Tuesday, November 27, 2012

မီးတကာ့မီး



(က)

အေးမြ စိတ်တွေ လောင်မြိုက်နေသည်။ သီလရှင်ဝတ်ခဲ့တဲ့ တစ်လတာအတွင်းမှာ သူ့စိတ်နှလုံးတွေ ငြိမ်ဝပ်နေခဲ့သလောက် ခု ပြန်ထွက်ရတော့မယ်လည်းဆိုရော ငုပ်နေတဲ့ အပူမီးတွေက ဟုန်းကနဲ ထတောက်လေတော့၏။ မနက်ဖြန်…၊ မနက်ဖြန်ဆိုရင် ကိုတင်ထွန်း လာခေါ်ချေတော့မည်။ လူ့ဘောင်ထဲ ပြန်ဝင်ကာ လောကီရွှံ့နွံထဲ တစ်စတစ်စ နစ်ဝင်ရပြန်ဦးတော့မည်။ အေးမြ မလိုက်ချင်ပါ။ ဆရာလေးတို့နဲ့ အေးမြ နေပျော်သည်။ တစ်နေ့ကို မနက်စာ နေ့လည်စာ ၂နပ်ပဲ စားပြီး ကျောင်းအလုပ်၊ ဆရာလေးတို့ အလုပ် ၀ိုင်းကူရင်း တရားအားထုတ်နေရတာလောက် အေးမြစိတ်တွေ ငြိမ်းချမ်းနေတာ မရှိနိုင်ဟု အေးမြ ထင်သည်။ သို့သော် အေးမြက လင်ယူမိခဲ့ပြီ။ အမေပေးစားသော ကိုတင်ထွန်းနှင့် အိမ်ထောင်ကျကာ သားတစ်ယောက် သမီးတစ်ယောက် ကလေးနှစ်ယောက်ပင် ရခဲ့ပြီ။

ကိုတင်ထွန်းသည် အေးမြနှင့်မရခင်က ရိုးသားကြိုးစားသလောက် အေးမြနှင့်ရပြီးမှ အသောက်အစားတင်မက လောင်းကစားပါ ဖက်လာတာဟာ အေးမြအတိတ်ကံကြောင့်ပဲဟု လွယ်လွယ်ပုံချနိုင်ခဲ့ပါသည်။ သို့သော်မလွယ်သည်က ကိုတင်ထွန်း၊ ကလေးနှစ်ယောက်ရပြီးသည့်တိုင် အချိုးကမပြောင်းတော့။ စီးပွားရေးမပြေလည်တော့လည်း လင်မယား တကျက်ကျက်။ နောက်ဆုံးတစ်ခေါက်မှာတော့ ဒင်းက အေးမြကို ကိုယ်ထိလက်ရောက်ရိုက်နှက်လာခဲ့တာမို့ အေးမြ ဘယ်လိုမှ သည်းမခံနိုင်တော့။ ကလေးနှစ်ကောင်လက်ဆွဲပြီး အမေတို့အိမ် ဆင်းချလာခဲ့တော့သည်။

သွေးပူဒေါသတွေနဲ့ ပူလောင်လျှက်က တစ်ရက်နဲ့ လာမခေါ်၊ နှစ်ရက်နဲ့ လာမခေါ်ကနေ တစ်ပတ်လောက်ဖြစ်လာတော့ အေးမြ စိတ်ထဲ ကြိတ်မျှော်နေရာက နာလာသည်။ အမေတို့ကို ခွင့်တောင်းပြီး ကလေးတွေ စိတ်ချလက်ချအပ်ခဲ့ကာ ဆရာလေးကျောင်းသွား သီလရှင်ဝတ်ဖြစ်ခဲ့တော့သည်။ ပျော်သလောက်တော့ ၀တ်မည်ဟု စိတ်ကတွေးသော်လည်း ကိုတင်ထွန်းလာပြန်ခေါ်လျှင် ပြန်လိုက်သွားရကောင်းနိုးနှင့် ရှိနေဆဲ။ အမေတို့ ဆရာလေးကျောင်း လာစဉ် ကလေးနှစ်ယောက် ကို ကိုတင်ထွန်းပြန်လာခေါ်သွားသည်၊ အေးမြကိုတော့ ဘာမှမမေးမမြန်းဟု သိရကာ စိတ်က ဆုံးဖြတ်ချက် ဒုံးဒုံးကျတော့သည်။ သူကြင်မှ ကိုယ်ကြင်ပေါ့ဟု လွမ်းစိတ်ကို အနာနှင့် ချေသည်။ သည်လိုနှင့် ဆရာလေးတို့ဆီမှာ သုံးပတ်ကျော်လာခဲ့ပြီ။ တရားရိပ်ခိုလှုံကာ နေသားတကျရှိလာဆဲမှာပင် ကိုတင်ထွန်းသတင်းကို ကြားရလေသည်။

“အေးမြ ညည်းယောကျာ်း နေမကောင်းဘူး အိပ်ယာထဲလဲနေတာ သုံး-လေးရက်ရှိပြီ၊ ညည်းကို သူလာခေါ်မလို့ဟာ ညည်းပျော်နေရင်လည်း နေပါစေဆိုပြီး မျက်နှာလာမပြတာတဲ့။ ကလေးနှစ်ယောက်က သူတို့အ၀တ် သူတို့လျှော်၊ သူတို့ဖာသာ သူတို့ထိန်းကျောင်းရင်း နေနေကြရတာနဲ့ ငါ အိမ်ကို ပြန်ခေါ်လာတယ်။ တင်ထွန်းနေမကောင်းလို့ အခု သူ့ကိုပါ အိမ်ခေါ်ထား လိုက်တယ်။ နည်းနည်းတော့ သက်သာနေပါပြီ။ သူနေကောင်းတာနဲ့ ညည်း ပြန်လာခေါ်မယ် တဲ့”

လွန်ခဲ့သော နှစ်ပတ်လောက်က ဒီစကားမျိုးကြားရရင် အေးမြ ပျော်မိမှာပေမဲ့ ခုတော့ အေးမြ မပျော်တဲ့အပြင် ၀မ်းနည်းသလိုလို ကြီးတောင် ဖြစ်လာရသည်။ အေးမြ ဆရာလေးတို့ကျောင်းမှာ နေပျော်၊ တရားရိပ်အောက်မှာ မွေ့လျော်စပြုခဲ့ပြီ။ ကလေးတွေ မျက်နှာမြင်ယောင်မိတော့ စိတ်က မခိုင်ချင်ပြန်။ ကိုတင်ထွန်း ပြန်လာခေါ်မည်ဆိုတော့ ပိုလို့တောင် စိတ်က ယိုင်ချင်ချင်။

(ခ)

မနက်မိုးမလင်းခင် ခါတိုင်းလို အာရုံဆွမ်းစားနေကတည်းက စိတ်တို့က မငြိမ်ချင်။ မိုးလင်းလျှင် ကိုတင်ထွန်းနှင့် ကလေးနှစ်ယောက် အေးမြကို လာခေါ်ကြတော့မည်။

ဆရာလေးက ခေါင်းပြန်ရိတ်ကာ သိက္ခာချလူဝတ်လဲပေးစဉ် ဝေ့တက်လာသောမျက်ရည်တို့သည် မုတ်ဆိတ်မွှေးပျစ်ခဲ ပါးချောင်နားချောင်နှင့် ကိုတင်ထွန်းမျက်နှာညှင်းသိုးသိုးကို မြင်လိုက်ရသောအခါ ပါးပြင်ပေါ်သို့ မဆီးတားနိုင်စွာပင် ပိုးကနဲပေါက်ကနဲ ကျလာလေတော့သည်။ "ပိန်သွားလိုက်တာ ကိုတင်ထွန်းရယ်"ဟု ပြောကာ ကျောပြင်ကို တအုန်းအုန်း နှက်လိုက်ချင်သည်။ ကလေးနှစ်ယောက်ကမူ အေးမြကို လက်တစ်ဘက်စီဆွဲကာ ခေါ်ငင်နေကြပြီ။  စိတ်မှလည်း လောကီထဲ ပြန်ဝင်ရဦးမည်ကို တွန့်ဆုတ်ချင်သလို ရှိနေသေးသည်။

