Sunday, September 23, 2012

ကျွန်မ ချစ်ခဲ့ဖူးသော



ကျွန်မ ခုတစ်လော တစ်ယောက်သောသူကို ပြင်းပြင်းထန်ထန် သတိတွေရနေမိပါတယ်။ ဘာတွေပဲ လုပ်လုပ်၊ နောက်ဆုံး မီးဖိုထဲမှာ ဟင်းချက်နေရင်တောင် သူ့ကို သတိရနေပြီး သီချင်းလေးတွေ ညည်းနေမိတတ်တယ်။ စတေဒီယမ်ထဲ ပြေးရင်းနဲ့လည်း သူ့ကို သတိတွေရနေမိပြန်ပါတယ်။ ထမင်း စားရင်း၊  ရေချိုးရင်း….ဘာလုပ်လုပ်……။

သူကတော့ ဘ၀ကြီးကို အနိုင်နဲ့ ပိုင်းထားခဲ့ပြီး ဟိုးအဝေးကြီး ထွက်သွားခဲ့တဲ့သူရယ်။ ဟုတ်တယ်။ သူ့အမေက ဒီလို ပြောခဲ့တယ်။ သူ ကြေနပ်တယ် တဲ့၊ သူ့သားဟာ ဘ၀ကြီးထဲမှာ လုပ်ချင်တာတွေ လုပ်သွားခဲ့ရတယ် တဲ့၊ ပြီးတော့ အောင်မြင်စပြုနေတဲ့ အချိန်မှာပဲ အားလုံးကို ထားခဲ့ပြီး နောက်ခြေလှမ်းသစ်တစ်ခု စတင်သွားခဲ့တဲ့သူ။ ဆရာမောင်ချောနွယ်ပြောသလို "ကြွေဒါကိုက ပွင့်ခြင်းပဲ" ဆိုတာလို။ လွမ်းလိုက်တာ….။ သူသာ ရှိနေမယ်ဆိုရင် သူ့သီချင်းတွေ နားထောင်ရဦးတော့မှာ၊ ကိုယ်ပိုင်သံစဉ်တွေနဲ့ သူများနဲ့မတူတဲ့ ဆိုဟန်၊ စတိုင်တစ်ခုရှိနေတဲ့ သူ့ဆိုဟန်ကို ကျွန်မ သိတ်ကြိုက်တာပဲ။ သူ့သီချင်းတွေ ဘယ်သူပြန်ဆိုဆို သူ့ကို မှီတယ်ကို မထင်ဘူး။

သူ စကာင်္ပူကိုလာတော့ ကျွန်မ သွားကြည့်ခဲ့တယ်။ စတိတ်ခ်ျပေါ်မှာ သူ သီချင်းဆိုဟန်က သူများနဲ့ မတူဘူး။ ရင်ဘတ်ပေါ်မှာ FBI ဆိုတဲ့ စာတမ်းပါတဲ့ ရှပ်လက်တိုကို အပြင်ထုတ်ဝတ်ထားတယ်။ ခါးကို ကိုင်းညွတ်၊ မျက်ဝန်းတွေကို မှေးစင်းပြီး သီချင်းသီဆိုတဲ့ဟန်။ ဘုန်းကြီးပါစေ သက်ရှည်စေဆိုတဲ့ ဆုတောင်းသီချင်းလေးနဲ့ စဖွင့်ခဲ့တယ်။ စိတ်ထဲကတော့ ဒီကောင် အတော် ကိုးယိုးကားယားနဲ့ နောက်တဲ့ကောင်ပဲ လို့ တွေးနေမိတာ။ စိတ်ထဲက ချစ်နေမိခဲ့တာ။ ဆံပင်လိမ်ကောက်တွေကို နောက်မှာ စုချည်ထားပြီး ပြုံးတုံ့တုံ့မျက်နှာပေးနဲ့။ သူဆိုတဲ့ သီချင်းတွေကိုရော သူ့ဆိုဟန် အသံကိုရော ကျွန်မ စွဲသွားခဲ့တယ်။

