Monday, October 29, 2012

အလုပ်ခွင်ထဲမှာ

ဘယ်သူမဆို တစ်နေ့နေ့မှာတော့ ကျောင်းနေစဉ်အရွယ်လွန်မြောက်ပြီးရင် အသက်မွေးဝမ်းကြောင်း အတွက် ကိုယ်စီလုပ်ငန်းခွင်ကို ၀င်ကြရမှာပါ။ မိဘလက်ငုတ်လက်ရင်း ဆက်လက်လုပ်ကိုင်သူတွေက လွဲရင်ပေါ့ရှင်။ အဲဒီအခါ လုပ်ငန်းခွင်ထဲမှာ တစ်သားတည်း ကျအောင် နေတတ်ထိုင်တတ်ကြဖို့ လိုလာပါပြီ။ လုပ်ငန်းခွင်ထဲမှာ သေချာပေါက် ကြုံတွေ့ရမှာတွေက နှစ်ပိုင်းရှိပါတယ်။ မိမိလုပ်ရမဲ့ အလုပ်ကို ကျွမ်းကျင်နားလည်ဖို့ (Dealing with your job) နဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်တပြေပေါင်းသင်းဆက်ဆံနိုင်ဖို့ (Get along well with your colleagues) ပါ။

ပထမတစ်ခုဖြစ်တဲ့ မိမိလုပ်ရမဲ့အလုပ်ကို ကျွမ်းကျင်နားလည်ဖို့ဆိုတာ အလုပ်ခွင်ကို ပထမဆုံး စဝင်တော့မဲ့သူတိုင်း ကြုံတွေ့ရမဲ့ကိစ္စဖြစ်ပြီး အလုပ်ခွင်စိမ်ခေါ်မှုတွေဟာ လူသစ်တစ်ယောက်အတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းနေမှာပါပဲ။ အဲဒီနေရာမှာ သူဟာ ကျောင်းတုန်းက လေ့လာသင်ယူခဲ့မှုတွေနဲ့ သူ တာဝန်ယူရမဲ့လုပ်ငန်းဆောင်တာတွေကို ပြန်လည်တိုက်ဆိုင် ကြည့်နေတတ်ပါတယ်။ များသောအားဖြင့်တော့ စာသင်ခန်းထဲက သင်ယူလာခဲ့ကြတာတွေနဲ့ အလုပ်ခွင်မှာ လက်တွေ့ပြန်လည် အသုံးချတဲ့အခါ အနည်းနဲ့အများဆိုသလို ကွာခြားနေတတ်ကြပါတယ်။

အထူးသဖြင့် စာရင်းနဲ့ ပတ်သက်တဲ့အလုပ်တွေဆို ပိုသိသာပါတယ်။ ဘယ်လို အလုပ်မျိုးမှာမဆို စာရင်းဋ္ဌာနရှိနေတာမို့ စာရင်းနဲ့ ပတ်သက်တဲ့ အလုပ်အခြေခံသဘောတွေက တူညီနေကြပေမဲ့ အလုပ်သဘာဝ (Industry Nature) ကွဲပြားသွားတဲ့အခါမှာ အဲဒီ့အလုပ်ရဲ့ သဘောသဘာဝကို နားလည်အောင် အရင်ကြိုးစားရတဲ့ အလုပ်အပေါ်ပဏာမနားလည်မှု (Prior understanding on Nature of Industry) လိုလာပါတယ်။

ဥမမာပေးရရင် ကျွန်မ ပထမဦးဆုံးဝင်ခဲ့တဲ့ အလုပ်က International Freight Forwarding လို့ခေါ်တဲ့ နိုင်ငံတကာကို ကုန်ပစ္စည်းအမြန်ပို့ဆောင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာပါ။ အကြမ်းပြောရရင် စာရင်းမှာ ပေးရန်ရှိစာရင်း (Accounts Payable)နဲ့ ရရန်ရှိစာရင်း (Accounts Receivable) ရယ်လို့ နှစ်မျိုးရှိတဲ့အနက်မှာ ကျွန်မက ရရန်ရှိစာရင်းကိုင်ရတာမို့ ကုမ္ပဏီရဲ့ အဓိက ဖောက်သည် (Major customers)တွေနဲ့ နေ့စဉ် ဆက်ဆံပြောဆိုနေရပါတော့တယ်။  သူတို့လိုအပ်တဲ့ စာရွက်စာတမ်းတွေတောင်းဆိုလာတဲ့အခါမှာ ဖြစ်စေ၊ ကိုယ်က ငွေတောင်းတဲ့အခါမှာ ဖြစ်စေ လုပ်ငန်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်း၊ အသုံးအနှုန်းစတာတွေကို ယဉ်ပါးကျွမ်းဝင်အောင် အရင်လေ့လာဖို့လိုလာပါတယ်။

တကယ်တမ်း ကျွန်မလုပ်ရမဲ့ paper works အလုပ်တွေကို ကျွန်မနိုင်နင်းပေမဲ့ သူတို့ လုပ်ငန်းသုံးစကား (Industrial terms) တွေကို အတော်လေး လေ့လာခဲ့ရတာပါ။ ဆိုပါတော့ COO-Certificate Of Origin ဆိုရင် ပစ္စည်းတစ်ခုရဲ့ ဇစ်မြစ် ဘယ်ကဝင်လာတယ် ဆိုတာကို ပြောတာ။ B/L ဆိုတာ Bill of Lading၊ COD ဆိုရင် Collect /Cash On Delivery အဲသလို ကျွန်မတို့ နားယဉ်မနေတဲ့အခေါ်အဝေါ်တွေ အများကြီး ရှိနေပါတယ်။ အများကြီးကို ရှိနေပါသေးတယ်။ ဒါတွေဟာ ကြာလာရင် သိလာမှာပါ ဆိုပေမဲ့ လူတွေနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ ကျွန်မတို့လိုအလုပ်မျိုးကျတော့ အလုပ်ခွင်စဝင်တာနဲ့ သူပြောတာကိုယ်သိနေဖို့ လိုကို လိုအပ်ပါတယ်။

အဲဒီစာရွက်စာတမ်းတွေကို ဘယ်လိုခေါ်ဝေါ်တယ်၊ ဘယ်လိုပုံစံရှိတယ်ဆိုတာတွေ  မှတ်သားရတဲ့ အလုပ်က အရင်လာပါတယ်။ ပထမတော့ ဘာတွေမှန်းနားမလည်နိုင်ဘဲ အတော်လေး စိတ်ပျက်သွားမိတာပါပဲ။ နောက်တော့ သူများတွေ ၆နာရီ ရုံးဆင်းချိန်ပြန်လို့မှ ကိုယ်က မပြန်နိုင်သေးဘဲ နောက်ချန်နေခဲ့၊ စာရွက်စာတမ်းတွေ မွှေနှောက်ဖတ်၊ ဖိုင်အဟောင်းတွေ ပြန်ရှာဖတ်နဲ့ တကယ်လုပ်ရမဲ့ အလုပ်ကို ဘေးခဏထားပြီး သူတို့အခေါ်အဝေါ်တွေ အရင် လေ့လာနေခဲ့ရပါတယ်။ ကျွန်မဆိုချင်တာက ကိုယ်တတ်ထားတဲ့ ပညာကို တန်းပြီး မသုံးရသေးခင် အလုပ်မှာ အံဝင်ခွင်ကျဖြစ်အောင် အရင်လုပ်ရတယ်ဆိုတာရယ် အဲဒါမျိုးကြုံရတဲ့အခါ စိတ်မပျက်ဖို့ရယ်ပါ။

အဲဒီအခေါ်အဝေါ်တွေနဲ့ အသားကျသွားပြီဆိုတော့မှ အဓိကတာဝန်ယူထားရတဲ့ ဖောက်သည်တွေရဲ့ အကြောကို ဖမ်းမိအောင် ကြိုးစားရပါတယ်။ ကျွန်မပြောခဲ့သလိုပါပဲ၊ ကျွန်မအလုပ်က ရရန်ရှိစာရင်းဖြစ်တာမို့ ကုမ္ပဏီက အကြွေးရောင်းထားတဲ့ ဖောက်သည်တွေဆီကနေ ပိုက်ဆံရအောင် ပြန်တောင်းရပါတယ်။ အဲဒီနေရာမှာ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူပေါင်းစုံရဲ့ ဆင်ခြေပေါင်းစုံ၊ အပြောချိုချို အပြောဆိုးဆိုး စတာတွေနဲ့ နေ့စဉ်ကြုံတွေ့ခဲ့ရပါတယ်။

နည်းနည်းလေးကြာလာတဲ့အခါ သူတို့တွေရဲ့ အထာကို တီးမိခေါက်မိရှိလာတယ်။ တစ်ချို့က မနက်ဘက် ဖုန်းခေါ်အကြွေးတောင်းရင် မကြိုက်ဘူး၊ တစ်ချို့က ချော့တောင်းမှ ရတယ်၊ တစ်ချို့က ခပ်ငေါက်ငေါက်တောင်းမှ ရတယ်၊ တစ်ချို့က လလယ်လောက်မှ တောင်းလို့ရတယ်၊ တစ်ချို့က လမကုန်ခင်တစ်ပတ် သူတို့ စာရင်းပိတ်ခါနီးမှာ သတိပေးမှ ကြိုက်တယ်။ အဲသလို သူတို့အထာလေးတွေကို မှတ်သားထားရတယ်။ ဒီလိုဆိုတော့လည်း အလွယ်လေးပဲ ထင်စရာရယ်။ ဒါပေမဲ့ သူများပိုက်ဆံအိတ်ထဲက ငွေကို ကိုယ့်ပေးချင်အောင်လုပ်ရတာ တယ်မလွယ်လှပါဘူး။