“ဆရာလေး တပည့်တော် ကျောင်းမှာနေရတာ အင်မတန် စိတ်ချမ်းသာပါတယ် ဘုရား၊ တရားရိပ်မှာ နေရတာ အေးချမ်းလှ ပါတယ်။ ကျောင်းမှာမို့ ကျောင်းစိတ်နဲ့ အေးချမ်းပေမဲ့ အိမ်မှာ အိမ်စိတ်နဲ့ အင်မတန် ပူလောင်ပင်ပန်းလှပါတယ်။ ခုလို လူ့ဘောင်ထဲ ပြန်ဝင်ရတော့မယ်ဆိုတော့ လူ့ဘောင်မှာနေရင်း အားထုတ်သင့်တဲ့ တရားလေးများရှိရင် ချီးမြှင့်တော်မူပါ ဘုရား”

“အေး မအေးမြရဲ့ ဆရာလေးတို့ တရားမမှတ်ခင် အားထုတ်ရတဲ့ ကိုယ်စောင့်တရားလေးပါး-စတုရာရက္ခ သိရဲ့ မဟုတ်လား”

“တင်ပါ့ မ-သု-မေ-ဗု ပါဘုရား”

“အေး၊  မ ဆိုတဲ့ မရဏ၊ သုဆိုတဲ့ အသုဘ၊ မေဆိုတဲ့ မေတ္တာ နဲ့ ဗုဆိုတဲ့ ဗုဒ္ဒနုဿတိတွေ နေ့စဉ်ပွားများပေါ့ တကာမရယ်။ မနက်နဲ့နေ့လည် အချိန်ရသလောက်တွေမှာ မေတ္တာဘာဝနာနဲ့ ဗုဒ္ဒနုဿတိတွေကို စိတ်ညွှတ်ပွားများပြီး ညစဉ်မအိပ်ခင်မှာ မရဏနဲ့ အသုဘကမ္မဋ္ဌာန်းအတွက် ခန္ဓာကိုယ်ကြီးကို စုန်ချည်ဆန်ချည် ရှုမှတ်ပြီးမှ အိပ်။ ဒါဆို ခန္ဓာရဲ့ အမှန်သဘောတွေ၊ မတင့်တယ်မှုတွေ အမြဲ သိနေမယ်။ မာန်မာနတွေ ကျစေမယ်။ သေဖို့ရာ အမြဲအဆင်သင့် ဖြစ်နေမယ် ဟုတ်ပြီလား”

“တင်ပါ့ တပည့်တော် နေ့စဉ် ကြိုးစားပြီး ပွားများပါ့မယ် ဆရာလေးတို့ ကျေးဇူးကြီးလှပါပေတယ်”

ဆရာလေးခြေအစုံကို နဖူးနဲ့ ထိအောင် ရှိခိုးကန်တော့ပြီး အေးမြတို့ ပြန်လာခဲ့ကြ၏။ အပြန်လမ်းမှာ ကိုတင်ထွန်းက အေးမြခေါင်းပြောင်ပြောင်ကို လက်နဲ့တို့ကာထိကာ ကျီစယ်လာခဲ့သည်။ သည်လိုတော့ဖြင့် လောကီလူ့ဘောင်ဟာ အေးမြထင်သလောက် မဆိုးလှသေးဟု တွေးမိပြန်သည်။

အိမ်ရောက်တာနဲ့ လင်စားဖို့၊ သား စားဖို့ မီးဖိုချောင်ဝင်ရသည်။ ကိုတင်ထွန်းဝယ်ထားသော ဟင်းစားတွေကို ချက်ဖို့ ပြင်ဆင်၊ ရှုပ်ပွနေသော တစ်အိမ်လုံးကို လှည်းကျင်း၊ ပုံနေသော လျှော်စရာ အ၀တ်ပုံတွေကို လျှော်ဖွတ်ပြီးသော် ခြေကုန် လက်ပမ်း ကျလျှက်ရှိပြီ။ အိမ်ရှေ့ခန်း၌ ဖျာတစ်ချပ်ခင်းကာ လှဲလျောင်းနေစဉ် ကိုယ်ပေါ်တက်လာသော အငယ်ကောင်က နို့ လာစမ်းနေတော့ သနားစိတ်နှင့် ပြန်တိုက်ရသေးသည်။ အငယ်ကောင်က နို့မပြတ်ချင်သေး။ နို့စို့လိုက်တိုင်း ခါးနေသော အရသာကို လက်ဝါးနှင့် ပွတ်ပွတ်ပြီး အီချင် အီနေတတ်သေးသည်။ နောက် သုံးလေးလလောက်ဆိုရင်တော့ ရအောင် ဖြတ်ရမည်။

ခဏနေမှ ရေမိုးထချိုးကာ သားအဖတွေ စားထားသော အိုးခွက်ပန်းကန်များ အား ဆေးကြော၊ ခြောက်သွားသောအ၀တ်တွေကို မီးပူတိုက်၊ အိပ်ခန်းထဲဝင်ပြီး အိပ်ယာခင်းတွေ လဲကျင်းသည်များကို ဇယ်ဆက်သလိုလုပ်ကိုင်ရင်းက ညအမှောင်ရောက်တော့ အကြီးကောင် နောက် တစ်ရက်ကျောင်းသွားဖို့ ကျောင်းလွယ်အိတ်စစ်ရသည်။ ကိုတင်ထွန်း ပြန်လာချိန်ရောက်တော့ ဟင်းအိုး ထနွှေးကာ ထမင်းပွဲပြင်ဆင် စောင့်ရပြန်သည်။ ခူးခပ်ကျွေးမွေးပြီး သူတို့အားလုံးအိပ်ချိန်ကျတော့ အချိန်က ည ၁၀နာရီ ရှိနေပြီ။ ဒီညတော့ အရက်သောက်မလာသော ကိုတင်ထွန်းက ဘယ်တော့ ခွေးမြီးပြန်ကောက်မည် မသိ။

အိပ်ယာထဲ ကျောအပြားချလိုက်စဉ် နောက်ကျောမှ အောင့်ကာကိုက်ခဲနေသည်ကို ခံစားရသည်။ လက်ဖ၀ါးတွေတင်းကာ ဆုတ်မရ ပြုမရနှင့် တောင့်တင်းနေပြန်သည်။ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်လှသည်။ အေးမြလှဲနေရာက မျက်စေ့တို့ကို မှိတ်ထားရင်း မနက်က ဆရာလေး ပြောတဲ့အတိုင်း အသုဘကမ္မဋ္ဌာန်း စီးဖြန်းရန် ပထမ ငါးစုဖြစ်သော ဆံပင်၊ မွေးညှင်း၊ အရေထူ၊ အရေပါး၊ သွားတို့ကို ခန္ဓာမှ ဆွဲခွာကာ တစ်စုစီပုံချသည်။ ဆံပင်၊ မွေးညှင်း၊ အရေထူ၊ အရေပါး၊ သွားတို့ မရှိတော့သော အေးမြခန္ဓာကြီး၏ မတင့်တယ်ပုံ၊ အစိုးမရပုံတို့ကို စိတ်မှတ်ပွားများကာနေရင်း မှေးကနဲဖြစ် သွားလိုက်၊ ပြန်တင်မှတ်လိုက်နှင့် ရှိနေတော့သည်။

