူနဲ့ လူ့ပတ်ဝန်းကျင်ရဲ့ အညမညဖြစ်စဉ်တွေဆိုတာ ရှိရဲ့နော်၊  ဒီတော့ ပတ်ဝန်းကျင်မှာ အာရုံနောက်စရာတွေပဲ သိတ်များလာလို့လား၊ အရင်က ဒီလောက်တော့ ငါ အသာလေးလုပ်နိုင်ပါတယ်ကွာ အော်ခဲ့တာတွေက ခုနေမှာ လုပ်ပြီးတဲ့အခါ အသက် ဘယ်ကထွက်ရမှန်းမသိအောင် ပင်ပန်းတတ်လာတာ၊ အရင်က ညမအိပ်လည်း ဘာမှမဖြစ်ခဲ့တဲ့ကိုယ်က ခုတော့ဘယ်လောက် အိပ်ရေးဝအောင် အိပ်အိပ် လန်းလန်းဆန်းဆန်းဖြစ် မနေတော့တာ။ ဘဝရဲ့ ဂငယ်ကွေ့မှာ ကိုယ်က အပေါ်တည့်တည့်ကို ရောက်ခဲ့ပြီ။ သူ့ကုန်းဆင်းအတိုင်း ပြန်ဆင်းရုံ ရှိတော့တာ။ ဒီနေရာမှာ ဘယ်လိုဆင်းမလဲ ဆိုတာက အရေး သိပ်ကြီးသွားပြီ။ အဆင်းတတ်မှ အကျမှာ သက်သာမယ် မဟုတ်လား။

ခုချိန်ထိ သူများဝန်ထမ်းဘဝနဲ့ နေနေရတာကိုတော့ အတော်လေး စိတ်ကုန်မိတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်မယ်တွေးပြန်တော့လည်း စိတ်ဖိအားများမဲ့ အလုပ်မျိုးကို လက်ရှောင်ချင်လာတယ်။ အေးဆေးပေါ့၊ ဘဝမှာ ငွေရှာဖို့တစ်ခုပဲ အရေးကြီးတာမှ မဟုတ်တာ။ အနားယူတဲ့အချိန်ကျရင် မြို့ပြနဲ့ ဝေးဝေးမှာ ခြံလေး ဝင်းလေးနဲ့ အပင်လေးဘာလေး စိုက်စားမယ် တွေးမိပြန်တော့ အပင်မှာ ကျတတ်တဲ့ ပိုးတွေကြောင့် ပိုးသတ်ဆေးသုံးဖို့ လိုတယ်မဟုတ်လား ဖြစ်လာရော၊ ဟာ ဒါ အကုသိုလ်အလုပ်ပဲ သတ္တဝါတွေ ကိုယ့်ကြောင့်တော့ မသေစေချင်ပါဘူး။ ဒါဆိုလည်း အပင်မစိုက်ဘဲ အေးအေးဆေးဆေး ကော်ဖီဆိုင်လေး၊ ပေ့စ်စထရီ မုန့်အချိုဆိုင်လေး တနိုင်တပိုင် ဖွင့်ရင်ရော…၊ အဲဒါတော့ မဆိုးဘူးပဲ တွေးမိတယ်။ ပြီးတော့ အားချိန်လေးမှာ စာလေးဘာလေး ရေးပေါ့။ မချမ်းသာချင်ပါဘူး။ တစ်နေ့တစ်နေ့ စားဖို့ သောက်ဖို့နဲ့ သာရေးနာရေး လှူတန်းဖို့လေး၊ သေတဲ့အခါ သေဖို့ စားရိတ်လေး ရှိရင် တော်ပြီ မှတ်တာပဲ။ ဟိုးအရင်ကတည်းက ငွေရှာဖို့၊ ချမ်းသာဖို့ဆိုတာကို ဘယ်တုန်းကမှ စိတ်ထဲ မရှိခဲ့တာ။ ခုဆို ပိုတောင် ဆိုးသေး။ စိတ်ထားတတ်ရင် ချမ်းသာတာပဲ မဟုတ်ဘူးလား။ ငွေရှိပြီး စိတ်မချမ်းသာတဲ့သူတွေမှ အပုံအပင်။