ကျွန်မလည်း စိတ်နဲ့ပဲမို့ တစ်ခါတစ်လေတော့ စိတ်တို ဒေါသထွက်မိပါတယ်။ ပိုက်ဆံအကြွေးတောင်းဖို့ ဖုန်းခေါ်တဲ့အခါ သိသိကြီးနဲ့ အသံကို မှတ်မိနေရက်နဲ့ မရှိဘူး အပြင်သွားတယ် ဗြောင်လိမ်ခံရတာမျိုး ကြုံရလေ့ရှိတယ်။ တစ်ချို့ကျတော့လည်း ပိုက်ဆံမလည်သေးလို့၊ ရစရာရှိတဲ့ ငွေမဝင်သေးလို့ မပေးနိုင်သေးဘူး ဗြောင်ပဲ ငြင်းတတ်ကြပါတယ်။ တစ်ခါတစ်လေဆို နားလည်လို့ရပေမဲ့ အမြဲတမ်း ဆိုရင်တော့ စိုးရိမ်လာရပါပြီ။ အဲဒါမျိုးဆိုရင် သူတို့ကုမ္ပဏီရဲ့ ငွေကြေးလည်ပတ်နေမှုကို စုံစမ်းဖို့ လိုလာတဲ့အတွက် အထက်ကို သတင်းပို့ရပါတယ်။ သူတို့ရဲ့ အခက်အခဲဟာ ဘာဆိုတာ သိအောင်မေးမြန်းရပါတယ်။ ဘာဆက်လုပ်မလဲ အရစ်ကျစံနစ်နဲ့ ငွေပေးချေဖို့ ညှိနှိုင်းမလား၊ သူတို့ကို ဝန်ဆောင်မှုပေးနေတဲ့ လစဉ်အရောင်းတန်ဘိုးကို လျှော့ချမလားဆိုတာတွေကို မန်နေဂျာနဲ့ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချကြရပါတယ်။ များသောအားဖြင့်တော့ အရစ်ကျပေးတာနဲ့ အဆင်ပြေသွားတတ်ပါတယ်။

ကျွန်မဆက်ဆံနေရတဲ့ ဖောက်သည်တွေက စင်္ကာပူအပြင် တစ်ခြားနိုင်ငံတကာလည်း ပါဝင်တာမို့ ဖုန်းနဲ့ချည်းပဲ ခေါ်မနေနိုင်ဘဲ မေးလ်နဲ့  ဖက်စ်နဲ့ ပို့ပြီး ငွေတောင်းရတာတွေလည်း ရှိပါတယ်။ အဲဒီလို မေးလ်နဲ့ ဖက်စ်နဲ့ တောင်းတဲ့နေရာမှာ ပထမအဆင့် (ပုံမှန်) တောင်းခံတဲ့ စာ၊  ဒုတိယအဆင့် သတိပေးစာ၊ တတိယအဆင့် ထပ်မံ သတိပေးစာနဲ့ နောက်ဆုံးအဆင့် (Final reminder) တွေဆိုပြီး အဆင့်ဆင့် တိုးမြှင့်တောင်းခံသွားရပါတယ်။ နောက်ဆုံးအဆင့်မှာတော့ စာသားတွေက နည်းနည်းမာလာတဲ့ စာသားတွေ ဖြစ်လာပါပြီ။ ဘယ်နှစ်ရက်အတွင်း မပေးရင်ဖြင့် လက်ရှိဝန်ဆောင်မှုပေးနေတာတွေကို ဖြတ်တောက်မယ်၊ ပြီးရင် တရားဥပဒေအရ တင်ရှိနေတဲ့အကြွေးကို ပြန်လည်တောင်းခံရယူမယ် စတာတွေ ပါလာပါပြီ။ အဲသလိုမှ တစ်ဘက်က ဘာမှ ပြန်မလာဘူးဆိုရင်တော့ ဖုန်းခေါ်ရပါတယ်။ ဖုန်းခေါ်တဲ့အခါ ကျွန်မတစ်ယောက်ထဲ မဟုတ်ဘဲ မန်နေဂျာရော အရောင်းဝန်ထမ်းနဲ့ပါ ကွန်ဖရန့်ကောလ်ခေါ်ပြီး ပြောကြတာမို့ တစ်ဘက်က ငြင်းမရအောင် ချည်ပြီးတုတ်ပြီး မေးခွန်းတွေနဲ့ ပြောဆိုကြလေ့ရှိပါတယ်။ ငွေပမာဏ ဘယ်လောက်ကို နောက် ၃ရက်အတွင်း ပေးပါမယ် စသဖြင့် အဖြူအမဲတစ်ခုခု သိရတဲ့အထိ ပြောဆိုဆွေးနွေးကြတာပါ။  အားလုံးရှေ့မှာ ပေးထားတဲ့ကတိဖြစ်တာမို့ ပျက်ခဲပါတယ်။ ပျက်သွားတာမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ နောက်ထပ်တစ်ခါ ဖုန်းပြန်ခေါ်ပြီး အကြောင်းရင်းကို မေးမြန်းကြရပါတယ်။ ကြေနပ်လောက်တဲ့ လုံလောက်တဲ့ အကြောင်းပြချက်မျိုးကိုဆို ကြေနပ်လိုက်ရပြီး နောက်ရက်ချိန်းတစ်ခု ထပ်စောင့်ရတော့တာပါပဲ။

ဘာကြောင့်လဲဆိုတော့ ဘယ်ကုမ္ပဏီကမှ သူတို့ရဲ့ ဖောက်သည်ကို လွယ်လွယ် လက်မလွှတ် ချင်ကြလို့ပါ။ ဈေးကွက်မှာက အပြိုင်အဆိုင်တွေများတဲ့အလျှောက် ကိုယ့်ဆီက ဝန်ဆောင်မှုမပေးရင် နောက်ကုမ္ပဏီတစ်ခု သွားကြမှာပဲ မဟုတ်လား။ ဒါပေမဲ့ ငွေကြေးအရ လက်ခက်တဲ့ အစဉ်အလာရှိတဲ့ ဖောက်သည်မျိုးဆို တစ်ချို့ကုမ္ပဏီတွေက သတင်းအချက်အလက်တွေ စုံစမ်းသင့်သလောက် စုံစမ်းပြီး အကြွေးရောင်းလေ့မရှိဘဲ လက်ငင်း ငွေချေစံနစ်နဲ့သာ ဆက်ဆံလေ့ရှိကြပါတယ်။

နောက်တစ်ခုကတော့ Credit terms လို့ခေါ်တဲ့ အကြွေးကာလပါ။ တစ်ချို့ဖောက်သည်တွေအတွက် လက်ငင်းငွေချေ (COD-Cash on Delivery) တစ်ချို့တွေအတွက် ရက်-၃၀ (ဒါက ပုံမှန်ပါ) တစ်ချို့တွေအတွက် ရက်-၆၀ (စိတ်ချရတဲ့ ရင်းနှီးနေတဲ့ ဖောက်သည်)ဆိုပြီး ပေးလေ့ရှိပါတယ်။ အဲဒီသဘောကတော့ အကြွေးကို ဘီလ်နေ့စွဲကနေ ရက်၃၀အတွင်း သို့မဟုတ် ရက်၆၀အတွင်းပေးရမယ်လို့ ဆိုလိုပါတယ်။ များသောအားဖြင့်တော့ သတ်မှတ်ရက်ထက် ပိုကျော်ပြီးမှ ငွေရတတ်ပါတယ်။ ရက် ၃၀အတွင်း၊ ရက် ၆၀အတွင်းရယ်လို့ သတ်မှတ်ထားပေမဲ့ သူတို့ဘက်က ဘီလ်ရတဲ့ အချိန်ရယ်၊ ပေးဖို့ပြင်ဆင်ချိန်ရယ်ဆိုတဲ့ Turnaround time ကိုပါ ထည့်တွက်ပေးရပါတယ်။

နောက်အရေးကြီးတဲ့တစ်ခုက Credit Limit လို့ခေါ်တဲ့  အရောင်းငွေတန်ဘိုး ဘယ်လောက်ထိ အမြင့်ဆုံး ရောင်းပေးမလဲ ဆိုတာပါ။ အဲဒါကို ဖောက်သည်တစ်ဦးချင်းစီအလိုက် သတ်မှတ်ပေးထား ရပါတယ်။ တစ်ချို့ဖောက်သည်တွေအတွက် တစ်သန်းဘိုးရောင်းဖို့ ဆုံးဖြတ်ထားတယ် ဆိုပါစို့၊ သူ့ရဲ့ ၀ယ်လိုအားက များတဲ့အတွက် နှစ်လအတွင်းမှာ တစ်သန်းဘိုး ပြည့်သွားပြီဆိုရင် နောက်ထပ် ဝန်ဆောင်မှု အသစ်မပေးခင်မှာ အရင်အကြွေး တစ်သန်းဘိုးကို ဆပ်ဖို့ ပြောရပါမယ်။ ဘယ်လိုအချိန်မှာမဆို သူ့ရဲ့ ပေးရန်ရှိတဲ့ ငွေအကြွေးဟာ တစ်သန်းအောက်မှာပဲ ရှိနေရမယ်ဆိုတဲ့ သဘောပါ။ အဲဒီလို Credit limit သတ်မှတ်ပေးရတာကိုတော့ အထက်လူကြီးတွေကပဲ ဆုံးဖြတ်ချက်ချပြီး သတ်မှတ်ပေးပါတယ်။ များသောအားဖြင့်တော့ ကုမ္ပဏီတစ်ခုရဲ့ သတင်းအချက်အလက်တွေကိုရောင်းတဲ့ ကုမ္ပဏီတွေဆီကနေ သတင်းရယူပြီးမှ ဆုံးဖြတ်လေ့ရှိပါတယ်။

တစ်လတစ်ကြိမ် Statement of account လို့ခေါ်တဲ့ လစဉ်အရောင်း စာရင်းတွေကို ဖောက်သည်တစ်ဦးချင်းဆီကို လကုန်တိုင်းပို့ပေးရပါတယ်။ အဲဒီမှာ ပြီးခဲ့တဲ့လက အရောင်းစာရင်းအပြင် ငွေမချေရသေးတဲ့ လွန်ခဲ့တဲ့ သုံး-လေးလက အရောင်းစာရင်း အကြွေးတွေကိုပါ ဖော်ပြထားပါတယ်။