နောက်တစ်နေ့ကျရင်လည်း ဒီလိုပဲ နေဦးမည်။ လောကီလူ့ဘောင်ထဲ များပြားလှသောနိစ္စဒူဝတွေနှင့် လုံးထွေးရင်း ဘယ်တော့သေမည်မသိ။ အေးမြစိတ်တို့က အသုဘကမ္မဋ္ဌာန်းမှ ခွာသွားပြန်သည်။ ဆံပင်…ဆံပင်ဟာ ယောကျာ်းလည်း မဟုတ်၊ မိန်းမလည်း မဟုတ်၊ ရုပ်သဘောသက်သက်ပဲဟု မှတ်၊ မှတ်ရင်း မှတ်ရင်းက မှေးကနဲ ဖြစ်သွားပြန်သည်။ မနက်လည်း စောစောထရမည်။ မနက်စာ ထမင်းတစ်လုံးချက်ပြီး ပဲပြုတ်သည်လာမှ ခေါ်ဝယ်ပြီး ပဲထမင်းနယ်စားကြမည်။ အကြီးကောင်ကျောင်းပို့၊ အလုပ်ဆင်းမည့်ကိုတင်ထွန်းအတွက် ထမင်းဘူး ပြင်ရမည်။ အရေထူတွေ၊ အရေပါးတွေ ဆွဲဆုတ်လိုက်တော့ ကျန်တဲ့ အေးမြ ကိုယ်ပေါ်မှာ သွေးသံရဲရဲနှင့် ဘာမှမက်စရာမရှိသော အစုအဝေးတို့ကို မြင်လိုက်ရသည်။ ဒါပဲ ခန္ဓာဆိုတာ ဘာမှ တန်ဘိုး ထားနေစရာ၊ တွယ်တာနေစရာ မရှိ။ ရှုမှတ်နေရင်းက မှေးကနဲ အိပ်ပျော်သွားလေတော့သည်။

ထိုညက အေးမြ အိပ်မက် မက်ပါသည်။ အေးမြတစ်ယောက် အရှိန်ညီးညီးနှင့် တစ်ဖျောင်းဖျောင်းတောက်လောင်နေသော မီးပုံကြီးထဲကနေ ပြေးထွက်နေသည်ဟု။   

မနက်လင်းတော့လည်း နစ္စဓူဝများထဲ ခါတိုင်းလိုပင် လည်ပတ်မြဲ၊ အိပ်မက်မောကလွတ်မြောက်လာသူလို တစ်ခဏတော့ နေသာမြဲ၊ သို့သော် ဘဝနွံနက်နက်ထဲ မောပန်းစွာ၊ ချွေးများရွှဲနစ်ကာ ရှိဆဲပင်။


"တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင်"အတွက် ရေးဖြစ်ခဲ့တဲ့ ဝတ္ထုတိုလေးပါရှင်။ ကျန်ဓမ္မစာမူများကိုလည်း ဒီလင့်ခ်မှာ သွားရောက် ဖတ်ရှု့နိုင်ကြပါတယ်။ 


 

Wednesday, November 14, 2012

ဝိညာဉ်မှတ်တမ်းထဲက ညအိပ်မက်မော

ဝိညာဉ်မှတ်တမ်း
မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပုံများ- သူရိန်ရဲမြင့်
 
စာစီနေရာချ- ခိုင်စိုးလင်း
 
ပါဝင်ရေးသားကြသူများ-ကိုကိုသက်၊ ကိုမျိုး၊ ခိုင်စိုးလင်း၊  ချိုပိန်းနောင်၊ စစ်ငြိမ်းဒီရေ၊ ဆူးခက်မင်း၊  ညီဇံလှ၊  နှင်းနဲ့မာယာ၊ ပန်ဒိုရာ၊ ဖိုးခွား၊ ဖိုးစိန်၊  မိုးလှိုင်ည၊ မြသွေးနီ၊ မှိုင်း (ဆေး-၂)၊ သူရဿဝါ၊  သက်ဝေ၊ အော်ဂဲနီ၊ အောင်ဖြိုး၊ သြမြိုင်၊  အမည်မဖော်လိုသူတစ်ဦးနှင့်  ချစ်ကြည်အေး

ghost record is not for commercial purposes and all rights reserved and remain with the stated artists.

ညအိပ်မက်မော 

(၁)

ထွေးတို့ စီးလာခဲ့တဲ့ ဗညားနွဲ့သင်္ဘောကြီးမှာ စက်ရှိန်လျှော့ချလိုက်လေပြီ။ သူ့ခမျာ တစ်ညလုံး ခုတ်လာခဲ့ရတာ မောလှပေရော့မည်။

ပုသိမ်မြို့ မေတ္တာဦး ဆိပ်ခံဗောတံတားကို လှမ်းမြင်နေရပြီမို့ ထွေးရော နေခြည်ပါ စိတ်တွေလန်းလာကာ အလိုလို ပျော်ရွှင်လာမိသည်။ နေခြည်
မှာ သူ့အ၀တ်သေတ္တာလေး တကိုင်ကိုင်နဲ့မို့ ကမ်းကပ်ဖို့ လိုသေးကြောင်း၊ အနည်းဆုံး နောက်ထပ် ဆယ့်ငါးမိနစ်၊  မိနစ်နှစ်ဆယ်လောက်မှ ကမ်းကပ်နိုင်မှာဖြစ်ကြောင်း တွေးက ပြောပြပြီး နှစ်ယောက်သား သင်္ဘောလက်ရမ်းနားက မခွာနိုင်၊ ကမ်းနားလမ်းတစ်လျှောက်မြင်နေရတဲ့ ရှု့ခင်းတွေဆီကလည်း မျက်လုံး မလွှဲနိုင်ဘဲ ရှိနေရသည်။ တကယ်ဆို ထွေးတို့ နှစ်ယောက်လုံး ပင်ပန်းလှပြီ။ ညက တစ်ညလုံး မအိပ်နိုင်ခဲ့။ နေခြည်က  ခရီးထွက်ခဲ့ရလို့ ငယ်ရွယ်သူပီပီ အပျော်လွန်ကာ အိပ်မပျော်၊ ထွေးကတော့ ပုသိမ်မြို့နောက်ခံ စာတစ်ပုဒ်ရေးဖို့ ပြင်ဆင်ကာ စိတ်လှုပ်ရှားပြီး အိပ်မပျော်နိုင်။

ပုသိမ်မြို့....။ ထွေးအတွက် သတိရစရာအကြောင်းများနှင့် ပြည့်လျှံနေသော မြို့ကလေး။ ဒီမြို့လေးကို နောက်ခံထားကာ စာတစ်ပုဒ်ရေးဖို့ စဉ်းစားတော့ ထွေးခေါင်းထဲကို အရင်ဆုံးဝင်ရောက်လာတာက မောင်။ မောင့်အကြောင်း တွေးမိ သည်။ မောင့်အကြောင်းတွေးမိတိုင်းလည်း ပြတ်နိုင်ခဲသော သံယောစဉ်အပိုင်းအစများက ထွေးကို ကျီစယ်ကလူပြန်ကာ စိတ်မောလျှက်က ပြုံးမိရမြဲ။ မောင်က ပုသိမ်သား၊ ပုသိမ်မြို့ လွတ်လပ်ရေးကွင်းမှာ စနေနေ့တိုင်း မောင်တို့ ၀ိုင်းကလေး တီးခတ်သီဆိုနေကျ။ တောက်ပသော ကြယ်ကလေးလို့ အမည်ရတဲ့ မောင်တို့တီးဝိုင်းမှာ မောင်က လိဒ်ဂစ်တာ တီးခတ်သူဖြစ်ကာ သီချင်းတွေ ပင်တိုင်သီဆိုသူတစ်ယောက်လည်း ဖြစ်ပါသည်။