တကယ်ဆို သူဟာ လူချောတစ်ယောက်မှ မဟုတ်တာ။ ဒါတွေ လိုသလား၊ သူဟာ အနုပညာရှင်တစ်ယောက်၊ အနုပညာအပေါ် ရူးသွပ်ခဲ့သူတစ်ယောက် ဒါပဲလေ…။ သူ့မျက်ဝန်းတွေဟာ ရိုးသားတယ်။ ကြည်လင်နေတယ်။ သူလုပ်ချင်တာ တဇွတ်ထိုးလုပ်တတ်တဲ့ ပုံစံပေမဲ့ သူချစ်တဲ့သူ၊ သူ့သူငယ်ချင်းတွေလုပ်သမျှကိုလည်း အနွံတာခံတတ်တဲ့ ရုပ်မျိုး။ တစ်ချို့က သူ့ကို ရုပ်ဆိုးတယ်လို့တောင် ပြောကြသေး။ ဒါပေမဲ့ ကျွန်မက ချစ်တယ်။ ချစ်ခဲ့တယ်။ ချစ်နေတုန်း…။

သူ ဘယ်လောက်ဆိုးတယ်ဆိုတာ ကြားတယ်။ သတင်းတွေကတော့ ဒီလိုပါပဲလေ။ သူ မိန်းမရသွားတော့ ၀မ်းသာမိတယ်။ သူ့အတွက်အထိန်းအကွပ်လေးတစ်ခု ရှိသွားတာပေါ့ လို့ တွေးမိတယ်။ သူ့သီချင်းတွေထဲအကုန်နီးပါးကို ကျွန်မ ခံစားလို့ ရတယ်။ သူက နှလုံးသားတစ်ခုလုံး ပုံနှစ်ပြီး သီချင်းဆိုတာ။ သူသာ ရှိနေရင် ကိုယ်ပိုင်သံစဉ် သီချင်းချိုချိုလေးတွေ ကျွန်မတို့ နားထောင်နေရဦးမှာ။ သူ ဆုံးသွားပြီးတဲ့နောက် သူ့အမှတ်တရ သီချင်းတွေ အခွေထွက်လာတော့ ကျွန်မ ၀ယ်ကြည့်ဖြစ်တယ်။ လွမ်းလိုက်တာ….။ တကယ်ပါပဲ။

သူကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ တစ်ချို့သီချင်းတွေထဲမှာ ရယ်စရာ ချစ်စရာကောင်းအောင် လုပ်ထားတဲ့ သူ့ကို တွေ့ရတယ်။ တကယ်တော့ သူက ရည်ရွယ်လုပ်တာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ အဲဒီ သူ့ ရိုးစင်းမှုကိုက ချစ်စရာ။ ရေကူးကန်သေးသေးလေးထဲကနေ ရေငုပ်သမားဝတ်စုံနဲ့ တက်လာတာမျိုး၊ အဲသလို ကြောင်တယ်လို့ ထင်ရတာတွေ သူ လုပ်တတ်တယ်။ သူ့မျက်နှာက တကယ် အသေအချာ၊ သူ နောက်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ပြုံးချင်စရာရယ်။ နောက်ပိုင်း သူ့သတင်းတွေတော့ ကြားနေ ရပြန်တယ်။ သူ ဘယ်လိုဆိုးတာတွေ။ ကျွန်မ မသိနိုင်ပါဘူး။ ဒါက သူ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပဲလေ။ အနုပညာနဲ့ ပတ်သက်ရင်တော့ သူက၊ သူ့ဆိုဟန်တွေက ကျွန်မကို ဆွဲငင်နိုင်လွန်းတယ်။ သူဟာ အရိုးများထိအောင် ရူးသွပ်သွားခဲ့တဲ့သူရယ်လေ….။