အရင်ကဆို ပစ္စည်းလေးတစ်ခုခု ကွဲရှသွားရင် နှမျောနေတတ်တာ။ နောက်တော့ တရားအလုပ်လေး လုပ်ဖြစ်လာတဲ့အခါ နှလုံးသွင်းတတ်လာတယ်။ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းလေးတစ်ခုခု ဝယ်လာပြီဆို အစကတည်းက စိတ်ထဲကနေ အကွဲအပျက်ကို ကြိုမြင်ထားလိုက်တယ်။ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းပေပဲ၊ သူ့အချိန်တန်ရင် ကွဲမှာ ရှမှာပဲလို့ စိတ်က မှတ်ထားလိုက်တာပဲ။ ဒီတော့ တကယ်လည်း ကွဲရှရော ခံနိုင်ရည် ရှိသွားတယ်။ ဂေါ်ပြားနဲ့ အသေအချာ ကြုံးပြီး အမှိုက်ပုံးထဲ နှလုံးအေးအေးနဲ့ လွှင့်ပစ်တတ်သွားတယ်။

ဒီလိုပဲ ကိုယ်ချစ်ခင်တွယ်တာရတဲ့ သူတွေအပေါ် အပျက်အစီးကို ကြိုတွေးထားတတ်လာတယ်။ အထူးသဖြင့် မိသားစုဝင်တွေ၊ အိမ်ကလူနဲ့ ဆွေမျိုးတွေအပေါ်မှာ ဆိုပါတော့။ လူဆိုတာ သေမျိုးပဲ၊ လူတိုင်း သိကြတာပဲ။ သေမျိုးမို့ သေရတာ ဆန်းသလား၊ မဆန်းဘူး။ ဒါပေမဲ့ ဖြတ်ဖို့ခက်တယ်။ ကိုယ်ချစ်ခင် တွယ်တာတဲ့ သူဆို ပိုဆိုးသေး၊ ဘယ်တော့မှပဲ မသေနိုင်တော့ဘူးလိုလို စိတ်က မှတ်တယ်။
သူတို့တွေရဲ့ အသေကို ကြိုမြင်ထားလိုက်တယ်။ စိတ်ကူးထဲမှာ ခဏခဏ သေခိုင်းလိုက်တယ်။ တစ်နေ့သေမှာပဲ ဆိုတာကို သတိရတိုင်း တွေးပေးနေလိုက်တယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ။ သေမှာပဲ၊ ဘယ်လိုသေမယ်သာ မသိတာ။ ဒီတော့ တကယ်ဖြစ်လာရင် ကြိုတွေးထားတဲ့အတိုင်း သေမျိုးမို့ သေတာပဲ မှတ်ယူနိုင်ရင် ခံစားရသက်သာမယ်။ ဒါပဲပေါ့။ ဒါပေမဲ့ ကျွန်မ သိပါတယ်။ တကယ်တမ်းရင်ဆိုင်ရတဲ့အခါ ထင်သလောက် လွယ်မယ် မဟုတ်ဘူး ဆိုတာ။ ဒါပေမဲ့ ခံသာမယ်။ အများကြီး ဖြေသာမယ်။ 

ကိုယ်သေရင်လည်း ကျောပူအောင်တောင် မထားစေချင်ဘူး။ မြန်မြန်သာ မီးရှို့ပစ်လိုက်၊ အေးတာပဲ။ အမျိုးစုံအောင် စောင့်တာတို့ ဘာတို့ လုပ်မနေနဲ့ ပြောထားရတယ်၊ အမျိုးဆိုတာက ကိုယ်သေလို့ မပုပ်ခင်သာ အမယ်လေး ဘာလေးအော်ငိုချင် ငိုမှာ၊ ပုပ်လာတာနဲ့ နှာခေါင်းရှုံ့တော့မှာ၊ အနားကပ်ရင် ကံကောင်းပဲ။ ဂူလည်း သွင်းမနေနဲ့၊ တစ်နှစ် တစ်ခါ လာလာ ပူဆွေး ရှင်းလင်း၊ ထုံးသုတ်၊ ပန်းစည်းလာချနဲ့ အဓိပ္ပါယ် မရှိဘူးလို့ ကျွန်မက ယူဆတယ်။ ကိုယ်ဟာ နောင်လာနောင်သားတွေအတွက် ဘာမှလည်း ကြီးကျယ်မြင့်မြတ်သော အမှတ်ရစရာမှ မဟုတ်ပေတာပဲ။