တောက်ပသော ကြယ်ကလေးသည် ရန်ကုန်သူ ထွေးနှင့် မောင်တို့ တွေ့ဆုံခဲ့ကြခြင်းရဲ့ အစလည်းဖြစ်သလို အဆုံးသတ်လည်း ဖြစ်ခဲ့သည်။ သီချင်းဆိုဝါသနာပါတဲ့ ထွေးအတွက် ပုသိမ်ကိုရောက်ခိုက် သူ့အစ်ကိုတီးဝိုင်းမှာ အပျော် ၀င်ဆိုကြည့်ဖို့တိုက်တွန်းခဲ့တဲ့ မောင့်ညီမ ထွေးသူငယ်ချင်း စုချိုရဲ့ကောင်းမှုနဲ့ ထွေး စင်ပေါ်မှာ သီချင်းဆိုဖြစ်ခဲ့လေသည်။ သီချင်းတိုက်ကြတုန်းက အကောင်း၊ စင်ပေါ်ရောက်မှ နည်းနည်းမြန်သော ဆိုပေါက်အတွက် အတီးသမားတွေက နောက်ကကျားလိုက်သလို လိုက်တီးပေးခဲ့ရတာလို့ မောင် စတော့ ထွေး ရှက်ရွံ့စွာ ပြုံးနေရင်း ရင်ခုန်သံတွေ ကို မောင်မကြားအောင် ထိန်းခဲ့ရသေးသည်။

သဘောင်္ကမ်းကပ်လို့ လူတွေနည်းနည်းစဲသွားမှပဲ ထွေးတို့ ဆင်းခဲ့လေ၏။ လာကြိုမဲ့သူလည်း မရှိတော့ အေးအေးဆေးဆေးပင်။ ဗောတံတားပေါ်ရောက်လို့ ဗညားနွဲ့ကြီးကို နောက်ပြန်လှည့်ကြည့်မိတော့ သူက ကမ်းမှခွာကာ ခပ်လှမ်းလှမ်းမှာရှိတဲ့ ကုန်တင်ကုန်ချဆိပ်ကမ်းဘက်ကို ဦးတည်နေခဲ့ပြီ။ ထွေးတို့လည်း တည်းရမည့်အိမ်ဘက်ကို သေတ္တာ ကိုယ်စီဆွဲရင်း လမ်းလျှောက်ခဲ့ကြသည်။ အိမ်က နီနီးလေးပါ။ တစ်ဘက်ကားလမ်းကူးရင်း ကမ်းနားလမ်းအတိုင်း အထက်ဘက်ကို ၁၅မိနစ်လောက် ဆန်လျှောက်လိုက်ရင်ပဲ ရောက်ပြီ။

တည်းရမည့်အိမ်ရောက်တော့ ရုံးချိန်မို့ ဦးဦးက ရှိမနေပါ။ သို့သော် ဆွေကြိုပြောထားသည့်အတွက် နေရာထိုင်ခင်း စီစဉ်ထားနှင့်သည်။ ဆွေ့ဖေဖေ ဦးဦးက ရုံးကြီးတစ်ရုံးမှာ အရာရှိကြီးတစ်ယောက်။ ဦးဦးနေတဲ့အိမ်က ရေနံဝနေတဲ့ ဘိုတဲကြီးတစ်လုံးဖြစ်သည်။ ထိုဘိုတဲကြီးနှင့် ရုံးမှာ လမ်းလျှောက်လျှင် ငါးမိနစ်ပင် မကြာသော ၀င်းခြံကျယ်ကြီး တစ်ဝင်းတည်းမှာပင် တည်ရှိကြသည်။ ဘိုတဲနှင့် ရုံးအကြား ဘေးခပ်ကျကျမှာ ထွေးတို့ နေရမည့် ဧည့်သည်ဆောင်ရှိလေသည်။ ဘိုတဲ၊ ရုံးနှင့် ဧည့်သည်ဆောင်တို့ကို အပေါ်မှစီးကြည့်လျှင် အင်္ဂလိပ်အက္ခရာ စီပုံသဏ္ဍာန်ကို လေးထောင့်ကျအောင် မျဉ်းဖြောင့်များနှင့် ရေးထားသည့် ပုံ ဖြစ်လေသည်။

ဧည့်သည်ဆောင်မှာ နှစ်ဆောင်ရှိလျှက် ထွေးတို့နေရမည့် အဆောင်ဘေးမှာ မကရင်မတို့မိသားစု နေကြသည်။ မကရင်မဆိုတာက ဦးဦးအတွက် ဝေယျာဝစ္စများလုပ်ကိုင်၊ ချက်ပြုတ် လျှော်ဖွတ်ပေးနေသူ ကရင်အမျိုးသမီးကြီးဖြစ်သည်။ မကရင်မကပဲ ထွေးတို့ကို ခရီးဦးကြို နေရာချထားပေးပြီး နေ့လည်စာချက်ပြုတ်၍ လာပို့ပါမည့်အကြောင်းပြောကာ သူ့အဆောင်လေးဘက် ပြန်သွား၏။ သည်တော့မှ နေခြည်ရော ထွေးပါ တစ်ညလုံးခရီးပန်းလာသမျှ ကိုယ့်ခုတင်လေးပေါ် ခြေဆန့်ခါးဆန့်ကြရသည်။

မှေးကနဲ အိပ်ပျော်မယ်ကြံရုံရှိသေး၊ ဘေးနားမှာ တစ်ယောက်ယောက် လာဝင်အိပ်သလို ခံစားလိုက်ရတာမို့ ထွေးမျက်လုံးတွေ ဖျတ်ကနဲ ပြန်လည်ပွင့်လာကြသည်။ ကြည့်လိုက်တော့ နေခြည်။ ထွေးခုတင်ပေါ်မှာ လာပြီး ထွေးဘေးနား ပူးကပ်အိပ်နေခြင်းပင်။ ညတုန်းက သင်္ဘောပေါ်မှာ အိပ်မရကြစဉ် " နေ မကြောက်ပါဘူး မမထွေးရဲ့ ပြောပြပါနော်" ဆိုသည့် နေခြည်စကားကို ပြန်လည် ကြားယောင်ကာ ပြုံးလိုက်မိလေသည်။

(၂)

ထွေးနဲ့ ဆွေတို့နှစ်ယောက်ကို အင်ဒိုနီးရှားမှာ ဆယ်မီနာတက်ဖို့ ရုံးက လွှတ်တော့ နှစ်ယောက်လုံး ပျော်လိုက်ကြသည် မှာ ပြောတောင်မပြတတ်။ တစ်လလောက်အလိုကတည်းက အိတ်ထဲကို အ၀တ်အစားတွေထည့်၊ စားစရာတွေ ဘာတွေ ယူသွားရကောင်းမလဲ စီစဉ်၊ သွေးဆေးတို့ ရှုဆေးဘူးတို့လည်း ထည့်ရနဲ့ ၂ညအိပ် ၃ရက်ခရီးကိုပင် အကြာကြီးလိုလို လုပ်နေကြလေသည်။ အင်ဒိုနီးရှားစာတွေက သကြားတွေ ကဲကာ အချိုလွန်သည်ဆိုတာမို့ စားစရာလေးပါ ထည့်သွားကြဖို့ ပြင်ရသည်။ တကယ်တမ်းရောက်သွားတော့ ကျွေးတာတွေပင် မစားနိုင်၊ ထည့်သွားသော ပုဇွန်ခြောက်ကြော်မှာ ဗူးလိုက်ပင်ပြန်ပါလာခဲ့သည်။

ဆယ်မီနာအပြီး မပြန်ခင် နောက်တစ်ရက်မှာ မြို့တွင်းလှည့်လည်ဖို့ အစီအစဉ်ဖြစ်သော်လည်း ဆွေက နေသိတ်မကောင်း လှတာမို့ ထွေးပါ သိတ်မတက်ကြွနိုင်တော့ပါ။ ထိုညက ဆွေ ကိုယ်တွေပူကာ အဖျားကြောင့် အိပ်ယာပေါ် မှိန်းနေချိန် ထွေးကတော့ ရေမိုးချိုးရန် ရေချိုးခန်းထဲ ၀င်လာခဲ့သည်။