♩ ♬ ♭♩  ရင်ထဲက ချစ်ဦးမေ ငါ တမ်းတသိတ်လွမ်း….နေ မင်းခြေသံလေး  မင်းရယ်သံလေး ငါပြန်ကြားရင်း ဘာကြောင့်များ ငါလွမ်းဆွေးနေ….ရင်ထဲက ချစ်ဦးမေ ငါ တမ်းတသိတ်လွမ်း….နေ မင်းအမူအရာလေး  မင်းမတူတာလေး ငါပြန်ကြားရင်း ဘာကြောင့်များ ငါလွမ်းဆွေးနေ…. ♭♩ ♬

♩ ♬ ♭သိတ်ချစ်မိလို့များ အပြစ်ဖြစ်ရတာလားကွာ မကြင်နာချင် နေပါ မညာပါနဲ့ကွာ ရင်မှာ အရှိအတိုင်း လက်ခံမယ် အသည်းကွဲရအောင်လို့ မင်းရက်စက်ရင်လည်းကွာ ဒဏ်ရာတွေကိုသာ ခံယူရင်းနဲ့ ရင်မှာ ဆက်ပြီး ချစ်နေမှာ ဒီလို မချစ်ဘူး မပြောပါနဲ့ မင်းလုပ်သမျှ အားလုံးကို ကြေနပ်တယ် ယုံပါ ဒီအချစ်များ  မငြင်းပါနဲ့ မင်းဘ၀အတွက်အကောင်းဆုံး ကိုယ် ဖန်တီးလို့…. ♩ ♬ ♭

ရူးပါစေ ငါ တကယ်ရူးသွပ်သွားပါစေ လွတ်လပ်စွာနဲ့ ဆက်လို့ချစ်နေဦးမယ် ပြောပါစေ လူတွေ ၀ိုင်းပြောကြပါစေ ငါ ဂရုမစိုက်နိုင်ဘူး ဆက်လို့ ချစ်နေဦးမယ် ကမ္ဘာကြီး ပျက်စီးပြိုလဲ မှောင်မိုက်နေလည်း ငါမင်းတစ်ယောက်ထဲကိုပဲ ရင်ထဲမှာအမြဲ ဘ၀ တစ်သက်စာ… ဘ၀တစ်သက်စာ….
အဆုံးမသိ ဘယ်လိုအစပြုရမလဲ အချစ်ထက်ပိုပြီး ကျန်တာကို စွန့်လွှတ်ရဲတယ် ♩ ♬♩ ♬

♩ ♬မိုးကောင်းကင်မျက်နှာကျက်မှာ ကြယ်ပွင့်လေးများနဲ့အတူ မင်းကိုငါ ဖြန့်ကြဲလို့ထားလိုက်ချင် သိမ်မွေ့တဲ့ နူးညံ့တဲ့ မင်းအပြုံးတွေ ကမ္ဘာမြေအနှံ့ ငါ ဖူးပွင့်နေ ပန်းရနံ့လို ရင်ခွင်ထဲ ငြိမ်းချမ်းလို့သွား မိန်းကလေးရေ မင်းအချစ် မင်းအမုန်း အားလုံး အားလုံး  အားလုံးကို ငါ တကယ်မြတ်နိုးလို့ စွဲမြဲလို့ချစ်နေမှာ တစ်သက်လုံး…. ခွင့်ပြုပါ ကြင်နာလို့ ချစ်ပါရစေတော့….

ပညာရှင်တစ်ယောက်လို သူဆိုတဲ့ သီချင်းအမျိုးအစားတွေကို ကျွန်မ နာမည်မတပ်တတ်ပါဘူး။ အများကြီးပါ….။ ကျွန်မကြိုက်တဲ့ သူ့သီချင်းတွေကို ရေးပြရရင်တော့…..။ ဘယ်သီချင်းကိုပဲ ရေးရေး၊ ဆိုဆို နှလုံးသားနဲ့ ပုံနှစ်ပြီး ရေးတတ်ဆိုတတ်တဲ့သူမို့ ထင်ပါရဲ့၊ သူ့သီချင်းတွေ နားထောင်လိုက်တိုင်း ရင်ထဲကို တကယ်ထိရှနေအောင် ခံစားမိရတယ်။ သူသာ ရှိနေသေးရင်၊ အခွင့်အရေးများ ပေးခဲ့ရင်….ကျွန်မလေ တစ်ခုလောက် တောင်းဆိုချင်မိတယ်။