ပုံမှန်အားဖြင့် ဖောက်သည်တွေရဲ့ လစဉ်အရောင်းစာရင်းချုပ်ကို Aging Report လို့ခေါ်တဲ့ အကြွေးကာလပြစာရင်းမှာ ကြည့်ပြီး ကိုယ်ဘယ်သူ့ဆီက ရစရာ ဘယ်လောက်ရှိတယ်၊  ဘယ်သူ့ဆီမှာဖြင့် မရသေးတဲ့ ရက်လွန်အကြွေးတွေ ရှိနေတယ် စသဖြင့်ကြည့်ပြီးမှ အလုပ်လုပ်ရပါတယ်။ အလုပ်မှာ ကိုယ့်အချိန်ဇယားနဲ့ကိုယ် စီမံရတာပါ။ ဘယ်သူကမှ ကိုယ့်ကိုကြည့်နေပြီး ဒါပြီး ဒါလုပ်လို့ ပြောမနေပါဘူး။ လကုန်စာရင်းပိတ်လို့ ကိုယ့်ဘက်က အလုပ်တာဝန်ကျေနေရင် ရပါပြီ။ ဒီတော့ ကိုယ့်အလုပ်ကို ကိုယ်တိုင် စီမံခန့်ခွဲရပါတယ်။ အလုပ်တွေက တစ်ခုပြီးမှ တစ်ခုလာတာမဟုတ်ဘဲ အများကြီး တန်းစီစောင့်နေတတ်တာမျိုးမို့ အရေးကြီးရင် ကြီးသလို ဦးစားပေးသတ်မှတ်ပြီး လုပ်တတ်ရပါမယ်။  

ကျွန်မရဲ့နည်းကို ပြောပြပါမယ်။ ကျွန်မမှာ ပလပ်စတစ် ဖိုလ်ဒါလေးတွေ ရှိပါတယ်။ အဲဒီထဲမှာ အလုပ်တွေကို ဆိုင်ရာခေါင်းစဉ်ခွဲတစ်ခုချင်းစီနဲ့ ထည့်သိမ်းပြီး အရင်ဦးစားပေး ၁၊ ၂၊ ၃ စသဖြင့် အမှတ်စဉ်လိုက်လေး တပ်ထားလိုက်ပြီး တစ်ခုပြီးမှ တစ်ခု လုပ်သွားလိုက်ပါတယ်။ အဲဒါကို နေ့တစ်နေ့ရဲ့ အစမှာ စီစဉ်ထားရပါတယ်။ ဒီကြားထဲ တစ်ခြားကိစ္စလေးတွေ ဖောက်ပြီးဝင်လာရင် ကြားဖြတ်လုပ်သင့်တာရှိရင် လုပ်လိုက်ဖို့ပါပဲ။

များသောအားဖြင့်တော့ စာရွက်စာတမ်းတွေ၊ စာရင်းသွင်းစရာရှိတာတွေကို မနက်ဘက်မှာ လုပ်လေ့ရှိပြီး နေ့လည်ဘက်ရောက်မှ အကြွေးတောင်းတဲ့အလုပ်ကို လုပ်လေ့ရှိပါတယ်။ သေချာတာက ဘယ်သူမဆို မနက်စောစော ပိုက်ဆံအကြွေးတောင်းရင် မကြိုက်တတ်ကြဘူး မဟုတ်လား။ နောက်တစ်ခုက နေ့လည် ထမင်းစားပြီးချိန်ဆိုရင် ဘာပဲဖြစ်ဖြစ် စိတ်ခင်းလက်ခင်းလေး ကြည်လင်နေချိန်လည်း ဖြစ်တတ်တယ် မဟုတ်လားရှင်။

မေးလ်ထဲမှာရှိတဲ့ ကလန်ဒါတူးလ်ကိုသုံးပြီး အလုပ်လုပ်တတ်ရင် အကောင်းဆုံးပါပဲ။ ဘယ်နေ့မှာ ဘာလုပ်ရမယ် ဆိုတာတွေကို သတိပေးနိုင်တာမို့ မေ့လျော့တာမျိုးမဖြစ်စေဘဲ မှန်မှန် စဉ်ဆက်လုပ်ရမဲ့ follow up တွေအတွက် အဆင်ပြေလှပါတယ်။

ပြန်ပြီးချုပ်ရရင် ကျွန်မလို ရရန်ရှိစာရင်းကိုင်သူတွေအတွက်

၁) Aging Report ကို မှန်မှန်ကြည့်ပြီး နေ့စဉ်အလုပ်တွေကို ဇယားချပါ

၂) Credit terms  ရော၊ Credit Limit ရော ကျော်နေတဲ့ ဖောက်သည်တွေကို အထူး စောင့်ကြည့်ပြီး ငွေတောင်းပါ။ လိုအပ်ရင် အထက်က မန်နေဂျာဖြစ်ဖြစ် အရောင်းတာဝန်ခံနဲ့ဖြစ်ဖြစ် ညှိပြီး အကူအညီရယူပါ

၃) နေ့စဉ် လစဉ် လုပ်ရမဲ့ အလုပ်တွေကို မမေ့လျော့အောင် သတိပေးနေမဲ့ ကလန်ဒါ-calendar entry နဲ့ အလုပ်လုပ်တဲ့ အကျင့်ရယူပါ

၎) လုပ်ရမဲ့အလုပ်တွေ ဘယ်လောက်များများ အရေးကြီးတဲ့အတိုင်း အမှတ်စဉ်မှတ်ပြီး ပထမ ဒုတိယ ဦးစားပေးတွေ သတ်မှတ်ပြီး အစဉ်အတိုင်းသာ လုပ်သွားပါ

၅) အလုပ်ချိန် နောက်မကျပါစေနဲ့

၆) ကိုယ်အမှားလုပ်မိရင် ဝန်ခံတတ်သူဖြစ်ပါစေ၊ အမှားပြင်ဆင်ပြီးတာနဲ့ အမှန်အတွက် ကြေနပ် ရင်း ရှေ့ဆက်မမှားဖို့ ကြိုးစားပါ

၇) ဖုန်းနဲ့ ပြောဆိုတာမှာပဲ ဖြစ်စေ၊ မေးလ်နဲ့ပို့ပြီး ပြောဆိုတာမှာပဲ ဖြစ်စေ ကိုယ့်ဖောက်သည်နဲ့ ဆက်ဆံတဲ့ အခါ ဆောင်သင့် ရှောင်သင့်တဲ့ အသုံးအနှုန်းလေးတွေ ရှိပါတယ်။ သူတို့နဲ့ ဆက်ဆံပြောဆို ငွေတောင်းခံတဲ့အခါမှာ ရိုင်းပျမှုမရှိစေဘဲ ယဉ်ယဉ်ကျေးကျေး၊ ဒါပေမဲ့ ကိုယ်လိုချင်တာရအောင် တင်းတင်းရင်းရင်း တောင်းဆိုတတ်ရပါမယ်။ကျွန်မ ကြုံရင် ရေးပါဦးမယ်

နောက်တစ်ခုဖြစ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်တပြေပေါင်းသင်းဆက်ဆံနိုင်ဖို့ (Get along well with your colleagues) ကို နောက်တစ်ပိုစ့်မှာ ရေးပါဦးမယ်ရှင်။ မိတ်ဆွေများအားလုံးပဲ အလုပ်ခွင်ထဲမှာ အဆင်ပြေ အောင်မြင်သူများ ဖြစ်ကြပါစေ။


Thursday, October 11, 2012

ပုဇွန်ထုပ်ကြီးများလည်း ကူးခတ်ဆဲဖြစ်သော ထိုပင်လယ်



၁)
“ညည်းနာမည် ဘယ်လိုခေါ်လဲ”

“မြရည်ပါ မမကြီး”

 “အဖေက ဘာလုပ်တုန်း”

“အဖေက ထန်းလျှောလို့ သေပြီ”

“ထန်းလျှောတယ်ဆိုတာ တန်းပင်ပေါ်က ပြုတ်ကျပြီးသေတာကိုပြောတာ ခင်လေးခန့်ရဲ့”

ထန်းလျှောဆိုတဲ့အဓိပ္ပါယ်ကို မျက်မှောင်ကုတ်ရင်း စဉ်းစားနေဟန်ကြောင့် ပွဲစားမမမြတ်က ၀င်ရှင်းပြတယ်။

“သြော်… ဒါနဲ့ အမေကရော”

“အမေက အငြိမ့်ကရင်း နောက်ယောက်ျားယူသွားပြီ”

“သြော်…”

ခင်လေး ဒုတိယအကြိမ် သြော်လိုက်မိပြန်တယ်။ ကလေးမလေး ရုပ်ကလေးသနားကမားနဲ့ အဖေကလည်းသေ၊ အမေကလည်း နောက်ယောကျာ်းယူသွားနဲ့ သနားစရာရယ်။

“ထမင်း ဟင်းရော ချက်တတ်ရဲ့လား”

“ချက်တတ်ပါ့ မမကြီးရယ်။ မြရည်က လေးတန်းကတည်းက ထမင်းအိုးတည်၊ ဟင်းချက်ခဲ့ရတာ။ တောချက်တော့ တောချက်ပေါ့ မမကြီး။ မမကြီးတို့ စားချင်တဲ့ဟင်းစပ်ရှိရင် သင်ပေးလေ၊ မြရည်က တတ်လွယ်ပါတယ်”

အင်း ဒီကလေးမ မဆိုးဘူး။ ခင်လေးတို့အရွယ် သုံးဆယ့်သုံးနှစ်ကို သူ့တို့လို ဆယ့်ရှစ်ဆယ့်ကိုးတွေက အန်တီတို့၊ ကြီးကြီးတို့ခေါ်နေကြချိန်မှာ သူက မမကြီးတဲ့။ ငယ်ရွယ်ပေမဲ့ လူ့သဘောလူ့မနော သိတတ်ပါပေတယ်။ ခင်လေးစိတ်ထဲက ကြိတ်အမှတ်ပေးနေမိတယ်။