ထွေး ရေမိုးချိုးပြီး ပြန်ထွက်လာစဉ်မှာပင် ဆွေ့ဆီက အသံတစ်သံ ထွက်လာခဲ့တာဖြစ်သည်။

"ထွေး နေဦးနေဦး ရေချိုးခန်းထဲ မ၀င်နဲ့ဦး၊ အထဲမှာ မိန်းမတစ်ယောက် ခေါင်းလျှော်နေတယ်"

"ဟမ်... ဆွေ  ဆွေ ဘာပြောတာလဲဟင်၊ ထွေးကဖြင့် ရေတောင် ချိုးပြီးနေပြီ"

"ဟင် ထွေး ဟုတ်လား ဆွေ အိပ်မက် မက်တယ်နဲ့ တူပါရဲ့ ထွေးရယ်။ အိပ်မက်ထဲမှာလေ မိန်းမတစ်ယောက် ရေချိုးခန်းထဲမှာ ခေါင်းလျှော်နေသတဲ့၊ ဆံပင်ရှည်ရှည်တွေက အုပ်ထားလို့ မျက်နှာတော့ သေချာမမြင်လိုက် ရဘူး"

"ဆွေရယ်  ဆွေ အဖျားနဲ့မို့ စိတ်က ထင်တာနေမှာပါကွယ် ကဲ ပြန်အိပ်လိုက်ဦးနော်၊ မနက်ဖြန် ရှေးဟောင်းပြတိုက်တို့ ဈေးတို့ကို အဖွဲ့နဲ့အတူ  လိုက်ပို့ပေးမှာတဲ့"

ပြောသာ ပြောလိုက်ရသည်။ ထွေးကိုယ်တိုင်ပင် ရေချိုးခန်းထဲ ၀င်လိုက်စဉ်ခဏမှာ ကျောထဲက စိမ့်ကနဲဖြစ်သွားသလို ခံစားလိုက်ရတာမို့ လက်ဖျားခြေဖျားများပင် အေးစက်သွားရသည်။ ကြောက်စိတ်နှင့် စောင်ကို ခေါင်းပေါ်ထိ ဆွဲခြုံလိုက်ကာ ဇွတ်မှိတ် အိပ်ခဲ့ရလေသည်။

(၃)

ထွေးတို့ မနက်စာ စားပြီးကြတော့ ၈နာရီပင် ခွဲတော့မည်။ ချက်အောက်လုပ်အပြီး ကားပေါ်တက်ကြတော့ ထွေးတို့နှစ်ယောက် မှလွဲ၍ အားလုံး ကားပေါ်မှာ ရောက်နေကြပြီ။ ခုံအလွတ်က ဟိုးနောက်ဆုံးတန်းမှာသာ ရှိတော့တာမို့ စောင့်နေကြသူ အားလုံးကို တောင်းပန်ပြုံးလေး ပြုံးပြရင်း ဟိုးနောက်ဆုံးထိ ၀င်ထိုင်ကြရသည်။ ထွေးတို့ ရောက်ပြီး ထိုင်လိုက်စဉ်ခဏမှာပင် ကားကြီးက တရွေ့ရွေ့ထွက်ခွာလေသည်။ ညက ဆေးသောက်ထား၍ ဆွေနည်းနည်း နေကောင်း လာတာမို့သာ တော်တော့သည်။ လမ်းဘေးက ရှု့ခင်းလေးတွေ ငေးရင်း ၀ယ်ရမည့် အိမ်အပြန်လက်ဆောင် စာရင်းတွေ ပြန်ကြည့်ရင်း ဈေးဝယ်စာရင်း လုပ်ကြ ရသေးသည်။

ဧည့်လမ်းညွှန် ကောင်မလေးက "ညာဘက်မှာ ကြည့် အဲဒါ သုဿန်" ဆိုလို့ ထွေးတို့နှစ်ယောက်လုံး ညာဘက်ကို ခေါင်းကလေးတွေ ငဲ့ကြည့်မိရသည်။

"လှလိုက်တာ၊ ပန်းခြံကလေးကျနေတာပဲနော်၊ သေချင်စရာလေး" ဆိုတဲ့ ဆွေ့အပြောမှာ ရယ်မောမိကြသေးသည်။

ပြတိုက်ရောက်တော့ အားလုံး ဆင်းကြသည်။ "ဒီမှာ တစ်နာရီ အချိန်ရတယ်။ ကြည့်ပြီးရင် အားလုံး ကားဆီ ပြန်လာ၊ ကိုယ့်နေရာမှာပဲ ကိုယ်ပြန်ထိုင်ကြပါ" ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးကို ခေါင်းညိတ်ပြုံးပြရင်း ထွေးတို့ ကားပေါ်က ဆင်းခဲ့ကြသည်။ ပြတိုက်ထဲမှာ ခေတ်အလိုက် ရိုးရာဝတ်စုံတွေ ပြောင်းလဲလာပုံကို အဆင့်ဆင့်ပြသထားသည်။ သူတို့နိုင်ငံ ရဲ့ ငွေကြေးသုံးနှုန်းမှု၊ ထုတ်ဝေမှု အဆင့်ဆင့်ကိုလည်း ပြသထားသေးသည်။ ပုံတူပန်းချီကားတွေလည်းပါသည်။ အများကြီးပါပဲ၊ ကြည့်စရာတွေက တစ်နာရီနှင့် ဘယ်လိုမှမလောက်နှိုင်။

ကားပေါ်ပြန်တက်လာကြတော့ ဧည့်လမ်းညွှန် ကောင်မလေးက ကားမထွက်ခင် လူရေတွက်သည်။ ရေတွက်ပြီး "တစ်ယောက်လိုသေးတယ်၊ ကိုယ့်ဘေးကလူ ကိုယ်ကြည့်ကြ၊ ဘယ်သူ မလာသေးဘူးလဲ" မေးရာ အားလုံးက ကိုယ့်ဘေးကလူ ကိုယ်ပြန်စစ်ကာ အကုန်ရှိကြောင်း ပြောတာမို့ ကောင်မလေးက နောက်တစ်ခေါက် ထပ်ရေပြန်သည်။ မကြေမနပ်နှင့် တစ်ယောက် လိုနေသေးတယ်ချည်းပြောကာ သူမက ကားကို ပေး မထွက်တော့ပါ။

ပြီးမှ ထွေးတို့နှစ်ယောက်ထိုင်နေသော နောက်ဆုံးခုံကိုကြည့်ကာ "နင်တို့ဘေးက တစ်ယောက်ရော ဆံပင်ရှည်ရှည်နဲ့လေ" ဆိုတော့မှ ဆွေရော ထွေးပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြောင်အသွားကာ "ဆံပင်ရှည်ရှည်...နဲ့ ဟုတ်လား" လို့ သံယောင်လိုက်မိတော့သည်။ သူမက ခေါင်းညိတ်ပြရင်း "ဟင့်အင်း နောက်ဆုံးခုံမှာ ငါတို့နှစ်ယောက်ပဲ ရှိတာ" ဆိုတဲ့ ထွေးတို့အဖြေကို ဘ၀င်မကျဟန် ပြသည်။ ခဏစောင့်ပြီး ဘယ်သူမှကျန်မနေတာ သေချာမှ ပြတိုက်ရှေ့က ကားထွက် ခဲ့တော့သည်။

သည်တော့မှ ဆွေက ထွေးလက်မောင်းကို ကိုင်လှုပ်ကာ  “တွေ့လား မိထွေး ငါမပြောဘူးလား၊ ဆံပင်ရှည်ရှည်နဲ့တဲ့ ငါညက ရေချိုးခန်းထဲမှာ တွေ့မိတဲ့မိန်းမပဲနေမှာ" လို့ ပြောလိုက်မှပဲ ညကအဖြစ်ကို ပြန်သတိရကာ ဆံပင်တွေ ထောင်ထသွား မတတ် လန့်ကြရသည်။ " အေး ဟုတ်မှာ ခုနက လမ်းမှာတွေ့ခဲ့တဲ့ သင်္ချိုင်းမှာ ဆင်းနေခဲ့တာများလား မသိဘူးနော်" ထွေးက စကားထောက်ပေးလိုက်ရင်း နှစ်ယောက်သား တစ်ယောက်လက်ဖ၀ါးကို တစ်ယောက်ဆုတ်ကိုင်ကာ ရသမျှဘုရားစာတွေ ရွတ်ရင်း လိုက်ပါခဲ့ကြရတော့သည်။