သူ ဟော်လိုဂစ်တာလေးတီးပြီး သီချင်းဆိုတာကို ကျွန်မ ဘေးကနေ ထိုင်နားထောင်ခွင့် ရချင်တယ်။ အဲဒါလေးပဲ။ ဖြစ်နိုင်ခွင့် မရှိတော့ဘူးနော်….။ သူ့အတွက်တော့ သူဟာ…ဘ၀ကြီးကို အနိုင်နဲ့ ပိုင်းသွားပြီး မိုးကောင်းကင်ဘုံမှာ ဆက်လက်ရှင်သန်ခွင့် ရသွားခဲ့သူ….။ ကျွန်မ လွမ်းနေမိပါတယ်။

ကိုဒိုးလုံးရေ ရှင်ထားခဲ့တဲ့ သီချင်းလေးတွေအတွက် ကျေးဇူးပါ။ ရှင့်ကို လွမ်းတိုင်း ရှင့်သီချင်းတွေနားထောင်၊ နားထောင်လိုက်တိုင်း ရှင့်ကိုလွမ်းနေရင်းနဲ့ပဲ…..။


15 comments:

  1. I like Doe Lone too and like your post.

    ReplyDelete
  2. မီးလဲ ဒိုးလုံးသီချင်းတွေကြိုက်တယ်...မကြီးရေးတာ ဖတ်လို့ကောင်းလိုက်တာ ဒိုးလုံးကြီးကိုတောင်လွမ်းသွားတယ်...။

    ReplyDelete
  3. ကိုကြီးကို ဒိုးပြားလုပ်ခိုင်းလေ။ ကိုကြီးလဲ သီချင်းဆိုသိပ်ကောင်းတာ
    ဟမ်! နာဘယ်လိုသိ

    ReplyDelete
  4. ကာရာအိုကေဆိုတိုင်း မချစ်ဘူး မပြောပါနဲ့က မပါမဖြစ်ပေါ့။ ကျွန်တော်လည်း ဒိုးလုံးကို ကြိုက်တယ်။ မချစ်ကြည်အေးရေးထားတဲ့ ရေငုတ်ဝတ်စုံနဲ့သရုပ်ဆောင်ထားတဲ့ သီချင်းကိုလည်း ကြိုက်တယ်။ (သူ့ချစ်စကားများ ဘာဘာညာညာ ကျနော်မကြားချင်။ သူ့ရင်ထဲက ဘာတွေဘယ်လိုခံစားနေ)။
    လီယို

    ReplyDelete
  5. တူတူပဲ ကိုကြီးဒိုးလုံးကို အရမ်းကြိုက်တယ်..ထူးခြားတဲ့ ကိုယ်ပိုင်အရေးအဖွဲ့တွေနဲ့ သံစဉ် စာသားတွေက ဘယ်သူနဲ့မှမတူဘူး..
    သူ့လိုလူမျိုး နောက်ထပ်မရှိနိုင်တော့ဘူးထင်နေမိတယ်...

    ReplyDelete
  6. အမချစ် ..ညီမ လဲ ဒိုးလုံးသိပ်ကြိုက်တာ .......မှတ်မှတ်ရရ ကျောက်ဆည်မှာ ကျောင်းတက်နေတုန်းက သူ့သီချင်းတွေ သိပ်ခေတ်စားတာပေါ့...

