Saturday, December 8, 2012

ဒီဇင်ဘာထဲက ကျွန်မတို့တစ်တွေ

ဒီဇင်ဘာလ ရောက်လာပြန်ပါပြီ။ နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့အပြင် ခရစ်စမတ် ပိတ်ရက်၊ နှစ်သစ်ကူး ပိတ်ရက်နဲ့ တစ်ချို့နိုင်ငံတွေမှာ ဒီဇင်ဘာ ၂၆ရက်ကိုတောင် Boxing Day ဆိုပြီး ပိတ်တတ်ပါသေးတယ်။ အဲဒီလို ပိတ်ရက်တွေအများကြီးရှိတာမို့ ကျွန်မတို့လို ရုံးသမားတွေအတွက် မျှော်ရတဲ့လလည်း ဖြစ်တယ်။ တစ်နှစ်လုံးအတွက် မသုံးရသေးတဲ့ခွင့်ရက်တွေရှင်းရင်း အလုပ်က ခဏနားချင်လည်း နား၊ အမေနဲ့ရွာကို လွမ်းလို့ အိမ် ပြန်ချင်ပြန်၊ ခရီးလေးဘာလေးလည်း သွားချင်သွားနိုင်တဲ့ လမို့ ပျော်ရတဲ့လလည်း ဖြစ်ပါတယ်။

နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တာမို့ ခဏကလေးရပ်ပြီး နောက်ပြန်လှည့်ကြည့်ခွင့်ရတဲ့ လဖြစ်သလို ရှေ့ကို မျှော်ကြည့်မိတဲ့ လလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာမှာ ကိုယ် ဘာတွေများ လုပ်ခဲ့ပါလိမ့်၊ မျှော်မှန်းထားခဲ့တဲ့ ရည်ရွယ်တာတွေ လုပ်ဖြစ်ခဲ့သလား၊ ကိုယ့်အတွက် ဘာတွေများ တိုးပွားလာသလဲ၊ ဆုတ်ယုတ်သွားခဲ့သလဲ၊ အများအတွက် မိသားစုအတွက် ဘာတွေများ လုပ်ပေးနိုင်ခဲ့သလဲ။ လာမဲ့နှစ်အတွက် ရီစလူးရှင်းက ဘာလဲ….။ အဲသလို ခဏရပ်လို့ နဖူးပေါ် လက်တင်တင်၊ လက်ပေါ် နဖူးတင်တင်၊ ပက်လက် မှောက်ရက် ကြိုက်သလို စဉ်းစားကြည့်နိုင်တယ် မဟုတ်လားရှင်။

တရားသဘောနဲ့ ကြည့်မယ်ဆို ကွေးသောလက် မဆန့်ခင်လို့ လက်ခံထားပေမဲ့ မနက်ဖြန်တော့ မသေနိုင်သေးဘူးလို့ ကျွန်မတို့စိတ်ထဲက ယုံကြည်နေတတ်ကြသေးတော့ ပလန်တွေ စီကာစဉ်ကာ ချမှတ်လုပ်ဆောင်တတ်ကြလေတာ။ မနက်ဖြန်မပြောနဲ့ နောက်နှစ် နောက်နှစ်တွေအတွက်တောင် စိတ်ကူးထားတတ်ကြတာမို့ အချိန်မရွေး သေနိုင်တယ်ဆိုတဲ့ တရားသဘောက အာရုံထဲမှာ ကွယ်နေတတ်တာ။ သေကာမှ သေရော၊ အလုပ်ထဲမှာကိုက ကြိုတင်စီစဉ်မှုတွေနဲ့ အသားကျနေတဲ့ ကျွန်မတို့တစ်တွေမှာ လက်တွေ့ဘဝအတွက်လည်း စိတ်ကူးနဲ့ အစီအစဉ်တွေ အမြဲပဲ ရှိနေတတ်ကြပါတယ်။

ထားပါတော့လေ။ ကျွန်မပြောချင်တာက ဒီဇင်ဘာအကြောင်းပါ။ ဒီဇင်ဘာမှာ ပိတ်ရက်တွေများ၊ ခွင့်ရက်တွေ ရှင်းနဲ့ အလုပ်တက်ရက် နည်းသလို ပျော်စရာနောက်တစ်ခုက Year-end Bonus တွေ ရတတ်တာလည်း ပါပါတယ်။ ကျွန်မတို့ ရုံးဆိုရင် ဘောနပ်စ်အပြင် ရှော့ပင်းဗောက်ချာတွေ လည်း ပေးတတ်ပါသေးတယ်။ ဝန်ထမ်းတွေ ခရစ်စမတ်ဈေးဝယ်ဖို့ဆိုပြီး တစ်ယောက်ကို ဒေါ်လာ၅၀၀ဖိုးစီ ဒီဇင်ဘာ ၂၃-၂၄လောက်မှာ ပေးလေ့ရှိပါတယ်။ ဆိုတော့ ဒီဇင်ဘာဟာ ဝန်ထမ်းအများစု အိတ်ဖောင်းတဲ့ လမို့  “ပျော်တာပေါ့ အမေရယ်”လို့ သီချင်းလေး ညည်းနိုင်တဲ့လလည်း ဖြစ်တယ်ပေါ့ရှင်။