(၄)

"ဟင် ကြောက်စရာကြီး၊ သူက ဟိုတယ်ကနေ မမထွေးတို့ ကားပေါ်အထိ ပါလာတာပေါ့နော်"

"အေးပေါ့ နေခြည်ရဲ့"

"အမလေး နေခြည်သာဆို ကားပေါ်မှာတင် အသက်ထွက်သွားမလားပဲ"

"သူက ကိုယ့်ကို ဘာအန္တာရာယ်မှမှ မလုပ်တာပဲ နေခြည်ရယ်"

"ဟမ်  ဘာပြောပြော နေခြည်တော့ ကြောက်တယ်၊ ဟိုတယ်တွေမှာ မနေရဲတော့ဘူး၊ ပုသိမ်ရောက်ရင် ဟိုတယ်မှာ မနေဘဲ မမဆွေတို့အဖေအိမ်မှာ နေဖို့ မမထွေးစီစဉ်တာ မှန်တယ်။ ဟီးဟီး နေခြည်တော့ ကြိုက်တယ်။ ပိုပြီး နွေးနွေးထွေးထွေး ရှိတာပေါ့ နော် မမထွေး"

"ဟင် ခုနကတော့ နေ မကြောက်ပါဘူး မမထွေးရဲ့ ပြောပြပါ ဆို"

"ဟီး ကြောက်ပါဘူး၊ နည်းနည်း သွေးလန့်သွားတာ"

"အေးပါ အေးပါ ဟုတ်ပါပြီ နေခြည်မရဲ့ ကဲ အိပ်ပါတော့ မနက် ၁နာရီတောင် ကျော်နေပြီ"

ပြောသာ ပြောရသည်၊ ထွေးလည်း အိပ်ပျော်နိုင်တော့မည် မထင်ပါ။ ဗညားနွဲ့ကြီးကတော့ တအိအိ ခုတ်မောင်းရင်း သူ့တာဝန် သူကျေနေသည်။ ထွေးမှာဖြင့် ၀ရန်တာဘက်ထွက်ကာ ကြယ်ကလေးများဆီ ငေးကြည့်ရင်း  ကောင်းကင်မျက်နှာပေါ်မှာ တစ်စုံတစ်ခုကို ဖွေရှာနေခဲ့ပါသည်။


(၅)

ညနေ ရုံးဆင်းချိန်ရောက်တော့ ဦးဦးက ထွေးတို့ အဆောင်လေးဆီ လာနှုတ်ဆက်သည်။ ထွေးက ဆွေပါးလိုက်သော ရန်ကုန်စာများနှင့် စာလေးတစ်စောင်ကို ထုတ်ပေးရင်း နေစရာ၊ စားစရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ ဦးဦးကို ကျေးဇူးတင်ပါကြောင်း ပြောရသည်။
စက်ဘီးစီးတတ်ရင် မကရင်မကို စက်ဘီးတစ်စီး ပို့ခိုင်းလိုက်မယ်၊ ဘယ်သွား ချင်သေးလဲ ပြော နောက်နေ့တွေ ဦးဦးလိုက်ပို့ပေးမယ်” ဆိုလာတော့ လူကြီးကို အပူမကပ်ချင်တာက တစ်ကြောင်း၊ လွတ်လွတ်လပ်လပ်သွားလာချင်တာက တစ်ကြောင်းတို့ကြောင့် အားနာနာနှင့်ပင် ငြင်းရသည်။ နောက်ရက်များမှာတော့ မကရင်မ သားလေး စိုးစိုးက ထွေးတို့ သွားချင်သည့်နေရာများကို လိုက်ပို့ပေးရှာပါသည်။

ဆွေ့အဖေ ဦးဦးသည် ဆွေနှင့် မျက်နှာပေါက် တူသည်။ နှာတံပိုမိုပေါ်လွင်ကာ နှုတ်ခမ်းများ ပိရိသော၊ ငယ်စဉ်က လူချောတစ်ဦး ဖြစ်ခဲ့မည်မှာ သေချာသော ရုပ်ရည်ရှိသည်။ ၅၈နှစ်ဆိုသော အသက်အရွယ်မှာ ကျန်းမာသော အမျိုးသားတစ်ယောက်အတွက် ကြီးပြီဟု မဆိုသာ။ ဆွေ့မေမေဆုံးသွားပြီးကတည်းက နောက်အိမ်ထောင်မထူခဲ့သော ဦးဦးမှာ ဆွေတို့မောင်နှမတွေအတွက် ဖခင်ဆိုတာထက် ပိုမိုသာလွန်သော သူရဲကောင်းတစ်ဦးနှင့်ပင် တူနေသေးတော့သည်။

(၆)

ထွေးတို့ ရောက်တာ လေး-ငါးရက် ရှိနေပြီဖြစ်သော်လည်း ဦးဦးနေထိုင်ရာ ဘိုတဲကြီးပေါ်ကို တစ်ခါမှ မရောက်ဖူးသေးပါ။ ၇ရက်ပြည့်လျှင် ထွေးတို့ ဤပုသိမ်မြို့လေးမှ ပြန်ကြရတော့မည်။

တစ်ညနေစောင်း ရုံးမဆင်းမီ ထွေးတို့ ခြံဝင်းကြီးထဲ လမ်းလျှောက်နေကြချိန်။ ဘိုတဲကြီး၏ နောက်ဖေးပြူတင်းပေါက်မှ ခန်းဆီးစသည် လေအလာတွင် ခပ်လွင့်လွင့်မျောကာ ထိုခန်းဆီးနောက်ကွယ်၌ ဆံပင်ရှည်ကြီးများကို ရှင်းလင်းဖီးသင်နေသော မိန်းမတစ်ယောက်ကို တွေ့လိုက်ကြရလေသည်။ ထွေးနှင့် နေခြည်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အဓိပွါယ်ပါပါ မဲ့လိုက်မိကြသည်။ ခပ်လှမ်းလှမ်းမှဖြစ်သော်လည်း မှတ်မိလွယ်သော ရုပ်ရည်မျိုးဖြစ်ပါ၏။ ထိုမိန်းမနဖူးတည့်တည့်မှာ ထင်ရှားသောမှဲ့နက်ကြီးတစ်လုံးရှိပြီး စွတ်စွတ်ဖြူသော အသားအရည်ပေါ်တွင် နှုတ်ခမ်းများက ဆွေးညို့နေအောင် ရဲရဲနီလျှက်ရှိသည်။

ဆွေ့ဖေဖေဟာ ဇနီးဆုံးပြီးနောက် သားသမီးတွေကို ဖခင်မေတ္တာအပြည့်ပေးကာ ပြုစု စောင့်ရှောက်နေသူပါဆိုတာ ဒါလား။ ဒါဆိုဘာဖြစ်လို့ မကရင်မတို့က ချက်ပြုတ်ကျွေးမွေးနေရတာလဲ၊ ဦးဦးကို အဲဒီမိန်းမက ချက်ပြုတ်ကျွေးမွေး ပြုစုတာတွေ မလုပ်ဘူးလား။ အေးလေ တရားဝင်မဟုတ်လို့နေမှာပေါ့၊ ပတ်ဝန်းကျင်မှာတော့ သနားစရာမုဆိုးဖိုပေါ့လေ...။ တစ်ပြိုင်နက်ထဲမှာပင် ဆွေသာသိရင် စိတ်ကောင်းရှာမှာ မဟုတ်ဟု တွေးမိရသည်။ ဆွေက သူ့အဖေကို အတော်လေး ချစ်တဲ့သူ၊ အဖေအကြောင်း တဖွဖွပြောကာ "အဖေနဲ့တူတဲ့ ယောက်ျားရမှပဲ အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဟေ့" ဟု ကြွေးကြော်ထားသူ။ ခုတော့....။

