Monday, October 1, 2012

ရုပ်သေးပွဲ သွားကြရအောင်


ကျွန်မငယ်ငယ်က ရုပ်သေးပွဲတွေ ကြည့်ခဲ့ဖူးပါတယ်။ ကလေးပီပီ လှတဲ့အရုပ်တွေကို ပိုကြိုက်ခဲ့တာပေါ့။ မင်းသား မင်းသမီးရုပ် ဇော်ဂျီ ရှင်ဘုရင် အပျိုတော် သူငယ်တော်ရုပ် အဲသလိုအရုပ်တွေကို သဘောတကျ အားပေးခဲ့တာ။ သူတို့က ဖြူဖြူဖွေးဖွေး လှလှပပလေးတွေကိုး။  ဟိုးအရင်က များသောအားဖြင့်တော့ ဘုရားပွဲတွေမှာ ရုပ်သေးပွဲထည့်တတ်တယ်။ ခုတော့ ဇာတ်ပွဲတွေတောင် တော်တော်လေး ကျဲပါးလာခဲ့ပြီ။ ရုပ်သေးဆိုတာ ဘာမှန်းမသိတဲ့ ကလေးတွေ အများကြီး ရှိခဲ့ပြီ။ ထိုင်းရုပ်သေးလို တုတ်ထိုးအရုပ်တွေကို နောက်ခံပိတ်ကားပေါ် မီးထိုးပြီး ပြတဲ့ ရုပ်သေးလောက် သိကြတော့တာ။ ကျွန်မ ကိုယ်တိုင်လည်း အရင်က ကြည့်ခဲ့ဖူးတဲ့ ရုပ်သေးကို ပြန်မြင်ယောင်ကြည့်တဲ့အခါ ခပ်ရေးရေးလောက် မှတ်မိနိုင်တော့တယ်။

တော်တော်လေးကြာခဲ့ပါပြီ။ CNA မှာ မန္တလေးက ရုပ်သေးပညာရှင် ဒေါ်မမနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်း ကြည့်လိုက်ရသေးတယ်။ အဲဒီတုန်းက အိမ်ကလူ မန္တလေးသားကြီး လက်ခမောင်းထခတ်သံတောင် ကြားလိုက်ရသေး။ သူက ရုပ်သေးအတွက်ရော ဒေါ်မမနိုင်အတွက်ရော မန္တလေးအတွက်ရော ပျော်နေခဲ့တာလေ။ ကျွန်မလည်း ကျွန်မတို့ မြန်မာ့ရုပ်သေးအတွက် ဂုဏ်ယူမိပါတယ်။ ဒီထက်မကလည်း တိုးတက်လာစေချင်ပါတယ်။

ရုပ်သေးပညာက တကယ်ကို နက်နဲလွန်းတာ။ မြန်မာ့ရုပ်သေး အရုပ်ပေါင်း ၂၈ရုပ်မှာ မင်းသမီးရုပ်ကို ယမနေသား၊ မင်းသားရုပ် ဘုရင်ရုပ်တွေကို ဧကရာဇ်သားနဲ့ ပြုလုပ်ရတယ်၊ ကျန်တဲ့အရုပ်တွေကိုလည်း သက်ဆိုင်ရာ သတ်မှတ်ထားတဲ့အသားတွေနဲ့ ထုလုပ်ရသတဲ့။ အရုပ်တွေရဲ့ အရွယ်က ၁၃လက်မကနေ လက်မ ၂၀အထိဖြစ်ပြီး အရုပ်တိုင်းကို ကိုယ်အင်္ဂါစုံလင်အောင် ထုလုပ်ကြရပါတယ်။ အရုပ်တစ်ရုပ်ဖြစ်ဖို့ အနည်းဆုံး ရက်နှစ်ဆယ်ကနေ တစ်လအထိ အချိန်ယူထုလုပ်ကြရပါသတဲ့။ အရုပ်တွေကို အသားထုထားတာရဲ့အပေါ်မှာ ကိုယ်လုံးနဲ့ မျက်နှာအလှအပအတွက် ဆေးခြယ်၊ ရွှေချည်ငွေချည် စီးကွင့်တွေထိုးထားတဲ့ အ၀တ်အစားတွေကို သက်ဆိုင်ရာဇာတ်ရုပ်အလိုက် ဆင်မြန်းပေးပြီးချိန်မှာတော့ သိတ်ကို လှပ၀င့်ကြွားတဲ့ ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ အရုပ်လှလှတွေ ရပြီပေါ့ရှင်။