“အော်…အေး၊ ကောင်းတာပေါ့ မြရည်ရယ်”

 “ထားခဲ့လေ မမမြတ်၊ ခင်လေး ယူလိုက်ပါ့မယ်”

မဆိုးပါဘူး။ ကလေးမလေးက သွက်သွက်လက်လက် ချက်ချက်ချာချာလေး။ တစ်လက်စထဲ မမမြတ်အတွက် ပွဲစားခရယ်၊ မြရည်အတွက် တစ်လစာအကြိုငွေရယ်ကို မမမြတ်လက်ထဲ ထည့်ပေးလိုက်တယ်။

“ဒါဆို ငါပြန်တော့မယ်၊ ခင်လေးခန့်တို့ ခင်ဦးသန့်တို့ညီအစ်မက သဘောကောင်းတွေ၊ ညည်းသာလိမ္မာရင် သမီးလို ထားမှာ၊ နားလည်လားမြရည်၊ အေး အေး  ဒါပဲမြရည် ငါပြန်ပြီ”

မမမြတ်က မြရည်ကို မှာစရာရှိတာမှာပြီး ပိုက်ဆံအိတ်ကြိုးကလေး ပခုံးပေါ်ကောက်တင်ပြီး ထွက်သွားတော့တယ်။
ခင်လေးလည်း မြရည်ကို သူနေရမဲ့အခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာတွေလိုက်ပြရင်း ဒီနေ့တော့ ခဏနားပါစေလေ ဆိုတဲ့စိတ်နဲ့ သူ့အခန်းထဲထားခဲ့ပြီး မမခင်ဦးရှိရာဆိုင်ကို သွားဖို့ပြင်ရတယ်။ ခင်လေးတို့မှာ ပြေးကြည့်မှ ဒီညီအစ်မနှစ်ယောက်ထဲ။ မိဘလက်ငုတ်လက်ရင်း ရွှေဆိုင်လေးကျန်နေလို့သာ အခြေမပျက်နေနိုင်ခဲ့ကြတာ။ မနက်ဆို မမခင်ဦးက မြို့မဈေးကြီးထဲမှာ ရွှေဆိုင်လေးသွားဖွင့်၊ ဈေးကြီးက မနက် ၆နာရီခွဲလောက်ဆို ဈေးဝယ်တွေနဲ့ စည်ကားစပြုပြီ။ ခင်လေးကတော့ မနက်ဆို အိမ်ကကောင်မလေးနဲ့ ဈေးသွား၊ ဟင်းစားဝယ်၊ ပြန်လာ ချက်ပြုတ်၊ ပြီးမှ ထမင်းချိုင့်လေးဆွဲပြီး မမခင်ဦးရှိရာ ဆိုင်နောက်လိုက်ရတာ။ တစ်နေ့လုံးဆိုင်မှာနေကြပြီး ညနေဈေးပိတ်မှ ညီအစ်မနှစ်ယောက်သား ဒရိုင်ဘာမောင်စိုး လာကြိုတဲ့ကားနဲ့ အိမ်ပြန်ကြရတယ်။

နေ့လည်နေ့ခင်းတွေဆို မမခင်ဦးက ဆိုင်မှာနေရင်း လက်ဝတ်လက်စား ဒီဇိုင်းအသစ်လေးတွေ ဆွဲကြည့်နေတတ်တယ်။ ဘယ်နေရာမှာ ကျောက်ဘာရောင်လေးနဲ့ စပ်သုံးရင်ကောင်းမလဲ။ သတို့သမီးတွေက အဖြူဝတ်ကြတာများတာမို့ ပတ္တမြားလို အရောင်ရဲရဲနဲ့၊ ဒါမှမဟုတ် မဟူရာလို အရောင်နက်နက်နဲ့ တွဲဖက်ပြီး ခေတ်မီဒီဇိုင်းလေးတွေ စိတ်တိုင်းကျ ပုံဖော်တာပဲ။ ခုတော့ဖြင့် အ၀ါရောင်ပယင်းကျောက်တွေနဲ့ စပ်ဝတ်နေကြပြန်ပြီ။ အ၀ါရောင် ခေတ်စားနေတာပေါ့။ အရင်က ပြောင်ခေါင်းစိမ်းတွေ ခေတ်စားသေးတယ်လေ။ ဒီလိုပဲ ရတနာလုပ်ငန်းက ဖက်ရှင်ရေစီးကြောင်းနဲ့ ဆက်စပ်နေတာ ဆိုတော့ ခေတ်နဲ့ မျက်ခြေပြတ်လို့မရဘူး။ မမခင်ဦးကြိုးစားလွန်းလို့သာ ခင်လေးတို့ရတနာဆိုင်လေး သက်ဆိုးရှည်နေတာ။

နိုင်ငံခြားကသူငယ်ချင်းတွေဆီက ကတ်တလောက်တွေ ပို့ပေးလေ့ရှိတော့ ခင်လေးတို့ဆိုင်လက်ရာပစ္စည်းတွေဟာ ခပ်ပါးပါး ဘိုဆန်ဆန်ဒီဇိုင်းလန်းလန်းလေးတွေ များတယ်။ တစ်ခါတစ်လေလည်း ဒီဇိုင်းက အနုစိတ်လွန်းပြီး ရွှေလေများနိုင်တာ၊ အလျော့တွက်များသွားနိုင်တာမျိုးဆို ဒီဇိုင်းကို ပြန်စဉ်းစားရတယ်။ မမခင်ဦးက ပန်းထိမ်ဖိုထဲကို တစ်ပတ်တစ်ခါလောက်တော့ သွားလေ့ရှိတယ်။ အဲဒီပန်းထိမ်ဖိုရဲ့ရှေ့အိမ်မှာ မမခင်ဦးရဲ့ အချစ်ဟောင်း ကိုမြတ်တို့အိမ် ရှိတယ်။ အချစ်ဟောင်းလို့ပြောရတာက မမခင်ဦးနဲ့လွဲပြီး တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားလို့ပဲ။ မမခင်ဦးခမျာ လိမ့်နေအောင် ခံခဲ့ရရှာတာပေါ့။ အဲ့တုန်းက ခင်လေးက ဆယ့်သုံးနှစ်လောက်ပဲ ရှိသေးတာ။ မမခင်ဦးက နှစ်ဆယ့်တစ်နှစ်။ ချစ်သူနဲ့ကွဲရလို့ တငိုငို တငိုင်ငိုင်ဖြစ်နေတဲ့ မမခင်ဦးကိုကြည့်ပြီး နားမလည်ပါးမလည် ၀င်ပြောခဲ့လို့ ခင်လေးခေါင်းကို ပူကနဲနေအောင်ခေါက်ခံလိုက်ရတာ မှတ်မိသေးတယ်။ ခင်လေး ပြောလိုက်တာကိုလည်း ကြည့်ဦးလေ။ “မမခင်ဦးရာ ကိုကိုမြတ် မိန်းမယူသွားလည်း သွားပါစေပေါ့၊ ငိုမနေပါနဲ့၊ ယောကျာ်းများ စားကောင်းတဲ့ အသီးမှတ်လို့”  တဲ့။ ခုနေ ပြန်တွေးတော့ ရယ်ရသေးတယ်။

ခင်လေးအရွယ်လေးရောက်လာတဲ့အချိန်မှာ မိဘတွေဆုံးပါးသွားတော့ မမခင်ဦးအဆုံးအမနဲ့ပဲ အပျိုဖြစ်လာခဲ့ရတာ။ အဲဒါကြောင့်နဲ့တော့ ခင်လေးအပျိုကြီးဖြစ်တာနဲ့ မဆိုင်ပါဘူးနော်။ ခင်လေးတို့ ညီအစ်မနှစ်ယောက်က ကံတူအကျိုးပေးတွေ ထင်ပါရဲ့။ ခင်လေးရည်းစားလည်း အိမ်ကပေးစားတဲ့သူနဲ့ ယူသွားခဲ့တာပဲ။ ခင်လေးက ဘွဲ့မရလို့ တဲ့။ ဒီလိုနဲ့ပဲ ခင်လေးတို့ ညီအစ်မနှစ်ယောက် တစ်ယောက် တစ်ယောက်အားပြုပြီးနေလာကြရတယ်။

ဘဘကြီးအကြောင်းပြောရဦးမယ်။ အဖေ့အစ်ကို ဘဘကြီးကျပြန်တော့ ကျန်းမာရေးကောင်းလိုက်တာများ ခုထိ သံတစ်ချက်ရိုက်၊ သစ်တစ်ချောင်းကာ။ အုန်းပင်တောင် တက်မယ်တကဲကဲလုပ်နေလို့ တားယူရတယ်။ ခြံထဲက အုန်းပင်ချတော့မယ်ဆို လမ်းထဲက အုန်းသီးလိုက်ချပေးတဲ့ မောင်ဋ္ဌေးလေး ခေါ်ချခိုင်းလိုက်တာပဲ။ မတော်လို့ ဘဘကြီးကျိုးပဲ့သွားရင် မခက်ပါလား။ ခင်လေးတို့ညီအစ်မမှာ လူရိုသေရှင်ရိုသေ ဘဘကြီးတစ်ယောက် မားမားမတ်မတ်ရှိနေတာကိုပဲ ၀မ်းသာရတယ်။