"ဒါကြောင့်လည်း ဘိုတဲကြီးဆီကို မမထွေးတို့ကို အလည်မခေါ်တာ ဖြစ်မှာ" နေခြည့်ကို ပြောတော့ နေခြည်ကလည်း သဘောတူစွာ "ဟုတ်မှာ မမထွေးရဲ့" ဟု ဆိုသည်။ "ဘာဖြစ်ဖြစ် အဲဒီကိစ္စကို နေခြည်တို့ အမိဖမ်းမယ်၊ မပြန်ခင် ဘိုတဲကြီးပေါ်သွားပြီးကို လက်မိလက်ရ ဖမ်းရမယ်"ဟု ဆားပုလင်းစတိုင်နှင့် နေခြည်က ပြောလာတော့ ထွေးမှာ သဘောကျစွာ ရယ်ရသေးတော့သည်။

(၇)

မနက်ဖြန်ဆို ထွေးတို့ ပြန်တော့မည်။ စာမူအတွက် အကြမ်းမှတ်ထားတဲ့ မှတ်တမ်းလေးတွေလည်း စုံသလောက် ရှိပြီ။ မောင့်ခြေရာတွေ အိပ်မက်ဟောင်းတွေနှင့် ပြည့်နှက်နေခဲ့သော ပုသိမ်မြို့လေးကိုလာရတာ ထွေး ကြေနပ်လှပါသည်။ အရေးကြီးဆုံး ထွေးရဲ့ စိတ်၊ ထွေးရဲ့ နှလုံးသား...။ ဒါတွေကို ထွေး ဖမ်းဆုတ်မိခဲ့ပြီ။
 
ညကျရင်တော့ ဦးဦးရှိရာ ဘိုတဲကြီးဆီ သွားမည်။ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတော့ ဦးဦး ကျွေးမွေးထား တာ၊ နေရာထိုင်ခင်းပေးထားတာတွေအတွက် ထွေးတို့ မပြန်ခင် သွားကန်တော့ချင်သေးသည်။ သူ့ဟာသူ နောက်မိန်းမ ယူထားတာကတော့ သူ့အပိုင်းပေါ့လေ၊ ဆွေ့ကိုသာ ဘယ်လိုပြောရမည် မသိ၊ ဦးဦးကိစ္စကို ဖုံးကွယ်ထားရကောင်းနိုး၊ အသိပေးလိုက်ရကောင်းနိုးနှင့် မဝေခွဲနိုင်။ ထွေး စိတ်ထဲ မတင်မကျ ရှိနေရသည်။

ညစာ စားအပြီး ၇နာရီလောက်မှာ ထွေးတို့ ဦးဦးရှိရာ ဘိုတဲကြီးဆီ သွားခဲ့ကြသည်။ မနက်ကတည်းက လာမည် ပြောထားတာမို့ ဦးဦး ကြိုတင် စောင့်နေပေလိမ့်မည်။

ဘိုတဲကြီးထဲ ထွေးတို့ ရောက်မှ အံ့သြသွားရတာက ဘိုတဲကြီးမှာ တစ်ထပ်မဟုတ်၊ တစ်ထပ်ခွဲ ပြောရမလား၊ အပေါ်မှာ အထပ်ခိုးလေး ပါသေးသည်။ အပေါ်ကိုတက်သော လှေကားလေး ရှိသေးသည်။ အတွင်းမှာ မီးလုံးက ၀ါကျင်ကျင်မို့ ဘာကိုပဲ ကြည့်ကြည့် ရုပ်ရှင်ကားဟောင်းတစ်ကားကို ကြည့်နေရသလို ပြက်ပြက်ထင်ထင် မရှိလှ။ အင်မတန်နည်းပါးသော ပရိဘောဂ များကြောင့် ဧည့်ခန်းကြီးမှာ ပိုကျယ်နေသလို ထင်ရသည်။

ဦးဦးက
ဒါက ရွှေမြင်းပျံပုသိမ်ဟာလ၀ါ သမီးတို့ဖို့၊ မိဆွေကိုလည်း ဒီဟာလ၀ါဘူးတွေနဲ့ စာလေးတစ်စောင် ပေးလိုက်ချင်သေးတယ် ခဏလေး” ဟုဆိုကာ ထပ်ခိုးလေးပေါ် တက်သွားသည်။ ဦးဦးတက်သွားရာ လှေကားနောက်ကို လိုက်ကြည့်မိသော ထွေးမျက်လုံးများက တစ်နေရာအရောက်မှာ ရပ်တန့်လျှက် မင်သက်နေမိတော့သည်။

ဘေးကနေခြည့်ကို လက်ကုတ်ကာ ပြလိုက်တော့ နေခြည့်မျက်နှာလေးမှာ သွေးဆုတ်သလို ဖြူဖျော့ သွားတာများ သနား စဖွယ်။ ထွေးရော နေခြည်ပါ တတ်နိုင်လျှင် ဒီဘိုတဲကြီးပေါ်ကနေ အပြေးထွက်သွားချင်လှပြီ။ ဒူးချင်း တစ်ဒုတ်ဒုတ် ရိုက်ကာ ခွေလဲမတတ်ဖြစ်ကြ၍ ထိုင်နေရတာကပင် နောက်ကျော မလုံချင်တော့။ နေခြည်ကလေးမှာ ကြောက်လွန်း၍ အသံတွေပင် တုန်လာလေသည်။ ဦးဦးအပေါ်ထားမိသော သံသယအတွက် စိတ်ထဲက တောင်းပန်နေမိသည်။ ဘ၀ချင်းခြားပြီးတာတောင် ချစ်စိတ်နှင့် မနှင်ရက်သော ဦးဦးခမျာ သနားစရာ။

ဟင့်အင်း ဘိုတဲကြီးပေါ်မှာ သွားမချက်ချင်ပါဘူး၊ ငါ့အိမ်မှာပဲ ချက်ပြုတ်ပြီး ဆရာပြန်လာမှ နေ့တိုင်း သွားပို့ပေးတာပဲ ကောင်းတယ်”

မျက်လုံးလေးပြူးကာ ခေါင်းလေးတစ်ခါခါနဲ့ ဘိုတဲကြီးဆီကြည့်ကာ မကရင်မ ပြောခဲ့ပုံက သူများအိမ်ပေါ်မှာ သွားမချက်ချင်ပါဘူး ဆိုတာထက် အထိတ်တလန့်ဟန်ဆိုတာ ခုမှပဲ ထွေး ရိပ်မိရတော့သည်။

လှေကားရင်းမှာ ချိတ်ထားတဲ့ဓါတ်ပုံထဲက မိန်းမ။  ဦးဦးလက်မောင်းကို ပိုင်ပိုင်ချိတ်တွဲကာ ဆံပင်တွေကိုနောက်လှန်ပြီး ဆံထုံးပုံ့ပုံ့လေး ထုံးထားတဲ့ မိန်းမ၊ နဖူးမှာ မှဲ့နက်ကြီးတစ်လုံး ထင်ထင်ရှားရှားရှိနေတဲ့ နှုတ်ခမ်းရဲရဲနဲ့ မိန်းမ၊ ကားအက်ဆီးဒင့်နဲ့ ဆုံးသွားတာကြာလှပြီဖြစ်တဲ့ ဦးဦးရဲ့ မိန်းမ၊ အဲဒီမိန်းမဟာ ထွေးတို့ တစ်နေ့က ပြူတင်းပေါက်နောက်နားမှာ တွေ့လိုက်ရတဲ့ မိန်းမ၊ ထွေးသူငယ်ချင်း မိဆွေရဲ့ အမေ။