လူတစ်ချို့ကို ကြည့်ရတာ မောတယ်။ ဒါကြောင့် မကြည့်ဖြစ်အောင် နေတယ်။ သေချာတာက လူတစ်ဦးချင်းစီမှာ စံချိန်စံညွှန်း အတိုင်းအရှည်အတွက် မျဉ်းကြောင်းတစ်ကြောင်းစီ ရှိကြတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှာ မတူကွဲပြားတဲ့ စွမ်းရည်တွေ ရှိကြတယ်။ ဒါကို မြင်ဖို့ပဲ လိုတယ်။ ဆိုပါစို့ ကိုယ်ဟာ အလုပ်ကို ပုံမှန်သွားတယ်၊ အလုပ်ချိန် နောက်မကျအောင် အမြဲ ကြိုးစားတယ်။ အလုပ်ကို ဝတ်ကျေတန်းကျေ တာဝန်ကျေ လုပ်တယ်။ ဟိုတစ်ကောင်ကတော့ ငပျင်း၊ အလုပ်ချိန် မမှန်ဘူး၊ အမြဲ နောက်ကျတယ်၊ အလုပ်မှာလည်း အိယောင်ဝါး၊ ဆေးခွင့်ဆိုလည်း အမြဲယူတတ်လွန်းလို့ သူ့တာဝန်တွေကို တစ်ခြားသူတွေက အမြဲ ခွဲဝေယူရလေ့ရှိတယ်။ ကဲ ဆိုတော့ကာ ဒီလိုလူမျိုးနဲ့ ယှဉ်ရင် ကိုယ့်မျဉ်းကြောင်းဟာ အလိုလို ပိုရှည်သွားတော့တာ၊ ပို ရှေ့ရောက်သွားတော့တာပေါ့။ ဒါမျိုးက ဖြစ်တတ်တယ်။ ကိုယ့်မျဉ်းကြောင်းအတို အရှည်၊ ရှေ့ရောက် မရောက်ဟာ ကိုယ့်ပတ်ဝန်းကျင် က ကောင်တွေနဲ့လည်း တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်သေးတယ်။ ဟော တစ်ချို့နေရာတွေမှာကျတော့ သူက ကိုယ့်မျဉ်းကြောင်းထက် ပိုရှည်ချင် ရှည်သွားနိုင်ပြန်တာပဲ မဟုတ်လား။

ဒါကြောင့် Multiple Intelligence ဆိုတဲ့ MI မှာ လူတစ်ယောက်ဟာ ဘက်စုံတော်နိုင်ဖို့ ခဲယဉ်းတယ်။ ရှိတော့လည်း ရှိတယ်။ ရှားမယ်ပေါ့။ အဲဒီအခါ စိတ်ထားတတ်ဖို့က လိုလာပြန်တယ်။ ကိုယ့်ထက်ညံ့တဲ့အခါ သနားပါတယ်ရယ်လို့ စုတ်သပ်နိုင်ပေမဲ့ ကိုယ့်ထက်သာလွန်နေတဲ့အခါမျိုးမှာ မုဒိတာပွားဖို့ အတော်ကို ခက်တာမျိုး။ သက်သက်သာသာစိတ်ထားနိုင်ရင် ချမ်းသာတာပဲ။ ကိုယ့်ထက်သာလို့ မအိပ်နိုင် မစားနိုင်၊ သူ့အကျိုး ပျက်စီးရာ ပျက်စီးကြောင်းချည်းတွေးနေလို့ကတော့ ကိုယ့်စိတ်ဓါတ်ကျရှုံးခြင်းရဲ့ အကြောင်းရင်းပဲ ဖြစ်မှာ။