မင်းသားရုပ်အတွက် ကြိုး ၉ကြိုးဆွဲရပြီး အဲဒါတွေက ဦးခေါင်းမှာ နှစ်ကြိုး၊ ပခုံးမှာ နှစ်ကြိုး၊ ခါးမှာ တစ်ကြိုး၊ လက်မောင်းမှာ နှစ်ကြိုးနဲ့ လက်ဖျားမှာ နှစ်ကြိုး ပေါင်း ၉ကြိုးဆွဲရပါတယ်။ အပျိုတော်အရုပ်ဆိုရင် ကြိုးပေါင်း ၆၀ထိတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကြိုးဆွဲသိတ်ကောင်းတဲ့ ပညာရှင်တွေဆွဲတဲ့အခါ အရုပ်ဟာ ခေါင်းကလေးတဆတ်ဆတ်၊ လက်ဖျားကလေး တခါခါ၊ ခြေကလေး တခတ်ခတ်နဲ့ အသက်ဝင်နေသလို အင်မတန် ကြည့်ကောင်းပါတယ်။ ရုပ်သေးမှာ ကြိုးဆွဲတာအပြင် မင်းသားမင်းသမီးအသံနောက်ခံအဆိုနဲ့ ဆိုင်းတို့ကလည်း အဓိကနေရာက ပါဝင်နေပြန်ပါတယ်။ ဒါတွေအားလုံး ပြီးစီးပြည့်စုံတဲ့အခါမှာတော့ ကျွန်မတို့တတွေ သိတ်ကြိုက်တဲ့ ရုပ်သေးပွဲတစ်ပွဲဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီ ဆိုရတော့မှာပါ။

ဒါတောင် ရုပ်သေးစင် ထိုးတာက အစ၊ ဘယ်အရုပ်ကဖြင့် စင်ရဲ့ ဘယ်ဘက်၊ ဘယ်အရုပ်ကဖြင့် စင်ရဲ့ ညာဘက်က ထွက်ရမယ် အဲသလို အရုပ်ထွက်ဖို့တောင် စည်းကမ်းတွေ ရှိပါသေးသတဲ့။ အင်မတန် စည်းကမ်းကလနားကြီးတဲ့ မြန်မာ့ရုပ်သေးပါပဲ။

အခု ကျွန်မတို့ စင်္ကာပူမှာ အဲသလို ရုပ်သေးပွဲမျိုးကြည့်ကြရဖို့ အခွင့်အရေး ရလာခဲ့ပါပြီ။ Artsolute asia က စီစဉ်တဲ့ Singapore ASEAN Puppet Festival 2012 မှာ တစ်ခြားသော အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ မြန်မာပြည်က ထွေးဦးမြန်မာ ရုပ်သေး အဖွဲ့ ပါဝင်ကပြခွင့် ရခဲ့တာမို့ပါ။ ၂၀၁၂ အာဆီယံ ရုပ်သေးပြပွဲကို စန်တိုစာမှာ နိုဝင်ဘာ ၂ရက်နေ့ကနေ ၁၀ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ ပါဝင်မဲ့ နိုင်ငံတွေက ထိုင်း၊ မြန်မာ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဗေ္ဗာဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နာမ် နဲ့ အိမ်ရှင် စင်္ကာပူနိုင်ငံတို့ပါပဲ။ (ပြောရင်း ပြောရင်းနဲ့ သတင်းကြေငြာသူလိုလို အသံကြီး ဖြစ်သွားတယ်၊ ပြန်လျှော့ဦးမှး)

ဒီလိုရှင်၊ ခက်နေတာက organizeလုပ်တဲ့ အဖွဲ့က ရုပ်သေးပွဲမှာ ပါဝင်မဲ့ နိုင်ငံတွေကို ဖိတ်ခေါ်စီစဉ်ခဲ့တာဖြစ်ပေမဲ့ သူတို့က နေစားရိတ်၊ စားစရိတ်ပဲ တာဝန်ယူမှာ ဖြစ်ပြီး ခရီးစရိတ်နဲ့ အသေးသုံးဗာယီရတွေကို ကိုယ့်စားရိတ်နဲ့ ကိုယ်ဆိုပြီး ခေါ်ခဲ့တာပါ။ အဲဒီမှာ တစ်ခြားနိုင်ငံတွေအတွက်တော့ မပြောတတ်ပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံက အဖွဲ့အတွက်တော့ အတော်လေး စဉ်းစားစရာ ဖြစ်သွားခဲ့ပါတယ်။