ဖျတ်ကနဲ....။  တစ်နေ့ကမိန်းမကို ဖြူစုတ်စုတ်အသားအရည်ပေါ်က နီရဲစွေးညို့နှုတ်ခမ်းတို့အား ထီမထင်ဟန်နှင့် ခပ်ကွေးကွေး မဲ့ကာ တစ်သိမ့်သိမ့် ရယ်မောနေသည်ကို နံရံတွေပေါ်မှာ တွေ့လိုက်ရလေသည်။ ရယ်မောနေရင်းမှ ပုံ့ပုံ့လေးထုံးဖွဲ့ထားသော ဆံပင်ကဆံထိုးကို ဆွဲဖြုတ်လိုက်သော် သူမ၏ ခေါင်းပေါ်မှ မည်းနက်သန်စွမ်းသည့်ဆံနွယ်တို့သည် တကောက်ကွေးထိအောင် အိကနဲ ဖြာကျလေသည်။ အံ့သြစွာကြည့်နေရင်းမှာပင် ထိုဆံပင်များသည် အဖြူရောင်စွတ်စွတ် မွဲခြောက်လျှက်၊ သူမ၏ ၀ိုင်းစက်
လှပသော မျက်လုံးများနှင့် ထင်ရှားပေါ်လွင်သော နှာတံမှာ ချိုင့်ခွက်ဝင်ကာ ဟောက်ပက်ပက်သို့၊ ရဲရဲနီစွေးသော နှုတ်ခမ်းများမှာလည်း ဖြူစုတ်ပဲ့ရွဲ့ကာ ရှုံ့အိတ်တစ်လုံးကို ဆွဲရှုံ့ထားသလို တွန့်လိတ်လျှက် ပုံပျက်ပန်းပျက်
အသွင်ပြောင်းလေသည်။ နံရံတွေပေါ်မှ ထွေးရှိရာဆီသို့  ခြေတစ်လှမ်း အတိုးမှာ သူမ၏မျက်နှာသည် ထွေးမျက်နှာရှေ့သို့ ဟုတ်ကနဲအရောက်၊ ထွေးခန္မာကိုယ်လေး ပျော့ကနဲ ခွေကျလေ၏။

မိတ်ဆွေရေးဖော်တွေရဲ့ လက်ရာမွန်တွေကိုပါ ဒီမှာ ဒေါင်းပြီး ဖတ်ရှု့နှိုင်ပါတယ်ရှင်။



Monday, November 5, 2012

ရုပ်သေးပွဲ သွားချင်ကြသူများအတွက်....


စင်္ကာပူမှာ ကျင်းပပြုလုပ်မဲ့ အာစီယံရုပ်သေးပွဲကြီး နီးလာပါပြီ။ ရုပ်သေးပညာရှင်၊ ဆိုင်းပညာရှင်တွေလည်း စင်္ကာပူကို ရောက်ရှိလို့ နေပါပြီရှင်။ (ပုံနဲ့တကွ တင်ပြပါတယ်း)


ရုပ်သေးပွဲကြည့်ချင်ကြတဲ့ ကျွန်မမိတ်ဆွေများအတွက် နေရာနဲ့ ပွဲချိန်ကို ထပ်မံမျှဝေချင်ပါတယ်။

Goodman Art Center ခန်းမကြီးမှာ ဖြေဖျော်မှာဖြစ်ပြီး ပွဲချိန်တွေကတော့

07-11-2012 8:00 pm (55 mins)
09-11-2012 9:00 pm (55 mins)
10-11-2012 2:00 pm (25 mins)
10-11-2012 8:00 pm (closing show) ဖြစ်ပါတယ်။
ပွဲတွေက Free admission ပါ။ အားပေးချင်ကြတယ်ဆိုရင်ဖြင့် ပြက္ခဒိန်မှာ အသေအချာလေး ရေးခြစ်ထားလိုက်ကြပါဦး။

အဲဒီနေ့တွေ မအားရင်လည်း ရပါသေးတယ်။ စင်္ကာပူရောက် မြန်မာများစုစည်းထားတဲ့ မြန်မာကလပ်ရဲ့ စီစဉ်မှုနဲ့ Cultural Hotelမှာ  နိုဝင်ဘာ ၈ရက် -ကြာသပတေးည ၇ နာရီမှာ ပွဲကလေးတစ်ပွဲ သီးသန့် ရှိပါသေးတယ်။  လာရောက်အားပေးကြသူများကို မုန့်ဟင်းခါးနဲ့လည်း ဧည့်ခံဦးမှာဆိုတော့ အစီအစဉ်က အတော်လေးကို ကောင်းနေပါပြီ။  ကျွန်မမိတ်ဆွေများ အရောက်သွားကြဖို့သာ လိုပါတယ်။

ကျွန်မဘလော့ဂ်ကတစ်ဆင့် ကောက်ခံရရှိထားတဲ့ ရုပ်သေးပွဲအတွက် အင်အားဖြည့်အလှူငွေ S$745 ကိုလည်း အဲဒီနေ့ နိုဝင်ဘာ ၈ရက် -ကြာသပတေးည ၇ နာရီ Cultural Hotel မှာ ဖြေဖျော်မယ့်ပွဲမှာပဲ ဦးခင်မောင်ထွေးရဲ့ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ကို လက်ရောက်ပေးအပ်ခဲ့ပါမယ်။ ပါဝင်အားဖြည့်ခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

မေဇင်အေး- S$30.00
ကိုဇော်မင်းထွန်း-S$10.00
အန်တီတင့် -S$30.00
ကိုတင်မင်းထက်-S$20.00
ကိုဧရာ+မသီတာ-S$30.00
မိုးပန်းချီ - S$20.00
ကိုကျော်နိုင်ဦး+မခင်မိမိ - S$50.00
ကိုကျော်ကျော်မန်း-S$20.00
ဦးစိုးဝင်း+ဒေါ်တင်တင်အုန်း(မဖြူ) - S$50.00
သဇင်ဝတ်မှုန်- S$10.00
အင်ကြင်းသန့် -S$10.00
ကိုရွှေမင်းနိုင်+မမျိုးအေး-S$50.00
ကိုမောင်မောင်သက်+မတင်တင်ရီ-S$15.00
ကိုရန်နိုင်လင်း+မမျိုးအိမွန်-S$10.00
ကိုသန်းဝင်းဇော်(ဖိုးသား)- S$20.00
ကိုအောင်ကျော်ဆန်း+မလွင်လွင်စိုး-S$10.00
နုနုခိုင် - S$20.00
ညိုလေးနေ- S$30.00
မချိုချို - S$5.00
ကိုကိုဝင်း-S$5.00
ကိုဦး+သန္တာလွင်-S$50.00
Tin - S$50.00
ကိုဘိုဘိုဝင်း (ရနံ့သစ် စားသောက်ဆိုင်) - S$ 100
ချစ်ကြည်အေး - S$ 100
---------------------------
စုစုပေါင်း - S$745.00
---------------------------
ထွေးဦးမြန်မာရဲ့ ဖေ့စ်ဘုတ်လင့်ခ်ဒီမှာ လိုက်ခ်လုပ်ပေးပြီး ရုပ်သေးပွဲရဲ့ သတင်းများ ရယူနိုင်သလို 
ပွဲတော်တစ်ခုလုံးရဲ့ အစီအစဉ်တွေကို ကြည့်ချင်တယ်ဆိုရင်ဖြင့် ဒီမှာ သွားကြည့်နိုင်ကြပါတယ်။

ထွေးဦးမြန်မာရုပ်သေးအဖွဲ့ ဒီထက်မက အောင်မြင်မှုတွေရပြီး  မြန်မာ့ရုပ်သေးပညာနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ဆောင် ပွဲလယ်တင့်နိုင်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ်.....