ဘဘကြီးက မိန်းမနှစ်ယောက်တောင် ရှိခဲ့ဖူးတာ။ ဖူးစာရေးရာမှာ ခင်လေးတို့ ညီအစ်မနဲ့မတူဘဲ စွံတယ်ဆိုရမယ်။ ပထမမိန်းမဆုံးသွားတော့ မိန်းမရဲ့ ညီမကို လက်ထပ်ခဲ့တာ။ ကလေးတွေမျက်နှာနဲ့ပေါ့။ ခုတော့ အဲဒီမိန်းမကလည်း မီးယပ်ရောဂါနဲ့ ဆုံးသွားရှာ၊ သမီးနှစ်ယောက်ကလည်း အိမ်ထောင်တွေကျပြီး ယောကျာ်းအိမ်တွေမှာ လိုက်နေတာမို့ နောက်ဆုံးတော့ ဘဘကြီးက ခင်လေးတို့ညီအစ်မတွေနဲ့ပဲ လာနေဖြစ်တော့တာ။ ခင်လေးတို့ကလည်း ဘဘကြီးလက်ပေါ်ကြီးလာရတာမို့ ဘဘကြီးကိုတော့ ချစ်တယ်။ သံယောဇဉ်လည်း ရှိတယ်လေ။

၂)

“ဟုတ်ရဲ့လားစိန်စိန်ရယ် ဖြစ်မှဖြစ်ရလေ”

“ဟုတ်ပါ့ ခင်ဦးရယ်၊ အဲဒီကောင်မလေးမိနွေဟာလေ အခု ပြန်ရောက်လာပါရောလား ကိုယ်ဝန်ပါလာတယ် တဲ့”

“အဲဒီတော့ ယောကျာ်းလေးမိဘဘက်က ဘာလုပ်ပေးမယ်တဲ့လဲ”

“ဘာမှ လုပ်ပေးချင်ပုံမရလို့ ခက်နေတာပေါ့ ခင်ဦးရယ် သူတို့သားနဲ့ သဘောမတူပါဘူးဆိုနေတာ”

“ခက်တယ်နော် စိန်စိန်ရယ် မိန်းကလေးတွေများ သိတ်ခက်တာပဲ”

“ကဲပါအေ ငါလည်း ပြန်လိုက်ပါဦးမယ် ဒီနေ့ ကျေးဇူးရှင်က ငါးရံ့လေးနဲ့ ဒန့်ဒလွန်သီးနဲ့ စားချင်လှ ချည်ရဲ့ သွေးတောင်းနေတော် မူလို့  အဲဒါအိမ်ပြန်ရောက်မှ ချက်ရမှာ၊ သွားပြီဟေ့”

ခင်လေးကတော့ ဘာမှဝင်မပြောဖြစ်ပါဘူး။ မမခင်ဦးနဲ့ အန်တီစိန်စိန်ပြောနေကြတာကိုပဲ နားထောင်နေလိုက်တယ်။ ဒီလိုပဲ အန်တီစိန်စိန်ဈေးကပြန်လာတိုင်း ရပ်ကွက်ထဲကသတင်း တစ်ခုမဟုတ် တစ်ခု ပါလာတတ်တာ။ ခုလည်း မိနွေဆိုတဲ့ကောင်မလေး ခိုးရာလိုက်တာ အထက်မြန်မာပြည်ဘက်ထွက်ပြေးတယ်။ အဲဒါမိဘတွေက စိတ်ဆိုးဆိုးနဲ့ လိုက်မရှာကြဘဲပစ်ထားလိုက်တော့ သူတို့ဘာသာပြန်ရောက်လာကြတာ ခုကိုယ်ဝန်တောင်ပါလာတယ်တဲ့။ သားရှင်ဘက်ကလည်း သဘောမတူတာမို့ ကလေးတွေ ဒုက္ခရောက်နေကြတာပေါ့။ အဓိကကတော့ မိန်းကလေးဘက်က နစ်နာတာပဲလေ။

“မြရည် ကြားလိုက်လား ဟိုမှာ ပြောသွားတာ”

“ဟုတ် ကြားပါတယ် မမကြီး”

“အဲဒါပဲနော် ယောကျာ်းတွေဆိုတာ၊ ခုသူ့မိဘတွေက သဘောမတူတော့ မိန်းကလေးကိုတာဝန်မယူနိုင်သလိုလိုနဲ့ ပြောနေတာတဲ၊့ ခိုးပြေးတုန်းက သူပဲ ခိုးပြေးပြီး။ ညည်း မှတ်ထားနော် မြရည်၊ အဲလိုတော့ ဘယ်တော့မှ မလုပ်နဲ့ လိုချင်ရင် မမကြီးတို့ကိုပြော၊ မမကြီးတို့ကောင်းအောင် စီစဉ်ပေးမယ် ကြားလား”

“ဟုတ် ကြားပါတယ် မမကြီး”

“မယူရဘူးလို့ မပြောဘူး၊ ကိုယ့်မှာ မျက်စေ့ရှိတယ်၊ နားရှိတယ် ကြည့် စဉ်းစား ရွေးချယ်။ မမကြီးတို့က မယူချင်လို့ အပူမရှာချင်လို့ကို ဒင်းတို့နဲ့ ဝေးဝေးနေတာ။ ကြားတယ်နော် မြရည်”

“ဟုတ် ကြားပါတယ် မမကြီး”

ခင်လေးစိတ်ထဲ ရယ်ချင်ပက်ကျိပေမဲ့ မမခင်ဦးရှေ့မှာ ပြုံးစေ့စေ့တောင် မလုပ်ရဲပါဘူး။ မမခင်ဦးအတည်ပြောနေတာ သိနေတာကိုး။ အရင် အိမ်မှာခေါ်ထားတဲ့ကောင်မလေးနှစ်ယောက်က ရှေ့မှာ သင်ခန်းစာ တစ်နဲ့ နှစ်ပေးသွားကြတာ။ ဒီတော့ မမခင်ဦး စိတ်ပူမယ်ဆိုလည်း ပူစရာ။

ပထမကောင်မလေး ညိုညို့တုန်းက အိမ်ရှေ့ခြံလာပြင်နေတဲ့ ပန်းရံသမားလေးနဲ့ လိုက်ပြေးသွားတာ။  ပြီးတော့ယောကျာ်းလေးရှင်ကပဲ တစ်ပြန်စီး အပေါ်ကနေသေးတာ။ မမခင်ဦးမှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်။ ဒုတိယကောင်မလေး ၀င်းမာတုန်းကကျတော့ သူ့ရွာက ယောကျာ်းပေးစားဖို့ဆိုပြီး လာပြန်ခေါ်သွားပြန်ရော။ ၀င်းမာနဲ့တုန်းကဆို မမခင်ဦးတော်တော်လေး ခံစားလိုက်ရသေးတယ်။

ဝင်းမာက လိမ္မာသိတတ်မှုရှိတယ်။ အိမ်မှာ ၂နှစ်ပြည့်တော့ မမခင်ဦးက နားကပ်ကလေးတစ်ရံတောင် ဆင်ရှာတာ။ ပြောရရင် သမီးလိုပါပဲ။ အိမ်မှာရှိတဲ့ လူသုံးယောက်ရဲ့အကြိုက်တွေကို ၀င်းမာက အကုန်သိတယ်။ သံပုရာရည်ကအစ ဘဘကြီးအတွက် အချိုပေါ့၊ ခင်လေးအတွက် ချိုချိုနဲ့ မမခင်ဦးအတွက် အချဉ်ကဲအောင် သုံးယောက် သုံးမျိုးဖျော်ပေးရှာတာ။ ဟင်းတွေဘာတွေ ခိုးဝှက်လည်း မစားတတ်ဘူး။ အသားကလေးညိုပေမဲ့ ညိုပြောင်ပြောင်လေး၊ မျက်လုံးကြည်ကြည်ကလေးတွေနဲ့ ရုပ်ရည်သန့်ကလေး။ အိမ်ရောက်လို့မှ လေး ငါးလရှိသေး မမခင်ဦး ဘာကြိုက်တယ်၊ ခင်လေးဘာကြိုက်တယ်၊ ဘဘကြီးကဘယ်လိုဆိုတာ အကုန်ကြေညက်နေအောင် သိတော့တာ။

အိပ်ရာခင်းတွေဆို လျှော်ဖွတ်မီးပူထိုးပြီးတာနဲ့ ပရုတ်လုံးလေးတွေထည့်ပြီး ပလပ်စတစ်အိတ်ထဲ ထည့်သိမ်းတာ။ မျက်နှာသုတ်ပုဝါကို တစ်ပတ်တစ်ခါလဲတယ်။ မီးဖိုချောင်ဆို အမြဲသန့်ရှင်းနေတာမျိုး။ ဟင်းဆိုလည်း မမခင်ဦးအကြိုက် ငါးနုသန်းရေချိုကလေးကို ရှမ်းနံနံအုပ်ပြီးချက်တာ တစ်မျိုး၊ ခင်လေးအကြိုက် ကြက်သားကို ခပ်စပ်စပ်ချက်ပြီး ပဲသီးတောင့်လေးတွေကို လက်တစ်ဆစ်လောက်ဖြတ်ထည့်ချက်တာက တစ်မျိုး၊ ဘဘကြီးအကြိုက် ငါးရံ့ပေါင်းထုပ်က တစ်မျိုး အဲသလို။

အံမာလေး အဲဒီလိုအချိုးတကျဖြစ်လာဖို့ ခင်လေးရော မမခင်ဦးပါ ပါးစပ်ကအမြှုတ်ထွက်မတတ် သင်ရတာ။ တစ်ခုက ၀င်းမာဟင်းချက်ရင် ဆနွင်းမှုန့်တွေများလွန်းလို့ ဟင်းတိုင်း ၀ါဝါ၀င်းရွှေဖြစ်တော့တာရယ်၊  ဘယ်ဟင်းမဆို ခရမ်းချဉ်သီးထည့်ချက်ပစ်လိုက်တတ်တာရယ် အဲဒီနှစ်ခုကို တော်တော်လေး ဖျောက်ယူရတယ်။ ထမင်းကြော်ရင်တောင် ဆနွင်းတွေနဲ့ဝါထိန်နေတာကို ပဲငံပြာရည်လေးနဲ့ ခရုဆီလေးထည့်ပြီး ကြော်တတ်အောင် သင်ပေးခဲ့ရတာ။