ကျွန်မတို့ မြန်မာလူမျိုးတွေကိုက အရေပြားပါးတာပဲလား။ အထိမခံနိုင်ကြဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ သွား ကြည့်လိုက်။ တစ်ခုခုဟေ့ဆို အဆဲလေးမှ မပါရင်၊ ဒေါသလေးနဲ့မှ မဖဲ့လိုက်ရရင် သမိုင်းပေး တာဝန်ကြီးပဲ မကျေတော့သလိုလို။ သူ့ ငါဆော်၊ ငါ့ သူဆော်နဲ့ ဝိုင်းကြီးပတ်ချာလည်နေကြတော့တာပဲ။ ဒီတော့ ရှေ့ မရောက်တော့ဘူးပေါ့။ ဘယ်နေရာမှာမဆို စိတ်အေးအေးထားပြီး စဉ်းစားတွေးခေါ်တာ မျိုး ဖြစ်စေ့ချင်တယ်။ နှစ်ဘက်မျှပြီး သမာသမတ်ကျကျ တွေးတတ်တာမျိုး ဖြစ်သင့်တယ်။ 

လူအတော်များများရဲ့ စိတ်ဓါတ်ဟာ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အလုပ်အပေါ်မူတည်ပြီး စိတ်ဓါတ်တွေ အရောင်ပြောင်းသွားတတ်ကြတယ်။ ဒီနေရာမှာ လက်ကိုင်ထားဖို့က ကိုယ်ချင်းစာတရားပဲ။ သိပ်ရှင်းတယ်။ ကိုယ့်ကို ဒါမျိုးလုပ်ရင် ကြိုက်ပါ့မလား၊ ကိုယ်ကမှ ဒါမျိုး မကြိုက်ဘူးဆိုရင် သူများလည်း ကြိုက်မှာ မဟုတ်ဘူးဆိုတာ အသိသာကြီးရယ်၊ တွေးနေစရာတောင် မလိုဘူး။

မိဘတားမြစ်တာကို ဇွတ်လုပ်လို့ မိဘက သားသမီးကို သွေးထွက်သံယိုဖြစ်အောင် ဆုံးမတယ် ဆိုတဲ့ ပြက်လုံးဟာ ရယ်စရာတောင် မကောင်းတော့ဘူး။ မိဘနဲ့ သားသမီးဆိုတာရဲ့ ကြားမှာ ဆက်နွယ်မှု Bonding တစ်ခု ရှိတယ်။ ဒါကြောင့်လည်း ရင်ဝယ်သားဆိုတဲ့စကား ရှိခဲ့တာ။ ရက်ရက်စက်စက် မီးလောင်ဗုံးပစ်ခွဲပြီးမှ မိဘနဲ့ သားသမီးမို့ ဆုံးမတာဆိုတဲ့ ထန်းလက်နဲ့ကာတာတော့ အတော်လေး ဦးနှောက်မဲ့တာပဲ။

တစ်နေ့ကတော့ ရင်သွေးငယ်ကို မိခင်ရဲ့သားအိမ်အပြင်ဘက်မှာ ကိုးလထိအောင်ထားပြီး လစေ့မှ မွေးနိုင် တယ်ဆိုတာကို တီဗီက ပရိုဂရမ်တစ်ခုမှာ ကြည့်လိုက်မိတယ်။ အဲဒီအတိုင်းသာဆိုရင် မိန်းမတစ်ယောက်ဟာ တစ်နှစ်အတွင်းမှာ ကလေးတွေ ၁၂ယောက်လောက် မွေးနိုင်ပြီလို့ ယူဆရတာပဲ။ အသက်ကြီးမှ အိမ်ထောင်ကျတဲ့သူတွေအတွက် အားတက်စရာသတင်းပေပ။ ဒါပေမဲ့ နင်တို့ကို ငါက ကိုးလလွယ် ဆယ်လဖွားပြီးမှ မွေးခဲ့ရတာဟဲ့ လို့တော့ မပြောနိုင်တော့ပေဘူးပေါ့။ သားသမီးနဲ့ မိဘအကြား ဆက်နွယ်မှု သံယောစဉ် လျော့ပါးများ သွားမှာလားလို့လည်း တွေးမိပါသေးတယ်။