ရုပ်သေးပွဲတစ်ပွဲမှာ ပါဝင်တင်ဆက်မဲ့ လူအင်အားက အကျဉ်းချုံးရင် ၃-၄ ယောက်နဲ့ ပြီးကောင်း ပြီးနိုင်ပေမဲ့ ကျကျနနတင်ဆက်ချင်လို့ မြန်မာ့ဆိုင်းဝိုင်းနဲ့ဘာနဲ့ စီစဉ်ချင်တဲ့ အခါဆို ၈ယောက် ၉ယောက် ဖြစ်သွားနိုင်တယ် မဟုတ်လားရှင်။ ပြီးတော့ ကျွန်မတို့ မြန်မာပြည်က ရုပ်သေးပညာရှင်တွေရဲ့ ငွေကြေးအခက်အခဲ အခြေအနေ။ ဒါကိုလည်း ထည့်တွက်ကြရမှာ။ ကျွန်မသိရသလောက်တော့ ထွေးဦးမြန်မာရုပ်သေးအဖွဲ့က ဦးထွေးရဲ့ အဆိုအရ MAIကိုရော စင်္ကာပူလေကြောင်း ကိုရော လေယာဉ်လက်မှတ် စပွန်ဆာတောင်းခံထားတယ်လို့ သိရတယ်။ ခုထိတော့ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။

ဒီပွဲကို ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့နဲ့အတူ မြန်မာ့ဆိုင်းပညာရှင် ရွာစားကျော် စိန်မွတ္တားတို့အဖွဲ့ပါ အားဖြည့်တက်ရောက်ကြမှာပါ။ ဆိုင်းပညာရှင်၊ အဆိုတော်၊ ကြိုးတော်ဆွဲ စုစုပေါင်း ၁၅ယောက်တက်ရောက်ကြမယ်လို့ သိရပါတယ်။ ရုပ်သေးပညာရှင်တွေရော၊ ဆိုင်းပညာရှင်တွေကပါ အိတ်စိုက်လုပ်ကြမယ်ကွာလို့ ဆိုပြီး လာရမဲ့ ပွဲဖြစ်တဲ့အတွက် ပညာရှင်တွေရဲ့ စိတ်ထားတွေကို လေးစားမိပါတယ်။

အဲဒီလို လေးစားမိတာနဲ့အတူ စင်္ကာပူမှာရှိနေတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေကရော ဘယ်လို ပါဝင်ပံ့ပိုးပေးနိုင် မလဲလို့ တွေးမိတဲ့အတွက် ကျွန်မ ဒီပိုစ့်လေးကို ရေးဖြစ်တာပါ။ ဖြစ်ချင်တော့ နိုဝင်ဘာမှာ တစ်ခြားပွဲတွေ ရှိနေ၊ စီစဉ်ပြီးသား ဖြစ်နေတဲ့အတွက် ပွဲစီစဉ်သူတွေက နောက်တစ်ပွဲ ထပ်စီစဉ်ဖို့ လက်တွန့်စဉ်းစားနေကြတာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ တစ်ယောက်ချင်းစီ မကူနိုင်ရင်တောင် ကျွန်မတို့ အများအားနဲ့ စုပေါင်း ကူညီကြမယ်ဆိုရင် အတန်အသင့် ရွေ့လျားစေတဲ့ အင်အားလေးတစ်ရပ်တော့ ဖြစ်လာနိုင်မှာပါ။ အဲဒီအင်အားလေးနဲ့ ပညာရှင်တွေကို ကျွန်မတို့ တတ်နိုင်သလောက် ကူကြရအောင်ပါ။ ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်လို့ ဆိုတယ် မဟုတ်လားရှင်။

ကျွန်မဆီမှာတော့ စင်္ကာပူက ထည့်ဝင်လိုတဲ့ စေတနာရှင်တွေဆီကပဲ ကောက်ခံပါမယ်။ ကျွန်မ အကောင့်နံပါတ်က 029-8-030146 DBS Saving Plus ပါ။ ခုလောလောဆယ်တော့ ကျွန်မက စင်္ကာပူဒေါ်လာ ၁၀၀နဲ့ ကိုဘိုဘိုဝင်း (ရနံ့သစ် စားသောက်ဆိုင်)က ၁၀၀၊ စုစုပေါင်း ၂၀၀ ရထားပါပြီ။ တစ်ခြားနိုင်ငံက ပါဝင်ကူညီချင်တယ်ဆိုရင်တော့ ကျွန်မ တတ်နိုင်သလောက် ဦးထွေးဦးတို့အဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပေးပါမယ်။