ဟော အားလုံးလည်း အချိုးတကျတတ်မြောက်ပါလေရော၊ သူ့မိဘတွေက ရွာမှာ ယောကျာ်းပေးစားဖို့ဆိုပြီး ပွဲစားမမမြတ်ကတစ်ဆင့် ပြန်ခေါ်သွားပါလေရော။ မမခင်ဦးခမျာ ၀င်းမာအပေါ် သနားတာအပြင် ချစ်တာပါပိုလေတော့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တာပေါ့။ ရွာမှာ သူများမိန်းမတွေလို ချက်ပြုတ်၊ လယ်ထဲဆင်းတဲ့ ယောကျာ်းကို အိမ်ကနေ ထမင်းတောင်းလေးလယ်ထဲလိုက်ပေး၊ နောက်တော့ ကလေးတွေတစ်ပြုံကြီးနဲ့ ဖတ်သီ ဖတ်သီဖြစ်ရှာတော့မယ် ရယ်လို့ တွေးပူနေသေးတာ။ ခင်လေးကတော့ မပူပါဘူး၊ သူ့ဘ၀နဲ့ သူပဲလေ။

ခု နောက်တစ်ယောက် မြရည်။ မမခင်ဦးက အရင်နှစ်ယောက်တုန်းကလိုပဲ သူစံနစ်တကျ သင်ကြားပြုစုလာပြီးမှ လင်ရသွားမှာ စိုးတော့ လက်ချာတွေ စွတ်ပေးတော့တာပဲ။ ခင်လေးကတော့လေ မမခင်ဦးရင်ထဲကအနာကိုလည်း သိ၊ ရှေ့ကနှစ်ယောက် လုပ်သွားတာတွေလည်း သိနေတော့ မမခင်ဦးအပေါ် အဆိုးမဆိုသာပေမဲ့ ဒါတွေဟာ တားမရဘူးလို့ ထင်တာပါပဲ။ အချိန်တန်လို့ ယူချင်လည်း ယူပါစေပေါ့။ ကိုယ့်သားသမီးလည်း မဟုတ်၊ ကိုယ့်သားသမီးဆိုရင်တောင် သီးချိန်တန် သီးရမဲ့ကိစ္စမဟုတ်လား။

၃)

မြရည်ကလေးဟာ အရိပ်အောက်မှာနေရလို့မှ မကြာခင် အသွေးအမွေးပြောင်းလာတယ်။ စိုစိုပြေပြေနဲ့ ကိုယ်လုံးကိုယ်ပေါက်လေးဆို လာကာစနဲ့တောင်မတူဘဲ တင်းတင်းရင်းရင်းလေးနဲ့ လှလာတယ်။ အဲဒီလိုဖြစ်လေ မမခင်ဦးက စိတ်ပူလေ။ အိမ်အနီးအနားမှာများ အိမ်ပြင်ဆောက်နေတာ ရှိသလား၊ ပန်းရံအလုပ်သမားတွေ ဘာတွေများ ရှိသလား၊ လမ်းထိပ်က ဆိုက်ကားဂိတ်မှာ မြရည်နဲ့ ရွယ်တူလူငယ်တွေများ ရှိနေသလား။ သူ့မှာ ကျီးကြည့်ကြောင်ကြည့်ရယ်။ ဒရိုင်ဘာမောင်စိုး နဲ့တောင် နှစ်ယောက်ထဲ သိတ်မလွှတ်ဘူး။ မဖြစ်လွန်းမှသာ။

မြရည်က သူ့အမေသွေးအပြည့်ပါတယ်ထင်ပါရဲ့။ ပိုက်ဆံစုပြီး ပန်တျာကျောင်းတက်မတဲ့၊ ကျောင်းကဆင်းရင် သူ့အမေလို အငြိမ့်မင်းသမီးလုပ်မတဲ့။ ယောကျာ်းမယူဘူးတဲ့။ ဟုတ် မဟုတ်မသိနိုင်ပေမဲ့ အဲဒါကိုပဲ မမခင်ဦးက သဘောခွေ့နေတာ။ တီဗီမှာ အငြိမ့်များလာလို့ကတော့ အထဲကမင်းသမီးကြည့်ရတာတစ်မျိုး၊ မြရည် ထ ကနေတာကို ကြည့်ရတာ တစ်မျိုး။ အဲလိုအချိန်မျိုးမှာ ဘဘကြီးကတောင် လက်ခုပ်လက်ဝါးတီးပြီး ပျော်လို့ ပြုံးလို့။ တစ်အိမ်လုံးလည်း မြရည်ရောက်မှ စိုပြည်လာတယ် ထင်ရတယ်။

“မြနဲ့မောင်နဲ့ ခုမှတွေ့တာ  လူပါးမ၀ခင်သေးတော့ ပြောရတော့ ရယ်စရာပါ အာ..ဟာ…အာ…ငှာ  ငှာ  ငှာ”

မြရည်က မေးရိုက်သံတွေဘာတွေထည့်ပြီး အဟုတ်ဆိုတော့ ခင်လေးတို့မှာ တစ်ဝါးဝါးပွဲကျရတာ။ မြရည် ကံကောင်းပါတယ်လေ။ ဒီလိုပဲ ခင်လေးတို့လည်း ကံကောင်းတာပါပဲ။ မြရည်က ငယ်ပေမဲ့ အိမ်လုံတယ်။ ထမင်းဟင်းချက်ပြုတ်တာရော၊  သိမ်းဆည်းတာရော ပြန်ကြည့်စရာမလိုတော့အောင် စိတ်ချနေရပြီ။ မြရည်အိမ်ရောက်တာလည်း ဘာလိုလိုနဲ့ ၂နှစ်နီးပါးရှိခဲ့ပြီလေ။

၎)

“မမခင်ဦး မနက်ကလေ ပွဲစားမမမြတ် ဖုန်းဆက်တယ် သိလား”

မမခင်ဦးက ခင်လေးပြောတာကို ဆတ်ကနဲခေါင်းညိတ်ပြရင်း သောက်နေတဲ့လက်ထဲကခွက်ကို ဆောင့်ချရင်း ပြောလိုက်တယ်။

“အင်း ညိုညိုတစ်ယောက် သူ့ယောကျာ်းပန်းရံသမားနဲ့ အဆင်မပြေဘူး၊ ကလေးနှစ်ကောင်နဲ့။ ယောကျာ်းကလည်း သောက်လာရင် သွေးဆိုးပြီး ရိုက်ဟယ်နှက်ဟယ်နဲ့။ ဖြစ်နိုင်ရင် မမခင်ဦးတို့အိမ်ပြန်လာ လုပ်ချင်လို့တဲ့ အဲဒါပြောတာ ဟုတ်တယ်မှတ်လား။ ငါ သိသားပဲ ငါ့ကိုလည်း ဖုန်းဆက်ပြောသေးတယ်”

မမခင်ဦးအသံက လင်ရကံဆိုးတဲ့ သမီးအရင်းတစ်ယောက်အကြောင်းကြားရသလို မသက်မသာရှိလှတယ်။

“ငါ့လည်း ယောကျာ်းလာစပ်နေသေးတယ်၊ အဲဒီမမမြတ်တစ်ယောက်ဟာ ပွဲစားလို့ မပြောရဘူး။ ငါ စိတ်မ၀င်စားတော့ပါဘူးခင်လေးရယ်၊ ဒီအရွယ်ရောက်မှ ငါရှာသမျှ လင်က ဖြုန်းတီးနေတဲ့ဟာမျိုး မလိုချင်ပါဘူး၊ ကိုယ့်ဟာကိုယ်အေးအေးပဲ ထမင်းကြမ်း ယပ်ခပ်စားနေလိုက်မယ်”

“ဟုတ်တယ်မမခင်ဦး၊ ဘဘကြီးလည်း ရှိတယ်၊ ခင်လေးလည်း ရှိတာပဲဟာ”

“မြရည် ကြားလား၊ အဲဒါ မမကြီးတို့အိမ်မှာ အရင်ကလုပ်သွားတဲ့ ကလေးမ၊ လင်ကို ရွေး မယူလို့၊ အချစ်မှာ မျက်စေ့မပါတဲ့ မိန်းကလေး ခု ဒုက္ခတွေ့နေပြီလေ”

မြရည်ကို မမကြီးရဲ့ ဓါတ်ပြားဟောင်းဖွင့်ပြနေတာတွေ ကျွန်မ ကြားရပြန်ပြီ။ မြရည်မျက်နှာကလေးက မျက်နှာပိုးသေသေလေးနဲ့ မမကြီးပြောသမျှ ဟုတ်ကဲ့ပါ မမကြီးပဲလုပ်နေတော့ မမကြီးမျက်နှာက သဘောတကျ ပြုံးလို့။

၅)

တစ်မနက် အိပ်ယာက မနှိုးစဖူး မမခင်ဦးလာနှိုးတာမို့ ခင်လေးလည်း မထချင်ထချင်နဲ့ လူးလဲပြီး အိပ်ယာက ထလိုက်ရတယ်။ ခင်လေးက မနက်အစောကြီး အိပ်ယာထနေကျမှ မဟုတ်တာပဲလေ။

“ခင်လေးရေ မြရည်လေ မြရည် သူ့အခန်းထဲမှာ မရှိတော့ဘူး”

“ဟယ် မမခင်ဦး သေချာရဲ့လား၊ ခြံထဲမှာများ ဘုရားတင်ဖို့ စပယ်ပန်းခူးနေတာများလား၊ ဒါမှမဟုတ် ဘဘကြီးဘုရားရှိခိုးဖို့ ဆွမ်းတော် ကူပြင်ပေးနေတာများလား၊ ခြံထဲမှာရော ဘုရားခန်းထဲမှာရော ရှာပြီးပြီလား မမခင်ဦး”

“ရှာပြီးပြီ  ဘယ်မှာမှ မတွေ့ဘူး။ ဘဘကြီးလည်း ဘုရားဆွမ်းတော်ကပ်ပြီးလို့ ဒီအချိန်ဆို လမ်းလျှောက် ထွက်သွားရောပေါ့”