ဘာပဲပြောပြော ခေတ်ကြီးက ကြောက်စရာကောင်းလောက်အောင် တိုးတက်လာနေတာတော့ အမှန်ပဲ။ ဒီဇင်ဘာ၂၁ရက်နေ့ကလည်း ရောက်ဖို့ သိပ်မှ မလိုတော့တာပဲ။ ကမ္ဘာကြီး မပျက်နိုင်ပါဘူးလို့ အာမခံသူတွေက ခံနေကြတာပါပဲ။ စိတ်ပူတတ်တဲ့ စိနတိုင်းသားတွေကတော့ အစားအသောက် အခြောက်အခြမ်းတွေ၊ ဖယောင်းတိုင်တွေ ဝယ်ယူစုဆောင်းနေကြလေရဲ့။ တကယ်များ ကမ္ဘာကြီးပျက်လို့က ဖယောင်းတိုင်ထွန်းဖို့ အချိန်တောင် ရလိုက်မယ် မထင်ဘူး။ ကမ္ဘာကြီး မပျက်နိုင်သေးဘူးလို့ အာမခံသူတွေဆီကလည်း အင်ရူးဝါးရန့် ကလိန်းမ်ဖို့ အချိန်ရနိုင်မယ် မဟုတ်ပေဘူး။

ကိုင်း ဖြစ်ကာမှ ဖြစ်၊ ပျက်ကာမှ ပျက်ရောပဲ။ ကျွန်မတို့ ဘလော့ဂ်ဂါတွေလည်း လျှပ်စစ်မီးပျက်ကာမှ၊ ကီးဘုတ်မျိုးတုန်းကာမှ အရေးရပ်ကြပါစို့ရဲ့….။ အရေးကြီးတာက ကွဲတတ်ရှတတ် ဖျားနာတတ်တဲ့၊ အစိုးမရတဲ့ သဘာဝတရားကြီးကို နားလည်တတ်ဖို့၊ စိတ်ထားတတ်ဖို့နဲ့ ကိုယ်ချင်းစာတရားထားကြဖို့ပဲ မဟုတ်ဘူးလားရှင်….


15 comments:

သတိုး said...

ကိုင်း ဖြစ်ကာမှ ဖြစ်၊ ပျက်ကာမှ ပျက်ရောပဲ။ ကျွန်မတို့ ဘလော့ဂ်ဂါတွေလည်း လျှပ်စစ်မီးပျက်ကာမှ၊ ကီးဘုတ်မျိုးတုန်းကာမှ အရေးရပ်ကြပါစို့ရဲ့….။
အားပေးတယ် မချစ်ကြည်ရေ။ ကျွန်တော်တို့လည်း အဲလိုပဲ တွေးထားတယ်။
ငယ်ငယ်တုန်းက ဆိုရင် ဆင်ခြေ ပေးမိမှာဖြစ်ပေမယ့် ခုနေမှာတော့ မချစ်ကြည်ရဲ့ အတွေးများစွာက တိုက်ဆိုင်လက်ခံချင်စရာ၊ ဆင်ခြင် ကျင့်ကြံချင်စရာမို့ ကျေးဇူးတင်ကြောင်းပါး))

mstint said...

အမှန်တရားတွေချည်းပဲပေါ့ မချစ်ရေ။ ပြီးပြည့်စုံသူဆိုတာ လောကကြီးထဲမှာ ရှာမှရှားပါ။ အေးအေးချမ်းချမ်းလေးနေချင်ရင် တီတင့်တို့အနားလာနေ ညည တိတ်ဆိတ်တာ စုံမြိုင်တောဂနိုင်ထဲရောက်နေသလား မှတ်တယ်း)
မချစ်ပြောသလို ကီးဘုတ်မျိုး မတုန်းခင် ကိုယ်တုန်းမှာတော့ သေချာသလောက်ပဲ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Ingjin Thant said...