မြန်မာအဖွဲ့ရဲ့ အစီအစဉ်က 

နိုဝင်ဘာ ၈ရက်နေ့ (ကြာသပတေးနေ့)
ည ၈နာရီ - ၉နာရီ
နေရာ- Papermoon@Malay Heritage Centre

နိုဝင်ဘာ ၁၀ရက်နေ့ (စနေနေ့)
နေ့လည် ၂နာရီ - ၄နာရီ
နေရာ- Open House, Exhibition

**အဲဒီရက်တွေကို ကလန်ဒါမှာ အသေအချာလေး ရေးမှတ်ထားပြီး သွားရောက်အားပေးကြစေချင်ပါတယ်။

ကောက်ခံရရှိငွေတွေကို ကျွန်မ စာရင်းအတိအကျ အသေအချာ update လုပ်ပေးသွားပါမယ်။ ငွေလွှဲပြီးတဲ့အခါ ကျွန်မကို (၉၀၀၃၃၈၀၄) မက်ဆေ့ခ်ျလေး ပို့ပေးကြစေချင်ပါတယ်။ စာရင်းကို ကျွန်မဘလော့ဂ်ဆိုက်ဘားမှာ တင်ပေးသွားပါမယ်။ စေတနာရှင်များ နည်းများမဆို ၀ိုင်းဝန်းလိုက်ကြပါဦးစို့လားရှင်။





ဓါတ်ပုံကို ဦးထွေးဦးဆီက ယူပါတယ်ရှင်...

9 comments:

  1. သိပ်လေးစားဖို့ကောင်းတဲ့ မြန်မာ့ရုပ်သေးပညာ...
    ဆ၇ာမဒေါ်မမနိုင်ရဲ့ ဘ၀ကလည်း သိပ်ကိုကြိုးစားခဲ့ရတာ...
    အမချစ်လည်း ရုပ်သေးကိုတော်တော်လေ့လာထားတာနော်....

    ခင်မင်စွာဖြင့်

    ReplyDelete
  2. ဦးထွေးတို့က ရုပ်သေးပဲစီစဉ်တတ်တာ ဆရာမလိုစာရေးမကောင်းတော့ ကျေးဇူးတင်ပါတယ်လို့ ရိုးရိုးပဲပြောပါရစေ... မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို လေးစားတန်ဖိုးထား အားပေးကူညီတဲ့အနေနဲ့ မတည်ငွေထည့်ပြီး ဆော်သြပေးပါသော ဆရာမနဲ့ကိုဘိုဘိုဝင်း (ရနံ့သစ် စားသောက်ဆိုင်) တို့ကို လေးစားခင်မင်ကြောင်း ပြောပါရစေ...

    ဆိုင်းပညာရှင်၊ အဆိုတော်၊ ကြိုးတော်ဆွဲ စသဖြင့် စုစုပေါင်း (၁၅)ယောက်ဖြင့် လာရောက်ဆင်နွှဲမှာဖြစ်ကြောင်း သတင်းပေးပါရစေ...

    လေးစားခင်မင်စွာဖြင့်
    ဦးထွေး(ထွေးဦးမြန်မာ)

    ReplyDelete
  3. ဟုတ်ကဲ့ ဦးထွေး။ လူအရေအတွက်ကို မချစ်ပြန်ပြင်လိုက်ပါပြီ နော်...

    ReplyDelete
  4. ညီမ ချစ်ကြည် ဆန္ဒတွေ ပြည့်ဝနိုင်ပါစေ

    ချစ်အမကြီး
    ရွှေစင်ဦး

    သြ ဒါနဲ့ မန္တလေးသူ ဒေါ်မမနိုင် လို ရုပ်သေးတော့ ကြိုးမဆွဲတတ်ဘူး ... ချစ်ချစ်ကြီးတော့ ကြိုးဆွဲတတ်တယ်

    မန္တလေးသူ
    ရွှေစင်ဦး
    .