“နေဦး၊ ဒရိုင်ဘာမောင်စိုး  မောင်စိုးများလား၊ ခဏနေ ငါ ဆိုင်သွားဖို့ မောင်စိုးကားသွားထုတ်လာတဲ့အခါ သိရမှာပ၊ဲ ဟင်း  ငါသေချင်တယ် သေချင်တယ် ခင်လေးရဲ့၊ ဒီကောင်မလေးက လင်မယူပါဘူးမမကြီးရယ် ဘာရယ်နဲ့ ခု ကြည့်စမ်း၊ မောင်စိုးရော ဒင်းလည်း လာပါစေဦး”

“ဟာ မမခင်ဦးရယ်  ဘာမှမသေချာသေးတဲ့ဟာကို၊ ခဏလေးတော့ စောင့်လိုက်ပါဦးလေ”

မီးဖိုချောင်ထဲဝင်ကြည့်တော့ မနက်စာ ပဲပြုတ်ထမင်းကြော်က နွေးနွေးလေး ရှိနေတုန်း။ ဘုရားစင်ပေါ်မှာလည်း သစ်သီးဆွမ်းနဲ့ ထမင်းဖြူကို ခါတိုင်းလိုပဲ ကပ်ထားတယ်။ မမခင်ဦးနဲ့ ညီအစ်မနှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် မနက်စာစားရင်း ဖြစ်နိုင်ခြေတွေကို ခင်လေးစိတ်ထဲက တွေးနေမိတယ်။

ခုတစ်လော မောင်စိုးနဲ့ မြရည် အပြင်တွေဘာတွေ သွားလာတတ်သလားပေါ့။ စဉ်းစားတယ်။ တစ်နေ့က ဘဘကြီး ခြံထဲက မြက်တွေခုတ်နေလို့ ခင်လေးတို့ကတားတော့ မောင်စိုးလည်းရှိနေချိန်မို့ သူပဲခုတ်ပေးပါ့မယ်ဆိုပြီး မြက်တွေ ရှင်းပေးသွားတာ။ မောင်စိုးအင်္ကျီလက်မောင်း ပင့်တင်လိုက်တော့ လက်မောင်းသားညိုညိုကြီးတွေကို မြရည်ငေးကနဲ စိုက်ကြည့်နေ တာ ခင်လေးသတိထားမိလိုက်သလိုပါပဲ။ အို မထင်ကောင်းပါဘူးလေ။ မြရည်က အပြင်လည်း ထွက်နေတာ၊ ဈေးတွေ ဘာတွေလည်း သွားလာနေတဲ့ဟာ။ အပြင်က တစ်ယောက်ယောက်လည်း ဖြစ်နိုင်တာပဲ။

ခဏနေတော့ မောင်စိုးခြံထဲဝင်လာတယ်။ ခါတိုင်းလို အေးအေးဆေးဆေးပဲ၊ ကားကို ခြံဝမှာရပ်ခဲ့ပြီး သရက်ပင်အောက်က ခုံဝိုင်းလေးမှာ မမခင်ဦးကိုထိုင်စောင့်တယ်။ ခင်လေးက မောင်စိုးမျက်နှာကို သေချာ အရိပ်အကဲခတ်ရင်း စိတ်ထဲက တစ်ခုခုကို တွေးလိုက်မိသလိုလို။

အဲဒီအချိန်မှာပဲ မမခင်ဦးက လက်ထဲမှာစာတစ်စောင်ကိုင်လာရင်း ခင်လေးကိုပြတယ်။ မမခင်ဦးမျက်နှာက မှုန်မှိုင်းနေတဲ့ မိုးလိုပဲ။ ခုချက်ချင်းပဲ အရှက်တွေနဲ့ ပြိုအုံ့ကျလာတော့မယ့်အတိုင်း။

စာကတိုတိုလေးရယ်။ စာကိုဖတ်အပြီးမှာ မမခင်ဦးနဲ့ ခင်လေးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြိုင်တူလိုလို ပြောမိကြတယ်။

“ဖွဲတစ်ဆုပ်နိုင်သေးတယ်တဲ့ နော်၊ ယောကျာ်းတွေ အံ့များလည်း ဩရပါရဲ့”

ငိုရမလို ရယ်ရမလိုနဲ့၊ ခင်လေးမျက်လုံးထဲမှာတော့ ဓါးကြီးတစ်ဝင့်ဝင့်နဲ့ မြက်ခုတ်နေတဲ့၊ အုန်းပင်တက်နိုင်လောက်အောင်တောင် အင်အားတွေရှိပါသေးတယ်ဆိုတဲ့၊ လူပျိုလေးလိုဟန်ရေးပြပြနေတဲ့ ဘဘကြီးရဲ့ မျက်နှာ…။ မြရည်ဟာ အရင်က ကလေးမတွေလို အချစ်မှာ မျက်စေ့မပါတာမျိုး မဟုတ်ဘူး၊ သေချာတယ်။ မျက်မှန်ကြီးတပ်ပြီးတော့ကို အသေအချာ ရွေးသွားခဲ့တာ။


စတိုင်သစ် မဂ္ဂဇင်း - အောက်တိုဘာလ- ၂၀၁၂


Monday, October 1, 2012

ရုပ်သေးပွဲ သွားကြရအောင်


ကျွန်မငယ်ငယ်က ရုပ်သေးပွဲတွေ ကြည့်ခဲ့ဖူးပါတယ်။ ကလေးပီပီ လှတဲ့အရုပ်တွေကို ပိုကြိုက်ခဲ့တာပေါ့။ မင်းသား မင်းသမီးရုပ် ဇော်ဂျီ ရှင်ဘုရင် အပျိုတော် သူငယ်တော်ရုပ် အဲသလိုအရုပ်တွေကို သဘောတကျ အားပေးခဲ့တာ။ သူတို့က ဖြူဖြူဖွေးဖွေး လှလှပပလေးတွေကိုး။  ဟိုးအရင်က များသောအားဖြင့်တော့ ဘုရားပွဲတွေမှာ ရုပ်သေးပွဲထည့်တတ်တယ်။ ခုတော့ ဇာတ်ပွဲတွေတောင် တော်တော်လေး ကျဲပါးလာခဲ့ပြီ။ ရုပ်သေးဆိုတာ ဘာမှန်းမသိတဲ့ ကလေးတွေ အများကြီး ရှိခဲ့ပြီ။ ထိုင်းရုပ်သေးလို တုတ်ထိုးအရုပ်တွေကို နောက်ခံပိတ်ကားပေါ် မီးထိုးပြီး ပြတဲ့ ရုပ်သေးလောက် သိကြတော့တာ။ ကျွန်မ ကိုယ်တိုင်လည်း အရင်က ကြည့်ခဲ့ဖူးတဲ့ ရုပ်သေးကို ပြန်မြင်ယောင်ကြည့်တဲ့အခါ ခပ်ရေးရေးလောက် မှတ်မိနိုင်တော့တယ်။

တော်တော်လေးကြာခဲ့ပါပြီ။ CNA မှာ မန္တလေးက ရုပ်သေးပညာရှင် ဒေါ်မမနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်း ကြည့်လိုက်ရသေးတယ်။ အဲဒီတုန်းက အိမ်ကလူ မန္တလေးသားကြီး လက်ခမောင်းထခတ်သံတောင် ကြားလိုက်ရသေး။ သူက ရုပ်သေးအတွက်ရော ဒေါ်မမနိုင်အတွက်ရော မန္တလေးအတွက်ရော ပျော်နေခဲ့တာလေ။ ကျွန်မလည်း ကျွန်မတို့ မြန်မာ့ရုပ်သေးအတွက် ဂုဏ်ယူမိပါတယ်။ ဒီထက်မကလည်း တိုးတက်လာစေချင်ပါတယ်။

ရုပ်သေးပညာက တကယ်ကို နက်နဲလွန်းတာ။ မြန်မာ့ရုပ်သေး အရုပ်ပေါင်း ၂၈ရုပ်မှာ မင်းသမီးရုပ်ကို ယမနေသား၊ မင်းသားရုပ် ဘုရင်ရုပ်တွေကို ဧကရာဇ်သားနဲ့ ပြုလုပ်ရတယ်၊ ကျန်တဲ့အရုပ်တွေကိုလည်း သက်ဆိုင်ရာ သတ်မှတ်ထားတဲ့အသားတွေနဲ့ ထုလုပ်ရသတဲ့။ အရုပ်တွေရဲ့ အရွယ်က ၁၃လက်မကနေ လက်မ ၂၀အထိဖြစ်ပြီး အရုပ်တိုင်းကို ကိုယ်အင်္ဂါစုံလင်အောင် ထုလုပ်ကြရပါတယ်။ အရုပ်တစ်ရုပ်ဖြစ်ဖို့ အနည်းဆုံး ရက်နှစ်ဆယ်ကနေ တစ်လအထိ အချိန်ယူထုလုပ်ကြရပါသတဲ့။ အရုပ်တွေကို အသားထုထားတာရဲ့အပေါ်မှာ ကိုယ်လုံးနဲ့ မျက်နှာအလှအပအတွက် ဆေးခြယ်၊ ရွှေချည်ငွေချည် စီးကွင့်တွေထိုးထားတဲ့ အ၀တ်အစားတွေကို သက်ဆိုင်ရာဇာတ်ရုပ်အလိုက် ဆင်မြန်းပေးပြီးချိန်မှာတော့ သိတ်ကို လှပ၀င့်ကြွားတဲ့ ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ အရုပ်လှလှတွေ ရပြီပေါ့ရှင်။