ခဏကလေး….။ အဆုံးထိမပျော်ခင် မီးပွိုင့်မှာ မီးနီဖြတ်ကူးသလို ရပ်-ကြည့်-သွားလုပ်ရမဲ့ ကိစ္စလေး ရှိသေးတယ်။ အဲဒါကဘာလဲဆိုတော့ အယုံမလွယ်မိကြဖို့ပဲ။ ရှင်းပါမယ်…၊ ဒီလိုပါ…။

ဒီဇင်ဘာမှာ ကုန်တိုက်တွေက စ၊ လမ်းဘေးဈေးသည်တွေအထိ Year-end sales တွေကလည်း များပါ့။ ဘယ်နေရာ ကြည့်လိုက် ကြည့်လိုက် လျှော့ဈေးဆိုတာချည်းပါပဲ။ လက်ထဲ ငွေလေးကလည်း ရှိနေ၊ ဟိုကလည်း လာပါ ယူပါ နှစ်ကျပ်ခွဲ အော်နေ ဆိုတော့ကာ… အဲဒီမှာ ပါသွားတတ်တာပါပဲ။

တစ်နှစ်လုံး လိုချင်လွန်းလို့ အရိပ်တကြည့်ကြည့် လုပ်လာတဲ့၊ ကိုယ်ကြိုက်တဲ့ ပစ္စည်းကလေးများ ဈေးချထားတဲ့အထဲ ပါနေလို့ကတော့ ကောက်ဝယ်ပြီးသားပဲ မဟုတ်လား။ မူရင်းဈေးကိုလည်း သိနေတယ်၊ အခု ချထားတဲ့ ဈေးကလည်း ထက်ဝက်လောက်မို့ အတော်တန်နေတယ်ဆိုရင်တော့ ဝယ်ပါ၊ ကောင်းပါတယ်။ ကိုယ်နှစ်သက်လို့ ဝယ်မယ်လို့ ရည်ရွယ်ထားတဲ့ပစ္စည်းကို ဈေးတန်လို့ ဝယ်လိုက်တာက အကြောင်းမဟုတ်ပေမဲ့ ရည်ရွယ်ထားတာလည်း မဟုတ်၊ တကယ်လိုအပ်နေတာလည်း မဟုတ်ဘဲ ဝယ်ဖြစ်သွားတာမျိုးတွေ။ များသောအားဖြင့် ဖြစ်တတ်တာက တန်လိုက်တာဟဲ့ ဆိုပြီး ကျွန်မတို့ ကောက်ဝယ်လာတတ်ကြတာပဲ မဟုတ်လား။ 

Free gift ဆိုတာကလည်း ကျွန်မတို့ကို တွေဝေစေတဲ့ အလဲထိုးမှုတစ်ခုပါပဲ။ အဲဒီလို Free ပေးတတ်တဲ့ ပစ္စည်းသေးသေးမွှားမွှားလေးတွေက သိပ်အသုံးမတည့်လှတဲ့ တိုလီမုတ်စလေးတွေ ဖြစ်နေတတ်ပါတယ်။ ကျွန်မတို့က အလကားရတာဆိုတာမျိုးဆို သိပ်မက်မောတတ်ကြတာကလား။  ပစ္စည်းတစ်ခုမှာ သူ့တန်ရာတန်ကြေးက ရှိနေပြီးသားပါ။ ပေးထားတဲ့ အလကားအတွက် အခြားပစ္စည်းတစ်ခုအပေါ်မှာ ကာဗာဖြစ်ထားပြီးသားပါ။ ဒါကြောင့် သိထားရမှာက လောကမှာ ဘယ်အရာမှ အလကားမရဘူးဆိုတာပါပဲ။
 