အမချစ် ရေ....ကိုယ်ချစ်ခင်တွယ်တာရတဲ့သူတွေ၊ မိသားစုဝင်တွေ၊ ဆွေမျိုးတွေအပေါ် သူတို့ရဲ့အသေကို ကြိုတွေးထားကြည့်လိုက်တယ်ဆိုတဲ့ အသိလေးကို ရလို့ ကျေးဇူးပဲ....
ဒါပေမယ့် ဖတ်နေရင်းနဲ့ ခဏရပ်ပြီး အဲလိုတွေးကြည့်လိုက်တော့တောင် တော်တော်တုန်လှုပ်မိတယ်....
အမချစ် ပြောသလိုပဲ လူဆိုတာ သေမျိုးချည်းပဲ ဆိုတဲ့ အသိတရားလေးကို နှလုံးသွင်းပြီး ခဏ ခဏ ဆင်ခြင်ကြည့်ရမှာပေါ့...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အဲ့လိုစိတ်လေး ထားကြည့်လိုက်တော့ တော်တော်နေသာတယ် ဆိုတာ အမှန်ပဲအစ်မ၊ မထားမဖြစ်လို့ ထားလိုက်ရတာတောင် တော်တော်လေး နေသာရင် ထားတတ်လို့ ထားရင် ဖိစီးမှုတွေ နည်းသွားမယ် ဆိုတာ ပြောစရာ မလိုတော့ဘူးပေါ့နော့ .. ဘာဖြစ်ဖြစ် အသက်ရှိနေစဉ်မှာ လုပ်စရာလေးတွေလုပ်ရင်း သေနေ့ကို စောင့်နေကြတာပေါ့..

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မချစ်.
သားသမီးနဲ့မိဘ ဥပမာလေးတော့ ကြိုက်တယ် အစ်မချစ်ရေ..
FBကြီးကလည်း တရားယူရင် တကယ်ကို တရားကျစရာကောင်းတယ်နော်
FBပေါ်ကနေ လူတစ်ချို့ရဲ့ စိတ်ဓာတ်တွေ ကွက်ကွက်ကွင်းကွင်း ပေါ်လာတာမျိုးလည်း ရှိတယ်။ တစ်ချို့တွေကို အစ်မချစ်ပြောသလို စိတ်ပျက်မိတာ အမှန်ပါ။
ကမ္ဘာကြီးပျက်လည်း ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ..
တစ်ကမ္ဘာလုံးပျက်မှာဘဲဆိုတော့ ပူတော့ပါဘူး အေးဆေးပါဘဲ..
ရှောင်လွဲလို့မရင် ပြေးတွေ့ရုံရှိတာဘဲ မဟုတ်လားနော်...

blackroze said...

ဟုတ်တယ်မကြီးချစ်ရေ
ဖဘ ကြီးကတော့ကျွတ်ကျွတ်ညံနေတော့တာပါဘဲ
တခါတလေ ကောမက်ရေးပြီးရင်တောင်
post မလုပ်ရဲဘူး..
တော်ကြာငါ့လာဆဲနေမှ ဒုက္ခဆိုပြီး
ပြန်ဖျက်လိုက်ရတာရှိသေးရဲ့

Vista said...

ကီးဘုတ်မျိုးတုန်းခါနီးပါပီ ဟောလိုဂရမ်လာတော့မှာ ဒါမယ့်အရေးရပ်စရာမလိုပါဘု ပိုလို့ တောင်လွယ်အုံးမယ် ဟိဟိ

မိုးငွေ့........ said...

your words = my feeling
thanks for the post sis...

MrDBA said...

မေတ္တာဖြင့် ....

ဇွန်မိုးစက် said...