    ReplyDelete
  5. ရုပ်သေးပွဲ သွားရအောင်

    ရေး ကန်မြဲအေးကျော်
    ဓါတ်ပြားအဆို ခင်အုန်းမြင့်လေး

    (ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းကဗေထိခေါ်၊ တိုးဟေ့ ပျော်ပျော်၊ အရှေ့ရွာပေါ် စင်တော်ရုပ်သေး၊ နောက်ညတွေ မမြင်ရရင်၊ လွမ်းရလိမ့်လေး။) ၂။

    "ရေခပ်ပြန် ကသီလှပေါ့၊ ဘီးမှန်ကဘယ်ဆီနေ၊ ဒေါင်းတောက်အောင်မွှေ၊ စံပယ်ခွေ ဘယ်သူဖွက်ကြ စိတ်ပျက်ပေါ့အေ။အို ပြောင်ပါနဲ့ ယောင်းမရေ၊ လှောင်ပါနဲ့ ယောင်းမရေ၊ ငိုချင်ပေါ့အေ၊ (မောင်ကြီးရေ ) ၃ စောင့်ပါဦး၊ စံပယ်ခွေ ပန်ခဲ့အုံးမလေ၊ တဘက်ပြာ ခြုံခဲ့အုံးမလေ၊"

    "ဘုတ်ဝါနီနေညိုကျ ချောင်းရိုးစ ထန်းတောဆီ၊ လေးတွဲ့တွဲ့မြည်၊ လှည်းတန်းက တအီအီ စည်ပါတဲ့ ရုပ်သေး။နွားညီနောင် ချိုကုတ်ကို ကြိုးလှုပ်ပါ့လေး

    မိနှင်းယုံ ညီမလေး မွှေးပါဘိ တလှိုင်လှိုင် မွှေးပါဘိ တလှိုင်လှိုင်
    ဆောင်ပန်းပေါ်ထိုင်၊ ယိုင်နေပေါ့လေး ၊ လှည်းအဖေါ် ကြာရင်ဝေး ဟားတိုက်သံ မြိုင်မြိုင်လေး
    မောင်းကြစို့ အပြေး၊ မောင်းကြစို့ အပြေး
    မောင်းကြစို့ အပြေး

    ဟဲ့ရာကျော်.. ဒိုးလေး (လို့ထင်တာပဲ) ပြေးပါတော့.. သယ်..ငါရိုက်လိုက်ရ..XXXX အယ်ငါ့သားနှစ်ကောင် ဟဲ့ XXXX ရုံန်းပါတော့လားဟဲ့ရှေ့က ရုန်းပါဟ..ရုန်းပါဟ (ဟေး)

    http://www.youtube.com/watch?v=W0XhsRwXSUI&feature=player_detailpage

    ReplyDelete
  6. ဦးထွေးရေ .... ဘယ်ဖက်ကပဲရရ အဆင်ပြေပြေနဲ့ အရောက်သွား ဖျော်ဖြေနိုင်ပါစေ နော် .....

    ReplyDelete
  7.ံဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့  Her Infinite Variety မူယာစုံလင် သူ့ ရုပ်သွင် English Short Story ဖတ်ရပြီးကတည်းက ရုပ်သေးကို စိတ်ဝင်စားမိတယ်..အပြင်မှာ တခါမှ မမြင်ဖူးသေးဘူး..အောင်အောင်မြင်မြင် ပွဲပြီးသွားရင်လည်း ဗွီဒီယို တင်ပေးပါလား မမချစ်..ပွဲကြီး အောင်မြင်ပါစေ..

    ReplyDelete
  8. ဆိုကရေးတီးပြိုင်ပွဲမှာ ဆုရတဲ့ ရုပ်သေးပွဲတစ်ပွဲ အမျိုးသားကဇာတ်ရုံမှာကြည့်ဖူးတယ်
    သိပ်ကြည့်လို့ကောင်းတာပဲ
    အင်း...... ရုပ်သေးပွဲ သွားရဦးမယ် ..... :)

    ReplyDelete
  9. ရုပ်သးပွဲချိန် update

    Goodman Art Center ( http://goo.gl/maps/Pq3no ) ခန်းမကြီးတွင်
    07-11-2012 8:00 pm (55 mins)
    09-11-2012 9:00 pm (55 mins)
    10-11-2012 2:00 pm (25 mins)
    " " " 8:00 pm (closing show)

    http://www.mediafire.com/view/?mcupra97qj046v2
    http://db.tt/43ik7ajH

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...