မင်းသားရုပ်အတွက် ကြိုး ၉ကြိုးဆွဲရပြီး အဲဒါတွေက ဦးခေါင်းမှာ နှစ်ကြိုး၊ ပခုံးမှာ နှစ်ကြိုး၊ ခါးမှာ တစ်ကြိုး၊ လက်မောင်းမှာ နှစ်ကြိုးနဲ့ လက်ဖျားမှာ နှစ်ကြိုး ပေါင်း ၉ကြိုးဆွဲရပါတယ်။ အပျိုတော်အရုပ်ဆိုရင် ကြိုးပေါင်း ၆၀ထိတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကြိုးဆွဲသိတ်ကောင်းတဲ့ ပညာရှင်တွေဆွဲတဲ့အခါ အရုပ်ဟာ ခေါင်းကလေးတဆတ်ဆတ်၊ လက်ဖျားကလေး တခါခါ၊ ခြေကလေး တခတ်ခတ်နဲ့ အသက်ဝင်နေသလို အင်မတန် ကြည့်ကောင်းပါတယ်။ ရုပ်သေးမှာ ကြိုးဆွဲတာအပြင် မင်းသားမင်းသမီးအသံနောက်ခံအဆိုနဲ့ ဆိုင်းတို့ကလည်း အဓိကနေရာက ပါဝင်နေပြန်ပါတယ်။ ဒါတွေအားလုံး ပြီးစီးပြည့်စုံတဲ့အခါမှာတော့ ကျွန်မတို့တတွေ သိတ်ကြိုက်တဲ့ ရုပ်သေးပွဲတစ်ပွဲဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီ ဆိုရတော့မှာပါ။

ဒါတောင် ရုပ်သေးစင် ထိုးတာက အစ၊ ဘယ်အရုပ်ကဖြင့် စင်ရဲ့ ဘယ်ဘက်၊ ဘယ်အရုပ်ကဖြင့် စင်ရဲ့ ညာဘက်က ထွက်ရမယ် အဲသလို အရုပ်ထွက်ဖို့တောင် စည်းကမ်းတွေ ရှိပါသေးသတဲ့။ အင်မတန် စည်းကမ်းကလနားကြီးတဲ့ မြန်မာ့ရုပ်သေးပါပဲ။

အခု ကျွန်မတို့ စင်္ကာပူမှာ အဲသလို ရုပ်သေးပွဲမျိုးကြည့်ကြရဖို့ အခွင့်အရေး ရလာခဲ့ပါပြီ။ Artsolute asia က စီစဉ်တဲ့ Singapore ASEAN Puppet Festival 2012 မှာ တစ်ခြားသော အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ မြန်မာပြည်က ထွေးဦးမြန်မာ ရုပ်သေး အဖွဲ့ ပါဝင်ကပြခွင့် ရခဲ့တာမို့ပါ။ ၂၀၁၂ အာဆီယံ ရုပ်သေးပြပွဲကို စန်တိုစာမှာ နိုဝင်ဘာ ၂ရက်နေ့ကနေ ၁၀ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ ပါဝင်မဲ့ နိုင်ငံတွေက ထိုင်း၊ မြန်မာ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဗေ္ဗာဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နာမ် နဲ့ အိမ်ရှင် စင်္ကာပူနိုင်ငံတို့ပါပဲ။ (ပြောရင်း ပြောရင်းနဲ့ သတင်းကြေငြာသူလိုလို အသံကြီး ဖြစ်သွားတယ်၊ ပြန်လျှော့ဦးမှး)

ဒီလိုရှင်၊ ခက်နေတာက organizeလုပ်တဲ့ အဖွဲ့က ရုပ်သေးပွဲမှာ ပါဝင်မဲ့ နိုင်ငံတွေကို ဖိတ်ခေါ်စီစဉ်ခဲ့တာဖြစ်ပေမဲ့ သူတို့က နေစားရိတ်၊ စားစရိတ်ပဲ တာဝန်ယူမှာ ဖြစ်ပြီး ခရီးစရိတ်နဲ့ အသေးသုံးဗာယီရတွေကို ကိုယ့်စားရိတ်နဲ့ ကိုယ်ဆိုပြီး ခေါ်ခဲ့တာပါ။ အဲဒီမှာ တစ်ခြားနိုင်ငံတွေအတွက်တော့ မပြောတတ်ပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံက အဖွဲ့အတွက်တော့ အတော်လေး စဉ်းစားစရာ ဖြစ်သွားခဲ့ပါတယ်။

ရုပ်သေးပွဲတစ်ပွဲမှာ ပါဝင်တင်ဆက်မဲ့ လူအင်အားက အကျဉ်းချုံးရင် ၃-၄ ယောက်နဲ့ ပြီးကောင်း ပြီးနိုင်ပေမဲ့ ကျကျနနတင်ဆက်ချင်လို့ မြန်မာ့ဆိုင်းဝိုင်းနဲ့ဘာနဲ့ စီစဉ်ချင်တဲ့ အခါဆို ၈ယောက် ၉ယောက် ဖြစ်သွားနိုင်တယ် မဟုတ်လားရှင်။ ပြီးတော့ ကျွန်မတို့ မြန်မာပြည်က ရုပ်သေးပညာရှင်တွေရဲ့ ငွေကြေးအခက်အခဲ အခြေအနေ။ ဒါကိုလည်း ထည့်တွက်ကြရမှာ။ ကျွန်မသိရသလောက်တော့ ထွေးဦးမြန်မာရုပ်သေးအဖွဲ့က ဦးထွေးရဲ့ အဆိုအရ MAIကိုရော စင်္ကာပူလေကြောင်း ကိုရော လေယာဉ်လက်မှတ် စပွန်ဆာတောင်းခံထားတယ်လို့ သိရတယ်။ ခုထိတော့ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။

ဒီပွဲကို ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့နဲ့အတူ မြန်မာ့ဆိုင်းပညာရှင် ရွာစားကျော် စိန်မွတ္တားတို့အဖွဲ့ပါ အားဖြည့်တက်ရောက်ကြမှာပါ။ ဆိုင်းပညာရှင်၊ အဆိုတော်၊ ကြိုးတော်ဆွဲ စုစုပေါင်း ၁၅ယောက်တက်ရောက်ကြမယ်လို့ သိရပါတယ်။ ရုပ်သေးပညာရှင်တွေရော၊ ဆိုင်းပညာရှင်တွေကပါ အိတ်စိုက်လုပ်ကြမယ်ကွာလို့ ဆိုပြီး လာရမဲ့ ပွဲဖြစ်တဲ့အတွက် ပညာရှင်တွေရဲ့ စိတ်ထားတွေကို လေးစားမိပါတယ်။

အဲဒီလို လေးစားမိတာနဲ့အတူ စင်္ကာပူမှာရှိနေတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေကရော ဘယ်လို ပါဝင်ပံ့ပိုးပေးနိုင် မလဲလို့ တွေးမိတဲ့အတွက် ကျွန်မ ဒီပိုစ့်လေးကို ရေးဖြစ်တာပါ။ ဖြစ်ချင်တော့ နိုဝင်ဘာမှာ တစ်ခြားပွဲတွေ ရှိနေ၊ စီစဉ်ပြီးသား ဖြစ်နေတဲ့အတွက် ပွဲစီစဉ်သူတွေက နောက်တစ်ပွဲ ထပ်စီစဉ်ဖို့ လက်တွန့်စဉ်းစားနေကြတာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ တစ်ယောက်ချင်းစီ မကူနိုင်ရင်တောင် ကျွန်မတို့ အများအားနဲ့ စုပေါင်း ကူညီကြမယ်ဆိုရင် အတန်အသင့် ရွေ့လျားစေတဲ့ အင်အားလေးတစ်ရပ်တော့ ဖြစ်လာနိုင်မှာပါ။ အဲဒီအင်အားလေးနဲ့ ပညာရှင်တွေကို ကျွန်မတို့ တတ်နိုင်သလောက် ကူကြရအောင်ပါ။ ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်လို့ ဆိုတယ် မဟုတ်လားရှင်။

ကျွန်မဆီမှာတော့ စင်္ကာပူက ထည့်ဝင်လိုတဲ့ စေတနာရှင်တွေဆီကပဲ ကောက်ခံပါမယ်။ ကျွန်မ အကောင့်နံပါတ်က 029-8-030146 DBS Saving Plus ပါ။ ခုလောလောဆယ်တော့ ကျွန်မက စင်္ကာပူဒေါ်လာ ၁၀၀နဲ့ ကိုဘိုဘိုဝင်း (ရနံ့သစ် စားသောက်ဆိုင်)က ၁၀၀၊ စုစုပေါင်း ၂၀၀ ရထားပါပြီ။ တစ်ခြားနိုင်ငံက ပါဝင်ကူညီချင်တယ်ဆိုရင်တော့ ကျွန်မ တတ်နိုင်သလောက် ဦးထွေးဦးတို့အဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပေးပါမယ်။

မြန်မာအဖွဲ့ရဲ့ အစီအစဉ်က 

နိုဝင်ဘာ ၈ရက်နေ့ (ကြာသပတေးနေ့)
ည ၈နာရီ - ၉နာရီ
နေရာ- Papermoon@Malay Heritage Centre

နိုဝင်ဘာ ၁၀ရက်နေ့ (စနေနေ့)
နေ့လည် ၂နာရီ - ၄နာရီ
နေရာ- Open House, Exhibition

**အဲဒီရက်တွေကို ကလန်ဒါမှာ အသေအချာလေး ရေးမှတ်ထားပြီး သွားရောက်အားပေးကြစေချင်ပါတယ်။

ကောက်ခံရရှိငွေတွေကို ကျွန်မ စာရင်းအတိအကျ အသေအချာ update လုပ်ပေးသွားပါမယ်။ ငွေလွှဲပြီးတဲ့အခါ ကျွန်မကို (၉၀၀၃၃၈၀၄) မက်ဆေ့ခ်ျလေး ပို့ပေးကြစေချင်ပါတယ်။ စာရင်းကို ကျွန်မဘလော့ဂ်ဆိုက်ဘားမှာ တင်ပေးသွားပါမယ်။ စေတနာရှင်များ နည်းများမဆို ၀ိုင်းဝန်းလိုက်ကြပါဦးစို့လားရှင်။





ဓါတ်ပုံကို ဦးထွေးဦးဆီက ယူပါတယ်ရှင်...