ဖတ်နေရင်းနဲ့ အတွေးတွေက တစ်သီတစ်တန်းကြီး ဖြစ်လာတယ်။ အစ်မနဲ့ အမြင်ချင်းတူနေလို့လား မသိဘူး၊ ဒီပို့စ်လေးကို သိပ်ကြိုက်တယ်။
မတွေ့တာ ကြာပြီနော်။ အစားအသောက်၊ အနေအထိုင်၊ ကျန်းမာရေး အစစ ဂရုစိုက်ပါနော် မချစ်။း)


ချစ်ခင်သတိရစွာဖြင့်
ညီမဇွန်



မိုးနတ်ကြယ်စင် said...

ပို့စ်လေးက ရေးထားတာ ပြေပြစ်ညက်ညောလိုက်တာ အမရယ်..
ရေးထားတာလဲကောင်းသလို တွေးထားတာလေးတွေလဲ အရမ်းကိုသဘောကျ
မိတယ်...ပို့စ်လေးက အရှည်ကြီးမဟုတ်ပဲနဲ့ ပြီးပြည့်စုံသလို ခံစားရတယ်
ရေးသူကလဲ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ ကိုရောက်အောင်ရေးနိုင်တယ်..
ဖတ်သူအတွက်ကလဲ ကိုယ်တိုင်တွေ့ကြုံနေရတဲ့ အဖြစ်အပျက်တွေနဲ့ဆင်တာမို့
မိုးနတ်ဖြင့် သဘောကျလှချည်သေးရဲ့...ဖွဘုတ်အကြောင်းတော့မပြောနဲ့အမ
ဆိုးလွန်းတယ်..မိုးနတ်ဆို ကိုယ့် profile မှာ ဘာမှကိုတင်မထားဘူး
အေးရော...သတင်းတွေဝင်ကြည့်တယ်..ကိုယ်ကြည့်ချင်တဲ့ဆိုက်တွေ
ပြောင်းကြည့်တယ်....ရှဲချင်တာရှိရှဲမယ်..ကျန်တာတွေတော့ အားလုံး
အငြိမ်းပဲထားလိုက်တယ်..အုံးစားမခံနိုင်လို့ပါ...
ချစ်တဲ့....မိုးနတ်

ညီလင်းသစ် said...

ကြိုက်တယ် အစ်မချစ်..၊ ဒီပို့စ်ထဲက လေနဲ့လက်ကို ငြိနေလို့လည်း ဒီဘလော့ဂ်ကို လာလာဖတ်နေရတာ...၊း)

ပါးစပ်ထဲ လက်ဖက်လေးတစ်ရိုး၊ ပုခုံးပေါ် ယောဂီတဘက်လေး တစ်ထည်၊ ဘေးမှာတော့ လက်ပ်တော့ပ်လေး အသာချလို့ စကားစမြည် ပြောနေ သလိုပဲ၊း) တရားသဘောနဲ့မော်ဒန်အမြင်ကို ဘယ်တစ်ဖက်၊ ညတစ်ဖက် နင်းသွားတဲ့ ပို့စ်ထဲမှာ အတွေးတူလို့ အတူတွေးချင်တာတွေ အများကြီးပဲ...။

မေဇင် said...

ဖတ်လို့ သိပ်ကောင်းတာပဲ။ အမချစ်ရဲ့ အတွေး အမြင်လေးတွေကို တော်တော်သဘောကျမိတယ်။

~ဏီလင်းညို~ said...

ကိုညီပြောသွားတာလေး သဘောကျမိတယ်...။
ခေါင်းတငြိမ့်ငြိမ့်နဲ့ဖတ်သွားတယ် အစ်မ...
ကျွန်တော်လည်း တစ်ခါတစ်ခါ... စိတ်အခန့်မသင့်စရာကြုံလာတိုင်း... သြော်... သူဟာ...ငါမှ မဟုတ်တာပဲလေ။ ငါ့လိုမျိုး ဘယ်တွေးမိပါ့မလဲလို့ ဖြေတွေးတွေ တွေးပေးမိတတ်လာတယ်...

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

san htun said...

မမချစ်ရဲ့ ဒီလိုအရေးအသားတွေကို နှစ်သက်တာ..း)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်