ပြန်စဉ်းစားကြည့်ပါဦး။ ကျွန်မတို့အိမ်မှာ မလိုအပ်ဘဲ ဝယ်လာပြီး ချောင်ထိုးထားတဲ့ ပစ္စည်းတွေ၊ အလကားရလို့ ယူလာပြီး မသုံးဖြစ်တဲ့ပစ္စည်းတွေ ဘယ်လောက်များ များနေပြီလဲ။ Buy one get one freeတို့၊ Buy two get one freeတို့မှာ ကျွန်မတို့ ဘယ်လောက်များ အတုန်းအရုန်းဖြစ်ခဲ့ဖူးပြီလဲ။

အရောင်းကျွမ်းကျင်သူတွေ၊ မြှင့်တင်သူတွေဟာ ရှင်တို့ ကျွန်မတို့လို လူသားတွေပဲ။ ဒါထက်ပိုတာက သူတို့ဟာ လူ့အထာ၊ လူ့လောဘကို နပ်နေအောင် သိကြတဲ့သူတွေ၊ အသေအချာ လေ့လာ လေ့ကျင့်ပြီးသားသူတွေ ဆိုတာပါပဲ။ သူတို့ဟာ သူတို့ရောင်းကုန်ကို လူတွေလက်ထဲ ဘယ်လိုထည့်ရမယ် ဆိုတာ သိနေကြတဲ့ သူတွေ။ ရောင်းမစွံတဲ့ကုန်ကို ကျွန်မတို့ အိတ်ထဲကပိုက်ဆံနဲ့ ဘယ်လို လဲနိုင်မလဲ ဆိုတာကို အမြဲကြံဆနေကြတဲ့ သူတွေပဲဆိုတာ သိထားပါ။

နောက်တစ်ခုက ကျွန်မတို့ဟာ ပစ္စည်းတစ်ခုကို လူတွေတန်းစီဝယ်ယူနေပြီဆိုရင် ကိုယ်လည်း အများနောက်က တန်းစီဝယ်ယူလိုက်ချင်စိတ် ရှိနေတတ်ကြတယ်။ ဒါဟာ အတော်တန်လို့ပဲ ဆိုပြီး စိတ်က အလိုလို ဆုံးဖြတ်တတ်ကြတယ်။ တကယ်လိုနေတာ ဟုတ်ရဲ့လားလို့ ဘယ်တော့မှ မစဉ်းစားတတ်ကြဘူး။ (အဲဒါကြောင့် ကျွန်မသာ ဆိုင်ဖွင့်ရင် ဆိုင်ရှေ့မှာ ကျွန်မဆွေမျိုးတွေကို တန်းစီခိုင်းထားမယ် စိတ်ကူးတယ်ရှင့်) ပြောရရင် ဒါလည်းပဲ သူတို့ရဲ့ လှည့်ကွက်တစ်ခုသာပါပဲ။ မြင်အောင်ကြည့်တတ်ဖို့သာ လိုပါတယ်။

လူဆိုတာများကလည်း လက်ထဲငွေရွှင်နေရင် တော်ရုံဈေးလောက်ကို သိပ်ကြည့်မနေဘဲ ဝယ်လိုက်တတ်တာမျိုး မဟုတ်လား။ ခုလို စိတ်ရောလူပါ ပေါ့ပါးကြည်လင်နေတဲ့ နှစ် တနှစ် ရဲ့ နောက်ဆုံးလမျိုးမှာဆိုရင် ပိုပြီးတောင် လက်လွယ်နေတတ်ပါသေးတယ်။

ဒါကြောင့်အချုပ်ပြောရရင် တစ်နှစ်တာလုံး လူပင်ပန်း စိတ်ပင်ပန်းနဲ့ အလုပ်လုပ်ပြီး ရလာတဲ့ ငွေလေးကို သေချာ စီစစ်သုံးတတ်ကြပါစေ၊ မလိုအပ်တာတွေ မဝယ်မိကြပါစေနဲ့၊ sales ဆိုတိုင်း၊ Free ဆိုတိုင်း၊ လူတွေ တန်းစီနေတိုင်းလည်း မယုံမိကြပါစေနဲ့လို့ သတိပေးချင်တာပါပဲ။

အန်တီချစ်ကြည်အေး လေသံက The grandmother-next door လေသံများ ပေါက်နေသလားပဲ…း) ဘာပဲဖြစ်ဖြစ် ချစ်လို့ ပြောတယ် မှတ်ကြပါ။


12 comments:

mstint said...