    ReplyDelete
  7. အနော်လည်း... သူ့ပရိတ်သတ်ပါပဲ။ သေတာစောလို့ နှမြောတာအမှန်ပဲ

    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို

    ReplyDelete
  8. ဒိုးလုံးရဲ့တစ်ချို့သီချင်းလေးတွေ သဘောကျပေမဲ့ တစ်ချို့သီချင်းကျတော့လည်း မကြိုက်ဘူး.. အသက်ကြီးလာလို့လား မသိပါဘူး အစ်မရား))
    ဒိုးလုံးဆုံးသွားတော့ ချောစုခင်ကို သနားလိုက်ရတာ နောက်တော့လည်း သူက ပျော်လို့ :)

    ReplyDelete
  9. ဒိုးလုံးကို သိပ်ကြိုက်ပါတယ်။
    "သူ့ကိုသိစေချင်" သီချင်းလေးကို သူပေးခဲ့တဲ့အတွက်အရမ်းကြိုက်ပါတယ်။
    အဲဒီသူကတော့ ခုမင်္ဂလာဆောင်သွားပါပြီ။း(

    ReplyDelete
  10. အချိန်တိုတိုလေးနဲ့ ဂီတမှတ်တိုင်စိုက်ထူနိုင်ခဲ့သူ....

    ReplyDelete
  11. အချိန်တိုအတွင်း လူသိများပြီး သဘောကျသူပေါတဲ့ အနုပညာရှင်တစ်ယောက်ပေါ့ မချစ်ရေ။ တစ်ချို့သီချင်းတွေ တီတင့်လည်းသဘောကျ နှစ်သက်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. ရင်ထဲက ချစ်ဦးမေ ငါ တမ်းတသိတ်လွမ်း….နေ မင်းခြေသံလေး မင်းရယ်သံလေး ....... ဆိုတဲ့ သူ့သီချင်းသံကြားတာနဲ့ မောင်ဘကြိုင် လည်း ခွေခနဲ့ဖြစ်သွားရတယ် သူ့ရင်ဘတ်ကိုလှမ်းမြင်ရင်း ကိုယ့်ရင်ဘတ်ကို ငုံကြည့်ရင်းပေါ့ဗျာာာာာာ

    ReplyDelete
  13. မင်္ဂလာပါ မချစ်ကြည်အေးရေ..

    ရောက်တုန်းရောက်ခိုက် အလည်လာသွားပါတယ်ဗျာ။
    အောင်မြင်နေတဲ့ အနုပညာရှင်တိုင်းမှာ ရူးသွပ်မှု၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှုတွေ ရှိနေကြတယ်နော်။ စတီရီယိုဂီတအနုပညာရှင်တွေထဲမှာ ကျွန်တော်ရင်ထဲ ထိသူတွေက မင်းမင်းလတ်၊ ခင်ဝမ်း၊ စိုင်းထီးဆိုင်၊ မိုးကျော်၊ ထူးအိမ်သင်၊ နောက်.... ဒိုးလုံး။ သူတို့အားလုံး မရှိကြတော့ပေမယ့် အခုထိ သူတို့တွေ ရှိနေကြသေးတယ်ဗျ။ နောင်လည်း အမြဲ ရှိနေကြဦးမှာပဲ။
    အဲ့ဒီလို လုပ်နိုင်ဖို့က တကယ် မလွယ်လှပါဘူးဗျာ..။ မချစ်ကြည်အေး ရေးထားတာ ဖတ်ပြီး ဒိုးလုံးကို ပြင်းပြင်းပြပြ သတိရလိုက်မိတယ်။

    ကျေးဇူးပဲ မချစ်ကြည်အေး

    ခင်မင်လေးစားလျှက်

    ညိုရင့် (မော်ကြီး)
    AMK Creation

    ReplyDelete
  14. မျက်ရည်ဝဲအောင်လွမ်းသွားတယ် အမ
    သူငယ်ချင်းတယောက်က ဆေးပေါက်ပြီးရေးထားတဲ့သီးချင်းတွေလို့ (သူနားလည်သလို) ပြောလို့
    အဲဒီသူငယ်ချင်းကို မုန်းဘူးတယ်
    သေမင်းက တကယ်အကောင်းကြိုက်လွန်းတယ်
    နော်

    ReplyDelete
  15. ဒိုးလုံးရဲ့  တချို့ သီချင်းတွေကို ကြိုက်တယ်...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...