ညီမနှစ်ယောက်စလုံးကတော့ စာရေးကောင်းကြတယ်။ အခုပဲ မိုးရဲ့ပို့စ်လေး ဖတ်ပြီး ဒီဘက်ကူးလာတာ။
ဒီဇင်ဘာလအကြောင်းလေးဖတ်ရင်း မျောလာတာ မီးပွိုင့်မိသွားလို့ အရှိန်သပ်လိုက်ရတယ်။ အန်တီချစ်ကြည်အေးရဲ့ သြဇာအာဏာ လေသံပြင်းလို့ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့........ said...

ခုလေးပဲ ဒီကောင့်20%ကိုသွားဝယ်ခဲ့ပြီးပြီ...း)

သီရိရတနာ said...

ကိုယ် ဒီပိုစ့် ကြိုက်တယ်။
လက်တလော ခံစားချက်နဲ့ တိုက်ဆိုင်သွားလို့ ...
အပြောင်းအရွှေ့ကြောင့် ထားခဲ့ရတဲ့ ပစည်းတွေကို မ၀ယ်ပဲ နေခဲ့မိရင် ..

blackroze said...

ဟုတ်တယ်မကြီးချစ်ရေ
ပစ်ပစ်ညီမ ဆို အဲတာမျိုးသိပ်ဝယ်တာ...
သူနဲ့ဆို ခဏခဏ ပွစိပွစိဖြစ်ရတယ်..
ရေဘူးတွေ.. ဆပ်ပြာခွက်တွေ ...ဖန်ခွက်တွေ
ပြောလိုက်ရင် ရန်ကုန်သယ်မယ်ဆိုပြီးတော့လေ
ပြန်တဲ့ခါကျတော့လည်း ကိုယ့်ပစ္စည်းနဲ့တင် ကီလိုကပြည့်နေရော

ဆုမြတ်မိုး said...

ချစ်လို့နားထောင်သွားပါတယ်ရှင့် :D

kokoseinygn said...

စာလာဖတ်သွားပါတယ်
အသိပေးတာတွေသတိထားဖို့ဆိုတဲ့ အေ၇းအသားတွေက
စေတနာကိုဖေါ်ပြနေပါတယ်။

သက်ဝေ said...

ဟမ်... ခုမှ ပြောရသလား... သများ မ၀ယ်ခင်ကတော့ မပြောဘူး...
ဒါဆိုရင်လဲ ပြီးရော... မချစ်ဘူးလို့ မှတ်လိုက်မယ်... :D :D :D

T T Sweet said...

မိန်းမတွေ ရင်အခုံရဆုံးအချိန် ၂ခုရှိသတဲ့။
၁။ နင့်ကိုင်ချစ်တယ်
၂။ ၅၀% discount

တဲ့။ မှန်လွန်းလို့ ရီနေရတယ်။ အရင်ကတော့ ဒစ်စကောင့်ဆို ထိပ်ဆုံးကပေါ့။ ခုတော့ အိမ်မှာ ပစ္စည်းတွေ ပွလာတာကို မခံနိုင်လို့ အတော်ထိမ်းနိုင်ပါပြီ။

မိုးနတ်ကြယ်စင် said...

ရောက်ခဲ့ပါတယ်မရေ..ခုပဲ ဒီကောင့်မှာသွားတိုးခဲ့တာပါ..
(တိုက်တိုက်ဆိုင်ဆိုင်နော်) ...မိမိုးနတ်တို့က လှတာတွေလဲမက်သကိုး..ခံပေါ့..
မရဲ့ ပို့စ်ကြောင့် အမြင်မှန်ရသွားတယ်...တကယ်တော့ မိုးနတ်တို့က
သတိမထားမိလို့ပါ....လူတွေကလဲ အလကားဆိုသိပ်မက်သကိုး...ခံပေါ့:P
ခင်တဲ့...မိုးနတ်

ရင်ခုန်ရသူ(ကဗျာ၊အချစ်၊ဟာသ၊အလွမ်း) said...

တယ်မိုက်သဗျာအန်တီမမရေ
တဲ့တဲ့ကြီးကိုတိုးသဗျာ

ငြိမ်းစိုးဦး said...

လူတော်တော်များများက လောဘလေးတွေ ကိုယ်စီကိုယ်ငှရှိနေကြတာကို အရောင်းသမားတွေသာမက အသုံးချမယ့်သူတွေကလည်း သိကြလို့ သူများဆန္ဒမှာ ကိုယ့်အရင်းအနှီးပျောက်ရတာတွေ ရှိနေတုန်းပါ ။ စေတနာနဲ့ သတိပေးနေတာကို ၀မ်းသာရပါတယ် ...

san htun said...

ဟုတ်ပါ့..အဲဒီ ဒစ်စကောင့်တွေကြောင့်..ကိုယ့်ကိုကိုယ် ထိန်းမှ..

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်